Social Icons

Pages

Showing posts with label ရှေးဟောင်းအမွေအနှစ်. Show all posts
Showing posts with label ရှေးဟောင်းအမွေအနှစ်. Show all posts

Tuesday, August 14, 2018

နှစ်ပေါင်း ၁၅ဝ ကျော်သက်တမ်းရှိ မင်းတုန်းမင်းကြီး၏ သိမ်အလှူပေစာကို မကွေးမြို့နယ် ကန်ပြားကျေးရွာတွင် ထိန်းသိမ်းထား



မကွေး ၁၄-၈-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကန်ပြားကျေးရွာ (အရှေ့ရွာ)၊ မန်ကျီးတော ဘုန်းတော်ကြီးကျောင်း၌ မင်းတုန်းမင်းကြီး လက်ထက် သိမ်တည်ခွင့်ပြုရေး ဘုရင့်ထံလျှောက်တင်သော ပေရွက်စာချွန်လွှာ၊ သိမ်တည်ခွင့်ပြုသောဘုရင့်အမှတ်တံဆိပ် ရိုက်နှိပ်ထားသည့် သိမ်အလှူပေရွက် စာချွန်လွှာများကို ထိန်းသိမ်းထားရာ လာရောက်လေ့လာ နိုင်ကြောင်း မကျီးတော ကျောင်းထိုင် ဆရာတော်ထံမှ သိရသည်။

ပေဘူးထဲတွင် နှစ်ပေါင်း ၁၅ဝ ကျော်သိမ်းဆည်း ထားသည့် ပေစာများအပြင် နှစ်ပေါင်းရာချီ သက်တမ်းရှိ မန်ကျီးစေ့ကမ္မဝါစာ၊ ရွှေပေစာ၊ ပုရပိုက်များ၊ ကြွေပန်းကန်ကြီးများနှင့် တရားစာပေများ သိမ်းဆည်းသည့် စာတိုက်တို့ကို လည်း ထိန်းသိမ်းထား လျက်ရှိပြီး သမိုင်းလေ့လာ သူများအနေဖြင့် မှတ်တမ်းပြု ကိုးကားစရာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ရဟန်းလောကမှာ ဥပုသ်ပဝါရဏာ ကံကြီးကံငယ်ဆောင်ရွက် ဖို့အတွက် သိမ်ဆိုတာ မရှိရင်မဖြစ်ဘူး။ ရဟန်းကိစ္စမှာ အထွတ်အထိပ်ဖြစ်တဲ့ ကံကြီးကံငယ်ဆောင် (ရဟန်းခံ၊ရှင်ပြု) ချင်တယ်။ ဥပုသ်ပြုချင်တယ်။ ပဝါရဏာ ပြုချင်တယ်။ ဒီကိစ္စတွေအတွက် ဘုရင့်ထံ သိမ်မြေတောင်းရတာ။ သိမ်မရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ဒီကိစ္စတွေ ပြုချင်တယ်ဆိုရင်တော့ မိုးလေးလပတ်လုံး ရေတည်တဲ့ နေရာဟာသိမ်ပဲ။ မြစ်နဲ့နီးရင်မြစ်၊ ကန်နဲ့နီးရင်ကန်၊အင်းနဲ့နီး ရင်အင်း၊ ချောင်းနဲ့နီးရင်ချောင်း အဲဒီနေရာတွေမှာ ဖောင်လုပ်ပြီး ဖောင်ပေါ်မှာ ရဟန်းခံ၊ ရှင်ပြုနဲ့ ဥပုသ်ပဝါရဏာတွေ ပြုကြရတယ်။ သံဃာတော်တွေကို ဒုက္ခမများရအောင် ဘုရင်ကသိမ်လှူပေးခဲ့တာ"ဟု မန်ကျီးတော ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇနိယက မြွက်ကြားသည်။

#Themyawadydaily

Thursday, August 2, 2018

ဗန်းမော်မြို့ ဂေါ်ရာကန်အတွင်းမှ အင်္ဂလိပ်လက်ထက်က အသုံးပြုခဲ့သော သစ်တော အကောက်အခွန်တံဆိပ်တုံးနှစ်ခု တွေ့ရှိ



ဗန်းမော် ၂-၈-၂ဝ၁၈

ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက် ဂေါ်ရာကန်အား သန့်ရှင်းသာယာ လှပစေရန်နှင့် ရေထုညစ်ညမ်းမှု မရှိစေရေးအတွက် Asia Urban Constiruction (AEC) မှ တာဝန်ယူကာ အင်ဂျင်စက်များ အသုံးပြု၍ ဂေါ်ရာကန် တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၁ရက် ညနေ ၄ နာရီခန့်တွင် အင်္ဂလိပ်လက်ထက်က အသုံးပြုခဲ့သော သစ်တော အကောက်အခွန် တံဆိပ်တုံးဟု ယူဆရသော တံဆိပ်တုံးဟောင်း နှစ်ခုတွေ့ရှိခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

အင်္ဂလိပ်လက်ထက်က အသုံးပြုခဲ့သည်ဟု ယူဆရသော သစ်တောအကောက် တံဆိပ်တုံးတွင် မြန်မာစာဖြင့် အကောံဟု တံဆိပ်တုံးတွင် ရေးထားပြီး အလယ်တွင် B စာလုံးပါကာ အောက်တွင် S35 ဟု ပါရှိသည်။ 

ဂေါ်ရာကန်ရေအောက်တွင် ရှိသည့် နွံတွေကို အင်ဂျင်စက် သုံးလုံးတပ်ဆင်၍ ဗြုန်းဖြင့် စုပ်ထုတ်ပြီး ရေကန်အပြင်ဘက်သို့ ထုတ်ပစ်ကြောင်း၊ ကန်ရေသန့်ရှင်း ကြည်လင်လာပါက ပြည်သူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

Thursday, June 28, 2018

ရှေးဟောင်းပေစာထုပ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်နေ



စစ်ကိုင်း ၂၈-၆-၂ဝ၁၈

စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်အနီး စစ်ကိုင်းတိုင်း ဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှု ပြတိုက်သို့ လာရောက်လှူဒါန်း ထားသော နှစ်ပေါင်း ၃ဝဝခန့်ရှိ ရှေးဟောင်း ပိဋကတ်တော် ကျမ်းပေစာထုပ်များကို ပျက်စီးဆုံးရှုံးမှု မရှိစေရန် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

အဆိုပါ ရှေးဟောင်းပိဋကတ် တော်ကျမ်းပေထုပ်များကို စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် မူးဝ-ရွာထောင်မွေတော် ကျောင်းတိုက်မှ ၂ဝ၁၆ ခုနှစ် မေ ၈ရက်က ကျမ်းပေထုပ် ၅၇ ထုပ်ကို ပထမအကြိမ်အနေဖြင့် လာရောက်လှူဒါန်းခဲ့ပြီး ယခုနှစ် ဇွန် ၂ဝရက်က ဒုတိယအကြိမ် အနေဖြင့် ကျမ်းပေထုပ် ၁၄ထုပ်ကို လာရောက်လှူဒါန်း ထားခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ် လှူဒါန်းထားသည့် ကျမ်းပေထုပ်များကို စနစ်တကျ ထိန်းသိမ်းထားရှိရန် ဆောင်ရွက်နေကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလှညွန့်က ပြောပြသည်။

