Social Icons

Pages

Showing posts with label ထင်သာမြင်သာ ပြုပြင်စရာ. Show all posts
Showing posts with label ထင်သာမြင်သာ ပြုပြင်စရာ. Show all posts

Tuesday, August 21, 2018

မိုးကုတ်မြို့ ဖောင်တော်ဦးဘုရား၏နံရံများ အက်ကွဲမှုဖြစ်ပေါ် ငွေကျပ် သိန်းနှစ်ထောင်ကျော် အကုန်အကျခံကာ ပြုပြင်နေ



မိုးကုတ် ၂၁-၈-၂ဝ၁၈

မိုးကုတ်မြို့မှ လူသိများ ထင်ရှားသော ဖောင်တော်ဦး ဘုရား၏ နံရံများမှာ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက အက်ကွဲမှုများ ဖြစ်ပွားခဲ့၍ ယခုအခါ ငွေကျပ် သိန်းနှစ်ထောင်ကျော် အကုန်အကျခံကာ ပြုပြင်နေကြောင်း မိုးကုတ် ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပြ၍ သိရသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းက ပြိုကျမှု ဖြစ်ပွားခဲ့တာပါ။ လူထိခိုက်မှု တော့မရှိပါဘူး။ ဘုရားရင်ပြင်မှာလဲ ထိခိုက်မှုမရှိခဲ့ပါဘူး။ အခုပြန်လည် ပြုပြင်နေပါတယ်။ မကြာခင်ပြီးစီးမှာပါ"ဟု အဆိုပါဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

မိုးကုတ်မြို့ ဖောင်တော်ဦး ဘုရားမှာ မိုးကုတ်မြို့၏ နာမည်ကြီးဘုရား တစ်ဆူဖြစ်ပြီး၊ ယခုအခါ အဆိုပါ ဘုရားကြီး၏ စောင်းတန်းများနှင့် မြေထိန်းနံရံများမှာ သြဂုတ် ၁၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ ရခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဇွန်လ အတွင်းကလည်း မိုးကုတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသားများ ပြိုကျမှုဖြစ်ကာ ကျပ်ပြင်ရပ်ကွက်မှ မိသားစုဝင်ငါးဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့မြို့ရဲ့အထင်ကရ ဘုရားကြီးမှာ အဲဒီလိုတွေဖြစ်တော့ ဒေသခံတွေ စိတ်ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲ ပြန်လည်ပြုပြင်ရေး တွေလုပ်နေပါတယ်။ ဒေသခံတွေအားလုံး ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ဘုရားကြီး ပြင်ဆင်ရေးလုပ်ငန်းတွေမှာ ပါဝင်ကြပါတယ်"ဟု မိုးကုတ်မြို့ခံ ဦးဇင်ကိုက ပြောပြ၍ သိရသည်။

#Themyawadydaily

Tuesday, March 21, 2017

လျှပ်စစ်မီတာနှုန်းထား သုံးဆခန့်တိုးမြှင့်ခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အခက်တွေ့



ရန်ကုန် ၊ ၂၁-၃-၂၀၁၇

ရန်ကုန်မြို့၌ တည်ဆောက်လျက် ရှိသော ကန်ထရိုက် အဆောက်အအုံများ အတွက် လျှပ်စစ်မီတာ အသုံးပြုခွင့် လျှောက်ထားခ နှုန်းထားကို တစ်ခန်းလျှင် ငွေကျပ် တစ်သိန်းခွဲမှ ငါးသိန်းခွဲသို့ ဖေဖော်ဝါရီ လလယ်မှ စတင်၍ တိုးမြှင့် ကောက်ခံခြင်းကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေ ရကြောင်း အသေးစား ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ထံမှ သိရသည်။

လျှပ်စစ်မီတာ အသုံးပြုခွင့် လျှောက်ထား ခနှုန်းထားများကို တိုက်ခန်း တစ်ခန်းလျှင် သုံးဆကျော် တိုးမြှင့် ကောက်ခံသည့် အတွက် အသေးစား ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အတွက် ခြောက်ထပ်မြင့် ကန်ထရိုက်တိုက် တစ်ခုလျှင် ယခင်က မီတာလျှောက်ခ ၁၄ သိန်းခန့် ကုန်ကျမည့်အစား ယခုအခါ ငွေကျပ် သိန်း ၈ဝ ခန့်ကုန်ကျမည် ဖြစ်သည့်အတွက် အသေးစားနှင့် အလတ်စား ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ထိခိုက်မှု ရှိကြောင်း သိရသည်။

ထပ်တိုးပြောင်းလဲ ကောက်ခံသော မီတာခများကြောင့် တိုက်ခန်းဈေးကို ထပ်တိုး၍ ရောင်းချမည် ဆိုပါက ဝယ်လိုအားနှင့် ဈေးကွက်ကျဆင်း နေသော တိုက်ခန်းအရောင်း ဈေးကွက်အတွင်း အခက်အခဲများ ရှိနေပြီး တချို့သော ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အနေဖြင့် ကန်ထရိုက် တိုက်များ ဆောက်လုပ်ပြီး သော်လည်း မီတာ မလျှောက်ထား ရသေးကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

တိုးမြှင့်ကောက်ခံသည့် သတ်မှတ်ကြေး ပေးသွင်းသော ကန်ထရိုက်တိုက် များကို ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းက လျှပ်စစ်ဓာတ်အား ရရှိရေးတွင် ဗို့အားမြင့် ဓာတ်အားလိုင်း တည်ဆောက် ပေးမည်ဖြစ်ကာ Connection Box တပ်ဆင်၍ ၄ဝဝ ဗို့ ဓာတ်အားလိုင်း တည်ဆောက်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း က ထုတ်ပြန်ထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Monday, March 13, 2017

ရေကြောင်းကျဉ်းမြောင်း ကျပ်တည်းမှုကို ထိရောက်စွာမဖြေရှင်းနိုင်ပါက နောင်လာမည့်နှစ်များတွင် လက်ရှိပခုက္ကူဆိပ်ကမ်း ပျောက်ကွယ်သွားနိုင်



ပခုက္ကူ ၊ ၁၃-၃-၂၀၁၇

နှစ်စဉ် ရေကြောင်းကျဉ်းမြောင်း ကျပ်တည်းမှု ပြဿနာကြုံတွေ့ နေရသည့် ပခုက္ကူမြို့ ဆိပ်ကမ်းကို အဆင်ပြေ ချောမွေ့စေရန် ထိထိရောက်ရောက် ဖြေရှင်းမှုများ မပြုလုပ်နိုင်ပါက နောင်လာမည့်နှစ် များတွင် လက်ရှိသင်္ဘောများ ဆိုက်ကပ်နေသည့် ပခုက္ကူဆိပ်ကမ်းမှာ ပျောက်ကွယ်သွား နိုင်ကြောင်း ဧရာဝတီမြစ်ကြောင်းသွား CB သံတွဲရေယာဉ်မှူး တစ်ဦးက ပြောပြသည်။

''နှစ်စဉ် ပခုက္ကူဆိပ်ကမ်းက ရေကြောင်း ကျဉ်းမြောင်းမှု ဖြစ်နေပါတယ်။ ဒီနှစ်ထဲမှာဆို သင်္ဘောတွေကပ်တဲ့ နေရာနားတစ်ဝိုက်မှာ ပေ ၁ဝဝဝ ကျော်လောက် သောင်ခုံကြီး ကျန်နေပါတယ်။ အရင်နှစ်က ဒီလိုချိန်မှာဆို သင်္ဘောတွေ တံတားအောက်ထိ ကပ်နိုင်ပေမယ့် ဒီနှစ်ဆိပ်ကမ်းအောက် ဘက်မှာပဲ ဆိုက်ကပ်ထား ရပါတယ်။ နောင်နှစ်တွေမှာ ရေကြောင်း ကောင်းမွန်ဖို့ အခုကတည်းက လိုအပ်တဲ့ နေရာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်သင့် ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ လက်ရှိကုန်စည် စီးဆင်းမှု အချက်အချာကျတဲ့ ပခုက္ကူဆိပ်ကမ်းဟာ ပျောက်ကွယ်သွား နိုင်ပါတယ်''ဟု ၄င်းက ပြောပြသည်။

ပခုက္ကူဆိပ်ကမ်းသည် မြန်မာနိုင်ငံအနှံ့ ကုန်သည်ပွဲစားများ အားထား နေရသည့် ကုန်စည်စီးဆင်းရာ ရေလမ်းကြောင်း တစ်ခုဖြစ်သည်။ ယခုအခါ ၄င်းဆိပ်ကမ်းသို့ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတဘက်မှ ကုန်တင်သံခွံ ရေယာဉ် တစ်စီးလျှင် ဆန်အိတ်ပေါင်း သောင်းနှင့်ချီ၍ နေ့စဉ် ဝင်ရောက်လေ့ ရှိသော်လည်း ယခုကဲ့သို့ ရေကြောင်းကျဉ်းမြောင်း ကျပ်တည်း နေသဖြင့် ဆိုက်ကပ်နေကျ နေရာတွင် ကုန်များ မချနိုင်သောကြောင့် ကုန်တင်၊ ကုန်ချ ခက်ခဲသည့် အောက်ဘက် ဆိပ်ကမ်းနေရာ များတွင် ကုန်တင်ရေယာဉ် ၁ဝ စီးခန့် စောင့်ဆိုင်း နေရသည်။

အချို့ကုန်တင် ရေယာဉ်များမှာ အချိန် မစောင့်နိုင် သောကြောင့် ပခုက္ကူမြို့၏ အထက်ဘက် ရွှေတန့် တစ်၊ ဆင်မင်းကျေးရွာဆိပ်ကမ်း တို့တွင် သွားရောက်၍ ကုန်ချရသဖြင့် မုံရွာ၊ ချောင်းဦး ၊ ရေစကြို ၊ ပခုက္ကူ ၊ မြင်းခြံတို့မှ ဆန်ကုန်သည် ပွဲစားကြီးများမှာ မိမိ၏ကုန်များကို တစ်နေရာတည်း အတည်တကျ မသယ်ယူနိုင်ဘဲ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း၊ ယခုကဲ့သို့ ဆက်လက်ဖြစ်ပွား နေပါက ပခုက္ကူ ဆိပ်ကမ်းမှာ နောင်နှစ်များတွင် ဆိပ်ကမ်း နေရာပျောက်ကွယ်သွား နိုင်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ 

