Social Icons

Pages

Showing posts with label အီဘိုလာဗိုင်းရပ်စ်. Show all posts
Showing posts with label အီဘိုလာဗိုင်းရပ်စ်. Show all posts

Sunday, December 25, 2016

အီဘိုလာကာကွယ်ဆေး အသစ်က ၁၀၀ ရာခိုင်နှုန်း ကာကွယ်မှုပေးနိုင်



လန်ဒန် ၊ ၂၅-၁၂-၂၀၁၆

ကြောက်မက်ဖွယ် ကပ်ရောဂါဆိုးကြီး အဖြစ် ကမ္ဘာကိုတုန်လှုပ် ခြောက်ခြားစေခဲ့သော အီဘိုလာရောဂါ ကာကွယ်ဆေးကို အနောက် အာဖရိက တွင်စမ်းသပ်ခဲ့ရာ အောင်မြင်မှု ရာနှုန်းပြည့် ခဲ့သည့်အတွက် ယခုအခါ ၄င်း ကာကွယ်ဆေးကို တရားဝင် ထုတ်လုပ်ခွင့်မ ရသေးမီစပ်ကြား ကူးစက်ပျံ့ နှံ့ မှု ထပ်မံဖြစ်ပွား လာပါက အသင့်အသုံးပြု နိုင်ရန် ကာကွယ်ဆေး အရေအတွက် ၃ သိန်းကို အသင့်ထုတ်လုပ် ထားပြီဖြစ်ကြောင်း ကာကွယ်ဆေး ထုတ်လုပ်မှု စောင့်ကြည့်ရေး အာဏာပိုင်များက ပြောသည်။ 

" အီဘိုလာ ကပ်ရောဂါကို ၁၉၇၆ ခုနှစ်မှာ ပထမဆုံးတွေ့ ရှိ ခဲ့ပါတယ်။ အဲဒီ ကတည်းက ကာကွယ်ဆေးကို ဖော်စပ်ထုတ်လုပ် နိုင်ဖို့  ကြိုးစားနေခဲ့ တာပါ။ အရေးတကြီး ထုတ်လုပ်ရမယ့် ကာကွယ်ဆေး ဖြစ်ပေမယ့်လည်း ငွေကြေး လိုအပ်ချက်ကို မဖြည့် ဆည်းပေး နိုင်ခဲ့တဲ့အတွက် အောင်မြင်မှု မရရှိခဲ့ပါဘူး။ အဲဒီနှစ်တွေမှာ သေဆုံးသူ ၁၆၀၀ ဦးခန့် သာ ရှိခဲ့ပေမယ့် သူတို့  ရဲ့ သေဆုံးပုံဟာ ကြောက်မက်ဖွယ် ကောင်းခဲ့တဲ့ အတွက် အီဘိုလာ ကပ်ရောဂါ ဟာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 

" လူတွေအများကြီး သေဆုံးခဲ့စဉ်က ဒီကာကွယ်ဆေးကို အချိန်မီ မထုတ်နိုင်ခဲ့ ပါဘူး။ အခုရောဂါအရှိန် ကျသွားမှ ထုတ်လုပ်နိုင် ခဲ့တယ် ဆိုပေမယ့်လည်း နောင်အနာဂတ်မှာ ဒီရောဂါဆိုး ထပ်မံဖြစ်ပွား လာရင် ကျွန်တော်တို့ မှာကာကွယ်ဆေး ရှိတယ်ဆိုတဲ့ အသိက စိတ်လုံခြုံမှု ရှိစေမှာပါ။ ကာကွယ်ဆေး မရှိခင်က သေဆုံးခဲ့ရ သူတွေရဲ့  ကျန်ရစ်သူ မိသားစုတွေ အတွက် စိတ်မကောင်း ပေမယ့် နောက်နောင် အီဘိုလာ ကြောင့် အခုလို သေဆုံးမှုတွေ မဖြစ်တော့ပါဘူး ဆိုတာကိုတော့ ကျွန်တော်တို့  ရဲရဲကြီး အာမခံနိုင်ဖို့  လမ်းစတွေ့ ပြီ ဖြစ်ပါတယ် " ဟု ၄င်းက ဆက် လက်ပြောပြသည်။ 

လွန်ခဲ့သော နှစ်များက လူသေဆုံးမှုနည်းပါး ခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သော အီဘိုလာ ရောဂါကြောင့် အာဖရိကတွင် လူပေါင်း ၁၁၀၀၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ပင်လယ်ရပ်ခြား နိုင်ငံများသို့ ပါ ပျံ့ နှံ့ သွားကာ ဥရောပနှင့် အမေရိကန် ပြည်ထောင်စု တို့ တွင်လည်း လူသေဆုံးမှုများ ရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ် များကြောင့် နိုင်ငံရေး လောကနှင့် စီးပွားရေး လောကတို့ က ကာကွယ်ဆေး ထုတ်လုပ်ရမည့် လိုအပ်ချက်ကို အလေးထား ဆောင်ရွက်လာခဲ့ သောကြောင့်သာ ယခုကဲ့သို့  အီဘိုလာ ကာကွယ်ဆေးကို မြန်ဆန် ထိရောက်စွာ ဖော်စပ်ထုတ်လုပ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နားလည်တတ်ကျွမ်း သူများက ဝေဖန် သုံးသပ်သည်။ 

ယခုထုတ်လုပ် ထားသော အီဘိုလာ ကာကွယ်ဆေး သည် အတွေ့ ရအများဆုံး အီဘိုလာဗိုင်းရပ် (၂)မျိုးကို ၁၀၀ ရာခိုင် နှုန်း ကာကွယ်နိုင်ကြောင်း၊ လက်ရှိ အချိန်တွင် ရေရှည် ကာကွယ်မှုကို မပေးနိုင်သေး သော်လည်း ကာကွယ်ပေးနိုင် နေပြီဖြစ်ကြောင်း၊ ဘေးထွက်ဆိုးကျိုး အဖြစ် အဆစ်အမြက် ကိုက်ခဲခြင်းနှင့် ခေါင်းကိုက် ဝေဒနာတို့ ကိုသာ ခံစားရကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 4, 2015

လိုက်ဘေးရီးယားတွင် ပထမဆုံး အီဘိုလာ ကာကွယ်ဆေး စမ်းသပ်မှုကြီး စတင်


First major vaccine trials in Liberia


လိုက်ဘေးရီးယား ၊ ၄-၂-၂၀၁၅

လုံခြုံရေး တင်းကြပ်စွာဖြင့် သယ်ဆောင် လာသော စမ်းသပ် ဆေးဝါးများ အနောက် အာဖရိက နိုင်ငံငယ် လိုက်ဘေးရီးယား သို့ ရောက်ရှိလာပြီး ပထမဆုံး အကြိမ် စမ်းသပ် ကာကွယ်ဆေး နှစ်မျိုးကို ကျယ်ကျယ် ပြန့်ပြန့် စမ်းသပ်ထိုးနှံ ကြည့်နေပြီ ဖြစ်ကြောင်း သိရသည်။

