Social Icons

Pages

Showing posts with label ခရီးသွားလုပ်ငန်း. Show all posts
Showing posts with label ခရီးသွားလုပ်ငန်း. Show all posts

Thursday, February 21, 2019

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ အတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်မှု ၂ဝ၁၈ ခုနှစ်ထက် ပိုများလာ

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ အတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်မှု ၂ဝ၁၈ ခုနှစ်ထက် ပိုများလာ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၂ဝ 
-
၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ရွှေတိဂုံစေတီတော်သို့  နိုင်ငံခြားခရီးသွား ဧည့်သည်လာရောက်မှုမှာ၂ဝ၁၈ ခုနှစ်ကထက် ပိုများလာကြောင်း   ဂေါပကအဖွဲ့တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။ ''ရွှေတိဂုံစေတီတော်ကို ထိုင်း၊ တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံတို့က အများဆုံး လာရောက်လည်ပတ်ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ကြည့်ရင် ပိုများလာပါတယ်''ဟု ၎င်းကပြောသည်။ 
-
၂ဝ၁၉ ခုနှစ်ဇန်နဝါရီလတွင်နိုင်ငံခြားခရီးသွားဧည့်သည် ၇၄ဝဝဝ ကျော် ဝင်ရောက်ပြီး ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလက ၇ဝဝဝဝ ကျော်သာ လာရောက်ခဲ့သည့်အတွက် ယခင်ကထက် ပိုများလာခြင်းဖြစ်သည်။ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဝင်ရောက်မှုသည် ပြီးခဲ့သည့် နှစ်လယ်ပိုင်းခန့်က လျော့နည်းသွားသော်လည်း ဒီဇင်ဘာလမှ စတင်၍ ပြန်လည်များပြားလာခြင်း ဖြစ်သည်။ ဧည့်ဝင်ကြေးအနေဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦးလျှင် ငွေကျပ်၁ဝဝဝဝနှုန်း ကောက်ခံလျက်ရှိရာ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလက ဧည့်ဝင်ကြေးငွေကျပ် ၇ဝ၃၂ သိန်းကျော်ရရှိခဲ့သော်လည်း ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလတွင် ငွေကျပ် သိန်း ၇၅ဝဝ နီးပါး ရရှိခဲ့သည်။ 
-
ရွှေတိဂုံစေတီတော်၌  ယခုအခါ ရာသီအလိုက် ရိုးရာပွဲတော်များကိုလည်း ကျင်းပနေသကဲ့သို့ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှုကိုလည်းစီစဉ်နေပြီးရွှေသင်္ကန်းအလှူခံဌာနကိုဖွင့်လှစ်ထားကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် ရွှေသင်္ကန်းတော် ကာလအတွင်း ကပ်လှူသည့်  ရွှေသင်္ကန်းတော်များကို ဖေဖော်ဝါရီ  ၂၈   ရက် နောက်ဆုံးထား လှူဒါန်းရန်နှိုးဆော်ထားပြီး မတ် ၁ ရက် နောက်ပိုင်းမှလှူဒါန်းသည့် ရွှေသင်္ကန်းတော်များကို ၂ဝ၂၃-၂ဝ၂၄ ခုနှစ်တွင် ရွှေသင်္ကန်းကပ်လှူမည့် အစီအစဉ်၌သာဆက်လက်လှူဒါန်းအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 3, 2019

ငှက်ကြည့်ခြင်းနှင့် ပတ်သက်သည့် ကျေးရွာလူထုအခြေပြု ခရီးသွား လုပ်ငန်းသို့ ယခုနှစ် ပွင့်လင်းရာသီအစ၌ နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်ကြည့်ရှု

ငှက်ကြည့်ခြင်းနှင့် ပတ်သက်သည့်  ကျေးရွာလူထုအခြေပြု ခရီးသွား လုပ်ငန်းသို့  ယခုနှစ် ပွင့်လင်းရာသီအစ၌ နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်ကြည့်ရှု
-
ဝါးခယ်မ    ဇန်နဝါရီ   ၂ 
-
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံကပြင်ရွာ၌    ငှက်နှင့်ပတ်သက်သည့် ပထမဆုံး ကျေးရွာလူထု အခြေပြုခရီးသွားလုပ်ငန်း (CBT) သို့ ယခုပွင့်လင်းရာသီ အစ၌ နိုင်ငံခြားခရီးသွား ဧည့်သည်များ အဖွဲ့ခုနစ်ဖွဲ့ခန့် လာရောက်ကြည့်ရှုပြီးဖြစ်ကြောင်း   သား ငှက်ထိန်းသိမ်းရေး အဖွဲ့  (မြန်မာနိုင်ငံအစီ အစဉ်) မှ ငှက်ပညာရှင် ဦးသက်ဇော်နိုင်ထံမှ သိရသည်။ ''ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ နယ် ရွှေလောင်းမြို့နားမှာရှိတဲ့ကျုံကပြင် ရွာအပိုင်းမှာ ငှက်နဲ့ပတ်သက်တဲ့ ကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ဒေသခံတွေနဲ့ ပူးပေါင်းဖွင့်လှစ်ထားပါတယ်။ဒီနှစ် ပွင့်လင်းရာသီအစမှာ   နိုင်ငံခြားခရီးသွားဧည့်သည် ခုနစ်ဖွဲ့လောက်တော့လာရောက် ကြည့်ရှုကြတယ်''  ဟု  ဦးသက်ဇော်နိုင်က ပြောသည်။
-
ဒေသခံများအနေဖြင့် ဧည့်သည်များကို CBT သို့လိုက်ပို့ကာ  ငှက်များပြသခြင်း အပြင်  နေ့လယ်စာများကိုပါ  စီစဉ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ပြင် ထမင်းချက်အဖွဲ့၊ ဧည့်သည်လိုက်ပြသည့် အဖွဲ့ဟူ၍   ခွဲခြားထားပြီး ဒေသခံများ အနေဖြင့်  ဧည့်သည်လာပါက  အလှည့်ကျစနစ်ဖြင့် လိုက်ပို့ရကြောင်း သိရသည်။ CBT  သို့  ငှက်ကြည့်ရန်  လာရောက် လည်ပတ်ကြသော ခရီးသွားဧည့်သည်များတွင် ပြည်တွင်းထက် ပြည်ပက ပိုများကြောင်း၊ လက်ရှိတွင် အဆိုပါကျေးရွာလူထုခရီးသွား လုပ်ငန်းကို ဖော်ဆောင်ပြီးဖြစ်သော်လည်း တရားဝင် အနေဖြင့်  အစိုးရထံ တင်ပြမည် ဖြစ်ကြောင်း သိရသည်။
-
သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) အနေဖြင့် သွားရောက်ပြီး Conservation လုပ်သည့်နေရာများတွင် ဒေသခံ များအား   ဝင်ငွေတိုးစေချင်သည့်အတွက် CBT များဖော်ဆောင်ပေးရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကျေးရွာလူထုအခြေပြုခရီး သွားလုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်း၍ ဆောင်ရွက်ထားခြင်းဖြစ်ပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များ အဓိကလာရောက်ကြည့်ရှု သည့်ငှက်မှာကိုင်းစွေ့ငှက်များဖြစ်ကြောင်း၊ ယင်းအပြင် စာဝါကျားငှက်ကိုလည်း ကြည့်ရှု သူများပြားပြီး အဆိုပါငှက်ကောင်ရေ ၁ဝဝ ကျော်ရှိကာ တစ်ကမ္ဘာလုံး၌ ကောင်ရေ ၅ဝဝ ခန့်သာရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 26, 2018

ဒီဇင်ဘာရုံး ပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် လာရောက်မှု များပြား