Wednesday, February 22, 2017

ဟိုတယ်ခ နှင့် လေယာဉ်လက်မှတ်ခ ဈေးနှုန်းကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု လျော့နည်းလာ



ရန်ကုန် ၊ ၂၂-၂-၂၀၁၇

လက်ရှိတွင် ပြည်တွင်း၌ ဟိုတယ်ခနှုန်းထား ကြီးမြင့်မှု၊ လေယာဉ် လက်မှတ်ခနှုန်းထား ကြီးမြင့်ခြင်းနှင့် ခရီးသွားအများဆုံး သွားရောက်လေ့ ရှိသည့် လေဆိပ်များသို့ နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက် ချိတ်ဆက် ဆင်းသက်နိုင်ခြင်း မရှိခြင်းကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်မှု လျော့နည်း နေကြောင်း ခရီးသွား လုပ်ငန်းရှင်များ ထံမှ သိရသည်။

၂ဝ၁၁ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံခြားခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံ အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက် လာချိန်တွင် တချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ ၄င်းတို့အား ဝန်ဆောင်မှု ပေးနိုင်သည့် ဟိုတယ် အခန်း အရေအတွက် မှာ ဈေးကွက် လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေး နိုင်ခြင်းမရ ခဲ့ကြောင်း၊ ထို့ပြင် ဟိုတယ် အခန်းခများမှာ လည်း ဒေသတွင်း အာဆီယံနိုင်ငံ များထက် ဈေးနှုန်းမြင့်မား လာကြောင်း သိရသည်။

မြန်မာ့ခရီးသွား လုပ်ငန်း ဈေးနှုန်းကြီးမြင့် နေရခြင်း အကြောင်းတွင် ပြည်တွင်း လေကြောင်းလိုင်း များ၏ လေယာဉ်လက်မှတ် နှုန်းထားမြင့်မား နေခြင်းသည်လည်း တစ်ခု အပါအဝင်ဖြစ်ပြီး လက်ရှိ အချိန်ထိ နိုင်ငံတကာ အဆင့်မီ လေဆိပ်သုံးခုသာ ရှိသေးသော မြန်မာနိုင်ငံ၌ နိုင်ငံခြားခရီးသွား ဧည့်သည်အများဆုံး သွားရောက် လည်ပတ်သည့် ပုဂံ၊ ဟဲဟိုးနှင့် စစ်တွေ စသည့်နေရာ တို့သို့ နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက် ဆင်းသက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့ပြင် ခရီးသွားလုပ်ငန်းတွင် အဓိကကျသည့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော် ဆောင်ရွက် ပေးမှုမှာ အားနည်းနေသေးပြီး မြန်မာနိုင်ငံသို့ တစ်ကြိမ်ရောက်ဖူး သည်နှင့် ထပ်တလဲလဲ ပြန်လာချင်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် အရေအတွက် အလွန်နည်းပါးကာ မြန်မာနိုင်ငံ၌ တစ်ပတ် နေထိုင်မည့် ခရီးသွား စရိတ်သည် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၌ နှစ်ပတ်ခန့် လည်ပတ်နိုင်ကြောင်း သိရသည်။

''မြန်မာ့ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ဟိုတယ်၊ လေကြောင်းလိုင်း ကဏ္ဍတွေလည်း အရေးပါသလို အဓိကကတော့ အခြေခံ အဆောက်အအုံတွေ ကောင်းဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို တစ်ခါလာပြီးနောက်တစ်ခါ ပြန်လာချင်အောင် ဆွဲဆောင်နိုင်ရ ပါမယ်။ ထိုင်းနိုင်ငံက ဘာလို့ တစ်နှစ်ကို ခရီးသွားဧည့်သည် ဦးရေ သန်း ၃ဝ ကျော် ရောက်နေလဲဆိုရင် သူတို့မှာက ထပ်တလဲလဲ လာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေ အများကြီးရှိလို့ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံမှာ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ နောက်ထပ် လာချင်အောင် ဆွဲဆောင်မှုရှိမယ် ဆိုရင် နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ မကြာမကြာ လာကြမှာပါ'' ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Friday, February 10, 2017

ဆားမလောက် ကမ်းပါးပြိုမှု မိုးရာသီအထိ မပြုပြင်နိုင်ပါက ရန်ကုန်-ပုသိမ် ကားလမ်းမကြီးပါ ကျိုးပျက်ပြိုကျနိုင်



ပုသိမ် ၊ ၁၀-၂-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဆားမလောက် ကျေးရွာ ကမ်းပါးပြိုကျမှု များမှာ မိုးရာသီအချိန် အထိ မပြုပြင်နိုင်ပါက ရန်ကုန်-ပုသိမ် ကားလမ်းမကြီး ကျိုးပျက်နိုင်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ညောင်တုန်းမြို့နယ် ကိုယ်စားလှယ် က သတိပေးပြောဆို လိုက်သည်။

ဖေဖော်ဝါရီ ၉ ရက်နေ့က ကျင်းပသော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးတွင် ဦးကျော်ဆန်း က ရန်ကုန်-ပုသိမ် ကားလမ်းမကြီးနှင့် ပေ ၃၀၀ အကွာတွင် ရောက်ရှိနေသော ဆားမလောက် ကျေးရွာ မြစ်ကမ်းပါး ပြိုကျမှုအား မိုးရာသီမြစ်ရေ မတက်ခင် ကာကွယ်ရေး လုပ်ငန်းများ အချိန်မီ လုပ်ဆောင်ရန် အစီအစဉ် ရှိ - မရှိ  တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းရာတွင် ထည့်သွင်းပြောဆို သတိပေး ခဲ့ခြင်း ဖြစ်သည်။

“ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထား သော်လည်း ကမ်းပါးမြေအိခြင်း၊ မြေလျောခြင်း ဆက်လက် ဖြစ်ပေါ်နေလျက် ရှိရာ အချိန်မီ ကာကွယ်ခြင်းများ ပြုလုပ်နိုင်ခြင်း မရှိပါက လာမည့်မိုးကာလ မြစ်ရေကြီးချိန်တွင် ကမ်းနံဘေးရှိ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊စေတီပုထိုးများနှင့် အခြေခံပညာ မူလတန်းကျောင်း ၁ ကျောင်း၊ နှစ်ထပ်ဈေးရုံကြီး၊ လူနေအိမ်ခြေ များနှင့် ရန်ကုန်-ပုသိမ် ကားလမ်းမကြီး ကိုပါ ဆက်လက်ထိခိုက် လာနိုင် ပါတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ညောင်တုန်းမြို့နယ် ကိုယ်စားလှယ် ဦးကျော်ဆန်း က ပြောသည်။

ပုသိမ်-ရန်ကုန် ကားလမ်းမကြီး ကျိုးပျက်ပြိုကျ ပါက ညောင်တုန်းမြို့နယ် အတွင်းပိုင်းရှိ လူနေအိမ်များ၊ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ တောင်သူလယ်သမား ဆေးရုံ၊ ကျေးရွာပေါင်း မြောက်များစွာ၊ လယ်မြေဧက ၇၀၀၀၀ ကျော်နှင့် ငါးကန်များပါ ရေကြီးနစ်မြုပ် နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ဆားမလောက်ကျေးရွာ အနီးရှိ ပန်းလှိုင်မြစ် တိုက်စားမှုကြောင့် စတင် ကမ်းပြိုမှုများ ဖြစ်ပွားခဲ့ရာ အလျားပေ ၄၅၀၊ အနံပေ ၇၀ ကျော်ပြိုကျခဲ့ရာ ကျေးရွာ ကမ်းနားခြမ်းမှ နေအိမ် ၁၅ လုံး ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရပြီး ကျန် ၂၁ လုံးမှာ အန္တရာယ်ရှိ၍ ပစ္စည်းများ ပြောင်းရွှေ့ထားရပြီး ကမ်းပြိုမှု အခြေအနေ စောင့်ကြည့်နေကြ ရကြောင်း ဒေသခံများထံမှ သိရသည်။ 

ဆားမလောက်ကျေးရွာ သည် ပန်းလှိုင်မြစ်၏ ပစောက်ပုံ ရေတိုက်စားခံ နေရခြင်းဖြစ်ပြီး မြစ်ရေများချိန်တွင် ရေ၀ဲလည်ခံရပြီး မြစ်ကမ်းပါး မတ်စောက်လာကာ အလေးဝန်ကြောင့် ပြိုကျခြင်း ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်မှ စတင်၍ တဖြည်းဖြည်း ပြိုကျလာပြီး ပြုပြင်ရန် အထူးလိုအပ်သဖြင့် ၂၀၁၅-၁၆ ခုနှစ် မူလရန်ပုံငွေနှင့် ဖြည့်စွက် ရန်ပုံငွေများ တင်ပြတောင်းခံခဲ့ သော်လည်း ရရှိခြင်းမရှိသည့် အတွက် ကမ်းပါးပြို ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ခြင်း မရှိခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ထို့ပြင် မြစ်ကမ်းပါးများ ရေရှည်ခိုင်ခံ့မှု ရှိစေရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်  ဧရာဝတီတိုင်း ဒေသကြီးအတွင်း မဖြစ်မနေ ဆောင်ရွက်သင့်သည့် ကမ်းထိန်းလုပ်ငန်း ၁၂ ခုတွင် ထည့်သွင်းကာ ရန်ပုံငွေတင်ပြ တောင်းခံခဲ့ သော်လည်း ရရှိခြင်း မရှိသောကြောင့် ကမ်းပါး ကာကွယ်ရေး လုပ်ငန်းများ  ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သဖြင့် ယခုကဲ့သို့ ပြိုကျရခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေး က ပြောသည်။

“ဆားမလောက်ကျေးရွာ မြစ်ကမ်းပါးများ မိုးရာသီရေများချိန် ကမ်းပါး အိကျမှုများ ရှိပါက ၂၀၁၇-၂၀၁၈ ရေများချိန် ရေရှည်ခိုင်ခံ့တဲ့ အရေးပေါ် ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေး သွားပါ့မယ်။” ဟု ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေး က ပြောသည်။ ဆားမလောက်ကျေးရွာ ကမ်းပါးပြိုမှုကို သဲအိတ်ကြီးများ ချထားခြင်း၊ ရေစီးနှေးစေရန် ရေလွှဲတန်း တည်ဆောက်ခြင်း လုပ်ငန်းများကို ဇန်န၀ါရီလ ၁၂ ရက်နေ့မှ စတင်၍ လုပ်ဆောင်နေကာ အိမ်ဖျက်ခဲ့ရသော မိသားစုများအတွက် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း များတွင် တဲကြီးများထိုးကာ နေထိုင်ရာနေရာ ချထားပေး ထားကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ မှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Tuesday, January 24, 2017

