Social Icons

Pages

Tuesday, February 24, 2015

ဂျပန်နိုင်ငံနှင့် စီးပွားရေးပူးပေါင်း လုပ်ကိုင်ဆောင်ရွက် ခြင်းကြောင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ နည်းပညာ အထောက်အကူများ ရရှိနိုင်



ရန်ကုန် ၊ ၂၄-၂-၂၀၁၅

ဂျပန်နိုင်ငံနှင့် စီးပွားရေး လုပ်ငန်းများ အပိုင်းတွင် ပူးပေါင်း လုပ်ကိုင်ဆောင်ရွက် နိုင်ရန် လုပ်ဆောင်နိုင်ခြင်း များကြောင့် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အနေဖြင့် နည်းပညာ အထောက်အကူများ ရရှိလာနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောသည်။

လက်ရှိ စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လက်မှတ် ရေးထိုးခြင်းတွင် စီးပွားရေးအရ ကန့်သတ်ချက် မရှိကြောင်း၊ မြန်မာနိုင်ငံမှ လက်ခံဆောင်ရွက် ခဲ့သည့်အတွက် မြန်မာနိုင်ငံ၌ လုပ်ဆောင်နိုင်သော စီးပွားရေး လုပ်ငန်းများကို ခြုံ၍ ပူးပေါင်း ဆောင်ရွက်နိုင်ရန် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့်(၁၁) တွင်ရှိနေပြီး လုပ်ငန်းပေါင်း ၄၆ ခုတွင် စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၈၄ သန်းအထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ယခုကဲ့သို့ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်မည် ဖြစ်၍ လက်ရှိတွင် ရင်းနှီးမြှုပ်နှံ ထားသည့် ငွေကြေးထက် များပြား လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများတွင် နည်းပညာပိုင်း ဆိုင်ရာ လိုအပ်ချက်များ အနေဖြင့် အဓိကကုန်ထုတ် လုပ်မှုနည်းပညာများ လိုအပ်နေသည့် အတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းကာ အသက်မွေး
ဝမ်းကျောင်းဆိုင်ရာ သင်တန်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများကို ပို့ချပေး နိုင်ရန်အတွက် မျှော်လင့် နေကြောင်း သိရသည်။

ထို့အပြင် ဂျပန်နိုင်ငံမှ လာရောက် ရင်းနှီး မြှုပ်နှံသူများ အနေဖြင့် သီလဝါ အထူး စီးပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံမှု ရရှိပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ကြောင်း၊ ပြည်တွင်းမှ စားသုံးသူများ အနေဖြင့် နိုင်ငံတကာမှ ဝယ်ယူတင်သွင်း လာသော ပစ္စည်းများအပြင် ပြည်တွင်း၌ပါ ထုတ်လုပ်၍ အသုံးပြုလာနိုင် မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ လာနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် ကပြောသည်။

''ဂျပန် လုပ်ငန်းရှင်တွေ စိတ်ပူ စေတာက ဥပဒေပိုင်းဆိုင်ရာ စီမံဆောင်ရွက်မှု အပိုင်းတွေပါပဲ။ ဥပဒေကို နိုင်ငံတော် အစိုးရ အနေနဲ့ အရင်ထက် အားသွန် ခွန်စိုက် လုပ်နေတယ် ဆိုတာ သိရပေမယ့် တကယ် လက်တွေ့ကျကျ လုပ်ဆောင်မှု တွေမှာ အခက်အခဲ လေးတွေ ရှိတယ်ဆိုတဲ့ ဟာမျိုး ရင်ဆိုင် နေရတယ်လို့ ကြားသိ နေရပါတယ်'' ဟု Mizuho Bank Ltd. မှ ဒုတိယ ဥက္ကဋ္ဌ Masaaki Kono က ပြောသည်။

ခန်ဆိုင်း စီးပွားရေး ဖက်ဒရေးရှင်း နှင့် မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တို့အကြား ၁၉၉၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး ဆောင်ရွက်မှုများ ရှိခဲ့ပြီး နောက်ပိုင်း ၂ဝ၁၂ ခုနှစ် အောက်တိုဘာ လတွင် တစ်ကြိမ် လက်မှတ်ရေးထိုး ခဲ့သကဲ့သို့ ၂ဝ၁၅ ခုနှစ်တွင် ထပ်မံကာ လက်မှတ် ရေးထိုး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...