Social Icons

Pages

Showing posts with label ပညာတော်သင်ဆိုင်ရာ. Show all posts
Showing posts with label ပညာတော်သင်ဆိုင်ရာ. Show all posts

Thursday, December 27, 2018

နိုင်ငံတကာ အင်္ဂလိပ်ဘာသာ အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုလိုသည့် ကျောင်းသား ကျောင်းသူများကို ရာသက်ပန် ပညာသင်ဆု ပေးမည်

-
ရန်ကုန်  ဒီဇင်ဘာ  ၂၆ 
-
နိုင်ငံတကာ   အင်္ဂလိပ်ဘာသာ အရည်အချင်းစစ် စာမေးပွဲများ   ဖြေဆိုလိုသည့် ကျောင်းသား၊ ကျောင်းသူများကို ရာသက်ပန်  IELTS Course Scholarship ပေးမည်ဖြစ် ကြောင်း  The SPACE Language Academy  မှ သိရသည်။ ပညာသင်ဆု   လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝင်ခွင့်ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင် သူများအနေဖြင့် IELTS  Preparation Course  များကို သင်တန်းကြေး  ၁ဝဝ  ရာခိုင်နှုန်း ကင်းလွတ်ခွင့် ရမည်ဖြစ်သည်။ 
-
''ပထမဆုံးအနေနဲ့  IELTS  Placement Test ကို အရင်ဆုံးဖြေဆိုရပါမယ်။ Scholarship ရတဲ့သူတွေက  ရာသက်ပန် ဘယ်သင်တန်းမှာ တက်တက် တက်ခွင့်ပေးမယ်။ အမှန်တကယ် တက်ရောက်နိုင်မှသာ လျှောက်သင့်တယ်။  အမှန် တကယ် မတက်နိုင်ဘဲ လျှောက်ရင်  တကယ်တက်ချင်တဲ့သူတွေ အတွက်   နစ်နာမှုတွေရှိတယ်''  ဟု  The  SPACE Language Academy မှ  Co-founder and Principal ဒေါ်မေမွန်အောင် ကပြောသည်။ 
-
ယင်းသင်တန်းတွင် IELTS  စာမေးပွဲကို အခြေခံမှစ၍ ပြင်ဆင်လိုသူများအတွက် IELTS  Fresher Course ၊ IELTS စာမေးပွဲကိုဖြေဆိုရန်  အနီးကပ် ပြင်ဆင်လိုသူများ အတွက် IELTS Test Taker (6+and 7 +) Courses နှင့် IELTS စာမေးပွဲဖြေဆိုလျှင် Skill တစ်ခုချင်းစီတွင်အမှတ်ကောင်းရအောင်စနစ်တကျလေ့ကျင့်လိုသူများ အတွက်  Single Skilled Courses ဟူ၍  အမျိုးအစား သုံးမျိုး ခွဲခြားထားသည်။ ပညာသင်ဆု  လျှောက်ထားလိုသူများ  အနေဖြင့်  မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ် ပြီး  ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်းသိရသည်။ 
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 28, 2017

နည်းပညာနှင့် သက်မွေးပညာသင် ကျောင်းသားများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာတော်သင် ထွက်ခွာ


တာဝန်ရှိသူများနှင့် ပညာတော်သင် ကျောင်းသား ကျောင်းသူများ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၈-၂-၂၀၁၇

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နည်းပညာနှင့် သက်မွေးပညာ ဖလှယ်ရေးအစီအစဥ်အရ မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီး ဌာန၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံခြား တိုင်းပြည်များနှင့် ချစ်ကြည်ရေး အသင်း (CPAFFC)၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)နှင့် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်း ဆောင်ရွက်မှု ဖြင့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ မန္တလေး တက္ကသိုလ်၊ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်း ကျောင်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန လက်အောက်ရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ဆေးဝါးတက္ကသိုလ် (ရန်ကုန်) တို့မှ ကျောင်းသား၊ ကျောင်းသူ ၈၅ ဦးတို့သည် ဒုတိယအသုတ် အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပညာတော်သင် သွားရောက်ရန် ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာသွား ကြသည်။

ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာန ကိုယ်စား နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဒေါက်တာ အေးမြင့်၊ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး များနှင့် ဆရာ၊ ဆရာမများ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး နှင့် သံရုံးအဖွဲ့ဝင်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) မှ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အလုပ် အမှုဆောင်များ နှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘ အုပ်ထိန်းသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတကာ ပညာရေး ဖလှယ်ရေးအသင်း (CEAIE)၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) တို့အကြား ပူးပေါင်းဆောင်ရွက်မှု အရ Tianjin Sino-German University of Applied Science ၊ Chongqing Industry & Trade Polytechnic ၊ Chongqing Three Gorges Vocational College ၊ Wuhan Polytechnic ၊ Nanjing Institute of Industry Technology ၊ Suzhou Health College နှင့် Zhejiang Institute of Mechanical & Electrical Engineering, Hangzhou တို့တွင် နည်းပညာနှင့် သက်မွေး ပညာရပ်များ သွားရောက်သင်ယူ နိုင်ရေးအတွက် ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား စိစစ်ရွေးချယ်၍ အရည်အချင်းစစ် စာမေးပွဲဖြေဆို အောင်မြင်သူ များအား စေလွှတ်ခြင်း ဖြစ်သည်။

ပထမအသုတ် အနေဖြင့် ကျောင်းသား၊ ကျောင်းသူ ၈၇ ဦးတို့သည် ၂ဝ၁၆ ခုနှစ် မေလအတွင်း၌ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့ကြပြီး နန်ကျင်း၊ ယန်ကျိုး၊ ထိုက်ကျိုး နှင့် ချန်ကျိုးမြို့တို့ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် နည်းပညာနှင့် သက်မွေးပညာရပ် များကို လေ့လာသင်ယူလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Thursday, October 27, 2016

စင်ကာပူအစိုးရ၏ အာဆီယံပညာသင်ဆု မြန်မာကျောင်းသား ၄ ဦးရရှိ



ရန်ကုန် ၊ ၂၇-၁၀-၂၀၁၆

စင်ကာပူနိုင်ငံ အစိုးရ၏ ၂ဝ၁၆ ခုနှစ် အတွက် ရွေးချယ်သော အာဆီယံ ပညာသင်ဆုကို မြန်မာ ကျောင်းသား လေးဦး ဆွတ်ခူး ရရှိခဲ့ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူ သံရုံး၌ ကျင်းပသော ပညာသင်ဆု ဂုဏ်ပြုပွဲ မှ သိရသည်။

