Social Icons

Pages

Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

Thursday, April 4, 2019

အိုလံပစ် ခြေစစ်ပွဲတွင် မြန်မာ အမျိုးသမီး အသင်း နီပေါအသင်းကို အနိုင်ရ

အိုလံပစ် ခြေစစ်ပွဲတွင် မြန်မာ အမျိုးသမီး အသင်း နီပေါအသင်းကို အနိုင်ရ
-
ရန်ကုန်  ဧပြီ  ၃ 
-
၂ဝ၂ဝ တိုကျိုအိုလံပစ်အမျိုးသမီးဘောလုံး ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု(က)ပထမနေ့ကို ဧပြီ ၃ ရက် ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ကျင်းပရာ အိမ်ရှင်မြန်မာအသင်းကနီပေါအမျိုးသမီးအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်  အနိုင်ရရှိသွားသည်။
-
မြန်မာအသင်းသည် ယခုနှစ်အတွင်း နီပေါအသင်းနှင့် တွေ့ဆုံသည့် ပွဲအားလုံးတွင် အနိုင်ရခဲ့ပြီး အိန္ဒိယ ဖိတ်ခေါ်ပြိုင်ပွဲ တွင်လည်း အုပ်စုနှင့် ဗိုလ်လုပွဲ နှစ်ပွဲစလုံး အနိုင်ရခဲ့သည်။ မြန်မာအသင်း အနေဖြင့် ပွဲဦးထွက်ပွဲ အနိုင်ရခဲ့သော်လည်း အကောင်းဆုံးပုံစံ မရသေးသောကြောင့် နောက်ပွဲများတွင် ကစားပုံ ပိုကောင်းပြီး နိုင်ပွဲဆက်ရန် ကြိုးပမ်းရမည်ဖြစ်သည်။                     
-
မြန်မာအမျိုးသမီးအသင်းသည် အသင်း ခေါင်းဆောင် ခင်မာလာထွန်းအပါအဝင် ခင်မိုမိုထွန်း၊ ခင်မိုးဝေ၊ ဝင်းသိင်္ဂီထွန်း၊ ဝေဝေ အောင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင်နီပေါအသင်းဘက်သို့ ပိုဖိကစားနိုင်ခဲ့ပြီး နီပေါအသင်းက ခံစစ်ကို ဦးစားပေးကာတန်ပြန်တိုက်စစ်ဖြင့်သာကစားခဲ့သည်။ မြန်မာအသင်းသည် ၂၃ မိနစ်တွင် ဂိုးစရ ခဲ့ပြီး ရီရီဦးက သွင်းယူခဲ့ခြင်းဖြစ်သည်။ နီပေါအသင်းအတွက် ချေပဂိုးကို ပထမပိုင်း ပြီးခါနီး တွင်အသင်းခေါင်းဆောင် နီရူသာပါက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်း အစတွင် မြန်မာအသင်း ပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး ဝင်းသိင်္ဂီထွန်းကအမှားအယွင်းမရှိကန်သွင်းခဲ့၍    မြန်မာ အသင်းဒုတိယဂိုးရခဲ့သည်။ တတိယဂိုးကို ၈၉ မိနစ်တွင် ဝင်းသိင်္ဂီထွန်းက ထပ်မံသွင်းယူ ခဲ့သည်။ 
-
ပထမပွဲတွင် အိန္ဒိယအသင်းက အင်ဒိုနီးရှားအသင်းကို နှစ်ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီးအိန္ဒိယအသင်းအတွက်   အနိုင်ဂိုး များကို တိုက်စစ်မှူး ဂရေ့စ်ဒန်မီက ၂၆၊ ၆၇ မိနစ်တွင် သွင်းယူခဲ့သည်။အိန္ဒိယအသင်းသည် ယခုပွဲတွင် ဂိုးပြတ် အနိုင်ရရန် ကြိုးပမ်းခဲ့သော်လည်း နှစ်ဂိုးသာရခဲ့ပြီး အင်ဒိုနီးရှားအသင်း၏ ခံစစ်ကစားပုံ ကောင်းမွန်မှုကြောင့် ကစားရ ခက်ခဲခဲ့ခြင်း ဖြစ်သည်။ ဒုတိယနေ့ကိုဧပြီ ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အိန္ဒိယအသင်းနှင့် နီပေါအသင်း၊ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, April 1, 2019

အောင်လအန်ဆန် ဟာစီ ဂါဝါကို ဒုတိယ အချီတွင် အလဲထိုးအနိုင်ယူ၍ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်

အောင်လအန်ဆန် ဟာစီ ဂါဝါကို ဒုတိယ အချီတွင်  အလဲထိုးအနိုင်ယူ၍ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာ ကွယ်
-
ရန်ကုန်  မတ်  ၃၁
-
အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကို လုရန် ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန်ဗီရာက စိန်ခေါ် One Championship MMA လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုကိုရရှိ ထားသော အောင်လအန်ဆန်သည်မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် ဂျပန် MMA ချန်ပီယံ ဟာစီဂါဝါနှင့် မတ် ၃၁ ရက် ညနေပိုင်းတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာဒုတိယအချီတွင်အလဲထိုးအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။
-
ဂျပန်နိုင်ငံ တိုကျိုမြို့၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရသည့် အဆိုပါပြိုင်ပွဲ မတိုင်မီ သတင်းစာ ရှင်းလင်းပွဲတွင် အောင်လအန်ဆန် က ဒုတိယ အချီတွင်အလဲထိုးအနိုင်ယူမည်ဟု  ပြောကြားခဲ့သည့် အတိုင်း အိမ်ရှင်ပရိသတ်အား ရှိနေသော ဟာစီ ဂါဝါကို သွေးအေးစွာ အကောင်းဆုံး ထိုးသတ်သွားနိုင်ခဲ့သည်။
-
ပထမအချီမှာပင်   အောင်လအန်ဆန်က တိုက်စစ်ဆင် ထိုးသတ်နေခဲ့သောကြောင့် ဟာစီဂါဝါမှာ ညာဖြောင့် လက်သီး တစ်ချက်မိပြီး ကြိုးဝိုင်း ပေါ်လဲကျခဲ့သေးသလို လက်သီးချက်ပေါင်းများစွာကိုလည်းခံခဲ့ရသည်။ အောင်လ၏ ညာခြေ ခါးဖြတ်ကန်ချက်များကြောင့်ဟာစီဂါဝါ၏ဘယ်နံစောင်းတွင် သွေးခြေဥဒဏ်ရာများ အတိုင်းသားမြင်ရပြီး  ဒုတိယအချီ ၄ မိနစ်နှင့် ၄၁ စက္ကန့်တွင် အောင်လ အန်ဆန်ကပြင်းထန်သော ညာလက်သီး ထိုးချက်ဖြင့် အလဲထိုးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
-
One MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ၂ဝ၁၇ ခုနှစ် ဇွန်လက ရယူထားနိုင်ခဲ့သော အောင်လအန်ဆန်သည် ၂ဝ၁၈ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတို့တွင် ကမ္ဘာ့ ချန်ပီယံကာပဲ နှစ်ကြိမ်ထိုးသတ်ခဲ့ပြီး ပထမ အကြိမ်တွင် ဟာစီ ဂါဝါကို ငါးချီတွင် လည်းကောင်း၊ ဒုတိယအကြိမ်တွင်လက်ဘနွန်နိုင်ငံသား မိုဟာမက် ကရာခီကို ပထမအချီတွင်လည်းကောင်းအလဲထိုးနိုင်ပွဲများဖြင့် ကမ္ဘာ့ ချန်ပီယံ ခါးပတ်ကို အကြိမ်ကြိမ် ကာကွယ်နိုင်ခဲ့သည်။
-
အဆိုပါ ပွဲအပြီးတွင် လက်ရှိ One Championship ဟဲဗီးဝိတ်တန်း ချန်ပီယံ ဖိလစ်ပိုင် တိုက်ခိုက်ရေးသမား ဘရန်ဒန် ဗီရာက ကြိုးဝိုင်း အတွင်း ဝင်ရောက်လာပြီး အောင်လအန်ဆန် အတွက် ဂုဏ်ပြုစကားဆိုကာလာမည့် အောက်တိုဘလတွင် ယှဉ်ပြိုင်ထိုးသတ်ရမည့် One Championship ပွဲစဉ်တွင် အောင်လအန်ဆန်၏ လိုက်ဟဲဗီး ဝိတ်တန်း ချန်ပီယံခါးပတ်ကို လုယူရန် အတွက် စိန်ခေါ်ရာအောင်လအန်ဆန်က လက်ခံထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, March 5, 2019

