Social Icons

Pages

Tuesday, February 24, 2015

ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက်က ရှေးဟောင်း ဆီမီးခုံတံတား



ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက်က ရှေးဟောင်း ဆီမီးခုံတံတား
မြင်းခြံ ၊ ၂၄-၂-၂၀၁၅

မြင်းခြံမြို့နယ် မြောက်ဘက် ၂၆ မိုင်ခန့်အကွာ ဧရာဝတီ မြစ်ကမ်းပါး အနီးတွင် ရှေးဟောင်းရွာကြီး တစ်ရွာဖြစ်သည့် ဆီမီးခုံကျေးရွာ တည်ရှိသည်။ ဆီမီးခုံ ကျေးရွာသည် တိုက်နယ်ကျေးရွာ တစ်ရွာဖြစ်သည့် အပြင် အိမ်ခြေ တစ်ထောင်ကျော် ရှိပြီး ရွာ၏ အလယ်ပိုင်းတွင် ဧရာဝတီ မြစ်ရေ တက်ချိန်၌ မြစ်ရေဝင်ရောက် စီးဆင်းသည့် ချောင်းငယ် တစ်ခုရှိသည်။ ထိုချောင်းငယ် ပေါ်တွင် ကန့်လန့်ဖြတ်၍ တည်ဆောက် ထားသည့် ရှေးဟောင်း သစ်သား တံတား ရှိသည်။

အဆိုပါ ရှေးဟောင်း သစ်သားတံတား ကို ကုန်းဘောင်ခေတ် ပုဂံမင်း လက်ထက်တွင် လှေလောင်း ပဲ့နင်းကြီး ဦးအံ့ကြီး က တည်ဆောက်ခဲ့ပြီး ကျေးရွာအမည် ကို အစွဲပြု၍ ဆီမီးခုံတံတား ဟု အမည်တွင်သည်။ ဆီမီးခုံ တံတားသည် ကျွန်းသစ်သား တိုင်လုံးပေါင်း ၁၈၆ တိုင်ဖြင့် တည်ဆောက်ထားပြီး တံတားတွင် ဇရပ် နှစ်ဆောင် ကိုလည်း ထည့်သွင်း ဆောက်လုပ်ထားသည်။ 

ဆီမီးခုံတံတား၏ ထူးခြားချက်မှာ တံတားသစ်သား တိုင်လုံးများ အားလုံး၏ တိုင်ထိပ်တွင် ထီးအမိုးကဲ့သို့ ကျောက်ခွက်များကို အုပ်မိုးထားခြင်း ဖြစ်သည်။ သစ်သားတိုင်လုံးများ ထိပ်ကို အုပ်မိုးထားခြင်းမှာ မိုးရေများ ဝင်ရောက်ကာ ဆွေးမြည့် ပျက်စီးမည့် ဘေးအန္တရာယ်ကို အကာအကွယ် ပြုထားခြင်း ဖြစ်ဟန်တူသည်။ ထို့ကြောင့် ဆီမီးခုံတံတား သည် နှစ်ပေါင်း ရာကျော် ကြာမြင့်သည့် ကာလတိုင်အောင် ယိုယွင်းပျက်စီး မှုမရှိဘဲ ကျေးရွာဒေသခံ ပြည်သူများက ယနေ့တိုင် အသုံးပြု သွားလာနေကြဆဲ ဖြစ်ကာ ကျေးရွာ ဒေသခံများ စုပေါင်း၍ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဆီမီးခုံတံတား ကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်လျက် ရှိကြောင်း သိရသည်။ (၁၄၇)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ရွှေကျောင်းတော်ကြီး ၏ ကြံ့ခိုင်ရေးအတွက် တက်ရောက်လေ့လာသူ အရေအတွက် အကန့်အသတ်ဖြင့်သာ ခွင့်ပြုသင့်



မန္တလေး ၊ ၂၄-၂-၂၀၁၅

မန္တလေးမြို့ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင် ရွှေကျောင်းတော်ကြီး ၏ ကြံ့ခိုင်မှု အတွက် ကျောင်းတော်ကြီး ပေါ်သို့ တက်ရောက် လေ့လာသူများ ကို အရေအတွက် အကန့်အသတ်ဖြင့် သာ ခွင့်ပြုပါက ကျောင်းတော်ကြီး ခံနိုင်ဝန်ထိခိုက်မှု သက်သာစေကြောင်း အဆိုပါ ကျောင်းပြုပြင် ထိန်းသိမ်းရေး ပညာရှင် Jeffy Allen က ၄င်း၏ လေ့လာတွေ့ရှိချက် များအရ ပြောပြသည်။

မန္တလေးမြို့၌ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ အများအပြား ရှိရာနေရာများသို့ ပြည်တွင်း၊ ပြည်ပမှ လာရောက်လည်ပတ် လေ့လာသူ များဖြင့် နေ့စဉ် စည်ကားလျက် ရှိသည်။ ထိုကဲ့သို့ ပြည်တွင်း၊ ပြည်ပမှ လေ့လာသူများ အနေဖြင့် ရွှေကျောင်းတော်ကြီး သို့ နေ့စဉ် ဝင်ရောက်သူ ဦးရေမှာ ၅ဝဝ ခန့်ရှိပြီး နိုင်ငံခြားသား ဦးရေ ၃ဝဝ ခန့်နှင့် ပြည်တွင်းမှ လာရောက်သူ ဦးရေ ၂ဝဝ ခန့် ရှိကြောင်း ရွှေကျောင်း သုတေသနဌာန မှ မှတ်တမ်းများ အရ သိရသည်။

ထိုသို့ ရွှေကျောင်းကြီး အတွင်း နေ့စဉ် လူဦးရေ ၅ဝဝ ခန့် ဝင်ထွက်လျက်ရှိရာ အများစုမှာ ညနေ ၃ နာရီခွဲနှင့် ၅ နာရီကြားတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လာရောက်ကြပြီး ကျောင်းတော်ကြီး ပေါ်သို့ အစုလိုက် အပြုံလိုက် တက်ရောက်လျက် ရှိကြောင်း၊ ကျောင်းတော်ကြီး ပေါ်သို့ တစ်ပြိုင်နက်တည်း လူ အများအပြား တက်ရောက်မှုသည် ကျောင်းတော်ကြီး ၏ ကြံ့ခိုင်မှုနှင့် ခံနိုင်ဝန် ထိခိုက် ကျဆင်းကြောင်း၊ ၄င်းအပြင် ရုပ်လက္ခဏာ သွင်ပြင် များလည်း များစွာ ထိခိုက်လျက် ရှိကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

