Social Icons

Pages

Thursday, March 16, 2017

မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO)ကပင် ကြားဝင်နေရပြီဖြစ်သည့် တူရကီနှင့် နယ်သာလန်တင်းမာမှု



( ရှိန်းထက် ဘာသာပြန်သည်း )

မတ် ၁၁ ရက်မှာ နယ်သာလန် က ၎င်း၏နိုင်ငံရောက် တူရကီထောက်ခံ ဆန္ဒပြ သူများကို ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြ ခြင်းကြောင့် အင်အားသုံး ဖြိုခွဲမှုမှ စတင်ကာ တူရကီနှင့် နယ်သာလန် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှု ပိုမိုဆိုးရွား လာသည်။ 

တူရကီဘက်က ၎င်း၏ဝန်ကြီး နှစ်ဦးကို စည်းရုံးဟောပြော ခွင့်ပိတ်ပင်သည့် အပြင် နယ်နှင်ဒဏ်ပင် ပေးလိုက်သည့် အတွက် လူသိရှင်ကြား တောင်းပန် ရမည်ဟု ပြောသည်။ အာဒိုဂန် အစိုးရသည် နယ်သာလန် အစိုးရက တူရကီ အစိုးရကို စော်ကားသည့် ဖြစ်ရပ်ဟု ယူဆကာ နယ်သာလန်ကို ဖိအားပေး နေခြင်း ဖြစ်သည်။ ထို့ပြင် နယ်သာလန်ကို နာဇီဂျာမနီ နှင့်ပင် နှိုင်းခံရပြီး အပြောခံ ထားရ သောကြောင့် နယ်သာလန် ကလည်းလုံးဝ တောင်းပန်မည် မဟုတ်ပေ။ 

နယ်သာလန် ပြည်သူများ နာဇီတို့ ဒဏ်ကို အလူးအလဲ ခံစားခဲ့ဖူး ထားသောကြောင့် ဖြစ်သည်။ နာဇီဟု ဆိုလိုက်လျှင် ဂျာမနီ ကိုယ်တိုင်ပင် ၎င်းကို စွပ်စွဲခြင်း လုံးဝ မကြိုက်ပေ။ ထို့ကြောင့် နာဇီကို မွေးဖွားပေးသည့် ဂျာမနီ ကိုယ်တိုင်က ခါးခါးသီးသီး မုန်းတီးနေလျှင် ၎င်း၏ဒဏ်ကို ရက်ရက်စက်စက် ခံစားရ ဖူးသည့် နိုင်ငံဆိုလျှင် တော့ပြောဖွယ် ရာမရှိတော့ပေ။ 

ယခု နယ်သာလန် ကလည်း ခံစားထားဖူး သည့်အတွက် တူရကီသမ္မတ အာဒိုဂန်၏ ဝေဖန် နှိုင်းယှဉ်ချက်ကို ဒေါသ ထွက်နေသည်။ ထို့ကြောင့် တူရကီတို့ လိုချင်သည့် တောင်းပန်မှုကို နယ်သာလန် ဆီက ရရှိနိုင် လိမ့်မည် မဟုတ်ပေ။ ထိုအချက်ကို ဂျာမန် ဝန်ကြီးချုပ် အိန်ဂျဲလာ မာကယ်လ် ကပင် ထောက်ခံ နေသည်။နာဇီဟု နှိုင်းလိုက်လျှင် ၎င်း၏ ဂျာမနီပြည်သူ များကပင် မကြိုက်ကြဘဲ ယခု အတိတ်က လက်တွေ့ ခံစားရ ဖူးသည့် နယ်သာလန်ကို နာဇီနှင့် နှိုင်းယှဉ် ပြောဆိုခြင်းကို မလုပ်သင့်ဟု မာကယ်လ်က အာဒိုဂန်ကို ဝေဖန်ထားသည်။

 ထို့ကြောင့် ဂျာမနီက ယခု ပဋိပက္ခတွင် နယ်သာလန် ဘက်က ရပ်တည် နေသည်မှာ ကျိန်းသေနေသည်။ ဥရောပ သမဂ္ဂထဲသို့ ဝင်ရန် ကြိုးစားနေသည့် တူရကီ အတွက် ဂျာမနီနှင့် ပြဿနာ ဖြစ်၍တော့ အဆင်ပြေ လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မာကယ်လ်၏ ဝေဖန်ချက်ကို  အာဒိုဂန် ရေငုံနှုတ်ပိတ် နေမည်မှာ ကျိန်းသေနေသည်။ တူရကီတို့ ဥရောပသမဂ္ဂ ထဲသို့ ဝင်ရန်ကြိုးစား နေသော ကြောင့်ဖြစ်သည်။ 

