မန္တလေး ၊ ၁၁-၈-၂၀၁၅
မန္တလေး ဓာတ်မြေသြဇာ ဈေးကွက်တွင် စီးပွားဖြစ် လုပ်ကိုင်သော လုပ်ငန်းရှင် ကုမ္ပဏီကြီးများ ဈေးကွက်အတွင်း တိုက်ရိုက် ဝင်ရောက် လာမှုကြောင့် ဒေသခံ တစ်ပိုင်တစ်နိုင် အရောင်းဆိုင်ငယ် များမှာ ရောင်းအား ကျဆင်းပြီး အခက်အခဲ ဖြစ်ပေါ်လျက် ရှိကြောင်း ဓာတ်မြေသြဇာ ရောင်းချသူ ဆိုင်ရှင် တစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် လဆန်းပိုင်း တွင် ပြည်တွင်းသို့ ဓာတ်မြေသြဇာ ဝင်ရောက်မှုမှာ ရေလမ်းကြောင်းမှ ၂၅၇၆ တန်ကျော်နှင့် နယ်စပ်ကုန် သွယ်ရေးမှ ၁၉ဝ၉၈ တန်ကျော် ဝင်ရောက် ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန စာရင်းများ အရ သိရသည်။
လက်ရှိ အခြေအနေတွင် မန္တလေး ဈေးကွက်၌ ဓာတ်မြေသြဇာ အရောင်းအဝယ် အေးနေပြီး ယူရီးယား တစ်အိတ်လျှင် ငွေကျပ် ၂၂ဝဝဝ၊ ယူရီးယား (ရွှေတောင် တရုတ်) တစ်အိတ်လျှင် ငွေကျပ် ၂၁၄ဝဝ၊ တီစူပါ (GTSP 46% တရုတ်) တစ်အိတ်လျှင် ငွေကျပ် ၁၉၆ဝဝ၊ တီစူပါ(GSSP 16% တရုတ်) တစ်အိတ်လျှင် ငွေကျပ် ၉၉ဝဝ၊ တီစူပါ (GSSP 12% တရုတ်) တစ်အိတ်လျှင် ငွေကျပ် ၉၃ဝဝ၊ ကွန်ပေါင်း (၁ဝး၁ဝး၅) တစ်အိတ်လျှင် ငွေကျပ် ၁၃၅ဝဝ ဈေးနှုန်း အသီးသီး ရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
ယခင်က မန္တလေးနယ်၌ ဓာတ်မြေသြဇာ ရောင်းချသော ဆိုင်ငယ် ပေါင်းများစွာ ရှိသော်လည်း ရာသီ အလိုက် ရောင်းချရမှု ရှိကြောင်း၊ ယခု နောက်ပိုင်းတွင် အင်အား ကြီးမားသော ကုမ္ပဏီကြီး များက မြို့ပေါ်နှင့် နယ်ဈေးကွက် အတွင်း တိုက်ရိုက် ဝင်ရောက် လာကြောင်း၊ ကျေးရွာများ အရောက် သယ်ယူ ပို့ဆောင် ရောင်းချ လာကြကြောင်း နှင့်အခြားသော ဝန်ဆောင်မှု များလည်း တိုးချဲ့ ဆောင်ရွက်လာ သဖြင့် ဒေသခံ ဆိုင်ငယ်များမှာ ရောင်းအား ကျဆင်းပြီး ရပ်တည်ရန် အခက်အခဲ ဖြစ်ပေါ်လာကြောင်း မြစ်ငယ်မြို့ရှိ ဓာတ်မြေသြဇာ တစ်ပိုင်တစ်နိုင် ရောင်းချသူ တစ်ဦး က ပြောပြသည်။
''ကျွန်တော် ဓာတ်မြေသြဇာ မျိုးစုံ ရောင်းလာတာ ၁ဝ နှစ်ကျော် ပါပြီ။ အရင်ကတော့ အဆင်ပြေ ပါတယ်။ အခုနောက်ပိုင်း လုပ်ငန်းရှင်ကြီးတွေ ဝင်လာပြီး ရောင်းအား ကျဆင်းလာ ပါတယ်။ ၅ဝ ရာခိုင်နှုန်း လောက်ထိ ရောင်းအား ကျဆင်းပါတယ်။ ဒီနှစ်လဲ ရောင်း မကောင်းပါဘူး။ ယူနေကျ ဖောက်သည် လယ်သမားတွေ လောက်ပဲ ရောင်းရပါတယ်။ အခု မိုးစပါးရာသီမှာ နည်းနည်းပဲ ရောင်းရ သေးတယ်။ ကြာရင် ရပ်တည်ဖို့တောင် မလွယ်တော့ ဘူးထင်ပါတယ်''ဟု ၄င်းကဆက် လက်ပြော ပြသည်။
ဒေသခံ ဆိုင်ငယ်လေး များမှာ ရာသီသီးနှံ ပေါ်ချိန်တွင် ကြိုတင် ပေးဖြင့် ရောင်းချရကြောင်း၊ ကုမ္ပဏီကြီး များမှာ တစ်နှစ်ပတ်လုံး အရစ်ကျဖြင့် ရောင်းချပေးမှု များရှိကြောင်း၊ ထို့ကြောင့် အချို့ လယ်သမား များက တိုက်ရိုက်ဝယ် ယူမှုကြောင့် ဆိုင်ငယ်များမှာ ရောင်းအား ကျဆင်းလျက် ရှိကြောင်း သိရသည်။(၁၈ဝ)
ရတနာပုံနေ့စဉ် ၊ စာ(၂)
#Yadanarpondaily
No comments:
Post a Comment