Social Icons

Pages

Showing posts with label သယ်ယူပို့ဆောင်ရေး. Show all posts
Showing posts with label သယ်ယူပို့ဆောင်ရေး. Show all posts

Thursday, March 22, 2018

ရခိုင်ရေကြောင်း ပို့ဆောင်ရေးအတွက် ဂျပန်ယန်း သန်းတစ်ထောင်တန်ဖိုးရှိ သင်္ဘောတစ်စင်း ၂ဝ၁၉ ခုနှစ် ဧပြီလတွင် ရောက်ရှိမည်



စစ်တွေ ၂၂-၃-၂ဝ၁၈

ရခိုင်ပြည်နယ် ရေကြောင်း ပို့ဆောင်ရေးအတွက် ဂျပန်နိုင်ငံမှလှူဒါန်းသော ဂျပန်ယန်းငွေ သန်းတစ်ထောင်တန်ဖိုးရှိ သင်္ဘောတစ်စင်း ၂ဝ၁၉ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရေကြောင်းမှူးချုပ် ဦးအောင်သန်းမြိုင်ထံမှ သိရသည်။

ဂျပန်နိုင်ငံမှ လှူဒါန်းမည့် သင်္ဘောကို ဂျပန်နိုင်ငံ၌ တည်ဆောက် နေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ရေလမ်းခရီးပို့ဆောင်ရေး အတွက်အသုံးပြုမည့် သုံးစင်းမြောက် သင်္ဘောလည်း ဖြစ်သည်။ အဆိုပါရေယာဉ်သည် ကမ်းရိုးတန်းသွား သီးသန့် ရေယာဉ်ဖြစ်ပြီး ဇန်နဝါရီလတွင် စတင်တည်ဆောက် နေခြင်းဖြစ်သည်။ ၂ဝ၁၆ ခုနှစ်တွင် ပထမဆုံးသင်္ဘော တစ်စင်းရောက်ရှိ ပြီးနောက် မကြာမီ သင်္ဘောတစ်စင်း ထပ်မံရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းသင်္ဘောများဖြင့် ရခိုင်ပြည်နယ် ခရီးစဉ်များဖြစ်သည့် စစ်တွေ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့တို့သို့ ပြေးဆွဲပေးလျက်ရှိပြီး ထပ်မံရောက်ရှိသော သင်္ဘောဖြင့် မာန်အောင်မြို့အထိ ခရီးစဉ်တိုးချဲ့ပေးနိုင်ရန် စီစဉ်ထားသည်။ ဂျပန်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်၏ ရာသီဥတုနှင့်ကိုက်ညီမည့် သင်္ဘောများအား တည်ဆောက်လှူဒါန်းပေး နေခြင်းဖြစ်ပြီး ယင်းသုံးစင်းသည် အရွယ်အစားတူညီမှုမရှိကြောင်း သိရသည်။

ပထမတစ်စင်းဖြစ်သည့် ကစ္ဆပနဒီ(၁) သည် ခရီးသည်ပေါင်း ၁၃ဝ အထိဝင်ဆံ့ပြီး ဒုတိယတစ်စင်းဖြစ်သည့် ကစ္ဆပနဒီ(၂)သည် ခရီးသည် ၆ဝ ဝင်ဆံ့ကာ ထပ်မံရောက်ရှိလာမည့် ကစ္ဆပနဒီ (၃)သည် ခရီးသည် ၁၅ဝအထိဝင်ဆံ့မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရေလမ်းခရီး ပို့ဆောင်ရေးတွင် ဒေသခံပြည်သူများအတွက် သင်္ဘောအစင်းရေနှင့် ဆိပ်ခံတံတားများ လိုအပ်လျက်ရှိပြီး ရခိုင်ပြည်နယ်သည် ရေလမ်းကြောင်း အသုံးပြုသွားလာမှု များပြားသော ပြည်နယ် တစ်ခုဖြစ် သည့်အတွက် ရေလမ်းခရီးနှင့် ပတ်သက်သော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လုပ်ဆောင်နေသည်။

လက်ရှိတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအနေဖြင့် စက်ရှိရေယာဉ် အစင်းရေ၁ဝဝ ၊ စက်မဲ့ရေယာဉ်အစင်းရေ ၁ဝဝ ကျော်နှင့် တခြားသောရေယာဉ်များ အပါအဝင် ရေယာဉ်ပေါင်း ၃ဝဝ ကျော်ဖြင့် တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

Wednesday, July 12, 2017

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သင်္ဘော ၂၉စီး ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များကို အပြတ်ရောင်းချပေးမည်



မန္တလေး ၁၂-၇-၂၀၁၇

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်၌ စီးပွားရေး ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သင်္ဘော ၂၉စီးကို အပြတ်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ ဧရာဝတီဌာနခွဲ (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်၌ ယခင်ကခရီးသည် တင်သင်္ဘော အများအပြားရှိခဲ့ရာမှ လက်ရှိတွင် မပြေးဆွဲတော့သည့် သင်္ဘောများရှိပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ပါ လေလံတင်ရောင်းချ လိုက်သည့် သင်္ဘောများလည်းရှိကြောင်း၊ ဧရာဝတီဌာနခွဲမှ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် လက်ရှိပြေးဆွဲ ပေးနေသည့် ခရီးသည်တင်သင်္ဘောမှာ ၁၂စီးရှိကာ လုပ်ငန်းရှင်များသို့ ငှားရမ်းထားသည့် သင်္ဘောများအပါအဝင် စုစုပေါင်း ၂၉စီးထိရှိကြောင်း သိရသည်။

ပြည်တွင်းရေကြောင်းပိုင် သင်္ဘောများကို ပုဂ္ဂလိကလုပ်ငန်း ရှင်များအနေဖြင့် စီးပွားရေးရင်းနှီး မြှုပ်နှံမှုပြုလုပ်လို၍ ဝယ်ယူမည် ဆိုပါက အပြတ်ရောင်းချပေး သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်တွင်းရေကြောင်းမှ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မန္တလေး-ညောင်ဦး ခရီးစဉ်ကို သင်္ဘောနှစ်စီး၊ မန္တလေး-ဗန်းမော်ခရီးစဉ်ကို သင်္ဘော ၁ဝ စီးဖြင့်ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။

''အခုလက်ရှိအချိန်က လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန် နေတာကြောင့် အရင်က လမ်းမပေါက်တဲ့ နေရာတွေဆို အခုကားတို့ ဆိုင်ကယ်တို့နဲ့ သွားလို့ရနေပြီ။ ဒါကြောင့် ရေကြောင်းလမ်းကနေ သင်္ဘောစီးပြီး သွားလာကြတဲ့ ခရီးသွားတွေ လျော့နည်းလာခဲ့တယ်။

ဧရာဝတီမြစ်အတွင်းမှာ ပြေးဆွဲတဲ့ ပုဂ္ဂလိကသင်္ဘောတွေ အနေနဲ့လဲ အမြတ်မရဘဲ အရှုံးပေါ်ပြီး မပြေးဆွဲတော့တဲ့ထိ ဖြစ်ကုန်တယ်။ အဓိကကတော့ ခရီးသွားလိုက်ပါမှု အရင်အတိုင်း ပြန်ဖြစ်ဖို့ဆိုတာ သင်္ဘောရဲ့ဒီဇိုင်းအပြင် ကျန်တဲ့စက်ပိုင်း ဆိုင်ရာတွေကိုပါ အဆင့်မီအောင် လုပ်ပြီးပြေးဆွဲရင်တော့ ဈေးကွက်ပြန်လည် ကောင်းလာနိုင်တယ်''ဟု ၎င်းကဆက်လက် ပြောပြ၍ သိရသည်။

#yadanarpondaily

Tuesday, July 11, 2017

ယခုဘဏ္ဍာနှစ်အတွင်း မြစ်ဝကျွန်းပေါ် ရေကြောင်းပို့ဆောင်ရေးဌာနခွဲ ရေကြောင်းပြေးဆွဲမှုမှ ငွေကျပ် သန်း ၁၈ဝဝ ကျော်ခန့် ရရှိရန်လျာထား