25TH SOUTH ASIAN JUNIOR & CADET TENNIS CHAMPIONSHIPS 2019 ပြိုင်ပွဲအတွက် လူငယ်လက်ရွေးစင် ရွေးချယ်ပွဲ ကျင်းပမည်

25th South Asian Junior & Cadet Tennis Championships 2019 ပြိုင်ပွဲအတွက် လူငယ်လက်ရွေးစင် ရွေးချယ်ပွဲ ကျင်းပမည်
-
နေပြည်တော်   မတ်   ၄  
-
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇွန် ၄ရက် မှ ၉ရက်အထိ ကျင်းပမည့် 25th South Asian Junior & Cadet Tennis Championships 2019 ပြိုင်ပွဲအတွက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြုလူငယ်လက်ရွေးစင် ရွေးချယ် ပွဲကို မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ မတ်လနောက်ဆုံးပတ်တွင်  ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ 
-
''မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်  ကနေ စေလွှတ်မယ့် ကစားသမားတွေဟာ အသက် ၃ဝ ကျော်နေတဲ့ အတွက် လေ့ကျင့် စေလွှတ်ရာမှ တစ်ဖက်နိုင်ငံနဲ့ ယှဉ်ပြိုင်ကစားဖို့ အခက်အခဲတွေရှိလာပါတယ်။ ဒါကြောင့်မို့ လူငယ်မျိုး ဆက်သစ် အားကစားသမားလေးတွေကို  အဖွဲ့ချုပ်ကရွေးချယ် လေ့ကျင့်မှုတွေ ပြုလုပ်ပေးပြီး အသက်ကိုးနှစ်မှ ၁၂ နှစ် ကစား သမား လေးတွေကို မွေးထုက်ကျေ့င့်ပေးလျက်ရှိပါတယ်။ အဓိကကတော့ မျိုးဆက်သစ်ကစားသမား လေးတွေကို ပြည်ပ အတွေ့အကြုံတွေ ရရှိအောင် အခုလိုပြိုင်ပွဲတွေမှာ စေလွှတ်ယှဉ်ပြိုင်တာ ဖြစ်တယ်''ဟု မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှနည်းပြချုပ် ဦးအောင်ဝင်းက ပြောကြားသည်။ 
-
အဆိုပါ  ထိုင်းနိုင်ငံ၌ ကျင်းပမည့် 25th South Asian Junior & Cadet Tennis Championships 2019 ပြိုင်ပွဲအတွက်ဲ Junior လူရွေးချယ်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီ ၁ရက် နောက်ပိုင်း မွေးဖွားသူများနှင့် Cadetလူရွေးချယ်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ၂ဝဝ၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နောက် ပိုင်းမွေးဖွားသူများ ဝင်ရောက်ယှဉ်ပြိုင် ကစားနိုင်ပြီး အားကစား အမျိုးအစား နှစ်မျိုးအတွက် ကစားသမားရှစ်ဦး ရွေးချယ် စေလွှတ်သွားမည် ဖြစ်ကြောင်းသိရသည်။ 
-
ကျော်လွင်
-
#မြ၀တီနေ့စဉ်သတင်းစာ

ကမ္ဘာ့ ကြက်တောင်ပြိုင်ပွဲ ကင်ညာနှင့် ယူဂန်ဒါ INTERNATIONAL 2019 ပြိုင်ပွဲများတွင် ချန်ပီယံဆုရ သက်ထား သူဇာ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ

