Social Icons

Pages

Showing posts with label ပြိုင်ပွဲများ. Show all posts
Showing posts with label ပြိုင်ပွဲများ. Show all posts

Wednesday, October 3, 2018

မြန်မာနိုင်ငံမှ ကယန်းတိုင်းရင်းသူ အန်တိုနီယာဝင်ရောက်ယှဉ်ပြိုင်မည့် MMA ပြိုင်ပွဲ မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်


ဗန်ကောက် အောက်တိုဘာ ၂
-
မြန်မာနိုင်ငံမှ ကယန်းတိုင်းရင်းသူ အန်တိုနီယာ ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်မည့် Kingdom of Heroes အမည်ရှိ MMA ပြိုင်ပွဲ မိတ်ဆက်ပွဲအခမ်းအနားကို အောက်တိုဘာ ၁ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Central World Plaza ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
-
အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၆ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Impact Arena ၌ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် ထိုင်းနိုင်ငံသား ဆရီဆာခနှင့် မက္ကဆီကိုနိုင်ငံသားအီရန်ဒီယက်ဇ်တို့ပွဲစဉ်၊ One 
Championship ၏ အက်တန်ဝိတ် တန်းအမျိုးသမီး ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ထိုင်ဝမ်မှ ဟိုင်ထင်ချွန်းနှင့် ထိုင်းနိုင်ငံမှ စတမ်ဖဲတက်တို့ပွဲစဉ် အပါအဝင် တွဲဆိုင်း ၁၂ဆိုင်းယှဉ်ပြိုင်ထိုး 
သတ်မည်ဖြစ်သည်။
-
အသက် ၂၃ နှစ်ရှိ ကယန်းတိုင်းရင်းသူ အန်တိုနီယာသည် MMA ပြိုင်ပွဲတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့၌ကျင်းပခဲ့သည့် Quest For Gold ပြိုင်ပွဲတွင် တစ်နိုင်ငံတည်းသူ ရွှေစင်ကို 
ပထမအချီ ၂၄စက္ကန့်ဖြင့် အလဲထိုးကာ အနိုင်ရရှိထားသူဖြစ်ပြီး ယခုအခါ ပထမဆုံးပြည်ပပြိုင်ပွဲအဖြစ် ထိုင်းနိုင်ငံသူ ရီကာအီရှီဂေတို့နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
-
အန်တိုနီယာနှင့် ယှဉ်ပြိုင်ထိုး သတ်မည့် ရီကာအီရှီဂေသည် MMA ကစားသမားဘဝသက်တမ်း တစ်လျှောက် နောက်ဆုံးယှဉ်ပြိုင် ထိုးသတ်ထားသည့် ငါးပွဲတွင် သုံးပွဲ အနိုင်ရရှိပြီး နှစ်ပွဲရှုံးနိမ့်ထားသူ ဖြစ်ကြောင်း သိရသည်။
-
#ရတနာပုံနေ့စဉ်သတင်းစာ

Tuesday, March 21, 2017

မြန်မာ့လက်ဖက်ပြပွဲ ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်



မန္တလေး ၊ ၂၁-၃-၂၀၁၇

မြန်မာ့လက်ဖက် ပြပွဲ၊ ပြိုင်ပွဲများကို မေလတတိယပတ် ထဲတွင် မန္တလေးမြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများနှင့် မြန်မာ့လက်ဖက် အစုအဖွဲ့ (ရန်ကုန်) သတင်းများအရ သိရသည်။

ယခု မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် လက်ဖက်ပြပွဲနှင့် ပြိုင်ပွဲမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး အဆိုပါပြပွဲနှင့် ပြိုင်ပွဲများကို မန္တလေးမြို့တွင် ယခုနှစ် မေလ ၂ဝ ရက်မှ ၂၂ ရက်ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ လက်ဖက်ပြပွဲ နှင့်ပြိုင်ပွဲများကို မြန်မာ့လက်ဖက်သုပ် နည်းစနစ် အသစ်များ ထွက်ပေါ်လာ စေရန်နှင့် လက်ဖက်ဈေးကွက် တိုးတက်ကျယ်ပြန့် လာစေရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ ကျင်းပပြုလုပ်မည့် လက်ဖက်ပြပွဲ၊ ပြိုင်ပွဲများမှ မြန်မာ့ လက်ဖက်သုပ်နည်း အသစ်များ၊ ချက်ပြုတ်နည်း အသစ်များ ထွက်ပေါ်လာပါက မြန်မာ့လက်ဖက်ကို လက်ရှိပဲကြော်နှင့် သုပ်စားနေသည့် နည်းအပြင် အခြားသော နည်းမျိုးစုံ များ ထပ်မံထွက်ပေါ် လာမည်ဖြစ်သည်။ ထို့ပြင် လက်ဖက်ပြပွဲနှင့် ပြိုင်ပွဲများတွင် မြန်မာ့ လက်ဖက်သုပ် နည်းစနစ်သစ်များ ဖန်တီးနိုင်မည့် ပြိုင်ပွဲများ၊ မြန်မာ့ လက်ဖက်ရည်ဝိုင်း စသည့်ပြိုင်ပွဲ အမျိုးအစား ၁ဝ မျိုးခန့်ကို ထည့်သွင်းကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ဖက် ပြပွဲ၊ ပြိုင်ပွဲတွင် လက်ဖက် လုပ်ငန်းရှင်ဦးရေ ၃ဝ ကျော် လာရောက်ပြသရန် မျှော်မှန်းထားပြီး ပြခန်း ၃ဝ ကျော် ပြသရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ စာ (၂၁)

Thursday, February 16, 2017

(၂၄)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် 
ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး (က)အဆင့်တွင် အသင်းလိုက် အကောင်းဆုံးဆုရရှိသည့် 
ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်းအား ဆုချီးမြှင့်စဉ်