ပုသိမ် ၁၁-၇-၂၀၁၇

ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများအနက် မြစ်ဝကျွန်းပေါ် ရေကြောင်းပို့ဆောင်မှုများမှ ယခုဘဏ္ဍာ နှစ်အတွင်း ငွေကျပ် သန်းပေါင်း ၁၈ဝဝ ကျော်ခန့်ရရှိရန် လျာထားကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဌာန (မြစ်ဝကျွန်းပေါ်ဌာနခွဲ) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနသည် ရေကြောင်းခရီးစဉ် ပြေးဆွဲမှုအဖြစ် မြစ်ဝကျွန်းပေါ် ဌာနခွဲတွင် ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီးသို့ တစ်ပတ်လျှင် ခရီးစဉ်လေးခု ပြေးဆွဲပေးလျက် ရှိကြောင်း၊ပြီးခဲ့သည့်ဘဏ္ဍာ နှစ်အတွင်း ရေကြောင်းပြေးဆွဲမှုမှ ငွေကျပ် ၁၉ဝ၉ သန်းရရှိခဲ့သော်လည်း ၂ဝ၁ဝ ပြည့်နှစ်အလွန်တွင် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများ တဖြည်းဖြည်း ကျဆင်းလာပြီး ခရီးသည်စီးနင်းမှု နှင့်ကုန်စည် တင်ဆောင် မှုအပေါ်မူတည်ကာ ပြေးဆွဲပေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အခြေအနေမျိုးကြောင့် ဝင်ငွေရရှိမှုမှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာသဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကဏ္ဍ တိုးတက်ရေး ပြန်လည်လုပ်ဆောင် သင့်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနသည် ယခုဘဏ္ဍာနှစ် ငွေခွဲဝေချထား ပေးရာတွင် လေးနှစ်ကြာ ချထားပေးခြင်း မရှိသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန၏ အသုံးစရိတ်ဘတ်ဂျက်ငွေမှာ ပြန်လည်ပါဝင် လာကြောင်း၊ ယခင်က ဘတ်ဂျက်ချထားပေးခြင်း မရှိသောကြောင့် ဌာနမှ ရရှိသောငွေများဖြင့်သာ ရပ်တည်နေရပြီး ရေယာဉ်ပြေးဆွဲမှုကို ရက်လျှော့ချခဲ့ရကာ တချို့ခရီးစဉ်များကိုလည်း ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဘတ်ဂျက်ငွေပြန်လည်ချ ထားပေးခြင်းကြောင့် ဌာနအနေဖြင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေရရှိအောင်လုပ် ဆောင်ပေးရာတွင် အခက်အခဲရှိမည် မဟုတ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, April 26, 2017

ကိုကိုးကျွန်းမြို့သို့ ခရီးသည်နှင့် ကုန်စည်ပစ္စည်းများပို့ဆောင်



   တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ကိုကိုးကျွန်းမြို့သို့ ခရီးသည်နှင့်ကုန်စည်ပစ္စည်းများပို့ဆောင်ပေးစဉ်။

နေပြည်တော် ၂၆-၄-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သား မိသားစုဝင်များ သက်သာ ချောင်ချိရေးအတွက် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင် ပေးလျက်ရှိရာယနေ့နံနက်ပိုင်းတွင် ကိုကိုးကျွန်းမြို့မှ ဒေသခံ ပြည်သူများနှင့် တပ်မတော်သားများ စုစုပေါင်း ၃၄ ဦးနှင့် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများကို တပ်မတော် (လေ) မှ စီစဉ်ပေးသော လေယာဉ်ဖြင့် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ ကိုကိုးကျွန်းမြို့သို့ ပို့ဆောင်ပေးသည်။

အဆိုပါလေယာဉ်သည် ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူများ၊ တပ်မတော်သားများ စုစုပေါင်း ၄ဝ ဦးနှင့် ကုန်ပစ္စည်းများတင်ဆောင် ၍ ပြန်လည် ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်းသတင်းရရှိသည်။

#Themyawadydaily

Wednesday, March 29, 2017

မြန်မာနိုင်ငံမီးရထားစက်ရုံများမှ နှစ်စဉ် လူစီးတွဲသစ် ၆၀ နှင့် ကုန်တွဲသစ်များ တည်ဆောက်နိုင်ခဲ့



နေပြည်တော် ၂၉-၃-၂၀၁၇

မြန်မာနိုင်ငံ မီးရထားစက်ရုံများ မှနှစ်စဉ် လူစီးတွဲသစ် ၆ဝ တွဲနှင့် ကုန်တွဲသစ် ၁၂ဝ တွဲတည်ဆောက် နိုင်ခဲ့ပြီး နှစ်စဉ်လူစီး တွဲ ၃ဝဝ နှင့် ကုန်တွဲ ၁၂ဝဝ ကို ပြုပြင် ဆောင်ရွက်ပေး နိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား ၏သတင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ရထားစတင် ပြေးဆွဲသည့် ၁၈၇၇ ခုနှစ်မှ ၁၉၁၁ ခုနှစ်ထိ လူစီးတွဲနှင့် ကုန်တွဲများ ပြုပြင်ခြင်း လုပ်ငန်းများကို စက်ခေါင်း စက်ရုံ (အင်းစိန်) ၌လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။ ရထားလုပ်ငန်း များတိုးချဲ့ များပြားလာသည် နှင့်အမျှ ရထားတွဲများ ပြုပြင်ရန် သီးခြား စက်ရုံတစ်ရုံ လိုအပ်လာခဲ့သည်။

ထို့ကြောင့် မြန်မာ့မီးရထား အနေဖြင့် ၁၉ဝ၅ ခုနှစ်က လူစီးတွဲနှင့် ကုန်တွဲစက်ရုံကို မန္တလေးမြို့ အနီးရှိ မြစ်ငယ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၁၂ ခုနှစ်က စက်ခေါင်း စက်ရုံ(အင်းစိန်)မှ စက်ပစ္စည်းများ  ကိုမြစ်ငယ်သို့ ပြောင်းရွှေ့ တပ်ဆင်ကာ တွဲပြုပြင်မှု လုပ်ငန်းများ စတင်ဆောင် ရွက်ခဲ့သည်။ 

 ထို့နောက် လူစီးတွဲကုန်တွဲ အရေအတွက် ထပ်မံတိုးတက် များပြား လာသောကြောင့် နောက်ထပ် စက်ရုံတစ်ရုံ လိုအပ်လာ၍ ၁၉၆၉ ခုနှစ်က တိုးချဲ့စက်ရုံကို တည်ဆောက် ခဲ့သည်။ ယခုအခါ အဆိုပါ မြန်မာ့မီးရထား စက်ရုံများမှ နှစ်စဉ် လူစီးတွဲ သစ် ၆ဝ တွဲနှင့် ကုန်တွဲသစ် ၁၂ဝ တွဲ တည်ဆောက် နိုင်ခဲ့ပြီး နှစ်စဉ်လူစီး တွဲ ၃ဝဝ နှင့် ကုန်တွဲ ၁၂ဝဝ ကို ပြုပြင် ဆောင်ရွက်ပေး နိုင်ကြောင်း သိရသည်။ 

အဆိုပါ တွဲပြင် စက်ရုံကို မြန်မာနိုင်ငံနှင့် ရထားလမ်းများ ၏တည်ရှိမှု အနေအထားအရ ဗဟိုကျခြင်း၊ တွဲများ ဆေးသုတ်ရန် အတွက် အထူးသင့်လျော်သည့် ခြောက်သွေ့သော ရာသီဥတု ရှိခြင်း၊တွဲများ ပြုပြင်ဆောက် လုပ်ရာတွင် အများအပြား အသုံးပြုသော သစ်များလွယ်လင့် တကူရရှိ နိုင်ခြင်း၊ ရေကောင်း ရေသန့် အလုံအလောက် ရရှိနိုင်ခြင်း စသည့်အခြေ အနေများ အပေါ်မူတည် ကာတည် နေရာရွေးချယ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Tuesday, March 21, 2017

ဂျပန်နိုင်ငံမှ လှူဒါန်းသည့် သင်္ဘောဖြင့် စစ်တွေ-ကျောက်ဖြူ-တောင်ကုတ် လမ်းကြောင်းကို ပြေးဆွဲမည်



စစ်တွေ ၊ ၂၁-၃-၂၀၁၇

ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲရန်အတွက် ဂျပန်နိုင်ငံအစိုးရမှ လှူဒါန်းသည့် ကစ္ဆပနဒီ(၁) ကမ်းရိုးတန်းသွား သင်္ဘောဖြင့် စစ်တွေ -ကျောက်ဖြူ- တောင်ကုတ် ခရီးစဉ်လမ်းကြောင်း ကို ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ကစ္ဆပနဒီ(၁) ကမ်းရိုးတန်းသွား သင်္ဘောသည် မတ် ၁၄ ရက် ညနေပိုင်းက ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီး လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်း၌ ကမ်းကပ်၍ သင်္ဘောအသုံးပြုပုံ နည်းစနစ်များကို မြန်မာသင်္ဘော အင်ဂျင်နီယာများက လေ့လာ သင်ကြားလျက် ရှိရာ လေ့လာသင်ကြားပြီး ပါက မတ် ၂၉ ရက်တွင် စစ်တွေမြို့၌ သင်္ဘောလွှဲပြောင်း ပေးအပ်ပွဲကို ကျင်းပမည်ဖြစ်ကာ သင်္ကြန်ကာလ မတိုင်မီ ကစ္ဆပနဒီ(၁) သင်္ဘောဖြင့် ခရီးစဉ်များကို စတင် ပြေးဆွဲနိုင်ရန် စီစဉ်လျက် ရှိကြောင်း ရခိုင်ပြည်နယ် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထင်ကျော် က ပြောသည်။

