Social Icons

Pages

Showing posts with label အစားအသောက်ဆိုင်ရာ. Show all posts
Showing posts with label အစားအသောက်ဆိုင်ရာ. Show all posts

Monday, October 8, 2018

သက်သတ်လွတ် စားသုံးသူများအတွက် အာဟာရပြည့်ဝသော ကျိုင်းတုံဒေသ အစားအစာ ရှမ်းဟင်းထုပ်



မြန်မာလူမျိုးတို့သည် ရှမ်းပြည်နယ် ကျိုင်းတုံဒေသ၏ ရှမ်းရိုးရာ အစားအစာ တစ်မျိုးဖြစ်သော ဟင်းထုပ်ကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်စားသုံးလေ့ ရှိကြသည်။ တချို့က ဟင်းထုပ်ကို ကြက်သွန် မြိတ်တစ်မျိုးသာ ထည့်သွင်းအသုံးပြုပြီး စားသုံးကြသကဲ့သို့ တချို့က မုန်လာထုပ်၊ ငှက်ပျောဖူး၊ ကြက်သွန်ဖူး၊ ကြက်သွန်နီ တို့ကို ထည့်သွင်း၍ ပြုလုပ်စားသုံးကြသည်။ အဆိုပါဟင်းထုပ်ကို သက်သတ်လွတ် ပြုလုပ်စားသုံးနိုင်သကဲ့သို့ မိမိကြိုက်နှစ်သက်ရာ အသားတစ်မျိုး ထည့်၍လည်း ပြုလုပ်စားသုံးနိုင်သည်။
-
ရှမ်းဟင်းထုပ်သည် အသီးအရွက်များကိုသာ အဓိကထားပြီး ကော်မှုန့်၊ဆန်မှုန့်တို့ ထည့်သွင်း အသုံးပြုထားသဖြင့် ဘေးဥပဒ်ကင်းကာ အာဟာရပြည့်ဝသော အစားအစာတစ်မျိုးဖြစ် သည့်အတွက် လူကြီးလူငယ်မရွေး စားသုံးနိုင်သည်။
-
ရှမ်းဟင်းထုပ်ပြုလုပ်မည် ဆိုပါက ကြက်သွန်မြိတ် ၁ဝ ကျပ် သား၊ ဆန်မှုန့် ၁ဝ ကျပ်သား၊ ကော်မှုန့် သို့မဟုတ် ကောက်ညှင်းမှုန့် စားပွဲတင်ဇွန်းသုံးဇွန်း၊ဆီ၊ချင်း၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်၊ ဆား၊နနွင်းမှုန့်၊ရေနှင့် ငှက်ပျောဖက်တို့ လိုအပ်သည်။ငါး ဟင်းထုပ်ပြုလုပ်မည် ဆိုပါက ငါးအသားပြား အရိုးထွင်ပြီးသားကို လိုသလောက်ပြင်ဆင် ထားရမည်ဖြစ်ပြီး တွဲဖက်စားသုံးရန် ကြက်သွန်ဖြူဆီချက်၊ ဂျူးမြစ်၊ ငရုတ်သီးကြော်တို့ကိုလည်း ပြင်ဆင်ထားရန် လိုအပ်သည်။
-
ရှမ်းဟင်းထုပ်ပြုလုပ်ရန် ဦးစွာ ကြက်သွန်မြိတ်ကို ရေဆေးသန့်စင်ပြီး လက်တစ်ဆစ်ခန့် ဖြတ်ထားပါ။ ယင်းနောက် ပြင်ဆင်ထားသော အထက်ပါ ပါဝင်ပစ္စည်းများကို ဇလုံတစ်ခု၌ထည့်၍ ရေကို ဖြည်းဖြည်းချင်း ထည့်ပြီးနယ်ပေးပါ။ ငှက်ပျောဖက်ကို မီးကင်၍ သန့်ရှင်းကာ ကတော့ပုံစံပြုလုပ်ပြီး နယ်ထားသောမုန့်နှစ်ကို ထည့်ပေးရမည်။ ပြီးလျှင် ငါးထည့်ပြီး အဖုံးလုံအောင်ပိတ်ကာ ပေါင်းခံအိုး၌ ထည့်၍ မီး ပြင်းပြင်းဖြင့် နာရီဝက်ခန့်ပေါင်းပြီး ကြက်သွန်ဖြူဆီချက်၊ ဂျူးမြစ်၊ငရုတ်သီးကြော်တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ကြောင်း ရှမ်းဟင်းထုပ်ပြုလုပ် နည်းကိုဝေမျှသည့် မအေးနော် ကပြောသည်။
-
ရှမ်းဟင်းထုပ်သည် ကျိုင်းတုံဒေသရိုးရာဟင်းထုပ်ပုံစံဖြစ်၍ ပြုလုပ်ရလွယ်ကူပြီး အချိန်ကုန် သက်သာစေသည့်အတွက် သက်သတ်လွတ် စားသုံးသူများ အနေဖြင့် အိမ်တွင် အလွယ်တကူပြုလုပ် စားသုံးနိုင်ရန် တင်ပြလိုက်ရပါသည်။ ။

-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, July 17, 2018

ကနီမြို့နယ်တွင် ကျောင်းသား ၁၁၆ ဦး အစာအဆိပ်သင့်မှုဖြစ်ပွား



ကနီ ၁၇-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာတွင် ကျောင်းသား ၁၁၆ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း ကနီမဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

ကနီမြို့နယ် ဇီးပင်တွင်း ကျေးရွာရှိ ဒီမိုးစာသင်ဝိုင်းတွင် တက်ရောက်ပညာသင် ကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုသည့် အခမ်းအနားကိုဇူလိုင်၁၅ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ကြားကာ ကြက်သား၊ ဝက်သား၊ ပဲနှပ်ဟင်း၊ ချဉ်ရည်ဟင်းတို့ဖြင့် ဧည့်ခံကျွေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူ ၁၁၆ဦး မှာ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မနေ့ညက ကျောင်းသားအချို့ ဖြစ်တယ်။ ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ တစ်ယောက်ပြီး တစ်ယောက် ဝမ်းသွားကြတယ်။ အိမ်သာတွေက အမြဲတမ်းပြည့်နေတော့ ကျောင်းအုပ်ဆရာကြီးက သတိထားမိတာနဲ့ မြို့နယ်ကို ဖုန်းဆက်တယ်။မြို့နယ်က ဆရာဝန်ကြီးဒေါက်တာ ဒေါ်ဝေမာနွယ်နဲ့ ဆရာဝန်တွေ ရောက်လာပါတယ်။ ပြီးတော့ ကလေးတွေအကုန်လုံးကို ဆရာဝန်တွေလုပ်သင့် လုပ်ထိုက်တာ လုပ်ပေးတယ်။ တတိယတန်း ကနေပြီးတော့ တက္ကသိုလ်ဝင်တန်းထိ ၁၁၆ ယောက် ဝမ်းကိုက်တာတွေ၊ ဝမ်းလျှောတာတွေ ဖြစ်တယ်။ နောက်ပြီးတော့ ပျို့အန်တာတွေ ဖြစ်တယ်။ သူတို့ကိုဓာတ်ဆား တိုက်တာတို့၊ ဆလိုင်းချိတ်တာတို့ ဆေးတိုက်တာတို့ လုပ်ပေးတယ်။ အခုတော့အားလုံး ကောင်းသွားပါပြီ"ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပြသည်။

ထိုသို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခြင်းကြောင့် ချက်ပြုတ် ကျွေးမွေးခဲ့သည့် ဆန်၊ ဆီ၊ ဆား ဟင်းလျာများကို နမူနာရယူထားပြီး ကျန်းမာရေးဌာနက ဓာတ်ခွဲစမ်းသပ် အဖြေရှာသွားမည် ဖြစ်ကြောင်းနှင့် ဖြစ်ပွားသည့် ဇီးပင်တွင်း အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် ကျန်းမာရေးအသိပညာ ပေးဟော ပြောပွဲများပြုလုပ် သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ကဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

Tuesday, February 13, 2018

ဝဥသည် လူသားတို့အတွက် အရေးပါသော အဓိက စားကုန်သီးနှံ တစ်မျိုးဖြစ်



နေပြည်တော် ၁၃-၂-၂ဝ၁၈

ဝဥသည် လူသားတို့အတွက် အရေးပါသော အဓိကစားကုန်သီးနှံ တစ်မျိုးဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန (နေပြည်တော်)၏ ကောက်နုတ်ချက်များအရ သိရသည်။

အဆိုပါ ဝဥမှထုတ်လုပ်သည့် သန့်စင်သောအမှုန့်တွင် ကယ်လိုရီ ပါဝင်နှုန်းမှာ ၄၅ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း၊ လူသားတို့စားသုံးပြီး အစာအိမ်ထဲတွင် ချေဖျက်ခြင်းမျိုး မဟုတ်ဘဲ အူလမ်းကြောင်းအတွင်း၌ ချေဖျက်ပြီး အူလမ်းမကြီး၏ အစာချေဖျက်မှုနှင့် ထုတ်လုပ်မှုစွမ်းအားကို တိုးတက်စေကြောင်း၊ အူလမ်းကြောင်း တစ်လျှောက် နံရံပေါ်မှ အနည်ထိုင်အမှိုက်များ ရှင်းထုတ် နိုင်စွမ်းကိုလည်း တိုးတက်စေကြောင်း၊ တစ်ဖန် လူခန္ဓာကိုယ်အတွင်း Fatty Acid ၏ Synthetic အမြန်နှုန်းကို လျော့ကျစေခြင်းဖြင့် အသည်းနှင့် သွေးတွင်းရှိ ကိုလက်စထရောဓာတ် မြင့်တက်မှုကို ကန့်သတ်စေကြောင်း သိရသည်။

ထိုသို့သွေးထဲမှ အဆီဓာတ်နှင့် အချိုဓာတ်ကို လျှော့ချစေပြီး သွေးကြောမျှင်များ ချဲ့ထွင်ပေးခြင်းဖြင့် သွေးဖိအားကို ကျစေ၍ ကိုယ်ခန္ဓာ အလေးချိန်လျော့ကျစေကာ ကျန်းမာရေးအတွက် လွန်စွာအကျိုး ကျေးဇူးများသော အစားအစာ ဖြစ်ကြောင်း၊ ဝဥတွင်ပါဝင်သည့် ဓာတ်များကို အသုံးပြုပြီး သစ်သီးဝလံများ၊ ကြက်ဥ၊ အသားများနှင့် ဟင်းသီးဟင်းရွက်များကို ရက်ရှည်လတ်ဆတ်စွာ ဘေးကင်းကင်းဖြင့် ထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။

