Social Icons

Pages

Showing posts with label အယ်လ်နီညို. Show all posts
Showing posts with label အယ်လ်နီညို. Show all posts

Wednesday, March 1, 2017

၂၀၁၇ ခုနှစ်အတွင်း၌ အယ်နီညို ရာသီဥတုဖြစ်ပေါ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းခန့် အထိရှိနိုင်



ကင်ဘာရာ ၊ ၁-၃-၂၀၁၇

သြစတေးလျ မိုးလေ၀သ ဦးစီးဌာန က ယခုနှစ်အတွင်း အယ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်ခြေမှာ ၅၀ ရာခိုင်နှုန်းခန့် သေချာနေပြီ ဖြစ်ကြောင်း ယနေ့ မိုးလေ၀သ သတိပေးချက်များ ထုတ်ပြန် သွားခဲ့သည်။ 

ဖေဖော်ဝါရီ လလယ်မှ စတင်၍ သြစတေးလျနိုင်ငံ အပါအ၀င် ဥရောပနိုင်ငံ အများစု၌ ရာသီဥတု ဖောက်ပြန်မှုများ ဖြစ်ပေါ်ကာ အပူချိန်မြင့်မား လာခဲ့သည်။ မြင့်မားလာသော အပူချိန်များကြောင့် သြစတေးလျ မိုးလေ၀သ ဦးစီးဌာနက အယ်နီညို ဖြစ်ပေါ်လာနိုင်ခြေ ရှိ-မရှိကို သုတေသန ပြုလုပ်ခဲ့ရာ ဖြစ်ပေါ် လာနိုင်ခြေ ၅၀ ရာခိုင်နှုန်း အထိ ရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း Reuter သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

သို့သော်လည်း အယ်နီညို ရာသီဥတုမှာ ချက်ချင်းဖြစ်ပေါ် လာနိုင်သည့် အနေအထားမျိုး တွင် ရှိမနေဘဲ လာမည့် ၆ လသက်တမ်း အတွင်း ရာသီဥတု ပြောင်းလဲမှု အခြေအနေကို စောင့်ကြည့် သွားရမည် ဖြစ်ကြောင်းလည်း သိရသည်။ 

၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် အယ်နီညို ကြောင့် သြစတေးလျနိုင်ငံ တွင် အပူချိန်မြင့်မား ခဲ့ပြီး စိုက်ပျိုးမြေ အမြောက်အမြား ပျက်စီး ဆုံးရှုံးခဲ့ရသည်။ သြစတေးလျ နိုင်ငံသည် စိုက်ပျိုးရေး ကဏ္ဍ ထွန်းကားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး၊ ကမ္ဘာ့ စိုက်ပျိုးရေး အထွန်းကား ဆုံးသော နိုင်ငံများကို ဦးဆောင်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထို့အပြင် ဒေသထွက်ကုန်နှင့် ကောက်ပဲသီးနှံ များကို ပြည်ပနိုင်ငံများသို့ အများဆုံး တင်ပို့ရောင်းချ 

နိုင်ခဲ့သည့် သြစတေးလျနိုင်ငံ အတွက် အယ်နီညို ရာသီဥတုမှာ အကြီးမားဆုံး ရန်သူဖြစ်နေပြီး၊ သြစတေးလျ တောင်သူများက အယ်နီညို ထပ်မံ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန် နေကြောင်း သြစတေးလျ စိုက်ပျိုးရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက Reuter သတင်းဌာသို့ ပြောကြား သွားခဲ့သည်။ 

အယ်နီညို ရာသီဥတု ဖြစ်ပေါ်လာနိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် သြစတေးလျနိုင်ငံ တွင် ဂျုံစေ့ ဈေးနှုန်းများ မှာလည်း မြင့်တက်လာဖွယ်ရှိနေပြီး၊ ကုမ္မဏီကြီး အများစုက ဂျုံစေ့များဝယ်ကာ သိုလှောင်မှုများ ပြုလုပ်သွားရန် ပြင်ဆင် နေကြောင်းလည်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ 

Monday, May 16, 2016

ပြည်တွင်း၌ ဘဲဥအထွက်နှုန်း ကျဆင်းလာချိန်တွင် ထိုင်းနိုင်ငံမှ ဘဲဥများ တရားမ၀င် ၀င်ရောက်မှု မြင့်တက်လာ



ရန်ကုန် ၊ ၁၆-၅-၂၀၁၆

ပြည်တွင်း၌ ရာသီဥတု ပူပြင်းမှုကြောင့် မြစ်ချောင်းတချို့ရှိ ရေများ ခန်းခြောက်လာ သဖြင့် မြစ်ချောင်းနံဘေးရှိ ဘဲမွေးမြူရေး ခြံများ၌ ဘဲဥ အထွက်နှုန်း ကျဆင်း လာချိန်တွင် ထိုင်းနိုင်ငံမှ ဘဲဥများ တရားမဝင် ဝင်ရောက်မှု မြင့်တက် လာကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

ကျေးလက်ဒေသ များ၌ ဘဲများကို လွှတ်ကျောင်း စနစ်ဖြင့် မြစ်ချောင်း ကမ်းစပ်များ၌ မွေးမြူရာ ယခုနှစ်တွင် အယ်လ်နီညို ဖြစ်စဉ်ကြောင့် အပူရှိန် ပြင်းထန်ကာ ရေခန်းခြောက်မှုများ ဖြစ်ပေါ် နေသဖြင့် ဘဲမွေးမြူရေး လုပ်ငန်း ထိခိုက်ပြီး ဘဲများ ဥနှုန်း ကျဆင်း လျက် ရှိသည်။ ထို့ကြောင့် ထိုင်းနိုင်ငံမှ ဘဲဥ၊ ကြက်ဥ တင်ဆောင် လာသော ကုန်တင်ယာဉ် များသည် မေလအတွင်း နေ့စဉ် တရားမဝင် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ကြက်နှင့်ဘဲ မွေးမြူမှုစနစ် သည် အအေးခန်း အလုံပိတ် စနစ်ဖြင့် မွေးမြူကြသဖြင့် စားသုံးမှု ပိုလျှံသည့်အပြင် မြန်မာ နိုင်ငံအတွင်းသို့ ဈေးနှုန်း သက်သာစွာ တင်သွင်း နိုင်ကြောင်း၊ ပြည်တွင်း၌ ဘဲဥ အထွက်နှုန်း လျော့နည်းလာပြီး ဘဲဥ ပြတ်လပ် သွားမည်ကို စိုးရိမ်ရသဖြင့် ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်မှုများကို တားဆီးရန် ခက်ခဲနိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဝင်းစိန် က ပြောသည်။

