Social Icons

Pages

Showing posts with label လေ့လာရေး. Show all posts
Showing posts with label လေ့လာရေး. Show all posts

Friday, February 1, 2019

နယ်စပ် ဒေသ အသီးသီးမှ လူငယ် မောင်မယ်များ နေပြည်တော် အတွင်း ဆက်လက် လေ့လာ

နယ်စပ် ဒေသ အသီးသီးမှ လူငယ် မောင်မယ်များ နေပြည်တော် အတွင်း  ဆက်လက် လေ့လာ
-
နေပြည်တော်  ဇန်နဝါရီ  ၃၁ 
-
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ရောက်ရှိနေသောနယ်စပ်ဒေသ အသီးသီးမှ လူငယ် မောင်မယ် များသည် ဆဋ္ဌမအကြိမ်မြောက် လေ့လာရေးခရီးစဉ် စတုတ္ထနေ့အဖြစ် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အတွင်းသို့ ရောက်ရှိလေ့လာကြသည်။ 
-
အားကစားကွင်းအတွင်းအားကစားနည်းအလိုက်လေ့ကျင့်နေမှုများ၊အပြည်ပြည်ဆိုင်ရာပြိုင်ပွဲဝင် အားကစား နည်းများ ပြခန်းနှင့်   အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းတင်ဓာတ်ပုံများကို ကြည့်ရှုလေ့လာရာ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း တာဝန်ခံက လိုက်လံရှင်းလင်း ပြသခဲ့သည်။  
-
ဆက်လက်၍ တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (MWD) သို့ ရောက်ရှိ လေ့လာရာ တာဝန်ရှိသူ တစ်ဦးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အဆိုအကများဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် မြဝတီ ရုပ်မြင်သံကြား၏ နောက်ခံသမိုင်းကို Video Projectorဖြင့် ပြသခဲ့ပြီးနောက် လေ့လာရေးအဖွဲ့ဝင်များက ရိုးရာ ယဉ်ကျေးမှုများအား ဖလှယ်ခြင်းအစီအစဉ်အရ ရိုးရာအကများဖြင့်သီးခြားစီကပြဖျော်ဖြေခဲ့ပြီး လေ့လာရေး အထိမ်းအမှတ်အလံအား အပြန်အလှန် ပေးအပ်ခဲ့သည်။ 
-
ယင်းနောက် မြဝတီစာပေတိုက်မှ စာအုပ် များနှင့်စာစောင်များကို လေ့လာရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးထံ လက် ဆောင် ပေးအပ်ခဲ့သည်။ ဆက်လက်၍ လူငယ်မောင်မယ် လေ့လာရေးအဖွဲ့ဝင်များသည် မြဝတီရုပ်မြင်သံကြား ထုတ်လွှင့်ရေးစက်ရုံ အတွင်းရှိ သတင်းရိုက် ကူးခြင်း၊ တည်းဖြတ်ခြင်း၊ သတင်းထုတ်ပြန်ခြင်း ဆောင်ရွက် နေမှုများအား လေ့လာကြရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်း ပြသခဲ့သည်။ ထို့နောက် လူငယ်မောင်မယ် လေ့လာရေး အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။ 
-
ဝေယံ 
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, January 30, 2019

နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသား လူငယ်မောင်မယ်များ နေပြည်တော်ရှိ အထင်ကရ နေရာများသို့ လေ့လာ

နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသား လူငယ်မောင်မယ်များ နေပြည်တော်ရှိ အထင်ကရ နေရာများသို့ လေ့လာ
-
နေပြည်တော်  ဇန်နဝါရီ  ၂၉ 
-
နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ  တာဝန်ရှိ သူများ လိုက်ပါလျက်  နယ်စပ်ဒေသ အသီးသီးမှ လူငယ်မောင်မယ် ၁၅ဝ ဦးပါဝင်သော လေ့လာရေးအဖွဲ့သည်  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင် ကရ နေရာများစွာထဲမှ တစ်ခုဖြစ်သော မဟာသကျရံသီ ဘုရား ကြီးသို့  သွားရောက် ဖူးမြော်ကြသည်။ 
-
အဆိုပါ လေ့လာရေး အဖွဲ့ကို ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဘုရားကြီး၏ သမိုင်းကြောင်းများကို လိုက်လံ ရှင်းလင်း ပြသပြီး လေ့လာရေး အဖွဲ့က အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
-
မဟာသကျရံသီဘုရားကြီးမှတစ်ဆင့် လေ့လာရေးအဖွဲ့ဝင်များသည် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့  သွားရောက်၍ လေ့လာကြရာ သူရဲကောင်း ဗိမာန် (နေပြည်တော်)အတွင်း ကြည့်ရှု လေ့လာကြပြီး နိုင်ငံတော် အတွက်အသက်ပေးလှူသွားကြသော သူရဲကောင်း စစ်သည် များအား လွမ်းသူ့ ပန်းခွေ ချဦးညွှတ် အလေးပြုကြသည်။
-

-
ယင်းနောက် အမှတ်တရ ဓာတ်ပုံရိုက် ကူးခြင်း၊ ယင်းဗိမာန်ဝင်း အတွင်းရှိ ရေပန်းများနှင့် ဥယျာဉ်အား လိုက်လံ ကြည့်ရှု လေ့လာကြသည်။ ဆက်လက်၍ တပ်မတော်စစ်သမိုင်း ပြတိုက်သို့ ထွက်ခွာကြပြီး၎င်းပြတိုက်၌ ခင်းကျင်း ပြသထားသော တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြခန်းများနှင့် ပြင်ပပြကွက် များအား လိုက်လံကြည့်ရှု လေ့လာကြရာ တပ်မတော် စစ်သမိုင်းပြတိုက်မှ တာဝန်ရှိသူများက လေ့လာရေး အဖွဲ့၏ သိရှိလိုသည့် အကြောင်းအရာ များကို ပြန်လည်ရှင်းလင်း ပြောကြားသည်။ 
-
အဆိုပါ နယ်စပ်ဒေသ အသီးသီးမှ လူငယ် မောင်မယ်များသည် ဇန်နဝါရီ ၂၈ ရက်မှ ၃၁ရက်အထိ နေပြည်တော်နှင့် အနီးတစ်ဝိုက်ရှိ အထင်ကရ နေရာများသို့ ဆက်လက်လေ့လာ ကြမည်ဖြစ်ကြောင်းသိရသည်။ 
-
အောင်လင်းဦး
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 2, 2018

နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို လေ့လာရန် (JMC-U) ကိုယ်စားလှယ်အဖွဲ့ နီပေါနိုင်ငံသို့ သွားရောက်



ရန်ကုန်  အောက်တိုဘာ  ၁
-
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သော နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို လေ့လာရန် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် (မင်္ဂလာဒုံ) မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ထွက်ခွာကာ  ထိုမှတစ်ဆင့်  နီပေါနိုင်ငံ  ခတ္တမန္ဒူလေဆိပ်သို့ ဆက်လက် ထွက်ခွာ ခဲ့ကြောင်း သိရသည်။
-
(JMC-U) ကိုယ်စားလှယ် အဖွဲ့၏ နီပေါနိုင်ငံ ငြိမ်းချမ်းရေး လေ့လာရေးခရီးစဉ်ကို မြန်မာ နိုင်ငံဆိုင်ရာ နော်ဝေ သံရုံးက စီစဉ်ပေးခြင်းဖြစ်ပြီး  ခရီးစဉ်မှာ  ခြောက်ရက်တာ ကြာမြင့်မည် ဖြစ်ကြောင်း  (JMC-U) မှသိရသည်။
-
(JMC-U) ၏ ခြောက်ရက်တာ ငြိမ်းချမ်းရေး လေ့လာရေးခရီးစဉ်အတွင်း နီပေါနိုင်ငံ ဒုတိယ သမ္မတ H.E. Mr. Nanda  Kishor  Pun ၊ နိုင်ငံခြားရေးဝန်ကြီ H.E. Mr. Pradeep Gay-wall အပါအဝင် အစိုးရအဖွဲ့ တာဝန် ရှိသူများ၊ နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ကာလ အတွင်း ပါဝင်ခဲ့သူများနှင့် တွေ့ဆုံကာ နီပေါနိုင်ငံ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆောင်ရွက်မှု ဖြစ်စဉ်များကို လေ့လာသွားမည်ဖြစ်သည်။
-
နီပေါနိုင်ငံ ငြိမ်းချမ်းရေး လေ့လာရေး ခရီးစဉ်သို့  (JMC-U) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ(၂)စိုင်းမျိုးသန့်၊  (JMC-U) အဖွဲ့ဝင် များဖြစ်ကြသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေး အပါအဝင် စုစုပေါင်း ကိုယ်စား လှယ် အဖွဲ့ဝင် ၁၅ ဦး လိုက်ပါခဲ့ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, September 26, 2017

မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များနှင့် စစ်သည်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ လေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ



ရန်ကုန် ၂၆-၉-၂၀၁၇

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်
အကူပြုနိုင်ရန် တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များ ပညာရည်မြှင့်တင်ရေးကို အလေးထားဆောင်ရွက် လျက်ရှိရာ မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များ နှင့်စစ်သည်များ နိုင်ငံတကာဗဟုသုတ
တိုးပွားစေရန်၊ နိုင်ငံတကာယဉ်ကျေးမှုနှင့် အသိပညာများ လေ့လာသိရှိနိုင်စေရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ကိုရီးယား
သမ္မတနိုင်ငံတို့သို့ လေ့လာရေးခရီးစဉ် စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါလေ့လာရေး အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ အထင်ကရနေရာ များဖြစ်သော ဘေဂျင်းနည်းပညာ တက္ကသိုလ်၊ နော်ရင်ကို ကုမ္ပဏီပြခန်း၊ မဟာတံတိုင်းကြီးနှင့် တရုတ်
ရှေးဟောင်းနန်းတော် အစရှိသည့်နေရာများအား သွားရောက်လေ့လာ ခဲ့ကြသည်။

အလားတူ စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ကိုရီးယားသမ္မတနိုင်ငံရှိ အထင်ကရ နေရာများဖြစ်သော နမ့်စန်းမျှော်စင်၊ ကင်ဂျပြုလုပ်သည့်ကျောင်း၊ Pan-Pacific ကုမ္ပဏီ၊ Everland အပန်းဖြေဥယျာဉ်၊ ကိုရီးယားရှေးဟောင်း နန်းတော်နှင့် Hongik တက္ကသိုလ်တို့သို့လည်း သွားရောက်လေ့လာ ခဲ့ကြကြောင်း သိရသည်။

မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များနှင့် စစ်သည်များ လေ့လာရေးအဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တပ်မတော်မှတ်တမ်း ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးကြီးစိုးလွင် ဦးဆောင်သော စစ်မှုထမ်းဆဲ၊စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများမှ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန်လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူရှစ်ဦး၊ အမှတ်အများ ဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး၊ ဂုဏ်ထူးဖြင့်အောင်မြင်သော စစ်သည်နှစ်ဦး၊ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံနှစ်ဦးအပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၃၇ ဦးပါဝင်လျက် စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် တင်စန်းနိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

Thursday, July 20, 2017

နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် လာရောက်ကြည့်ရှုသူ များပြား



နတ်မောက် ၂၀-၇-၂၀၁၇

မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ နှစ် (၇ဝ) ပြည့် အာဇာနည်နေ့တွင် ရပ်နီးရပ်ဝေးရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှု ကြကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို ယနေ့တွင် နေပြည်တော်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးကိုကိုနိုင်၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးဦး ထွန်းထွန်းလွင်၊ မကွေးတိုင်းဒေသကြီး တာဝန်ခံရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးဦးစောလွင် တို့ကဦးဆောင်ပြီး မြို့မရဲစခန်း မြို့နယ်မှူးရဲမှူး သန်းချိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ပေးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ ရပ်နီးရပ်ဝေးရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်၍ ကြည့်ရှုကြရာ လာရောက်သူ ဧည့်သည်များကလည်း ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ကို နောက်ခံထား၍ အမှတ်တရဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးခဲ့ကြရာ လာရောက်ကြည့်ရှု သူဦးရေ ၁၄၄ဝ၄ ဦးကျော်ရှိရာ ယနေ့ နံနက် ၆နာရီမှ ညနေ ၅နာရီထိ ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Tuesday, May 23, 2017

မိတ္ထီလာမြောက်ကန်အတွင်း ကြာဖြူပန်းအများအပြား ပွင့်ဖူးနေသဖြင့် လာရောက်ကြည့် ရှုသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိ



မိထ္ထီလာ ၂၃-၅-၂၀၁၇

မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် အနောက်ဘက် မလှမ်းမကမ်းတွင် တည်ရှိသည့် မိတ္ထီလာမြောက်ကန်အတွင်း ကြာဖြူပန်းအများအပြား ပွင့်ဖူးနေသည့် ကြာတောနေရာသို့ လာရောက်ကြည့်ရှု သူများဖြင့် နေ့စဉ်စည်ကား လျက်ရှိကြောင်း သိရသည်။

''မိတ္ထီလာမြို့ပေါ် ရပ်ကွက်တွေနဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ အများဆုံး လာရောက်ပြီး ကြာတောထဲမှာ လှေစီးရင်း ကြာပန်းခူးကြတယ်။ တချို့ ကတော့ စုံတွဲတွေ၊ တချို့ကတော့ သူငယ်ချင်းတွေ အတူတူလှေစီးပြီး ကြာပန်းခူးကြတယ်။

လှေစီးတဲ့သူတစ်ယောက်ကို ငွေကျပ် ၁ဝဝဝ တောင်းတယ်။ မိသားစု အသက်မွေးဝမ်းကျောင်း အတွက်ငါးဖမ်းတဲ့ လှေသမားတွေက အပိုဝင်ငွေရအောင် လှေလှော်ပြီး ကြာတောထဲ ပို့ပေးတာပါ။ အရင်တုန်းက ကြာပန်းတွေ ဒီလောက် အများကြီး မပေါက်ဘူး။ ကန်ထဲမှာ ကြာပေါက်ပေမယ့် ဒီလောက်အများကြီး မဟုတ်တော့ လူသိနည်းခဲ့တယ်''ဟု ကြာတော၏ အနောက်ဘက်ရှိ ကုလားမကျွန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။

မိတ္ထီလာမြောက်ကန်အတွင်း ကြာဖြူပန်း ပေါက်ရောက်သည့် ကြာတောနေရာသို့ လည်ပတ်သူ အများစုမှာ လူငယ်လူရွယ်များ ဖြစ်ပြီးမှတ်တမ်းဓာတ်ပုံ ရိုက်ကူးသူ၊ မင်္ဂလာဆောင် အကြိုမှတ်တမ်း ဓာတ်ပုံရိုက်ကူးသူ၊ မော်ဒယ်အလှဓာတ်ပုံရိုက်ကူး သူများလည်းလာ ရောက်ရိုက်ကူး လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Friday, May 19, 2017

ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (ရေ)မှ စစ်ရေယာဉ်များအား သွားရောက်လေ့လာ


ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့် သင်တန်းသား၊ သင်တန်းသူများ မြန်မာနိုင်ငံချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (ရေ)မှ စစ်ရေယာဉ်အား ကြည့်ရှုလေ့လာကြစဉ်။

လေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့် သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံ (RC Simulator) ပြိုင်ပွဲများ လက်တွေ့ယှဉ်ပြိုင်စဉ်။


နေပြည်တော် ၁၉-၅-၂၀၁၇

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂ဝ၁၇) တို့မှ သင်တန်းသား၊ သင်တန်းသူများသည် ယနေ့တွင် သင်တန်းနည်းပြများ နှင့်အတူ သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့သွားရောက်၍ သင်္ဘော တည်ဆောက်နေမှုများ၊ လွန်းတင်ပြင်ဆင် လျက်ရှိသည့် စစ်ရေယာဉ်များနှင့် အမှတ် (၃) ရေတပ်ဆိပ်ခံ တံတား၌ ဆိုက်ကပ်ထားသည့် စစ်ရေယာဉ်များအား သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ရေကြောင်း သွားလာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများကို ရှင်းလင်း ပြသကြသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (ရေ) မှ စစ်ရေယာဉ် နှစ်စင်းအား သွားရောက်ကြည့်ရှု လေ့လာကြသည်။

