Social Icons

Pages

Showing posts with label အခွန်ဆိုင်ရာ. Show all posts
Showing posts with label အခွန်ဆိုင်ရာ. Show all posts

Wednesday, March 29, 2017

တစ်နိုင်ငံလုံးတွင် မူဆယ်-နမ့်ခမ်း ကုန်သွယ်ရေးကုန်သည်များ အသင်းဝင် ကုမ္ပဏီလီမိတက် များက ၀င်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့



မူဆယ် ၊ ၂၉-၃-၂၀၁၇

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံးတွင် မူဆယ်-နမ့်ခမ်း ကုန်သွယ်ရေး ကုန်သည်များ အသင်းဝင် ကုမ္ပဏီလီမိတက် များက ဝင်ငွေခွန် အများဆုံး ထမ်းဆောင် ခဲ့ကြောင်း(၂၂) ကြိမ်မြောက် မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်းနှစ်ပတ်လည် အစည်းအဝေး သတင်းများအရ သိရသည်။

အဆိုပါ အစည်းအဝေးကို ယခုနှစ် မတ် ၂၆ ရက်က မူဆယ်မြို့ရှိ ကုန်သည်များအသင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း အနေဖြင့် အသင်းသားပေါင်း ၆ဝဝဝ ကျော်နှင့် ရပ်တည်လျက်ရှိပြီး အသင်းအနေဖြင့် ၂ဝ၁၅ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ရေကြီး ရေလျှံမှုများတွင် ပါဝင်လှူဒါန်းခြင်း၊ တိုက်ပွဲရှောင် ပြည်သူများထံသို့ အသင်း မှဦးဆောင်၍ ညီနောင်အသင်းများ၊ အသင်းသားများနှင့် စုပေါင်း၍ အကူအညီများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ထိုသို့အခွန်များ တိုးမြှင့်ထမ်းဆောင် နိုင်ခြင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာခြင်းကြောင့်သာ ဖြစ်ကြောင်းနှင့် အသင်းအနေဖြင့် လိုအပ်သည့် အကူအညီများ ကို ဆက်လက်၍ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း အဆိုပါ နှစ်ပတ်လည် အစည်းအဝေးတွင် အသင်းဥက္ကဋ္ဌ ဦးဌေးဦး က ပြောကြားခဲ့ကြောင်း သိရသည်။

မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း သည် အခက်အခဲများကြားမှ ကြိုးစားရပ်တည်လျက် ရှိနေသကဲ့သို့ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တောင်ပေါ်မြေပြန့် မခွဲခြားဘဲ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Wednesday, March 15, 2017

ADB နှင့် AFD တို့ကိုချေးငွေပေးဆပ်ရမည့် ကာလမတိုင်မီ ရေခွန် (ရေဆိုးစွန့်ပစ် အပါအ၀င်) တစ်ယူနစ်လျှင် ၁၇၅ ကျပ် တိုးမြှင့်ကောက်ခံဖွယ်ရှိ


မန္တလေး ၊ ၁၅-၃-၂၀၁၇

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (AFD) တို့က မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော် ရာတွင် မြို့ရေပေးရေး စနစ် တိုးတက် ကောင်းမွန်ရေး ၊ ရေဆိုးစွန့်ပစ်စနစ် နှင့်  ရေမြောင်းများ တိုးတက် ကောင်းမွန်ရေး၊ အမှိုက်စွန့်ပစ် သိမ်းဆည်းရေး ကောင်းမွန်စေရေး နှင့် အဖွဲ့အစည်း ဆိုင်ရာ စွမ်းရည်တိုးတက် ကောင်းမွန်ရေးတို့ အတွက် ၂ဝ၁၆ခုနှစ်က ချေးယူထားခဲ့သော အမေရိကန်ဒေါ်လာ သန်း ၁၃ဝ ကို ချေးငွေပေးဆပ် ရမည့်ကာလမတိုင်မီ ရေခွန် (ရေဆိုးစွန့်ပစ် အပါအဝင်) တစ်ယူနစ် လျှင် ၁၇၅ ကျပ်နှုန်း တိုးမြှင့်ကောက်ခံ သွားဖွယ်ရှိကြောင်း မန္တလေး မြို့တော်စည်ပင် သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းမှု ဌာန စီမံချက် စာတမ်းများ အရ သိရသည်။

ချေးငွေပြန်လည် ပေးဆပ်ရမည့် ကာလတွင် ရေခွန်ရေခများ (ရေဆိုးစွန့်ပစ်မှု အပါအဝင်) တစ်ယူနစ်လျှင် ၁၇၅ ကျပ် တိုးမြှင့် ကောက်ခံပါက တစ်နှစ်လျှင် ရေခွန်ရေခ ငွေကျပ် ၈ဝ၅၅ သန်းခန့် ရရှိလာမည် ဖြစ်ကြောင်း၊ ရေဆိုးသန့်စင်သည့် စနစ်စီမံကိန်း ပြီးစီးပါက နေအိမ်များမှ ထွက်ရှိသည့် ရေဆိုးပမာဏ အလိုက် ရေဆိုးစွန့်ပစ် သန့်စင်ခ ကောက်ခံရရှိ လာနိုင်ခြင်း၊ အခြားလိုင်စင် အခွန်အခများ တိုးမြှင့်ရရှိလာနိုင်ခြင်း တို့ကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ရငွေ ပိုမိုရရှိလာမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အခွန်နှင့် သာမန်ရငွေမှာ ငွေကျပ် ၄၁၃၄၃ ဒသမ ၆၁၆ သန်းဖြစ်ပြီး ငွေလုံးငွေရင်း ရငွေမှာ ငွေကျပ် ၃၄ဝ၂၄ ဒသမ ၆၉၆ သန်း ဖြစ်သည့်အတွက် စုစုပေါင်းရငွေမှာ ငွေကျပ် ၇၅၃၆၈ ဒသမ ၃၁၂ သန်း ဖြစ်သောကြောင့် ဆိုင်းငံ့ကာလ ရှစ်နှစ်ဖြစ်သော ၂ဝ၂၄ ခုနှစ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်သော တည်ဆောက်ရေး လုပ်ငန်းများ၏ ကုန်ကျစရိတ်များကို အနည်းငယ် လျှော့ချပြီး ဆောင်ရွက်ပါက အသုံးစရိတ် လျှော့ချနိုင်ခြင်းနှင့် ရငွေပိုမိုတိုးတက် လာခြင်းတို့ကြောင့် ချေးယူထားသော ချေးငွေများကို သတ်မှတ်ကာလ အတွင်း ပြန်လည်ပေးဆပ် နိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာန စီမံချက်စာတမ်းများ အရ သိရသည်။

မင်းဆွေဦး

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Monday, January 9, 2017

အခွန်အခ နှင့် ကုန်ဈေးနှုန်းသည် မဟာမိတ်


အခွန်အခ နှင့် ကုန်ဈေးနှုန်းသည် မဟာမိတ်

နိုင်ငံတော်အစိုးရ သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင် ကြသော ပြည်သူများ၏ အကျိုးစီးပွားအတွက် ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက် နိုင်ရန် အခွန်၊ အခနှင့် အကောက်များကို တည်ဆဲဥပဒေ၊ စည်းမျဉ်း များနှင့်အညီ ကောက်ခံလျက် ရှိသည်။ နိုင်ငံသားများ အနေဖြင့်လည်း ဥပဒေနှင့်အညီ ပေးဆောင်ရန် ရှိသော အခွန်၊ အခနှင့် အကောက်များကို ပေးဆောင်ရန် တာဝန်ရှိ ကြသည်။

အခွန်ဆိုသည်မှာ နိုင်ငံတော်အစိုးရ၏ စီမံအုပ်ချုပ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေး လုပ်ငန်း ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ စီမံခန့်ခွဲသူတို့က ပြည်သူများထံမှ ကောက်ခံရသော အစိုးရဘဏ္ဍာ ဝင်ငွေပင်ဖြစ်သည်။ အခဆိုသည်မှာ နိုင်ငံတော် အစိုးရ သို့မဟုတ် အခွင့်ရ စီမံခန့်ခွဲသူက သက်ဆိုင်ရာ ပြည်သူများ ဘေးကင်းလုံခြုံရေး၊ သက်သာချောင်ချိရေး၊ ကျန်းမာ သန့်ရှင်းရေး ဆိုင်ရာ လိုအပ်ချက် တစ်ရပ်ရပ်အတွက် ဆောင်ရွက်ပေး ထား သည့် ဝန်ဆောင်မှု လုပ်ငန်းရပ်များ ရေရှည်တည်တံ့ပြီး ပိုမိုတိုးတက် ကောင်းမွန်မှု ရှိစေရန်နှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်သည့် စရိတ်စကများ ကာမိစေရန် သက်ဆိုင်ရာ သုံးစွဲသူများထံမှ ကောက်ခံသော အခကြေးငွေများ ဖြစ်သည်။ အကောက် ဆိုသည်မှာ နိုင်ငံတော်အစိုးရ သို့မဟုတ် အခွင့်ရ စီမံခန့်ခွဲသူက အများနှင့် သက်ဆိုင်သော လိုအပ်ချက် တစ်ရပ်ရပ်အရ ဆောင်ရွက်ခွင့်ပြု ထားသော လုပ်ငန်းတစ်ခု အပေါ်မှ သို့မဟုတ် အသုံးပြုသူများ ထံမှ လတ်တလော ကောက်ခံသော အခကြေးငွေ ဖြစ်သည်။

