Social Icons

Pages

Showing posts with label ရိုးရာမုန့်. Show all posts
Showing posts with label ရိုးရာမုန့်. Show all posts

Tuesday, March 21, 2017

မြန်မာ့လက်ဖက်ပြပွဲ ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်



မန္တလေး ၊ ၂၁-၃-၂၀၁၇

မြန်မာ့လက်ဖက် ပြပွဲ၊ ပြိုင်ပွဲများကို မေလတတိယပတ် ထဲတွင် မန္တလေးမြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများနှင့် မြန်မာ့လက်ဖက် အစုအဖွဲ့ (ရန်ကုန်) သတင်းများအရ သိရသည်။

ယခု မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် လက်ဖက်ပြပွဲနှင့် ပြိုင်ပွဲမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး အဆိုပါပြပွဲနှင့် ပြိုင်ပွဲများကို မန္တလေးမြို့တွင် ယခုနှစ် မေလ ၂ဝ ရက်မှ ၂၂ ရက်ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ လက်ဖက်ပြပွဲ နှင့်ပြိုင်ပွဲများကို မြန်မာ့လက်ဖက်သုပ် နည်းစနစ် အသစ်များ ထွက်ပေါ်လာ စေရန်နှင့် လက်ဖက်ဈေးကွက် တိုးတက်ကျယ်ပြန့် လာစေရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ ကျင်းပပြုလုပ်မည့် လက်ဖက်ပြပွဲ၊ ပြိုင်ပွဲများမှ မြန်မာ့ လက်ဖက်သုပ်နည်း အသစ်များ၊ ချက်ပြုတ်နည်း အသစ်များ ထွက်ပေါ်လာပါက မြန်မာ့လက်ဖက်ကို လက်ရှိပဲကြော်နှင့် သုပ်စားနေသည့် နည်းအပြင် အခြားသော နည်းမျိုးစုံ များ ထပ်မံထွက်ပေါ် လာမည်ဖြစ်သည်။ ထို့ပြင် လက်ဖက်ပြပွဲနှင့် ပြိုင်ပွဲများတွင် မြန်မာ့ လက်ဖက်သုပ် နည်းစနစ်သစ်များ ဖန်တီးနိုင်မည့် ပြိုင်ပွဲများ၊ မြန်မာ့ လက်ဖက်ရည်ဝိုင်း စသည့်ပြိုင်ပွဲ အမျိုးအစား ၁ဝ မျိုးခန့်ကို ထည့်သွင်းကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ဖက် ပြပွဲ၊ ပြိုင်ပွဲတွင် လက်ဖက် လုပ်ငန်းရှင်ဦးရေ ၃ဝ ကျော် လာရောက်ပြသရန် မျှော်မှန်းထားပြီး ပြခန်း ၃ဝ ကျော် ပြသရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ စာ (၂၁)

Monday, February 13, 2017

ပွဲဈေးတန်းများတွင်သာ အဓိကတွေကရတတ်သော မြန်မာ့ရိုးရာအစားအစာ ကောက်ညှင်းကျည်တောက် (ခေါ်) ခေါက်လံကျည်တောက်



( သီရိ ၊ H.O )

မြန်မာလူမျိုးတို့၏ မြန်မာ့ရိုးရာ အစားအစာများ ထဲတွင် အသက်အရွယ်မရွေး ကြိုက်နှစ်သက်ပြီး လက်ရှိအချိန်ထိ မပျောက်ပျက်ဘဲ စားသုံးနေသော စားစရာတစ်ခု ရှိပါသည်။ ၄င်းမှာ ကောက်ညှင်း ကျည်တောက် (ခေါ်) ခေါက်လံ ကျည်တောက် ဖြစ်သည်။

