Social Icons

Pages

Showing posts with label ရိုးရာယဉ်ကျေးမှု. Show all posts
Showing posts with label ရိုးရာယဉ်ကျေးမှု. Show all posts

Monday, October 8, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်းခံခဲ့ရသည့် စစ်သည်၊ စစ်သမီးများ၏ဖျော်ဖြေတင်ဆက်မှုများအား တက်ရောက်ကြည့်ရှုအားပေး



 

 



နေပြည်တော်၊ အောက်တိုဘာ - ၇

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကိုထိန်းသိမ်းရန်၊ ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် နိုင်ငံတော်နှင့်တပ်မတော်အဆင့်ဖျော်ဖြေရေးများတွင် အဆင့်အတန်းမြင့်မားစွာဖျော်ဖြေနိုင်စေရန် အတွက်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ စက်တင်ဘာလ အတွင်းကျင်းပပြုလုပ်ခဲ့သည့်(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်းခံခဲ့ရသော စစ်သည်၊ စစ်သမီးများသည် အောက်တိုဘာ ၆ ရက်ညပိုင်းတွင် နေပြည်တော်ရှိ၊ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်၌ အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြကွက်များအား ကပြဖျော်ဖြေ တင်ဆက်ကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးသည်။

အဆိုပါဖျော်ဖြေပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) ရုံး/ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြည့်ရှုအားပေးကြသည်။


ဖျော်ဖြေပွဲအခမ်းအနားတွင် အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေး တပ်မှ စစ်သည် များက "စံတော်ချိန်တီးလုံး၊ နှဲထပ်ပတ်ထပ်လက်စွမ်းပြ" တီးလုံးဖြင့်လည်းကောင်း၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး(အစားခန့်)အေးသူဇာကျော် က တေးရေး ရွှေတိုင်ညွန့်ရေးဖွဲ့ခဲ့ပြီး တေးသံရှင်စိန်ပါတီကသီဆိုခဲ့သည့် "စံပယ်တင်မှဲ့" တေးသီချင်းဖြင့် လည်းကောင်း၊ တပ်သားအေးမင်းထွန်းနှင့် တပ်ကြပ်ကြီး (အစားခန့်)နွယ်နီဝင်းတို့က "အပေါင်းမွေ့ဘွယ်သောင်းရွှေ့လယ်" မြိုင်ထနှစ်ပါးသွား အကဖြင့်လည်းကောင်း၊ ဒုတိယအရာခံဗိုလ် စန်းလွင်က တေးရေးမင်းယုနိုင်(ကဗျာ)က ရေးဖွဲ့ခဲ့ပြီး တေးသံရှင်စန္ဒရားထွန်းညွန့်သီဆိုခဲ့သည့် "စာဆိုစစ်သည်" သီချင်းဖြင့် လည်းကောင်း၊ အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများ က "စင်တင်မျက်လှည့်" ဖြင့်လည်းကောင်း၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲမှ စစ်သည်၊ စစ်သမီးများက "စိန်သရဖူအငြိမ့်"ဖြင့်လည်းကောင်း၊ အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများက "နန်းဘုံသီဟာဘွေ အိုးစည်ယိမ်း အက" ဖြင့်လည်းကောင်းသီဆိုကပြဖျော်ဖြေကြသည်။


ယင်းနောက် အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများက သက္ကရာဇ် ၁၂၄၇ ခုနှစ် နယ်ချဲ့အင်္ဂလိပ်အစိုးရလက်အောက်သို့ ကျရောက်စဉ် သူ့ကျွန်မခံလိုသည့် ပုဂံ ညောင်ဦးမြို့နယ်၊ ငါ့သရောက်ဆယ်ရွာမှ တိုင်းရင်းဆေးဆရာ ဆရာချိုမှသားနှစ်ယောက်နှင့် အတူမျိုးချစ်စိတ်ရှိသည့်ဒေသခံ များနှင့်စုပေါင်း၍ ဗိုလ်ချိုအမည်ခံပြီးနယ်ချဲ့အစိုးရအား လေးနှစ်ခန့် တော်လှန် တိုက်ခိုက်ခဲ့စဉ် အနိုင်ယူအောင်မြင်ခဲ့မှုများနှင့် ကျန်းမာရေးအခြေအနေ ကြောင့်သီရိပစ္စယာ ဂူပြောက်ဘုရားတွင်အနားယူနေချိန်၌ သစ္စာဖောက်နယ်ချဲ့အလိုတော်ရိတစ်ယောက်ကြောင့် အဖမ်းခံခဲ့ရပြီး ကြိုးစင်တက်ခဲ့ရမှုများအား ပုံဖော်တင်ဆက်ထားသည့် "ရဲမာန်ဝံ့ကြွားပုဂံသား" ပြဇာတ်ဖြင့်ဖျော်ဖြေတင်ဆက်ကြပြီး နောက် (၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့် ပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်းခံခဲ့ရသည့် စစ်သည်၊ စစ်သမီးများက "ဇာတိမာန်"သီချင်းဖြင့်သီဆိုဖျော်ဖြေကြသည်။






ဖျော်ဖြေပွဲအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းနှင့်ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

Tuesday, August 28, 2018

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် မြန်မာ့ရိုးရာ ဆံကေသာ ဆံရစ်ဝိုင်းထားရှိသူ ဦးရေ ၅ဝဝ ခန့်ရှိ



ပွင့်ဖြူ ၂၈-၈-၂ဝ၁၈

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အတွင်းရှိ ရေပုတ်ကြီး ကျေးရွာတွင် မြန်မာ့ရိုးရာဆံကေသာ ဆံရစ်ဝိုင်းထားရှိသူ ဦးရေ ၅ဝဝ ခန့်ရှိကာ ယခုလပိုင်းတွင် အဆိုပါကျေးရွာသို့ လာရောက်လည်ပတ် လေ့လာသူများပြား လာကြောင်း ရေပုတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလူဝင်းထံမှ သိရသည်။

ယနေ့ခေတ်ကာလတွင် ဆံကေသာ ဆံရစ်ဝိုင်းထားရှိသူ ရှားပါးသွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စက်စက်ယိုကျေးရွာနှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ရှေးယခင်ကတိုင် ဆံကေသာဆံရစ် ဝိုင်းထားရှိသော ဓလေ့ရှိနေဆဲဖြစ်သဖြင့် လာရောက်လည်ပတ် လေ့လာကြကြောင်း သိရသည်။

"ကျွန်တော်တို့ ကျေးရွာကို မကွေး၊ရန်ကုန်နဲ့ မန္တလေးမြို့တွေက ဧည့်သည်တွေနဲ့ နိုင်ငံခြားသား တချို့လဲ လာရောက် လည်ပတ်လေ့လာ တာတွေရှိပါတယ်။ ဒါပေမဲ့ ညောင်ဦးမြို့နယ်က စက်စက်ယို ကျေးရွာလောက်တော့ မကျော်ကြား သေးပါဘူး။ ၂ဝ၁၄ ခုနှစ်လောက်ကစပြီး ဓာတ်ပုံဆရာတွေရဲ့ အဆက်အသွယ်နဲ့ ဧည့်သည်တွေ လာရောက် လည်ပတ်မှုတွေ ရှိလာတယ်လို့ ပြောရမယ်။ အခုလထဲတော့ လာရောက်လေ့လာသူတွေ တော်တော်များများတွေ့နေရတယ်"ဟု ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလူဝင်းက ပြောပြသည်။

ရေပုတ်ကြီးကျေးရွာတွင် အိမ်ခြေ ၆၅ဝ၊ လူဦးရေ ၃၁၇ဝရှိကာ ဆံရစ်ဝိုင်းထားရှိသူ အမျိုးသား၊ အမျိုးသမီး ဦးရေ ၅ဝဝခန့်ရှိပြီး လာရောက်လေ့လာ သူများပြားကြောင်း၊ ယနေ့တိုင် မြန်မာ့ရိုးရာဆံကေသာ ဆံရစ်ဝိုင်းလေးများကိုရိုးရာအမွေအဖြစ် ဆက်လက် ထိန်းသိမ်းနိုင်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဒေသခံများထံမှ သိရသည်။

#Themyawadydaily

Wednesday, January 10, 2018

နန်းယွန်းမြို့ ၌ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမည်



နန်းယွန်း ၁ဝ-၁-၂ဝ၁၈

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (နာဂဦးစီးအဖွဲ့) တို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့၌ နာဂရိုးရာ နှစ်သစ်ကူး ပွဲ တော် ကို ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကျင်းပမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် ပြခန်းများ ဖွင့်လှစ်ခြင်း၊ ရိုးရာတံခွန်တိုင်စိုက်ထူ ပွဲကျင်းပခြင်း၊ ဇန်နဝါရီ ၁၅ ရက်တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲများ၊ ညပိုင်းတွင် မီးပုံပွဲ စသည်တို့ကို ပြည်တွင်းပြည်ပခရီးသွား များအနေဖြင့် ဒေသခံတိုင်းရင်းသား များနှင့်အတူ ပါဝင်ဆင်နွှဲ နိုင်မည်ဖြစ်ကြောင်း သိရသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ သွားရောက် လည်ပတ်လိုသည့် ပြည်တွင်းပြည်ပ ခရီးသွားများကို လမ်းကြောင်းများ အသိပေး ထုတ်ပြန်ထားပြီး ရန်ကုန်မှ မန္တလေး-ခန္တီးသို့ လေယာဉ်ဖြင့်လည်းကောင်း၊ ခန္တီးမြို့မှ လဟယ်မြို့သို့ မော်တော်ယာဉ်များဖြင့် လည်းကောင်း သွားရောက်လည်ပတ် နိုင်မည်ဖြစ်သည်။

နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို နာဂတိုင်းရင်းသားများ၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများအား နိုင်ငံခြားခရီးသွား ဧည့်သည်များ သိရှိနားလည်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း တိုးတက်မြှင့်တင်စေရန် နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ လမ်းခရီးတစ်လျှောက်၌ သွားလာမှု လုံခြုံချောမွေ့စေရန်၊ သက်သောင့်သက်သာ သွားလာနိုင်စေရန်နှင့် စိတ်ချမ်းမြေ့စွာနေ ထိုင်စားသောက်နိုင်စေရန် စီစဉ်ထားကြောင်း သိရသည်။

#Themyawadydaily

Thursday, July 20, 2017

သားသတ်ရုံမှ စွန့်ပစ်ပစ္စည်းများဖြင့် တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းများ ပြုလုပ်