ထို့ပြင် ဆေးဝါးအဖြစ်လည်း အမျိုးသမီးများ ဗိုက်ရွှဲခြင်း၊ ဆီးအိမ်ကြီးခြင်း၊ ကိုယ်ရည်စစ်ရန်၊ အသားအရေကောင်းရန်၊ သက်ကြီးရွယ်အိုများအတွက် နှလုံးတုန်ရင်ခုန် ခြင်းများသာမက လိုအပ်သည်ထက် အစိုင်အခဲများ လျှော့ချရန်အတွက်ပါ အသုံးပြုနိုင်ကြောင်း၊ ဆီးချိုရောဂါ၊ သွေးအဆီပိတ်ရောဂါ၊ နှလုံးရောဂါနှင့် အဆုတ်ရောင် ကင်ဆာများအတွက် ဘေးကင်းစွာ အသုံးချနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ ကောက်နုတ်ချက်များအရ သိရသည်။

#Yadanarpondaily

Wednesday, December 27, 2017

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး စစ်ဆေးလျက်ရှိ



ရန်ကုန် ၂၇-၁၂-၂၀၁၇

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာများ၌ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းစဉ်များကို ခရိုင်အလိုက် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) တာဝန်ခံ ဒေါက်တာမင်းဝံထံမှ သိရသည်။

ကျေးလက်ဒေသများ၌ အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လှည့်လည်စစ်ဆေးခြင်းနှင့် အသိပညာပေး ခြင်းများကို တချို့ခရိုင်များ၌ ဆောင်ရွက်ထားပြီး ကျန်ရှိသောခရိုင်များနှင့် ကျေးရွာများ၌ ဆက်လက်လုပ်ဆောင် မည်ဖြစ်သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရှိ ဈေးများအားလုံး၌ ရှောင်တခင်စစ်ဆေးခြင်း များပြုလုပ်၍ စားသောက်ကုန်များကို နမူနာယူစစ်ဆေးမှုများအပြင် စားသောက်ကုန်များ၏ အမှတ်တံဆိပ် ဖော်ပြချက်များတွင် သတ်မှတ် အချက်အလက် များထည့်သွင်းခြင်းရှိ၊ မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်များတွင် လုပ်ငန်း တည်နေရာလိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးမည့်ရက်၊ ထုတ်လုပ်မှု အပတ်စဉ်အမှတ်၊ မြန်မာနိုင်ငံ
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်အမှတ်နှင့် လိုင်စင်အမှတ်များကို ထည့်သွင်းဖော်ပြထားရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် နောက်ပိုင်းနှစ်အတွင်း အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများတွင် ခွင့်ပြုချက်မရှိ ထုတ်လုပ်ခြင်းနှင့် ခွင့်ပြုထားခြင်းမရှိသော ဓာတုဗေဒဆိုးဆေးများ ထည့်သွင်းအသုံးပြုခြင်းကို ပိုက်စိပ်တိုက် ရှာဖွေဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Monday, August 7, 2017

ဓာတုဆေးဝါးပါဝင်သည့် ထုတ်ကုန်များ ဈေးကွက်သို့ ဝင်ရောက်မှုမရှိစေရန်နှင့် အဏုဇီဝပိုးမွှားများပါဝင်မှုနှုန်း ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးလျက်ရှိ



မန္တလေး ၇-၈-၂၀၁၇

ယခုဘဏ္ဍနှစ်မှစ၍ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များ လုပ်ကိုင်နေသည့် စားသောက်ကုန် ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုဆေးဝါးများပါဝင်သည့် ထုတ်ကုန်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု မရှိစေရန် Microlab ဓာတ်ခွဲစက်ဖြင့် အဏုဇီဝပိုးမွှားများ ရှိ၊ မရှိရှာဖွေစမ်းသပ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သင်းက ပြောပြသည်။

အဆိုပါ Microlab စက်ဖြင့် အဏုဇီဝ ဓာတ်ခွဲစမ်းသပ်မှုကို ယခုဘဏ္ဍာနှစ်မှ စတင်စမ်းသပ် ပေးလျက်ရှိကြောင်း၊ ယခင်ကမန္တလေး တိုင်းဒေသကြီး၌ Chemical နည်းတစ်ခုတည်းဖြင့် ဓာတ်ခွဲစမ်းသပ်နိုင်ခဲ့ပြီး ယခုအချိန်တွင် Microlab စက်ဖြင့် စမ်းသပ်ပေးရာတွင် အရည်အသွေး ပြည့်မီသည့် စားသောက်ကုန်များနှင့် လူသုံးကုန်များ ဖြစ်စေရန်နှင့် အန္တရာယ် ဖြစ်စေနိုင်သည့် ဓာတုဆိုးဆေးများ မပါဝင်နိုင်ရန် ရည်ရွယ်၍ ဓာတ်ခွဲ စမ်းသပ် စစ်ဆေးပေးလျက် ရှိကြောင်းသိရသည်။

''ကျွန်တော့်အနေနဲ့ အခုလိုလုပ်ဆောင်ပေးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အစားအသောက်နဲ့ လူသုံးကုန်တွေမှာ FDA က ခွင့်ပြုထားတဲ့ Chemical တွေ အသုံးမပြုဘဲနဲ့ အပြင်ကဈေးပေါပေါနဲ့ရတဲ့ ဓာတုဆိုး ဆေးတွေကိုအသုံး ပြုပြီး အစားအသောက်နဲ့ အလှကုန် တွေရောင်းချနေမယ်ဆိုရင် စားသုံးသူနဲ့ သုံးစွဲမိတဲ့သူတွေ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ တချို့စီးပွားရေး သမားတွေက သူတို့ရဲ့ကုန်ပစ္စည်းတွေ၊ အစားအသောက်တွေ တာရှည် ခံချင်တော့ သတ်မှတ်ထားတဲ့ Chemical ပမာဏထက်ပိုပြီးသုံးတာ တွေရှိပါတယ်။ အခု Chemical စက်နဲ့ စမ်းသပ်ပြီးရင် Microlab  စက်နဲ့ ထပ်မံစမ်းသပ်တဲ့အခါမှာ အရည်ဆိုရင် သုံးကြိမ်နဲ့ ယိုစုံတွေဆိုရင် နှစ်ကြိမ် အဏုဇီဝပိုး ပါ၊မပါ ဓာတ်ခွဲစမ်းသပ် ပေးနေပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

Friday, August 4, 2017

စားသောက်ကုန် ရောင်းချသည့် ဆိုင်များ စင်ကာပူဈေးများ ကဲ့သို့ အဆင့်သတ်မှတ်ချက် များဖြင့် လုပ်ဆောင်ရန်စီစဉ်ထား



မန္တလေး ၄-၈-၂၀၁၇

မန္တလေးမြို့ရှိ ဈေးများအတွင်း စားသောက်ကုန်များ ရောင်းချနေသည့် ဆိုင်များကို စင်ကာပူဈေးများ ကဲ့သို့ အဆင့်သတ်မှတ်ချက် များဖြင့် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကော်မတီဝင် ဦးကျော်ရင်မြင့်ထံမှ သိရသည်။

မန္တလေးမြို့ရှိ ဈေးကြီး အများအပြား ရှိသည့်အနက် စားသောက်ကုန် လုပ်ငန်းများ ရောင်းချနေသည့် ဈေးချိုတော်ကြီး အတွင်းခွင့်မပြု ဓာတုဆိုးဆေးများ ပါဝင်မှု မရှိစေရေး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ဈေးနှင့် သားသတ်ဌာနနှင့် FDA တို့ ပူးပေါင်းကာ ဈေးကွက်နမူနာ ကောက်ယူပြီး စစ်ဆေးသော်လည်း ယခုလက်ရှိ အနေအထားအရ မန္တလေးမြို့ကြီးရှိ ဈေးချိုတော်ကြီးနှင့် အခြားဈေးများ ရှိမျှစ်များကို ငါးကြိမ်တိတိစစ်ဆေး အရေးယူခဲ့ရာ ဈေးကွက်အတွင်း ပပျောက်မှုမရှိသေး သောကြောင့် အရေးယူမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့အရေးယူမှု အပိုင်းများအပြင် မန္တလေးမြို့ရှိ ဈေးကြီးများအတွင်း မျှစ်၊ ငါးပိ၊ ငရုတ်သီးမှုန့် စသည့်စားသောက်ကုန် လုပ်ငန်းရောင်းချနေသည့် ဆိုင်များကို စင်ကာပူနိုင်ငံရှိ ဈေးကြီးများကဲ့သို့ ဈေးများအတွင်း မကြာခဏကွင်းဆင်း စစ်ဆေးပြီး ခွင့်မပြုဓာတု ဆိုးဆေးများ ပါဝင်မှုရှိ၊မရှိ၊ ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များ ဟုတ်၊မဟုတ်၊ ဝန်ဆောင်မှု အပိုင်းများအပြင် အခြားကျန်ရှိသည့် အပိုင်းများကိုပါ စစ်ဆေးကာ အဆင့်သတ်မှတ်ချက် အနေဖြင့် အေ၊ဘီ၊စီ ဟူ၍ခွဲခြားကာ ခွင့်မပြု ဓာတုဆိုးဆေးမတွေ့ရှိပါက စားသုံးရန် သင့်ကြောင်း ဗီနိုင်းများကပ်ကာ အဆင့်သတ်မှတ်ချက် များဖြင့် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ယခုလက်တလော အနေအထားအရ ဈေးချိုတော်ကြီးနှင့် အခြားဈေးများတွင် ဆိုးဆေးပါဝင်သည့် မျှစ်များ တွေ့ရှိခဲ့သည့် အတွက်ရောင်းချသည့် ဆိုင်များကို ယနေ့တွင် ဆိုးဆေးနှင့်ပတ်သက်၍ ဈေးနှင့်သားသတ်ဌာနတွင် အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ မန္တလေးမြို့ ဈေးချိုတော်ရှိ မျှစ်ကုန်သည် တစ်ဦးမှ အခြားနိုင်ငံများတွင် ထုတ်လုပ်နေသည့် နည်းပညာများ အတိုင်း ထုတ်လုပ်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုအပြင် အခြားပစ္စည်း အများအပြား လိုအပ်မည် ဖြစ်ကြောင်း၊ ၎င်းတို့ ထုတ်လုပ်နေသည့် မျှစ်များမှာ ဆိုးဆေးပါဝင်မှုရှိ၊မရှိ စစ်ဆေးမည် ဆိုလျှင်လည်း ပွဲရုံများသို့ လာရောက်စစ်ဆေး ပေးရန် FDA ထံသို့ တောင်းဆိုခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Tuesday, July 25, 2017