ထို ကောက်ညှင်း ကျည်တောက်မှာ ဘုရားပွဲဈေးတန်း၊ ညဈေးတန်း များတွင် မပါမဖြစ် ရောင်းချရသည့် မြန်မာ့ရိုးရာ စားစရာတစ်မျိုး လည်းဖြစ်သည်။ ယခင်က ကောက်ညှင်း ကျည်တောက်ကို ဆောင်းဦးရာသီ၏ ဝါးပေါများစွာ ထွက်လာသည့် အချိန်၌ တင်းဝါးများဖြင့် ပြုလုပ်ကြရ သောကြောင့် တစ်နှစ်ပတ်လုံး စားသုံး၍ မရဘဲ ထိုဆောင်းဦး ကာလမှသာ စားသုံး၍ ရသည်။ ယခု နောက်ပိုင်းတွင် မည့်သည်ကာလ တွင်မဆို ပြုလုပ် ရောင်းချမှုများ ရှိလာပြီဖြစ်သည်။

ကောက်ညှင်း ကျည်တောက် ပြုလုပ်ရာတွင် အဓိက အသုံးပြုသောဝါးမှာ တင်းဝါးဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝ ကျော် ကတည်းက မိရိုးဖလာ လုပ်ကိုင်ကြသော ဦးထွေး၊ ဒေါ်အေး၊ သမီးမဝိုင်း တို့၏ မျိုးဆက် ဒေါ်လှလှ က ကောက်ညှင်း ကျည်တောက် (ခေါ်) ခေါက်လံ ကျည်တောက် ပြုလုပ်ပုံ အဆင့်ဆင့်ကို ပြောပြရာတွင် ''လူအများစုက ကောက်ညှင်း ကျည်တောက် ပြုလုပ်တာကို လွယ်ကူတယ် ထင်ကြတယ်။ တကယ်တော့ မြန်မာ့ရိုးရာ အစားအစာတွေ ထဲမှာ ကောက်ညှင်း ကျည်တောက် ပြုလုပ်နည်းက ခက်ခဲပါတယ်။ ကောက်ညှင်း ကျည်တောက်က မီးအပြင်းလည်း သုံးလို့မရပါဘူး။ ဒါ့ပြင် မီးသွေးနဲ့လည်း ကင်လို့မရပါဘူး။ အစာသွတ် ထားတဲ့ ကောက်ညှင်း ကျည် တောက်ကို ဝါးအခြောက်၊ ဝါးဖတ်လေး တွေနဲ့ မီးကင်ရတာပါ။ လေငြိမ်၊ မငြိမ် ကလည်း အလွန် အရေးကြီးပြီး လေငြိမ်ရင် တစ်နာရီလောက်ပဲ ကင်ရပေမယ့် လေမငြိမ်ရင်တော့ တစ်နာရီမက ကြာပါတယ်။ မီးကင်မယ့် ဝါးကလည်း မနုလွန်း၊ မရင့်လွန်း အရွယ်အနေအထား သင့်တင့်တဲ့ တင်းဝါးကို အသုံးပြုရတယ်။ ကောက်ညှင်း ကျည်တောက် ပြုလုပ်မယ်ဆိုရင် ပထမဆုံး ကောက်ညှင်းကို အနည်းဆုံး နေ့တစ်ဝက်လောက် ရေစိမ်ထား ရပါတယ်။ 