ကမ္ဘာ့ ကြက်တောင်ပြိုင်ပွဲ ကင်ညာနှင့် ယူဂန်ဒါ  International 2019 ပြိုင်ပွဲများတွင် ချန်ပီယံဆုရ သက်ထား သူဇာ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ
-
ရန်ကုန်    မတ်    ၄ 
-
ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြိုင်ပွဲများဖြစ်သည့် Uganda International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခုနှင့် Kenya  International 2019 ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုရရှိသော အောင်ပွဲရ မြန်မာ့ လက်ရွေးစင် မြန်မာကြက်တောင်မယ် သက်ထားသူဇာသည် ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိလာကြောင်းသိရသည်။ 
-
နိုင်ငံ့ဂုဏ်ဆောင် မြန်မာကြက်တောင်မယ် သက်ထားသူဇာအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကစားသမားများ၊ မြန်မာနိုင်ငံ ကြက်တောင်ရိုက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ကြက်တောင် အားကစားချစ်ပရိသတ်များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အောင်ပန်းစည်းများ ပေးကာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ 
-
ချန်ပီယံဆုရ  မြန်မာ့ လက်ရွေးစင် သက်ထားသူဇာက ''သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းကို ကြိုးစားပြီး ရိုက်ခဲ့ပါတယ်။  မြန်မာနိုင်ငံအတွက်လည်းနိုင်ငံ့ဂုဏ်ဆောင်ပေးနိုင်ဖို့ ဆုတွေ အများကြီးယူလာပေးဖို့လည်း ရှိပါတယ်။ ပြိုင်ပွဲမှာ ကစားသမားတွေက အိမ်ရှင် နိုင်ငံကပိုများပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး ကစားခဲ့ရပါတယ်။ အခု သွားရောက်ယှဉ်ပြိုင်ရတာ အာဖရိကနိုင်ငံတွေအထိသွားရောက်ရတဲ့ အတွက် ခရီးသွား တာဝေးတာရယ်၊ အစား အ သောက်နဲ့ ရာသီဥတုကွာခြားချက်လေးတွေမှာ အခက်အခဲအနည်းငယ်တော့ ရှိပါတယ်။အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့တယ်ပေါ့။ မြန်မာနိုင်ငံက ကြက်တောင်ကစား သမားတွေအနေနဲ့လည်း လေ့ကျင့်ခန်းတွေ မှာအကောင်းဆုံး ကြိုးစား ကြပါ၊ ဒါမှပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်မှာပါ။ ပြိုင်ပွဲသွားလို့ရှိရင်လည်း ဆုတွေရအောင်ကြိုးစားကြပါလို့ ပြောချင် ပါတယ်'' ဟုပြောသည်။ 
-
မြန်မာ ကြက်တောင်မယ် သက်ထားသူဇာသည်လာမည့်ဧပြီတွင် ဗီယက်နမ်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  ပြိုင်ပွဲတွင် အာရှနိုင်ငံ အသီးသီးမှ ကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။   
-
အသက် ၁၉ နှစ်အရွယ် မြန်မာကြက်တောင်မယ် ကစားသမားသက်ထားသူဇာသည် ယခုအခါတွင် ကမ္ဘာ့ကြက်တောင် အဖွဲ့ကြီးမှ ကြီးမှူးကျင်းပသော Grade – 3 အဆင့်ရှိ ပြိုင်ပွဲများ ဖြစ်သည့် Future Seriesမှ Kenya International 2019 ပြိုင်ပွဲ အကောင်းဆုံး ရွှေတံဆိပ် / Uganda International Series ကြက်တောင် ရိုက်ပြိုင်ပွဲ အကောင်းဆုံး ရွှေတံဆိပ်ဆုများ ရရှိကာ ကမ္ဘာ့ထိပ်သီးနိုင်ငံများမှကြက်တောင်အားကစား မယ်များ အကြားတွင် နိုင်ငံ့ ဂုဏ်ဆောင် နိုင်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲ နှစ်ခုအား ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ကမ္ဘာ့ကြက်တောင်ရိုက် ကစား သမားများ၏တစ်ဦးချင်းအဆင့် သက်မှတ်ချက်တွင် အဆင့် ၁၅ဝ အတွင်းဝင် ရောက် နိုင်ခဲ့ကြောင်း၊ သူမအနေဖြင့် အဆင့် ၁ဝဝ အတွင်း ရှိမှသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသော အိုလံပစ်ပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရေး အတွက်အာရှနှင့် ဥရောပနိုင်ငံများတွင် ကျင်းပသော ပြိုင်ပွဲများသို့ မြန်မာနိုင်ငံကြက်တောင်ရိုက်အဖွဲ့ချုပ်၏ ပြိုင်ပွဲပြက္ခဒိန် အစီအစဉ်များအတိုင်း ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းသိရသည်။ 
-
မောင်မျိုး (ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 25, 2019

ယူဂန္ဓာ နိုင်ငံတကာ စီးရီး ကြက်တောင်ရိုက် ပြိုင်ပွဲတွင် သက်ထား သူဇာ အနိုင်ရ ဗိုလ်စွဲ

ယူဂန္ဓာ နိုင်ငံတကာ စီးရီး ကြက်တောင်ရိုက် ပြိုင်ပွဲတွင် သက်ထား သူဇာ အနိုင်ရ ဗိုလ်စွဲ ….
-
ရန်ကုန်  ဖေဖော်ဝါရီ   ၂၄ 
-
ဖေဖော်ဝါရီ ၂၁ ရက်မှ ယနေ့အထိ ယူဂန္ဓာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂ဝ၁၉ ခုနှစ် ယူဂန္ဓာ နိုင်ငံတကာ စီးရီး ကြက်တောင်ရိုက် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့်မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာသည်အဆိုပါပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျော်ဒန်နိုင်ငံသူ ဒိုမိုအမ်ရိုနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ အနိုင်ရ ဗိုလ်စွဲသည်။ 
-
သက်ထားသူဇာသည် လက်ရှိ ကမ္ဘာ့အဆင့် ၁၈၁ တွင်ရပ်တည်နေပြီး ဂျော်ဒန်ကစားသမား ဒိုမိုအမ်ရိုသည် ကမ္ဘာ့အဆင့် ၁၈၅ နေရာတွင် ရပ်တည်နေသူဖြစ်သည်။ သက်ထားသူဇာသည် ယမန်နေ့ နံနက်ပိုင်းက၁၆ ဦးအဆင့်တွင် အိမ်ရှင်ယူဂန္ဓာကစားသမား ဘရန်ဒါမူဘာဂီနှင့် ယှဉ်ပြိုင် ကစားရာ ၂၁-၁၊ ၂၁-၇ ဖြင့် နှစ်ပွဲပြတ်အနိုင်ရ ခဲ့ကာ ထိုနေ့ညနေပိုင်းတွင် ကွာတားဖိုင်နယ် ဆက်လက်ယှဉ်ပြိုင်ရာ ဇမ်ဘီယာကစားသမား အိုဂါဆီရမ်မူပန်ဂီလာကို ၂၁-၉၊ ၂၁-၁၃ ဖြင့် နှစ်ပွဲပြတ်နိုင်ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခဲ့သည်။
-
ယနေ့နံနက်ပိုင်းတွင် ကစားသော ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၂၁၆ ရှိ အီရန်ကစားသမား ဆာမင်ကို ၂၁-၁၂၊ ၂၁-၁၅ မှတ်ဖြင့်  နှစ်ပွဲပြတ်နိုင်ကာ ညနေပိုင်းဗိုလ်လုပွဲတွင်ဂျော်ဒန်နိုင်ငံသူကို ၂၁-၁၄၊ ၂၁-၁၂ ဖြင့် နှစ်ပွဲပြတ် အနိုင်ကစားခဲ့ပြီး ပွဲစဉ်တစ် လျှောက်ယှဉ်ပြိုင် ကစား သည့် ပွဲစဉ်တိုင်းတွင်  နှစ်ပွဲပြတ်ဖြင့် အနိုင်ရယူခဲ့ခြင်း ဖြစ်သည်။ 
-
သက်ထားသူဇာသည် အသက်ခုနစ်နှစ် အရွယ်မှ စတင်၍ ကြက်တောင်အားကစားအား စတင်သင်ကြား လေ့ကျင့်ခဲ့သူဖြစ်သည်။ အားကစားသက်တမ်းတစ်လျှောက်တွင် ထိုင်းနိုင်ငံဘုရင်မင်းမြတ်က ချီးမြှင့်သော ဂုဏ်ထူးဆောင်ဆုခြောက်ဆုကိုလည်း လက်ခံ ရရှိခဲ့သည်။ အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာစီးရီး ကြက်တောင်ပြိုင်ပွဲ   (Egypt International Series 2018) အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့်   ရွှေတံဆိပ်ဆု ရရှိခဲ့ကာ  နီပေါ အပြည် ပြည် ဆိုင်ရာ စီးရီး (2018) တွင် ဒုတိယဆု၊ Iran International Challenge (2018) တွင်လည်း တတိယဆုများကို အသီးသီး ရရှိခဲ့ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 21, 2019

(၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပီတန်းအားကစား ဝင်ရောက်ယှဉ်ပြိုင်ရန် ထိုင်းနည်းပြ ငှားရမ်း လေ့ကျင့် သွားမည်

(၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပီတန်းအားကစား ဝင်ရောက်ယှဉ်ပြိုင်ရန် ထိုင်းနည်းပြ ငှားရမ်း လေ့ကျင့် သွားမည်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ 
-
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်အားကစားနည်း ၅၅မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။မြန်မာနိုင်ငံအနေဖြင့် သွားရောက် ယှဉ်ပြိုင်မည့် အားကစားနည်းများ အမျိုးအစား အရေအတွက်မသိရသေးသော်လည်း အားကစားနည်းများအလိုက်အဖွဲ့ချုပ်များ အနေဖြင့် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ 
-
မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်အနေဖြင့် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ပီတန်းအားကစားကွင်း၌ ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး  ပြိုင်ပွဲမစတင်မီ ထိုင်းနည်းပြငှားရမ်း လေ့ကျင့်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ(၃ဝ)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်အတွက် အမျိုးသား လေးဦး၊ အမျိုးသမီးခြောက်ဦး စုစု ပေါင်း ၁ဝ ဦးကို နေပြည်တော်ရှိ ပီတန်း လေ့ကျင့်ရေး ကွင်း၌ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်။ 
-
''၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအပြီးမှာ ခဏနားထားပြီး အခုမှပြန်လည် လေ့ကျင့်တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက်အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲက ကျောင်းသူတစ်ဦးရယ် ကျန်တာကလက်ရွေးစင် ကစားသမားဟောင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားမှာပါ။ ပြိုင်ပွဲမစတင်ခင်မှာထိုင်းနည်းပြငှားရမ်း လေ့ကျင့်သွားမှာဖြစ်ပါတယ်''ဟု အသင်းနည်းပြ ဒေါ်ချောအိသူက ပြောသည်။ 
-
(၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအသင်း အနေဖြင့် အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ၊ အမျိုးသားသုံးယောက် တွဲပြိုင်ပွဲနှင့် အမျိုးသမီးသုံးယောက်တွဲပြိုင် ပွဲများ  ဝင်ရောက် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ 
-
ကျော်လွင်
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 20, 2019

မြန်မာ အမျိုးသမီး အသင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြန်လည် စတင် လေ့ကျင့်မည်

မြန်မာ အမျိုးသမီး အသင်း ဖေဖော်ဝါရီ ၂၄  ရက်တွင် ပြန်လည် စတင် လေ့ကျင့်မည်
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁၉
-
၂ဝ၂ဝ  တိုကျိုအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်   ဖေဖော်ဝါရီ ၂၄ ရက်တွင်ပြန်လည် စတင်လေ့ကျင့်မည်ဖြစ်ကြောင်း နည်းပြချုပ်ဦးဝင်းသူမိုးက ပြောသည်။
-
မြန်မာအမျိုးသမီး အသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း  အိန္ဒိယဖိတ်ခေါ် (ံနမသွသို ဃကစ ၂ဝ၁၉) လေးနိုင်ငံ အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် အိမ်ရှင်အိန္ဒိယ၊ နီပေါနှင့် အီရန်အသင်းတို့ကို ကျော်ဖြတ်ကာ  ချန်ပီယံဆု ရရှိခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ယင်း ပြိုင်ပွဲအပြီး   ဖေဖော်ဝါရီ ၁၇ ရက်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပြီး ကစားသမားများ ပွဲပန်းနေသဖြင့်တစ်ပတ်ခန့် အနားပေးမည်ဟု ဦးဝင်းသူမိုးကပြောသည်။
-
''ဖိတ်ခေါ်ပွဲဆို ပေမယ့် ပြိုင်ပွဲက နှစ်ရက်တစ်ပွဲနှုန်း ကစားရတယ်။ ဒါကြောင့် ကစားသမားတွေ  ပွဲပန်းနိုင်တဲ့အတွက် တစ်ပတ် လောက်အနားပေးပါမယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှာ  အသင်းကိုပြန်စုမယ်။ ပြီးတာနဲ့ တိုကျို အိုလံပစ် ခြေစစ်ပွဲအတွက် ပြင်ဆင်မှုတွေ တောက်လျှောက်ပြုလုပ်မှာပါ'' ဟု  ဦးဝင်းသူမိုးကပြောသည်။ ၂ဝ၂ဝ တိုကျိုအိုလံပစ် အာရှဇုန်အမျိုး သမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲ ကို ဧပြီ၁ရက် မှ ၉ရက်အထိ ကျင်းပ မည်ဖြစ်ပြီး အိမ်ရှင်မြန်မာ အမျိုးသမီးအသင်းက အုပ်စု (က) တွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ အသင်းတို့နှင့် ကျရောက် နေသည်။
-
အုပ်စု (ခ)တွင် အိမ်ရှင် ဥဇဘက် ကစ္စတန် အသင်းက ဗီယက်နမ်၊ ဂျော်ဒန်၊ ဟောင်ကောင် အသင်းတို့နှင့် တွေ့ဆုံ နေပြီး  အုပ်စု(ဂ)တွင် အိမ်ရှင် ပါလက်စတိုင်း၊ အီရန်၊ တရုတ် (တိုင်ပေ)နှင့် ဖိလစ်ပိုင်အသင်းတို့ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းခြေစစ်ပွဲ ဒုတိယ အဆင့်တွင် အုပ်စု တစ်ခုစီမှ ပထမ ရသည့်အသင်း သုံးသင်းသည် ခြေစစ်ပွဲ တတိယအဆင့်သို့  တက်လှမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 19, 2019