''ကျွန်တော် တွေ့ရတဲ့ လေ့လာချက်တွေ အရ ကျောင်းတော်ကြီးရဲ့ ကြံ့ခိုင်မှု ထိခိုက်တာဟာ လူတွေ အများကြီး တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျောင်းကြီးပေါ်ကို တက်ရောက်မှုလဲ အဓိက ပါဝင်တယ်။ ဒါ့ကြောင့် ကျောင်းတော်ကြီး ပေါ် တက်ရောက်မှုကို ကန့်သတ် ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ အထူးသဖြင့် စည်းကမ်းမရှိ ပြေးလွှား ပြုံတိုးနေတာ၊ ဟိုနေရာကိုင်၊ ဒီနေရာမှီ လုပ်ကြတော့ ရုပ်လက္ခဏာလဲ ပျက်စီးတယ်။ လူများတော့ ပိုဆိုးတာပေါ့ ... '' ဟု ၄င်းက ထပ်မံပြော ပြသည်။

ရွှေကျောင်းတော်ကြီး ကို နေ့စဉ်နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီထိ ဝင်၊ ထွက်ချိန် သတ်မှတ် ထားကြောင်း၊ ယခုအခါ ကျောင်းတော်ကြီးကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် WMF ရှေးဟောင်း သုတေသနဌာန နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါကျောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ (၁၈ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Digital Life Journal ( Vol-3, No-44 )



Digital Life Journal ( Vol-3, No-44 )

Download Link = Mediafire

The Messenger Journal ( Vol-5, No-39 )



The Messenger Journal ( Vol-5, No-39 )

Download Link = Mediafire

Flower News Journal ( Vol-11, No-8 )



Flower News Journal ( Vol-11, No-8 )

Download Link = Mediafire

မြန်မာနိုင်ငံသို့ ငှက်ကြည့် ၀ါသနာရှင် ခရီးသွားဧည့်သည်များ အ၀င်များလာစေရန် ရှားပါးငှက်မျိုးစိတ်များ၏ စားကျက်ဧရိယာများကို ကာကွယ်ပေးရန် လိုအပ်



ရန်ကုန် ၊ ၂၄-၂-၂၀၁၅

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်များတွင် သဘာဝအလှအပ များကို လေ့လာကြည့်ရှု လိုသည့် ခရီးသွားများအပြင် ရှားပါး ငှက်မျိုးစိတ်များကို ကြည့်ရှုလိုသည့် ငှက်ကြည့် ဝါသနာ ပါသော ခရီးသွား ဧည့်သည်များ ဝင်ရောက်လျက် ရှိရာ ခရီး သွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းတစ်ခု အနေဖြင့် ရှားပါးငှက် မျိုးစိတ်များ၊ အများဆုံး ကျက်စားလေ့ ရှိသည့် နေရာဒေသများကို ယခုထက် ပိုမိုထိန်းသိမ်း ကာကွယ် သင့်ကြောင်း ခရီးသွား လုပ်ငန်းရှင်များ နှင့် ငှက်ဝါသနာရှင် များက ပြောသည်။

မြန်မာနိုင်ငံအတွင်း ရှားပါး ငှက်မျိုးစိတ်များကို မန္တလေးတိုင်း ဒေသကြီး ဝန်းကျင်နှင့် ပုဂံဒေသ တစ်ဝိုက်တွင် အများဆုံး တွေ့ရှိရပြီး အဆိုပါ ဒေသများမှာ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများဆုံး ဝင်ရောက်လေ့လာ နေသည့် နေရာဒေသ တစ်ခု ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့သော ဒေသများ၌ ရှားပါး ငှက်မျိုးစိတ် များ၏ စားကျက်များကို အကောင်းဆုံး ကာကွယ်ထိန်းသိမ်း ပေးနိုင်မည် ဆိုပါက ခရီးသွားလုပ်ငန်း ယခုထက် ပိုမို ကောင်းမွန် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ထဲတွင် ငှက်ကြည့်ရန် လာရောက်သည့် ခရီးသွား များမှာ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာပြီး ယခုနှစ် ခရီးသွား ရာသီတွင် ငှက်ကြည့်ရန် လာသည့် ခရီးသွားများ ပိုမိုဝင်ရောက် လာနိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင် များ၏ ပြောပြချက် အရ သိရသည်။

မြန်မာနိုင်ငံ၌ ငှက်ကြည့်နိုင်သည့် အဓိက နေရာများမှာ လှော်ကား၊ ပုဂံ၊ ချင်းတောင်၊ နတ်မတောင်၊ အင်းလေးကန် နှင့် ကလော စသည့် ဒေသများ ဖြစ်သော်လည်း ပုဂံဒေသမှာ ခရီးသွားများ အတွက် အကောင်းဆုံး နေရာဒေသ တစ်ခုဖြစ်သည့် အပြင် ငှက်ကြည့်ခြင်း၊ ဒေသ ပတ်ဝန်းကျင်၌ လေ့လာစရာ များနှင့် စိတ်ဝင်စားဖွယ်ရာ များကြောင့် ခရီးသွားများ ပိုမို စိတ်ဝင်စား လာကြခြင်း ဖြစ်ကြောင်း သိရသည်။

ငှက်ကြည့် နိုင်ငံခြား ခရီးသွား ဧည့်သည် အများစုမှာ ဗြိတိန်လူမျိုးများ ဖြစ်ပြီး အမေရိကန်၊ ဆွီဒင်၊ စင်ကာပူ၊ ဂျာမန်နှင့် ဟော်လန်လူမျိုး များလည်း လာရောက် ကြကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများ၌ ငှက်မျိုးစိတ် ၃၅ မျိုးခန့် ကျက်စား လျက်ရှိကြောင်း ပညာရှင်များ၏ လေ့လာမှုအရ သိရသည်။

မြန်မာနိုင်ငံ၌ တွေ့ရသည့် ရှားပါး ငှက်မျိုးစိတ် ခြောက်မျိုးထဲမှ လေးမျိုး ဖြစ်သည့် ငှက်မင်းသား ဝမ်းဖြူ၊ နဖားကြူး အမြီးဝိုင်း၊ စွေ့ နှင့် မြန်မာ ဘီလုံးငှက်များ အများဆုံး ကျက်စား နေထိုင်သည့် အပြင် မြန်မာနိုင်ငံ ငှက်စာရင်းထဲတွင် မတွေ့ရှိ ရသေး သည့် ငှက်အမျိုးအစား များကိုလည်း မန္တလေးတိုင်း ဒေသကြီး ဝန်းကျင်၌ တွေ့မြင် နေရကြောင်း သိရသည်။