ရှေ့တန်းရောက် ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် မိမိဆန္ဒ အလျောက် ဆေးစမ်းသပ်မှု ခံယူရန် အမည်စာရင်း ပေးထားသူ ဦးရေ ၃ဝဝဝဝ ခန့်ကို ရှေးဦးစွာ စမ်းသပ် သွားမည် ဖြစ်သည်။ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှု ဦးရေ ၂၂ဝဝဝ တွင် အနည်းဆုံး လူဦးရေ ၈၉၃၆ သေဆုံးခဲ့ပြီး ဂီနီ၊ လိုက်ဘေးရီးယား နှင့် ဆီရဲရား နိုင်ငံတို့ တွင် အဆိုးဆုံး ပျံ့နှံ့ခဲ့သည်။ လိုက်ဘေးရီးယား တစ်နိုင်ငံ တည်းတွင် လူဦးရေ ပေါင်း ၃၇၁၀ ကျော် သေဆုံးခဲ့သည်။

ထို့နောက် လိုက်ဘေးရီးယား တွင် အီဘိုလာ ဖြစ်ပွားမှုနှုန်း ကျဆင်းလာပြီး ဇန်နဝါရီ ၂၅ ရက်မှ အစပြုကာ ရက်သတ္တ တစ်ပတ်လျှင် လူနာ လေးဦးသာရှိတော့ကြောင်း၊ အီဘိုလာ ကပ်ရောဂါဆိုး ကြီးသည် ဒုတိယ အဆင့်သို့ ပြန်ကျလာပြီ ဖြစ် ကြောင်း၊ မကြာမီ အီဘိုလာ ဗိုင်းရပ်စ် အဆုံးသတ် သွားနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပြောထားသည်။

ဖေဖော်ဝါရီ ၂ ရက်က ကာကွယ်ဆေး ထိုးရာတွင် အီဘိုလာ ဗိုင်းရပ်စ် အနည်းငယ်ကို စေတနာ့ ဝန်ထမ်း ၁၂ ဦးထံ ထိုးသွင်း ပေးခဲ့ပြီး ခန္ဓာကိုယ်က ၄င်းဗိုင်းရပ်စ်ပိုး ကို ခုခံနိုင်မည့် စနစ် တည်ဆောက် စေခြင်း ဖြစ်သည်။ 

ကာကွယ်ဆေးကို ဆက်တိုက် ထိုးပေးနေသည့် အတွက် မကြာမီ ကျန်းမာရေး လုပ်သားများ အနေဖြင့် ပြန်ကောင်း လာလိမ့်မည်ဟု ပညာရှင်များ က ယုံကြည် နေကြသည်။

သို့သော် ဖေဖော်ဝါရီ ၂ ရက်က စမ်းသပ် နေသော အီဘိုလာ ကာကွယ်ဆေး များသည် လက်တွေ့တွင် အလုပ်ဖြစ်မည်၊ မဖြစ်မည်ကို မည်သူမျှ မပြောနိုင် သေးပေ။ ကာကွယ်ဆေး ဟူသည် ကျန်းမာနေသော လူ၏ ခန္ဓာကိုယ်ထဲသို့ အသက်ရှိ နေသေး သော်လည်း အန္တရာယ် မပေးနိုင် လောက်အောင် အားပျော့ နေသော အီဘိုလာ ဗိုင်းရပ်စ်ကို ထိုးသွင်းခြင်း ဖြစ်ကြောင်း သိရသည်။

''အခု ကာကွယ်ဆေး ဟာအန္တရာယ် မရှိပါဘူး။ ဒီ ကာကွယ်ဆေး ထဲမှာ Zaire အမျိုးအစားကို ထည့်ထား ပါတယ်။ Zaire ဟာ အားပျော့လွန်း နေပြီဖြစ်တဲ့ အတွက် အီဘိုလာ ကူးစက်မှုခံ ရတာတွေ ရှိတော့မှာ မဟုတ်ပါဘူး '' ဟု သုတေသီ တစ်ဦးက ပြောသည်။

ထို့ပြင် ကာကွယ်ဆေး အထိုးခံ ထားသူများ မည်သို့ ပြောင်းလဲသည်ကို ဆက်လက် စောင့်ကြည့် သွားကြဦးမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Friday, November 28, 2014

အီဘိုလာ ကာကွယ်ဆေး ကို လူတွင် ပထမဆုံးအကြိမ် စမ်းသပ်မှုအောင်မြင်


The results of a small trial of an experimental Ebola vaccine in humans shows that it appears safe, produces an immune response and is well tolerated, prompting support for its development to be fast-tracked.

လန်ဒန် ၊ ၂၈-၁၁-၂၀၁၄

အမျိုးသား ကျန်းမာရေး သိပ္ပံက အီဘိုလာရောဂါ ကာကွယ်ဆေးကို လူ ၂ဝ ဦးပေါ်၌ စမ်းသပ်ခဲ့ရာ ၄င်းတို့၏ ကာကွယ်ဆေးမှာ လူကို ဘေးအန္တရာယ် ပြုခြင်းမရှိဘဲ ခန္ဓာကိုယ် မှ အီဘိုလာရောဂါ ကို တိုက်ဖျက် နိုင်မည့် ပဋိပစ္စည်းများ ထုတ်လုပ် စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။

အမျိုးသား ကျန်းမာရေး သိပ္ပံ (NIH) လက်အောက်ခံ ဖြစ်သော ကူးစက်တတ်သော ရောဂါ ထိန်းချုပ်ရေး အမျိုးသားသိပ္ပံ NIAID က ဆေးကုမ္ပဏီ Glaxo Smith Kline နှင့် လက်တွဲကာ အီဘိုလာရောဂါ ကာကွယ်ဆေး ဖော်စပ်ရေး အတွက် ကြိုးပမ်းနေသည်။ တောင်အာဖရိက ဒေသရှိ ဂီနီ၊ လိုက်ဘေးရီးယား၊ ဆီယဲရားလီယွန် အစရှိသည့် နိုင်ငံများ၌ လူပေါင်း ၅၆ဝဝ ခန့်ကို သေဆုံး စေခဲ့သည့် အီဘိုလာရောဂါ ကို ချေမှုန်းနိုင်ရန် အတွက် ပညာရှင်များက ကာကွယ်ဆေးနှင့် ကုသဆေးများကို ဖော်စပ်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလျက် ရှိသည်။ 

NIH က ဖော်စပ်လိုက်သည့် အီဘိုလာရောဂါ ကာကွယ်ဆေးကို ပထမဆုံးအကြိမ် အဖြစ် လူ ၂ဝ ဦးပေါ်တို့၌ စမ်းသပ်ခဲ့ရာ အဆိုပါ အီဘိုလာ ကာကွယ်ဆေး မှာ လူကို ဘေးအန္တရာယ် ပြုခြင်း မရှိကြောင်းနှင့် အီဘိုလာ ရောဂါကို ကာကွယ်နိုင်မည့် လက္ခဏာ အချို့ ထွက်ပေါ်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါ အီဘိုလာ ကာကွယ်ဆေး သည် ခန္ဓာကိုယ်၏ အလိုအလျောက် ရောဂါပြီး စနစ်တွင် အီဘိုလာ ရောဂါ တိုက်ဖျက်သည့် ပဋိပစ္စည်းများ ထုတ်လုပ်မှု နှုန်းကို မြင့်မားစေရန် ဖော်စပ်ထားသည်။ 