အာဆီယံ ယူ-၂၂ ဘောလုံး ပြိုင်ပွဲတွင် မြန်မာနှင့် အင်ဒိုနီးရှား တစ်ဂိုးစီ သရေကျ

အာဆီယံ ယူ-၂၂ ဘောလုံး ပြိုင်ပွဲတွင် မြန်မာနှင့် အင်ဒိုနီးရှား တစ်ဂိုးစီ သရေကျ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁၈ 
-
၂ဝ၁၉ အာဆီယံ ယူ-၂၂ ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ပထမနေ့ကို ယနေ့ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အမျိုးသား ဘောလုံးကွင်း၌ ကျင်းပရာ မြန်မာ ယူ-၂၂ အသင်းနှင့် အင်ဒိုနီးရှား ယူ-၂၂ အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဦးဆောင်ဂိုးရသော်လည်းအနိုင်ရလဒ်ကို မထိန်းနိုင်သောကြောင့် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ 
-
မြန်မာ ယူ-၂၂ အသင်းသည် ဘုန်းသစ္စာ မင်း(ဂိုး)၊ ဝင်းမိုးကျော်၊ စိုးမိုးကျော်၊ ရဲရင့်အောင်၊ ဟိန်းဖြိုးဝင်း၊  ဇေယျာနိုင်၊ လွင်မိုးအောင်၊ နန်းထိုက်ဇော်၊  ဟိန်းထက်အောင်၊ မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်းတို့ဖြင့် ပွဲစကတည်းကတိုက်စစ်ဖွင့်ကစားခဲ့သည်။ ပွဲအစတွင် မြန်မာ ယူ-၂၂ အသင်းကပိုဖိ ကစားနိုင်ခဲ့ပြီး ၁၃ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့သည်။ 
-
တိုက်စစ်မှူး  ဝင်းနိုင်ထွန်း ဖန်တီးပေး သောဘောလုံးကို တောင်ပံကစားသမား မြတ်ကောင်းခန့်က သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဂိုးစတင်ရရှိခဲ့သော်လည်း ပုံစံကောင်းမပြသနိုင်ခဲ့ဘဲ အင်ဒိုနီးရှားအသင်း၏ ဖိအားပေးခြင်းကိုခံခဲ့ရ သည်။ အင်ဒိုနီးရှားအသင်းအတွက် ချေပဂိုးကို ၃၇ မိနစ်တွင် ထောင့်ကန်ဘောမှ ပြန်လျှံထွက်လာသော ဘောလုံးကို အာရင်တိုက သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်နှစ်သင်းစလုံးကစား သမားများအပြောင်းအလဲများပြုလုပ်ကာကစားအားမြင့်တင်ခဲ့သည်။ 
-
မြန်မာ ယူ-၂၂ အသင်း၏ ခြေစွမ်းမှာ ပထမပိုင်းလောက်ပင် အားရစရာမရှိဘဲ တိုက်စစ်ကစားပုံမှာလည်း အမှားများခဲ့သောကြောင့် ထိရောက်သည့် ဂိုးသွင်းခွင့် ထပ်မရခဲ့ပေ။ အင်ဒိုနီးရှားအသင်းသည်ဒုတိယပိုင်းတွင်  ဂိုးထပ်ရနိုင်သည့် အခွင့်အရေးထပ်ရသော်လည်း  အသုံးမချနိုင်ခဲ့၍  တစ်ဂိုး စီသရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင်အိမ်ရှင် ကမ္ဘောဒီးယား အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 18, 2019

HERO GOLD CUP အိန္ဒိယဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း ပြန်လည်ရောက်ရှိ

Hero Gold Cup အိန္ဒိယဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့်  မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း ပြန်လည်ရောက်ရှိ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁၇
-
အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကကြီးမှူး၍ ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိကျင်းပခဲ့သည့် ၂ဝ၁၉ Hero Gold Cup အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆု ရခဲ့သည့် အောင်ပွဲရမြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမျိုးသမီး ဘောလုံးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ဒုတိယ ဥက္ကဋ္ဌ ဒေါ်ဌေးဌေးခိုင်၊မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အမှုဆောင်များ၊ သက်တမ်း အလိုက် လူငယ်လက်ရွေးစင် အသင်းများမှ နည်းပြများနှင့်ကစားသမားများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။
-
မြန်မာအမျိုးသမီး အသင်းသည် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပြီး နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကဂုဏ်ပြုအမှာစကားပြောကြားရာတွင် ''မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေနဲ့ အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲမှာ ချန်ပီယံ ဆုရခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုပါတယ်။ အခုပြိုင်ပွဲမှာ အောင်မြင်မှု ရခဲ့သလိုလာမယ့်အာဆီယံအဆင့်၊ အာရှအဆင့်ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေ ရအောင် ကြိုးစား စေချင်ပါ တယ်''ဟု ထည့်သွင်း ပြောကြားခဲ့သည်။
-
ယင်းနောက် အောင်ပွဲရ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင် ကိုဝင်း (နာယက KBZ Bank ) က ငွေကျပ်သိန်း ၂ဝဝ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဦးဇော်ဇော် (ဥက္ကဋ္ဌ၊ AYA Bank) က ငွေကျပ်သိန်း ၂ဝဝ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ငွေကျပ်သိန်း၁ဝဝ၊ ဦးထွန်းနှင့်မမို့(Poe Poe Car  Company) က ငွေကျပ်သိန်း ၅ဝ စုစုပေါင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်း  ၅၅ဝ ပေးအပ်သည်။
-
-
မြန်မာ အမျိုးသမီး အသင်းသည် ယင်း ပြိုင်ပွဲတွင် အုပ်စုပွဲများ၌ နီပေါအသင်းကို ၃ ဂိုး ဂိုးမရှိ၊ အီရန်အသင်းကို ၂ ဂိုး ဂိုးမရှိ၊အိန္ဒိယအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတွင် နီပေါအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရကာ ချန်ပီယံဆု ရယူ နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် ယင်းပြိုင်ပွဲ၏ ချန်ပီယံဆု အပြင် အသန့်ရှင်းဆုံး အသင်းဆုကိုပါ ရရှိခဲ့ပြီး တစ်ဦးချင်း ဆုများ အဖြစ် အကောင်းဆုံး ဂိုးသမားဆုကိုဇာဇာမြင့်၊ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံး ကစားသမားဆုကို ဝင်းသိဂီ ထွန်း၊ သွင်းဂိုး အများဆုံးဆုကို ရီရီဦး (နီပေါ ကစားသမားနှင့် ပူးတွဲ) တို့ကရရှိခဲ့သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 13, 2019

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး အပြေးပြိုင်ပွဲ ကျင်းပ


(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး အပြေးပြိုင်ပွဲ ကျင်းပ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁၂ 
-
၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး အပြေးပြိုင်ပွဲနှင့်  ဆုပေးပွဲ အခမ်းအနားကို  ယနေ့ နံနက် ၆  နာရီတွင် ရန်ကုန်တိုင်းဒေသကြီး  တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ ကျိုက္ကဆံကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးရှိ အခြေခံပညာကျောင်းပေါင်းစုံမှ အသက် ၁ဝ နှစ်မှ ၁၅ နှစ်အထိ ကလေးငယ် ၂ဝဝဝ ဦးဝင်ရောက် ယှဉ်ပြိုင်ကြောင်း သိရသည်။
-
အဆိုပါပြိုင်ပွဲကို အမျိုးသား/အမျိုးသမီးနှစ်ဖွဲ့ခွဲ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တတိယ အမြဲတမ်းအတွင်းဝန် ဦးသီဟဇော်၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ထူးအောင် တို့က တာလွှတ် ပေးကြရာ အရှေ့မြင်းပြိုင်ကွင်းလမ်းမှ မြောက်မြင်းပြိုင်ကွင်းလမ်း၊ ဆရာစံလမ်း၊ စက်မှု(၁)လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်မှ ဆရာစံလမ်းသို့ မြောက်မြင်းပြိုင်ကွင်းလမ်း မှတစ်ဆင့်အရှေ့မြင်းပြိုင် ကွင်းလမ်း ကျိုက္ကဆံကွင်းသို့ ပန်းဝင်သည်။ 
-
ပြိုင်ပွဲအပြီး  ဆုပေးပွဲကို ကျင်းပရာ အမျိုးသား ပထမ၊ ဒုတိယနှင့်  တတိယဆု ရရှိသူများကို လည်းကောင်း၊ အမျိုးသမီး ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေး ဝန်ကြီးနှင့် တာဝန်ရှိသူ တို့က ဆုများ အသီးသီး ပေးအပ်ကြောင်း သိရသည်။     
-
ကျော်လွင်
-