ဒီဇင်ဘာရုံး ပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် လာရောက်မှု များပြား
-
ညောင်ဦး  ဒီဇင်ဘာ  ၂၅ 
-
ဒီဇင်ဘာရုံးပိတ်ရက်တွင် မန္တလေးတိုင်း ဒေသကြီး   ညောင်ဦးခရိုင်  ညောင်ဦးမြို့နှင့် ပုဂံမြို့ရှိ သမိုင်းဝင်ဘုရား၊ စေတီ ပုထိုးများသို့ ပြည်တွင်းပြည်ပဘုရားဖူး   ဧည့်သည်များ  များပြားစွာလာရောက်လျက်ရှိကြောင်း သိရသည်။ 
-
''ပွဲတော်အချိန်မဟုတ်တဲ့ အချိန်အခါမှာတောင်မှ ပုဂံဒေသမှာ ပြည်တွင်းပြည်ပခရီး သွားဧည့်သည်တွေမပြတ်ဝင်ပါတယ်။ သီတင်း ကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ် ရက်၊ ဒီဇင်ဘာရုံးပိတ်ရက်တွေမှာပုဂံဒေသ ရဲ့အလွန်ရှေးကျပြီး    ပကတိ အတိုင်းရှိနေ သေးတဲ့ ဘုရားပုထိုးစေတီတွေ၊  သာသနိက အဆောက်အအုံတွေ၊ အုတ်ရိုးအုတ်ပုံတွေ က ခရီး သွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတွေပါ။ ပုဂံ-ညောင်ဦးဒေသကို ဘယ်နှခေါက်ရောက်ရောက် ကိုယ့်အရပ်ကိုယ့် နယ်ပြန် ရောက်ရင် ထပ်ကာထပ်ကာပြန်သွားချင်တဲ့ စိတ်ဖြစ်ရတယ်''ဟု ဘုရားဖူးလာရောက်သူတစ်ဦးက ပြောသည်။ 
-
ဒီဇင်ဘာရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် အတွင်း ဘုရားဖူးပြည်သူများက သမိုင်းဝင်ဘုရား၊ စေတီပုထိုးများဖြစ်သည့် လောက နန္ဒာ စွယ်တော်မြတ်စေတီ၊ ဓမ္မရာဇကဘုရား၊ မနူဟာဘုရား၊ မြစေတီဘုရားနှင့် ကျောက်စာ၊ ရွှေစည်းခုံ စွယ်တော်မြတ်စေတီ၊ ထီးလိုမင်းလို၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ ပုဂံရှေးဟောင်း သုတေသနပြတိုက်၊ တုရင်တောင် စွယ်တော် မြတ်စေတီ၊ အရှင်အဇ္ဇဂေါဏ၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီး၊ အာနန္ဒာဘုရား၊ စူဠာမဏိ၊ ရွှေဆံ တော်ဘုရား၊ ငှက်ပစ်တောင်ဘုရားများ၌  ကားလမ်းကြောပိတ်သည်အထိ၊  ကားထား သည့်နေရာ အခက်အခဲဖြစ်သည်အထိလာ ရောက် လေ့လာလည်ပတ်ကြကြောင်းသိရသည်။                 
-
ကိုထိန်(ငါ့သရောက်)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, December 20, 2018

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်

-
စစ်ကိုင်း  ဒီဇင်ဘာ  ၁၉ 
-
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန် မြန်မာနိုင်ငံခရီး သွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ နာဂဒေသသို့ ဇန်နဝါရီ ၁ဝ ရက်မှ ၁၈ ရက်အထိ  ခရီး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်တွင် ကား ၁၉ စီးဖြင့်  ၆၁ ဦးလိုက်ပါမည်ဖြစ်ကာ မုံရွာမြို့မှ စတင်၍ အလောင်းတော်ကဿပ၊ ကလေးဝမြို့၊  မော်လိုက်မြို့၊ ဟုမ္မလင်းမြို့၊ လေရှီးမြို့ရှိနာဂရိုးရာပွဲတော်၊ မူးချောင်း၊ မိုင်းချောင်းနှင့် မဟာမြိုင်တောလမ်း-သက္ကယ်ကျင်း-ရေဦး-ရွှေဘိုမြို့တို့ကိုဖြတ်၍ စစ်ကိုင်းမြို့မှ ရန်ကုန် မြို့သို့  ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
-
''ဒီခရီးစဉ်စီစဉ်ဖြစ်တာက  အစိုးရက စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်တဲ့ လုပ်ငန်း စဉ် ထဲကတစ်ခုပေါ့။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘယ်ဒေသတွေ နေရာတွေသွားသင့်တယ်။  လမ်းကြောင်း တွေကို လမ်းညွှန်ပေးမယ်။ လုံခြုံရေး၊ နေရေး ထိုင်ရေး လုပ်ပေးမယ်။ စစ်ကိုင်းတိုင်း ဒေသကြီးက သိပ်ကျယ်တဲ့ ဒေသဖြစ်တော့ ပထမအကြိမ် တုန်းက စစ်ကိုင်းတိုင်း ဒေသကြီးရဲ့အရှေ့ဘက်တစ်ခြမ်းပေါ့။ အခုက ချင်းတွင်းမြစ်ဘက်ခြမ်းကို လုပ်ပေးတာ။  ချင်းတွင်းမြစ်ဘက်ခြမ်းက ပွင့်လင်းရာသီမှ သွားလို့ရတာပေါ့။ တစ်နေရာနဲ့  တစ်နေရာ မတူဘူး။ အခုက လေရှီးထိပဲပေါ့။ နောက် တစ်ကြိမ်ဆိုမိုင် ၁၄ဝ လောက် မြောက်ဘက် ခြမ်းကိုသွားလို့ရသေးတယ်။ ဇလုံတောင်ခရီး စဉ်ကိုလည်း တိုင်းဒေသကြီးအစိုးရက  ဖော်ထုတ်ပေးခဲ့ပါတယ်''ဟု စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွား လုပ်ငန်း   ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူးကပြောသည်။ 
-
စစ်ကိုင်းတိုင်းဒေသကြီး၏ ခရီးသွားကဏ္ဍ ကိုဖော်ထုတ်ရန်အတွက် ၂ဝ၁၈ ခုနှစ်အတွင်းရန်ကုန်၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ ကောလင်း၊  မုံရွာ၊ ရန်ကုန်ခရီးစဉ်ကိုလည်းတိုင်းဒေသကြီး အစိုးရနှင့် မြန်မာ့ခရီးသွားလုပ်ငန်းဈေးကွက်  မြှင့်တင်ရေးအသင်းတို့ ပူးပေါင်းစီစဉ်ခဲ့ကြောင်း  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင် ရေးအသင်းဥက္ကဋ္ဌက ပြောသည်။ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် နေရာ ဒေသများစွာ ရှိနေပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ကလည်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေကြောင်း သိရသည်။ 
-
အမ်အမ်ကေ
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 17, 2018

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဟောင်ကောင်နိုင်ငံတကာ ခရီးသွားလုပ်ငန်း ညီလာခံသို့ တက်ရောက်