အဆိုပါသင်္ဘော ပြေးဆွဲမည့် လမ်းကြောင်းသည် ၂ဝ၁၅ ခုနှစ် မတ်လအတွင်းက ကျောက်ဖြူမြို့အနီး အောင်တံခွန်(၃) သင်္ဘော မတော်တဆမှု ဖြစ်ပွားပြီးနောက်ပိုင်း ပြည်တွင်း ရေကြောင်းပိုင် သင်္ဘောများ ပြေးဆွဲမှု ရပ်နားခဲ့သည့် လမ်းကြောင်းဖြစ်ပြီး ပုဂ္ဂလိကပိုင် ရှပ်ပြေး အမြန်ရေယာဉ် များကိုသာ အားထားနေရသဖြင့် ရေကြောင်းခရီးဖြင့် သွားလာရာတွင် ကုန်ကျစရိတ် များပြားနေကြောင်း ဒေသခံများက ပြောသည်။

ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ကစ္ဆပနဒီ(၁) သင်္ဘောကို အလူမီနီယံ ကိုယ်ထည်ဖြင့် ပြုလုပ်ထားပြီး ခရီးသည် ၁၄၅ ဦး တင်ဆောင်နိုင်ကာ တစ်နာရီလျှင် ရေမိုင် ၂ဝ မောင်းနှင်နိုင် သောကြောင့် ယခင်က ပြည်တွင်း ရေကြောင်းပိုင် သင်္ဘောများဖြင့် ညအိပ် သွားရောက်ခဲ့ ရသည့် ခရီးစဉ်များကို နေ့ချင်းပေါက် သွားရောက် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်း တွင် ပြေးဆွဲရန် အတွက် ဂျပန်နိုင်ငံမှ ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား သင်္ဘောသုံးစင်း လှူဒါန်းသွားမည် ဖြစ်ပြီး ယခုနှစ်မေလတွင် သင်္ဘောတစ်စင်း၊ ၂ဝ၁၈ ခုနှစ်တွင် သင်္ဘောတစ်စင်း ရခိုင်ပြည်နယ်သို့ ထပ်မံရောက်ရှိ လာမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သည့် ဒေသခံပြည်သူများ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေစေရန် အတွက် အဆိုပါသင်္ဘော များဖြင့် စစ်တွေ- ကျောက်ဖြူ- တောင်ကုတ် ခရီးစဉ် သာမက စစ်တွေ- ပေါက်တော- မြေပုံ ခရီးစဉ် များကိုလည်း တိုးချဲ့ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

Monday, March 20, 2017

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ကုန်သေတ္တာစီးဝင်မှု ၂၀၂၅ ခုနှစ်တွင် လေးသန်းခန့်ထိ တိုးတက်လာမည်ဟု ခန့်မှန်း



ရန်ကုန် ၊ ၂၀-၃-၂၀၁၇

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ၂ဝ၁၅ ခုနှစ်က ကုန်သေတ္တာပေါင်း ရှစ်သိန်းကိုးသောင်း ဆိပ်ကမ်းသို့ စီးဝင်ခဲ့ရာ၊ ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်သန်းခန့်နှင့် ၂ဝ၂၅ ခုနှစ်တွင် လေးသန်းခန့်ထိ တိုးတက် လာမည်ဟု တွက်ချက် ခန့်မှန်းထားကြောင်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ သတင်းများ အရ သိရသည်။

အဆိုပါ ခန့်မှန်း တွက်ချက်မှု များအရ ရန်ကုန် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများသို့ ကုန်သေတ္တာ စီးဝင်မှု သိသိသာသာ တိုးတက်များပြား လာမည်ဖြစ် သဖြင့် ကြီးထွားဖြစ်ပေါ် လာမည့် အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်နိုင် ရန်အတွက် ရေကြောင်းမှ တိုက်ရိုက် ကုန်စည်သယ်ယူ ပို့ဆောင်မှု စနစ်ကို နိုင်ငံတော် အစိုးရထံသို့ တင်ပြ ထားသည်။

ထို့ပြင် ဆန်၊ ပဲ၊ ပြောင်းအများဆုံး ထွက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ကုန်သေတ္တာ သိုလှောင်ရုံများ ဆောက်လုပ်ကာ ကုန်စည်များကို သင်္ဘော နောက်တွဲဖြင့် သယ်ဆောင်လာပြီး နိုင်ငံခြားသို့ ပို့ဆောင်မည့် ကုန်တင်သင်္ဘော ပေါ်သို့ ရေကြောင်းမှ တိုက်ရိုက် တင်ဆောင်မည့် စနစ်ကို JICA ၏ အကူအညီဖြင့် မန္တလေးတွင် စမ်းသပ်ဆောင်ရွက် နေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင် က ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Friday, March 17, 2017

သင်္ကြန်ကာလ၌ ရန်ကုန်မြစ်တွင် ကူးတို့သင်္ဘောများ အချိန်နှင့် အခေါက်ရေ ပြောင်းလဲပြေးဆွဲပေးမည်



ရန်ကုန် ၊ ၁၇-၃-၂၀၁၇

မဟာသင်္ကြန် ကာလအတွင်း ရေလမ်းခရီး အသုံးပြုနေသည့် ရေယာဉ်စီးခရီးသွား ပြည်သူများ အဆင်ပြေစွာ ခရီးသွားလာနိုင် စေရန် ရေယာဉ်ခရီး လမ်းကြောင်း အချိန်နှင့် အခေါက်ရေများ လျှော့၍ ပြေးဆွဲပေးမည် ဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၁ဝဝ နှုန်းဖြင့် ပုံမှန်ပြေးဆွဲသွားမည် ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန ဧရာဝတီဌာနခွဲမှ သိရသည်။

မြစ်ဝကျွန်းပေါ်ဌာနခွဲ အနေဖြင့် လက်ရှိတွင် ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းကို နံနက် ၅ နာရီမှ ည ၉ နာရီအထိ အခေါက်ရေ ၄၆ ခေါက်နှုန်းဖြင့် ပို့ဆောင်ပေးနေပြီး သင်္ကြန်ကာလတွင် နံနက် ၆ နာရီမှ ည ၇ နာရီအထိ ၂၆ ခေါက်သာ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန ဧရာဝတီဌာနခွဲမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးသိန်းမြင့် ကပြောသည်။

ရန်ကုန်-ဆိပ်ကြီးခနောင်တို ကူးတို့လမ်းကို သင်္ကြန်ကာလတွင် နံနက် ၆ နာရီခွဲမှ ညနေ ၅ နာရီအထိ အခေါက်ရေ ခြောက်ခေါက်နှုန်းသာ ပြေးဆွဲပေးမည်ဖြစ်ပြီး ဝါးတန်း- ဒလ ကူးတို့လမ်းတွင် လက်ရှိ အခေါက်ရေ ၂ဝ ပို့ဆောင်ပေးနေ သော်လည်း သင်္ကြန်အကြိုနေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီအထိ အခေါက်ရေ ၁၂ ခေါက် ပို့ဆောင် ပြေးဆွဲပေးမည် ဖြစ်သည်။

ကုန်တင်ခရီးလမ်းများ အနေဖြင့် ပုံမှန် ခရီးစဉ်များ အတိုင်းသာ ပို့ဆောင်ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Thursday, March 9, 2017

မန္တလေး-မြစ်ကြီးနား အစုန်၊ အဆန် ပြေးဆွဲနေသည့် ရိုးရိုးတွဲဆိုင်းများအစား လေအိတ်ရထား တွဲဆိုင်းများဖြင့် အစားထိုးပြေးဆွဲမည်



မန္တလေး ၊ ၉-၃-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း မန္တလေး-မြစ်ကြီးနား အစုန်၊ အဆန် လမ်းပိုင်းကို ပြေးဆွဲ နေသည့် ရိုးရိုး တွဲဆိုင်းများ အစား လေအိတ် ရထား တွဲဆိုင်း များဖြင့် အစားထိုး ပြေးဆွဲ ပေးသွား မည်ဖြစ်ကြောင်း မန္တလေးဘူတာကြီး ရုံပိုင် ချုပ်ထံမှ သိရသည်။