နေပြည်တော် ၊ ၁၆-၂-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ (၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် အရာရှိ၊ စစ်သည်များ တက်ရောက် ကြသည်။

ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးက ၂ဝ၁၇ ခုနှစ်၊ (၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော်( ကြည်း၊ ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ဂ)အဆင့် စစ်တီးဝိုင်း ခေါင်းဆောင် ကျွမ်းကျင်မှုတွင် တတိယဆုရရှိသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၁) စစ်အခြေခံ လေ့ကျင့်ရေးတပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း နှင့်ပထမဆု ရရှိသည့် အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ခေါင်းဆောင်တို့ ကိုလည်းကောင်း၊ (ခ)အဆင့် စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှုတွင် တတိယဆု ရရှိသည့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ ဒုတိယဆု ရရှိသည့် အမှတ် (၉၉)ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် ပထမဆု ရရှိသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၃) တပ်ခွဲ စစ်တီးဝိုင်းအသင်း ခေါင်းဆောင်တို့ကို လည်းကောင်း၊ (က)အဆင့် စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှုတွင် အထူးဆု(၂) ရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အထူးဆု(၁) ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်း အသင်းနှင့် အကောင်းဆုံးဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ခေါင်းဆောင်တို့ကို လည်းကောင်း ဆုများ အသီးသီး ပေးအပ်သည်။

ဆက်လက်၍ အသင်းလိုက်ဆု များကို ပေးအပ်ချီးမြှင့်ရာ (ဂ)အဆင့်တွင် အသင်းလိုက် အထူးဆု(၂) ရရှိသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂) တပ်ခွဲ စစ်တီးဝိုင်း အသင်း၊ အထူးဆု(၁) ရရှိသည့် အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ တတိယဆု ရရှိသည့် အမှတ်(၁)စစ်အခြေ ခံလေ့ကျင့်ရေးတပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ ဒုတိယဆု ရရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု စစ်တီးဝိုင်း အသင်းနှင့် ပထမဆု ရရှိသည့် တပ်မတော် ဆေးတက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း တို့ကိုလည်း ကောင်း၊ (ခ)အဆင့်တွင် အသင်းလိုက် အထူးဆု(၂) ရရှိသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အထူးဆု (၁)ရရှိသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ တတိယဆုရရှိသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ ဒုတိယဆု ရရှိသည့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်းနှင့် ပထမဆုရရှိသည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း တို့ကိုလည်းကောင်း၊ (က)အဆင့်တွင် အသင်းလိုက် အထူးဆု(၂) ရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အထူးဆု(၁) ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်း နှင့် အကောင်းဆုံးဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်း အသင်းတို့ကို လည်းကောင်း ဆုများအသီးသီး ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါတပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊ (၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ကို ဖေဖော်ဝါရီ ၂ ရက်မှစတင်၍ ယမန်နေ့ထိ ကျင်းပပြုလုပ် ခဲ့ရာ ပြိုင်ပွဲဝင်စစ်တီးဝိုင်း အသင်းပေါင်း ၅၈ သင်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Tuesday, February 14, 2017

ဆဋ္ဌမအကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာ သစ်သားပန်းပုပြိုင်ပွဲ နှင့် ဆုပေးပွဲကျင်းပမည်



ရန်ကုန် ၊ ၁၄-၂-၂၀၁၇

မြန်မာနိုင်ငံ၌ အကြီးကျယ်ဆုံးသော မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာ သစ်သားပန်းပုပြိုင်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဆရာစံပလာဇာ ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ ဖြစ်မြောက်ရေး အတွက် ဗဟိုသမဝါယမ အသင်း လီမိတက်နှင့် ကောင်းမြန်မာအောင် ဖောင်ဒေးရှင်း (KMA Foundation) တို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ယခုကျင်းပမည့် အခမ်းအနားသည် ဆဋ္ဌမအကြိမ်မြောက် ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပန်းပုထုလုပ်ခြင်း အတတ်ပညာကို ထိန်းသိမ်း စောင့်ရှောက်ရန်၊ မျိုးဆက်သစ် သစ်သားပန်းပု ပညာရှင် လူငယ်များ ပေါ်ထွန်းလာ စေရန်နှင့် မြန်မာ့သစ်သား ပန်းပုလက်ရာများ ပိုမို တိုးတက်ကောင်းမွန် လာစေရန် ရည်ရွယ်၍ ယင်းပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲတွင် စိတ်ကြိုက်နှင့် မော်ဒန်ဟူ၍ ပြိုင်ပွဲ အမျိုးအစားနှစ်ခု ခွဲခြားထားကြောင်း သိရသည်။

ယခုနှစ် ပြိုင်ပွဲတွင် ဒါးပိန်၊ ပဲခူး၊ ရန်ကုန် နှင့် တခြားဒေသများမှ ပန်းပုပညာရှင်များ ထုလုပ်ထားသော ပန်းပုရုပ်တုပေါင်း ၁၇ဝ ကျော် ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲခေါင်းစဉ် တစ်ခုလျှင် ပထမ၊ ဒုတိယနှင့် တတိယဆု သုံးဆုစီ ချီးမြှင့်မည်ဖြစ်ပြီး ပထမဆု ငွေကျပ်သိန်း ၅ဝ၊ ဒုတိယဆု ငွေကျပ်သိန်း ၃ဝ၊ တတိယဆု ငွေကျပ်သိန်း ၂ဝ စသည်ဖြင့် အသီးသီး ချီးမြှင့်မည့်အပြင် အထူးဆုများလည်း ရွေးချယ်ချီးမြှင့် သွားရန် စီစဉ် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Wednesday, February 8, 2017

တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ


တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် တာဝန်ရှိသူတို့က တပ်မတော်( ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်း ပြိုင်ပွဲများကို ကြည့်ရှု အားပေးစဉ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ယှဉ်ပြိုင်စဉ်