''အပူချိန် မြင့်တက် လာတဲ့အတွက် ကြက်နဲ့ ဘဲတွေ ဥဥနှုန်း ကျဆင်းလာလို့ ဘဲမွေးသူတွေ စီးပွားရေး ထိခိုက်ပြီး ဈေးကွက်ထဲမှာ ကြက်ဥ၊ ဘဲဥ ပြတ်လာရင် တရားမဝင် ဝင်ရောက် လာတာကို တားဖို့ ခက်ပါမယ်။ အခုဆိုရင် ထိုင်းနိုင်ငံက ကြက်အရှင် တွေနဲ့ ကြက်သားတွေ သာမက ပုစွန်တွေ အပြင် ကြက်ဥ၊ ဘဲဥတွေပါ ဈေးကွက် ထဲကို ဝင်ရောက် လာပါပြီ'' ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကြက်ဥလက်ကား ဈေးနှုန်းသည် တစ်လုံးလျှင် ယခင်ငွေကျပ် ၁ဝဝ မှ ယခု ၁၁၅ ကျပ်၊ ဘဲဥ လက်ကား ဈေးနှုန်းသည် တစ်လုံးလျှင် ယခင်ငွေကျပ် ၁၁ဝ မှ ယခုငွေကျပ် ၁၃ဝ ဖြစ်လာ သော်လည်း နေ့စဉ် ဥအထွက် နှုန်း ၅ဝ ရာခိုင်နှုန်းခန့် ကျဆင်းလာ ကြောင်း ဧရာဝတီတိုင်း ဒေသကြီးမှ ဘဲဥ၊ ကြက်ဥများ ရောင်းချသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, May 6, 2016

အယ်လ်နီညိုရာသီဥတုကြောင့် မန္တလေးမြို့ရှိ ရွှေကျောင်းကြီးတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှု နည်းပါး



မန္တလေး ၊ ၆-၅-၂၀၁၆

မြန်မာနိုင်ငံတွင် အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ် နေသောကြောင့် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်း မှာလည်း သိသိသာသာ နည်းပါး၍ မန္တလေးမြို့ရှိ အထင်ကရ ဖြစ်သော ရွှေကျောင်းကြီး တွင် နိုင်ငံခြားသား ဝင်ရောက်မှု နည်းပါးကြောင်း သိရသည်။

မန္တလေးမြို့ရှိ အထင်ကရ ဖြစ်သော ရွှေကျောင်းကြီး ၌ ယခုနှစ် မတ်လက နိုင်ငံခြားသား ခရီးသွား ဧည့်သည် ဝင်ရောက်မှု ဦးရေ ၇ဝဝဝ ကျော်ခန့် ဝင်ရောက် လာပြီး ဧပြီလက ဦးရေ ၂၈ဝဝ ကျော်သာ ဝင်ရောက် ခဲ့ကြောင်းသိရသည်။

ယခုအခါ မန္တလေး ရွှေကျောင်းကြီး ကို ထိန်းသိမ်းမှုများ ပြုလုပ်လျက် ရှိရာ အမေရိကန် နိုင်ငံမှ ပညာရှင်များ အကူအညီ ဖြင့် ရွှေကျောင်းကြီး ရှိ တိုင်လုံး သုံးတိုင်ကို အစားထိုး လဲလှယ်၍ ထိန်းသိမ်းလျက် ရှိသည်။ ၄င်း ပညာရှင် များသည် ယခုအခါ ဗီဇာ ကန့်သတ်ချက် အရ အမေရိကန် နိုင်ငံသို့ ပြန်သွားကြောင်း သိရသည်။

ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ် နေစဉ်တွင် လေ့လာသူ များကို ကန့်သတ်ချက်များ ထားရှိခြင်း မရှိသဖြင့် လွတ်လပ်စွာ လေ့လာနိုင် ကြောင်းလည်း သိရသည်။ ရွှေကျောင်းကြီး တိုင်လုံးများ ပြုပြင်ရာတွင် J1, J2, J3 ဖြင့် တိုင်များလဲလှယ် ခဲ့ပြီး ရွှေကျောင်းကြီး၏ ကျန်ရှိ နေသေးသော တိုင်လုံးများကို ပြုပြင် ထိန်းသိမ်းရန် လိုအပ်ခြင်း ရှိ၊ မရှိ စစ်ဆေးပြီးမှသာ လဲလှယ်မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ရှိ အထင်ကရ ရွှေကျောင်းကြီး နှင့် နန်းတော်ကို နိုင်ငံခြားသား ဝင်ရောက်မှု ၂ဝ၁၄-၂ဝ၁၅ ခုနှစ်ကဦးရေ ၁၂ဝဝဝဝ ကျော် ဝင်ရောက် လေ့လာခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

Wednesday, April 27, 2016

အပူဒဏ် အယ်လ်နီညိုဒဏ် ခရမ်းလွန်ရောင်ခြည်ဒဏ် တို့မှ ကင်းဝေးစေဖို့



ဒေါက်တာလွင်သန့် (ဆေး-၂)

နွေရာသီမှာ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ရာသီဥတု ပူပြင်းပြီး ရေခန်းခြောက် ခြင်းနဲ့ သောက်သုံးရေ ဖူလုံမှု မရှိခြင်းတို့ တွေ့ကြုံကြ ရတယ်။ အပူဒဏ်ကြောင့် ချွေးထွက်များပြီး ခန္ဓာကိုယ်တွင်း မှာရှိတဲ့ ရေနဲ့ ဆားဓာတ် ဆုံးရှုံးမှု များလို့ မိတ်နဲ့ ယားဖုများ ထွက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်း ကနေ အသက် အန္တရာယ် စိုးရိမ်ရခြင်း စတဲ့ အခြေအနေထိ ဖြစ်နိုင် ပါတယ်။

ခရမ်းလွန် ရောင်ခြည်ရဲ့ အပူဒဏ်ကြောင့် မလိုလားအပ်တဲ့ အကျိုးဆက် တွေ မဖြစ်ပေါ်စေဖို့ နံနက် ၁ဝ နာရီကနေ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ်တို့မှာ ရေချိုးခြင်းကို ရှောင်ကြဉ် ရမယ်။ အရိပ်ရပြီး အေးမြတဲ့ နေရာမှာ နေသင့် ပါတယ်။

နေပူထဲမှာ ပြင်းထန်တဲ့ ကိုယ်လက် လှုပ်ရှား အားကစားမျိုး မပြုလုပ်သင့် ပါဘူး။ အရက်၊ ဘီယာ သောက်ခြင်း ကြောင့် အပူဒဏ် အန္တရာယ် ဖြစ်ပေါ်စေတဲ့ အပြင် ခန္ဓာကိုယ် တွင်းရှိ ရေကို အမြန်ဆုံး ညစ်နွမ်းစေပြီး အပူဒဏ်ကို ပြင်းပြင်း ထန်ထန် ခံစားရစေလို့ ရှောင်ကြဉ်သင့် ပါတယ်။

