Social Icons

Pages

Showing posts with label သောင်းကျန်းသူသတင်း. Show all posts
Showing posts with label သောင်းကျန်းသူသတင်း. Show all posts

Thursday, November 1, 2018

နမ့်ခမ်းမြို့နှင့် ပန်စံကျေးရွာ အကြားရှိ ကားလမ်းဘေး၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော ဒေသန္တရလက်လုပ် ရီမုမိုင်းများ တွေ့ရှိ


နမ့်ခမ်းမြို့နှင့် ပန်စံကျေးရွာ အကြားရှိ ကားလမ်းဘေး၌  အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော ဒေသန္တရလက်လုပ် ရီမုမိုင်းများ တွေ့ရှိ
နေပြည်တော် အောက်တိုဘာ ၃၁ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နှင့် ပန်စံကျေးရွာအကြားရှိ   ကားလမ်းအနီး မသင်္ကာဖွယ်ရာ ဝါယာကြိုးစများ တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၃ဝ ရက် ညနေ ၅ နာရီခန့်တွင် သွားရောက်စစ်ဆေးရာ နမ့်ခမ်းမြို့မှ ပန်စံကျေးရွာသွား ကားလမ်း ယာဘက်ခြမ်းရှိ ကားလမ်း၏ ၁ ပေခန့်အကွာ၌ မိုင်းတစ်လုံးနှင့်တစ်လုံးအား ၁ဝ ပေခန့်စီ ခြား၍ အချင်း ၃ လက်မ၊ အရှည် ၄ လက်မ ခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်ရီမုမိုင်းသုံးလုံး၊ ဒီတိုနေတာသုံးခု၊ ဆားကစ်အိမ်တစ်ခု၊ ၁၂ ဗို့ ဘက်ထရီတစ်လုံးနှင့် ဝါယာကြိုး ပေ ၃ဝ ခန့်တို့ကို တွဲလျက် အနေအထားဖြင့် တွေ့ရှိခဲ့သည်။
-
အဆိုပါ ဒေသန္တရလက်လုပ် ရီမုမိုင်းများအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းဝေးရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ညနေ ၅ နာရီ ၁၅ မိနစ်တွင် သက်မဲ့ပြုလုပ်နိုင်ခဲ့ပြီး ၎င်းနေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ် ထပ်မံရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲပြီး ဒေသခံပြည်သူ တစ်ဦး ဒဏ်ရာ ရရှိ


နေပြည်တော် အောက်တိုဘာ ၃၁ 
-
ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရပ် ချောင်းဝကျေးရွာနေ ဦးဝှေ့တန်းသည် ရွာသားလေးဦးနှင့်အတူ အောက်တိုဘာ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် တောလိုက်ရန်အတွက် အဆိုပါကျေးရွာမှ ထွက်ခွာလာစဉ် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၄ဝဝဝ ခန့် အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား လက်ဖြင့်ထောက်မိ ပေါက်ကွဲပြီး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
-
အဆိုပါမိုင်းထိလူနာအား  လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့   ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 31, 2018

KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသော မိုင်းများပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူများ ဒဏ်ရာရရှိ



နေပြည်တော် အောက်တိုဘာ ၃ဝ  
-
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာနေ မောင်စိုးမိုးသူ(ဘ) ဦးသန်းထွန်း အပါအဝင် အမျိုးသားငါးဦးသည် အောက်တိုဘာ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင်   ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာရှိ   ပြောင်းခင်းနေရာ၌ ချုံနွယ်များ ရှင်းလင်းစဉ် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ   ထောင်ထားသော  တိုက်မိုင်းတစ်လုံးအား    တိုက်မိပေါက်ကွဲ၍  ၎င်းတို့ငါးဦးတွင်  မိုင်းစထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။
-
မိုင်းထိလူနာများသည် ရွှေကူပြည်သူ့ ဆေးရုံမှတစ်ဆင့် ဗန်းမော်ပြည်သူ့ ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ အလားတူ    မံစီမြို့နယ်၊   မံဝိန်းကြီး ကျေးရွာနေ   ဦးထွယ်အောင်နှင့် ဇနီးဖြစ်သူ ဒေါ်ဘောက်မိုင် တို့သည် မွန်းတည့် ၁၂ နာရီခန့်တွင် ခြံစိုက်ရန်အတွက် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကျေးရွာ၏ အနောက်မြောက်ဘက် ၁၃ မိုင်ခန့်အကွာရှိ ဗန်းမော်-မံစီ-နမ့်ခမ်း ကားလမ်းဘေးသို့ အရောက်၌  KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ   ထောင်ထားသော နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး    ဦးထွယ်အောင်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ရာ နမ့်ခမ်းပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း  သတင်းရရှိသည်။  
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 30, 2018

တာမိုးညဲမြို့နယ်၊ ရှောက်ဟော်ကျေးရွာ၊ မန်ခိုပျဉ်ကျေးရွာနှင့် ဆည်းဆာကျေးရွာတို့မှ ရွာသားများအား TNLA နှင့် MNDAA ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများက အဓမ္မ လူသစ်စုဆောင်း


နေပြည်တော်  အောက်တိုဘာ  ၂၉  
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တာမိုးညဲမြို့ ၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့် အကွာရှိ ရှောက်ဟော်ကျေးရွာသို့ အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခန့်တွင် TNLA  နှင့် MNDAA ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်သည် ကျေးရွာ၏ အရှေ့မြောက် ဘက်မှ ဝင်ရောက်လာပြီး အသက် ၁၃ နှစ်မှ ၄၉ နှစ်အကြားရှိ ရှောက်ဟော်ကျေးရွာနေ အမျိုးသား ၃၁ ဦး၊ အဆိုပါကျေးရွာရှိ မင်္ဂလာဆောင်သို့ လာရောက်ကြသည့် မန်ခိုပျဉ်ကျေး ရွာနေ အမျိုးသား ၁၂ ဦးနှင့် ဆည်းဆာကျေးရွာနေ အမျိုးသားနှစ်ဦး၊ စုစုပေါင်း အမျိုးသား ၄၅ ဦးတို့ကို လူသစ်စုဆောင်းရန်  အဓမ္မဖမ်းဆီး ခေါ်ဆောင်၍ ည ၁၂ နာရီခန့်တွင် ကျေးရွာ၏တောင်ဘက်နှင့် အရှေ့ဘက်သို့ နှစ်ဖွဲ့ခွဲထွက်ခွာသွားကြောင်း သိရသည်။
-
ထိုသို့ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် ခံရသူများအနက် အောက်တိုဘာ ၂၈ ရက် နံနက် ၅ နာရီခန့်တွင် အသက် ၂ဝ နှစ်ရှိ ဦးရီဝမ်ဟုမှာ ပြန်လည်ရောက်ရှိလာပြီး ၎င်း ၏ပြောကြားချက်အရ အကြမ်းဖက်သောင်းကျန်းသူများသည် ရှောက်ဟော်ကျေးရွာ၏ တောင်ဘက် မီတာ ၁ဝဝ ခန့်အကွာ၌ နှစ်ဖွဲ့ ပြန်လည်ပူးပေါင်းပြီး မန်ခိုပျဉ်ကျေးရွာသို့ သွား ရောက်ကြကြောင်း၊ မန်ခိုပျဉ်ကျေးရွာသို့ ရောက်ရှိစဉ် ၎င်းတို့သည် ညီအစ်ကိုနှစ်ဦးလုံး လူသစ် စုဆောင်းခံရခြင်း ဖြစ်ပြီး မိခင်တစ်ဦးတည်း ကျန်ရစ်ခဲ့ကြောင်း ပြောဆိုခဲ့သဖြင့်  ၎င်းကို ပြန်လည်စေလွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။                  
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 17, 2018

KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ တစ်ဦး ဒဏ်ရာရရှိ


နေပြည်တော် အောက်တိုဘာ ၁၆
-
ကချင်ပြည်နယ်၊  မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့၊ မံကင်းကျေးရွာနေ ဦးစိုးနိုင်(ဘ) ဦးအောင်မြင့်သည် အောက်တိုဘာ ၁၄ ရက် ည ၆ နာရီခန့်တွင် ကျွဲပျောက်ရှာရန် တောထဲသို့ သွားရောက်စဉ် ကျေးရွာ၏ တောင်ဘက် ၃ မိုင်ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသောမိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ ဦးစိုးနိုင်တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
-
မိုင်းထိလူနာအား ဆင်ဘိုပြည်သူ့ဆေးရုံ မှတစ်ဆင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ တက် ရောက်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