မန္တလေး ၂၀-၇-၂၀၁၇

မန္တလေး ချမ်းမြသာစည် မြို့နယ် ဦးပွားဂုံကျော် အနီးအကွက် (၈၅၃) ရပ်ကွက်၌ သားသတ်ရုံမှ စွန့်ပစ်ပစ္စည်းများဖြင့် တိုင်းရင်းသား ရိုးရာလက်မှုပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများကို ပြုလုပ်၍ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း ဦးခင်မောင် တိုင်းရင်းသားရိုးရာ လက်မှုလုပ်ငန်းက သိရသည်။

တိုင်းရင်းသားရိုးရာ လက်မှုပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများ ပြုလုပ်ရာ၌ ကုန်ကြမ်းများ အနေဖြင့် တရားမဝင် သတ်ဖြတ်ထားသည့် တောနေသားရိုင်း တိရစ္ဆာန်များ၏ ပစ္စည်းများမဟုတ်ဘဲ သားသတ်ရုံမှ စွန့်ပစ် ပစ္စည်းများဖြစ်သည့် ဆိတ်၊နွား၊ ကျွဲတို့၏ ဦးချို၊အရေခွံများ၊ ခွာများ၊သွားစသည့် တို့ကိုဝယ်ယူကာ အနံ့အသက်၊ အဆီအနှစ်များ ကင်းစင်အောင် ပြုတ်ခြင်း၊နေလှန်းခြင်း၊ ဆေးရေစိမ်ခြင်းတို့ ပြုလုပ်ပြီးမှ လက်မှုပစ္စည်း၊အသုံးအဆောင် ပစ္စည်းများကို ပြုလုပ်ခြင်းဖြစ်ကြောင်း တိုင်းရင်းသားရိုးရာ လက်မှုလုပ်ငန်းပညာရှင် ဦးခင်မောင်က ပြောပြသည်။

သားသတ်ရုံမှ စွန့်ပစ်ပစ္စည်းများ ဖြစ်သည့် ဆိတ်၊နွား၊ကျွဲတို့၏ ဦးချို၊ အရေခွံများ၊ ခွာများ၊သွားစသည့် တို့ဖြင့် တိုင်းရင်းသား ရိုးရာလက်မှု ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာတွင် နာဂလူမျိုး၊ချင်း လူမျိုးတို့၏ ရိုးရာဓလေ့အသုံး အဆောင်ပစ္စည်းများကို အဓိကထား ပြုလုပ်သည့်အပြင် ကရင်၊မွန်စသည့် တိုင်းရင်းသားတို့၏ အသုံးအဆောင် ပစ္စည်းများကိုလည်း ပြုလုပ်ကြောင်း၊ တိုင်းရင်းသားလူမျိုး တို့၏ အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဓား၊လှံ၊ဒူးလေး၊ မြားထည့်သည့် ဘူး၊ဓားအိပ်၊ ခေါင်းဆောင်း၊ ခေါင်ရည်ဘူး၊ ဆေးတံ၊ လည်ဆွဲ၊ မျက်နှာဖုံးစသည့် ပစ္စည်းအမျိုးအမည် ၂ဝဝ ခန့် ပြုလုပ်ကြောင်း၊ ပစ္စည်းတစ်ခုလျှင် တန်းဖိုးငွေကျပ် တစ်သောင်းမှစတင်၍ ငွေကျပ်တစ်သိန်း ကျော်ထိရှိကြောင်း သိရသည်။

ဆိတ်၊ နွား၊ ကျွဲတို့၏ ဦးချို၊ အရေခွံများ၊ ခွာများ၊သွားစသည့် တို့ဖြင့်ပြုလုပ်သည့် တိုင်းရင်းသား ရိုးရာလက်မှုပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများကို မန္တလေးမြို့ရှိ မြန်မာ့ရိုးရာလက်မှု အရောင်းဆိုင်များကို ဖောက်သည် ပေးရောင်းချသည့် အပြင် ခရီးသွားရာသီ ကာလ၌ ပုဂံဒေသ၊ အင်းလေးဒေသ၊ တောင်ကြီးဒေသတို့ရှိ မြန်မာ့ရိုးရာလက်မှု အရောင်းဆိုင်များ ကအများဆုံး မှာယူကြပြီး ရောင်းချကြရာ လက်ရှိတွင် တိုင်းရင်းသားရိုးရာ လက်မှုပစ္စည်းများကို နိုင်ငံခြားသား ခရီးသွားများက တန်းဖိုးထားဝယ်ယူ လာကြောင်း တိုင်းရင်းသားရိုးရာ လက်မှုလုပ်ငန်းပညာရှင် ဦးခင်မောင်က ပြောပြသည်။

#Yadanarpondaily

Wednesday, April 19, 2017

ဗုဒ္ဓယဉ်ကျေးမှုနှင့် နှစ်သစ်မင်္ဂလာ


ဗုဒ္ဓယဉ်ကျေးမှုနှင့် နှစ်သစ်မင်္ဂလာ

( ပါမောက္ခ ခိုင်ခိုင်ရီ )

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြန်မာ့ယဉ်ကျေးမှု သည် ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံသော ယဉ်ကျေးမှုဖြစ်သည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု ပုံသဏ္ဌာန် သွင်ပြင်သည် ရှေးနှစ်ပေါင်းများစွာ ကတည်းက အခိုင်အမာ ရပ်တည်ခဲ့သဖြင့် ဗုဒ္ဓဘာသာဝင် အများဆုံးရှိသော လူမျိုး တစ်မျိုးလုံးတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လက္ခဏာသည် အရိုးစွဲ၍ ခိုင်မာရင့်သန် နေပြီဖြစ်၏။ မြန်မာ့ယဉ်ကျေးမှု တွင် ဆယ့်နှစ်ရာသီ ပွဲတော်များသည် ယဉ်ကျေးမှု အသွင်သဏ္ဌာန် တစ်ရပ်အနေဖြင့် ခံ့ခံ့ထည်ထည် ပါဝင်ပြီးဖြစ်သည်။ မြန်မာသက္ကရာဇ် နှစ်ဟောင်းလွန် မြောက်၍ နှစ်သစ်သို့ ကူးပြောင်းသော အတာသင်္ကြန် ပွဲတော်သည်လည်း ဗုဒ္ဓယဉ်ကျေးမှုကို အခြေပြုသော မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ရပ်မည်ပေ၏။

''နှစ်ဆန်းခါသည် အရေးပေမို့၊ ချွေးလုံးအဖြာဖြာနဲ့၊ မောင်တို့မှာ ဗုံသံဆန်းလေတော့၊ မယ်တို့မှာ ခါတော်ပန်းတွေနဲ့'' လွမ်းစရာ့အခါကား မြန်မာနှစ်သစ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် နှင့်ဆိုင်ရာ အခါတော်နေ့ကြီး များကို လပြည့်နေ့တွင် အထွတ်အမြတ် ကျင်းပမြဲ ဖြစ်သော်လည်း နှစ်ဦးအတွက် အခါတော်နေ့ကိုမူ မြန်မာနှစ်ဆန်း တစ်ရက်နေ့ကို ရွေးချယ်ပါသည်။ အကြောင်းကား ကမ္ဘာသူ ကမ္ဘာသားများ အနိဋ္ဌာရုံများ ပပျောက်ပြီး ဣဋ္ဌာရုံအပေါင်း ပြီးပြည့်စုံကြစေရန်၊ ဘေးဥပဒ်အန္တရာယ် ကင်းဝေးကြစေရန်၊ မကောင်းသော စိတ်ဓာတ်များကို ဖယ်ရှားပြီး ကောင်းသော စိတ်မြတ်များ မွေးမြူကြစေရန်၊ အရှက်နှင့် အကြောက် လောက ပါလတရား နှစ်ပါး ထွန်းကားကြစေရန်၊ ဗြဟ္မဝိဟာရတရား လေးပါး ထွန်းကားပြန့်ပွား စေရန်နှင့် မင်္ဂလာတရားတော် များထွန်းကားပြန့်ပွား စေရန်ရည်ရွယ်၍ နှစ်သစ်မင်္ဂလာ အခါတော်နေ့ ကျင်းပပါသည်။

မြန်မာတို့၏ သင်္ကြန်ရေ ပက်ဖျန်းခြင်းသည် လေးနက် မွန်မြတ်သော အနှစ်သာရကို ပေးစွမ်းပါပေသည်။ ရေကစားကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသော မေတ္တာ အကြည်ဓာတ်ဖြင့် ကစားကြသည် ဖြစ်၏။ ရှေးက စမ္ပာကရမက် ပန်းပေါင်းဖက်သော အမွှေးအကြိုင် တို့ကို ဖလားတွင်ထည့်၍ ဂွမ်းဆွတ်ပြီး ရေလောင်းခဲ့သော အစဉ်အလာ ရှိခဲ့သည်။ သပြေခက်နှင့်လည်း ယဉ်ကျေးသိမ်မွေ့စွာ ရေပက်ခဲ့ကြသည်။ ရတနာပူရ အင်းဝနေပြည်တော် ၌ အင်းဝမင်းဆက် တို့သည် အခါသုံးရက်တွင် ညောင်ရေတော် သွန်းရန် အစီအရင်နှင့် သက်ဆိုင်သူများက ရေတော်ခပ် သွားရသည်။ မြူတာအိုး ၁ဝဝဝ ဖြင့် အစဉ်အတိုင်း ဗုံမောင်းတီးကာ မြစ်လယ်တွင် ရေခပ်ရ၏။ 

သင်္ကြန်အကျနေ့၊ အကြတ်နေ့၊ အတာတက်သည့်နေ့ သုံးရက်ကို ညဦးက ညောင်ရေတော်ခပ်၍ နံနက်ကို သွန်းရသည်။ ဤအစဉ်အလာ များဖြင့် မြန်မာမှုသည် တင့်တယ်ထည်ဝါ ခဲ့ပေသည်။