စမ်းသပ်ခံ သူများကို အဆိုပါ ကာကွယ်ဆေး ထိုးပေးလိုက်သည့် နေ့မှ ရက်ပေါင်း ၃ဝ ခန့်အတွင်း ၄င်းတို့ ခန္ဓာကိုယ် အတွင်း အီဘိုလာရောဂါ တိုက်ဖျက်သည့် ပဋိပစ္စည်းများ လုံလောက်စွာ ထွက်ပေါ် လာသည်ကို တွေ့ခဲ့ ကြသည်။ ကာကွယ်ဆေး ကို ထိုးပေးရာတွင် စမ်းသပ်ခံသူ ၁ဝ ဦးခန့်ကို ဆေးပမာဏ တိုး၍ ထိုးပေးခဲ့ရာ ၄င်းတို့၏ ခန္ဓာကိုယ်မှာ အီဘိုလာ တိုက်ဖျက်ရန် အတွက် ပို၍ များသော ပဋိပစ္စည်း များကို ထုတ်လုပ် ပေးခဲ့ကြောင်း တွေ့ရသည်။ အချို့ စမ်းသပ်ခံ သူများတွင် ၄င်းတို့၏ ခန္ဓာကိုယ်မှ T ဆဲလ်ဟု ခေါ်သော ရောဂါ တိုက်ဖျက်သည့် ဆဲလ်တစ်မျိုး ထွက်ပေါ် ခဲ့သည်ကို ထပ်မံ တွေ့ခဲ့ရသည်။

အီဘိုလာ ကာကွယ်ဆေး ကို လူပေါ်၌ စမ်းသပ်မှု မပြုလုပ်မီ စမ်းသပ်ခံ မျောက်များကို ထိုးပေးခဲ့စဉ် ကလည်း ပဋိပစ္စည်းများနှင့် အတူ ရောဂါ တိုက်ဖျက်သည့် T ဆဲလ်များ ထွက်ပေါ် လာသည်ကို တွေ့ခဲ့ရသည်။ ဆေးထိုးခြင်း ဖြင့် ခန္ဓာကိုယ်ကို အီဘိုလာ တိုက်ဖျက်သည့် ပဋိပစ္စည်းများ နှင့် T ဆဲလ်များ ထွက်ပေါ် စေခြင်းက အီဘိုလာ ကာကွယ်ဆေး အောင်မြင် နိုင်ရန်အတွက် အလားအလာ ကောင်းနေကြောင်း NIH ညွှန်ကြားရေးမှူး ဒေါက်တာ Anthony Fauci  က ဆိုသည်။

အဆိုပါ စမ်းသပ်မှုတွင် အီဘိုလာ ကာကွယ်ဆေး ထိုးခြင်းကြောင့် ဆိုးရွားသည့် ဘေးထွက် ဆိုးကျိုးများ ထွက်ပေါ်လာခြင်း မရှိပေ။ စမ်းသပ်ခံ သူများအနက် နှစ်ဦးမှာမူ ဆေးပမာဏ တိုးမြှင့်၍ ထိုးခဲ့ခြင်း ကြောင့် ကိုယ်အပူချိန် ၁ဝ၃ ဒီဂရီခန့် မြင့်လာ ခဲ့သော်လည်း နောက်တစ်နေ့ တွင် ကိုယ်အပူချိန်က မူလ အပူချိန်သို့ ပြန်လည်ကျဆင်း သွားသည်။

NIH ၏ အီဘိုလာရောဂါ ကာကွယ်ဆေးကို ဇန်နဝါရီလ အစောပိုင်း ၌ လိုက်ဘေးရီးယား တွင် စတင် စမ်းသပ် အသုံးပြု သွားမည် ဖြစ်ကြောင်း Anthony Fauci က ပြောကြားခဲ့သည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Ebola vaccine from Glaxo passes early safety test

Monday, October 27, 2014

အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ဦးရေ တစ်သောင်းကျော် ရှိပြီဖြစ်ကြောင်း WHO ပြောကြား



ဒါကာ ၊ ၂၇-၁၀-၂၀၁၄

အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ရသူ ဦးရေသည် တစ်သောင်းကျော် ရှိလာပြီ ဖြစ်ပြီး ၄င်းတို့အနက် ထက်ဝက် နီးပါးခန့်မှာ သေဆုံး ခဲ့ရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) က ထုတ်ပြန်သော စာရင်းဇယားများ အရ သိရသည်။

အနောက် အာဖရိက ရှိ နိုင်ငံများတွင် အီဘိုလာ ရောဂါ ကူးစက်ပျံ့နှံမှု သည် တဖြည်းဖြည်း မြင့်တက် လာခဲ့ပြီး ဂီနီ ၊ လိုက်ဘေးရီးယား နှင့် ဆီယာရာ လီယွန် နိုင်ငံများတွင် သေဆုံးသူ ဦးရေမှာလည်း များပြား လာခဲ့ကြောင်း သိရသည်။ ၄င်းပြင် အမေရိကန် ပြည်ထောင်စု ၊ စပိန် နှင့် အခြား အနောက် အာဖရိက နိုင်ငံ သုံးနိုင်ငံတွင် လည်း အဆိုပါ ရောဂါကူးစက်မှု ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။ 

ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီ၏ အောက်တိုဘာ ၂၅ ရက်က အတည်ပြု ပြောကြားချက် အရ အီဘိုလာ ရောဂါ ကူးစက်ခံရသူ အရေအတွက်မှာ ၁ဝ၁၄၁ ဦးရှိခဲ့ပြီး ၄င်းတို့အနက် သေဆုံးသူ ဦးရေ ၄၉၂၂ ဦးရှိကြောင်း၊ အီဘိုလာ ရောဂါပိုး ကူးစက်မှုကို တိုက်ဖျက် နိုင်သည့် ဆေးဝါးမရှိသေး သောကြောင့် ၄င်းရောဂါဖြင့် သေဆုံးသူ အရေအတွက်သည် ထိတ်လန့်ဖွယ် ကောင်းအောင် မြင့်တက် လာနိုင်ဖွယ် ရှိကြောင်း WHO အဖွဲ့က သတိပေး ပြောကြား ခဲ့သည်။

မာလီနိုင်ငံ ၌ အီဘိုလာ ရောဂါပိုး ကူးစက်မှု ဖြစ်ပွားသည့်နေ့ မှာပင် နယူးယောက်မြို့ ၌ လည်း ယင်း ရောဂါပိုး ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင် များက အတည်ပြု ပြောကြား ခဲ့သည်။ ထို့ကြောင့် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အဖွဲ့သည် ဆေးဝါးပစ္စည်း တစ်တန်ခန့် နှင့် ကျန်းမာရေး အမှုထမ်းများ တင်ဆောင် လာသော လေယာဉ် တစ်စင်းကို မာလီနိုင်ငံသို့ စေလွှတ် ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Friday, October 24, 2014