နေပြည်တော် ၊ ၈-၂-၂၀၁၇

(၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော်( ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်း ပြိုင်ပွဲ(ခ) အဆင့်ပြိုင်ပွဲများ ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ အမှတ်(၆၆) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အမှတ်(၂၂) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အမှတ်(၁၁) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အမှတ်(၁) တပ်ခွဲစစ်တီးဝိုင်း အသင်းတို့ ယှဉ်ပြိုင်ခဲ့ ကြသည်။

အဆိုပါ စစ်တီးဝိုင်းပြိုင်ပွဲသို့ တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထွန်းထွန်းညီ၊ စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြည့်ရှု အားပေးခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Tuesday, February 7, 2017

တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ


အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အမှတ်(၁) တပ်ခွဲ စစ်တီးဝိုင်းအသင်း
 ယှဉ်ပြိုင်စဉ်

အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ယှဉ်ပြိုင်စဉ်

နေပြည်တော် ၊ ၇-၂-၂၀၁၇

(၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင် ပွဲ (ခ)အဆင့်ပြိုင်ပွဲ များကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ အမှတ်(၁၀၁) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအမှတ် (၁)တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အမှတ်(၃) စစ်အခြေခံ လေ့ကျင့်ရေး တပ်ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Monday, February 6, 2017

တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ


ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ယှဉ်ပြိုင်စဉ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ယှဉ်ပြိုင်စဉ်

နေပြည်တော် ၊ ၆-၂-၂၀၁၇

(၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ) အဆင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အမှတ်(၄) စစ်အခြေခံ လေ့ကျင့်ရေး တပ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အမှတ်(၃၃) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်းတို့ ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

#Themyawadydaily



Thursday, January 26, 2017

မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲ ကျင်းပ



ရန်ကုန် ၊ ၂၆-၁-၂၀၁၇

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူး ကျင်းပသော မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်းပြိုင်ပွဲ နှင့် စတုဒိသာ ကျွေးမွေးခြင်းကို ယမန်နေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်း၌ ကျင်းပသည်။

ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၆ သင်းတို့က ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ ပြိုင်ပွဲ ပထမနေ့တွင် အုပ်စု(က) အသင်းက အလှကိုယ်စီ အသင်း၊ ဧရာဝတီသား အသင်း၊ မင်္ဂလာဒုံတပ်နယ် အသင်း၊ စားတော်ကဲအသင်း၊ ကလျာဏအသင်း၊ ကရုဏာရှင် အသင်း၊ တန်ဖိုးသင့်နေ့လယ်စာ အသင်းနှင့် ရှင်မတောင်သား အသင်းတို့ ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲတွင် ဝက်သား အသားနီချက်၊ ဟင်းသီးဟင်းရွက် ကြော်၊ ငါးပိတို့စရာနှင့် အရည်သောက် များကို မြန်မာ့ရိုးရာ ချက်ပြုတ်နည်း အတိုင်း ပြိုင်ပွဲဝင်များက ဝင်ရောက်ယှဉ်ပြိုင် ကြကြောင်း၊ အကောင်းဆုံး လက်ရာဖြင့် ချက်ပြုတ် ထားသော ထမင်းဟင်းလျာ များကို စတုဒိသာ အဖြစ် ညနေပိုင်းတွင် ပြိုင်ပွဲသို့ လာရောက် လေ့လာသော ပြည်သူများနှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အပါအဝင် လူအယောက် ၂ဝဝဝ ကျော်အား ကျွေးမွေးလှူဒါန်း ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၂၆ ရက်တွင်လည်း အုပ်စု(ခ)က ပြိုင်ပွဲဝင် အသင်းရှစ်သင်း ၏ ရိုးရာဟင်းလျာ ချက်ပြုတ်ပြိုင်ပွဲ ကို ကျင်းပသွားမည် ဖြစ်ပြီး စတုဒိသာများ အလှူဒါနပြု သွားမည် ဖြစ်သည်။

ပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပ သွားမည်ဖြစ်ပြီး ဆုပေးပွဲတွင် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် နောက်ဆုံးဖိုင်နယ် ပထမ၊ ဒုတိယ၊ တတိယအဆင့်များ သတ်မှတ်ကာ ဆုများပေးအပ် သွားမည်ဖြစ်သည်။

အဆိုပါပွဲတွင် ဈေးပွဲတော်၊ ရိုးရာခေါင်းအုံးရိုက် ပြိုင်ပွဲ၊ မြန်မာ့ရိုးရာ ဒိုးပတ်ပြိုင်ပွဲ၊ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ စက္ကောမ (မှော်အနုပညာ) ပြပွဲ၊ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ များအား ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Friday, December 9, 2016

2016 Asia - Yangon Regional Programming Contest ပြိုင်ပွဲကျင်းပ




ရန်ကုန် ၊ ၉-၁၂-၂၀၁၆

ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အမေရိကန် နိုင်ငံ Baylor University အခြေစိုက် ACM-ICPC အဖွဲ့ကြီး၏ နည်းပညာပံ့ပိုး ကူညီမှုဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ ပါဝင်သော ပထမဆုံး နိုင်ငံတကာ အဆင့်မီ 2016 Asia - Yangon Regional Programming Contest ပြိုင်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများက မြန်မာအကဖြင့် ဖျော်ဖြေတင်ဆက် ကြပြီး မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံ အသီးသီးရှိ ပြိုင်ပွဲဝင် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းနှင့် အဖွဲ့လိုက် မိတ်ဆက်ကာ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြသည်။