နှစ်သစ်ကား စေတီပုထိုးနှင့် ရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်းဖြင့် ကျောင်းကန်ဘုရား များ၌ ကြက်ပျံမကျ စည်ကားလှ၏။ ကျောင်းကန်ဘုရားသို့ သွား၍ ရေကုသိုလ်ပြုသော နှစ်ဆန်းတစ်ရက် နေ့၌ စာရေးသူတို့ ငယ်စဉ်က ရေကျော်ရွှေဘုန်းပွင့် ဘုရားဝယ် ရေသပ္ပာယ်ပြီး တစ်ဦးနှင့်တစ်ဦး ရေများဖြင့် လောင်းကြသည့်ဓလေ့ ရှိခဲ့ဖူး၏။ ရေ၏ သဘောကား ထိတွေ့သူအတွက် အအေးဓာတ်၊ အကြည်ဓာတ်ကို ပေးစွမ်းရကား နံနက်စောစော ရေအပြည့်ရှိသော ရေကန်၊ အုတ်ကန် တို့ကိုတွေ့ရမူ မင်္ဂလာဖြင့် ပြီးပြည့်စုံ၏ဟု ရှေးလူကြီးတို့ ဆိုရိုးရှိကုန်သည်။ ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် နှစ်ဆန်းတစ်ရက် နေ့တွင် ရေကုသိုလ်အပြင် သက်ကြီးရွယ်အို ဘိုးဘွားများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်းစသော ဝေယျာဝစ္စဂါရဝ တို့ကိုလည်း ပြုလေ့ရှိသည်။ သံဃာတော်များ၏ အန္တရာယ်ကင်း ပရိတ်တရားတော် များကား လမ်းတိုင်း၊ ရပ်ကွက်တိုင်းတွင် ဘဝဂ်သို့ ရောက်မတတ် သုတိသာယာရှိလှ၏။

ထို့ပြင် ''ချိုဖျားမှာ ပိတောက်ပန်းတွေက၊ တလျှမ်းလျှမ်း ရွှေအဆင်း၊ နွားစိတ်ထဲအခဲသား ဝင်လိုက်ရ၊ ရွှင်လိုက်မည့်ဖြစ်ခြင်း''ဟူသော ကိုယ်ချင်းစာနာသည့် ဇီဝိတဒါန သက်လွှတ်ပွဲများကမူ နှစ်ဆန်း တစ်ရက်နေ့ ၏ အထူးမြတ်ဆုံး ဖြစ်သည့် မင်္ဂလာပြယုဂ် ဖြစ်တော့၏။

ဂေါတမမြတ်စွာဘုရား မပွင့်မီက ထိုခေတ် လူပုဂ္ဂိုလ်တို့သည် မင်္ဂလာဟူသော အကြောင်းချင်းရာကို ထင်ရာမြင်ရာ အငြင်းသန်ခဲ့သည်မှာ ၁၂ နှစ်ကာလပင် ကြာခဲ့၏။ မင်္ဂလာ တရားတော်ကို သာဝတ္ထိပြည် ဇေတဝန်
ကျောင်းတော်ကြီး ပေါ်တွင် နတ်သားတစ်ဦးက လျှောက်ထားသဖြင့် မြတ်စွာဘုရားက ဟောကြားခဲ့ပါသည်။ မြတ်စွာဘုရား ဟောကြားသော မင်္ဂလာတရား (၃၈)ပါးကို စေ့ငုလေ့လာလျှင် ပေါင်းသင်း ဆက်ဆံရေး၊ နေရေးထိုင်ရေး၊ သင်ကြားရေး၊ ပြုစုရေး၊ လိုက်နာကျင့်သုံးရေး၊ ရှောင်ကြဉ်ရေး၊ စိတ်ထားတတ်ရေး၊ သည်းခံရေး၊ ခြိုးခြံချွေတာရေး စသည်တို့ကို တွေ့ရှိရပါမည်။ လောက လူသားများ အကျိုးအလို့ငှာ ထောင့်စုံမှ ဟောကြားထားခြင်း ဖြစ်ပါ၏။

ဤ မင်္ဂလာတရားတော် တွင် အသေဝနစဗာလာနံ လူဆိုးလူမိုက်ကို မမှီဝဲ မပေါင်းသင်းရခြင်း၊ ပဏ္ဍိတာ နဉ္စသေဝနာ- ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းခြင်း၊ ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူ တို့ကို ပူဇော်ခြင်း
မင်္ဂလာသုံးပါးကို ပေါင်းသင်းဆက်ဆံရေး မင်္ဂလာဟု အမှတ်သညာရှိ၏။ ဤသုံးပါးကို လိုက်နာကျင့်သုံးရုံ ဖြင့်ပင် အကြင်သူသည် လူတော်လူမြတ်မည် ပေသည်။

နေထိုင်ရေး မင်္ဂလာတွင် သင့်လျော်သော အရပ်၌နေရသော ပတိရူပဒေသဝါသောစ မင်္ဂလာ၊ ရှေး၌ပြုဖူးသော ကောင်းမှုအထူးရှိသည် ဆိုသည့် ပုဗ္ဗေစကတပုညတာ မင်္ဂလာ၊ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းသော အတ္တသမ္မာပဏီဓိစ မင်္ဂလာ အပြားသုံးပါးရှိ၏။ သင်ကြားရေး မင်္ဂလာတွင် လေးပါးတွေ့ရသည်။ လောကီလောကုတ် အကြားအမြင်များခြင်း၊ စက်မှုလက်မှု အတတ်တို့ကို တတ်ရခြင်း၊ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာသင်ကြား နားလည်ခြင်း၊ အပြောအဆို ချိုသာ ယဉ်ကျေးခြင်းတို့ ဖြစ်သတည်း။

ပြုစုရေးမင်္ဂလာ သုံးပါးကား လောကတွင် မိမိကိုယ်ကို လူတစ်လုံးသူတစ်လုံး ဖြစ်စေနိုင်အောင် မြင့်မြတ်သည့် ကိုယ်ကျင့်သိက္ခာကို ဖော်ဆောင်ပါပေသည်။ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း၊ သားမယားတို့ကို တရား နှင့်အညီ လုပ်ကျွေးခြင်း၊ အနှောင့်အယှက် ကင်းသော အလုပ်ကိုလုပ်ကိုင်ခြင်း တို့တည်း။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊ သုစရိုက်တရားတို့ကို ကျင့်ခြင်း၊ ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း၊ အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်းကား လိုက်နာကျင့်သုံးရေး မင်္ဂလာလေးပါး ဖြစ်၏။

ဆောင်အပ်ရှောင်အပ် ဟူသော စကားအတိုင်း ရှောင်ကြဉ်ရေး မင်္ဂလာလေးပါး အပြားရှိကုန်၏။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း၊ ကိုယ်၊ နှုတ်ဖြင့်ရှောင်ခြင်း၊ မူးယစ်သေစာ မသောက်စားခြင်း၊ ကုသိုလ်တရား တို့၌မမေ့မလျော့ခြင်း တို့တည်း။

နှစ်ဆန်းတစ်ရက်နေ့ သည် မင်္ဂလာ နေ့ထူးနေ့မြတ် ဖြစ်ရကား အများသူငါ ကုသိုလ်ရေး အားထုတ်ချိန်ဝယ် မူးယစ်သောက်စား မကောင်းမှုများသူ တို့ကား အကုသိုလ်သာ ပွားချိမ့်ပေမည်။ ဥပုသ်သီတင်း မဆောက်တည်နိုင် သည်က ခံသာသေး၏။ သောက်စား ရမ်းကားခြင်းက မိမိ၏ဘဝ အစိတ်အပိုင်းတစ်ခု ဖြစ်သော နှစ်သစ်ကို အရုပ်ဆိုးအကျည်းတန် စေမည် ဧကန်ဖြစ်တော့သည်။

မင်္ဂလာတရားတွင် ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို နှိမ့်ချခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ သူတစ်ပါး ကျေးဇူးကိုသိခြင်း၊ သင့်လျော်သောအခါ တရားနာခြင်း ငါးပါးကို မြတ်သော မင်္ဂလာမည်၏ဟု ကာယကံမှု၊ ဝစီကံမှု မင်္ဂလာငါးပါးကို တွေ့ရှိရ၏။ စိတ်ထားရေး မင်္ဂလာဟု ပညတ်၏။ သည်းခံရေးမင်္ဂလာ လေးပါးရှိကုန်သည်။ သည်းခံရခြင်း၊ ဆုံးမလွယ်ရခြင်း၊ ရဟန်းသံဃာတို့အား ဖူးမြော်ရခြင်း၊ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း တို့ဖြစ်၏။ ခြိုးခြံရေး မင်္ဂလာတွင် ခြိုးခြံချွေတာခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ သစ္စာလေးပါးကို သိခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဟူ၍ လေးပါးထင်ရှား၏။

လူတို့မည်သည် သုခချမ်းသာနှင့် မတောင့်မတ နေနေရလျှင် တရားသံဝေမမြင်၊ မထင်ပေ။ ဒုက္ခဆင်းရဲနှင့် ရင်ဆိုင်ရမှ သံဝေဂရတတ်ကြ၏။ ထို့ကြောင့် စိတ်ထားခိုင်ခံ့ရေး မင်္ဂလာတွင် လောကဓံတရားနှင့်  တွေ့ကြုံသော အခါ စိတ်ဓာတ် မတုန်လှုပ်ခြင်း၊ မစိုးရိမ်ခြင်း၊ ကိလေသာ မြူကင်းခြင်း၊ ဘေးကင်းခြင်းဟူ၍ လေးပါးရှုပွား နိုင်ပေသည်။

မြန်မာနှစ်ဆန်း တစ်ရက်နေ့သည် ဤရွေ့ဤမျှ အကျိုးကြီးမားသော မင်္ဂလာတရားတော်များ ထုံသင်းပျံ့နှံ့ ကျင့်ကြံရန် နှစ်တစ်နှစ်၏ အစပျိုးရက် ဖြစ်ရကား အလွန်ပင် ကျက်သရေမင်္ဂလာ ခညောင်းသည့် အခါတော်နေ့ ဖြစ်ပေသည်။ အစဉ်အဆက် ထိန်းသိမ်းခဲ့သော မဟာသင်္ကြန် ကို ယဉ်ကျေးစွာ ပျော်ရွှင်ခြင်းဖြင့် ဖြတ်သန်းပြီး သကာလ ရောက်ရှိလာမည့် မြန်မာနှစ်သစ်တွင် ဗုဒ္ဓယဉ်ကျေးမှု မင်္ဂလာတရားတော်များ ပျံ့ပွားလာရေးကို လူတိုင်းကိုယ်စီ အလေးထားသင့်ပါ၏။ ''တိုးတက်ကြီးပွား၊ စီးပွားမြော်ကာ၊ နောင်ခါနောင်ရေး၊ မြော်တွေး၍သာ၊ တစ်ခုတတ်က၊ လူ့ရပ်နယ်မှာ၊ တန်ခိုးထွက်၊ တိုးတက်မင်္ဂလာ'' ဟူသော မင်္ဂလာတရားတော် များသည် ဗုဒ္ဓယဉ်ကျေးမှုမှ သန္ဓေတည် ပေါက်ဖွားလာသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းများဖြစ်ကြောင်း နှစ်သစ်မင်္ဂလာ အခါတော်နေ့ကို အလေးအမြတ်ထား ပူဇော်အပ် ပါသတည်း။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