Monday, October 1, 2018

တပ်မတော် စစ်ကြောင်းများက အကြမ်းဖက် သောင်းကျန်းသူများ၏ ဆက်ကြေးထပ်မံ ကောက်ခံမှုများ မဖြစ်ပွားစေရေး နယ်မြေလုံခြုံရေး ဖြန့်ခွဲဆောင်ရွက်၊ လားရှိုး-မူဆယ်ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ခရီးသွားပြည်သူများ ပုံမှန်အတိုင်း သွားနိုင်

နေပြည်တော်  စက်တင်ဘာ  ၃ဝ
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌  ဖြတ်သန်းသွားလျက် ရှိသော  ခရီးသွားပြည်သူများထံမှ TNLA အကြမ်းဖက်သောင်းကျန်း သူများက စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်း တွင် မန်ပြိန်းကျေးရွာနှင့် နမ့်အွန်ကျေးရွာအနီးတို့တွင် အဖွဲ့များဖြန့်ခွဲ၍ လမ်းကြောင်းပိတ်ဆို့ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်း များက နယ်မြေ ဖြန့်ခွဲ ရှင်းလင်းခြင်းများ ဆောင်ရွက် ခဲ့ရသည်။
-
ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် မန်ပြိန်းကျေးရွာအနီးရှိ TNLA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၅ဝ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူများ ယင်းနေ့ညနေပိုင်းတွင် ကျေးရွာ ၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ အလားတူ နမ့်အွန်ကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၂ဝဝဝ ခန့်အကွာ၌ နေရာယူ   ပိတ်ဆို့ဆက်ကြေး ကောက်ခံလျက်ရှိ သည့်TNLA အကြမ်းဖက် သောင်းကျန်းသူများနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်း များက ရင်ဆိုင်ထိန်းချုပ်ထားခဲ့ကာ  ယနေ့နံနက်ပိုင်းတွင်  တပ်မတော် စစ်ကြောင်းများက တက်ရောက် ရှင်းလင်းခဲ့ရာ ရန်သူများ အနောက်ဘက်သို့ ဆုတ်ခွာသွား ကြောင်း သိရှိရသည်။
-
ဖြစ်စဉ်များ၌ ရန်သူ့ထံမှTNLA ပြောက်ကျားယူနီဖောင်းဝတ် အလောင်းတစ်လောင်း၊ အမ် ၂၂ သေနတ် သုံးလက်၊ ၎င်းကျည် ၈၃ တောင့်၊ လက်ပစ်ဗုံးများနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့  ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
-
ယနေ့နံနက်ပိုင်းမှစတင်၍ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ယာဉ် များနှင့် ခရီးသွားပြည်သူများ  ပုံမှန်အတိုင်း သွားလာနိုင်ခဲ့ပြီဖြစ်ကြောင်း  သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, September 12, 2018

ဖားကန့်မြို့အနီး ရတနာလုပ်ကွက်များ၌ ဆက်ကြေး ကောက်ခံနေသည့် AA အကြမ်းဖက် သောင်းကျန်းသူ သုံးဦး ဖမ်းဆီးရမိ




နေပြည်တော် ၁၂-၉-၂ဝ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ရတနာ လုပ်ကွက်များအတွင်း ဆက်ကြေးအဓမ္မကောက်ခံနေသည့် AA အကြမ်းဖက်သောင်းကျန်းသူ သုံးဦးကို ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူ အင်အား ခုနစ်ဦးခန့်က ဖားကန့်မြို့၏ မြောက်ဘက် မီတာ ၈ဝဝ ခန့်ရှိ ရတနာမြေပုံစာအနီး ဆက်ကြေးများ အဓမ္မကောက်ခံလျက် ရှိကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေ ရှင်းလင်းခဲ့ရာ ယနေ့နံနက် ၉ နာရီခန့်တွင် မော်ဝမ်းရပ်ကွက် အတွင်းရှိ ရတနာမြေပုံအနီးသို့ ရောက်ရှိစဉ် အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်ဖြင့် လေးချက် စတင်ပစ်ခတ်ခဲ့သဖြင့် မိမိ ဘက်မှပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ရန်သူ လေးဦး ခန့် အရှေ့ဘက်သို့ ထွက်ပြေးသွားခဲ့ပြီး သုံးဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်။ 

ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့မှာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရန်ကြီးကန်ကျေးရွာနေ စံရွှေသာ၊မင်းပြားမြို့နယ်၊ ကြမ်းတိုက်ကျေးရွာနေ သန်းနိုင်နှင့် မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာနေ ဝင်းစိုးတို့ဖြစ်ပြီး AA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့ဝင်များဖြစ်ကြောင်းနှင့် ဖားကန့်နယ်မြေ၌ ဆက်ကြေးငွေများ ကောက်ခံရပြီး၎င်းတို့၏ အဖွဲ့ခေါင်းဆောင် လှသိန်းထံသို့ အပ်နှံရကြောင်း ကနဦးသိရှိရပြီး အသေးစိတ် ဆက်လက် စစ်ဆေးလျက်ရှိသည်။ 

သို့ဖြစ်၍ ဖမ်းဆီးရမိသူသုံးဦးအား တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့ခေါင်းဆောင် လှသိန်းအပါအဝင် ကျန်အကြမ်းဖက် သောင်းကျန်းသူ လေးဦးတို့အား ဖမ်းဆီးရမိစေရေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဖားကန့်ဒေသအတွင်း အကြမ်းဖက်သောင်းကျန်းသူများ ဆက်ကြေး အဓမ္မကောက်ခံမှု မရှိစေရေး လုံခြုံရေး လုပ် ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ 

Thursday, September 6, 2018

MNDAA အကြမ်းဖက်သောင်းကျန်း သူများထံမှ Czech Republic နိုင်ငံထုတ် စနိုက်ပါ တစ်လက်အပါအဝင် လက်နက်နှင့် ခဲယမ်းများ သိမ်းပိုက်ရရှိ



နေပြည်တော် ၆-၉-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မုံးယော်-မုံးကျက်ဒေသ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် စက်တင်ဘာ ၂ ရက် နံနက် ၁ဝနာရီ ၁ဝမိနစ်ခန့်တွင် မုံးကျက်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၉ဝဝဝခန့် အကွာသို့ အရောက်၌ MNDAA အကြမ်းဖက် သောင်းကျန်းသူ အင်အား ဦးရေ ၅ဝခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူများ နံနက် ၁ဝနာရီခွဲခန့်တွင် အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်မှုမရှိဘဲ ရန်သူဆုတ်ခွာရာသို့ လိုက်လံရှင်းလင်းစဉ် ရန်သူ့ထံမှ Made in Czech Republic၊ B-446958 စာတန်းပါ CZ-750 S1M1အမျိုးအစား စနိုက်ပါ တစ်လက်အပါအဝင် လက်နက်မျိုးစုံ သုံးလက်၊ ကျည်မျိုးစုံ၊ လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Friday, August 10, 2018

TNLA/SSA (၀မ်ဟိုင်း) ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများက နမ္မတူမြို့နယ်အတွင်း ကျေးရွာများမှ လူမနေသည့် ဈေးဆိုင်များနှင့် အိမ်များရှိ ပစ္စည်းများ၊ မွေးမြူထားသည့် တိရစ္ဆာန်များနှင့် ဆိုင်ကယ်များအား ယူဆောင်မီးရှို့ဖျက်ဆီး၊ ရွာသား ၁ ဦးအား အကြောင်းမဲ့ ရိုက်နှက်




TNLA/SSA (ဝမ်ဟိုင်း) ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများ ရှမ်းဘာသာဖြင့်ရေးသားထားသည့် ခြိမ်းခြောက်စာကိုတွေ့ရစဉ်။