ချင်းတွင်းမြစ် အထက်ပိုင်း၌ အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်နှစ်ထက်တစ်နှစ် နည်းပါးလာ



မင်းကင်း ၊ ၂၄-၁-၂၀၁၇

ချင်းတွင်းမြစ် အထက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် မင်းကင်းနယ်ထွက် ဘိုင်အိုးမျိုးစုံ တင်ပို့ ရောင်းချမှုကို နှစ်စဉ် တန်ဆောင်မုန်း လကုန်ချိန်တွင် စတင်တွေ့ရှိရ သော်လည်း ယခုနှစ်တွင် နတ်တော်လ
ကုန်သည်အထိ ဘိုင်အိုးတင်ပို့ ရောင်းချမှု နည်းပါးနေကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူ ဦးမောင်ကြီး ထံမှ သိရသည်။

''ချင်းတွင်းမြစ် အထက်ပိုင်းက မင်းကင်းဘိုင်အိုး ဆိုတာက နာမည်ကျော်ပါ။ လက်ရှိမှာတော့ သောက်ရေသန့် ဘူးတွေ ပေါ်လာလို့ အိုးအရောင်း အဝယ်တွေ ကျဆင်းလာတယ်။ အိုးလုပ်တဲ့သူ တွေကလည်း တခြားလုပ်ငန်း တွေကို ပြောင်းလုပ်ကြတော့ မိရိုးဖလာ လုပ်တဲ့ အိုးလုပ်ငန်းကို လုပ်ကိုင်သူ နည်းပါးလာတယ်။ ဝယ်ယူသုံးစွဲ သူလည်း နည်းလာတာကြောင့် နောက်ပိုင်းမှာ မင်းကင်းဘိုင်အိုး ဆိုတာ ပျောက်ကွယ် သွားမှာတောင် စိုးရိမ်မိပါ တယ်'' ဟု ဦးမောင်ကြီး ကပြောသည်။

မင်းကင်းမြို့နယ် အတွင်း တုံဟိုင်း၊ ဗဒက်နှင့် ကုန်းရင်း စသည့်ဒေသ များတွင် အိုးများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြပြီး ကလေး၊ ချင်းတောင်၊ တမူး၊ မော်လိုက်နှင့် ဖောင်းပြင်ဒေသ တို့သို့ တင်ပို့ရောင်းချ ကြသည်။ အဆိုပါ အိုးများဖြစ်သည့် သောက်ရေအိုး၊ သုံးရေအိုး၊ ပရိတ်အိုးနှင့် ညောင်ရေအိုး များကို ချင်းတွင်းမြစ် အထက်ပိုင်း နှင့် မြစ်သာမြစ် အထက်ပိုင်းသို့ လှေများဖြင့် သွားရောက်ကာ တစ်ရွာဝင် တစ်ရွာထွက် ရောင်းချကြရာ လက်ရှိတွင် ထိုကဲ့သို့ ရောင်းချမှု နည်းပါးလာကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Friday, January 6, 2017

စည်းကမ်းမဲ့ ငါးဖမ်းခြင်းများကြောင့် တောင်သမန်အင်း တိမ်ကောပြီး အင်း၏အလှများ ပျက်စီးလာနိုင်



မန္တလေး ၊ ၆-၁-၂၀၁၇

မန္တလေး အမရပူရမြို့နယ်ရှိ တောင်သမန်အင်း အတွင်း၌ စည်းကမ်းမဲ့ ငါးဖမ်းခြင်းကြောင့် တောင်သမန်အင်း တိမ်ကောပြီး အင်း၏အလှများ ပျက်စီးလာ နိုင်ကြောင်း တောင်သမန် ငှက်လှေအသင်းမှ သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ စတင်၍ တောင်သမန်အင်း အတွင်း ငါးထုတ်လုပ် လေလံ ပိတ်သိမ်းခဲ့ပြီး နောက်ပိုင်းတွင် တောင်သမန်အင်း အနီးအနားကျေးရွာ များက တောင်သမန်အင်း အတွင်း ငါးဖမ်းရာတွင် မှော်ဒိုက် (သစ်ကိုင်း) ပုံများချထားပြီး ငါးဖမ်းခြင်း တို့ကြောင့် တောင်သမန်အင်း တိမ်ကောပြီး အင်း၏ အလှများ ပျက်စီးလာနိုင်ကြောင်း တောင်သမန်ငှက်လှေ အသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း က ပြောပြသည်။

''သူတို့က ငါးဖမ်းတဲ့အခါ သစ်ကိုင်းပုံတွေချ မှော်ဒိုက်ပုံစံ လုပ်ပြီး ငါးဖမ်းတယ်။ မှော်ဒိုက် (သစ်ကိုင်း) ပုံတွေဆို အင်းအတွင်းမှာ ၁ဝဝ လောက်ရှိတယ်။ ရေတက်ချိန် ဖြစ်ဖြစ်၊ ရေကျချိန် ဖြစ်ဖြစ် သူတို့က ငါးကို ရသလောက် ဖမ်းပြီး အဲဒီသစ်ကိုင်းပုံ တွေကို ပြန်မဖယ်တော့ဘူး။ အခုဆို ရေကကျနေတော့ ပိုဆိုးတာပေါ့။ အဲဒီမှော်ဒိုက်ပုံ တွေက ရေညစ်ညမ်းမှုလဲ ဖြစ်တယ်။ လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား တွေကလဲ မကြိုက်ဘူး။ ဧည့်လမ်းညွှန် တွေကလဲ ခဏခဏ ပြောတယ်။ ရှုခင်းအလှတွေ ပျက်စီးတော့ ဖယ်ခိုင်းတာပေါ့''ဟု ၄င်းက ဆက်လက် ပြောပြသည်။

တောင်သမန်အင်း အတွင်းတွင် တစ်နေ့လျှင် လူဦးရေ ၆ဝဝ ခန့် ငါးဖမ်းခြင်း လုပ်ကိုင်နေကြ ကြောင်း သိရသည်။

တောင်သမန်အင်း နှင့် တောင်သမန် တံတားတွင် လာရောက် လည်ပတ်သည့် ပြည်ပ နိုင်ငံခြားသား ခရီးသွားများ၊ ပြည်တွင်းခရီးသွား များဖြင့် နေ့စဉ် စည်ကားလျက် ရှိပြီး လက်ရှိ အချိန်တွင် တစ်ရက်လျှင် ပြည်ပ နိုင်ငံခြားသား ခရီးသွားဦးရေ ၈ဝဝ ကျော်နှင့် ပြည်တွင်းခရီးသွား ဦးရေ ၁ဝဝဝဝ ကျော် လာရောက် လည်ပတ်လျက် ရှိကြောင်း တောင်သမန် ငှက်လှေအသင်းမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ 

Thursday, September 15, 2016

အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ဘော်ဒါဆောင်များ မရှိသောကြောင့် ကျောင်းသားများ အခက်အခဲဖြစ်ပေါ်နေ


ဘားအံ ၊ ၁၅-၉-၂၀၁၆

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း တွင် ဘော်ဒါဆောင်များ မရှိသောကြောင့် စက်မှုလက်မှုနှင့် အသက်မွေးဝမ်း ပညာရပ် သင်တန်းသို့ သင်တန်း လာရောက် သင်ကြားသည့် ကျောင်းသား ကျောင်းသူများ နေရာအခက်အခဲများ ရှိနေကြောင်း သိရှိရသည်။ ရန်ကုန်မြို့ Summit Park View Hotelတွင် စက်တင်ဘာ ၁၄ ရက်က ကျင်းပ ပြုလုပ်သည့် အလုပ်ရုံဆွေး နွေးပွဲတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း တွင် ဘော်ဒါဆောင်များ မရှိသောကြောင့် နေရာ အခက်အခဲ အား ဖြေရှင်းနိုင်ရန် ဘော်ဒါ ကျောင်းဆောင်များ လှူဒါန်းပေးရန် တောင်းဆို ထားကြောင်း သိရသည်။ 

“အဲ့ဒါကို အခုချိန်ထိတော့ မဝေခွဲရသေးဘူး။ တတ်နိုင်ရင်တော့ နိုင်ငံတော် ဘတ်ဂျတ်ကပဲ ဆောက်ဆောက်၊ NGO တွေဘက်ကပဲ လှူလှူပေါ့နော်။ ဆရာမတို့ အနေနဲ့တော့ ဘယ်သူပဲ ဆောက်ပေးပေး ကျောင်းဆောင်ရမယ် ဆိုရင် ကြိုဆိုပါတယ်။ လိုလည်း လိုချင်ပါတယ်။ ဦးစီးဌာနကိုလည်း တင်ပြထားသလို မိတ်ဖက် အဖွဲ့အစည်း တွေနဲ့လည်း ဆွေးနွေး နေပေမယ့် တိကျတဲ့ အဖြေတော့ မချမှတ်ရသေး ပါဘူး။” ဟု အစိုးရ နည်းပညာ အထက် တန်းကျောင်း (ဘားအံ) ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခ ဒေါက်တာ ချိုယုမွန် က ပြောသည်။ 

Technical and Vocational Education and Training သင်တန်း၌ အခြေခံစက်ချုပ် နှင့် အဆင့်မြင့် စက်ချုပ် သင်တန်း၊ အခြေခံ ကွန်ပျူတာနှင့် အဆင့်မြင့် ကွန်ပျူတာ သင်တန်း၊ စိုက်ပျိုးရေးသုံး စက်ကိရိယာများ ပြင်ဆင် တပ်ဆင်ခြင်း သင်တန်း၊ အိမ်တွင်းလျှပ်စစ် တက်ဆင်ခြင်း/ ပြုပြင်ထိန်း သိမ်းခြင်း သင်တန်းနှင့် ဂဟေဆက်ခြင်း အတက်ပညာ သင်တန်းတို့အား ကာလတို သင်တန်းနှင့် ကာလရှည် သင်တန်း ဖွင့်လှစ်ကာ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။ 