Tuesday, April 11, 2017

မြန်မာ့ရိုးရာယဉ်ကျေးမှု အတာရေသဘင်ပွဲ


မြန်မာ့ရိုးရာယဉ်ကျေးမှု အတာရေသဘင်ပွဲ

မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာရေသဘင် ပွဲတော်ကို ရှေးအစဉ်အလာ ကပင် နှစ်စဉ်မပျက် ခရစ်နှစ်၏ ဧပြီလနှင့် မြန်မာနှစ်၏ တန်ခူးလတို့တွင် ကျင်းပဆင်နွှဲ ကြသည်။ ဘာသာရေးနှင့် တိုက်ရိုက်ဆက်နွှယ်ခြင်း မရှိသော ပွဲတော်ဟုလည်း ဆိုရမည်ဖြစ်သည်။ မြန်မာသက္ကရာဇ်၏ နှစ်ဟောင်းအဆုံးတွင် ကျင်းပရသော ပွဲတော်ဖြစ် သကဲ့သို့ နှစ်သစ်ကိုကြိုဆိုသော ပွဲတော်လည်း ဖြစ်သည်။ ယနေ့ချိန်ခါ ကာလသည် ယခုနှစ် ၁၃၇၈ ခုနှစ် ကုန်ဆုံး၍ ၁၃၇၉ ခုနှစ်ကို ကြိုဆိုသော နှစ်သစ်ကူး အခါသမယ ပွဲတော်လည်း ဖြစ်သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာရေသဘင် ပွဲတော်သည် အခြေခံမဲ့စွာဖြင့် ဖြစ်ပေါ်လာသော ပွဲတော်မဟုတ်ဘဲ နက္ခတ်ဗေဒပညာရှင် များနှင့် ပြက္ခဒိန် အကြံပေးအဖွဲ့တို့က တွက်ချက်ကာလပေါင်း များစွာ ကြိုတင်၍ နိုင်ငံတော်အစိုးရ ပြန်တမ်းဖြင့် သင်္ကြန်အကြိုနေ့၊ သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့၊ သင်္ကြန်အတက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့ စသည်ဖြင့် ကြေညာ ပေးထားခြင်း ဖြစ်သည်။ သင်္ကြန်အကြတ် နှစ်ရက်ဖြစ်သည့် နှစ်လည်း ရှိသည်။

ရေသဘင်ပွဲတော်ကြီး ၏ အနှစ်သာရသည် အမှန်အားဖြင့် နှစ်ဟောင်းမှ မကောင်းမှု အညစ်အကြေး တို့ကို ဆေးကြောခြင်း၊ ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့အား ရေကဲ့သို့အေးမြ စေကြောင်း ဆန္ဒဖြင့် အတာရေပက်ဖျန်း ပေးခြင်း၊ မြန်မာနှစ်သစ်ကို ကြိုဆိုခြင်းတို့ ပါဝင်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာရေသဘင် ပွဲတော်ကြီးကို ခရစ်သက္ကရာဇ်၏ ဧပြီလတွင် ကျင်းပသည် ဆိုသော်လည်း ပွဲတော်အတွက် အစောပိုင်း ကတည်းက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ကြရသည်။

ပြင်ဆင်မှုဟု ဆိုရာတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရဌာနများ၊ လူမှုရေး အသင်းအဖွဲ့များ စသည်တို့က ရေကစားမဏ္ဍပ်များ တည်ဆောက်ခြင်း၊ အလှပြယာဉ်များ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ မန္တလေးမြို့တွင် ကျုံးပတ်လည်၌ ရေကစားမဏ္ဍပ် များကို အဓိကထား တည်ဆောက် ကြပြီး ရန်ကုန်မြို့တွင် ကမ္ဘာအေး ဘုရားလမ်းနှင့် ကန်တော်ကြီး ပတ်လမ်းတို့တွင် တည်ဆောက်ကြလေ့ ရှိသည်။ အခြားမြို့နယ် များတွင်လည်း မိသားစုမဏ္ဍပ်ငယ် တို့ဖြင့် ဆင်နွှဲကြသည်။

ထို့နောက် မဏ္ဍပ်များပေါ်တွင် ရေပိုက်များ၊ အချို့မဏ္ဍပ်များ ပေါ်တွင် ရေစည်ပိုင်းများ ထားပြီး လှပျိုဖြူလေးများက တူညီဝတ်စုံများကို ဝတ်ကာ သီချင်းသီဆိုခြင်း၊ သင်္ကြန်အက များဖြင့် ရေကစား ကြသည်။ ရေသဘင်ပွဲဆင်နွှဲ လိုကြသော လူငယ်များကလည်း စုဖွဲ့၍ ကားငှားကာ ရေပက်ခံထွက် ကြသည်။ ထိုကဲ့သို့သော အပြုအမူများကို မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် အညီ ဆင်နွှဲကြပါက ပျော်ရွှင်ဖွယ် ကောင်းသော နှစ်သစ်ကူးပွဲတော်၊ အတာရေသဘင် ပွဲတော်ဟု ခေါ်ဆိုရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် လအလိုက် ဘာသာရေးနှင့် ပတ်သက်သော၊ ဘာသာရေးနှင့် မပတ်သက်သော ပွဲတော်များကို နေရာအနှံ့အပြား၌ ကျင်းပလေ့ရှိကြသည်။ မြန်မာနှစ်သစ်ကူး ပွဲတော်သည် လူမျိုးဘာသာ မခွဲခြားဘဲ ပါဝင်ဆင်နွှဲကြသော ပွဲတော် ဖြစ်သောကြောင့် ကမ္ဘာ့အလယ်တွင် မြန်မာဟု ဂုဏ်ယူဝင့်ကြွား နိုင်စေရန် နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်တွင် သရုပ်ပျက် ဝတ်စားဆင်ယင်မှု၊ မူးယစ်ရမ်းကားမှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ အမျိုးသမီးများ၏ ဂုဏ်သိက္ခာ ထိခိုက်မှုတို့ကို ဖယ်ရှား၍ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းကာ ဆင်နွှဲကြ စေလိုကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

Tuesday, March 28, 2017

ပအိုဝ်းတိုင်းရင်းသားများ၏ ရဟန်းခံရှင်ပြုပွဲကို ဆင် ၊ မြင်း အကောင်ရေ ၁၀၀ ခန့်ဖြင့်ကျင်းပ



သထုံ ၊ ၂၈-၃-၂၀၁၇

မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလား ရှမ်းရွာ၌ ပအိုဝ်းတိုင်းရင်းသား များ၏ ရိုးရာမပျက် စုပေါင်းရဟန်းခံ ရှင်ပြုပွဲကို မတ် ၂၆ ရက်က ဆင်၊ မြင်း အကောင်ရေ ၁ဝဝ ခန့်ဖြင့် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

စုပေါင်းရဟန်းခံ ရှင်ပြုပွဲတွင် ရဟန်းအပါး ၃ဝ ၊ ရှင်သာမဏေ ၈၅ ပါး စုစုပေါင်း ၁၁၅ ပါးပါဝင်ပြီး အလှူပွဲ လှည့်လည်ရန် ဆင် ၁ဝ ကောင်နှင့် မြင်းအကောင်ရေ ၉ဝ ခန့် အသုံးပြု ထားကြောင်း သိရသည်။

''ရွာရဲ့ စုပေါင်းရဟန်းခံ ရှင်ပြုပွဲကို သုံးနှစ်တစ်ကြိမ် ရွာမှာစုပေါင်း လုပ်တယ်။ ခုဆို (၆)ကြိမ်မြောက်ပါ။ လုပ်တဲ့နေရာ မှာလဲ ပအိုဝ်းတိုင်းရင်းသား တွေရဲ့ ရိုးရာအမွေအနှစ်လဲ မပျောက်ပျက်အောင် လှည့်လည် တဲ့နေရာမှာ ရိုးရာဝတ်စုံကိုပဲ ဝတ်ဆင်ပြီး ဆင်တွေ၊မြင်းတွေကို အသုံးပြုထား ပါတယ်။ အရင်နှစ်တွေထက် ဒီနှစ်က ပိုစည်ကားတယ်။ အလှူဒါန ပြုတဲ့နေရာမှာလဲ တတ်နိုင်တဲ့သူပဲ ဖြစ်ဖြစ်၊ မတတ်နိုင်တဲ့ သူပဲဖြစ်ဖြစ် ခွဲခြားတာမရှိဘဲ ရှင်ရဟန်းပြု ချင်တဲ့သူ အားလုံးကို သာသနာ့ဘောင် အရောက်ချီးမြှင့် ပေးတာပါ။ အလှူပွဲအတွက် ကုန်ကျစရိတ် ကိုတော့ တတ်နိုင်သူက ထည့်ဝင်ကြ ပါတယ်'' ဟု နောင်ကုလား ရှမ်းရွာတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တသူရိယ က မြွက်ကြားသည်။

နောင်ကုလားရှမ်းရွာ အတွင်းရှိ ပအိုဝ်း တိုင်းရင်းသား များနှင့် အဝေးရောက် ပအိုဝ်း တိုင်းရင်းသားများ စုစည်းပြီး စုပေါင်းသာသနာပြု နိုင်ရေးအပြင် ပအိုဝ်း တိုင်းရင်းသား များ၏ ရှေးအစဉ်အလာ တိုင်းရင်းသားရိုးရာ
အမွေအနှစ်များ မပျောက်ပျက်ဘဲ အစဉ်အမြဲ အမှတ်ရစေရန် ဖော်ထုတ်ခြင်း၊ ဘာသာ၊ သာသနာကို ပအိုဝ်းတိုင်းရင်းသား များက အစဉ်အမြဲ ချီးမြှောက်နိုင်စေရန် ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း အဆိုပါ ဆရာတော်က ဆက်လက် မြွတ်ကြားသည်။