စစ်ဆေးသည့် ပဲသွေးနမူနာတိုင်းတွင် ဖော်မလင်သုံးစွဲထားကြောင်း တွေ ရှိ



ရန်ကုန် ၂၅-၇-၂၀၁၇

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် ဈေးများ၌ ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ ပဲသွေးနမူနာတိုင်းတွင် ဖော်မလင် သုံးစွဲထားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ရွှေစင်လှိုင်ထံမှ သိရသည်။

ပဲသွေး၌ ဖော်မလင်ပါရှိကြောင်း ယခုနှစ်မေလတွင် FDA က စတင်စစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လတတိယပတ်အထိ ဈေးပေါင်း၂ဝ သို့သွားရောက် စစ်ဆေးခဲ့ရာ ကောက်ယူစစ်ဆေးသည့် နမူနာပဲသွေးအခု ရေ ၃ဝဝ စလုံးတွင် ဖော်မလင်သုံးစွဲ ထားသည်ကို တွေ့ရှိခဲ့ရသည်။

ပဲသွေးနှင့် ပဲပြားများတွင် ဖော်မလင် သုံးစွဲခြင်းမရှိဘဲ စားသုံးသူများအား ဘေးထွက်ဆိုးကျိုး မရှိစေနိုင်သည့် တခြားအစားထိုး ပစ္စည်းများသုံးစွဲရန် လုပ်ငန်းရှင်များ နှင့်ညှိနှိုင်း ဆွေးနွေးသော်လည်း လက်ရှိအချိန်ထိဖော်မလင် သုံးစွဲနေကြောင်း FDA (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာသဇင်ရီလှိုင်က ပြောသည်။

FDA အနေဖြင့် ဖော်မလင်သုံးစွဲမှုကို ရှောင်တခင် စစ်ဆေးရာတွင် ဖော်မလင် တွေ့ရှိသည့် ပဲသွေးဆိုင်များမှ တစ်ဆင့်ထုတ်လုပ် ဖြန့်ချိနေသူများအထိ ကွင်းဆက်လိုက်ကာ ပစ္စည်းများဖျက်ဆီးခြင်း၊ အသိပညာပေးခြင်းနှင့် အရေးယူမှုများပါ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Tuesday, June 20, 2017

မန္တလေးမြို့ရှိ ပဲပြားစက်ရုံများကို ရှောင်တခင်စစ်ဆေးရာမှ စားသုံးရန်မသင့်သည့် ဆေးဝါးများဖြင့် ပြုလုပ်ထားသော ပဲပြားတံဆိပ်လေးမျိုး စစ်ဆေးတွေ့ရှိ၍ စက်ရုံနှစ်ရုံကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်း


FDA နှင့် ပူးပေါင်းအဖွဲ့က ပဲပြားစက်ရုံတစ်ရုံကို ရှောင်တခင်စစ်ဆေးစဉ်။

မန္တလေး ၂၀-၆-၂၀၁၇

ပဲပြားစက်ရုံများကို ရှောင်တခင်စစ်ဆေးရာမှ စားသုံးရန်မသင့်သည့် ဖော်မလင်ဖြင့် ပြုလုပ်ထားသော ပဲပြားတံဆိပ်လေးမျိုး စစ်ဆေးတွေ့ရှိ၍ စက်ရုံ နှစ်ရုံကို ဇွန် ၂ဝ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က ပြောပြ၍ သိရသည်။ 

''ဇွန် ၁၂ရက်က ပြည်ကြီးတံခွန်မြို့နယ် (စ) ဈေးမှာ ပဲပြား A နဲ့ T အမှတ်တံဆိပ်တွေမှာ စားသုံးရန်မသင့်တဲ့ ဖော်မလင်ဆေး တွေ့ရှိခဲ့တဲ့အတွက် ဒီနေ့ပူးပေါင်းအဖွဲ့နဲ့ ပဲပြားစက်ရုံလေးရုံကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ စက်ရုံ လေးရုံက A အမှတ်တံဆိပ်၊ T အမှတ်တံဆိပ်၊ 7 အမှတ်တံဆိပ်၊ Y အမှတ်တံဆိပ်၊ I အမှတ်တံဆိပ်၊ K အမှတ်တံဆိပ်နဲ့ အမှတ်တံဆိပ်မပါတဲ့ပဲပြား ခုနစ်မျိုးကို ကျွန်တော်တို့ FDA ရုံးက ဓာတ်ခွဲခန်းမှာ ချက်ချင်းဓာတ်ခွဲစစ်ဆေး ကြည့်တဲ့အခါ ပြည်ကြီးတံခွန်မြို့နယ် စွယ်တော်မြတ် စေတီတော်အနီး ပဲပြားစက်ရုံက A နဲ့ T အမှတ်တံဆိပ်၊ ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေးရွာစက်ရုံ တစ်ရုံက 7 နဲ့ Y တံဆိပ်ပါ ပဲပြားစုစုပေါင်း လေးမျိုး ဖော်မလင် ဆေးအသုံးပြု ထားတာတွေ ရှိတဲ့အတွက် ဒီနေ့ကစပြီး စက်ရုံတွေကို ပိတ်သိမ်းခဲ့ပါတယ်''ဟု ဒေါက်တာကျော်ကျော်က ဆက်လက်ပြောပြသည်။

ရှောင်တခင်သွားရောက် စစ်ဆေးခဲ့သော ပူးပေါင်းအဖွဲ့များသည် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မန္တလေးမြို့တော် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအဖွဲ့ဝင်များ၊ စားသုံးသူ ရေးရာ ဦးစီးဌာနမှအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ ပါဝင်စစ်ဆေးခဲ့သည်။

ယခုကဲ့သို့ ရှောင်တခင်စစ်ဆေးမှုများကို ဈေးများ၊ စက်ရုံများကို စဉ်ဆက်မပြတ်စစ်ဆေးကာ အရေးယူဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Thursday, June 15, 2017

ရေပူစစ်ဆေးရေး စခန်းတွင်ဖမ်းဆီးရမိ FDA အထောက်အထားမဲ့ ကုန်ပစ္စည်းများ ဖျက်ဆီး



လားရှိုး ၁၅-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရေပူစစ်ဆေးရေး စခန်းတွင် ဖမ်းဆီးရမိထားသော FDA အထောက်အထားမဲ့ တရုတ်ပြည်ထုတ်ဘီယာများ၊ စားသုံးရန်မသင့်သော အစားအစာများကို လမ်းကြိတ်စက်ဖြင့် ကြိတ်ခြင်းနှင့်မီးရှို့ဖျက်ဆီးခြင်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ အဓိကရေပူ စခန်းကနေ တရုတ်ကထုတ်တဲ့ စားသုံးရန်မသင့်တဲ့ ကုန်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပြီး ရက်ပြည့်တဲ့အချိန်မှာ မီးရှို့ဖျက်ဆီးရခြင်း ဖြစ်ပါတယ်။

ဒီဟာတွေက မတ်နဲ့ဧပြီလတို့က ဖမ်းဆီးရမိတဲ့ပစ္စည်းတွေပါ။ ဘီယာတို့ အချိုရည်ဘူးတို့နဲ့ အခြားဖမ်းမိ ပစ္စည်းအားလုံးဖျက်ဆီးတာပါ'' ဟုအကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင် ကပြောသည်။

အဆိုပါ စားသုံးရန်မသင့်သော ပစ္စည်းများ ဖျက်ဆီးခြင်းကို လားရှိုးမြို့ရှိ စားသုံးသူရေးရာ ဦးစီးဌာန၏ အနောက်ဘက်တွင်ရှိသော ကွင်းပြင်၌ ပထမဆုံးအကြိမ်ဆောင်ရွက် ခြင်းဖြစ်ပြီး ယခင်က ရေပူစစ်ဆေးရေး စခန်းရှိ ကွင်းပြင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

''မြို့ထဲကဈေးတွေနဲ့ ကျောင်းမုန့်ဆိုင်တွေမှာ စစ်ဆေးတယ်။ စားသုံးရန်မသင့်တဲ့ အစားအသောက် တွေတွေ့ရင် သိမ်းဆည်းပြီးတော့ ချက်ချင်းမီးရှို့ ဖျက်ဆီးနေပါတယ်။ မြို့တွင်းမှာလိုက်ပြီးတော့ ဆောင်ရွက်နေပါတယ်''ဟု ရှမ်းပြည်နယ် (မြောက်ပိုင်း) စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းသန်းက ပြောပြသည်။

မီးရှို့ဖျက်ဆီးခဲ့သော ပစ္စည်းများမှာ စုစုပေါင်းတန်ဖိုးငွေကျပ် ၃၅၈သိန်းဝန်းကျင်ရှိပြီး ကြက်အသည်း၊ အမြစ်၊ မျှစ်ချဉ်ခြောက်များ၊ ဝက်အူချောင်း၊ ဘီယာများ၊ အချိုရည်များ၊ ခြင်ဆေးဘူးများနှင့် မုန့်မျိုးစုံတို့ပါဝင်ကြောင်း သိရသည်။

#Themyawadydaily 

Wednesday, June 7, 2017

စားသုံးရန်မသင့်သော တရုတ်နိုင်ငံထုတ်ကြက်ဥများ မြေမြှုပ်ဖျက်ဆီး



မြစ်ကြီးနား ၇-၆-၂၀၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ မြို့နယ် အကောက်ခွန်ဦးစီး ဌာနမှူးရုံးဝင်းအတွင်း ယနေ့နံနက် ၁ဝနာရီက အများပြည်သူ စားသုံးရန်မသင့်သော တရုတ်နိုင်ငံထုတ် ကြက်ဥများကို မြေမြှုပ်ဖျက်ဆီးခဲ့သည်။

ယခုနှစ် မတ် ၃ဝရက် နံနက်၁ဝနာရီ မိနစ်၃ဝက ကန်ပိုက်တီနယ် စပ်ကုန်သွယ်ရေးစခန်းတွင် တရုတ်နိုင်ငံလုပ် ကြက်ဥဖာ ၉ဝ၊ အလုံးရေ ၃၂၄ဝဝဝ ကာလတန်ဖိုးငွေကျပ် ၂၅၂ဝဝဝဝကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီး ရမိကြက်ဥများကို မြစ်ကြီးနားမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ပို့ဆောင်စစ်ဆေးစေခဲ့ရာ နယ်စပ်မှ တရားမဝင် တင်သွင်းလာသော တရုတ်ကြက်ဥများသည် ကြက်၊ငှက် တုပ်ကွေး ရောဂါဗိုင်းရပ်စ်ပိုးများပါရှိနိုင်ပြီး ဒေသတွင်း ကူးစက်ပြန့်ပွားလာပါက လူနှင့်မွေးမြူရေးခြံများသို့ ကူးစက်စေနိုင်ကြောင်း ၎င်းဌာနမှ ပြန်ကြားချက်အရ ယနေ့နံနက်တွင် မြို့နယ်အကောက်ခွန် ဦးစီးဌာနမှူးရုံးတွင် ပြည်နယ်အကောက်ခွန် ဦးစီးဌာနမှူးဦးကြည် ဦး၊မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ဦးမြင့်နိုင်ဌေးနှင့် တာဝန်ရှိသူများက မြေမြှုပ်ဖျက်ဆီး ခဲ့ကြကြောင်း သိရသည်။

#Yadanarpondaily

Monday, April 10, 2017

ကျန်းမာအောင် ဘာတွေ စားကြမလဲ ?