လက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ)တွင် ပထမနှစ် ကျောင်းသား ကျောင်းသူပေါင်း ၂၃၄ ဦး၊ ဒုတိယနှစ် ကျောင်းသား ကျောင်းသူ ၅၄ ဦးတို့မှ Technical and Vocational Education and Training သင် တန်း၌ တက်ရောက် သင်ကြားလျက် ရှိကာ ကာလတို သင်တန်း တက်ရောက်မည် ဆိုပါက မူလတန်းအောင် အဆင့်သာ သင်ကြားခွင့် ရှိ၍ ကာလရှည် သင်တန်းတွင် အလယ်တန်းအောင် အဆင့်မှ စတင်ကာ တက်ရောက်နိုင် ကြောင်း သိရသည်။ ကာလတို သင်တန်းအား အသက် ၁၆ နှစ်မှ အသက် ၄၅ နှစ်အထိ တက်ရောက်နိုင်ပြီး သင်တန်းကာလ သုံးလ တက်ရောက် ရမည်ဖြစ်ကာ ကာလရှည် သင်တန်းအား အလယ်တန်း အဆင့် အောင်မြင်သူ မည်သူမဆို တက်ရောက် သင်ကြားနိုင်မည် ဖြစ်သော်လည်း သင်တန်းကာလမှာ နှစ်နှစ်ကြာမြင့်မည် ဖြစ်၍ ကာလရှည် သင်တန်း တက်ရောက်သူ များအား နိုင်ငံတော်၏ ဘတ်ဂျတ်ဖြင့် သင်တန်းသား တစ်ဦးအတွက် တစ်လလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် 

Saturday, July 23, 2016

ငါးဖမ်းသင်္ဘောသားများ တရားဝင်လုပ်သားများ ဖြစ်စေရေး ပြည်တွင်း၌ CDC စာအုပ် ထုတ်ပေးရန်လိုအပ်


တိုင်ပေမှ ငါးဖမ်းစက်လှေတစ်စီး

ရန်ကုန် ၊ ၂၃-၇-၂၀၁၆

မြန်မာနိုင်ငံရှိ ငါးဖမ်း သင်္ဘောသားများ တရားဝင် လုပ်သားများ ဖြစ်စေရေး ပြည်တွင်း၌  CDC (Continuous Discharge Certificate) စာအုပ် ထုတ်ပေးရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ်မှ သိရသည်။

''ငါးဖမ်း သင်္ဘောသားတွေ အားလုံးက တရားဝင် မဟုတ်ကြဘူး။ ဒါကြောင့် ဖိနှိပ်ခံ နေရတာတွေ များတယ်။ တကယ်ဆို CDC လေးတော့ ရှိထားသင့် ပါတယ်'' ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ်မှ ဦးကျော်မြဦး က ပြောသည်။

အဆိုပါ ရေလုပ်သားများနှင့် ပတ်သက်၍ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့၏ ခန့်မှန်းချက် အရ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရေလုပ်ငန်း လုပ်ကိုင်သူ ၄၃ သန်းကျော်ရှိပြီး ၄င်းတို့အား မှီခိုနေထိုင်သူ သန်း ၅၂ဝ ရှိကာ ရာခိုင်နှုန်း အားဖြင့် ကမ္ဘာ့  လူဦးရေ၏ ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။ ၄င်းတို့ထဲတွင် မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်း၏ ခွင့်ပြုချက်ဖြင့် ငါးဖမ်းသင်္ဘော များ၌ အလုပ် လုပ်ကိုင်နေသူ သုံးသိန်းကျော် ပါဝင်ကြောင်း သိရသည်။

ကမ္ဘာ့ နိုင်ငံ အနှံ့အပြားရှိ တရားဝင် ငါးဖမ်းသင်္ဘော များ၌ အလုပ်လုပ်ကိုင် နေသည့် သင်္ဘောသား များမှာ တရုတ်(တိုင်ပေ)၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ အများဆုံး ဖြစ်ပြီး မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်မှု များပြားသည့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှာ ငါးဖမ်းလုပ်ငန်း နှင့်ပတ်သက်၍ စနစ်ကျမှုနှင့် ဥပဒေ လိုက်နာမှု မရှိသည့် နိုင်ငံများ ဖြစ်ကြောင်း သိရသည်။

''တကယ့် ငါးဖမ်း သင်္ဘောကြီး တွေက တရုတ်(တိုင်ပေ)၊ ဂျပန်နဲ့ တောင်ကိုရီးယား တို့မှာပဲရှိတာ။ အဲဒီနိုင်ငံတွေ ကလည်း CDC မရှိရင် လက်မခံဘူး။ သူတို့က တရားဝင် လုပ်သားတွေကိုပဲ လက်ခံပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

၂ဝဝ၇ ခုနှစ်က ကျင်းပခဲ့သည့် အပြည်ပြည် ဆိုင်ရာ အလုပ်သမား ညီလာခံ၌ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ ငါးဖမ်း သင်္ဘောသားများ အတွက် Work & Fishing Convention 2007 ကို Convention No. (C188) ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း၊ သို့သော် နိုင်ငံတကာ၌ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံ၌ အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကမ္ဘာ့ နိုင်ငံများ၌ ပင်လယ်ငါးဖမ်း သင်္ဘောသားများ အတွက် အခွင့်အရေးများ ဆုံးရှုံးနေပြီး ပင်လယ်ပြင် အတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ တာဝန်ယူမှု မရှိသည့် အပြင် စီရင်ပိုင်ခွင့် အာဏာ ဆိတ်သုဉ်း နေသောနယ်မြေ ဟု တင်စားခေါ်ဝေါ် ကြသည့် ဒေသတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် နေသူများမှာ မတရားပြုကျင့် ခံနေရကာ ၄င်းတို့အတွက် မားမားမတ်မတ် ရပ်တည် ပြောဆိုနိုင်မှုလည်း မရှိဟု ပင်လယ်ပြင် အတွင်း လူကုန်ကူးမှု အဆုံးသတ်ရေး ကို ရည်ရွယ်၍ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သော ပင်လယ်ပြင် အတွင်း လူ့အခွင့်အရေး စောင့်ရှောက်မှု အဖွဲ့က သုံးသပ် ထားသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

Monday, July 11, 2016

ပံ့ပိုးမှုအားနည်းခြင်းနှင့် ကုန်ကြမ်းရှားပါးခြင်း တို့ကြောင့် ပန်းပုလုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာ



ရန်ကုန် ၊ ၁၁-၇-၂၀၁၆

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန် ပံ့ပိုး ကူညီပေးမှုများ ရှိသော်လည်း မြန်မာ့လက်မှု ပညာများ ထဲတွင် အဓိကကျသော ရိုးရာပန်းပု လုပ်ငန်းကို ပံ့ပိုးမှု အားနည်းခြင်း နှင့် ပန်းပု ထုလုပ်ရန် ကုန်ကြမ်း ရှားပါးခြင်း တို့ကြောင့် ယင်း လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း လိုသူများ နည်းပါး လာကြောင်း ဝါရင့်မြန်မာ့ ပန်းပု ပညာရှင်များက ပြောသည်။

''ပန်းပုပညာရှင် တွေနဲ့ ပန်းပုလုပ်ငန်း မတိမ်ကော စေဖို့နဲ့ စားဝတ်နေရေး အဆင်ပြေ စေဖို့ လုပ်ငန်းသုံး အတွက် ချေးငွေချထား ပေးပြီး အဘက်ဘက် ကနေ ပံ့ပိုးကူညီ ပေးဖို့လိုပါတယ်။ လက်ရှိမှာ ဝါသနာ ကြောင့်သာ ဒီလုပ်ငန်းကို ဆက်လက် လုပ်ကိုင် နေကြတာပါ'' ဟု ရန်ကုန်မြို့ရှိ ဝါရင့် မြန်မာ့ပန်းပု ပညာရှင် ဦးဇော်ဂျီ က ပြောသည်။

ထို့ပြင် ပန်းပုထုရန် လိုအပ်သည့် သစ်များမှာလည်း ရှားပါးလာပြီး သစ် ဈေးနှုန်းများ မြင့်မားလာခြင်း တို့ကြောင့် ပန်းပု ပညာရှင် တချို့သည် အမြတ်မကျန် သည့်အပြင် ဈေးကွက်နှင့် မကိုက်တော့ သဖြင့် ပန်းပုလုပ်ငန်း ကိုရပ်ပြီး တခြားလုပ်ငန်း များကို ပြောင်းလဲ လုပ်ကိုင် လာကြခြင်း ဖြစ်သည်။ လက်ရှိတွင် ပန်းပုရုပ် များမှာ ရောင်းအား သိသိသာသာ ကျဆင်းနေပြီး ပန်းပုရုပ် များကို ပြည်တွင်းမှ ပြည်သူများထက် နိုင်ငံခြား ခရီးသွား ဧည့်သည် များကသာ အဓိက ဝယ်ယူ ကြကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၆)

Wednesday, June 15, 2016

ပို့ကုန်သွင်းကုန် လုပ်ငန်းများအတွက် လျင်မြန်စွာ ဆောင်ရွက်နိုင်သော ဆိပ်ကမ်းများ နည်းပါးနေ



ရန်ကုန် ၊ ၁၅-၆-၂၀၁၆

ပို့ကုန်သွင်းကုန် လုပ်ငန်းများ အတွက် အဓိက အကျဆုံးအခန်း ကဏ္ဍဖြစ်သော ပြည်ပ ကုန်သွယ်ရေကြောင်း ပို့ဆောင်ရေးကို လျင်မြန်စွာ ဆောင်ရွက်နိုင်သော ဆိပ်ကမ်းများ နည်းပါး နေခြင်းမှာ မြန်မာ့ စီးပွားရေး ကဏ္ဍအပေါ် အကျိုး သက်ရောက်မှု များစွာ ဖြစ်လာ နိုင်သည်ဟု ကျွမ်းကျင်သူ များက သုံးသပ် ထားသည်။