လေဆိပ်လေးခုတွင် အီဘိုလာ စောင့်ကြပ်ကြည့်ရှု စက်များတပ်ဆင်



မန္တလေး ၊ ၂၄-၁၀-၂၀၁၄

မြန်မာနိုင်ငံ အတွင်းရှိ လေဆိပ်လေးခု တွင် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ကို စောင့်ကြပ် ကြည့်ရှု နိုင်မည့် Infra Red Fever Screening System (Themal Scan) စက်များကို တပ်ဆင် ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါစက် များကို နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် အသစ် တပ်ဆင်သည့် စက် အပါအဝင် စုစုပေါင်း နှစ်ခု၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် အသစ် တပ်ဆင်သည့် စက် အပါအဝင် စုစုပေါင်း နှစ်ခု၊ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် တွင် တစ်ခု၊ ညောင်ဦး လေဆိပ် တွင် တစ်ခုကို တိုးချဲ့တပ်ဆင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

''ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ အီဘိုလာ ကို ကြိုတင် ကာကွယ်ဖို့ နဲ့ လျင်လျင်မြန်မြန် သိရှိအောင် ကြိုးစား ဆောင်ရွက် နေပါတယ်။ အီဘိုလာ ဗိုင်းရပ်စ်ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နေပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ အနီအောက် ရောင်ခြည်သုံး အကဲဖြတ် စနစ်နှင့် အဖျားတိုင်း ကိရိယာစက် များကို ယခင်ကလည်း တပ်ဆင် ထားရှိပြီး ဖြစ်ကာ ယခုအခါ စက်ကိရိယာ ၄၃ ခု ထပ်မံတိုး၍ တပ်ဆင် လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် တစ်နိုင်ငံလုံးရှိ ခရိုင်အဆင့် ဆေးရုံ ၇ဝ တွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကုသရေး အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကာ အီဘိုလာ ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံတွင် မရောက်ရှိ သေးကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။ အီဘိုလာ ရောဂါသည် လက်ရှိ အချိန်တွင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ပျံ့နှံ့ နေကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Tuesday, October 21, 2014

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်ဂိတ်များ ၌ အီဘိုလာ စစ်ဆေးမှု အရှိန်မြှင့်တင်မည်


ထိုင်း - မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် ကော့သောင်းမြို့ ဆိပ်ကမ်းကို တွေ့ရစဉ်

ကော့သောင်း ၊ ၂၁-၁၀-၂၀၁၄

ထိုင်း - မြန်မာ နယ်စပ်ဂိတ်များ ဖြစ်သည့် ထီးခီး ၊ မောတောင် နှင့် ကော့သောင်း နယ်စပ်ဂိတ် တို့မှ ပြည်တွင်း ပြည်ပ ခရီးသည် အများအပြား ၀င်ရောက် လာကြမည့် တန်ဆောင်တိုင် ကာလမတိုင်မီ အီဘိုလာရောဂါ တားဆီးရေး အတွက် အရှိန်မြှင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ သိရသည်။

အထူးသဖြင့် ထီးခီး နယ်စပ်ဂိတ်တွင် အီဘိုလာ ရောဂါ စစ်ဆေးရန် ကျန်းမာရေး ၀န်ထမ်း ၅ ဦးပါ အဖွဲ့ကို ထပ်မံ အားဖြည့်သွားမည် ဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ ဟိုတယ် နှင့် တည်းခိုခန်း များ၌လည်း အီဘိုလာ ရောဂါ သတိပေး နှိုးဆော်ချက် များ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ထီးခီး ၊ မောတောင် နှင့် ကော့သောင်း နယ်စပ်ဂိတ် သုံးခုစလုံးတွင် အီဘိုလာ ရောဂါ စစ်ဆေးရန် ကျန်းမာရေး ၀န်ထမ်းများ ထားရှိပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ သိရသည်။ နယ်စပ်ဂိတ် များ၌ လိုအပ်သည့် ပစ္စည်း ကိရိယာများပါ ရှိပြီး ဖြစ်သော်လည်း လိုအပ်ချက် အချို့ ရှိနေဆဲ ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အောက်တိုဘာ လဆန်းပိုင်း ခန့်က အီဘိုလာ ရောဂါ သံသယရှိသည့် ဂျပန် အမျိုးသမီး တစ်ဦးသည် ထီးခီး နယ်စပ်ဂိတ် မှ ၀င်ရောက်ကာ ထားဝယ်မှ တစ်ဆင့် မော်လမြိုင် သို့ ရထားဖြင့် ထွက်ခွာခဲ့ပြီး မော်လမြိုင် ၊ မန္တလေး ၊ တမူးမြို့ များမှ တစ်ဆင့် အိန္ဒိယနယ်စပ် ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ မှ ထွက်ခွာ သွားခဲ့သည်။ ထားဝယ်တွင် အဆိုပါ ဂျပန် အမျိုးသမီး စီးနင်းခဲ့သည့် မော်တော်ယာဉ် မှာ ( ထီးခီး - ထားဝယ် ) ယာဉ်မောင်း နှင့် ဆိုင်ကယ် ကယ်ရီသမား တစ်ဦးတို့ကို ကျန်းမာရေး စောင့်ကြည့်မှု များ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံ ၏ သတင်းများ အရ အဆိုပါ ဂျပန် အမျိုးသမီး ကို စစ်ဆေးရာတွင် အီဘိုလာ ရောဂါ မရှိဟု သိရသည့် အတွက် စိုးရိမ်ရသည့် အနေအထား မရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သိရသည်။

ယခုနှစ်တွင် ထားဝယ်မြို့ ၌ တန်ဆောင်တိုင် ပွဲတော်အပြင် ထိုင်း - မြန်မာ ချစ်ကြည်ရေး ထားဝယ် တန်ဆောင်တိုင် ပွဲတော်ကိုပါ ကျင်းပမည် ဖြစ်ရာ ယင်းကာလ အတွက် ဟိုတယ်များ၌ အခန်းများ ကြိုတင် မှာယူ ထားကြသဖြင့် အခန်းများ ပြည့်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

Tuesday, August 19, 2014

အီဘိုလာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသည့် ဝေဒနာရှင် များကို စမ်းသပ် ဆေးဝါးများ စတင် တိုက်ကျွေးလျက်ရှိ


မွန်ရိုဗီးယား ၊ ၁၉-၈-၂၀၁၄

လိုက်ဘေးရီးယား အာဏာပိုင် များသည် နိုင်ငံအတွင်းရှိ အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံ ရသည့် ဝေဒနာရှင် များကို အမေရိကန် ပြည်ထောင်စု တွင် ထုတ်လုပ် ခဲ့သည့် စမ်းသပ်ဆေးဝါး များကို စတင်တိုက်ကျွေး ခဲ့ပြီဖြစ်ကြောင်း အဆိုပါနိုင်ငံ မှ ကျန်းမာရေး ဝန်ကြီးဌာန က သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