ကျန်းမာအောင် ဘာတွေ စားကြမလဲ  ?

ကြည်လွင်မြင့် (မုဒြာ)

မကြာသေးမီက ကျန်းမာရေးဌာနမှ အစားအသောက် များကိုစစ်ဆေးခဲ့ရာ ရန်ကုန်မြို့အတွင်း စားသောက်ကုန် ရောင်းချသည့်ဆိုင်များမှ 'နနွင်းမှုန့်' များတွင် ဆိုးဆေးများ ပါဝင်ကြောင်း တွေ့ခဲ့ရသည်။ တံဆိပ်အမျိုးမျိုး နှင့် နနွင်းမှုန့် ၁ဝ မျိုးကိုစစ်ဆေးခဲ့ရာ ရှစ်မျိုးတွင် ဓာတုဗေဒ အရောင်ဆိုးဆေးများ ပါဝင်ကြောင်း တွေ့ခဲ့ရသည် ဟုဆိုသည်။ ဆိုးဆေးအပြင် နနွင်းမှုန့်ထဲတွင် ဆန်မှုန့်၊ ပဲမှုန့်များပါ ရောနှောထားသည်ဟု ဆိုသည်။ မသမာမှုများ ဖြစ်ပါသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ (၂ဝ၁၁)တွင် ဖတ်ကြားတင်သွင်း ခဲ့သော စာတမ်းအရ ဈေးများမှ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် တံဆိပ်ကွဲ ကိုးမျိုး၊ ငရုတ်ကောင်းမှုန့် သုံးမျိုးနှင့် ဇီရာမှုန့်တို့ကို ဝယ်ယူစစ်ဆေးခဲ့ရာ ခွင့်မပြုသည့် အရောင်ဆိုးဆေးများ ရောနှော ပါဝင်နေကြောင်း တွေ့ရသည်။

အဆိုပါဆိုးဆေး များသည် ရေရှည် စားသုံးပါက အသည်းကင်ဆာနှင့် ဗဟို နာဗ်ကြောမကြီး ကို ထိခိုက်သည့်ရောဂါ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။ စစ်ဆေးခဲ့သည့် ငရုတ်သီးမှုန့် ကိုးမျိုးအနက် နှစ်မျိုးတွင် သဲမှုန့်၊ ဖုန်မှုန့်များ ရောနှော ပါဝင်နေပြီး ငရုတ်ကောင်းမှုန့် တစ်မျိုးတွင် အခြားအပင် အစိတ်အပိုင်းများ ပါဝင်နေသည်ဟု ဆိုသည်။

နနွင်းမှုန့်သည် အရှေ့တိုင်း အစားအစာ ဖြစ်သည်။ အနောက်တိုင်းတွင် သိပ်မစားကြ။ သို့သော် လေ့လာ တွေ့ရှိချက်များ အရ အရှေ့တိုင်းသားများ အသက်ကြီး လာလျှင် ''ပါကင်ဆန်'' ရောဂါ အဖြစ်နည်းရခြင်းမှာ နနွင်းမှုန့်တွင် ပါဝင်သော ဓာတ်တစ်မျိုးကြောင့် ဟု သိလာရသဖြင့် အနောက်တိုင်းတွင် နနွင်းမှုန့် ခေတ်စားလာသည်။ နနွင်းမှုန့်ကို ဆေးပြားအဖြစ် ထုတ်လုပ် ရောင်းချသည်အထိ ဖြစ်လာခဲ့သည်။ စားသုံးသူများမှာ ယနေ့ခေတ်တွင် ''ဘာကိုယုံရမလဲ'' ဆိုသော အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။ အားလုံး အတုတွေ၊ ဆိုးဆေးတွေ၊ အရောအနှောတွေ ဖြစ်နေပြီး အစစ်အမှန်ရဖို့ ခက်ခဲသော အခြေအနေပင် ဖြစ်သည်။

မီးဖိုချောင်တွင် စားသုံးဆီမှအစ ငါးပိ၊ ငံပြာရည်၊ ငရုတ်သီးခြောက်မှုန့်၊ နနွင်းမှုန့်၊ မဆလာ၊ ငရုတ်ကောင်း၊ ဇီရာ စသည့် ဟင်းခတ် အမွှေးအကြိုင် ပစ္စည်းအားလုံးသည် သဘာဝအတိုင်း မဟုတ်ကြပေ။ တစ်နည်းနည်းဖြင့် အမြင် လှပအောင် ဖန်တီးပြုပြင် ထားသည်ချည်းသာ ဖြစ်သည်။ တစ်လောက ပဲရာဇာ (ပဲနီလေး) ဟင်းချိုသောက်ချင် သဖြင့် ဈေးမှဝယ်ယူခဲ့ပြီး ရေဆေးလိုက်ရာ ရေတွင် အနီရောင်ဆိုးဆေးများ ကျွတ်လာပြီး ပဲနီလေးမှာ ပဲဖြူလေး ဖြစ်နေကြောင်း တွေ့ရပါသည်။ ပဲနီလေးမှာ ပဲဖြူထက် ဈေးပိုပေးရသဖြင့် အရောင်ဆိုးထားခြင်း ဖြစ်သည် ဟု နောက်မှ သိရပါသည်။

မြန်မာလူမျိုး များသည် နံနက်စာ ပဲပြုတ်၊ ထမင်းကြမ်းနှင့် အကြော်စားလေ့ ရှိကြပါသည်။ လွန်ခဲ့သောနှစ်က ဆရာဝန်တစ်ဦး၏ ဆောင်းပါးတွင် အကြော်ဆိုင်တွင် ဆီပူဒယ်အိုး အတွင်းသို့ ပလတ်စတစ် သောက်ရေသန့် ဘူးခွံနှစ်ဘူး ထည့်လိုက်ရာ ပျော်ဝင်သွားသည်ကို မျက်မြင် တွေ့ရကြောင်း ရေးထားပါသည်။ အကြော်သည်ကို မေးကြည့်ရာ ဆီကုန်သက်သာ ကြောင်းနှင့် အကြော် အရောင်လှအောင် သောက်ရေသန့် ဘူးခွံထည့်ကြော် ရကြောင်းနှင့် အခြား အကြော်သည် များလည်း အကြော်ကြွပ်ရွအောင် ဤသို့ပင် ရောကြကြောင်း ပြောသည်ဟု ရေးထားသည်ကို ဖတ်ရသည်။ ထိုအချိန် ကတည်းက အကြော်စုံတွေကို မစားရဲတော့ သည်မှာ ယနေ့အထိ ဖြစ်သည်။

အခြားတိုင်းပြည် များတွင် မတွေ့နိုင်သည့် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းဓလေ့မှာ မြန်မာပြည်တွင် လွှမ်းမိုးနေပြီ ဖြစ်သည်။ ရပ်ကွက်တစ်ခု၊ လမ်းတစ်လမ်း ထဲမှာပင် လက်ဖက်ရည်ဆိုင် သုံးဆိုင်လေးဆိုင် တွေ့မြင် နေရသည်။ အချို့ လက်ဖက်ရည်ဆိုင် နာမည်ကြီးများမှာ ကားရပ်စရာပင် နေရာမရ ဖြစ်နေသည်။ လက်ဖက်ရည်ဆိုင် များတွင် ဆိုးဆေး မကင်းကြောင်း သက်ဆိုင်ရာမှ စစ်ဆေးသတိပေးပြီး ဖြစ်သည်။ ရေနွေးကြမ်းတွင် ခတ်သော လက်ဖက်ခြောက် မှာလည်း ဆိုးဆေး အနီရောင်များ ပါဝင်နေသည်မှာ အထင်အရှားပင် ဖြစ်သည်။ လူတွေနေ့စဉ် လက်ဖက်ရည်ဆိုင် ထိုင်ပြီး ရောဂါဝယ်ယူ နေသလိုပင် ဖြစ်နေပြီ။

တစ်ခါက မိတ်ဆွေတစ်ဦးနှင့် မတွေ့ရတာ ကြာပြီဖြစ်၍ ဧည့်ခံရင်း လက်ဖက်ရည်ဆိုင် ဝင်ထိုင်မိကြ ပါသည်။ အခန့်မသင့်၍ လက်ဖက်ရည် သောက်ရင်း စာရေးသူ၏ တိုက်ပုံအင်္ကျီ အဖြူပေါ်သို့ ဖိတ်ကျခဲ့သည်။ အိမ်ရောက် ပြီးနောက် ၄င်းတိုက်ပုံကို ဆပ်ပြာနှင့် လျှော်သောအခါ လက်ဖက်ရည် အနီရောင် အစွန်းအထင်းမှာ မကျွတ်ဘဲ ကျန်နေသည်ကို တွေ့ရပါသည်။ ဆိုးဆေးဖြစ်၍ အစွန်း မကျွတ်ခြင်း ဖြစ်သည်။

မကြာသေးမီက စာရေးသူ၏ နှစ်နှစ်သားအရွယ် မြေးကလေးကို အိမ်နီးချင်းနိုင်ငံကြီး တစ်ခုမှ ထုတ်လုပ်သော ကစားစရာ အရုပ်ကလေး တစ်ရုပ် ဝယ်လာပေးဖူးသည်။ ထိုအရုပ် ကလေးသည် မတော်တဆ ရေထဲသို့ လွတ်ကျသွားခဲ့သည်။ အလုပ် မအားလပ်သဖြင့် အချိန်တစ်နာရီ ခန့်ကြာမှ ဆယ်ယူပေးခဲ့ရာ ဆေးရောင်များ ကျွတ်နေသည်ကို တွေ့ရသည်။ ကလေးကစားစရာ အရုပ်များမှ ဓာတုဆိုးဆေး များကြောင့် ရောဂါရ နိုင်ကြောင်း စာစောင်တစ်ခုတွင် ဖတ်ခဲ့ဖူးသည်ကို ပြန်သတိရမိ ပါသည်။

