Social Icons

Pages

Showing posts with label မိုးလေ၀သဆိုင်ရာ. Show all posts
Showing posts with label မိုးလေ၀သဆိုင်ရာ. Show all posts

Wednesday, March 1, 2017

၂၀၁၇ ခုနှစ်အတွင်း၌ အယ်နီညို ရာသီဥတုဖြစ်ပေါ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းခန့် အထိရှိနိုင်



ကင်ဘာရာ ၊ ၁-၃-၂၀၁၇

သြစတေးလျ မိုးလေ၀သ ဦးစီးဌာန က ယခုနှစ်အတွင်း အယ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်ခြေမှာ ၅၀ ရာခိုင်နှုန်းခန့် သေချာနေပြီ ဖြစ်ကြောင်း ယနေ့ မိုးလေ၀သ သတိပေးချက်များ ထုတ်ပြန် သွားခဲ့သည်။ 

ဖေဖော်ဝါရီ လလယ်မှ စတင်၍ သြစတေးလျနိုင်ငံ အပါအ၀င် ဥရောပနိုင်ငံ အများစု၌ ရာသီဥတု ဖောက်ပြန်မှုများ ဖြစ်ပေါ်ကာ အပူချိန်မြင့်မား လာခဲ့သည်။ မြင့်မားလာသော အပူချိန်များကြောင့် သြစတေးလျ မိုးလေ၀သ ဦးစီးဌာနက အယ်နီညို ဖြစ်ပေါ်လာနိုင်ခြေ ရှိ-မရှိကို သုတေသန ပြုလုပ်ခဲ့ရာ ဖြစ်ပေါ် လာနိုင်ခြေ ၅၀ ရာခိုင်နှုန်း အထိ ရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း Reuter သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

သို့သော်လည်း အယ်နီညို ရာသီဥတုမှာ ချက်ချင်းဖြစ်ပေါ် လာနိုင်သည့် အနေအထားမျိုး တွင် ရှိမနေဘဲ လာမည့် ၆ လသက်တမ်း အတွင်း ရာသီဥတု ပြောင်းလဲမှု အခြေအနေကို စောင့်ကြည့် သွားရမည် ဖြစ်ကြောင်းလည်း သိရသည်။ 

၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် အယ်နီညို ကြောင့် သြစတေးလျနိုင်ငံ တွင် အပူချိန်မြင့်မား ခဲ့ပြီး စိုက်ပျိုးမြေ အမြောက်အမြား ပျက်စီး ဆုံးရှုံးခဲ့ရသည်။ သြစတေးလျ နိုင်ငံသည် စိုက်ပျိုးရေး ကဏ္ဍ ထွန်းကားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး၊ ကမ္ဘာ့ စိုက်ပျိုးရေး အထွန်းကား ဆုံးသော နိုင်ငံများကို ဦးဆောင်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထို့အပြင် ဒေသထွက်ကုန်နှင့် ကောက်ပဲသီးနှံ များကို ပြည်ပနိုင်ငံများသို့ အများဆုံး တင်ပို့ရောင်းချ 

နိုင်ခဲ့သည့် သြစတေးလျနိုင်ငံ အတွက် အယ်နီညို ရာသီဥတုမှာ အကြီးမားဆုံး ရန်သူဖြစ်နေပြီး၊ သြစတေးလျ တောင်သူများက အယ်နီညို ထပ်မံ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန် နေကြောင်း သြစတေးလျ စိုက်ပျိုးရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက Reuter သတင်းဌာသို့ ပြောကြား သွားခဲ့သည်။ 

အယ်နီညို ရာသီဥတု ဖြစ်ပေါ်လာနိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် သြစတေးလျနိုင်ငံ တွင် ဂျုံစေ့ ဈေးနှုန်းများ မှာလည်း မြင့်တက်လာဖွယ်ရှိနေပြီး၊ ကုမ္မဏီကြီး အများစုက ဂျုံစေ့များဝယ်ကာ သိုလှောင်မှုများ ပြုလုပ်သွားရန် ပြင်ဆင် နေကြောင်းလည်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ 