အလင်းရောင်ပြန် တဲ့ အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ အဝတ်အထည် တွေ ဝတ်ဆင်ရမယ်။  ပွပွချောင်ချောင် ချည်ထည် လေးတွေ ဝတ်ဆင်ရမယ်။ ပူလို့ဆိုပြီး အဝတ်မဝတ်ဘဲ မနေသင့်ပါဘူး။ ချွေးထွက်လွန်ရင် ကိုယ်တွင်းမှာ ရှိတဲ့ ရေနဲ့ ဆားဓာတ် ဆုံးရှုံးမှု ဖြည့်တင်းဖို့ ဓာတ်ဆားရည် သောက်ပါ။ ကိုယ်အပူချိန် တက်လာရင် ရေအေးဖတ် တင်နိုင်ပါတယ်။ အအေးခန်းမှာ နေထိုင်နိုင်ပါတယ်။

ဆီးချို၊ နှလုံးနဲ့ သွေးတိုးရောဂါ အခံရှိသူတွေ အပြင် ကလေးနဲ့ သက်ကြီးရွယ်အို တွေလည်း ကိုယ်အပူချိန် တက်ပါက ရေအေးဖတ် တင်နိုင်ပါတယ်။ နေ့လယ်နေ့ခင်း မှာ အရိပ်ရပြီး လေဝင်လေထွက် ကောင်းတဲ့ နေရာမှာ နားနေသင့် ပါတယ်။ သူတို့ဟာ အပူဒဏ် ပြင်းထန်ခြင်းကို ဆိုးဆိုးရွားရွား ခံစားရနိုင် ပါတယ်။ မိတ်နဲ့ ယားဖုတွေ ထွက်လာရင် ရေအေးဖတ် တင်ခြင်းအပြင် သနပ်ခါး လိမ်းခြင်းကို ပြုလုပ်သင့် ပါတယ်။

ခရမ်းလွန် ရောင်ခြည်ကြောင့် အရေပြား အညိုအမည်း စွဲခြင်း၊ နေရောင်ခြည် နဲ့ ဓာတ်မတည့်ခြင်း၊ အရေပြား ကင်ဆာနဲ့ သက်ကြီး မျက်စိ တိမ်စွဲခြင်းတို့ ဖြစ်စေနိုင်လို့ နေရောင်ခြည်ထဲ မဖြစ်မနေ သွားရမယ် ဆိုရင် နေရောင်ခံ ခရင်မ်ကို ကြိုတင်လိမ်းပြီး နှစ်နာရီခြား တစ်ခါ ပြန်လိမ်းသင့် ပါတယ်။ ဒါမှမဟုတ် သနပ်ခါး လိမ်းပေးသင့် ပါတယ်။ ခရမ်းလွန် ရောင်ခြည်ဒဏ် ၉၉ ရာခိုင်နှုန်း ကာကွယ် နိုင်တဲ့ နေကာ မျက်မှန်မျိုး တပ်ဆင်သွားဖို့ လိုပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Thursday, April 21, 2016

အပူချိန်မြင့်တက် လာခြင်းကြောင့် သင်္ကြန်ကာလ ပုဂံဒေသသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများ လျော့နည်းခဲ့



ညောင်ဦး ၊ ၂၁-၄-၂၀၁၆

ယခုနှစ် နွေဥတုကာလ အယ်လ်နီညို ရာသီဥတု အပူရှိန်ကြောင့် သင်္ကြန်ကာလ ပုဂံ ယဉ်ကျေးမှု ဒေသသို့ လာရောက် လည်ပတ်သည့် ပြည်ပ ခရီးသွားများ လျော့နည်း ခဲ့ကြောင်း ပုဂံဒေသ ဖွံ့ဖြိုးရေး အသင်းမှ သိရသည်။

၂ဝ၁၅ ခုနှစ် ဧပြီလတွင် ပုဂံဒေသ အပူချိန်သည် ၄၁၊ ၄၂ ဒီဂရီ စင်တီဂရိတ် ရှိခဲ့သော်လည်း ယခုနှစ် ဧပြီလတွင် အပူချိန် ၄၄၊ ၄၅ ဒီဂရီ စင်တီဂရိတ် ထိ မြင့်တက် လာကြောင်း သိရသည်။

''ဒီနှစ် ပုဂံမှာ သင်္ကြန်ရက် ခရီးသွား နည်းတယ်။ ရာသီဥတု ကလဲပူတယ်။ ဒီနှစ်က မနှစ်ကထက် အပူချိန်တွေ တိုးလာတယ်။ ခရီးသွား ကတော့ အများကြီး လျော့သွားတာ မရှိပါဘူး။ ပြီးတော့ ဧပြီလက ခရီးသွားတဲ့ ရာသီချိန်လဲ ဖြစ်ပါတယ်''ဟု ပုဂံဒေသ ဖွံ့ဖြိုးရေး အသင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်နု က ပြောပြသည်။

ပြည်ပ ခရီးသွားများ အနေဖြင့် သင်္ကြန်ရက် များတွင် ပုဂံဒေသ၏ ရိုးရာဓလေ့ ရေကစားခြင်း များနှင့် ယိမ်းအက များတွင် ပါဝင်ဆင်နွှဲရန် နှစ်စဉ် လာရောက် ကြကြောင်း သိရသည်။ 

''မြန်မာနိုင်ငံမှာ အလွန်ထင်ရှားတဲ့ ပုဂံလို နေရာမျိုးကို သင်္ကြန်လို အချိန်မျိုးမှာ တခြား နေရာတွေနဲ့ စာရင် သွားလာမှု နည်းပါးတာ တွေ့ရတယ်။ အခုလို အချိန်မှာ ခရီးသွား အဝင် နည်းလာတဲ့ ပုဂံလို ဒေသမျိုးကို သွားရောက် လည်ပတ်မယ် ဆိုရင် ကောင်းပါတယ် '' ဟု Jovago ၏ မြန်မာနိုင်ငံ ဆိုင်ရာ မန်နေးဂျင်း ဒါရိုက်တာ Hugo Schleicher က ပြောပြသည်။

ယခုနှစ် သင်္ကြန်အတွင်း ခရီးသွားလာမှု တွင် ရာသီဥတု ပူပြင်းခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား များသည် ချောင်းသာ၊ ငွေဆောင် ကမ်းခြေများနှင့် ထားဝယ်၊ မြိတ် စသည့်မြို့များသို့ အများဆုံး သွားရောက် ကြကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် ပုဂံဒေသသို့ ဧည့်သည် ဝင်ရောက်မှုသည် ဦးရေ ၂ သိန်း ၄ သောင်းကျော် ရှိခဲ့ပြီး ယခုနှစ် သင်္ကြန်ကာလ တွင် ကုန်ကျစရိတ် အပြီးအစီး ခရီးသွားခြင်းနှင့် သင်္ဘောဖြင့် ခရီးသွား လာမှုများ လျော့ကျ သွားကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

Wednesday, March 30, 2016

မြန်မာနိုင်ငံတစ်ဝန်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေရသည့် ကျေးရွာများသို့ ငွေကျပ် ၂၂၆ သန်း အသုံးပြု၍ သောက်သုံးရေ ဖြန့်ဝေမည်