နေပြည်တော် ၁ဝ-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ နောင်ငင်းကျေးရွာနှင့် နားဟုတ် ကျေးရွာ အနီးတစ်ဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များက သတင်းအရ သြဂုတ် ၈ ရက်တွင် ရောက်ရှိရှင်းလင်းစဉ် ၎င်းကျေးရွာများရှိ လူနေထိုင်ခြင်းမရှိသည့် ဈေးဆိုင်များ၊ အိမ်များနှင့် လူအသုံးအဆောင် ပစ္စည်းများ၊ မွေးမြူထားသည့် တိရစ္ဆာန်များနှင့် ဆိုင်ကယ်များအား ယူဆောင်ဖျက်ဆီးသွားကြောင်း တွေ့ရှိရသဖြင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ သြဂုတ် ၅ ရက်မှ ၇ ရက်အထိ TNLA/SSA (၀မ်ဟိုင်း)ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူအင်အား ၁၀၀ ဦးခန့်ရောက်ရှိလာပြီး အကြောင်းမဲ့ယူဆောင်မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်များမှာ TNLA/SSA (၀မ်ဟိုင်း)ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများသည် ၎င်းကျေးရွာများသို့ သြဂုတ် ၅ ရက်တွင် ရောက်ရှိလာခဲ့ပြီး သြဂုတ် ၇ ရက်အထိ နေထိုင်ခဲ့ကာ နောင်ငင်းကျေးရွာရှိ ဦးအိုက်စိုင်း၏ နေအိမ်မှ KENBO-125 အမျိုးအစား မော်တော်ဆိုင်ကယ် ၁ စီးအား ယူဆောင်သွားခဲ့ခြင်း၊ ဦးစောနန္ဒ၏ နေအိမ်မှ အိမ်ဆောက်ရန် စုပုံထားသည့် သစ်များနှင့် ဆိုင်ကယ် ၁ စီးတို့အား မီးရှို့ဖျက်ဆီးခြင်း၊ ဒေါ်အေးမြင့်၊ ဦးစောဘနတို့၏ ဈေးဆိုင်များနှင့် အခြားလူနေအိမ် ၁၄ လုံးတို့အတွင်းရှိ အသုံးအဆောင် ပစ္စည်းများအား မွှေနှောက်ရှာဖွေထားခြင်း၊ လူနေအိမ်အချို့တွင် ရှမ်းဘာသာဖြင့် ခြိမ်းခြောက်စာများ ရေးသားထားခြင်း၊ နားဟုတ်ကျေးရွာရှိ ဦးပညာ၏ ဈေးဆိုင်မှ ကုန်ပစ္စည်းများကို ယူဆောင်သွားခြင်း၊ ၎င်းကျေးရွာသား ဦးစောလိယကို နာရီဝက်ခန့် ကြိုးတုတ်ရိုက်နှက်ခဲ့ခြင်းနှင့် အခြား လူနေအိမ် ၁ လုံးရှိ ပစ္စည်းများအား မွှေနှောက် ရှာဖွေခြင်းများကို အကြောင်းမဲ့ အကြမ်းဖက်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ TNLA/SSA(၀မ်ဟိုင်း)ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများမှာ စိုးရိမ်ကြောင့်ကြမှုများဖြစ်ပေါ် လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာများအနီးတစ်ဝိုက် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Friday, July 20, 2018

နမ့်ခမ်းမြို့နယ် အွယ်လောကျေးရွာတစ်ဝိုက် နယ်မြေလုံးခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပေါ် သတင်းထုတ်ပြန်ခြင်း



နေပြည်တော် ၂ဝ-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်း တစ်ကြောင်းသည် သတင်းအရနယ် မြေရှင်းလင်းစဉ် ဇူလိုင် ၁၁ ရက် မွန်းလွဲ ၁နာရီ မိနစ် ၃ဝ ခန့်တွင် မန်ဝန်းကျေးရွာအုပ်စု၊ အွယ်လောကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၁ဝဝ ခန့် အကွာသို့အရောက်၌ TNLA အကြမ်းဖက်သောင်းကျန်း သူအင်အား ၃ဝ ဦးခန့်နှင့်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁နာရီ မိနစ် ၅ဝ ခန့်တွင် အကြမ်းဖက်သောင်းကျန်း သူများသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်း သူရှစ်ဦး၏ အလောင်းများအား လက်နက်ငယ်မျိုးစုံ သုံးလက်၊ လျှိုအတွင်းထိုး ကျပျက်စီးနေသည့် Toyota Hilux Double Cub ယာဉ်အမျိုးအစား တစ်စီးတို့နှင့် အတူသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နေရာအား အသေးစိတ် ရှင်းလင်းရာ သေဆုံးနေသည့် TNLA အကြမ်းဖက်သောင်းကျန်း သူများအနက် ပြောက်ကျား ယူနီဖောင်းဝတ် အမျိုးသား အလောင်းသုံးလောင်း၊ ပြောက်ကျားယူနီဖောင်း ဝတ်အမျိုး သမီးအလောင်း ငါးလောင်း၊ အမ် -၂၂ အမျိုးအစား သေနတ်နှစ်လက်၊ အမ် - ၂၁ အမျိုးအစားသေနတ် တစ်လက်၊ ၎င်းကျည်အိမ်ရှစ်ခု၊ ကျည် ၁၃၂ တောင့်၊ အီကွေ့မင့်ရှစ်စုံနှင့် တရုတ်လက်ပစ်ဗုံး သုံးလုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများ၏ ရုပ်အလောင်းများအား ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်၌ ညနေ ၅ နာရီခန့်တွင် စနစ်တကျကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ် ပေးခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားမှုအား အသေးစိတ်စိစစ်ရာ လျှိုအတွင်းထိုးကျ ပျက်စီးသည့် Toyota Hilux Double Cub ယာဉ်မှာ မန်တုံမြို့နယ်၊ မဟိုချောင်း၊ နမ့်နတ်-ဟွေလောင်းဒေသ တစ်ဝိုက်တွင် သတ္တုစမ်းသပ်တူးဖော် ခွင့်ရရှိထားသည့် နေ့သစ်အာရှ သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီပိုင်ယာဉ်ဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်၌လည်း အဆိုပါကုမ္ပဏီမှ ဝန်ထမ်းများဖြစ်သော ဦးစိုင်းကျော်အေးနှင့် အဖွဲ့ဝင်သုံးဦးပါဝင်ကြောင်း စိစစ်သိရှိရသည်။

ဆက်လက်၍ ဖြစ်စဉ်မှန်ကန်မှု ရှိ ၊ မရှိစိစစ်ခဲ့ရာ ဦးစိုင်းကျော်အေးနှင့် ဝန်ထမ်းသုံးဦးမှာ ဇူလိုင် ၁၁ ရက်၌ လုပ်ကွက်မှ နမ့်ခမ်းသို့ အဆိုပါမော်တော်ယာဉ် ဖြင့်ဈေးဝယ်သွားစဉ် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်သောင်းကျန်း သူအဖွဲ့မှ ခန့်မှန်း (အယ်လ်အက်ဖ်-၄၃၇၉၃၈) နေရာ၌ ယာဉ်အားတား၍ အွယ်လောရွာသို့ ပို့ဆောင်ပေးရန် အကူအညီ တောင်းခံလျက် လိုက်ပါစီးနင်းလာစဉ် ယခုကဲ့သို့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဝန်ထမ်းများ ဖြစ်သည့် ဦးစိုင်းကျော်အေး၏ ညာလက်ဖျံနှင့် ဦးစိုင်းဖေဝင်း၏ ညာခြေသလုံးတို့တွင် ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ပြီး တရုတ်နိုင်ငံ၊ မန်စီမြို့ရှိ တာဟောင်တိုင်းဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း စိစစ်ဖော်ထုတ် ရရှိခဲ့ပါသည်။

သို့ဖြစ်၍ ၂ဝ၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက် TNLA အကြမ်းဖက် သောင်းကျန်းသူများနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးမှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီးငါးဦးနှင့် ပတ်သက်ပြီး ဖြစ်စဉ်အကြောင်း ရင်းအမှန်အား စိစစ်ချက်များအရ တပ်မတော်သတင်းမှန် ပြန်ကြားရေး ကော်မတီမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

#Themyawadydaily

Thursday, June 7, 2018

KIO အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မူဆယ်မြို့ရှိ ကိုယ်ပိုင်အထက်တန်း ကျောင်းများနှင့် ဘော်ဒါဆောင်များအား ဆက်ကြေးကောက်ခံ



နေပြည်တော် ၇-၆-၂ဝ၁၈

KIO အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မူဆယ်မြို့ရှိ ကိုယ်ပိုင်အထက်တန်း ကျောင်းများနှင့် ဘော်ဒါဆောင် ၂၁ကျောင်းထံသို့ ဆက်ကြေးပေးဆောင်ရန် ဆက်ကြေး ကောက်ခံသည့် စာများကို ဇွန် ၅ ရက်ညပိုင်းတွင် ပို့ဆောင် ခဲ့ကြောင်း သိရှိရသည်။

၂ဝ၁၈ခုနှစ်၊ ဇွန် ၅ရက် ည ၉နာရီခွဲခန့်တွင် GALAXY အဆင့်မြင့်ကျောင်းသို့ အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် လာရောက်၍ ကျောင်းသားတစ်ဦးအား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စာအိတ်ပေါင်း ၂၁ အိတ် ပါရှိသော GALAXY အဆင့်မြင့်ကျောင်းကို ပေးပို့သော စာအိတ်တွင် အခြားစာများကို ညတွင်းချင်းဝေငှ ပေးစေလိုကြောင်း ဖော်ပြပါရှိသည်။