အဆိုပါ ကျမ်းပေထုပ်များမှာ ညောင်ရမ်းခေတ်၊ ရတနာပုံခေတ်၊ ကိုလိုနီခေတ် စသည့်ခေတ်များက ပေစာများဖြစ်ပြီး ပိဋကတ်တော် စာပေများဖြစ်ကြောင်း၊ ရှေးဟောင်း ကျမ်းပေထုပ်များကို လှူဒါန်းခဲ့သည့် မူးဝ-ရွာထောင် မွေတော်ကျောင်း တိုက်မှ ဆရာတော်ကို ၂ဝ၁၆ခုနှစ် စက်တင်ဘာ ၁၈ရက်က ပထမအကြိမ်အလှူငွေ ငွေကျပ် ၅၅ဝဝဝဝ ကပ်လှူပူဇော်ခဲ့ကြောင်း၊ ဒုတိယ အကြိမ်လှူဒါန်းသည့် ပေထုပ်များမှ ပေစာများကို လက်ရှိတွင် တစ်ရွက်ချင်းခွဲထုတ်၍ သန့်ရှင်းရေးများ ပြုလုပ်ကာ စပါးလင်များ သုတ်လိမ်းခြင်း၊ အက္ခရာအစဉ်လိုက် ပြန်စီခြင်းများ ပြုလုပ်ဆောင်ရွက်ပြီး စနစ်တကျထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

Friday, June 1, 2018

စစ်ကိုင်းမြို့ ရှင်ပင်နံကိုင်းတောင်တွင် နံရံဆေးရေး ပန်းချီများရှိသော ရှေးဟောင်းစေတီတော်ကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်



စစ်ကိုင်း ၁-၆-၂ဝ၁၈

စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက် ရှင်ပင်နံကိုင်းတောင်တွင် နံရံဆေးရေး ပန်းချီများရှိသော ရှေးဟောင်းစေတီတော် တစ်ဆူကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း အဆိုပါစေတီအနီးရှိ ရွှေတိဂုံစေတီတွင် သီတင်းသုံးနေသည့် ဆရာတော်တစ်ပါးက မြွက်ကြား၍ သိရသည်။

အဆိုပါ ရှေးဟောင်း စေတီတော်သည် ပြာပုံတောင်၊ ရွှေတိဂုံစေတီအနီး ရှင်ပင်နံကိုင်းတောင် ထိပ်တွင်တည်ရှိပြီး ထိုရှေးဟောင်း စေတီတော်အတွင်း အင်းဝခေတ်ကဟု ယူဆရသည့် နံရံဆေးရေးပန်းချီ များစွာရှိရာ ပြုပြင်ထိန်းသိမ်းမှု အားနည်းနေသောကြောင့် နံရံဆေးရေး ပန်းချီများ ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ လက်ရှိတွင် စေတီတော်မှာချုံနွယ် များဖုံးလွှမ်းနေပြီး ရာသီဥတု ဒဏ်များကြောင့် ပြိုကျပျက်စီးနိုင်သဖြင့် အချိန်မီပြန်လည် ပြုပြင်ရန် လိုအပ်ကြောင်း သိရသည်။

"ဒီစေတီတော်ကို ဘယ်ခုနှစ်က ဘယ်သူတည် ခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားတော့ တိတိကျကျမသိရပါဘူး။ ရှေးဟောင်းစေတီတော် တစ်ဆူလို့ပဲသိရတာ။ ဒါပေမဲ့ အဲဒီစေတီတော် အတွင်းက နံရံဆေးရေး ပန်းချီတွေက တော့အင်းဝခေတ်ကလို့ ခန့်မှန်းမိတယ်၊ ဒီစေတီကိုဇမ္ဗူ မင်္ဂလဆရာတော်ကြီးက ပြန်လည်ပြုပြင်ဖို့ နှစ်ကြိမ်တိတိ သက်ဆိုင်ရာ ရှေးဟောင်းဌာနကို စာတင်ခဲ့တယ်၊ ခွင့်မပြုခဲ့ပါဘူး။ ခုစေတီတော်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ စေတီပေါ်မှာ အပင်တွေပေါက်နေလို့ အင်္ဂတေတွေကွာကျပြီး နံရံဆေးရေး ပန်းချီတွေ ပျက်စီးကုန်ပါတယ်။ ဒီအတိုင်းထားသွားမယ်ဆို ရေရှည်ကျ ရာသီဥတုဒဏ်ကြောင့် ပိုပြီးပျက်စီးသွားနိုင်ပါတယ်"ဟု အဆိုပါစေတီအနီးရှိ ရွှေတိဂုံစေတီတွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးက မြွက်ကြားသည်။

ထိုရှေးဟောင်း စေတီတော်သည် ရှင်ပင်နံကိုင်း တောင်ထိပ်တွင် တည်ရှိသောကြောင့် စေတီတော်သို့ လာရောက်သူ နည်းပါးကြောင်း၊ စေတီတော်အတွင်း အင်းဝခေတ်က ဟုယူဆရသည့် နံရံဆေးပန်းချီများ ဖြစ်သည့် ငါးရာ့ငါးဆယ် ဇာတ်နိပါတ် နံရံဆေးရေးပန်းချီများ၊ ဗုဒ္ဓရုပ်ပွားတော်၊ နဂါးရုပ်၊ ခြင်္သေ့ရုပ်၊ဒေါင်းရုပ် အစရှိသည့် နံရံဆေးရေး ပန်းချီလက်ရာများ ရှိကြောင်း သိရသည်။

#Themyawadydaily

Friday, January 12, 2018

ရှေးဟောင်းစေတီတော်ကို ပြန်လည်ပြုပြင်မွမ်းမံရန် တူးဖော်ရာမှ ဆင်းတုတော်၊ ကြေးဟင်္သာရုပ်၊ ကြေးဖလားတို့ကို တူးဖော်တွေ့ရှိ



မိုးကောင်း ၁၂-၁-၂ဝ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့ရှိ မန်ရွက်ကျေးရွာအုပ်စု မြို့ဟောင်း ကျေးရွာတောင်ဘက်ရှိ ရှေးဟောင်း စေတီတော်ကို ပြန်လည်ပြုပြင် မွမ်းမံရန် ဇန်နဝါရီ ၁ဝ ရက်က ဆရာတော်နှင့် ဗုဒ္ဓဘာသာဝင်ပြည်သူများက တူးဖော်ရာမှ ကြေးဆင်းတုတော်၊ ကျောက်ဆင်းတုတော်များ၊ ကြေးဟသာင်္ ရုပ်များနှင့် ကြေးဖလားတို့ကို တူးဖော်တွေ့ရှိခဲ့ကြောင်း မန်ရွက်ကျေးရွာ ပရိယတ္တိဝိဟာရ ဘုန်းတော်ကြီးကျောင်းမှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မထံမှ သိရသည်။

