Social Icons

Pages

Showing posts with label တက္ကသိုလ်ပညာရေး. Show all posts
Showing posts with label တက္ကသိုလ်ပညာရေး. Show all posts

Thursday, December 27, 2018

စီးပွားရေး ပညာနှင့် စီးပွားစီမံဘာသာရပ်ဖြင့် အဝေးသင်တက်ရောက်မည့် သူများ တက္ကသိုလ် သုံးခု၌သာ တက်ရောက်ရမည်

စီးပွားရေး ပညာနှင့် စီးပွား စီမံ ဘာသာရပ်ဖြင့် အဝေးသင် တက်ရောက်မည့် သူများ တက္ကသိုလ် သုံးခု၌သာ တက် ရောက် ရမည်
-
ရန်ကုန်  ဒီဇင်ဘာ   ၂၆  
-
စီးပွားရေး ပညာနှင့် စီးပွားစီမံ ဘာသာရပ် အဝေးသင် ပထမနှစ် သင်တန်းများကို ယခင်ကကဲ့သို့ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် တို့ရှိ အဝေးသင် တက္ကသိုလ်ဌာနခွဲများ၌   တက်ရောက် ရမည်မဟုတ်ဘဲ ရန်ကုန်၊ မုံရွာနှင့် မိတ္ထီလာမြို့တို့ရှိ   စီးပွားရေး တက္ကသိုလ်များ၌သာ ပြောင်းရွှေ့ တက်ရောက်ရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြား ရေးမှူး ချုပ် ဒေါက်တာ သိန်းဝင်းထံမှ သိရသည်။ 
-
ယမန်နှစ်အထိ ရန်ကုန် အဝေးသင်တက္ကသိုလ်နှင့်  မန္တလေးအဝေးသင် တက္ကသိုလ် အောက်၌  အဝေးသင်ဌာနခွဲ ဖွင့်လှစ် ထားသည့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ် ၃၆ ခုရှိပြီး မြန်မာ၊ အင်္ဂလိပ်၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ စီးပွားရေးပညာနှင့် စီးပွားစီမံဘာသာရပ်ဟူ၍ အထူးပြု ဘာသာ ရပ် ၁၅ခုကို ယင်းတက္ကသိုလ်များ၌ တက် ရောက်နိုင်သည်။ 
-
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်နှင့်  ရခိုင်ပြည်နယ်တို့မှ ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်စီးပွား ရေးတက္ကသိုလ်၌  တက်ရောက် ရမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ကယားပြည်နယ်နှင့်   ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)မှ ကျောင်းသား၊  ကျောင်းသူများသည်   မိတ္ထီလာ စီးပွားရေး တက္ကသိုလ်၌  တက်ရောက် ရမည် ဖြစ်ကာ စစ်ကိုင်းတိုင်း ဒေသကြီး၊  ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှ  ကျောင်း သား၊  ကျောင်းသူများသည်  မုံရွာစီးပွားရေးတက္ကသိုလ်၌ တက်ရောက်ရမည်ဖြစ်သည်။ 
-
အဝေးသင်စီးပွားရေး ပညာ ဘာသာရပ်အတွက် ဝင်ခွင့်ရသူများ စာရင်းကို ဒီဇင်ဘာ ၁၈ရက်က ကြေညာရာ ရန်ကုန် စီးပွားရေး တက္ကသိုလ်၏ စီးပွားစီမံဘာသာရပ်အတွက် ၃၆၇ဦး ဝင်ခွင့်ရရှိပြီး ဝင်ခွင့်အမှတ်အနည်း ဆုံးမှာ တက္ကသိုလ်ဝင် စာမေးပွဲရမှတ် စုစု ပေါင်း ၃၅ဝ ဖြစ်ပြီး အမြင့်ဆုံးမှာ  ၅ဝ၂ မှတ်ဖြစ်ကြောင်း၊ စီးပွားရေးပညာ ဘာသာရပ်အတွက် အနိမ့် ဆုံး ရမှတ် ၃၅ဝ၊ အမြင့်ဆုံး ရမှတ် ၃၆၉ မှတ်ဖြစ်ပြီး ၇၁၉ ဦးဝင်ခွင့်ရကြောင်း သိရသည်။ 
-
မိတ္ထီလာစီးပွားရေး တက္ကသိုလ်၏ စီးပွား စီမံဘာသာရပ်အတွက် အနိမ့်ဆုံးရမှတ် ၃၅ဝ၊ အမြင့်ဆုံးရမှတ်  ၄၈၆  မှတ် ဖြစ် ကာ ၁၄၃ ဦးဝင်ခွင့်ရရှိကြောင်း၊ စီးပွားရေးဘာသာ ရပ်အတွက် အနိမ့်ဆုံးရမှတ် ၃၅ဝ၊ အမြင့် ဆုံးရမှတ် ၄၅၄ မှတ်ဖြစ်ပြီး ၇၇ဝ ဦးဝင်ခွင့် ရရှိကြောင်း သိရသည်။ မုံရွာစီးပွားရေး တက္ကသိုလ်၏  စီးပွားစီမံ ဘာသာရပ်အတွက် အနိမ့်ဆုံးရမှတ် ၃၅ဝ၊ အမြင့်ဆုံးရမှတ် ၄၂၇ မှတ်ဖြစ်ကာ ၇၂  ဦး ဝင်ခွင့်ရရှိကြောင်း၊ စီးပွားရေးပညာ ဘာသာ ရပ်အတွက် အနိမ့်ဆုံးရမှတ် ၃၅ဝ၊ အမြင့်ဆုံး ရမှတ် ၄၅၉ မှတ်ဖြစ် ပြီး ၆ဝ၆ ဦး ဝင်ခွင့်ရကြောင်းသိရသည်။               
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 17, 2018

၂ဝ၁၉ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းကြေညာ

၂ဝ၁၉ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းကြေညာ
-
နေပြည်တော်    ဒီဇင်ဘာ    ၁၇
-
၂ဝ၁၉ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို အောက်ပါ အချိန်စာရင်းအရ ကျင်းပမည်ဖြစ်ကြောင်း  ကြေညာ ထားသည်- ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း
-
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, January 8, 2018

ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့ ကိုပူးပေါင်း၍ အမျိုးသားအဝေးသင်တက္ကသိုလ် အဖြစ်ဖွဲ့စည်းရန်စီစဉ်



ရန်ကုန် ၈-၁-၂ဝ၁၈

အဆင့်မြင့်ပညာကဏ္ဍ၌ ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့ကို ပူးပေါင်း၍ အမျိုးသား အဝေးသင်တက္ကသိုလ် အဖြစ်ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

''အဝေးသင်တက္ကသိုလ် တက်ရောက်တဲ့ ကျောင်းသား၊ ကျောင်းသူဦးရေက နေ့သင်တန်းတက်တဲ့ ဦးရေထက် ပိုများတယ်။ ဒါကြောင့် အဝေးသင်စနစ်ကို ထိရောက်တဲ့သင်ကြား၊ သင်ယူမှုတွေဖြစ်အောင် အရည်အသွေးမြှင့်တင် ဖို့လိုအပ်ပါတယ်။ ရန်ကုန် အဝေးသင်တက္ကသိုလ်နဲ့ မန္တလေးအဝေးသင် တက္ကသိုလ်တို့ကို ပူးပေါင်းပြီး အရည်အသွေး ပိုမိုကောင်းမွန်တဲ့ အဝေးသင်ပညာရေး စနစ်ပေါ်ထွက်လာဖို့ ဆောင်ရွက်မှာပါ'' ဟု ၎င်းကပြောသည်။

အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားရေး အစီအစဉ်အတွက် အီလက်ထရွန်နစ် သင်ယူမှုဌာန (e- Education Learning Centre) ပေါင်း ၆၂၄ ခုကို မြို့နယ်အသီးသီး၌ ဖွင့်လှစ်ထားပြီး သင်ခန်းစာများ ကိုလည်း ရန်ကုန်အဝေးသင် တက္ကသိုလ်၏ ဝက်ဘ်ဆိုက် www.yude.edu.mm  မှတစ်ဆင့် ၂၄ နာရီ အချိန်ပြည့် အခမဲ့ထုတ်လွှင့် ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အလားတူ ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေးနှင့် ပေါင်းစပ်ဘာသာရပ် အထူးပြု ကျောင်းသားများအတွက် Data Broadcasting System ဖြင့် ပို့ချမည့်အပြင် သိပ္ပံဘာသာရပ်များမှအပ ကျန်ဘာသာရပ်များကို အနီးကပ်သင်တန်း များပို့ချမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, September 26, 2017

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်



ရန်ကုန် ၂၆-၉-၂၀၁၇

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် မည်သည့်ကျောင်းသား၊ ကျောင်းသူမဆို ပညာသင်ထောက်ပံ့ကြေး လျှောက်ထား နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသား ရေးရာနှင့် ကျောင်းဆောင်ရေးရာ များဌာနမှ သိရသည်။

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားရာတွင် မိဘနှစ်ပါးနှင့် လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရန်လိုပြီး လျှောက်လွှာတွင် မိဘအုပ်ထိန်းသူက လက်မှတ်ရေးထိုး၍ မိမိတက်ရောက်ခဲ့သော အခြေခံပညာအထက်တန်း ကျောင်း၊ အောင်မြင်ခဲ့သည့်ခုနှစ်၊ စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာန၊ခုံအမှတ်၊ မိဘအမည်၊ နေရပ်လိပ်စာများကို ပြည့်စုံစွာဖော်ပြ ရမည်ဖြစ်သည်။

''တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေ တင်ထားပြီးပြီ။ လာမယ့်လလောက်မှာ ကိုယ်ရရှိတဲ့ အထူးပြုဘာသာရပ်၊ ကိုယ်တက်ရမယ့် တက္ကသိုလ်တွေကိုသိရမှာပါ။ အဲဒီအချိန်ကျမှ ပညာသင်ထောက်ပံ့ကြေး လျှောက်ရမှာပါ''ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာတွင် လူမျိုး၊ ကိုးကွယ်သည့် ဘာသာများ ထည့်သွင်းဖော်ပြရမည့်အပြင် မိဘများတွင် အိမ်ထောင်ဆက်ရှိ၊ မရှိကိုပါ ထည့်သွင်းရေးသား ရမည်ဖြစ်ပြီး မိမိ မိသားစုတွင် ရှိသည့်ကျောင်းသား ဦးရေနှင့် တက္ကသိုလ်တက်ရောက်နေသူ၊ အခြေခံပညာ တက်ရောက်နေသူဟူ၍ ခွဲခြားဖော်ပြရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါလျှောက်လွှာများကို မိမိနေထိုင်သည့် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ၌ ၂ဝ၁၈ ခုနှစ် မတ် ၃၁ ရက် ထက်နောက်မကျစေဘဲ ပေးပို့ရမည်ဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေး ရရှိပါက ပြန်လည်အကြောင်းကြား မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Friday, July 7, 2017

ပြည်တွင်းရှိ စိုက်ပျိုးရေးသိပ္ပံ သင်တန်းကျောင်းများမှ သင်တန်းသားများခေါ်ယူ



ရန်ကုန် ၇-၇-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် စိုက်ပျိုးရေးသိပ္ပံသို့ လျှောက်ထားလိုသူ များသည် နေပြည်တော် (ပျဉ်းမနား)၊ သထုံ၊ မြောင်းမြ၊ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမော့ဆို၊ဇွဲကပင်၊ လုံပီးနှင့် ကျောက်တော်မြို့တို့ရှိ စိုက်ပျိုးရေးသိပ္ပံ သင်တန်းကျောင်းများ၌ ပညာသင်ကြားနိုင်ရန် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

လျှောက်ထားသူသည် မြန်မာနိုင်ငံသား ဖြစ်ရန်လိုပြီး အခြေခံပညာ အထက်တန်းကို ဓာတုဗေဒ၊ ရူပဗေဒဘာသာတွဲဖြင့် အောင်မြင်ပြီးသူ၊ လျှောက်လွှာပိတ်ရက်တွင် အသက်၂၂ နှစ်ထက်မကြီးသူ ဖြစ်ရမည် ဖြစ်သည်။ထို့ပြင် ဝန်ထမ်းဖြစ်ပါက စိုက်ပျိုးရေး အထက်တန်း အောင်မြင်ပြီးသူ၊ အခြေခံပညာ အထက်တန်းကို ဓာတုဗေဒ၊ ရူပဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူ ဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာ ပိတ်ရက်တွင် အသက်၃၅ နှစ်ထက်မကြီးရဘဲ လုပ်သက်အနည်းဆုံး သုံးနှစ်ရှိရမည် ဖြစ်သည်။

ဝင်ခွင့် လျှောက်ထားရာတွင် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ၊ ပြစ်မှုကင်းရှင်းကြောင်း၊ ကျန်းမာရေး ကောင်းမွန်ကြောင်း၊ စာမေးပွဲအောင်မြင်ပြီး ဖြစ်ကြောင်းနှင့် နောက်ဆုံး ပညာသင်ကြားခဲ့သော ကျောင်းမှ ကျောင်းအုပ်ကြီး ၏ထောက်ခံချက်များ ပါရှိရမည် ဖြစ်သည်။ ထို့ပြင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရမှတ်စာရင်း (မူရင်း)၊ မိဘနှစ်ပါးနှင့် လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူနှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို မိမိတက်ရောက် လိုသော မြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံသို့ လျှောက်ထားရမည် ဖြစ်သည်။

ဝန်ထမ်းဖြစ်ပါက လျှောက်လွှာကို သက်ဆိုင်ရာလုပ်ငန်း ဌာနမှတစ်ဆင့် ညွှန်ကြားရေးမှူး ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေး သိပ္ပံဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန ရုံးအမှတ် (၄၃) နေပြည်တော်သို့ ပေးပို့ရမည် ဖြစ်သည်။ လျှောက်လွှာပိတ်ရက်ကို သြဂုတ် ၃ဝ ရက်အထိ သတ်မှတ်ထားပြီး စိုက်ပျိုးရေးသိပ္ပံ တက်ရောက်ခွင့် ရရှိသူသည် သုံးနှစ်သင်တန်း တက်ရောက်ရမည် ဖြစ်ကာ ထူးချွန်ပါက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် သို့တက် ရောက်ရန် ဝင်ခွင့်စာမေးပွဲဖြေဆို ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, July 6, 2017

တက္ကသိုလ်ဝင် စာမေးပွဲတွင် ရမှတ် ၃၈ဝ နှင့်အထက်ရရှိသူများ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်



နေပြည်တော် ၆-၇-၂၀၁၇

ယခု ၂ဝဝ၇–၂ဝ၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ် ၃၈ဝနှင့်အထက် ရရှိသူများအနေဖြင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၏ ထုတ်ပြန်ချက် သတင်းများအရ သိရသည်။

အဆိုပါ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ တက်ရောက်လိုသူများ အနေဖြင့် ပညာသင်နှစ် ငါးနှစ်တက်ရောက် ရမည်ဖြစ်ပြီး ပညာသင်နှစ်ပြီးဆုံးပါက သိပံ္ပဘွဲ့ (B.Agr.Sc) ပေးအပ်မည် ဖြစ်ကာ ယခုနှစ်အတွက် ကျောင်းသားဦးရေ ၁၅ဝနှင့် ကျောင်းသူဦးရေ ၁၅ဝ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ ၃ဝဝကို လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများ အနေဖြင့် မြန်မာနိုင်ငံသားဖြစ်ရန် လိုအပ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာ၊အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ဇီဝဗေဒ စသည့်ဘာသာတွဲဖြင့် အမှတ်ပေါင်း ၃၈ဝနဲ့အထက် ရရှိသူများဖြစ်ရမည် ဖြစ်ကြောင်း၊ အဆိုပါတက္ကသိုလ်တွင် လက်တွေ့ကွင်းဆင်း ဆောင်ရွက်ရမည်ဖြစ်၍ ကိုယ်လက်အင်္ဂါ ပြည့်စုံပြီး ကျန်းမာရေး (က) အဆင့်ရှိရန်လည်း လိုအပ်ကြောင်း သိရသည်။

အဆိုပါရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ဝင်ခွင့်လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး ၏ထောက်ခံချက် (မူရင်း)၊ အမှတ်စာရင်း(မူရင်း)၊ လျှောက်ထားသူ အပါအဝင် မိဘများ၏မှတ်ပုံတင် မိတ္တူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်း၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်မူရင်း၊ လိုင်စင်ဓာတ်ပုံ သုံးပုံတို့ဖြင့် ပူးတွဲပေးပို့ ၍ သြဂုတ် ၃၁ ရက်တွင် နောက်ဆုံးထားလျှောက်ထား ရမည်ဖြစ်ပြီး ကျောင်းသားရေးရာဌာန ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ရေဆင်းသို့ လိပ်မူ၍ ပေးပို့လျှောက်ထား ရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

#yadanarpondaily

Wednesday, March 15, 2017

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၌ မြန်မာဘာသာ လာရောက်သင်ကြားမှုတွင် တရုတ်နိုင်ငံသားများ အများဆုံးဖြစ်



ရန်ကုန် ၊ ၁၅-၃-၂၀၁၇

ရန်ကုန်မြို့ရှိ နိုင်ငံခြားဘာသာ တက္ကသိုလ် တွင် မြန်မာဘာသာ လာရောက် သင်ကြားသော ပြည်ပနိုင်ငံသားများ အနက် တရုတ်နိုင်ငံသား များသည် အများဆုံး ဖြစ်ကြောင်း ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ တက္ကသိုလ်၌ နိုင်ငံတကာ ကျောင်းသားများသည် မြန်မာဘာသာ နှင့်ပတ်သက်၍ ပြည်တွင်း၌ လာရောက် သင်ကြားရန် စိတ်ဝင်စားမှု များပြားကြောင်း၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၌ လက်ရှိတက်ရောက် လျက်ရှိသော အထူးပြု ဘာသာရပ် များ၏ ကျောင်းသား ဦးရေသည် မြန်မာဘာသာ ၂၄၉ ဦး၊ တရုတ်ဘာသာ ၃၉၆ ဦး၊ အင်္ဂလိပ်ဘာသာ ၄၄ဝ ဦး၊ အီတာလျံ ဘာသာ ၂၈ ဦး၊ ပြင်သစ်ဘာသာ ၄၅၁ ဦး၊ ဂျာမန်ဘာသာ ၃၂၄ ဦး၊ ဂျပန်ဘာသာ ၆၂၉ ဦး၊ ကိုရီးယားဘာသာ ၅၂၆ ဦး၊ အထွေထွေ ဘာသာဗေဒ ၁၄ ဦး၊ ရုရှားဘာသာ ၃၅၂ ဦး နှင့် ထိုင်းဘာသာ ၂၅၉ ဦးတို့ ရှိကြောင်း သိရသည်။ 

မြန်မာဘာသာ လာရောက် သင်ကြားသော ပြည်ပနိုင်ငံသား များသည် ပြည်တွင်း၌ စီးပွားရေး လုပ်ငန်းများ လာရောက်လုပ်ကိုင် လိုသူများပြီး မြန်မာဘာသာ စိတ်ဝင်စားသူများ အတွက် စီးပွားရေး လုပ်ငန်းသုံး မြန်မာစကား ဘာသာရပ်ကို အသစ်ထပ်မံ တိုးချဲ့သင်ကြား ပေးနိုင်ရန် သင်ရိုးညွှန်းတမ်း ကိုလည်း ရေးဆွဲလျက် ရှိကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် မြန်မာဘာသာ ဌာန၌ ပြည်ပမှ မြန်မာဘာသာ လာရောက် သင်ယူသော ကျောင်းသား၊ ကျောင်းသူ များသည် တောင်ကိုရီးယား နိုင်ငံမှ ၇၃ ဦး၊
ဂျပန်နိုင်ငံမှ ၂၈ ဦး၊ တရုတ်နိုင်ငံမှ ၁၁၂ ဦး၊ ထိုင်းနိုင်ငံမှ ကိုးဦး၊ ဗီယက်နမ်နိုင်ငံမှ လေးဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နှစ်ဦး၊ လာအိုနိုင်ငံမှ သုံးဦး၊ အိန္ဒိယနိုင်ငံမှ ရှစ်ဦး၊ မက္ကဆီကို နိုင်ငံမှ တစ်ဦး၊ အီတလီနိုင်ငံမှ နှစ်ဦး၊ အမေရိကန် နိုင်ငံမှတစ်ဦး ဖြင့် စုစုပေါင်း ၂၄၃ ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများ ရှိလာသည့်အတွက် မြန်မာဘာသာ လေ့လာသင်ယူ လိုသူ များပြားလာခြင်း ဖြစ်ပြီး ယင်းအနက် တရုတ်နိုင်ငံမှ လုပ်ငန်းများ အများဆုံး ရှိနေသောကြောင့် တရုတ် လူမျိုးများ လာရောက် သင်ယူမှု များပြားနေခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ (၃)

Saturday, February 18, 2017

ဆေးတက္ကသိုလ် များ၌ နိုင်ငံတကာအဆင့်မီ သင်ကြားရေး စနစ်များ ပြောင်းလဲကျင့်သုံးမည်


ရန်ကုန် (၁၈-၂-၂၀၁၇)

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလမှ စ၍ ဆေးတက္ကသိုလ် များ၌ ပညာရေး အဆင့်မြင့်မား စေရန် နိုင်ငံတကာအဆင့်မီ သင်ကြားရေး စနစ်များဖြင့် ပြောင်းလဲကျင့်သုံး သွားမည်ဖြစ်ကြောင်း ရန်ကုန် ဆေးတက္ကသိုလ် (၁)ပါမောက္ခ ချုပ် ဒေါက်တာ ဇော်ဝေစိုးထံမှ သိရသည်။

ယခုနှစ် ဒီဇင်ဘာလမှ စတင် တက်ရောက်မည့် ပထမနှစ် ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်ဖြင့် ပြောင်းလဲ သင်ကြား ပေးသွားမည်ဖြစ်ပြီး ယင်းစနစ်ပြောင်းလဲ
ရာတွင် ကျောင်းသား ဗဟိုပြု သင်ကြားရေးကို အသုံးပြုမည် ဖြစ်၍ ကိုယ်တိုင် လေ့လာနိုင်သော ပညာရေး စနစ်အဖြစ် ဆောင်ရွက်မည် ဖြစ်သည်။ ယခင်ကကဲ့သို့ စာသင်ချိန်များစွာ ပေးမည်မဟုတ်ဘဲ ဆရာနှင့် ကျောင်းသား၊ ကျောင်းသူ အပြန်အလှန် မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ကို Small Group ပုံစံဖြင့် ကိုယ်တိုင် နည်းလမ်းရှာဖွေ နိုင်သည့် နည်းများကို သင်ကြားပေးမည်ဖြစ်သည်။

ယင်း ဆေးပညာသင်ကြားရေး စနစ်ကို World Federation of Medical Education ၏ သင်ရိုးညွှန်းတမ်း အပေါ်အခြေခံပြီး သင်ကြားပေး မည်ဖြစ်ပြီး အဆိုပါစနစ်ကို ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် စတင်ပြောင်းလဲရန် ကြိုးပမ်း ခဲ့သေးကြောင်း သိရသည်။

