Social Icons

Pages

Showing posts with label နိုင်ငံတကာသတင်းမှတ်စု. Show all posts
Showing posts with label နိုင်ငံတကာသတင်းမှတ်စု. Show all posts

Thursday, April 6, 2017

ကင်ဆာဝေဒနာရှင်များအား လျှပ်စစ်ဦးထုပ်ဖြင့် စမ်းသပ်ခဲ့ရာ အကျိုးသက်ရောက်မှု ကောင်းမွန်




ဝါရှင်တန် ၊ ၆-၄-၂၀၁၇

ဝါရှင်တန်ဒီစီ အခြေစိုက် အမေရိကန် ကင်ဆာအသင်းက စမ်းသပ် ထုတ်လုပ်လိုက်သည့် လျှပ်စစ်ဦးထုပ် TTFields ကို ကင်ဆာဝေဒနာရှင် များအား ဆောင်းစေပြီး စမ်းသပ်ကြည့်ခဲ့ရာ အချို့သော ကင်ဆာ အမျိုးအစား များအတွက် အကျိုး သက်ရောက်မှု ကောင်းမွန်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အထူးသဖြင့် ဦးနှောက် အကျိတ်ကင်ဆာ ဝေဒနာရှင်များအား အဆိုပါ TTFields အသုံးပြုသောအခါ အကျိုးထူးခဲ့ကြောင်း၊ ၄င်း လျှပ်စစ်ဦးထုပ်က ဦးနှောက်ထဲသို့ လျှပ်စစ်လှိုင်း များကို ပို့ပေးကြောင်း၊ လျှပ်စစ်ဦးထုပ် ကုထုံးနှင့် ဓာတုပစ္စည်းကုထုံး နှစ်မျိုးကို ပေါင်းစပ် လိုက်သောအခါ ဓာတုပစ္စည်း ကုထုံးတစ်မျိုးတည်း အသုံးပြုခြင်းထက် ထူးကဲ သာလွန်သည့် အကျိုးရရှိသည်ကို တွေ့ရကြောင်း သုတေသီ ဒေါက်တာ Roger Strupp က ပြောပြသည်။

ဓာတုပစ္စည်းကုထုံး တစ်မျိုးတည်းခံယူခြင်းနှင့်စာလျှင် အဆိုပါ လျှပ်စစ်ဦးထုပ် ကိုပါ အသုံးပြုခြင်းက အသက်ရှင်ရန် အခွင့်အလမ်း ပိုများ စေကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း ဒေသပေါင်းစုံက အလွှာပေါင်းစုံ၊ အသက်ပေါင်းစုံ လူနာ ၆၉၅ ဦးထက် မနည်းကို စမ်းသပ်ခဲ့ရာ ၄၆၆ ဦးကို TTFields အသုံးပြုစေခဲ့ကြောင်း၊ ဖော်ပြခဲ့သည့် အတိုင်း TTFields က ဦးနှောက်ထဲသို့ လျှပ်စစ်လှိုင်း များကို လွှတ်ပေးကာ ကင်ဆာဆဲလ်များ မပြန့်ပွားအောင် ဟန့်တား နိုင်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ TTFields ကို FDA ခွင့်ပြုချက် လျှောက်ထားခဲ့ရာ Optune အမည်ဖြင့် ဈေးကွက်သို့ တင်သွင်းခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

TTFields ကို တစ်လအသုံးပြုရန် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂၁ဝဝဝ ထက်မနည်း ကုန်ကျမည် ဖြစ်ကြောင်း၊ ကုန်ကျမှုများ သော်လည်း အမေရိကန်နိုင်ငံတွင် ကျန်းမာရေး အာမခံစနစ်ထဲ၌ အကျုံးဝင်သည့် အတွက် လူနာများအတွက် ပူပင်စရာ မရှိကြောင်း၊ နိုင်ငံတကာ ဈေးကွက်တွင် TTFields ၏လစဉ်ကုန်ကျ စရိတ်သည် ပို၍လည်း များနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

Wednesday, March 22, 2017

ပင့်ကူအဆိပ်သည် လေဖြတ်သူများအတွက် ဆေးဝါးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိ


ပင့်ကူအဆိပ်သည် လေဖြတ်သူများအတွက် ဆေးဝါးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိ

လေသင်တုန်း ဖြတ်ခြင်းကြောင့် ကမ္ဘာပေါ်၌ တစ်နှစ်လျှင် လူခြောက်သန်းခန့် သေဆုံးနေရပြီး အသက်ရှင် ကျန်ရစ်သူ ငါးသန်းခန့်မှာမူ ဘဝတစ်သက်တာ လုံးကို မသန်မစွမ်းဘဝဖြင့် နေထိုင်ဖြတ်သန်း သွားရသည်။

အဆိပ်ပြင်းသော ပင့်ကူများ၏ အဆိပ်တွင် ပါဝင်သော ပရိုတိန်း တစ်မျိုးသည် လေသင်တုန်း ဖြတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် ဦးနှောက်ပျက်စီးမှုကို လျော့နည်း စေနိုင်ဖွယ်ရှိကြောင်း သြစတြေးလျ သုတေသန ပညာရှင်များက တွေ့ရှိထားသည်။

ဆေးဝါးကုသမှုတွင် အထောက်အကူ ဖြစ်စေသည့် ပရိုတိန်းကို ရှာဖွေရာတွင် ပင့်ကူအဆိပ် သည် အမြဲတမ်း အကောင်းဆုံးသော နေရာတစ်ခုဖြစ်သည်။ အကြောင်းရင်း မှာမူ ၄င်းတို့၏ အဆိပ်သည် အင်းဆက်ပိုးမွှား များ၏ အာရုံကြောစနစ်ကို ပစ်မှတ်ထားကာ ပြောင်းလဲဖြစ်ပေါ် စေခြင်းကြောင့် ဖြစ်ကြောင်း ကွင်းစလန်းနှင့် မိုနက်ရှ် တက္ကသိုလ်တို့မှ သိပ္ပံပညာရှင် များကဆိုသည်။

ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး အဆိပ်များအနက် တစ်ခုကို သယ်ဆောင် ထားသော funnel-web မျိုးစိတ်ဝင် ပင့်ကူများ၏ အဆိပ်တွင် အဆိုပါပရိုတိန်း ပါဝင်ခြင်းဖြစ်ပြီး သြစတြေးလျ ဒေသတွင်သာ တွေ့ရလေ့ရှိသည့် ၄င်းပင့်ကူမျိုးစိတ်ဝင် ပင့်ကူ သုံးကောင်ကို ကွင်းစလန်း ကမ်းရိုးတန်းရှိ ဖရေဆာကျွန်း ပေါ်မှ ဖမ်းဆီးရမိပြီးနောက် ဓာတ်ခွဲခန်းသို့ ယူဆောင်လာကာ လေ့လာစမ်းသပ်မှုများ လုပ်ဆောင် နေကြောင်း သုတေသနအဖွဲ့ ခေါင်းဆောင် ဂလန်းကင်း က ပြောသည်။

ထို့နောက်တွင် သိပ္ပံပညာရှင် များသည် အဆိုပါပင့်ကူ များ၏ အစွယ်များကို လျှပ်စစ်ဖြင့်ထိတွေ့ လိုက်သည့်အခါ ကြွက်သားများ လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသည့် အဆိပ်များကို သုတေသနပြု လေ့လာခြင်း ဖြစ်သည်။

ယင်းအဆိပ်တွင် Hi la ဟု အမည်ရှိသည့် သေးငယ်သော ပရိုတိန်းတစ်မျိုး ပါဝင်ပြီး ယင်း ပရိုတိန်းသည် လေသင်တုန်းဖြတ် ပြီးနောက် ဖြစ်ပေါ်လာသည့် ဦးနှောက် ပျက်စီးမှုအတွက် အဓိကကျသော ဦးနှောက်အတွင်းရှိ အက်စစ် ဆန်သော အိုင်ယွန် ဆက်ကြောင်း များကိုတားဆီး ပိတ်ဆို့ပေး နိုင်သည်။

Hi la ပရိုတိန်း၏ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးသော အချက်များအနက် တစ်ခုမှာ လေသင်တုန်း ဖြတ်ခြင်းစတင် ဖြစ်ပွားပြီးနောက် ရှစ်နာရီအကြာ အထိ ထူးခြားသော အဆင့်များကို အကာအကွယ် ပေးထားနိုင်ခြင်း ဖြစ်သည်။ ထိုသို့ကာကွယ် ပေးထားနိုင်မှုသည် လေသင်တုန်း ဖြတ်ခြင်းကို ကုသရန်အတွက် အခွင့်အလမ်းများကို ပိုမိုရရှိစေခြင်း ဖြစ်သည်။

ထို့ပြင် Hi la သည် အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သက်ရောက်မှု ရှိသည့် ဦးနှောက် အတွင်းပိုင်း နေရာကိုလည်း ကာကွယ်မှုအချို့ ပေးနိုင်သည်။ ယင်းဦးနှောက် အတွင်းပိုင်း နေရာသည် လေသင်တုန်း ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်သည့် ဆဲလ်များ အလျင်အမြန် သေဆုံးမှုကို ပြန်လည် အစားမထိုးနိုင်သည့် နေရာတစ်ခု ဖြစ်သည်။

အဆိုပါပင့်ကူ အဆိပ်ကို လက်ရှိ၌ ကြွက်များတွင်သာ စမ်းသပ်ထားခြင်း ဖြစ်ပြီး အကယ်၍ လူများတွင် အမှန်တကယ် အသုံးဝင်ပါက လေသင်တုန်း ဖြတ်သော လူနာတစ်ဦးကို လူနာတင်ကား အပေါ်မှာပင် အရေးပေါ်ကုသမှု ပေးနိုင်သည့် အတွက် ယင်းလူနာ အနေဖြင့် အသက်ရှင်သန် နိုင်သော အခွင့်အရေး ပိုမိုရရှိ စေမည် ဖြစ်ပေသည်။

Peptide in funnel-web spider venom slows death of neurons in rats after stroke, study shows

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၂)

Tuesday, March 21, 2017

နှစ်စဉ် ကလေး ၁၂၀၀၀ ဦးထက်မနည်း ဆေးဝါးမှတစ်ဆင့် ဘိန်းအဆိပ်သင့်မှု ခံစားနေရ



နယူးယောက် ၊ ၂၁-၃-၂၀၁၇

အမေရိကန် ပြည်ထောင်စုတွင် ဆယ်ကျော်သက်များ ကိုသာမက ကလေးသူငယ်များ ကိုပါ ဆရာဝန်များက မှားယွင်းစွာဖြင့် ဘိန်းပါသော အကိုက်အခဲ ပျောက်ဆေးများကို ပေးမိသည့် အတွက် နှစ်စဉ် ကလေး ၁၂၀၀၀ ဦးထက်မနည်း ဆေးဝါးမှတစ်ဆင့် ဘိန်းအဆိပ်သင့်မှုကို ခံစားနေရကြောင်း အမေရိကန် ပြည်ထောင်စု၊ ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီး ကာကွယ်ရေးဌာန CDC က ထုတ်ပြန် ကြေညာသည်။ 

ဆရာဝန်များက အသက်ငယ်ရွယ်လွန်း သူများကို  buprenorphine ကဲ့သို့ ဆေးဝါးများကို သတိမမူမိဘဲ ပေးမိနေခြင်း ဖြစ်ကြောင်း၊ ၄င်းဆေးဝါးသည် ဘိန်းစွဲခြင်းကို ဖြတ်ရာတွင် အသုံးပြုသည့် ဆေးဝါးများအုပ်စု တွင် ပါဝင်ကြောင်း၊ ဆယ်ကျော်သက် များကမူ အဆိုပါဆေးဝါး များကို မလိုအပ်ဘဲ အလွဲသုံး နေကြသည်ကို လေ့လာတွေ့ ရှိရကြောင်း CDC မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