အခွန်အမျိုးမျိုး အနက် ပစ္စည်းခွန် ဆိုသည်မှာ မြို့စည် ပင်သာယာရေး နယ်နိမိတ်အတွင်း အဆောက်အအုံ နှင့် မြေပေါ်တစ်နှစ် ငှားရမ်းခတန်ဖိုး ပေါ်မူတည်၍ သတ်မှတ်သည့် ရာခိုင်နှုန်း အချိုးအစားဖြင့် ပိုင်ရှင် သို့မဟုတ် နေထိုင်သူထံမှ စည်းကြပ် ကောက်ခံသော အခွန်ဖြစ်သည်။ ပစ္စည်းခွန်တွင် အဆောက်အအုံနှင့် မြေခွန်၊ ရေခွန်၊ လမ်းမီးခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန် ပါဝင်သည်။ ပစ္စည်းခွန်အပြင် ဘီးခွန်၊ ဆိပ်ကမ်းခွန်၊ ယာဉ်များနှင့် ၀န်တင် တိရစ္ဆာန်များ ၊ အိမ်မွေးခွေးများ အပေါ် ကောက်ခံသည့် အခွန်နှင့် အခြားအခွန်များ ပါဝင်သည်။ ပစ္စည်းခွန် စည်းကြပ် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြု သော မြေနှင့် အဆောက်အအုံ များလည်းရှိသည်။

အခများမှာ ဈေးဆိုင်ခန်းများ ငှားရမ်းခ၊ လျှပ်စစ်ဓာတ်အားခ၊ မြေနှင့် အဆောက်အအုံငှားရမ်းခ၊ အပေါင်ဆိုင် လိုင်စင်ခ၊ တည်းခိုခန်းနှင့် ဘော်ဒါဆောင် လိုင်စင်ခ၊ ကူးတို့လိုင်စင်ခ၊ စားသောက်ဆိုင် လိုင်စင်ခ၊ ဘေးအန္တရာယ် ရှိစေနိုင်သော လုပ်ငန်းလိုင်စင်ခ၊ သားသတ် လိုင်စင်ခ စသည်တို့ ဖြစ်သည်။

ယခုရက်ပိုင်း နေ့စဉ်သတင်းစာ များတွင် မြို့နယ်စည်ပင် သာယာရေး ကော်မတီများက အခွင့်အရေး လိုင်စင် အရပ်ရပ်အား ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချရာ လေလံတင် ရောင်းချရငွေ ယခင်နှစ်ထက် ပိုမိုရရှိ
သည့်အနက် သားသတ်လုပ်ငန်း လိုင်စင်ခမှ အများဆုံး ရရှိကြောင်း သိရသည်။ သားသတ်လုပ်ငန်း လိုင်စင်ကို ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချခြင်းသည် စားသုံးသူ ပြည်သူများ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်း ကြောင့် အခြားနည်းလမ်း ရှာဖွေရန် ယခင် ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်းက ကျင်းပသည့် အစည်းအဝေး များတွင် ဆွေးနွေးသံ ကြားရဖူးသည်။

မြို့နယ်စည်ပင် သာယာရေးအဖွဲ့ များက ကောက်ခံသော အခွန်ဖြစ်စေ၊ အခဖြစ်စေ အမှန်တကယ် ပေးဆောင်ရသူမှာ စားသုံးသူ ပြည်သူများသာ ဖြစ်သည်။ ဥပမာဆိုရသော် အငှားယာဉ်ငယ် ကလေးများဖြင့် ခရီးသွားကြရာ တွင် တံတား ဖြတ်သန်းခ၊ အဝေးပြေးယာဉ်ဝင်း များအတွင်း ယာဉ်ဝင်ခ၊ မီးရထား ဘူတာရုံနှင့် သင်္ဘောဆိပ်ဝင်း အတွင်း ယာဉ်ဝင်ခ စသည်တို့ကို ယာဉ်စီးသူက ပေးဆောင်ကြ ရသည်။ ဤသို့ ပြည်သူများက တိုက်ရိုက် ပေးဆောင် ကြရသည့် အခွန်၊ အခများ ရှိသကဲ့သို့ သွယ်ဝိုက်ပေးဆောင် ကြရသည် များလည်းရှိသည်။ စားသောက်ကုန် အပါအဝင် အခြားကုန်မျိုးစုံ ရောင်းချသူ တို့သည် လစဉ် သို့မဟုတ် နေ့စဉ် ပေးဆောင်ကြ ရသော အခွန်၊ အခတို့ ကာမိစေရန် ၄င်းတို့ ရောင်းချသော ကုန်ပစ္စည်း တန်ဖိုးကို တိုးမြှင့် ရောင်းချကြမှသာ အမြတ်ကျန်မည် ဖြစ်သည်။

ထို့ကြောင့် ပစ္စည်းရောင်းသော ဈေးဆိုင်ပိုင်ရှင် တို့က မြို့နယ်စည်ပင် သာယာရေး အဖွဲ့သို့ ပေးဆောင်သော အခွန်၊ အခကို ပစ္စည်းဝယ်ယူ သုံးစွဲသော ပြည်သူများကသာ သွယ်ဝိုက်သော နည်းဖြင့် ပေးဆောင်ကြ ရခြင်းဖြစ်သည်။

စီးပွားရေး လုပ်ငန်းကြီး များသည် နိုင်ငံတော် အစိုးရက သတ်မှတ်ထားသော အခွန်၊ အခ၊ အကောက် တို့ကို ပေးဆောင်ရသည့် အပြင် မီဒီယာများမှ တစ်ဆင့် ကြော်ငြာခ ကိုလည်း သက်ဆိုင်ရာ မီဒီယာသို့ ပေးရသည်။ ၄င်း ကြော်ငြာခ ကိုလည်း ပြည်သူတို့ ကသာ သွယ်ဝိုက်သော နည်းဖြင့် ပေးဆောင်ကြ ရသည်။ နိုင်ငံတော်အစိုးရ ဌာနဆိုင်ရာများ ဘဏ္ဍာဝင်ငွေ တိုးတက်ရရှိခြင်း နှင့် မီဒီယာ ဖွံ့ဖြိုးရေး ကြိုဆိုရမည် ဖြစ်သည်။ တစ်ဖက်မှာလည်း ကုန်ထုတ်လုပ်ငန်း ဖြစ်စေ၊ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းဖြစ်စေ၊ ဝန်ဆောင်မှု လုပ်ငန်းဖြစ်စေ ၄င်းတို့ တရားဝင် ပေးဆောင်ရသော အခွန်၊ အခ၊ အကောက် တို့ကိုလည်းကောင်း၊ တရားမဝင် ပေးဆောင်ရသော အခွန်၊ အခ၊ အကောက် တို့ကိုလည်းကောင်း အမှန်တကယ် ပေးဆောင်ရသူမှာ ဝယ်ယူသုံးစွဲသော ပြည်သူများသာ ဖြစ်ကြောင်း ကိုကား သတိမူရမည် ဖြစ်ပေသည်။

( အယ်ဒီတာ့အာဘော် )

Friday, December 30, 2016

မူဆယ်လမ်းပိုင်းမှ တရားဝင်ကုန်သွယ်ခွန်၏ ၁၀ ရာခိုင်နှုန်းခန့်သာ တိုင်းပြည်ဝင်ငွေရရှိမှုအပေါ် သုံးသပ်မှုများ လုပ်ဆောင်သင့်



နေပြည်တော် ၊ ၃၀-၁၂-၂၀၁၆

မြန်မာနိုင်ငံတွင် တရားဝင် နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခုရှိသည့်အနက် တရုတ်နိုင်ငံ နယ်စပ်တွင် စခန်းလေးခု၊ ထိုင်းနိုင်ငံ နယ်စပ် တစ်လျှောက်တွင် စခန်းရှစ်ခု၊ အိန္ဒိယနိုင်ငံ နယ်စပ်တွင် စခန်းနှစ်ခုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်တွင် စခန်းတစ်ခု အသီးသီး ဖွင့်လှစ်ထားရှိ သော်လည်း ရှည်လျားသည့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် ကန်ပိုက်တီး၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းဟူ၍ စခန်းလေးခုသာ ရှိပြီး တရားမဝင် ဝင်၊ထွက်ပေါက် များစွာ ရှိနေသောကြောင့် တရားမဝင် လမ်းကြောင်းများမှ ဖမ်းဆီးရမိမှုသည် တရားဝင်လမ်းကြောင်း အခွန်ငွေထက် ၉၀ ရာခိုင်နှုန်းခန့် ပိုမိုများပြားစွာ ရရှိနေကြောင်း၊ ထို့ကြောင့် တရားဝင် ကုန်သွယ်ခွန်၏ ၁ဝ ရာခိုင်နှုန်းခန့်သာ တိုင်းပြည်ဝင်ငွေ ရရှိနေမှုအပေါ် သုံးသပ်မှုများ လုပ်ဆောင်သင့်ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန နေပြည်တော်မှ သိရသည်။

ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ် ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၇ ဘီလီယံကျော် ရှိခဲ့သည်။ ပို့ကုန်များမှာ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ အထည်အလိပ်၊ ဆန်၊ မတ်ပဲ၊ ပဲတီစိမ်း၊ ငါး၊ နှမ်း၊ ကျွန်းသစ်နှင့် ရော်ဘာတို့ ဖြစ်ပြီး အဓိက သွင်းကုန်များမှာ ရေနံထွက် ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ သံနှင့် သံမဏိ ပစ္စည်းများ၊ ပလတ်စတစ် ကုန်ကြမ်း ပစ္စည်းများ၊ စားအုန်းဆီ၊ ဆေးဝါး ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ နှင့် ဘိလပ်မြေတို့ ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု များကို ကြည့်မည်ဆိုပါက တရားဝင် ကုန်သွယ်မှုများသာ မြင့်တက်လာခြင်းမျိုး မဟုတ်ဘဲ တရားမဝင် ကူးသန်း ရောင်းဝယ်မှု များလည်း မြင့်တက် လာသည်ကို တွေ့ရသည်။ တရားမဝင် ကုန်သွယ်မှုများကို တားဆီးမှု မှတ်တမ်းများအရ ၂ဝ၁၂ ခုနှစ်မှ၂ဝ၁၅ ခုနှစ်အတွင်း တန်ဖိုးငွေကျပ် ဘီလီယံ ၅ဝဝ ကျော် သိမ်းဆည်းရမိ ခဲ့ပြီး စားသုံးရန် မသင့်သော ကုန်ပစ္စည်းတန်ဖိုး ငွေကျပ် ၂၅ ဘီလီယံကျော် ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။