ပညာသင်ဆု ရွေးချယ်ခံရသူ ကျောင်းသား ကျောင်းသူ လေးဦးသည် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မှ သုံးဦး ၊ လသာမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းမှ တစ်ဦးဖြစ်ပြီး မကြည်ခိုင်ခိုင်ကျော်၊ မောင်ဉာဏ်လင်းထက်၊ မလင်းထက်မာလာ နှင့် မယွန်းစုလင်း တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြု ဧည့်ခံပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာက ပညာသင်ဆုရ မြန်မာ ကျောင်းသား ၊ ကျောင်းသူလေးများ အနေဖြင့် စင်ကာပူနိုင်ငံ၌ ပညာသင်ကြား စဉ်ကာလ အတွင်း အစွမ်းကုန် ကြိုးစားကြ စေလိုကြောင်း၊ သို့မှသာလျှင် မိမိနိုင်ငံ ပြန်ရောက်လျှင် နိုင်ငံခေတ်မီ ဖွံ့ဖြိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တို့တွင် ကောင်းစွာပါဝင် နိုင်မည် ဖြစ်ကြောင်းနှင့် ပညာသင်ယူစဉ် ကာလတွင် စင်ကာပူနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ များနှင့် နိုင်ငံသားများ၏ အကြောင်းအရာ များကို လေ့လာကြရန် နှင့် ထိုမှတစ်ဆင့် မြန်မာ- စင်ကာပူ နှစ်နိုင်ငံ ဆက်ဆံရေး ချစ်ကြည်ရေး အဓွန့် ရှည်ကြာမည် ဖြစ်ကြောင်း ပြောသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ နိုင်ငံ သံအမတ်ကြီးက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာသင်ဆု စိစစ် ရွေးချယ်ခံ ရသော မြန်မာ ကျောင်းသား ကျောင်းသူ လေးဦးအား ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ကာ ဆုရ ကျောင်းသား ကျောင်းသူများ အပါအဝင် ပညာရေး သုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး (သင်ရိုး) ဒေါက်တာ ဇော်လတ်ထွန်း နှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၄)

Tuesday, June 21, 2016

ရန်ကုန်တက္ကသိုလ် ဘွဲ့ကြိုကျောင်းသား များအား ဂျာမနီနိုင်ငံမှ ပညာသင်ဆုများ ပေးအပ်


University Hofenheim

ရန်ကုန် ၊ ၂၁-၆-၂၀၁၆

ဂျာမနီနိုင်ငံရှိ University Hofenheim အပါအဝင် တက္ကသိုလ် ကိုးခု၌ သွားရောက် သင်ကြားနိုင်မည့် Baden Wurttemberg ပညာသင်ဆုကို ရန်ကုန်တက္ကသိုလ် မှ ဘွဲ့ကြို ကျောင်းသား များအား ဂျာမနီနိုင်ငံ Baden Wurttemberg ပြည်နယ် ဖောင်ဒေးရှင်းက ပေးအပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုနှင့်ပတ်သက်၍ လျှောက်ထားသူ ဒုတိယနှစ် ကျောင်းသား ကိုအောင်စိုးသိုက် က '' ရန်ကုန်တက္ကသိုလ်  မှာတော့ နှစ်စဉ် ပညာသင်ဆု လျှောက်ထား ခွင့်တွေ ရပါတယ်။ ဂျာမနီနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်ဖြစ်တဲ့ University Hofenheim လိုမျိုးမှာ တက်နိုင်ဖို့က ကိုယ့်ပိုက်ဆံနဲ့ ဆို မလွယ်ကူဘူး။ ပညာသင်ဆု ပေးရင်လည်း ဘာသာရပ် ခွဲခြားတာမျိုး မလုပ်ဘူးဆိုရင် ကျောင်းသားတွေ အတွက် ရွေးချယ်ဖို့ အခွင့်အလမ်း ပိုရှိလာမယ်'' ဟု ပြောသည်။

Baden Wurttemberg ပညာသင်ဆု နှင့်ပတ်သက်၍ သုံးနှစ်အတွင်း ရန်ကုန် တက္ကသိုလ်မှ အနည်းဆုံး ကျောင်းသား ဦးရေ ၂ဝ ဦးအား ပေးအပ်သွားမည် ဖြစ်ပြီး ပညာသင်နှစ် တစ်နှစ်လျှင် အနည်းဆုံး ကျောင်းသား ခုနစ်ဦး ရွေးချယ်ခေါ်ယူ သွားရန် စီစဉ်ထားသည်။

ရန်ကုန်တက္ကသိုလ် မှ မည်သည့် ဘာသာရပ်ကို အထူးပြု ယူထားသည့် ကျောင်းသားမဆို လျှောက်ထားနိုင်ပြီး ရွေးချယ်ခံ ရသော ကျောင်းသားသည် အနည်းဆုံး ဂျာမနီနိုင်ငံမှ တက္ကသိုလ် တစ်ခု၌ Semester တစ်ခုကို လေးလ တက်ရောက်ခွင့် ရမည်ဖြစ်သည်။ ဆက်လက် တက်ရောက် လိုသော ကျောင်းသား သည် စာကြိုးစား ရမည်ဖြစ်ပြီး သတ်မှတ်ချက် ပြည့်မီမှသာ ကျောင်းပြီးသည် အထိ တက်ရောက်ခွင့် ရမည် ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံ Baden Wurttemberg ပြည်နယ် ဖောင်ဒေးရှင်း သည် ပညာသင်ဆု ပေးအပ်ခဲ့ပြီး ယင်း ပညာသင်ဆု တွင် လေယာဉ်စရိတ်၊ ဗီဇာကြေး၊ ကျောင်းလခ နှင့် နေထိုင်စရိတ် တစ်လလျှင် ယူရို ၆ဝဝ နှုန်း ပေးအပ်သွားမည် ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Thursday, May 5, 2016

Samsung မှ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ် မှ ကျောင်းသား ကျောင်းသူများ အတွက် ပညာသင်ဆုပေးမည်



ရန်ကုန် ၊ ၅-၅-၂၀၁၆

Samsung ၏ CSR Program မှ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် တို့မှ ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်ဆု များနှင့် Software ၊ Hardware ပိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Samsung က အရှေ့တောင်အာရှ၊ တရုတ်(တိုင်ပေ) နှင့် နယူးဇီလန် ၌ရှိသည့် Smart School ၈၃ ကျောင်းနှင့် Tech Institute ၁၄ ကျောင်းမှ လူငယ် ကျောင်းသား ပေါင်း ၁၆၅ဝဝဝ အတွက် အမေရိကန် ဒေါ်လာ ၆ သန်း ရင်းနှီးမြှုပ်နှံ ထားသည်။

Samsung သည် နိုင်ငံပေါင်း ၈၄ နိုင်ငံ၌ ဝန်ထမ်းပေါင်း ၃ဝ၇ဝဝဝ ဖြင့် လုပ်ငန်း ဆောင်ရွက်လျက် ရှိပြီး နှစ်စဉ် ရောင်းရငွေ အမေရိကန် ဒေါ်လာ ၁၉၆ ဘီလီယံအထိ ရရှိနေသည့် ကုမ္ပဏီ ဖြစ်သည်။