''အခု အစားထိုး ပြေးဆွဲမယ့် လေအိတ် ရထား တွဲဆိုင်း တွေနဲ့ ရိုးရိုး တွဲဆိုင်းတွေ အများကြီး ကွာခြားမှု ရှိတယ်။ ရိုးရိုး ရထား တွဲဆိုင်း တွေက သံလမ်းက ညီညာမှု မရှိရင် ရထားဟာ ခုန်နေသလို စီးနင်းသူ တွေပါ လှုပ်ယမ်း နေတာမျိုးတွေ ဖြစ်တယ်။ အခု ပြေးဆွဲ ပေးမယ့် လေအိတ် ရထားက ရထားဘီး သာခုန် နေပေမယ့် ခရီးသည် စီးနင်းတဲ့ အခါမှာ လှုပ်ယမ်း တာတွေလဲ မဖြစ်နိုင် သလို ရထားပေါ်မှာ စားစရာ၊ သောက် စရာတွေ ကိုလဲ တည်ငြိမ်စွာ နဲ့စားနိုင် သောက်နိုင် တဲ့အဆင့်ထိ ရှိတယ်။ ဒါကြောင့် လေအိတ် ရထားတွဲဆိုင်း တွေ ရောက်လာတာနဲ့ ဟောင်းနွမ်း နေတဲ့ ရထားတွဲဆိုင်း တွေကိုပါ အစားထိုး ပြေးဆွဲပေး သွားဖို့ ရှိပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးမှ ရန်ကုန်ကို ပထမ ဆုံးအကြိမ် အဖြစ် ယခင် ပြေးဆွဲ နေသည့် ရိုးရိုးရထား တွဲဆိုင်းများ အစား တရုတ် နိုင်ငံမှ ဝယ်ယူထားသည့် လေအိတ် ရထားတွဲဆိုင်း များကို အစားထိုး ပြောင်းလဲ ပြေးဆွဲ ပေးခဲ့ရာ အခြား ခရီးသည် လိုက်ပါ စီးနင်းမှု မှာလည်း တိုးတက်မှု ရှိလာကြောင်း၊ ယခုလက်ရှိ အချိန် တွင်လည်း မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ခရီးသွား ဧည့်သည်များ လိုက်ပါ စီးနင်းရာတွင် အဆင့် အတန်း မြင့်မားစွာ သွားလာ နိုင်ရေးအတွက် ယခု လက်ရှိ အချိန်တွင် တရုတ်နိုင်ငံ မှ လေအိတ် ရထားတွဲဆိုင်း များကို ဝယ်ယူ ထားပြီး ဖြစ်ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း၌ ၎င်း ရထားတွဲဆိုင်း များ ရောက်ရှိလာ ပါက အစားထိုး ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

မန္တလေး ဘူတာကြီးမှ ပြေးဆွဲ ပေးနေသည့် ရထားလမ်းပိုင်း များမှာ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ငါးစီး၊ မန္တလေး-ရန်ကုန် အမြန်ရထား သုံးစီး၊ စာပို့ရထား  တစ်စီး၊ မန္တလေး-လားရှိုး ရထားလမ်း ပိုင်းနှစ်စီး၊ မြို့ဟောင်း- သာစည် လမ်းပိုင်းတွင် တစ်စီး စသည်ဖြင့်  ပြေးဆွဲ ပေးလျက် ရှိကြောင်း သိရသည်။ 

အဆိုပါ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကို လေအိတ် ရထားတွဲဆိုင်း များ အစားထိုး ပြောင်းလဲ ပြေးဆွဲပါက ခရီးသည် လိုက်ပါ စီးနင်းမှု အပိုင်းတွင် လည်း ဖွံ့ဖြိုး တိုးတက် လာနိုင်သည့် အပြင်စီးနင်း မည့် ခရီးသွား များမှာလည်း စည်းကမ်း တကျနှင့် လိုက်ပါ စီးနင်း ပေးကြရန် လိုအပ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

Tuesday, February 28, 2017

ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး တစုန်းများ ရှင်းလင်း



မုံရွာ ၊ ၂၈-၂-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်းမြစ် အတွင်း မြစ်ရေနည်းပါးချိန်တွင် ပြေးဆွဲလျက်ရှိသော ရေယာဉ်များ၏ ဝမ်းဗိုက်များနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သဖြင့် ယခုနှစ်နွေရာသီတွင် တစုန်းနုတ်ခြင်း လုပ်ငန်းကို တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

''နွေရာသီ မြစ်ရေနည်းပါးချိန်မှာ ချင်းတွင်းမြစ်ကို အထက်အောက် စုန်ဆန်သွားလာ ကြတဲ့ လူစီးအမြန် ရေယာဉ်တွေ၊ ကုန်တင်ရေယာဉ် တွေ အန္တရာယ်ကင်းရှင်း စွာနဲ့ သွားလာနိုင်ဖို့ အတွက် တစုန်းနုတ် လုပ်ငန်းကို နှစ်စဉ်မြစ်ရေ နည်းပါးချိန်တွေမှာ လုပ်ဆောင်တာပါ။ အခု နှစ်မှာတော့ အပိုင်း နှစ်ပိုင်းခွဲပြီး လုပ်ဆောင်တာ၊ အပိုင်း(၁)ဖြစ်တဲ့ ဟုမ္မလင်း-မော်လိုက် အပိုင်းကတော့ ပြီးသွားပြီ။ အခုဆက်ပြီး အပိုင်း(၂)ကို ဆက်ပြီး လုပ်နေတာ၊ ဖောင်းပြင်၊ ကလေးဝမြို့နယ် တွေမှာပြီးလို့ အခုဆို မင်းကင်းမြို့နယ် အတွင်းကို ဖြတ်နေပါပြီ၊ မုံရွာမြို့နယ် အောက်ဘက်ပိုင်း ဖြစ်တဲ့ ကျွန်းကြီးကျေးရွာ အနီးက ဘုမ္မနိုးရေလမ်း အထိ တစုန်းတွေကို နုတ်သွားမှာပါ'' ဟု တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အပိုင်း(၁)အဖြစ် သတ်မှတ်ထားသည့် ချင်းတွင်းမြစ် အထက်ပိုင်းဒေသများ ဖြစ်သော ဟုမ္မလင်းမြို့နယ် ဖောင်းပြင်မြို့နယ်နှင့် မော်လိုက်မြို့နယ် အတွင်းရှိရေလမ်း ၁၃ ခုတို့တွင် ဇန်နဝါရီ ၁၆ ရက်မှ ၂၆ ရက်အထိ အမှတ် (၂) တစုန်းနုတ် ရေယာဉ်(တနရ-၂) ဖြင့် တစုန်း ၂ဝ ခုတန်ချိန် ၃ဝ ကိုလည်းကောင်း၊ အပိုင်း(၂) အဖြစ်သတ်မှတ်ထားသည့် ဖောင်းပြင်မြို့နယ်၊ ကလေးဝမြို့နယ် ၊ မင်းကင်းမြို့နယ် ၊ ကနီမြို့နယ် နှင့်မုံရွာမြို့နယ် အတွင်း ရေလမ်းများရှိ တစုန်းများကို ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ပြီး တစုန်းနုတ်လုပ်ငန်း များကိုလည်းကောင်း လုပ်ဆောင် ပေးလျက် ရှိကြောင်း သိရသည်။ (၆၁၁)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

Friday, January 27, 2017

ပလိပ်-ဘဲလင်း-စဥ့်ကိုင် ရထားလမ်းပိုင်း ALLTM စက်ကြီးဖြင့် အဆင့်မြှင့်တင်နေမှုကို ဖေဖော်ဝါရီလအတွင်း အပြီး လုပ်ဆောင်မည်



မန္တလေး ၊ ၂၇-၁-၂၀၁၇

ရန်ကုန်-မန္တလေး အစုန် ၊ အဆန်လမ်းပိုင်းရှိ ပလိပ်-ဘဲလင်း- စဥ့်ကိုင် ရထားလမ်းပိုင်း ALLTM စက်ကြီးဖြင့် အဆင့်မြှင့်တင် မှုကို ယမန်နေ့မှစ၍ ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီလ အတွင်း အပြီးလုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမြို့ပြ နှင့် အင်ဂျင်နီယာ ဌာန (မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ ရန်ကုန်-မန္တလေး အစုန်၊ အဆန် လမ်းပိုင်းကို ALLTM စက်များဖြင့် ရထားလမ်းပိုင်း အရည်အသွေး မြှင့်တင်နိုင်ရန် အတွက် ယခင်ဘဏ္ဍာနှစ် အတွင်း က မန္တလေးတိုင်း ဒေသကြီးအတွင်း ၌ ကြိုတင် ပြင်ဆင်မှုများ အနေဖြင့် ဇလီဖားတုံး အကွာအဝေး မှန်ကန်စေရန်၊ သံလမ်းအဆက် Joint Square ဖြစ်စေရန်၊ သံလမ်းနှင့် ဆက်စပ်ပစ္စည်းများ ပြည့်စုံရန်၊ Rail-Gap အဆက် မှန်ကန်ရန်၊ ရထားသံလမ်း များတွင် ထည့်သွင်း ထားသည့် ကွန်ကရစ် ဇလီဖားတုံး နှင့် သစ်သား ဇလီဖားတုံး မှန်ကန်စေရန် စသည့်အချက် များကို ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားခဲ့ရာ ယနေ့မှစ၍ ပလိပ် - ဘဲလင်း- စဥ့်ကိုင်လမ်းပိုင်း ၁ဝမိုင်ကို ALLTM စက်ဖြင့် အကြီးစား အဆင့်မြှင့်တင် မှုကို ဖေဖော်ဝါရီလ အတွင်း အပြီးလုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