ထို့ပြင် မေ၁၆ ရက်နှင့် ၁၇ ရက် တို့တွင်လည်း စခန်းပေါင်းစုံ စစ်ရေးပြပြိုင်ပွဲများ၊ General Sea Terms ရေး/ဖြေစာမေးပွဲ၊ ကြိုးချည်ကြိုးထိုးပြိုင်ပွဲ၊ ရေတိုင်းခြင်းလက် တွေ့ပြိုင်ပွဲ၊ ပဲ့စင်တပ်ဖွဲ့ တာဝန်ဖွဲ့စည်း ဆောင်ရွက်မှု လက်တွေ့ပြိုင်ပွဲ၊ စခန်းပေါင်းစုံ လှေလှော်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လေးယောက်လှော် ဝမ်းပြား မီတာ ၅ဝဝ ပြိုင်ပွဲ၊ အသင်းလိုက် ရွက်တိုက်ပြိုင်ပွဲနှင့် အလံအချက် ပြကြေးနန်းပို့/ ဖမ်းပြိုင်ပွဲတို့ကို ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ သီဟသူရထွန်းတင်ခန်းမ၊ စစ်ရေးပြခန်းမနှင့် တပ်မတော် (ရေ) လှေလှော် ရွက်တိုက်အသင်း (အင်းယားကန်) တို့၌ အသီးသီးပြုလုပ်ကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးသည်။

ထို့အတူ လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) တို့မှ သင်တန်းသား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံ (RC Simulator) ပြိုင်ပွဲများ လက်တွေ့ယှဉ်ပြိုင် နေမှုတို့ကို ယနေ့နံနက်ပိုင်းတွင်တိုင်းမှူး နှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, May 8, 2017

ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြစ်တွင်း လေ့လာရေးခရီး သွားရောက်


တပ်မတော် (ရေ)မှ စစ်ရေယာဉ်ဖြင့် ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြစ်တွင်း လေ့လာရေးခရီးသွားရောက်ကြစဉ်။

နေပြည်တော် ၈-၅-၂၀၁၇

ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သင်ကြား လျက်ရှိသော ရေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) နှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) တို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈ဝ ဦးသည် ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ရေ) စစ်ရေယာဉ်ဖြင့် ရန်ကုန်မြစ်တွင်း လေ့လာရေး ခရီးသွား ရောက်ကြသည်။

လေ့လာရေး ခရီးစဉ်အတွင်း သင်တန်းသား၊ သင်တန်းသူများသည် စစ်ရေယာဉ်ပေါ်ရှိ လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာ စနစ်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန် နစ်ဆိုင်ရာ စနစ်များနှင့် ရေယာဉ်လက်တွေ့ ခုတ်မောင်း နေမှုများကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းပြသ ကြသည်။

အလားတူ ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျွန်းစုမြို့၊ ထားဝယ်မြို့နှင့် ဟိန်းဇဲ ဒေသတို့ရှိ ရေကြောင်းလူငယ် စခန်းများ တွင်လည်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကာ အခြေခံစစ်ရေးပြ ဘာသာရပ်၊ ရေတပ်သား ဆိုင်ရာသင်ခန်း စာများ လက်တွေ့သင်ကြားခြင်း၊ ရေယာဉ်ပေါ်လက် တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် လေ့လာရေးခရီး သွားရောက်ခြင်းများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, May 3, 2017

မြစ်သာ ရေလှောင်တမံသို့ အပန်းဖြေလေ့လာရေး ခရီးစဉ်အဖြစ် လာရောက်သူများရှိ



ဂန့်ဂေါ ၃-၅-၂၀၁၇

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်တွင် အကောင် အထည်ဖော် တည်ဆောက်ထားသည့် မြစ်သာရေလှောင်တမံသို့ ယခုနှစ်နွေဥတု ကာလအတွင်း အပန်းဖြေလေ့လာရေး ခရီးစဉ်တစ်ခု အဖြစ်
လာရောက်သူများ ရှိကြောင်း သိရသည်။

မြစ်သာ ရေလှောင်တမံသည် ချင်းတောင်တန်းမှ အစပြုပြီး ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာ တောင်တန်းများကြားရှိ ဂန့်ဂေါမြို့ နယ်ကို ဖြတ်သန်းစီးဆင်းသော မြစ်သာမြစ်ပေါ်တွင် ရေအားလျှပ် စစ်ဓာတ်အား ထုတ်လုပ်ရန်နှင့် စိုက်ပျိုးရေပေးဝေရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ထားသည့် ရေလှောင်တမံကြီး ဖြစ်သည်။

အဆိုပါ ရေလှောင်တမံကြီးကို ဒေသခံများက တောင်ပေါ်ပင်လယ်ဟု တင်စားခေါ်ဝေါ် လျက်ရှိကြပြီး တောင်ကုန်း၊ တောင်တန်းများ ကြား၌ ရေလှောင်တမံ ရေပြင်ကျယ်ကြီးကို တွေ့မြင်ရသည်မှာ မျက်စိပသာဒ
ဖြစ်ကာ စိတ်ကိုကြည်နူး စေသောကြောင့် အဆိုပါရေလှောင်တမံသို့ အပန်းဖြေ လေ့လာခရီးအဖြစ် လာရောက်သူ များပြားနေခြင်း ဖြစ်သည်။

ဂန့်ဂေါမြို့နယ်သည် လျှိုမြောင် ချောက်ကမ်းပါး ထူထပ်ခြင်း၊ ချောင်းငယ်မြောင်းငယ်များ ပေါများခြင်း၊ သစ်တောများ ကျန်ရှိနေသေးခြင်း၊ သစ်တောများအတွင်း အချို့နေရာ များတွင် ထန်းပင်၊ ပေပင်များ ရောနှော ပေါက်ရောက် လျက်ရှိခြင်း၊ ထူးခြားသော မြေမျက်နှာသွင်ပြင်နှင့် သဘာဝပတ်ဝန်းကျင် အလှများတည်ရှိနေခြင်း၊ ယောဓလေ့ နေအိမ်တည်ဆောက်ပုံ၊ လယ်ခင်း၊ ယာခင်းများအတွင်းမှ လယ်စောင့်တဲတည်ဆောက်ပုံ၊ ရိုးရာလက်ရက်ကန်းများ၊ ကျေးရွာချင်း ဆက်လမ်းများ ဝဲ၊ ယာမှ ခရီးသွားများ နားခိုရန် တည်ဆောက်ထားသည့် ဇရပ်အိုကြီးများ၊ ယောစကားစသည့် ယောဓလေ့ထုံးစံ ယဉ်ကျေးမှုများကို လေ့လာနိုင်ခြင်း၊ ရှေးဟောင်းစေတီပုထိုးများ တည်ရှိနေခြင်း၊ အချို့ဘုန်းတော်ကြီး ကျောင်းများတွင် ထိန်းသိမ်းထားသည့် ရှေးဟောင်းပေစာ၊ ပုရပိုက်စာများကို လေ့လာနိုင်ခြင်းစသည့် အကြောင်းအရာများက ခရီးသွားများကို ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Wednesday, March 8, 2017

မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်ဌာနချုပ် ၊ စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နှင့် Vietnam National Institute of Burn တို့အား သွားရောက်လေ့လာ


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဗီယက်နမ်လေကြောင်းရန်
 ကာကွယ်ရေးနှင့် လေတပ်ဦးစီးချုပ် Lt. Gen. Le Huy Yinh တို့ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်လေကြောင်းရန်
 ကာကွယ်ရေးနှင့် လေတပ်ဦးစီးချုပ် Lt. Gen. Le Huy Yinh နှင့် တွေ့ဆုံဆွေးနွေးစဉ်

နေပြည်တော် ၊ ၈-၃-၂၀၁၇

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့နံနက် ဒေသစံတော်ချိန် ၈ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ် လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်ဌာနချုပ်သို့ ရောက်ရှိကြရာ လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်ဦးစီးချုပ် Lt. Gen. Le Huy Vinh နှင့် အရာရှိကြီးများက ကြိုဆိုကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ဗီယက်နမ်လေတပ် ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ယင်းနောက် ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက် ကြသည့် တပ်မတော် အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေး၍ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်ပြီး လေတပ်ဌာနချုပ် ဧည့်ခန်းမတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဗီယက်နမ် လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်ဦးစီးချုပ် တို့ တွေ့ဆုံ ဆွေးနွေးကြသည်။