ရန်ကုန် ၊ ၃၀-၃-၂၀၁၆

အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ် မှုဖြင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် ကျေးရွာများသို့ ငွေကျပ် ၂၂၆ သန်း အသုံးပြု၍ သောက်သုံးရေ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ခုနစ်ခုအပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ သောက်သုံးရေ ရှားပါး ပြတ်လပ်မှုကို အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့ နေရသည့် မြို့နယ်ပေါင်း ၁၇ဝ ကျော်ကိုပါ သောက်သုံးရေ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ပြင်းထန်သော အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ဒေသအတော် များများ၌ ရေရှားပါး ပြတ်လပ်မှု ကြုံတွေ့ရလျက် ရှိကြောင်း၊ ထို့ကြောင့် အဆိုပါ ရေရှားပါးမှု ကြုံတွေ့နေရသည့် ကျေးရွာများသို့ နိုင်ငံတော် အစိုးရ၏ ပံ့ပိုးငွေကျပ် ၁၁၁ သန်းနှင့် သီးသန့် ရန်ပုံငွေကျပ် ၁၁၅ သန်းကို သုံးစွဲနိုင်ရေး အတွက် အဆင်သင့် ဖြစ်စေရန် စီစဉ်ထားသည် များလည်း ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး (အောက်ပိုင်း)၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ကျေးရွာ အများစုတွင် ရေရှားပါးမှု ကြုံတွေ့ နေရပြီး ဇန်နဝါရီလမှ စတင်ကာ ရေတွင်း၊ ရေကန်များ ခန်းခြောက် နေသည့်အတွက် သောက်သုံးရေ ရှားပါးမှု အခက်အခဲနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

Tuesday, March 29, 2016

အမေရိကန်နိုင်ငံ Indian River Lagoon ဖြစ်၌ အယ်လ်နီညို ကြောင့် ငါးမျိုးစိတ်များ ထောင်နှင့်ချီ သေဆုံးမှုဖြစ်ပေါ်




နယူးယောက် ၊ ၂၉-၃-၂၀၁၆

ရာသီဥတု ဖောက်ပြန်မှု များကြောင့် အယ်လ်နီညို အားပြင်းထန်၍ ပင်လယ်ရေ မျက်နှာပြင် ပူနွေးကာ အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ Indian River Lagoon မြစ်၌ ငါးမျိုးစိတ်ပေါင်း များစွာ ထောင်နှင့်ချီ သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း Daily Mail သတင်းဌာနက မတ် ၂၆ ရက်တွင် ဖော်ပြသွား ခဲ့သည်။

ခြောက်သွေ့ရာသီ ရောက်တိုင်း ဖလော်ရီဒါ ကမ်းခြေတွင် အယ်လ်နီညိုများ ဝင်ရောက်လာ တတ်ပြီး ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လေ့ ရှိသည်။ သို့ရာတွင် ယခုတစ်ကြိမ် သေဆုံးသွား ခဲ့သည့် ငါးအရေအတွက်မှာ ဆယ်စုနှစ် အတွင်း အဆိုးရွားဆုံးသော သေဆုံးမှု ဖြစ်ကြောင်း ငါးလုပ်ငန်း တာဝန်ခံ ကပ္ပတိန် အဲလက်စ် က ပြောကြားခဲ့သည်။

''Indian River Lagoon မြစ်ကြောင်း တစ်လျှောက်မိုင် ၃ဝလောက်ထိကို ငါးတွေ သေနေတာ တွေ့ရပါတယ်။ ဒီသေဆုံးမှုမှာ နှစ်ပေါင်း ၃၅ နှစ်အတွင်း တစ်ကြိမ် တစ်ခါမှ မမြင်ဖူးသေးတဲ့ ငါးမျိုးစိတ် တွေလဲ ပါဝင်နေတာ တွေ့ရ ပါတယ်။ ကျွန်တော့်အမြင် အရဒါဟာ မတော်တဆ သေဆုံးမှုမဟုတ် ပါဘူး။ ကျွန်တော်တို့ အနေနဲ့ မြစ်ကြောင်း တစ်လျှောက်ကို အသေးစိတ် လိုက်လံကြည့်ရှု သွားမယ်။ ဒါ့ပြင် သေဆုံးတဲ့ ငါးတချို့ကို ယူပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ် စစ်ဆေးမယ်။ သဘာဝဘေးဒဏ် ကြောင့် ဖြစ်သွားတယ် ဆိုတဲ့အချက်ထက် ပိုမယ်လို့ ကျွန်တော်တို့ ယူဆတယ်။ အခုလဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါပြီ '' ဟု ကပ္ပတိန် အဲလက်စ် က ပြောကြားခဲ့သည်။

'' Indian River Lagoon မြစ်ဟာ ကျွန်တော်တို့ ဒေသကို နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံထိ ဝင်ငွေရတဲ့ ရေ သယံဇာတ အရင်းအမြစ်တစ်ခု လို့ သတ်မှတ်ရင်လဲ မမှားပါဘူး။ ဒီလို အရေးပါလှတဲ့ မြစ်ရေထဲမှာ ဆယ်စုနှစ် တစ်ခုရဲ့ အဆိုးရွားဆုံး ကပ်ဘေးတစ်ခု ဖြစ်သွားတာ အင်မတန်မှ စိတ်ပျက်ဖို့ ကောင်းပါတယ် '' ဟု Indian River Lagoon Research Institute မှ ဒါရိုက်တာ ရောဘတ်ဝီဗာ က ပြောကြား သွားခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

Friday, March 25, 2016

အယ်လ်နီညို ရာသီဥတုကြောင့် ဖြစ်ပေါ်လာသည့် အပူဒဏ်မှကာကွယ်ရန် ရေကစားသူများအတွက် ရေးကစားချိန် သတ်မှတ်ပေး



မန္တလေး ၊ ၂၅-၃-၂၀၁၆

ရေကစားသူများ အတွက် ရေကစားချိန် သတ်မှတ် ပေးခြင်းသည် အယ်လ်နီညို ရာသီဥတု ကြောင့် ဖြစ်ပေါ်လာသည့် အပူဒဏ်မှ ကာကွယ်ပေးခြင်း ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ အခွန်ဌာနမှူး ဦးစိုးသန်း ထံမှ သိရသည်။