ဆောင်းခိုငှက်များ အပါအဝင် ဒေသတွင်းရှိ ငှက်များ အများဆုံး ကျက်စားသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ဖြစ်သည့် အောင်ပင်လယ် ရေဝပ်မြေ၊ တောင်သမန်အင်း၊ စွတ်မြဲအင်း၊ လိပ်အင်း ပတ်ဝန်းကျင်ဒေသ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေး ဒေသ ပတ်ဝန်းကျင် နှင့် အခြားဒေသ များ၌ ဒေသရင်းငှက် များနှင့် ဆောင်းခိုငှက် များပါ လာရောက် ကျက်စားလျက် ရှိကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

Popular News Journal ( Vol-19, No-8 )



Popular News Journal ( Vol-19, No-8 )

Download Link = Mediafire

Health Digest Journal ( Vol-12, No-22 )



Health Digest Journal ( Vol-12, No-22 )

Download Link = Mediafire

The Morning Post ( Vol-3, No-592 )



The Morning Post ( Vol-3, No-592 )

Download Link = Mediafire

အခွန်ဆိုင်ရာ သတ်မှတ်ချက်များ လိုက်နာရန် ပျက်ကွက်သည့် ကုမ္ပဏီများကို ကုမ္ပဏီစာရင်းမှ ပယ်ဖျက်သွားမည်


ရန်ကုန် ၊ ၂၄-၂-၂၀၁၅

အခွန်ဆိုင်ရာ သတ်မှတ်ချက်များ လိုက်နာရန် ပျက်ကွက်ပြီး လိပ်စာပါ တည်နေရာ များ၌ ရှာမတွေ့သည့် ကုမ္ပဏီ ၁၉၇ ခုကို ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်ဆိုင်ရာ အခွန်ရုံးများသို့ လာရောက် ဆက်သွယ်ခြင်း မပြုပါက ကုမ္ပဏီစာရင်းမှ ပယ်ဖျက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဆိုင်ရာ ညွှန်ကြားမှု ဦးစီး ဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ အခွန်ရုံးသို့ ဆက်သွယ်ရမည့် ကုမ္ပဏီများမှာ ပဲခူးတိုင်း ဒေသကြီးမှ ကုမ္ပဏီ ၂၁ ခု၊ တနင်္သာရီတိုင်း ဒေသကြီးမှ ကုမ္ပဏီ ၉၅ ခုနှင့် ကရင်ပြည်နယ်မှ ကုမ္ပဏီ ၈၁ ခု စုစုပေါင်း ၁၉၇ ခုဖြစ်ပြီး ကျန်တိုင်း ဒေသကြီး နှင့် ပြည်နယ်များ မှလည်း ကုမ္ပဏီစာရင်း များ ဆက်လက် ကောက်ခံနေဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကုမ္ပဏီများ မှတ်ပုံတင် ညွှန်ကြားမှု ဦးစီးဌာန၌ တရားဝင် မှတ်ပုံတင် ပြုလုပ်ထားသည့် ကုမ္ပဏီများ အနက် အမှန်တကယ် လုပ်ငန်း လည်ပတ်ပြီး အခွန်ပေးသွင်း သောကုမ္ပဏီမှာ ထက်ဝက်ခန့်သာ ရှိကြောင်း သိရသည်။

ထိုကဲ့သို့ လုပ်ငန်း လည်ပတ် နေသော်လည်း အခွန် ပေးသွင်းရန် ပျက်ကွက်ကြောင်း တွေ့ရှိပါက ပေးဆောင်ရမည့် အခွန်၏ ၁ဝ ဆ ဒဏ်ရိုက်ခြင်း၊ ပစ္စည်း သိမ်းဆည်းခြင်း၊ ဝရမ်း ကပ်ခြင်းနှင့် ထောင်ဒဏ် အပြစ်ပေးခြင်း စသည့် နည်းလမ်းများဖြင့် အရေးယူ နိုင်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

ရန်ကုန်မြို့၌ အဲယားကွန်း ဘတ်စ်ကားကြီးများ ပြန်လည်ပြေးဆွဲလာ



ရန်ကုန် ၊ ၂၄-၂-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီးတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ ဖူးသော အဲယားကွန်း ဘတ်စ်ကားကြီးများ ပြေးဆွဲခြင်းကို ယခုတစ်ဖန် ပြန်လည်မြင်တွေ့ လာရကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အဲယားကွန်း ဘတ်စ်ကားကြီးများ ပြေးဆွဲခြင်းသည် ဆယ်စုနှစ် အတန်ကြာအောင် တိမ်မြုပ် ပျောက်ကွယ်ခဲ့ပြီး ယခုအခါ ရန်ကုန်မြို့တွင်းရှိ ယာဉ်လိုင်း တချို့တွင် ပြန်လည် မြင်တွေ့လာရခြင်း ဖြစ်ပြီး
လက်ရှိတွင် ဆူးလေဘုရားလမ်း ကားဂိတ်နှင့် အင်းစိန် (ဒညင်းကုန်း) ပြေးဆွဲနေသော မ-ထ-သ အမှတ်(၄၅) ယာဉ်လိုင်းနှင့် အမှတ် (၄၈) ယာဉ်လိုင်း တို့မှ မော်တော်ယာဉ်လိုင်း များတွင် အဲယားကွန်း ဘတ်စ်ကားကြီးများ လိုင်းဝင် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