ဆက်လက်၍ ပြိုင်ပွဲများ ကျင်းပရာ နိုင်ငံတကာ အဆင့်ပြိုင်ပွဲကြီး တွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ ကွန်ပျူတာ တက္ကသိုလ် ၂၄ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၉၅ ဦးပါဝင်သော ပြိုင်ပွဲဝင် အသင်းပေါင်း ၆၅ သင်းမှ ရွေးချယ် ထားသော အသင်း ၃၈ သင်းနှင့် Asia Pacific and Indochina Peninsula Regional ရှိ စင်ကာပူ၊ တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း စသော နိုင်ငံခြား တက္ကသိုလ် ၁၄ ခုမှ အသင်း ၂၂ သင်းတို့ ယှဉ်ပြိုင်ကြသည်။

''ဒီပြိုင်ပွဲတွေ ကနေ နိုင်ငံကိုယ်စားပြု Programming ထူးချွန်တဲ့ ICT ကျောင်းသားအသင်းတွေ ပေါ်ထွက် လာစေမယ်။ Programming Problem တွေကို အသင်း အဖွဲ့လိုက် ဖြေရှင်းနိုင်တဲ့ Team Work အလေ့အကျင့် ကောင်းတွေ ရရှိလာပြီး ICT မျိုးဆက်ဖွံ့ဖြိုးရေး ကို အထောက်အကူပြု စေမှာဖြစ်ပါတယ်'' ဟု ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ ခိုင်မိုးနွယ် က ပြောသည်။

ယင်း Regional ပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ကျင်းပကာ ပြိုင်ပွဲမှတစ်ဆင့် Level သတ်မှတ်ကာ ရွေးချယ်သွားမည် ဖြစ်ရာ ရွေးချယ်ခံရမည့် အသင်းများသည် အမေရိကန် နိုင်ငံ Rapid City ၊ South Dakota ၌ ၂ဝ၁၇ ခုနှစ် မေ ၂ဝ ရက်မှ ၂၅ ရက်အထိကျင်းပမည့် The 2017 ACM- ICPC World Final ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

(၂၆)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ပြန်လည်ရောက်ရှိ


ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး နှင့်တာဝန်ရှိသူများ
 မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းအား ကြိုဆိုနှုတ်ဆက်စဉ်

ပစ္စတိုအမျိုးသမီး အသင်းလိုက် ထိလဲပစ်ခတ်စဉ်တွင် ပထမဆုရွှေတံဆိပ် ရရှိခဲ့သည့်
 မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းကို တွေ့ရစဉ်

နေပြည်တော် ၊ ၉-၁၂-၂၀၁၆

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပ ပြုလုပ်သော (၂၆)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ (26th ASEAN Armies Rifle Meet-26th AARM) သို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် ဒုတိယ ဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်သော မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းသည် ယမန်နေ့ည ၆ နာရီ ၄ဝ မိနစ်တွင် တပ်မတော် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ လာရာ ကာကွယ်ရေးဦး စီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မိုးမြင့်ထွန်း နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

(၂၆) ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၇ ရက်ထိ ကျင်းပပြုလုပ် ခဲ့ပြီး မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း မှ ပြိုင်ပွဲဝင်အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၃၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ ပစ္စတိုအမျိုးသမီး အသင်းလိုက် ထိလဲ ပစ်ခတ်စဉ်တွင် ပထမဆု ရွှေတံဆိပ်၊ ရိုင်ဖယ် အမျိုးသားအသင်း ထိလဲ ပစ်ခတ်စဉ်တွင် ဒုတိယဆု ငွေတံဆိပ်နှင့် ကာဘိုင် အမျိုးသားအသင်း ထိလဲ ပစ်ခတ်စဉ် တွင် တတိယဆု ကြေးတံဆိပ် များကို အသီးသီး ရရှိခဲ့သည်။

မြန်မာ့တပ်မတော် သေနတ်ပစ် အသင်း ပစ္စတို အမျိုးသမီးအသင်း အနေဖြင့် ဒီဇင်ဘာ ၂ ရက်တွင် ယှဉ်ပြိုင်ခဲ့သော ပစ္စတိုအမျိုးသမီး ထိလဲ ပစ်ခတ်စဉ် ပြိုင်ပွဲ၌ နိုင်ငံ ၁ဝ နိုင်ငံမှ ပြိုင်ပွဲဝင် အသင်း ၁ဝ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အနက် ပထမအဆင့် ဆန်ခါတင် ခြောက်သင်း ရွေးချယ်ရာတွင် လည်းကောင်း၊ ဒုတိယအဆင့် ဆန်ခါတင် လေးသင်း ရွေးချယ်ရာတွင် လည်းကောင်း၊ အကြိုဗိုလ်လုပွဲ သုံးသင်း ရွေးချယ်ရာတွင် လည်းကောင်း ပါဝင်နိုင်ခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်၍ ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ရရှိသည် အထိ နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင် ထမ်းဆောင်နိုင် ခဲ့ကြောင်းနှင့် (၂၆) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း အနေဖြင့် နိုင်ငံအလိုက် အဆင့်လေး နေရာတွင် ရရှိခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Sunday, November 20, 2016

အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ထွက်ခွာ


ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး နှင့် 
တာဝန်ရှိသူများ အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ 
သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ကို ပို့ဆောင်နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၀-၁၁-၂၀၁၆

ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်မည့် (၂၆)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းသည် ယမန်နေ့နံနက် ၈ နာရီတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး နှင့် တာဝန်ရှိသူ များက ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းသည် ဖိလစ်ပိုင်နိုင်ငံ၌ နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၅ ရက်ထိ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Thursday, September 15, 2016

(၁၅)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို ၊ အက ၊ အတီး ၊ အငြိမ့် ၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ


ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တံခွန်စိုက်ဒိုင်းဆု ရရှိသည့် အမှတ်(၂)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ အား ဆုပေးအပ် ချီးမြှင့်စဉ်

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များ တိုင်းရင်းသားယိမ်းအက ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အဖွဲ့က အလှဝေဆာ ရွှေမြန်မာယိမ်းဖြင့် ဖျော်ဖြေတင်ဆက်မှု ကို ကြည့်ရှု အားပေးစဉ်