တရားမဝင် ကုန်သွယ်မှုများ ပြုလုပ်လျက် ရှိရာတွင် မြန်မာ့အဖိုးတန် ကျွန်းသစ်များ အပါအဝင် သစ်တောထွက် ပစ္စည်းများ၊ လယ်ယာ ထွက်ကုန်များ၊ ကျွဲ၊ နွား အစရှိသည့် တိရစ္ဆာန်များ ပါဝင်ပြီး အများဆုံး တရားမဝင် တင်သွင်းသည့် ပစ္စည်းများတွင် ဆေးနှင့် ဆေးပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ အရက် ၊ ဘီယာ ၊ စီးကရက် နှင့် ဆေးလိပ်ထွက် ပစ္စည်းများ၊ ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ၊ မျိုးစေ့များ ပါဝင်သည်ကို ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ယခင် အစိုးရလက်ထက် တရားမဝင် ကုန်သွယ်မှုများကို လျှော့ချနိုင်ရန် မိုဘိုင်းအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သည်။ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်တွင် အဖွဲ့စုံအဖွဲ့ နှစ်ဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ရာ ကုန်သွယ်ရေး ဦးစီးဌာနက မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် တွင် ထုတ်နုတ် ဝန်ထမ်းအင်အားဖြင့် လည်းကောင်း၊ လှုပ်ရှား(၁) ပူးပေါင်းအဖွဲ့ တစ်ဖွဲ့က နောင်ချိုတိုးဂိတ်တွင် အခြေပြု၍ လည်းကောင်း တရားမ၀င် ကုန်သွယ်မှု များကို တားဆီးခဲ့ရာ ၄င်းအဖွဲ့ နှစ်ဖွဲ့ပေါင်း တစ်လလျှင် ပျမ်းမျှ ငွေကျပ် သိန်း ၁၀၀၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်ထား သော နွားပွဲ (ငါးရက်တစ်ဈေး) သည် တစ်ဖက်နိုင်ငံသို့ ကျွဲ ၊ နွားများ တရားမ၀င် တင်ပို့ ရောင်းချနိုင်ရန် တရားဝင်ဖွင့်လှစ် ထားသကဲ့သို့ ဖြစ်နေပြီး ကုန်သည်များက တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းများထံ ဆက်ကြေးပေး၍ တင်ပို့နေကြ ကြောင်း ၊ တရားမဝင် ကုန်သွယ်မှုကို နယ်မြေဒေသခံ အချို့နှင့်ပူးပေါင်း၍ မော်တောင်း ကျေးရွာကို အခြေပြုကာ ပန်ဆိုင်း - ကျိန်စန်းကျော့ လမ်းကို အဓိကထားလျက် ကျွဲ၊ နွား၊ သစ်နှင့် လယ်ယာထွက်ကုန် ပစ္စည်းများ ပို့ဆောင်လျက် ရှိသကဲ့သို့ သွင်းကုန်ပစ္စည်း များကို မူဆယ်မြို့မှ သယ်ဆောင်ပြီး မူဆယ်- ကျိန်စန်းကျော့ ကျောက်တိုင်လမ်းခွဲ၊ တုန်ခန်ကျေးရွာမှ ဝင်ရောက်၍ ကျိန်စန်းကျော့ - ပန်ဆိုင်း - မော်တောင်း လမ်းကြောင်းအတိုင်း တရားမဝင် တင်သွင်းလျက် ရှိကြောင်း သိရသည်။

နမ့်ဖက်ကာ- နမ့်ခမ်း- မူဆယ် လမ်းမကြီးသည် တရားမဝင်အဓိက ကုန်သွယ်မှုလမ်းကြောင်း အဖြစ် တည်ရှိနေပြီး မိုးရာသီတွင် ထော်လာဂျီ၊ ဒိုင်နာယာဉ် များသာ သွားလာလျက် ရှိသော်လည်း ပွင့်လင်းရာသီတွင် ၁၂ ဘီးယဉ်ကြီး များပါ သွားလာလျက် ရှိကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာလ မှ ဒီဇင်ဘာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကုန်သွယ်ရေး ဦးစီးဌာနနှင့် OSS မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကုန်သွယ်ရေးဇုန်ဝင်း အတွင်းရှိ ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် တားဆီးမှုများ ပြုလုပ်ခဲ့ရာ အမှုကိုးမှု ငွေကျပ် ၄၃၉ သိန်းကျော်နှင့် OSS အကောက်ခွန်အမှုတွဲ ၂ဝ၊ ငွေကျပ် ၉၁၅ သိန်းကျော် တားဆီးအရေးယူ နိုင်ခဲ့ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန သတင်းများအရ သိရသည်။ ၄င်းဖမ်းဆီးရမိ ငွေပမာဏသည် တရားဝင် ကုန်သွယ်မှု ဝင်ငွေခွန်၏ ၉ဝ ရာခိုင်နှုန်းခန့် ရှိသောကြောင့် တရားမဝင် ကုန်သွယ်မှုကို သုံးသပ်သင့်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Friday, November 25, 2016

ကုန်ပစ္စည်းအမျိုးအမည် ၅၀၀၀ ကျော်ကို အမေရိကန်ဈေးကွက်သို့ အခွန်သက်သာခွင့် စနစ်ဖြင့် တင်ပို့နိုင်ရန် ခွင့်ပြုလိုက်သော်လည်း လတ်တလောတွင် အကျိုးအမြတ် ရရှိနိုင်မည်မဟုတ်



ရန်ကုန် ၊ ၂၅-၁၁-၂၀၁၆

အမေရိကန်နိုင်ငံ သည် မြန်မာနိုင်ငံ၏ ကုန်ပစ္စည်း အမျိုးအမည် ၅ဝဝဝ ကျော်ကို အမေရိကန် ဈေးကွက်သို့ အခွန်သက်သာခွင့် စနစ် GSP ဖြင့် တင်ပို့နိုင်ရန် ခွင့်ပြုလိုက် သော်လည်း လတ်တလောတွင် အကျိုးအမြတ် ရရှိနိုင်မည် မဟုတ်သေး ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ ထံမှ သိရသည်။

ထိုသို့ အခွန် ကင်းလွတ်ခွင့် ပေးလိုက်သော်လည်း မည်သည့် အရည်အသွေး ရှိမှ တင်သွင်းခွင့်ပြုမည် ဆိုသော စံသတ်မှတ်ချက်များ ရှိနေသေးပြီး ယင်း သတ်မှတ်ချက် များကို လုပ်ဆောင်နိုင် မှသာ အကျိုးခံစားခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

''အမေရိကန်ရဲ့ အခွန်သက်သာခွင့် စနစ် ရတယ်ဆိုပေမယ့် မြန်မာနိုင်ငံ အနေနဲ့ ချက်ချင်း အကျိုးမဖြစ်နိုင်တာ တွေရှိတယ်။ ဒါပေမဲ့ အခွန်သက်သာ ခွင့်ကြောင့် အမေရိကန် နဲ့ နိုင်ငံရပ်ခြားက လုပ်ငန်းရှင်တွေ အဖို့တော့ မြန်မာနိုင်ငံမှာ ပစ္စည်းလာ ထုတ်လုပ်ပြီး အမေရိကန် ဈေးကွက်ကို ပြန်လည် တင်ပို့တာတွေ ရှိလာမှာဆိုတော့ အမေရိကန် အပါအဝင် အဲဒီ ဈေးကွက်ကို လိုချင်တဲ့ နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ကတော့ တိုးလာဖို့ ရှိတယ်'' ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောသည်။

ကုန်ပစ္စည်း အမျိုးအမည် ၅ဝဝဝ ကျော်ကို အမေရိကန် နိုင်ငံသို့ အခွန် သက်သာခွင့် စနစ်ဖြင့် တင်ပို့နိုင်ရန် ခွင့်ပြုခဲ့ရာတွင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံ သို့ တင်ပို့လျက် ရှိသည့် ကြိမ်နှင့် ကြိမ်ထည် ပရိဘောဂ ပစ္စည်းများ၊ သစ်အခြေခံ ပရိဘောဂ ပစ္စည်းများ၊ ခရီးဆောင် ပစ္စည်းများ ဖြစ်သော လက်ဆွဲအိတ်၊ ကျောပိုးအိတ် ကဲ့သို့ပစ္စည်း များလည်း ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် အမေရိကန် ဈေးကွက်သို့ တင်ပို့ရန် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များလည်း လိုအပ်ပြီး အခွန် သက်သာခွင့် စနစ်ကို ခံစားခွင့် ရနိုင်ရေးမှာ လတ်တလောတွင် မဖြစ်နိုင် သေးကြောင်း လုပ်ငန်းရှင် များက သုံးသပ်ကြသည်။ သစ်တောထွက် ပစ္စည်းများမှာ ပြီးခဲ့သည့်နှစ်နှစ် မှစ၍ သစ်အချောထည် များ တင်ပို့ခွင့် ရရှိခဲ့ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Monday, November 21, 2016

ပထမဆုံးအနေဖြင့် ပြည်တွင်းကျောက်မျက် ရတနာကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်



မန္တလေး ၊ ၂၁-၁၁-၂၀၁၆

ပထမဆုံး အနေဖြင့် ပြည်တွင်း ကျောက်မျက် ရတနာ ဝယ်ယူသူများကို ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံ လာမှုနှင့် ပတ်သက်၍ မန္တလေး ကျောက်သမား များက မကျေမနပ် ဖြစ်နေကြောင်း မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းရှိ ကျောက်သမားများ ထံမှ သိရသည်။

နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ယမန်နေ့တွင် စတင်ကျင်းပ နေသည့် ကျောက်မျက် ရတနာပြပွဲ (ယူရိုပွဲကြီး) တွင် ပြည်တွင်း ကျောက်မျက် ရတနာ ဝယ်ယူမည့် ကျောက်မျက် ရတနာ ကုန်သည်များ အနေဖြင့် ဝယ်ယူသည့် ကျောက်တန်ဖိုး၏ ငါးရာခိုင်နှုန်းကို ကုန်သွယ်ခွန် အဖြစ် ပေးဆောင် ရမည်ဟု ကျောက်မျက် ရတနာ ပြပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်ထား ကြောင်း၊ ထိုကဲ့သို့ ထုတ်ပြန်ထားမှု အပေါ် ကျောက်သမား အများစုက မကျေမနပ် ဖြစ်နေကြကြောင်း မန္တလေး ကျောက်ကုန်သည် တစ်ဦးထံမှ သိရသည်။

အဆိုပါ ကုန်သွယ်ခွန် ကောက်ခံမှုကို ကျောက်မျက် ရတနာများ ရောင်းချမှု အပေါ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေနှင့် မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေတို့အရ အခွန်အခများ ကောက်ခံမှု ရာခိုင်နှုန်းတွင် ဖော်ပြထားသည်။

ယခင်နှစ်များက ပြုလုပ်ခဲ့သည့် ကျောက်မျက် ရတနာပြပွဲ များတွင် ကုန်သွယ်ခွန် များကို ရောင်းချသည့် ကျောက်မျက်ရတနာ ကုန်သည်များက ၂၈ ရာခိုင်နှုန်း ပေးဆောင် ရသော်လည်း ယခုနှစ်လယ်တွင် ဒုတိယအကြိမ် အဖြစ် ကျင်းပသည့် ကျောက်မျက် ရတနာ ပြပွဲတွင်မူ ရောင်းချသူက ကုန်သွယ်ခွန် ၂၃ ရာခိုင်နှုန်း၊ ဝယ်ယူသူက ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ပေးဆောင် ရတော့မည် ဖြစ်ကြောင်း ကျောက်သမား တစ်ဦးထံမှ သိရသည်။

ကျော်ဝေမင်း

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၅)

Friday, September 30, 2016

အခွန်တံဆိပ်ခေါင်းကပ်ရန် ညွှန်ကြားမှု မလိုက်နာဘဲ လေးကြိမ်နှင့်အထက် ဒဏ်ကြေးပေးဆောင် ရသည့် စားသောက်ဆိုင်များကို ထုတ်ပြန်ကြေညာ သွားမည်



ရန်ကုန် ၊ ၃၀-၉-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စားသောက်ဆိုင် များ၏ ငွေရှင်းပြေစာ များတွင် ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်ရန် ညွှန်ကြားထား သော်လည်း မလိုက်နာဘဲ လေးကြိမ်နှင့် အထက် ဒဏ်ကြေး ပေးဆောင် ရသည့် စားသောက်ဆိုင် များ စာရင်းကို ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်း များ၏ ငွေရှင်းပြေစာ များတွင် ကုန်သွယ် လုပ်ငန်းခွန် အမှတ်တံဆိပ် ကပ်နှိပ်ရန် ပညာပေးခြင်း လုပ်ငန်းများကို ၂ဝ၁၄ ခုနှစ် နှစ်ကုန် ကစတင်ခဲ့ပြီး ကုန်သွယ် လုပ်ငန်းခွန် အမှတ် တံဆိပ် မကပ်သည့် စားသောက်ဆိုင် များကို ၂ဝ၁၅ ခုနှစ် မေလကစ၍ ဒဏ်ကြေး ပေးဆောင် စေခဲ့သည်။

ယခု ဘဏ္ဍာနှစ်အစ ဧပြီလမှ စက်တင်ဘာ လလယ်အထိ ငါးလကျော် ကာလအတွင်း အခွန်ပြေစာ အမှတ်တံဆိပ် မကပ်သည့် စားသောက်ဆိုင် ၂ဝ၆ ဆိုင်မှ ဒဏ်ကြေး ငွေကျပ် ၃၁ သန်း ရရှိထားပြီး အကြိမ်ကြိမ် ဒဏ်ရိုက် ခံရသော စားသောက်ဆိုင် များသည် ကျသင့် ကုန်သွယ် လုပ်ငန်းခွန် အတိုင်း တံဆိပ်ခေါင်း အပြည့်အဝ မကပ်ခြင်းနှင့် ငွေရှင်းပြေစာ တွင် ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံထား သော်လည်း အခွန်တံဆိပ် လုံးဝ မကပ်ခြင်းများ ကြောင့် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

ငွေရှင်းပြေစာတွင် ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်ရန် ပျက်ကွက်သည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်း များကို ယခုဘဏ္ဍာနှစ် ကစ၍ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေပုဒ်မ ၃၂ အရ တရားစွဲဆိုမည် ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် သုံးနှစ်မှ ခုနစ်နှစ်အထိ ချမှတ်မည် ဖြစ်ကာ ယင်းသို့ တရားစွဲဆို နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်ကို စောင့်ဆိုင်း နေကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် အခွန်တံဆိပ် မကပ်သည့် စားသောက်ဆိုင် ၂၆၄ ဆိုင်ကို ဒဏ်ရိုက်ခဲ့ပြီး ဒဏ်ကြေးငွေ ငွေကျပ် သိန်း ၇၂ဝ ကျော် ရရှိခဲ့ကြောင်း၊ အခွန် အမှတ်တံဆိပ် ကပ်နှိပ်ရန် တစ်ကြိမ် ပျက်ကွက် ပါက ငွေကျပ် နှစ်သိန်း၊ နှစ်ကြိမ် ပျက်ကွက် ပါက ငွေကျပ် ငါးသိန်း၊ သုံးကြိမ် ပျက်ကွက် ပါက ငွေကျပ် ခုနစ်သိန်းနှင့် သုံးကြိမ်နှင့် အထက် ပျက်ကွက်ပါက ငွေကျပ် ၁ဝ သိန်းအထိ ဒဏ်ရိုက်ရန် ကုန်သွယ် လုပ်ငန်းခွန် ဥပဒေတွင် ပြဋ္ဌာန်း ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

Thursday, September 22, 2016

အသစ်ပြဌာန်းမည့် ရင်းနှီးမြုပ်နှံမှု ဥပဒေ၌ အစိုးရမှ တိုးမြှင့်လိုသည့် လုပ်ငန်းကဏ္ဍများ တွင်သာ အခွန်သက်သာခွင့် သီးခြားပေးသွားမည်


ရန်ကုန် ၊ ၂၂-၉-၂၀၁၆

မြန်မာနိုင်ငံတွင် အသစ်ပြဌာန်းမည့် ရင်းနှီးမြုပ်နှံမှု ဥပဒေ၌ စီးပွားရေး လုပ်ငန်းတိုင်းကို အခွန် သက်သာခွင့် ပေးမည် မဟုတ်ဘဲ အစိုးရမှ တိုးမြှင့်လိုသည့် လုပ်ငန်းကဏ္ဍ များတွင်သာ သီးခြား ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ပြည်ပ ရင်းနှီးမြုပ်နှံ မှုများ ပိုမိုဝင်ရောက် လာစေရန် အတွက် ပြည်ပ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ဖိတ်ခေါ်ရာ၌ ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ်သက်တမ်း ပေးထားကြောင်း သိရသည်။ "ဥပဒေသစ်မှာတော့ ၀င်ငွေခွန် သက်သာခွင့် ငါးနှစ်ပေးတဲ့ စနစ် မရှိတော့ဘူး။ နိုင်ငံတော်ကနေ တိုးမြှင့် ဆောင်ရွက်မယ့် လုပ်ငန်းကဏ္ဍ တွေမှာ လုပ်ကိုင်ချင် ရင်တော့ ဝင်ငွေခွန် ကင်းလွတ်ခွင့် ပေးမယ်။ ရင်းနှီး မြုပ်နှံမှုမှာ တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုမျိုး ကိုပဲ ပေးမယ်။" ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။

လက်ရှိ အစိုးရမှ တိုးမြှင့်လိုသည့် လုပ်ငန်းကဏ္ဍ များတွင် ဖွံ့ဖြိုးမှု အားကောင်းသည့် ဒေသများ၌ ရင်းနှီးမြုပ်နှံ မည် ဆိုပါက ၀င်ငွေခွန် ကင်းလွတ်ခွင့် သုံးနှစ် ပေးမည်ဖြစ်ကာ ဖွံ့ဖြိုးမှု အသင့်အတင့် ရှိသည့် ဒေသများတွင် ရင်းနှီးမြုပ်နှံ ပါက ၀င်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ် ပေးသွားမည် ဖြစ်ပြီး ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်လျှင် ၀င်ငွေခွန် ကင်းလွတ်ခွင့် ၇ နှစ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိပြဌာန်း ထားသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေတွင် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရရှိထားသည့် မည်သည့်လုပ်ငန်း မဆို ၀င်ငွေခွန် ကင်းလွတ်ခွင့် ငါး နှစ် ပေးထား ခြင်းကြောင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် များမှလည်း မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ဥပဒေတွင် အဆိုပါ ဝင်ငွေခွန် ကင်းလွတ်ခွင့်အား တန်းတူ အခွင့်ရေးပေးရန် တောင်းဆို ထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု ဥပဒေကို ပေါင်းစပ်ထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်ကို လွှတ်တော်သို့ တင်ပြ ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်

Wednesday, September 14, 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအထိ ရန်ကုန်တိုင်းဒေသကြီး၌ အိမ်ခြံမြေရောင်းဝယ်ခြင်းမှ အခွန်ငွေကျပ် ၁၀ ဘီလီယံ ကောက်ခံရရှိထား



ရန်ကုန် ၊ ၁၄-၉-၂၀၁၆

၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအထိ ငါးလတာ ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ အိမ်ခြံမြေ ရောင်းဝယ်ခြင်းမှ အခွန်ငွေကျပ် ၁ဝ ဘီလီယံ ကောက်ခံရရှိ ထားကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