အဆိုပါ စမ်းသပ် ဆေးဝါးသည် နိုင်ငံအတွင်းသို့ လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ရောက်ရှိ လာခဲ့ခြင်း ဖြစ်ပြီး တိုက်ကျွေး ခဲ့သည့် ဝေဒနာရှင် များတွင် ရောဂါပိုး ကူးစက်ခံ ရသည့် ဆရာဝန်များလည်း ပါရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မှ ဒုတိယ ဝန်ကြီး တိုဘာ့တ်ညန်ဆွာ က နိုင်ငံ အတွင်းရှိ ကုလသမဂ္ဂ မစ်ရှင်အဖွဲ့ ကို ပြောကြား ခဲ့သည်။

ZMapp အမည်ရှိ ဆေးဝါးကို လိုက်ဘေးရီးယား နိုင်ငံ သမ္မတ အယ်လန်ဂျွန်ဆင် က နိုင်ငံအတွင်း ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အတွက် အမေရိကန် အစိုးရကို သြဂုတ် ၈ ရက်က တောင်းဆို ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လိုက်ဘေးရီးယား နိုင်ငံသည် အဆိုပါ ဆေးဝါး အနည်းငယ်သာ ရရှိခဲ့ကြောင်း ပြောကြား ထားသော်လည်း လက်ခံ ရရှိခဲ့သည့် ပမာဏ အတိအကျကို ဖော်ပြခဲ့ခြင်း မရှိကြောင်း သိရသည်။ အဆိုပါ နိုင်ငံတွင် အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရမှု ကြောင့် လူပေါင်း ၄၁၃ ဦးသေဆုံး ခဲ့ပြီး ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု တွင် ZMapp အမည်ရှိ ဆေးဝါးကို အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံ ရသူများကို စမ်းသပ် တိုက်ကျွေး ခဲ့ရာမှ ယခုအခါတွင် ဝေဒနာ တိုးတက် ကောင်းမွန် လာသည့် လက္ခဏာ များကို တွေ့ရှိ ရကြောင်း သိရသည်။

#Themyawadydaily

Thursday, August 14, 2014

အီဘိုလာ ကပ်ရောဂါကို ထိန်းချုပ် နိုင်မည်လား


အီဘိုလာ ကပ်ရောဂါကို ထိန်းချုပ် နိုင်မည်လား

ကိုကိုဟန်

ယနေ့ အနောက် အာဖရိက ဒေသကြီး တစ်ဝန်းလုံးကို လှည့်ပတ်၍ ကူးစက် နေသော အီဘိုလာ ဗိုင်းရပ်စ် ရောဂါကို လူတိုင်း ကြောက်လန့် နေကြရသည်။ ဤ ဗိုင်းရပ်စ် ကူးစက် ခံရပါက ကူးစက်ခံ လူနာ ၁ဝဝ တွင် ၆ဝ မှ ၉ဝ အထိ အသက်သေဆုံး နိုင်သည်။ ထို့ကြောင့် လက်ရှိ အချိန်တွင် အီဘိုလာ ရောဂါသည် ကြောက်မက် ဖွယ်ရာရောဂါ ဖြစ်နေသည်။

ဤ ရောဂါပိုးကို ယခုမှ စတင်၍ တွေ့ရှိသည် မဟုတ်။ စတွေ့သည်မှာ နှစ်ပေါင်း ၄ဝ နီးပါး ရှိသွားပြီ ဖြစ်သည်။ သို့သော်လည်း ယနေ့အထိ ကာကွယ် ဆေးလည်း မပေါ်သေး၊ ကုသသည့် ဆေးလည်း မရှိသေးကြောင်း သိရသည်။ 

အနောက် အာဖရိက ဒေသရှိ ဂီနီနိုင်ငံ ၌ ပြီးခဲ့သည့် မတ်လတွင် အီဘိုလာ ကပ်ရောဂါ စတင်ဖြစ်ပွား ခဲ့ပြီး အိမ်နီးချင်းနိုင်ငံ များဖြစ်သော လိုက်ဘေးရီးယား နိုင်ငံ၊ ဆီရီယာ လီယွန်နိုင်ငံ များနှင့် နယ်စပ် များတွင်လည်း ကူးစက် ဖြစ်ပွားလျက် ရှိသည်။ အီဘိုလာ ဗိုင်းရပ်စ်မှာ နယ်စပ်ကို ဖြတ်ကျော်ကာ သွားနိုင်သည်။ နယ်စပ် နေထိုင်သူတို့၏ ထုံးစံအတိုင်း ကူးသန်းသွားလာ လုပ်ကိုင်ကြ သူများဖြစ်၍ ရောဂါ ကူးစက်မှု လျင်မြန်စွာ ပျံ့နှံ့လွယ်သည်။ လေးလအတွင်း ၁ဝ၉၃ ဦး ကူးစက်သွားပြီး သေဆုံးသွား သည်မှာ ၆၆ဝ ရှိပြီဖြစ်သည်။

'' ဤ ဗိုင်းရပ်စ် ရောဂါမှာ နိုင်ငံတကာ နယ်စပ်များ၌ ဖြစ်ပွား ခဲ့သဖြင့် ၄င်းကို ဘယ်နိုင်ငံကမှ သေချာစွာ မကိုင်တွယ် နိုင်ခဲ့ကြ ပါဘူး'' ဟု လန်ဒန်မြို့ရှိ ကျန်းမာ သန့်ရှင်းရေးနှင့် အပူပိုင်းဒေသ ဆေးဝါးဆိုင်ရာ လန်ဒန် ကျောင်းတော်မှ ကူးစက် ကပ်ရောဂါ ဆိုင်ရာ ပါမောက္ခ ဒေးဗစ်ဟေးမန်း က ပြောသည်။ သူသည် ၁၉၇၆ ခုနှစ်က လူတွင် အီဘိုလာ ရောဂါ ပထမဆုံး ဖြစ်ပွားရာ နေရာတွင် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။

ယနေ့အထိ အီဘိုလာ ရောဂါ ဖြစ်သော နေရာများ ရှိနေခြင်းက ထို ကပ်ရောဂါကို ကောင်းစွာ ထိန်းချုပ် နိုင်စွမ်း မရှိသည်ကို ဖော်ပြနေခြင်း ဖြစ်သည်။ ဤ ကပ်ရောဂါကို ထိန်းချုပ်ဖို့ အတွက် ဒုံးပျံ သိပ္ပံ ပညာရပ် မလိုအပ်ပေ။ သို့သော် ကပ်ရောဂါ အခြေခံ ပညာ တွေတော့ လိုအပ်သည်။ ကူးစက်ရောဂါ ထိန်းချုပ်ရေး၊ ကျန်းမာ သန့်ရှင်းရေး အလေ့အကျင့် နှင့် မကူးစက် နိုင်အောင် ဘေးကင်းစွာ သင်္ဂြိုဟ်ခြင်း တို့ လိုအပ်သည်။