နေပြည်တော် ၊ ၁၅-၉-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏(၁၅)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း (ရွာတော်)ရှိ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပပြုလုပ် သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှ ဗဟိုအဆင့် အကဲဖြတ် ပညာရှင်များ၊ အကြံပေး ပညာရှင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော် များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက် ကြသည်။

ဦးစွာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း မှ ပြိုင်ပွဲပြုလုပ် ကျင်းပမှုဆိုင်ရာ များကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ရာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ယိမ်းအက ပြိုင်ပွဲနှင့် တိုင်းရင်းသား ယိမ်းအက ပြိုင်ပွဲများတွင် ပထမဆု ရရှိသည့်အဖွဲ့ များအား ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး က လည်းကောင်း၊ အငြိမ့်(အဖွဲ့လိုက်) ပြိုင်ပွဲနှင့် ပြဇာတ် (အဖွဲ့လိုက်) ပြိုင်ပွဲများတွင် ပထမဆု ရရှိသည့်အဖွဲ့ များအား စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး က လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့် သည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ (၁၅)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ် နှင့်မျက်လှည့်ပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆု ရရှိသည့် အမှတ်(၂)နယ်လှည့် ပြည်သူ့ ဆက်ဆံရေး တပ်ခွဲအား ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တံခွန်စိုက်ဒိုင်းဆု အား ပေးအပ် ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲ အပြီး၌ ပြိုင်ပွဲတွင် အမျိုးသမီး တစ်ဦးချင်း ခေတ်ဟောင်း တေးအဆို ပြိုင်ပွဲတွင် ပထမဆုရရှိသူမှ ပြည်လည် ထူထောင်ရေး သီချင်းဖြင့် ဖျော်ဖြေမှု၊ အကပြိုင်ပွဲတွင် ပထမဆု ရရှိသည့်အဖွဲ့မှ နှစ်ပါးသွား အကဖြင့် ဖျော်ဖြေမှု၊ အတီးပြိုင်ပွဲတွင် အထူးဆု ရရှိသည့် အဖွဲ့မှ မြန်မာ့ဆိုင်းဝိုင်း (အဖွဲ့လိုက်) ဖျော်ဖြေမှု၊ မျက်လှည့်ပြိုင်ပွဲ (အဖွဲ့လိုက်)တွင် ပထမဆု ရရှိသည့် အဖွဲ့၏ ဖျော်ဖြေမှု၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ယိမ်းအက ပြိုင်ပွဲတွင် ပထမဆု  ရရှိသည့် အဖွဲ့မှ ကကြိုးစုံညီပျိုမဒီ ယိမ်းဖြင့် ဖျော်ဖြေမှုနှင့် တိုင်းရင်းသားယိမ်း အကပြိုင်ပွဲတွင် ပထမဆု ရရှိသည့်အဖွဲ့မှ အလှဝေဆာ ရွှေမြန်မာ ယိမ်းဖြင့် ဖျော်ဖြေတင်ဆက်မှု တို့အား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် တက်ရောက် လာကြသူ များက ကြည့်ရှုအားပေး ကြသည်။

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များ သည် တက်ရောက် လာကြသည့် အကဲဖြတ် ပညာရှင်များနှင့် အကြံပေး ပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Tuesday, August 9, 2016

အာရှသင်္ချာပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၉-၈-၂၀၁၆

ဟောင်ကောင်၌ သြဂုတ် ၂ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် အာရှသင်္ချာ ထူးချွန်လူငယ်များ တွေ့ဆုံပွဲ၊ ယဉ်ကျေးမှု ဖလှယ်ပွဲ နှင့် သင်္ချာပြိုင်ပွဲ ၂ဝ၁၆ (Asia International Mathematical Olympiad 2016) သို့ သွားရောက်ယှဉ်ပြိုင် ခဲ့ကြသည့် T & H Maths Centre မှ သင်္ချာထူးချွန် မြန်မာ ကျောင်းသား၊ ကျောင်းသူ များသည် ယမန်နေ့ ညနေပိုင်းက လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ ကြသည်။

အဆိုပါ AIMO ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း သည် စတုတ္ထအကြိမ် မြောက်ဖြစ်ပြီး တရုတ်(တိုင်ပေ) ၌ ပထမ အကြိမ်၊ တရုတ်နိုင်ငံ၌ ဒုတိယအကြိမ်၊ ထိုင်း နိုင်ငံ၌ တတိယအကြိမ် နှင့် ယခု ဟောင်ကောင် ၌ စတုတ္ထအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ 

ယခု ကျင်းပသည့် AIMO 2016 တွင် အရည်အချင်း ပြည့်ဝသည့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ ထွက်ပေါ်လာပြီး ဆုတံဆိပ်များ ပိုမိုရရှိ စေရန် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လတွင် ကျင်းပသည့် American
Mathematics Olympiad (AMO) ၊ ၂ဝ၁၆ ခုနှစ် မတ်လတွင် ကျင်းပသည့် Kangaroo Math Competition နှင့် ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ကျင်းပသည့် Singapore and Asia Schools Math Olympiad (SASMO) ပြိုင်ပွဲများ၌ ရွှေ၊ ငွေ၊ ကြေးရရှိသူ များအား ဆရာ၊ ဆရာမများက ကြိုတင် ပြင်ဆင်မှု အဖြစ် အနီးကပ်ကြပ်မတ် သင်ကြားပြသ ပေးခဲ့ကြောင်း သိရသည်။ 