အဆိုပါ အခွန်ငွေကျပ် ၁ဝ ဘီလီယံတွင် အိမ်ခြံမြေ အရောင်းအဝယ် လုပ်ခြင်းတို့မှ ဝင်ငွေခွန် ငွေကျပ် ၄ ဘီလီယံနှင့် တံဆိပ်ခေါင်းခွန် ငွေကျပ် ၆ ဘီလီယံ ကောက်ခံရရှိ ထားပြီး အိမ်ခြံမြေ အရောင်းအဝယ် ဖြစ်ပါက သက်ဆိုင်ရာ အခွန်ရုံး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ် ပေးထားသည့် အခွန်နှုန်းထားများ အတိုင်း တန်ဖိုးဖြတ်ပြီး အခွန်ပေးဆောင် ရမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဧပြီ ၁ ရက်မှ စတင်သည့် ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ဝင်ငွေရလမ်း တင်ပြနိုင်ပါက အိမ်ခြံမြေ ဝယ်ယူရာတွင် အခွန်ပေးဆောင် ရန်မလိုတော့ဘဲ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိမှသာ တစ်ကျပ်မှ ငွေကျပ် သိန်း ၁ဝဝဝ အထိ အခွန် ၃ ရာခိုင်နှုန်း၊ ငွေကျပ် သိန်း ၁ဝဝဝ ကျော်မှ သိန်း ၅ဝဝဝ အထိ ၅ ရာခိုင်နှုန်း၊ ငွေကျပ် သိန်း ၅ဝဝဝ ကျော်မှ သိန်း ၁ဝဝဝဝ အထိ ၁ဝ ရာခိုင်နှုန်း၊ ငွေကျပ် သိန်း ၁ဝဝဝဝ ကျော်မှ သိန်း ၁၅ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်းနှင့် ငွေကျပ် သိန်း ၁၅ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။

ထို့ပြင် အိမ်ခြံမြေ အရောင်းအဝယ် ဖြစ်သည့် ငွေကြေးနှင့် ကိုက်ညီသော တံဆိပ်ခေါင်း ကပ်ရမည်ဖြစ်ပြီး တံဆိပ်ခေါင်း မကပ်ဘဲ ချုပ်ဆိုထားသည့် စာချုပ်များသည် တရားဥပဒေအရ အကျုံးဝင်ခြင်း မရှိဘဲ စစ်ဆေး တွေ့ရှိပါက သတ်မှတ် တန်ဖိုး၏ ၁ဝ ဆကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည် ဖြစ်သည်။

အိမ်ခြံမြေ အခွန်နှုန်းထား များကို တစ်နှစ်တစ်ကြိမ် ပြောင်းလဲရေးဆွဲ သတ်မှတ်ထား သော်လည်း ယခုနှစ်တွင် ၂ဝ၁၅ ခုနှစ်က သတ်မှတ်ထားသည့် နှုန်းထားများ အတိုင်းသာ အိမ်ခြံမြေ အခွန် စည်းကြပ်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

Monday, August 8, 2016

ဖွံ့ဖြိုးမှုအားနည်းနေသော ဒေသများ၌ ၀င်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်မှ ခုနစ်နှစ်သို့ တိုးမြှင့်ပေးမည်


ရန်ကုန် ၊ ၈-၈-၂၀၁၆

မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှု အားနည်းနေသော ဒေသများ၌ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများကို ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ်မှ ခုနစ်နှစ်သို့ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MICအတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။

ယင်းကဲ့သို့ ဝင်ငွေခွန် ကင်းလွတ်ခွင့် ပေးခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် GDP အပေါ်မူတည်၍ သတ်မှတ် သွားမည်ဖြစ်ပြီး နိုင်ငံတော်မှ မြှင့်တင်ဆောင်ရွက် လိုသောကဏ္ဍများတွင် ဖွံ့ဖြိုးမှု အထိုက် အလျောက် ရှိသည့်ဒေသ များ၌ ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ်နှင့် ရန်ကုန်တိုင်း ဒေသကြီးကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု ရှိသည့် ဒေသများ၌ ဝင်ငွေခွန် ကင်းလွတ်ခွင့် သုံးနှစ်မှ ငါးနှစ်သို့ တိုးမြှင့်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် GDP အပေါ်မူတည်ပြီး ဇုန် (၁၊ ၂၊ ၃) ဟု ခွဲခြား သတ်မှတ်ကာ မဖွံ့ဖြိုးသေးသော ဒေသများသို့ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်စေခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူ ဖြစ်စေခြင်းနှင့် နိုင်ငံ၌ မျှတပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုး တိုးတက်မှုကို ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှ ဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

လက်ရှိတွင် MIC သို့ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ များကို MIC ၏ ခွင့်ပြုချက် ရရှိသည်နှင့် တစ်ပြိုင်နက် မည်သည့် ရင်းနှီးမြှုပ်နှံမှု မဆို တည်ဆဲ ဥပဒေအရ ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ် ပေးထားသော်လည်း အဆိုပါဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ် ရရှိနေသည့် စနစ်ကို ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် ပယ်ဖျက်ထားကြောင်း သိရသည်။

အရက်၊ ဘီယာနှင့် စီးကရက် ထုတ်လုပ်သည့် လုပ်ငန်းများကို အခွန် ကင်းလွတ်ခွင့် ပေးသင့်၊ မပေးသင့် ပြန်လည်သုံးသပ် ရာတွင် အများက မပေးသင့်ဟု တညီတညွတ်တည်း သုံးသပ်ထားကြ သော်လည်း တစ်ဖက်တွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အတွက် အခွန်အကောက် ရရှိရေးမှာ အရေးကြီးသည့် အတွက် ပေးရမည်ဖြစ် သော်လည်း ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို တိုက်ရိုက် ရရှိနိုင်တော့မည် မဟုတ်ဘဲ နိုင်ငံအတွက် အမှန်တကယ် မြှင့်တင် ဆောင်ရွက်ရာတွင် လိုအပ်သည့် ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများသာ ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

နေနေ ၊ ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Sunday, July 24, 2016

အောက်တိုဘာ ၁ ရက်မှစတင်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ လုပ်ငန်းလိုင်စင်ကြေး များကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချမည်



နေပြည်တော် ၊ ၂၄-၇-၂၀၁၆

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ လုပ်ငန်းလိုင်စင် အားလုံး၏ လိုင်စင်ကြေး များကို အောက်တိုဘာ ၁ ရက်မှစတင်၍ ၅ဝ ရာခိုင်နှုန်းအထိ လျှော့ချသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဝန်ကြီးဌာနမှ ထုတ်ပေးနေသည့် လိုင်စင်များ ဖြစ်သော ဟိုတယ်လိုင်စင်၊ ခရီးသွားလုပ်ငန်း လိုင်စင်၊ ဧည့်လမ်းညွှန် လိုင်စင်နှင့် ခရီးသွား သယ်ယူ ပို့ဆောင်ရေး လိုင်စင်ကြေးများ အားလုံးကို ၅ဝ ရာခိုင်နှုန်း အထိ လျှော့ချ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

''လိုင်စင်ကြေး တွေက တစ်ခုနဲ့တစ်ခု မတူဘူး။ အားလုံးကို ၅ဝ ရာခိုင်နှုန်းစီ လျှော့ချကောက်ခံ သွားမယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ယင်းကဲ့သို့ လျှော့ချရာတွင် အောက်တိုဘာလ မတိုင်မီ လာရောက် လုပ်ဆောင်မည့် လိုင်စင်များကို လိုင်စင်ကြေး လျှော့ချသွားမည် မဟုတ်ဘဲ အောက်တိုဘာလ မှသာ လာရောက် ပြုလုပ်ကြမည့် လိုင်စင်များကို လိုင်စင်ကြေး လျှော့ချပေး သွားမည် ဖြစ်သည့်အပြင် လိုင်စင်ပြုလုပ် ရာတွင် မလိုလား အပ်သည့် စာရွက်စာတမ်း တောင်းခံမှု များအား လျှော့ချပေး သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေပုဒ်မ ၂၃ အရ လိုင်စင်မရှိဘဲ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်ပါက အနည်းဆုံး ဒဏ်ငွေ ငွေကျပ် ၅ဝဝဝဝ ဖြစ်စေ ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ပြစ်ဒဏ်ချမှတ် နိုင်ကြောင်း ဖော်ပြ ပါရှိသည်။

ထို့ပြင် လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ငန်း ဆောင်ရွက် နေသည့် ခရီးသွား လုပ်ငန်းများအား ပညာပေး ကာလ ကျော်လွန်သွား ပါက အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

''စီးပွားရေး လုပ်ငန်း ဖြစ်တဲ့အတွက် သူ့ပုံစံတကျလေး ဖြစ်သွားအောင် တည့်မတ်ပေးဖို့ ကြိုးစားတဲ့ အနေနဲ့ ဟိုတယ်တွေ ဆိုရင်လည်း လိုင်စင် လုပ်ကြပါ။ တည်းခိုခန်းတွေ ဆိုရင်လည်း လုပ်ငန်းလိုင်စင် ရှိသလို စည်ပင် လိုင်စင်လည်း ရှိတယ်။ အဲဒါတွေ လုပ်ပေး ကြပါ။ လိုင်စင် မရှိသေးတဲ့ လုပ်ငန်းရှင်တွေ ကိုလည်း လိုင်စင်ပြုလုပ် လာအောင် စည်းရုံးပြီး ဆောင်ရွက်ပေး သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၅)

Saturday, July 23, 2016

ပြည်ပမှ ၀ယ်ယူတင်သွင်းမည့် သစ်အမျိုးအစားတချို့မှာ အထူးကုန်စည်ခွန် အမျိုးအစားထဲတွင် ပါဝင်နေ၍ လုပ်ငန်းရှင်များအတွက် အဆင်မပြေနိုင်



ရန်ကုန် ၊ ၂၃-၇-၂၀၁၆

ပြည်တွင်းသုံး သစ်ကုန်ကြမ်း လိုအပ်ချက် ရှိလာပါက ပြည်ပမှ ဝယ်ယူတင်သွင်း ခွင့်ပြုရန်ရှိသည် ဆိုသော်လည်း ယခုနှစ်အတွင်း ပြဋ္ဌာန်းလိုက်သည့် အထူးကုန်စည်ခွန် ဥပဒေအရ သစ်အမျိုးအစား တချို့မှာ အထူး ကုန်စည်ခွန် အပြင် ကုန်သွယ် လုပ်ငန်းခွန်များ ပေးဆောင်ရမည် ဖြစ်သောကြောင့် ဝယ်ယူ တင်သွင်းရမည့် လုပ်ငန်းရှင်များ အတွက် အဆင်မပြေ နိုင်ကြောင်း သိရသည်။