အီဘိုလာ ဗိုင်းရပ်စ်ပိုး သည် ရောဂါဖြစ်သူ ကိုယ်ခန္ဓာမှ ထွက်သော ချွေး၊ သွေး၊ သလိပ်၊ ကျင်ကြီး၊ ကျင်ငယ်၊ မျက်ရည်၊ နှာရည်၊ တံတွေး စသည့် အရည်များနှင့် ထိတွေ့ မိပါက ကူးစက်တတ်သည်။ အီဘိုလာ ကား အဆိုးဆုံးသော ရန်သူဖြစ်ပြီး အလျင်အမြန် သေစေနိုင်သည်။ ထို့ကြောင့် ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့ သွားမှာကို လွန်စွာ စိုးရိမ် နေရသည့် အခြေအနေ ရှိနေသည်။

ကပ်ရောဂါ တစ်ခု ကျရောက် လာလျှင် လုပ်ရိုးလုပ်စဉ် တုံ့ပြန် ဆောင်ရွက်မှု များမှာ ထိုရောဂါ ကူးစက်ခံရ သူများကို ဆေးဝါးများ အသုံးပြု၍ ကုသကြသည့် အပြင် အခြားလူ များကို မကူးစက်အောင် တားဆီးကြ ရသည်။ ကာကွယ်ဆေး ထိုးကာ ရောဂါ ဖြစ်ပွားသူ များကို ကာကွယ် စောင့်ရှောက်ကြ ရသည်။ လူထုအတွင်း ဗိုင်းရပ်စ်ပိုး မပြန့်ရအောင် တားဆီးသည်။ ပျံ့နှံ့မှု နှေးကွေးအောင် လုပ်ကြသည်။ သို့သော် ယခု အီဘိုလာ ရောဂါကို မည်သည့် ဆေးနှင့် ကုရမည်၊ မည်သည့် ကာကွယ်ဆေး နှင့် ထိုးပေးရမည် ဟူသော တိကျသည့် ညွှန်ကြားမှု မရှိ ဖြစ်နေသည်။

အီဘိုလာသည် သူ့ရာသီနှင့်သူ ဖြစ်တတ်သည်။ ဝေးလံသော နေရာများတွင် ဖြစ်လေ့ရှိသည်။ ၄င်းအတွက် ဆေးမရှိ သေးပါ။ ရောဂါဖြစ်သော လူများတွင် အကြီးအကျယ် စမ်းသပ်ရန် နေရာလည်း လုံလုံ လောက်လောက် ကောင်းကောင်း မွန်မွန် မရှိသေးပါ။ အီဘိုလာ ဗိုင်းရပ်စ်သည် လူ၏ ခုခံအားကို အလုံအလောက် မြှင့်တင်ပေးသော ကာကွယ်ဆေးကို ထုတ်လုပ်ရန် စိန်ခေါ် နေသည်။ ဗိုင်းရပ်စ်သည် ပုံစံအမျိုးမျိုး ဖြစ်တတ်မှု ကြောင့် ကာကွယ်ဆေး ကလည်း အသီးသီး လိုက်၍ လိုအပ် နေသည်။ အီဘိုလာ ဗိုင်းရပ်စ် စွမ်းရည်မှာ ချက်ချင်းပုံတူ ကူးတတ်သည် ဖြစ်ရာ ကာကွယ်ဆေးကို ခုခံမှုလည်း ချက်ချင်း လက်ငင်း ဖြစ်လာ တတ်သည်။

ကုသမှုအသစ် ဖြစ်နိုင်ခြေသည် အသက်လည်း ကယ်ရမည်။ အခြားလူများ ကိုလည်း ကူးစက်မှု လျှော့ချရ မည်။ အနာဂတ် တွင်လည်း ဤရောဂါ ပြန်မဖြစ်အောင် လုပ်ရမည် ဖြစ်သည်။ အဆိုပါ စိန်ခေါ်မှုများ ရှိနေသော်လည်း အမေရိကန် နိုင်ငံ US National Institute of Allergy and Inferctions Diseases ( NIAID ) မှ ကာကွယ်ရေး ဆေးသုတေသန ဌာန အပါအဝင် အဖွဲ့အစည်း များသည် အဆိုပါ ကုသကာကွယ် ရမည့် ဆေးမရှိ သေးသည့် အီဘိုလာဆေး အတွက် ကုသ ကာကွယ်နိုင်မည့် ဆေးများထုတ်လုပ်ရန် ကြိုးပမ်းလျက် ရှိနေကြောင်း သိရသည်။

ဒေါက်တာ ဖာရာ ၏ အယူအဆ များအား အီဘိုလာ ရောဂါကို ပထမပူးတွဲ တွေ့ရှိခဲ့သူ LSHTM ၏ ညွှန်ကြားရေးမှူး မီတာပိုင်းအော့ ကလည်း သဘောတူသည်။ စမ်းသပ် ထုတ်လုပ် လိုက်သည့် ဆေးများ၏ ထိရောက်မှု အာနိသင်ကို ပြန်လည် အကဲဖြတ်ရန် ဆိုသည်မှာ မရှိသလောက် ပါဟု ပြောသည်။ ကျန်းမာရေး လုပ်သားများနှင့် ကျန်းမာရေး ဝန်ထမ်း များအား အာကာသ ဝတ်စုံများကဲ့ သို့ ပိုးသတ် ထားသော ဝတ်စုံများကို ဝတ်ဆင်လျက် အီဘိုလာ ဗိုင်းရပ်စ် ကူးစက်သော ကျေးရွာများ ထဲသို့ ဝင်ရောက် ကြရသည်။ ရိုးရာဓလေ့ အရ လူသေကို သန့်ရှင်းရေး လုပ် ထိတွေ့ခြင်း၊ ဝမ်းနည်း ကြေကွဲကာ ဖက်ရမ်း နှုတ်ဆက်ခြင်း များကို မလုပ်ကြရန် တားမြစ် ထားသည်။

ထို့အပြင် ကျေးရွာသား များက အစိုးရ နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ အပေါ် နှစ်လရှည်ကြာစွာ အယုံအကြည် မရှိခြင်းကြောင့် ပြုစု စောင့်ရှောက်ရန် လာကြသော ကျန်းမာရေး ဝန်ထမ်းများကို ခဲများဖြင့် ပစ်ပေါက်၍ မောင်းထုတ်ခြင်း များနှင့် တောခုတ် ဓားရှည်ကြီး များဖြင့် ခုတ်သတ်မည် ဟု ခြိမ်းခြောက်မှု များ ပြုလုပ် နေကြောင်း ကမ္ဘာ့  ကျန်းမာရေး အဖွဲ့ချုပ် ( WHO ) ၏ ပြောရေး ဆိုခွင့် ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။ ဤ ကပ်ရောဂါကို ထိန်းချုပ်ကြသော ကျန်းမာရေး ဝန်ထမ်းများ နှင့် ရောဂါသည်များ အကြား တင်းမာမှု များကြောင့် ကာကွယ်ဆေး ထိုးရေးကိစ္စကို ကျန်းမာရေး ဝန်ထမ်းများက အကူအညီ မပေးရဲ ကြသည့် အခြေအနေ ဖြစ်နေသည်။ ထို့ကြောင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) က ပြောရာ၌ ဤကပ် ရောဂါ ကပ်ဆိုက်နေသည့် ဒေသများသို့ သွားရောက်၍ ကာကွယ်ဆေးထိုး စမ်းသပ်ခြင်း မပြုလုပ်ဘဲ အခြားနည်းလမ်း ကိုသာ ကြိုးစား မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကျန်းမာရေး ဝန်ထမ်းများသည် အမှန်တကယ် ကူးစက်နေသော လူများ၏ နေရာဒေသ များတွင် သွားရောက် လုပ်ကိုင် နေကြရ၍ အလွန် အန္တရာယ် များသည်။ သို့သော် အီဘိုလာ ရောဂါကျရောက် ချိန်တွင် ကာကွယ်ဆေးများ ကြိုတင်စမ်းသပ် ထုတ်လုပ်မှုများ မရှိခဲ့သော်လည်း အကယ်၍ အဆိုပါ ကပ်ရောဂါကို ပျောက်ကင်း စေသည့် ဆေးဝါးများသာ ထုတ်လုပ် နိုင်မည် ဆိုပါက အီဘိုလာ ကပ်ရောဂါသည် နောက်တစ်ကြိမ် လူများ ကူးစက်မည် ဆိုပါက အဆိုပါ ကာကွယ်ဆေး များဖြင့် ကောင်းစွာ ထိန်းချုပ် လုပ်ဆောင် နိုင်မည် ဖြစ်ကြောင်း အီဘိုလာ ကပ်ရောဂါ အကြောင်း သိကောင်းစရာ အဖြစ် ရေးသား လိုက်ရပါသည်။ ။