" အကိုက်အခဲ ပျောက်ဆေး အပြင်းစားတွေမှာ ဘိန်းအာနိသင် ပါဝင်ပါတယ်။ လူကြီးတွေမှာတောင် ဒီဆေး တွေကို  စွဲလန်းတဲ့ ရောဂါကြောင့် ဘိန်းအဆိပ်သင့်မှု ဖြစ်ပွားသေဆုံး တာကို မကြာခဏ ကြားသိနေရ ပါတယ်။ အဲဒီလို ဆေးအပြင်းစား မျိုးကို ဆယ်ကျော်သက် တွေကိုပေးမိရာ ကနေ အခုဆိုရင် လူမမည်အရွယ် ကလေးငယ်တွေ ကိုတောင်  မှားယွင်းတိုက်ကျွေး မိတာတွေ ဖြစ်ပွားနေပါတယ်။ နှစ်စဉ် ကလေးပေါင်း သောင်းနဲ့ ချီ ဆေးရုံကို တက်ရောက်ကုသမှု ခံယူနေရပါတယ်။ ဒီလိုဖြစ်နေတာကို ထိရောက်စွာ ဟန့် တားဖို့  အချိန်တန် နေပါပြီ " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

အမေရိကန် ပြည်ထောင်စုသည် ဘိန်းအာနိသင် ပါသော အပြင်းစား အကိုက်အခဲ ပျောက်ဆေးများ၏ လွှမ်းမိုး ချယ်လှယ်မှုကို တဖြည်းဖြည်း ခံနေရပြီဖြစ်ကြောင်း၊ ၄င်းဆေးဝါးများကို မူးယစ်ဆေးဝါး သဖွယ်သုံးစွဲ လာကြ ပြီး ဆေးလွန်ကဲသေဆုံးမှုသည်လည်း စံချိန်တင်များပြား လာပြီဖြစ်ကြောင်း၊ ၂၀၁၄ တစ်နှစ်ထဲတွင် ဘိန်းပါသည့် အကိုက်အခဲ ပျောက်ဆေး လွန်ကဲစွာ သုံးစွဲမှုကြောင့် သေဆုံးသူ ၄၇၀၀၀ ဦးရှိခဲ့ကြောင်း၊ ၄င်းနှစ်တွင်ပင် ယာဉ်/လမ်း အန္တရာယ်ကြောင့် သေဆုံးသူ ၃၂၀၀၀ ဦးသာရှိခဲ့ရာ ကမ္ဘာပေါ်တွင် လူသေဆုံးမှု အများဆုံး ကိုဖြစ်စေသည့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ ကိုပင် ဘိန်းပါသည့် ဆေးလွန်ကဲမှုကြောင့် သေဆုံးသူ ဦးရေက ကျော်လွန် သွားခြင်းပင် ဖြစ်ကြောင်း သိရသည်။ 

ဘိန်းဖြူအာနိသင် ပါရှိပြီး ကလေးငယ်များ ကိုပင် တိုက်ကျွေးမိ နေသော ဆေးဝါးများမှာ hydrocodone, codeine, oxycodone, propoxyphene, tramadol, morphine, methadone, buprenorphine, meperidine, hydromorphone, fentanyl, အစရှိသည့် ဆေးဝါးများဖြစ်ကြောင်း၊ ကလေးငယ်များ ဖြစ်သည့် အလျောက်  ၄င်းဆေးဝါးများကို အလိုအလျောက် ရရှိလာခြင်း မဟုတ်ဘဲ ဆရာဝန်က ဆေးညွှန်း ပေး၍သာ စတင်ရရှိခြင်း ဖြစ်သည့်အတွက် အမေရိကန် ပြည်ထောင်စုတွင် ၄င်းကိစ္စကို ကြပ်မတ်ဆောင်ရွက် သွားတော့မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Thursday, March 16, 2017

မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO)ကပင် ကြားဝင်နေရပြီဖြစ်သည့် တူရကီနှင့် နယ်သာလန်တင်းမာမှု



( ရှိန်းထက် ဘာသာပြန်သည်း )

မတ် ၁၁ ရက်မှာ နယ်သာလန် က ၎င်း၏နိုင်ငံရောက် တူရကီထောက်ခံ ဆန္ဒပြ သူများကို ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြ ခြင်းကြောင့် အင်အားသုံး ဖြိုခွဲမှုမှ စတင်ကာ တူရကီနှင့် နယ်သာလန် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှု ပိုမိုဆိုးရွား လာသည်။ 

တူရကီဘက်က ၎င်း၏ဝန်ကြီး နှစ်ဦးကို စည်းရုံးဟောပြော ခွင့်ပိတ်ပင်သည့် အပြင် နယ်နှင်ဒဏ်ပင် ပေးလိုက်သည့် အတွက် လူသိရှင်ကြား တောင်းပန် ရမည်ဟု ပြောသည်။ အာဒိုဂန် အစိုးရသည် နယ်သာလန် အစိုးရက တူရကီ အစိုးရကို စော်ကားသည့် ဖြစ်ရပ်ဟု ယူဆကာ နယ်သာလန်ကို ဖိအားပေး နေခြင်း ဖြစ်သည်။ ထို့ပြင် နယ်သာလန်ကို နာဇီဂျာမနီ နှင့်ပင် နှိုင်းခံရပြီး အပြောခံ ထားရ သောကြောင့် နယ်သာလန် ကလည်းလုံးဝ တောင်းပန်မည် မဟုတ်ပေ။ 

နယ်သာလန် ပြည်သူများ နာဇီတို့ ဒဏ်ကို အလူးအလဲ ခံစားခဲ့ဖူး ထားသောကြောင့် ဖြစ်သည်။ နာဇီဟု ဆိုလိုက်လျှင် ဂျာမနီ ကိုယ်တိုင်ပင် ၎င်းကို စွပ်စွဲခြင်း လုံးဝ မကြိုက်ပေ။ ထို့ကြောင့် နာဇီကို မွေးဖွားပေးသည့် ဂျာမနီ ကိုယ်တိုင်က ခါးခါးသီးသီး မုန်းတီးနေလျှင် ၎င်း၏ဒဏ်ကို ရက်ရက်စက်စက် ခံစားရ ဖူးသည့် နိုင်ငံဆိုလျှင် တော့ပြောဖွယ် ရာမရှိတော့ပေ။ 

ယခု နယ်သာလန် ကလည်း ခံစားထားဖူး သည့်အတွက် တူရကီသမ္မတ အာဒိုဂန်၏ ဝေဖန် နှိုင်းယှဉ်ချက်ကို ဒေါသ ထွက်နေသည်။ ထို့ကြောင့် တူရကီတို့ လိုချင်သည့် တောင်းပန်မှုကို နယ်သာလန် ဆီက ရရှိနိုင် လိမ့်မည် မဟုတ်ပေ။ ထိုအချက်ကို ဂျာမန် ဝန်ကြီးချုပ် အိန်ဂျဲလာ မာကယ်လ် ကပင် ထောက်ခံ နေသည်။နာဇီဟု နှိုင်းလိုက်လျှင် ၎င်း၏ ဂျာမနီပြည်သူ များကပင် မကြိုက်ကြဘဲ ယခု အတိတ်က လက်တွေ့ ခံစားရ ဖူးသည့် နယ်သာလန်ကို နာဇီနှင့် နှိုင်းယှဉ် ပြောဆိုခြင်းကို မလုပ်သင့်ဟု မာကယ်လ်က အာဒိုဂန်ကို ဝေဖန်ထားသည်။

 ထို့ကြောင့် ဂျာမနီက ယခု ပဋိပက္ခတွင် နယ်သာလန် ဘက်က ရပ်တည် နေသည်မှာ ကျိန်းသေနေသည်။ ဥရောပ သမဂ္ဂထဲသို့ ဝင်ရန် ကြိုးစားနေသည့် တူရကီ အတွက် ဂျာမနီနှင့် ပြဿနာ ဖြစ်၍တော့ အဆင်ပြေ လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မာကယ်လ်၏ ဝေဖန်ချက်ကို  အာဒိုဂန် ရေငုံနှုတ်ပိတ် နေမည်မှာ ကျိန်းသေနေသည်။ တူရကီတို့ ဥရောပသမဂ္ဂ ထဲသို့ ဝင်ရန်ကြိုးစား နေသော ကြောင့်ဖြစ်သည်။ 

ဥရောပ၌ အဓိက စီးပွားရေး ကဏ္ဍကို ဂျာမနီက ယူထားသည်။ ယခု ပျောက်ကွယ် သွားသည့် ဗြိတိန် နေရာကိုပင် ပြင်သစ်နှင့် ပူးတွဲပြီး ဂျာမနီက ဖြည့်စွက် ပေးရမည့် တာဝန် ဖြစ်နေသည်။ ထို့ကြောင့် တူရကီတို့ ဂျာမနီနှင့် အဆင်ပြေအောင် ပေါင်းသင်း ရမည် ဖြစ်သည်။ 

တူရကီ သမ္မတ အာဒိုဂန်က နောက်ခံ ကောင်းလျှင် လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲ သည့်သတ္တိ ရှိသည်။ ဆီးရီးယား နယ်စပ်၌ ရုရှား ဂျက်တိုက်လေယာဉ် ကိုပစ်ချ ခဲ့သည်က သာဓက ပင်ဖြစ်သည်။ ရုရှားတို့က စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ဆိုတော့လည်း အာဒိုဂန်က ရုရှားက မီးနှင့်ကစား နေသည်ဟုပင် ပူတင်ကို ခြိမ်းခြောက်ခဲ့ သေးသည်။တူရကီနှင့် ရုရှား နှိုင်းယှဉ် လျှင်တော့ စစ်ရေးအရ များစွာကွာသည်။

 သို့သော် အာဒိုဂန်က ပြောရဲဆိုရဲ လုပ်ရဲ ကိုင်ရဲ ဖြစ်နေခြင်းမှာ ၎င်း၏နောက်မှ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(NATO) ရှိနေသောကြောင့် ဖြစ်သည်။ ယခုတော့ စစ်ရေးအရ ၎င်း၏နောက်က ကျားကန် ထားသည့် ဒေါက်တိုင် ကိုလည်း တူရကီတို့ အသုံးပြု၍ မရတော့။ 

နယ်သာလန် ကိုယ်တိုင်ကပင် NATO အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ချက်ချင်းဖြေရှင်း ရမည့်ပြဿနာ ဖြစ်နေသည်။ သို့သော် နှစ်နိုင်ငံ စလုံးက ရန်စောင် နေကြပြီး သံတမန်ရေး နည်းလမ်းများကို ယခုအချိန်ထိ အသုံး မပြုကြ သေးဘဲ စကားလုံးများ ဖြင့်သာတိုက်ခိုက် နေကြသည်။ ထိုအချိန်တွင် နှစ်နိုင်ငံ စလုံးမှာလည်း ပြည်တွင်း၌ မဲဆွယ်ပွဲများ အပြိုင်အဆိုင် ပြုလုပ်နေ ကြသည်။

နယ်သာလန် ကတော့ ရွေးကောက်ပွဲကို မတ် ၁၅ ရက် သတ်မှတ်ခဲ့သည့် အတွက် အနီးကပ်ဆုံး အချိန် မတ် ၁၁ ရက်တွင် တူရကီ အစိုးရ၏ မဲဆွယ်ပွဲကို လက်မခံ သည်မှာ သဘာဝကျ နေသည်။ အနီးကပ် ဆုံးနှင့် အရှုပ်ထွေးဆုံး အချိန်မှာ ထောင်သောင်း ချီသော လူအုပ်ကြီးနှင့် အလုပ်ရှုပ် မည်စိုးသော ကြောင့်ဖြစ်သည်။ ရွေးကောက်ပွဲ ကာလဖြစ်သည့် အတွက် သတိထားနေ ရသည့် အချိန်တွင် ပြဿနာ တစ်ခုခု ဖြစ်သွားလျှင် နယ်သာလန် အစိုးရအတွက် နာမည် ပျက်ဦးမည်။ ရွေးကောက်ပွဲ အတွက်လည်း မဲရလဒ် များက အပြောင်းလဲ ကြီးပြောင်းလဲ သွားနိုင်သည်။

ထို့ကြောင့် တူရကီ အစိုးရက ၎င်း၏နိုင်ငံ အတွင်း မဲဆွယ်ပွဲကို လက်မခံခြင်း ဖြစ်သည်။ တူရကီကတော့ ၎င်း၏ ရွေးကောက်ပွဲ ကို ဧပြီ ၁၆ ရက်မှသာ ကျင်းပမည် ဖြစ်သည့်အတွက် အချိန်ရသည်ဟု ဆိုနိုင်သည်။ ဧပြီလထဲမှာ မဲဆွယ်လျှင်ပင် အချိန်မီနိုင် သေးသည်။ သို့သော် ယခုဖြစ်ရပ် ကြောင့် အာဒိုဂန် အစိုးရအတွက် နယ်သာလန်ရောက် တူရကီများ ဆီမှ မဲအများဆုံး ရရန် ကျိန်းသေသလောက် ဖြစ်နေသည်။ 