မိုးကောင်းမြို့ မန်ရွက်ကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာ တောင်ဘက် နှစ်ဖာလုံခန့်အကွာအဝေးရှိ ရှေးဟောင်းစေတီတော် ကြီးတစ်ဆူကို မန်ရွက်ကျေးရွာ ပရိယတ္တိဝိဟာရ ဘုန်းတော်ကြီးကျောင်းမှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မ ဦးဆောင်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းနှင့် ကျေးရွာနေ ပြည်သူများက ပြန်လည်ပြုပြင် မွမ်းမံရန် တူးဖော်ရှင်းလင်းစဉ် ရှေးဟောင်းစေတီအတွင်းမှ ဥာဏ်တော် ခုနစ်လက်မခန့်ရှိ ကျောက်ဆင်း တုတော် နှစ်ဆူ၊ ဥာဏ်တော်ခြောက်လက်မ၊ ဥာဏ်တော် ငါးလက်မ၊ ဥာဏ်တော် လေးလက်မနှင့် ဥာဏ်တော် သုံးလက်မရှိ ကြေးဆင်းတုတော် တစ်ဆူစီနှင့် ကြေးဆင်းတုတော်၏ ဦးခေါင်းပိုင်းတစ်ခု၊ အမြင့် သုံးလက်မရှိ ကြေးဟင်္သာရုပ်သုံးရုပ်နှင့် ကြေးဖလားတစ်လုံးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ရှေးဟောင်းစေတီတော်မှ ပေါ်ထွက်လာသည့် ဆင်းတုတော်များနှင့် ကြေးဟင်္သာရုပ်၊ ကြေးဖလားတို့ကို ဗုဒ္ဓဘာသာဝင်ပြည်သူများ ကြည်ညိုသဒ္ဓါပွားများနိုင်ရန် ပရိယတ္တိ ဝိဟာရဘုန်းတော်ကြီးကျောင်း၌ အပူဇော်ခံ ထားရှိပြီး စေတီတော်ပြန်လည် ပြုပြင်ရာတွင် ဌာပနာထည့်သွင်း ပူဇော်သွားမည် ဖြစ်ကြောင်း မန်ရွက်ကျေးရွာ ပရိယတ္တိဝိဟာရ ဘုန်းတော်ကြီး ကျောင်းမှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မထံမှ သိရသည်။

#Yadanarpondaily

Tuesday, January 9, 2018

မြန်မာ့ရှေးဟောင်း လက်ရာများကို မြင်တွေ့နိုင်သော မြောက်ကျောင်းတော်ကြီးသို့ လာရောက်လေ့လာသူ နည်းပါး



က​ဝ ၉-၁-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် နိဗ္ဗာန်ရွာရှိ နှစ်ပေါင်း ၂ဝဝ ကျော်သက်တမ်းရှိသည့် မြန်မာ့ရှေးဟောင်း လက်ရာများကို မြင်တွေ့နိုင်သော မြောက်ကျောင်းတော်ကြီးသို့ လာရောက်လေ့လာသူ နည်းပါးနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ကျောင်းတော်ကြီး စာသင်တိုက်ကို ကျောင်းထိုင်ဆရာတော် ဦးဥတ္တမက စတင်ဆောက်လုပ်ခဲ့ပြီး နှစ်ကာလကြာလာ၍ ကျောင်းဆောင်ကြီးသည် တဖြည်းဖြည်း ပျက်စီးယိုယွင်းလာသဖြင့် ၁၉၂ဝ ပြည့်နှစ်တွင် လယ်တီဆရာတော်၏ တပည့်အရင်းဖြစ်သော ဆရာတော်ဦးဇာနေယျ ဦးဆောင်ကာ နှစ်ထပ်ကျောင်းဆောင် ကြီးအဖြစ်ပြောင်းလဲ ဆောက်လုပ်ခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် နှစ် ၁ဝဝ အထက် သက်တမ်းရှိသော အဆောက်အအုံများကို ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ပေး ထားသဖြင့် မြောက်ကျောင်းတော် ကြီးစာသင်တိုက်သည်လည်း ရှေးဟောင်းသုတေသန ဦးစီးဌာန၏ ကာကွယ်စောင့်ရှောက်မှု အောက်တွင်ရှိကြောင်း သိရသည်။

ကျွန်းတိုင်လုံး ကြီးပေါင်း ၁၂ဝ ကျော်ဖြင့် တည်ဆောက်ထားသော အဆိုပါနှစ်ထပ်ကျောင်းတော်ကြီးရှိ အပေါ်ထပ်နံရံများတွင် မြန်မာ့ဇာတ်တော်ကြီးများကို ပန်းကနုတ် ဖော်ထားသည့်အပြင် တခြားသော မြန်မာ့ရှေးဟောင်း လက်ရာများဖြင့် တန်ဆာဆင်ထားသည်။ ကျောင်းဆောက်လုပ် ရာတွင်အသုံးပြုသော ကျွန်းတိုင်လုံးကြီးများကို ဘိုးတော်မင်းက လှူဒါန်းခဲ့ပြီး ယင်းသို့ လှူဒါန်းရခြင်းသည် နိဗ္ဗာန်ရွာသူရွာသားများက ဘိုးတော်မင်းထံ ဆင်ဖြူတော်ဆက်သ သည့်အတွက်ကြောင့် ထိုကျွန်းတိုင်လုံးများကို ပြန်လည်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရှေးဟောင်း လက်ရာများကို မြင်တွေ့နိုင်သော သမိုင်းဝင်ဘုန်းကြီးကျောင်း ဖြစ်သော်လည်း လာရောက်လေ့လာသူ နည်းပါးနေပြီး လက်ရှိတွင် ကျောင်းတော်ကြီးကို ကျောင်းရှိရဟန်းသံဃာများနှင့် ရွာသူရွာသားများက ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း သိရသည်။

#Themyawadydaily

Thursday, December 14, 2017

ရွှေကံကူမိသားစုက ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ရှေးဟောင်းစေတီတော် နှစ်ဆူအား ပြုပြင်မွမ်းမံ



တောင်ကြီး ၁၄-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့ ရန်အောင်မြင်ရပ်ကွက်နေ ရွှေကံကူသာသနာ ပြုမိသားစုက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ကျောက်တလုံးကြီးမြို့ ထမ်းဂူကျေးရွာ အုပ်စုထမ်းဘုရားကျေးရွာ ရွာဦးကျောင်းအနီး ရှေးဟောင်းသဘာဝ လိုဏ်ဂူအဝင် ပေါက်တွင်ရှိသော ရှေးဟောင်းစေတီတော် နှစ်ဆူအား ပြုပြင်မွမ်းမံပြီးစီးသဖြင့် ထီးတော်တင်လှူပွဲကို ဒီဇင်ဘာ ၁၁ရက်နံနက် ၉နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါနေရာတွင် ရှေးဟောင်းစေတီတော် အဆူနှစ်ဆယ်ခန့်ရှိပြီး ယခုထီးတင်ပွဲတွင် ဒေသခံများက ပြုပြင်သော ဘုရားသုံးဆူနှင့် ရွှေကံကူမိသားစုက ပြုပြင်သော ဘုရားနှစ်ဆူ စုစုပေါင်းဘုရားငါးဆူအား တစ်ချိန်တည်း ထီးတော်တင်လှူ ပူဇော်ခြင်းဖြစ်ပြီး မပြုပြင်ရသေးသော စေတီတော်သုံးဆူ ကျန်ရှိနေသေးကြောင်း သိရသည်။

ထီးတော်များအားလုံးကို ထမ်းဘုရားဘုန်းတော်ကြီး ကျောင်းဓမ္မာရုံကြီးထဲတွင် ပူဇော်ထားရှိပြီးနံနက် ၉ နာရီတွင် သံဃာတော် ၁၁ ပါးတို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်များက ပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ကြပြီး ဘုရားငါးဆူ၏ စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော်၊ ခေါင်းလောင်းတော်တို့ကို အလှူရှင် မိသားစုများက ဦးဆောင်၍ ရွာသူ၊ ရွာသား၊ နယ်သူနယ်သားများက ဝိုင်းဝန်းပင့်ဆောင် ကြသည်။