နောင်ကုလားရှမ်းရွာ ရှိပအိုဝ်းတိုင်းရင်းသား များ၏ စုပေါင်းရဟန်းခံ ရှင်ပြုမင်္ဂလာပွဲကို ၁၉၉၈ ခုနှစ်မှစတင်ကာ သုံးနှစ်တစ်ကြိမ် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၀)

Monday, March 20, 2017

မြန်မာ့ရုပ်သေးအဖွဲ့ အမေရိကန်နိုင်ငံတွင် သွားရောက် ဖျော်ဖြေမည်



ရန်ကုန် ၊ ၂၀-၃-၂၀၁၇

ဒေါ်မမနိုင် ဦးစီးသော Myanmar Marionettes ရုပ်သေး အဖွဲ့သည် အမေရိကန်နိုင်ငံတွင် သွားရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ရှိ ဟိုနိုလူလူမြို့ တွင် ကျင်းပမည် ဖြစ်ပြီး အနုပညာ ဖလှယ်မှု အစီအစဉ်အရ ဖိတ်ကြားခြင်း ကြောင့် သွားရောက် ဖျော်ဖြေခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းပွဲကို East -West Center တွင် မတ် ၃၁ရက်မှ ဧပြီ ၆ ရက်ထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ရုပ်သေး ပညာရှင်များ၊ ဆိုင်းအဖွဲ့များ၊ အကမင်းသမီး၊ အဆိုတော် စသည့် အနုပညာရှင် များ သွားရောက် ကြမည်ဖြစ်သည်။

'' East -West Center ကနေ ဖိတ်ကြားတာပါ။ ဒါက ဒုတိယ အကြိမ်ပါ။ သူတို့ဆီမှာက မြန်မာ့ရုပ်သေး ပညာကို စိတ်ဝင်စား ကြတယ်။ အသေးစိတ် လေ့လာလိုကြ တဲ့အတွက် အခုလို ထပ်မံဖိတ်ကြားပြီး Culture Exchange လေး လုပ်ပေးရတာပါ။ ကျွန်မတို့ အဖွဲ့က ရုပ်သေး ပညာတွေကို တတ်နိုင်သမျှ ပို့ချ ပေးပါတယ်။ Workshop တွေလဲ လုပ်ပါမယ်။ တချို့ရက်တွေမှာ ဟိုနိုလူလူမြို့မှာရှိတဲ့ မြန်မာတွေနဲ့ သင်္ကြန်ပွဲလေး ကျင်းပဖို့ ရှိပါတယ်'' ဟု ဒေါ်မမနိုင် က ပြောပြသည်။

အဆိုပါ ခရီးစဉ်တွင် ဒေါ်မမနိုင်နှင့် အဖွဲ့သည် ရုပ်သေးကြိုးဆွဲနည်း၊ ဟိမဝန္တာခန်း၊ ဦးရွှေရိုး နှင့် ဒေါ်မိုးအကများကို ဟိုနိုလူလူမြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ပို့ချရန်စီစဉ် ထားပြီး လော့စ်အိန်ဂျလိစ်မြို့ တို့တွင်လည်း အနုပညာ ဖျော်ဖြေမှု များကို လုပ်ဆောင်ရန် စီစဉ်ထားသည်။ ၄င်းအဖွဲ့သည် မတ် ၂၉ ရက်တွင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Tuesday, February 14, 2017

ဆဋ္ဌမအကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာ သစ်သားပန်းပုပြိုင်ပွဲ နှင့် ဆုပေးပွဲကျင်းပမည်



ရန်ကုန် ၊ ၁၄-၂-၂၀၁၇

မြန်မာနိုင်ငံ၌ အကြီးကျယ်ဆုံးသော မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာ သစ်သားပန်းပုပြိုင်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဆရာစံပလာဇာ ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ ဖြစ်မြောက်ရေး အတွက် ဗဟိုသမဝါယမ အသင်း လီမိတက်နှင့် ကောင်းမြန်မာအောင် ဖောင်ဒေးရှင်း (KMA Foundation) တို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ယခုကျင်းပမည့် အခမ်းအနားသည် ဆဋ္ဌမအကြိမ်မြောက် ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပန်းပုထုလုပ်ခြင်း အတတ်ပညာကို ထိန်းသိမ်း စောင့်ရှောက်ရန်၊ မျိုးဆက်သစ် သစ်သားပန်းပု ပညာရှင် လူငယ်များ ပေါ်ထွန်းလာ စေရန်နှင့် မြန်မာ့သစ်သား ပန်းပုလက်ရာများ ပိုမို တိုးတက်ကောင်းမွန် လာစေရန် ရည်ရွယ်၍ ယင်းပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲတွင် စိတ်ကြိုက်နှင့် မော်ဒန်ဟူ၍ ပြိုင်ပွဲ အမျိုးအစားနှစ်ခု ခွဲခြားထားကြောင်း သိရသည်။

ယခုနှစ် ပြိုင်ပွဲတွင် ဒါးပိန်၊ ပဲခူး၊ ရန်ကုန် နှင့် တခြားဒေသများမှ ပန်းပုပညာရှင်များ ထုလုပ်ထားသော ပန်းပုရုပ်တုပေါင်း ၁၇ဝ ကျော် ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲခေါင်းစဉ် တစ်ခုလျှင် ပထမ၊ ဒုတိယနှင့် တတိယဆု သုံးဆုစီ ချီးမြှင့်မည်ဖြစ်ပြီး ပထမဆု ငွေကျပ်သိန်း ၅ဝ၊ ဒုတိယဆု ငွေကျပ်သိန်း ၃ဝ၊ တတိယဆု ငွေကျပ်သိန်း ၂ဝ စသည်ဖြင့် အသီးသီး ချီးမြှင့်မည့်အပြင် အထူးဆုများလည်း ရွေးချယ်ချီးမြှင့် သွားရန် စီစဉ် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Wednesday, February 8, 2017

ရှင်ဥပဂုတ္တဖောင်တော် ပင့်ဆောင်ပွဲနှင့် လှေလှော်ပြိုင်ပွဲကျင်းပ



ပြည် ၊ ၈-၂-၂၀၁၇

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ဧရာဝတီမြစ် အတွင်းမှ ရှင်ဥပဂုတ္တဖောင်တော် ပင့်ဆောင်ပွဲနှင့် အတူ လှေလှော် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်က နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို ပြည်မြို့ ဧရာဝတီမြစ်ကမ်းတွင် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရန်နှင့် ဓလေ့ထုံးစံများကို ယုံကြည်မှုအရ ကျင်းပခြင်း ဖြစ်ပြီး ဒေသခံ ရေလုပ်သားများက ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ကြကြောင်း သိရသည်။

အဆိုပါ ဖောင်တော်ကို ဆွဲယူပူဇော်ပသ ခြင်းဖြင့် မိုးလေဝသ ကောင်းမွန်ခြင်း၊ ရေလုပ်သားများ၏ လုပ်ငန်း ဆောင်တာများ ကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသည်ဟု ဒေသခံများက ယုံကြည်ကြောင်း သိရသည်။

အဆိုပါ ရှင်ဥပဂုတ္တဖောင်တော် ကို ညောင်ဦးမြို့မှ ပြီးခဲ့သည့် ဝါဆိုလဆန်း ၈ ရက်က စတင်ပူဇော်ကာ ဧရာဝတီမြစ်အတွင်း မျှောလိုက်ခြင်းဖြစ်ပြီး မြစ်ကြောင်း တစ်လျှောက် မြို့ရွာ အဆင့်ဆင့် ဖြတ်သန်းလာရာ ပြည်မြို့ ဖိုးခေါင်ရပ် ရပ်ကွက်သားများက မကွေးတိုင်းဒေသကြီး စစ်စရံကျေးရွာမှ သွားရောက် ပင့်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

Thursday, January 26, 2017

မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲ ကျင်းပ



ရန်ကုန် ၊ ၂၆-၁-၂၀၁၇

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူး ကျင်းပသော မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်းပြိုင်ပွဲ နှင့် စတုဒိသာ ကျွေးမွေးခြင်းကို ယမန်နေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်း၌ ကျင်းပသည်။

ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၆ သင်းတို့က ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ ပြိုင်ပွဲ ပထမနေ့တွင် အုပ်စု(က) အသင်းက အလှကိုယ်စီ အသင်း၊ ဧရာဝတီသား အသင်း၊ မင်္ဂလာဒုံတပ်နယ် အသင်း၊ စားတော်ကဲအသင်း၊ ကလျာဏအသင်း၊ ကရုဏာရှင် အသင်း၊ တန်ဖိုးသင့်နေ့လယ်စာ အသင်းနှင့် ရှင်မတောင်သား အသင်းတို့ ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲတွင် ဝက်သား အသားနီချက်၊ ဟင်းသီးဟင်းရွက် ကြော်၊ ငါးပိတို့စရာနှင့် အရည်သောက် များကို မြန်မာ့ရိုးရာ ချက်ပြုတ်နည်း အတိုင်း ပြိုင်ပွဲဝင်များက ဝင်ရောက်ယှဉ်ပြိုင် ကြကြောင်း၊ အကောင်းဆုံး လက်ရာဖြင့် ချက်ပြုတ် ထားသော ထမင်းဟင်းလျာ များကို စတုဒိသာ အဖြစ် ညနေပိုင်းတွင် ပြိုင်ပွဲသို့ လာရောက် လေ့လာသော ပြည်သူများနှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အပါအဝင် လူအယောက် ၂ဝဝဝ ကျော်အား ကျွေးမွေးလှူဒါန်း ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၂၆ ရက်တွင်လည်း အုပ်စု(ခ)က ပြိုင်ပွဲဝင် အသင်းရှစ်သင်း ၏ ရိုးရာဟင်းလျာ ချက်ပြုတ်ပြိုင်ပွဲ ကို ကျင်းပသွားမည် ဖြစ်ပြီး စတုဒိသာများ အလှူဒါနပြု သွားမည် ဖြစ်သည်။

ပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပ သွားမည်ဖြစ်ပြီး ဆုပေးပွဲတွင် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် နောက်ဆုံးဖိုင်နယ် ပထမ၊ ဒုတိယ၊ တတိယအဆင့်များ သတ်မှတ်ကာ ဆုများပေးအပ် သွားမည်ဖြစ်သည်။

အဆိုပါပွဲတွင် ဈေးပွဲတော်၊ ရိုးရာခေါင်းအုံးရိုက် ပြိုင်ပွဲ၊ မြန်မာ့ရိုးရာ ဒိုးပတ်ပြိုင်ပွဲ၊ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ စက္ကောမ (မှော်အနုပညာ) ပြပွဲ၊ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ များအား ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Tuesday, January 24, 2017