#Themyawadydaily

Tuesday, August 12, 2014

ကမ္ဘာ့လူသား တို့ကို ခြိမ်းခြောက်နေသည့် နောက်ဆုံးပေါ် အီဘိုလာရောဂါ ၀ိုင်းဝန်း ကာကွယ်ပါ


ကမ္ဘာ့လူသား တို့ကို ခြိမ်းခြောက်နေသည့် နောက်ဆုံးပေါ် အီဘိုလာရောဂါ ၀ိုင်းဝန်း ကာကွယ်ပါ

အောင်ဝင်း (ဖျာပုံ)

ကူးစက်ရောဂါ များအနက် ကူးစက်မှု အမြန်ဆုံးနှင့် အသေ အများဆုံး ရောဂါမှာ နောက်ဆုံးပေါ် အီဘိုလာ ( EBOLA  ) ရောဂါ ဖြစ်သည်။ အဆိုပါ အီဘိုလာ ဗိုင်းရပ်စ်ပိုး တစ်နည်း အားဖြင့် အီဘိုလာ သွေးထွက်လွန် ရောဂါ ကို အာဖရိက အနောက်ပိုင်း ကွန်ဂိုနိုင်ငံတွင် ၁၉၇၆ ခုနှစ် က စတင်တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ထို့နောက် ၁၉၇၉ ခုနှစ်၊ ၂ဝဝ၉ ခုနှစ်၊ ၂ဝ၁ဝ ပြည့်နှစ် နှင့် ၂ဝ၁၁ ခုနှစ် တို့တွင်လည်း အာဖရိကနိုင်ငံ များမှာ အီဘိုလာ ဗိုင်းရပ်စ် ဆက်တိုက် ဖြစ်ပွား နေကြောင်း သိရသည်။

အခြား ကူးစက်ရောဂါ များမှာ ကာကွယ်ရန်၊ ကုသရန် ဆေးဝါးများလည်း ရှိသည့် အတွက် ဖြစ်ပွားလာပါက သေဆုံးမှု ၁၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်း လောက်သာ ရှိသော်လည်း အီဘိုလာ ဗိုင်းရပ်စ် ရောဂါ သည် ၉ဝ ရာခိုင်နှုန်း သေဆုံးလျက် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) ၏ မှတ်တမ်းများ အရ သိရသည်။

အီဘိုလာ ဗိုင်းရပ်စ် စတင် ဖြစ်ပွားမှုကို လေ့လာရာတွင် တောနေ သတ္တဝါများ ဖြစ်သည့် လင်းနို့၊ မျောက်၊ သမင်၊ ဒရယ် နှင့် မျောက်ဝံ တို့မှတစ်ဆင့် လူများကို ကူးစက် လာကြောင်း သိရသည်။

အာဖရိက နိုင်ငံမှ အမဲလိုက် မုဆိုးများသည် တိရစ္ဆာန် များကို သတ်ဖြတ်ရာတွင် သားကောင် တို့၏ အသွေးအသား များ၊ ခန္ဓာကိုယ်မှ ထွက်သည့် အရည်များ နှင့် စားသုံးရာတွင် စနစ်တကျ ချက်ပြုတ် မစားသောက် သည့်အတွက် အမဲလိုက် မုဆိုးများထံ အီဘိုလာ ဗိုင်းရပ်စ်ပိုး စတင် ၀င်ရောက်ပြီး ၄င်းမှ အခြားလူများကို ကူးစက် ပြန့်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးသည် ၂ဝ၁၄ ခုနှစ် မတ်လတွင် ဂီနီနိုင်ငံ၌ စတင် ပြန့်ပွားခဲ့ပြီး လိုက်ဘေးရီးယား ၊ နိုက်ဂျီးရီးယး ၊ ဆီရာလီယွန် စသည့် နိုင်ငံများသို့ ဆက်လက် ကူးစက် ပြန့်ပွားလျက် ရှိသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စာရင်းအရ ၂ဝ၁၄ ခုနှစ် သြဂုတ် ၆ ရက်အထိ အီဘိုလာရောဂါ ဖြစ်ပွားသူ ၁၇၇၉ ဦးရှိပြီး သေဆုံးသူ ၉၆၁ ဦးရှိကြောင်း တရားဝင် ထုတ်ပြန် ထားချက်များ အရ သိရသည်။

အီဘိုလာ ရောဂါ ကူးစက် ပြန့်ပွားမှုသည် တိရစ္ဆာန်များမှ ထွက်သည့် သွေးနှင့် အရည်များ၊ ရောဂါ ကူးစက်ခံထား ရသူ၏ တံတွေး ၊ သလိပ်၊ သွေး စသည်တို့ နှင့် ထိတွေ့ခြင်း၊ အရေပြား ပေါက်ပြဲ နေသည့် နေရာတို့ကို ထိတွေ့ခြင်း၊ နမ်းခြင်း၊ လိင်ဆက်ဆံခြင်း တို့ ပြုလုပ်ပါက အီဘိုလာ ရောဂါ အမြန် ကူးစက် တတ်ကြောင်း သိရသည်။

အီဘိုလာ ရောဂါ ကူးစက်လာပြီ ဆိုပါက နှစ်ရက်မှ ၂၁ ရက်အတွင်း ကိုယ်ပူ အပြင်းဖျားခြင်း၊ အားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူ ကျပ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ သွေးယိုခြင်းများမှ တစ်ဆင့် ကျောက်ကပ်နှင့် အသည်းတို့ ပျက်စီးပြီး အသက်ဆုံးရှုံး ရသည်အထိ တွေ့ကြုံရမည် ဖြစ်သည်။