လက်ရှိတွင် ယင်းစနစ်ကို မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် ငါးခုနှင့် တပ်မတော်ဆေး တက္ကသိုလ် အပါအဝင် စုစုပေါင်း ဆေးတက္ကသိုလ် ခြောက်ခု၌ ပြောင်းလဲကျင့်သုံး သွားမည်ဖြစ်သည်။

သင်ရိုး ညွှန်းတမ်းများတွင် အရေးပေါ် ဆေးပညာရပ် များအပြင် အပြုအမူကျင့်ဝတ် ပိုင်းဆိုင်ရာ ဘာသာရပ်များ ထည့်သွင်း သင်ကြားပေး မည်ဖြစ်သည်။ လက်ရှိတွင် ဆေးတက္ကသိုလ် ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်း
အမှတ်ပေးစနစ် အတိုင်း သတ်မှတ်ထားပြီး နောက်ပိုင်းတွင် လူတွေ့ဖြေဆိုခြင်း များပါ ထည့်သွင်းရန် စီစဉ်လျက်ရှိသည်။

 ယင်းစနစ် သို့ပြောင်းလဲ ရခြင်းမှာ အရည်အသွေးနှင့် အရည်အချင်း ပိုင်းပါ ကိုက်ညီသည့် အမျိုးသား ကျန်းမာရေး စီမံကိန်းများ နှင့်ကိုက်ညီသော ဆရာဝန် ကောင်းများကို မွေးထုတ်ပေးနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း
သိရသည်။ 
.
#Themyawadydaily

Friday, December 9, 2016

2016 Asia - Yangon Regional Programming Contest ပြိုင်ပွဲကျင်းပ




ရန်ကုန် ၊ ၉-၁၂-၂၀၁၆

ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အမေရိကန် နိုင်ငံ Baylor University အခြေစိုက် ACM-ICPC အဖွဲ့ကြီး၏ နည်းပညာပံ့ပိုး ကူညီမှုဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ ပါဝင်သော ပထမဆုံး နိုင်ငံတကာ အဆင့်မီ 2016 Asia - Yangon Regional Programming Contest ပြိုင်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများက မြန်မာအကဖြင့် ဖျော်ဖြေတင်ဆက် ကြပြီး မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံ အသီးသီးရှိ ပြိုင်ပွဲဝင် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းနှင့် အဖွဲ့လိုက် မိတ်ဆက်ကာ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြသည်။

ဆက်လက်၍ ပြိုင်ပွဲများ ကျင်းပရာ နိုင်ငံတကာ အဆင့်ပြိုင်ပွဲကြီး တွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ ကွန်ပျူတာ တက္ကသိုလ် ၂၄ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၉၅ ဦးပါဝင်သော ပြိုင်ပွဲဝင် အသင်းပေါင်း ၆၅ သင်းမှ ရွေးချယ် ထားသော အသင်း ၃၈ သင်းနှင့် Asia Pacific and Indochina Peninsula Regional ရှိ စင်ကာပူ၊ တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း စသော နိုင်ငံခြား တက္ကသိုလ် ၁၄ ခုမှ အသင်း ၂၂ သင်းတို့ ယှဉ်ပြိုင်ကြသည်။

''ဒီပြိုင်ပွဲတွေ ကနေ နိုင်ငံကိုယ်စားပြု Programming ထူးချွန်တဲ့ ICT ကျောင်းသားအသင်းတွေ ပေါ်ထွက် လာစေမယ်။ Programming Problem တွေကို အသင်း အဖွဲ့လိုက် ဖြေရှင်းနိုင်တဲ့ Team Work အလေ့အကျင့် ကောင်းတွေ ရရှိလာပြီး ICT မျိုးဆက်ဖွံ့ဖြိုးရေး ကို အထောက်အကူပြု စေမှာဖြစ်ပါတယ်'' ဟု ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ ခိုင်မိုးနွယ် က ပြောသည်။

ယင်း Regional ပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ကျင်းပကာ ပြိုင်ပွဲမှတစ်ဆင့် Level သတ်မှတ်ကာ ရွေးချယ်သွားမည် ဖြစ်ရာ ရွေးချယ်ခံရမည့် အသင်းများသည် အမေရိကန် နိုင်ငံ Rapid City ၊ South Dakota ၌ ၂ဝ၁၇ ခုနှစ် မေ ၂ဝ ရက်မှ ၂၅ ရက်အထိကျင်းပမည့် The 2017 ACM- ICPC World Final ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Thursday, November 3, 2016

မြန်မာနိုင်ငံရေကြောင်း တက္ကသိုလ် IAMU အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်း ခံရ



ရန်ကုန် ၊ ၃-၁၁-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ကို ဥရောပနှင့် အာရှ အပြည်ပြည် ဆိုင်ရာ ရေကြောင်းတက္ကသိုလ် များအဖွဲ့ (International Association of Maritime Universities- IAMU) ၏ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင် ထံမှ သိရသည်။

''ဒီလို အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ရေကြောင်းတက္ကသိုလ် တွေရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ ပြီးခဲ့တဲ့ သုံးလေးနှစ် ကတည်းက ကျွန်တော်တို့ တက္ကသိုလ်အနေနဲ့ ကြိုးစားခဲ့ရ တာပါ။ အခုလိုအဖွဲ့ဝင် အဖြစ် အသိအမှတ်ပြု လိုက်တဲ့အတွက် အရမ်းဝမ်းသာ ဂုဏ်ယူမိ ပါတယ်။ နောက်ပိုင်းကာလ တွေမှာ အာရှနဲ့ ဥရောပ နိုင်ငံကြီးတွေရဲ့ ရေကြောင်း တက္ကသိုလ်ကြီး တွေမှာ မြန်မာကျောင်းသား လူငယ်တွေ ပညာသင်ယူခွင့် Scholarship အစီအစဉ် တွေအပြင် နိုင်ငံတကာ ရေကြောင်း တက္ကသိုလ် တွေနဲ့ ချိတ်ဆက်ပြီး စာတွေ့၊ လက်တွေ့ သင်ရိုးပိုင်းတွေ၊ နိုင်ငံအလိုက် တက္ကသိုလ် အချင်းချင်း ပညာရေး နှီးနှော ဆွေးနွေးပွဲတွေ နဲ့ ကျောင်းသား လူငယ်တွေ သွားရောက် ပညာ သင်ယူခွင့် ရရှိရေးတို့မှာလွယ်ကူလာ မှာပါ'' ဟု ဒေါက်တာ မြတ်လွင် က ပြောသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် အနေဖြင့် IAMU အဖွဲ့ဝင်ဖြစ်ရန် ပြီးခဲ့သည့် သုံးနှစ်ခန့်မှ စတင်၍ ခြောက်နှစ်သင် ကြားကာ ရေကြောင်းပညာ တက္ကသိုလ် ဘွဲ့များ ပေးအပ်နိုင်ရန် ဖွင့်လှစ် သင်ကြားမှုများ၊ IAMU အဖွဲ့မှ ပညာရှင်များက မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် သည် အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ်၏ ပြဋ္ဌာန်းချက် အတိုင်း စာတွေ့၊ လက်တွေ့ သင်ရိုး ညွှန်းတမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များ၏ ပညာသင်ကြား တတ်မြောက်မှု အခြေအနေ များနှင့် တခြားလေ့လာ တွေ့ရှိချက် များကို IAMU သို့ အစီရင်ခံစာ ရေးတင်ကာ ဘုတ်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များ အရ အဖွဲ့ဝင်နိုင်ငံ တက္ကသိုလ် အဖြစ် အသိအမှတ်ပြု ခဲ့ခြင်းဖြစ်သည်။

IAMU ကို တက္ကသိုလ် အဖွဲ့အစည်း ပေါင်း ၆ဝ ဖြင့်ဖွဲ့စည်းထားပြီး ဗီယက်နမ်နိုင်ငံ ဟုန်ဖုန်းမြို့၌ အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သော 17th Annual General Assembly of the International
Association of Maritime Universities အခမ်းအနားတွင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ကို IAMU အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု လက်မှတ် ပေးအပ်ခဲ့ရာ အဆိုပါ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင် က လက်ခံရယူ ခဲ့ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Thursday, October 13, 2016

ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ အတွက် ဂျပန်နိုင်ငံ JACOM Co., Ltd. က ပညာသင်ဆုများ ပေးအပ်မည်



ရန်ကုန် ၊ ၁၃-၁၀-၂၀၁၆

ဂျပန်နိုင်ငံ JACOM Co., Ltd. က ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်ဆုများ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုကို ယခုနှစ် ကျောင်းဖွင့်ရာသီ ဒီဇင်ဘာလတွင် စတင် တက်ရောက်မည့် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ပေးအပ် သွားမည်ဖြစ်ပြီး တစ်လလျှင် ငွေကျပ်ငါးသောင်း နှုန်းဖြင့် တစ်နှစ်အတွက် ငွေကျပ် ခြောက်သိန်းကို ဘွဲ့ရသည်အထိ ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။

''ပညာထူးချွန်ပြီး ပညာသင်စရိတ် အတွက် ငွေကြေး အခက်အခဲရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စာကြိုးစား နိုင်ဖို့နဲ့ ဘွဲ့ရပြီးရင်လည်း ဒီ JACOM ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတယ် ဆိုရင် အလုပ်ခန့် ပေးမယ်။ မြန်မာနဲ့ဂျပန် ဆက်ဆံရေးကို ပိုမိုကောင်းမွန် လာစေဖို့ ပံ့ပိုးပေးတာ ဖြစ်ပါတယ်'' ဟု ဂျပန်နိုင်ငံ JACOM Co., Ltd. မှ Director and Chief Operating Officer Mr. Kazuo Kawasaki က ပြောသည်။

အဆိုပါ ပညာသင်ဆုကို ၂ဝ၁၆ ပညာသင်နှစ်မှ ၂ဝ၁၉ ပညာသင်နှစ် အထိ ပံ့ပိုးပေး သွားမည်ဖြစ်ရာ ၂ဝ၁၆ ပညာသင် နှစ်တွင် ပထမနှစ်နှင့် ဒုတိယ နှစ်ကျောင်းသား၊ ကျောင်းသူနှစ်ဦး၊ ၂ဝ၁၇ ပညာသင်နှစ်၊ ၂ဝ၁၈ ပညာသင် နှစ်နှင့် ၂ဝ၁၉ ပညာသင် နှစ်တို့တွင် တစ်နှစ်လျှင် တစ်ဦးစီတိုး၍ သတ်မှတ် ရွေးချယ် ပံ့ပိုးပေး သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီပညာသင် ဆုက ကျောင်းသား၊ ကျောင်းသူတွေ အတွက် စာအုပ်စာတမ်းကြေး ကုန်ကျစရိတ်နဲ့ ကျောင်းဖယ်ရီခ စတဲ့ လိုအပ်တဲ့ အစိတ်အပိုင်း တွေကို လုံလောက်မှု ရှိစေဖို့ အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။ အဓိကကတော့ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေဖို့ JACOM ကုမ္ပဏီက တတ်နိုင်တဲ့ ဘက်က ပါဝင်ပံ့ပိုးကူညီ ပေးတာ ဖြစ်ပါတယ်။ ပညာသင်ဆု အပြင် ဘွဲ့ရပြီးရင် လည်း ဂျပန်နိုင်ငံက JACOM ကုမ္ပဏီမှာ သွားရောက် လုပ်ကိုင်နိုင်မယ့် အခွင့်အရေး လည်းရရှိနိုင်မှာ ဖြစ်ပါတယ်'' ဟု ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ ခိုင်မိုးနွယ် က ပြောသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

Friday, September 23, 2016

ငွေကြေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ဖွင့်လှစ်မည်


ရန်ကုန် ၊ ၂၃-၉-၂၀၁၆

ပထမဆုံးအကြိမ် အဖြစ် ငွေကြေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းကို ရန်ကုန်မြို့၌ အောက်တိုဘာ ၉ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း MIND Investment Institute မှ သိရသည်။

အဆိုပါ Post Graduate Diploma in Financial Management Program သည် CFO, Finance Director/Manager level အထိတက်လှမ်း လိုသူများအတွက် အဓိက မေဂျာလေးခုကို စာတွေ့၊ လက်တွေ့သင်ကြား ရမည်ဖြစ်ပြီး သင်တန်းကာလ အနေဖြင့် ငါးလ ကြာမြင့်မည် ဖြစ်သည်။

ထို့ပြင် Diploma လေးခုနှင့် ညီမျှသော အပြည်ပြည်ဆိုင်ရာ အဆင့်မီ သင်ရိုးညွှန်းတမ်း များမှာ နိုင်ငံခြားတက္ကသိုလ် များမှ Finance ဆိုင်ရာ အတွေ့အကြုံရှိ ပါမောက္ခ များကိုယ်တိုင် ရေးဆွဲထားသော Program တစ်ခုဖြစ်ခြင်း ကြောင့် ကုမ္ပဏီများ၏ Finance department တွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများ၊ Accountants များ၊ ဘဏ်ဝန်ထမ်းများ၊ ဘဏ္ဍာရေးနှင့် ငွေကြေး လောကသို့ စတင်ဝင်ရောက် လိုသူများအနေ ဖြင့် မိမိ၏ အသိပညာ ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရေး အတွက် လေ့လာသင့်သော Program တစ်ခုဖြစ် သည်။

ယင်းသင်တန်းတွင် အပြည်ပြည် ဆိုင်ရာ တက္ကသိုလ်များမှ အရည်အချင်း ပြည့်ဝသော ပါမောက္ခများ ကိုယ်တိုင် သင်ကြားပေးရန် စီစဉ်ထားကြောင်း သိရသည်။

PDFM Program ကို Principles of Financial Management ၊ Managerial Accounting ၊ Planning and Budgeting ၊ Business and Economics ဟူ၍ အပိုင်းလေးခု ခွဲထားပြီး အပိုင်းတစ်ခုစီ သည် အရေးကြီးသော ငွေကြေးနှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု အသိပညာ တစ်ခုစီကို အထူးပြုသင်ကြား သွားမည်ဖြစ်သည်။ ယင်းသင်တန်းကို မည်သည့်ဘွဲ့ရသူ မဆို တက်ရောက်နိုင် သည့်အပြင် လုပ်ငန်း အတွေ့အကြုံ ရှိသူများ လည်း တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အသေးစိတ် သိရှိလိုပါက MIND ရုံး ဖုန်း- ဝ၉-၉၆ဝ၉၅ ဝဝဝ၈ နှင့် ဝ၉- ၂၆၂၃၇ ၇၄၅၄ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

Monday, August 8, 2016

တတိယနှစ် ဥပဒေအထူးပြု ဘာသာရပ်တွင် လူ့အခွင့်အရေး အကြောင်းအရာများ စတင်သင်ကြားပေးမည်


ရန်ကုန် ၊ ၈-၈-၂၀၁၆

ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် ဥပဒေအထူးပြု တတိယနှစ် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်များ၏ ဥပဒေ ဘာသာရပ် များတွင် လူ့အခွင့်အရေး ဆိုင်ရာ အကြောင်းအရာများ ထည့်သွင်း၍ စတင် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

''သင်ကြားပေး နိုင်ဖို့က အဝေးသင်ရော နေ့ကျောင်းသား တွေပါ သင်ကြားရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တက္ကသိုလ် တွေရဲ့ ဥပဒေဌာန ၁၈ ခုက ပညာရှင် တွေနဲ့ သင်ရိုးညွှန်းတမ်း ရေးဆွဲဖို့ အထိ အလုပ်ရုံ ဆွေးနွေးပွဲ တွေလည်း လုပ်ပြီးသွား ပါပြီ။ ဒီလိုသင်ကြား ပေးတဲ့ ရည်ရွယ်ချက် က ကျောင်းပြီးသွားတဲ့ ကလေးတွေဟာ ဥပဒေပြုစုတဲ့ သူတွေနဲ့ ဆုံးဖြတ်ချက် ပေးနိုင်တဲ့ အဖွဲ့အစည်း တွေမှာပါရှိရင် ဒီ လူ့အခွင့်အရေး အကြောင်းအရာ တွေကိုသိရှိပြီး အကျိုးပြု နိုင်အောင်ပါ ''ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ပါမောက္ခ (ငြိမ်း) ဒေါက်တာ သန်းနွဲ့ ကပြောသည်။