''အခု အဆင့်မြှင့်တင် နေတဲ့စက်တွေက ကွန်ပျူတာ စနစ်နဲ့ အော်တိုလုပ်ဆောင် ပေးတဲ့စက်ပါ။ စက်ရဲ့ အသုံးဝင်ပုံ ကတော့ လမ်းကို အဖြောင့်ဆွဲတဲ့ နေရာရယ်၊ ရေချိန် မှန်အောင်နဲ့ ဇလီဖားတုံးကို ပတ်ကင်ရိုက်တဲ့ နေရာတွေမှာ အလွန် ကောင်းတယ်။ ပြီးတော့ ရထားလမ်းပိုင်း တွေမှာ အနိမ့်အမြင့် မညီလို့ ခုန်နေတာတွေ ကိုလဲ တစ်ပြေးညီတည်း ဖြစ်အောင် ချိန်ပေးနိုင်တဲ့ စက်ပါ''ဟု ၄င်းက ပြောပြသည်။

၂ဝ၁၆ခုနှစ် ဇူလိုင်လ အတွင်းမှစ၍ တိုင်း-၅ ဧရိယာဖြစ်သည့် နေပြည်တော် ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း နှင့် သာစည်လမ်းပိုင်း တို့ရှိ လမ်းများကို ၄င်းစက်များဖြင့် အဆင့်မြှင့်တင်ခဲ့ ရာမှ မန္တလေးလမ်းပိုင်း ဖြစ်သည့် ရွာပုလဲဘူတာမှ ကျောက်ဆည် ဘူတာထိကို ဒီဇင်ဘာလ ပထမပတ်က စတင်လုပ်ဆောင် ခဲ့ပြီး ယခုလက်ရှိ ပလိပ်-ဘဲလင်း- စဥ့်ကိုင် လမ်းပိုင်းကို ယနေ့မှစ၍ အကြီးစား အဆင့်မြှင့်တင် မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

''အခု အဆင့်မြှင့်တင် မှုတွေ ဆောင်ရွက်ပြီး သွားရင် ရန်ကုန်- မန္တလေး အစုန်၊ အဆန် လမ်းပိုင်းကို အရင်က နှစ်နာရီ လောက်ကြာတယ် ဆိုရင် တစ်နာရီ လောက်နဲ့ အရောက်ပို့ဆောင် ပေးနိုင်တော့ မှာပါ။ မြို့တွင်းလမ်းပိုင်း တွေကိုလဲ အဆင့်မြှင့်တင် မှုတွေ လုပ်ဆောင် နေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

Friday, December 30, 2016

ရေကျချိန် သောင်ထွန်းမှုများ ဖြစ်ပေါ်နေသောကြောင့် သင်္ဘောများသွားလာရာတွင် အချိန်ကြန့်ကြာမှုရှိသော်လည်း နစ်မြုပ်မှုထိ ဖြစ်နိုင်စရာမရှိ



မန္တလေး ၊ ၃၀-၁၂-၂၀၁၆

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်၌ ရေကျချိန် ဖြစ်သည့်အတွက် သောင်ထွန်းမှုများ ဖြစ်ပေါ် နေသောကြောင့် သင်္ဘောများ သွားလာရာတွင် အချိန် ကြန့်ကြာမှု ရှိသော်လည်း နစ်မြုပ်မှုထိ ဖြစ်နိုင်စရာ မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

ယခုလက်ရှိ ရေကျချိန်တွင် ဧရာဝတီမြစ်ကြောင်း ၏ အလယ်ဗဟို နေရာတို့၌ သောင်များ ဖြစ်ထွန်းကာ ကျွန်းကြီးတစ်ခု  ဖြစ်ပေါ်လျက် ရှိသောကြောင့် သင်္ဘောများအနေဖြင့် ၄င်းကျွန်းကြီးကို ကွေ့ပတ်၍ ရေကြောင်း ရှာဖွေမောင်းနှင် နေရသဖြင့် အချိန် ကြန့်ကြာမှု ရှိသော်လည်း သင်္ဘောများ နစ်မြုပ်မှုမျိုး မရှိနိုင်ကြောင်း သိရသည်။

''သင်္ဘောတွေ အနေနဲ့ နစ်မြုပ်စရာ မရှိဘူး ဆိုပေမယ့် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ရေစူး ကန့်သတ်ချက်ကို မလိုက်နာဘူး ဆိုရင်တော့ သောင်တင်မှုတွေ ဖြစ်ပေါ်နိုင်တယ်။ သောင်တင်နေတဲ့ သင်္ဘောတွေကို စက်တွေနဲ့ ဆွဲချလိုက်ရင် ရေလမ်းကြောင်း တွေ ပျက်စီးပြီး တခြား သင်္ဘောတွေပါ သောင်တင်မှုတွေ ဖြစ်ပေါ် နိုင်ပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။

သောင်ဖြစ်ထွန်း နေသည့်နေရာ များနှင့် ကျောက်ဆောင်များ ရှိသည့် နေရာများတွင် သင်္ဘောများ အလွယ်တကူ သွားလာနိုင် စေရေး ရေပေါ်ပြ အမှတ်အသား များနှင့် ကမ်းပေါ်ပြ အမှတ်အသား များကို စိုက်ထူနေသည့် အပြင် သင်္ဘောများ သွားလာရန် အခက်အခဲဆုံး နေရာတစ်ခု ဖြစ်သည့် မန္တလေး-ညောင်ဦး ရေလမ်းပိုင်း ကိုလည်း ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာ ၃၈ သန်း အသုံးပြု၍ သင်္ဘောများ သွားလာရေး အဆင်ပြေ လွယ်ကူပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး အတွက် သောင်တူးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

Monday, December 12, 2016

ဆိပ်ကမ်းများ၌ ပူးပေါင်းညှိနှိုင်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး အခက်အခဲ ဖြစ်ပေါ်ပါက ဖြေရှင်းပေးမည်



ရန်ကုန် ၊ ၁၂-၁၂-၂၀၁၆

ပြည်တွင်းရှိ ဆိပ်ကမ်းများ၌ ကုန်စည် စီးဆင်းမှု လွယ်ကူမြန်ဆန် စေရန် ပူးပေါင်း ညှိနှိုင်းရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းထားပြီး အခက်အခဲများ ဖြစ်ပေါ်ပါက ဖြေရှင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပသော မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ တတိယ အကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားမှ သိရသည်။

ရန်ကုန်မြို့ ကမ်းနားလမ်း တစ်လျှောက်တွင် ဒီဇင်ဘာ ၇ ရက်မှစ၍ မောင်းနှင်နေသော ကွန်တိန်နာယာဉ် များကို ည ၉ နာရီမှ နံနက် ၆ နာရီအထိသာ မောင်းနှင်ရမည် ဟု သတ်မှတ်ထား သော်လည်း အချိန်မီ ကုန်
များကို အမြန်ပို့ရန် အရေးတကြီး လိုအပ်ပါက ကွန်တိန်နာယာဉ် များသည် Hot Line ဖုန်းသို့ ဆက်သွယ်နိုင်ပြီး လုပ်ငန်းရှင်များ အဆင်ပြေစေရန် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းညှိနှိုင်းရေး ကော်မတီ အဖွဲ့မှ ကုန်စည်များ အတွက် အခက်အခဲဖြစ် နေပါက ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ အမြန်ဆုံး ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး အကောက်ခွန်ဌာန သို့မဟုတ် ဆိပ်ကမ်း၌ ကြန့်ကြာနေခြင်း များကိုပါ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ထို့ပြင် ကွန်တိန်နာယာဉ် များကို နေ့ဘက်တွင် ထွက်ခိုင်းခြင်းကို ရပ်၍ ညဘက်တွင် ထွက်ခိုင်းခြင်းမှာ လုပ်ငန်းရှင် များအား အခက်အခဲ ဖြစ်ရန် မဟုတ်ကြောင်း၊ နေ့ခင်းပိုင်းတွင် အများပြည်သူ သွားလာနေသည့် ယာဉ်ကြော ကို လျှော့လိုက်ခြင်းသာ ဖြစ်ပြီး ထိုကဲ့သို့ ပြောင်းလဲ လိုက်ခြင်းဖြင့် တခြားစီးပွားရေး ဆိုင်ရာ လုပ်ငန်းများကို ပို၍မြန်ဆန်စွာ လုပ်ဆောင်သွား နိုင်မည်ဖြစ်သည့် အပြင် ကုန်စည် စီးဆင်းမှုကိုလည်း ယခုထက်ပို၍ တိုးတက်ရန် ရည်ရွယ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Monday, October 31, 2016