ပြီးရင် စိမ်ထားတဲ့ ကောက်ညှင်းကို ဆားနဲ့နယ်ထားပြီး တင်းဝါးထဲကို ထည့်ကာ ကောက်ညှင်းထဲကို ရေလောင်းထည့်ပြီး တစ်ဖက်ကို ငှက်ပျောရွက်နဲ့ ပိတ်ပြီး မီးကင်ရပါတယ်။ ဒီလိုမီးကင်တဲ့ နေရာမှာ ကျွမ်းကျင်မှုက အဓိကလို့ပြော လို့ရပါတယ်။ တစ်ခါတည်း မီးနဲ့ကင်ရတာ မဟုတ်ဘဲ တစ်ဆင့်ချင်းကင်ရပါတယ်။ ပထမဆုံး ကင်မယ့် ကောက်ညှင်းကျည်တောက်ကို တန်းဘေးမှာ ထောင်ပြီး အောက်ခြေကစတင် မီးမြှိုက်ရတယ်။ ပြီးမှ အလယ်၊ အထက်ဆိုပြီး တစ်ဆင့်ချင်း မီးကင်ရပါတယ်။ ဒီလိုမီးကင်တာ မကျွမ်းကျင်ရင် မနပ်တဲ့ ကောက်ညှင်းတွေ ပါလာမှာဖြစ် ပါတယ်။ ကောက်ညှင်း ကျည်တောက်ကို လှည့်ပြီး သေချာ မီးကင်ရတာကြောင့် ကြည့်ရင် အလွယ်တကူ ပြုလုပ်လို့ရတဲ့ စားစရာလို့ ထင်မြင်ကြပေမယ့် အမှန်က အလွန် လက်ဝင်တဲ့ မြန်မာ့ရိုးရာ စားစရာတစ်ခု ဖြစ်ပါတယ်'' ဟု ပြောသည်။

ထို့ပြင် ကောက်ညှင်း ကျည်တောက် ပြုလုပ်ရာတွင် ကောက်ညှင်းဆန် အမျိုးအစားပေါင်း များစွာကို အသုံးပြုကြ သော်လည်း အမှန်တကယ် အလွန်နူးညံ့သော ကောက်ညှင်း ကျည်တောက် ရရှိရန် ပုသိမ်သွယ် ဟူသော ကောက်ညှင်းဆန်ကို အသုံးပြုလျှင် ကောင်းမွန်သည့် ကောက်ညှင်း ကျည်တောက်ကို ရရှိမည်ဖြစ်သည်။ ကောက်ညှင်းဆန် တစ်ပြည်လျှင် ကောက်ညှင်း ကျည်တောက် အလုံး အကြီး၊ အသေးပေါ် မူတည်၍ ပျမ်းမျှ ခေါက်လံ ကျည်တောက် ၂ဝ ရရှိပြီး အလုံးကြီးပါက ခေါက်လံ ကျည်တောက် ၁၅ ခုသာ ရရှိကြောင်း သိရသည်။

ထို ကောက်ညှင်း ကျည်တောက် သည် လူတန်းစားမရွေး ကြိုက်နှစ်သက်စွာ စားသုံးကြပြီး တချို့ဒေသများ၌ သကြားနှင့် အုန်းသီးကိုရော၍ စားကြသည်။ တချို့ဒေသ များ၌ ပဲနှင့်ရောသွတ်ကာ စားကြသကဲ့သို့ အုန်းသီးပါ တစ်ပါးတည်း သွတ်၍ စားကြကာ အချို၊ အဆိမ့် ဟူ၍ နှစ်မျိုးခွဲ စားသုံးကြသည်။

ကောက်ညှင်း ကျည်တောက် သည် မည်သည့်ဆိုးဆေး၊ နှပ်ဆေးများ ထည့်သွင်း အသုံးပြုစရာ မလိုသည့် စားစရာ ဖြစ်သည်။ အာဟာရ ပြည့်ဝပြီး ဝမ်းဝစေကာ ကောက်ညှင်းဆန် ကိုသာ အဓိကထားပြီး အသုံးပြုထားသော စားစရာ တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် စာဖတ်သူ ပရိသတ်များ အနေဖြင့် သရေစာ စားစရာ အမျိုးအစား များစွာရှိ သော်လည်း ကောက်ညှင်း ကျည်တောက်မှာ တန်ဖိုးလည်း နည်းပြီး ကျန်းမာရေး အရလည်း သင့်လျော်သည့် အတွက် ပြုလုပ်စားသုံး နိုင်ရန် ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Monday, April 25, 2016

မွေးရပ်မြေသို့ အလည်တစ်ခေါက်


မွေးရပ်မြေသို့ အလည်တစ်ခေါက်

( မဒါလေး )