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဟောင်ကောင်နိုင်ငံတကာ ခရီးသွားလုပ်ငန်း ညီလာခံသို့ တက်ရောက်
-
နေပြည်တော်  ဒီဇင်ဘာ  ၁၆
-
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအုန်းမောင်သည် ဒီဇင်ဘာ ၁၂ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသံ Hong Kong Convention and Exhibition Center ၌ကျင်းပသော ဟောင်ကောင်နိုင်ငံ တကာ ခရီးသွားလုပ်ငန်း ညီလာခံသို့ တက် ရောက်ခဲ့သည်။ ညီလာခံအတွင်း ပြည်ထောင်စုဝန်ကြီးသည် ဒေသတွင်းနှင့်နိုင်ငံတကာ ခရီးသွား လုပ်ငန်းနှင့် Guangdong- ဟောင်ကောင်- မကာအို - Greater Bay Area တို့အကြား  ချိတ်ဆက်ဆောင်ရွက်မှု၊ အထူးသဖြင့် Belt and Road လမ်းကြောင်းပေါ်ရှိ နိုင်ငံများအချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်မှု၊ ဗီဇာလုပ်ထုံး လုပ်နည်း ဖြေလျှော့မှုနှင့် လေ ကြောင်း လိုင်းများ တိုးချဲ့နိုင်ရေးတို့နှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့သည်။
-
ထိုကဲ့သို့ဆွေးနွေးမှုများအပြင် ပြည်ထောင်စု ဝန်ကြီးသည် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် အရာရှိချုပ် Mr.Zhu Shan-zhong ၊ ဟောင်ကောင် Polytechnic University မှ ပါမောက္ခ Mr.Song Hai Yan တို့နှင့် လည်းတွေ့ ဆုံကာ မြန်မာနိုင်ငံခရီးသွား လုပ်ငန်း လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သင်တန်းများ ထောက်ပံ့ ပေးနိုင်ရေး အတွက် ဆွေးနွေးခဲ့သည်။ အလားတူ ပြည်ထောင်စုဝန်ကြီးသည်  Hong Kong Convention and Exhibition Center ၌ ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသ၏ Chief  Executive Mrs.Carrie Lam နှင့်တွေ့ဆုံကာ နှစ်နိုင်ငံအကြားဟိုတယ်နှင့်  ခရီးသွား ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒီဇင်ဘာ ၁၁ရက်က ဟောင်ကောင် ဒစ်စနေ လန့်ဟိုတယ်၌ ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသအစိုးရ၏  ကူးသန်းရောင်းဝယ်ရေးနှင့်  စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အတွင်းဝန်  Mr.Edward  Yau နှင့်တွေ့ဆုံကာ မြန်မာ နိုင်ငံနှင့် ဟောင်ကောင် အကြား ခရီးသွား လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ လည်းကောင်း   ဆွေးနွေးခဲ့သည်။
-
ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁၅ ရက်တွင်  JW Marriott Hotel ၌  မကာအို အထူး အုပ်ချုပ်ရေး ဒေသ အစိုးရလူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အတွင်းဝန် Mr.Alexis Tam Chong Vengနှင့်တွေ့ဆုံကာ Comtemporary Arts ပြပွဲတွင် မြန်မာနိုင်ငံမှ ပန်းချီ ပညာရှင်များ၏ လက်ရာများ ပါဝင်ပြသ သွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းကူညီသွားရေး၊ ၂ဝ၁၉ ခုနှစ်တွင် မကာအို၌  ကျင်းပမ ည့်  Global Tourism and Economic Forum သို့ မြန်မာနိုင်ငံမှ ပါဝင် တက်ရောက်နိုင်ရေး၊ ခရီးသွား လုပ်ငန်းဆိုင်ရာသင်တန်းများကို  မကာအိုရှိ  သင်တန်းကျောင်းများနှင့် ပူးပေါင်းဖွင့်လှစ် သွားနိုင်ရေးတို့ကို ဆွေးနွေး ခဲ့ကြသည်။
-
ထို့ပြင် ပြည်ထောင်စု ဝန်ကြီးသည် ခရီးစဉ် အတွင်း ဟောင်ကောင် - မကာအို - မြန်မာ စက်မှုနှင့် ကုန်သည်ကြီးများ အသင်း၊ မကာအိုရောက်  မြန်မာနိုင်ငံသားများ အသင်းနှင့် ဟောင်ကောင်ခရီးသွား လုပ်ငန်းရှင်များနှင့်  တွေ့ဆုံခဲ့ပြီး  မကာအိုရှိ  Dancing Water ပြပွဲ၊   Macao Tower နှင့် ဟောင်ကောင် - မကာအို ဆက်သွယ်ထားသော  တံတား တို့ကို သွားရောက် လေ့လာခဲ့ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, October 5, 2018

လွိုင်ကော်မြို့သို့ သွားရာလမ်း တစ်လျှောက်ရှိ ကျေးရွာများ၌ ရပ်ရွာလူထုအခြေပြု ခရီးစဉ်သစ်များ ဖော်ဆောင်ရန်စီစဉ်


လွိုင်ကော်  အောက်တိုဘာ  ၎
-
ကယားပြည်နယ် လွိုင်ကော်မြို့သို့ သွားရာလမ်းတစ်လျှောက်ရှိ ကျေးရွာများ၌ ကယားပြည်နယ်အစိုးရ အဖွဲ့၏ အထောက်အပံ့ဖြင့် ရပ်ရွာလူထုအခြေပြု ခရီးစဉ်သစ်များဖော်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန(လွိုင်ကော်) တာဝန်ခံ ဦးအောင်ကျော်သူထံမှ သိရသည်။
-
 ယခုနှစ်များအတွင်း ကယားပြည်နယ်သို့  ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု မြင့်တက်လာသဖြင့် ရပ်ရွာလူထု အခြေပြု ခရီးစဉ်သစ်များကို ထပ်မံဖော်ဆောင်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။ အဆိုပါ ခရီးစဉ်သစ် ဖော်ဆောင်ပေးနိုင်ပါက ယင်းဒေသရှိ  ကျေးရွာများ၌ အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူမှုဘဝမြှင့်တင်ရေးကို အထောက် အကူပြုစေမည် ဖြစ်သည်။ ယခုဖော်ဆောင်ပေးမည့် အစီအစဉ်များသည် မိုးဗြဲဆည်မှ  လွိုင်ကော်မြို့သို့သွားရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများ၌   ဖော်ဆောင်မည်ဖြစ်ပြီး ယခုနှစ်ခရီးသွား ရာသီတွင်လည်း ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လည်ပတ်နိုင်မည့်နေရာများကို တိုးချဲ့ဆောင်ရွက်ပေးထားကြောင်း သိရသည်။
-
''ဒီဒေသမှာ သဘာဝအလှအပတွေ အများကြီးရှိတယ်။  ဒါတွေနဲ့  ခရီးသွား ဧည့်သည်တွေကို  ဆွဲဆောင်နိုင်ပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့  တိုင်းရင်းသားတွေရဲ့ နေထိုင်ပုံဓလေ့တွေကိုလည်း လေ့လာနိုင်မယ်။ ဒါကြောင့် ကျေးရွာတွေမှာ ရပ်ရွာလူထုအခြေပြု ခရီးစဉ်သစ်ကို  ဖော်ဆောင်ပေးဖို့ စီစဉ်တာပါ။ နောက်တစ်ခုက ဒေသခံတွေ အတွက်   အလုပ်အကိုင်တွေ ရရှိလာမယ်။
-
ကျေးရွာတွေအထိ ဝင်ရောက်ပြီး လေ့လာနိုင်ဖို့ ဖန်တီးပေးထားတဲ့အတွက် ခရီးသွားတွေ အတွက် အလှအပတွေကို ပိုလေ့လာနိုင်မှာပါ။  ဒီနှစ်ခရီးသွားရာသီမှာ ဒီကနေ အင်းလေးကို  စက်လှေနဲ့သွားနိုင်မယ့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော်နေပါတယ်''ဟု ဦးအောင်ကျော်သူ ကပြောသည်။
-
လာမည့်ခရီးသွား ရာသီဖြစ်သည့် နိုဝင်ဘာလမှစ၍ မိုးဗြဲဆည်(ရေတံခါး)မှ ဖြတ်သန်း၍ အင်းလေးကန်သို့ စက်လှေခရီးစဉ်ဖြင့် သွားရောက်နိုင်ရန် ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
-


#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 3, 2018

ဗန်းမောက်မြို့ နယ်ရှိ ဇလုံတောင်တွင် ခမိုးစခန်းတည်ဆောက်မည်


ဗန်းမောက် အောက်တိုဘာ ၂
-
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်တွင် ခမိုးစခန်းတည်ဆောက် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
-
ဇလုံတောင်သို့  လာရောက်မည့် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စားသောက်ဆိုင်များ၊ လူနေအိပ်ဆောင်များ၊ ကားရပ်နားကွင်း၊ လက်ဆောင် 
ပစ္စည်းအရောင်းဆိုင်များ စသည့်တို့ပါဝင်မည့် ခမိုးစခန်းတစ်ခုကို ယခုနှစ်အတွင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး 
ဦးစီးမှူး ဦးအောင်သူဦးက ပြောပြသည်။
-
"ဇလုံတောင်မှာ ကျိုက်ထီးရိုးမှာရှိတဲ့ ကင်ပွန်းစခန်းပုံစံမျိုး ဒီမှာ ခမိုးစခန်းဆိုပြီးဖွင့်လှစ်ဖို့ရှိတယ်။ အဝေးကလာမယ့်ကားတွေရပ်နားဖို့ ကွင်းတစ်ခု၊  တောင်တက်ကားကွင်း တစ်ခု၊ စာသောက်ဆိုင်ခန်းတွေ 
ပါမယ်၊ အနားယူအပန်းဖြေမယ့် နေရာတွေပါမယ်၊ ကျန်းမာရေး စောင့်ရှောက်ပေးဖို့ပါမယ်၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေပါမယ်၊ တည်းခိုလို့ရမယ့် အိပ်ဆောင် တွေပါမယ်။ ဇလုံတောင်ခမိုးစခန်း 
မှာ  အားလုံးပြည့်ပြည့်စုံစုံပါမယ်" ဟု ၎င်းက ပြောပြသည်။
-
ပြီးခဲ့သည်နှစ်က ဇလုံတောင်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် နှစ်သိန်းကျော် လာရောက် လည်ပတ်ကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ကထက် ခရီးသွားဧည့်သည် ပိုမိုလာရောက်လည်ပတ်မည် 
ဟုမျှော်လင့်ထားကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။
-
#ရတနာပုံနေ့စဉ်သတင်းစာ