အထူးကုန်စည်ခွန် ဥပဒေအရ အထူးကုန်စည် အမျိုးအစားထဲတွင် ပါဝင်သော ကျွန်း နှင့် သစ်မာသစ်လုံးများ၊ ၁ဝ လက်မ ပတ်လည် နှင့်အထက် ကျွန်းနှင့်သစ်မာ၊ သစ်ခွဲသားများ အတွက် အထူးကုန်စည်ခွန် ၂၅ ရာခိုင်နှုန်း နှင့် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

''သစ်အချောထည် ထုတ်လုပ်မှု အတွက် သစ်ကုန်ကြမ်း တင်သွင်းမှုက ပြည်တွင်းသစ် ထုတ်လုပ်မှု ရပ်တန့်ခြင်းကို အထောက်အကူပြု ပါတယ်။ ပြည်ပက တချို့သစ် အမျိုးအစားတွေ ဆိုရင် ပြည်တွင်းထက် ဈေးနှုန်း သက်သာ တာတွေ ရှိတယ်။ ဒါပေမဲ့ ပြည်တွင်း စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အထောက်အကူ ပြုအောင် လိုအပ်တဲ့ သစ်ကုန်ကြမ်း တင်သွင်းရာမှာ အခွန် ကောက်ခံမှုကို လျှော့ချပေး ဖို့ ပြန်လည် သုံးသပ်သင့် ပါတယ်'' ဟု သစ်လုပ်ငန်းရှင် ဦးဘာဘာချို က ပြောသည်။

၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းခဲ့ပြီး ယခုအခါ ပြည်တွင်းသစ် ထုတ်လုပ်မှု ကိုပါ တစ်နှစ်ယာယီ ရပ်ဆိုင်းထား ခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံ များအတွက် သစ်ကုန်ကြမ်း လိုအပ်ချက် ရှိလာတော့မည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်း ကုန်ကြမ်း လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် မြန်မာ့ သစ်လုပ်ငန်း ၌ရှိသော ကျွန်းနှင့် သစ်မာလုံး လက်ကျန် များကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွက် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းသစ် ကုန်ကြမ်း လိုအပ်ချက် အတွက် လာမည့် ဘဏ္ဍာနှစ်တွင် သစ်လုံးပြန်လည် ထုတ်ယူရဖွယ် ရှိသောကြောင့် ယခင်နှစ်များ ကဲ့သို့ အပြည့်အဝ မထုတ်ယူဘဲ နိုင်ငံတွင်း သုံးစွဲမှု လုံလောက် ရန်သာ လျှော့ချထုတ်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၄)

Monday, June 20, 2016

အခွန်အမှတ်တံဆိပ် ကပ်သည့်စနစ် ကျင့်သုံးပြီးနောက် အခွန်ငွေ လေးဆပိုမိုကောက်ခံရရှိ



ရန်ကုန် ၊ ၂၀-၆-၂၀၁၆

အခွန် အမှတ်တံဆိပ် ကပ်သည့်စနစ် ကျင့်သုံးပြီး နောက်ပိုင်း စားသောက်ဆိုင် များမှ အခွန် ကောက်ခံရရှိ မှုသည် လေးဆခန့် ပိုမိုတိုးပွား လာကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

စားသောက်ဆိုင် များတွင် အဆိုပါ အခွန် အမှတ်တံဆိပ်များ ကပ်ထားရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ရာ ၂ဝ၁၅ ခုနှစ် မေလဆန်းမှ စ၍ အခွန် အမှတ်တံဆိပ် မကပ်သော စားသောက်ဆိုင် များကို စစ်ဆေး အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ကုန်သွယ်ခွန် ဥပဒေအရ အမှတ်တံဆိပ် ကပ်ရန် တစ်ကြိမ် ပျက်ကွက်ပါက ငွေကျပ်နှစ်သိန်း၊ နှစ်ကြိမ် ပျက်ကွက်ပါက ငွေကျပ်ငါးသိန်း၊ သုံးကြိမ် ပျက်ကွက်ပါက ငွေကျပ် ခုနစ်သိန်း နှင့် လေးကြိမ်နှင့် အထက် ပျက်ကွက်ပါက ငွေကျပ် ၁ဝ သိန်း ဒဏ်ငွေချမှတ်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် စားသောက်ဆိုင် ပြေစာတွင် အခွန်တံဆိပ် မကပ်ခြင်းကြောင့် ဒဏ်ကြေးငွေကျပ် ၇၉ သိန်းကျော် ရရှိ ထားကြောင်း သိရသည်။

စားသောက်ဆိုင် များ၌ အခွန်တံဆိပ် ကပ်ပေးခြင်း မရှိဘဲ ကုန်သွယ်ခွန် တိမ်းရှောင်ခြင်းများ ဖြစ်ပွားဆဲ ရှိနေသောကြောင့် ပြုလုပ်လျက် ရှိကြောင်း၊ အခွန်တံဆိပ် ကပ်ခြင်းမရှိ၍ တိုင်ကြားမှုများ ရှိပါကလည်း ဒဏ်ကြေး၏ ၁ဝ ရာခိုင်နှုန်းအား ဆုကြေး အဖြစ် ပြန်လည် ပေးအပ်ကြောင်း၊ ရှောင်တခင် စစ်ဆေးခြင်း မျိုးဖြင့် လိုက်လံ စစ်ဆေးလျက် ရှိကြောင်း၊ စားသောက်ဆိုင်များ အနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာကြ ရမည်ဖြစ်ကြောင်း၊ စစ်ဆေးရာ တွင် စားသုံးသူများ အသွင်ဆောင်ကာ စစ်ဆေးခြင်း ဖြစ်သည့်အတွက် တွေ့ရှိ လာပါက ကုန်သွယ် လုပ်ငန်းခွန် ဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၅)

Friday, June 3, 2016

အထည်ချုပ်လုပ်ငန်းများကို ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ပြည်ပနိုင်ငံများသို့ ထုတ်လုပ်တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့် ရရေးဆောင်ရွက်



ရန်ကုန် ၊ ၃-၆-၂၀၁၆

အထည်ချုပ် လုပ်ငန်းများကို လက်ခစားစနစ် (CMP) မှ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် စနစ် (FOB) ဖြင့် ပြည်ပနိုင်ငံ များသို့ ထုတ်လုပ် တင်ပို့ရာတွင် အခွန် ကင်းလွတ်ခွင့် ရရှိရေး ဆောင်ရွက် နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် အသေးစားနှင့် အလတ်စား အထည်ချုပ် လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် အတိုးနှုန်း သက်သာစွာ ချေးငွေ ထုတ်ပေးနိုင်ရန်နှင့် CMP လုပ်ငန်းများ FOB စနစ်ဖြင့် ပြောင်းလဲလုပ်ကိုင် နိုင်ရန် အထည်ချုပ် လုပ်ငန်းများကို စစ်တမ်းတစ်ခု ကောက်ယူနေကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ သိရသည်။

FOB စနစ် အကောင်အထည် ဖော်ရန်အတွက် ပြုစုထားသည့် စာတမ်း၌ FOB စနစ်ဖြင့် ချုပ်လုပ်ရန်၊ ပြည်ပမှ တင်သွင်းလာသည့် ကုန်ကြမ်းများကို အခွန် ကင်းလွတ်ခွင့် ပေးရန်၊ အခွန် ကင်းလွတ်ခွင့်ဖြင့် တင်သွင်း လာသည့် ကုန်ကြမ်းများကို အကောက်ခွန် ဦးစီးဌာနက ထိန်းချုပ်ထားရန်၊ ပြည်ပမှ ဝယ်ယူမည့် ကုန်ကြမ်းများကို အကြွေး ဝယ်စနစ် (L/C)ဖြင့် ဝယ်ယူနိုင်ရန် နှင့် ပြည်ပရှိ ဘဏ်များနှင့် မြန်မာနိုင်ငံမှ ဘဏ်များ ချိတ်ဆက်ထားရန် လိုအပ်ကြောင်း တို့ကိုပါ ထည့်သွင်းရေးဆွဲ ထားသည်။

မြန်မာ့ အထည်ချုပ် လုပ်ငန်းသည် ဂျပန်ဈေးကွက်နှင့် တောင်ကိုရီးယား ဈေးကွက်တို့ကို အဓိကအားထား နေရပြီး တရုတ် (တိုင်ပေ)၊ တရုတ်၊ မလေးရှား၊ တူရကီနှင့် ဂျာမနီနိုင်ငံတို့မှ မြန်မာ့ အထည်ချုပ် လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

လက်ရှိတွင် ဥရောပသမဂ္ဂ ၏ GSP အခွင့်အရေးကို မြန်မာနိုင်ငံက ရရှိထားပြီး ဖြစ်ရာ မြန်မာ့ အထည်ချုပ် လုပ်ငန်းများမှ ဥရောပသမဂ္ဂ၏ အော်ဒါမှာယူ မှုများ မြင့်မားနေကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ ထံမှ သိရသည်။ 

(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Wednesday, May 25, 2016

ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာစေရန် အခွန်နှုန်းထားများ လျှော့ချသွားမည်