ပြည်ပမှ ပုသိမ်ထီးဝယ်လိုအား ထုတ်လုပ်မှု၏ ထက်ဝက်ကျော် မြင့်မားလာ



ရန်ကုန် ၊ ၂၄-၁-၂၀၁၇

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့၏ ထုတ်ကုန်တစ်ခု ဖြစ်သည့် ပုသိမ်ထီးများကို ပြည်ပနိုင်ငံများမှ ပို၍ဝယ်ယူ နေသဖြင့် ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံခန့်ကို ပြည်ပဈေးကွက် များသို့ တင်ပို့ရောင်းချ နေရကြောင်း ပုသိမ်ထီး ထုတ်လုပ်ရောင်းချ နေသူများနှင့် ပြည်ပပို့ကုန် လုပ်ငန်းရှင်များ ထံမှ သိရသည်။

ပြည်တွင်းဈေးကွက် များတွင် ပုသိမ်ထီးများကို ငွေဆောင်၊ ချောင်းသာ၊ ငပလီကမ်းခြေဒေသ ဟိုတယ်များနှင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် မြို့တို့ရှိ ဟိုတယ်များ၌ အလှဆင်ရန် ဝယ်ယူနေကြပြီး ရှင်ပြုနားသ အလှူမင်္ဂလာ ပွဲများနှင့် မင်္ဂလာဆောင်တွင် လက်ဖွဲ့ပြန်ပေးရန် အော်ဒါ မှာယူလျက် ရှိသည်။

ထို့ပြင် ပုသိမ်ထီးကို မကွေး၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံမြို့တို့မှတစ်ဆင့် မှာယူနေကြပြီး ပြည်ပဈေးကွက် အဖြစ် ဂျာမနီ၊ ပြင်သစ်၊ နယူးဇီလန်၊ သြစတြေးလျ၊ အီတလီ နှင့် အမေရိကန်နိုင်ငံ တို့ကလည်း မှာယူလျက် ရှိသည်။

ပုသိမ်ထီးကို ဘုန်းကြီးဆောင်းထီး၊ ကိုရင်ဆောင်းထီး၊ သီလရှင် ဆောင်းထီး၊ အမျိုးသမီး ဆောင်းထီး၊ ကလေး ဆောင်းထီး၊ အလှဆောင်းထီး ဟူ၍ အမျိုးမျိုး ထုတ်လုပ်ရောင်းချ နေပြီး ပုသိမ်ထီး ဈေးနှုန်းမှာ တစ်လက်လျှင် ငွေကျပ်၂ဝဝဝ မှ ငွေကျပ် တစ်သိန်းကျော် အထိရှိသည်။

ပုသိမ်မြို့ရှိ ပုသိမ်ထီးပင်ရင်း ဈေးကွက် မှ နှစ်စဉ် ဂျာမနီနိုင်ငံသို့ ခြောက်ပေ၊ ရှစ်ပေ ဟိုတယ်သုံး ထီးအလက်ရေ ၄ဝဝ မှ ၅ဝဝ ကြားကို ပင်လယ်ရေကြောင်း မှတင်ပို့ ရောင်းချလျက်ရှိပြီး လိမ္မော်ရောင်၊ နီညိုရောင်၊ မော်ဒယ်စိမ်းရောင် မှာ လူကြိုက်များပြီး အဝါ၊ အဖြူ၊ အနီ၊ အစိမ်းရောင် နှင့် တခြားအရောင် များကိုလည်း ပြုလုပ်ကာ ရောင်းချပေး နေရကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

ချင်းတွင်းမြစ် အထက်ပိုင်း၌ အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်နှစ်ထက်တစ်နှစ် နည်းပါးလာ



မင်းကင်း ၊ ၂၄-၁-၂၀၁၇

ချင်းတွင်းမြစ် အထက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် မင်းကင်းနယ်ထွက် ဘိုင်အိုးမျိုးစုံ တင်ပို့ ရောင်းချမှုကို နှစ်စဉ် တန်ဆောင်မုန်း လကုန်ချိန်တွင် စတင်တွေ့ရှိရ သော်လည်း ယခုနှစ်တွင် နတ်တော်လ
ကုန်သည်အထိ ဘိုင်အိုးတင်ပို့ ရောင်းချမှု နည်းပါးနေကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူ ဦးမောင်ကြီး ထံမှ သိရသည်။

''ချင်းတွင်းမြစ် အထက်ပိုင်းက မင်းကင်းဘိုင်အိုး ဆိုတာက နာမည်ကျော်ပါ။ လက်ရှိမှာတော့ သောက်ရေသန့် ဘူးတွေ ပေါ်လာလို့ အိုးအရောင်း အဝယ်တွေ ကျဆင်းလာတယ်။ အိုးလုပ်တဲ့သူ တွေကလည်း တခြားလုပ်ငန်း တွေကို ပြောင်းလုပ်ကြတော့ မိရိုးဖလာ လုပ်တဲ့ အိုးလုပ်ငန်းကို လုပ်ကိုင်သူ နည်းပါးလာတယ်။ ဝယ်ယူသုံးစွဲ သူလည်း နည်းလာတာကြောင့် နောက်ပိုင်းမှာ မင်းကင်းဘိုင်အိုး ဆိုတာ ပျောက်ကွယ် သွားမှာတောင် စိုးရိမ်မိပါ တယ်'' ဟု ဦးမောင်ကြီး ကပြောသည်။

မင်းကင်းမြို့နယ် အတွင်း တုံဟိုင်း၊ ဗဒက်နှင့် ကုန်းရင်း စသည့်ဒေသ များတွင် အိုးများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြပြီး ကလေး၊ ချင်းတောင်၊ တမူး၊ မော်လိုက်နှင့် ဖောင်းပြင်ဒေသ တို့သို့ တင်ပို့ရောင်းချ ကြသည်။ အဆိုပါ အိုးများဖြစ်သည့် သောက်ရေအိုး၊ သုံးရေအိုး၊ ပရိတ်အိုးနှင့် ညောင်ရေအိုး များကို ချင်းတွင်းမြစ် အထက်ပိုင်း နှင့် မြစ်သာမြစ် အထက်ပိုင်းသို့ လှေများဖြင့် သွားရောက်ကာ တစ်ရွာဝင် တစ်ရွာထွက် ရောင်းချကြရာ လက်ရှိတွင် ထိုကဲ့သို့ ရောင်းချမှု နည်းပါးလာကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Tuesday, December 27, 2016

ဆလုံလူမျိုးစု အရေးအတွက် နည်းပါးလာမှုကို ထိန်းသိမ်းဖော်ဆောင် သွားမည်



မြိတ် ၊ ၂၇-၁၂-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု ဒေသရှိ ကျွန်းစုများ၌ နေထိုင်ကြသော ဆလုံလူမျိုးစု များသည် ခေတ်ကာလ ရွေ့လျားလာ သည်နှင့်အညီ ပျောက်ကွယ်စပြု လာပြီဖြစ်ရာ သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ပူးပေါင်း၍ ဆလုံလူမျိုး တို့၏ ရိုးရာဓလေ့များကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် ထံမှ သိရသည်။

''ခေတ်မီလာတာနဲ့ အမျှ နဂိုရှိရင်းစွဲ ဆလုံရိုးရာဓလေ့တွေ၊ ဝတ်စားဆင်ယင်မှု တွေက ဆလုံလူမျိုး တွေကြားမှာ အရင်ထက် ခေတ်မီပြီး ပြောင်းလဲစွာ ဝတ်ဆင်လာတာ တွေ့ရတယ်။ ဆလုံရိုးရာ ယဉ်ကျေးမှုတွေ၊ ဓလေ့စရိုက် တွေ ကလည်း ပျောက်ကွယ်မှန်းမသိ ပျောက်ကွယ် လာတယ်။ ဒါတွေကို ကျွန်တော်တို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့တွေ၊ ခရီးသွားလုပ်ငန်း နဲ့ပတ်သက်တဲ့ ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းရှင်တွေ စုပေါင်းအင်အားနဲ့ ဆလုံလူမျိုးတွေရဲ့ ရိုးရာဓလေ့တွေ မပျောက်ပျက်အောင်၊ ဆလုံလူမျိုးစု တွေရဲ့ အရင်းအမြစ်တွေ မပျောက်ကွယ်အောင် သူတို့ကို အသိပညာပေး ဆောင်ရွက်သွားမှာပါ '' ဟု ဦးတင့်သွင်က ပြောသည်။

ထို့ကြောင့် ဆလုံလူမျိုးတို့၏ ယဉ်ကျေးမှု နှင့် ဓလေ့စရိုက်များ မပျောက်ကွယ် စေရန် ဆလုံလူမျိုးများ ရှိရာသို့ သွားရောက်ကာ ၄င်းတို့၏ လိုအပ်ချက်များကို ထိရောက်သော ဖြည့်ဆည်းမှုများ ပြုလုပ်ပေးမည် ဆိုလျှင် လူမျိုးစု ပျောက်ကွယ်မှုကို ထိန်းသိမ်းရာ ရောက် သကဲ့သို့ နိုင်ငံခြား ခရီးသွားဧည့်သည် များ၏ ဆလုံရိုးရာဒေသ လေ့လာမှု ခရီးသွားနယ်မြေသစ် များလည်း တိုးပွားလာနိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Tuesday, December 13, 2016

မိရိုးဖလာ လုပ်ကိုင်လာသည့် မြေအိုးလုပ်ငန်း ပျောက်ကွယ်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရ




စစ်ကိုင်း ၊ ၁၃-၁၂-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက် တွင် လုပ်ကိုင်နေသည့် မြေအိုးလုပ်ငန်း တွင် ကုန်ကြမ်းအဖြစ် အသုံးပြုသည့် မြေနီ၊ မြေနက် ကုန်ကြမ်းများ ရှားပါး လာခြင်းကြောင့် မိရိုးဖလာ လုပ်ကိုင်လာသည့် အိုးလုပ်ငန်း ကွယ်ပျောက်နိုင်သည့် အခြေအနေ နှင့် ရင်ဆိုင် နေရကြောင်း အိုးလုပ်ငန်း လုပ်ကိုင်များထံမှ သိရှိရသည်။