ဆက်ကြေးကောက်ခံ စာများတွင် အကောက်ခွန်ဌာနခွဲ၊ ကွတ်ခိုင်ခရိုင်၊ အမှတ် (၉) တပ်ရင်းမှ ၂ဝ၁၈ခုနှစ်၊ ဇွန် ၃ရက် ရက်စွဲဖြင့် သက်ဆိုင်ရာကျောင်း အသီးသီးသို့ လိပ်မူ၍ အခွန်ငွေ ပေးဆောင်ရန် ကိစ္စခေါင်းစဉ်ဖြင့် ပေးပို့ ထားပြီး အဆိုပါကျောင်းများသည် အမှတ် (၉) တပ်ရင်း၊ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးရုံး၏ အုပ်ချုပ်ရာနေရာဒေသ အတွင်းပါဝင်ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် အခွန်ငွေကျပ် ၁၅ သိန်း၊ ၁ဝသိန်းနှင့် ကိုးသိန်းတို့ကို ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးရုံး၊ အကောက်ခွန် ဌာနခွဲသို့ ဇွန် ၁၅ ရက် နောက်ဆုံးထား ပေးဆောင်ရမည် ဖြစ်ကြောင်းနှင့် မှတ်ချက်အနေဖြင့် KIO မှ ဆက်ကြေးကောက်ခံ ခြင်းမဟုတ်ဘဲ နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက်ရှိသော အခွန်ကောက်ခံခြင်း သာဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မူဆယ်မြို့ရှိ ကိုယ်ပိုင် အထက်တန်း ကျောင်းများနှင့် ဘော်ဒါဆောင်များအနက် GALAXY အဆင့်မြင့်ကျောင်း၊ အောင်ကိုယ်ပိုင် အထက်တန်းကျောင်း၊ JELC ကျောင်း၊အောင်သရဖူဘော်ဒါ၊ ရွှေအောင်လံဘော်ဒါ၊ CMA အဆင့်မြင့် ကျောင်း၊ ဇွဲကိုယ်ပိုင်ကျောင်း၊ ကျော်ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် ICTC(1) အဆင့်မြင့်ကျောင်းတို့ကို ငွေကျပ် ၁၅သိန်း၊ မြတ်ထူးချွန်ဘော်ဒါ၊ စွမ်းရည်ဂုဏ်ဘော်ဒါ၊ ICTC(2) အဆင့်မြင့်ကျောင်း၊ အောင်မြင်သစ် ဘော်ဒါ၊ ချယ်ရီကိုယ်ပိုင်ကျောင်း၊ ဖောင်ဒေးရှင်းကိုယ်ပိုင်ကျောင်း၊ ကောင်းစံဘော်ဒါ၊ ကြယ်စင်ဘော်ဒါ၊ ရိန်းတူးဘော်ဒါ၊ အောင်နန်းတော်ဘော်ဒါ (စာအိတ်တွင် ဇေယျနန်းတော်ဟု ဖော်ပြပါရှိ)နှင့် ရောင်နီဦး ဘော်ဒါတို့ကို ငွေကျပ် ၁ဝ သိန်းနှင့် MEC မူလတန်းကျောင်းကို ငွေကျပ် ကိုးသိန်းကောက်ခံ ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, April 11, 2018

ခေးပူ-လွယ်မူပလော လမ်းကြောင်း ပြုပြင်ဖောက်လုပ်နေမှုအား NCA လက်မှတ် ရေးထိုးထားသည့် KNU တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ နယ်မြေခံတပ်မှူးအချို့မှ နားလည်မှုလွဲမှားခြင်းနှင့် စိုးရိမ်စိတ် ကြီးမှုတို့ဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းနှင့် မိုင်းထောင်ခြင်းများ ဆောင်ရွက်ချက်အပေါ် သတင်းထုတ်ပြန်ချက်





သိမ်းဆည်းရရှိခဲ့သည့်သက်သေခံကတ်ပြားများကိုတွေ့ရစဉ်။

သိမ်းဆည်းရရှိခဲ့သည့် ဗုံးသီးများကိုတွေ့ရစဉ်။

ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသူပါရှိသည့်ဓာတ်ပုံကိုတွေ့ရစဉ်။



သိမ်းဆည်းရမိ ကင်မရာ၊ ဖုန်းနှင့် ပစ္စည်းအချို့ကို တွေ့ရစဉ်။




နေပြည်တော် ၁၁-၄-၂ဝ၁၈

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း ၁၅ မိုင်အရှည်ရှိ ခေးပူရွာနှင့် လွယ်မူပလောရွာ ဆက်သွယ်ထားသော ယခင်လမ်းကြောင်းဟောင်းအား ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန်အတွက်လည်းကောင်း၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်မှု လွယ်ကူစေရန် လည်းကောင်း၊ ပြန်လည်ပြုပြင် မွမ်းမံရန်ရှိသဖြင့် အဆိုပါကိစ္စအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ KNLA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထံသို့ ကြိုတင်အကြောင်းကြား ညှိနှိုင်းခြင်း ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး လမ်းဖောက်လုပ်ရေး လုပ်ငန်းများအား ၂၀၁၈ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့သည်။

လမ်းဖောက်လုပ်ရေး လုပ်ငန်းများအား စက်ယန္တရားများနှင့် ဆောင်ရွက်ရာတွင် နယ်မြေအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့မှာ တပ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးများတွင် အသုံးပြုရန် ဖောက်လုပ်ခြင်းဟု စိုးရိမ်စိတ် များပြားပြီး လမ်းဖောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်း များအား မိုင်းထောင်ခြင်း၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ စတင်ဖောက်လုပ်ချိန်မှ ယနေ့ထိ စစ်သည် မိုင်းနင်းမှု ၃ ကြိမ်၊ နှောင့်ယှက်ပစ်ခတ်မှု ၂၆ ကြိမ်၊ မိုင်းဖော်ထုတ်ရရှိမှု ၈ ကြိမ် (မိုင်း ၂၁ လုံး) ရရှိခဲ့ပြီး မိမိဘက်မှ စစ်သည်တချို့ ထိခိုက်ကျဆုံး ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

၎င်းတို့ဘက်မှ နှောင့်ယှက်ပစ်ခတ်ရန်နှင့် မိုင်းထောင်ရန် ကားလမ်းပေါ်သို့ ၀င်ရောက်လာသည့် မသင်္ကာဖွယ် အရပ်ဝတ်နှစ်ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ခေါ်ယူသော်လည်း ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးအား ဗုံးသီးများ၊ ပစ္စည်းအချို့နှင့် အတူ အသေဖမ်းဆီးရရှိခဲ့ကာ သိမ်းဆည်းရရှိခဲ့သော ကင်မရာ၊ သက်သေခံ ကတ်ပြားများနှင့် တိုက်ဆိုင် စစ်ဆေးချက်များအရ ဦးစောကလိုပါး ဖြစ်ကြောင်း သိရှိရသည်။

လမ်းကြောင်းဟောင်း ပြုပြင်ဖောက်လုပ်မှုသည် တပ်အင်အား တိုးချဲ့၍ တပ်စခန်းတိုးမြှင့်ချထားရန် ဆောင်ရွက်ခြင်းမဟုတ်ဘဲ မိမိတပ်များ အုပ်ချုပ်မှု ကိစ္စဆောင်ရွက်ရာတွင် အဆင်ပြေရန် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက် ရှိသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စိုးရိမ်စိတ်များနှင့် မလိုလားအပ်သော မိုင်းထောင်ခြင်း၊ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် မိမိတို့ဘက်မှ ကြိုတင်အကြောင်းကြား ညှိနှိုင်းခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မတ် ၂၁ ရက်တွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် JMC-U အစည်းအဝေးတွင် နှစ်ဖက်တပ် ခေါင်းဆောင်များ အဆိုပါဖြစ်စဉ် နယ်မြေ၀န်းကျင်၌ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းသဘောတူခဲ့သည်။

သို့သော်လည်း ပစ်ခတ်မှုဖြစ်ပွားသည့် နယ်မြေရှိ အဓိကတာဝန်ရှိသူမှာ ကျန်းမာရေး အကြောင်းပြချက်ဖြင့် မတက်ရောက်နိုင်သောကြောင့် ကျန်းမာရေးကောင်းသည့် အချိန်တွင် ဆောင်ရွက်နိုင်ရန် တပ်မတော်ဘက်မှ ပြန်လည် အကြောင်းကြား ခဲ့ပါသည်။