အဝေးရောက် ၎င်း၏ နိုင်ငံသားများ ကို ဦးစားပေးပြီး နိုင်ငံရေး အရပင် ထိပ်တန်းအဆင့် တင်းမာ ခံရဲသူ အာဒိုဂန် အစိုးရက နယ်သာလန်ရှိ တူရကီ နိုင်ငံသား များအတွက် သူရဲကောင်းကြီး ဖြစ်နေသည်။ အာဒိုဂန် ကလည်း ထိုအကွက်ကို အသုံးချခြင်း ဖြစ်နိုင်သည်။ ၎င်း ပြည်တွင်း၌ အာဒိုဂန်ကို ထောက်ခံသူ နည်းသည်ထက် နည်းလာသည်။ ထို့ကြောင့် ပြည်ပ အင်အားကို အာဒိုဂန် အသည်းအသန် လိုအပ်နေသည့် အချိန်ဖြစ်သည်။ 

တိုက်ဆိုင်စွာပင် နယ်သာလန် ကလည်း ရွေးကောက်ပွဲ ကျင်းပမည်။ နယ်သာလန် မှာလည်း ၎င်း၏ နိုင်ငံသား အရေအတွက်က အများဆုံး သန်းနှင့်ချီ ရှိနေသည်။ ထို့ကြောင့် အခွင့်အရေး ကို အသုံးချကာ အာဒိုဂန်က ၎င်းးကို ထောက်ခံမဲ ရအောင် အကွက်ဆင် ခြင်းဟုလည်း နိုင်ငံရေး လေ့လာသူ များက သုံးသပ်ကြသည်။ 

အကယ်၍ နယ်သာလန် ရောက်တူရကီ နိုင်ငံသားများ ၏ထောက်ခံမဲ အရေအတွက် သည်သန်းနှင့် ချီပြီးရမည် ဆိုလျှင် အာဒိုဂန် အတွက် နယ်သာလန်နှင့် တင်းမာမှု ဖြစ်ရသည့် အတွက်တန်သည် ဟုဆိုရမည် ဖြစ်သည်။ ယခု တူရကီ ဘက်ကလည်း လျှော့မပေး၊ နယ်သာလန် ဘက်ကလည်း အလျှော့ မပေးပေ။ ၎င်း၏ နိုင်ငံသား များကို အင်အားသုံး ဖြိုခွင်းသည့် အတွက်နှင့် ဝန်ကြီး နှစ်ဦးကို နှင်ထုတ်သည့် အတွက် လူသိရှင်ကြား တောင်းပန် ရမည်ဟု ထပ်တလဲလဲ ပြောနေသည်။

နောက်ဆုံး တင်းမာမှု များက တစ်စတစ်စ မြင့်တက်လာပြီး နှစ်ဖက်စလုံး ကလည်း အလျှော့ပေးမည့် အရိပ် အယောင်မျှပင် မတွေ့ရ သောကြောင့် နှစ်နိုင်ငံ စလုံးနှင့် သက်ဆိုင် နေသည့် NATO အဖွဲ့ကပင် ကြားဝင်လာ နေရပြီ ဖြစ်သည်။

NATO အဖွဲ့ အတွင်းရေးမှူး ချုပ်ယင်းန် စတိုင်လ်ကျင်ဘက်ဂ် ကပင် နှစ်နိုင်ငံ အစိုးရ များနှင့် သီးခြားသွား ဆွေးနွေး ရသည့် အဖြစ်။ စတိုင်လ်ကျင် ဘက်ဂ်က ဒီမိုကရေစီ နည်းလမ်းမှာ တင်းမာသည့် စကားလုံးများ ဖြင့်ငြင်းခုံ ကြခြင်းက သဘာဝ ဖြစ်သော်လည်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားသည့် သံတမန်ရေး အနေအထား ဖြင့်သာ ယင်းပြဿနာ ကိုဖြေရှင်း ခြင်းမှာ အကောင်းဆုံး ဖြစ်သည်ဟု ဆိုထားပါကြောင်း တင်ပြလိုက် ရပါသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

Monday, March 13, 2017

အစေ့စားသီး နှင့် အခွံမာသီးများကို လုံလောက်စွာ မစားသောကြောင့် နှလုံးရောဂါဖြစ်ပွားမှုမြင့်မားနေ



နယူးယောက် ၊ ၁၃-၃-၂၀၁၇

ကမ္ဘာတစ်ဝန်းတွင် လူသေဆုံးမှု အများဆုံး ဖြစ်စေသော ရောဂါတစ်မျိုး ဖြစ်သည့် နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မား နေရခြင်းသည် အစေ့စားသီး နှင့် အခွံမာသီး များကို လုံလောက်စွာ စားသုံးခြင်း မရှိသည့် အတွက်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ထုတ်ပြန် ကြေညာသည်။

နှလုံးရောဂါ အမျိုးအစား အမျိုးမျိုးဖြစ်သည့် နှလုံးခုန် ရုတ်တရက် ရပ်တန့်ခြင်း၊ နှလုံးသွေးညှစ်အား နည်းခြင်း၊ လေဖြတ်ြခင်း အစရှိသည် တို့ကြောင့် လူသေဆုံးမှု နှုန်းသည် နှစ်စဉ်သန်းနှင့်ချီ ရှိနေပြီး ၂ဝ၁၂ ခုနှစ် တစ်နှစ်တည်း တွင်ပင် နှလုံးရောဂါ ဖြစ်ပွားသေဆုံးသူ ဦးရေသည် ကမ္ဘာတစ်ဝန်းတွင် ၁၇ ဒသမ ၅ သန်းထက် မနည်း ရှိခဲ့ရာ တစ်ကမ္ဘာလုံး အကြောင်း အမျိုးမျိုးကြောင့် လူသေဆုံးမှု၏ ၃၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

''အစားအစာကို ကျန်းမာရေး နဲ့ ညီညွတ် မျှတအောင် မစားကြတဲ့ အတွက် နှလုံးရောဂါ အပါအဝင် ရောဂါမျိုးစုံ ဖြစ်ပွားရတာပါ'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။ အစေ့စားသီးများ၊ အခွံမာသီး များနှင့် ဟင်းသီးဟင်းရွက် များကို လုံလောက်အောင် မစားပေးခြင်း၊ ဆားကဲ့သို့ အငန်ဓာတ်ကို လွန်ကဲစွာ စားသုံးခြင်း၊ အဆီအအိမ့် များကို မရှောင်နိုင်ခြင်း၊ နေထိုင်မှုပုံစံ မှားယွင်းခြင်းနှင့် ကိုယ်လက်လှုပ်ရှား မှုနည်းပါးခြင်း တို့ကြောင့် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားရခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Wednesday, March 8, 2017

၂၀၁၇ ခုနှစ်တွင် စီးပွားရေးထပ်မံနှေးကွေး နေဦးမည့် တရုတ်


၂၀၁၇ ခုနှစ်တွင် စီးပွားရေးထပ်မံနှေးကွေး နေဦးမည့် တရုတ်

( ရှိန်းထက် ဘာသာပြန်သည်။ )


၂ဝဝ၅ ခုနှစ် ဝန်းကျင် ကတည်းက စတင်ကျဆင်း လာသော စီးပွားရေး ရေစီးကြောင်းကို တရုတ်တို့ ယခုအချိန်ထိ ကောင်းမွန်စွာ မထိန်းချုပ်နိုင် ဖြစ်နေသေးသည်။ စီးပွားရေးထပ်မံ တိုးတက်ရန် ရည်မှန်းချက်ထက် အောက်ဆုံး မည်မျှ အဆင့် အထိသာ ကျဆင်းခံမည် ဟူသည့် ရည်ရွယ်ချက် ဖြင့်သာ လျှောက်လှမ်းလျက် ရှိသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခု လောက်က စီးပွားရေး တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်း အထက်တွင်ရှိသော တရုတ်သည် ယခု ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေရန် အစွမ်းကုန် ကြိုးပမ်းနေရသည်။ ၆ ဒသမ ၅ ရာခိုင်နှုန်း ဆိုသည်က ယေဘုယျ ခန့်မှန်းချက် ပင်ရှိသေးသည်။ ခန့်မှန်းထားသည့် စီးပွားရေး တိုးတက်မှုသည် လက်တွေ့တွင် အနည်းဆုံး ၂ ရာခိုင်နှုန်းလောက် ကွာဟတတ် သေးသည်။

ထို့ကြောင့် တရုတ်တို့ ခန့်မှန်းထားသည့် ၆ ဒသမ ၅ ရာခိုင်နှုန်း လက်တွေ့ ဖြစ်လာရေးက ၆ ရာခိုင်နှုန်း စွန်းစွန်းသာရှိရန် အလားအလာက ပိုများနေသည်။ တရုတ်တို့က ၄င်းတို့စီးပွားရေး ကျဆင်းလာခြင်းမှာ ရင်းနှီးမြှုပ်နှံမှု ပိုင်းတွင် အားနည်းခြင်း ကြောင့်ဟုဆိုကာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့် လုပ်ဆောင်သည်။

တရုတ်တို့ ကြီးပွားလာရခြင်း အဓိက အကြောင်းရင်း ကလည်း ထိုရင်းနှီးမြှုပ်နှံမှု ကြောင့်ဖြစ်သဖြင့် ထိုအကြံက မှန်ကန်သည်ဟု ထင်စရာ ရှိနေသည်။ ထို့ကြောင့် ပြည်တွင်း ထုတ်လုပ်မှု ပိုင်းရော အခြေခံ အဆောက်အအုံ ကဏ္ဍ ဖွံ့ဖြိုးမှုပိုင်းကိုပါ တရုတ်တို့ ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့ ကြသည်။ သို့သော်လည်း ပုံအော ရင်းနှီးမြှုပ်နှံ သည့် နှစ်နှစ်၊ သုံးနှစ် အတွင်းတွင် ထင်ထားသကဲ့သို့ ဖြစ်မလာဘဲ စီးပွားရေး ကျဆင်းမှုက ပိုမိုဆိုးရွား လာသည်။

ယခုတော့ တရုတ်စီးပွားရေး ပညာရှင် များထဲက အမှားများကို ကြားလာရပြီ ဖြစ်သည်။ လိုအပ်သည်ထက် အလွန်အကျွံ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် နေသောကြောင့် စီးပွားရေးပိုမို ကျဆင်းလာရခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း အလုပ်အကိုင် အခွင့်အလမ်း ကတော့ တရုတ်တို့ သန်းဆယ်နှင့်ချီကာ ဖန်တီးပေး နိုင်ခဲ့သည်။

၂ဝ၁၆ ခုနှစ် တစ်နှစ်တည်း တွင်ပင် တရုတ်နိုင်ငံ၏ အလုပ်အကိုင် ဖန်တီးပေး နိုင်မှုစွမ်းအားသည် ၁၃ သန်းကျော် ရှိခဲ့သည်။ အရှုံးထဲက အမြတ်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် တရုတ်တို့ ရင်းနှီးမြှုပ်နှံမှု များက ထင်မှတ်ထား သလောက် ရုပ်လုံး ပေါ်မလာသော အခါ ထိုအလုပ်အကိုင် အခွင့်အလမ်းများက ရေရှည် ရပ်တည်နိုင် ပါ့မလားဆိုသည့် သံသယ ကလည်းရှိ လာပြန်သည်။

ယခုနှစ်အတွက် တရုတ်တို့ အလုပ်အကိုင် ဖန်တီးပေးနိုင်စွမ်း ၁ဝ သန်းလောက် ကိုသာ ပစ်မှတ်ထား နိုင်တော့သည်။ နိုင်ငံ၏ ထုတ်ကုန်ကဏ္ဍ ကလည်း ရင်းနှီးမြှုပ်နှံမှု ပြု ထားသလောက် ပေါ်ထွက်မလာ၊ အခြေခံ
အဆောက်အအုံ ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု များကလည်း လိုအပ်သည်ထက် ပိုပြီး သုံးသင့်သည့် နေရာများတွင် သုံးထားသည့် အတွက် တရုတ်တို့ ငွေများက ထိုအထဲတွင် မြုပ်နေသည်။