ယခင်နှစ်က ရေကစားချိန်ကို နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၂ နာရီမှ ည ၆ နာရီထိ သတ်မှတ်ပေး ခဲ့သော်လည်း ယခုနှစ်တွင် အယ်လ်နီညို ရာသီဥတုကြောင့် ရေကစားသူများ အပူဒဏ် ကာကွယ်နိုင်ရန် ရေကစား ချိန်ကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီ၊ ညနေ ၃ နာရီမှ ည ၆ နာရီ အတွင်းသာ ရေကစားကြ ရမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ရေချို ရှားပါးမှုကို ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ကျုံးရေ အသုံးပြုမှု များကို ခွင့်ပြု ထားပြီးသော ရေကစားမဏ္ဍပ် များသည် ကျုံးအရှေ့ ဘက်တွင် ၁၁ ခု ၊ ကျုံးတောင်ဘက် တွင် ၁ဝ ခု၊ ကျုံးမြောက်ဘက် တွင် ၄ ခု၊ ကျုံး အနောက်ဘက် တွင် ၈ ခုနှင့် မြို့တွင်းတွင် ၇ ခု ဖြစ်ကြောင်း၊ ခွင့်ပြုချက် မရှိသော ရေကစား အဖွဲ့များသည် ကျုံးရေကို ရေစုပ်စက် များဖြင့် စုပ်ယူခွင့် မပြုကြောင်း၊ ခွင့်ပြုချက်  ရပြီးသော ရေကစားမဏ္ဍပ် များကလည်း အသုံးပြုမည့် ရေစုပ်စက် အရေအတွက် ရေပိုက် အရွယ်အစားကို ကြိုတင်တင်ပြ ရမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

Wednesday, March 23, 2016

တောင်သမန်အင်းအတွင်း ငှက်လှေစီးသူ ခရီးသွားများ တစ်ရက်လျှင် ဦးရေ နှစ်သောင်းခန့် လာရောက်လျက်ရှိ



မန္တလေး ၊ ၂၃-၃-၂၀၁၆

ယခုလသည် အပူချိန်မြင့်တက် နေသည့်ကာလ ဖြစ်သော်လည်း တောင်သမန်အင်း အတွင်း ငှက်လှေစီး လည်ပတ်ကာ နေဝင်ဆည်းဆာ ကြည့်ရှုကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွား များသည် တစ်ရက်လျှင် ဦးရေ နှစ်သောင်းခန့် လာရောက်လျက် ရှိကြောင်း တောင်သမန်အင်း ငှက်လှေအသင်း ဥက္ကဋ္ဌထံမှ သိရသည်။

ယခုနှစ်သည် အယ်နီညို ရာသီဥတု ဖြစ်ပေါ်သည့် နှစ်ဖြစ်ပြီး ယခင်နှစ်များ ထက်ပို၍ ပူပြင်း ခြောက်သွေ့မှုများ ဖြစ်ပေါ်လျက် ရှိသော်လည်း ယခု လပိုင်းသည် နွေရာသီ ကျောင်းပိတ်ရက် ကာလဖြစ်သည် နှင့်အညီ ဌာနဆိုင်ရာ ရုံးပိတ်ရက် များလည်း များပြားသည့်လ ဖြစ်၍ မြန်မာနိုင်ငံ အနှံ့ပြည်တွင်း၊ ပြည်ပ ခရီးသွားများဖြင့် စည်ကား များပြားလျက် ရှိသည်။

ထို့ပြင် မန္တလေးမြို့၏ အထင်ကရ သမိုင်းဝင် နေရာတစ်ခု ဖြစ်သည့် တောင်သမန်အင်း သို့လည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများမှာ တစ်ရက်လျှင် ဦးရေ နှစ်သောင်းခန့် လာရောက် လည်ပတ်လျက် ရှိကြောင်း၊ ရာသီဥတု ပူပြင်းနေ သော်လည်း ပြည်တွင်း ခရီးသွား များသည် တစ်နေကုန် သည်ထိ တောင်သမန်အင်း အတွင်း ငှက်လှေစီး၍ လည်ပတ်မှု ပိုမိုများပြားလျက် ရှိကြောင်း၊ ပြည်ပ ခရီးသွားများ အနေဖြင့် ညနေ နေဝင်ဆည်းဆာ အလှကြည့်ရှု ရန်သာ ငှက်လှေကို ငှားရမ်းစီးနင်း ကြကြောင်း သိရသည်။

''ဒီလပိုင်း ထဲမှာ ပြည်ပခရီးသွား တွေထက် ပြည်တွင်း ခရီးသွားတွေ ပိုများပါတယ်။ ပြည်တွင်းက ဧည့်သည်တွေက မနက်ပိုင်းရော၊ နေ့ခင်းပိုင်းရော၊ ညနေပိုင်းပါ စီးကြပါတယ်။ ပြည်ပက ဧည့်သည် တွေကတော့ ညနေတစ်ကြိမ် လောက်ပဲ အဓိကထား စီးကြတယ်။ သူတို့က နေဝင်ဆည်းဆာ အလှကြည့်ဖို့ကို အဓိကထား တာဆိုတော့ ညနေပိုင်းပဲ စီးတာပါ။ ငှက်လှေစီး ကြတဲ့ ဧည့်သည်ကိုပဲ တစ်ရက်ကို တစ်သောင်းခွဲ၊ နှစ်သောင်းထိ ရှိပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။

ယခုလပိုင်း တောင်သမန်အင်း အတွင်း ငှက်လှေ စီးနင်းမှုတွင် ပြည်တွင်း ခရီးသွားများ ပိုမို များပြားပြီး ပြည်ပ ခရီးသွား များလည်း နေဝင်ဆည်းဆာ ကြည့်ရှုရန် စီးနင်းလျက် ရှိသည်။ ပြည်ပ ခရီးသွား များတွင် ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ အမေရိကန်၊ ထိုင်းနှင့် အီတလီနိုင်ငံ တို့မှဖြစ်ကြပြီး အီတလီ နိုင်ငံသား အများဆုံး ဖြစ်ကြောင်း၊ လက်ရှိ တောင်သမန်အင်း အတွင်း ငှက်လှေ ၄၅ စီးဖြင့် ပြေးဆွဲလျက် ရှိပြီး အရန် အပါအဝင် ငှက်လှေ အစီးရေ ၆ဝ ဖြင့် ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂)

Tuesday, March 8, 2016

အယ်လ်နီညို ရာသီ၌ သက်တမ်းတိုသီးနှံမျိုးများ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်မည်



မကွေး ၊ ၈-၃-၂၀၁၆

သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးမှု အခက်အခဲများ ကြုံတွေ့ လာနိုင်သော အယ်လ်နီညို ရာသီ၌ သက်တမ်းရင့် (စပါး၊ နှမ်း၊ ပဲတီစိမ်း ) မျိုးများ နေရာတွင် သက်တမ်းတိုပြီး အထွက်နှုန်း ကောင်းသော မျိုးစေ့များ အစားထိုး စိုက်ပျိုးနိုင်ရေး စီမံ ဆောင်ရွက် လျက် ရှိကြောင်း မကွေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

