Social Icons

Pages

Thursday, April 6, 2017

ကင်ဆာဝေဒနာရှင်များအား လျှပ်စစ်ဦးထုပ်ဖြင့် စမ်းသပ်ခဲ့ရာ အကျိုးသက်ရောက်မှု ကောင်းမွန်




ဝါရှင်တန် ၊ ၆-၄-၂၀၁၇

ဝါရှင်တန်ဒီစီ အခြေစိုက် အမေရိကန် ကင်ဆာအသင်းက စမ်းသပ် ထုတ်လုပ်လိုက်သည့် လျှပ်စစ်ဦးထုပ် TTFields ကို ကင်ဆာဝေဒနာရှင် များအား ဆောင်းစေပြီး စမ်းသပ်ကြည့်ခဲ့ရာ အချို့သော ကင်ဆာ အမျိုးအစား များအတွက် အကျိုး သက်ရောက်မှု ကောင်းမွန်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အထူးသဖြင့် ဦးနှောက် အကျိတ်ကင်ဆာ ဝေဒနာရှင်များအား အဆိုပါ TTFields အသုံးပြုသောအခါ အကျိုးထူးခဲ့ကြောင်း၊ ၄င်း လျှပ်စစ်ဦးထုပ်က ဦးနှောက်ထဲသို့ လျှပ်စစ်လှိုင်း များကို ပို့ပေးကြောင်း၊ လျှပ်စစ်ဦးထုပ် ကုထုံးနှင့် ဓာတုပစ္စည်းကုထုံး နှစ်မျိုးကို ပေါင်းစပ် လိုက်သောအခါ ဓာတုပစ္စည်း ကုထုံးတစ်မျိုးတည်း အသုံးပြုခြင်းထက် ထူးကဲ သာလွန်သည့် အကျိုးရရှိသည်ကို တွေ့ရကြောင်း သုတေသီ ဒေါက်တာ Roger Strupp က ပြောပြသည်။

ဓာတုပစ္စည်းကုထုံး တစ်မျိုးတည်းခံယူခြင်းနှင့်စာလျှင် အဆိုပါ လျှပ်စစ်ဦးထုပ် ကိုပါ အသုံးပြုခြင်းက အသက်ရှင်ရန် အခွင့်အလမ်း ပိုများ စေကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း ဒေသပေါင်းစုံက အလွှာပေါင်းစုံ၊ အသက်ပေါင်းစုံ လူနာ ၆၉၅ ဦးထက် မနည်းကို စမ်းသပ်ခဲ့ရာ ၄၆၆ ဦးကို TTFields အသုံးပြုစေခဲ့ကြောင်း၊ ဖော်ပြခဲ့သည့် အတိုင်း TTFields က ဦးနှောက်ထဲသို့ လျှပ်စစ်လှိုင်း များကို လွှတ်ပေးကာ ကင်ဆာဆဲလ်များ မပြန့်ပွားအောင် ဟန့်တား နိုင်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ TTFields ကို FDA ခွင့်ပြုချက် လျှောက်ထားခဲ့ရာ Optune အမည်ဖြင့် ဈေးကွက်သို့ တင်သွင်းခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

TTFields ကို တစ်လအသုံးပြုရန် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂၁ဝဝဝ ထက်မနည်း ကုန်ကျမည် ဖြစ်ကြောင်း၊ ကုန်ကျမှုများ သော်လည်း အမေရိကန်နိုင်ငံတွင် ကျန်းမာရေး အာမခံစနစ်ထဲ၌ အကျုံးဝင်သည့် အတွက် လူနာများအတွက် ပူပင်စရာ မရှိကြောင်း၊ နိုင်ငံတကာ ဈေးကွက်တွင် TTFields ၏လစဉ်ကုန်ကျ စရိတ်သည် ပို၍လည်း များနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...