Friday, September 28, 2018

ပြည်ပခရီးသွားများ၏ လေးစားမှုမရှိသည့် အပြုအမူများကြောင့် ဘာလီကျွန်းရှိ အထွတ်အမြတ် ထားရာနေရာများသို့ ဝင်ရောက်ခွင့် ကန့်သတ်မည်



ဘာလီ ၂၈-၉-၂ဝ၁၈

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အထွတ်အမြတ်ထားသော နေရာများ၌ ပြည်ပခရီးသွား ဧည့် သည်အချို့၏ လေးစားမှုမရှိသည့် အပြုအမူများ ဖြစ်ပွားပြီးနောက် အဆိုပါ ကျွန်းရှိဘုရား ကျောင်းကန်များသို့ ဧည့်သည်များ ဝင်ရောက်ကြည့်ရှုလေ့လာမှုကို ကန့်သတ်ရန် ဘာလီ အစိုးရက ပြင်ဆင်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့်လအတွင်း နိုင်ငံခြားသားတစ်ဦးသည် တာဘာနန် အစိုးရခေတ်တွင် တည်ဆောက် ခဲ့သော လူဟာဘာတူကာရူဘုရား ကျောင်းရှိ ဗိမာန်တစ်ခု၏ ခေါင်မိုးထိပ်၌ ထိုင်နေသော ဓာတ်ပုံ တစ်ပုံကို ၎င်း၏အင်စတာဂရမ် လူမှုကွန်ရက်မှ တစ်ဆင့်ဖော်ပြခဲ့သဖြင့် ဘာလီကျွန်းရှိ ဟိန္ဒူဘာသာဝင်များ အလွန်အမင်း ထိတ်လန့်သွားသည်။ အဆိုပါ ဓာတ်ပုံသည် လူမှုကွန်ရက် စာမျက်နှာများတွင် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည်။ 

အဆိုပါ နိုင်ငံခြားသားသည် မော်တော်ဆိုင်ကယ် မတော်တဆမှုဖြစ်ပွားပြီးနောက် ဆာနား ရဲစခန်းသို့ ရောက်ရှိလာချိန်တွင် ဓာတ်ပုံပါအမျိုးသားမှာ ၎င်းကိုယ်တိုင်ဖြစ်ကြောင်း ဝန်ခံခဲ့ သဖြင့် ရဲတပ်ဖွဲ့က သိရှိခဲ့ခြင်းဖြစ်သည်။ ထိုနိုင်ငံခြားသားမှာ ဖင်လန်နိုင်ငံမှ အသက် ၃၆ နှစ်ရှိ တိုနီခရစ်ရှန်ဂျာဗီဆိုသူ ဖြစ်သည်။ 

ထို့နောက် ဆာနားရဲတပ်ဖွဲ့က ၎င်းကို ပက်နီဘယ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဘုရားကျောင်း၌ ရိုးရာ ဓလေ့အရ သန့်ရှင်းရေး ပြုလုပ်ရန်စေခိုင်းခဲ့သည်။ နိုင်ငံခြားသား ဧည့်သည်များ၏ အဆိုပါ အပြုအမူများကြောင့် အလွန်စိတ် အနှောင့်အယှက် ဖြစ်ရကြောင်း၊ ၎င်းတို့အနေဖြင့် မည်သည့်နေရာသို့ သွားရောက် လည်ပတ်သည်ဖြစ်စေ ဒေသခံများ၏ ဘာသာရေး အထွတ် အမြတ် ထားရာနေရာများကို လေးစားသင့်ကြောင်း အင်ဒိုနီးရှား ဟိန္ဒူဘာသာရေး ကောင်စီ၏ ဘာလီဌာနခွဲမှ အကြီးအကဲ အိုင်ဂက်စတီငူရာ ဆူဒီယာနာက The Jakarta Post သတင်း ဌာနသို့ ပြောသည်ဟု သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Monday, September 24, 2018

မြိတ်ကျွန်းစုရှိ ပါပန့်ကျွန်း(ခ) စမတ်ကျွန်းကို အပန်းဖြေ ကမ်းခြေ အဖြစ် အကောင်အထည် ဖော်မည်



မြိတ် ၂၄-၉-၂ဝ၁၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု၌ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြိတ်ခရိုင်အတွင်းရှိ ပါပန့် ကျွန်း(ခ)စမတ်ကျွန်းကို အပန်းဖြေ ကမ်းခြေအဖြစ် အကောင် အထည်ဖော်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီး သွား လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပါပန့်ကျွန်းသည် ဧရိယာ ၅၄၅ ဒသမ ဝ၆ ဧကအထိ ကျယ်ဝန်းပြီး သဲနှင့်ကျောက်စရစ်ခဲများ ရောရာ ကမ်းခြေ တစ်ခုဖြစ်ကာ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ လာရောက် လည်ပတ်ရန် စိတ်ဝင်စားနိုင်သဖြင့် အပန်းဖြေ ကမ်းခြေ တစ်ခုအဖြစ် ဆောင်ရွက်ရန် စီ စဉ်ခြင်း ဖြစ်သည်။

ကမ်းခြေကို နိုင်ငံတကာအဆင့်မီ အပန်း ဖြေကမ်းခြေ တစ်ခုအနေဖြင့် အကောင်အထည်ဖော် မည်ဖြစ်ပြီး ယင်းအပန်းဖြေ ကမ်းခြေ တည်ဆောက်ပြီးလျှင် မြိတ်ကျွန်းစု ဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ ပိုမို လာရောက် လည်ပတ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

''ဒီကျွန်းက အမြဲစိမ်း သစ်တောတွေ ပေါက်ရောက်ရာ ကျွန်းဖြစ်ပါတယ်။ ဒီကျွန်း ကိုသွားရင် တောနက်ထဲကို သွားသလို ခံစားရမယ်။ ရေငန် မဟုတ်ဘဲ ရေချိုထွက်တဲ့ နေရာပါ။ လူသူ အရောက် အပေါက်လည်း နည်းပါ တယ်။ ဒီကျွန်းမှာ သဘာဝ အလှအပ တွေ အများကြီးရှိလို့ အခုလို ဖော်ဆောင်ဖို့ ရည်ရွယ်တာပါ။ မြိတ်မြို့နဲ့ မိုင် ၅ဝ ခန့်အကွာ မှာရှိလို့ နေ့ချင်းပြန် သွားရောက် လည်ပတ်နိုင်မှာပါ'' ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါ ကျွန်းကို အပန်းဖြေ ကမ်းခြေအဖြစ် ဆောင်ရွက်နိုင်ရန် မြိတ်မြို့ရှိ ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြိတ်ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တိုင်းဒေသကြီး အစိုးရထံ တင်ပြ ထားကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Monday, September 10, 2018

ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရေး ဆင်စခန်းများတိုးချဲ့ဖွင့်လှစ်ရန် အစီအစဉ်ရှိ



မန္တလေး ၁ဝ-၉-၂ဝ၁၈

ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ အတွင်း၌ ဆင်စခန်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း တောရိုင်းတိရစ္ဆာန် လေ့လာစောင့်ကြည့်ရေးအဖွဲ့ (WCS) မန္တလေးမှ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးထံမှ သိရသည်။

သစ်ထုတ်လုပ်သည့် လုပ်ငန်းများတွင် အသုံးပြုခဲ့သည့် ဆင်များကို လုပ်ငန်းတွင် အသုံးမပြုတော့ဘဲ ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရန်နှင့် ဝင်ငွေတိုးတက် စေရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ သဘာဝရေမြေ အနေအထားနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် ဒေသများတွင် ဆင်စခန်းများ တိုးချဲ့ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

"ဆင်စခန်းတွေကို မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တောတောင်ရေမြေ ကောင်းတဲ့နေရာနဲ့ ဆင်တွေအတွက် အစားအသောက်ပေါများတဲ့ ဒေသတွေမှာ ဆင်စခန်းတွေ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမှာပါ။ လောလောဆယ် ဘယ်ဒေသတွေမှာ ဖွင့်လှစ်မယ်ဆိုတာ မသိသေးပါဘူး။ ကွင်းဆင်းလေ့လာမှု ပြုလုပ်နေတုန်းပဲ ရှိပါတယ်"ဟု ၎င်းက ပြောပြသည်။

မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုကို ၇၅ ရာခိုင်နှုန်းလျှော့ချ လိုက်သည့်အတွက် သစ်ထုတ်လုပ်ရာတွင် ဆင်အားလုံးကို အသုံးမပြုတော့ဘဲ လုပ်ငန်းနှင့်ညီမျှသည့် ဆင်အကောင် အရေအတွက်ကိုသာ အသုံးပြုခြင်းကြောင့် အပိုဝင်ငွေရရှိ စေရန်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဆင်စခန်းများ ဖွင့်လှစ်၍ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

"သစ်ထုတ်လုပ်မှု လျှော့ချလိုက်တော့ သစ်လုပ်ငန်းမှာ ဆင်တွေကို နည်းနည်းပဲ အသုံးပြုတော့တယ်။ ဒါကြောင့် လုပ်ငန်းမှာ အသုံးမပြု တော့တဲ့ဆင်တွေကို ဆင်စခန်းမှာ ပြန်လည်အသုံးချမှာ ဖြစ်ပါတယ်။ပြီးတော့ ဒီဆင်တွေက ဆင်စခန်းမှာ အသုံးမပြုတော့ဘဲ တောထဲ ပြန်လွှတ်ပေးမယ်ဆိုရင် ဆင်တွေက လူနဲ့ယဉ်ပါးနေတာကြောင့် လူရှိတဲ့နေရာတွေ ပြန်လာနိုင်တယ်။ ဆင်ပစ်မုဆိုးတွေရဲ့ အန္တရာယ်လဲရှိတဲ့အတွက် ဆင်စခန်းမှာ အသုံးပြု သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

Thursday, August 16, 2018

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေကြီးမှု ဖြစ်ပေါ်လာပါက အရေးပေါ်ကယ်ဆယ်နိုင်ရန် Speed-boat ၂၆ စီး ရောက်ရှိမည်



မကွေး ၁၆-၈-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ဧရာဝတီမြစ်ရေကြီးမှု ဖြစ်ပေါ်လာပါက အရေးပေါ် ကယ်ဆယ်နိုင်ရန် Speed-boat ၂၆စီး ရောက်ရှိ လာမည်ဖြစ်ပြီး ဇူလိုင်၃၁ရက်က ၁ဝစီးရောက်နေပြီ ဖြစ်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမြင့်စိုးထံမှ သိရသည်။

အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက စီစဉ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေပေးခြင်းဖြစ်ပြီး မကွေးတိုင်း ဒေသကြီးအတွက် ၂၆စီး ရောက်ရှိမည် ဖြစ်ကြောင်းယခု လက်ရှိ ၁ဝ စီးရောက်ရှိ သဖြင့်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတွင် ယာယီနေရာချထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

"မကွေးတိုင်း ဒေသကြီးအနေနဲ့ ရေကြီးမှုတွေ နှစ်စဉ်ကြုံတွေ့ခံစားရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာလဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဲဒီအတွက် ရေကြီးတဲ့အခါမှာ ရှာဖွေကယ်ဆယ်ရေး တွေလုပ်တဲ့အခါ ပိုမိုပြီး ထိထိရောက်ရောက်နဲ့ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ဖို့ ခရိုင်အုပ်ချုပ်ရေး မှူးတွေက စီမံခန့်ခွဲပြီး မြို့နယ်တွေကို ပေးမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ Speed-boat သည်အလျား ၁၆ပေ၊ အတွင်း ၁၂ပေခွဲ၊ အမြင့် နှစ်ပေနှင့် အင်ဂျင်ပါဝါ မြင်းကောင်ရေ ၄ဝရှိပြီး တစ်စီးလျှင် တန်ဖိုးငွေကျပ်သိန်း ၃ဝ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

"ဒါတွေမရှိခင်က ဒေသမှာရှိနေတဲ့ စက်လှေတွေ မော်တော်တွေကို သုံးရပါတယ်။ အခု Speed-boat တွေရှိလာပြီ ဖြစ်တဲ့အတွက် လိုအပ်ရင် လိုသလိုအသုံးပြုရရင် ထိရောက်မယ်။ မြန်လဲ မြန်ဆန်သွားမှာပါ။ မီးသတ်ဦးစီးဌာနကို အကူအညီယူပြီး သွားရမှာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

"ပစ္စည်းတွေ ပြည့်စုံလာတာနဲ့အမျှ ကျွန်တော်တို့က ဝန်ဆောင်မှု ပိုပြီးတော့ ပေးနိုင်ပါတယ်"ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ပြောပြသည်။

#Themyawadydaily

Wednesday, August 15, 2018

ပုဂံဒေသတွင် သုံးရက်တာ နေထိုင်လည်ပတ်ခွင့်အတွက် နိုင်ငံခြားသားတစ်ဦးလျှင် ဇုန်ဝင်ကြေးငွေကျပ် ၂၅၀၀၀ ကောက်ခံသွားမည်



နေပြည်တော် ၁၅-၈-၂ဝ၁၈

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ဇုန်ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားများ ပုဂံဒေသတွင်သုံးရက်တာ နေထိုင်လည်ပတ်ခွင့် အတွက် နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ၂၅ဝဝဝ ကောက်ခံသွားရန် အတွက်နိုင်ငံသားပိုင် ကုမ္ပဏီများကို တင်ဒါ ခေါ်ယူထားပြီးဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် ပုဂံဇုန်ဝင်ကြေး ကောက်ခံခြင်းအတွက် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီအဖွဲ့အစည်းများကို ယခင်လအတွင်းက တင်ဒါများခေါ်ယူခဲ့ပြီး လာမည့် စက်တင်ဘာလ ဆန်းပိုင်းတွင် တင်ဒါဖွင့်ဖောက် ကြေညာသွားမည်ဖြစ်ကြောင်း၊ အဆိုပါဇုန်ဝင်ကြေးကို ယခင်နှစ်များကလည်း နိုင်ငံခြားသားများအတွက် တစ်ဦးလျှင် ပုဂံယဉ်ကျေးမှု နယ်မြေဒေသတွင် ငါးရက်တာနေထိုင် လည်ပတ်ခွင့်ကို ငွေကျပ် ၂၅ဝဝဝဖြင့် ကောက်ယူခဲ့ရာမှ ယခုနှစ်မှစတင်၍ လည်ပတ်ခွင့်ရက်ကို သုံးရက်ထိလျှော့ချ သတ်မှတ်ခြင်း ဖြစ်ကြောင်း၊ ထိုသို့သုံးရက်ထိ လျှော့ချသတ်မှတ်ခြင်းမှာ ပုဂံဒေသအနေဖြင့် အမှန်တကယ် လည်ပတ်မည်ဆိုပါက သုံးရက်တာဖြင့် ပြည့်စုံနှံ့စပ်စွာ ရောက်ရှိနိုင်ခြင်း ဖြစ်၍ ရက်လျှော့ချသတ်မှတ် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

"အရင်ကတော့ ငါးရက်လည်ပတ် နေထိုင်ခွင့်ရှိပါတယ်။ ဒီနှစ်ကျတော့ သုံးရက်ထိပဲ နေထိုင်လည်ပတ် ခွင့်ရှိမှာပါ။ ဇုန်ဝင်ကြေးကတော့ မပြောင်းလဲပါဘူး။ ပုဂံက တကယ်လည်ပတ်ရင် သုံးရက်နဲ့ အားလုံးနှံ့စပ် နိုင်ပါတယ်"ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပြသည်။

တင်ဒါစတင်ဖွင့်ဖောက် ရာတွင်ကုမ္ပဏီ၏ ငွေကြေးဆိုင်ရာ ယုံကြည်မှု၊ စိတ်ချရမှု၊ လုပ်ငန်းအတွေ့အကြုံရှိမှုနှင့် အဆိုပြုတင်သွင်း လာသည့် ဈေးနှုန်းများအပေါ် မူတည်၍ ပဏာမအဆင့် အနည်းဆုံးကုမ္ပဏီ လုပ်ငန်းရှင်သုံးဦးကို ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, August 8, 2018

ပုဂံဒသ ရေရှည်အကျိုးစီးပွားလွှမ်းခြုံမှု သက်ရောက်မှုရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး ညှိနှိုင်းစည်းဝေး