အာဖရိက၊ အရှေ့ အလယ်ပိုင်း ဒေသ၊ အရှေ့တောင် အာရှနှင့် ဥရောပနိုင်ငံ များ၌ အစီအစဉ် ၂၃ ခုကို အကောင် အထည်ဖော် ဆောင်ရွက်နိုင် ခဲ့ကာ အရည်အချင်း ရှိသည့် လူငယ်များအား ယခု အစီအစဉ်မှ တစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေးအပ်နိုင် ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ နှင့် တရုတ် (တိုင်ပေ) စသည့် အာရှနိုင်ငံများမှ ကျောင်းသားလူငယ် များစွာကို နည်းပညာ နှင့် အင်ဂျင်နီယာ ဘာသာရပ် များတွင် လိုအပ်သည့် သင်ကြားမှု များအတွက် နည်းပညာနှင့် ပတ်သက်သည့် သင်တန်းများ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

မြ၀တီနေ့စဉ် ၊ စာ(၆)

Thursday, March 3, 2016

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ၁၀၀ ဦးကို ကျန်းစု သက်မွေးတက္ကသိုလ် နှင့် ကောလိပ်ငါးခုသို့ စေလွှတ်မည်


ရန်ကုန် ၊ ၃-၃-၂၀၁၆

တရုတ်နိုင်ငံ ကျန်းစုပြည်နယ် ရှိ သက်မွေး တက္ကသိုလ်နှင့် ကောလိပ်ငါးခု သို့ မြန်မာနိုင်ငံ မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ၁ဝဝ ဦး စေလွှတ်မည် ဖြစ်ကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)မှ သိရသည်။

ပညာတော်သင် ၁ဝဝ ဦး လျာထားစိစစ် ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလ တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဧပြီ ၁ ရက်တွင် စတင် တက်ရောက် ရမည်ဖြစ်သည်။

''သက်မွေးပညာသင် သွားဖို့အတွက် တက္ကသိုလ်၊ ကောလိပ်တွေမှာ သင်ရမယ့် သက်ဆိုင်ရာ ဘာသာရပ် အလိုက် သက်ဆိုင်တဲ့ ဝန်ကြီးဌာန တွေကို ဖြန့်ဝေပေး လိုက်တယ်။ ဝန်ကြီးဌာန တွေက သူတို့ရဲ့ လက်အောက်မှာရှိတဲ့ တက္ကသိုလ် အသီးသီး ကနေ ပညာသင် ရွေးချယ်တယ်။ ပြီးတော့ နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာနက အရွေးခံ ရတဲ့ လူအားလုံးကို စုစည်းပြီး ဖေဖော်ဝါရီလ ထဲမှာ ရွေးချယ်ခဲ့ တာပါ'' ဟု မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးစိန်ညွန့် က ပြောသည်။

သက်မွေးပညာ သင်သွားရန် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် သမဝါယမ ဝန်ကြီးဌာနတို့မှ သက်မွေးပညာ သင်လူငယ် များကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ပညာတော်သင် ရွေးချယ်ခံရသူ များသည် တရုတ်နိုင်ငံ ကျန်းစုပြည်နယ်ရှိ Nanjing Institute of Industry ၊ Changzhou Vocational of Engineering ၊ Yangzhou Polytechnic Institute ၊ Jisngsu Agri-Animal Husbandry Vocational College နှင့် Suzhou Health College တို့၌ သက်မွေးပညာ ဒီပလိုမာ သုံးနှစ်သင်တန်း တက်ရောက် သင်ကြားရမည် ဖြစ်ပြီး ဒီပလိုမာ ရရှိပြီးနောက် အဆင့်မီ သူများသည် ဘွဲ့သင်တန်း အတွက် နှစ်နှစ်ထပ်မံ တက်ရောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Monday, February 8, 2016

ငါးနှစ်အတွင်း အခြေခံပညာကျောင်းများရှိ ဆရာ ဆရာမဦးရေ ၉၀၀၀ ကျော်ကို ပြည်ပသို့ ပညာတော်သင် စေလွှတ်နိုင်ခဲ့


ရန်ကုန် ၊ ၈-၂-၂၀၁၆

၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ  ငါးနှစ်တာအတွင်း အခြေခံပညာ ကျောင်းများရှိ ဆရာ၊ ဆရာမဦးရေ ၉ဝဝဝ ကျော်ကို ပြည်ပသို့ ပညာတော်သင် စေလွှတ် နိုင်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဆရာ၊ ဆရာမများထဲမှ ပညာထူးချွန်သူ များအတွက် ပညာ တော်သင်ဆု အစီအစဉ်များ ကိုလည်း ပြုလုပ်ပေး နိုင်ခဲ့ပြီး ပညာတော်သင် ဆုကို ဆရာ၊ ဆရာမဦးရေ ၇၆ဝဝ ကျော် ရယူနိုင်ခဲ့ပြီး ပညာတော်သင် ဦးရေ ၉ဝဝဝ ကျော်ကို ပြည်ပသို့ စေလွှတ် နိုင်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်း များအား ပြည်ပသို့ ပညာတော်သင် စေလွှတ်ရာတွင် ၂ဝဝ၂ ခုနှစ်မှစ၍ ပြည်ပ၌ ပညာသင်ကြား ပြီးနောက် မိခင်နိုင်ငံသို့ ပြန်လာရန် ပျက်ကွက်ပါက ပညာသင် အာမခံ လျော်ကြေးငွေ ကျပ် ငါးသန်း တိတိကို ကာယကံရှင်မှ သော်လည်းကောင်း၊ ၄င်း၏ မိသားစုဝင် များမှ သော်လည်းကောင်း ပေးလျော်စေရန် ကတိခံဝန်ချက်တွင် လက်မှတ် ရေးထိုး၍ စေလွှတ်သည့် အစဉ်အလာ ကျင့်သုံးခဲ့ သည်ကိုလည်း ပယ်ဖျက်ပေး နိုင်ခဲ့သည်။

နိုင်ငံတော် အနေနှင့် နိုင်ငံ့ဝန်ထမ်း များ၏ ပညာသင် အခွင့်အလမ်းများ ပိုမိုတိုးများ လာရေးအတွက် အားပေး အားမြှောက် ပြုသည့်အနေ ဖြင့်လည်းကောင်း၊ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိပြီးနောက် မိမိ သင်ယူတတ် မြောက် လာသည့် ပညာဖြင့် နိုင်ငံတော်ကို အလုပ်အကျွေး ပြုနိုင်ရေး အတွက် ရည်ရွယ်၍ လည်းကောင်း၊ ကတိ ခံဝန်ချက် လက်မှတ် ရေးထိုး ရသည့် လုပ်ငန်းစဉ်ကို စမ်းသပ်ကာလ အဖြစ် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ် ကင်းလွတ်ခွင့်ပြု ပေးထားပြီး ဖြစ်၍ ၂ဝ၁၆ ခုနှစ်အတွင်း ပြည်ပ ပညာတော်သင် သွားရောက်မည့် နိုင်ငံ့ ဝန်ထမ်းများသည် ကတိခံဝန်ချက် လက်မှတ် ရေးထိုးရန် မလိုအပ် တော့ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၆)