''သင်္ချာမှာ အင်အားကြီး နိုင်ငံတွေလို့ ပြောလို့ရတဲ့ တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်၊ မက္ကာအိုက ကလေးတွေက ကျွန်တော်တို့ ကလေးတွေ အတွက် တကယ့် ပြိုင်ဘက်ကောင်း တွေပါပဲ။ ပြိုင်ပွဲမှာလည်း သူတို့တွေနဲ့ပဲ အဓိကယှဉ်ပြိုင် ခဲ့ရတာပါ။ အောင်မြင်မှု အတွက် ပြီးခဲ့တဲ့ နှစ်ကတည်းက အချိန်ယူ လေ့ကျင့်ခဲ့ ပါတယ်။ သွားခါနီး မှာလည်း အနီးကပ် သင်တန်းတွေ ထပ်ပြီးပို့ချ ပါတယ်။ ပထမအကြိမ် တုန်းက ကျောင်းသား လေးဦးနဲ့ သွားပြိုင်ခဲ့တယ်။ ငွေ တစ်ခု၊ ကြေး တစ်ခုရခဲ့ပါတယ်။ ဒုတိယအကြိမ် မှာကျောင်းသား ၂၅ ဦး ဝင်ပြိုင်တာ ကျောင်းသား အားလုံး ရွှေ၊ ငွေ၊ ကြေးတံဆိပ် တွေ ရခဲ့ပါတယ်။ တတိယ အကြိမ်မှာ ကျောင်းသား ၃၅ ဦး ပြိုင်ခဲ့ပါတယ်။ 

ငွေ လေးခု၊ ကြေး ၁၇ ခု ရခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူ ၃၈ ဦး ဝင်ရောက် ယှဉ်ပြိုင်တာ ရွှေ တစ်ခု၊ ငွေ ခုနစ်ခု၊ ကြေး ၃ဝ ခုနဲ့ အထူးဆု ခုနစ်ခု ရရှိခဲ့ကြပါတယ်။ ပြိုင်ခဲ့တဲ့ အထဲမှာ ဒီနှစ်ပြိုင်ပွဲ ကိုတော့ အားရပါတယ်။ ကလေးတွေလည်း ကြိုးစားကြ ပါတယ်။ ပေးထားတဲ့ Guide line တွေအတိုင်း သူတို့တွေ လုပ်နိုင်လို့လည်း သူတို့အတွက် ဂုဏ်ယူမိ ပါတယ်'' ဟု T & H Maths Centre မှ အထွေထွေ မန်နေဂျာ ဒေါက်တာ သက်ဇော် က ပြောသည်။

AIMO ပြိုင်ပွဲခရီးစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၄၅ ဦး၊ ဆရာ၊ ဆရာမ သုံးဦးနှင့် မိဘ အုပ်ထိန်းသူ ၄၇ ဦးတို့ လိုက်ပါသွား ကြကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Tuesday, May 3, 2016

ASEAN ICT Awards 2016 ပြိုင်ပွဲသို့ စိတ်ပါဝင်စားသူများ ၀င်ရောက် ယှဉ်ပြိုင်နိုင်



ရန်ကုန် ၊ ၃-၅-၂၀၁၆

ယခုနှစ်အတွက် ASEAN ICT Awards 2016 ပြိုင်ပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ် ထားကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ခေါင်းစဉ် အမျိုးအစား ခြောက်ခု သတ်မှတ်ထားပြီး တစ်မျိုးချင်းစီ အတွက် ပထမ၊ ဒုတိယနှင့် တတိယဆု တို့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လို သူများ အနေဖြင့် ဇွန် ၁၇ ရက်အထိ ဝင်ခွင့်လျှောက်လွှာ နှင့်အတူ မိမိတို့ ယှဉ်ပြိုင်မည့် အကြောင်းအရာကို နှစ်မိနစ်မှ ငါးမိနစ်ခန့် ဗီဒီယိုဖိုင် ( .avi format ) ဖြင့်ပြုလုပ်၍ ayeayethinn@gmail. com သို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

ASEAN ICT Awards ပြိုင်ပွဲကို ၂ဝ၁၂ ခုနှစ်မှစတင်ကာ အဆင့် (၄) ဆင့် သတ်မှတ် ကျင်းပခဲ့ပြီး ယခုနှစ် ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များကို www.aseanictaward.com တွင် ဝင်ရောက်ကြည့်ရှု နိုင်မည် ဖြစ်သည်။

ဆုရရှိသူများကို ASEAN ICT Awards 2016 ဆုတံဆိပ်နှင့် အသိအမှတ်ပြု လက်မှတ်များကို ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Monday, February 22, 2016

ပြင်သစ်နိုင်ငံမှ ကြီးမှူး ကျင်းပသော ကမ္ဘာ့အကြီးမားဆုံး သင်္ချာပြိုင်ပွဲ၌ မြန်မာကျောင်းသား ကျောင်းသူများ ပါဝင်ရန် ဖိတ်ခေါ်ထား



ရန်ကုန် ၊ ၂၂-၂-၂၀၁၆

ပြင်သစ်နိုင်ငံမှ ကြီးမှူး၍ ကမ္ဘာ့ အကြီးမားဆုံး Maths Kangaroo ပြိုင်ပွဲကို မကြာမီ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ အခြေခံပညာ မူလတန်းမှ အလယ်တန်း အဆင့်ရှိ ကျောင်း သား၊ ကျောင်းသူများ ပါဝင် ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ် ထားကြောင်း သိရသည်။

Maths Kangaroo ပြိုင်ပွဲသည် ကမ္ဘာ့အကြီးဆုံး သင်္ချာပြိုင်ပွဲ တစ်ခုဖြစ်ပြီး ပြိုင်ပွဲ၌ ဆုရရှိ ပါကလည်း ကျောင်းဆက်လက် တက်ရောက် နိုင်ရန် အထောက်အကူ များစွာ ပြုစေမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံရှိ T&H Maths Centre မှ ကြီးမှူး ကျင်းပခွင့် ရရှိထားပြီး T&H Maths Centre ၌ ပထမအဆင့် အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွား ရမည် ဖြစ်သည်။