#မြ၀တီနေ့စဉ်သတင်းစာ

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက် ကျင်းပ

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက် ကျင်းပ
-
နေပြည်တော် ဖေဖော်ဝါရီ  ၁၂ 
-
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲ များကို ဖေဖော်ဝါရီ ၁ဝ ရက်မှ စတင်ကျင်းပခဲ့ရာယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်း အမှတ် (၁/၂/၃)၌  ဆက်လက် ကျင်းပသည်။ ယနေ့ပြိုင်ပွဲများအဖြစ် ခေါင်းအုံးရိုက် (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ မီတာ ၁ဝဝ၊  ၂ဝဝ၊ ၄ဝဝ(အမျိုးသား/အမျိုးသမီး)အပြေးပြိုင်ပွဲ၊ သုံးချောင်းထောက် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊  ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ၊  လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲတို့ ယှဉ်ပြိုင်ကစားကြသည်။
-
-
ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲတွင်ပထမ ရရှိသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနအသင်း၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲတွင် ပထမရရှိသော ပြည်ထောင်စုရာထူးဝန်အသင်း၊ လွန်ဆွဲ (အမျိုးသမီး) ပြိုင်ပွဲတွင်ပထမရရှိသော ပြည်ထောင်စုရာထူးဝန်အသင်းနှင့် မီတာ ၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ (အမျိုးသား/ အမျိုး သမီး) အပြေးပြိုင်ပွဲ  ဂုန်နီအိတ်စွပ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲနှင့်  သုံးချောင်းထောက်  (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတို့မှ ဆုရရှိ ကြသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့်ဝန်ကြီးဌာန အလိုက် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 
-
ကျော်လွင်
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 11, 2019

လားရှိုးမြို့၌ စက်ဘီးစီးပြိုင်ပွဲ ကျင်းပ

လားရှိုးမြို့၌ စက်ဘီးစီးပြိုင်ပွဲ ကျင်းပ
-
လားရှိုး ဖေဖော်ဝါရီ ၁ဝ 
-
ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်နှင့် Lashio Cyclist Network တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက် ၆ နာရီခွဲတွင် Lashio Mountain Bike Challenge စက်ဘီးစီး ပြိုင်ပွဲ ကျင်းပသည်။ 
-
အဆိုပါပြိုင်ပွဲတွင် ရန်ကုန်၊  မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ ထားဝယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မူဆယ်၊  နမ့်ခမ်း၊ တန့်ယန်းမြို့နယ်တို့မှ စက်ဘီးအားကစားဝါသနာရှင် ၂၇ဝ  ဦးခန့်က မြို့တော်ခန်းမမှ ဘူတာ လမ်းအတိုင်း လားရှိုး ဘူတာလမ်းဆုံသို့လည်းကောင်း၊ ၎င်းမှ လေယာဉ် ကွင်းလမ်းအတိုင်း လားရှိုးလေဆိပ် သို့လည်းကောင်း၊ လားရှိုး လေဆိပ်မှ လားရှိုးကြီးရပ်ကွက်(၁၂)လမ်းဆုံသို့လည်းကောင်း၊ ၎င်းမှလားရှိုး-သိန်းနီ ပြည်ထောင်စုလမ်းမကြီးအတိုင်း လားရှိုးရေပူစမ်းမုခ်ဝသို့ လည်းကောင်း၊ အဆိုပါမုခ်ဝမှ ရေပူစမ်းလမ်းအတိုင်း မန်နား၊ ဟက်ကာ လမ်းများမှ လားရှိုး မြို့နယ် ဟူးမွန်ဆည် အနီးသို့လည်း ကောင်း၊ ဟူးမွန်ဆည်လမ်းအတိုင်းမှ လားရှိုးမြို့ မန်ဆူဘုရား လားရှိုး- သိန်းနီ  ပြည်ထောင်စု လမ်းမကြီး ကိုဖောက်ထွက်ကာ   လားရှိုးမြို့ သာသနာ၂၅ဝဝ ဘုရားသို့  ပန်းဝင်ကြသည်။ 
-
ထို့နောက် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပန်းဝင်ခဲ့သည့် စက်ဘီးစီး သမားများကို ဆုတံဆိပ်များပေးအပ်သည်။ဆက်လက်၍ပြိုင်ပွဲကျင်းပရေး ကော်မတီတာဝန်ရှိသူများက ပြိုင်ပွဲတွင်ဆုရရှိသည့်စက်ဘီးစီး အားကစားသမား များကို  ဆုငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ 
-
ပြိုင်ပွဲ အမျိုးအစားမှာ Professional တန်း၊ အသက် ၂၅ နှစ်အောက်တန်း၊ အသက် ၂၅ နှစ်နှင့် ၄ဝ နှစ် တန်းနှင့် အသက် ၄ဝ အထက်တန်း ဟူ၍ဖြစ်သည်။ ပြိုင်ပွဲတွင် အသက်အငယ်ဆုံးပြိုင်ပွဲဝင်မှာ  ခုနစ်နှစ်ခွဲအရွယ်ဖြစ်ပြီး အသက်အကြီးဆုံး ပြိုင်ပွဲဝင်မှာ  အသက် ၇၄ နှစ်ဖြစ်ကြောင်းသိရသည်။ 
-
ကေဝိုင်တီ
-
#မြ၀တီနေ့စဉ်သတင်းစာ

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ စတင်ကျင်းပ

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ စတင်ကျင်းပ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ  
-
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနက ဦးစီးကျင်းပသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁/၂/၃)၌ အသီးသီးကျင်းပသည်။    
-
ရှေးဦးစွာ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲများ အဖြစ် ပြည်သူ့လွှတ်တော်အသင်းနှင့်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်သူ့လွှတ်တော်အသင်းက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအသင်း ကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာန အသင်းက စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန အသင်းကိုနှစ်ပွဲ ပြတ်ဖြင့်လည်း ကောင်း၊ ပြည်ထောင်စုရာထူးဝန် အသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အသင်းကလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအသင်းအားနှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် ပြည်သူ့လွှတ်တော် အသင်းတို့ယှဉ်ပြိုင် ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအသင်းက  ပြည်သူ့လွှတ်တော်အသင်းကို  နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။
-
ဆက်လက်၍ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲများအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ပညာရေး ဝန်ကြီးဌာန အသင်းတို့  ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စု ရာထူးဝန်အသင်း ကပညာရေးဝန်ကြီးဌာနအသင်းကို  နှစ်ပွဲ ပြတ်ဖြင့်လည်း ကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ထုပ်စည်းတိုး (အမျိုးသမီး) ပြိုင်ပွဲအဖြစ်  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အသင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အသင်းက အနိုင်ရရှိသွားကြောင်း သိရသည်။ 
-
ကျော်လွင်
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, February 8, 2019

တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြု

တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြု
-
နေပြည်တော် ဖေဖော်ဝါရီ  ၇ 
-
၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင်ဆုရရှိခဲ့ကြသည့်ကမ်းရိုးတန်းဒေသ တိုင်း စစ်ဌာနချုပ်မှ အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့်ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နံနက် ပိုင်းတွင် တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင် ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ 
-
ထို့နောက် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစား ပြိုင်ပွဲများတွင် ပြိုင်ပွဲအမျိုးအစားအလိုက်ဆုများ အသီးသီးရရှိကြသည့် အားကစားသမားများအား တိုင်းမှူးနှင့် တာဝန်ရှိသူများကဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 7, 2019

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြု

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော အားကစား သမားများအား ဂုဏ်ပြု
-
နေပြည်တော် ဖေဖော်ဝါရီ ၆ 
-
၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများတွင် ဆုရရှိ ခဲ့ကြသည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင်တိုင်းစစ်ဌာနချုပ်သံလွင်ခန်းမ၌ကျင်းပပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်အရာရှိ၊စစ်သည်မိသားစုများ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ပြိုင်ပွဲ အမျိုးအစားအလိုက်ဆုများ အသီးသီး ရရှိကြသည့် အားကစားသမားများအားတိုင်းမှူးနှင့် တာဝန်ရှိသူများကဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး တပ်မတော်( ကြည်း ၊ ရေ၊ လေ)သေနတ်ပစ်ပြိုင်ပွဲ အမျိုးသား တံခွန်စိုက်ဒိုင်းဆုအား ပြိုင်ပွဲဝင်အားကစားသမားများက တိုင်းမှူးထံ ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။ 
-
ထို့နောက် အားကစားသမားများကိုယ်စား အသင်းအုပ်ချုပ်သူမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းမှူးက အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 6, 2019

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆု ချီးမြှင့်

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆု ချီးမြှင့်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၅ 
-
၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင်တိုင်းစစ်ဌာနချုပ် အနော်ရထာ ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ကြသည်။ 
-
-
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများက တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ရရှိခဲ့သော တံခွန် စိုက်ဒိုင်းဆုများကို ပေးအပ်ရာတိုင်းမှူးကလက်ခံရယူပြီး ဂုဏ်ပြုဆုများ ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-


#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 5, 2019

ဆက်သွယ်ရေး ညွှန်ကြားရေးမှူးဒိုင်း အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

ဆက်သွယ်ရေး ညွှန်ကြားရေးမှူးဒိုင်း အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၄ 
-
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးဒိုင်း အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့ရှိနယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သော်လွင်နှင့်  တာဝန်ရှိသူများ၊   အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
-
ဦးစွာတက်ရောက် လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အမျိုးသား/အမျိုးသမီး ပွဲစဉ်အလိုက်တစ်ဦးချင်းဆု ရရှိသူများ၊အသင်းလိုက်ဆု ရရှိသူများနှင့်  ဒိုင်းဆုရရှိသော အသင်းတို့အား ဆက်သွယ်ရေးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။                  
-
(၅ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, February 1, 2019

ကျော်မင်းဦး၏ ဆေးမှတ်တမ်းကို ဂျပန် နိုင်ငံသို့ ပေးပို့ကာ ဘောလုံး ပြန်လည် ကစားနိုင်ရန် MFF စီစဉ်

ကျော်မင်းဦး၏ ဆေးမှတ်တမ်းကို ဂျပန် နိုင်ငံသို့ ပေးပို့ကာ ဘောလုံး ပြန်လည် ကစားနိုင်ရန် MFF  စီစဉ်
-
ရန်ကုန်  ဇန်နဝါရီ  ၃၁ 
-
ရန်ကုန်ယူနိုက်တက် အသင်း၏ မြန်မာ့လက်ရွေးစင်ကွင်းလယ် ကစားသမား ကျော်မင်းဦးသည် ဒူးဒဏ်ရာကြောင့် ကစားသမား ဘဝမှ အနားယူမည်ဟု ကြေညာပြီးနောက် ၎င်း၏ ဆေးမှတ်တမ်းကိုမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က ဂျပန်နိုင်ငံသို့ ပေးပို့ ရန် စီစဉ်ထားကြောင်း သိရသည်။ 
-
''MFF ဥက္ကဋ္ဌက ကျော်မင်းဦးကို ဘောလုံးပြန်ကစား စေချင်ပါတယ်။ ဒါကြောင့် သူဆေးကုသခဲ့တဲ့ မှတ်တမ်း တွေကို ဂျပန်နိုင်ငံကို ပို့ပြီး ဆေးစစ်မယ်၊  ပြီးရင် ပြန်ကစားနိုင်အောင်  ကြိုးပမ်းမယ်''ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း ကပြောသည်။ 
-
ကျော်မင်းဦးသည် ဒူးဒဏ်ရာကို ကာလရှည်ကုသသူဖြစ်ပြီး ယင်း ဒဏ်ရာကြောင့်ပင် အနားယူရန်ဆုံးဖြတ်ခြင်းဖြစ်သည်။ ကျော် မင်းဦးသည်  ဗန်ကောက်မြို့၌  ၎င်း၏ ဒူးဒဏ်ရာကို ပြီးခဲ့သည့်နှစ်အတွင်းက ကုသခဲ့ခြင်းဖြစ်ပြီး Police Tero အသင်းတွင် လေ့ကျင့်ခန်း ပြုလုပ်ခဲ့သည်။ 
-
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ကျော်မင်းဦး နှင့်အတူ  ငြိမ်းချမ်းအောင်၏ ဆေးမှတ်တမ်းဖိုင် ကိုပါ ဂျပန် နိုင်ငံသို့ ပေးပို့ မည်ဖြစ်ပြီး လိုအပ်ပါက  ထပ်မံခွဲစိတ်ရန် စီစဉ်ထားကြောင်း သိရသည်။
-