ယခုနှစ် သင်္ကြန်သည် စာရေးသူ ဘဝတွင် အမှတ်တရ များစွာ ဖန်တီး နိုင်လိမ့်မည်ဟု ဘယ်သောအခါ ကမျှ မတွေးခဲ့ဖူးပါ။ သင်္ကြန် ဆိုသည်နှင့် နွေနေအပူများ ကြားတွင် ရေစိုစိုနှင့် ရေပက်ခံ ရမည်ကို ကြောက်ပြီး ကိုယ်စိတ် ပင်ပန်းရသည့် ခံစားမှုကို စာရေးသူ မကြိုက်ခြင်း လည်း ပါသည်။ သို့အတွက် သင်္ကြန်ရက် ရောက်တိုင်း အိမ်တွင်းပုန်း ကာ ကိုယ်စိတ် ချမ်းသာမည့် စာရေးခြင်း အလုပ်ကိုသာ လုပ်လေ့ရှိသည်။ အပြီးမသတ် ရသေးသည့် စာမူများကို ပြင်သင့်သည် များကိုပြင်၊ အပြီးသတ် သင့်သည်များကို အပြီးသတ်ဖြင့် သင်္ကြန်ရက် သည် ကုန်၍ ကုန်မှန်း မသိ ဖြစ်ရသည်။ 

ယခုနှစ်တွင် သင်္ကြန်မတိုင်မီ လမ်းပေါ်မှ သင်္ကြန်သီချင်းသံ ကြားခါစကပင် ရင်များ တလှပ်လှပ် ခုန်လာသည်။ ငယ်စဉ်က အုန်းလက် မဏ္ဍပ်ဖြင့် ရေလောင်း ရေပက် ကြသည်ကို စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်ယောင် လာသည်။ သင်္ကြန်တေးသံ ကြားလျှင်ပင် စိတ်ရွှင်လန်းသည် ဆိုသည်မှာ အမှန်ဖြစ်နေ ရော့သလား။ ယခုမှ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့် မိသည်။

အမှန်တကယ်မှာ ယခုနှစ် သင်္ကြန်သည် ထူးခြားစွာ သင်္ကြန်အကြတ် နှစ်ရက် ဖြစ်နေသည့် အတွက် ရုံးပိတ်ရက် ရှည်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့်ပင် ခရီးသွားသူများ များပြား လှသည်။ အများစုသည် မိသားစုလိုက်၊ အသင်းအဖွဲ့ လိုက် အနားယူ အပန်းဖြေ ထွက်ကြခြင်း နှင့် မွေးရပ်ဇာတိသို့ ပြန်ကြခြင်း ဖြစ်သည်။ သင်္ကြန်မတိုင်မီ ကပင် ခရီးသွား ကြော်ငြာများ၏ ဆွဲဆောင်မှု ကလည်း ခရီးသွားချင် စိတ်ကို ပိုမိုဖြစ်ပေါ် စေသည်။ ဘယ်သို့ သွားမည်ကို သေချာ မဆုံးဖြတ် ရသေးမီ သွားချင်သည့် ဒေသနှင့် ထိုဒေသ အလှအပ များကို အင်တာနက် ပေါ်တွင် လိုက်ရှာ ကြည့်သည်။ ထိုနေရာသို့ သွားလျှင် မည်သို့သော ဗဟုသုတ ရမည်နည်း။ မည်သို့သော အတွေ့အကြုံ အသစ်အဆန်း များနှင့် တွေ့ကြုံ ရမည်နည်း။ ဒေသဆိုင်ရာ အတွေ့အကြုံ ဆိုသည်မှာလည်း လူတစ်ဦး တစ်ယောက် အတွက် အမှန်တကယ်ပင် အရေးပါသော တစ်စိတ်တစ်ပိုင်း တွင် ပါဝင်သည်။ သို့သော် မည်သည့် နေရာသို့ သွားရမည်ကို ဆုံးဖြတ်၍ မရ ဖြစ်နေသည့် အဆုံး မရောက်ဖြစ်သည့် မွေးရပ်ဇာတိ မြေသို့ ပြန်ရန်သာ ဆုံးဖြတ် လိုက်သည်။