ဥရောပ၌ အဓိက စီးပွားရေး ကဏ္ဍကို ဂျာမနီက ယူထားသည်။ ယခု ပျောက်ကွယ် သွားသည့် ဗြိတိန် နေရာကိုပင် ပြင်သစ်နှင့် ပူးတွဲပြီး ဂျာမနီက ဖြည့်စွက် ပေးရမည့် တာဝန် ဖြစ်နေသည်။ ထို့ကြောင့် တူရကီတို့ ဂျာမနီနှင့် အဆင်ပြေအောင် ပေါင်းသင်း ရမည် ဖြစ်သည်။ 

တူရကီ သမ္မတ အာဒိုဂန်က နောက်ခံ ကောင်းလျှင် လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲ သည့်သတ္တိ ရှိသည်။ ဆီးရီးယား နယ်စပ်၌ ရုရှား ဂျက်တိုက်လေယာဉ် ကိုပစ်ချ ခဲ့သည်က သာဓက ပင်ဖြစ်သည်။ ရုရှားတို့က စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ဆိုတော့လည်း အာဒိုဂန်က ရုရှားက မီးနှင့်ကစား နေသည်ဟုပင် ပူတင်ကို ခြိမ်းခြောက်ခဲ့ သေးသည်။တူရကီနှင့် ရုရှား နှိုင်းယှဉ် လျှင်တော့ စစ်ရေးအရ များစွာကွာသည်။

 သို့သော် အာဒိုဂန်က ပြောရဲဆိုရဲ လုပ်ရဲ ကိုင်ရဲ ဖြစ်နေခြင်းမှာ ၎င်း၏နောက်မှ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(NATO) ရှိနေသောကြောင့် ဖြစ်သည်။ ယခုတော့ စစ်ရေးအရ ၎င်း၏နောက်က ကျားကန် ထားသည့် ဒေါက်တိုင် ကိုလည်း တူရကီတို့ အသုံးပြု၍ မရတော့။ 

နယ်သာလန် ကိုယ်တိုင်ကပင် NATO အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ချက်ချင်းဖြေရှင်း ရမည့်ပြဿနာ ဖြစ်နေသည်။ သို့သော် နှစ်နိုင်ငံ စလုံးက ရန်စောင် နေကြပြီး သံတမန်ရေး နည်းလမ်းများကို ယခုအချိန်ထိ အသုံး မပြုကြ သေးဘဲ စကားလုံးများ ဖြင့်သာတိုက်ခိုက် နေကြသည်။ ထိုအချိန်တွင် နှစ်နိုင်ငံ စလုံးမှာလည်း ပြည်တွင်း၌ မဲဆွယ်ပွဲများ အပြိုင်အဆိုင် ပြုလုပ်နေ ကြသည်။

နယ်သာလန် ကတော့ ရွေးကောက်ပွဲကို မတ် ၁၅ ရက် သတ်မှတ်ခဲ့သည့် အတွက် အနီးကပ်ဆုံး အချိန် မတ် ၁၁ ရက်တွင် တူရကီ အစိုးရ၏ မဲဆွယ်ပွဲကို လက်မခံ သည်မှာ သဘာဝကျ နေသည်။ အနီးကပ် ဆုံးနှင့် အရှုပ်ထွေးဆုံး အချိန်မှာ ထောင်သောင်း ချီသော လူအုပ်ကြီးနှင့် အလုပ်ရှုပ် မည်စိုးသော ကြောင့်ဖြစ်သည်။ ရွေးကောက်ပွဲ ကာလဖြစ်သည့် အတွက် သတိထားနေ ရသည့် အချိန်တွင် ပြဿနာ တစ်ခုခု ဖြစ်သွားလျှင် နယ်သာလန် အစိုးရအတွက် နာမည် ပျက်ဦးမည်။ ရွေးကောက်ပွဲ အတွက်လည်း မဲရလဒ် များက အပြောင်းလဲ ကြီးပြောင်းလဲ သွားနိုင်သည်။