ထိုသို့သင်ကြား ပေးနိုင်ရန် နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်း ရေးဆွဲလျက် ရှိပြီး SHAPE-SEA ဟုခေါ်သည့် အရှေ့တောင် အာရှ လူ့အခွင့်အရေး အဖွဲ့မှ နည်းပညာ အကူအညီ ပေးခြင်း၊ နော်ဝေ လူ့အခွင့်အရေး စင်တာမှ ရန်ပုံငွေ ပံ့ပိုးပေးခြင်း၊ ထိုင်းနိုင်ငံ မဟိဒေါ တက္ကသိုလ်မှ ပညာရှင်များဖြင့် ရေးဆွဲခြင်း၊ မလေးရှား နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့မှ ပညာရှင်များဖြင့် သင်ရိုးများ ရေးဆွဲမှု မူကြမ်းအဆင့် ပြီးနေပြီဟု သိရသည်။

ထိုဘာသာရပ်တွင် လူ့အခွင့်အရေး နှင့် သက်ဆိုင်သည့် နိုင်ငံတကာ အဖွဲ့အစည်း များ၏ ထုတ်ပြန်ချက်များ၊ ကြေညာစာတမ်း များနှင့် သတင်း အချက်အလက် များပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အခြေခံပညာ ကဏ္ဍတွင် ၂ဝဝ၄ ခုနှစ် မှစ၍ ပဉ္စမတန်းနှင့် ဆဋ္ဌမတန်းတို့၌ လူ့အခွင့်အရေး ဘာသာရပ် အနေဖြင့် သီးသန့် မဟုတ်သော်လည်း ပြည်သူ့နီတိ ဘာသာရပ် အနေဖြင့် သင်ကြားပေး နေပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ကျန်ရှိနေသည့် အတန်းများ၌ ဆက်လက် သင်ကြားနိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၆)

Monday, August 1, 2016

ဆန်စပါးထုတ်လုပ်သည့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် စပါးသီးနှံအထူးပြု သင်ရိုးညွှန်းတမ်းကို စတင်သင်ကြားပို့ချ ပေးလျက်ရှိ



နေပြည်တော် ၊ ၁-၈-၂၀၁၆

နေပြည်တော် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်၌ ဆန်စပါး ထုတ်လုပ်သည့် ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ပေး နိုင်ရန် စပါးသီးနှံ အထူးပြု သင်ရိုးညွှန်းတမ်း ကို စတင် သင်ကြားပို့ချ ပေးလျက် ရှိကြောင်း သိရသည်။

''ဒီနှစ်က ရေကြီးရေလျှံမှု တွေကြောင့် ပြည်တွင်းမှာ ရှိတဲ့ စပါးခင်းတွေ ပျက်စီး ကုန်တဲ့အတွက် အခုလို စပါးသီးနှံ အထူးပြု သင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါတယ်။ စပါးသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု ကျွမ်းကျင်ပိုင် နိုင်တဲ့ စိုက်ပျိုးရေး ဘွဲ့ရ မောင်/မယ် ၅ဝ ၊ စပါးအထူးပြု ဘွဲ့လွန် ဒီပလိုမာ မောင်/မယ် ၃ဝ နဲ့ စပါးအထူးပြု မဟာသိပ္ပံဘွဲ့ရ မောင်/မယ် ၂ဝ တို့ကို နှစ်စဉ်မွေးထုတ် ပေးသွားဖို့ ဆောင်ရွက် နေပါတယ်။ စပါးသီးနှံ အထူးပြု သင်တန်းကို တက်ရောက်မယ့် ကျောင်းသား က စပါးနဲ့ ပတ်သက်တဲ့ စာတမ်း လုပ်ရမယ်။ စပါးနဲ့ ပတ်သက်တဲ့ သုတေသနတွေ လုပ်ရမယ်။ စပါးနဲ့ ပတ်သက်တာ တွေကို စာတွေ့ရော လက်တွေ့ပါ သင်ကြားရမှာ ဖြစ်ပါတယ်။ သင်တန်းတွေ အားလုံးမှာ သင်ကြား ပို့ချမယ့် သင်ရိုးညွှန်းတမ်း တွေကို ဆန်စပါး အခြေပြု ဘာသာရပ် တွေနဲ့ အထူးပြု သင်ကြားပေး သွားမှာ ဖြစ်ပါတယ်'' ဟု ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မျိုးကြွယ် က ပြောသည်။

ယခုနှစ် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ၌ ပထမနှစ် ဝင်ခွင့်အတွက် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၅ဝဝ ကျော် လာရောက် လျှောက်ထားပြီး ၄င်းတို့အနက်မှ စပါးသီးနှံ အထူးပြု သင်တန်းတွင် ဦးရေ ၅ဝ အပါအဝင် ၄၅ဝ ဦးခန့်ကို ရွေးချယ် သွားမည် ဖြစ်ကြောင်း၊ ဝင်ခွင့်အတွက် ရေးဖြေ စာမေးပွဲကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖြေဆိုရမည်ဖြစ်ပြီး လူတွေ့ စစ်ဆေးခြင်းကို အောက်တိုဘာ လလယ်ခန့်တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း၊ ဖြေဆိုအောင်မြင် သည့် ကျောင်းသား၊ ကျောင်းသူများ၏ ပထမနှစ်ဝင်ခွင့် စာရင်းကို အောက်တိုဘာ လကုန်တွင် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ဆန်စပါး အထူးပြု စိုက်ပျိုးရေး ပညာဘွဲ့ သင်တန်းကာလမှာ ငါးနှစ်သင်တန်း ဖြစ်ကာ ဆန်စပါး အထူးပြု ဘွဲ့လွန်ဒီပလိုမာ သင်တန်းမှာ တစ်နှစ်ခွဲနှင့် ဆန်စပါး အထူးပြု မဟာသိပ္ပံ သင်တန်းမှာ နှစ်နှစ် ဖြစ်သည်။ ထို့ပြင် သင်တန်းများတွင် အပြည်ပြည် ဆိုင်ရာ ဆန်စပါး သုတေသန ဌာနမှ ဆန်စပါး ကျွမ်းကျင် ပညာရှင်များအား ဖိတ်ကြား၍ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ပြီး စိုက်ပျိုးရေး ဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတို့မှ ဆန်စပါး ပညာရှင်များ ကိုလည်း ဖိတ်ခေါ်၍ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၁၃)

Monday, July 25, 2016

သတင်းအချက်အလက် နည်းပညာတက္ကသိုလ် တွင် Open Campus ကျင်းပမည်



ရန်ကုန် ၊ ၂၅-၇-၂၀၁၆

ICT ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် အရည်အချင်း ပြည့်မီသော လူ့စွမ်းအား အရင်းအမြစ် များ မွေးထုတ်ပေး နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်၌ Open Campus ကို သြဂုတ် ၁ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် သံလွင်လမ်းရှိ အဆိုပါ တက္ကသိုလ်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Open Campus ပွဲတွင် လေးနှစ်တာ ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ရေးဆွဲထားသည့် Projects များ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသော သုတေသန လုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့် သင်ကြားပေး နေမှုပုံစံနှင့် ကျောင်းသား၊ ကျောင်းသူများ သင်ယူလေ့လာ နေကြသည့် ပုံစံများကိုလည်း စိတ်ပါဝင်စား  သူများ အနေဖြင့် လွတ်လပ်စွာ လေ့လာ ကြည့်ရှုနိုင်မည် ဖြစ်သည်။