ရန်ကုန် ၊ ၂၅-၅-၂၀၁၆

မြန်မာနိုင်ငံ အတွင်းရှိ ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက် လာစေရန် အခွန်နှုန်းထားများ လျှော့ချပြီး ဆွဲဆောင် သွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများဖြစ် သော ချင်း၊ ကယားနှင့် ရခိုင်ပြည်နယ် တို့၌ အဓိက လိုအပ်နေသည့် လျှပ်စစ်နှင့် အခြေခံ အဆောက်အအုံများ ဖြစ်သော လမ်း၊ တံတား ဆိုင်ရာများ၌ ရင်းနှီးမြှုပ်နှံ လိုသူများအား အထူး အခွင့်အရေး အနေဖြင့် ရင်းနှီးမြှုပ်နှံ ခွင့် ပေးသွားမည် ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် အဆိုပါ အချက်များကို ထည့်သွင်း ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပနိုင်ငံ များမှ လာရောက် ရင်းနှီးမြှုပ်နှံလျက် ရှိသည့် ကုမ္ပဏီ အများစုသည် ဖွံ့ဖြိုးမှု နည်းပါး နေသေးသည့် ဒေသများ၌ ဖွံ့ဖြိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံ မှုများထက် ဒေသ၏ သယံဇာတ များပေါ် တွင်သာ ရင်းနှီးမြှုပ်နှံ လိုသူ များပြားကြောင်း MCRB အဖွဲ့မှ ထုတ်ပြန်သည့် ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ စီးပွားရေး အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ထို့ပြင် ပြည်တွင်းသို့ ဝင်ရောက် လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များသည် ရန်ကုန် နှင့် မန္တလေး အစရှိသည့် မြို့ကြီးတို့၌သာ အကျိုးအမြတ် များသောကြောင့် အဓိက လာရောက် ရင်းနှီးမြှုပ်နှံ ကြကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်မည့် ပြည်တွင်း ပြည်ပလုပ်ငန်း ပေါင်း ၈ဝ ကျော်ကို မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ထံ တင်ပြထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အသစ် ပြန်လည် ဖွဲ့စည်းမည်ဖြစ်၍ ပြည်ပမှ လာရောက် လုပ်ကိုင်မည့် ကုမ္ပဏီများအား ခွင့်ပြုမိန့် ထုတ်ပေးခြင်းကို ခေတ္တ ရပ်ဆိုင်းထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

Monday, March 21, 2016

ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သူလုပ်ငန်းရှင်များ စာရင်းတွင် ကမ္ဘောဇဘဏ်လီမိတက်က လေးနှစ်ဆက် ပထမရရှိခဲ့



ရန်ကုန် ၊ ၂၁-၃-၂၀၁၆

ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင် ၁ဝဝဝ အနက် ငါးဆယ်၏ အမည်စာရင်း ထုတ်ပြန်ရာတွင် ကမ္ဘောဇဘဏ် လီမိတက်က ပထမနေရာ၌ လေးနှစ်ဆက် ရရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန် စာရင်းများ အရ သိရသည်။

၂ဝ၁၄-၂ဝ၁၅ ခုနှစ် အခွန် စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင်ဦးရေ ၁ဝဝဝ အနက် ဦးရေ ၅ဝ ၏ အမည်စာရင်းကို ပြည်တွင်း အခွန်များ ဦးစီးဌာနက မတ် ၁၈ ရက်တွင် ထုတ်ပြန် ကြေညာရာ ကမ္ဘောဇဘဏ် လီမိတက်သည် ဝင်ငွေခွန်ငွေကျပ် ၂၂ ဘီလီယံ ကျော်ကို ပေးဆောင်ခဲ့ပြီး ဝင်ငွေခွန် အများဆုံး ပေးဆောင်သူ ပထမနေရာကို လေးနှစ်ဆက် ရရှိခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ကမ္ဘောဇဘဏ် လီမိတက် အနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် အခွန် စည်းကြပ်နှစ် အတွက်ငွေကျပ် ၂၃ ဘီလီယံ ပေးသွင်းပြီး ဖြစ်ကာ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် အခွန် စည်းကြပ်နှစ် အတွက် ကြိုတင်ခွန် အဖြစ် ငွေကျပ်ဘီလီယံ ၃ဝကို ပေးသွင်းလျက် ရှိကြောင်း၊၂ဝ၁၇-၂ဝ၁၈ ခုနှစ် အခွန်စည်းကြပ် နှစ် အတွက်လည်း ငွေကျပ် ၃၂ ဘီလီယံ ကိုလည်း ပေးသွင်းရန် လျာထားကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးး ဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ၂ဝ၁၄-၂ဝ၁၅ စည်းကြပ်နှစ် အတွက် ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင်ဦးရေ ၁ဝဝဝ အနက် ဦးရေ ၅ဝ ၏ စာရင်းကို ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။ ကျန် လုပ်ငန်းရှင် ဦးရေ ၉၅ဝ စာရင်းနှင့် မတ် ၃၁ ရက် နောက်ပိုင်းတွင် ကျသင့်အခွန်များ ပြေကျေစွာ ထမ်းဆောင်ခဲ့ သည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များ စာရင်းကို ပြည်တွင်း အခွန်များ ဦးစီးဌာန ၀က်ဘ်ဆိုက် ဖြစ်သည့် irdmyanmar.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။

Monday, March 14, 2016

အခွန်အများဆုံး ထမ်းဆောင်သူ ၁၀၀၀ စာရင်းတွင် မပါသည့်ကုမ္ပဏီများ မတ် ၃၁ ရက်မတိုင်မီ ကြိုတင်ခွန် ပေးဆောင်ရမည်


ရန်ကုန် ၊ ၁၄-၃-၂၀၁၆

အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး နှင့် အလယ်အလတ် အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး (၁) တို့တွင် အခွန် ပေးဆောင်ရသည့် ကုမ္ပဏီများမှ အပ ကျန်ကုမ္ပဏီ များမှာ ယခုနှစ် မတ် ၃၁ ရက်မတိုင်မီ ကြိုတင်ခွန် ပေးဆောင် ရမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန အလယ်အလတ် အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး (၂) က ထုတ်ပြန် ကြေညာခဲ့သည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း အခွန်စည်းကြပ် ထိုက်သည့် ကုမ္ပဏီများမှာ ကြိုတင်ခွန် ပေးဆောင်ရမည် ဖြစ်၍ မတ် ၃၁ ရက်မတိုင်မီ အဆိုပါ အခွန်ရုံး (၂) သို့ အခွန်လာရောက် ပေးဆောင်ရမည် ဖြစ်သည်။

မပေးဆောင်သည့် ကုမ္ပဏီများကို ဒဏ်ရိုက်ခြင်းနှင့် ကုမ္ပဏီပိုင် ပစ္စည်းများကို လေလံတင် ရောင်းချခြင်း တို့ကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ နှစ်အဆက်ဆက် က အခွန်ကြွေးကျန်များ ကိုလည်း ပြည်တွင်း အခွန်များ ဦးစီးဌာန ရုံးချုပ်မှ ကွင်းဆင်း ကောက်ခံရေး အဖွဲ့က ဦးဆောင်၍ လိုက်လံ ကောက်ခံလျက် ရှိပြီး ပေးသွင်းရန် ကျန်ရှိသည့် အခွန်ကြွေးကျန် များကို ကုမ္ပဏီများက အချိန်မီ ပေးသွင်းကြရန် နှင့် လာရောက် ဆက်သွယ်ခြင်း မရှိသေးသည့် ကုမ္ပဏီများ ကလည်း အလယ်အလတ် အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး (၂) သို့ အခွန်ဆိုင်ရာ ကိစ္စရပ်များကို လာရောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ကာလ ကျော်လွန်သည် အထိ အခွန်လာရောက် ပေးဆောင်ခြင်း မရှိပါက ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၆၊ ပုဒ်မခွဲ က နှင့် ခ တို့အရ လည်းကောင်း၊ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁၊ ပုဒ်မ ခွဲ က၊ ခ၊ ဂ နှင့် ဃ တို့အရ လည်းကောင်း ဒဏ်တပ်ရိုက်ခြင်း နှင့် ကုမ္ပဏီ ပုံသေပိုင် ပစ္စည်းများအား လေလံတင် ရောင်းချခြင်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Tuesday, March 8, 2016

ကျသင့်အခွန် ထမ်းဆောင်ခြင်းမရှိသော အထူးကုန်စည် ၁၆ မျိုး ဖမ်းဆီးနိုင်ရန် သတင်းပေးတိုင်ကြားသူကို ရရှိသည့်ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း ချီးမြှင့်မည်


ရန်ကုန် ၊ ၈-၃-၂၀၁၆

အရက်၊ ဘီယာ၊ စီးကရက်၊ ကျောက်စိမ်း၊ ကျွန်းနှင့် သစ်မာ အပါအဝင် အထူးကုန်စည် ၁၆ မျိုးကို ကျသင့်အခွန် ထမ်းဆောင်ခြင်း မရှိသော အထူး ကုန်စည်များ ဖမ်းဆီးရရှိရေး အတွက် သတင်းပေး တိုင်ကြားသူအား ရရှိသည့် ဒဏ်ငွေ၏ ၁ဝ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

အလားတူ ကျသင့်အခွန် ထမ်းဆောင် ထားခြင်း မရှိသော အထူးကုန်စည် များကို ဖော်ထုတ် ဖမ်းဆီးသည့် အဖွဲ့အား ဒဏ်ရိုက်၍ ရရှိသော ဒဏ်ငွေ၏ ၂ဝ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ချီးမြှင့် သွားမည် ဖြစ်သည်။

''ဥပဒေမှာ ပါတဲ့အတိုင်း အခွန် မထမ်းဆောင်တဲ့ အထူးကုန်ပစ္စည်း တွေကို သိမ်းမယ်။ သိမ်းဆည်း ရရှိတဲ့ ကုန်ပစ္စည်းတွေကို အထူး ကုန်စည်ခွန် ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ (ဂ) အရ ၁ဝဝ ရာခိုင်နှုန်း ဒဏ်ရိုက် သွားမှာပါ။ 