''ပွင့်ဖြူမျိုးသန့်ခြံ ကနေ မျိုးစပါးတင်း ၄ဝဝဝ လောက် သိုလှောင် ထားပြီး ဖြစ်ပါတယ်။ မြို့နယ်တိုင်း မှာလည်းတင်း ၂ဝဝ၊ ၃ဝဝ ခန့်စီ အသင့်သိုလှောင် ထားပါတယ်။ ရတနာတိုးနဲ့ ဆင်းသုခ တို့လို သက်တမ်းတို စပါးမျိုးတွေ အပြင် ပဲတီစိမ်း၊ နှမ်းအတွက် ဆင်းရတနာ -၃ နဲ့ စမုန်နက်နှမ်း တွေလို သီးနှံမျိုးတွေကို အကျိုးဆောင် တောင်သူ နဲ့ပေါင်းပြီး မျိုးစေ့ထုတ် သိုလှောင် ထားတာပါ။ သက်တမ်းတို မျိုးတွေကို စိုက်ပျိုးရင် စိုက်ပျိုးရေ လိုအပ်ချက် ကိုလည်း လျှော့ချနိုင်မှာ ဖြစ်သလို အထွက်နှုန်း မကောင်းမှာ ကိုလည်း စိုးရိမ်စရာ မရှိပါဘူး''ဟု မကွေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း က ပြောသည်။

သီးနှံစိုက်ပျိုးသည့် အခါ ရေနည်းနည်းသာ လိုမည့် သက်လျင်သီးနှံ (သက်တမ်းတို ရတနာတိုး၊ ရက် ၉ဝ စပါး) ပျိုးထောင်ပြီး စိုက်ရန်၊ ရေဖျား (မြောင်းဖျား) ရေရရှိနိုင်မှု နည်းပါးသည့် နေရာများ တွင်လည်း သက်တမ်းတို (နွေနှမ်း၊ ပဲတီစိမ်း၊ နေကြာ) သီးနှံမျိုးများကို ရွေးချယ်စိုက်ရန် လိုအပ်ကြောင်း၊ ဌာနအနေဖြင့် တောင်သူ ပညာပေး စည်းရုံးခြင်းများ ဆောင်ရွက်လျက် ရှိပြီး အကျိုးဆောင် တောင်သူထံမှ ဝယ်ရင်းဈေး အတိုင်း မျိုးစေ့ပံ့ပိုးခြင်း နှင့် စိုက်ပျိုးရေး နည်းပညာ အကူအညီ ပေးခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ယခင်က နွေစပါး တစ်ဧက အတွက် ရေ (၆ ဧကပေ) အသုံးပြု သော်လည်း အယ်လ်နီညို ဖြစ်စဉ်တွင် ရေခန်းခြောက် နိုင်သည့် အတွက် နွေစပါး တစ်ဧကအ တွက် စိုက်ပျိုးရေ (၈ ဧကပေ) အသုံးပြုနိုင်ရန် ဆည်မြောင်း ဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

''အယ်လ်နီညို ကြောင့် မြေအောက်ရေ Water Level တွေနိမ့်ကျပြီး ရေတွင်းများ ခန်းခြောက် နိုင်တဲ့အတွက် လျှပ်စစ် မြစ်ရေတင်နဲ့ ဆည်မြောင်း တွေကနေ စိုက်ပျိုးရေ  လုံလောက်အောင် လွှတ်ပေးနိုင်မယ် ဆိုရင် Water Level နိမ့်ကျတာကို ကာကွယ်နိုင်ပြီး လူနဲ့တိရစ္ဆာ န် တွေအတွက် သောက်သုံးရေ လိုအပ်ချက် ကိုလည်း ဖြည့်ဆည်း ပေးပြီးသား ဖြစ်ပါလိမ့်မယ်။ သောက်သုံးရေ ရှားရင် နောက်ဆက်တွဲ က ကျန်းမာရေးနဲ့ လူမှုရေး ပြဿနာတွေ ဖြစ်လာ နိုင်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေ၊ ရေပေးစနစ် ကောင်းမွန်ဖို့ အတွက် တောင်သူတစ်ဦး နဲ့တစ်ဦးကြား ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ် ' ဟု စိုက်ပျိုးရေး ကျွမ်းကျင်သူ တစ်ဦးက သုံးသပ် ပြောကြားသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၃)

Monday, February 29, 2016

တောင်အာဖရိကနိုင်ငံတွင် အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားပြီး အငတ်ဘေးဖြင့် ရင်ဆိုင်နေရသည့် ဒုက္ခသည်များ ၂၈ သန်းထိရှိလာ



ပရီတိုးရီးယား ၊ ၂၉-၂-၂၀၁၆

တောင်အာဖရိက နိုင်ငံတွင် အယ်လ်နီညို ရာသီဥတု ကြောင့် မိုးခေါင်ရေရှားပြီး အငတ်ဘေးဖြင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် ဒုက္ခသည်များ ၂၈ သန်းထိ ရှိလာပြီ ဖြစ်ကြောငှ်းSouthern African Development Community (SADC) က ထုတ်ပြန်သွား ခဲ့သည်ဟု ရိုက်တာ သတင်းဌာနက ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

လက်ရှိ အခြေအနေအရ သက်ဆိုင်ရာ အစိုးရအဖွဲ့များ အနေဖြင့် ဒုက္ခသည်ဦးရေ များပြားလွန်း သောကြောင့် ကူညီ ပံ့ပိုးမှုများ ပြုလုပ်ပေး သွားရန်အတွက် အခက်အခဲ များဖြင့် ရင်ဆိုင်နေ ရသည်။ ပြီးခဲ့သော ဇန်နဝါရီလက WFP က တောင်အာဖရိက နိုင်ငံတွင် အငတ်ဘေး ဖြင့် ရင်ဆိုင်နေရသော ဒုက္ခသည် ဦးရေ ၁၄ သန်းထိ ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း Southern African Development Community (SADC) မှ ထုတ်ပြန် လိုက်သည့် ဒုက္ခသည် အရေအတွက် မှာ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထုတ်ပြန် သွားခဲ့သည့် ဦးရေထက် နှစ်ဆပိုများ နေကြောင်း သိရသည်။

Southern African Development Community (SADC) မှပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ''လက်ရှိ ကျွန်တော်တို့ အဖွဲ့က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ တောင်အာဖရိကမှာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ ဒုက္ခသည် ပေါင်း ၂၈ သန်းထိ ရှိနေပါတယ်။ ဒါကလဲ လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ အယ်လ်နီညိုကြောင့် ဒုက္ခသည်တွေ ပိုတိုးသွားတာမျိုး ဖြစ်နိုင်ပါတယ်'' ဟု ပြောကြားသွား ခဲ့ကြောင်း သိရသည်။

Monday, February 15, 2016

မိုးကိုမျှော်လင့်နေသည့် အာဖရိက နှင့် မပြီးဆုံးနိုင်သေးသည့် အယ်လ်နီညို ၏ ရက်စက်မှုများ



မိုးကိုမျှော်လင့်နေသည့် အာဖရိက နှင့် မပြီးဆုံးနိုင်သေးသည့် အယ်လ်နီညို ၏ ရက်စက်မှုများ

( ရှိန်းထက် )