#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 31, 2019

မြန်မာ ယူ-၁၉ အမျိုး သမီး အသင်း ခြေစမ်းပွဲတွင် ဂိုးပြတ် အနိုင်ရ

မြန်မာ ယူ-၁၉ အမျိုး သမီး အသင်း ခြေစမ်းပွဲတွင် ဂိုးပြတ် အနိုင်ရ
-
ရန်ကုန်   ဇန်နဝါရီ  ၃ဝ 
-
၂ဝ၁၉ အာရှခြေစစ်ပွဲများအတွက် လေ့ကျင့် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ယူ-၁၆ အမျိုးသမီး အသင်းသည် ယနေ့နံနက်ပိုင်းတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ  ယှဉ်ပြိုင်ကစားရာ မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းက ၆ ဂိုး ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင် ရရှိသည်။ နှစ်သင်းစလုံး  အမာခံကစားသမားအစုံ အလင်ဖြင့် ပွဲထွက်ခဲ့ပြီး ယူ-၁၉ အသင်းက ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။
-
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၄ မိနစ်မှာပင် စန်းသော်သော်က အဖွင့်ဂိုး စတင်သွင်းယူခဲ့သည်။ ပွဲအစတွင် ယူ-၁၆ အသင်း ကစားကွက်တည်မရသေးဘဲ ၁ဝ မိနစ်တွင် လင်းမြင့်မိုရ်က ယူ-၁၉ အသင်းအတွက် ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့သည်။ ၂၇ မိနစ်တွင် မြတ်နိုးခင်က ယူ-၁၆ အသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်း သော်လည်း  ယူ-၁၉ အသင်းတိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် မိနစ် ၃ဝ တွင် နွယ်နီဝင်းနှင့် ၃၆ မိနစ်တွင် မိုးမိုး သန်းတို့က ဂိုးများထပ်မံသွင်းယူသောကြောင့် ပထမပိုင်းအပြီးတွင် ယူ-၁၉ အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းအစတွင် ယူ-၁၆ အသင်းက တိုက်စစ်အားမြှင့်ကာ   ပိုဖိကစားနိုင်ခဲ့ပြီး ၄၆ မိနစ်တွင်  ဝင်းဝင်းက  ဒုတိယ ချေပဂိုး သွင်းယူခဲ့သည်။  
-
ယင်းနောက်ပိုင်း၌  ယူ-၁၉ အသင်းက ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ၇၄ မိနစ်တွင် မိုးမိုးသန်း၊ ၈၅ မိနစ်တွင် နွယ်နီဝင်း (ပယ်နယ်တီ)တို့က  ဂိုးများ ထပ်မံသွင်းယူခဲ့သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ယူ-၁၆ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၂ ရက်တွင် ခြေစမ်းပွဲထပ်မံ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, January 30, 2019

မြန်မာ ယူ-၂၂ အသင်း နည်းပြချုပ် ပိုပေါ့ဗ် ပဏာမ ကစားသမား စာရင်းထုတ်ပြန်

မြန်မာ ယူ-၂၂ အသင်း နည်းပြချုပ် ပိုပေါ့ဗ်  ပဏာမ ကစားသမား စာရင်းထုတ်ပြန်
-
ရန်ကုန်  ဇန်နဝါရီ  ၂၉ 
-
မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်သစ် ဘူလ်ဂေးရီးယား နိုင်ငံသား ပိုပေါ့ဗ်သည် ၂ဝ၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ပဏာမကစားသမား  ၂၈  ဦးစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီ ၄ ရက်တွင် စခန်းဝင် လေ့ကျင့်မှုစတင်ပြုလုပ်မည်ဖြစ်ပြီး အာဆီယံ ယူ-၂၂ ပြိုင်ပွဲမှာ နည်းပြသစ် ပိုပေါ့ဗ်အတွက်ပထမဆုံးနိုင်ငံတကာပြိုင်ပွဲလည်းဖြစ်သည်။ 
-
ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီ  ၁၇  ရက်မှ ၂၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ ပိုပေါ့ဗ်သည် ကစားသမားများရွေးချယ်ရန် ပြည်တွင်း လိဂ်ပွဲများဖြစ်သည့် MNL ပြိုင်ပွဲနှင့်လူငယ်ပြိုင်ပွဲအပါအဝင် လိဂ်အားလုံးနီးပါး လိုက်လံကြည့်ရှုကာ အလားအလာရှိသည့် ကစားသမား အချို့ကိုပါ ရွေးချယ်ထားသည်။ ယခုဖွဲ့စည်းလိုက်သည့် ပဏာမလူစာရင်းတွင် ၂ဝ၁၈ ခုနှစ်က မြန်မာယူ-၂၂ အသင်းတွင် အမာခံ ကစား သမားများအဖြစ် ပါဝင်ကစားခဲ့သည့် ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ ဆန်းဆက်နိုင်၊ ဘုန်းသစ္စာမင်း၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ စိုးမိုးကျော်နှင့် ဝင်းမိုးကျော်စသည့် ကစားသမားများ ပြန်လည်ပါဝင်လာသည်။ မျက်နှာသစ် ကစားသမားများအဖြစ် ကောင်းထက်စိုး၊ ထူးခန့်လွင်၊ အောင်ကိုဦး၊ဇော်ဝင်းသိန်း၊ ရဲမင်းသူတို့လည်း ရွေးချယ် ခံခဲ့ရသည်။ 
-
မြန်မာယူ-၂၂ အသင်းတွင် နည်းပြချုပ်- ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ-ဦးချစ်နိုင်၊ ဦးစိုးမြတ်မင်း၊ ကြံ့ခိုင်ရေး နည်းပြ-ဟွမ်ရိုမန်၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ အားကစားသမား များအဖြစ်ဂိုးဘုန်းသစ္စာမင်း(ရှမ်း)၊ ဆန်းဆက် နိုင်(ရန်ကုန်)၊ စိုးအာကာ(မကွေး)၊ ထွန်းနန္ဒဦး(မြဝတီ)၊ နောက်တန်း-ဝင်းမိုးကျော်(မကွေး)၊စိုးမိုးကျော်(ဧရာဝတီ)၊ အောင်ဝဏ္ဏစိုး(ဇွဲကပင်)၊ ရဲရင့်အောင်(ရတနာပုံ)၊ ထူးခန့်လွင်၊ သူရိန်စိုး(ရန်ကုန်)၊ ရဲမင်းသူ(ရှမ်း)၊ ဇင်ရဲနိုင်(အား/ ကာသိပ္ပံ)၊ ဟိန်းဖြိုးဝင်း(ရှမ်း)၊ အလယ်တန်း- နန်းထိုက်ဇော်၊ လွင်မိုးအောင်(ဧရာဝတီ)၊ ဇေယျာနိုင်၊ မြတ်ထွန်းသစ်၊ ဇင်မင်းထွန်း (မကွေး)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း (ရတနာပုံ)၊ ဇွဲသက်ပိုင်(ရှမ်း)၊ အောင်ကိုဦး၊ ဇော်ဝင်းသိန်း (MFF ယူ-၁၉) ၊ ရှေ့တန်း- ဝင်းနိုင်ထွန်း(ရတနာပုံ)၊ ထက်ဖြိုးဝေ(ရှမ်း)၊ ဟိန်းထက်အောင်(ဟံသာဝတီ)၊ ကောင်း ထက်စိုး၊ လွှမ်းမိုးဦး (ရန်ကုန်) တို့ ပါဝင်ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...