Social Icons

Pages

Thursday, March 22, 2018

ရခိုင်ရေကြောင်း ပို့ဆောင်ရေးအတွက် ဂျပန်ယန်း သန်းတစ်ထောင်တန်ဖိုးရှိ သင်္ဘောတစ်စင်း ၂ဝ၁၉ ခုနှစ် ဧပြီလတွင် ရောက်ရှိမည်



စစ်တွေ ၂၂-၃-၂ဝ၁၈

ရခိုင်ပြည်နယ် ရေကြောင်း ပို့ဆောင်ရေးအတွက် ဂျပန်နိုင်ငံမှလှူဒါန်းသော ဂျပန်ယန်းငွေ သန်းတစ်ထောင်တန်ဖိုးရှိ သင်္ဘောတစ်စင်း ၂ဝ၁၉ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရေကြောင်းမှူးချုပ် ဦးအောင်သန်းမြိုင်ထံမှ သိရသည်။

ဂျပန်နိုင်ငံမှ လှူဒါန်းမည့် သင်္ဘောကို ဂျပန်နိုင်ငံ၌ တည်ဆောက် နေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ရေလမ်းခရီးပို့ဆောင်ရေး အတွက်အသုံးပြုမည့် သုံးစင်းမြောက် သင်္ဘောလည်း ဖြစ်သည်။ အဆိုပါရေယာဉ်သည် ကမ်းရိုးတန်းသွား သီးသန့် ရေယာဉ်ဖြစ်ပြီး ဇန်နဝါရီလတွင် စတင်တည်ဆောက် နေခြင်းဖြစ်သည်။ ၂ဝ၁၆ ခုနှစ်တွင် ပထမဆုံးသင်္ဘော တစ်စင်းရောက်ရှိ ပြီးနောက် မကြာမီ သင်္ဘောတစ်စင်း ထပ်မံရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းသင်္ဘောများဖြင့် ရခိုင်ပြည်နယ် ခရီးစဉ်များဖြစ်သည့် စစ်တွေ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့တို့သို့ ပြေးဆွဲပေးလျက်ရှိပြီး ထပ်မံရောက်ရှိသော သင်္ဘောဖြင့် မာန်အောင်မြို့အထိ ခရီးစဉ်တိုးချဲ့ပေးနိုင်ရန် စီစဉ်ထားသည်။ ဂျပန်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်၏ ရာသီဥတုနှင့်ကိုက်ညီမည့် သင်္ဘောများအား တည်ဆောက်လှူဒါန်းပေး နေခြင်းဖြစ်ပြီး ယင်းသုံးစင်းသည် အရွယ်အစားတူညီမှုမရှိကြောင်း သိရသည်။

ပထမတစ်စင်းဖြစ်သည့် ကစ္ဆပနဒီ(၁) သည် ခရီးသည်ပေါင်း ၁၃ဝ အထိဝင်ဆံ့ပြီး ဒုတိယတစ်စင်းဖြစ်သည့် ကစ္ဆပနဒီ(၂)သည် ခရီးသည် ၆ဝ ဝင်ဆံ့ကာ ထပ်မံရောက်ရှိလာမည့် ကစ္ဆပနဒီ (၃)သည် ခရီးသည် ၁၅ဝအထိဝင်ဆံ့မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရေလမ်းခရီး ပို့ဆောင်ရေးတွင် ဒေသခံပြည်သူများအတွက် သင်္ဘောအစင်းရေနှင့် ဆိပ်ခံတံတားများ လိုအပ်လျက်ရှိပြီး ရခိုင်ပြည်နယ်သည် ရေလမ်းကြောင်း အသုံးပြုသွားလာမှု များပြားသော ပြည်နယ် တစ်ခုဖြစ် သည့်အတွက် ရေလမ်းခရီးနှင့် ပတ်သက်သော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လုပ်ဆောင်နေသည်။

လက်ရှိတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအနေဖြင့် စက်ရှိရေယာဉ် အစင်းရေ၁ဝဝ ၊ စက်မဲ့ရေယာဉ်အစင်းရေ ၁ဝဝ ကျော်နှင့် တခြားသောရေယာဉ်များ အပါအဝင် ရေယာဉ်ပေါင်း ၃ဝဝ ကျော်ဖြင့် တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...