''လက်ရှိမှာတော့ မ-ထ-သအမှတ်(၄၅) နဲ့ (၄၈)ယာဉ်လိုင်း တွေမှာ အဲယားကွန်း ဘတ်စ်ကားကြီးတွေ ပြန်ပြီးပြေးဆွဲ လာကြတယ်။ လမ်းတစ်လျှောက်လုံး အဲယားကွန်း ဖွင့်မောင်းတယ်။ ယာဉ်စီးခ ကလည်း တခြားယာဉ်တွေ အတိုင်း နှစ်ရာ၊ သုံးရာကျပ်ပဲ။ ပြီးတော့ ထိုင်ခုံအပြည့်ပဲ လူတင်တယ်။ ရုံးတက် ရုံးဆင်းချိန်မှာ မတ်တတ်ရပ် ခရီးသည်တွေ တင်ရင်လည်း အနည်းအကျဉ်း လောက်ပဲ တင်တယ်။ ကျပ်သိပ်နေအောင် လူမတင်ဘူး။ ကားပေါ်မှာ တီဗွီလည်း ဖွင့်ထားတယ်။ ကားပိုင်ရှင် တွေက အဲဒီလို စေတနာထားပြီး ဝန်ဆောင်မှု ပေးတော့ ခရီးသည် တွေလည်း အဆင့်တန်းရှိရှိ သက်သောင့် သက်သာနဲ့ သွားလာ နိုင်တာပေါ့''ဟု ဆူးလေမှတ်တိုင် တွင် တာဝန်ကျသော မ-ထ-သ မှ ဝန်ထမ်း တစ်ဦးက ပြောသည်။

အဆိုပါ အဲယားကွန်း ဘတ်စ်ကားကြီး များတွင် ယာဉ်နောက်လိုက် များကို အမျိုးသမီး များသာ ဦးစားပေး ခန့်ထားပြီး မော်တော်ယာဉ် တစ်စီးတွင် အမျိုးသား ယာဉ်မောင်း တစ်ဦး နှင့် အမျိုးသမီး ယာဉ်နောက်လိုက် တစ်ဦး တို့ လိုက်ပါ တာဝန် ထမ်းဆောင် ကြသည်။

ထို အဲယားကွန်း ဘတ်စ်ကားကြီး များကို မကြာသေးမီက စတင်ပြေးဆွဲခြင်း ဖြစ်၍ ယာဉ်အစီးရေ နည်းပါး သေးသော်လည်း နောက်ပိုင်းတွင် အဲယားကွန်း ဘတ်စ်ကားကြီးများ ပြေးဆွဲသော ယာဉ်လိုင်း အရေအတွက် အပြင်ယာဉ်အစီးရေ လည်း ပိုမိုလာစေရန် သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၂၅)


မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၂၅)

Download Links


ရန်ကုန်မြို့အတွင်း မြေအောက်ရေသုံးစွဲမှုကို နှစ်အလိုက် ထိန်းချုပ်သွားမည်


ရန်ကုန် ၊ ၂၄-၂-၂၀၁၅

ရန်ကုန်မြို့တော် အတွင်း မြေအောက်ရေ သုံးစွဲမှုဖြစ်သည့် အဝီစိတွင်း တူးခြင်းကြောင့် ဆိုးကျိုးများ မဖြစ်ပေါ် စေရန် နှစ်အလိုက် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြေအောက်ရေ သုံးစွဲမှုများကို အစားထိုး ပေးဝေနိုင်ရေး အတွက် ရေအရင်းအမြစ် သစ်များ အနေဖြင့် ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၌ လဂွန်းပြင်ဆည် မှ ရေအရင်းအမြစ် ကို ရယူ ပေးဝေမည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းနှင့် လှိုင်သာယာမြို့နယ် အနီးရှိ ကုက္ကိုဝ မြစ်ရေတင် ရေပေးစီမံကိန်းများကို ဖော်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြေအောက်ရေ စနစ်ကို ဖျက်သိမ်းမည့် အချိန်မတိုင်မီ အဆိုပါ ရေအရင်းအမြစ် သစ်များမှ ရေများကို ကြိုတင်ရရှိ ထားမှသာ ဖျက်သိမ်းမည့် အချိန်တွင် အသင့် ပေးဝေနိုင်စေရန် စီမံဆောင်ရွက် သွားမည် ဖြစ်သည်။

ရန်ကုန်မြို့၌ လက်ရှိတွင် တစ်နေ့လျှင် ရေဂါလန် ၂ဝ၅ သန်း ပေးဝေနေပြီး ရန်ကုန် တစ်မြို့လုံး အတိုင်းအတာ အရ ရေလုံလောက်စွာ ပေးဝေနိုင်ခြင်း မရှိသေးကြောင်း၊ ယင်း အတွက်လည်း ဂျပန်နိုင်ငံမှ ရေလုံလောက်စွာ ရရှိနိုင်ရေး အတွက် အကူအညီများ ပေးလျက် ရှိကြောင်း၊ အဝီစိတွင်းများ တူးဖော်သဖြင့် မြေမျက်နှာပြင် နိမ့်ခြင်း၊ မြေကျွံခြင်းနှင့် ရေငန် ဝင်ရောက်ခြင်းများ ဖြစ်ပေါ်လျက် ရှိသောကြောင့် ၂ဝ၂၅ ခုနှစ်တွင် မြေအောက်ရေ သုံးစွဲမှုစနစ် ဖျက်သိမ်းနိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်သည်။

ရန်ကုန်မြို့ အတွင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အဝီစိတွင်း ၄၆၄ တွင်း တူးဖော်ထားပြီး ၄င်းတွင် ပုဂ္ဂလိက တူးဖော်ထားသော အဝီစိတွင်းများ မပါဝင် သေးကြောင်း၊ ကော်မတီ အနေဖြင့် အဝီစိတွင်းများကို ထပ်မံ တူးဖော်မှုများ မပြုလုပ်ဘဲ လက်ရှိ အဝီစိတွင်းများမှ ထွက်ရှိသောရေ အရည်အသွေး များကို စောင့်ကြည့်၍ အချို့သော မြို့နယ်များ၌ ကန်ထရိုက် တိုက်များ ဆောက်လုပ်ရန် အဝီစိတွင်းများ တူးဖော် မှုရှိနေပြီး နောက်ပိုင်းတွင် ထိန်းချုပ် သွားမည် ဖြစ်သည်။ လက်ရှိတွင် မြေအောက်ရေ အလွန် အကျွံ မသုံးစွဲစေရန် သတိပေး တားမြစ်မှု များ ပြုလုပ်ထား ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ပညာသင်ဆုများ နှစ်စဉ်ပေးအပ်ချီးမြှင့်မည်