အမေရိကတွင် နိုင်ငံခြားမှ ဝင်လာသော ကလေးကစားစရာ များအတွက် အန္တရာယ်ရှိသော အရောင်ဆိုးဆေးများ ပါဝင်သဖြင့် ဖျက်ဆီးပစ်သည့် အကြောင်းလည်း ဖတ်ရဖူးသည်။ ကလေးများသည် ကစားစရာ အရုပ်များကို စားစရာအမှတ်ဖြင့် ပါးစပ်ထဲသို့ ထည့်ခြင်း၊ ကိုက်ဝါးခြင်းများ ပြုလုပ်လေ့ ရှိသဖြင့် အရုပ်ဝယ်ပေးလျှင် အရောင်ဆိုးဆေးများ ကလေးပါးစပ်ထဲသို့ မဝင်အောင် အထူးသတိပြုဖို့ လိုပါသည်။

အစာလည်းဆေး၊ ဆေးလည်းအစာ ဟု ဆိုသော်လည်း ရောင်းတမ်း ရောင်းချနေသော တိုင်းရင်းဆေး အချို့တွင်လည်း ဓာတုဗေဒဆိုးဆေးများ သုံးစွဲနေကြသည်ဟု ပရဆေးဆိုင် ပိုင်ရှင်တစ်ဦးက ပြောပြပါသည်။ သွေးဆေးကို မြန်မာလူမျိုးတိုင်း တောရောမြို့ပါသုံးစွဲသည်။ သွေးဆေးတွင် ပါဝင်သော အနီရောင်မှာ စန္ဒကူးနီနှင့် နံ့သာနီမှ ထွက်သောအရောင် ဖြစ်သည်။ ရိုးရိုးသစ်သားတုံးကို အနီရောင်ဆိုးပြီး စန္ဒကူးနီ၊ နံ့သာနီပြုလုပ်ပြီး အခြားဆေးအမည် များနှင့် ရောနှောကြိတ် လိုက်သောအခါ သွေးဆေးများတွင် စားသုံးရန်မသင့်သည့် ချည်ဆိုးဆေးများ ပါဝင်နေသည်ဟု ပြောသည်။ ၄င်း ဆိုးဆေးများကြောင့် ကင်ဆာဖြစ်နိုင်ကြောင်း သိရသည်။

စာရေးသူတို့ငယ်စဉ်က မိခင်ကြီးက ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းပေးလေ့ ရှိသည်။ သနပ်ခါးမလိမ်းမီ ကျောက်ပြင်ပေါ်မှ သွေးပြီးသား သနပ်ခါး အနည်းငယ်ကို လက်ညှိုးနှင့်တို့ပြီး လျှာပေါ်သို့ ခွံ့ပေးလေ့ ရှိသည်။ အပူငြိမ်းဆေး အဖြစ် ကျွေးခြင်းဖြစ်သည် ဟုဆိုသည်။ မကြာမီက သနပ်ခါး အပွေးကောင်းသည် ဆိုပြီး ဝယ်လာသူ အိမ်ရှင်မတစ်ဦးသည် အိမ်ရောက်သော အခါ သနပ်ခါးတုံးကို သွားပွတ်တံဖြင့် ပွတ်ဆေးသောအခါ အညိုရောင်ဆေးများ ကျွတ်ထွက်လာသည် ဟုပြောသည်။ ၄င်းအညိုရောင်များမှာ ရှားစေးမဟုတ်၊ ပိုးချည်ဆိုးဆေးများ ဖြစ်ကြောင်း သိရသည်။ သနပ်ခါးအပွေး လှအောင် အက်ကြောင်းများ ကြားတွင် ဆေးဆိုးကြသည်ဟု သိရလေသည်။ မြန်မာ့ရိုးရာစစ်စစ် သနပ်ခါးမှာပင် ဆိုးဆေးမလွတ်။

မျှစ်ကြိုက်သူများ မှာလည်း ယခုအခါ မစားရဲကြ။ ဈေးထဲတွင် ရောင်းချသော မျှစ်များမှာ နီနီရဲရဲဆိုးဆေးများ ဆိုးထားကြသည်။ ဆိုးဆေးလွတ်သော မျှစ်ကိုဝယ်လိုလျှင် ဈေးသည်ကို သီးသန့်မှာယူမှ သာလျှင် ရနိုင်သည်ဟု ဆိုသည်။

ကလေးများစားသော ဂျယ်လီ၊ သကြားလုံးများမှာ ဆိုးဆေးအရောင်များ လွန်ကဲစွာ သုံးထားသည့်အပြင် သကြားအတု၊ ဆေးသကြားများ ပါသဖြင့် ချောင်းဆိုးရောဂါ၊ ရင်ကျပ်ရောဂါများ အဖြစ်များလာသည်။ ဆေးခန်းလာသော ကလေးငယ် အတော်များများမှာ ထိုအစားအသောက် များကြောင့်ဖြစ်သည်။ လမ်းဘေးတွင် ရောင်းချသော ဝက်သားတုတ်ထိုး များမှာ အရောင်ဆိုးဆေးများ သုံးထားသည့်အပြင် မရောင်းရလျှင် ကြိမ်ဖန်များစွာ ပြန်နွှေးရောင်းချ သဖြင့် အစာအိမ်နှင့် အူမကြီးရောင်သော ရောဂါများအပြင် ကင်ဆာရောဂါပါ ဖြစ်နိုင်ကြောင်း ဆရာဝန်ကြီး တစ်ဦးက ပြောပါသည်။

အထက်ပါ အကြောင်းအရာများကို လေ့လာကြည့်လျှင် ကျန်းမာလိုသောသူ တစ်ဦးအဖို့ မည်သည့် အစားအသောက်ကို စားရမည်မှန်း မသိနိုင်အောင် ဖြစ်နေမည်ဟု ထင်ပါသည်။ တိုးတက်လာသော ခေတ်နှင့်အမီ ဆန်းသစ် တီထွင်မှုများလည်း တိုးတက်လာသည်။ အတုပြုလုပ်သူ များအတွက် ဓာတုဗေဒပစ္စည်း များသည် ပေါပေါများများ လွယ်လွယ်ကူကူ ရရှိနေခြင်းကြောင့်ပင် ဖြစ်သည်။

ရှေးကမြန်မာများသည် အိမ်နောက်ဖေး ဈေးဆိုင်တည် ဟုဆိုကာ မိမိစားသောက်ရန် ဟင်းသီးဟင်းရွက် များကို အိမ်နောက်ဖေး မြေပိုလေးတွင် စိုက်ကြသည်။ အိမ်ရှေ့တွင် အရိပ်ရစေရန် ဘူးပင်ကိုစင်ထိုးပြီး စိုက်ကြသည်။ လတ်ဆတ်သော ခြံထွက်သီးနှံကို စားရပြီး ဈေးဖိုးလည်း ချွေတာရာ ရောက်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်က ကိုယ့်အိမ်မှာ မြေပိုရှိရင် သီးပင်စားပင် စိုက်စားကြပါ။ ခင်ဗျားတို့ ဒီနေ့စားနေတဲ့ အာလူးဆိုတာ အိန္ဒိယကနေ လာတာ။ ကျွန်တော်ဆိုရင် ကျွန်တော့်အိမ်ကခြံမှာ အာလူးကိုစိုက်တယ် ဟု ပြောခဲ့ဖူးပါသည်။ ဗိုလ်ချုပ်အောင်ဆန်း မိသားစု ပေါက်တူးကိုင်၍ စိုက်ပျိုးရေး လုပ်နေသည့် ဓာတ်ပုံကို စာရေးသူငယ်စဉ်က တွေ့ဖူးပါသည်။

ယခုအခါ ရှေးကလို အိမ်တိုင်းမြေလွတ် မရှိ၊ စိုက်ဖို့ပျိုးဖို့မလွယ်။ ရှိသမျှမြေအပိုကို ရောင်းချပြီး အထပ်မြင့်တိုက်များ ပေါ်ပေါက်လာခဲ့ပြီ။ တိုက်ပေါ်မှာ မွေးသော ကလေးအချို့ မြေကြီးပင် မမြင်ဖူးကြ။ ကျေးလက် တောရွာမှာ နေကြသည့် တောင်သူများမှာလည်း သဘာဝအတိုင်း စိုက်ပျိုးကြသည် မဟုတ်တော့။ မြေသြဇာများ နှင့် သီးနှံကြီးထွားသည့် ဓာတုဗေဒဆေးများ သုံးစွဲမှုကြောင့် စားသုံးသူများမှာ အာဟာရ မဖြစ်ကြ။ ပိုးသတ် ဆေးများ ပါသည့် အစားအသောက်ကို သေချာစွာ ရေဆေးပြီး မသုံးစွဲသဖြင့် အသက်သေဆုံး သည်အထိ ဖြစ်နိုင်လေသည်။

လူ့ဘဝသက်တမ်းစေ့ နေနိုင်ရေး၊ ကျန်းမာစွာ နေနိုင်ရေးအတွက် အစားအသောက်များကို မစားမီ စစ်ဆေးပြီးမှသာ စားသုံးသင့်သည်။ အရသာရှိတိုင်း မကောင်းပါ။ အရောင်လှတိုင်း မစားချင်ပါနှင့်။ သဘာဝထက် ပို၍ ကြီးထွားသော သီးနှံများကို မစားသုံးသင့်ပါ။ အသီးအနှံ အစားအစာများကို မချက်ပြုတ်မီ ရေဖြင့် နှစ်ထပ်သုံးထပ် စင်ကြယ်စွာဆေးပြီး အရောင်ပျက်ပြယ် သွားလျှင် မစားသင့်ပါ။

ငရုတ်သီးမှုန့်၊ နနွင်းမှုန့် စသော ဟင်းခတ်မှုန့်များကို အစစ်အမှန် ရောင်းချကြောင်း စိတ်ချရသည့် ဆိုင်များမှသာ ဝယ်ယူသုံးစွဲပါ။ ချက်ပြုတ်ပြီးနောက် အရောင် ပြောင်းသွားသော အစားအသောက် များကိုလည်း သတိထား သင့်သည်။ အစားသည် အာဟာရမဖြစ်ဘဲ ရောဂါဖြစ်စေနိုင်ကြောင်း အသိပေး တင်ပြလိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

Friday, March 24, 2017

FDA ထောက်ခံချက်မပါသော ရေသန့်လုပ်ငန်းများ အရေးယူမည်ဟု ကြေညာပြီးနောက် ရေသန့်လုပ်ငန်း ၁၀ ခုထိလိုင်စင် လျှောက်ထားလာ