ထို့ကြောင့် တူရကီ အစိုးရက ၎င်း၏နိုင်ငံ အတွင်း မဲဆွယ်ပွဲကို လက်မခံခြင်း ဖြစ်သည်။ တူရကီကတော့ ၎င်း၏ ရွေးကောက်ပွဲ ကို ဧပြီ ၁၆ ရက်မှသာ ကျင်းပမည် ဖြစ်သည့်အတွက် အချိန်ရသည်ဟု ဆိုနိုင်သည်။ ဧပြီလထဲမှာ မဲဆွယ်လျှင်ပင် အချိန်မီနိုင် သေးသည်။ သို့သော် ယခုဖြစ်ရပ် ကြောင့် အာဒိုဂန် အစိုးရအတွက် နယ်သာလန်ရောက် တူရကီများ ဆီမှ မဲအများဆုံး ရရန် ကျိန်းသေသလောက် ဖြစ်နေသည်။ 

အဝေးရောက် ၎င်း၏ နိုင်ငံသားများ ကို ဦးစားပေးပြီး နိုင်ငံရေး အရပင် ထိပ်တန်းအဆင့် တင်းမာ ခံရဲသူ အာဒိုဂန် အစိုးရက နယ်သာလန်ရှိ တူရကီ နိုင်ငံသား များအတွက် သူရဲကောင်းကြီး ဖြစ်နေသည်။ အာဒိုဂန် ကလည်း ထိုအကွက်ကို အသုံးချခြင်း ဖြစ်နိုင်သည်။ ၎င်း ပြည်တွင်း၌ အာဒိုဂန်ကို ထောက်ခံသူ နည်းသည်ထက် နည်းလာသည်။ ထို့ကြောင့် ပြည်ပ အင်အားကို အာဒိုဂန် အသည်းအသန် လိုအပ်နေသည့် အချိန်ဖြစ်သည်။ 

တိုက်ဆိုင်စွာပင် နယ်သာလန် ကလည်း ရွေးကောက်ပွဲ ကျင်းပမည်။ နယ်သာလန် မှာလည်း ၎င်း၏ နိုင်ငံသား အရေအတွက်က အများဆုံး သန်းနှင့်ချီ ရှိနေသည်။ ထို့ကြောင့် အခွင့်အရေး ကို အသုံးချကာ အာဒိုဂန်က ၎င်းးကို ထောက်ခံမဲ ရအောင် အကွက်ဆင် ခြင်းဟုလည်း နိုင်ငံရေး လေ့လာသူ များက သုံးသပ်ကြသည်။ 

အကယ်၍ နယ်သာလန် ရောက်တူရကီ နိုင်ငံသားများ ၏ထောက်ခံမဲ အရေအတွက် သည်သန်းနှင့် ချီပြီးရမည် ဆိုလျှင် အာဒိုဂန် အတွက် နယ်သာလန်နှင့် တင်းမာမှု ဖြစ်ရသည့် အတွက်တန်သည် ဟုဆိုရမည် ဖြစ်သည်။ ယခု တူရကီ ဘက်ကလည်း လျှော့မပေး၊ နယ်သာလန် ဘက်ကလည်း အလျှော့ မပေးပေ။ ၎င်း၏ နိုင်ငံသား များကို အင်အားသုံး ဖြိုခွင်းသည့် အတွက်နှင့် ဝန်ကြီး နှစ်ဦးကို နှင်ထုတ်သည့် အတွက် လူသိရှင်ကြား တောင်းပန် ရမည်ဟု ထပ်တလဲလဲ ပြောနေသည်။

နောက်ဆုံး တင်းမာမှု များက တစ်စတစ်စ မြင့်တက်လာပြီး နှစ်ဖက်စလုံး ကလည်း အလျှော့ပေးမည့် အရိပ် အယောင်မျှပင် မတွေ့ရ သောကြောင့် နှစ်နိုင်ငံ စလုံးနှင့် သက်ဆိုင် နေသည့် NATO အဖွဲ့ကပင် ကြားဝင်လာ နေရပြီ ဖြစ်သည်။

NATO အဖွဲ့ အတွင်းရေးမှူး ချုပ်ယင်းန် စတိုင်လ်ကျင်ဘက်ဂ် ကပင် နှစ်နိုင်ငံ အစိုးရ များနှင့် သီးခြားသွား ဆွေးနွေး ရသည့် အဖြစ်။ စတိုင်လ်ကျင် ဘက်ဂ်က ဒီမိုကရေစီ နည်းလမ်းမှာ တင်းမာသည့် စကားလုံးများ ဖြင့်ငြင်းခုံ ကြခြင်းက သဘာဝ ဖြစ်သော်လည်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားသည့် သံတမန်ရေး အနေအထား ဖြင့်သာ ယင်းပြဿနာ ကိုဖြေရှင်း ခြင်းမှာ အကောင်းဆုံး ဖြစ်သည်ဟု ဆိုထားပါကြောင်း တင်ပြလိုက် ရပါသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...