ကမ္ဘာ့ အရှေ့ပိုင်း၊ တောင်ပိုင်း နှင့် အနောက်ပိုင်း တို့၌ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ အပူချိန် ကျဆင်းခဲ့ပြီး ဆောင်း ဝင်ခဲ့ သော်လည်း အာဖရိက၌ စံချိန်တင် အပူချိန် များဖြင့် ဆက်လက် ပူပြင်း နေခဲ့သည်။ ၂ဝ၁၅ ခုနှစ်ကို ကမ္ဘာ့ အပူဆုံးနှစ် တစ်နှစ်အဖြစ် ကုလသမဂ္ဂ မှ ကြေညာခဲ့ပြီး နောက် ဆယ်စုနှစ် ၅ဝ အတွင်း ပူပြင်းကာလ များကို အာဖရိကတိုက် ရှိ လူ သန်းပေါင်း များစွာ ဖြတ်သန်း နေရခြင်း ဖြစ်သည်။

အာဖရိကသည် မိုးခေါင်မှုနှင့် ရေရှားမှု များကို ခံစား နေရချိန်တွင် အပူလှိုင်း များက ထပ်မံဝင်ရောက် လာပြန်သည်။ စိုက်ပျိုးထား သည့် သီးနှံများလည်း သေဆုံးသွားပြီး သန်းပေါင်း များစွာသော ပြည်သူများမှာ အငတ်ဘေးနှင့် ကြုံတွေ့ ရတော့သည်။ အာဖရိက ရောက် NGO အဖွဲ့အစည်း များနှင့် ကုလသမဂ္ဂ အကူအညီ ပေးရေး လုပ်သားများ အားလုံးသည် အာဖရိကရှိ ကလေးငယ် များကိုကြည့်ကာ မျက်ရည်ဝဲ ခဲ့ကြရသည်။ ဆိုမာလီယာ တွင် ကလေးငယ်ပေါင်း ၅၈ဝဝဝ သည် အငတ်ေ ဘး ကြောင့် သေလုဆဲဆဲ ဖြစ်နေကြသည်။

ငါးနှစ်အောက် ကလေးငယ် ၃ဝ၅ဝဝဝ မှာလည်း အာဟာရ ဓာတ်ချို့တဲ့ကာ အရေးပေါ် အကူအညီ မရရှိပါက အသက်ဆုံးရှုံး ရမည့် အနေအထား သို့ပင် ရောက်ရှိ နေသည်။ ထို့ကြောင့် ကုလသမဂ္ဂ သည် အာဖရိက တိုက်သို့ အရေးပေါ် အကူအညီ များပေးရန် နိုင်ငံတကာသို့ မေတ္တာရပ်ခံ ထားသည်။ အာဖရိကတိုက် ရှိ ကလေးငယ် များနှင့် အငတ်ဘေး ကြုံတွေ့ နေရသည့် ပြည်သူ သန်းပေါင်း များစွာကို အကူအညီ ပေးနိုင်ရန် ယခုလက်ရှိ အမေရိကန် ဒေါ်လာ ၈၈၅ သန်း ချက်ချင်း လိုအပ်လျက် ရှိသည်။

ထိုငွေ ပမာဏသည် အငတ်ဘေး ပြဿနာကို ချက်ချင်း ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂ၏ ရေတို တောင်းခံချက်သာ ရှိသေးသည်။ ပြန်လည် နာလန်ထူရေးနှင့် ကျန်းမာရေး ပြဿနာများ ဖြေရှင်းနိုင်ရန် အလုံးစုံသော တောင်း ခံချက် များသာ အပါအဝင် ဆိုပါက အာဖရိက အတွက် လိုအပ်ငွေသည် အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ ရှိနိုင်သည်။ ဆိုမာလီယာတွင် အငတ်ဘေး ကြုံနေရပြီး အကူအညီ လိုအပ်နေသည့် လူဦးရေသည် ၄ ဒသမ ၇ သန်းခန့် ရှိသည်။ ထိုအထဲမှ လူဦးရေ ၉၅ဝဝဝဝ ခန့်သည် နေ့စဉ်နှင့် အမျှ အစာရေစာ ရရှိနိုင်ရန် အခက်အခဲ ပေါင်းများစွာ နှင့် ရုန်းကန်နေ ရသည်။

အငတ်ဘေး ကြုံနေရသည့် ကြားထဲ အယ်လ်ရှာဘတ် စစ်သွေးကြွ တို့၏ အကြမ်းဖက် တိုက်ခိုက်မှုများ ကိုလည်း ဆိုမာလီယာ ပြည်သူတို့ အလူးအလဲ ခံစား နေရသည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာ အရ ဆိုမာလီယာ တွင် လေးနှစ်အတွင်း အငတ်ဘေးနှင့် ပြည်တွင်း စစ်ပွဲများကြောင့် သေဆုံးသူ အရေအတွက် သည် ၂၅ဝဝဝဝ အထိ ရှိခဲ့သည်ဟု ဆိုသည်။ မငြိမ်းချမ်း သေးသော အာဖရိက အတွက် နောက်ထပ် သတင်းဆိုး တစ်ပုဒ် ကလည်း ထပ်မံရောက်ရှိ လာသေးသည်။ လာမည့် ရက်သတ္တပတ် အတွင်း နောက်ထပ် အပူလှိုင်း နှစ်ခု ထပ်မံဝင်ရောက် နိုင်သေးသည် ဆိုသည့် သတိပေးချက် ဖြစ်သည်။

ထို့ကြောင့် ယခင် ကတည်းက အငတ်ငတ် အပြတ်ပြတ် ဖြစ်နေသော ဆိုမာလီယာ ပြည်သူများ အတွက် ၂ဝ၁၅ ခုနှစ်မှ စကာ အပြင်းထန်ဆုံး နှင့် အရက်စက်ဆုံး ခံစားမှု များကို ပေးခဲ့သော အယ်လ်နီညို သည် ၂ဝ၁၆ ခုနှစ်အထိ အမွေဆိုး အမွေခံအဖြစ် ထပ်မံလိုက်ပါ လာသည်။ ၂ဝ၁၆ ခုနှစ်တွင်လည်း အပူချိန် လျော့ကျရန် ယခုအချိန် ထိလည်း လမ်းမမြင် နိုင်သေးပေ။ နိုင်ငံတကာ၏ အကူအညီ ဖြင့်သာ ထပ်မံ အသက်ဆက် နိုင်ရန်သာ အလေးသာ နေသည်။ အကယ်၍ ကုလသမဂ္ဂ၏ အကူအညီ များနှင့် နိုင်ငံတကာ NGO အဖွဲ့အစည်း များ၏ အကူအညီသာ မရရှိပါက ဆိုမာလီယာရှိ အငတ်ဘေး ဆိုက် ပြည်သူများသည် အသက်ပင် ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ ရက်က ကမ္ဘာပေါ်ရှိ လူသန်းပေါင်း များစွာတို့၏ အာရုံစိုက်ခံ ရသော ဓာတ်ပုံတစ်ပုံ ထွက်ပေါ် လာခဲ့သည်။ ပိန်လှီပြီး အစာရေစာ ငတ်ပြတ် နေသော ကလေးငယ် တစ်ဦးကို အကူအညီ ပေးရေးလုပ်သား အမျိုးသမီး တစ်ဦးက လမ်းပေါ်တွင် ဂရုတစိုက် ရေတိုက် နေသည့် ရင်နင့်ဖွယ် ဓာတ်ပုံပင် ဖြစ်သည်။ ထို့အတူ အကူအညီ အရေးတကြီး လိုအပ်နေသည့် အာဖရိက ကလေးငယ် များနှင့် ကုလသမဂ္ဂ ကလေးငယ်များ ဆိုင်ရာ အကူအညီ ပေးရေး လုပ်သား အမျိုးသမီး တစ်ဦးတို့ မျက်ရည်ဝဲ လျက် ရိုက်ခဲ့သော ဓာတ်ပုံသည်လည်း နိုင်ငံတကာ မီဒီယာ များကြားတွင် ရေပန်းစား ခဲ့သည်။