ထီးတော်တင်လှူမည့် စေတီတော်များကို လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော် ပြီးနောက် ဆရာတော်များ၏ ကြီးကြပ်စီမံမှုဖြင့် ထီးတော်များ တင်လှူကြသည်။ နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် ထီးတော်များအားလုံး တင်လှူပြီး စီးသဖြင့် စေတီတော်များအား ဘုရားအနေကဇာတင် ပူဇော်ခဲ့ကြကြောင်း သိရသည်။

#Yadanarpondaily

Monday, December 11, 2017

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မော်လမြိုင်မြို့ရှိ ပထမနှစ်ခြင်းအသင်းတော် အဆောက်အအုံကို အမေရိကန်ဒေါ်လာ တစ်သိန်းဖြင့် ဆက်လက်ပြုပြင်မည်



မော်လမြိုင် ၁၁-၁၂-၂၀၁၇

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် မော်လမြိုင်မြို့ရှိ ပထမနှစ်ခြင်း အသင်းတော် အဆောက်အအုံကို အမေရိကန်ဒေါ်လာ တစ်သိန်းဖြင့် ဆက်လက် ပြုပြင်သွားမည် ဖြစ်ကြောင်း အမေရိကန် သံအမတ် Sco Marciel ထံမှ သိရသည်။

၎င်းအသင်းတော် အဆောက်အအုံကို ပြင်ဆင်နိုင်ရန် ကနဦးအနေဖြင့် အမေရိကန် ဒေါ်လာ ၁၂၅ဝဝဝကို အမေရိကန်သံအမတ်များ၏ ယဉ်ကျေးမှု အမွေအနှစ် ထိန်သိမ်းရေး ရန်ပုံငွေ (AFCP) မှ ပံ့ပိုးပေးခဲ့သည့် ငွေဖြင့် အသင်းတော်အဆောက်အအုံ အနောက်ပိုင်းရှိ ပျက်စီးနေသည့် အစိတ်အပိုင်းများကို ပြုပြင်ပြီးဖြစ်ကြောင်း သိရသည်။

" အသင်းတော် အဆောက်အအုံ ရေရှည်တည်တံ့အောင် တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီခွင့်ရတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ် ပြုပြင်ဖို့အတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကိုလဲ ဆက်လက်ပံ့ပိုးကူညီသွားပါမယ်" ဟု ဒီဇင်ဘာ ၉ရက်က မော်လမြိုင်မြို့၌ ကျင်းပသည့် ပထမနှစ်ခြင်းအသင်းတော် နှစ်၁၉ဝပြည့် ကျေးဇူးတော်ချီးမွမ်းခြင်း ဓမ္မသဘင်ပွဲ၌ အမေရိကန်သံအမတ် Scot Marciel က ပြောပြသည်။

အဆိုပါ အဆောက်အအုံကို ၁၈၂၇ခုနှစ်က အမေရိကန် သာသနာအမှုတော်ဆောင် ဆရာယုဒဿန်က တည်ဆောက်ခဲ့ပြီး ၎င်းအဆောက်အအုံပုံစံသည် ဒေသထွက် သယံဇာတများကို အသုံးပြုလျက် အနောက်တိုင်း လက်ရာနှင့် မွန်ယဉ်ကျေးမှုရိုးရာ ဗိသုကာလက်ရာတိုဖြင့် ပေါင်းစပ် ဆောက်လုပ်ထားသည့် အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။

၎င်းအဆောက်အအုံကို အမေရိကန် နိုင်ငံအပါအဝင် အခြားသော နိုင်ငံအသီးသီးမှ ပညာရှင်များ လေ့လာမှုပြုခဲ့ပြီး မွန်ပြည်နယ်တွင် အကောင်းဆုံးနှင့် သက်တမ်း အရှည်ဆုံး ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတစ်ကျောင်း ဖြစ်ကြောင်း အထောက်အထား တွေ့ရှိရသဖြင့် ၂ဝ၁၅ခုနှစ် သြဂုတ် ၁၇ရက်က အမေရိကန်သံရုံးမှ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ရှေးဟောင်း အဆောက်အအုံ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံသည် မြန်မာနိုင်ငံ၏ ကမ္ဘာ့သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရသည့် ဒုတိယ အဆောက်အအုံဖြစ်ပြီး ပထမသတ်မှတ် ခြင်းခံရသည့် အဆောက်အအုံမှာ မန္တလေးမြို့ရှိ ရွှေနန်းတော်ကြီး ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Thursday, December 7, 2017

ဝမ်းတွင်းမြို့နယ်တွင် ရေတိုက်စားမှုကြောင့် ပေါ်လာသည့် ပျူမြို့ဟောင်းဟုယူဆရသော အစိတ်အပိုင်းများကို ရွာသားများတူးဖော်ယူဆောင်



ဝမ်းတွင်း ၇-၁၂-၂၀၁၇

ဝမ်းတွင်းမြို့နယ်တွင် ရေတိုက်စားမှုကြောင့် ပေါ်လာသည့် ပျူမြို့ဟောင်း၏ အစိတ်အပိုင်းများကို ဒေသခံရွာသူ၊ ရွာသားများ တူးဖော်ယူဆောင်မှုများ ပြုလုပ်ကြကြောင်း အဆိုပါပျူမြို့ဟောင်း ပေါ်ပေါက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် သင်္ကန်းဆွဲကျေးရွာအုပ်စု စမုံကျေးရွာတွင် စမုံချောင်းရေတိုက် စားမှုကြောင့် နိုဝင်ဘာလကုန်ပိုင်းတွင် ပေါ်လာသည့် ပျူမြို့ဟောင်း ဟုယူဆရသော အုတ်ရိုးများ၊ အုတ်ဂူပုံစံများနှင့် အရိုး၊ အသွားများစသည့်တို့ကို ရွာသူ၊ရွာသားများက တူးဖော်ယူဆောင်မှု ပြုလုပ်ခဲ့ ကြသည့်အတွက် ယခုအခါတွင် မရှိသလောက် ဖြစ်နေကြောင်း သင်္ကန်းဆွဲကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ ရုံးစာရေးဒေါ်သီတာဝင်းက ပြောပြသည်။

"သုတေသနအဖွဲ့တွေလဲ လာကြည့်သွားသေးပါတယ်။ ရွာသားတွေကတော့ ဟိုတလောက တူးလိုက်ဖော်လိုက်လုပ်နေကြတာတွေ့ပါတယ်။ အဓိက ကတော့ အုတ်ဂူတွေနဲ့ အရိုးတွေပါ။ သူတို့ကလဲဘုရားနဲ့နီးတော့ တန်ဖိုးရှိတယ်ထင်ပြီး ယူကြတယ်လို့တော့ ထင်ပါတယ်"ဟု ဒေါ်သီတာဝင်းက ဆက်လက်ပြောပြသည်။