သင်္ကြန်မတိုင်မီ တစ်လအလို ကပင် ကားလက်မှတ် ကို ကြိုတင် ဖြတ်ထားရသည်။ ခုံနံပါတ် နောက်ဆုံးက ရသည်ကို ကြည့်ခြင်းအားဖြင့် ခရီးသွားသူ အမှန်တကယ် များပြားကြောင်း သိနိုင်သည်။ မွေးဖွားရာ၊ ဇာတိချက်မြှုပ်ရာ ဒေသ ဖြစ်သော်လည်း ငယ်စဉ် ကတည်းက ခွဲခွာလာရ သဖြင့် စာရေးသူနှင့် အတော်ပင် စိမ်းနေသည်။ ဆွေမျိုး သားချင်းများနှင့် တွေ့ဆုံရမည် ဖြစ်သော်လည်း နေရာဒေသ အသစ် တစ်ခုသို့ သွားရမည့်သူ ပမာ စိတ်ပူပန် နေမိသည်။ ငယ်စဉ် ကတည်းက ခွဲခွာခဲ့ရသော ဇာတိမြေ၏ ပြောင်းလဲမှု များကို စိတ်ကူးယဉ် ပုံဖော်မိသည် ကလည်း အကြိမ်တစ်ရာ မကပေ။ ကိုယ့်ဒေသသည် ယခင်က ကဲ့သို့ သာယာလှပ နေပါဦးမည်လား စိုးရိမ်စိတ်လည်း ဖြစ်မိသည်။ ထိုစိုးရိမ်စိတ် များကို ရင်ဝယ်ပိုက်လျက် မန္တလေး-မုဒုံ အမြန်ယာဉ်ကို စီးနင်းလိုက်ပါ သွားခဲ့ရ ပေပြီ။

ကားပေါ် တက်လိုက်သည်နှင့် လှုပ်ခတ်နေသော ရင်အစုံကို ငြိမ်သက်စေခြင်းငှာ အင်တာနက် စာမျက်နှာပေါ် ဟိုရှာသည်ရှာ လုပ်နေမိသည်။ ထိုခဏမှာပင် ပို့စ် တင်ထားသော မသေမီ သွားရမည့် မြန်မာပြည်မှ ရှုခင်းများ ဆိုသည်ကို တွေ့သဖြင့် ဝင်ကြည့်လိုက်ရာ စာရေးသူ၏ ဇာတိသည်လည်း တစ်ခု အပါအဝင် ဖြစ်နေသည်။ ၀မ်းသာလွန်း သဖြင့် မျက်ရည်များပင် လည်မိသည်။ ကိုယ့်ရပ်ရွာ ဇာတိ၏ ကောင်းသတင်းမှာ လူတစ်ဦး၏ ရင်ကို အတော်ပင် လှုပ်ခတ်နိုင်စွမ်း ရှိလှသည်။ ထိုနေ့ညက စိတ်ကူးယဉ် သက်သက်ဖြင့် ကားပေါ်တွင် စီးနင်းလိုက်ပါ လာမိသည်။ နံနက်အစော မိုးသောက်သည်နှင့် မော်လမြိုင်သို့ ရောက်ပါပြီ။ ကားပေါ်က မြင်နေရသော အုန်းပင်၊ အုန်းလက်များက စိမ်းစိမ်းစို နေသည်။ ကားပေါ်မှ မှန်းဆကာ အုန်းပန်းရနံ့လေး သင်းနေသည့် လေနုအေးလေး ကို စိတ်ကူးဖြင့် ရှူရှိုက် နေမိသည်။