ပြည်ပပို့ကုန် သွင်းကုန် ကဏ္ဍအတွက် အဓိကအကျဆုံး ဆိပ်ကမ်းများမှာ ရန်ကုန်မြို့၌သာ ရှိပြီး ဆိပ်ကမ်း အများစု မှာလည်း ကိုလိုနီခေတ်က တည်ဆောက် ခဲ့ခြင်းဖြစ်သော ကြောင့် ခေတ် အခြေအနေနှင့် ကွာဟမှု ကြီးမားလျက် ရှိကြောင်း သိရသည်။

ကိုလိုနီခေတ်က တည်ဆောက် ခဲ့သော ဆိပ်ကမ်းများကို အဆင့်မြှင့်တင် နိုင်မှု နည်းပါး ခြင်းကြောင့် ပြည်ပ ကုန်သေတ္တာတင် သင်္ဘောများ တစ်ပြိုင်နက် တည်း ကုန်တင်၊ ကုန်ချ ပြုလုပ်ရာတွင် ပံ့ပိုးပေး နိုင်မှုမှာ သိသာစွာ ကျဆင်းနေပြီး သီလဝါ၌ နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းတစ်ခု တည်ဆောက် ခဲ့သော်လည်း မြန်မာ့ စီးပွားရေးကဏ္ဍ တိုးတက်လာမှု အရှိန်အဟုန်ကို ပံ့ပိုးပေးနိုင်ရန် လုံလောက်သည့် အနေအထား သို့ မရောက်ရှိ သေးခြင်းကြောင့် ဆိပ်ကမ်းများ အဆင့်မြှင့်တင် ခြင်းနှင့် ဆိပ်ကမ်းသစ်များ တည်ဆောက်ရန် ကြိုးပမ်းသင့်ကြောင်း သိရသည်။

''အခုလို ပို့ကုန်နည်းပြီး သွင်းကုန်များတဲ့ ကာလမှာ ဆိပ်ကမ်းမှာ ကွန်တိန်နာ အလွတ်တွေ အများအပြား နေရာယူထားတဲ့ အတွက် နောက်ထပ် ရောက်လာတဲ့ ကွန်တိန်နာတွေ ထားဖို့ နေရာလွတ် မရှိတော့ဘူး။ ရန်ကုန် ဆိပ်ကမ်းကို အသစ် ဝင်လာတဲ့ ကွန်တိန်နာ တွေကို စရိတ်အကုန် ခံပြီး သီလဝါ ကွန်တိန်နာ စခန်းကို ပို့ပေးနေရတဲ့ အတွက် အခက်အခဲတွေ ဖြစ်နေပါတယ်'' ဟု သွင်းကုန် လုပ်ငန်းရှင် ကိုဇေယျမျိုး က ပြောသည်။

ရန်ကုန် မြစ်ကြောင်းကို သင်္ဘောကြီးများ ဝင်ထွက်နိုင်သည် အထိ ပြုပြင်ခြင်း၊ ဆိပ်ကမ်း များကိုလည်း သင်္ဘောကြီးများ တစ်ပြိုင်နက်တည်း ကုန်တင်၊ ကုန်ချ ပြုလုပ်နိုင်သည် အထိ အဆင့်မြှင့်တင် ခြင်းများ ပြုလုပ်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၅)

Friday, May 27, 2016

မြန်မာနိုင်ငံတွင် အကြီးစား ကြေးသွန်းခေါင်းလောင်းကြီးများ သွန်းလောင်းနိုင်သော ကြေးသွန်းပညာရှင် ငါးဦးခန့်သာ ကျန်ရှိ



မန္တလေး ၊ ၂၇-၅-၂၀၁၆

မြန်မာနိုင်ငံတွင် အသေးစား ကြေးသွန်း ခေါင်းလောင်းများ သွန်းလောင်း ရာတွင် ပညာရှင်များစွာ ရှိသော်လည်း အကြီးစား ကြေးသွန်း ခေါင်းလောင်းကြီး များ သွန်းလောင်းရန် ကြေးသွန်း ပညာရှင်များမှာ ငါးဦးခန့်သာ ရှိပြီး ပညာရှင် ပျောက်ကွယ်လု နီးပါး ဖြစ်နေကြောင်း မြန်မာမှု ပညာရှင် တမ္ပဝတီ ဦးဝင်းမောင် ထံမှ သိရသည်။

မြန်မာနိုင်ငံ မန္တလေးမြို့တွင် ယနေ့ အချိန်ထိ အကြီးစား ခေါင်းလောင်းကြီး စုစုပေါင်း ခြောက်ခုထိ သွန်းလောင်း နိုင်ခဲ့ကြောင်း သမိုင်း အထောက်အထား များအရ သိရသည်။ ပထမဆုံး ခေါင်းလောင်း တော်ကြီးမှာ စဥ့်ကူးမင်း လက်ထက်တွင် သွန်းလောင်း ခဲ့သော ရန်ကုန်မြို့ ရွှေတိဂုံ စေတီဝင်း အတွင်း ရာဟုထောင့်ရှိ ခေါင်းလောင်း တော်ကြီး၊ ဒုတိယ ခေါင်းလောင်း တော်ကြီးမှာ ဘိုးတော်ဘုရား လက်ထက်တွင် သွန်းလောင်း ခဲ့သော မင်းကွန်း ခေါင်းလောင်း တော်ကြီး၊ တတိယ ခေါင်းလောင်း တော်ကြီးမှာ ဘကြီးတော် မင်းတရားကြီး လက်ထက်တွင် သွန်းလောင်း ခဲ့သော ပုထိုးတော်ကြီး ခေါင်းလောင်း၊ စတုတ္ထ ခေါင်းလောင်း တော်ကြီးမှာ သာယာဝတီ ရွှေဘိုမင်း လက်ထက်တွင် သွန်းလောင်း ခဲ့သော ရန်ကုန်မြို့ ရွှေတိဂုံ စေတီဝင်း အတွင်း တနင်္ဂနွေထောင့် ရှိ ခေါင်းလောင်း တော်ကြီး၊ ပဉ္စမ ခေါင်းလောင်း တော်ကြီးမှာ ဆရာကြီး ဂိုအင်ကာ လှူဒါန်းခဲ့သော အိန္ဒိယရှိ ခေါင်းလောင်း တော်ကြီးနှင့် ဆဋ္ဌမ ခေါင်းလောင်း တော်ကြီးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ လှူဒါန်းခဲ့သော ထားဝယ်မြို့ရှိ ခေါင်းလောင်း တော်ကြီး တို့ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ခေါင်းလောင်း တော်ကြီးများ သွန်းလောင်း ရာတွင် ကြေးသွန်း ပညာရှင်များ အနေဖြင့် အတွေ့အကြုံ ကောင်းများ လိုအပ်ခြင်း၊ ကြေးသွန်းရန် လက်ခံရာတွင်လည်း အရှုံးအမြတ် ကို အဓိက မထားဘဲ နောင်တွင် နာမည်ကျန် စေရန်အတွက် အဓိက ထားသည့် ခံယူချက်ရှိခြင်း၊ ခေါင်းလောင်း တော်ကြီး သွန်းလောင်း ရာတွင် အောင်ရာ အောင်ကြောင်း အတွက် လာရောက် ကြည့်ရှုသူ၊ ဝိုင်းဝန်း ကူညီသူများကို ပေးကမ်းရခြင်း စသည့် အခက်အခဲ များနှင့်လည်း ရင်ဆိုင်ရသည်။

ယနေ့အချိန် မြန်မာ တစ်နိုင်ငံလုံးတွင် ခေါင်းလောင်း တော်ကြီးများ သွန်းလောင်းသည့် ကြေးသွန်း ပညာရှင်များမှာ ငါးဦးခန့်သာ ရှိပြီး ၄င်းတို့မှာလည်း အသက် ၅ဝ ခန့်ရှိပြီး မျိုးဆက်သစ် လက်ဆင့်ကမ်းရန် ခက်ခဲကြောင်း၊ နောင်တွင် ကြေးသွန်း ပညာရှင်များ ပျောက်ကွယ် သွားမည်ကို စိုးရိမ်မိကြောင်း မြန်မာမှု ပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

Thursday, May 12, 2016

တရားမ၀င် ရောင်းဝယ် ဖောက်ကားမှုနှင့် မျိုးသုန်းထုတ်လုပ်မှု တို့ကြောင့် ကမ္ဘာ့အကောင်းဆုံး သစ်မွှေးကို မြန်မာနိုင်ငံတွင် တွေ့ရှိရန် ခဲယဉ်းလာ



မန္တလေး ၊ ၁၂-၅-၂၀၁၆

တရားမဝင် ရောင်းဝယ် ဖောက်ကားကြသော ဈေးကွက်များနှင့် မျိုးသုဉ်း ထုတ်လုပ်မှု တို့ကြောင့် ကမ္ဘာ့ အကောင်းဆုံး သစ်မွှေးကို မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိရန် ခဲယဉ်းလာကြောင်း မန္တလေး တက္ကသိုလ် သတ္တဗေဒ ဌာနမှ ပါမောက္ခ ကချင်ပြည်နယ် သစ်မွှေး ဝါသနာရှင်များ အသင်းမှ သစ်မွှေး မျိုးခွဲရေးနှင့် မျိုးကောင်းမျိုးသန့် ရရှိရေးတာဝန်ခံ ဒေါက်တာ ဒေါ်ကလျာလူ ထံမှ သိရသည်။

မြန်မာနိုင်ငံ၌ သစ်မွှေးကို ဒေသခံများက ၄င်းတို့ ကျွမ်းကျင်ရာ တောတောင်အနှံ့ ရှာဖွေ၍ မှောင်ခို ဈေးကွက်တွင် ရောင်းချခြင်းကို လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်ခန့်က တည်းက ဆောင်ရွက် ခဲ့ကြသည်။ ယခုအခါ မျိုးများ ရှင်သန်မှု အားနည်းသည့် သဘာဝ သစ်မွှေးပင်များ ရှားပါးလာပြီး အပင်ငယ်များ ကိုပါ ခုတ်ယူရောင်းချ နေခြင်းကြောင့် သစ်မွှေး မျိုးစိတ်များ မျိုးသုဉ်းရန် အန္တရာယ် ကြီးမား နေကြောင်း သိရသည်။