စမုံချောင်း ရေတိုက်စားမှုကြောင့် စမုံကျေးရွာမှ အောင်ချမ်းသာစေတီသည် ရေနစ်မြုပ်သွား ခဲ့သော်လည်း အဆိုပါစေတီအနီးတွင် ဧရိယာအကျယ် ခုနစ်ပေခန့်ဖြင့် အုတ်မြို့ရိုးများ (ဆက်လက်တူးဖော်ရန် ကျန်နေသေး) အုတ်ဂူများ၊ အရိုးများ၊ အသွားများနှင့် ရှေးခေတ် အစိတ်အပိုင်းအချို့တို့ ပေါ်ပေါက်လာခြင်းဖြစ်ကာ၊ ဒေသခံ ရွာသူ၊ ရွာသားများအနေဖြင့် တန်ဖိုးရှိသည်ဟု ထင်မြင်ယူဆကာ တူးဖော်ယူဆောင်မှုများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

" တော်တော်များများတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ အောက်ခြေက အုတ်မြို့ရိုးကတော့ ကျန်ပါသေးတယ်။ အဲဒါကိုတော့ရွာ သားတေကွတူးမသွား ကြသေးပါဘူး။ ပညာရှင်တွေ လာကြည့်ကြပါသေးတယ်။ သူတို့ကတော့ ဒါကိုဆက်တူးရင် စမုံချောင်းအောက်ဘက်ကို တူးရမယ်လို့တော့ ခန့်မှန်းသွားကြပါတယ်" ဟု စမုံးကျေးရွာ ဒေသခံ ဦးကျော်ဦးက ပြောသည်။

အဆိုပါ မြို့ဟောင်းသည် သင်္ကန်းဆွဲကျေးရွာအုပ်စု စမုံရွာ၏ နှစ်မိုင်ခန့်အကွာတွင် ပေါ်ပေါက်လာခြင်းဖြစ်ကာ သမိုင်း၏ အမွေအနှစ်များ ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ သမိုင်းပညာရှင်များနှင့်ပူးပေါင်းလုပ်ဆောင် သွားမည်ဟုလည်း သိရသည်။

#Themyawadydaily

Monday, October 30, 2017

ပုဂံယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် အချောသတ်အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်မတိုင်ပီပေးပို့မည်



နေပြည်တော် ၃၀-၁၀-၂၀၁၇

ပုဂံယဉ်ကျေးမှု နယ်မြေဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် အချောသတ် အဆိုပြုလွှာကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မတိုင်မီ ပေးပို့ရမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယူနစ်စကိုအနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သတ်မှတ် ဆောင်ရွက်ရာတွင် ယဉ်ကျေးမှု အမွေအနှစ်၊ သဘာဝအမွေအနှစ်၊ ရောနှောအမွေအနှစ်ဟူ၍ သုံးမျိုးရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ကာ တာဝန်ယူဆောင်ရွက် လျက်ရှိပြီး သဘာဝအမွေအနှစ်နှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ်သတ်မှတ် ခံထားရသည့် နေရာဌာနများမှာ ပျူမြို့ဟောင်းများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၄ ခုနှစ်က ပိဿနိုး၊ဟန်လင်းနှင့် သရေခေတ္တရာစသည့် ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ပထမဆုံးသတ်မှတ် ခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ပုဂံယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် တင်သွင်းရန် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယူနစ်စကိုသို့ ပေးပို့ထားသည့် မူကြမ်းတွင် အပိုင်း (၂) ပိုင်းပါဝင်ပြီး ပထမပိုင်းတွင် ပုဂံဒေသ၌ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ထိုက်သည့် ကမ္ဘာနှင့်ချီ၍ တန်ဖိုးရှိနေသော မည်သည့်အမွေအနှစ်များ ရှိနေသည်ကို ဖော်ပြထားကာ ဒုတိယပိုင်းတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ထိုက်သည့် အမွေအနှစ်များကို မည်သို့မည်ပုံ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မှု အပိုင်းကို ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင် ဇုန်များ ခွဲခြားသတ်မှတ်ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ဇုန်များခွဲခြား သတ်မှတ်ဆောင်ရွက်ရာတွင် အမွေအနှစ်ဇုန်နှင့် အဆိုပါ အမွေအနှစ် ဇုန်များကို ကာကွယ်ပေးမည့် ကြားခံဇုန်များကိုလည်း သတ်မှတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

Friday, September 29, 2017

နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ ပြင်ဦးလွင်မြို့မှ အတွင်းဝန်များရုံးကို ရှေးမူမပျက် ထိန်းသိမ်းထား



ပြင်ဦးလွင် ၂၉-၉-၂၀၁၇

အင်္ဂလိပ်တို့သည် ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီး ၁၈၉၆ခုနှစ်တွင် မေမြို့ (ပြင်ဦးလွင်) ကို ဘုရင်ခံနွေရာသီ ရုံးစိုက်ရာ တောင်ပေါ်စခန်းမြို့ အဖြစ်သတ်မှတ်ကာ ၁၉၁၆ ခုနှစ်တွင် အတွင်းဝန်များရုံး (Secretariat Building) ကိုတည်ဆောက်ခဲ့သည်။

အတွင်းဝန်များရုံးကို မြန်မာပြည်ဘုရင်ခံ ဆာဟုတ်ကုတ်ဘတ္တလာ (Sir Spencer Harcourt Bulter) လက်ထက် ၁၉၁၆ ခုနှစ်မှ ၁၉၁၉ ခုနှစ်ထိ သုံးနှစ်ကြာတည်ဆောက်ခဲ့ရသည်။ ပြင်ဦးလွင်မြို့ရှိ အတွင်းဝန်များရုံးကို မြန်မာပြည်ဘုရင်ခံ အဆက်ဆက်က နွေရာသီကာလဖြစ်သော မတ်၊ ဧပြီ၊ မေနှင့်ဇွန်လတို့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံးမှ အတွင်းဝန်များကို တစ်ပါတည်း ခေါ်ဆောင်လာကာ ပြင်ဦးလွင် အတွင်းဝန်များရုံးတွင် ရုံးတက်စေပြီး ရုံးလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။

ပြင်ဦးလွင်မြို့ အတွင်းဝန်များရုံးကို ဘုရင်ခံအဆက်ဆက် နွေရာသီရုံးစိုက်ရာ အတွင်းဝန်များရုံး အဖြစ်အသုံးပြုခဲ့ကြပြီး တောင်တန်းဒေသ အုပ်ချုပ်ရေးရုံးအဖြစ် ၁၉၄၇ခုနှစ် အထိလည်းကောင်း၊ ၁၉၄၇ခုနှစ်မတ်လ ၇ရက်တွင် ပင်လုံစာချုပ် နောက်ဆက်တွဲရီးစ်ဝီလျှံ ကော်မရှင်ရုံးအဖြစ်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ဌာနဆိုင်ရာရုံးများပြောင်း ရွှေ့ဖွင့်လှစ်ပြီး စုပေါင်းရုံးအဖြစ်လည်းကောင်း၊ ယခုအချိန်တွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအဖြစ်လည်းကောင်း ဖွင့်လှစ်ထားလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ရှိ အတွင်းဝန်များရုံးသည် သက်တမ်းအားဖြင့် နှစ်ပေါင်းတစ်ရာကျော် ရှိပြီဖြစ်သည့် အားလျော်စွာ မပျက်စီးမယိုယွင်းစေရန် ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

Monday, September 18, 2017

၂ဝ၁၈ ခုနှစ်အတွင်း ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း အဆိုတင်သွင်းနိုင်ရန် လုပ်ဆောင်