ရန်ကုန် ၊ ၂၄-၂-၂ဝ၁၅

မြန်မာနိုင်ငံမှ ဂျပန်ပြန် ပညာသင် ဟောင်းများ အသင်းနှင့် ဂျပန်နိုင်ငံမှ The Honda Foundation တို့ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူ များကို ပညာသင်ဆုများ နှစ်စဉ် ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ နည်းပညာ တက္ကသိုလ် ကျောင်းများ၌ အင်ဂျင်နီယာ ဘာသာရပ် များကို သင်ကြား နေသော ကျောင်းသား၊ ကျောင်းသူ များအား အဆိုပါ ပညာသင်ဆု များကို ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှ စတင်ပေးအပ် ချီးမြှင့်ခဲ့ရာ ယခု ပညာသင်နှစ် တွင်လည်း ဆက်လက် ချီးမြှင့်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် မေလတွင် လျှောက်လွှာများ စတင်ခေါ်ယူ နေပြီး ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ များကို စစ်ဆေး သွားမည် ဖြစ်ကြောင်းနှင့် ပညာသင်ဆု အတွက် ရွေးချယ်ခံ ရသူများကို သြဂုတ်လ တွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ပြီး ဒီဇင်ဘာလ တွင် ပညာသင်ဆု များကို ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း များအသင်း (MAJA) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုလက်ရှိတွင် အဆိုပါ ပညာသင်ဆု များကို ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေး နည်းပညာ တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း နည်းပညာ တက္ကသိုလ်၊ သန်လျင် နည်းပညာ တက္ကသိုလ်၊ မှော်ဘီ နည်းပညာ တက္ကသိုလ် နှင့် အိုးဘို နည်းပညာ တက္ကသိုလ် တို့မှ ကျောင်းသား၊ ကျောင်းသူ များကို ရွေးချယ်၍ ပညာသင်ဆုများ ပေးအပ်ချီးမြှင့် ခြင်းဖြစ်ပြီး အခြား နည်းပညာ တက္ကသိုလ် များမှ ကျောင်းသား၊ ကျောင်းသူ များကိုလည်း ပညာသင်ဆုများ ချီးမြှင့်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

ဂျပန်နိုင်ငံနှင့် စီးပွားရေးပူးပေါင်း လုပ်ကိုင်ဆောင်ရွက် ခြင်းကြောင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ နည်းပညာ အထောက်အကူများ ရရှိနိုင်



ရန်ကုန် ၊ ၂၄-၂-၂၀၁၅

ဂျပန်နိုင်ငံနှင့် စီးပွားရေး လုပ်ငန်းများ အပိုင်းတွင် ပူးပေါင်း လုပ်ကိုင်ဆောင်ရွက် နိုင်ရန် လုပ်ဆောင်နိုင်ခြင်း များကြောင့် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အနေဖြင့် နည်းပညာ အထောက်အကူများ ရရှိလာနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောသည်။

လက်ရှိ စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လက်မှတ် ရေးထိုးခြင်းတွင် စီးပွားရေးအရ ကန့်သတ်ချက် မရှိကြောင်း၊ မြန်မာနိုင်ငံမှ လက်ခံဆောင်ရွက် ခဲ့သည့်အတွက် မြန်မာနိုင်ငံ၌ လုပ်ဆောင်နိုင်သော စီးပွားရေး လုပ်ငန်းများကို ခြုံ၍ ပူးပေါင်း ဆောင်ရွက်နိုင်ရန် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့်(၁၁) တွင်ရှိနေပြီး လုပ်ငန်းပေါင်း ၄၆ ခုတွင် စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၈၄ သန်းအထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ယခုကဲ့သို့ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်မည် ဖြစ်၍ လက်ရှိတွင် ရင်းနှီးမြှုပ်နှံ ထားသည့် ငွေကြေးထက် များပြား လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများတွင် နည်းပညာပိုင်း ဆိုင်ရာ လိုအပ်ချက်များ အနေဖြင့် အဓိကကုန်ထုတ် လုပ်မှုနည်းပညာများ လိုအပ်နေသည့် အတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းကာ အသက်မွေး
ဝမ်းကျောင်းဆိုင်ရာ သင်တန်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများကို ပို့ချပေး နိုင်ရန်အတွက် မျှော်လင့် နေကြောင်း သိရသည်။

ထို့အပြင် ဂျပန်နိုင်ငံမှ လာရောက် ရင်းနှီး မြှုပ်နှံသူများ အနေဖြင့် သီလဝါ အထူး စီးပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံမှု ရရှိပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ကြောင်း၊ ပြည်တွင်းမှ စားသုံးသူများ အနေဖြင့် နိုင်ငံတကာမှ ဝယ်ယူတင်သွင်း လာသော ပစ္စည်းများအပြင် ပြည်တွင်း၌ပါ ထုတ်လုပ်၍ အသုံးပြုလာနိုင် မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ လာနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် ကပြောသည်။

''ဂျပန် လုပ်ငန်းရှင်တွေ စိတ်ပူ စေတာက ဥပဒေပိုင်းဆိုင်ရာ စီမံဆောင်ရွက်မှု အပိုင်းတွေပါပဲ။ ဥပဒေကို နိုင်ငံတော် အစိုးရ အနေနဲ့ အရင်ထက် အားသွန် ခွန်စိုက် လုပ်နေတယ် ဆိုတာ သိရပေမယ့် တကယ် လက်တွေ့ကျကျ လုပ်ဆောင်မှု တွေမှာ အခက်အခဲ လေးတွေ ရှိတယ်ဆိုတဲ့ ဟာမျိုး ရင်ဆိုင် နေရတယ်လို့ ကြားသိ နေရပါတယ်'' ဟု Mizuho Bank Ltd. မှ ဒုတိယ ဥက္ကဋ္ဌ Masaaki Kono က ပြောသည်။

ခန်ဆိုင်း စီးပွားရေး ဖက်ဒရေးရှင်း နှင့် မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တို့အကြား ၁၉၉၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး ဆောင်ရွက်မှုများ ရှိခဲ့ပြီး နောက်ပိုင်း ၂ဝ၁၂ ခုနှစ် အောက်တိုဘာ လတွင် တစ်ကြိမ် လက်မှတ်ရေးထိုး ခဲ့သကဲ့သို့ ၂ဝ၁၅ ခုနှစ်တွင် ထပ်မံကာ လက်မှတ် ရေးထိုး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