Sunday, February 7, 2016

မြန်မာနိုင်ငံသား သုံးဦးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာသင်ဆု ပေးအပ်ခဲ့


ရန်ကုန် ၊ ၇-၂-၂၀၁၆

မြန်မာနိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူ များအား စွမ်းရည်မြှင့်တင် ပေးရန် ရည်ရွယ်၍ နိုင်ငံတကာ တက္ကသိုလ်များ၌ ပညာသင်ယူ နိုင်ရန် မြန်မာနိုင်ငံသား သုံးဦးကို ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာသင်ဆု ပေးအပ်ခဲ့ကြောင်း သိရသည်။

''မြန်မာနိုင်ငံသား တွေထဲမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာ ကျွမ်းကျင်မှု တည်ဆောက် ပေးဖို့က နိုင်ငံရဲ့ ကမ္ဘာ့ အဆင့် ဇီဝမျိုးစုံမျိုးကွဲ တွေကို ကာကွယ် စောင့်ရှောက်ရေးမှာ အလွန်အရေးကြီး ပါတယ်'' ဟု WWF (မြန်မာ) ခေတ္တဌာနေ ညွှန်ကြားရေးမှူး William J.Possiel က ပြောသည်။

ထို့ပြင် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာ ကျွမ်းကျင်မှု တည်ဆောက်ရေး နှင့် မြန်မာနိုင်ငံ၏ ကမ္ဘာ့အဆင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ ဘွဲ့ရ ကျောင်းသားသုံးဦး ကို WWF ၏ EFN ( Education for Nature ) အစီအစဉ်က ပညာသင်ဆုများ ပေးအပ်ခဲ့ကြောင်း WWF (မြန်မာ)က သတင်း ထုတ်ပြန်သည်။

၎င်း မြန်မာကျောင်းသား သုံးဦးသည် ဂျပန်နှင့် ထိုင်းနိုင်ငံတို့ရှိ တက္ကသိုလ်များ၌ မြစ်ကြောင်း ထိန်းသိမ်း စောင့်ရှောက်ရေး၊ ရေထွက်ပစ္စည်း မွေးမြူ ထုတ်လုပ်ရေး လုပ်ငန်း စီမံခန့်ခွဲရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပညာရေး ဘာသာရပ်များကို လေ့လာသင်ယူ ရမည်ဖြစ်ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Thursday, January 14, 2016

မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် နှစ်အလိုက်ထူးချွန် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ပညာသင်ဆုပေးအပ်


ရန်ကုန် ၊ ၁၄-၁-၂ဝ၁၆

ပို့ဆောင်ရေး ဝန်ကြီး ဌာန မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်မှ နှစ်အလိုက် ထူးချွန်ကျောင်း သား၊ ကျောင်းသူများအား ဂျပန်နိုင်ငံ MJ Technology Co.,Ltd မှ ဒုတိယအကြိမ် ပညာသင်ဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီခွဲ တွင် အဆိုပါ တက္ကသိုလ် အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

MJ Technology Co.,Ltd သည် မြန်မာနိုင် ငံ ရေကြောင်း ပညာ တက္ကသိုလ်တွင် ပညာသင်ကြား နေ သည့် ကျောင်းသား၊ ကျောင်းသူ များအနက်မှ ဘာသာရပ် အလိုက် ထူးချွန် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးကို တစ်နှစ်လျှင် တစ်ဦးချင်းအား အမေရိကန် ဒေါ်လာ ၆ဝဝ စီ ပထမအကြိမ် အဖြစ် ပေးအပ်ချီးမြှင့် ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်တို့တွင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ရေယာဉ် တည်ဆောက်မှု ပညာ ဘာသာရပ် အထူးပြု၊ ရေကြောင်း အင်ဂျင်နီယာ ဘာသာရပ် အထူးပြု၊ ဆိပ်ကမ်း အင်ဂျင်နီယာ ဘာသာရပ် အထူးပြုနှင့် မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာ ဘာသာရပ် အထူးပြုဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ ၄ဝ ဦးအား ဂျပန်နိုင်ငံတွင် အလုပ်အကိုင် ရရှိရေးအတွက် ဆောင်ရွက်ပေးလျက် ရှိသော ကုမ္ပဏီတစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် အနေဖြင့် ကျောင်းသားများ အလုပ်အကိုင် ပိုမို ရရှိစေရေးနှင့် ပညာရပ်များအား ပိုမို ကျယ်ပြန့်စွာ လေ့လာနိုင်ရေး အတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ သင်္ဘောကုမ္ပဏီ ၂၅ ခုနှင့် ပြည်ပကုမ္ပဏီ သုံးခုတွင် အလုပ်အကိုင် ရရှိရေး ဆက်သွယ်ေ ဆာင်ရွက် ပေးခဲ့သည့်အပြင် ပြည်တွင်း ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများနှင့် ဆိပ်ကမ်းလုပ်ငန်း များတွင်လည်း အလုပ်အကိုင် ရရှိနိုင်ရေး ဆက်သွယ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၂)

Wednesday, January 13, 2016

မြန်မာသံရုံးများတွင် ခန့်ထားမည့် ပညာရေးဆိုင်ရာ သံမှူးအတွက် လျှောက်ထားသူများပြား


ရန်ကုန် ၊ ၁၃-၁-၂၀၁၆

နိုင်ငံတော်သမ္မတ ပညာသင်ဆုဖြင့် နိုင်ငံတကာတွင် ပညာသင်ကြား နေသည့် ကျောင်း သား၊ ကျောင်းသူ များ၏ အခက်အခဲ များနှင့် နှစ်နိုင်ငံပညာရေး ဆိုင်ရာကိစ္စများ အထောက်အကူ ဖြစ်စေ ရန် ပြည်ပနိုင်ငံများရှိ  မြန်မာသံရုံး များတွင် ခန့်ထားမည့် ပညာရေးဆိုင်ရာ သံမှူးအတွက် လျှောက်ထားသူ များပြားလာကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ခန့်ထားရန် တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ် အသီးသီးမှ အင်္ဂလိပ်စာ သို့မဟုတ် နိုင်ငံတကာ ဆက်ဆံရေးပညာ မဟာဘွဲ့ရရှိပြီး အသက် ၄၅ နှစ်ထက်မကြီးသူ တွဲဖက်ပါမောက္ခ သို့မဟုတ် ကထိက ရာထူးတာဝန် ထမ်းဆောင်နေသူ များကို ခေါ်ယူမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