စာရေးသူ၏ ဇာတိမြို့မှာ မော်လမြိုင်မှ နောက်ထပ်မိနစ် အနည်းငယ် ခရီးဆက် ရဦးမည် ဖြစ်သည်။ မြို့အဝင်တွင် လာကြို နေကြမည့် မောင်နှမ ဝမ်းကွဲများကို တစ်ဦးချင်းစီ ပုံဖော်တွေးရင်း ရင်ခုန်သံများ ပိုမြန်လာသည်။ မကြာမီ စာရေးသူ၏ ဇာတိမြေ မြို့ဝင် ဆိုင်းဘုတ်နားတွင် အသင့် လာကြိုနေသော မောင်နှမများကို တွေ့လိုက် ရသည်။ ကားပေါ်မှ ဆင်းဆင်းချင်း ရသော ရော်ဘာရနံ့ နှင့် လတ်ဆတ်သော လေတို့မှာ ရင်ထဲမှ တမ်းတနေသော လွမ်းဆွတ်မှု များကို အနည်းငယ်  ဖြေသိမ့်လိုက်သည်။ မြို့အဝင်မှ ကားဖြင့် ခရီးဆက်ခဲ့ရာ လမ်းတစ်လျှောက် တွင် ရော်ဘာမှိုင်းရုံမှ ရသော ရနံ့များ ၊ တစ်ခါတစ်ခါ ဒူးရင်းသီးနံ့များ၊ တစ်ခါတစ်ခါ လတ်ဆတ်သည့် လေ၏ သင်းရနံ့များမှာ အညာဒေသမှ လာသော လူတစ်ဦး၏ နှလုံးအိမ်ကို လန်းဆန်း စေသည်မှာ အမှန်ပင် ဖြစ်သည်။

ဖော်ရွေတတ်သော ဒေသမှလူများ ဖြစ်သဖြင့် မြင်သမျှ မြင်ကွင်းမှာ ရင်းနှီးနေသလို ခံစားရသည်။ ရောက်လျှင် ရောက်ချင်းပင် မွန်လူမျိုး များ၏ အစားအစာ တစ်ခုဖြစ်သော သင်္ကြန်ထမင်းက ကြိုနေလေသည်။ အကြောင်း အမျိုးမျိုးကြောင့် မစားဖြစ်တာ ကြာပြီဖြစ်သော ဖယောင်းနံ့ သင်းသည့် သင်္ကြန်ထမင်းနှင့် သင်္ကြန်ဟင်းမှာ စာရေးသူ၏ နှလုံးကို ထပ်မံလှုပ်နိုး လိုက်ပြန်သည်။ လမ်းတစ်လျှောက် တွေ့သည့် ဆိုင်တိုင်း တွင်လည်း ''သင်္ကြန်ထမင်း ရပြီ'' ဆိုသည့် ဆိုင်းဘုတ်ကို တွေ့သောအခါ ထူးဆန်းသလို ဖြစ်သော်လည်း သင်္ကြန်ရောက်လျှင် နှစ်စဉ် ပြုလုပ်နေကြ ဖြစ်သဖြင့် မထူးခြားသလို နေလိုက်မိသည်။ နောက်မှ အစ်မတစ်ဦး က ယခုနှစ် အယ်လ်နီညို အပူဒဏ်ကြောင့် မုဒုံမြို့က ဆိုင်တိုင်း နွေရာသီ အစကပင် သင်္ကြန်ထမင်း ရောင်းကြောင်း သိလိုက်ရသည်။ ထမင်းကို ဖယောင်းရေနှင့် ရောပြီး သရက်သီးစိမ်း၊ ကြက်သွန်နီ များများနှင့် ရောကြော် ထားသော ငါးခြောက်ကြော် မှာ လိုက်ဖက်လှပြီး လူကို အပူငြိမ်း စေသည်ဟု ငယ်စဉ် ကတည်းက သိခွင့် ရခဲ့သည်။ နှစ်စဉ် နွေရာသီ သင်္ကြန်ရက် ပူသော ကာလတွင် လုပ်စားသဖြင့် သင်္ကြန် ထမင်းဟု ခေါ်ခြင်းဖြစ်ကာ သင်္ကြန်ရက် အတွင်းမှာပင် ကုသိုလ်ပြုကြ၊ လုပ်စားကြသည်။ ယခုတော့လည်း စီးပွားဖြစ် အစားအသောက် တစ်ခုပင် ဖြစ်၍ နေပေပြီ။