ယခင်က ကမ္ဘာ့ ပထမတန်းစား သစ်မွှေးကို မြန်မာနိုင်ငံ ကချင်ပြည်နယ် ရှိ အင်ခိုင်ဘွမ် တောင်တန်း၊ တနိုင်းဒေသ၊ ပိတောက်ကြိုးဝိုင်း၊ ဆင်ဘို၊ တာမခန်ဒေသ၊ ဂွေထုဒေသ တို့တွင် တွေ့ရပြီး အတော်အတန် ကောင်းမွန်သော သစ်မွှေးများကို မိုးညှင်း၊ ရွှေကူ၊ ဗန်းမော်၊ ပူတာအို၊ ဆိုင်လော်၊ ၁၈ မိုင်ကျေးရွာ၊ ဆွမ်ပရာဘွမ်၊ ဆားမှော်ဒေသ တို့တွင် ရှာဖွေတွေ့ရှိ ကြောင်း သိရသည်။

၁၉၉၄ မှ ၁၉၉၉ ခုနှစ်ထိ ကောက်ယူခဲ့သည့် စာရင်းအရ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ် အတွင်း ရင်စို့လုံးပတ် ၁၉ မှ ၆၃ စင်တီမီတာ ရှိ သစ်မွှေးပင်ပေါင်း တစ်ဟက်တာ လျှင် သုည ဒသမ ၃၆ ပင်၊ တစ်ဧကလျှင် သုည ဒသမ ၁၄ ပင်ထိ ပေါက်ရောက် ရှင်သန် ခဲ့ကြောင်း သိရသည်။

ယနေ့အချိန်၌ ရင်စို့လုံးပတ် အချင်း ၅ စင်တီမီတာနှင့် အထက် အရွယ်အစား ရှိသော အပင်များကို တွေ့ရှိရန် ခဲယဉ်းပြီး ရင်စို့လုံးပတ် အချင်း တစ်စင်တီမီတာ ခန့်ရှိ အပင်ပေါက် များကိုပင် ဓားခုတ် အနာတရ ဖြစ်စေခြင်း၊ အမည်းစင်း တွေရှိက ခုတ်ယူခြင်း စသည့် မျိုးသုဉ်း ထုတ်လုပ်မှုများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''ဒေသခံတွေက သစ်မွှေးရှာတယ်။ ပြီးရင် အိမ်နီးချင်း နိုင်ငံတွေကို ပို့ဆောင်တဲ့ ကုန်သည်တွေဆီ ရောင်းတယ်။ အဲဒီ ကုန်သည်တွေက တစ်ဆင့် ထိုင်း၊ တရုတ်၊ အိန္ဒိယစတဲ့ နိုင်ငံတွေ ကို တရားမဝင် မှောင်ခိုဈေးကွက် ကနေတစ်ဆင့် ရောင်းချတယ်။ ဒီနိုင်ငံတွေက မြန်မာ့သစ်မွှေး ကို မှောင်ခိုဈေးနဲ့ ဝယ်ပြီးတော့ သူတို့နိုင်ငံ တံဆိပ်ကပ်ပြီး အာရပ်စော်ဘွား နိုင်ငံတွေထိ ရောင်းချတယ်။ ဒါတွေ က မြန်မာ့ သယံဇာတ ဆုံးရှုံး နစ်နာမှုတွေပဲ ဖြစ်ပါတယ်။ တရားမဝင် မှောင်ခိုဈေးကွက်ကို ထိထိမိမိ အရေးယူ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ ကြာရင် မြန်မာ့သစ်မွှေး မျိုးသုဉ်းမယ့် အခြေအနေ ရောက်ပါတော့ မယ်'' ဟု ပါမောက္ခ ဒေါက်တာ ဒေါ်ကလျာလူ က ပြောပြသည်။ (၁၈၀)

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

Monday, April 4, 2016

မြန်မာနိုင်ငံတွင် သင်းခွေချပ်တွေ မျိုးတုန်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ



မန္တလေး ၊ ၄-၄-၂၀၁၆

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တရားမ၀င် မှောင်ခိုရောင်းဝယ် ခဲ့သည့် သင်းခွေချပ် ကောင်ရေ တစ်သန်းကျော် ရှိပြီး ကမ္ဘာပေါ်တွင် မှောင်ခို ရောင်းဝယ်မှု အခံရဆုံး နို့တိုက် သတ္တ၀ါ ဖြစ်ဖွယ်ရှိသည်။ 

သင်းခွေချပ် သတ္တ၀ါ များသည် နေထိုင် ကျက်စားရာ သဘာဝ နယ်မြေများ ပျက်သုဉ်းလာခြင်း၊ အကြေးခွံ၊ အရေခွံနှင့် အသားအတွက် အမဲလိုက် ခံရခြင်းများ ကြုံတွေ့ နေရသည်။ မှောင်ခိုကုန်ကူး ခံရသည့် သင်းခွေချပ် များမှာ တရုတ်နှင့် ဗီယက်နမ် နိုင်ငံများသို့ ရောက်ရှိသွားပြီး ထိုနိုင်ငံများ၌ ကင်ဆာ အပါအ၀င် ရောဂါမျိုးစုံ ကုသရာတွင် အသုံးပြုသည့် တိုင်းရင်းဆေးများ ဖော်စပ်ရန် အသုံးပြုလေ့ ရှိသည်။ 

သင်းခွေချပ် များအား ပမာဏ အများအပြား မှောင်ခို သယ်ဆောင်ခြင်း မကြာခဏ တွေ့ရသည်။ ၂၀၁၅ အောက်တိုဘာလ က တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းဒေသ တွင် သင်းခွေချပ် အသေကောင် ၂၇၆၄ ကောင် (စုစုပေါင်း အလေးချိန် ၁၁ ဒသမ ၅ တန်ခန့်) ကို ထည့်သွင်း သယ်ဆောင် လာသည့် သေတ္တာ ၄၁၄ ခုကို ဖမ်းဆီး ရရှိခဲ့သည်။ တောရိုင်း တိရစ္ဆာန် မှောင်ခို ရောင်းဝယ်မှု စောင့်ကြည့်ရေး အဖွဲ့ TRAFFIC ၏ အစီရင်ခံစာ တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်ရှိ မိုင်းလားမြို့အား တောရိုင်း တိရစ္ဆာန် မှောင်ခိုဈေးကွက် အဖြစ် အာရုံစိုက် လေ့လာမှု ပြုထားသည်။ မိုင်းလားသည် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းတွင် ရှိသော်လည်း ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က အုပ်ချုပ်လျက် ရှိပြီး တရုတ်နိုင်ငံ နယ်မြေတစ်ခု အသွင် ပိုပေါ်လွင် နေသည်။ 

တရုတ် စီးပွားရေး သမားများက မိုင်းလားတွင် နိုက်ကလပ်များ၊ ကာစီနိုများနှင့် ရှားပါးအသား ရောင်းချသည့် စားသောက်ဆိုင် များကို တရုတ် နိုင်ငံသား ဖောက်သည်များ အတွက် ဖွင့်လှစ် လုပ်ကိုင်လျက် ရှိသည်။ 

တိုင်းမ် မဂ္ဂဇင်းက မိုင်းလားမြို့အား “ဒုစရိုက်မှုများ အတွက် အိုအေစစ်” ဟု ခေါ်ဝေါ် ရေးသားခဲ့သည်။ မိုင်းလားမြို့တွင် တရားဥပဒေ စိုးမိုးမှု မရှိခြင်းကို အခွင့်ကောင်း ယူ၍ မှောင်ခို သမားများက ဆင်၊ ကျား၊ ၀က်ဝံ၊ တိဘတ် တောဆိတ်၊ သစ်ကျုတ်နှင့် သင်းခွေချပ် ကဲ့သို့ မျိုးတုံးတော့မည် တိရစ္ဆာန်များကို မှောင်ခို ရောင်းဝယ် လျက်ရှိကာ အာရှ၏ အကြီးမားဆုံး တောရိုင်း တိရစ္ဆာန် မှောင်ခို ဈေးကွက် ဖြစ်ပေါ် လာစေသည်။ မြန်မာ နိုင်ငံသည် သင်းခွေချပ် မှောင်ခို ရောင်းဝယ်မှုများ အတွက် ရင်းမြစ်ဒေသ တစ်ခု ဖြစ်သည်။ အာရှ သင်းခွေချပ် လေးမျိုးအနက် သုံးမျိုးကို မြန်မာနိုင်ငံတွင် တွေ့ရသည်။ မျိုးတုံးမည့် အန္တရာယ် အလွန်မြင့်မား သည်ဟု သတ်မှတ်ခံထား ရသည့် စန်ဒါ သင်းခွေချပ် နှင့် တရုတ် သင်းခွေချပ် များကို မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် တွေ့ရပြီး အိန္ဒိယ သင်းခွေချပ်ကို နိုင်ငံ အနောက်ပိုင်းတွင် တွေ့ရသည်။ 

မိုင်းလားတွင် ရောင်းချနေသည့် သင်းခွေချပ် အကြေးခွံနှင့် အရေခွံများ၏ ဇစ်မြစ်ကို အတိအကျ မသိရသော်လည်း မြန်မာနိုင်ငံမှ သင်းခွေချပ်များ ဖြစ်ဖွယ်ရှိသည်ဟု TRAFFIC ၏ အစီရင်ခံစာ တွင် ဖော်ပြသည်။

မြ၀တီနေ့စဉ် 

Tuesday, March 29, 2016

လူနေအိမ်အများစု၌ မီးသတ်ဆေးဘူးများ အဆင်သင့် ဆောင်ထားမှု နည်းပါးနေ


ရန်ကုန် ၊ ၂၉-၃-၂၀၁၆

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ စစ်ဆေး တွေ့ရှိချက်အရ ရန်ကုန်နှင့် မန္တလေးမြို့ အပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့ကြီးများရှိ လူနေအိမ် အများစု၌ မီးဘေးကြိုတင် ကာကွယ်သည့် အနေဖြင့် မီးငြှိမ်းသတ် ရာတွင် အသုံးပြုသော မီးသတ်ဆေးဘူးများ အဆင်သင့် ဆောင်ထားမှု နည်းပါး နေကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်း မှာပင် နိုင်ငံအတွင်းရှိ ဒေသတချို့၌ မီးအကြီးအကျယ် လောင်ကျွမ်းမှု အများအပြား ဖြစ်ပေါ်ခဲ့ရာ ယခုအခါ နိုင်ငံတစ်ဝန်းရှိ မြို့နယ်များနှင့် ရပ်ကွက်များ၌ သက်ဆိုင်ရာ မီးသတ် ဦးစီးဌာနများက မီးဘေးအန္တရာယ် ကင်းရှင်းစေရေး စစ်ဆေးမှုများကို ယခင်နှစ်များထက် တိုးမြှင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ထိုသို့ လိုက်လံ စစ်ဆေးရာတွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင် များနှင့် တခြား စီးပွားရေး လုပ်ငန်းကြီးများ တွင်သာ မီးသတ်ဆေးဘူးများ ဆောင်ထား သော်လည်း အိမ်တွင်း စီးပွားရေး လုပ်ငန်းငယ်များနှင့် လူနေအိမ် အများစု၌ မီးသတ်ဆေးဘူး များ ဆောင်ထားခြင်း မရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပညာပေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း၊ စားသောက် ဆိုင်များနှင့် ဈေးဆိုင်များ၌ မီးဘေး အန္တရာယ် ကျရောက်လာပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပါ ကြော်ငြာစာရွက်များ ကပ်ပေးခြင်းနှင့် လူနေအိမ်များ၌ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ မီးလောင်မှု ၁၆၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ မီးလောင်မှုပေါင်း ၁ဝ၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးထက်ယံ