ထားဝယ် ၊ ၂၄-၃-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီးအတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA ၏ ထောက်ခံချက် မပါသော သောက်ရေသန့် လုပ်ငန်းများကို အရေးယူမည်ဟု ကြေညာပြီးနောက် သောက်ရေသန့် လုပ်ငန်း ၁ဝ ခုထိ လိုင်စင် လျှောက်ထား လာကြောင်း သိရသည်။

FDA ထောက်ခံချက် မရှိသော ရေသန့်များကို စိစစ်အရေးယူ ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကြေညာပြီး နောက်ပိုင်း ယင်းကဲ့သို့ သောက်ရေသန့် လုပ်ငန်းသစ်များ လိုင်စင်လျှောက်ထား လာခြင်း ဖြစ်ကြောင်း သိရသည်။

''ထောက်ခံချက် မရှိတဲ့ ရေသန့်အနေနဲ့ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းမှုမရှိတဲ့ အတွက် လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်ထုတ်ကုန်ကို FDA မှာ ထုတ်လုပ်ခွင့် လိုင်စင်လုပ်ရမယ်။ ပြည်သူတွေ အနေနဲ့လည်း ထောက်ခံချက်ရှိတဲ့ ရေသန့်တွေကိုပဲ ဝယ်သောက်ကြဖို့ တိုက်တွန်းချင် ပါတယ်''ဟု တနင်္သာရီတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA မှ တိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာ ဟိန်းမင်းထက်အောင် က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်း ထောက်ခံချက် သက်တမ်းရှိ ရေသန့်လုပ်ငန်းများ သက်တမ်းတိုး လျှောက်ထားဆဲနှင့် လုပ်ငန်းသစ် အတွက် လျှောက်ထားဆဲ ရေသန့်လုပ်ငန်း စုစုပေါင်း ၂၆ ခုရှိပြီး ထောက်ခံချက် မရှိသော ရေသန့်များကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း စိစစ်အရေးယူ မည်ဟု ကြေညာထား သော်လည်း လက်ရှိတွင် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၆)

Tuesday, March 21, 2017

မြန်မာ့လက်ဖက်ပြပွဲ ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်



မန္တလေး ၊ ၂၁-၃-၂၀၁၇

မြန်မာ့လက်ဖက် ပြပွဲ၊ ပြိုင်ပွဲများကို မေလတတိယပတ် ထဲတွင် မန္တလေးမြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများနှင့် မြန်မာ့လက်ဖက် အစုအဖွဲ့ (ရန်ကုန်) သတင်းများအရ သိရသည်။

ယခု မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် လက်ဖက်ပြပွဲနှင့် ပြိုင်ပွဲမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး အဆိုပါပြပွဲနှင့် ပြိုင်ပွဲများကို မန္တလေးမြို့တွင် ယခုနှစ် မေလ ၂ဝ ရက်မှ ၂၂ ရက်ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ လက်ဖက်ပြပွဲ နှင့်ပြိုင်ပွဲများကို မြန်မာ့လက်ဖက်သုပ် နည်းစနစ် အသစ်များ ထွက်ပေါ်လာ စေရန်နှင့် လက်ဖက်ဈေးကွက် တိုးတက်ကျယ်ပြန့် လာစေရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ ကျင်းပပြုလုပ်မည့် လက်ဖက်ပြပွဲ၊ ပြိုင်ပွဲများမှ မြန်မာ့ လက်ဖက်သုပ်နည်း အသစ်များ၊ ချက်ပြုတ်နည်း အသစ်များ ထွက်ပေါ်လာပါက မြန်မာ့လက်ဖက်ကို လက်ရှိပဲကြော်နှင့် သုပ်စားနေသည့် နည်းအပြင် အခြားသော နည်းမျိုးစုံ များ ထပ်မံထွက်ပေါ် လာမည်ဖြစ်သည်။ ထို့ပြင် လက်ဖက်ပြပွဲနှင့် ပြိုင်ပွဲများတွင် မြန်မာ့ လက်ဖက်သုပ် နည်းစနစ်သစ်များ ဖန်တီးနိုင်မည့် ပြိုင်ပွဲများ၊ မြန်မာ့ လက်ဖက်ရည်ဝိုင်း စသည့်ပြိုင်ပွဲ အမျိုးအစား ၁ဝ မျိုးခန့်ကို ထည့်သွင်းကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ဖက် ပြပွဲ၊ ပြိုင်ပွဲတွင် လက်ဖက် လုပ်ငန်းရှင်ဦးရေ ၃ဝ ကျော် လာရောက်ပြသရန် မျှော်မှန်းထားပြီး ပြခန်း ၃ဝ ကျော် ပြသရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ စာ (၂၁)

Monday, March 20, 2017

ဂျပန်နည်းပညာကို အသုံးပြု၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုကို ကုန်ထုတ်လုပ်ငန်းရှင် များ စိတ်ဝင်စားမှုရှိ



နေပြည်တော် ၊ ၂၀-၃-၂၀၁၇

ဂျပန်နိုင်ငံ နည်းပညာကို အသုံးပြု၍ ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံ ဖြင့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုကို ကုန်ထုတ်လုပ်ငန်းရှင် ၇ဝ ရာခိုင်နှုန်းခန့် စိတ်ဝင်စားမှု ရှိနေကြောင်း အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန နေပြည်တော် (ရုံးချုပ်)မှ တာဝန်ရှိသူတစ်ဦး က ပြောပြ၍ သိရသည်။

တန်ဖိုးမြှင့် စားသောက်ကုန် များကို ပြည်တွင်းမှထွက်ရှိသည့် သီးနှံများအခြေခံပြီး ကျန်းမာသန့်ရှင်း၍ အာဟာရပြည့်ဝကာ ဈေးနှုန်းချိုသာသည့် တန်ဖိုးမြှင့် (Value Added) စားသောက်ကုန် ၂၆ မျိုးကို ဒီဇင်ဘာလ ကတည်းက ဓာတုဆေးဝါးများကို အသုံးမပြုဘဲ မြန်မာနိုင်ငံအတွင်းမှ ထွက်ရှိသည့် သီးနှံများဖြင့်သာ စမ်းသပ်ထုတ်လုပ် ထားကြောင်း၊ ဈေးကွက်အတွင်း စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးကို အဓိကထား၍ စမ်းသပ်ထုတ်လုပ် ထားကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန် ထုတ်လုပ်မှု သင်တန်းများကို နေပြည်တော်ရုံးချုပ် အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲ များကို ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် မြန်မာနိုင်ငံ အစားအသောက် သိပ္ပံ (FOSTA) အဖွဲ့တို့က ၄င်းမုန့်များ ပြုလုပ်သည့် နည်းပညာပိုင်း များကို ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှ စတင်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

၎င်းသင်တန်းများ အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ရုံးများက အသေးစား စက်မှုလက်မှုလုပ်ငန်း ရှင်များအား ထပ်ဆင့်နည်းပညာ များကို ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက သင်တန်းပို့ချပေး ခဲ့ကြောင်း၊ ထိုသင်တန်းများ ပြီးဆုံးသွားပါက မြန်မာတစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများမှ မုန့်ဈေးတန်းများ အပြင် ဈေးကွက်များ အတွင်းသို့ ဖြန့်ဝေပေး သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံကို အခြေခံ၍ ဂျပန်နည်းပညာဖြင့် ထုတ်လုပ်မှု သင်တန်းများကို တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် နည်းပညာ သင်တန်းများ ပို့ချပေးနေသည့် အပြင် မြန်မာ တစ်နိုင်ငံလုံးတွင် တန်ဖိုးမြှင့် စားသောက်ကုန် များကို ထုတ်လုပ်ကာ ဈေးကွက်အတွင်း ဖြန့်ချိရောင်းချခြင်း များကို ပြုလုပ်မည့် လုပ်ငန်းရှင် ၇ဝ ရာခိုင်နှုန်းထိ ရှိနေကြောင်း သိရသည်။

''မြန်မာနိုင်ငံအတွင်းကို ပြည်ပက စားသောက်ကုန် အမျိုးမျိုး ဝင်ရောက်နေတာ တွေ့ရတယ်။ အများဆုံးဝင်ရောက် လာတဲ့ မုန့်တွေက ဒီဇိုင်းလှလှလေး တွေနဲ့ထုပ်ပိုးထားတယ်။ ပြီးတော့ ဆိုးဆေးပါဝင်တဲ့ မုန့်တွေလဲရှိတယ်။ ဒါတွေကို အများဆုံး ဝယ်ယူစားသုံး ကြတာက ကျောင်းတက်နေတဲ့ ကလေးတွေ များတယ်။ ရေရှည်မှာ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တဲ့ အတွက် ပြည်တွင်းက ထွက်ရှိတဲ့ ကုန်ကြမ်းတွေကို ဂျပန်နည်းပညာနဲ့ ပူးပေါင်းပြီး မုန့်တွေကို ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ချိပေးသွားမှာပါ။ ကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်တွေ ကိုလဲ နည်းပညာတွေ အခမဲ့ဖြန့်ဝေ နေပါတယ်။ စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်တွေ တော်တော်များ ပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။

ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံစသည့်သီးနှံ တို့ဖြင့် ထုတ်လုပ်ထားသော မုန့်ပဲသရေစာ စားသောက်ကုန် ၂၆ မျိုးမှာ မြေပဲပွကြော်၊ အာလူးကြော်၊ ကြက်သွန်နီ ပေါင်းကြော်၊ တို့ဟူးခြောက်ကြော်၊ ငှက်ပျောပေါင်းကြော်၊ ကြက်သွန်ဖြူ ပေါင်းကြော်၊ ပုစွန်ပေါင်းကြော်၊ ပြောင်းဖူးပေါင်းကြော်၊ ချောကလက် ပေါင်းကြော်၊ ငါးမုန့်ကြော်၊ ကျောက်ဖရုံယို၊ အာလူးပေါင်းကြော်၊ သရက်ယို၊ ပန်းသီးယို၊ တောင်ကြီးပဲကြော်၊ ပြောင်းဖူးပေါက်ပေါက်၊ နာနတ်ယို၊ Rice Snack ၊ ဆန်ကိတ်ခြောက်၊ ဆန်ကိတ်၊ မရန်းယို၊ ဆီးယို၊ မန်ကျည်းဖျော်ရည်၊ ဆီးဖျော်ရည်၊ ခရမ်းချဉ်သီးဆော့(စ်) ၊ ခရမ်းချဉ်သီးယို တို့ကို စမ်းသပ်ထုတ်လုပ် ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Tuesday, March 14, 2017