ဆိုမာလီယာ သည် ခေတ်သစ် အယ်လ်နီညို ၏ဒဏ်ကို အဆိုးရွားဆုံး ခံစားရသည့် နိုင် ငံဖြစ်သည်။ နှစ်ပေါင်း ၂ဝ အတွင်း အဆုံးရွားဆုံး မိုးခေါင် ရေရှားမှုနှင့် အငတ်ဘေးကို အကြီးအကျယ် ဆုံး ခံစားရလျက် ရှိ သည့်နိုင်ငံ အဖြစ်လည်း မှတ်တမ်းဝင် သွားခဲ့သည်။ သူနှင့် အိမ်နီးချင်း အီသီယိုးပီးယား နိုင်ငံသည် ဒုတိယ အဆိုးရွားဆုံး အယ်လ်နီ ညို ၏ ဒဏ်ကို ခံစားနေရသည်။ နှစ်ပေါင်း ၅ဝ အတွင်း အကြီးမားဆုံး မိုးခေါင် ရေရှားမှု ကို ကြုံတွေ့ နေရပြီး အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုး တက် နေသည့် နိုင်ငံ၏ စီးပွားရေးကို ရိုက်ချိုးပစ် ခဲ့သည်။ နိုင်ငံ စိုက်ပျိုးရေး၏ ၇၅ ရာခိုင် နှုန်း ဆုံးရှုံးခဲ့ ရသည်။ လူပေါင်း ၁ဝ သန်းနှင့် ၁၅ သန်း သည် အကူအညီ လိုအပ်နေသည်။

ကလေး ၄၃ဝဝဝဝ သည် ကျန်းမာရေးနှင့် အစာ အာဟာရ ချို့တဲ့နေသည်။ သို့သော်လည်း အာဖရိကတွင် အီသီယိုးပီးယား သည် စီးပွားရေး များစွာ တိုးတက် လာခဲ့သည့် အတွက် လူ အသေအပျောက် မရှိအောင် စီမံခန့်ခွဲ ထားနိုင်သည်။ နိုင်ငံတကာ အကူအညီများ နှင့် အစိုးရ အထောက်အပံ့ များကိုလည်း အချိန်မီ ပို့နိုင်ခဲ့သည်။ အကယ်၍ အီသီယိုး ပီးယား သာ လွန်ခဲ့သည့် ဆယ်စုနှစ် အခြေ အနေ ဆီမှာသာ ရှိနေခဲ့ပါက အီသီယိုးပီးယား ၏ အငတ်ဘေးသည် အာဖရိက တွင် သေဆုံးမှု အများဆုံး အဖြစ် မှတ်တမ်းဝင် သွားမည် ဖြစ်သည်။

သို့သော်လည်း ယခု ဆိုမာလီယာ သည် အီသီယိုးပီးယား ထက် အရေအတွက် နည်းသော်လည်း အသေအပျောက် အများဆုံး ဖြစ်နေသည်။ ဆိုမာလီယာ ၏ စီးပွားရေး သည် အာဖရိကထက် များစွာ နိမ့်ကျနေသော ကြောင့် ဖြစ်သည်။ တတိယ အယ်လ်နီညို ၏ ရိုက်ခတ်မှုသည် တောင်အာဖရိက ဖြစ်သည်။ အာဖရိကတွင် အဖွံ့ဖြိုးဆုံး တောင်အာဖရိက သည် ပြည်နယ်ကိုးခု အနက် ငါးခုကို သဘာဝ ဘေး အန္တရာယ်ဇုန် အဖြစ် ကြေညာခဲ့သည်။

ပြည်သူ သန်းနှင့်ချီ လည်း အငတ်ဘေး အန္တရာယ် ကြုံခဲ့ရသည်။ နိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍသည် လည်း အမေရိကန် ဒေါ်လာ သန်း ၆ဝဝ ကျော်အထိ ဆုံးရှုံးခဲ့ ရသည်။ နောက်ဆုံး သမ္မတ ဂျက်ကော့ဇူးမား သည် နိုင်ငံ၏ စီးပွားရေးကို ကိုင်တွယ်ပုံ ညံ့ဖျင်းသည်။ ကြိုတင် ပြင်ဆင်မှုများ မရှိဟု ဆိုကာ အတိုက်အခံ များ၏ အပြစ်တင်ခြင်း ကို ခံရသည်။ နောက်ဆုံး တောင်အာဖရိက ပြည်သူများ ကပင် ဇူးမားကို အယ်လ်နီညို ကြောင့်ပင် အကြည်ညို ပျက်ကုန်ကြပြီ ဖြစ်သည်။ အာဖရိကတိုက် ၏ နှစ်ပေါင်း ၅ဝ အတွင်း အကြီးအကျယ်ဆုံး အယ်လ်နီညို ဝင်ရောက်မှုသည် အာဖရိက ပြည်သူ ၁၄ သန်းခန့်ကို အကြီးအကျယ် အငတ်ဘေး ဆိုက် စေခဲ့သည်။ တိမ်မည်း တိမ်ညိုရိပ် များလို အာဖရိက ကောင်းကင်ယံ တွင် မြင်တွေ့နေ ရသော် လည်း ယခုအချိန်ထိ ရွာချမှု မရှိသေးသော အာဖရိက မိုးသည် မည်သည့် အချိန် ရုတ်တရက် ပေါ်ထွက် လာမည်ကို အာဖရိက ပြည်သူများက မျှော်လင့်ခြင်း ကြီးမားစွာ စောင့်နေသော် လည်း လိုက်လေ ဝေးလေ ဆိုသကဲ့သို့ ပြန်လည် ပျောက်ကွယ် သွားပြန်ပြီ ဖြစ်သည်။

ထို့ကြောင့် အာဖရိက ပြည်သူများသည် မိုးကို မျှော်လင့်ရင်းဖြင့် အယ်လ်နီညို ၏ ရက်စက်မှု များကို ဆက်လက်ခံစား နေရပါကြောင်း တင်ပြလိုက် ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)
Related Posts Plugin for WordPress, Blogger...