''ဘယ်နိုင်ငံတွေ ဦးစားပေး လွှတ်မှာလဲဆိုတော့ နိုင်ငံတော်သမ္မတ ပညာသင်ဆုနဲ့ အများဆုံး လွှတ်တဲ့ ဂျာမနီ၊ သြစတြေးလျ၊ အင်္ဂလန်နိုင်ငံ တို့ အဓိကဖြစ်မယ် ထင်ပါတယ်။ အခုထိတော့ ရွေးချယ်စိစစ် နေဆဲပါ'' ဟု ၄င်းက ပြောသည်။

ပညာရေးသံမှူး အဖြစ် တာဝန် ထမ်းဆောင်ရန် လျှောက်ထားသူ များကို လူတွေ့ စစ်ဆေးမည့် ရက်၊ စေလွှတ်မည့် နိုင်ငံအတိအကျကို မသတ်မှတ် ရသေးကြောင်း၊ ထို့ပြင် ပညာရေးသံမှူး အဖြစ် တာဝန် ထမ်းဆောင်မည့် သူများသည် ပြည်ပရှိ မြန်မာနိုင်ငံသံရုံး များတွင် တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး ယင်းနေရာတွင် ဆက်လက်တာဝန် မထမ်းဆောင် တော့လျှင် မူလ သင်ကြားရေး တာဝန်ကို ပြန်လည် ထမ်းဆောင် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ပညာသင်ဆုတွင် ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ်နှင့် စတုတ္ထအသုတ် တို့ကို သြစတြေးလျ၊ တောင်ကိုရီးယား၊ ဂျာမနီ၊ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့်ထိုင်း စသည့် နိုင်ငံများ၌ လူဦးရေ ၁၁ဝ ကျော် စေလွှတ်ထားကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၄)

Friday, November 27, 2015

မဟာဘွဲ့သင်တန်း ဖြေဆိုခွင့်ရသူများစာရင်းကို ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာမည်


ရန်ကုန် ၊ ၂၇-၁၁-၂၀၁၅

ရန်ကုန် စီးပွားရေး တက္ကသိုလ်နှင့် ချင်းမိုင် တက္ကသိုလ်တို့ ပူးပေါင်း ဖွင့်လှစ်မည့် မဟာဘွဲ့ သင်တန်း ဖြေဆိုခွင့် ရရှိသူများ စာရင်းအား ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ် မှ သိရသည်။

Master of Economics (CMU) မဟာဘွဲ့သင်တန်း အမှတ်စဉ်(၂)အား ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ အဆင့်မြင့် ပညာဦးစီးဌာန ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ်မည် ဖြစ်ရာ ဒီဇင်ဘာ ၁ဝ ရက် မွန်းလွဲ ၁ နာရီတွင် စာရင်းပေးသွင်း လျှောက်ထား နိုင်ပြီး ဖြေဆိုခွင့် ရရှိသူများအား ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာ ပေးသွားမည် ဖြစ်သည်။

ထို့ပြင် သင်တန်းဝင်ခွင့် နှုတ်ဖြေစာမေးပွဲ များကို ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန် တက္ကသိုလ် (ကမာရွတ်နယ်မြေ) ၌ ကျင်းပမည် ဖြစ်ကာ ရွေးချယ်ခံရ သူများအတွက် ချင်းမိုင် တက္ကသိုလ်သို့ ပေးသွင်းရမည့် ကျောင်းလခ များကို Bangkok Bank မှ ပညာသင်စရိတ် ပေးသွားမည် ဖြစ်သည်။

အဆိုပါ မဟာဘွဲ့ သင်တန်းကို အချိန်ပြည့် သင်တန်းအဖြစ် ဖွင့်လှစ်မည် ဖြစ်ပြီး တက္ကသိုလ် တစ်ခုခုမှ အသိအမှတ်ပြု ဘွဲ့ရရှိပြီးသူ၊ စီးပွားရေး တက္ကသိုလ်များတွင် တာဝန် ထမ်းဆောင်လျက် ရှိသည့် ဆရာ၊ ဆရာမများ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စသည်တို့မှ ဝန်ထမ်းများ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စာရင်းအင်းပညာ ကျွမ်းကျင်သူများ၊ တက္ကသိုလ် တစ်ခုခုတွင် တခြားသင်တန်း တက်ရောက်ထားခြင်း မရှိသူများ၊ သတ်မှတ် ထားသည့် သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင် သူများ လျှောက်ထား နိုင်ကြောင်း လျှောက်လွှာများကို ဖွံ့ဖြိုးမှုပညာ မဟာဘွဲ့ရုံးခန်း ရန်ကုန်စီးပွားရေး တက္ကသိုလ် (ကမာရွတ်နယ်မြေ) ၌ ရယူနိုင်ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

Wednesday, November 4, 2015

ဟိုတယ်နှင့်ခရီးသွား စီမံခန့်ခွဲမှု ဘာသာရပ် ဘွဲ့ကြိုဘွဲ့လွန်တန်း တက်ရောက်မည့် ကျောင်းသားတိုင်းအား ပညာသင်စရိတ် ပေးအပ်သွားမည်


ရန်ကုန် ၊ ၄-၁၁-၂၀၁၅

ဆွစ်ဇာလန် နိုင်ငံရှိ Hotel and Tourism Management (HTMi) ကျောင်း၌ ဟိုတယ်နှင့် ခရီးသွား စီမံခန့်ခွဲမှု ဘာသာရပ် ဘွဲ့ကြို၊ ဘွဲ့လွန်တန်း တက်ရောက်မည့် ကျောင်းသားတိုင်းအား ပညာသင်စရိတ် ပေးအပ်သွားမည် ဖြစ်ကြောင်း Crown Education မှ သိရသည်။