ထို ထုတ်ကုန်ကဏ္ဍ အားနည်းသွား ခြင်းနှင့် ဆက်နွှယ်ကာ တရုတ်၏ ပြည်ပ ပို့ကုန်ကဏ္ဍ အကြီးအကျယ် ကျဆင်းသွားသည်။ အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီိ ကျဆင်း သွားသည့်အတွက် တရုတ်တို့ ကုန်သွယ်ရေး ကဏ္ဍကို တိုးမြှင့်ရန် အခြေခံ အဆောက်အအုံ ကဏ္ဍဖြစ်သည့် ရထားလမ်း၊ တံတားနှင့် အဝေးပြေး လမ်းမများ ထပ်မံဖောက်လုပ် ပြန်သည်။ ထိုနေရာများက တရုတ်၏ ရင်းနှီးမြှုပ်နှံမှုကို ထပ်မံစုပ်ယူ သွားပြန်သည်။ ထို့ကြောင့် စီးပွားရေး ပညာရှင်များက အလွန်အကျွံ ရင်းနှီးမြှုပ်နှံမှုကြောင့် တရုတ် စီးပွားရေး ကျဆင်းနေရသည် ဟု ဆိုနေခြင်း ဖြစ်သည်။ တရုတ်အစိုးရက ၄င်းတို့ GDP ၏ ၅ဝ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အသုံးပြုသည်။ စီးပွားရေး ကျဆင်း လာသည့်အခါ ပို၍ အသုံးပြုခဲ့သည်။ ကျဆင်းလာသည့် စီးပွားရေးကို ပြန်လည် မောင်းနှင်ရန် ရင်းနှီးမြှုပ်နှံမှု အပိုင်းက အကောင်းဆုံး အဖြေဟု တရုတ်တို့ တွေ့ထား ခဲ့သောကြောင့်ဖြစ်သည်။

သို့သော်လည်း ထိုရလဒ်က စီးပွားရေး တိုးတက်မှုနှုန်းကို ၆ ရာခိုင်နှုန်း ဝန်းကျင်တွင်သာ ရပ်တန့်ထားသည်။ ရာစုနှစ်တစ်စု၏ လေးပုံတစ်ပုံ ၂၅ နှစ်စာတွင် တရုတ်တို့၏ အနှေးကွေးဆုံး စီးပွားရေး တိုးတက်မှုဟု ဆိုရမည် ဖြစ်သည်။ စီးပွားရေး ကျဆင်းလာသဖြင့် စစ်ရေး၌ ကမ္ဘာ့ပထမ ဖြစ်ရေးဟူသော တရုတ်တို့၏ ရည်မှန်းချက်များ ကိုလည်း ထိခိုက်လာရ တော့သည်။

ယခင်က စစ်ရေးကို ရာခိုင်နှုန်း ဆယ်ဂဏန်းနှင့်ချီ၍ မြှင့်တင်ခဲ့သော တရုတ်တို့ ယခု ၇ ရာခိုင်နှုန်း ဝန်းကျင်တွင်သာ နေရာယူထားရသည်။ ၂ဝ၁၇ ခုနှစ်အတွက် စစ်အသုံးစရိတ် ကိုလည်း ၇ ရာခိုင်နှုန်းသာ တိုးမြှင့်မည်ဟု ဆိုထားသည်။ စီးပွားရေး ကျဆင်းလာခြင်း နှင့်အတူ စစ်ရေးအသုံးစရိတ်ပါ ဆက်တိုက် ဆိုသလို အနည်းဆုံးသို့ ကျဆင်းလာခြင်းဖြစ်သည်။ ထို ၇ ရာခိုင်နှုန်း ကိုပင် တရုတ်တို့ အစပိုင်းကထက် လျှော့ချရန် စိတ်ကူးရှိနိုင်သည်။ ထိုအချိန်တွင် အမေရိကန်၌ သမ္မတ ဒေါ်နယ်ထရမ့် တက်လာသည့် အချိန်၊ စစ်ရေးကို အသားပေး လာသည့်အချိန်နှင့် တရုတ်စီးပွားရေး ကျဆင်းလာခြင်း က တိုက်ဆိုင်နေသည်။

၂ဝ၁၇ ခုနှစ် အမေရိကန် စစ်အသုံးစရိတ် က အံ့သြစရာ ကောင်းလောက်အောင် မြင့်တက်လာသည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် စစ်တပ်အတွက် ၁ဝ ရာခိုင်နှုန်း အသုံးပြုမည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၅၃ ဘီလီယံ တိုးမြှင့်မည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန်တို့ စစ်အသုံးစရိတ်က ၂ဝ၁၇ ခုနှစ်တွင် ၆ဝဝ ဘီလီယံ ကျော်အထိ ရှိလာမည် ဖြစ်သည်။

တရုတ်ကတော့ ၂ဝဝ ဘီလီယံခန့်သာ ရှိဦးမည်ဖြစ်ပြီး အမေရိကန်၏ ယခုနှစ် တစ်နှစ်တည်း အတွက် အသုံးစရိတ် မြှင့်တင်မှုက တရုတ်စစ်ဘက်၏ အသုံးစရိတ် အားလုံးပေါင်း လေးပုံတစ်ပုံခန့် မြှင့်တင်လိုက်ခြင်း ဖြစ်သည်။ အိုဘားမား လက်ထက်တွင် စစ်အသုံးစရိတ် လျှော့ချရန် အထိ ဆွေးနွေးမှုများ ရှိခဲ့ပြီး ထရမ့်ကတော့ စစ်ဘက်ကို အသားပေးရန် အတွက် စစ်ဘက် မဟုတ်သည့် အမေရိကန် ၏ အကူအညီ ပေးနေမှုများကို လျှော့ချမည် ဟုပင် တရားဝင် ပြောထားသူ ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရက်တို့၏ ဝေဖန်မှုများကို ထရမ့် အပြင်းအထန် ခံခဲ့ရကာ ထရမ့်က ဝေဖန်မှုများကို ဂရုစိုက်လေ့မရှိပေ။ သူပြောသမျှ နောက်က လိုက်ရှင်းရသည် က သူ့ အစိုးရအဖွဲ့တွင် ပြောရေးဆိုခွင့် ရာထူးပေး ထားသည့်သူ များနှင့် သူ့အကြံပေး များသာ ဖြစ်သည်။

ယခုလည်း တရုတ်နှင့် ပတ်သက်လာလျှင် ရန်သူတစ်ယောက် အဖြစ် သဘောထားပြီး အပြတ်တိုက်ရန် ထရမ့် အစကတည်းက ကြေညာထားသူ ဖြစ်သည်။ တောင်တရုတ် ပင်လယ်ပြင် အရေးကို တရုတ်တို့ ရှေ့ဆက်တိုး နေသောကြောင့် တရုတ်တို့၏ One China Policy ကို ဆန့်ကျင်ပြီး တရုတ်(တိုင်ပေ) နှင့် ဆက်ဆံသည်။ အိုဘားမား လက်ထက်တွင် တရုတ်ကသာ ဇာတ်လမ်းစခဲ့တာ ရှိသည်။ ထရမ့်လက်ထက် တွင် အမေရိကန်က အရင်ဇာတ်လမ်း များကို စနေသည်။ ထရမ့်ကြောင့် လားတော့ မဆိုနိုင်၊ တရုတ်တို့ စစ်ရေးအရ ငြိမ်ချက်သား ကောင်းနေသည်။

ထို့ကြောင့် တရုတ်စီးပွားရေး ကျဆင်းမှုသည် စစ်ရေးအရရော စီးပွားရေးအရ ပါ အမေရိကန်ကို အားပြိုင်ရန် အကောင်းဆုံး ပျော့ကွက်တစ်ခု ဖြစ်နေပါကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

၂၀၁၆ ခုနှစ်က အာရှတိုက်ရှိ လူဦးရေ သန်း ၉၀၀ ခန့်မှာ ပြည်သူ့ဝန်ဆောင်မှု များ၌ လာဘ်ပေးရဟုပြောကြား



ဘန်ကောက် ၊ ၈-၃-၂၀၁၇

အာရှတိုက် အတွင်းရှိ လူဦးရေ လေးပုံတစ်ပုံ ကျော်သည် ၂ဝ၁၆ ခုနှစ်အတွင်း ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ၌ လာဘ်ပေးခဲ့ရကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့က မတ် ၇ ရက်တွင် ထုတ်ပြန်သည်။

ဘာလင်မြို့အခြေစိုက် နိုင်ငံတကာ ပွင့်လင်း မြင်သာမှု အဖွဲ့အစည်းက အာရှပစိဖိတ် ဒေသတစ်ဝန်း သို့မဟုတ် နိုင်ငံပေါင်း ၁၆ နိုင်ငံရှိ လူဦးရေ ၂ဝဝဝဝ ကျော်ကို စစ်တမ်းကောက် ယူရာ ပြီးခဲ့သည့်နှစ် အတွင်း လူဦးရေသန်း ၉ဝဝ ခန့်သည် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ၌ တစ်ကြိမ်ထက် မနည်း လာဘ်ငွေပေး ရသည်ကို တွေ့ရသည်။

အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံ တို့သည် လာဘ်ပေးလာဘ်ယူမှု အမြင့်ဆုံးဖြစ်ပြီး စစ်တမ်း ကောက်ယူမှု၌ ယင်းနိုင်ငံမှ ပါဝင် ဖြေကြားသူ သုံးပုံနှစ်ပုံ နီးပါးသည် ကျန်းမာရေးနှင့် ပညာရေး ကဲ့သို့သော အခြေခံ ဝန်ဆောင်မှု များ၌ လာဘ်ပေးမှုများကို ပြုလုပ်ရသည်ဟု ဆိုသည်။

ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင် နှင့်ြ သစတြေးလျနိုင်ငံ တို့သည် လာဘ်ပေးလာဘ်ယူမှု စာရင်းတွင် အနိမ့်ဆုံးဖြစ်ပြီး စင်ကာပူနိုင်ငံမှာ လုံးဝ မပါဝင်ကြောင်း သိရသည်။

ဖွံ့ဖြိုးမှု နှေးကွေးသည့် နိုင်ငံများတွင် အကျင့်ပျက် ခြစားမှုမှာ ပိုမိုဆိုးရွားကြောင်း လာဘ်ပေးခဲ့ရသည် ဟု ဖြေကြားသူ ၃၈ ရာခိုင်နှုန်း၏ ပြောဆိုချက် အရ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၇)

Wednesday, March 1, 2017

၂၀၁၇ ခုနှစ်အတွင်း၌ အယ်နီညို ရာသီဥတုဖြစ်ပေါ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းခန့် အထိရှိနိုင်



ကင်ဘာရာ ၊ ၁-၃-၂၀၁၇

သြစတေးလျ မိုးလေ၀သ ဦးစီးဌာန က ယခုနှစ်အတွင်း အယ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်ခြေမှာ ၅၀ ရာခိုင်နှုန်းခန့် သေချာနေပြီ ဖြစ်ကြောင်း ယနေ့ မိုးလေ၀သ သတိပေးချက်များ ထုတ်ပြန် သွားခဲ့သည်။ 

ဖေဖော်ဝါရီ လလယ်မှ စတင်၍ သြစတေးလျနိုင်ငံ အပါအ၀င် ဥရောပနိုင်ငံ အများစု၌ ရာသီဥတု ဖောက်ပြန်မှုများ ဖြစ်ပေါ်ကာ အပူချိန်မြင့်မား လာခဲ့သည်။ မြင့်မားလာသော အပူချိန်များကြောင့် သြစတေးလျ မိုးလေ၀သ ဦးစီးဌာနက အယ်နီညို ဖြစ်ပေါ်လာနိုင်ခြေ ရှိ-မရှိကို သုတေသန ပြုလုပ်ခဲ့ရာ ဖြစ်ပေါ် လာနိုင်ခြေ ၅၀ ရာခိုင်နှုန်း အထိ ရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း Reuter သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

သို့သော်လည်း အယ်နီညို ရာသီဥတုမှာ ချက်ချင်းဖြစ်ပေါ် လာနိုင်သည့် အနေအထားမျိုး တွင် ရှိမနေဘဲ လာမည့် ၆ လသက်တမ်း အတွင်း ရာသီဥတု ပြောင်းလဲမှု အခြေအနေကို စောင့်ကြည့် သွားရမည် ဖြစ်ကြောင်းလည်း သိရသည်။ 

၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် အယ်နီညို ကြောင့် သြစတေးလျနိုင်ငံ တွင် အပူချိန်မြင့်မား ခဲ့ပြီး စိုက်ပျိုးမြေ အမြောက်အမြား ပျက်စီး ဆုံးရှုံးခဲ့ရသည်။ သြစတေးလျ နိုင်ငံသည် စိုက်ပျိုးရေး ကဏ္ဍ ထွန်းကားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး၊ ကမ္ဘာ့ စိုက်ပျိုးရေး အထွန်းကား ဆုံးသော နိုင်ငံများကို ဦးဆောင်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထို့အပြင် ဒေသထွက်ကုန်နှင့် ကောက်ပဲသီးနှံ များကို ပြည်ပနိုင်ငံများသို့ အများဆုံး တင်ပို့ရောင်းချ 

နိုင်ခဲ့သည့် သြစတေးလျနိုင်ငံ အတွက် အယ်နီညို ရာသီဥတုမှာ အကြီးမားဆုံး ရန်သူဖြစ်နေပြီး၊ သြစတေးလျ တောင်သူများက အယ်နီညို ထပ်မံ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန် နေကြောင်း သြစတေးလျ စိုက်ပျိုးရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက Reuter သတင်းဌာသို့ ပြောကြား သွားခဲ့သည်။ 

အယ်နီညို ရာသီဥတု ဖြစ်ပေါ်လာနိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် သြစတေးလျနိုင်ငံ တွင် ဂျုံစေ့ ဈေးနှုန်းများ မှာလည်း မြင့်တက်လာဖွယ်ရှိနေပြီး၊ ကုမ္မဏီကြီး အများစုက ဂျုံစေ့များဝယ်ကာ သိုလှောင်မှုများ ပြုလုပ်သွားရန် ပြင်ဆင် နေကြောင်းလည်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ 

Saturday, February 18, 2017

အာဆင်နယ် အသင်း အဓိကတိုက်စစ်မှူး ဆန်းချက်ဇ် အသင်းမှ ထွက်ဃွာရန် ပြင်ဆင်နေ


လန်ဒန် (၁၈-၂-၂၀၁၇)
.
အာဆင်နယ် အသင်း၏ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်သူ ဆန်းချက်ဇ်သည် ဘိုင်ယန်မြူး နစ်အသင်းကို ငါးဂိုး တစ်ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး နောက်အဝတ် လဲခန်းတွင် အသင်းဖော် များနှင့်အချင်းများကာ အာဆင်နယ် အသင်းမှ ထွက်ခွာရန် ပြင်ဆင် နေကြောင်း သိရသည်။
.
ဆန်းချက်ဇ်နှင့် အာဆင်နယ် အသင်းတို့ချုပ် ဆိုထားသော စာချုပ် သက်တမ်းအရ ၁၈လသက်တမ်းသာ ကျန်ရှိတော့ သည့်အတွက် အာဆင်နယ် အသင်းက ဆန်းချက်ဇ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်နေသည်။
.
ဘိုင်ယန်မြူးနစ် အသင်းကို ရှုံး နိမ့်ခဲ့သောပွဲစဉ် အပြီးတွင် အသင်းဖော်များနှင့် အချင်းများခဲ့သည့် အတွက်ကြောင့် အာဆင်နယ်အသင်း မှ ထွက်ခွာရန် သေချာသလောက် ရှိနေပြီဖြစ်သော ဆန်းချက်ဇ်က အရှုံးနှင့်ပတ်သက်ပြီး စိတ်ပျက် လျက်ရှိနေရာ ၎င်းပွဲစဉ်အပြီးတွင် အီတလီနိုင်ငံသို့ သွားရောက်ခဲ့ ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။
.
အသက်  ၂၈နှစ်ရှိနေပြီဖြစ်သည့် ဆန်းချက်ဇ်သည် ကလပ်အသင်း အဆင့်တွင် အောင်မြင်မှုများစွာ ရယူရန် စိတ်အားထက်သန်နေ သော်လည်း လက်ရှိကစားနေသော အာဆင်နယ်အသင်းမှာ ဘိုင်ယန် မြူးနစ်ကို ဂိုးပြတ်ရှုံးနိမ့် ခဲ့ရပြီဖြစ် သောကြောင့် ချန်ပီယံလိဂ်မှထွက်ခွာ ရရန် သေချာသလောက်ရှိနေပြီဖြစ်သည်။ ထို့ပြင် ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲတွင်လည်း ရလဒ် များ မတည်မငြိမ်ဖြစ်နေပြီး အမှတ် ပေးဇယားကို ဦးဆောင်နေသော ချဲလ်ဆီးအသင်းနှင့် အမှတ်ကွာဟချက်မှာ လိုက်မီရန် ခက်ခဲသည့်အနေ အထားဖြစ်နေသည်။
.
ဆန်းချက်ဇ်ကို စပိန်အသင်း ကြီးများအပြင် အီတလီနာမည်ကြီး ဂျူဗင်တပ်နှင့် ဂျာမနီနာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းက ချိတ် ဆက်လျက်ရှိနေပြီး ¤င်းအနေဖြင့် မူလက အာဆင်နယ်အသင်းတွင် ဆက်လက်ကစားသွားရန် ဆွေးနွေး မှုကိုလက်ခံခဲ့ဖူးရာ လက်ရှိရင်ဆိုင် ကြုံတွေ့နေရသော အနေအထားအရ ဆန်းချက်ဇ်ကို ဆက်လက် ထိန်းသိမ်းသွားရန် ဆန္ဒရှိနေသည့် အာဆင်နယ်အသင်းသည်မျှော်လင့် ချက်မဲ့သည့် အခြေအနေသို့ရောက် ရှိနေကြောင်း သိရသည်။  
.
မြ၀တီနေ့စဉ်သတင်းစာ ၁၈-၂-၂၀၁၇
.
#Themyawadydaily

Wednesday, February 15, 2017

ရေထဲတွင် လျင်မြန်စွာ လှုပ်ရှားနိုင်၊ငါးဖမ်းနိုင်သော စက်ရုပ်ကို MIT တက္ကသိုလ်မှ သုတေသီများက ဖန်တီးနိုင်ခဲ့



လန်ဒန် ၊ ၁၅-၂-၂၀၁၇

ရေထဲတွင်လျင်မြန်စွာ လှုပ်ရှားနိုင်၊ ငါးဖမ်းနိုင်သောစက်ရုပ်များကို MIT တက္ကသိုလ်မှ သုတေသီများကဖန်တီးနိုင်ခဲ့ရာ နောင်တစ်ချိန်တွင် ရေအောက်လုပ်ငန်းအမျိုးမျိုး၌စက်ရုပ်နည်းပညာ၏ အကူအညီကိုအသုံးပြုသွားနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

အဆိုပါစက်ရုပ်များ၏ ကိုယ်ထည်သည် ရေပါဝင်သောဟိုက်ဒရိုဂျယ်တစ်မျိုးဖြင့် ပြုလုပ်ထားပြီး လျင်မြန်စွာ လှုပ်ရှားနိုင်သဖြင့်ရေထဲတွင် မမြင်နိုင်သည့်ကြောက် မက်ဖွယ်ကောင်းသော ငါးဖမ်းစက်တစ်ခုဖြစ်သည်။ သို့သော်လည်း MIT စက်ရုပ်များသည် ငါးများကို အန္တရာယ်မပြုနိုင်ဘဲ ဖမ်းမိသောငါးများကို ဆုပ်ကိုင်ထားနိုင်သည်။ ထို့ကြောင့် စက်ရုပ်၏ လက်အပိုင်းများသို့ ဆုပ်ကိုင်နိုင်ရန်၊ လွှတ်နိုင်ရန်အတွက် ရေလွှတ်သည့်ပြွန်များဖြင့် ဆက်သွယ်ထားကြောင်းသိရသည်။

ထိုစက်ရုပ်များတွင် ပါဝင်သော ဟိုက်ဒရိုဂျယ်သည်ရေဖြည့် လိုက်သည့်အခါဟိုက်ဒရိုဂျယ်အစိတ် အပိုင်းများအတွင်း ရေကနေရာယူသွားပြီး  စက်ရုပ်၏အစိတ်အပိုင်းများကို ကွေးစေ၊ဆန့်စေနိုင်ကြောင်းသိရသည်။

ငါးများကိုဖမ်းကိုင်သည့်အခါတွင်လည်း ထိခိုက်ဒဏ်ရာမဖြစ်စေရန်အတွက် စက်ရုပ်ကို ဟိုက်ဒရိုဂျယ်ဖြင့်ဖန်တီးထားခြင်းဖြစ်သည်။ ငါးကိုဖမ်းဆုပ်လိုက်သည့်အခါ စက်ရုပ်၏ ပျော့ပျောင်းသောလက်က ငါး၏ ခန္ဓာကိုယ်ကို ပွန်းပဲ့စေခြင်း မရှိဘဲလွှတ်လိုက် သည့် အခါတွင်လည်းငါးကသာမန်အတိုင်း သွားလာလှုပ်ရှားနိုင်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

ဒရုန်းပုံစံငယ်တစ်မျိုးကို အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်၌ ၀တ်မှုန်ကူးပေးနိုင်မည့် စနစ်တစ်မျိုးဖန်တီး



တိုကျို ၊ ၁၅-၂-၂၀၁၇

ဂျပန်နိုင်ငံ၏အဆင့်မြင့်စက်မှု နည်းပညာနှင့်သိပ္ပံကျောင်းမှသုတေသီ များသည် ဒရုန်းပုံစံငယ်တစ်မျိုးကို အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်၍ဝတ်မှုန် ကူးပေးနိုင်မည့်စနစ်တစ်မျိုးကို ဖန်တီးလိုက်ပြီဖြစ်ကြောင်းသိရသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကကျသည့်ဝတ်မှုန်ကူးသည့်တာဝန်ကို ထမ်းဆောင်နေသော အင်းဆက်များနှင့် အခြားသတ္တဝါများအပေါ် အားကိုးနေရခြင်းကို နည်းပညာဖြင့် ဝတ်မှုန်ကူးသည့်နည်းလမ်းဖြင့် လျှော့ချပေးနိုင်မည်ဖြစ်သည်။

သုတေသီအသင်းမှ ဓာတုဗေဒပညာရှင် Eijiro Miyako ကအိုင်းရွန်းဓာတ်ပါရှိသော အရည်များအပေါ် စမ်းသပ်မှုများ ပြုလုပ်နေစဉ် စမ်းသပ်မှုမအောင်မြင်သဖြင့် ဂျယ်တစ်မျိုးအဖြစ်ပြောင်းလဲသွားသော အဆိုပါအိုင်းရွန်းဓာတ်ပါရှိသော အရည်ကိုအဖုံးမပိတ်ဘဲ သိမ်းဆည်းထားရာနောင်နှစ်အနည်းငယ်တွင် ၎င်းမှာရေငွေ့ပြန်ခြင်းမရှိ၊ ပြောင်းလဲခြင်းမရှိသည်ကို တွေ့ရှိခဲ့သဖြင့် ၎င်းကိုဆက်လက်လေ့လာခဲ့သည်။အဆိုပါဂျယ်သည်အချိန်ကြာသုံးစွဲနိုင်ပြီး ဖုန်မှုန့်များကို အလွယ် တကူစွဲကပ်စေနိုင်သဖြင့် အပင်နှစ်ခုကြား ဝတ်မှုန်ကူးရာတွင် လိုအပ်သည့် ကပ်စေးသော အရာတစ်မျိုးကို ရရှိခဲ့သည်။

ထို့ကြောင့် ပညာရှင်များက အချိန်တိုအတွင်း  ပန်းအရေအတွက်များစွာကို ဝတ်မှုန်ကူးနိုင်ရန် အမေရိကန်ဒေါ်လာ ၁ဝဝတန် ဒရုန်းငယ်များပေါ်တွင် ဂျယ်သုတ်လိမ်းထားသောမြင်းမြီးများ တပ်ဆင်၍ဝတ်မှုန်ကူးစေသည်။

စမ်းသပ်မှုပြုလုပ်ခဲ့ရာတွင် အဆိုပါဒရုန်းများက အပင်တစ်ပင်မှတစ်ပင်သို့  အောင်မြင်စွာ ဝတ်မှုန်ကူးပေးနိုင်ခဲ့ ကြောင်းသိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

မြောက်ကိုရီးယား ခေါင်းဆောင်၏ အစ်ကိုဖြစ်သူ ကင်ဂျူံနမ် ကွာလာလမ်ပူနိုင်ငံတကာ လေဆိပ်၌ လုပ်ကြံခံရ


