Social Icons

Pages

Friday, January 27, 2017

ပလိပ်-ဘဲလင်း-စဥ့်ကိုင် ရထားလမ်းပိုင်း ALLTM စက်ကြီးဖြင့် အဆင့်မြှင့်တင်နေမှုကို ဖေဖော်ဝါရီလအတွင်း အပြီး လုပ်ဆောင်မည်



မန္တလေး ၊ ၂၇-၁-၂၀၁၇

ရန်ကုန်-မန္တလေး အစုန် ၊ အဆန်လမ်းပိုင်းရှိ ပလိပ်-ဘဲလင်း- စဥ့်ကိုင် ရထားလမ်းပိုင်း ALLTM စက်ကြီးဖြင့် အဆင့်မြှင့်တင် မှုကို ယမန်နေ့မှစ၍ ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီလ အတွင်း အပြီးလုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမြို့ပြ နှင့် အင်ဂျင်နီယာ ဌာန (မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ ရန်ကုန်-မန္တလေး အစုန်၊ အဆန် လမ်းပိုင်းကို ALLTM စက်များဖြင့် ရထားလမ်းပိုင်း အရည်အသွေး မြှင့်တင်နိုင်ရန် အတွက် ယခင်ဘဏ္ဍာနှစ် အတွင်း က မန္တလေးတိုင်း ဒေသကြီးအတွင်း ၌ ကြိုတင် ပြင်ဆင်မှုများ အနေဖြင့် ဇလီဖားတုံး အကွာအဝေး မှန်ကန်စေရန်၊ သံလမ်းအဆက် Joint Square ဖြစ်စေရန်၊ သံလမ်းနှင့် ဆက်စပ်ပစ္စည်းများ ပြည့်စုံရန်၊ Rail-Gap အဆက် မှန်ကန်ရန်၊ ရထားသံလမ်း များတွင် ထည့်သွင်း ထားသည့် ကွန်ကရစ် ဇလီဖားတုံး နှင့် သစ်သား ဇလီဖားတုံး မှန်ကန်စေရန် စသည့်အချက် များကို ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားခဲ့ရာ ယနေ့မှစ၍ ပလိပ် - ဘဲလင်း- စဥ့်ကိုင်လမ်းပိုင်း ၁ဝမိုင်ကို ALLTM စက်ဖြင့် အကြီးစား အဆင့်မြှင့်တင် မှုကို ဖေဖော်ဝါရီလ အတွင်း အပြီးလုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

''အခု အဆင့်မြှင့်တင် နေတဲ့စက်တွေက ကွန်ပျူတာ စနစ်နဲ့ အော်တိုလုပ်ဆောင် ပေးတဲ့စက်ပါ။ စက်ရဲ့ အသုံးဝင်ပုံ ကတော့ လမ်းကို အဖြောင့်ဆွဲတဲ့ နေရာရယ်၊ ရေချိန် မှန်အောင်နဲ့ ဇလီဖားတုံးကို ပတ်ကင်ရိုက်တဲ့ နေရာတွေမှာ အလွန် ကောင်းတယ်။ ပြီးတော့ ရထားလမ်းပိုင်း တွေမှာ အနိမ့်အမြင့် မညီလို့ ခုန်နေတာတွေ ကိုလဲ တစ်ပြေးညီတည်း ဖြစ်အောင် ချိန်ပေးနိုင်တဲ့ စက်ပါ''ဟု ၄င်းက ပြောပြသည်။

၂ဝ၁၆ခုနှစ် ဇူလိုင်လ အတွင်းမှစ၍ တိုင်း-၅ ဧရိယာဖြစ်သည့် နေပြည်တော် ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း နှင့် သာစည်လမ်းပိုင်း တို့ရှိ လမ်းများကို ၄င်းစက်များဖြင့် အဆင့်မြှင့်တင်ခဲ့ ရာမှ မန္တလေးလမ်းပိုင်း ဖြစ်သည့် ရွာပုလဲဘူတာမှ ကျောက်ဆည် ဘူတာထိကို ဒီဇင်ဘာလ ပထမပတ်က စတင်လုပ်ဆောင် ခဲ့ပြီး ယခုလက်ရှိ ပလိပ်-ဘဲလင်း- စဥ့်ကိုင် လမ်းပိုင်းကို ယနေ့မှစ၍ အကြီးစား အဆင့်မြှင့်တင် မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

''အခု အဆင့်မြှင့်တင် မှုတွေ ဆောင်ရွက်ပြီး သွားရင် ရန်ကုန်- မန္တလေး အစုန်၊ အဆန် လမ်းပိုင်းကို အရင်က နှစ်နာရီ လောက်ကြာတယ် ဆိုရင် တစ်နာရီ လောက်နဲ့ အရောက်ပို့ဆောင် ပေးနိုင်တော့ မှာပါ။ မြို့တွင်းလမ်းပိုင်း တွေကိုလဲ အဆင့်မြှင့်တင် မှုတွေ လုပ်ဆောင် နေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...