အလားတူ အဆိုပါနယ်မြေအတွင်း နှစ်စဉ်ဆောင်ရွက်လျက်ရှိသည့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ရိက္ခာစုပုံရေးရာသီအတွင်း လမ်းကြောင်းပြန်လည်ပြုပြင်ခြင်းနှင့် ရိက္ခာပို့ချိန်များတွင်လည်း အဆိုပါ စိုးရိမ်စိတ်ကြီးမားပြီး နားလည်မှုလွဲမှားနေသည့် နယ်မြေခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းသည် မိုင်းထောင်ခြင်း၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ လမ်းဖောက်လုပ်သည့် ဒိုဇာအား မိုင်းထောင်ခြင်း ၁ ကြိမ်၊ ရိက္ခာပို့ယာဉ်တန်းအား မိုင်းထောင်ခြင်း ၁ ကြိမ်၊ စစ်သည်မိုင်းနင်းခြင်း ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သည်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့ကာ မိုင်းဖော်ထုတ်ရရှိမှု ၄၇ ကြိမ် နှင့် မိုင်း ၆၄ လုံး ရရှိခဲ့သည်။

ယင်းသို့ မိုင်းထောင်၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သက်ဆိုင်ရာ JMC-S အစည်း အဝေးများတွင် တပ်မတော်ဘက်မှ ကန့်ကွက်ဆွေးနွေးမှု ၅ ကြိမ်နှင့် JMC-U အစည်းအဝေးများတွင် ကန့်ကွက်ဆွေးနွေးမှု ၂ ကြိမ် ပြုလုပ်ခဲ့သည်။

လုပ်ထုံးလုပ်နည်းနှင့်အညီ ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း နှောင့်ယှက် ပစ်ခတ်မှုနှင့် မိုင်းထောင်မှုမှာ လျော့နည်းသွားခြင်းမရှိ၍ လွယ်မူပလောမှ ခေးပူအထိ ဆက်သွယ်ရေးလမ်းကြောင်းအဟောင်း ဖောက်လုပ်ရာတွင် စက်ယန္တရားများ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်ရာတွင် နယ်မြေခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် စိုးရိမ်မှုများ ပိုမိုမြင့်မားလာခြင်းနှင့် နားလည်မှု၊ အထင်အမြင်လွဲမှားမှုမှတစ်ဆင့် ယခုကဲ့သို့ အောက်ခြေအဆင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားနေရခြင်း ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်တပ်များ ယုံကြည်မှု လျော့နည်းခြင်း၊ စိုးရိမ်စိတ်ကြီးမားမှုများ ပိုမိုဖြစ်ပေါ်လာခြင်းတို့ကြောင့် ပစ်ခတ်မှုများအား ဖြေရှင်းရန် JMC-S ၊ JMC-U များတွင် ဆွေးနွေးခြင်းနှင့် နှစ်ဖက်နယ်မြေခံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းသဘောတူခဲ့သော်လည်း ချိန်းဆိုသည့် အချိန်နီးကပ်မှသာ အဓိကနယ်မြေခံခေါင်းဆောင်မှာ ကျန်းမာရေးအကြောင်းပြချက်ဖြင့် မတက်ရောက်နိုင်ဘဲ ကျန်ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် စေလွှတ်လာသဖြင့် တပ်မတော်အနေဖြင့် အဓိကစိုးရိမ်စိတ် ကြီးမားနေသည့် နယ်မြေခံ ခေါင်းဆောင်နှင့် တိုက်ရိုက်ဆွေးနွေးနိုင်ရန် ပြန်လည်ချိန်းဆိုခဲ့ရပြီး တပ်မတော်အနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရေးနှင့် မိမိတပ်များ အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် ခေးပူ-လွယ်မူပလော လမ်းဟောင်းပြုပြင်ခြင်းအား တစ်ဖက်မှဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သလို တစ်ဖက်မှလည်း စေ့စပ်ညှိနှိုင်းခြင်းဖြင့် စိုးရိမ်စိတ်နှင့် ယုံကြည်မှု လျော့နည်းမှုမဖြစ်စေရေး ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ရိက္ခာစုပုံစဉ်နှင့် ခေးပူ-လွယ်မူပလော ဆက်သွယ်ရေး လမ်းကြောင်းအဟောင်း ပြုပြင်ချိန်ကာလအတွင်း နှောင့်ယှက်ပစ်ခတ်မှုနှင့် မိုင်းထောင်မှုများအပေါ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်နေခြင်းကြောင့် နှစ်ဖက်ယုံကြည်မှု မပျက်ပြားစေရေး ဖြစ်စဉ်ဖြစ်ရပ်များအပေါ် တရားဝင်သတင်းထုတ်ပြန်ခြင်း မပြုဘဲ JMC-S နှင့် JMC-U ဆွေးနွေးပွဲများအပါအ၀င် သက်ဆိုင်ရာ ဆက်ဆံရေးရုံးများမှ တစ်ဆင့်သာ ညှိနှိုင်းဆွေးနွေးသည့် ပုံစံဖြင့် ဆောင်ရွက်သော်လည်း KNU တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် ထုတ်ပြန် ကြေငြာချက်များအား တစ်ဖက်သက် ထုတ်ပြန်လာခဲ့ရာ ကျန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးညှိနှိုင်းနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် KNU ၏ ထုတ်ပြန်ကြေငြာချက်အပေါ် ယုံကြည်မှုနှင့် နားလည်မှု မလွဲမှားစေရန်နှင့် ပြည်သူလူထုအနေဖြင့်လည်း ထာဝရငြိမ်းချမ်းရေးအပေါ် နားလည်မှုမလွဲစေရေး ယခုကဲ့သို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#Themyawadydaily

Monday, January 29, 2018

KIA အကြမ်းဖက် သောင်းကျန်းသူများက ဆွမ်ဘရာဘွမ် မြို့အနီးရှိ တံတားနှစ်စင်းနှင့် ဆောက်လုပ်ရေး ယာဉ်ယန္တရားများအား မီးရှို့ဖျက်ဆီး


KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက တံတားနှင့် ဘက်ဟိုးယာဉ်အား မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရစဉ်။


နေပြည်တော် ၂၉-၁-၂ဝ၁၈

ကချင်ပြည်နယ်၊ ဆွမ်ဘရာဘွမ်မြို့အနီး မြစ်ကြီးနား-ဆွမ်ဘရာဘွမ်-ပူတာအိုလမ်းပိုင်း မိုင်တိုင် (၁၁၁) နေရာရှိ စီနင်ခချောင်းကူး၊ ဇနန်သံဘောင်ဘေလီတံတားသို့ ယနေ့နံနက် ၈ နာရီခန့်တွင် KIA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များ ရောက်ရှိလာပြီး ချဉ်းကပ်လမ်းနှင့် တံတားပေါ်ရှိ ယာဉ်သွားလမ်း ၂၀ ပေခန့်အား တံတားဆောက်လုပ်ရေး ဆောင်ရွက်နေသော မန်းပြည်တံခွန်ကုမ္ပဏီပိုင် ဘက်ဟိုးယာဉ်ဖြင့် ဖျက်ဆီးစေခြင်း၊ ဘက်ဟိုးယာဉ်၊ကျောက်ခွဲစက် ၃ လုံးနှင့် မီးစက် ၁ လုံးတို့အား မီးရှို့ဖျက်ဆီးခြင်း၊ ဘိလပ်မြေဖျော်စက် ၁ လုံးနှင့် ကွန်ကရစ်ဖောက်စက် ၁ လုံးတို့အား ချောင်းအတွင်းသို့တွန်းချခြင်းများ ပြုလုပ်ခဲ့ပြီး အလုပ်သမားများအား အမြန်ပြန်လည် ထွက်ခွာရန်ပြောကြား၍ ဆွမ်ဘရာဘွမ်ဘက်သို့ ပြန်လည်ထွက်ခွာ သွားသည်။

အလားတူ ဇနန်တံတားနှင့် ၁ မိုင်ခန့်အကွာရှိ သံဘောင်ဘေလီအမှတ် (၁/၁၁၀) သို့ ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တံတားပေါ်သို့ ကရိန်းယာဉ်ဖြင့် ရောက်ရှိလာသော ရွှေလီရေအားလျှပ်စစ် စီမံကိန်းမှ ဦးမျိုးသီဟထွန်း အပါအ၀င် ၃ ဦးအား ကြိုတင်ရောက်ရှိနေသော KIA အကြမ်းဖက်သောင်းကျန်းသူများက ယာဉ်အားရပ်တန့်စေပြီး ဦးမျိုးသီဟထွန်းထံမှ လက်ကိုင်ဖုန်း ၁ လုံးအားသိမ်းယူခြင်း၊ ကရိန်းယာဉ်ဘီးအား လက်နက်ငယ်များဖြင့် ပစ်ဖောက်၍ယာဉ်အား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ဆွမ်ဘရာဘွမ်ဘက်သို့ ပြန်လည်ထွက်ခွာ သွားခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်တွင် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ လမ်းတံတား ဆောက်လုပ်ရေးအဖွဲ့များထံသို့ လုပ်ငန်းများရပ်ဆိုင်းထားရန် ခြိမ်းခြောက်အကြောင်းကြားစာ ပေးပို့ထားပြီး လိုက်နာမှုမရှိသဖြင့် ယခုကဲ့သို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, January 3, 2018