Kim Jong-Nam, the eldest son of North Korean leader Kim Jong-Il

ကွာလာလမ်ပူ ၊ ၁၅-၂-၂၀၁၇

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ၏ အစ်ကိုဖြစ်သူ ကင်ဂျုံနမ် သည် ကွာလာလမ်ပူ မြို့တော်ရှိ ကွာလာလမ်ပူ နိုင်ငံတကာ လေဆပ်၌ ဖေဖော်ဝါရီ ၁၃ ရက်က လုပ်ကြံခံခဲ့ ရကြောင်း မလေးရှား ရဲတပ်ဖွဲ့က ယမန်နေ့တွင် အတည်ပြု ခဲ့သည်။

အသက် ၄ဝ နှစ်အရွယ်ရှိ ကင်ဂျုံနမ် သည် ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ် ဈေးဆိုင်တန်း၌ အဆိပ်ဖြင့် လုပ်ကြံခံခဲ့ ရခြင်းဖြစ်ကြောင်း အေဘီစီ သတင်းဌာနက ဖော်ပြခဲ့သည်။

တောင်ကိုရီးယား အခြေစိုက် ယွန်ဟက် သတင်းဌာန၏ အဆိုအရ ကင်ဂျုံနမ် ကို အဆိပ်ဖြင့် လုပ်ကြံခဲ့သူများမှာ မြောက်ကိုရီးယား ထောက်လှမ်းရေး သမား အမျိုးသမီး နှစ်ဦးဖြစ်ပြီး ၄င်းတို့နှစ်ဦးစလုံး ထွက်ပြေး လွတ်မြောက် နေကြောင်း သိရသည်။

ကင်ဂျုံအွန် နှင့် ကင်ဂျုံနမ် တို့သည် ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ ၏ သားအရင်းများဖြစ်ကြပြီး အဖေတူ အမေကွဲ ညီအစ်ကိုများ ဖြစ်သည်။

ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်၌ အဆိပ်ဖြင့် လုပ်ကြံခံခဲ့ရသော ကင်ဂျုံနမ်သည် ဆေးရုံသို့ တင်ပို့စဉ်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။

ကင်ဂျုံနမ် သည် ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ် ၏ သားအရင်း ဖြစ်သော်လည်း ၄င်း ကွယ်လွန်ပြီးနောက် မြောက်ကိုရီးယား တတိယမျိုးဆက် ဦးဆောင်မှုကို ဆန့်ကျင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး လုပ်ကြံခံရမှုဓာတ်ပုံက ၂၀၁၇ ခုနှစ်၏ အကောင်းဆုံး ကမ္ဘာ့စာနယ်ရှင်းဓာတ်ပုံဆု ရရှိ


World Press Photo announces winners of 2017 contests

The World Press Photo of the Year: Mevlüt Mert Altıntaş, a 22-year-old off-duty police 

သည်ဟိတ် ၊ ၁၅-၂-၂၀၁၇

၂ဝ၁၆ ခုနှစ်အတွင်း တူရကီနိုင်ငံ အင်ကာရာမြို့ ဓာတ်ပုံပြပွဲတစ်ခု၌ တူရကီ ပြင်ပ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ရုရှားသံအမတ်ကြီးကို ပစ်ခတ်လုပ်ကြံ ပုံကို အမိအရ ရိုက်ကူးထားသော အေပီ သတင်းဌာန ဓာတ်ပုံဆရာ အော့ဇ်ဘီလီဆီ ၏ ဓာတ်ပုံသည် ကမ္ဘာ့စာနယ်ရှင်း ဓာတ်ပုံဆု ဆွတ်ခူးနိုင် ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

အင်ကာရာမြို့ ဓာတ်ပုံပြပွဲ တစ်ပွဲ၌ မိန့်ခွန်း ပြောကြားနေသော ရုရှား သံအမတ်ကြီး အင်ဒရီကာလော့ဗ် ကို မီဗလွတ်မာ့ အယ်လ်တင်တပ်စ် အမည်ရှိ တူရကီ ရဲတပ်ဖွဲ့ဝင်က သေနတ်ဖြင့် ကိုးချက်တိတိ ပစ်ခတ်လုပ်ကြံစဉ် သမိုင်းဝင် အဖြစ်အပျက်ကို ရဲရဲဝင့်ဝင့် ဓာတ်ပုံမှတ်တမ်း ရယူခဲ့သော အေပီ သတင်းဌာနမှ ဓာတ်ပုံဆရာ ဘီလ်လီဆီ ၏ သတ္တိဗျတ္တိကို ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံဆု ရွေးချယ်ရေး ခုံသမာဓိ လူကြီးများက ချီးကျူးခဲ့သည်။

သေနတ်သံ စထွက်ချိန်မှစ၍ တူရကီနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး လုပ်ကြံခံရမှု သည် သမိုင်းဝင် အဖြစ်အပျက် ဖြစ်လာလိမ့်မည်ဟု မိမိသိနားလည် ခဲ့ကြောင်း ဓာတ်ပုံဆရာ အော့ဇ်ဘီလ်လီဆီ က အေအက်ဖ်ပီ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

၂ဝ၁၇ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံဆုအတွက် နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှ ဓာတ်ပုံဆရာ ဦးရေ ၅ဝဝဝ ကျော်တို့က ဓာတ်ပုံပေါင်း ၈ဝ၄ဝဝ ကို ပေးပို့ထားရာ မည်သည့် ဓာတ်ပုံဆရာ မည်သည့်ဓာတ်ပုံကို ရွေးသင့်သည်ကို ခက်ခက်ခဲခဲ စဉ်းစားခဲ့ရကြောင်း နယ်သာလန် အခြေစိုက် ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံ ဖောင်ဒေးရှင်း က ပြောကြား ခဲ့သည်။

ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံ ဖောင်ဒေးရှင်း ၏ ၂၀၁၁ ခုနှစ် အကောင်းဆုံး ဒုတိယဓာတ်ပုံဆုကို ပြည်တွင်းစစ် အတွင်း ကြားညပ်နေသော ဆီးရီးယား ကလေးငယ်များ၏ ဘဝကို ဓာတ်ပုံဖြင့် တင်ပြခဲ့ကြသည့် ဆီးရီးယား ဓာတ်ပုံဆရာ နှစ်ဦးက ရရှိခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Monday, February 13, 2017

ဗီးနပ်စ်ဂြိုဟ်ပေါ်၌ အသုံးပြုနိုင်မည့် ကွန်ပျူတာချစ်ပြားကို နာဆာက အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်


NASA Has Finally Built a Computer Chip To Survive on Venus

ဝါရှင်တန် ၊ ၁၃-၂-၂၀၁၇

နေအဖွဲ့ အစည်း အတွင်း မျက်နှာပြင် အပူချိန်အပူဆုံး ဖြစ်သည့် ဗီးနပ်စ်ဂြိုဟ်ပေါ်၌ အသုံးပြုနိုင်မည့် ကွန်ပျူတာချစ်ပြားကို နာဆာက အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သော ဆယ်စုနှစ်များ အတွင်းက အာကာသစူးစမ်း လေ့လာရေး သိပ္ပံပညာရှင်များသည် ကမ္ဘာနှင့်ပို၍ နီးသော ဗီးနပ်စ်ဂြိုဟ်ကို ကျော်လွန်ကာ အလှမ်းကွာဝေးသည့် အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာ နေခဲ့ကြသည်မှာ ဗီးနပ်စ်ဂြိုဟ်၏ မျက်နှာပြင် အပူချိန် မြင့်မားလွန်း၍ ဖြစ်ကြောင်း၊ ဗီးနပ်စ်ဂြိုဟ်၏ မျက်နှာပြင် အပူချိန်သည် နေအဖွဲ့ အစည်းတွင် အမြင့်ဆုံးဖြစ်ကြောင်း၊ မညသည့်ကွန်ပျူတာ၊ မည်သည့်နည်းပညာ၊ မည်သည့်ကိရိယာ များကို ဗီးနပ်စ်ဂြိုဟ်ပေါ်၌ နာရီအနည်းငယ်ထက် ပို၍ အသုံးပြုနိုင်မည် မဟုတ်သည့် အတွက် ဗီးနပ်စ်ဂြိုဟ်ကို ကျော်လွန်ကာ အင်္ဂါဂြိုဟ်ကိုသာ စူးစမ်းလေ့လာ နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ နာဆာသုတေသီ များက ကွန်ပျူတာချစ်ပြား အမျိုးအစားသစ်ကို ထုတ်လုပ်လိုက်ပြီး အအေးပေးစနစ် သို့မဟုတ် အပူဒဏ်ကို ကာကွယ်ပေးသည့် စနစ် လုံးဝမပါရှိဘဲ ဖိအားနှင့် အပူချိန် မြင့်မားသည့် ဗီးနပ်စ်ဂြိုဟ်ပေါ်ရှိ အခြေအနေနှင့် တူညီရန် ဖန်တီးကာ စမ်းသပ်ကြည့်ခဲ့ရာ ၎င်းကွန်ပျူတာ ချစ်ပြားမှာ ခံနိုင်ရည်ရှိခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Monday, January 2, 2017

ဧရာမလေဆာကိရိယာသဖွယ် ပြုမူနေသော လှပသည့် Galaxy တစ်ခုကို တွေ့ရှိ




လန်ဒန် ၊ ၂-၁-၂၀၁၇

နာဆာပိုင် Hubble အာကာသ တယ်လီစကုပ်ကြီး က မှင်သက် အံ့သြဖွယ် ကောင်းလောက်အောင် လှပပြီး ဧရာမလေဆာ ကိရိယာသဖွယ် ပြုမူလျက်ရှိသော ဂလက်ဆီ အမှတ် IRAS 16399-0937 ကို ၂ဝ၁၆ ခုနှစ်၏ နောက်ဆုံး ဓာတ်ပုံအဖြစ် ရိုက်ကူး မှတ်တမ်းတင် ခဲ့ကြောင်း သိရသည်။

IRAS သည် မျက်စိဖြင့် မြင်နိုင်သော လေဆာရောင်ခြည် ကို လွှတ်ထုတ်နေခြင်း မဟုတ်ဘဲ မိုက်ခရိုဝေ့ဗ် ဓာတ်ရောင်ခြည်ကို အဆက်မပြတ် လွှတ်ထုတ် နေခြင်းဖြစ်ကြောင်း၊ ၄င်းဂလက်ဆီ သည် စကြဝဋ္ဌာ အတွင်းရှိ ဂလက်ဆီများ အနက် ထူးခြားမှု အလွန်များနေပြီး Megamaser Galaxy အမျိုးအစား ဖြစ်ကြောင်း နာဆာ သုတေသီတစ်ဦး က ရှင်းပြသည်။

IRAS သည် အခြားသော Megamaser Galaxy များထက် အဆပေါင်းသန်း ၁ဝဝ ထက်မနည်း ပို၍ တောက်ပကြောင်း၊ အခြားဂလက်ဆီ များတွင် မော်လီကျူး တိမ်တိုက် အချို့သာ မိုက်ခရိုဝေ့ဗ် ဓာတ်ရောင်ခြည် ကို လွှတ်ထုတ် နေသော်လည်း IRAS မှ ဂလက်ဆီ တစ်ခုလုံးက ၄င်း ဓာတ်ရောင်ခြည်ကို လွှတ်ထုတ်နေခြင်း ဖြစ်သည့်အတွက် အလွန် တောက်ပနေခြင်း ဖြစ်သည်။

IRAS သည် ကမ္ဘာနှင့် အလင်းနှစ် သန်းပေါင်း ၃၇ဝ ထက်မနည်း ကွာဝေးကြောင်း၊ ယခင် ကတည်းက စူးစမ်းလေ့လာ နေခဲ့ခြင်း ဖြစ်သော်လည်း ယခုတစ်ကြိမ် ရိုက်ကူးရရှိသော ဓာတ်ပုံမှာ အကောင်းဆုံး ဓာတ်ပုံဖြစ်ကြောင်း၊ Hubble အာကာသ တယ်လီစကုပ် ပေါ်ပါရှိသော ကိရိယာနှစ်မျိုးကို တွဲဖက် အသုံးပြုကာ ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ပုံရိပ်များအရ ၄င်းဂလက်ဆီတွင် နျူကလိယ နှစ်လုံး ပါရှိသည်ကို တွေ့ရှိခဲ့ကြောင်း ၊ ဆိုလိုရင်းမှာ ၄င်းသည် ဂလက်ဆီနှစ်ခု တိုက်မိပြီး ပေါင်းစပ်သွားရာမှ ဖြစ်ပေါ်လာသော ဂလက်ဆီ ဖြစ်ကြောင်း သိရသည်။