ရတနာပုံနေ့စဉ်သတင်းစာ (၂၄-၂-၂၀၁၅) အင်္ဂါနေ့


ရတနာပုံနေ့စဉ်သတင်းစာ (၂၄-၂-၂၀၁၅) အင်္ဂါနေ့

Download Links



မြ၀တီနေ့စဉ်သတင်းစာ (၂၄-၂-၂၀၁၅) အင်္ဂါနေ့


မြ၀တီနေ့စဉ်သတင်းစာ (၂၄-၂-၂၀၁၅) အင်္ဂါနေ့

Download Links



လားရှိုးမြို့၊ အညတရ စစ်သည်ဗိမာန်၌ လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်းသင်္ဂြိုဟ်သည့် စစ်အခမ်းအနားကျင်းပ


နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အရာရှိ ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂုဏ်ပြုတပ်ဖွဲ့ဝင်များက စစ်အခမ်းအနားဖြင့် အလေးပြုကြစဉ်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် အရာရှိ ၊ စစ်သည်များ၏ အထိမ်းအမှတ် အညတရ စစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေ ချစဉ်

နိုင်ငံတော်အတွက် အသက်စွန့်လှူ ခဲ့ကြသော အရာရှိ ၊ စစ်သည်များ၏ အရိုးပြာအိုးများကို ဂူသွင်းသင်္ဂြိုဟ်စဉ်

နေပြည်တော် ၊ ၂၄-၂-၂၀၁၅

လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြ သော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်း သင်္ဂြိုဟ်သည့် စစ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ တွင် လားရှိုးမြို့၊ အညတရ စစ်သည်ဗိမာန်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဂုဏ်ပြု တပ်ဖွဲ့ဝင်များက စစ်အခမ်းအနားဖြင့် အလေးပြုကြပြီး စစ်ခရာ အဖွဲ့မှ ကျဆုံး ရဲဘော်အလေးပြု ခရာမှုတ်၍ အလေးပြုကြသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက လောက်ကိုင်ဒေသ တိုက်ပွဲများ တွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များ၏ အထိမ်းအမှတ် အညတရ စစ်သည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြပြီး ကျဆုံးသွားသော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်း သင်္ဂြိုဟ်ခဲ့ကြကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

တပ်မတော်ရဟတ်ယာဉ်ဖြင့် ကုန်းကြမ်းမြို့ ရှိ တပ်မတော်သား မိသားစုဝင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ဒေသခံပြည်သူများ အတွက် သွားရောက် ထောက်ပံ့ ၊ ဂျပန်နိုင်ငံသား နှစ်ဦးအား လားရှိုးမြို့သို့ ပို့ဆောင်ပေး



အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ Dr. Minoru Yashida နှင့် Mr. Akio Takahashi တို့အားတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၄-၂-၂၀၁၅

လောက်ကိုင်ဒေသ ကုန်းကြမ်းမြို့ရှိ တပ်မတော် စစ်ကြောင်းများ၊ နယ်မြေခံ တပ်ရင်းဌာနချုပ်ရှိ အရာရှိ/ စစ်သည်/ မိသားစုဝင်များ၊ တိုက်ပွဲရှောင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားသုံးရန်အတွက် အစားအစာ၊ ဆေးဝါးနှင့် လိုအပ်သော အခြား အသုံးအဆောင် ပစ္စည်းများအား ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် ပို့ဆောင် ပေးခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဘိန်းစိုက်ခင်းများ ချေမှုန်း ဖျက်ဆီးရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် ရှမ်းပြည်နယ် ၊ ကုန်းကြမ်းဒေသ၌ တာဝန်ထမ်းဆောင် နေသော ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ Dr. Minoru Yashida နှင့် Mr. Akio Takahashi တို့သည် တိုက်ပွဲများအတွင်း ပိတ်မိနေ၍ နယ်မြေခံတပ်ရင်း ဌာနချုပ်သို့ ရွှေ့ပြောင်း ကယ်ဆယ် ထားရှိခဲ့သည်။

ယမန်နေ့တွင် အဆိုပါ နိုင်ငံခြားသား နှစ်ဦးအား ကုန်းကြမ်းမြို့မှ လားရှိုးမြို့သို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင် လာကာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဧည့်ခန်းမ၌ တွေ့ဆုံ၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ အဖွဲ့များသို့ စနစ်တကျ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

ကိုးကန့်သောင်းကျန်းသူ များထံမှ လက်နက်ခဲယမ်းနှင့် ယာဉ်များ သိမ်းဆည်းရမိ ၊ လောက်ကိုင်မြို့ မှ အကျဉ်းသားများ တိုက်ပွဲရှောင် ပြည်သူများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများအား သယ်ဆောင်လာသည့် ယာဉ်တန်းကို နှောင့်ယှက်တိုက်ခိုက်



နေပြည်တော် ၊ ၂၄-၂-၂၀၁၅

လောက်ကိုင်- ကုန်းကြမ်း ကားလမ်းပေါ်ရှိ ၁၈ မိုင်လမ်းဆုံ အနီးတစ်ဝိုက်တွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ ယာယီခြေကုပ် ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို ဖေဖော်ဝါရီ ၂၂ ရက်တွင် တပ်မတော် စစ်ကြောင်း များက တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည်။

ယမန်နေ့တွင် တပ်မတော် စစ်ကြောင်းများက ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ ဆုတ်ခွာ သွားသည့် အဆိုပါ တောင်ကုန်းများ ပတ်ဝန်းကျင်အား အသေးစိတ် နယ်မြေရှင်းလင်း ခဲ့ရာ အမ်(၂၁) တစ်လက်၊ အမ်(၂၂) ခုနစ်လက်၊ ဝမ်ချက်စတာ တစ်လက်၊ အမ်(၂၂) ကျည်အိမ် ၁၄ ခု၊ အမ်(၂၂)ကျည် ၅ဝ၈ တောင့်၊ ပလတ်စတစ် နင်းမိုင်း နှစ်လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ လက်ပစ်ဗုံး ၂၅ လုံး၊ လက်မောင်း တံဆိပ်မပါ ရှိသည့် ယူနီဖောင်း သုံးစုံ၊ ဗွီဂို အမျိုးအစား ဖိုးဝှီးယာဉ် တစ်စီး၊ တိုက်ဂါး အမျိုးအစား ဖိုးဝှီးယာဉ် တစ်စီး နှင့် ဆိုင်ကယ် ခုနစ်စီးတို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ထို့အပြင် ယမန်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော် စစ်ကြောင်းများက လောက်ကိုင်မြို့ အရှေ့တောင်ဘက် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင် အမှတ်(၁၂၇) အနီးတွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ကိုးကန့် သောင်းကျန်းသူ အဖွဲ့ထံမှ ယူနီဖောင်းဝတ် အလောင်း ခြောက်လောင်း နှင့် အမ် (၂၂) လေးလက် တို့ကို သိမ်းဆည်း ရမိခဲ့သည်။ တပ်မတော်မှ စစ်သည်သုံးဦး အသက်ပေး လှူခဲ့၍ အရာရှိ၊ စစ်သည် ခုနစ်ဦး ဒဏ်ရာရရှိ ခဲ့ပြီး ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား တပ်မတော်ဆေးရုံ များသို့ ဆက်လက် ပို့ဆောင်လျက် ရှိသည်။