ထို့ပြင် တက္ကသိုလ်၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက် များကို သိရှိစေရန် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့ စိတ်ပါဝင်စားသည့် အထူးပြု ဘာသာရပ်၊ အသက်မွေး ဝမ်းကျောင်း ဘာသာရပ်များကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး အထောက်အကူ ဖြစ်စေရန်၊ ကုမ္ပဏီ လုပ်ငန်းရှင်များမှ ယနေ့ ICT အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်း များကို လေ့လာဆန်းစစ် အကဲဖြတ်၍ မိမိတို့ လုပ်ငန်းများ အတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ် များကို ရွေးချယ်ခန့်ထား နိုင်ရန် သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်မှ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ် ခိုင်မာရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြား နေမှုများကို သိရှိစေရန်၊ ICT ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု အရည်အချင်း ပြည့်မီသော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရာတွင် Public Private Partnership (PPP) ပုံစံဖြင့် ဆောင်ရွက်နိုင်ရန် ကျင်းပခြင်း ဖြစ်ကြောင်း တွဲဖက်ပါမောက္ခ ဒေါက်တာ ဆွေဇင်လှိုင် က ပြောသည်။

သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ တွင် အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ် တစ်ခုအဖြစ် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် (ဗဟန်းနယ်မြေ) ကို ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဧပြီလ တွင် သတင်း အချက်အလက် နည်းပညာ တက္ကသိုလ် (University of Information Technology - UIT) ဟု အမည်ပြောင်းလဲ ခဲ့သည်။ ထို့ပြင် UIT သို့ တက်ရောက်လိုလျှင် တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ်ပေါင်း ၄၅ဝ နှင့်အထက်ဖြင့် အောင်မြင်သူများ ဖြစ်ရမည်ဖြစ်ပြီး နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂ဝဝ ကို လက်ခံသင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

လင်းခန့်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Friday, July 22, 2016

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ၀င်ခွင့်လျှောက်ထားရမည့် ထုတ်ပြန်



ရန်ကုန် ၊ ၂၂-၇-၂၀၁၆

တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီးသူများ အနေဖြင့် အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ်များ၌ တက်ရောက် လိုပါက ဝင်ခွင့်များကို စတင် လျှောက်ထားနိုင်ပြီး အောက်တိုဘာ ၂၁ ရက် နောက်ဆုံးထား လျှောက်ထား ရမည်ဖြစ်ကြောင်း အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် မှ သိရသည်။

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)နှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) တို့၌ ဂီတပညာ၊ သဘင်ပညာ၊ ပန်းချီပညာ၊ ပန်းပုပညာ၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာ အထူးပြု ဘာသာရပ် များကို သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းကာလ လေးနှစ်ပြီး ပါက ဝိဇ္ဇာဘွဲ့ ပေးအပ်မည် ဖြစ်ကြောင်းနှင့် ယင်း တက္ကသိုလ် ၌ တက်ရောက် လိုသူများသည် တက္ကသိုလ်ဝင် စာမေးပွဲတွင် မည်သည့် ဘာသာတွဲ ဖြင့် အောင်မြင်သည် ဖြစ်စေ တက်ရောက် နိုင်ပြီး အထူးပြု ဘာသာရပ်များ ကိုလည်း ဝါသနာပါသည့် အတိုင်း လျှောက်ထား နိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့ရှိ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး သူများကို အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ၌ လက်ခံသင်ကြား ပေးမည်ဖြစ်ပြီး နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့မှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး သူများကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) ၌ လက်ခံသင်ကြား ပေးမည် ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့်လျှောက်လွှာ များကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) နှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) တို့၌ ရယူနိုင်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ (၁၂)

Wednesday, July 13, 2016

ကျိုင်းတုံတက္ကသိုလ် တွင် ရှမ်းစာပေ စတင်သင်ကြားပေးမည်



ကျိုင်းတုံ ၊ ၁၃-၇-၂၀၁၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ တက္ကသိုလ် တွင် ရှမ်းစာပေကို စတင်သင်ကြား ပေးမည်ဖြစ်ကြောင်း ကျိုင်းတုံ တက္ကသိုလ် ရူပဗေဒဌာနမှူး ပါမောက္ခ ဒေါက်တာ စိုင်းထွန်းအေး က ပြောသည်။

''ကျိုင်းတုံ တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ရှမ်းတိုင်းရင်းသား တွေက အကြောင်း အမျိုးမျိုးကြောင့် ရှမ်းစကားနဲ့ ရှမ်းစာပေ မတတ်ခဲ့ကြလို့ သင်ကြားပေး တာပါ။ ခွင့်ပြုချက် ရရင် ဒီလအတွင်း စတင် သင်ကြားပေး ပါမယ်'' ဟု ၄င်းက ပြောသည်။

ကျိုင်းတုံတက္ကသိုလ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ အနေဖြင့် ရှမ်းတိုင်းရင်းသား များအပါအဝင် တခြား စိတ်ပါဝင်စားသည့် တိုင်းရင်းသား များကိုပါ ရှမ်းစာပေ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ် အပါအဝင် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် တို့၌ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီများကို ၂ဝ၁၅ ခုနှစ်က စတင်ဖွဲ့စည်း ခဲ့သည့်အပြင် တက္ကသိုလ်များ စုပေါင်း၍ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖြစ် ထပ်မံဖွဲ့စည်း ထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တိုင်းရင်းသား ဘာသာစကား များကို ကျောင်းချိန် ပြင်ပတွင် တရားဝင် သင်ကြားခွင့်အား ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ကခွင့်ပြုပြီး ဖြစ်သော်လည်း သက်ဆိုင်ရာ ဒေသရှိ စာသင်ကျောင်း များ၏ စာသင်ခန်း၊ စားပွဲ၊ ထိုင်ခုံနှင့် ကျောက်သင်ပုန်း များကို အသုံးပြု ရမည် ဖြစ်သောကြောင့် ရုံးစည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ စနစ်တကျ ဖြစ်စေရန် မြို့နယ် ပညာရေးမှူးရုံး သို့ ခွင့်ပြုချက် တောင်းခံ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

သမိုင်းဘာသာရပ် သင်ပြသူနည်းပါးပြီး သမိုင်းဖွံ့ဖြိုးရေး အတွက် ဆန်းစစ်လုပ်ဆောင်ရန်လို



ရန်ကုန် ၊ ၁၃-၇-၂၀၁၆

မြန်မာ့ ပညာရေး လောကအတွင်း သမိုင်း ဘာသာရပ် နှင့် ပတ်သက်၍ သင်ကြား ပြသပေးသူ နည်းပါးလာပြီး သမိုင်း ဘာသာရပ် ဖွံ့ဖြိုးရေး အတွက် ဆန်းစစ် လုပ်ဆောင်ရန် လိုအပ်လာကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေး မှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်ဆွေဆွေလဲ့ က ပြောသည်။

ပညာရေး ကဏ္ဍတွင် သမိုင်း ဘာသာရပ် သင်ယူသူ အရေအတွက်မှာ သိသိသာသာ နည်းပါး လာကြောင်း၊ ယခုကဲ့သို့ နည်းပါး လာခြင်းသည် သိပ္ပံ၊ ဝိဇ္ဇာ ဘာသာရပ် ခွဲခြားခြင်း၊ လုပ်ငန်းကဏ္ဍ များသည် အိုင်တီခေတ် နှင့်အညီ အိုင်တီနှင့် ဆက်နွှယ်သည့် လုပ်ငန်း များသာ လုပ်ကိုင်ခြင်း များကြသဖြင့် သမိုင်း သင်ယူမှု နည်းပါး လာသည့် အနေအထား ဖြစ်နိုင်ကြောင်း သိရသည်။