Sunday, February 26, 2017

ရေယာဉ်စီးခရီးသည်များ ဘေးကင်းစေရေးအတွက် လေပြင်းအန္တရာယ်ဂရုပြုရန် သတိပေးထား



ရန်ကုန် ၊ ၂၆-၂-၂၀၁၇

ရေယာဉ်စီး ခရီးသည်များ အတွက် မလိုလားအပ်သော ဘေးအန္တရာယ် မကြုံစေရေး လေပြင်းအန္တရာယ်ကို ဂရုပြုကြရန် သတိပေးထားကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး မှ သိရသည်။

''အခုလိုပူပြင်းတဲ့ ရာသီမှာ ညနေပိုင်း လေပြင်းတွေ တိုက်တတ်ပါတယ်။ အထူးသဖြင့် မြစ်ထဲသွားနေတဲ့ သင်္ဘောတွေ အနေနဲ့ အခုလိုရာသီမှာ ပိုသတိထားသင့် ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ကလည်း လေပြင်း နဲ့ပတ်သက်လို့ သတင်းထုတ်ပြန် ထားတာတွေ ရှိပါတယ်။ ခရီးသည် ပို့ဆောင် ပေးနေတဲ့ သင်္ဘောကြီးတွေ အပါအဝင် မြစ်ထဲမှာသွားလာ နေတဲ့ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် သင်္ဘော တွေအကုန်လုံးက အဲဒီ ထုတ်ပြန်ချက်ကို လိုက်နာဖို့နဲ့ သတိပြု သွားလာဖို့ကို အသိပေး ဆောင်ရွက် နေပါတယ်'' ဟု ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ် မတ်၊ ဧပြီနှင့် မေလတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ် လေ့ရှိပြီး လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း စသည့်ဖြစ်စဉ်များ ပေါ်ပေါက်တတ်ရာ ၂ဝ၁၆ ခုနှစ်အတွင်းက လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်၍ နေအိမ် အဆောက်အအုံများ ပြိုကျပျက်စီးခြင်း၊ ခေါင်မိုးများလန်ခြင်း၊ သစ်ပင်များ ပြိုလဲခြင်း တို့ကြောင့် လူဦးရေ တစ်သိန်းခွဲခန့် ဘေးဒုက္ခ တွေ့ကြုံခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ယခုနှစ်အတွင်း မတ်၊ ဧပြီ နှင့် မေလတို့တွင် ဖြစ်ပွားနိုင်သော လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု လျော့နည်း စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ  ချထားရေး ဝန်ကြီးဌာနက ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးနှင့် အတူ ပူးပေါင်း ဆောင်ရွက်ရန် နှိုးဆော်ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, October 24, 2016

အားကောင်းသော မုန်တိုင်းငယ် မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ် ဒေသများ) နှင့် နီးကပ်နေ ၊ အနီရောင်အဆင့် သတ်မှတ်



နေပြည်တော် ၊ ၂၄-၁၀-၂၀၁၆

ယမန်နေ့ည ၁ဝ နာရီအချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်း မြို့၏ မြောက်- အနောက်မြောက် ဘက် ၉၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ ၏ အနောက်- အနောက်တောင် ဘက် မိုင် ၈ဝ ခန့်၊ ပုသိမ်မြို့၏ အနောက် တောင်ဘက် မိုင် ၁၂ဝ ခန့်၊ ဂွမြို့၏ အနောက် တောင်ဘက် ၁၄၅ မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက် တောင်ဘက် မိုင်၂ဝဝ ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေသည်။

အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေမှာ မြန်မာ့ ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ် ဒေသများ)နှင့် နီးကပ်နေပါ သဖြင့် အနီရောင် အဆင့်ဟု သတ်မှတ် သည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ် သည် ည ၁ဝ နာရီအချိန်တွင် မြောက်လတ္တီတွဒ် ၁၅ ဒသမ ၇ ဒီဂရီနှင့် အရှေ့ လောင်ဂျီတွဒ် ၉၃ ဒသမ သုည ဒီဂရီတွင် ရှိပြီး ဗဟိုချက်ဖိအား ၁ဝဝဝ ဟက်တိုပါစကယ် နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ နှုန်းခန့် ဖြစ်သည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ် သည် နောက် ၁၂ နာရီအတွင်း ပိုမို အားကောင်း လာကာ ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာ့ ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ် ဒေသ) အနီးသို့ ဦးတည် ရွေ့လျားပြီး နောက် ပြန်ကွေ့ကာ မြောက်- အနောက်မြောက် ဘက်သို့ ဆက်လက် ရွေ့လျားမည် ဟု ခန့်မှန်းရသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ် သည် မြန်မာ့ ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ် ဒေသ) အနီးသို့ ရောက်ရှိစဉ် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းတို့ တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်နာရီလျှင် မိုင် ၃ဝ မှ ၃၅ မိုင်အထိ တိုက်ခတ် နိုင်သည်။