နေရပ်ပြန်မည့် အဝေးသင် ကျောင်းသား ကျောင်းသူများအတွက် တိုင်းဒေသကြီးအစိုးရက ချင်းတွင်းမြစ်ကြောင်း သင်္ဘောများ စီစဉ်ပေး



ရွှေဘို ၊ ၃၁-၁၀-၂၀၁၆

မုံရွာတက္ကသိုလ် တွင် အဝေးသင် စာမေးပွဲ လာရောက် ဖြေဆိုကြသည့် ချင်းတွင်း အထက်ပိုင်းဒေသ များမှ ကျောင်းသား၊ ကျောင်းသူများ အပြန်ခရီးတွင် အဆင်ပြေမှု ရှိစေရေး အတွက် တိုင်းဒေသကြီး အစိုးရ  အဖွဲ့၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ ချင်းတွင်းမြစ်ကြောင်း ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီမှ နိုဝင်ဘာ ၂ ရက်တွင် ရေယာဉ် နှစ်စီးဖြင့် စီစဉ်ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အထက်ချင်းတွင်း ဒေသမှ မုံရွာ တက္ကသိုလ်တွင် အဝေးသင် စာမေးပွဲ လာရောက်ဖြေဆို သူ ကျောင်းသား ကျောင်းသူပေါင်း ဦးရေ သုံးရာကျော် ရှိရာ အပြန်ခရီးတွင် အဆင်ပြေေ ချာမွေ့စေရေး အတွက် ဆိုင်ကယ်များကို ကုန်တင် ရေယာဉ်များ ဖြင့်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ခရီးသည်တင် အမြန်ရေယာဉ် များဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီမှ စီစဉ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''နိုဝင်ဘာ ၁ ရက်မှာ မော်တော် ဆိုင်ကယ်တွေကို ဇော်ဟိန်းနဲ့ မြကမ္ဘာစိုး ကုန်တင်အမြန် ရေယာဉ်နှစ်စီး ပေါ်ကို အပြီးတင် ရပါမယ်။ ချင်းတွင်း အထက်ပိုင်း ဒေသများကို လိုက်ပါမယ့် ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ရွှေပြည်ကမ္ဘာ အသင်းက ရေယာဉ်တစ်စီး ရယ်၊ နိုင်မင်းဆန်း ရေယာဉ်ရယ် ရေယာဉ်နှစ်စီး နဲ့ နိုဝင်ဘာ ၂ ရက် နံနက် ၅ နာရီမှာ မုံရွာမြို့ ကျောက်ဆောင် ဆိပ်ကမ်းကနေ စတင်ထွက်ခွာ မှာပါ။ မုံရွာမြို့ ကနေ နိုဝင်ဘာ ၂ ရက် နံနက် ၁ဝ နာရီမှာ ထွက်ခွာမှာပါ။ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ခရီးသွားလာမှု အဆင်ပြေစေဖို့ အတွက် ကျွန်တော်တို့ ကော်မတီက စီစဉ်ပေးတာ ဖြစ်ပါတယ်'' ဟု မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

မင်းဝေ (မုံရွာ)

ရတနာပုံနေ့သတင်းစာ ၊ စာ(၂၄)

Monday, October 10, 2016

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် သက်တမ်းကြာ ရေယာဉ်အဟောင်း များကို ရေယာဉ်အသစ် များဖြင့် အစားထိုးပြေးဆွဲရန် စီစဉ်



ရန်ကုန် ၊ ၁၀-၁၀-၂၀၁၆

ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် မြန်မာနိုင်ငံ မြစ်ကြောင်းများ၌ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် ကာလ ရှည်ကြာစွာ ပြေးဆွဲလျက် ရှိသည့် ရေယာဉ် အဟောင်းများကို ရေယာဉ်အသစ် များဖြင့် အစားထိုး ပြေးဆွဲရန် စီစဉ်လျက် ရှိကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရေကြောင်း ဌာနမှူးချုပ် ဦးအောင်သန်းမြိုင် ထံမှ သိရသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး တွင် လက်ရှိပြေးဆွဲ နေသည့် ရေယာဉ်များ သည် သက်တမ်းကြာ နေပြီဖြစ်၍ ကြံ့ခိုင်မှု အားနည်းသော ယာဉ်များကို ရေယာဉ်အသစ် များဖြင့် အစားထိုး ပြေးဆွဲပေးရန် စီစဉ်ခြင်း ဖြစ်သည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး တွင် စက်တပ်ရေယာဉ် ၁ဝဝ ကျော်နှင့် စက်မဲ့ရေယာဉ် ၁ဝဝ ကျော်ရှိပြီး တစ်နိုင်ငံလုံးရှိ မြစ်ကြောင်းများ တစ်လျှောက်တွင် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။

ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနသည် မြစ်ဝကျွန်းပေါ် ခရီးစဉ်များ ဖြစ်သော ဧရာဝတီမြစ်နှင့် မြစ်လက်တက်များ ပေါ်တွင်ရှိသည့် လပွတ္တာ၊ မြောင်းမြ၊ ပုသိမ်၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်း ခရီးစဉ်တို့ကို ပြေးဆွဲလျက် ရှိပြီး ဧရာဌာနခွဲတွင် မန္တလေး မှ ဗန်းမော်အထိ ခရီးစဉ်များ၊ ချင်းတွင်းဌာန ခွဲတွင် မုံရွာမှ ဟုမ္မလင်း၊ ကလေးဝ စသည့် ခရီးစဉ်များနှင့် သံလွင် ဌာနခွဲတွင် မော်လမြိုင် မှ ဘီလူးကျွန်း (နတ်မော်) နေရာများ အပြင် ပြည်တွင်းရှိ ဒေသအသီးသီး သို့ စုစုပေါင်း ဌာနခွဲ ခြောက်ခုဖြင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် စက်တပ် ရေယာဉ် ၁၇၈ စင်း၊ စက်မဲ့တွဲရေယာဉ် ၁၆၁ စင်းဖြင့် လက်ရှိပြေးဆွဲ အသုံးပြု နေပြီး ၂ဝ၁၄ ခုနှစ်က ဂျပန်နိုင်ငံမှ အသစ် ရောက်ရှိလာသည့် ချယ်ရီရေယာဉ် သုံးစင်းကို ပန်းဆိုးတန်း-ဒလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ် ၊ စာ(၆)

Wednesday, July 27, 2016

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို နှစ်တိုစီမံကိန်းအဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၇-၇-၂၀၁၆

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့် တင်ခြင်း လုပ်ငန်းကို နှစ်တိုစီမံကိန်း ကာလဖြစ်သည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ ရန်ကုန်မြို့ပတ် နှင့် ဆင်ခြေဖုံး ရထားလမ်းများ အဆင့်မြှင့်တင် ရန် ရထားလမ်း တစ်လျှောက်ရှိ ကျူးကျော် နေအိမ် များကို ယခုလအပြီး စစ်တမ်းကောက် ယူကာ စနစ်တကျ နေရာရွှေ့ပြောင်း ဖယ်ရှားပေးမည် ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက် မြန်မာပြည်) အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်း ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ရထားလမ်း တစ်လျှောက်ရှိ နေအိမ်များအား စစ်တမ်းကောက်ယူ မှုများကို အပိုင်းလိုက် လုပ်ဆောင်နေပြီး ဖျက်သိမ်းသင့်သော နေရာများကို စနစ်တကျ ရွှေ့ပြောင်းဖယ်ရှား ပေးသွားမည် ဖြစ်ကြောင်း၊ ရရှိသော စစ်တမ်းများကို ယခုလကုန် ပိုင်းတွင် စာရင်းချုပ်ကာ ရထားလမ်း အဆင့်မြှင့်တင်ရေး အတွက် အစီရင်ခံစာ တင်ပြသွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် လမ်း အဆင့်မြှင့်တင် မှုတွင် ထိခိုက်နစ်နာ နိုင်သော ကျူးကျော်မှုများ အပါအဝင် အိမ်များကို စာရင်းကောက်ယူ ခြင်းမျိုးဖြစ်ပြီး လက်ရှိစာရင်း ကောက်ယူ နေသည့်အချိန်တွင် တိုးပွားနေမှု များလည်း ရှိနေကြောင်း သိရသည်။