ပထမအဆင့် တွင် ပထမ၊ ဒုတိယ၊ တတိယ အဆင့်ရရှိသည့် ကျောင်းသားများ အနေဖြင့် နိုင်ငံတကာမှ ပထမ၊ ဒုတိယ၊ တတိယ အဆင့်တို့ နှင့် ဟောင်ကောင်၌ ဆက်လက်၍ သွားရောက် ယှဉ်ပြိုင်ရ မည် ဖြစ်သည်။

ပြည်တွင်း၌ ကျင်းပမည့် ပထမအဆင့် ပြိုင်ပွဲတွင် ကျောင်းသား ဦးရေ ကန့်သတ်ချက် မရှိဘဲ အခြေခံပညာ မူလတန်းမှ အလယ်တန်း အဆင့်ထိ တက်ရောက် နေသော ကျောင်းသား၊ ကျောင်းသူ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင် သွားနိုင်ကြောင်း T&H Maths Centre မှ မန်နေဂျာ ဒေါက်တာ သက်ဇော် က ပြောသည်။

Maths Kangaroo ပြိုင်ပွဲအတွက် T&H Maths Centre ၌ ပထမအဆင့် ပြုလုပ်ပေးမည့် ပြိုင်ပွဲကို မတ် ၁၇ ရက်တွင် T&H Maths Centre ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပထမအဆင့်မှ ရွေးချယ်ခံရ သူများသည် နိုင်ငံတကာမှ ရွေးချယ် ခံရသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် ဒုတိယအဆင့် အနေဖြင့် ဟောင်ကောင်၌ တွေ့ဆုံယှဉ်ပြိုင် သွားရမည် ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ရန် စိတ်ပါဝင်စား သူများ အနေဖြင့် မတ် ၃ ရက် နောက်ဆုံးထား၍ T&H Maths Centre ၌ စာရင်းပေးသွင်း ရမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲသည် ကမ္ဘာ့ အကြီးဆုံးပြိုင်ပွဲ တစ်ခုဖြစ်ပြီး မြန်မာ ကျောင်းသား၊ ကျောင်းသူများ၏ သင်္ချာအဆင့် စွမ်းဆောင်ရည် ကို သိရှိနိုင်စေရန် ယခုကဲ့သို့ ဝန်ဆောင်မှု ပေးခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ သင်္ချာပြိုင်ပွဲအား စိတ်ပါ ဝင်စား၍ ယှဉ်ပြိုင်လိုသူ များအနေဖြင့် အသေးစိတ် အချက်အလက် များကို T&H Maths Centre ဖုန်း - ဝ၁ - ၅၅၂၅၇၄ နှင့် ဝ၁ - ၂၂၉၈၈၆ တို့သို့ ဆက်သွယ် စုံစမ်း ဆောင်ရွက် နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၆)

Wednesday, February 17, 2016

အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်ပြိုင်ပွဲဝင် များကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ကူညီမည်


ရန်ကုန် ၊ ၁၇-၂-၂၀၁၆

စင်ကာပူနှင့် မြန်မာနိုင်ငံ တို့၌ ၂ဝ၁၆ ခုနှစ် ဧပြီလနှင့် မေလတို့တွင် ကျင်းပမည့် အာဆီယံ စွမ်းအင်ဆိုင်ရာ ဆုတံဆိပ်များ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် များကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ လိုအပ်သော အကူအညီများ ပေးအပ်သွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ သိရသည်။

''မကြာခင် ကျင်းပတော့မယ့် ပြိုင်ပွဲတွေမှာ စိတ်ပါဝင်စား တဲ့ သူတွေအနေနဲ့ ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင် နိုင်အောင် ကျွန်တော်တို့ အသင်းနဲ့ အမြန်ဆုံး ဆက်သွယ်ကြပါ။ ကျွန်တော်တို့ ကလဲ အင်တိုက်အားတိုက် တတ်နိုင် သလောက် ဝိုင်းဝန်း ကြိုးပမ်းပြီး ကူညီပေး ပါမယ်'' ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်ဖေ က ပြောပြသည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံ အနေဖြင့် ၂ဝဝ၂ ခုနှစ်မှ စတင်ကာ ၂ဝ၁၅ ခုနှစ်ထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ် ၁၈ ခုရရှိပြီး ဖြစ်သည်။ ယခုနှစ်၌ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရချိန်တွင် ဆုတံဆိပ်များ ပိုမိုရရှိနိုင်ရန် မျှော်လင့် ထားကြောင်း သိရသည်။

''ဒေသတွင်း နိုင်ငံတွေမှာ စွမ်းအင်စီမံခန့်ခွဲမှု ဆိုင်ရာ အတွေ့အကြုံ ကောင်းတွေ ရှိစေဖို့နဲ့ စက်ရုံ အလုပ်ရုံတွေနဲ့ စီးပွားရေး လုပ်ငန်းတွေမှာ အကောင်းဆုံး စွမ်းအင်ကို အသုံးပြုနိုင်ဖို့ ရည်ရွယ် ပါတယ်'' ဟု စက်မှုဝန်ကြီး ဌာနမှ ဒေါက်တာ နိုင်နိုင်လင်း က ပြောသည်။