သို့ဖြစ်ပါ၍ မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာခရိုင် နှင့် ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲခရိုင် တို့တွင် ၇ ပေမှ ၁ဝ ပေခန့်အထိ မြင့်တက် နိုင်သည်ဟု ခန့်မှန်းရသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ၂၄-၁ဝ-၂ဝ၁၆ ရက်မှ ၂၇-၁ဝ-၂ဝ၁၆ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး နေရာ ကွက်၍ မိုးကြီးနိုင်သည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ် နိုင်သည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူ များအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင် သောကြောင့် ကြိုတင် သတိပြု နေထိုင်ကြပါရန် နှင့် ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ ပြည်တွင်း ရေကြောင်း သွားလာရေး၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင် သတိပြုနိုင် ပါရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြု ထားသည်။ (၅ဝဝ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Thursday, September 22, 2016

ကမ္ဘာအေးမိုးလေ၀သ ရေဒါစခန်း၌ အချက်အလက်များ ဖမ်းယူနေပြီး ဂျပန်နိုင်ငံမှ တရားဝင်လွှဲပြောင်းပေးအပ်ပွဲ အောက်တိုဘာလကုန် ပိုင်းတွင် ကျင်းပမည်



ရန်ကုန် ၊ ၂၂-၉-၂၀၁၆

ဂျပန်နိုင်ငံမှ တည်ဆောက် တပ်ဆင်ပေးသည့် ကမ္ဘာအေး မိုးလေဝသ ရေဒါစခန်း၌ ရေဒါသတင်း အချက်အလက်များ စတင်ဖမ်းယူနေပြီး ဂျပန်နိုင်ငံမှ တရားဝင် လွှဲပြောင်း ပေးအပ်ပွဲကို အောက်တိုဘာလ ကုန်ပိုင်းတွင် ကျင်းပမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ကမ္ဘာအေး မိုးလေဝသရေဒါ စခန်း တည်ဆောက်မှုနှင့် ရေဒါတပ်ဆင်ခြင်း လုပ်ငန်းအားလုံးပြီးစီး နေပြီဖြစ်ရာ ရေဒါမှ ဖမ်းယူရရှိသော အချက်အလက် များကို နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနသို့ ပေးပို့လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် စတင်အသုံးပြုနေပြီ ဖြစ်သော်လည်း ဂျပန်နိုင်ငံမှ တရားဝင်လွှဲပြောင်း ပေးအပ်ရန် ကျန်ရှိနေပြီး အောက်တိုဘာ လကုန်ပိုင်းတွင် လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပ သွားမည်ဖြစ်သည်။ ယင်း မိုးလေဝသရေဒါ များသည် ၄ဝဝ ကီလိုမီတာ အကွာအဝေး ရှိ တိမ်ဖြစ်ထွန်းမှု အခြေအနေများကို အမျိုးအစား ခွဲခြားခြင်း၊ တိမ်အမြင့်နှင့် တိမ်အထူအပါး ခွဲခြားခြင်း၊ မိုးရွာသွန်းမှု များကို ကြိုတင်သိရှိနိုင်ခြင်း၊ တိမ်များ ရွေ့လျားမှုနှင့် ဘင်္ဂလား ပင်လယ်အော်ရှိ မုန်တိုင်းများကို ထောက်လှမ်းနိုင်ခြင်း စသည်တို့ကို လေ့လာ သိရှိနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ သဘာဝ ဘေးအန္တရာယ်များ တွေ့ကြုံရလေ့ရှိပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံမှ မိုးလေဝသရေဒါ သုံးလုံးကို ရန်ကုန်မြို့ အပါအဝင် ကျောက်ဖြူနှင့် မန္တလေးမြို့တို့၌ တပ်ဆင်မည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ပေါင်း ၃ဝ ၌ အလိုအလျောက် မိုးလေဝသ ရေဒါများလည်း တပ်ဆင်ပေး သွားမည်ဖြစ်သည်။