မြ၀တီနေ့စဉ် ၊ စာ(၄)

Monday, March 28, 2016

ပြင်ဦးလွင်ရထားလုံးများ အစီးရေလျော့ကျလာ



ပြင်ဦးလွင် ၊ ၂၈-၃-၂၀၁၆

ပြင်ဦးလွင်မြို့၏ သင်္ကေတ အဖြစ် နှစ်ပေါင်း ၁ဝဝ ကျော် လူသိများ ထင်ပေါ် ကျော်ကြားနေသည့် ရထားလုံးများ ခေတ်ကာလ တိုးတက် ပြောင်းလဲ လာမှုကြောင့် မှေးမှိန် ပျောက်ကွယ် သွားရန် မဖြစ်နိုင် သော်လည်း ဆက်လက် မောင်းနှင် ကြမည့် မျိုးဆက်သစ်များ ရှားပါးလာသည့် အတွက် ရထားလုံး အစီးရေ လျော့ကျ လာကြောင်း သိရသည်။ 

အင်္ဂလန်နိုင်ငံ ထုတ် ပြင်ဦးလွင် ရထားလုံး များသည် မော်လမြိုင်မြို့၊ ရန်ကုန်မြို့ တို့မှ တစ်ဆင့် ပြင်ဦးလွင်မြို့သို့ ရောက်ရှိ လာခဲ့ပြီး ပြင်ဦးလွင်မြို့ ၏ တစ်ခု တည်းသော ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေး မြို့တွင်း အနှေးယာဉ် အဖြစ် အချိန် ကြာမြင့်စွာ တည်ရှိ နေခဲ့သည်။

ခေတ်ကာလ တိုးတက်ပြောင်းလဲ လာသည်နှင့် အမျှ မြို့တွင်း ခရီးသည် သယ်ယူ ပို့ဆောင်ရေး တွင် နှစ်ဘီးနှင့် သုံးဘီး ဆိုင်ကယ်များ ဝင်ရောက် နေရာယူ ခဲ့ကြသော်လည်း မြို့၏ သင်္ကေတ တစ်ခုဖြစ် နေသည့် ရထားလုံးများကို လာရောက် လည်ပတ် ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ နှင့် အခြားသော မြို့ရွာများမှ ဧည့်သည်များ စိတ်ဝင်တစား ဖြင့် ငှားရမ်း စီးနင်းလျက် ရှိသည့် အတွက် ပြင်ဦးလွင် ရထားလုံး လုပ်ငန်းရှင် များသည် ယနေ့ချိန်ထိ အဆင်ပြေစွာ ရပ်တည် နေထိုင်နိုင်လျက် ရှိကြောင်း သိရသည်။ သို့သော် ရထားလုံး မောင်းနှင်ခြင်း လုပ်ငန်းကို ယခုအခါ အသက်အရွယ် ကြီးရင့်သူ များသာ အများအားဖြင့် မောင်းနှင်နေကြသည်။

ယခင်က ပြင်ဦးလွင်မြို့ ၌ ရထားလုံး အစီးရေ ၃ဝဝ ကျော် ရှိခဲ့သော်လည်း ယခုအခါ အစီးရေ ၁၅ဝ ခန့်သာ ကျန်ရှိနေပြီး ငှားရမ်း သုံးစွဲသူ များစွာ ရှိနေသေးကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၉)

Thursday, February 25, 2016

တရားဝင်မှတ်ပုံတင် ထားခြင်းမရှိသည့် မော်တော်ယာဉ်နံပါတ်ပြား တပ်ဆင်၍ မောင်းနှင်ခြင်း ၊ ရပ်နားထားခြင်း များကို စိစစ် အရေးယူမည်


တရားဝင်သတ်မှတ်ထားခြင်း မရှိသော အက္ခရာဂဏန်းများ ရေးသားတပ်ဆင်ထားသည့် ယာဉ်တစ်စီးကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၅-၂-၂၀၁၆

တရားဝင် သတ်မှတ်ထားခြင်း မရှိသည့် အက္ခရာဂဏန်းများ ရေးသား တပ်ဆင်၍ သွားလာနေသော ယာဉ်များနှင့် ရပ်နားထားသော ယာဉ်များအား စစ်ဆေး အရေးယူမည် ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင်၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ တရားဝင် မှတ်ပုံတင် ထားသော မော်တော်ယာဉ် စီးရေ ၇၇၂၇၈၈ စီး၊ မော်တော် ဆိုင်ကယ် ၄၅၃၆၅၇ဝ စီး၊ သုံးဘီးဆိုင်ကယ် ၇၃၆၁၁ စီးအထိ ရှိနေပြီး ယခင်ကထက် မော်တော်ယာဉ် ပိုင်ဆိုင် အသုံးပြုခြင်း များပြားလာလျက် ရှိနေကြောင်း သိရသည်။

မော်တော်ယာဉ် များသည် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင် ထားရှိပြီးမှသာ အများပြည်သူ ဆိုင်ရာ လမ်းများပေါ်တွင် မောင်းနှင်ခွင့် ရှိကြောင်း၊ မော်တော်ယာဉ် များ မှတ်ပုံတင် ပေးခြင်း လုပ်ငန်းကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနကသာ ဆောင်ရွက်ပေးလျက် ရှိပြီး ယာဉ်အမျိုးအစား အလိုက်၊ လုပ်ငန်းအလိုက် တပ်ဆင်ရမည့် ယာဉ်နံပါတ် ပြားအရောင်၊ အက္ခရာဂဏန်း အရွယ်အစား၊ နံပါတ်ပြား အသုံးပြုသည့် ပစ္စည်းများ သတ်မှတ်၍ မူသေအမှတ် များကို ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

မော်တော်ယာဉ် ဥပဒေအရ မော်တော်ယာဉ်တွင် တပ်ဆင်ရမည့် မော်တော်ယာဉ် နံပါတ်များနှင့် ပတ်သက်၍ ယာဉ်နံပါတ်ပြား ကို မထင်ရှားအောင် ပြုလုပ်ခြင်း၊ ယာဉ်နံပါတ်ပြား ကို ထင်ယောင် ထင်မှား ဖြစ်စေရန် ပြုလုပ်ခြင်း၊ မမှန်ကန်သော မော်တော်ယာဉ် နံပါတ်ပြားကို တပ်ဆင် အသုံးပြုခြင်း များအား မည်သူမျှ မပြုလုပ်ရဟု တားမြစ်ပြဋ္ဌာန်း ထားသည်။

ယခုအခါ လမ်းများပေါ်တွင် မော်တော်ယာဉ် အချို့သည် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတ်မှတ် ထုတ်ပေး ထားသော ဖောင်းကြွ အက္ခရာ ဂဏန်းများ မဟုတ်သည့် နံပါတ်များ၊ ယာယီနံပါတ်များ၊ ကိုယ်ထည် နံပါတ်များ (ဥပမာ-ယာယီ- ANH 10/----,  ZE-2---- စသည်ဖြင့်) ရေးသား၍ တပ်ဆင်သွားလာ နေသည်ကို တွေ့ရှိရသည်။

မော်တော်ယာဉ် ဥပဒေအရ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိဘဲ မမှန်ကန်သော မော်တော်ယာဉ် နံပါတ်ပြားကို တပ်ဆင်၍ အများပြည်သူ ဆိုင်ရာ နေရာတွင် မောင်းနှင်ခြင်း၊ ရပ်နားထားခြင်း များကို စိစစ်သွားမည် ဖြစ်ပြီး အဆိုပါ ယာဉ်များအား မောင်းနှင်သူများ၊ မောင်းနှင်ခွင့်ပြု သူများအား မော်တော်ယာဉ် ဥပဒေ၊ တည်ဆဲဥပဒေ များနှင့်အညီ တရားစွဲဆို အရေးယူ သွားမည် ဖြစ်သည့်အပြင် မော်တော်ယာဉ် ကိုလည်း သိမ်းဆည်းသွားမည် ဖြစ်၍ မှတ်ပုံတင်ထားခြင်း မရှိသည့် ယာဉ်များ၊ မမှန်မကန်သည့် ယာဉ်နံပါတ်များ တပ်ဆင်၍ မောင်းနှင် စီးနင်းခြင်း မပြုလုပ်ကြရန် အသိပေး တိုက်တွန်းနှိုးဆော် ထားကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မင်းလွင်

မြ၀တီနေ့စဉ် ၊ စာ(၅)

Monday, February 8, 2016

မြစ်ချောင်းများ၌ ရေချိုပုစွန် အဆိပ်ချဖမ်းဆီးခြင်းကြောင့် ရေချိုပုစွန်များ ရှားပါးလာ



မြောက်ဦး ၊ ၈-၂-၂၀၁၆

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် နှင့် မြို့နယ်များရှိ မြစ်ချောင်းများ၌ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိ ပုစွန်ဖမ်းဆီး ရရှိမှုများစွာ ရှိခဲ့သော်လည်း လက်ရှိတွင် ဒေသခံတချို့၏ အဆိပ်ချ ဖမ်းဆီးမှု များ ပြုလုပ်ခြင်းကြောင့် ပုစွန်ရှားပါး လာပြီး ဖမ်းဆီး ရရှိမှုမှာလည်း နည်းပါးလာကြောင်း သိရသည်။