KIA/TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက နောက်တန်း တပ်ဌာနချုပ်များနှင့် လားရှိုး-မူဆယ်ပြည်ထောင်စု ကားလမ်းမကြီးအား နှောက်ယှက်တိုက်ခိုက်



တပ်ရင်းဓမ္မာရုံသို့ ရန်သူ့လက်နက်ကြီး ကျည်ထိမှန်ပျက်စီး နေမှုမှတ်တမ်းဓာတ်ပုံ။

ပြည်ထောင်စုကားလမ်းမကြီး ပေါ်ရှိမိုင်းယုကျေးရွာသို့ သောင်းကျန်းသူများ လာရောက် ပစ်ခတ်သဖြင့်ပျက်စီး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

နေပြည်တော် ၃-၁-၂ဝ၁၈

KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးကို လစ်လျှူရှုလျက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒလမ်းစဉ်ကို ဆန့်ကျင်ကာ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရေရှည်ဆက်လက်လျှောက်လှမ်းရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလလယ်ပိုင်းနှင့် လကုန်ပိုင်းတို့တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့ရှိ နယ်မြေခံနောက်တန်းတပ်ဌာနချုပ်များ၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ လုံခြုံရေးစခန်းများနှင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တို့အား လက်နက်ကြီးများဖြင့် နှောက်ယှက်ပစ်ခတ် ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မန်တပ်မြို့နယ်ရှိ နယ်မြေခံနောက်တန်း တပ်ဌာနချုပ်သို့ အကြမ်းဖက်သောင်းကျန်းသူအချို့က လက်နက်ကြီးများဖြင့် လာရောက်နှောက်ယှက် တိုက်ခိုက်ခဲ့သဖြင့် မိမိမှ ပြန်လည်ပစ်ခတ်ခဲ့သည်။ ဖြစ်စဉ်တွင် တပ်ဧရိယာအနီးပတ်ဝန်းကျင်၌ ၁၀၇ မမဗုံးသီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းတွင် KIA/TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအနီး လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မိုင်းယုကျေးရွာနှင့် အထက်တုန်ခန်ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ တိုင်းရင်းသားပြည်သူ ၁ ဦးနှင့် နွား ၁ ကောင်သေဆုံးခဲ့ကာ ဒေသခံတိုင်းရင်းသားပြည်သူ ၃ ဦးနှင့် နွား ၁၆ ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် လားရှိုး-မူဆယ်ပြည်ထောင်စု ကားလမ်း မကြီးအား လုံခြုံရေးဆောင်ရွက်နေသည့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရင်ကွဲတောင်စခန်း၊ နမ့်ခိုင်စခန်းနှင့် နမ့်ဖတ်ကာမြို့ရှိ နယ်မြေခံနောက်တန်း တပ်ဌာနချုပ်တို့အား KIA/TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် KIA/TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက နမ့်ခိုင်စခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း လာရောက် တိုက်ခိုက်ခဲ့ သဖြင့် စခန်းများ၊ နောက်တန်းတပ်ဌာနချုပ်နှင့် ပြည်ထောင်စုကားလမ်းမကြီး အနီးပတ်ဝန်းကျင်တို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။

အလားတူ KIA/TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းနှင့် ဒီဇင်ဘာ ၃၁ ရက်နံနက်ပိုင်းတို့တွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အားလည်းကောင်း၊ ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် မုံးကိုးမြို့ ပတ်လည်လုံခြုံရေးဆောင်ရွက် နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား မြို့အထွက်တံတားအနီး၌လည်းကောင်း၊ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် မုံးကိုးမြို့၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့် အကွာရှိ မန်ဂျီးနှင့် ကြူကုတ်ကျေးရွာသွား ကားလမ်းဘေး၌လည်းကောင်း၊ ဒီဇင်ဘာ ၃၀ ရက်မွန်းလွဲပိုင်းတွင် မူဆယ်မြို့နယ်၊ ဆယ်လန့်ကျေးရွာအနီး မူဆယ်-နမ့်ခမ်းသွားကားလမ်းပေါ်၌ လည်းကောင်း ခရီးသွားလာနေသည့် အများပြည်သူများ ထိခိုက်ပျက်စီးစေရန် ရည်ရွယ်လျက် ရီမုမိုင်း၊ ရှေ့ထွက်မိုင်းနှင့်ဒေသန္တရလက်လုပ်မိုင်းများဖြင့် နှောက်ယှက် တိုက်ခိုက်မှုများပြုလုပ်ခဲ့ သည်။

ထို့ပြင် ဒီဇင်ဘာ ၃၀ ရက်တွင်လည်း KIA အကြမ်းဖက်သောင်းကျန်းသူများ သည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာရှိ နယ်မြေခံနောက်တန်းတပ်ဌာနချုပ်ကို အင်အား ၇၀ ခန့်ဖြင့် နံနက် ၆ နာရီခွဲခန့်မှ ၁၁ နာရီခွဲခန့်အတွင်း နေရာ ၃ နေရာမှ ၃ ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိတပ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ သည်။ ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည် ၂ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသည်။ အလားတူ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းကလည်း ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ဖားကန့်သွား ကားလမ်းပေါ်ရှိ ဒွန်ဘုံးခကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့် အကွာ၌ KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် လမ်းပေါ်၌ ခရီးသွားလာနေသည့် မော်တော်ယာဉ် ၁ စီး ပျက်စီးခဲ့ကာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများက အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်၊ ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ထိခိုက်ပျက်စီးစေရန်နှင့် နောက်တန်းတပ်ဌာနချုပ်ရှိ မိသားစုဝင်များနှင့် ကလေးငယ်များအား အန္တရာယ်ကြီးစွာ ဖြစ်စေနိုင်သည့် နှောက်ယှက်တိုက်ခိုက်မှု များပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက တရားဥပဒေစိုးမိုးမှုရှိစေရေးနှင့် နယ်မြေအေးချမ်းစေရေးအတွက် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်လျက်ရှိ ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Friday, August 4, 2017

အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ကိုင်းကြီး (မြို) ကျေးရွာသား ခြောက်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးလျက်ရှိ


မောင်တောမြို့နယ် ကိုင်းကြီး (မြို) ကျေးရွာသား ခြောက်ဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံးသည့် နေရာပြမြေပုံ။

နေပြည်တော် ၄-၈-၂၀၁၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီး (မြို) ရွာ အနောက်ဘက်၌ ယနေ့နံနက်ပိုင်းတွင် သေနတ်သံများ ကြားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ ကိုင်းကြီးကျေးရွာသား ခြောက်ဦး၏ အလောင်းများကို တွေ့ရှိခဲ့ရပြီး နှစ်ဦးပျောက်ဆုံး လျက်ရှိသည့်အတွက် ဒေသခံများကိုတိုက်ခိုက်ခဲ့သည့် အစွန်းရောက် အကြမ်းဖက်သမားများကို ပိတ်ဆို့ရှာဖွေ လိုက်လံရှင်းလင်း လျက်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ ယနေ့နံနက် ၁ဝနာရီခန့်က သေနတ်သံများ ကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းခဲ့ရာ ယင်းကျေးရွာနေ မောင်ကုန်ဝိုင်း (၂၅) နှစ်၊ မောင်လင်းကြတ် (၂၉) နှစ်တို့နှစ်ဦးကို မှောက်လျက် အနေအထားဖြင့် သေဆုံး လျက်ရှိသည်ကို စတင်တွေ့ရှိခဲ့ကြောင်း။ ဆက်လက်၍ မောင်ကိုင်းမွှေး (၂၅) နှစ်သည် ဦးခေါင်းနောက်စေ့နှင့် ခန္ဓာကိုယ် အနှံ့ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ထပ်မံ တွေ့ရှိရကြောင်း။လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဆက်လက် နယ်မြေရှင်းလင်းရာ မဆိန်ရာ(၃၈) နှစ်တွင် ပြတ်ရှဒဏ်ရာများဖြင့် လည်းကောင်း၊ မရီ (၂၇) နှစ်တွင် ပြတ်ရှဒဏ်ရာများနှင့် သေနတ်ရှပ်မှန် ဒဏ်ရာများဖြင့် လည်းကောင်း၊ မထီး ကော် (၂၅) နှစ်တွင် သေနတ်ဒဏ်ရာ များဖြင့် လည်းကောင်း သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရပြီး အခြားရွာသား နှစ်ဦးမှာလည်း ပျောက်ဆုံးလျက်ရှိသည်ကို စစ်ဆေးတွေ့ ရှိရကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ပျောက်ဆုံးလျက်ရှိသည့် မြိုတိုင်းရင်းသား နှစ်ဦးကို ဆက်လက်ရှာဖွေ လျက်ရှိကြောင်းနှင့် အပြစ်မဲ့မြို တိုင်းရင်းသားများကို အကြောင်း မဲ့သတ်ဖြတ်သွားသည့် အစွန်းရောက် အကြမ်းဖက် သမားများကို ပိတ်ဆို့ရှာဖွေခြင်း၊ လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