ဦးစွာ လေတပ်ဦးစီးချုပ် က ဗီယက်နမ် လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်တို့အား စတင် တည်ထောင်ခဲ့သည့် သမိုင်းကြောင်းနှင့် စစ်ပွဲကာလများ အတွင်း ရန်သူ့လေယာဉ် များအား တိုက်ခိုက်ချေမှုန်း ခဲ့မှုများ၊ လက်ရှိနိုင်ငံ၏ လေကြောင်း အန္တရာယ်ကို တွန်းလှန် ကာကွယ်ရန် လုပ်ဆောင်နေမှု နှင့် အာဆီယံဒေသတွင်း လေကြောင်းရန် ကာကွယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် နေမှုအခြေအနေ များ၊ ဗီယက်နမ်-မြန်မာ တပ်မတော်နှစ်ရပ် အကြား လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်ဆိုင်ရာ များတွင် ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများအား ဆွေးနွေး ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က စစ်ပွဲကာလ အတွင်း ဗီယက်နမ် လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်၏ ထူးချွန်စွာ တာဝန်ထမ်းဆောင် နိုင်မှုများအတွက် ဂုဏ်ပြုကြောင်း၊ အင်အား ကြီးမားသည့် ရန်သူ့လေတပ် များကို တိုက်ခိုက်ချေမှုန်း နိုင်ခြင်းမှာ စွမ်းရည် ထက်မြက်မှုကို ပြသခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဗီယက်နမ်စစ်ပွဲ ကာလက အတွေ့အကြုံများ သည် နိုင်ငံတော်လုံခြုံရေး အတွက် များစွာတန်ဖိုး ရှိပါကြောင်း၊ ယင်းအတွေ့အကြုံ များကြောင့် လည်း ယနေ့တိုင် ဗီယက်နမ် နိုင်ငံသည် အရှေ့တောင်အာရှ နှင့်အာရှတွင် ထိပ်တန်းက ရပ်တည် နေခြင်းဖြစ်ကြောင်း၊ ခေတ်သစ်စစ်ပွဲ များတွင် လေကြောင်း အရေးသာမှုသည် စစ်ရေး အကဲသာမှုကို ရရှိစေနိုင်ကြောင်း၊ ယနေ့ နိုင်ငံငယ်များအနေဖြင့် ပြည်ပရန် မရှိသည့်တိုင် အင်အားပြ ခြိမ်းခြောက်မှုများ တွေ့ကြုံ နေရကြောင်း၊ အလစ်အငိုက်ပေး၍ မရကြောင်း၊ အမြဲအသင့် ဖြစ်နေရန် လိုကြောင်း၊ အဓိကမှာ လေ့ကျင့်ရေးပင် ဖြစ်ကြောင်း၊ မိမိတပ်မတော် (လေ)နှင့် လေကြောင်းရန် ကာကွယ်ရေးတပ်များ အနေဖြင့် အတွေ့အကြုံ ရရှိစေရန် အမြဲလေ့ကျင့် လုပ်ဆောင်နေကြောင်း၊ ဗီယက်နမ်တပ်မတော် ၏ အတွေ့အကြုံများကို လည်း ဖလှယ်လိုကြောင်း နှင့် မိမိတို့တပ်မတော် နှစ်ရပ်အကြား လေကြောင်းရန် ကာကွယ်ရေး နှင့် လေတပ်ဆိုင်ရာ များတွင် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Airdefence and Airforce Museum သို့ ရောက်ရှိကြရာ ပြတိုက်မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် ပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် ဗီယက်နမ် လေကြောင်းရန် ကာကွယ်ရေး နှင့် လေတပ်တို့၏ သမိုင်းမှတ်တမ်း ဓာတ်ပုံများ၊ ဗီယက်နမ်စစ်ပွဲ ကာလအတွင်း စွမ်းဆောင်နိုင်မှု မှတ်တမ်းများ၊ သမိုင်းဝင် လက်နက်၊ ခဲယမ်းများ၊ အသုံးအဆောင် ပစ္စည်းများအား လှည့်လည်ကြည့်ရှု ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ ဆက်လက်ပြီး ပြတိုက်ဝင်း အတွင်း ခင်းကျင်းပြသ ထားသည့် ဗီယက်နမ် တပ်မတော်သုံး လေယာဉ်၊ ရဟတ်ယာဉ်များ လေကြောင်းရန် ကာကွယ်ရေး လက်နက်များအား ကြည့်ရှုလေ့လာ ခဲ့သည်။

မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗီယက်နမ် စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သို့ ရောက်ရှိကြရာ ကျောင်းအုပ်ကြီး Lt.Gen.Nguyen Trang Chinh နှင့် တပ်မတော် အရာရှိကြီးများက ကြိုဆိုနှုတ်ဆက် ကြသည်။ ဦးစွာ ဆေးတက္ကသိုလ် ဧည့်ခန်းမတွင်တွေ့ဆုံ၍ ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးက ဂုဏ်ပြုကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဗီယက်နမ် စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သည် အရှေ့တောင်အာရှ တွင် ဝါအရင့်ဆုံး တပ်မတော် ဆေးတက္ကသိုလ် ဖြစ်ကြောင်း သိရှိထားပြီး မီးလောင်ဒဏ်ရာနှင့် အရေပြားထိခိုက် ပျက်စီးမှု ကုသရာတွင်လည်း နာမည်ကျော်ကြား ပါကြောင်း၊ မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့ သည်လည်း တပ်မတော်နှင့် အတူပေါက်ဖွားခဲ့ပြီး တပ်မတော်သား မိသားစုများ၏ ကျန်းမာရေး၊ ပြည်သူလူထု၏ ကျန်းမာရေး ကာကွယ် စောင့်ရှောက်မှု တာဝန်များ ထမ်းဆောင်လျက် ရှိကြောင်း၊ မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့အနေဖြင့် မိမိနိုင်ငံတွင် အဖြစ်များ သည့် ငှက်ဖျားရောဂါ ကုသမှု၊ ကျောက်ကပ် ဆိုင်ရာရောဂါ ကုသမှုများတွင် အတွေ့အကြုံ များပြီး ယခုနောက်ပိုင်း မျက်စိနှင့် နှလုံးရောဂါ ကုသမှု အတွေ့အကြုံများ အထိုက်အလျောက် ရှိလာပါကြောင်း၊ ဆေးပညာရပ်သည် အမြဲတိုးတက်  နေသောကြောင့် နိုင်ငံတကာနှင့် ဆေးပညာ နှီးနှောဖလှယ်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဗီယက်နမ်တပ်မတော် နှင့်လည်း ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အတွေ့အကြုံ ဖလှယ်ခြင်း၊ အရေပြားကုသမှု ဆိုင်ရာ ပညာတော်သင်များ စေလွှတ်ခြင်းတို့အား ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေး ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များအား
 ဗီယက်နမ်စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး Lt. Gen. Nguyen Trang Chinh က
 ကျောင်း၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းစဉ်


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဗီယက်နမ်စစ်ဘက်ဆိုင်ရာ
 ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး Lt. Gen. Nguyen Trang Chinh၊ တာဝန်ရှိသူတို့နှင့်အတူ
 ဆေးတက္ကသိုလ် အဆောက်အဦးရှေ့၌ စုပေါင်းဓာတ်ပုံရိုက်စဉ်

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဧည့်သည်တော် မှတ်တမ်းတွင် အမှတ်တရ လက်မှတ်ရေးထိုးသည်။ ဆက်လက်ပြီး တက်ရောက်လာသူ များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ ထို့နောက် ရှင်းလင်းဆောင်တွင် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဗီယက်နမ်စစ်ဘက် ဆိုင်ရာ ဆေးတက္ကသိုလ် ဖြစ်ပေါ်လာသည့် သမိုင်းကြောင်း၊ ကျောင်း၏ လုပ်ငန်းတာဝန် သုံးရပ်ဖြစ်သည့် ကုသရေး၊ သုတေသနပြုရေးနှင့် လေ့ကျင့်ရေး လုပ်ဆောင်နေမှု အခြေအနေများ၊ မီးလောင်ဒဏ်ရာနှင့် အရေပြားထိခိုက် ပျက်စီးမှု ကုသခြင်းဆိုင်ရာ များကို ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်း ၍ မြန်မာ့တပ်မတော်မှ ပညာတော်သင်များ စေလွှတ်ရေး အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တပ်မတော် အရာရှိကြီးများသည် ဆေးတက္ကသိုလ် ကျောင်းဝင်းအတွင်း ၌ အမှတ်တရ စကားဝါသစ်ပင် စိုက်ပျိုးကြသည်။ ယင်းနောက် ဆေးတက္ကသိုလ် အဆောက်အဦ ရှေ့၌ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင် များသည် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် အတူ Vietnam National Institute of Burn သို့ သွားရောက်လေ့လာ ကြသည်။ ဦးစွာ တာဝန်ရှိသူများက ကြိုဆို၍ 