စင်ကာပူနိုင်ငံ၌ ဧပြီလတွင် ကျင်းပမည့် ပြန်ပြည့်မြဲ စွမ်းအင် စီမံကိန်းများ (REA) နှင့် မေလ အတွင်း မြန်မာနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် စွမ်းအင် ထိရောက်စွာ အသုံးပြု ထားသော အဆောက်အအုံ များ (EEBA) နှင့် စက်ရုံများ၏ အကောင်းဆုံး စွမ်းအင်စီမံ ခန့်ခွဲမှုစနစ် (EMA နှင့် စိမ်းလန်း အဆောက်အအုံ များတို့ကို မြန်မာနိုင်ငံ မှ ကိုယ်စားပြုကာ ၀င်ရောက် ယှဉ်ပြိုင် သွားမည် ဖြစ်သည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံများအတွင်း တည်ရှိသော အဖွဲ့ဝင် နိုင်ငံများမှ အကောင်းဆုံးသော စွမ်းအင် စီမံခန့်ခွဲမှုများ အသုံးချ နိုင်စေရန်၊ စွမ်းအင် ထိရောက်စွာ အသုံးပြုနိုင်ရန် အတွက် တိုးတက် ကောင်းမွန်သော တီထွင် ဆန်းသစ်မှုများ၊ ပေါ်ထွန်း လာစေရန်နှင့် စွမ်းအင်ကို ချွေတာကာ သဘာဝ ပတ်ဝန်းကျင် အား ထိန်းသိမ်း စောင့်ရှောက်နိုင် စေရန် ရည်ရွယ်ချက် ဖြင့် ပြိုင်ပွဲကျင်းပ ပြုလုပ် ရခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

Thursday, February 11, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ



နေပြည်တော် ၊ ၁၁-၂-၂၀၁၆

၂ဝ၁၅-၂ဝ၁၆ ခုနှစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အားကစား  ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အေးဝင်း နှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်း များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် အသင်းများက ပထမနေ့ပွဲစဉ် များကို ယှဉ်ပြိုင် ကစားကြသည်။

အဆိုပါ ဘော်လီဘော ပြိုင်ပွဲကို ပြိုင်ပွဲဝင် အမျိုးသားအသင်း ၃၇ သင်း၊ အမျိုးသမီး အသင်း ၂၅ သင်းဖြင့် ဖေဖော်ဝါရီ ၂၆ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ



နေပြည်တော် ၊ ၁၁-၂-၂၀၁၆

(၇၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ)အဆင့် ပြိုင်ပွဲနှင့် (ဂ)အဆင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက် ပြုလုပ်ရာ (ခ) အဆင့်ပြိုင်ပွဲတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်အသင်း၊ အမှတ်(၅၅) ခြေမြန်တပ်မ ဌာနချုပ် အသင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

(ဂ) အဆင့်ပြိုင်ပွဲတွင် တပ်မတော် နည်းပညာ တက္ကသိုလ်အသင်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ထိုသို့ ယှဉ်ပြိုင်နေမှု များကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်နေလင်း နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Monday, February 8, 2016

ကာယဗလမောင်နှင့် အမျိုးသမီးကာသကြံ့ခိုင်မှု ပြိုင်ပွဲကျင်းပ



ရန်ကုန် ၊ ၈-၂-၂၀၁၆

၂ဝ၁၆ ခုနှစ် (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် ကာယဗလမောင် နှင့် အမျိုးသမီး ကာယ ကြံ့ခိုင်မှုပြိုင်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် Myanmar Convention Centre ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် ကာယဗလမောင် ၅၅ ကီလိုတန်း၊ ၆ဝ ကီလိုတန်း၊ ၆၅ ကီလိုတန်း၊ ၇ဝ ကီလိုတန်း၊ ၇၅ ကီလိုတန်းနှင့် ၇၅ ကီလိုအထက်တို့ ပါဝင်ယှဉ်ပြိုင် ကြပြီး အမျိုးသမီး ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲတွင် ၁၆ဝ စင်တီမီတာ အောက်နှင့် ၁၆ဝ စင်တီမီတာ အထက်တို့ ပါဝင်ယှဉ်ပြိုင် ကြသည်။

ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများအား မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီဝင် ဒေါက်တာ အေးဝင်း နှင့် တာဝန်ရှိ သူများက ဆုများချီးမြှင့် ကြသည်။

ကီလိုတန်း အလိုက် ပထမဆု၊ ဒုတိယဆု ရရှိသူများက ၂ဝ၁၆ ခုနှစ် ပြည်ထောင် စုမောင် နှင့် ပြည်ထောင်စုမယ် ပြိုင်ပွဲအား ဆက်လက် ယှဉ်ပြိုင်ရာ၂ဝ၁၆ ခုနှစ် ပြည်ထောင်စုမောင် အဖြစ် ခါးနံပါတ် ၂၁ ထွန်းထွန်းအောင် ကရရှိပြီး ၂ဝ၁၆ ခုနှစ် ပြည်ထောင်စုမယ် အဖြစ် ခါးနံပါတ် ၇၄ မနန်းလောင်ခမ်း (မန္တလေး) က ရရှိသည်။ ယင်းဆုတို့ကို မြန်မာနိုင်ငံ ကာယဗလ နှင့် ကာယ ကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီ က ပေးအပ် ချီးမြှင့်သည်။

အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင် အားကစား မောင်/ မယ်များ၊ မြန်မာနိုင်ငံ ကာလဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေး ကြကြောင်း သိရသည်။

သိန်းဝင်း

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Friday, February 5, 2016

(၂၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ




နေပြည်တော် ၊ ၅-၂-၂၀၁၆

(၇၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ တည်းခိုရေး စခန်းရှိ စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ဆပ်ကော်မတီ ဝင်များ၊ အကဲဖြတ် အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အဖွဲ့များနှင့် ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။

အခမ်းအနား အစီအစဉ် အရ နိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သား များအား အလေးပြု ကြပြီးနောက် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်က အဖွင့်မိန့်ခွန်း ပြောကြားသည်။ ယင်းနောက် တပ်မတော် ဂုဏ်ပြု စစ်တီးဝိုင်း အဖွဲ့က သရုပ်ပြ တီးခတ် ဖျော်ဖြေရာ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်က ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။

အဆိုပါ (၇၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး စစ်တီးဝိုင်း အဖွဲ့ပေါင်း ၅၇ ဖွဲ့ ပါဝင်ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)
Related Posts Plugin for WordPress, Blogger...