Tuesday, August 1, 2017

အစွန်းရောက် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်ထားသည့် မသင်္ကာဖွယ်တဲများအနီးမှ လူ့အသုံးအဆောင်ပစ္စည်းများတွေ့ရှိ



နေပြည်တော် ၁-၈-၂၀၁၇

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက မေယုတောင်ကြောပေါ်၌ အစွန်းရောက် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်ထားသည့် တဲများနှင့် အသုံးအဆောင် ပစ္စည်းများ တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရသေ့တောင်မြို့နယ် ချွတ်ပြင် ကျေးရွာသား ဦးသန်းဌေး ပျောက်ဆုံးနေမှုအတွက် ဇူလိုင် ၃ဝ ရက် နံနက်ပိုင်းတွင် မေယုတောင်ကြော ပတ်ဝန်းကျင် တစ်ဝိုက် လိုက်လံရှာဖွေခဲ့ရာ မွန်းလွဲပိုင်းတွင် အစွန်းရောက် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်ထားသည့် တဲများ၊ တဲဆောက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း များကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

တွေ့ရှိသည့် ပစ္စည်းများမှာ မိုးကာလိပ်အစိမ်း အသစ်တစ်လိပ်၊ အလျား ၁၂ ပေ၊ အနံ ၆ ပေရှိ မိုးကာစရောင်စုံ ၁၂ ထည်၊ ပေ ၁ဝဝ ရှိ နိုင်လွန်ကြိုးတစ်ခွေ၊ ပေါက်ပြားလေးလက်၊ ဆန်ငါးအိတ်၊ ဆီခုနစ်ပိဿာ၊ ငါးနီတူခြောက် တစ်ပိဿာပါ အထုပ်ငါးထုပ်၊ ငရုတ်သီးမှုန့်တစ်ပိဿာ ထုပ်တစ်ထုပ်၊ ရွှေကြက်တံဆိပ် ဟင်းခတ်အမွှေး ခြောက်ဘူး၊ ကွမ်းသီးသုံးပိဿာ၊ ကော်ဖီမစ်ပေါင်ထုပ် ၁၈ ထုပ်၊ WFP တံဆိပ်ပါ Hight Energy Biscuits 75 g အထုပ် ၁ဝဝ ပါ တစ်ဖာ၊ စတီးထမင်းစား ပန်းကန် ၁၅ ချပ်၊ ကြွေရည်သုတ် ထမင်းစားပန်းကန် ၁ဝ ချပ်၊ စတီးဇလုံ အသေးနှစ်လုံးနှင့် ခြုံစောင်လေးထည် တို့ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ အခြေစိုက်ထားသည့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရုံးခွဲမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆန်၊ ဆီ၊ ဆား၊ပ၊ဲ ဘီစကွတ်နှင့် အာဟာရမှုန့် စသည့် လူသားချင်း စာနာမှုဆိုင်ရာ ရိက္ခာများကို ရခိုင်ပြည်နယ်အတွင်းရှိ IDP Camps များတွင် ထောက်ပံ့ကူညီ ပေးလျက်ရှိရာ မသင်္ကာဖွယ် တဲများနှင့်အတူ လူသုံးကုန် ပစ္စည်းများ၊ အစားအသောက်များ တွေ့ရှိခဲ့မှု နှင့်ပတ်သက်၍ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေး ဆက်လက်စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

Wednesday, July 12, 2017

နမ့်ခမ်းမြို့အတွင်းရှိ ဈေးဆိုင်များအား ဆက်ကြေး ကောက်ခံနေသည့် TNLA အကြမ်းဖက် သောင်းကျန်းသူ ၂ ဦးဖမ်းဆီးရမိ


သိမ်းဆည်းရမိ ဓားမြှောင်၊ ဆက်ကြေးကောက်ခံရရှိသည့်ငွေနှင့် ဆက်စပ် ပစ္စည်းများကို တွေ့ရစဉ်။

သိမ်းဆည်းရမိလိုင်စင်မဲ့ဆိုင်ကယ်ကို တွေ့ရစဉ်။

ဖမ်းဆီးရမိသူကို တွေ့ရစဉ်။

နေပြည်တော် ၁၂-၇-၂၀၁၇

ဒီမိုကရေစီအစိုးရ စတင်ပေါ်ပေါက်လာသည့် ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက် နောက်ပိုင်း နိုင်ငံတော်နှင့် ပလောင်ဒေသ ပြည်သူများအပေါ် လူသတ်၊ဓားပြတိုက်၊ ပြန်ပေးဆွဲခြင်းနှင့် ဆက်ကြေးကောက်ခံခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ်များ ဖောက်ဖျက် ကျူးလွန်နေသည့် TNLA အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းသည် တည်ဆဲဥပဒေများ၊ ပြစ်မှုများ ဆက်တိုက်ဖောက်ဖျက် ကျူးလွန်လျက်ရှိရာ ဇူလိုင် ၁၀ ရက်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူများက နမ့်ခမ်းမြို့နေ ပြည်သူလူထုနှင့် သမာအာဇီဝ လုပ်ကိုင်ရှာဖွေ စားသောက်နေကြသည့် ပြည်သူများထံမှ မတရားဆက်ကြေး ကောက်ခံမှုများ ပြုလုပ်နေကြောင်း အဓမ္မမတရားမှု ကျူးလွန်နေသူများကို လက်မခံသည့် တာဝန်သိပြည်သူတို့၏ သတင်းပေးပို့ချက်အရ တပ်မတော်စစ်ကြောင်းက နမ့်ခမ်းမြို့အတွင်း ကင်းပုန်းဝပ် လုံခြုံရေးဆောင်ရွက်စဉ် ယင်းနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဈေးဆိုင်များအား ဆက်ကြေးလိုက်လံ ကောက်ခံနေသည့် အရပ်ဝတ်ဖြင့် အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးအား တွေ့ရှိ၍ စစ်ဆေးရာ ဓားဖြင့်တိုက်ခိုက်ပြီး ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက လက်နက်ငယ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသူများမှာ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အိုက်စံအောင် (ဘ) ဦးမောင်ဆန်းနှင့် မိုင်းအိုက်ဦး (ဘ) ဦးသားအိုက်ကောင်း တို့ဖြစ်ပြီး ပစ်ခတ်ဖမ်းဆီးစဉ် အိုက်စံအောင်မှာ လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းတို့အား ရှာဖွေစစ်ဆေးစဉ် ဆက်ကြေးကောက်ခံ ရရှိသည့်ငွေ ၁၀၂၂၀၀၀ ကျပ်၊ ဆက်ကြေးကောက်ခံရမည့် ဆိုင်အမည်နှင့် ငွေပမာဏပါ စာရွက် ၁ ရွက်၊ ဆိုင်အမည်နှင့် ဖုန်းနံပါတ်ပါ စာရွက် ၁ ရွက်၊ ဖုန်း ၂ လုံး၊ ဓားမြှောင် ၁ ချောင်းနှင့် လိုင်စင်မဲ့ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် အိုက်စံအောင်ကို နမ့်ခမ်းမြို့ရှိ နယ်မြေခံ တပ်ဆေးခန်း၌ ဆေးကုသမှု ဆောင်ရွက်ပေးနေစဉ် ၎င်းမှာ ရရှိဒဏ်ရာဖြင့် ညနေ ၆ နာရီ ၅ မိနစ်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။ အဆိုပါနေရာနှင့် ပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, July 10, 2017

လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင် အကြမ်းဖက်သမားများက တိုက်ခိုက်၊လက်နက်ကိုင် အကြမ်းဖက်သမား အလောင်းနှစ်လောင်း၊ အရှင်တစ်ဦးနှင့် နှောက်ယှက်ဟန့်တားသူ တစ်ဦးဖမ်းဆီးရမိ