ဆေးဝါး ဓာတ်ခွဲခန်းများ၊ တိုင်းရင်းဆေးပင် များကို တစ်သျှူးနည်းဖြင့် မျိုးပွားခန်းနှင့် သဘာဝသစ်ဥသစ်ဖု များမှ ထုတ်လုပ်ထားသည့် တိုင်းရင်းဆေးများကို ရှင်းလင်းပြသသည်။ ထို့နောက် အထူးကြပ်မတ် ကုသဆောင်တွင် မီးလောင်ဒဏ်ရာများ၊ အရေပြားထိခိုက် ပျက်စီးမှုလူနာ များအား ဆေးဝါးကုသမှု အခြေအနေ များကို ရှင်းလင်းပြသ၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များ၊ ဗီယက်နမ် စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ စုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သင်းစာ ၊ စာ(၃၁)

Tuesday, March 7, 2017

မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဟနွိုင်းမြို့ရှိ သူရဲကောင်းဗိမာန် ၊ ဟိုချီမင်းဗိမန်သို့ သွားရောက်၍ ပန်းခွေချဂုဏ်ပြု ၊ Hanoi Old Quarters သို့ရောက်ရှိလေ့လာ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်အမျိုးသား
 ခေါင်းဆောင်ကြီး ဟိုချီမင်းဗိမာန်၌ ပန်းခွေချဂုဏ်ပြုစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ Ngoc Son
 ရှေးဟောင်း ဘုရားကျောင်းအတွင်း လှည့်လည်ကြည့်ရှုစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ဟိုချီမင်းဗိမာန်တွင်
 အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၇-၃-၂၀၁၇

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့တွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ ပါဝင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ယမန်နေ့နံနက် ဒေသစံတော်ချိန် ၈ နာရီ ၁၅ မိနစ်တွင် သူရဲကောင်းဗိမာန်သို့ ရောက်ရှိကြသည်။ ဦးစွာ တာဝန်ရှိသူများက ကြိုဆိုကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များက သူရဲကောင်းဗိမာန်တွင် ပန်းခွေချ၍ ဂုဏ်ပြုကြသည်။

ထို့နောက် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဗီယက်နမ် အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း၏ ဟိုချီမင်းဗိမာန် သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို  နှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များသည် ဟိုချီမင်းဗိမာန် ၌ ပန်းခွေချ၍ ဂုဏ်ပြုကြသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ ပြည်တွင်းပြည်ပ ခရီးသွားများ အဓိက လည်ပတ်ကြသည့် အထင်ကရနေရာ တစ်ခုဖြစ်သော Hanoi Old Quarters သို့ သွားရောက်လေ့လာ ကြရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Hoan Kiem ရေကန် အတွင်းရှိ Ngoc Son ရှေးဟောင်း ဘုရားကျောင်း အတွင်း လှည့်လည်ကြည့်ရှု ကြရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြသည်။

ယင်း ဘုရားကျောင်းသည် Hoan Kiem ရေကန်အတွင်းရှိ ကျွန်းငယ်ပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး ဘုရားကျောင်း အတွင်း အေဒီ ၁၃ ရာစုနှစ်က စစ်ဘုရင်ကြီး တစ်ပါးဖြစ်သည့် Tran Hung Dao ၏ရုပ်တု အပါအဝင် အခြားစစ်ဘုရင်များ၏ ရုပ်တုများအား ထုလုပ် ထားရှိသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် Hanoi Old Quarters နှင့် Hoan Kiem ရေကန်တို့အား ဘာဂီယာဉ်ငယ် များဖြင့် လှည့်လည်ကြည့်ရှု လေ့လာခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေစဉ်သတင်းစာ ၊ စာ(၁၂)

Thursday, December 15, 2016

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် မှ အနောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုစစ်ဌာနချုပ် တပ်မှူး General Zhao Zongqi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ


တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် မှ အနောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုစစ်ဌာနချုပ် တပ်မှူး General Zhao Zongqi မဟာမုနိဘုရား၌ ဘုရားဖူးမှတ်တမ်းတင် လက်မှတ်ရေးထိုးစဉ်

နေပြည်တော် ၊ ၁၅-၁၂-၂၀၁၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ အလုပ်သဘော တွေ့ဆုံ ဆွေးနွေးရန် ရောက်ရှိနေသော တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အနောက်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှု စစ်ဌာနချုပ် တပ်မှူး General Zhao Zongqi ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာ သွားရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန် နှင့် တပ်မတော် အရာရှိကြီးများ ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Col. Xiong Shaowe တို့က လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ဈေးသို့ လှည့်လည်ကြည့်ရှု လေ့လာခြင်း၊ ရွှေတိဂုံဘုရား သို့ လှည့်လည် ဖူးမြော် ကြည်ညိုခြင်း၊ နေပြည်တော်ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နှင့် တပ်မတော် စစ်သမိုင်းပြတိုက်၊ မန္တလေးမြို့ရှိ ဦးပိန်တံတား၊ မြနန်းစံကျော် ရွှေနန်းတော်၊ မန္တလေးတောင်၏ နေဝင်ဆည်းဆာ အလှနှင့် မန္တလေးမြို့အတွင်းသို့ လှည့်လည်ကြည့်ရှု လေ့လာခြင်းနှင့် မန္တလေး မြို့ရှိ မဟာမုနိဘုရား သို့ ဖူးမြော်ကြည်ညို ခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Sunday, October 30, 2016

မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shan Xi ပြည်နယ် ၊ Hang Zhong မြို့ ၊ Xian မြို့များသို့ ရောက်ရှိလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ Xian မြို့ရှိ ချင်းရှီဟွမ် ဘုရင့်စစ်သည်တော် ရုပ်တုများအား လေ့လာစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Shan Xi ပြည်နယ် ၊ Hang Zhong မြို့ ၊ Chenggu လေဆိပ်သို့ ရောက်ရှိရာ CATIC ကုမ္ပဏီဥက္ကဋ္ဌ Mr. Yang Ying နှင့် တာဝန်ရှိသူများက 
ကြိုဆိုနှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ CATIC ကုမ္ပဏီမှ ထုတ်လုပ်သည့် Y-9E သယ်ယူပို့ဆောင်ရေး လေယာဉ်ကို ကြည့်ရှုလေ့လာစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ Y-9E သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် အမှတ်တရဓာတ်ပုံရိုက်စဉ်

Xian မြို့ရှိ ချင်းရှီဟွမ်ဘုရင့် စစ်သည်တော်ရုပ်တုများကု တွေ့ရစဉ်

နေပြည်တော် ၊ ၃၀-၁၀-၂၀၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီတွင် ကူမင်းမြို့၊ Chang Shui အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အထူးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာရာ လေဆိပ်၌ ယူနန်ပြည်နယ် ဒုတိယ စစ်ဒေသမှူး Major General Qu Xin Yong နှင့်တပ်မတော် အရာရှိကြီးများ၊ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ် ဦးစိုးပိုင် နှင့် တာဝန်ရှိသူ များက ပို့ဆောင်နှုတ်ဆက် ကြသည်။