"အိုးလုပ်တဲ့ မြေနီရော၊ မြေနက်ပါ ရှားလာတယ်။ အရင်တုန်းက မြေနီကို ဒီနား ပတ်ဝန်းကျင်မှ တူးလို့ရတယ်။ ဝယ်လို့ရတယ်။ အခုကျ မင်းကွန်းသွားတဲ့ လမ်းက ပယ်ငါးစယ်၊ ခိုတောင် ချောင်းပေါက်ရွာ တွေဘက်က မြေနီ ထော်လာဂျီ တစ်စီးကို ငွေကျပ် ၃၀၀၀၀နဲ့ မြေနက် ထော်လာဂျီ တစ်စီးကို ငွေကျပ် ၂၀၀၀၀ ပေးဝယ်ရတယ် " ဟု စစ်ကိုင်း အိုးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ဝင်းဝင်းမော် က ပြောသည်။ 

အဆိုပါ အိုးလုပ်ငန်းများတွင် ကုန်ကြမ်းအဖြစ် အသုံးပြုသည့် မြေနီ၊ မြေနက် ရှားပါးလာပြီး ကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်လာခြင်း၊ မြေသယ်ခများ မြင့်တက် လာခြင်းတို့ကြောင့် အိုးလုပ်ငန်း လုပ်ကိုင်သူအချို့ လုပ်ငန်းများ ရပ်ဆိုင်းခြင်းများ ရှိလာကြောင်း သိရသည်။ ''ဒီလုပ်ငန်းက ပုံမှန်ဝင်ငွေ မရှိဘူး။ မိုးတွင်း တစ်တွင်းလုံး နားရတယ်။ နွေအခါနဲ့ ဆောင်းရာသီ လောက်ပဲ လုပ်ကိုင်ကြရတယ်။ ပုံမှန်ဝင်ငွေ မရှိတော့ မျိုးဆက်သစ် ကလေးတွေလည်း မသင်ယူကြ တော့ဘူး။ အိုးလုပ်ငန်း လုပ်ကိုင်မယ့် မျိုးဆက်သစ် ကလေးတွေ မရှိတော့ ရှေ့လျောက် အိုးလုပ်ငန်းက ကောင်းလာနိုင်ဖို့ အလားအလာ မရှိတော့ဘူး။ တိမ်ကော ပျောက်ကွယ် သွားနိုင်တယ် " ဟု  စစ်ကိုင်း အိုးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ဒေသမှ သောက်ရေအိုး၊ ပန်းစိုက်အိုးတို့ အဓိကထွက်ရှိပြီး သောက်ရေအိုးသည် အခြားဒေသထွက် မြေအိုးများထက် အေးမြသည့် ဓာတ်ရှိခြင်းကြောင့် မြန်မာပြည် အနှံ့အပြားတွင် စစ်ကိုင်းအိုးကို အနယ်နယ် အရပ်ရပ်မှ ဝယ်ယူအသုံးပြု နေကြကြောင်း သိရသည်။

စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက် သည် ရှေးမြန်မာ မင်းအဆက်ဆက် လက်ထက်ကပင် အစဉ်အဆက် အိုးလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်း လုပ်ကိုင်ခဲ့သည့် ရပ်ကွက် ဖြစ်ခြင်းကြောင့် "အိုးဘို" ရပ်ကွက်ဟု အမည်ပေးခဲ့ခြင်း ဖြစ်ကာ ၁၉၈၆ -၁၉၈၇ ခုနှစ် အတွင်း ရွာလုံးနီးပါး အိုးလုပ်ငန်းကို လုပ်ကိုင်ကြ သော်လည်း လက်ရှိတွင် အိမ်ခြေ ၃၀၀ ကျော်ရှိသည့် အဆိုပါ ရပ်ကွက်တွင် အိမ်ခြေ ၁၀၀ ဝန်းကျင်သာ အိုးလုပ်ငန်းကို လုပ်ကိုင်နေကြပြီး ကျန်အိမ်ထောင်စု များသည် ရက်ကန်းလုပ်ငန်း နှင့် အခြားလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင် နေကြကြောင်း အိုလုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

#Themyawadydaily

Tuesday, November 8, 2016

မုဒုံစောင်ရက်ကန်း လုပ်ငန်းများ မတိမ်ကောစေရန် စိတ်ဝင်စားသူများကို ရက်ကန်းရက်လုပ်နည်း အခမဲ့ သင်ကြားပေးမည်



မုဒုံ ၊ ၈-၁၁-၂၀၁၆

မွန်ပြည်နယ် မုဒုံမြို့နယ် အတွင်းရှိ ကျိုက်ရွဲကျေးရွာ ထွက် မုဒုံရက်ကန်း စောင်များကို လူကြိုက်များပြီး ဝယ်ယူမှုများ ရှိသော်လည်း ရက်လုပ်သူ ရှားပါး လာခြင်းကြောင့် ရက်ကန်း လုပ်ငန်းများ မတိမ်ကော စေရန်နှင့် ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် စိတ်ပါဝင်စား သူများကို ၂ဝ၁၇ ခုနှစ်မှစ၍ ရက်ကန်းရက် လုပ်နည်း အခမဲ့ သင်ကြားပေး သွားမည် ဖြစ်ကြောင်း မုဒုံစောင် လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ငွေစိန် ထံမှ သိရသည်။

''ပြည်ပမှာ အလုပ်သွားလုပ်တဲ့ သူတွေများလာလို့ မုဒုံစောင်ရက်တဲ့ ရက်ကန်း လုပ်ငန်းတွေ ပပျောက်သလောက် ဖြစ်ကုန်ပြီ။ ဒီလို မတိမ်ကောရအောင် မုဒုံစောင် ရက်လုပ်တာ ကို စိတ်ဝင်စားတဲ့ လူငယ်တွေကို ရက်ကန်းပညာ အခမဲ့ သင်ကြားပေးဖို့ စီစဉ်ဖြစ်တာပါ'' ဟု ဒေါ်ငွေစိန် က ပြောသည်။

လက်ရှိတွင် မုဒုံစောင်များမှာ ဈေးကွက်အတွင်း ရောင်းချရလျက် ရှိသော်လည်း ရက်လုပ်သူ နည်းပါးခြင်းကြောင့် ဝယ်ယူလိုသူ များအတွက် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်။ ကျိုက်ရွဲကျေးရွာ ၌ ယခင်က ရက်ကန်းစင် ပေါင်း ၂ဝ ကျော်ရှိခဲ့ သော်လည်း ယခုအခါ ရက်ကန်းစင် သုံးစင်သာ ကျန်ရှိတော့သည်။

ထို့ကြောင့် မုဒုံစောင် ရက်ကန်းလုပ်ငန်း များ ပြန်လည်တိုးပွား လာစေရေးအတွက် ရက်ကန်းသမားများ မပျောက်ပျက် စေရန် ယခုကဲ့သို့ စီစဉ်ပေးခြင်း ဖြစ်ပြီး စောင်များ ဈေးကွက် အတွင်းသို့ ဖြန့်ဖြူး နိုင်သည်အထိ
သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, October 31, 2016

ရှေးဟောင်းပုံစံ စဥ့်အိုးများ ဟိုတယ်များက မှာယူမှုများပြားလာ



ရွှေဘို ၊ ၃၁-၁၀-၂၀၁၆

ရွှေဘိုမြို့နယ် ကျောက်မြောင်း မြို့နယ်ခွဲ နွယ်ငြိမ်း၊ ရွှေတိုက်၊ရေဇွန် ကျေးရွာတို့တွင် စဥ့်အိုးအမျိုးမျိုး ထုတ်လုပ်ရောင်းချ နေသော်လည်း ရှေးဟောင်းပုံစံ အလှအိုး များကို ပိုမိုစိတ်ဝင်စားမှု ရှိပြီး ဟိုတယ်များက မှာယူမှု များပြား လာကြောင်း အိုးရောင်းသူ တစ်ဦးက ပြောပြသည်။ 

အဆိုပါ ရှေးဟောင်း ပုံစံအိုးများကို ရန်ကုန်မြို့၊ ပုဂံ-ညောင်ဦး တို့မှ ဟိုတယ်များက အဓိကထား မှာယူကြပြီး ယခု နောက်ပိုင်းတွင် တောင်ကြီး၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား မြို့တို့ကပါ တင်ပို့နေရကြောင်း သိရသည်။

''ကျွန်တော်က အိုးကို ကိုယ်တိုင်ထုတ်တာ မဟုတ်ပါဘူး။ အိုးလုပ်တဲ့ ပညာရှင်ခေါ်ပြီး စိတ်ကြိုက်ပုံစံ လုပ်တာပါ။ မိရိုးဖလာ လုပ်ငန်းမို့ အခက်အခဲ မရှိပေမယ့် ကိုယ်က တီထွင်ပြီး လုပ်တယ်။ ရောင်းရမယ်၊ မရောင်းရဘူး ဆိုတာ မသိဘဲ ဒီပစ္စည်းတွေ ပြုလုပ်ခဲ့ ပါတယ်။ ကိုယ့်ဒေသက ပစ္စည်းတွေ အသွင်တစ်မျိုး ပြောင်းစေချင်တာလဲ ပါပါတယ် " ဟု အိုးရောင်းသူ တစ်ဦးက ပြောပြသည်။

ရှေးဟောင်းအိုး ပုံစံကို ၂ဝဝ၆ ခုနှစ်နောက်ပိုင်း စတင်ထုတ်လုပ် ရောင်းချသော်လည်း ဈေးကွက် မရှိခဲ့ကြောင်း၊ ၂ဝဝ၈ ခုနှစ်မှ စတင်၍ ဈေးကွက်အတွင်း နေရာရလာကာ ယခုအချိန်တွင် ခေတ်စားလာ ကြောင်း သိရသည်။

ရှေးဟောင်းအိုး တစ်လုံး ပြုလုပ်ရာတွင် အဆင့်ခုနစ်ဆင့်ခန့် ပြုလုပ်ရပြီး ပထမဆုံး မြေများကို ရေဖျော်ပြီး အိုးပုံစံပြုလုပ်ကာ ဒီဇိုင်းရေး ရကြောင်း၊ ဒီဇိုင်း ရေးဆွဲထားသည့် အိုးများကို နေပူလှန်းပြီး ဖန့်သွားသည့်  အခါ ကော်ဖတ်စား ရကြောင်း၊ ထို့နောက် အိုးများကို မီးဖုတ်သန့်ရှင်းရေး ပြုလုပ်ကာ ဆေးရောင်ခြယ် ရကြောင်းနှင့် အိုးတစ်လုံး ပြီးသည်ထိ လေးရက်ခန့် ကြာကြောင်း သိရသည်။

