Social Icons

Pages

Wednesday, March 8, 2017

မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်ဌာနချုပ် ၊ စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နှင့် Vietnam National Institute of Burn တို့အား သွားရောက်လေ့လာ


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဗီယက်နမ်လေကြောင်းရန်
 ကာကွယ်ရေးနှင့် လေတပ်ဦးစီးချုပ် Lt. Gen. Le Huy Yinh တို့ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်လေကြောင်းရန်
 ကာကွယ်ရေးနှင့် လေတပ်ဦးစီးချုပ် Lt. Gen. Le Huy Yinh နှင့် တွေ့ဆုံဆွေးနွေးစဉ်

နေပြည်တော် ၊ ၈-၃-၂၀၁၇

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့နံနက် ဒေသစံတော်ချိန် ၈ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ် လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်ဌာနချုပ်သို့ ရောက်ရှိကြရာ လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်ဦးစီးချုပ် Lt. Gen. Le Huy Vinh နှင့် အရာရှိကြီးများက ကြိုဆိုကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ဗီယက်နမ်လေတပ် ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ယင်းနောက် ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက် ကြသည့် တပ်မတော် အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေး၍ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်ပြီး လေတပ်ဌာနချုပ် ဧည့်ခန်းမတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဗီယက်နမ် လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်ဦးစီးချုပ် တို့ တွေ့ဆုံ ဆွေးနွေးကြသည်။

ဦးစွာ လေတပ်ဦးစီးချုပ် က ဗီယက်နမ် လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်တို့အား စတင် တည်ထောင်ခဲ့သည့် သမိုင်းကြောင်းနှင့် စစ်ပွဲကာလများ အတွင်း ရန်သူ့လေယာဉ် များအား တိုက်ခိုက်ချေမှုန်း ခဲ့မှုများ၊ လက်ရှိနိုင်ငံ၏ လေကြောင်း အန္တရာယ်ကို တွန်းလှန် ကာကွယ်ရန် လုပ်ဆောင်နေမှု နှင့် အာဆီယံဒေသတွင်း လေကြောင်းရန် ကာကွယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် နေမှုအခြေအနေ များ၊ ဗီယက်နမ်-မြန်မာ တပ်မတော်နှစ်ရပ် အကြား လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်ဆိုင်ရာ များတွင် ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများအား ဆွေးနွေး ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က စစ်ပွဲကာလ အတွင်း ဗီယက်နမ် လေကြောင်းရန် ကာကွယ်ရေးနှင့် လေတပ်၏ ထူးချွန်စွာ တာဝန်ထမ်းဆောင် နိုင်မှုများအတွက် ဂုဏ်ပြုကြောင်း၊ အင်အား ကြီးမားသည့် ရန်သူ့လေတပ် များကို တိုက်ခိုက်ချေမှုန်း နိုင်ခြင်းမှာ စွမ်းရည် ထက်မြက်မှုကို ပြသခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဗီယက်နမ်စစ်ပွဲ ကာလက အတွေ့အကြုံများ သည် နိုင်ငံတော်လုံခြုံရေး အတွက် များစွာတန်ဖိုး ရှိပါကြောင်း၊ ယင်းအတွေ့အကြုံ များကြောင့် လည်း ယနေ့တိုင် ဗီယက်နမ် နိုင်ငံသည် အရှေ့တောင်အာရှ နှင့်အာရှတွင် ထိပ်တန်းက ရပ်တည် နေခြင်းဖြစ်ကြောင်း၊ ခေတ်သစ်စစ်ပွဲ များတွင် လေကြောင်း အရေးသာမှုသည် စစ်ရေး အကဲသာမှုကို ရရှိစေနိုင်ကြောင်း၊ ယနေ့ နိုင်ငံငယ်များအနေဖြင့် ပြည်ပရန် မရှိသည့်တိုင် အင်အားပြ ခြိမ်းခြောက်မှုများ တွေ့ကြုံ နေရကြောင်း၊ အလစ်အငိုက်ပေး၍ မရကြောင်း၊ အမြဲအသင့် ဖြစ်နေရန် လိုကြောင်း၊ အဓိကမှာ လေ့ကျင့်ရေးပင် ဖြစ်ကြောင်း၊ မိမိတပ်မတော် (လေ)နှင့် လေကြောင်းရန် ကာကွယ်ရေးတပ်များ အနေဖြင့် အတွေ့အကြုံ ရရှိစေရန် အမြဲလေ့ကျင့် လုပ်ဆောင်နေကြောင်း၊ ဗီယက်နမ်တပ်မတော် ၏ အတွေ့အကြုံများကို လည်း ဖလှယ်လိုကြောင်း နှင့် မိမိတို့တပ်မတော် နှစ်ရပ်အကြား လေကြောင်းရန် ကာကွယ်ရေး နှင့် လေတပ်ဆိုင်ရာ များတွင် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Airdefence and Airforce Museum သို့ ရောက်ရှိကြရာ ပြတိုက်မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် ပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် ဗီယက်နမ် လေကြောင်းရန် ကာကွယ်ရေး နှင့် လေတပ်တို့၏ သမိုင်းမှတ်တမ်း ဓာတ်ပုံများ၊ ဗီယက်နမ်စစ်ပွဲ ကာလအတွင်း စွမ်းဆောင်နိုင်မှု မှတ်တမ်းများ၊ သမိုင်းဝင် လက်နက်၊ ခဲယမ်းများ၊ အသုံးအဆောင် ပစ္စည်းများအား လှည့်လည်ကြည့်ရှု ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ ဆက်လက်ပြီး ပြတိုက်ဝင်း အတွင်း ခင်းကျင်းပြသ ထားသည့် ဗီယက်နမ် တပ်မတော်သုံး လေယာဉ်၊ ရဟတ်ယာဉ်များ လေကြောင်းရန် ကာကွယ်ရေး လက်နက်များအား ကြည့်ရှုလေ့လာ ခဲ့သည်။

မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗီယက်နမ် စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သို့ ရောက်ရှိကြရာ ကျောင်းအုပ်ကြီး Lt.Gen.Nguyen Trang Chinh နှင့် တပ်မတော် အရာရှိကြီးများက ကြိုဆိုနှုတ်ဆက် ကြသည်။ ဦးစွာ ဆေးတက္ကသိုလ် ဧည့်ခန်းမတွင်တွေ့ဆုံ၍ ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးက ဂုဏ်ပြုကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဗီယက်နမ် စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သည် အရှေ့တောင်အာရှ တွင် ဝါအရင့်ဆုံး တပ်မတော် ဆေးတက္ကသိုလ် ဖြစ်ကြောင်း သိရှိထားပြီး မီးလောင်ဒဏ်ရာနှင့် အရေပြားထိခိုက် ပျက်စီးမှု ကုသရာတွင်လည်း နာမည်ကျော်ကြား ပါကြောင်း၊ မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့ သည်လည်း တပ်မတော်နှင့် အတူပေါက်ဖွားခဲ့ပြီး တပ်မတော်သား မိသားစုများ၏ ကျန်းမာရေး၊ ပြည်သူလူထု၏ ကျန်းမာရေး ကာကွယ် စောင့်ရှောက်မှု တာဝန်များ ထမ်းဆောင်လျက် ရှိကြောင်း၊ မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့အနေဖြင့် မိမိနိုင်ငံတွင် အဖြစ်များ သည့် ငှက်ဖျားရောဂါ ကုသမှု၊ ကျောက်ကပ် ဆိုင်ရာရောဂါ ကုသမှုများတွင် အတွေ့အကြုံ များပြီး ယခုနောက်ပိုင်း မျက်စိနှင့် နှလုံးရောဂါ ကုသမှု အတွေ့အကြုံများ အထိုက်အလျောက် ရှိလာပါကြောင်း၊ ဆေးပညာရပ်သည် အမြဲတိုးတက်  နေသောကြောင့် နိုင်ငံတကာနှင့် ဆေးပညာ နှီးနှောဖလှယ်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဗီယက်နမ်တပ်မတော် နှင့်လည်း ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အတွေ့အကြုံ ဖလှယ်ခြင်း၊ အရေပြားကုသမှု ဆိုင်ရာ ပညာတော်သင်များ စေလွှတ်ခြင်းတို့အား ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေး ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များအား
 ဗီယက်နမ်စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး Lt. Gen. Nguyen Trang Chinh က
 ကျောင်း၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းစဉ်


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဗီယက်နမ်စစ်ဘက်ဆိုင်ရာ
 ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး Lt. Gen. Nguyen Trang Chinh၊ တာဝန်ရှိသူတို့နှင့်အတူ
 ဆေးတက္ကသိုလ် အဆောက်အဦးရှေ့၌ စုပေါင်းဓာတ်ပုံရိုက်စဉ်

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဧည့်သည်တော် မှတ်တမ်းတွင် အမှတ်တရ လက်မှတ်ရေးထိုးသည်။ ဆက်လက်ပြီး တက်ရောက်လာသူ များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ ထို့နောက် ရှင်းလင်းဆောင်တွင် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဗီယက်နမ်စစ်ဘက် ဆိုင်ရာ ဆေးတက္ကသိုလ် ဖြစ်ပေါ်လာသည့် သမိုင်းကြောင်း၊ ကျောင်း၏ လုပ်ငန်းတာဝန် သုံးရပ်ဖြစ်သည့် ကုသရေး၊ သုတေသနပြုရေးနှင့် လေ့ကျင့်ရေး လုပ်ဆောင်နေမှု အခြေအနေများ၊ မီးလောင်ဒဏ်ရာနှင့် အရေပြားထိခိုက် ပျက်စီးမှု ကုသခြင်းဆိုင်ရာ များကို ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်း ၍ မြန်မာ့တပ်မတော်မှ ပညာတော်သင်များ စေလွှတ်ရေး အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တပ်မတော် အရာရှိကြီးများသည် ဆေးတက္ကသိုလ် ကျောင်းဝင်းအတွင်း ၌ အမှတ်တရ စကားဝါသစ်ပင် စိုက်ပျိုးကြသည်။ ယင်းနောက် ဆေးတက္ကသိုလ် အဆောက်အဦ ရှေ့၌ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင် များသည် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် အတူ Vietnam National Institute of Burn သို့ သွားရောက်လေ့လာ ကြသည်။ ဦးစွာ တာဝန်ရှိသူများက ကြိုဆို၍ 

ဆေးဝါး ဓာတ်ခွဲခန်းများ၊ တိုင်းရင်းဆေးပင် များကို တစ်သျှူးနည်းဖြင့် မျိုးပွားခန်းနှင့် သဘာဝသစ်ဥသစ်ဖု များမှ ထုတ်လုပ်ထားသည့် တိုင်းရင်းဆေးများကို ရှင်းလင်းပြသသည်။ ထို့နောက် အထူးကြပ်မတ် ကုသဆောင်တွင် မီးလောင်ဒဏ်ရာများ၊ အရေပြားထိခိုက် ပျက်စီးမှုလူနာ များအား ဆေးဝါးကုသမှု အခြေအနေ များကို ရှင်းလင်းပြသ၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များ၊ ဗီယက်နမ် စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ စုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သင်းစာ ၊ စာ(၃၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...