ယင်းစီမံကိန်းများ အတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၄ဝ ခန့် ကုန်ကျမည်ဖြစ်ပြီး စီမံကိန်းသုံးခု အနက် ပထမဆုံး အနေဖြင့် မိုးလေဝသ ရေဒါစခန်းများ တည်ဆောက်ခြင်း ဖြစ်၍ လက်ရှိတည် ဆောက်ပြီးသော ရန်ကုန်နှင့် ကျောက်ဖြူ ရေဒါစခန်း များ၌ သတင်း အချက်အလက် များ စတင်ဖမ်းယူနေပြီ ဖြစ်ကြောင်း သိရသည်။

စီမံကိန်းသုံးခု အနက် မန္တလေးမြို့၌ မိုးလေဝသ ရေဒါစခန်းကို ၂ဝ၁၅ ခုနှစ် သြဂုတ်လက စတင်တည်ဆောက် ခဲ့ကာ ၂ဝ၁၇ ခုနှစ်တွင် ပြီးစီးမည် ဖြစ်သည်။ ရန်ကုန်မြို့ရှိ ကမ္ဘာအေး မိုးလေဝသရေဒါ စခန်းကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ က စတင်တည်ဆောက် ခဲ့ကာ၂ဝ၁၆ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းတွင် အပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၅)

Tuesday, August 2, 2016

ရန်ကုန်ရေဒါစခန်း တည်ဆောက်မှုအပိုင်းနှင့် စက်ပစ္စည်းတပ်ဆင်သည့် အပိုင်းများ ရာနှုန်းပြည့် ပြီးစီးနေ



ရန်ကုန် ၊ ၂-၈-၂၀၁၆

ရန်ကုန်မြို့ရှိ မုန်တိုင်းရေဒါ (ရန်ကုန်ရေဒါ) သည် တည်ဆောက်မှု အပိုင်းနှင့် စက်ပစ္စည်း တပ်ဆင်သည့် အပိုင်းများ ရာနှုန်းပြည့်ပြီးစီး  နေသဖြင့် စမ်းသပ် လည်ပတ်လျက် ရှိပြီး အောက်တိုဘာလ တွင် လုပ်ငန်းများ စတင်လည်ပတ် နိုင်တော့မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်-ကမ္ဘာအေး) မှ သိရသည်။

ရန်ကုန် ရေဒါစခန်းသည် ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ မိုးလေဝသ တိုင်းတာရေးစခန်း (အောက်မြန်မာပြည်) ရုံးဝင်း အတွင်း၌ ဂျပန်နိုင်ငံ၏ နည်းပညာဖြင့် တည်ဆောက် ထားသည့် Doppler Radar (S-Band) အမျိုးအစားဖြစ်ပြီး လက်ရှိတွင် စက်များပုံမှန် လည်ပတ်မှု ရှိ၊ မရှိနှင့် ဖြည့်စွက်စရာများ သိရှိနိုင်စေရန် စမ်းသပ် လည်ပတ်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်ရေဒါ သည် အမြင့် ၇၅ မီတာ၊ အကျယ် ၁၃ မီတာ၊ မတ်စေ့ပုံ ထောင့်ရှစ်မြှောင့်ပုံ အထပ် ၁၈ ထပ်ရှိကာ ကျောက်ဖြူရေဒါနှင့် မန္တလေးရေဒါ များထက် ပိုမိုမြင့်မားပြီး စက်လည်ပတ် နိုင်ရန် ဂျပန်နိုင်ငံ Japan Radio Co.,Ltd မှ နည်းပညာရှင် များက မြန်မာနိုင်ငံမှ အင်ဂျင်နီယာ များအား စက်တင်ဘာလမှ စတင်၍ သင်တန်းများ ပို့ချပေးမည် ဖြစ်သည်။

အဆိုပါရေဒါသည် ရန်ကုန်မြို့ တစ်ဝိုက် ၄၅ဝ ကီလိုမီတာ ကျော်အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်း အခြေအနေ၊ မိုးရွာသွန်းမှု အခြေအနေနှင့် လေပြင်း တိုက်ခတ်မှု အခြေအနေ များကို နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရှိ သဘာဝဘေးဘက်စုံ သတိပေးဗဟို ဌာန၊ အမျိုးသား မိုးလေဝသ ခန့်မှန်းရေး ဗဟိုဌာနသို့ သတင်း အချက်အလက် များပေးပို့မည် ဖြစ်ပြီး ယင်းမှတစ်ဆင့် မှန်ကန်သော သတိပေးချက်များ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