''ဆွစ်ဇာလန် နိုင်ငံဟာ ဥရောပရဲ့ ခရီးသွားလုပ်ငန်း အဖွံ့ဖြိုးဆုံး နိုင်ငံတစ်ခုပါ။ အဲဒီက HTMi ကျောင်းမှာ လုပ်ငန်းခွင် လက်တွေ့အနေနဲ့ ဘွဲ့ကြို၊ ဘွဲ့လွန်တန်း တွေကို တက်ရောက်မယ့် ကျောင်းသားတိုင်း၊ သင်ကြားမယ့် ဘာသာရပ်တိုင်း အတွက် ပညာသင်စရိတ် တွေကို ဆွစ်ဖရန့်ငွေ ၂ဝဝဝ ပေးသွားမှာပါ'' ဟု Crown Education မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ပညာသင်စရိတ် ကို ကျောင်းသားဦးရေ ကန့်သတ်ထားခြင်း မရှိဘဲ ဇန်နဝါရီလတွင် ဖွင့်လှစ်မည့် အတန်းအတွက် တက်ရောက်မည့် ကျောင်းသားတိုင်းကို ပေးအပ်မည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကျောင်းသား၊
ကျောင်းသူများ အနေဖြင့် မိမိတို့ ပညာ အရည်အချင်း အလိုက် ဒီပလိုမာတန်း၊ Certificate ၊ ဘွဲ့ဒီဂရီနှင့် မာစတာ ပရိုပရမ်များ ကို သင်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ HTMi ကျောင်းသည် University of Ulster နှင့် Edinburgh Napier University တို့ ပူးပေါင်း ချိတ်ဆက်ထားသည့် ဆွစ်ဇာလန် နိုင်ငံ၏ တစ်ခုတည်းသော ကျောင်းဖြစ်ပြီး စာသင်နှစ် တိုင်းတွင် စာတွေ့ ခြောက်လနှင့် ဆွစ်ဇာလန်နိုင်ငံရှိ ဟိုတယ်များ၌ လစာဖြင့် အလုပ်သင် ခြောက်လ လုပ်ငန်းခွင် လက်တွေ့ လုပ်ကိုင်ခွင့် သင်တန်း အစီအစဉ်များ ပါရှိကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ကျောင်းမှ ဘွဲ့ရရှိသူ များကို ကမ္ဘာ့ထိပ်တန်း ဟိုတယ်အုပ်စု များမှ ခေါ်ယူအလုပ် ခန့်အပ်လေ့ ရှိကြောင်း သိရသည်။ (လင်းသူ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

Friday, September 4, 2015

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တက္ကသိုလ်တွင် မြန်မာ့ရိုးရာများ လေုလာနိုင်ရန် မြန်မာစင်တာဖွင့်လှစ်


Chiang Mai University

ရန်ကုန် ၊ ၄-၉-၂၀၁၅

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်တက္ကသိုလ် တွင် မြန်မာစာကို ဘာသာရပ် တစ်ခုအဖြစ် သင်ကြားနိုင်ရန် နှင့် မြန်မာ့ ယဉ်ကျေးမှုနှင့် မြန်မာ့ ရိုးရာများ လေ့လာနိုင်ရန် မြန်မာစင်တာကို စက်တင်ဘာ ၂ ရက်က ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ချင်းမိုင် တက္ကသိုလ်တွင် ၂ဝ၁၅ ခုနှစ်မှ စတင်၍ မြန်မာစာ ဌာန ထားရှိကာ မြန်မာစာ ဘာသာကို လေးနှစ် သင်ကြားပြီး ဘွဲ့ပေးသွားမည် ဖြစ်ကြောင်း ချင်းမိုင် တက္ကသိုလ် မြန်မာစာဌာနမှ သိရသည်။

မြန်မာစာကို ချစ်မြတ်နိုးသူ မည်သူမဆို လာရောက် သင်ယူနိုင်ရန် ရည်ရွယ်၍ မြန်မာစင်တာ ကို ဖွင့်လှစ်ရခြင်း ဖြစ်သည်ဟု သိရသည်။ ယခုနှစ် ဧပြီလ ၂၃ ရက်တွင် ချင်းမိုင် တက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ်တို့ MoU လက်မှတ်ရေးထိုး ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့် မြန်မာ တက္ကသိုလ် ကျောင်းသားများ အတွက် အခွင့်အရေး အဖြစ် ထိုင်းနှင့် မြန်မာ ကျောင်းသားများ အပြန်အလှန် သွားရောက် လေ့လာနိုင်မည် ဖြစ်ရာ ပြီးခဲ့သည့် နှစ်လတွင်လည်း ထိုင်းကျောင်းသား ရှစ်ဦး မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာစာ၊ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ စကားနှင့် မြန်မာ့ဓလေ့ ထုံးစံများကို လာရောက် သင်ယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အလားတူ လာမည့် အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသား ၁၉ ဦး ထိုင်းနိုင်ငံသို့ သွားရောက်၍ ထိုင်းရိုးရာ ယဉ်ကျေးမှု၊ ဘာသာစကား များသင်ယူ မည် ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံ၏ ပညာရေး စနစ်နှင့် ပတ်သက်၍ သွားရောက် လေ့လာကြမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ထိုင်းကျောင်းသူ ကျောင်းသားများ အနေဖြင့် မြန်မာစာကို ပိုမို စိတ်ဝင်စား လာကြ သကဲ့သို့ နှစ်နိုင်ငံ ကျောင်သား၊ ကျောင်းသူများ ပညာရေး အတွက် အခွင့်အရေးများ ပိုမို ရရှိလာမည် ဖြစ်ကြောင်း ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန် က ပြောပြ၍ သိရသည်။

#Yadanarpondaily

Wednesday, September 2, 2015

ရူပဗေဒဘွဲ့လွန် ကျောင်းသား ကျောင်းသူ ၁၀ ဦး ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်တွင် ပူးပေါင်းသုတေသန ပြုရန် အောက်တိုဘာလတွင် စေလွှတ်မည်


KYOTO UNIVERSITY

ရန်ကုန် ၊ ၂-၉-၂၀၁၅

ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာနရှိ ရူပဗေဒဘွဲ့လွန် ပါရဂူ တက်နေသော ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးကို ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်တွင် နိုင်ငံတကာ အရည်အသွေး အဆင့်မြှင့်တင် ရန်အတွက် ပူးပေါင်း သုတေသန ပြုလုပ်ရန် အောက်တိုဘာ ၁၈ ရက်တွင် ကျိုတို တက္ကသိုလ်သို့ စေလွှတ်မည် ဖြစ်ကြောင်း ပြည် တက္ကသိုလ် ရူပဗေဒဌာန တွဲဖက် ပါမောက္ခ ဒေါက်တာ လှတိုး က ပြောသည်။

ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်တွင် ပူးပေါင်း သုတေသန ပြုလုပ်ရန် ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာနမှ ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦး စေလွှတ်ခြင်း အတွက် ကုန်ကျစရိတ် အားလုံးကို ကျိုတို တက္ကသိုလ်မှ ကျခံမည် ဖြစ်ပြီး ကျိုတို တက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ် တို့သည် စက်တင်ဘာ ၂၂ ရက်တွင် MoU လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တက္ကသိုလ်နှင့် ကျိုတို တက္ကသိုလ် သည် ၂ဝ၁၄ ခုနှစ် ဇွန်လမှစ၍ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ အထိ Energy Science Education နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို စွမ်းအင်နှင့် ပတ်သက်သည့် အသိပညာ ဘာသာရပ် ပြန့်ပွားရေး အတွက် ရန်ကုန် တက္ကသိုလ်တွင် သုံးကြိမ်နှင့် ကျိုတို တက္ကသိုလ်တွင် တစ်ကြိမ် စုစုပေါင်း လေးကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ရာ ယင်း အစီအစဉ်၏ နောက်ဆက်တွဲ အစီအစဉ် အရ ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးကို ကျိုတို တက္ကသိုလ်သို့ စေလွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