နေပြည်တော် ၈-၈-၂ဝ၁၈

ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွား လွှမ်းခြုံသက်ရောက်မှု ရှိစေရေး၊ ရှေးဟောင်းအမွေအနှစ် ဒေသထိခိုက်မှု မရှိစေရေးနှင့် ဟိုတယ် လုပ်ငန်းရှင်များ နစ်နာမှုမရှိ စေရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သြဂုတ် ၆ရက်သတင်းများအရ သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၆ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးကို ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုး စီးပွားလွှမ်းခြုံ သက်ရောက်မှု ရှိစေရေး၊ ရှေးဟောင်း အမွေအနှစ်ဒေသ ထိခိုက်မှုမရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များ နစ်နာမှု မရှိစေရေးတို့အတွက် အကျေအလည်ဝိုင်းဝန်း ဆွေးနွေးပေးနိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို လျာထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယခုအခါ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက် ရေးအတွက် UNESCO သို့ Nomination Dossier စာတွဲတင်ပြပြီးဖြစ်သည်။ UNESCO ၏မူဘောင်အရ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း အချို့သောကိစ္စရပ်များ နှင့်ပတ်သက်၍ ကန့်သတ်မှုများ ရှိသော်လည်း အဘက်ဘက်က အဆင်ပြေနိုင်မည့် အစီအမံများကို စီစဉ်ထားရှိကြောင်းနှင့် အဆိုပါ အစည်းအဝေးမှ အားလုံးမင်္ဂလာရှိသော အဖြေများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

#Themyawadydaily

Monday, July 30, 2018

ချင်းပြည်နယ်ဟားခါးမြို့၌ ဟိုတယ်လုပ်ငန်းရင်းနှီးမြုပ်နှံမှုတစ်ခု ခွင့်ပြု



ဟားခါး ၃၀-၇-၂​၀၁၈

ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမရှိသည့် ချင်းပြည်နယ်၌ ယခုနှစ်အတွင်း ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု စတင်ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းထံမှ သိရသည်။

အဆိုပါ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းကို မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခု ဖြစ်သည့် Mercy Par Construction Co., Ltd. မှ ငွေကျပ် ၈၃၃ ဒသမ ၄၂ဝ သန်းဖြင့်ချင်းပြည်နယ် ဟားခါးမြို့ရှိ မြေဧရိယာ ၄ ဒသမ ၆ဝ ဧက၌ အကောင်အထည် ဖော်တည်ဆောက် မည်ဖြစ်ပြီး ယင်းလုပ်ငန်းကို သက်ဆိုင်ရာပြည်နယ် ကော်မတီက ခွင့်ပြုပေးခဲ့ပြီ ဖြစ်သည်။

''ဒါက ဒီဘဏ္ဍာနှစ်မှာစပြီး ပထမဆုံး ဝင်ရောက်တာပါ။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတော့ ဝင်တာမရှိသေးဘူး။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ပါမစ်ရပြီးပြီ ဆိုပေမယ့် သူ့အစီအစဉ်နဲ့သူ ဆက်သွားရမှာ တွေရှိပါတယ်။ သက်ဆိုင်ရာက လုပ်ကိုင်ခွင့်တော့ ပေးလိုက်ပြီ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု မှာပါဝင်တဲ့ လုပ်ဆောင်ချက် အစီအစဉ်တွေက လုပ်ရမယ့်ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ လိုက်လုပ်ရဦးမယ်။ ပြီးမှ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်မှာပါ'' ဟု ဦးကျော်ဝင်းထွန်းက ပြောသည်။

ချင်းပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဆိုပါက ခရီးသွားကဏ္ဍ မြှင့်တင်ခြင်းနှင့် ပတ်သက်သည့် ဟိုတယ်လုပ်ငန်းများ၊ လက်ဖက်စိုက်ပျိုး ထုတ်လုပ်ခြင်း လုပ်ငန်းများသာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, July 24, 2018

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလားအလာရှိသည့် အင်းလေးဒေသကို ဆွစ်ဇာလန်အစိုးရက ငွေကြေး ၄ ဒသမ ၈ သန်း ကူညီမည်



နေပြည်တော် ၂၄-၇-၂ဝ၁၈

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥယျာဉ်ခြံ စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှု များစွာအလားအလာ ရှိသည့်အင်းလေး ဒေသ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွစ်ဇာလန် နိုင်ငံအစိုးရအနေဖြင့် ဆွစ်ဖရန့်ငွေ ၄ ဒသမ ၈သန်း ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ယနေ့တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

အင်းလေးဒေသအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ဥယျာဉ်ခြံစိုက်ပျိုးခြင်း လုပ်ငန်းတို့တွင် ဖွံ့ဖြိုးတိုးတက်ရန် များစွာ အလားအလာရှိသည့် ဒေသတစ်ခုဖြစ်၍ ၎င်းဒေသအနီး ပတ်ဝန်းကျင်ကို ဆင်းရဲမှုလျှော့ချ ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အလုပ်အကိုင် ဖန်တီးပေးခြင်းနှင့် အဆိုပါဒေသရှိ အသေးစားအလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ဆောင်ရွက်မည့် Project Document ကို ဆွစ်ဇာလန်အစိုးနှင့်မြန်မာနိုင်ငံ အစိုးရတို့ကြား ယခုလ ၁၂ ရက်က လက်မှတ်ရေးထိုး ခဲ့ကြပြီး ဖြစ်သည်။

အဆိုပါစီမံကိန်းကို ယခုနှစ်မှ လာမည့် ၂ဝ၂၂ ခုနှစ်ထိဆောင်ရွက် သွားမည်ဖြစ်ပြီး ဆွစ်ဇာလန်အစိုးရ အနေဖြင့် စီမံကိန်းများဆက်လက် ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်သည်။

"ဆွစ်ဇာလန် အစိုးရက ငွေကြေးပံ့ပိုး ပေးတယ်ဆိုပေမယ့် ငွေပဲမဟုတ်ဘဲ စီမံကိန်းအတွက် လိုအပ်တဲ့ အခြားအကူအညီတွေလဲ ပေးသွားမယ်လို့ သိရပါတယ်။ လိုအပ်တဲ့ နည်းပညာပိုင်းအတွက် သင်တန်းတွေလဲ ပေးသွားဖို့ အစီအစဉ်ရှိပါ တယ်လို့လဲ သိရပါတယ်"ဟုဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အင်းလေးဒေသ အနေဖြင့် ယခင်အချိန်ကာလများ ကတည်းက ရိုးရာယဉ်ကျေးမှု၊ လူနေမှု ဓလေ့ထုံးစံများနှင့် သဘာဝအလှရှုခင်းများ ရှိပြီးဥယျာဉ်ခြံသီးနှံ စိုက်ပျိုးမှုများလည်း ထွန်းကားခဲ့ကာ ယခုနောက်ပိုင်းတွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ၏ စိတ်ဝင်တစား လာရောက်လည်ပတ် လေ့လာသည့် ခရီးစဉ်ဒေသ တစ်ခုလည်းဖြစ်၍ အဆိုပါကဏ္ဍနှစ်ရပ် ဖွံ့ဖြိုးရေးကို အခြေခံ၍ ၎င်းဒေသစီးပွားရေး ဖွံ့ဖြိုးရေးအတွက် စီမံချက်ဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်။

ထိုသို့ အင်းလေးဒေသ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်မည့် အဆိုပါစီမံကိန်းကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနတို့ကလည်း ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, July 23, 2018

ခရီးသွားနယ်မြေ ဖော်ဆောင်ရာတွင် တင်းကျပ်သောစည်းကမ်းများ ချမှတ်သင့်


အလောင်းတော်ကဿပ ဘုရားဖူးရာသီတွင် ဆင်စီးဘုရားဖူးများကို တွေ့ရစဉ်။

မုံရွာ ၂၃-၇-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း သဘာဝခရီးသွား နယ်မြေများ ဖော်ဆောင်ရာတွင် သဘာဝတောတောင်များ၊ ဘူမိထူးခြားသွင်ပြင် လက္ခဏာများ ပျက်စီးမှုမရှိဘဲ အချိန်ကြာမြင့်စွာ တန်ဖိုးများမြင့်တက် နေစေရန် တင်းကျပ်သော စည်းမျဉ်း စည်းကမ်းများ ချမှတ်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် မုံရွာတက္ကသိုလ် ဘူမိဗေဒဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ဇော်မြင့်နီ၏ ပြောကြားချက်အရ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးသည် သဘာဝ အရင်းအမြစ်များနှင့် အထင်ကရ နယ်မြေများစွာရှိရာ ယနေ့အချိန် အခါတွင် အရင်းအနှီး အနည်းဆုံးနှင့် အကျိုးအမြတ်များစွာ ရရှိသော ခရီးသွားလုပ်ငန်းများ ပေါ်ထွက်လာစေရေးအတွက် သဘာဝခရီးသွား နယ်မြေများ ဖော်ဆောင်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းမှ သဘာဝတောတောင်များနှင့် ဘူမိထူးခြားသွင်ပြင် လက္ခဏာများ ပျက်စီးမှုမရှိဘဲ သဘာဝအတိုင်းတည်ရှိ နေစေရန်အတွက် အကြံပြုခြင်းဖြစ်ကြောင်း သိရသည်။

