Social Icons

Pages

Wednesday, July 20, 2016

BRT Lite ယာဉ်လိုင်းတွင် ယာဉ်အစီးရေ တိုးလာလျှင် အမျိုးသမီးယာဉ်မောင်းများပါ ခန့်အပ်သွားမည်



ရန်ကုန် ၊ ၂၀-၇-၂၀၁၆

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသော BRT Lite ယာဉ်လိုင်းတွင် ခရီးသည် ပို့ဆောင်သည့် ယာဉ်အစီးရေ တိုးလာလျှင် အမျိုးသမီး ယာဉ်မောင်းများပါ ခန့်အပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YBPC) ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင် က ပြောသည်။

YBPC အနေဖြင့် ယာဉ်မောင်းသင်တန်း ဖွင့်လှစ်ရန် စီစဉ်နေပြီး အဆိုပါ သင်တန်း တက်ပြီးသူသည် BRT Lite ခရီးသည်တင် ယာဉ်မောင်း အဖြစ် လျှောက်ထား နိုင်ကြောင်း၊ လက်ရှိတွင် သင်တန်းပေးသည့် အနေဖြင့် အမျိုးသမီး ယာဉ်မောင်းတစ်ဦး ယာယီမောင်းနှင် ပေးလျက်ရှိကာ ယာဉ်အစီးရေ များလာပါက အမျိုးသမီး ယာဉ်မောင်းများ လျှောက်ထားမှု ရှိလျှင် ခန့်အပ်ရန် ရှိကြောင်း ၄င်းက ဆက်လက် ပြောသည်။

BRT Lite မော်တော်ယာဉ် သည် လက်ရှိတွင် လမ်းကြောင်း (၁) နှင့် (၂) ကို ယာဉ်အစီးရေ ၄၅ စီးဖြင့် ခရီးသည် ပို့ဆောင် ပေးလျက်ရှိပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် ယာဉ်အစီးရေ ၃ဝ ခန့် ထပ်မံရောက်ရှိ လာမည် ဖြစ်သောကြောင့် လမ်းကြောင်း (၃)အဖြစ် မှတ်တိုင် ၃၈ ခုရှိသည့် အင်းစိန်နှင့် မြောက်ဥက္ကလာပ ကို ပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် BRT Lite ယာဉ်လမ်းကြောင်း (၁) မှာ ယာဉ်အစီးရေ ၁၈ စီးဖြင့် အမှတ် (၁) လမ်းမကြီး၊ ပြည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ကမ္ဘာအေး ဘုရားလမ်းပိုင်း ရှိ မှတ်တိုင် ၂၃ ခုကို ပြေးဆွဲပေးလျက် ရှိပြီး လမ်းကြောင်း (၂) မှာ ယာဉ်အစီးရေ ၂၇ စီးဖြင့် အမှတ်(၁) လမ်းမကြီး၊ ပြည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ဗိုလ်တထောင် ဘုရားလမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ကမ်းနားလမ်း နှင့် ဘုန်းကြီးလမ်းပိုင်း ရှိ မှတ်တိုင် ၂၇ ခုကို ပြေးဆွဲလျက် ရှိသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...