ပြည်တွင်းမှာ ထုတ်လုပ်တဲ့ အထူးကုန်စည် ဆိုရင်တော့ ထုတ်လုပ် ရောင်းချသူကို ကုန်စည် တန်ဖိုးရဲ့ ၅ဝ ရာခိုင်နှုန်း ဒဏ်ရိုက် သွားမယ်။ ရရှိတဲ့ ဒဏ်ငွေထဲက ၁ဝ ရာခိုင်နှုန်း ကို သတင်းပေး တိုင်ကြားသူကို ပေးမှာဖြစ်ပြီး ၂ဝ ရာခိုင်နှုန်းကို ရှာဖွေ ဖမ်းဆီးပေးတဲ့ အဖွဲ့ကို ပေးသွားမှာပါ'' ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သီတာမြင့် က ပြောသည်။

ကျသင့်အခွန် ပေးဆောင် ရာတွင် ပြည်ပမှ တင်သွင်းခြင်း ဖြစ်ပါက ကုန်စည်ကို ရွေးယူခြင်း မပြုမီ ကျသင့် အကောက်ခွန်နှင့် အတူ ပေးဆောင်ရမည် ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ် ရောင်းချခြင်း ဖြစ်ပါက ရောင်းချသည့်လ ကုန်ဆုံးပြီး ၁ဝ ရက်အတွင်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

''အထူးကုန်စည်နဲ့ ပတ်သက်ပြီး အခွန် မဆောင်တဲ့ ကုန်ပစ္စည်း တွေကို အရေးယူဖို့ စည်းမျဉ်း စည်းကမ်းတွေ၊ ဖမ်းဆီးမယ့် အဖွဲ့တွေရဲ့ လုပ်ဆောင်မယ့် အစီအစဉ် တွေကို ရေးဆွဲနေတုန်း ပဲ ရှိသေးတယ်။ လက်ရှိမှာတော့ ကုန်သွယ်ခွန် ထမ်းဆောင် တာနဲ့ ပတ်သက်ပြီး စားသောက်ဆိုင် တွေကို အရေးယူ နေပါတယ်။ သတင်းပေး တိုင်ကြားသူတွေ ကိုတော့ ဆုကြေးအဖြစ် ၁ဝ ရာခိုင်နှုန်း ချီးမြှင့်ပေး နေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

၂ဝ၁၆ ခုနှစ် အကောက်ခွန် ဥပဒေသစ်တွင် အထူးကုန်စည် အမျိုးအစား ၁၆ မျိုးပါဝင်ပြီး ယင်း အမျိုးအစားများ တွင် စီးကရက် အမျိုးမျိုး၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ သောက်ဆေးများ၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက်၊ ဘီယာအမျိုးမျိုး၊ ဝိုင်အမျိုးမျိုး၊ ကျွန်းနှင့် သစ်မာ သစ်လုံးများ၊ ၁ဝ လက်မ ပတ်လည်နှင့် အထက် ကျွန်းနှင့်သစ်မာ သစ်ခွဲသားများ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် တခြား အဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များ၊ အချောထည် များနှင့် လက်ဝတ် ရတနာများ၊ Double Cab 4 Door Pickup မှအပ ၁၈ဝဝ စီစီ အထက် ဗင်ကားများ၊ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ် ဆီနှင့် သဘာဝ ဓာတ်ငွေ့များ ပါဝင်ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Tuesday, January 19, 2016

ဗီဇာဝန်ဆောင်မှုနှုန်းထား မူလထက် ကိုးဆနီးပါး တိုးမြှင့်ခြင်းကြောင့် မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ရပ်ဆိုင်းရန် ကြုံတွေ့လာနိုင်



ရန်ကုန် ၊ ၁၉-၁-၂၀၁၆

မလေးရှားနိုင်ငံသို့ အလုပ်သမားများ သွားရောက် အလုပ်လုပ်ကိုင်ရန် ဗီဇာဝန်ဆောင်ခ နှုန်းထားမှာ မူလထက် ကိုးဆနီးပါး တိုးမြှင့်ခြင်းကြောင့် မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှု ရပ်ဆိုင်းရန် ကြုံတွေ့လာ နိုင်ကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးမင်းလှိုင် က ပြောသည်။

ဗီဇာဝန်ဆောင်ခနှင့် System ကြေး ကောက်ခံရာတွင် ယခင်က အမေရိကန် ဒေါ်လာ ၆ ဒေါ်လာ ကောက် ခံခြင်း ဖြစ်ပြီး ယမန်နေ့မှစတင်၍ အမေရိကန်ဒေါ်လာ ၅၇ ဒေါ်လာကောက်ခံမည် ဖြစ်သဖြင့် ညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဗီဇာဝန်ဆောင်ခ နှုန်းထားညှိနှိုင်း၍ အဆင်မပြေပါက အလုပ်သမားများကို မလေးရှားနိုင်ငံသို့ စေလွှတ်မှု မပြုတော့ဘဲ ဥရောပနိုင်ငံ များသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

''ဇန်နဝါရီ ၁ဝ ရက်က အဖြေပေါ်မူတည်ပြီး ဆုံးဖြတ်ရပါမယ်။ မလေးရှားကို အလုပ် သမားမပို့ဘဲ ကျွန်တော်တို့ တခြားနိုင်ငံသစ် တွေဆီကို ပို့ဆောင်သွားမယ်လို့ စီစဉ်ထားပါတယ်။ ဗီယက်နမ်၊ ပေါ်တူဂီ၊ ရိုမေနီးယား နိုင်ငံနှင့် ဥရောပနိုင်ငံတွေက ကမ်းလှမ်းထား မှုတွေ ရှိပါတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။

ဗီဇာဝန်ဆောင်ခနှုန်း တိုးမြှင့် ကောက်ခံခြင်းနှင့် ပတ်သက်၍ ဇန်နဝါရီ ၁ဝ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ်ရှိ မြနန္ဒာ သင်တန်းကျောင်း၌ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းနှင့် One Stop Service Center တို့ ဆွေးနွေးညှိနှိုင်း မှုများ ပြုလုပ်ခဲ့သည်။

''အမေရိကန် ဒေါ်လာ ၁၂ ဒေါ်လာ ကျော်သွားရင် လုံးဝမပေးဘူး။ ဗီဇာမဝင်ရင် မလေးရှားက အလုပ်သမား လိုတယ်။ ကျွန်တော်တို့တောင့်ခံ ထားကြမလား၊ အလုပ်သမားတွေ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမယ်။ အခုဟာက အရမ်းများနေပါပြီ'' ဟု ရွှေပြည်ဟိန်း ပြည်ပ အလုပ်အကိုင် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယမန်နေ့တွင် မလေးရှားသံရုံးမှ မြန်မာ အလုပ်သမားများ ဗီဇာကြေးသွင်းငွေ အဖြစ် ယခင်က အမေရိကန် ဒေါ်လာ ၆ ဒေါ်လာ သတ်မှတ်ထားရာမှ System fee အဖြစ် အမေရိကန် ဒေါ်လာ ၂၆ ဒေါ်လာနှင့် Service fee အဖြစ် အမေရိကန် ဒေါ်လာ၂၅ ဒေါ်လာ ထပ်မံတိုးမြှင့် ကောက်ခြံ ခင်း ဖြစ်သည်။ မလေးရှားနိုင်ငံသို့ တစ်လလျှင် မြန်မာ လုပ်သားဦးရေ သုံးထောင်ခန့်သည် သွားရောက် လုပ်ကိုင်လျက်ရှိပြီး ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ကုမ္ပဏီပေါင်း ၇၈ ခုက ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၉)

Thursday, January 7, 2016

အွန်လိုင်းရောင်းဝယ်ရေး ၀န်ဆောင်မှုပြုလုပ် နေသူများအနေဖြင့် တစ်နှစ်လျှင် ၀င်ငွေကျပ်သိန်း ၂၀ ကျော်ပါက အခွန်ပေးဆောင် ရမည်



ရန်ကုန် ၊ ၇-၁-၂၀၁၆

အင်တာနက် အွန်လိုင်းပေါ်တွင် အကောင့်များ၊ ဝက်ဘ်ဆိုက်များ ဖွင့်ပြီး ပစ္စည်း အရောင်းအဝယ် ဝန်ဆောင်မှု ပြုလုပ်နေသူများ အနေဖြင့် ဝင်ငွေ ကြေညာလွှာ တင်သွင်းရန် လိုအပ်ပြီး တစ်နှစ်လျှင် ဝင်ငွေ ကျပ်သိန်း ၂ဝ ကျော်ပါက အခွန်ပေးဆောင် ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ယခုနောက်ပိုင်း အွန်လိုင်းပေါ်တွင် အကောင့်များ၊ ဝက်ဘ်ဆိုက်များ ဖွင့်ပြီး ပစ္စည်း အရောင်းအဝယ် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ များပြားလာပြီး ဥပဒေတွင် သီးခြား မပါသော်လည်း အွန်လိုင်း အရောင်းအဝယ် ပြုလုပ်သူများလည်း ပုံမှန်ရောင်းဝယ် ဖောက်ကားသူများ ကဲ့သို့ အခွန်ဆောင်ရန် လိုအပ်ပြီး ဝင်ငွေရရှိသူ မည်သူမဆို ဝင်ငွေခွန် ဥပဒေအရ သတ်မှတ် ထားသည့် အခွန် ပေးဆောင်ရန် လိုကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေ ကျပ်သိန်း ၂ဝ နှင့် အထက်ရှိသည့် ဝင်ငွေရှိသူ မည်သူမဆို ဝင်ငွေအလိုက် ၅ ရာခိုင်နှုန်းမှ စတင်၍ အခွန်ပေးဆောင် ရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ပမာဏ မပြည့်မီလျှင် အခွန်ဆောင်စရာ မလိုကြောင်း သိရသည်။

''ဝင်ငွေခွန် ကြေညာလွှာ တင်ရတယ် လို့လည်း မကြားမိပါဘူး။ အွန်လိုင်း ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ အများစုက ဝယ်သူနဲ့ ရောင်းသူကြား ထဲက ဝန်ဆောင်မှုပဲ လုပ်တာ ဆိုတော့ အခွန်ဆောင် ရအောင်အထိ ဝင်ငွေလည်း မရပါဘူး'' ဟု အွန်လိုင်း ရောင်းဝယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် နေသူတစ်ဦး က ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)
Related Posts Plugin for WordPress, Blogger...