Friday, August 7, 2015

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ရရှိသူများထဲမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ပညာတော်သင်ဆု ရရှိသူစာရင်း

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ရရှိသူများထဲမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ 
ပညာတော်သင်ဆု ရရှိသူစာရင်း



Monday, March 16, 2015

ရန်ကုန်တက္ကသိုလ်မှ ဆရာ ဆရာမ ၁၂ ဦးအား မေလအတွင်း သြစတြေးလျ အမျိုးသား တက္ကသိုလ် (ANU) သို့ ဒုတိယအသိတ်အဖြစ် စေလွှတ်မည်



ရန်ကုန် ၊ ၁၆-၃-၂၀၁၅

လူဦးရေနှင့် သက်ဆိုင်သည့် သုတေသန လုပ်ငန်းဆိုင်ရာ သင်တန်း တက်ရောက်ရန် ရန်ကုန်တက္ကသိုလ် မှ ဆရာ၊ ဆရာမ ၁၂ ဦးအား လာမည့် မေလအတွင်း သြစတြေးလျ နိုင်ငံ အမျိုးသား တက္ကသိုလ် (ANU) သို့ ဒုတိယ အသုတ်အဖြစ် ရွေးချယ် စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် ၌ ဖွင့်လှစ်မည့် Population Research Center အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ဆရာ၊ ဆရာမ များအား သင်တန်းပေးရန် စေလွှတ်ခြင်း ဖြစ်ပြီး သင်တန်းကာလမှာ သုံးပတ် ကြာမြင့်မည် ဖြစ်၍ ဌာနပေါင်းစုံမှ ဆရာ၊ ဆရာမများအား ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် စက်တင်ဘာလ က ရန်ကုန် တက္ကသိုလ် နှင့် သြစတြေးလျ အမျိုးသား တက္ကသိုလ် (Australian National University -ANU) တို့ ပူးပေါင်း ဆောင်ရွက်သည့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ပြီး နားလည်မှု စာချွန်လွှာ အရ သြစတြေးလျ အမျိုးသား တက္ကသိုလ်၌ ရန်ကုန် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ သွားရောက် ပညာသင်ကြားခြင်း အပြင် လူဦးရေ နှင့် သက်ဆိုင်သည့် သုတေသန စင်တာ (Population Research Center) တစ်ခုကို ၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ၌ တည်ဆောက်ရန် စီစဉ် ထားကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး သည့် အချိန်မှစ၍ ယခုနှစ် အထိ ပြည်ပနိုင်ငံ များမှ တက္ကသိုလ် ၂၂ ခုနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုး၍ ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး သြစတြးလျ အမျိုးသား တက္ကသိုလ်၌ သင်တန်း တက်ရောက်ရန် ရန်ကုန်တက္ကသိုလ် မှ ဆရာ၊ ဆရာမ ၄၈ ဦးအား လေးနှစ်အတွင်း စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

Friday, March 6, 2015

မော်တော်ယာဉ် နည်းပညာ ဒီပလိုမာတန်းခွဲသစ်များ ဖွင့်လှစ်မည်


ရန်ကုန် ၊ ၆-၃-၂၀၁၅

ဂျပန်နိုင်ငံမှ Okayama Institute of Science and Technology (OIST) နှင့် မြန်မာနိုင်ငံမှ GLORY Career Training Center တို့ပူးပေါင်း၍ မော်တော်ယာဉ် နည်းပညာ ဒီပလိုမာ တန်းခွဲသစ်များကို ဆက်လက်ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ သင်တန်း အမှတ်စဉ်(၁) အဖြစ် မြန်မာကျောင်းသား နှင့် မြန်မာဆရာ များကို ဂျပန်ဆရာ များက လေ့ကျင့် သင်ကြားပေး နေပြီး ဧပြီလတွင် နောက်ထပ် သင်တန်းခွဲများ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိသည်။ အဆိုပါ သင်တန်းသည် သင်တန်းကာလ တစ်နှစ် ကြာမြင့်မည် ဖြစ်ကာ ဂျပန်နိုင်ငံ ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး ဌာန၏ Third Class အဆင့် သင်ရိုးညွှန်းတမ်း နှင့် Text Book များကို ဂျပန်ဆရာများနှင့် မြန်မာဆရာများ ပူးပေါင်းကာ စာတွေ့ လက်တွေ့သင်ကြားပေးမည် ဖြစ်ပြီး ဂျပန်နိုင်ငံ OIST မှ လာရောက် စာမေးပွဲ စစ်ဆေးကာ အောင်မြင်သူ များအား ဒီပလိုမာ အဆင့် အောင်လက်မှတ်များ ချီးမြှင့်မည် ဖြစ်သည့်အပြင် ဂျပန်နိုင်ငံသို့ လေ့လာရေး ခရီး ခေါ်ယူခြင်းနှင့် Scholarship များရွေးချယ် ပေးအပ်ရန် စီစဉ်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် မော်တော်ယာဉ် တစ်စီးလုံး အကြောင်းအရာများ ပါဝင်ပြီး သင်ကြားမည့် ဘာသာရပ်များမှာ Diesel Engine ၊ Gasoline Engine ၊ Chassis ၊ Electrical and Electronic System၊ Maintenance တို့ဖြစ်သည်။

အဆိုပါသင်တန်း တက်ရောက်ရန် စိတ်ပါဝင်စား သူများအနေဖြင့် GLORY Career Training Center အမှတ် (၁၃၈/၁၄ဝ) ဒုတိယထပ် ပန်းဆိုးတန်းလမ်း နှင့် မဟာဗန္ဓုလ လမ်းထောင့် ကျောက်တံတား မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၉- ၅၁၉၇၈၁၇ နှင့် ဝ၉- ၇၃၁၂၁၇၁၇ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။ (၂ဝဝ)

#Themyawadydaily
#မြ၀တီနေ့စဉ်

Tuesday, February 24, 2015

နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ပညာသင်ဆုများ နှစ်စဉ်ပေးအပ်ချီးမြှင့်မည်