"ခရီးသွားလုပ်ငန်း ဆိုတာက လုပ်သင့်တဲ့ လုပ်ငန်းတစ်ခုပါ၊ ဒီလိုသဘာဝ တောတောင်တွေထဲကို ခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်ရင် သဘာဝတောတောင်တွေနဲ့ ဘူမိထူးခြားသွင်ပြင် လက္ခဏာတွေ မပျက်စီးဘဲ အချိန်အကြာကြီး တန်ဖိုးတွေမြင့်တက် နေအောင်လို့ ခရီးသွားဧည့်သည် တွေပဲဖြစ်ဖြစ်၊ လေ့လာရေး လုပ်ဆောင်တဲ့ သူတွေပဲဖြစ်ဖြစ် တင်းကျပ်တဲ့ စည်းကမ်းတွေချမှတ် ထားသင့်ပါတယ်။ သူတို့လုပ်ချင်တာတွေကို မလုပ်နဲ့လို့တော့ မတားဆီးသင့်ပါဘူး။ ဒါပေမဲ့တကယ် ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အကြံပြု လမ်းညွှန်မှုတွေနဲ့ ဆောင်ရွက်သင့်တယ်၊ စီးပွားရေး နောက်ကိုချည်းပဲ လိုက်မယ်ဆိုရင်နေရာ အနေအထားတွေ ပျက်စီးမယ်။စီးပွားရေးကိုလဲ ဖြစ်အောင်လုပ်မယ်၊ သဘာဝနယ်မြေတွေလဲ ရေရှည်ခံအောင် လုပ်မယ်ဆိုရင် တင်းကျပ်တဲ့ စည်းကမ်းတွေ ရှိသင့်တယ်။ ဥပမာပြောရရင် အဓိကကျတဲ့သဘာဝခရီး သွားနေရာတွေကိုရောက်ဖို့ လမ်းတွေကိုလွယ်ကူ အောင်မလုပ်သင့်ဘူး။ ပြောချင်တာက သဘာဝအတိုင်းပဲ ရှိသင့်တယ်လို့ ပြောချင်တာပါ။ အဲဒီလိုလုပ်ဆောင်နိုင်ရင် သဘာဝ နယ်မြေတွေ မပျက်စီးဘူး။ နှစ်ပေါင်းများစွာမှာ တန်ဖိုးတွေတက်နေမှာပါ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ သဘာဝခရီးသွား လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေတာဆိုတော့ ဒီအချက်တွေကို သတိပြုသင့်ပါတယ်"ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် မုံရွာတက္ကသိုလ် ဘူမိဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာဇော်မြင့်နီက ပြောပြသည်။

သဘာဝခရီးသွား လုပ်ငန်းများ ဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင် ကောင်းမွန်ရေးနှင့် စီးပွားရေးလုပ်ငန်းသည် ချိန်ခွင်လျှာကဲ့သို့ ညီမျှရန် လိုအပ်ကြောင်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် မုံရွာ
တက္ကသိုလ် ဘူမိဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာဇော်မြင့်နီက ဆက်လက် အကြံပြုထားသည်။

"သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သဘောတရားတွေထဲမှာ အဲဒီလိုပါတယ်၊ ဟိုတုန်းကတည်းက ရှိနေတဲ့ သဘာဝပတ်ဝန်းကျင် အလှတရားတွေနဲ့ လူတွေလုပ်ဆောင်မယ့် စီးပွားရေးရဲ့ အကျိုးအမြတ်တွေနဲ့က ချိန်ခွင်လျှာလို ဖြစ်နေရမယ်။ စီးပွားရေးမှာ တစ်အားအောင်မြင် နေမယ်ဆိုရင်လဲ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးသွားလိမ့်မယ် သဘာဝပတ်ဝန်းကျင်က ကောင်းနေပြီး စီးပွားရေးအရ အသုံးမပြုရင်လည်း မဟုတ်ပြန်ဘူး။ အဲဒီနှစ်ခုညီမျှဖို့အတွက် လုပ်ငန်းဖော်ဆောင်မယ့် သူတွေအနေနဲ့ သက်ဆိုင်ရာ ပညာရှင်တွေရဲ့ အကြံဥာဏ်ရယူပြီး ကြိုးစားပြီးတော့ စီမံခန့်ခွဲနိုင်ရမယ်"ဟု အကြံပြုထားသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အမြင့်မြို့ဟောင်း၊ ဇလုံတောင်၊ အလောင်းတော်ကဿပ၊ ဖိုလ်ဝင်တောင်၊ ရွှေဘတောင်မန်လည် ဆရာတော်ကြီး ကျောင်းတော်၊ ကသာမြို့ရှိ အရေးပိုင်မင်းနေအိမ်၊ စစ်ကိုင်းတောင်၊ မင်းကွန်း ဒေသ၊ ရွှေဘိုမြို့ရှိ အလောင်းမင်းတရားကြီး နန်းတော်ရာအပြင် အခြားအထင်ကရ နေရာများစွာရှိပြီး ခရီးသွားလုပ်ငန်းများကို မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ကသာ၊ ကလေးစသည်ဖြင့် ဇုန်များခွဲကာ ခရီးသွားလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး သဘာဝခရီးသွား နယ်မြေများလည်း ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Tuesday, July 17, 2018

ဆင်တောင်ပေါ်သို့ မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ အောင်မြင်စွာတက်ရောက်



မိတ္ထီလာ ၁၇-၇-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်းရှိ အမြင့်ပေ ၆ဝ၂ဝ ရှိ ဆင်တောင်ပေါ်သို့ ဇူလိုင် ၁၅ ရက် နံနက် ၁၁နာရီက မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ဝင် ၁၃၅ဦးသည် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

"မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ တာငါးနှစ်ကျော်ခဲ့ပြီး ဆင်တောင်ပေါ်ကို တက်ရောက်တာ ဒီနှစ်ရောဆို လေးကြိမ်မြောက်ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် တက်ရောက်တုန်းက တောင်တက် အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး ၁၄ဦးပဲ တောင်ထိပ်ကို တက်နိုင်ခဲ့တယ်။ ဒုတိယအကြိမ် တက်တုန်းက တောင်တက်အဖွဲ့ဝင်ဦးရေ ၅ဝ ပါဝင်ပြီး နှစ်ဦးက လမ်းခရီးမှာ ကျန်ခဲ့တယ်။ တောင်ထိပ်ကို ၄၈ဦးပဲ တက်နိုင်ခဲ့တယ်။ တတိယအကြိမ်တက်တော့ တောင်တက်အဖွဲ့ဝင်ဦးရေ ၈ဝကျော် ပါဝင်လာပြီး ဆင်တောင်ပေါ်ကို ၇၆ဦး တက်ရောက်နိုင်ခဲ့ပါတယ်"ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့မှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးထွန်းလွင်က ပြောပြသည်။

"အမြင့်ပေ ၆ဝ၂ဝရှိတဲ့ ဆင်တောင်ပေါ် တက်ရောက်တဲ့ မိတ္ထီလာခြေလျင် တောင်တက်အဖွဲ့အနေနဲ့ ဒီနှစ်ကတောင်တက်အဖွဲ့ဝင် ၁၃၅ဦး ဖြစ်လို့ အဖွဲ့ဝင်အများဆုံးနဲ့ တက်ရောက်တဲ့ တောင်တက်ခရီး ဖြစ်သလို အဖွဲ့ဝင်အားလုံး ဆင်တောင်ထိပ်ပေါ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာမို့ ထူးခြားတဲ့နှစ်လို့ ဆိုနိုင်ပါတယ်။ ဇူလိုင် ၁၅ရက် နံနက်၅နာရီ မိနစ် ၃ဝမှာ ဆင်တောင်တက်ရောက်တဲ့ ခရီးကိုစတင် ထွက်ခွာပါတယ်။ တောင်ထိပ်ကို နံနက် ၁၁ နာရီမှာ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောပြသည်။

မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့၏ ဆောင်ပုဒ်မှာ သဘာဝ အလှတရားကို ချစ်မြတ်နိုးပါ၊ မည်သည့် ခြေရာလက်ရာများမှ ချန်မထားခဲ့ပါနဲ့ဟုဖြစ်ပြီး တက်ရောက်သည့် တောင်တက်ခရီးစဉ်တိုင်းတွင် သုံးစွဲသည့်အမှိုက်များကိုသယ်ဆောင်လာသည့် ခရီးဆောင် အိတ်ထဲတွင် ပြန်လည်သိမ်းခဲ့ပြီး တောတောင်သဘာဝ သာယာလှပမှုနှင့် သစ်ပင်ပန်းမန်များကို ချိုးဖဲ့ပျက်စီးခြင်း၊ ယူဆောင်ခြင်းမပြုဘဲ တက်ရောက်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

Tuesday, July 10, 2018

မိုင်းဖုန်းဆရာတော် စေတီတည်မည့် လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ နေ့စဉ် လူဦးရေတစ်သောင်းခန့် လာရောက်၍ စည်ကား



ကွတ်ခိုင် ၁ဝ-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့အနီးရှိ ပင်လယ်ရေမျက်နှာ ပြင်အထက် ပေ၆ဝဝဝ ခန့်မြင့်သော မိုင်းဖုန်းဆရာတော် စေတီတည်ထားမည့် လွိုင်ဆမ်ဆစ် တောင်ပေါ်သို့ နေ့စဉ် လူဦးရေတစ်သောင်းခန့် လာရောက်လျက်ရှိကြောင်း အဆိုပါ စေတီတည်ဆောက်ရေးတွင် လာရောက်ကူညီ ဆောင်ရွက်ပေးနေသော ပရဟိတအဖွဲ့များ ထံမှ သိရသည်။

တောင်ပေါ်တွင် တည်ထားမည့် စေတီတော်အတွက် လိုအပ်သော ပစ္စည်းများကို တောင်ပေါ်သို့ ပို့ဆောင်နေမှုများရှိပြီး တောင်ခြေတွင် စတုဒိသာ ကျွေးမွေးသူများဖြင့် စည်ကားနေကြောင်း သိရသည်။

"ကျွန်တော်တို့က လိုအပ်တာ လုပ်ဖို့အတွက် လာခဲ့တာပါ။ လှေကားထစ် လုပ်မယ်ဆိုလဲ လုပ်အားကုသိုလ် ယူမှာပါ။ အခုတော့ တောင်ပေါ်မှာ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တယ်ဆိုလို့ တောင်ပေါ်မှာ သန့်ရှင်းရေး လုပ်အားပေးတာပါ" ဟု မူဆယ်မြို့မှ လာရောက်သူ စိုင်းဘကျော်က ပြောပြသည်။

အဆိုပါ တောင်ပေါ်တွင် မိုင်းဖုန်းဆရာတော်နှင့် ကွတ်ခိုင်မြို့ရှိ ဆရာတော်ကဦးစီးကာ စေတီနှစ်ဆူနှင့် ရပ်တော်မူဘုရား တစ်ဆူတည်ထား ကိုးကွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

စေတီတည်ထားမည့် နေရာသို့ တရုတ်နိုင်ငံမှ ရှမ်းတိုင်းရင်းသားများ၊ အနယ်နယ် အရပ်ရပ်မှ ပြည်သူများ၊ ပရဟိတအသင်း အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနေ့စဉ် လူဦးရေတစ်သောင်းခန့် လာရောက်ကုသိုလ် ယူနေပြီး နေ့စဉ် စတုဒိသာမျိုးစုံဖြင့် ဧည့်ခံသူလည်း များပြားလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Thursday, July 5, 2018

ရှမ်းရိုးမတောင်တက် ခရီးစဉ်တွင် မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းမှ အသင်းသား၊ အသင်းသူဦးရေ ၃ဝ ပါဝင်မည်



မုံရွာ ၅-၇-၂ဝ၁၈

မြန်မာနိုင်ငံ ခြေလျင်တောင်တက် အဖွဲ့ချုပ်၏ ၂ဝ၁၈ခုနှစ် စည်းရုံးလေ့ကျင့်မှု အစီအစဉ် ရှမ်းရိုးမတောင်တက် ခရီးစဉ်တွင် မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းမှ အသင်းသား၊ အသင်းသူဦးရေ ၃ဝ ပါဝင်တက်ရောက် နိုင်ရေး လေ့ကျင့်လျက် ရှိကြောင်း မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်နီ (ဘူမိဗေဒဌာန၊ ပါမောက္ခဌာနမှူး)က ပြောပြ၍ သိရသည်။

မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းမှ အသင်းသား၊ အသင်းသူများ တောင်တက်ခရီးစဉ် အတွေ့အကြုံကောင်းများ ရရှိစေရန်၊ မြန်မာနိုင်ငံ ခြေလျင်တောင်တက် အဖွဲ့ချုပ်သည် မြန်မာနိုင်ငံ မြောက်ဖျားပိုင်းရှိ ရေခဲတောင်များကို တက်ရောက်ရန် ကလောခရီးစဉ်သည် အထောက်အပံ့တစ်ခု ဖြစ်စေရန်အတွက် လေ့ကျင့်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

"အဲဒီခရီးစဉ်ကို အောင်မြင်စွာလိုက်ပါ လေ့ကျင့်နိုင်ဖို့အတွက် မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းက အသင်းသား၊ အသင်းသူတွေ ပုံမှန်အပတ်စဉ် လမ်းလျှောက်လေ့ကျင့်တယ်၊ မုံရွာမြို့နယ် အနီးတစ်ဝိုက်မှာရှိတဲ့ ကျောက္ကာတောင်၊ တွင်းမတောင်၊ ဗောဓိတထောင်က တောင်ကြောတွေကို ခရီးတိုတက်ရောက်ပြီး လေ့ကျင့်နေပါတယ်"ဟု မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်နီ(ဘူမိဗေဒဌာန၊ပါမောက္ခဌာနမှူး)က ပြောပြသည်။

မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းမှ အသင်းသား၊ အသင်းသူဦးရေ ၃ဝ ပါဝင်သော မြန်မာနိုင်ငံ ခြေလျင်တောင်တက် အဖွဲ့ချုပ်နှင့် ပူးပေါင်းသည့် ရှမ်းရိုးမ တောင်တက်ခရီးစဉ်တွင် ရှမ်းပြည်နယ် ကလောမြို့နယ် အတွင်း အမြင့်ပေ ၆ဝ၃၅ ပေရှိ ဆင်တောင်ကို ဇူလိုင် ၂၇ရက်တွင် လည်းကောင်း၊ အမြင့်ပေ ၅၈၃ဝရှိ မြင်းမထိတောင်ကို ဇူလိုင် ၂၈ရက်တွင်လည်းကောင်း တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, June 28, 2018

ခရီးသွားများအတွက် အဆင့်မြင့်သန့်စင်ခန်းများ တည်ဆောက်၍ Mobile Toilet များ ဝယ်ယူထား



မုံရွာ ၂၈-၆-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းသို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအတွက် အဆင့်မြင့်သန့်စင်ခန်း ၄၂ ခန်းတည်ဆောက်၍ Mobile Toilet ၁၅ လုံး ဝယ်ယူထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ အဆင့်မြင့် သန့်စင်ခန်းများနှင့် Mobile Toilet များကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ဝယ်ယူ ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် ခရီးစဉ်ဒေသ များတွင် ခရီးသွားများ အဆင်ပြေစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများတွင် ခရီးသွားများ အဆင်ပြေစေရန် အဆင့်မြင့် သန့်စင်ခန်းများ စီစဉ်ဆောက်လုပ်ပေးမှုကို ကနောင်မင်းသားကြီး သံချက်ဖိုတွင် နှစ်ခန်း၊ အစေခံခံတပ်တွင် နှစ်ခန်း၊ မင်းကွန်းဒေသ ခြင်္သေ့ကြီးအနီးတွင် ၁၄ခန်း၊ဟန်လင်းဒေသတွင် ရှစ်ခန်း၊ အလောင်းတော်ကဿပတွင် ၁၆ ခန်းနှင့် ပွဲတော်အခမ်းအနား များအတွက် Mobile Toilet ၁၅ လုံး ဝယ်ယူထားရှိ စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် ခရီးသွားများ အဆင်ပြေစေရန် အထင်ကရ နေရာများကို လေ့လာနိုင်မည့် ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်များ၊ လမ်းညွှန်မြေပုံများကို ပထမအဆင့်အနေဖြင့် စစ်ကိုင်းမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့တို့တွင် တပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...