ယမန်နေ့ ညနေပိုင်းတွင် လောက်ကိုင်မြို့၊ စီအော အကျဉ်းထောင်မှ အကျဉ်းသားများ၊ တိုက်ပွဲရှောင် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို လားရှိုးမြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာသည့် ယာဉ်တန်းအား ပါစင်ကျော် ကျေးရွာနှင့် ချင်းရွှေဟော်ကြား ရှိ လုံထန်ရွာ အနီး၌ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်းများမှ ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ တစ်ကြိမ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆုတ်ခွာသွားသော ကိုးကန် သောင်းကျန်းသူများ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ၏ နှောင့်ယှက် ပစ်ခတ်မှုကြောင့် ယာဉ်တန်းတွင် လိုက်ပါလာသော အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း တစ်ဦး၊ အကျဉ်းသူ ၄၄ ဦးနှင့် စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိ သူများအား ကွမ်းလုံမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

၂ဝ၁၅ ခုနှစ်၊တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၅ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ်


နေပြည်တော် ၊ ၂၄-၂-၂၀၁၅

အားကစား မြှင့်တင်ခြင်းနှင့် စွမ်းဆောင်နိုင်မှုများသည် အမျိုးသားရေး ဂုဏ်သိက္ခာကို မြှင့်တင်ပေး နေသကဲ့သို့ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်း လည်း ဖြစ်ကြောင်း၊ အားကစား အောင်မြင်မှုသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်း ရောင်ပြန်ဟပ်စေပြီး လူမျိုး၏ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ညွှန်းနေကြောင်း၊ အလားတူ တပ်မတော်သား အားကစားသမား များ၏ အားကစား အောင်မြင်မှုများ သည်လည်း တပ်မတော်၏ ဂုဏ်သိက္ခာနှင့် စွမ်းရည် ထက်မြက်မှုကို ဖော်ညွှန်းပြသလျက် ရှိကြောင်း၊ ထို့အပြင် ကျစ်လျစ်ခိုင်မာသည့် တပ်တွင်းစည်းလုံး ညီညွတ်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ ဇွဲသတ္တိပြည့်ဝမှု၊ စည်းကမ်း ကောင်းမွန်မှု၊ ရည်းမှန်းချက် ပြီးမြောက်အောင် ဆောင်ရွက်တတ်မှု စိတ်ဓာတ်နှင့် ဓလေ့စရိုက်ကောင်း များကို ဖော်ညွှန်း နေကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်သော ၂ဝ၁၅ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း နှင့်ဇနီး ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊လေ)မှ အရာရှိ၊ စစ်သည်၊မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်နယ်(၆) ခုမှ အရာရှိ၊ စစ်သည် ၊ မိသားစုများ ၊ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်များမှ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်း ဝင်ရောက်နေရာယူပြီး စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစား အသင်း ၁၇ သင်းမှ အားကစား သမားများက နေရာယူကြသည်။

ထို့နောက် ၂ဝ၁၅ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာချိန်တွင် တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး က ဖွင့်ပွဲစာတမ်း မိုးပျံပူပေါင်း များအား ဖဲကြိုးဖြတ်၍ လွှတ်တင်သည်။

တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဆန်းဦး ၂၀၁၅ ခုနှစ် ၊ တပ်မတော် (ကြည်း ၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တွင် ဖွင့်ပွဲစာတန်း မိုးပျံပူဖောင်း များကို ဖဲကြိုးဖြတ် လွှတ်တင်ပေးစဉ်

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂ဝ၁၅ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် '' ကျန်းမာကြံ့ခိုင်၊ ပြည့်မဏ္ဍိုင်၊ ကြံ့ခိုင်ကိုယ်လက်၊ တိုင်းပြည်အတွက် '' ဆိုသည့် တပ်မတော်ကြံ့ခိုင်ရေး ဆောင်ပုဒ်သည် တပ်မတော်က အစဉ်အဆက် လိုက်နာကျင့်သုံးခဲ့သော ဆောင်ပုဒ်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို အဓိကထား ထမ်းဆောင်ရမည့် အဖွဲ့အစည်းပီပီ နိုင်ငံတော်ကို လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝစွာ ကာကွယ်သွားနိုင်ရေး စဉ်ဆက်မပြတ် လေ့ကျင့်လျက်ရှိ ကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများသည် တပ်မတော်၏ ကိုယ်ကာယပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးသာမက တပ်မတော်၏ အဖွဲ့အစည်း စိတ်၊ ရဲဘော်စိတ်နှင့် ပူးပေါင်းဆောင်ရွက် လိုစိတ်များကိုပါ လက်တွေ့ပြသ လေ့ကျင့်ပေးနေခြင်း ဖြစ်ကြောင်း။

အဖွဲ့လိုက် အားကစားစွမ်းရည်များ၊ တစ်ဦးချင်း အရည်အသွေးများလည်း သက်ဆိုင်ရာ အားကစားနည်းများ အလိုက် တိုးတက်သည်ထက် တိုးတက်နေအောင် ကြိုးစားနေကြရမည် ဖြစ်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ဇွဲလုံ့လ၊ ဝီရိယအားများနှင့် ကြိုးစားယှဉ်ပြိုင်ကြပြီး တပ်မတော် အားကစား အဆင့်အတန်း မြင့်မားရေးအတွက် မြှင့်တင်သွားကြရမည် ဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်သည့် တပ်မတော်သား အားကစား သမားဘဝမှ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမား အဆင့်ထိ ရောက်ရှိအောင် ဆက်လက်ကြိုးစားသွားရန် လိုကြောင်း၊ မြန်မာနိုင်ငံဘောလုံး ရွှေခေတ်တွင် အရှေ့တောင် အာရှ အဆင့်မြင့်ဆုံး ဖလားဖြစ်သည့် မာဒေးကား ဖလားရခဲ့စဉ်က ဘောလုံး အားကစားသမား ၁၁ ဦးအနက်မှ ၈ ဦးသည် တပ်မတော်သားများ ဖြစ်ကြကြောင်း၊ မြန်မာ့ အားကစားအောင်မြင်မှု သမိုင်းမှတ်တမ်း များကို လေ့လာ ကြည့်လျှင် မိမိတို့တပ်မတော်သား အားကစား သမားများ၏ စွမ်းဆောင်နိုင်မှုသည် ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမည် ဖြစ်ကြောင်း။