ပူတာအို ၁၈-၉-၂၀၁၇

ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ခါကာဘိုရာဇီဒေသကို ၂ဝ၁၈ ခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ်စာရင်း အဆိုတင်သွင်းနိုင်ရန် နိုင်ငံတော်အစိုးရ၏ တောင်းဆိုမှုအရ ထူးဖောင်ဒေးရှင်းမှ ပူးပေါင်းလုပ် ဆောင်နေကြောင်း ထူးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးထံမှ သိရသည်။

ထူးဖောင်ဒေးရှင်းသည် ယင်းဒေသရှိ ကျေးရွာတချို့၌ ရဟတ်ယာဉ်ကွင်းလေးကွင်း ဆောက်လုပ်ထားသည့်အပြင် တောအတွင်းသို့ လာရောက်လည်ပတ်သူများ နားနေနိုင်ရန် နားနေဆောင်ငယ်များ ကိုလည်းတည်ဆောက် ပေးထားသည်။

ခါကာဘိုရာဇီ ဒေသဝန်းကျင်၌ သစ်တောများ ထူထပ်စွာတည်ရှိနေပြီး ယင်းအမွေအနှစ်များ ထိန်းသိမ်းရန် သစ်တောအရာရှိ ၅ဝ ခန့်လိုအပ်ကြောင်း သိရသည်။

ယင်းဒေသသည် လူအရောက်အပေါက် နည်းသောဒေသတစ်ခုဖြစ်ပြီး သစ်တောများ အတွင်းရှိ သစ်ပင်များကို မသမာသူများက တရားမဝင်ခုတ်လှဲခြင်းနှင့် အမဲလိုက်ခြင်းများမှ အကာအကွယ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရနှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ သစ်တောအရာရှိများ ခန့်ထားနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ ခါကာဘိုရာဇီဒေသအတွင်း နယ်မြေဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသော ပညာရေးကဏ္ဍ တိုးတက်စေရန် ဆရာ၊ ဆရာမများ၊ ကျန်းမာရေးမှူးများနှင့် ဒေသကို စီမံခန့်ခွဲနိုင်မည့် ဝန်ထမ်းများလည်း ထားရှိရန် လိုအပ်ကြောင်း၊ လက်ရှိတွင် တရားမဝင်သစ်ခိုးထုတ်မှု များရှိနေသည့်အတွက် ယင်းဒေသ၏ ဂေဟစနစ်များ မပျက်ယွင်းစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်မှု ပေးနိုင်ရန် ဝန်ထမ်းများထားရှိရမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, August 9, 2017

ပုဂံဒေသ၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုး အဆူ ၅ဝ ပြင်ဆင်မှု ယခုနှစ်အတွင်းပြီးစီးရန် ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၉-၈-၂၀၁၇

ပုဂံဒေသ၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုး အဆူ ၅ဝ အား ပြန်လည် ပြင်ဆင်မှုကို ယခုနှစ်အတွင်း ပြီးစီးရန်ဆောင်ရွက် လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ရန်ကုန်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။

ပုဂံဒေသအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် စေတီပုထိုးများ အနက်မှ အသေးစား ပျက်စီးသွားသည့် ဘုရားစေတီပုထိုး ၂၂၄ ဆူအား ဧပြီလအတွင်း ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ကျန်ရှိ စေတီပုထိုးများအား ဆက်လက် ပြင်ဆင်နေပြီး ယခုနှစ်အတွင်း စေတီပုထိုးအဆူ ၅ဝ ပြီးစီးနိုင်မည် ဖြစ်ကြောင်း၊ အန္တရာယ်ရှိအဖြစ် သတ်မှတ်ထားသော စေတီပုထိုးများ အားလုံးပြုပြင် ပြီးစီးခဲ့သဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည်များအား လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် အခြေအနေများ မှလွဲ၍ တခြားအချိန်များတွင် ဝင်ခွင့်ပြုလျက် ရှိကြောင်း၊ မိုးရာသီကာလသည် အရေးကြီးသည့် အချိန်ဖြစ်၍ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေရကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံဘုရားစေတီ ပုထိုးများအနက် ၃၆ ဆူအား အန္တရာယ်ရှိ စေတီများအဖြစ် သတ်မှတ်ပြီး ပြုပြင်ထိန်းသိမ်း ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ ပုဂံဒေသအတွင်းသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု နှုန်းသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး ငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း တွင်လည်း ခရီးသွားဝင်ရောက်မှု နှုန်းသည် သိသာစွာကျဆင်း သွားခြင်းမရှိကြောင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်၍ စနစ်တကျ လုပ်ဆောင် နေသည့်အတွက် အချိန်ယူ လုပ်ဆောင်ရသဖြင့် ကြာမြင့်မှု များရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, July 18, 2017

အင်းဝရှေးဟောင်း သုတေသနပြတိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများပြီး၍ ပြည်တွင်း၊ပြည်ပမှ ဝင်ရောက်ကြည့်ရှု လေ့လာသူများ ယခင်ကထက် ပိုမိုများပြားလာ



တံတားဦး ၁၈-၇-၂၀၁၇

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း အတွင်းရှိအင်းဝ ရှေးဟောင်းသုတေသန ပြတိုက်ကို အဆင့်မြှင့်တင် မွမ်းမံခြင်းလုပ်ငန်းများ ပြီးစီး၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ပြည်တွင်း၊ ပြည်ပမှ ဝင်ရောက်ကြည့်ရှု လေ့လာသည့် ခရီးသွား ဧည့်သည်များမှာ ယခင်ကထက်ပိုမို များပြားလာကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (အင်းဝမြို့ဟောင်း) မှ သိရသည်။

အင်းဝရှေးဟောင်း သုတေသန ပြတိုက်ကို ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ၊ အဆင့်မြှင့်တင် မွမ်းမံခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် ရန်အတွက် ၂ဝ၁၆ခုနှစ် စက်တင်ဘာလမှ စတင်၍ ခေတ္တပိတ် ထားခဲ့သည်။ ပြုပြင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယခုနှစ် မေ ၁၈ ရက်က ပြန်လည်ဖွင့်လှစ် ခဲ့ရာမှ ဝင်ရောက်ကြည့်ရှု လေ့လာသည့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်မှာ ယခင်ကထက် ပိုမိုများပြား လာကြောင်း သိရသည်။

အဆိုပါ အင်းဝရှေးဟောင်း သုတေသနပြတိုက်တွင် ဗုဒ္ဓအနုပညာပြခန်း၊ စာပေ၊ ပန်းချီနှင့် ဗိသုကာပြခန်း၊ လူမှုအသုံးအဆောင်နှင့် လက်မှုပစ္စည်းများ ပြခန်းဟူ၍ အခန်းသုံးခန်းခွဲကာ ရှေးခေတ်လက်ရာများ ဖြစ်သည့် ရှေးဟောင်း ဘုရားဆင်းတုတော်များ၊ ရှေးဟောင်းတူရိယာ ပစ္စည်းများ၊ ရှေးခေတ် လူအသုံးအဆောင်ပစ္စည်းများ စသည့်အမျိုးအမည် ၂၆၄ မျိုးတို့ကို ခင်းကျင်းပြသ ထားကြောင်း သိရသည်။