Wednesday, March 30, 2016

ရန်ကုန် ၊ မန္တလေးနှင့် ကျောက်ဖြူတို့၌ မိုးလေ၀သရေဒါ တပ်ဆင်အသုံးပြုရန် ဆောင်ရွက်နေ



ရန်ကုန် ၊ ၃၀-၃-၂၀၁၆

မြန်မာနိုင်ငံအတွင်း မိုးလေဝသ ဆိုင်ရာ သတင်း အချက်အလက် များအား ပြည်သူများ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် မိုးလေဝသ ရေဒါသုံးခုကို ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူမြို့ တို့၌ တပ်ဆင် အသုံးပြုရန် ဆောင်ရွက် နေသော်လည်း မိုးလေဝသ ရေဒါ တစ်လုံးသာ ပြီးစီးသေးကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မိုးလေဝသ ရေဒါသုံးခုကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တို့၌ တပ်ဆင်ရန် စီစဉ် ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျောက်ဖြူမြို့ ၌သာ မိုးလေဝသ ရေဒါ တပ်ဆင်ပြီးစီး ခဲ့ကြောင်း၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့၌ တပ်ဆင်မှုများ ပြုလုပ် နေသော်လည်း ပြီးစီးမည့် အချိန်အား မခန့်မှန်း နိုင်သေးကြောင်း၊ ရန်ကုန်မြို့၌ ရေဒါ တည်ဆောက်မှု အနေဖြင့် ဇွန်လအတွင်း အပြီး တည်ဆောက် တပ်ဆင်နိုင်ရန် လျာထား သော်လည်း နောက်ကျ နိုင်ကြောင်း၊ မြန်မာနိုင်ငံ အတွင်း ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကို ကြုံတွေ့နေရပြီး ရာသီဥတု ဖောက်ပြန်မှုများ ကိုလည်း အများပြည်သူ ခံစား နေရကြောင်း၊ ယင်းတို့အား ကြိုတင် ကာကွယ်မှု ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မိုးလေဝသ နှင့်ပတ်သက်သော သတင်း အချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် လိုအပ်လာသည့် အတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း မိုးလေဝသရေဒါ များအပြင် ခေတ်မီ အလိုအလျောက် မိုးလေဝသ တိုင်းတာစက်အလုံး ၃ဝ အသုံးပြုကာ မုန်တိုင်း၊ မိုးတိမ်တောင် များ၏ အခြေအနေ ကိုတိုင်းတာသိရှိ နိုင်ပြီဖြစ်ကြောင်း၊ လက်ရှိတွင် မိုးလေဝသရေဒါ တပ်ဆင်ခြင်း လုပ်ငန်းများ အတွက် လိုအပ်သော ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ ဌာနများသို့ အခွန် ကင်းလွတ်ခွင့်နှင့် အချက်အလက် များတင်ပြ နေရခြင်းကြောင့် ကြန့်ကြာမှုများ ရှိနေကြောင်း၊ မိုးလေဝသ တိုင်းတာခြင်း များတွင် ပင်လယ် ဆိပ်ကမ်းမြို့များ ဖြစ်သော ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့တို့၌ တပ်ဆင်ပြီးပါက ယင်းနှစ်ခု နှင့်ပင် မိုးလေဝသ အခြေအနေ များကို အပြည့်အဝ သိရှိနိုင်မည် ဖြစ်သည်။

လာမည့်နှစ်တွင် မိုးလေဝသ တိုင်းတာရေး ရေဒါများဖြင့် ကပ္ပလီပင်လယ် နှင့် ဘင်္ဂလား ပင်လယ်အော်  တို့ရှိ မုန်တိုင်း အခြေအနေ များကို တိုင်းတာသိရှိ နိုင်တော့မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ဂြိုဟ်တုမှ တစ်ဆင့် မိုးလေဝသ အခြေအနေ များကို စောင့်ကြည့်နိုင်ရန် မကြာမီ ကာလတွင် ဂြိုဟ်တုတပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၅)
Related Posts Plugin for WordPress, Blogger...