ယင်းနောက် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ ၄ဝ မိနစ်တွင် Shan Xi ပြည်နယ်၊ Hang Zhong မြို့၊ Chenggu လေဆိပ်သို့ ရောက်ရှိကြရာ CATIC ကုမ္ပဏီဥက္ကဋ္ဌ Mr. Yang Ying နှင့် တာဝန်ရှိသူ များက ကြိုဆိုကြသည်။ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အဖွဲ့သည် CATIC ကုမ္ပဏီမှ ထုတ်လုပ်သည့် Y-9E သယ်ယူ ပို့ဆောင်ရေး လေယာဉ်အား ကြည့်ရှုလေ့လာ ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်သည်။ ထို့နောက် ကုမ္ပဏီ၏ ရှင်းလင်းဆောင်တွင် တပ်မတော် ကာကွယ်ရေး  ဦးစီးချုပ်နှင့်အဖွဲ့အား CATIC ကုမ္ပဏီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ လေယာဉ် ထုတ်လုပ်မှု အခြေအနေ များအား ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။ ၄င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကုမ္ပဏီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တို့သည် အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် Xian မြို့၊ Lintong လေဆိပ်သို့ ရောက်ရှိကြရာ Shan Xi ပြည်နယ် ဒုတိယ စစ်ဒေသမှူး Major General Li Shengli နှင့်တာဝန်ရှိသူ များက ကြိုဆိုကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင် များသည် Xian မြို့ရှိ ချင်းရှီဟွမ် ဘုရင့်စစ်သည်တော် ရုပ်တုများအား သွားရောက် လေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသကြသည်။ အဆိုပါ စစ်သည်တော် ရုပ်တုများအား တရုတ်ပြည်၏ ဘုရင်တစ်ပါး ဖြစ်သည့် ချင်းရှီဟွမ် ဘုရင်က လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝဝ ကျော် ဘီစီ ၂၄၆ ခုနှစ်က စတင်ပြုလုပ် ခဲ့ပြီး ၁၁ နှစ်ခန့် ကြာမြင့်အောင် ထုလုပ်ခဲ့ကြောင်း၊ အဆိုပါ ရုပ်တုများအား ၁၉၇၄ ခုနှစ်တွင် Xian မြို့ရှိ လယ်သမားများက ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၇၅ ခုနှစ်တွင် အစိုးရမှ စစ်သည်ရုပ်တု များနှင့် မြင်းရုပ်တု ပြတိုက် စတင်ဆောက်လုပ် ခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ကြောင်း၊ အဆိုပါပြတိုက် သည် စတုရန်းမီတာ ၁၆၃ဝဝ ကျယ်ဝန်းပြီး တွင်းကြီး ၃ ခုအတွင်းမှ ချင်းရှီဟွမ် ဘုရင်၏ ဂူသင်္ချိုင်း အပါအဝင် စစ်သည် ရုပ်တုပေါင်း ၈ဝဝဝ ကျော်နှင့် စစ်ရထားရုပ်များ၊ မြင်းရုပ်များ၊ မြင်းစီးစစ်သည် ရုပ်တုများ၊ လက်နက်များကို စနစ်တကျ တူးဖော် ထိန်းသိမ်းထားရှိ ကြောင်း သိရှိရသည်။ ၄င်းကို ၁၉၈၇ ခုနှစ် တွင် UNESCO မှ ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ် တစ်ခုအဖြစ် အသိအမှတ်ပြု ခဲ့ပြီး ရှေးဟောင်း တရုတ်လူမျိုး တို့၏ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားမှုကို ထိန်းသိမ်းပြသ ထားသည့် နေရာတစ်ခု ဖြစ်ကာ နေ့စဉ်လာရောက် လေ့လာသူ ၃ဝဝဝဝ ခန့်ရှိကြောင်း၊ နေ့ထူးနေ့မြတ် များတွင် တစ်သိန်းကျော် အထိလာရောက်လေ့လာကြကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ပြတိုက်အတွင်း လှည့်လည် ကြည့်ရှုပြီးနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြတိုက် ဧည့်သည်တော် မှတ်တမ်း၌ မှတ်တမ်းတင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Tuesday, September 13, 2016

မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ်များ နှင့် စစ်သည်များ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံသို့ လေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ


မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ် များနှင့် စစ်သည်များ Great Wall တွင် စုပေါင်းဓာတ်ပုံရိုက်စဉ်

မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ် များနှင့် စစ်သည်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများ က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် ကြိုဆိုနှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၃-၉-၂၀၁၆

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် တပ်မတော် အနေဖြင့်လည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် လျက်ရှိရာ မျိုးဆက်သစ် ထူးချွန်လူငယ် မောင်မယ်များနှင့် စစ်သည်များအား နိုင်ငံတကာ ဗဟုသုတ တိုးပွားစေရန်၊ နိုင်ငံတကာ ယဉ်ကျေးမှု နှင့် အသိပညာများကို လေ့လာသိရှိ နိုင်စေရန် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် ကိုရီးယား သမ္မတနိုင်ငံ များသို့ လေ့လာရေး ခရီးစဉ် စီစဉ် ဆောင်ရွက်ပေး ခဲ့သည်။

အဆိုပါ လေ့လာရေး အဖွဲ့သည် စက်တင်ဘာ ၅ ရက်မှ ၇ ရက်ထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ အထင်ကရ နေရာများ ဖြစ်သော Norinco Company ၊ Beijing Institute of Technology ၊ တီယန်ကျင်း တက္ကသိုလ်၊ တီယန်ကျင်း တက္ကသိုလ်ပြတိုက်၊ တီယန်ကျင်း ယဉ်ကျေးမှုပြတိုက်၊ ရှေးဟောင်းလမ်း (Ancient Street) ၊တီယန်ကျင်း မြို့လယ်မှ River View ၊ Great Wall ၊ ၂ဝဝ၈ ဘေဂျင်းအိုလံပစ် ငှက်သိုက် ကစားကွင်း၊ တိန်အန်မင် ရင်ပြင်နှင့် Hong Qiao Pearl Market အစရှိသည့် နေရာများအား လေ့လာကြသည်။

ယင်းနောက် စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်ထိ ကိုရီးယားသမ္မတ နိုင်ငံရှိ အထင်ကရ နေရာများဖြစ်သော Nam Sam တောင်ပေါ်ရှိ ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံး N Tower (ခေါ်) Seoul Tower ၊ Han River Night View ၊ အဝတ်အထည်နှင့် အိပ်ရာခင်း ထုတ်လုပ်သည့် Pan Pacific ကုမ္ပဏီ၊ ကိုရီးယားကင်ချီ အလုပ်ရုံနှင့် ရိုးရာဝတ်စုံများ ဝတ်ဆင် မှတ်တမ်းတင်ခြင်း၊ Everland Theme Park ၊ အကောင်းဆုံး ဗိသုကာဆိုင်ရာ တက္ကသိုလ် ဖြစ်သည့် Hongik University ၊ National Folklore Museum ၊ ရှေးဟောင်း နန်းတော် Gyeonbok Palace ၊ ဆိုးလ်မြို့တွင် အကြီးဆုံး လက်လီလက်ကား ဈေးကြီးဖြစ်သည့် Dong Dae Mum Market ၊ ရင်သပ် ရှုမောဖွယ် 3D ပန်းချီကားများ ပါဝင်သည့် Trick Eye Art Gallery နှင့်နာမည်ကျော် ကိုရီးယား ဂျင်မ်ဆင်း အရောင်းပြခန်း အစရှိသည့် နေရာများအား လေ့လာကြသည်။

အဆိုပါ လေ့လာရေး အဖွဲ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီး ခင်ဇော် ဦးဆောင်သော စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင်သား၊ သမီးများမှ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ် ဝင် စာမေးပွဲ အောင်မြင်ပြီး နိုင်ငံတော်အဆင့် ဘက်စုံပညာ ထူးချွန်လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၁၄ ဦး၊ အမှတ်အများဆုံး ရရှိသော ကျောင်းသား၊ ကျောင်းသူ ၁၄ ဦး၊ ဂုဏ်ထူးဖြင့် အောင်မြင်သော စစ်သည် နှစ်ဦး၊ ကျောင်းအုပ်ကြီး ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၃၅ ဦးပါဝင်လျက် စက်တင်ဘာ ၁၁ ရက်ညပိုင်း တွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မှ တာဝန်ရှိ သူများ၊ ထူးချွန် ကျောင်းသား၊ ကျောင်းသူများ ၏ မိဘများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Friday, August 5, 2016

မြန်မာနှင့် အရှေ့တောင်အာရှ လူငယ်များ ဂျပန်သို့ သွားရောက်မည့် သင်္ဘောခရီးစဉ် အောက်တိုဘာလတွင် စတင်မည်