''အရင်က ဒီအချိန်တွေမှာ ဆိုရင် ပုစွန်တွေကို ပေါပေါများများ ဖမ်းဆီးရပြီး တင်ပို့မှု တွေ လည်း ပြုလုပ်ရပါတယ်။ ဒီနှစ်တွေမှာ ရေချိုပုစွန် ဖမ်းမိတာက အတော်လေးကို နည်းပါးသွား ပါတယ်။ ဘာကြောင့်လဲ ဆိုရင် တချို့ဒေသခံတွေက ရေထဲမှာ အဆိပ်ချပြီး ဖမ်းဆီးမှု ပြုလုပ်ကြတော့ တကယ့် ပုစွန်ပေါပေါ များများ ထွက်တဲ့အချိန် ဖမ်းဆီးတဲ့ အခါမှာ ရရှိမှုနည်းပါး သွားတာပါ''ဟု ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ရေချို အရင်းအမြစ် များရှိသည့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့တို့၌ ရေချိုပုစွန်များ ရှားပါး လာကြောင်း သိရသည်။ ရေချိုပုစွန် ရာသီ၌ ဖမ်းဆီးရာတွင် ပိုက်ချ ဖမ်းဆီးခြင်းနှင့် ပိုက်ကွန်ပစ် ဖမ်းဆီးခြင်းများ ပြုလုပ်၍ ပြည်တွင်းပြည်ပ သို့ တင်ပို့လျက် ရှိပြီး အဓိကအားဖြင့် ပြည်တွင်း စားသုံးရန် တင်ပို့ရောင်းချ ကြကြောင်း သိရသည်။

ထိုသို့ ရေချိုပုစွန် ဖမ်းဆီးရရှိမှု နည်းပါးခြင်းကြောင့် အဆိပ်ချ ဖမ်းဆီးခြင်းကို စောင့်ကြည့် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရေချိုပုစွန်များကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အနည်းငယ်သာ တင်ပို့ကာ လက်ရှိတွင် ရန်ကုန်ဈေးကွက် သို့ တင်ပို့မှုများ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, January 29, 2016

ဧရာဝတီမြစ်အတွင်း သဲနှင့် ကျောက်ထုတ်လုပ်ငန်း များကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားပြီး ကျေးရွာများ ရွှေ့ပြောင်းနေရ



ပုသိမ် ၊ ၂၉-၁-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြန်အောင်မြို့နယ် နှင့် အင်္ဂပူမြို့နယ် တို့တွင် ဧရာဝတီမြစ် အတွင်းမှ တရားမဝင် မြစ်သဲနှင့် ကျောက်ထုတ်လုပ်ငန်း များကြောင့် မြို့နယ်အတွင်း နေ့စဉ် ကမ်းပါးပြိုကျမှု များ ဖြစ်ပွားနေပြီး ကျေးရွာများ ရွှေ့ပြောင်း နေရကြောင်း ဒေသခံများထံမှ သိရသည်။

''ကျွန်တော်တို့ရွာမှာ ဆိုရင်တစ်နေ့ကို လက်အလံ ငါးလံလောက်ထိ နေ့တိုင်း ကမ်းပါးတွေပြိုကျ နေပါတယ်။ စိုက်ပျိုးပြီးလယ်တွေ ပါကုန်သလို မြစ်နဲ့ရွာက ကပ်နေတော့ ရွာဦးစေတီပါ မြစ်ထဲပြိုကျ ခါနီး ဖြစ်နေပါပြီ။ဘယ်နေ့ ရွာပါမလဲဆိုတာ စိုးရိမ်ရလို့ ရွာကို အမြန်ဆုံးပြောင်းဖို့ မြေနေရာ ရှာနေရပါပြီ'' ဟု မြန်အောင်မြို့နယ် ပဲတခွဲရွာ (ရေလယ်ကျွန်း) မှ ဒေသခံတစ်ဦးက ပြောပြသည်။

ဧရာဝတီတိုင်း ဒေသကြီး အတွင်း မြစ်သဲကျောက် ထုတ်လုပ်နေမှုကို တရားဝင်အကွက်များ သတ်မှတ်၍ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် လုပ်ငန်းလိုင်စင်ကို ဝယ်ယူလုပ်ကိုင် ရခြင်း ဖြစ်သော်လည်း လိုင်စင်မဲ့ သဲနှင့် ကျောက်ထုတ်လုပ် နေမှုများလည်း ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်အတွင်း အင်္ဂပူမြို့နယ်ရှိ ဂွေးတောက်ချောင်း ကျေးရွာမှ အိမ်ခြေ ၁၈ဝ ကျော်နှင့် ညောင် ကုန်းကျေးရွာမှ အိမ်ခြေ ၁ဝဝ ကျော်လည်း ရွှေ့ပြောင်းပေးခဲ့ ရပြီး လက်ရှိတွင် မြန်အောင်မြို့နယ် ပဲတခွဲ (ရေလယ်ကျွန်း) ကျေးရွာမှ အိမ်ခြေ ၁ဝဝ ကျော်လည်း ရွှေ့ပြောင်းရမည့် အခြေအနေ ရောက်ေ နကြောင်း ဒေသခံများထံမှ သိရသည်။

သဲနှင့် ကျောက်ထုတ်လုပ်ငန်း များကို လိုင်စင်ချထား မပေးမီ မြစ်ကြောင်း ထိန်းသိမ်းရေး ဦးစီးဌာနမှ ပညာရှင်များက ဦးစွာကွင်းဆင်း လေ့လာမှုများ ပြုလုပ်ပြီးမှ သင့်တော်သော နေရာတွင် သဲနှင့် ကျောက် ထုတ် လုပ်ကွက်များ အဖြစ် သတ်မှတ်ကာ စည်းကမ်းနှင့် အညီ လုပ်ကိုင်ရသည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း မြန်အောင်မြို့နယ် မြစ်ကျောက် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

''မြန်အောင်မြို့နယ် ထဲက မြစ်ကမ်းပြိုမှာ စိုးလို့ နိုင်ငံတော်က ကျောက်စုပ်ခွင့် မပြုဘဲ ပိတ်ပင်ထားတဲ့ လုပ်ကွက်တွေကို ပဲတခွဲကျေးရွာ အုပ်ချုပ်ရေးမှူး ကနေပြီးတော့ ဝင်ရောက် လုပ်ကိုင်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီလဆန်းပိုင်းမှာ ဌာနဆိုင်ရာတွေ တိုင်ကြား ခဲ့တာကို အခုချိန်ထိ တရားမဝင် ကျောက်စုပ်နေတဲ့ လူတွေကို တားမြစ်တာ၊ အရေးယူတာ လုံးဝမရှိဘူး ဖြစ်နေပါတယ်'' ဟု မြန်အောင်မြို့နယ်၊ မြစ်ကျောက် လုပ်ငန်းရှင်များ အသင်း တွဲဖက် အတွင်းရေးမှူး ဦးစန်းဌေး က ပြောပြသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

Thursday, January 21, 2016

မြန်မာ့အဖိုးတန်သစ်ခွများ မျိုးမသုန်းစေရန် ၀ိုင်းဝန်းထိန်းသိမ်း ကြရန် အထူးလိုအပ်



နေပြည်တော် ၊ ၂၁-၁-၂၀၁၆

မြန်မာ့အဖိုးတန် သစ်ခွမျိုးများ မျိုးမသုဉ်းစေရန် ဝိုင်းဝန်း ထိန်းသိမ်းကြရန် အထူး လိုအပ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း (BANCA) ၏ မှတ်တမ်းများ အရ သိရသည်။

ကမ္ဘာပေါ်တွင် သစ်ခွမျိုးစိတ် ပေါင်း ၃၅ဝ၈ဝ ကျော် ခန့်ရှိသည်။ မြန်မာနိုင်ငံတွင် သစ်ခွမျိုးစိတ် ပေါင်း ၁ဝဝဝ မှ ၁၅ဝဝ ခန့် ရှိနိုင်သည်ဟု သိပ္ပံ ပညာရှင်များက ခန့်မှန်းထားပြီး သစ်ခွနက် (Black Orchid) သည် မြန်မာနိုင်ငံ ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ် တစ်ခုတည်း၌သာ ပေါက်ရောက် သည့် ဒေသရင်းမျိုးစိတ် ဖြစ်သည်။

အဆိုပါ သစ်ခွမျိုးရင်းဝင် အပင်များကို အုပ်စုလေးစု ခွဲခြားထားပြီး ၄င်းတို့မှာ မြေပေါက်သစ်ခွ (Terrestrial Orchid) ၊ သစ်ကပ်သစ်ခွ (Epiphytic Orchid) ၊ ကျောက်ပေါ်၌ တွယ်ကပ်သစ်ခွ (Lithophytic Orchid) ၊ ဆွေးမြည့် ပစ္စည်းပေါ်၌ တွယ်ကပ်သစ်ခွ (Saprophytic Orchid) တို့ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ရိုးမ၊ စစ်ကိုင်း တိုင်း ဒေသကြီး၊ ချင်းတွင်းမြစ်ဝှမ်း၊ ကချင်ပြည်နယ်၊ ခါကာဘိုရာဇီ ဝန်းကျင်ဒေသ တို့တွင် ရှားပါး သစ်ခွမျိုး များလည်း တွေ့ရှိရသည်။

မြန်မာ့သစ်ခွမျိုး များကို သဘာဝ အနေဖြင့် ထိန်းသိမ်းခြင်းနှင့် မျိုးစိတ်များ ရှာဖွေစုဆောင်း မှတ်တမ်းယူ၍ သိပ္ပံနည်းကျ ထိန်းသိမ်းခြင်း ဟူသော လုပ်ငန်းစဉ် နှစ်ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် တရားမဝင် သစ်ခွစုဆောင်း မှုနှင့် တရားမဝင် နိုင်ငံခြားသို့ တင်ပို့မှု များကြောင့် မြန်မာ့အဖိုးတန် သစ်ခွမျိုးများ မျိုးသုဉ်း မပျောက်ကွယ်သွား စေရန် ဝိုင်းဝန်း ထိန်းသိမ်းကြရန် အထူး လိုအပ်ကြောင်း BANCA ၏ မှတ်တမ်းများအရ သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၂၁)
Related Posts Plugin for WordPress, Blogger...