အစာကို အချိန်မှန်စားခြင်းဖြင့် အစာအိမ်ရောဂါမှ ကာကွယ်နိုင်


အစာကို အချိန်မှန်စားခြင်းဖြင့် အစာအိမ်ရောဂါမှ ကာကွယ်နိုင်

ကြည်လွင်မြင့် (မုဒြာ)

''အစာကို အချိန်မှန်စားသူ အတွက် အစာကြေဆေးမလိုပါ'' ဟူသော စကားရှိသည်။ လူတစ်ဦးသည် ပုံမှန်အားဖြင့် တစ်နေ့သုံးကြိမ် အစာစားရန် လိုအပ်သည်။ အချိန်အားဖြင့် နံနက် ၆ နာရီမှ ၈ နာရီအတွင်း နံနက်စာ၊ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း နေ့လယ်စာ၊ ညနေ ၆ နာရီမှ ည ၈ နာရီအတွင်း ညနေစာစားနိုင်လျှင် အသင့်လျော်ဆုံး ဖြစ်သည်။ ထိုအချိန်ထက် နောက်ကျသော ညဥ့်စာသည် အပုပ်စာဟု ခေါ်သဖြင့် ရောဂါဖြစ်စေနိုင်သည်။

အစာအိမ်ရောဂါ မှန်သမျှသည် အစာမကြေခြင်းမှ စသည်။ အစာမကြေခြင်း သည်လည်း အစာစားချိန် မမှန်ခြင်းမှ စသည်။ အစာခြေရည် ထွက်သောအချိန်၊ တစ်နည်းအားဖြင့် ဝမ်းမီးတောက်သော အချိန်တွင် အစာမစားရဘဲ နောက်ကျမှ စားသောအခါ ဝမ်းမီးအားနည်း သွားသဖြင့် အစာမကြေ ဖြစ်ရသည်။ ရောဂါမှန်သမျှသည် အစာမကြေခြင်း မှစသည်ဟု ဆိုသဖြင့် နောက်ဆက်တွဲ ရောဂါ အမျိုးမျိုး ဝင်လာနိုင်သည်။

အစာမကြေခြင်းကြောင့် ဖြစ်လေ့ရှိသော နောက်ဆက်တွဲရောဂါ များမှာ အစာအိမ် ရောင်ခြင်း၊ အစာအိမ်အနာ ဖြစ်ခြင်း၊ အစာအိမ်မှ အထွက် အူသိမ်ဦးပိုင်းတွင် အနာဖြစ်ခြင်း၊ ထို့ထက်ဆိုးလျှင် အစာအိမ်နှင့် အူများတွင် သွေးယိုခြင်း၊ သွေးကြော စိမ့်ပေါက်ခြင်း တို့ဖြစ်နိုင်သည်။

ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများသည် အချိန်မှန် ထမင်းစားချိန် ပေးထားသဖြင့် အစာအိမ်ရောဂါ အဖြစ်နည်းသည်။ အရောင်းအဝယ် အသွားအလာများ သူများမှာ အရောင်းအဝယ် ပါးချိန်၊ အလုပ်အားလျှင် အားသလို ထမင်းစားကြ ရသဖြင့် အချိန်မှန်မစားနိုင် ကြပေ။ အချို့ဈေးရောင်းသူ များမှာ နေ့လယ်စာကို မွန်းလွဲ ၂ နာရီ၊ ညနေ ၃ နာရီခန့်မှ စားကြရသူများ ရှိကြသည်။ ထိုအခါ စားချိန်လွန် နေသဖြင့် အစာအိမ်မှ အစာချက် အားနည်းပြီး အစာအိမ်ရောဂါ ရလာနိုင်သည်။ ဆာချိန်က မစားရဘဲ မဆာသောအချိန်မှ စားရခြင်း ကြောင့်လည်း အစာအိမ်ရောဂါ ရနိုင်သည်။

'မဆာက မစားရ' ဟူသော ရှေးမြန်မာ လူကြီးများ ဆိုစကားရှိသည်။ လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်သော အလုပ်ကို ထိုင်လုပ်နေပြီး မဆာဘဲ ပါးစပ်မှတရစပ် စားနေလျှင်လည်း အစာအိမ်ရောင် ရောဂါ ဖြစ်နိုင်သည်။

ယခုခေတ်တွင် ဂိမ်းဆိုင်ထိုင်ပြီး တစ်နေကုန် ကစားနေသူ လူငယ်များ၊ အင်တာနက်နှင့် အချိန်ကုန်နေသူ များတွင် အစာအိမ်ရောဂါ အမျိုးမျိုးနှင့် ဆီးချုပ်၊ ဝမ်းချုပ်ရောဂါတို့ ဖြစ်ပွားနေသည် ကိုတွေ့ရှိရသည်။ အချို့ လူငယ်များသည် အင်တာနက်ဆိုင် တွင်ထိုင်ရင်း အစားအသောက် မှာစားကာ ထိုင်ရာမထ စားသောက်တတ် ကြသည်။ တက်ကြွ လှုပ်ရှားရမည့် အရွယ်တွင် အထိုင်များခြင်း သည် မကောင်းပေ။

အချိန်ကို မျှတအောင် အသုံးချတတ်မှသာ လူတော်လူကောင်း ဖြစ်နိုင်ပေသည်။ အစာစားချိန် မမှန်သူများ၊ အစာမကြေ သူများ၏ နောက်ဆက်တွဲ ဒုက္ခမှာ ဝမ်းချုပ်ခြင်းပင် ဖြစ်သည်။ ဝမ်းချုပ်သူ များ၏ နောက်ဆက်တွဲ ရောဂါမှာ ဝမ်းညှစ်ရဖန်များ သဖြင့် စအိုဝသွေးကြောများ ရောင်လာပြီး လိပ်ခေါင်းရောဂါ ဖြစ်ရခြင်းဖြစ်သည်။ လိပ်ခေါင်းရောဂါ မှာ စောစောသိလျှင် ဝမ်းမှန်အောင် ပြင်ရုံနှင့် ပျောက်ကင်းနိုင် သော်လည်း နောက်ကျသွားလျှင်၊ မကုဘဲနေလျှင် ခွဲစိတ်ကုသ ရသော အဆင့်သို့ ရောက်သွား နိုင်သည်။

အစာကို အချိန်မှန် မစားနိုင်သူများ အတွက် အချိန်လွန်သွားမှ စားရလျှင် များစွာမစားဘဲ လျှော့စားခြင်းဖြင့် အစာအိမ်ရောင် ခြင်းကို ကာကွယ်နိုင်သည်။ အချိန်လွန်မှ စားရလျှင် ထမင်းမစားဘဲ အရည်သောက် ပါသော ခေါက်ဆွဲပြုတ်၊ ဆန်ပြုတ်၊ အသီးဖျော်ရည်၊ အသားကိုနူးအောင် ပြုတ်ထားသော စွပ်ပြုတ်၊ ဖက်ထုပ်ပြုတ်၊ ကြက်ပေါင်းရည်၊ ငါးပေါင်း စသော နူးညံ့သော အစာကြေလွယ်သော အစာမျိုးကိုသာ စားသောက်သင့် ပေသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

Wednesday, March 1, 2017

အသီးကိုဖျော်မသောက်ဘဲ စားပေးခြင်းက ကျန်းမာရေးအတွက် ပိုကောင်းမွန်



နယူးယောက် ၊ ၁-၃-၂၀၁၇

အသီးအနှံဖျော်ရည် များကို သောက်သုံးခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုသည်ဟု အများက ယုံကြည်နေကြ သည်မှာ ကျယ်ပြန့် စွာ သုတေသနပြု လေ့လာစမ်းသပ် ထားသည့် အဖြေများကြောင့် မဟုတ်ဘဲ လူတစ်ယောက်စ၊ နှစ်ယောက်စ၌ အကျိုး သက်ရောက်သည်ကို တွေ့ ရှိပြီးနောက် အယုံလွယ် သွားကြ ခြင်းသာ ဖြစ်ပြီး တစ်ကယ်တမ်းတွင် အသီးအနှံ ဖျော်ရည်များ၌ ပါဝင်သည့် အချိုနှင့် သကြားဓာတ် တို့ ကြောင့် သောက်သုံးသူ များတွင် ကျန်းမာရေးကို အထောက်အကူ ပြုသည်ထက် ထိခိုက်စေသည်က ပိုများနိုင်သည် ကို ဂရုပြုရန် လိုအပ်ကြောင်း အမေရိကန် သုတေသီများက ပြောသည်။ 

" အချို့ က မနက်စာမှာ အဖတ်မစားဘဲ  အရည်သောက်ကြ ပါတယ်။ သူ့ ခန္ဓာကိုယ် အကျင့်နဲ့ သူ နေလို့  ထိုင်လို့ ကောင်းတာ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းအတွက် တူတဲ့ အကျိုးကျေးဇူး ကို ပေးမယ်ဆိုတာ မျိုးတော့ သိပ္ပံနည်းကျ အထောက်အထားတွေ မရှိသေးပါဘူး။ ဒီတော့ မုန်လာဥနီ တစ်လုံးကို ကြိတ်ပြီး အရည်ဖျော်သောက် လိုက်တာနဲ့  ကျန်းမာရေး ကောင်းသွားပြီ ဆိုတာမျိုးတော့ လက်ခံဖို့  ခက်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 

သစ်သီးဖျော်ရည် သောက်ခြင်းအားဖြင့် ကျန်းမာရေးကို ကောင်းကျိုးပြုသည် ဆိုခြင်းမှာ လူအပြောသာ ရှိကြောင်း၊ အမှန်တစ်ကယ် အကျိုးသက်ရောက်မှု ရှိသည့် လက္ခဏာများ ရှိ၊ မရှိ သိပ္ပံနည်းကျ စူးစမ်းလေ့လာ ရန် လိုအပ်နေကြောင်း၊ သက်ကြီးစကား သက်ငယ်ကြားကာ လူပြောများ၍ အသီးအနှံ ဖျော်ရည်များက ဆေးဖက်ဝင်သည် ဟု ယုံကြည် နေကြခြင်းသာ ဖြစ်ကြာင်း ၄င်းက ဆက်လက် ပြောပြသည်။ 