ရန်ကုန် ၊ ၂၄-၂-၂ဝ၁၅

မြန်မာနိုင်ငံမှ ဂျပန်ပြန် ပညာသင် ဟောင်းများ အသင်းနှင့် ဂျပန်နိုင်ငံမှ The Honda Foundation တို့ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူ များကို ပညာသင်ဆုများ နှစ်စဉ် ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ နည်းပညာ တက္ကသိုလ် ကျောင်းများ၌ အင်ဂျင်နီယာ ဘာသာရပ် များကို သင်ကြား နေသော ကျောင်းသား၊ ကျောင်းသူ များအား အဆိုပါ ပညာသင်ဆု များကို ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှ စတင်ပေးအပ် ချီးမြှင့်ခဲ့ရာ ယခု ပညာသင်နှစ် တွင်လည်း ဆက်လက် ချီးမြှင့်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် မေလတွင် လျှောက်လွှာများ စတင်ခေါ်ယူ နေပြီး ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ များကို စစ်ဆေး သွားမည် ဖြစ်ကြောင်းနှင့် ပညာသင်ဆု အတွက် ရွေးချယ်ခံ ရသူများကို သြဂုတ်လ တွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ပြီး ဒီဇင်ဘာလ တွင် ပညာသင်ဆု များကို ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း များအသင်း (MAJA) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုလက်ရှိတွင် အဆိုပါ ပညာသင်ဆု များကို ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေး နည်းပညာ တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း နည်းပညာ တက္ကသိုလ်၊ သန်လျင် နည်းပညာ တက္ကသိုလ်၊ မှော်ဘီ နည်းပညာ တက္ကသိုလ် နှင့် အိုးဘို နည်းပညာ တက္ကသိုလ် တို့မှ ကျောင်းသား၊ ကျောင်းသူ များကို ရွေးချယ်၍ ပညာသင်ဆုများ ပေးအပ်ချီးမြှင့် ခြင်းဖြစ်ပြီး အခြား နည်းပညာ တက္ကသိုလ် များမှ ကျောင်းသား၊ ကျောင်းသူ များကိုလည်း ပညာသင်ဆုများ ချီးမြှင့်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

Tuesday, February 3, 2015

လာမည့် ဘဏ္ဍာရေးနှစ်တွင် ပညာရေးအသုံးစရိတ် ငွေကျပ် ၂၅၁ ဒသမ ၄၈၃ ဘီလီယံ ပိုမိုသုံးစွဲမည်


ရန်ကုန် ၊ ၃-၂-၂၀၁၅

၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ် တွင် ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် ထက် ပညာရေး အသုံးစရိတ် ငွေကျပ် ၂၅၁ ဒသမ ၄၈၃ ဘီလီယံ ပိုမိုသုံးစွဲ သွားမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် တွင် ပညာရေး ကဏ္ဍအတွက် ငွေကျပ် ၁၄ဝ၉ ဒသမ ၉၂ဝ ဘီလီယံ သုံးရန်လျာထားရာ ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် သုံးစွဲခဲ့သည့် ငွေကျပ် ၁၁၅၈ ဒသမ ၄၃၇ ဘီလီယံ ထက် ငွေကျပ် ၂၅၁ ဒသမ ၄၈၃ ဘီလီယံ ကို ပိုမိုသုံးစွဲ သွားမည် ဖြစ်သည်။

ထို့အပြင် မူလတန်း အခမဲ့ ပညာရေး အတွက် ငွေကျပ် ၁၈ ဒသမ ၄၅၃ ဘီလီယံ၊ အလယ်တန်း အခမဲ့ ပညာရေး အတွက် ငွေကျပ် ၃ ဒသမ ၉၃၅ ဘီလီယံ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် အဆင့်မြင့် ပညာ တက္ကသိုလ်များ အတွက် ပညာသင် ထောက်ပံ့ကြေး နှင့် ပညာသင် ဆုများ ပေးအပ်နိုင်ရန် အတွက် ငွေကျပ် ၁၄ ဒသမ ၅၄၆ ဘီလီယံ လျာထားကြောင်း သိရသည်။

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ အစိုးရ စက်မှု၊ လက်မှုသိပ္ပံ နှင့် အစိုးရ နည်းပညာ အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင် ထောက်ပံ့ကြေး အတွက် ၁ ဒသမ ၉၁၁ ဘီလီယံ လျာထားကြောင်း၊ ယင်း ပညာရေး စရိတ်များကို ပညာရေး ဝန်ကြီးဌာန နှင့် တက္ကသိုလ်များ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ တို့မှ တွက်ချက်ခွဲဝေ သုံးစွဲကြမည် ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

Monday, January 19, 2015

ရန်ကုန်တက္ကသိုလ်၌ ဝိဇ္ဇာဘွဲ့ပေးအပ်မည့် လူမှုဗေဒ ဘာသာရပ်သစ် တိုးချဲ့ ရန် ဆရာများကို ပညာတော်သင် စေလွှတ်


ဟန်ဂေရီ နိုင်ငံရှိ Central European University

ရန်ကုန် ၊ ၁၉-၁-၂ဝ၁၅

ရန်ကုန် တက္ကသိုလ်၌ ဝိဇ္ဇာဘွဲ့ ပေးအပ်မည့် လူမှုဗေဒ ဘာသာရပ်သစ် တိုးချဲ့ သင်ကြားပေးရန် ဆရာ၊ ဆရာမများကို ဟန်ဂေရီ Central European University သို့ စေလွှတ်ပြီး လေ့ကျင့် သင်ကြား ပေးနေကြောင်း ရန်ကုန် တက္ကသိုလ် မနုဿဗေဒ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ လူမှုဗေဒ ဘာသာရပ်သစ် ကို ဝိဇ္ဇာဘွဲ့ ပေးအပ်ကာ သင်ကြားနိုင်ရေး အမေရိကန် နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံ တို့မှ ပညာရှင် များက ရန်ကုန်တက္ကသိုလ် ၌ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း ဆွေးနွေးပွဲ တစ်ခု ပြုလုပ် ခဲ့ပြီးနောက် မနုဿဗေဒ နှင့် စိတ်ပညာ ဌာနမှ ဆရာ ငါးဦးကို ဟန်ဂေရီ နိုင်ငံသို့ စေလွှတ်ကာ လေ့ကျင့် သင်ကြား ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''အရင်ဆုံး ဆရာတွေကို လေ့ကျင့်ပေးမယ်။ အခု ဟန်ဂေရီနိုင်ငံ ကို စေလွှတ်ပြီး လေ့ကျင့် နေပါတယ်။ အဆင်ပြေပြီ ဆိုရင် ဖွင့်လှစ်မှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့အပြင် လူမှုဗေဒ ဘာသာရပ်သစ် တွင် ဝိဇ္ဇာတန်း၊ မဟာတန်း၊ မဟာ သုတေသန တန်း၊ ပါရဂူတန်း အထိ ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း၊ လက်ရှိတွင် ယင်း ဘာသာရပ် တိုးချဲ့ရန် Resource Person များ ရှာဖွေ နေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ရန်ကုန် တက္ကသိုလ် ၌ ပြုလုပ်ခဲ့သည့် သုံးပတ်ကြာ သင်တန်းတွင် ဒဂုံတက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် နှင့် မန္တလေး ရတနာပုံ တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၁၄ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၇၇ ဦးတို့ကို သင်ရိုးညွှန်းတမ်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...