သိမ်းဆည်းရမိ လက်နက် များနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်။


နေပြည်တော် ၁၀-၇-၂၀၁၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာ၌ လက်နက်ကိုင် အကြမ်းဖက်သမားများက လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ဖြင့် ပစ်ခတ်၍ မိုင်းခွဲတိုက်ခိုက် သဖြင့်ပြန်လည် ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက်သမား အလောင်းနှစ်လောင်း၊ အရှင်တစ်ဦးနှင့် နှောက်ယှက်ဟန့်တားသူတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာအုပ်စုနှင့် အနီးတစ်ဝိုက် လှည့်ကင်းဆောင်ရွက်စဉ် နံနက် ၁၁ နာရီခန့်တွင် တင်းမေကျေးရွာရှိ ဖွေယော့အစ္စလာမ်၏ နေအိမ်အတွင်းမှ လက်နက်ငယ်ဖြင့် အတွဲလိုက် အချက် ၂၀ ခန့်ပစ်ခတ်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့၍ လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက်နေအိမ်အတွင်းရှိ အကြမ်းဖက်သမားများက မိုင်း ၁ လုံးဖောက်ခွဲ၍ ထပ်မံတိုက်ခိုက်သဖြင့် နေအိမ်အားရှင်းလင်းရာ နေအိမ်အတွင်းမှ ပြေးထွက်လာသည့် လက်နက်ကိုင် အကြမ်းဖက်သမား ၃ ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမား အလောင်း ၂ လောင်းရရှိပြီး အကြမ်းဖက်သမား ဖွေယော့အစ္စလာမ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား နှောက်ယှက်ဟန့်တားသူ ဇာဘဲရ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ နေအိမ်အား ဆက်လက်ရှင်းလင်းရာ မီးလောင်ကျွမ်းထားသော ဘီအေ ၉၄ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည်ခွံ ၆ ခု၊ လုပ်သေနတ် ၁ လက်၊ အသက်သွင်းထားသော အဝေးထိန်းစနစ် မိုင်း ၁ လုံး၊ လက်လုပ်မိုင်းပြုလုပ်ရန် ပြင်ဆင်ထားသည့် အချင်း ၄ လက်မ၊ အလျား ၈ လက်မ တစ်ဖက်ပိတ် ကားပစ်စတင်(Piston) ၁ ခု၊ အချင်း ၅ လက်မ၊ အလျား ၈ လက်မရှိ တစ်ဖက်ပိတ်ကားပစ်စတင် (Piston) ၁ ခု၊ ဒီတိုနေတာ(Detonator) ၈ ခု၊ သေဆုံးသူ၏ ခါးပတ်ပိုက်ဆံအိတ်အတွင်းမှ ဘင်္ဂလားဒေရှ့်တာကာ ငွေ တစ်ထောင်တန် ၁ ရွက်၊ တစ်ဆယ်တန် ၅ ရွက်၊ နှစ်ဆယ်တန် ၇ ရွက်၊ Symphony ဖုန်း ၁ လုံး၊ မီးလောင်ကျွမ်းထားသည့် စကားပြောစက် ၄ လုံး၊ အားသွင်းခုံ၊ ကြိုး၊ ဘက်ထရီသုံးမရ ၃ ခု၊ ဓာတ်ခဲခြောက် ၄ ခု၊ ဓားရှည် ၆ ချောင်း၊ မောင်းချဓား ၄ ချောင်း၊ ဓားမ ၁ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ သိမ်းဆည်းရရှိသည့် ဘီအေ ၉၄ သေနတ် ၁ လက်သည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က ကျီးကန်းပြင် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွင်ပါသွားသည့် လက်နက်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများထံသို့ ပါသွားခဲသည့် လက်နက် ၆၅ လက်အနက် ယနေ့အထိ ၂၇ လက်ရရှိပြီးဖြစ်ရာ ၃၈ လက်ကျန်ရှိကြောင်းနှင့် သေဆုံးသူအကြမ်းဖက်သမား အလောင်းများအား ရွာသားများဖြင့် စိစစ်ခဲ့ရာ ဒေသခံမဟုတ်ဘဲ မျက်နှာစိမ်းများဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိအကြမ်းဖက်သမား၏ ထွက်ဆိုချက်အရ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တင်းမေကျေးရွာနှင့် ပတ်ဝန်းကျင်တစ်လျှောက် နယ်မြေဆက်လက် ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, June 27, 2017

KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးစများထိမှန်၍ ဒေသခံ ပြည်သူနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ


KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးစ ထိမှန်ဒဏ်ရာရရှိခဲ့သော ဦးအိုက်စံကိုတွေ့ရစဉ်။

KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးကို တွေ့ရစဉ်။

နေပြည်တော် ၂၇-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ အနီးဝန်းကျင်ရှိ နယ်မြေခံတပ်များအား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများက ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ်၂၀ ခန့်တွင် ကွတ်ခိုင်မြို့၏ အနောက်ဘက်နှင့် အနောက်တောင် ဘက်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် နယ်မြေခံတပ်များမှ ပြန်လည်ပစ်ခတ်ရာ ၁၂ နာရီ မိနစ် ၅၀ တွင်ပစ်ခတ်မှုများ ရပ်တန့်သွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ကွတ်ခိုင်မြို့တွင်းနှင့် နယ်မြေခံတပ်အနီးသို့ KIA/TNLA အကြမ်းဖက် သောင်းကျန်း သူများ၏ လက်နက်ကြီး ဗုံးသီးများကျရောက် ပေါက်ကွဲခဲ့သဖြင့် ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက် မီတာ ၄၀၀၀ခန့် အကွာရှိ ပိန်းဟွယ်ကျေးရွာနေ ဒေါ်အေးအမ်နှင့် ဦးအိုက်ဒဲ့တို့နှစ်ဦးမှာ လက်နက်ကြီးစထိမှန်၍ သေဆုံးခဲ့ပြီး ဦးအိုက်စံမှာ ဦးခေါင်းတွင် လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် ကွတ်ခိုင်ပြည်သူ့ ဆေးရုံ တွင် ဆေးဝါးကုသမှုများ ခံယူလျက်ရှိသည်။

အဆိုပါဖြစ်စဉ်နေရာအနီး တစ်ဝိုက်သို့ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, June 8, 2017

ကြူကုတ်မြို့အနီး၌ လက်ပစ်ဗုံးနှင့်မိုင်းများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ၊ ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းအား အကြမ်းဖက်သောင်းကျန်းသူများက အဝေးထိန်းစနစ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်



သိမ်းဆည်းရမိ ဆိုင်ကယ်တူးဘောက်အတွင်းမှ လက်ပစ်ဗုံးသုံးလုံးနှင့် နင်းမိုင်းအသေးသုံးလုံးကိုတွေ့ရစဉ်။

မိုင်းစထိမှန်ခဲ့သည့် အုပ်ချုပ်မှုယာဉ်တန်းမှ မော်တော်ယာဉ်တစ်စီးကိုတွေ့ရစဉ်။

နေပြည်တော် ၈-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကြူကုတ်မြို့အနီး တပ်မတော်သားများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဇွန် ၆ ရက် ည ၁ဝ နာရီခန့်တွင် ကြူကုတ်မြို့၏ တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် နမ့်တောင်းဘက်မှ အမျိုးသားနှစ်ဦးအရှိန် ပြင်းထန်စွာမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်စေရာ ရပ်တန့်ခြင်းမရှိဘဲ စစ်ဆေးသည့် တပ်မတော်သားတစ်ဦးအား ပွတ်တိုက်၍ မြို့အတွင်းသို့ မောင်းနှင်ထွက်ပြေးသဖြင့် လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရသည်။

ဖြစ်စဉ်တွင် မော်တော်ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာ မော်တော်ဆိုင်ကယ်အား နေရာတွင်ပင်ထားရှိကာ မြို့တွင်းသို့ထွက်ပြေးသွားခဲ့သည်။ အဆိုပါသေဆုံးသူထံမှ ကင်တိုဓားရှည်တစ်ချောင်း ကိုတွေ့ရှိရပြီး ဆိုင်ကယ်တူးဘောက် အတွင်းမှလက်ပစ်ဗုံး သုံးလုံးနှင့် နင်းမိုင်းအသေး သုံးလုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကာ ထွက်ပြေးသွားသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇွန် ၆ ရက် ည ၁၂ နာရီ မိနစ် ၄ဝ ခန့်က ကြူကုတ်မြို့၏အရှေ့ဘက်မီတာ၂၃ဝဝ ခန့်အကွာရှိ နမ့်ဟူးရွာအနီးတွင် ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းအား အကြမ်းဖက် သောင်းကျန်းသူများက လမ်း၏ညာဘက်ပေ ၅ဝ ခန့်အကွာမှ အဝေးထိန်းစနစ် မိုင်းနှစ်လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အုပ်ချုပ်မှုယာဉ်တန်းမှ မော်တော်ယာဉ်တစ်စီး ရှေ့လေကာမှန် မိုင်းစထိမှန် ပျက်စီးခဲ့သည်။

အဆိုပါမိုင်းဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်နှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...