ရထားလမ်း တစ်လျှောက်တွင် ရထားလမ်းကူး ခုံးကျော်တံတား ၁ဝ ခုကို ပြန်လည် ပြုပြင် တည်ဆောက်ခြင်း၊ ရထားနှင့် ကားလမ်းကူး လမ်းဆုံရှိ ဂိတ် ၂၁ ခုကို အလိုအလျောက် ဖွင့်/ပိတ် လုပ်နိုင်သည့် အော်တိုဂိတ်များ အဖြစ်  ပြောင်းလဲရန် စီစဉ်ခြင်း၊ ကြည့်မြင်တိုင်၊ တညင်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံ နှင့် ပုရွက်ဆိတ်ကုန်း ဘူတာတို့ကို လည်း အဆင့်မြှင့်တင် ပြုပြင်ခြင်း ဆောင်ရွက်မည် ဖြစ်သည်။

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်မှု လုပ်ငန်းများတွင် ရှေးဦး ဆောင်ရွက်မှု အနေဖြင့် ယခုအခါ EIA ၊ SIA ဟု ခေါ်သည့် လူမှု ပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်းစဉ် ဆန်းစစ်မှုများကို e-Guard ကုမ္ပဏီက လုပ်ဆောင်လျက် ရှိသည်။ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းကို ၂ဝ၁၂ ခုနှစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၏ လုပ်ထုံးလုပ်နည်း များနှင့် လူမှုရေးရာ စဉ်းစား ဆင်ခြင်မှုများကို ဥပဒေနှင့်အညီ လုပ်ဆောင်လျက် ရှိသည်။

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့် တင်ခြင်း စီမံကိန်း၏ အခြေခံလုပ်ငန်း အားလုံးအတွက် ကုန်ကျမှုကို နိုင်ငံတော် ဘတ်ဂျက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။

ထိုသို့ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင် ရာတွင် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA မှ အမေရိကန် ဒေါ်လာ ၂ဝ၆ သန်း အကူအညီ ပေးမည်ဖြစ်သည်။ ရန်ကုန်မြို့ပတ် ရထား အဆင့်မြှင့်တင် ရာတွင် စီမံကိန်းကာလ သုံးခု သတ်မှတ်ထားပြီး နှစ်တိုကာလကို ၂ဝ၁၈ ခုနှစ်အထိ သတ်မှတ်ထားပြီး နှစ်လတ်ကာလ ကို ၂ဝ၂၅ ခုနှစ်အထိ သတ်မှတ်ကာ နှစ်ရှည် ကာလကို ၂ဝ၃၅ ခုနှစ်အထိ သတ်မှတ် လျာထားကြောင်း သိရသည်။ 

ဇာဏီ ၊ စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၃)

Wednesday, July 20, 2016

ရန်ကုန်စာတိုက်ကြီးနှင့် ချိတ်ဆက်ထားသော အွန်လိုင်းရှော့ပင်း အရေအတွက် ၃၀ ခန့်ရှိရာ ထပ်မံတိုးချဲ့နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၊ ၂၀-၇-၂၀၁၆

ရန်ကုန် စာတိုက်ကြီး နှင့် ချိတ်ဆက်ကာ ပစ္စည်းပို့သည့် ဝန်ဆောင်မှုကို ဆောင်ရွက်နေသော အွန်လိုင်း ရှောပင်း အရေအတွက် ၃ဝ ခန့်ရှိပြီး ထပ်မံတိုးချဲ့ နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ  တစ်ဦးက ပြောသည်။

ထိုသို့ အွန်လိုင်းရှောပင်း များမှ ဝန်ဆောင်မှု ပေးရာတွင် အမှာပစ္စည်း များကို ဝယ်ယူသူများထံ ရန်ကုန် စာတိုက်ကြီးမှ တစ်ဆင့် ပို့ဆောင်ပေးခြင်း ဖြစ်ပြီး ယခု လုပ်ကိုင်လျက် ရှိသည့် အရေအတွက်ထက် တိုးချဲ့နိုင်ရန် တခြားသော အွန်လိုင်းရှောပင်း များနှင့် ချိတ်ဆက် လုပ်ဆောင်လျက် ရှိကြောင်း၊ စာတိုက်ကြီးမှ ပေးပို့သော ဝန်ဆောင်မှုသည် ကောင်းမွန်သော်လည်း အများပြည်သူ သိရှိမှု နည်းပါးနေသဖြင့် ယခုထက်ပိုမို သိရှိလာစေရန် ထုတ်ပြန်မှုများ ပြုလုပ်သင့်ကြောင်း၊ သို့မှသာ အွန်လိုင်းမှ ဝယ်ယူသူများ ပိုမိုသိရှိလာပြီး ဝန်ဆောင်မှု တွင်ကျယ် လာနိုင်မည်ဟု သုံးသပ်မှုများ ရှိကြောင်း သိရသည်။

ရန်ကုန်စာတိုက်ကြီး အနေဖြင့် အွန်လိုင်း ရှောပင်းများနှင့် ပူးပေါင်း လုပ်ကိုင်မှု တိုးချဲ့ရေးအတွက် ဝန်ထမ်းများမှ တစ်ဆင့် ဆက်သွယ်ကာ ပစ္စည်းပို့သည့် လုပ်ငန်းများ အကြောင်းကို ရှင်းလင်း ပြောကြားခြင်း ပြုလုပ်လျက် ရှိသည်။ ထိုသို့ ဝန်ထမ်းများအား အွန်လိုင်းရှောပင်းများ ပိုမိုချိတ်ဆက် လုပ်ကိုင်နိုင်ရန် စီစဉ်ပေးခြင်းဖြင့် နိုင်ငံတော်၏ အခွန်ငွေကို ပိုမိုရှာဖွေပေး နိုင်မည်ဖြစ်ကြောင်း၊ ပင်မလုပ်ငန်းများ၏ ဝန်ဆောင်မှု များကိုလည်း လျင်မြန်စွာ လုပ်ဆောင် နိုင်ရန် ခေတ်နှင့် လျော်ညီသော ပုံစံများ ပြောင်းလဲ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

အွန်လိုင်းရှောပင်း များနှင့် ချိတ်ဆက် လုပ်ကိုင်ရာတွင် မူလက မြန်မာစာတိုက် လုပ်ငန်းကို နားလည်မှု လွဲမှားခြင်းများ ရှိခဲ့သော်လည်း ယခုအခါ ပူးပေါင်း လုပ်ကိုင်မှု ပိုမိုများပြား လာကြောင်း၊ ရန်ကုန်မြို့ အတွင်း စာတိုက် လုပ်ငန်းများ ဆောင်ရွက် ရာတွင် ယာဉ်ကြော ပိတ်ဆို့မှု များကြောင့် နှောင့်နှေးမှုများ မဖြစ်ပေါ်စေရန် အစီအစဉ်များ ရေးဆွဲ လုပ်ကိုင် လာကြသဖြင့် အဆင်ပြေမှု ရှိလာကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၃)

BRT Lite ယာဉ်လိုင်းတွင် ယာဉ်အစီးရေ တိုးလာလျှင် အမျိုးသမီးယာဉ်မောင်းများပါ ခန့်အပ်သွားမည်



ရန်ကုန် ၊ ၂၀-၇-၂၀၁၆

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသော BRT Lite ယာဉ်လိုင်းတွင် ခရီးသည် ပို့ဆောင်သည့် ယာဉ်အစီးရေ တိုးလာလျှင် အမျိုးသမီး ယာဉ်မောင်းများပါ ခန့်အပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YBPC) ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင် က ပြောသည်။

YBPC အနေဖြင့် ယာဉ်မောင်းသင်တန်း ဖွင့်လှစ်ရန် စီစဉ်နေပြီး အဆိုပါ သင်တန်း တက်ပြီးသူသည် BRT Lite ခရီးသည်တင် ယာဉ်မောင်း အဖြစ် လျှောက်ထား နိုင်ကြောင်း၊ လက်ရှိတွင် သင်တန်းပေးသည့် အနေဖြင့် အမျိုးသမီး ယာဉ်မောင်းတစ်ဦး ယာယီမောင်းနှင် ပေးလျက်ရှိကာ ယာဉ်အစီးရေ များလာပါက အမျိုးသမီး ယာဉ်မောင်းများ လျှောက်ထားမှု ရှိလျှင် ခန့်အပ်ရန် ရှိကြောင်း ၄င်းက ဆက်လက် ပြောသည်။