ရန်ကုန် ၊ ၅-၈-၂၀၁၆

ဂျပန်နှင့် အရှေ့တောင် အာရှနိုင်ငံများသို့ မြန်မာနိုင်ငံမှ သင်္ဘောဖြင့် လိုက်ပါ၍ လေ့လာရေး သွားရောက်မည့် လူငယ်များ၏ ခရီးစဉ်သည် အောက်တိုဘာ ၅ ရက်မှစတင်မည် ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘော ခရီးစဉ်တွင် အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များ၊ ဆရာအတတ် ပညာ သင်တန်းကျောင်း နှင့် လေ့ကျင့်ရေး ဦးစီးဌာန အောက်ရှိ ပညာရေး ကောလိပ်များ၊ စက်မှု နည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနရှိ တက္ကသိုလ်များ မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ လိုက်ပါမည် ဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် လိုက်ပါခွင့် ရရှိသူများကို ရွေးချယ်ပြီး ဖြစ်ရာ လက်ရှိတွင် ရွေးချယ်ခံ ရသူများကို ရန်ကုန် တက္ကသိုလ် ၌ စခန်းသွင်း လေ့ကျင့်မှုများ စတင်လုပ်ဆောင် ပေးနေပြီး ယဉ်ကျေးမှု ဖလှယ်မည့် ကိစ္စများ၊ ပညာရပ် ဆိုင်ရာများကို စခန်းသွင်း လေ့ကျင့်ပေးလျက် ရှိကြောင်း ရန်ကုန် တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဒေါက်တာ လှဆွေ က ပြောသည်။

အရှေ့တောင် အာရှနှင့် ဂျပန်လူငယ် များနှင့် တွေ့ဆုံမည့် သင်္ဘောခရီးစဉ် အတွက် အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ်၊ အကြား စွမ်းရည်များကို စစ်ဆေးပြီး အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်သူ၊ ကျန်းမာရေး ကောင်းမွန်သူ၊ နိုင်ငံ ကိုယ်စားပြု ပါဝင်နိုင်သူ များကို ရွေးချယ် ထားကြောင်း သိရသည်။

ယင်း ခရီးစဉ်သည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနိုင်ငံများမှ လူငယ်များ ပါဝင်ပြီး ခေါင်းဆောင်မှု အရည်အသွေး ရှိလာရန် လူငယ်များအား နိုင်ငံအလိုက် လေ့ကျင့် ပေးထားကာ ရောက်ရှိရာ နိုင်ငံတို့၌ ကဏ္ဍပေါင်းစုံမှ လူငယ်များ အချင်းချင်း သင်္ဘောပေါ်၌ ဆွေးနွေးဖလှယ် နိုင်မည့်လူငယ် အစီအစဉ် တစ်ရပ် ဖြစ်သည်။

ယခုနှစ် ခရီးစဉ်သည် (၄၃) ကြိမ်မြောက် အရှေ့တောင် အာရှနှင့် ဂျပန်လူငယ်များ ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများမှ လူငယ်များအား ခေါ်ယူ တင်ဆောင်၍ ဂျပန်နိုင်ငံသို့ ဦးတည်မည့် ခရီးစဉ် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Friday, July 29, 2016

နယ်စပ်ဒေသရှိ တိုင်းရင်းသားလေ့လာရေး အဖွဲ့များ နေပြည်တော် အတွင်း ဆက်လက်လေ့လာ



နေပြည်တော် ၊ ၂၉-၇-၂၀၁၆

နယ်စပ်ရေးရာ ဝန်ကြီးဌာန ရက် ၁ဝဝ စီမံကိန်းအရ နေပြည်တော်သို့ လေ့လာရေး ခရီး ရောက်ရှိ နေကြသော ကချင်ပြည်နယ် မိုးကောင်း မြို့နယ်၊ မံစီမြို့နယ် နှင့် ပန်ဝါဒေသမှ ဂျိန်းဖော့နှင့် လာချိဒ်၊ လော်ဝေါ် တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို မြို့နယ်နှင့် ဖားဆောင်းမြို့နယ် တို့မှ ကယား၊ ကယန်း၊ ကယော၊ ကရင်နှင့် မနော တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ် မြို့နယ်တို့မှ မွန်တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ရခိုင် ပြည်နယ် ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ်တို့မှ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်နှင့် သက် တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး စုစုပေါင်း တိုင်းရင်းသား၊ တိုင်းရင်းသူ ၁ဝဝ ဦးတို့သည် နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သတ္တသတ္တာဟ သို့ သွားရောက် ဖူးမြော်ကြည်ညို ခဲ့ကြပြီး အလှူငွေများ ပေးအပ် လှူဒါန်းသည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက်၍ တိုင်းရင်းသား ရုပ်သံလိုင်း (NRC) ရိုက်ကူး ထုတ်လွှင့်မှုများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သတင်း ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊  သတင်း ထုတ်ပြန်ခြင်း ဆောင်ရွက် နေမှုများ၊ ရေဒီယို ထုတ်လွှင့်ခြင်းများ ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားခဲ့ပြီး တိုင်းရင်းသား၊ တိုင်းရင်းသူ များက သိရှိလိုသည်များ မေးမြန်းခဲ့ ကြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သမိုင်းကို Video Projector ဖြင့် ပြသခဲ့ပြီးနောက် တိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာယဉ်ကျေးမှု များအား ဖလှယ်ခြင်း အစီအစဉ် အရ ရိုးရာအက များဖြင့် သီးခြားစီကပြ ဖျော်ဖြေခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ ကြသည်။

တိုင်းရင်းသား လေ့လာရေး အဖွဲ့များသည် နေ့လယ်ပိုင်းတွင် တိရစ္ဆာန် ဥယျာဉ်နှင့် ဆာဖာရီ ဥယျာဉ်သို့ သွားရောက် လေ့လာခဲ့ကြောင်း သတင်း ရရှိသည်။ (၅ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၂)

Thursday, July 28, 2016

တိုင်းရင်းသားများ လေ့လာရေးခရီးစဉ်သည် ပြည်ထောင်စုစိတ်ဓာတ် ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာ လာစေရန် ရည်ရွယ်ခြင်းဖြစ်



နေပြည်တော် ၊ ၂၈-၇-၂၀၁၆

နယ်စပ်ရေးရာ ဝန်ကြီးဌာန ရက် ၁ဝဝ စီမံကိန်းအရ နေပြည်တော် သို့ ဒုတိယအကြိမ် လေ့လာရေး ခရီး ရောက်ရှိ နေကြသော ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ မံစီမြို့နယ် နှင့် ပန်ဝါဒေသမှ ဂျိန်းဖော့၊ လာချိဒ်နှင့် လော်ဝေါ် တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို မြို့နယ် နှင့် ဖားဆောင်းမြို့နယ်တို့မှ ကယား၊ ကယန်း၊ ကယော၊ ကရင်နှင့် မနော တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ် မြို့နယ်တို့မှ မွန်တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ်တို့မှ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက် နှင့် သက် တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး စုစုပေါင်း တိုင်းရင်းသား၊ တိုင်းရင်းသူ ၁ဝဝ ဦးတို့သည် နေပြည်တော် အတွင်းရှိ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်၊ တပ်မတော် စစ်သမိုင်းပြတိုက် တို့သို့ သွားရောက်လေ့လာ ခဲ့ကြပြီး မဟာသကျရံသီ ရုပ်ရှင်တော် မြတ်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့ ကြသည်။

တိုင်းရင်းသား လေ့လာရေး အဖွဲ့များသည် ယမန်နေ့ နံနက်ပိုင်းတွင် အမျိုးသား အထိမ်းအမှတ် ဥယျာဉ်သို့ သွားရောက်၍ ဥယျာဉ်အတွင်းရှိ ရိုးရာအိမ်များ၊ အားကစား ကွင်းများအား လှည့်လည်ကြည့်ရှု လေ့လာသည်။ ထို့နောက် တပ်မတော် စစ်သမိုင်းပြတိုက် တွင် လေ့လာရာ တာဝန်ရှိ သူများက မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့်အတူ ယှဉ်တွဲ ပေါက်ဖွားလာသည့် တပ်မတော် သမိုင်းကို Video Projector ဖြင့် ပြသပေးခဲ့ပြီး ပြတိုက်အတွင်းရှိ ခင်းကျင်းပြသ ထားသော ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ၊ တပ်မတော် စစ်ဆင်ရေး မှတ်တမ်း ဓာတ်ပုံများ၊ ဗမာ့ ကာကွယ်ရေး တပ်မတော်သုံး ပစ္စည်းများ၊ ဗမာ့ ကာကွယ်ရေး တပ်မတော်သုံး လက်နက်များအား ကြည့်ရှု လေ့လာခဲ့ပြီး အမြောက်များ၊ သင်္ဘောများနှင့် လေယာဉ်များအား လှည့်လည် ကြည့်ရှု လေ့လာသည်။