အဆိုပါ အိုးလုပ်ငန်းတွင် စဥ့်ထည်ပစ္စည်း မျိုးစုံကို တစ်နှစ်ပတ်လုံး ထုတ်လုပ်ရာ နွေရာသီတွင် ရောင်းအားကောင်းပြီး ဆောင်းဥတုတွင် လုပ်ငန်း နှေးကွေးကာ မိုးတွင်းကာလတွင် ထုတ်လုပ်မှု မရှိသလောက် နည်းပါးကြောင်း သိရသည်။

စင်(ကောလင်း)

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)

Monday, October 10, 2016

တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို စတင်လက်ခံ



တောင်ကြီး ၊ ၁၀-၁၀-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ၌ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ရိုးရာမီးပုံးပျံ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို စတင်လက်ခံ လျက်ရှိပြီး အလှည့်ကျ ယှဉ်ပြိုင်ရမည့် အသင်းများ ကို အောက်တိုဘာ ၂၃ ရက်တွင် မဲနှိုက်ရွေးချယ် သွားမည်ဖြစ်ကြောင်း မီးပုံးပျံ ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ သိရသည်။

တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံ ပွဲတော်ကို နိုဝင်ဘာ ၆ ရက်မှ ၁၄ ရက်အထိ တောင်ကြီးမြို့အဝေရာကွင်း၌ ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ခြင်းကို အောက်တိုဘာ ၂ဝ ရက်အထိ လက်ခံသွားမည် ဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပွဲစဉ်ဇယားများ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီနှစ်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေး ထားတဲ့ မီးပုံးပျံတွေက အရင်နှစ်က မီးပုံးပျံ အလုံးရေထက် လျော့နည်းဖို့ မရှိပါဘူး။ မီးပုံးပျံ အမျိုးအစားလိုက် သတ်မှတ် ထားတဲ့ အမျိုးအစား သုံးမျိုးစလုံးကို စာရင်းပေး သွင်းထားပြီး ပွဲတော်မှာ ယှဉ်ပြိုင်ကြဖို့ ကြိုတင်ပြင်ဆင် နေကြပါပြီ'' ဟု မီးပုံးပျံ ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ပြီးခဲ့သည့်နှစ်က မီးပုံးပျံ တစ်လုံးလျှင် အများဆုံး ယမ်းပိဿာချိန် ၃၅ ပိဿာ သတ်မှတ်ခဲ့ သော်လည်း ယခုနှစ် ပြိုင်ပွဲတွင် မီးပုံးပျံခေါင် အမြင့် ၂၅ ပေအထိ သတ်မှတ်ထား သဖြင့် အများဆုံး ယမ်းပိဿာချိန် ၄ဝ သို့ ပြောင်းလဲ သတ်မှတ်ထားကာ ယမ်းအသုံးပြု ပုံနှင့် မီးပုံးပျံ ပြုလုပ်မည့် ပုံစံများ စနစ်ကျစေရန် စစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ သိရသည်။

ယင်းပွဲတော်တွင် ဝါသနာတူ စုစည်းထားသော အဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာ ကိုယ်စားပြု အဖွဲ့အစည်းများ၊ လုပ်ငန်းရှင် များနှင့် ကုမ္ပဏီ ကိုယ်စားပြု အဖွဲ့အစည်း များ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၅ ခုနှစ်က ကျင်းပခဲ့သည့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ တွင်စိန်နား ပန် ၃၇ လုံး၊ ညမီးကြီး ၈၄ လုံး၊ အရုပ် (အလှမီးပုံးပျံ) အလုံး ၁၇ဝ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ခရီးသွားများ သာမက နိုင်ငံခြား ခရီးသွား ဧည့်သည် များလည်း အများအပြား လာရောက် ကြည့်ရှု ကြကြောင်း သိရသည်။ (၄၄၇၊ သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၅)

Thursday, September 29, 2016

ရေစကြိုမြို့နယ်၌ တိုင်းရင်းသားရိုးရာအဆင် များ ရက်လုပ်မှု အောင်မြင်နေ



ရေစကြို ၊ ၂၉-၉-၂၀၁၆

မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် သည် ရှေးယခင် ကတည်းက လက်ရက်ကန်း ထွန်းကားသော မြို့တစ်မြို့ ဖြစ်ကြောင်း သိရသည်။

မျက်မှောက် ကာလတွင် လက်ရက်ကန်း လုပ်ငန်းများ ပြန်လည်ဦးမော့ လာခဲ့သော်လည်း လုပ်သား ရှားပါးမှုကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့ နေရကြောင်း၊ ထိုသို့ အခက်အခဲများ ကြုံတွေ့ နေရသောကြောင့် လက်ရက်ကန်း မှ စက်ရက်ကန်း သို့ ပြောင်းလဲ လုပ်ကိုင်ခဲ့ပြီး တိုင်းရင်းသား ရိုးရာအဆင် များ ရက်လုပ် ရောင်းချလျက် ရှိရာ အောင်မြင်မှုများ ရရှိနေကြောင်း ရေစကြိုမြို့နယ် ဆင်ချောင်းစံပြ ကျေးရွာ ရက်ကန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

''ကျွန်တော်က လွန်ခဲ့တဲ့ ခုနစ်နှစ်လောက် ကတည်းက လက်ရက်ကန်းစင် ၅ဝ လောက်နဲ့ ကချင်ရိုးရာ အဆင်နဲ့ ချင်းရိုးရာ အဆင်တွေ ကို ထုတ်လုပ်ခဲ့ ပါတယ်။ လက်ရက်ကန်း ဖြစ်တဲ့အတွက် ထုတ်လုပ်မှုတော့ နှေးတာပေါ့။ အဲဒီ အချိန်ကတော့ လုပ်သားရှိရင် ရှိသလို လုပ်ငန်းတိုးချဲ့ခဲ့ တာပေါ့။ တဖြည်းဖြည်း နဲ့ လုပ်သား က ရှားလာတော့ အခု လက်ရက်ကန်း နေရာမှာ စက်ရက်ကန်းကို အစားထိုး လုပ်ကိုင် နေပါတယ်။ လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်းကို တော့ မန္တလေးမြို့က ဝယ်ပါတယ်။ ကုန်ချော ကိုတော့ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား မြို့ကြီးတွေမှာ ရှိတဲ့ ရိုးရာ အရောင်းဆိုင် တွေကို တင်သွင်းပါတယ်။ လက်ရှိမှာတော့ ထုတ်လုပ်မှုနဲ့ ရောင်းအားက ကောင်းနေပါတယ်'' ဟု ဆင်ချောင်း စံပြကျေးရွာမှ ''ဝန်းရံခ'' တိုင်းရင်းသား ရိုးရာအဆင် ရောင်းဝယ်ရေး လုပ်ငန်းရှင် ကိုမင်းမင်းထိုက် က ပြောသည်။

အဆိုပါ တိုင်းရင်းသားရိုးရာ အဆင်များကို မြန်မာ တိုင်းရင်းသားများ သာမက ကမ္ဘာလှည့် ခရီးသွားများပါ အထူးနှစ်သက် ကြကြောင်း ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

ဖေထွဏ်းဇော် (ရေစကြို)

မြ၀တီနေ့စဉ် ၊ စာ(၄)

Wednesday, September 21, 2016

ရန်ကုန်မြို့ပြ အမွေအနှစ်မဟာဗျူဟာ မကြာမီ ထုတ်ပြန်မည်



ရန်ကုန် ၊ ၂၁-၉-၂၀၁၆

ရန်ကုန်မြို့၏ ရှေးဟောင်း အမွေအနှစ် များကို ထိန်းသိမ်း ကာကွယ်ရန်နှင့် လက်ရှိ ရန်ကုန်မြို့၏ ဖြစ်နိုင်ခြေ အလားအလာ များကို ပြုစုထားသည့် ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာ Yangon Heritage Strategy ကို မကြာမီထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် များကို ထိန်းသိမ်း စောင့်ရှောက် ရာတွင် တစ်မြို့လုံးကို ခြုံငုံ ဆောင်ရွက်ရန် လိုအပ်ပြီး တခြားမြို့များ ၏ အားနည်းချက် များကို သင်ခန်းစာ ယူကာ လူဦးရေ တိုးပွားလာသည် နှင့်အမျှ ကွဲပြား စုံလင်လှသည့် လူ့အသိုင်းအဝိုင်း၊ ရိုးရာဓလေ့၊ စီးပွားရေးနှင့် သမိုင်း အကြောင်းအရာ တို့ကို မြို့ပြနေထိုင်မှု ဘဝထဲ၌ ပါဝင်အောင် ဆောင်ရွက် သင့်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် အထပ်မြင့် အဆောက်အအုံ များကို ထိန်းချုပ်ပြီး အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရန် ကျယ်ဝန်းသည့် နေရာရှိခြင်း အားဖြင့် မြို့၏အထင်ကရ နေရာများ နှင့် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကိုပါ ကာကွယ်ထား နိုင်မည် ဖြစ်ခြင်းကြောင့် ယင်း ရည်ရွယ်ချက် များကို အောင်မြင်စွာ ဆောင်ရွက် နိုင်ပါက ရန်ကုန်မြို့၏ လူမှုရေးနှင့် စီးပွားရေး ကဏ္ဍများအပေါ် ကောင်းမွန်သော အကျိုး သက်ရောက်စေမည် ဖြစ်သည်။

ရန်ကုန်မြို့၌ စိမ်းလန်းပြီး စနစ်တကျ ရေးဆွဲထားသည့် မြို့တည်ထားမှု နှင့် ယဉ်ကျေးမှု အမွေအနှစ် များစွာရှိနေပြီး ယင်းတို့သည် အာရှတိုက်၏ ရှားပါး လက်ကျန် သမိုင်းဝင်မြို့ပြ ရှုခင်းလည်း ဖြစ်သည်။ ထို့ကြောင့် ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံ မှုနှင့် စီမံခန့်ခွဲမှုများ ဆောင်ရွက်ပါက အာရှ၏ အချက်အချာမြို့များ ဖြစ်သည့် ဗန်ကောက်၊ ကွာလာလမ်ပူ၊ ဟောင်ကောင် နှင့် မနီလာ စသည့်မြို့များ ကဲ့သို့ ဖြစ်လာ နိုင်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)
Related Posts Plugin for WordPress, Blogger...