ထို့ပြင် သမိုင်းဘာသာရပ် သင်ကြားသူ နည်းပါး လာသည်နှင့် အတူ သမိုင်း၊ ပထဝီ ဘာသာရပ် တို့ဖြင့် စာမေးပွဲ ကျရှုံးသူများလည်း ရှိလာသဖြင့် ယခုအခါ သင်္ချာ၊ အင်္ဂလိပ်စာ ဘာသာရပ်တို့ နှင့်အတူ သမိုင်း၊ ပထဝီဝင် ဘာသာရပ် တို့မှာလည်း အလေးထားရန် လိုအပ်ကြောင်း သိရသည်။

ပညာရေးကဏ္ဍ တွင် အဋ္ဌမတန်း ပြီးပါက  ဘာသာရပ်ခွဲရာတွင် ဝိဇ္ဇာ ဘာသာရပ်ကို သင်ယူသူနည်းပြီး သိပ္ပံ ဘာသာရပ်ကိုသာ သင်ယူသူ အရေအတွက် များနေကာ အဝေးသင် တက္ကသိုလ် တက်ရောက် ရာတွင်လည်း ပထဝီနှင့် မြန်မာစာ ဘာသာရပ်များ ကိုသာ လျှောက်ထားမှု များပြီး သမိုင်းဘာသာရပ် ကို လျှောက်ထားသူ နည်းပါးလျက် ရှိသည်။

သို့ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာ နှင့် ပထဝီဝင် ဘာသာရပ်များကို စိတ်ဝင်စားမှု ရှိနေပြီး သမိုင်းဘာသာရပ် ကိုပါ စိတ်ပါဝင်စားမှု ရှိလာစေရန်နှင့် မြန်မာလူမျိုးများ မြန်မာ့သမိုင်း စဉ်ဆက် သိရှိစေရန် ဆန်းစစ် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း သိရသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

တောင်ကြီးတက္ကသိုလ်၌ ခရီးသွားလုပ်ငန်းဆိုင်ရာ ဘွဲ့ကြိုသင်တန်း တိုးချဲ့ဖွင့်လှစ်မည်



တောင်ကြီး ၊ ၁၃-၇-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရှိ တောင်ကြီး တက္ကသိုလ်၌ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှ စ၍ ခရီးသွား လုပ်ငန်းဆိုင်ရာ ဘွဲ့ကြိုသင်တန်း တိုးချဲ့ဖွင့်လှစ် သွားရန် စီစဉ် ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

B.A(Tourism & Hospitality Management) ဘွဲ့ ပေးအပ် ချီးမြှင့်မည့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ဘွဲ့ကြိုသင်တန်း တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး လာမည့် တက္ကသိုလ် ပညာသင်နှစ်မှ စ၍ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘာသာရပ်ကို တက်ရောက်ရန် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို အောင်မြင်ခဲ့သူများ လျှောက်ထား နိုင်ကြောင်း သိရသည်။

ထို့ပြင် အမှတ် ကန့်သတ်ချက် မရှိဘဲ တစ်နှစ်လျှင် ဘွဲ့ကြို သင်တန်းသား ဦးရေ ၁ဝဝ ခန့် ခေါ်ယူသွားမည် ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အတွက်လည်း အဆောင်များ စီစဉ်ပေးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍ မြှင့်တင်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်နှင့် ပြည်တွင်းမှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အဆင့်မြင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ဘာသာရပ်များ လေ့လာသင်ယူ နိုင်စေရန် စသည့် ရည်ရွယ်ချက် များဖြင့် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ကျောင်းများ၊ ဒီဂရီကောလိပ် များ၌ ခရီးသွားလုပ်ငန်း ဆိုင်ရာ ဘွဲ့ကြို သင်တန်းများ ဖွင့်လှစ်သွားမည် ဖြစ်ရာ ရှေးဦးစွာ တောင်ကြီး တက္ကသိုလ် ၌ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ခရီးသွားလုပ်ငန်း ဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးသော B.A (Tourism) ဘွဲ့ကြိုသင်တန်း များကို ရန်ကုန် နှင့် မန္တလေးမြို့ တို့၌ ဖွင့်လှစ် သင်ကြားပေး နေပြီး ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင် မြို့နယ်၌ ဖွင့်လှစ်ထားသော အမျိုးသား စီမံခန့်ခွဲမှု ပညာဒီဂရီ ကောလိပ် (NMDC) ၌ သင်ကြား ပို့ချလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၄)

Thursday, July 7, 2016

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် များ၏ ဘွဲ့လက်မှတ်များကို အာဆီယံအဆင့် အသိအမှတ်ပြုရန် စီစဉ်



ရန်ကုန် ၊ ၇-၇-၂၀၁၆

ပညာရေး ဝန်ကြီးဌာန၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ပထမငါးနှစ် စီမံကိန်းတွင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် မှစ၍ မြန်မာနိုင်ငံ အတွင်းရှိ တက္ကသိုလ် များ၏ ဘွဲ့လက်မှတ်များကို အာဆီယံအဆင့် အသိအမှတ် ပြုရန် စီစဉ်နေကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

''တက္ကသိုလ်တွေက ဘွဲ့လက်မှတ် အသိ အမှတ် ပြုဖို့ လိုပါတယ်။ ဒါမှ လုပ်ငန်းခွင်နဲ့ တိုက်ရိုက် ချိတ်ဆက် လာနိုင်ပါမယ်'' ဟု အဆင့်မြင့် ပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် အရည်အသွေး ရှိသည့် မူဘောင် လုပ်ငန်းစဉ်များ စတင်ချမှတ်ပြီး နိုင်ငံတကာ တက္ကသိုလ် အဖွဲ့အစည်းများ၊ ပညာရေး အဖွဲ့အစည်း များနှင့် ပူးပေါင်း တိုးချဲ့ခြင်း၊ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်၊ ဥပဒေ ဘာသာရပ်၊ စီးပွားရေး ဘာသာရပ် သင်ကြားမှု မြှင့်တင်ရေးနှင့် တက္ကသိုလ်ဝင်ခွင့် ပြောင်းလဲရေး အစရှိသည့် ပညာရေး မူဝါဒများကို ပြောင်းလဲရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘွဲ့ ကြိုတန်း တက္ကသိုလ် ကျောင်းသားများ နိုင်ငံတကာ ပညာရေးနှင့် ချိတ်ဆက်ရာတွင် အသိအမှတ်ပြု မခံရခြင်း၊ နိုင်ငံတကာ၌ သွားရောက် သင်ကြား လိုသော်လည်း အရည်အသွေး အကဲဖြတ်မှု ပုံစံကွာခြား နေခြင်းတို့ကြောင့် အခက်အခဲ ဖြစ်ပေါ် နေခြင်းနှင့် ကျောင်းဝင်ခွင့် ကွဲလွဲနေခြင်း စသည် တို့ကို ပြုပြင်ပြောင်းလဲ သင့်ကြောင်း ပုသိမ် တက္ကသိုလ် သမိုင်းဌာနက ကထိက ဦးသန်းထိုက်အောင် က ပြောသည်။

ထို့ပြင် တက္ကသိုလ်တိုင်း ၌ ဘဏ္ဍာရေး လွတ်လပ်ခွင့်၊ ဘာသာရပ် ဆိုင်ရာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်၊ ဆရာ၊ ဆရာမ ခန့်ထားရေး စီမံခန့်ခွဲခွင့် များဖြင့် အကောင်အထည် ဖော်ခြင်း၊ မိမိတက္ကသိုလ် ၏ လိုအပ်ချက်နှင့် အညီ သင်ကြားရေး မဟာဌာန များကိုဖွဲ့စည်း နိုင်ခြင်း၊ လိုအပ်ချက်နှင့် အညီ ဆရာ၊ ဆရာမများကို လိုအပ်သလို ခန့်ထား ခွင့်ပြုခြင်း တို့အပါအဝင် ရန်ပုံငွေ ရှာဖွေနိုင်သည့် အခွင့်အရေး များကိုလည်း ပေးအပ်သွားရန် လိုကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၄)
Related Posts Plugin for WordPress, Blogger...