တပ်တွင်း အားကစားလှုပ်ရှားမှုသည် တပ်မတော်အားကစား အဆင့်အတန်း မြင့်မား တိုးတက်ရေးအတွက် အထောက်အပံ့ ကောင်းများဖြစ် သကဲ့သို့ မြန်မာ့လက်ရွေးစင် အားကစား သမားများကို မွေးဖွားပေးရာအရင်း အမြစ်များ ဖြစ်ခြင်းကြောင့် တပ်တွင်းအားကစား လှုပ်ရှားမှုများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်သွားကြရန် အလေးအနက် မှာကြားလိုကြောင်း၊ နိုင်ငံ့ ဂုဏ်ဆောင်၊ တပ်မတော်ဂုဏ်ဆောင် လက်ရွေးစင် တပ်မတော်သား အားကစားသမား များကို တပ်တွင်း အားကစားလှုပ်ရှားမှုနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစား ပြိုင်ပွဲများမှ မွေးထုတ်ပေးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ မြန်မာ့လက်ရွေးစင် အသင်းများကို အားဖြည့်ပူးပေါင်း နိုင်မည့် ထူးချွန်သည့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွန်း နေစေရန်လည်း တပ်မတော် အားကစား ပြိုင်ပွဲများက မွေးထုတ် ပေးလျက်ရှိကြောင်း။

အထူးသဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင် ရင်း ခန္ဓာကိုယ် အစိတ်အပိုင်းများ ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် တပ်မတော် သားများသည် နိုင်ငံတကာ မသန်စွမ်း အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ပေါင်း များစွာ ရယူပေးခဲ့ပြီး မသန်သော်လည်း စွမ်းကြသည်ကို ပြသခဲ့ကြကြောင်း၊ ၎င်းသည် တပ်မတော်၏ စိတ်ဓာတ်နှင့် စွမ်းရည်ထက်မြက်မှုများ ကြောင့်ပင် ဖြစ်ကြောင်း။

နိုင်ငံတော် အစိုးရသည် အားကစားကဏ္ဍ တိုးတက်လာရေးအတွက် ငွေအား၊ လူအား၊ ပစ္စည်းအား၊ နည်းပညာအားများဖြင့် ကြိုးပမ်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အားကစားနည်း အလိုက် အဆောက်အဦနှင့် နိုင်ငံတကာ အဆင့်မီ အားကစားကွင်းများကို တည်ဆောက်ပေးလျက် ရှိကြောင်း ၊ အားကစားကို ချစ်မြတ်နိုးသည့် စီးပွားရေးလုပ်ငန်းရှင် များနှင့် ဝါသနာရှင်များကလည်း နိုင်ငံတော်နှင့် ပူးပေါင်းပြီး အားပေးမြှင့်တင်ခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည်ကို အားရဖွယ် တွေ့မြင်နေကြရပြီ ဖြစ်ကြောင်း၊ အားကစား မြှင့်တင်ခြင်းတွင် အားပေးကူညီခြင်း သည်လည်း အထူးလိုအပ်ကြောင်း၊ ရဲဘော်တို့အနေဖြင့် တပ်မတော် အားကစားပြိုင်ပွဲများတွင် စွမ်းအားရှိသမျှ ယှဉ်ပြိုင်ကစားခြင်းဖြင့် ထူးချွန်ထက်မြက် အောင်ပွဲဆက်နိုင်သည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ဖြစ်လာနိုင်သည့် အခွင့်အလမ်းကောင်း မြင်တွေ့နေပြီဖြစ်၍ ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန် လိုအပ်ကြောင်း ၊ အောင်ပွဲခံ အားကစားသမား တစ်ယောက်ဖြစ်ရန် လိုအပ်သည့် စိတ်ဓာတ်နှင့် စည်းကမ်းသည် တပ်မတော် သားတိုင်းအတွက် အခြေခံအားဖြင့် ပြည့်ဝထားပြီးသား ဖြစ်ကြောင်း၊ တပ်မတော် ဂုဏ်ထူးဆောင် လက်ရွေးစင် အားကစား သမားများမှသည် နိုင်ငံ့ဂုဏ်ထူး ဆောင် လက်ရွေးစင် အားကစားသမားများ ဖြစ်စေရေး တပ်မတော်က လေ့ကျင့်ပေးထား သည့် အခြေခံစိတ်ဓာတ်၊ စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစား အသင်း ၁၇ သင်းတို့က စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုပြီး ဇေယျာသီရိတပ်မတော် အဆင့်မြင့် အားကစားကွင်းအတွင်းမှ ပြန်လည် ထွက်ခွာသွားကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တက်ရောက် လာကြသူများက (က)အဆင့် ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲဖြစ်သော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးစဉ်


(က)အဆင့် ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ပွဲကစားချိန် မိနစ် ၉ဝ အတွင်း တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းနိုင်ခြင်းမရှိ၍ အချိန်ပို မိနစ် ၃ဝ ဆက်လက်ယှဉ်ပြိုင် ကစားရာ ဒုတိယပိုင်းအချိန်ပို ၂၈ မိနစ်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းက အနိုင်ဂိုး သွင်းယူနိုင်ခဲ့သဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယမန်နေ့ ကျင်းပ ပြုလုပ်သော တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ တွင် တပ်မတော် အားကစားနည်း ၂၉ မျိုးအနက်မှ ဘောလုံး ၊ ဘော်လီဘော ၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ရေကူး အပါအဝင် အားကစားနည်း ၁ဝ မျိုးကို ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား အသင်းများသည်လည်း သက်ဆိုင်ရာ အားကစားဇုန် များတွင် အုပ်စု အဆင့်ပြိုင်ပွဲများ၊ လက်ရည်စစ်ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခဲ့ကြကာ နောက်ဆုံး အဆင့်ထိ  တက်လှမ်း နိုင်ခဲ့သည့် အားကစား အသင်းများ ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...