Social Icons

Pages

Wednesday, March 22, 2017

ပင့်ကူအဆိပ်သည် လေဖြတ်သူများအတွက် ဆေးဝါးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိ


ပင့်ကူအဆိပ်သည် လေဖြတ်သူများအတွက် ဆေးဝါးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိ

လေသင်တုန်း ဖြတ်ခြင်းကြောင့် ကမ္ဘာပေါ်၌ တစ်နှစ်လျှင် လူခြောက်သန်းခန့် သေဆုံးနေရပြီး အသက်ရှင် ကျန်ရစ်သူ ငါးသန်းခန့်မှာမူ ဘဝတစ်သက်တာ လုံးကို မသန်မစွမ်းဘဝဖြင့် နေထိုင်ဖြတ်သန်း သွားရသည်။

အဆိပ်ပြင်းသော ပင့်ကူများ၏ အဆိပ်တွင် ပါဝင်သော ပရိုတိန်း တစ်မျိုးသည် လေသင်တုန်း ဖြတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် ဦးနှောက်ပျက်စီးမှုကို လျော့နည်း စေနိုင်ဖွယ်ရှိကြောင်း သြစတြေးလျ သုတေသန ပညာရှင်များက တွေ့ရှိထားသည်။

ဆေးဝါးကုသမှုတွင် အထောက်အကူ ဖြစ်စေသည့် ပရိုတိန်းကို ရှာဖွေရာတွင် ပင့်ကူအဆိပ် သည် အမြဲတမ်း အကောင်းဆုံးသော နေရာတစ်ခုဖြစ်သည်။ အကြောင်းရင်း မှာမူ ၄င်းတို့၏ အဆိပ်သည် အင်းဆက်ပိုးမွှား များ၏ အာရုံကြောစနစ်ကို ပစ်မှတ်ထားကာ ပြောင်းလဲဖြစ်ပေါ် စေခြင်းကြောင့် ဖြစ်ကြောင်း ကွင်းစလန်းနှင့် မိုနက်ရှ် တက္ကသိုလ်တို့မှ သိပ္ပံပညာရှင် များကဆိုသည်။

ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး အဆိပ်များအနက် တစ်ခုကို သယ်ဆောင် ထားသော funnel-web မျိုးစိတ်ဝင် ပင့်ကူများ၏ အဆိပ်တွင် အဆိုပါပရိုတိန်း ပါဝင်ခြင်းဖြစ်ပြီး သြစတြေးလျ ဒေသတွင်သာ တွေ့ရလေ့ရှိသည့် ၄င်းပင့်ကူမျိုးစိတ်ဝင် ပင့်ကူ သုံးကောင်ကို ကွင်းစလန်း ကမ်းရိုးတန်းရှိ ဖရေဆာကျွန်း ပေါ်မှ ဖမ်းဆီးရမိပြီးနောက် ဓာတ်ခွဲခန်းသို့ ယူဆောင်လာကာ လေ့လာစမ်းသပ်မှုများ လုပ်ဆောင် နေကြောင်း သုတေသနအဖွဲ့ ခေါင်းဆောင် ဂလန်းကင်း က ပြောသည်။

ထို့နောက်တွင် သိပ္ပံပညာရှင် များသည် အဆိုပါပင့်ကူ များ၏ အစွယ်များကို လျှပ်စစ်ဖြင့်ထိတွေ့ လိုက်သည့်အခါ ကြွက်သားများ လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသည့် အဆိပ်များကို သုတေသနပြု လေ့လာခြင်း ဖြစ်သည်။

ယင်းအဆိပ်တွင် Hi la ဟု အမည်ရှိသည့် သေးငယ်သော ပရိုတိန်းတစ်မျိုး ပါဝင်ပြီး ယင်း ပရိုတိန်းသည် လေသင်တုန်းဖြတ် ပြီးနောက် ဖြစ်ပေါ်လာသည့် ဦးနှောက် ပျက်စီးမှုအတွက် အဓိကကျသော ဦးနှောက်အတွင်းရှိ အက်စစ် ဆန်သော အိုင်ယွန် ဆက်ကြောင်း များကိုတားဆီး ပိတ်ဆို့ပေး နိုင်သည်။

Hi la ပရိုတိန်း၏ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးသော အချက်များအနက် တစ်ခုမှာ လေသင်တုန်း ဖြတ်ခြင်းစတင် ဖြစ်ပွားပြီးနောက် ရှစ်နာရီအကြာ အထိ ထူးခြားသော အဆင့်များကို အကာအကွယ် ပေးထားနိုင်ခြင်း ဖြစ်သည်။ ထိုသို့ကာကွယ် ပေးထားနိုင်မှုသည် လေသင်တုန်း ဖြတ်ခြင်းကို ကုသရန်အတွက် အခွင့်အလမ်းများကို ပိုမိုရရှိစေခြင်း ဖြစ်သည်။

ထို့ပြင် Hi la သည် အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သက်ရောက်မှု ရှိသည့် ဦးနှောက် အတွင်းပိုင်း နေရာကိုလည်း ကာကွယ်မှုအချို့ ပေးနိုင်သည်။ ယင်းဦးနှောက် အတွင်းပိုင်း နေရာသည် လေသင်တုန်း ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်သည့် ဆဲလ်များ အလျင်အမြန် သေဆုံးမှုကို ပြန်လည် အစားမထိုးနိုင်သည့် နေရာတစ်ခု ဖြစ်သည်။

အဆိုပါပင့်ကူ အဆိပ်ကို လက်ရှိ၌ ကြွက်များတွင်သာ စမ်းသပ်ထားခြင်း ဖြစ်ပြီး အကယ်၍ လူများတွင် အမှန်တကယ် အသုံးဝင်ပါက လေသင်တုန်း ဖြတ်သော လူနာတစ်ဦးကို လူနာတင်ကား အပေါ်မှာပင် အရေးပေါ်ကုသမှု ပေးနိုင်သည့် အတွက် ယင်းလူနာ အနေဖြင့် အသက်ရှင်သန် နိုင်သော အခွင့်အရေး ပိုမိုရရှိ စေမည် ဖြစ်ပေသည်။

Peptide in funnel-web spider venom slows death of neurons in rats after stroke, study shows

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...