BRT Lite မော်တော်ယာဉ် သည် လက်ရှိတွင် လမ်းကြောင်း (၁) နှင့် (၂) ကို ယာဉ်အစီးရေ ၄၅ စီးဖြင့် ခရီးသည် ပို့ဆောင် ပေးလျက်ရှိပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် ယာဉ်အစီးရေ ၃ဝ ခန့် ထပ်မံရောက်ရှိ လာမည် ဖြစ်သောကြောင့် လမ်းကြောင်း (၃)အဖြစ် မှတ်တိုင် ၃၈ ခုရှိသည့် အင်းစိန်နှင့် မြောက်ဥက္ကလာပ ကို ပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် BRT Lite ယာဉ်လမ်းကြောင်း (၁) မှာ ယာဉ်အစီးရေ ၁၈ စီးဖြင့် အမှတ် (၁) လမ်းမကြီး၊ ပြည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ကမ္ဘာအေး ဘုရားလမ်းပိုင်း ရှိ မှတ်တိုင် ၂၃ ခုကို ပြေးဆွဲပေးလျက် ရှိပြီး လမ်းကြောင်း (၂) မှာ ယာဉ်အစီးရေ ၂၇ စီးဖြင့် အမှတ်(၁) လမ်းမကြီး၊ ပြည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ဗိုလ်တထောင် ဘုရားလမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ကမ်းနားလမ်း နှင့် ဘုန်းကြီးလမ်းပိုင်း ရှိ မှတ်တိုင် ၂၇ ခုကို ပြေးဆွဲလျက် ရှိသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

Monday, July 11, 2016

ရပ်ဆိုင်းထားသည့် ရန်ကုန်-မန္တလေး ကုန်သေတ္တာတင်ရထား ပြန်လည် ပြေးဆွဲမည်



ရန်ကုန် ၊ ၁၁-၇-၂၀၁၆

ရန်ကုန်မှ မန္တလေးသို့ ကုန်သေတ္တာ တင်ပို့လိုသူများ အတွက် ကုန်သေတ္တာတင် တွဲဆိုင်း ၁၁ တွဲပါ ရထား ပြေးဆွဲခြင်းကို စက်ပစ္စည်း လိုအပ်ချက် ကြောင့် ရပ်ဆိုင်းထား ခဲ့ကာ ယခုအခါ ပြန်လည်ပြေးဆွဲ ပေးမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ပို့ဆောင်လိုသည့် ကုန်သေတ္တာ များတွင် အရှည်ပေ ၄ဝ၊ အကျယ် ၈ ပေ၊ အမြင့်ပေ ၈ ပေ ၆ လက်မ ထက်မပိုသော ကုန်သေတ္တာ နှစ်လုံး အလေးချိန် ၃၃ တန်ထက် မကျော်လွန်ပါက တင်ဆောင် ခွင့်ပြုမည် ဖြစ်သည်။

ရထားတွဲ ပေါ်သို့ ကုန်သေတ္တာ အတင်အချ ပြုလုပ်ခြင်းကို တင်ပို့သူက တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ ကမ်းနားလမ်း၊ သီလဝါဘူတာ၊ ရွာမဘူတာ၊ မန္တလေးမြို့ရှိ မြို့ဟောင်း ဘူတာ၊ ယာဒ်ဝင်းနှင့် ပလိပ်ဘူတာ တို့၌ ကုန်သေတ္တာ အတင်အချ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇) မန်နေဂျာ ဦးကျော်စိုးလင်း က ပြောသည်။

ကုန်သေတ္တာတင် ရထားဖြင့် ပို့ဆောင်မှုတွင် အဆန်ခရီးစဉ် အတွက် ၁ မိုင်လျှင် ကုန်စည် ၁ တန် ငွေကျပ် ၄၂ ကျပ်နှုန်း၊ အစုန်ခရီးစဉ် အတွက် ၁ မိုင်လျှင် ကုန်စည် ၁ တန် ငွေကျပ် ၃ဝ နှုန်းနှင့် ၄၂ ကျပ်နှုန်း သတ်မှတ် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

ကမ္ဘာ့ဘဏ်မှထုန်ပြန်သော ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းအဆင့်တွင် မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်မှာ အဆင့် ၁၁၃ ရရှိခဲ့



ရန်ကုန် ၊ ၁၁-၇-၂၀၁၆

ဆိပ်ကမ်းနှင့် ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း အဆင့်တွင် မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်မှာ အဆင့် (၁၁၃)ဆင့် ရရှိခဲ့ကြောင်း ၂ဝ၁၆ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော Logistics Performance Index (LPI) အရ သိရသည်။ 

ကမ္ဘာ့ဘဏ်၏ LPI စစ်တမ်းတွင် နိုင်ငံပေါင်း ၁၆ဝ ပါဝင်ကာ စစ်တမ်းကို နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်သည့် စာရင်းတွင် မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် အဆင့်(၃၂) အထိ တက်လာခဲ့သည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အဆင့် (၁၄၅)တွင် ရပ်တည်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် အဆင့် (၁၁၃) ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

အဆိုပါ စစ်တမ်းကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ၊ ပင်လယ် ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်မှုဆိုင်ရာ သယ်ယူ ပို့ဆောင်မှု အရည်အသွေး၊ သင်္ဘောတင် ရာတွင် လွယ်ကူ လျင်မြန်မှု၊ ကုန်ကျစရိတ် သက်သာမှု စသည့်သင့်တင့် ကောင်းမွန်သော ထောက်ပံ့ ပို့ဆောင်မှု အရည်အသွေး များကို အကဲဖြတ်ပေးခြင်း ဖြစ်သည်။

အာဆီယံနိုင်ငံများ အနက် စင်ကာပူနိုင်ငံ က ကမ္ဘာ့အဆင့် (၅)ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး မလေးရှားက အဆင့် (၃၂)၊ ထိုင်းက အဆင့် (၄၅)၊ အင်ဒိုနီးရှားက အဆင့် (၆၃)၊ ဗီယက်နမ်က အဆင့် (၆၄)၊ ဘရူနိုင်းက အဆင့် (၇ဝ)၊ ဖိလစ်ပိုင်က အဆင့် (၇၁)၊ ကမ္ဘောဒီးယားက အဆင့် (၇၃)၊ လာအိုက အဆင့်(၁၅၂)တို့ဖြင့် ရပ်တည်လျက် ရှိသည်။

အာဆီယံနိုင်ငံများ အနက် ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံ တို့သည် အဆင့် သိသိသာသာ မြင့်တက်လာပြီး ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံ တို့က ၂ဝ၁၄ ခုနှစ်ထက် အဆင့်များ ကျဆင်းခဲ့ကာ မြန်မာနိုင်ငံမှာ ၂ဝ၁၆ ခုနှစ် LPI စစ်တမ်းတွင် ရမှတ် ၂ ဒသမ ၄၆ မှတ်ဖြင့် အဆင့် (၁၁၃) ရရှိခဲ့သည်။

အဆိုပါစစ်တမ်း တွင် ထိပ်ဆုံး ၁ဝ နိုင်ငံအတွင်း ပါဝင်သော နိုင်ငံများမှာ ဂျာမနီ၊ လူဇင်ဘတ်၊ ဆွီဒင်၊ နယ်သာလန်၊ စင်ကာပူ၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ ဗြိတိန်၊ ဟောင်ကောင် (တရုတ်)နှင့် အမေရိကန်တို့ ဖြစ်ပြီး အဆင့်အနိမ့်ဆုံး သုံးနိုင်ငံမှာ ဆီးရီးယား၊ ဟေတီနှင့် ဆိုမာလီယာ တို့ဖြစ်သည်။

မြန်မာနိုင်ငံသည် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့် သင်္ဘောလိုင်းများ အတင်အချ လျင်မြန်စေရေး အတွက် မြန်မာ့ အကောက်ခွန် အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System-MACCS) နှင့် မြန်မာ့အကောက်ခွန် ခေတ်မီ နည်းစနစ်ဖြင့် ကောက်ခံမှုစနစ် (Myanmar Customs Intelligence System -MCIS) တို့ကို ဂျပန်နိုင်ငံ၏ ငွေကြေးအကူအညီ နှင့် ဂျပန် အကောက်ခွန်၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေပြီး စနစ်တစ်ခုလုံး စတင်လည်ပတ် နိုင်ရေး စမ်းသပ်ခြင်းကို ၂ဝ၁၆ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလ အတွင်း ဆောင်ရွက်ရန် စီစဉ်ထားကာ နိုဝင်ဘာလတွင် ရာနှုန်းပြည့် လည်ပတ်နိုင်မည် ဖြစ်သည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၃)
Related Posts Plugin for WordPress, Blogger...