ဆက်လက်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနသို့ ရောက်ရှိပြိး စုပေါင်းခန်းမ ၌ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က တိုင်းရင်းသား၊ တိုင်းရင်းသူ များနှင့် တွေ့ဆုံ ပြောကြားရာတွင် လေ့လာရေး ခရီးစဉ်၏ ရည်ရွယ်ချက် များမှာ တိုင်းရင်းသား အချင်းချင်း ရင်းနှီး ချစ်ကြည်စွာ အတူယှဉ်တွဲ နေထိုင်ရင်း တစ်ဦး၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို တစ်ဦးက လေ့လာသိရှိ ဖလှယ်ခွင့် ရရှိစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု များကို မျက်ဝါးထင်ထင် လေ့လာ တွေ့ရှိပြီး လေ့လာရေး ခရီးစဉ်က ရရှိသည့် အတွေ့အကြုံ ကောင်းများကို မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေး အတွက် ထိရောက်စွာ ပြန်လည် အသုံးချနိုင်ရန်၊ မိမိတို့ တိုင်းရင်းသား အားလုံးသည် ရှေးနှစ်ပေါင်း များစွာကပင် ပြည်ထောင်စုကြီး အတွင်း အေးအတူ ပူအမျှ မှီတင်း နေထိုင်လျက် ရှိကြသော တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြသည် ဟူသည့် ကောင်းမွန် မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာ လာစေရန် ဟူသည့် ရည်ရွယ်ချက် များပင် ဖြစ်ပါကြောင်း ပြောကြားသည်။

တိုင်းရင်းသား လေ့လာရေး အဖွဲ့များသည် ညနေပိုင်းတွင် မဟာသကျရံသီ ရုပ်ရှင်တော် မြတ်ကြီးသို့ ရောက်ရှိဖူးမြော် ကြည်ညိုကြပြီး တိုင်းရင်းသား အဖွဲ့များ အလိုက် အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။ (၅ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

Friday, May 27, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Thai Bev Group Industray ( Oishi Group ) ကုန်ထုတ်လုပ်ငန်း သို့ သွားရောက် လေ့လာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗန်ကောက်မြို့ ရှိ Thai Bev Group Industray ( Oishi Group ) ကုန်ထုတ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစဉ်

ဗန်ကောက်မြို့ ရှိ Thai Bev Group Industray ( Oishi Group ) ကုန်ထုတ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံအတွင်းပိုင်းကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၇-၅-၂၀၁၆

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မေ ၂၅ ရက် ဒေသ စံတော်ချိန် ညနေ ၄ နာရီတွင် ဗန်ကောက်မြို့ရှိ Thai Bev Group Industray ( Oishi Group ) ကုန်ထုတ် လုပ်ငန်းသို့ သွားရောက် ကြည့်ရှုလေ့လာ ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့အား Thai Bev Group Industray ( Oishi Group ) ကုန်ထုတ်လုပ်ငန်း မှ CEO ဖြစ်သူ Mr. Thapana Sirivadhanabhakdi နှင့် တာဝန်ရှိသူ များက ကုန်ထုတ်လုပ်မှု အခြေအနေ များကို ရှင်းလင်း တင်ပြကြသည်။ ထို့နောက် ကုန်ထုတ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု လေ့လာ ကြသည်။

Oishi Group ကုန်ထုတ်လုပ်ငန်း သည် Thai Bev Group ၏ လက်အောက်ခံ လုပ်ငန်းခွဲ တစ်ခုဖြစ်ပြီး Alcohol မပါသည့် အချိုရည် ထုတ်ကုန် လုပ်ငန်းကို တိုးချဲ့ရန် အဓိက အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း နှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ဒေသမှ ထွက်ရှိသည့် လက်ဖက် ကုန်ကြမ်းဖြင့် Green Tea အဆင့်မြင့် ဖျော်ရည် အမျိုးမျိုးကို ထုတ်လုပ်နေသော လုပ်ငန်း တစ်ခုဖြစ်ပြီး စက်ရုံများမှ လစဉ် ဖျော်ရည်ဘူး မျိုးစုံ ၇၅ သန်းခန့် ထုတ်လုပ် ရောင်းချလျက် ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Monday, May 23, 2016

ရေကြောင်းနှင့် လေကြောင်း လူငယ်များ နေပြည်တော် အတွင်း လေ့လာရေးခရီး သွားရောက်


လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းသား သင်တန်းသူများ စစ်သမိုင်းပြတိုက် ရှိ ပြင်ပပြကွက်များကို ကြည့်ရှု လေ့လာစဉ်

ရေကြောင်း လူငယ်မောင်မယ်များ သတ္တသတ္တာဟ မဟာဗောဓိစေတီတော် ကို လည့်လည် ကြည့်ရှုလေ့လာ ကြည်ညိုကြစဉ်

နေပြည်တော် ၊ ၂၃-၅-၂၀၁၆

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆)နှင့် လေကြောင်း လူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) တို့မှ စခန်းပေါင်းစုံ သင်တန်းသား၊ သင်တန်းသူ လူငယ်မောင်မယ် များသည် ယမန်နေ့ တွင် နေပြည်တော် အတွင်း လေ့လာရေး ခရီး သွားရောက် ကြသည်။

ဦးစွာ ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ် များသည် သတ္တသတ္တာဟ သို့ သွားရောက် ဖူးမြော်ကြပြီး သံဝေဇနိယ လေးဌာနကို လှည့်လည် ကြည့်ရှုလေ့လာ ကြည်ညို ကြသည်။ ထို့နောက် စစ်သမိုင်း ပြတိုက်သို့ သွားရောက်၍ တပ်မတော် (ကြည်း ၊ ရေ ၊ လေ) ပြခန်းများနှင့် ပြင်ပပြကွက် များကို လိုက်လံ ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိ သူများက ရှင်းလင်းပြသ ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

Monday, May 9, 2016

ရေကြောင်းလူငယ် သင်တန်းသား သင်တန်းသူများ ရန်ကုန်မြစ်တွင်း လေ့လာရေးခရီး သွားရောက်



နေပြည်တော် ၊ ၉-၅-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သင်ကြားလျက် ရှိသော ရေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) နှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) တို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၉ဝ ဦးသည် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ရန်ကုန်မြစ်တွင်း လေ့လာရေးခရီး သွားရောက်ကြသည်။

လေ့လာရေး ခရီးစဉ်အတွင်း သင်တန်းသား၊ သင်တန်းသူ များသည် စစ်ရေယာဉ် ပေါ်ရှိ လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာ စနစ်များ၊ ဆက်သွယ်ရေး ဆိုင်ရာစနစ်များ နှင့် ရေယာဉ်လက်တွေ့ ခုတ်မောင်း နေမှုများကို စိတ်ပါဝင်စားစွာ လေ့လာကြပြီး တာဝန်ရှိ သူများက အသေးစိတ် ရှင်းလင်းပြသ ကြသည်။

အလားတူ ရေကြောင်းလူငယ် အခြေခံ နှင့် တန်းမြင့်သင်တန်း များကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် ဟိန်းဇဲဒေသ၊ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ နှင့် ကျွန်းစုမြို့တို့ရှိ ရေကြောင်းလူငယ် စခန်းများ တွင်လည်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကာ အခြေခံ စစ်ရေးပြ ဘာသာရပ်၊ ရေတပ်သား ဆိုင်ရာ သင်ခန်းစာများ လက်တွေ့ သင်ကြားခြင်း၊ ရေယာဉ်ပေါ် လက်တွေ့ လေ့ကျင့်ခန်း များ ဆောင်ရွက်ခြင်း နှင့် လေ့လာရေးခရီး သွားရောက်ခြင်းများ ပြုလုပ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၂)
Related Posts Plugin for WordPress, Blogger...