သို့သော် အဆိုပါ နျူကလိယ နှစ်လုံးမှာ တစ်လုံးနှင့်တစ်လုံး အလင်းနှစ်ပေါင်း ၁၁ဝဝဝ ထက်မနည်း ကွာဝေးကြောင်း၊ ရိုက်ကူးထားသော ပုံရိပ်ထဲတွင်မူ တစ်နေရာတည်း နီးပါးတွင် တည်ရှိနေသည့် အလား ပေါ်လွင်နေခြင်း ဖြစ်ကြောင်း သိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 28, 2016

အများသုံးအားကစားခန်းမ၌ ကစားရာတွင် အရေပြားရောဂါအမျိုးမျိုး ဖြစ်ပွားစေနိုင်



နယူးယောက် ၊ ၂၈-၁၂-၂၀၁၆

အများသုံး အားကစားခန်းမ များ၌ လေ့ကျင့် ကစားရာတွင် လူပေါင်းစုံထံမှ ချွေးနှင့်အတူ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ မှိုအမျိုးမျိုး တို့ပါ ကျန်ရှိ သွားနိုင်ပြီး ထပ်ဆင့် အသုံးပြုသူများ၌ အရေပြားရောဂါ အမျိုးမျိုးကို ဖြစ်ပွားစေနိုင်သည့် အပြင် တစ်ဦးနှင့်တစ်ဦး ကူးစက်မှု ကိုလည်း ဖြစ်ပွား စေနိုင်ကြောင်း အမေရိကန်နိုင်ငံ ရောဂါ ထိန်းချုပ်ရေး နှင့် တားဆီး ကာကွယ်ရေးဌာန (CDC)က သတိပေးချက် ထုတ်ပြန် ထားသည်။

အထူးသဖြင့် အားကစားခန်းမ များ၌ ပွေးနာ ဖြစ်စေသော ပိုးများ၊ ခြေသည်းများကြား မှိုနာဖြစ်စေသော ပိုးများ၊ ယားနာဖုများ ထခြင်း၊ ပွေးကူးစက်ခံ ရခြင်းကြောင့် အရေပြား ပေါ်တွင် အကွင်းများ ဖြစ်ပေါ်ပြီး ယားယံလေ့ ရှိကြောင်း၊ ခန္ဓာကိုယ် တစ်ခုလုံးတွင် ထွက်ပေါ်နိုင်သည့် နေရာ အတည်တကျ မရှိဘဲ လက်မောင်း၊ လည်ပင်း၊ ကျော၊ ပေါင် မည်သည့် နေရာတွင် ဖြစ်စေ ထွက်ပေါ်နိုင်ကြောင်း၊ ချွေးစိုလျက် ရှိသော စက်ပစ္စည်းများ၊ အားကစား ကိရိယာများကို ကိုင်တွယ် အသုံးပြုရာမှ ကူးစက်လာသော မှိုတစ်မျိုးကြောင့် ပွေးနာစွဲကပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အားကစားခန်းမ၌ ကူးစက်နိုင်သော အရေပြားရောဂါ နောက်တစ်မျိုးမှာ ခြေသည်းများကြား မှိုစွဲသော Athlete’s Foot ဖြစ်ကြောင်း၊ ပွေးကွက်တစ်မျိုး ဖြစ်ပြီး ခြေထောက်တွင် အဖြစ်များကြောင်း၊ ခြေဖဝါးယားယံခြင်း၊ ခြေဖဝါး ခြောက်သွေ့လွန်းခြင်း၊ ခြေချောင်း များကြား အရေပြားကွဲအက်ခြင်း တို့ကို ဖြစ်စေနိုင်ကြောင်း၊ ထို့ပြင် Rash ဟုခေါ်သည့် ယားနာဖုများလည်း ထစေနိုင်ကြောင်း၊ ၄င်း ယားနာဖုများသည် အရေပြားနှင့် အရောင်ဆင်တူပြီး တစ်ကိုယ်လုံး ယားယံစေသည့် အဖုအပိမ့်များ ဖြစ်ကြောင်း၊ အားကစားခန်းမ များတွင် ခြေဗလာဖြင့် မကစားဘဲ အားကစားဖိနပ်စီး၍ ကစားခြင်းဖြင့် အထိုက်အလျောက် ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အများသုံး အားကစားခန်းမ များ၌ သွားရောက် လေ့ကျင့် အားကစားရာတွင် ဖိနပ်စီးခြင်း၊ ချွေးစို နေသေးသော ပစ္စည်းကိရိယာ များကို ချက်ချင်း မကိုင်တွယ်ဘဲ ခြောက်သွေ့အောင် စောင့်ခြင်း၊ ကစားသူများ ကလည်း မိမိကြောင့် ချွေးစိုသွားသည့် နေရာများကို ခြောက်သွေ့အောင် သုတ်ပေးခြင်းဖြင့် အရေပြားပိုးများ ကူးစက် မခံရအောင် ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

Sunday, December 25, 2016

အကိုက်အခဲပျောက်ဆေးစွဲ ရောဂါကို အချိန်မီကုသရန်လို



နယူးယောက် ၊ ၂၅-၁၂-၂၀၁၆

အစားအစာကို မွတ်သိပ်စွာ တောင့်တသည့် စိတ်ကို ထိန်းချုပ်နိုင်ရန် အကိုက်အခဲ ပျောက်ဆေးများကို သုံးစွဲနေကြောင်း စစ်ဆေးတွေ့ ရှိရပြီး အများစုမှာ အကိုက်အခဲ ပျောက်ဆေးများ အပေါ် စိတ်ပိုင်းဆိုင်ရာ တပ်မက်မှု ပြင်းထန်ကာ ဆေးစွဲနေကြပြီ ဖြစ်သည့်အတွက် နေအိမ်နှင့် မိသားစုများအတွင်း အကိုက်အခဲပျောက် ဆေးစွဲရောဂါကို အချိန်မီကုသရန် လိုအပ်ကြောင်း အမေရိကန် သုတေသီများက သတိပေးထားသည်။ 

" အရင်တုန်းက အကိုက်အခဲ ပျောက်ဆေးစွဲ ရောဂါဆိုတာ ဆေးရုံ၊ အကျဉ်းထောင် အစရှိတဲ့ နေရာတွေမှာပဲ ဖြစ်တာပါ။ လူဦးရေများလွန်းတဲ့ အတွက် သူတို့ ဝေဒနာကို ကုသမှုရရှိဖို့  လနဲ့ ချီပြီးစောင့်ရ ပါတယ်။ သူတို့ ခံစားရတဲ့ ဝေဒနာတွေ ကတော့ အသည်းရောင် အသားဝါ၊ HIV၊ အဆုပ် အစရှိတဲ့ရောဂါတွေ ပါပါတယ်။ ကုသမှုရရှိနိုင်ဖို့ စောင့်နေတဲ့ကာလ မှာ သူတို့ ကို အထိုက်အလျောက် သက်သာစေဖို့  အကိုက်အခဲ ပျောက်ဆေးတွေ ပုံမှန်ပေးရာ ကနေ ဆေးစွဲတဲ့ရောဂါ တွေ ဖြစ်ကုန်တာပါ။ အခု အဲဒီပြဿနာက လူနေအိမ်တွေနဲ့ မိသားစုတွေဆီ ကိုပါ ကူးစက်လာတာကို တွေ့ရပါတယ် " ဟု Vermont တက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောပြသည်။ 

" အကိုက်အခဲ ပျောက်ဆေးတွေမှာ ဘိန်းဖြူ ပါတာတွေ ရှိပါတယ်။ အဲဒါတွေကို ရေရှည်သောက်မိ ရာကနေ ဆေးစွဲ သွားကြတာပါ။ အဲဒီအတွက် အီလက်ထရွန်းနစ် ဆေးပေးစက်ကို ဖန်တီးပြုလုပ် ထားပါတယ်။ ဆေးကို ဒီစက်ထဲမှာ ထည့်ထားရပါတယ်။ အဲဒီစက်က ဆေးသောက်ချိန်ကို ရောက်မှ လိုအပ်တဲ့ ဆေးပမာဏကို အတိအကျ ထုတ်ပေးပါ တယ်။ ဒီတော့ လူနာတွေက အကြိမ်ရေလည်း ပိုလို့ မရတော့သလို ပမာဏလည်း ပိုလို့ မရတော့ဘူး " ဟု ၄င်းက ပြောပြသည်။ 

အကိုက်အခဲပျောက် ဆေးများတွင် buprenorphine အုပ်စုသည် Oxycontin, Heroin နှင့် Vicodin တို့ ကဲ့သို့  ဦးနှောက်ကို ပြောင်းလဲစေနိုင် ကြောင်း၊ ထို့ ကြောင့် ဘိန်းဖြူ အသုံးပြုသည့် အတိုင်း စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ကိုပြောင်းလဲ မြူးကြွစေနိုင်ကြောင်း၊ ယင်းခံစားမှုကို နှစ်သက်ပြီး ၄င်းဆေးများကို ရေရှည် သောက်ခြင်းမှာ ယခု နောက်ပိုင်းတွင် ဆေးစွဲရောဂါ အသွင်ကို ဆောင်လာပြီ ဖြစ်ကြောင်း သိရသည်။ 

ယခုအခါ Vermont တက္ကသိုလ်မှ ထုတ်လုပ်ထားသော အီလက်ထရွန်းနစ် ဆေးပေးစက်ဖြင့် လူနာများကို ဆေးပေး ဝေမှုအား ထိန်းချုပ်လျက်ရှိရာ အောင်မြင်မှု အထိုက်အလျောက် ရရှိနေပြီ ဖြစ်ကြောင်း၊ နေအိမ်နှင့် မိသားစုများတွင်လည်း အကိုက်အခဲ ပျောက်ဆေးစွဲရောဂါ ဖြစ်ပွားနေသူများ အတွက် အဆိုပါ အီလက်ထရွန်းနစ် စက်ဖြင့် ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်း၊ နေ့ စဉ် လိုအပ်သည့် ပမာဏကိုသာ သုံးစွဲခြင်းဖြင့် ဆေးစွဲရောကို ကုသပျောက်ကင်း နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

အီဘိုလာကာကွယ်ဆေး အသစ်က ၁၀၀ ရာခိုင်နှုန်း ကာကွယ်မှုပေးနိုင်



လန်ဒန် ၊ ၂၅-၁၂-၂၀၁၆

ကြောက်မက်ဖွယ် ကပ်ရောဂါဆိုးကြီး အဖြစ် ကမ္ဘာကိုတုန်လှုပ် ခြောက်ခြားစေခဲ့သော အီဘိုလာရောဂါ ကာကွယ်ဆေးကို အနောက် အာဖရိက တွင်စမ်းသပ်ခဲ့ရာ အောင်မြင်မှု ရာနှုန်းပြည့် ခဲ့သည့်အတွက် ယခုအခါ ၄င်း ကာကွယ်ဆေးကို တရားဝင် ထုတ်လုပ်ခွင့်မ ရသေးမီစပ်ကြား ကူးစက်ပျံ့ နှံ့ မှု ထပ်မံဖြစ်ပွား လာပါက အသင့်အသုံးပြု နိုင်ရန် ကာကွယ်ဆေး အရေအတွက် ၃ သိန်းကို အသင့်ထုတ်လုပ် ထားပြီဖြစ်ကြောင်း ကာကွယ်ဆေး ထုတ်လုပ်မှု စောင့်ကြည့်ရေး အာဏာပိုင်များက ပြောသည်။ 

" အီဘိုလာ ကပ်ရောဂါကို ၁၉၇၆ ခုနှစ်မှာ ပထမဆုံးတွေ့ ရှိ ခဲ့ပါတယ်။ အဲဒီ ကတည်းက ကာကွယ်ဆေးကို ဖော်စပ်ထုတ်လုပ် နိုင်ဖို့  ကြိုးစားနေခဲ့ တာပါ။ အရေးတကြီး ထုတ်လုပ်ရမယ့် ကာကွယ်ဆေး ဖြစ်ပေမယ့်လည်း ငွေကြေး လိုအပ်ချက်ကို မဖြည့် ဆည်းပေး နိုင်ခဲ့တဲ့အတွက် အောင်မြင်မှု မရရှိခဲ့ပါဘူး။ အဲဒီနှစ်တွေမှာ သေဆုံးသူ ၁၆၀၀ ဦးခန့် သာ ရှိခဲ့ပေမယ့် သူတို့  ရဲ့ သေဆုံးပုံဟာ ကြောက်မက်ဖွယ် ကောင်းခဲ့တဲ့ အတွက် အီဘိုလာ ကပ်ရောဂါ ဟာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 