လက်ရှိတွင် အင်းဝရှေးဟောင်း သုတေသနပြတိုက်သို့ ပြည်တွင်းခရီးသွားများ အနေဖြင့် မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပြီး ကမ္ဘာလှည့်ခရီး သွားနိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝနှုန်း ကောက်ခံလျက်ရှိကြောင်း၊ အဆိုပါပြတိုက်သို့ လာရောက်လည်ပတ် လေ့လာသည့် ပြည်ပခရီးသွား အနေဖြင့် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်က ၂၇ဦး၊ ပြည်တွင်းခရီးသွားများ အနေဖြင့် ၅၁၂၁ဦး ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် လက်ရှိအချိန်ထိ လာရောက် လည်ပတ် လေ့လာသည့် ပြည်ပခရီးသွား အနေဖြင့် ၁၄ဦး၊ ပြည်တွင်းခရီးသွားများ အနေဖြင့် ၃၃၈၃ဦး ရှိကြောင်း သိရသည်။

#Yadanarpondaily

Friday, July 7, 2017

မြောက်ဦးမြို့ရှိ ရှေးဟောင်းမြို့ရိုး တံခါးပေါက်ကို ဇူလိုင်လအတွင်း ငွေကျပ် သိန်း ၂ဝဝခန့် အကုန်အကျခံ၍ ရှေးမူမပျက်ပြုပြင်မည်



မြောက်ဦး ၇-၇-၂၀၁၇

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းမြို့ရိုး တံတိုင်းဖြစ်သည့် လက်ဆည်ကန် မြို့တံခါးပေါက်ကို ဇူလိုင်လအတွင်း ငွေကျပ် သိန်း၂ဝဝ ခန့် အကုန်အကျခံ၍ ရှေးမူမပျက် ထိန်းသိမ်းပြုပြင် သွားမည် ဖြစ်ကြောင်း မြောက်ဦး မြို့နယ် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

၂ဝ၁၅ ခုနှစ် မှစတင်ကာ နှစ်စဉ်မိုးဥတု ရောက်တိုင်း လက်ဆည်ကန်မြို့ တံခါးပေါက်မှ ရေလွှတ်ပေါက်ကဲ့သို့ ရေကျော်လာနေသဖြင့် လက်ရှိတွင် မြို့ရိုးတံတိုင်း၏ အောက်ခြေပိုင်းနှင့် တံခါးပေါက်တို့မှာ ကြံ့ခိုင်မှုအားနည်း နေပြီး တံတိုင်းတစ်ခုလုံး အချိန်မရွေး ပြိုကျပျက်စီး သွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ရေများသည် ဇူလိုင် ၃ ရက်မှ စတင်၍ လက်ဆည်ကန် မြို့ရိုးတံခါးပေါက်မှ လေးပေခန့်ထိ မြင့်တက်ပြီး တစ်ဟုန်ထိုး စီးဆင်းနေသဖြင့် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သဲအိတ်များကို အမြင့်ငါးပေထိ တာဖို့ကာအပေါက်ကို ယာယီပိတ်ထားသည်။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် ယခုအခါ ရေကျော်နေသည့် အဆိုပါတံခါးပေါက်ကို ယာယီထိန်းထားပြီး ယခုလအတွင်း အပြီးသတ် ပြုပြင်သွားမည် ဖြစ်ကြောင်းမြောက်ဦး မြို့နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

#yadanarpondaily

နော်ဝေနိုင်ငံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ မြန်မာ့ရှေးဟောင်းဗုဒ္ဓဆင်းတုတော် ပြန်လည်လွှဲပြောင်းပေးအပ်


နော်ဝေနိုင်ငံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့် မြန်မာ့ရှေးဟောင်းဗုဒ္ဓဆင်းတုတော်အား တွေ့ရစဉ်။

နေပြည်တော် ၇-၇-၂၀၁၇

နော်ဝေနိုင်ငံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ မြန်မာ့ရှေးဟောင်းဗုဒ္ဓ ဆင်းတုတော် ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် အမျိုးသားပြတိုက် (နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Borge Brende က နော်ဝေနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့ရှေးဟောင်း ဗုဒ္ဓဆင်းတုတော် တစ်ဆူအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲအပ်မှုဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လွှဲပြောင်းပေးအပ်မှုအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်ပြီး နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးက ပြည်ထောင်စုဝန်ကြီးကို မြန်မာ့ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်အား လွှဲပြောင်းပေးအပ်ပြီး အဖွဲ့လိုက် အမှတ်တရဓာတ်ပုံ ရိုက်ကူး၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များ အား ပြန်လည်ဖြေကြား ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, May 25, 2017

ဝေသာလီခေတ်သုံး ဒင်္ဂါးပြားများအပ်နှံသူကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ က ဆုငွေကျပ်ဆယ်သိန်းကျော်ချီးမြှင့်



မြေပုံ ၂၅-၅-၂၀၁၇

ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ ဝေသာလီခေတ်သုံးဒင်္ဂါး ၅၁ပြား လာရောက်အပ်နှံသူကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က မြေပုံမြို့နယ် အုပ်ချုပ်ရေး မှူးရုံး၌ ဆုကြေးငွေကျပ် ဆယ်သိန်းနှစ်သောင်းကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

''ငွေဒင်္ဂါး ကောက်ရသူက ရွာမှာကျန်ခဲ့တယ်။ သူ့ဆွေမျိုးဖြစ်တဲ့ ဦးမာန်အောင်ကို ပိုက်ဆံပေးအပ်ခဲ့ပါတယ်။ အခုကောက်ရ တဲ့ရွာကိုဆင်းဖို့ စီစဉ်နေတယ်။ သုတေသန အမြင်နဲ့ လိုက်ပြီးကြည့်မှာပါ၊။ ရှေးဟောင်း လူနေခဲ့တဲ့ နေရာ ဖြစ်နိုင်သလား။ ဘုရားစေတီအပျက်တွေ ရှိသလား စသဖြင့်ကောက်ရတဲ့ နေရာရဲ့ အနေအထားကို ကြည့်မှာပါ။ ဒင်္ဂါးတွေက ဝေသာလီခေတ် ကပါ။ စာတွေလဲပါတယ်''ဟု မြောက်ဦး ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးညိမ်းလွင်က ပြောပြသည်။

အဆိုပါ ရှေးဟောင်းဒင်္ဂါးပြားများတွင် အေဒီ ၃ရာစုနှင့် အေဒီ ၆ ရာစုကြား ဝေသာလီခေတ် အက္ခရာများ ရေးသားထားပြီး ဝေသာလီဘုရင် နီတိစန္ဒြားမင်း နှင့်အခြားမင်းများ၏ အမည်များကို ရေးထိုးထားသည့် ဝေသာလီ ခေတ်သုံး ငွေတစ်ကျပ်တန် ဒင်္ဂါးတစ်ပြား၊ တစ်မူးဒင်္ဂါး ၁၂ ပြား ၊မတ်စိဒင်္ဂါး ၁၂ ပြားနှင့် ပြားစိဒင်္ဂါး၂၆ ပြား၊ စုစုပေါင်းဒင်္ဂါး ၅၁ ပြားဖြစ်ကြောင်း သိရသည်။

အဆိုပါဒင်္ဂါးပြားများကို ၂ဝ၁၆ခုနှစ် အတွင်းက မြေပုံမြို့နယ်၊ ကန်ထောင့်ကြီး တိုက်နယ်အုပ်စု ငန်းတောင်ကျေးရွာမှ မနုနုနွယ်က ကျေးရွာအနီး တောမြောက်ဥတူးရာမှ ရရှိခဲ့ခြင်းဖြစ်ပြီး ဒင်္ဂါးများကို မပျောက်ပျက်စေရေးအတွက် မြေပုံမြို့မှ အောင်မင်္ဂလာဆရာတော် အပါအဝင် ကူညီပေးသူနှစ်ဦးနှင့်အတူ ယခုနှစ်မတ်လ အတွင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ သွားရောက်အပ်နှံ ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, April 3, 2017