အီဘိုလာရောဂါ သည် မြန်မာနိုင်ငံ တွင် ကူးစက် ပြန့်ပွားခြင်း မရှိသေး သော်လည်း ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည် ဆိုသည့်အတိုင်း ကြိုတင် ကာကွယ်မှုဖြင့် အနိုင်ယူ ရမည်ဖြစ်သည်။ ဆေးပညာရှင် တို့၏ အဆိုအရ လက်ကို ဆပ်ပြာဖြင့် သန့်ရှင်း စင်ကြယ်အောင် ဆေးကြော ခြင်းသည် ကူးစက် ရောဂါများ ၏ ၇၅ ရာခိုင်နှုန်း ကျော်ကို ကာကွယ် ပြီးသား ဖြစ်သည်ဟု မှတ်သားရသည်။ ထို့ကြောင့် ကူးစက်ရောဂါ အမျိုးမျိုး ကာကွယ်ရန် အတွက် လက်ကို စင်ကြယ် သန့်ရှင်းအောင် ဆေးကြော ကြရန် အသိပေး အပ်ပါသည်။

အခြားသော ကူးစက်ရောဂါများ အတွက် ကုသ ကာကွယ်ရန် ဆေးဝါးများ ရှိသော်လည်း အီဘိုလာ ဗိုင်းရပ်စ် အတွက် ကုသရန် ဆေးဝါး မတွေ့ရှိ သေး၍ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ကာကွယ်ရေး လုပ်ငန်းများ ကြိုတင် လုပ်ကြရန် တိုက်တွန်း ထားကြောင်း သိရသည်။

အများပြည်သူများ အနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် အတူ ကျန်းမာရေး အဖွဲ့များနှင့် ပူးပေါင်းပြီး မိမိတို့ နေထိုင်ရာ ဒေသအတွင်း သန့်ရှင်းရေး လုပ်ငန်းများ ဦးစားပေး ဆောင်ရွက် ကြရန် လိုကြောင်း နှင့် အထက်တွင် ဖော်ပြခဲ့သည့် ရောဂါ လက္ခဏာများ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန် ဆက်သွယ် အသိပေးရန် အထူး လိုအပ်ကြောင်း ရေးသား လိုက်ရ ပါသည်။ ။

#Yadanarpondaily

Monday, August 4, 2014

အီဘိုလာ ဗိုင်းရပ်စ် ရောဂါ ကူးစက်မှု မရှိစေရေး အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ဆိပ်ကမ်းများတွင် စနစ်တကျ ဆောင်ရွက်လျက်ရှိ


ရန်ကုန် ၊ ၄-၈-၂၀၁၄

မြန်မာနိုင်ငံ တွင် အီဘိုလာ ဗိုင်းရပ်စ် ရောဂါကူးစက် ဝင်ရောက်မှု မရှိစေရေး အတွက် အပြည်ပြည် ဆိုင်ရာ လေဆိပ်များ နှင့် ဆိပ်ကမ်းများ တွင် ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းနှင့် သတင်း အချက်အလက် ဖလှယ်ခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရောဂါ ဖြစ်ပွားနေသည့် နိုင်ငံတို့မှ ပြန်လည် ဝင်ရောက် လာသော ခရီးသည် များကို ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း၊ ကျန်းမာရေး ဝန်ထမ်းများကို သင်တန်းများ ပို့ချခြင်း၊ ဆေးရုံနှင့်ကျန်းမာရေးဌာန တို့တွင် ရောဂါ ကူးစက်မှု ထိန်းချုပ်ခြင်း ( Infection Control ) လုပ်ငန်းများ ကို စနစ်တကျ ဆောင်ရွက် နိုင်ရေး ကြီးကြပ်ခြင်း၊ ရောဂါ ဖြစ်ပွားသည့် လူနာများကို သီးခြား စောင့်ကြပ် ကြည့်ရှု ကုသမှု ပေးနိုင်ရန် ( Isolation )အတွက် ဗဟို တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် ဆေးရုံကြီး များတွင် Isolation Ward များ အသင့် ပြင်ဆင် ထားရှိခြင်း၊ နယ်စပ်ဒေသ များတွင် ကူးစက်ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်း များကို အားဖြည့် ဆောင်ရွက်ခြင်း နှင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိမ်နီးချင်း နိုင်ငံများ နှင့် သတင်း အချက်အလက် ဖလှယ်ခြင်း လုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ Ebola Virus ကူးစက်မှုသည် ထိန်းချုပ်ရန် ခက်ခဲပြီး ရောဂါပိုး ရှိသော လူနာများ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များ ဖြစ်သည့် တံတွေး၊ သလိပ်၊ သွေး တို့ကို တိုက်ရိုက် ထိတွေ့ ကိုင်တွယ်မှု ကြောင့် အဓိက ကူးစက် ပြန့်ပွားခြင်း ဖြစ်ပြီး ဆားစ်၊ ကြက်ငှက် တုပ်ကွေး ရောဂါ နှင့် Pandemic ( H1N1) ၂ဝဝ၉ ၊ ကမ္ဘာ့ လူတုပ်ကွေး ကပ်ရောဂါ၊ H7N9 ၊ MERS-CoV စသည့် ကူးစက်မြန် ရောဂါများ ကဲ့သို့ လေထဲမှ ကူးစက် ပြန့်ပွားမှု မရှိကြောင်း၊ ရောဂါရှိ သူများနှင့် တိုက်ရိုက် ထိတွေ့သူများ၊ ကိုင်တွယ် ပြုစုသူများ တွင်သာ ရောဂါကူးစက် နိုင်ခြေ ရှိကြောင်း သတင်းထုတ်ပြန် ထားသည်။

လွန်ခဲ့သော မတ်လအတွင်း ရောဂါကူးစက် ပြန့်ပွားနေသော အာဖရိက အနောက် လေးနိုင်ငံ ဖြစ်သော ( Guinea , Liberia , Nigeria နှင့် Sierra Leone ) တို့သို့ သွားရောက်ခဲ့ သူများ အီဘိုလာ ရောဂါ ခံစားနေရ သူများ (သို့မဟုတ်) ရောဂါဖြစ်ပွား နေသော မိသားစု နှင့် အနီးကပ် နေထိုင်ခဲ့ သူများ၊ လူနာ ပြုစုကုသ ခဲ့သူများ အနေဖြင့် အထူး ဂရုပြုရန် လိုအပ်ပြီး သံသယ ရှိဖွယ် လက္ခဏာများ ဖြစ်သော ဖျားခြင်း၊ အလွန်အမင်း အားနည်းခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာ ဖြစ်ခြင်း နှင့် လည်ပင်းနာခြင်း တို့ ရုတ်ခြည်း ခံစားရမည် ဖြစ်ပြီး အန်ခြင်း၊ အရည် ဝမ်းသွားခြင်း၊ ကျောက်ကပ် နှင့် အသည်း တို့ချို့ယွင်းခြင်း၊ အချို့လူနာ များတွင် ခန္ဓာကိုယ်တွင်း နှင့် ခန္ဓာကိုယ် ပြင်ပသို့ သွေးယိုစီးခြင်း လက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာန များတွင် ပြသ ဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က အကြောင်းကြားစာ ထုတ်ပြန် ထားကြောင်း သိရသည်။

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...