ဇာတိမြေ၏ စာဖွဲ့၍ မကုန်သော အလှအပနှင့် အစားအသောက် ကောင်းများ အကြောင်းကို နောက်မှ ဆက်ပြောပါမည်။ လောလောဆယ် တစ်ညလုံး ကားစီးလာရ သဖြင့် စာရေးသူနားရန် လိုအပ်နေပေပြီ။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

Monday, November 23, 2015

ကျန်းမာရေးနှင့် ညီညွတ်သော တိမ်မြုပ်နေသည့် မြန်မာ့ရိုးရာမုန့်များကို ပြန်လည်ဖော်ထုတ်ပေးမည့် မုန့်တိုက်ပွဲ လှုပ်ရှားမှု ကျင်းပမည်


တောင်တွင်းကြီး ၊ ၂၃-၁၁-၂၀၁၅

ဓာတုဆိုးဆေး ပါပြီး စားသုံးရန် မသင့်သော မုန့်များကို တိုက်ပွဲတစ်ခု အသွင်ဖြင့် ဆန့်ကျင်ပြီး ကျန်းမာရေး နှင့် ညီညွတ်သော တိမ်မြုပ်နေသည့် မြန်မာ့ရိုးရာ မုန့်များကို ပြန်လည် ဖော်ထုတ်ပေးမည့် မုန့်တိုက်ပွဲ လှုပ်ရှားမှုကို မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့၌ နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မုန့်တိုက်ပွဲကို တောင်တွင်းကြီးမြို့ ဒေသခံများက တန်ဆောင်တိုင် မီးထွန်းပွဲနှင့် အတူ ကျင်းပလေ့ရှိပြီး ယခုနှစ်သည် တတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်တွင် ဝါးဖြင့် ပြုလုပ်ထားသော ယာယီတဲများ တည်ဆောက်၍ တဲတစ်လုံးတွင် မြန်မာမုန့် နှစ်မျိုး ထည့်သွင်း ကျွေးမွေးမည် ဖြစ်ပြီး စုစုပေါင်း တဲ ၁၅ လုံးတွင် မြန်မာမုန့် အမျိုးပေါင်း ၃ဝ ပါဝင် ထည့်သွင်း ကျွေးမွေး သွားမည် ဖြစ်သည်။ ထိုသို့ ကျွေးမွေးနိုင်ရန် မုန့်တိုက်ပွဲ လှုပ်ရှားသူများ အဖွဲ့အား မုန့်တစ်မျိုးလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် လှူဒါန်း နိုင်ပြီး ယခုအချိန်ထိ မုန့်တဲ ၁ဝ ခုစာ အလှူငွေ ကျပ် ၁ဝ သိန်း လက်ခံ ရရှိပြီးပြီ ဖြစ်ကြောင်း သိရသည်။

''အဓိက ကတော့ ကလေးတွေကို မြန်မာ့ရိုးရာ မုန့်တွေနဲ့ ရင်းနှီးလာအောင်၊ ကြိုက်တတ် လာအောင် ကြိုးစားတာပါ။ တန်ဆောင်တိုင် လပြည့်နေ့ တိုင်းကို နိဗ္ဗာန်ဈေး ပွဲတော် (စတုဒိသာ ကျွေးပွဲ) ခင်းပြီး ကလေးတွေကို အာဟာရဒါန ပြုကြတာပါ။ ဓာတုဆိုးဆေး တွေပါတဲ့ မစားသင့် တဲ့မုန့်တွေ အစား အခုလို မြန်မာ့ရိုးရာ မုန့်တွေကို ကလေးတွေ စားလာရင် ကလေးတွေ သက်တမ်းစေ့ နေနိုင်ဖို့ အထောက်အကူ ဖြစ်မယ်လို့ ယူဆပါတယ်'' ဟု မုန့်တိုက်ပွဲ လှုပ်ရှားမှုတွင် ပါဝင်စီစဉ်သူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)
Related Posts Plugin for WordPress, Blogger...