ငလျင်ဒဏ်ကြောင့် ပျက်စီးသည့်ပုဂံစေတီများတွင် ပြန်လည်ပြုပြင်ရန် စေတီအဆူ ၁၂၀ ကျော် ကျန်ရှိနေ



နေပြည်တော် ၊ ၃-၄-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်း အဆောက်အအုံများ ပျက်စီးစာရင်း ကောက်ယူ မှတ်တမ်းတင်ခြင်း နှင့် အရေးပေါ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ယခုနှစ် မတ် ၃၁ ရက်က ထုတ်ပြန်ကြေညာ ခဲ့သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ ရသည့် ရှေးဟောင်းစေတီ ၃၈၉ ဆူတွင် စေတီအဆူ ၁၂ဝ ကျော် ပြန်လည် ပြုပြင်ထိန်းသိမ်း မှုလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေကြောင်း အဆိုပါ ထုတ်ပြန် သတင်းအရ သိရသည်။

အဆိုပါ ထိခိုက်ပျက်စီး ခဲ့ရသည့် ရှေးဟောင်းစေတီ ဘုရားများကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး နှင့် တတိယဦးစားပေး ဟူ၍ အဆင့်သုံးဆင့် ခွဲခြားသတ်မှတ်၍ ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြန်လည်ပြင်ဆင် ဆောင်ရွက်မှုများ အရ ယခုအခါ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည့် စေတီ ၃၈၉ ဆူတွင် စေတီဘုရား ၁၂၃ ဆူ ပြန်လည်ပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံဘုရားများအား ထပ်မံမထိခိုက်စေရေးအတွက် မြေကြောဖြတ်ရန်စီစဉ်



ညောင်ဦး ၊ ၃-၄-၂၀၁၇

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံဘုရားများအား နောက်ပိုင်းတွင် ထပ်မံ မထိခိုက်စေရေး အတွက် မြေကြောဖြတ်ရန် စီစဉ်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က ချောက်မြို့၏ အနောက် တောင်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ် ခဲ့သဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ဘုရားစေတီ ၃၈၉ ဆူခန့် ထိခိုက်ပျက်စီးခဲ့ပြီး ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း ယာဉ်အသွားအလာ များကြောင့် မြေတုန်ခါမှု မရှိစေရန် လောကထိပ်ပန် ဘုရားအနီး၌ မြေကြောဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက် ထားကြောင်း သိရသည်။

ထို့ပြင် တခြားနေရာ များ၌လည်း မြေကြောဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များနှင့် တွေ့ကြုံခဲ့ရသည့် ဘုရား ၃၈၉ ဆူလုံးကို လေ့လာ စောင့်ကြည့် လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်း က ပြောသည်။

''တုန်ခါမှုတွေကြောင့် ဘုရားတွေကို မထိခိုက်စေဖို့ ဘုရားပတ်လည်မှာ မြောင်းတွေတူးပြီး မြေကိုဖယ်ထုတ် လိုက်တယ်။ အဲဒီနေရာမှာ ကျောက်ခဲ အကြီးတွေ ချထားပြီး သဲဖို့မယ်။ ဒါက မြေကြော ဖြတ်ခြင်းရဲ့ သဘော သဘာဝပေါ့။ ဇုန်တစ်ခုလုံးကို မြေကြောဖြတ်ပေး နိုင်ရင်တော့ အကောင်းဆုံးပါ'' ဟု Technical Support Team- Bagan အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှေးဟောင်း အမွေအနှစ်များ မပျက်စီးစေရန် သရပါတံခါးနှင့် စူဠာမဏိ ပုထိုးတော်ကြီးအနီး ပေ ၁ဝဝ ပတ်လည် အတွင်း မော်တော်ယာဉ် သွားလာခြင်းကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလက လည်းကောင်း၊ ပုထိုးသားများ ဘုရားနှင့် နတ်လှောင်ကျောင်း အနီး မော်တော်ယာဉ် သွားလာခြင်းကို အောက်တိုဘာ လအတွင်းက လည်းကောင်း၊ သဗ္ဗညုဘုရား အနီး မော်တော်ယာဉ် သွားလာခြင်းကို ဒီဇင်ဘာ ဒုတိယပတ် အတွင်းက လည်းကောင်း ကန့်သတ် ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Thursday, March 30, 2017

ရှားပါးသည့်သိကြားမင်း ပုရပိုက်ကိုင်ဟန်ရုပ်တု မန္တလေးနန်းတွင်းပြတိုက်မှ အင်းဝပြတိုက်သို့ ပြောင်းရွှေ့ပြသ



တံတားဦး ၃၀-၃-၂၀၁၇

အလွန်ရှားပါးပြီး ထူးခြားသည့် လက်ရာ သိကြားမင်း ပုရပိုက်ကိုင်ဟန် ရုပ်တုသည် အင်းဝဒေသမှ မန္တလေးနန်းတွင်း ပြတိုက်သို့ ရောက်ရှိ နေခဲ့ရာမှ ၄၄ နှစ်ကြာ ယခုနှစ်တွင် အင်းဝရှေးဟောင်း ယဉ်ကျေးမှု ပြတိုက်သို့ ပြန်လည်ရောက်ရှိ လာကြောင်းအင်းဝ ပြတိုက်တာဝန် ရှိသူတစ်ဦး ထံမှ သိရသည်။

အဆိုပါ ရုပ်တုသည် အင်းဝဒေသ  တနင်္ဂနွေမင်းကြီး ကောင်းမှု မဟာမင်္ဂလာမာန်အောင် ဘုရားတွင် ထားရှိသော ရုပ်တုဖြစ်ပြီး သဘာဝဘေး အန္တရာယ်မှ ကင်းဝေးစေရန် နှောင်းလူများ လေ့လာနိုင်ရန် ရည်ရွယ်၍ အင်းဝဈေးကြီးရပ်မှ ဦးလှရွှေနှင့် ယွန်းတန်းရပ်မှ ဦးဘိုကေတို့က ဟံသာဝတီ အုပ်စု မြဝတီစာကြည့် အသင်းဥက္ကဋ္ဌထံ အပ်နှံထားခဲ့ရာ မြဝတီစာကြည့်အသင်း ဥက္ကဋ္ဌ ဦးကြင်စိန်က ၁၉၇၃ ခုနှစ် မတ် ၂၉ ရက်က မန္တလေး နန်းတွင်းပြတိုက်သို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

သိကြားမင်းပုရပိုက် ကိုင်ဟန်ရုပ်တုသည် ကျွန်းသစ်ဖြင့် ထုလုပ်ထားပြီး မြန်မာမှု လက်ရာ ပီပြင်စွာထုလုပ် ထားသည့် အင်းဝခေတ် လက်ရာဖြစ်ပြီး အင်းဝဒေသမှ မန္တလေးနန်းတွင်း ပြတိုက်သို့ ရောက်ရှိနေခဲ့ရာ ၄၄ နှစ်ပြည့်သည့် ယနေ့တွင် အင်းဝဒေသ အင်းဝပြတိုက်သို့ ပြောင်းရွှေ့ ပြသထားခြင်း ဖြစ်ကြောင်း အင်းဝပြတိုက်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...