" လူတွေအများကြီး သေဆုံးခဲ့စဉ်က ဒီကာကွယ်ဆေးကို အချိန်မီ မထုတ်နိုင်ခဲ့ ပါဘူး။ အခုရောဂါအရှိန် ကျသွားမှ ထုတ်လုပ်နိုင် ခဲ့တယ် ဆိုပေမယ့်လည်း နောင်အနာဂတ်မှာ ဒီရောဂါဆိုး ထပ်မံဖြစ်ပွား လာရင် ကျွန်တော်တို့ မှာကာကွယ်ဆေး ရှိတယ်ဆိုတဲ့ အသိက စိတ်လုံခြုံမှု ရှိစေမှာပါ။ ကာကွယ်ဆေး မရှိခင်က သေဆုံးခဲ့ရ သူတွေရဲ့  ကျန်ရစ်သူ မိသားစုတွေ အတွက် စိတ်မကောင်း ပေမယ့် နောက်နောင် အီဘိုလာ ကြောင့် အခုလို သေဆုံးမှုတွေ မဖြစ်တော့ပါဘူး ဆိုတာကိုတော့ ကျွန်တော်တို့  ရဲရဲကြီး အာမခံနိုင်ဖို့  လမ်းစတွေ့ ပြီ ဖြစ်ပါတယ် " ဟု ၄င်းက ဆက် လက်ပြောပြသည်။ 

လွန်ခဲ့သော နှစ်များက လူသေဆုံးမှုနည်းပါး ခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သော အီဘိုလာ ရောဂါကြောင့် အာဖရိကတွင် လူပေါင်း ၁၁၀၀၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ပင်လယ်ရပ်ခြား နိုင်ငံများသို့ ပါ ပျံ့ နှံ့ သွားကာ ဥရောပနှင့် အမေရိကန် ပြည်ထောင်စု တို့ တွင်လည်း လူသေဆုံးမှုများ ရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ် များကြောင့် နိုင်ငံရေး လောကနှင့် စီးပွားရေး လောကတို့ က ကာကွယ်ဆေး ထုတ်လုပ်ရမည့် လိုအပ်ချက်ကို အလေးထား ဆောင်ရွက်လာခဲ့ သောကြောင့်သာ ယခုကဲ့သို့  အီဘိုလာ ကာကွယ်ဆေးကို မြန်ဆန် ထိရောက်စွာ ဖော်စပ်ထုတ်လုပ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နားလည်တတ်ကျွမ်း သူများက ဝေဖန် သုံးသပ်သည်။ 

ယခုထုတ်လုပ် ထားသော အီဘိုလာ ကာကွယ်ဆေး သည် အတွေ့ ရအများဆုံး အီဘိုလာဗိုင်းရပ် (၂)မျိုးကို ၁၀၀ ရာခိုင် နှုန်း ကာကွယ်နိုင်ကြောင်း၊ လက်ရှိ အချိန်တွင် ရေရှည် ကာကွယ်မှုကို မပေးနိုင်သေး သော်လည်း ကာကွယ်ပေးနိုင် နေပြီဖြစ်ကြောင်း၊ ဘေးထွက်ဆိုးကျိုး အဖြစ် အဆစ်အမြက် ကိုက်ခဲခြင်းနှင့် ခေါင်းကိုက် ဝေဒနာတို့ ကိုသာ ခံစားရကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Monday, December 19, 2016

Microsoft က ကွန်ပျူတာများကို စကားပြောတတ်အောင် လေ့ကျင့်ပေးမည်



ဝါရှင်တန် ၊ ၁၉-၁၂-၂၀၁၆

Microsoft ကုမ္ပဏီက ကွန်ပျူတာများ စကားပြော နိုင်အောင် လေ့ကျင့်ပေးမည့် MS Marco Data Set ကိုအခမဲ့ ထုတ်လုပ်ဖြန့် ချိပြီးစက်ပစ္စည်းနှင့်လူသားတို့ အကြား အပြန်အလှန် ဆက်ဆံမှုကို ပို၍တိုးတက်ေ ကာင်းမွန်စေမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ data set ကို MS Marco ဟု အတိုကောက် ခေါ်ပြီး အပြည့်အစုံမှာ Microsoft Machine Reading Comprehension Data Set ဖြစ်ကြောင်း၊ မေးခွန်းပေါင်း ၁၀၀၀၀၀ ကိုအဖြေနှင့် တကွ ထည့်ထားကြောင်း၊၄င်းဒေတာကို ကွန်ပျူတာ များတွင် ထည့်သွင်းပေးမည် ဖြစ်ကြောင်း၊ ထိုအခါ လူသားတို့ က ကွန်ပျူတာကို နူတ်ဖြင့်ဖြစ်စေ၊ စာရိုက်၍ ဖြစ်စေ ဆက်သွယ်မေးမြန်း ပြောဆိုသောအခါ ယခင်ကထက် ပို၍ အဆင်ပြေ လွယ်ကူလာမည် ဖြစ်ကြောင်း သိရသည်။ 

" Microsoft အနေနဲ့  အခြား အဖွဲ့ အစည်း တွေနဲ့ အလုပ်လုပ်ရာမှာ သော်လည်းကောင်း၊ စက်ပစ္စည်း တွေရဲ့  ဉာဏ်ရည် အတုကို ပိုကောင်းအောင် ဖန်တီးရာမှာ လည်းကောင်း၊ တိုးတက် ကောင်းမွန်စေတဲ့ ရည်ရွယ်ချက်နဲ့  MS Marco ကိုထုတ်လုပ် ဖြန့် ချိရခြင်း ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အထိ လူတွေ အမေးအများဆုံး မေးခွန်းတွေကို Microsoft ရဲ့  Bing Search Engine နဲ့  Cortana Virtual Assistant တွေကနေ စုစည်းရယူခဲ့တာ ဖြစ်ပါတယ် " ဟု Microsoft မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

" အခုအချိန်မှာ အဲဒီဒေတာကို အခမဲ့ download လုပ်ခွင့် ပေးထားပါတယ်။ စီးပွားရေးနဲ့ လုပ်ငန်းအတွက် မဟုတ်ဘဲ တစ်ကိုယ်ရည်သုံး လိုသူတွေ အတွက်ပါ။ အခြားခြားသော လေ့ကျင့်ရေး ဆိုင်ရာ အချက်အလက် တွေကိုလည်း အခုလိုပဲအခမဲ့ ဖြန့် ဝေ သွားပါမယ်။ ဒါပေမယ့် လုပ်ငန်း၊ ကုမ္ပဏီ၊ ရုံး၊ အဖွဲ့ အစည်း တွေကတော့ ကျသင့်တဲ့ အခကြေးငွေ ပေးပြီး ၀ယ်ယူ သုံးစွဲရမှာ ဖြစ်ပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

လတ်တလောတွင် Ms Marco ကို Image Net က စတင်အသုံးပြု နေပြီဖြစ်ကြောင်း၊ ကွန်ပျူတာက ဓာတ်ပုံများကို မှတ်မိအောင် လေ့ကျင့်သင်ကြား ပေးနေပြီ ဖြစ်ကြောင်း၊ Microsoft က ဓာတ်ပုံကို မှတ်သားသည့် နည်းပညာအား Microsoft Computer Vision API ဆော့ဖ်ဝဲဖြင့် ဆောင်ရွက်ပေး နေကြောင်း သိရသည်။

Microsoft's new MS MARCO dataset may help AI systems talk like humans

မြ၀တီနေ့စဉ်သတင်းစာ 

အမေရိကန်တွင် ပေါင်ဒါမှုန့် ဖြူးထားသော လက်အိတ်ကို ဆရာဝန်များအသုံးပြုခွင့် ပိတ်ပင်


 ပေါင်ဒါမှုန့် မပါတော့သည့် လက်အိတ် Powder Free Gloves

၁၉-၁၂-၂၀၁၆

အမေရိကန် ပြည်ထောင်စု၊ အစားအစာနှင့် ဆေးဝါးကြီးကြပ်ရေး အဖွဲ့  FDA က ပေါင်ဒါမှုန့် ဖြူးထားသော လက်အိတ် များသည် အန္တရာယ်ရှိသည့် အတွက် ဆရာဝန်များ အသုံးပြုခြင်းကို ပိတ်ပင်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။ 

FDA ၏ သမိုင်း တစ်လျှောက်တွင် ဆေးပစ္စည်း ပိတ်ပင် တားဆီးမှုအား ဒုတိယအကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဖော်ပြပါ ပေါင်ဒါမှုန့် ပါရှိသော လက်အိတ်ကို ပိတ်ပင်ရန် မတ်လ ကတည်းက စတင်ဆောင်ရွက် နေခဲ့ခြင်းပြီး ဒီဇင်ဘာ ၁၆ ရက်စွဲဖြင့် အမိန့် ထုတ်ပြန်ကြေညာ ခဲ့ပြီးနောက် ၂၀၁၇ ဇန်န၀ါရီ ၁၉ မှ စတင်ကာ ၄င်းအမိန့်  စတင်သက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ 

" ကျန်းမာရေး စောင့်ရှောက်မှု ပေးအပ်ရာမှာ အဲဒီရော်ဘာ လက်အိတ်တွေက လူနာတွေကို အများကြီး ကာကွယ်ပေး ပါတယ်။ ဒါပေမယ့် အဲဒီ လက်အိတ်တွေမှာ ဖြူးထားတဲ့ ပေါင်ဒါမှုန့် တွေက လူနာတွေအတွက် အလွန် အန္တရာယ်များ ပါတယ်။ ပေါင်ဒါမှုန့် တွေက ချွတ်ရ၊၀တ်ရ လွယ်အောင် ဖြူးထားတာပါ။ ဒါပေမယ့် အဲဒီပေါင်ဒါမှုန့် တွေ လေထဲလွှင့် သွားရင် အချို့ လူနာတွေမှာ ဓာတ်မတည့်တဲ့တုန့် ပြန်မှုတွေ ဖြစ်ပွားနိုင် ပါတယ်။ အထူးသဖြင့် ခွဲစိပ်ကုသမှုတွေ ပြုလုပ်တဲ့အခါ လူနာရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားရင် တစ်ရှူးတွေမှာ အမာရွတ် ဖြစ်ကျန်ခဲ့နိုင် ပါတယ် " ဟု FDA မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

" အခုနောက်ပိုင်းမှာ ပေါင်ဒါမှုန့် မပါတဲ့ လက်အိတ် Powder Free Gloves တွေကို ထုတ်လုပ် လာကြပါပြီ။ ပေါင်ဒါမှုန့်  မပါပေမယ့်လည်း ၀တ်ရ၊ ချွတ်ရ လွယ်ကူအောင် ပြုလုပ်ထားတဲ့ လက်အိတ်တွေ ဖြစ်ပါတယ်။ အရေအတွက် ကိုလည်း အလုံအလောက် ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် ပေါင်ဒါမှုန့် ပါတဲ့ လက်အိတ်ကို တားမြစ်ပိတ်ပင် လိုက်လို့  လက်အိတ်တွေ မလုံမလောက် ဖြစ်မှာတော့ မဟုတ်ပါဘူး။ ဆေးလောကမှာ ပေါင်ဒါမှုန့် ပါတဲ့ လက်အိတ် ပမာဏက အစကတည်းက နည်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့  နိုင်နင်းစွာ အစားထိုးနိုင်မှာပါ " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

FDA သည် ဆေးပစ္စည်း တားမြစ်ခြင်းကို ယခုတစ်ကြိမ် အပါအ၀င် နှစ်ကြိမ်သာ ပြုလုပ်ဖူး သေးကြောင်း၊ ၁၉၈၃ တွင် ဖိုင်ဘာဆံခြည်မျှင် အတုများကို ပြုလုပ်ခြင်းအား တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ပေါင်ဒါမှုန့် ဖြူးထားသော လက် အိတ်များကို ဆက်လက် အသုံးမပြုရန် တားမြစ်ခြင်း ဖြစ်ကြောင်း၊ သို့ သော် အမေရိကန် ပြည်ထောင်စု တစ်ခုတည်း အတွက်သာ အကျုံးဝင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...