ဖျော်ရည် ဖျော်သောက်ရာတွင် သကြားထပ်ထည့် ခြင်းကြောင့် ကယ်လိုရီ မြင့်မားလာလေ့ ရှိကြောင်း၊ အသီး ကို ဖျော်ရည်ဖျော်သည့် အခါ အလွန်အရေးပါသော ဖိုက်ဘာတစ်ရှူးမျှင် များကို ဖယ်ထုတ်ပစ် ကြကြောင်း၊ သီးဖျော်ရည်ကို ဖျော်သောက်သည် ဆိုရာဝယ် တစ်ကယ်တမ်းတွင် ဗီတာမင် အနည်းငယ်သာ ပါသော သကြားရည်ကို သောက်နေသည်နှင့် တူနေကြောင်း၊ တစ်ကယ်တမ်းတွင် အသီးကို ဖျော်မသောက်ဘဲ သဘာဝအတိုင်း စားခြင်းကသာ ကျန်းမာရေးကို အထောက်အကူ ပြုမည့် အဟာရမျိုးစုံ ပါဝင်စေမည် ဖြစ်ကြောင်း သိရသည်။ 

ရှေးပဝေသဏီ အချိန်ကစပြီး ယနေ့ ထိထက်တိုင် အသီးအနှံများကို အရည်ဖျော် သောက်ရသည်ကို လူအများက နှစ်သက်ကြကြောင်း၊ အသီးတစ်ခုလုံးကို အရည်ဖျော်ပြီး သကြား ထပ်မထည့်လျှင် ကောင်းသော်လည်း အသီး၏ အဆီအနှစ်များကို ဖယ်ထုတ်ခြင်း၊ ဖိုက်ဘာတစ်ရှူးမျှင် များကို ဖယ်ထုတ်ခြင်း၊ သကြား ထပ်ထည့်ခြင်း၊ ထို့ အပြင် သောက်ကောင်းအောင်၊ အနံ့ အရသာ နှင့်ပြည့်စုံအောင် နည်းမျိုးစုံဖြင့် ပြင်ဆင်ခြင်း တို့ ကြောင့် သစ်သီးဖျော်ရည်မှ ကယ်လိုရီ အလွန်မြင့်သော ဖျော်ရည် ဖြစ်မှန်းမသိ ဖြစ်လာကြောင်း၊ ထို့ ကြောင်း အသီးအနှံဖျော်ရည် ဖျော်သောက်တိုင်း ကျန်းမာရေးနှင့် ညီညွှတ်သည်ဟု ယုံကြည်မှတ်ယူရန် မဖြစ်နိုင်ဘဲ ဂရုပြုရန် လိုအပ်ကြောင်း သုတေသီများက ဝေဖန်ထောက်ပြ ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 28, 2017

ကျန်းမာရေးသည်ပဓာန အာဟာရသည်ပထမ


ကျန်းမာရေးသည်ပဓာန အာဟာရသည်ပထမ

လူဖြစ်လာလျှင် အသက်ရှင်သန်ရေး အတွက် ကျန်းမာရေး ကောင်းမွန်ဖို့သည် ပဓာန လိုအပ်ချက် ဖြစ်သည်။ ကျန်းမာရေး ကောင်းမွန်ရန် စားရေး၊ ဝတ်ရေး၊ နေရေးဟူသော အရေးသုံးပါး ပြည့်စုံဖို့လိုသည်။ လူ့ဘဝ အသက်ရှင် ကျန်းမာနိုင်ရန် အတွက် ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်နံနက် ဟူသော ဆိုရိုးစကားရှိသည့် အားလျော်စွာ အာဟာရဓာတ် ပြည့်ဝသော အစားအစာကို သင့်တင့် မျှတအောင် စားသောက်ကြ ရသည်။ အာဟာရဓာတ် ပြည့်ဝသော အစားအစာများကို ရွေးချယ်၍ သင့်တင့်မျှတအောင် စားသုံးခြင်းသည် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုစကားနှင့် ညီညွတ်စေသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဘုရင်မကောလိပ်မှ သုတေသီများ၏ လေ့လာတွေ့ရှိချက် အရ အလေးချိန်ဂရမ် ၈ဝ (၈ဝါ) နှင့်ညီမျှသော အသီးအရွက် များကို တစ်နေ့လျှင် ၁ဝ မျိုးစားသုံးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်းနှင့် နှလုံးရောဂါ ဖြစ်ပွားမှု ၂၄ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း သုတေသန စာတမ်း ဦးဆောင်ပြုစုသူ Dr. Dagfinn Aune ၏ ပြောပြချက်အရ သိရသည်။ အသီးအရွက်များတွင် ပါဝင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်း များသည် DNA ပျက်စီးမှုကို လျှော့ချနိုင်ပြီး ကင်ဆာဖြစ်ပွားမှု ကိုပါ လျှော့ချနိုင်သော အာနိသင် ရှိသည်။ အသီးအရွက် များကို စားသုံးခြင်းဖြင့် ကိုလက်စထရော ပါဝင်မှု များပြားခြင်းနှင့် သွေးခုန်နှုန်း မြန်ဆန်ခြင်း တို့ကို လျော့နည်းစေသည် သာမက သွေးကြောများ သန်မာစေခြင်း တို့ကြောင့် ရောဂါဖြစ်ပွားမှု လျော့နည်း သက်သာစေရန် ထိန်းထားနိုင်သည့် အာနိသင် ရှိသည်။

သုတေသီများသည် အသီးအရွက် စားသုံးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးတရားကို သိနိုင်ရန် ၉၅ ကြိမ် လေ့လာဆန်းစစ် ခဲ့ရာ အရွယ်မတိုင်မီ သေဆုံးသူ အရေအတွက် သုံးပုံတစ်ပုံခန့် လျော့နည်းကြောင်း တွေ့ရသည်ဟု ဆိုသည်။ 

ကိန်းဂဏန်း များဖြင့် ဖော်ပြထားချက် အရ အလေးချိန်ဂရမ် ၈ဝ နှင့်ညီမျှသော အသီးအရွက်ကို တစ်နေ့ငါးကြိမ် စားသုံးပါက ဗြိတိန်နိုင်ငံ ပြည်သူများ အတွက် အရွယ်မတိုင်မီ သေဆုံးသူ ၃၂ဝဝဝ လျော့နည်းနိုင်ကြောင်း နှင့် တစ်နေ့ ၁ဝ ကြိမ် စားသုံးပါက ၅၃ဝဝဝ လျော့နည်း နိုင်ကြောင်း သုတေသီများက ခန့်မှန်း ထားကြသည်။

အပြည်ပြည်ဆိုင်ရာ ကူးစက်တတ်သော ကပ်ရောဂါဗေဒ ဆိုင်ရာ ပညာပေး ဂျာနယ်က ဖော်ပြထားရာတွင် အသီးအရွက် စားသုံးခြင်းသည် ရောဂါကာကွယ်မှု အတွက် အကောင်းဆုံး အထောက်အပံ့ ဖြစ်သဖြင့် ပန်းသီး၊ သစ်တော်သီး နှင့် လိမ္မော်၊ ရှောက်၊ သံပရာ တို့ကို စားသုံးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ နှလုံး သွေးကြောကျဉ်း ရောဂါ နှင့်အရွယ်မတိုင်မီ သေဆုံးခြင်းတို့ကို ကာကွယ်နိုင်ကြောင်း၊ ဆလတ်ရွက်နှင့် အခြားသီးနှံ အရွက်များ စားသုံးခြင်း သည်လည်း ဆိုခဲ့သော အသီးများနှင့် အာနိသင် တူညီကြောင်း ဖော်ပြထားသည်။

အသီးအနှံများ စားသုံးကြရာတွင် လိုက်ချီးသီး နှင့်စပ်လျဉ်း၍ ဘီဘီစီ သတင်းဌာနက ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သော သတင်းကို ကိုးကား၍ မြဝတီ သတင်းစာ၌ ဖော်ပြ ထားကြောင်း တွေ့ရသည်။ မြန်မာပြည်သူများ စားသုံးနေ ကြသော လိုက်ချီးသီးသည် ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချပေး နိုင်ခြင်း၊ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု အားကောင်းစေခြင်း၊ ရေယုန်ကဲ့သို့ အရေပြား ပေါ်တွင် ဖြစ်တတ်သော အနာပိုးများ ပျံ့နှံ့မှုကို ကာကွယ်ပေးခြင်း၊ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ နေရောင်ခြည် သင့်သောကြောင့် ဖြစ်သော အရေပြားရောဂါကို ကာကွယ်ပေးခြင်း၊ အစာကြေညက် စေခြင်း၊ သွေးပေါင်ချိန်ကို ထိန်းထားနိုင်ပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ကို မျှတစေသော အာနိသင်များ ရှိခြင်းကြောင့် အစာစားပြီးတိုင်း လိုက်ချီးသီး သုံးလုံး စားသင့်ကြောင်း သိရသည်။

ဘီဘီစီ သတင်းဌာနက နောက်တစ်မျိုး ဖော်ပြထားသည်မှာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှ ကလေးငယ် များသည် ဗိုက်ထဲတွင် အစာမရှိဘဲ လိုက်ချီးသီး စားကြရာ ထူးခြားသော အဖျားရောဂါ တစ်မျိုး ခံစားရပြီး တစ်နှစ်အတွင်း သေဆုံးသူဦးရေ ၁ဝဝ ကျော်ရှိသည် ဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံမှ သိပ္ပံပညာရှင် များက ဖြစ်စဉ်နှင့် စပ်လျဉ်း၍ လေ့လာဆန်းစစ်ပြီး ၄င်းတို့၏ သုံးသပ်ချက်ကို ထုတ်ဖော်ပြောဆို ကြရာ၌ ဘီဟာပြည်နယ် အတွင်း နေထိုင်ကြသော ချို့တဲ့သည့် ကလေးငယ် များသည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခု ကစတင်၍ အပင်မှ ကြွေကျသော လိုက်ချီးသီး စားပြီးသည်နှင့် ရုတ်တရက် ဖျားနာလာပြီး သတိမေ့မြော သွားကာ ခံစားရသူ တစ်ဝက်ခန့် သေဆုံးသွားကြောင်း သိရသည်။ ကလေးများ သေဆုံးရသည့် အကြောင်းမှာ လိုက်ချီးသီးတွင် ပါဝင်သော အဆိပ်သည် ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်ကို ယုတ်လျော့ စေနိုင်သော အာနိသင်ရှိခြင်း ကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည် ဟု ဖော်ပြထားသည်။

ထို့ကြောင့် နေ့စဉ်အာဟာရ ဖြည့်ဆည်းကြရာတွင် အသီးအရွက် စားသုံးခြင်းသည် ကျန်းမာရေးကို အထောက်အပံ့ ဖြစ်စေသည်ဟု ပုံသေကားကျ မှတ်ယူခြင်းထက် စားသုံးရန် အချိန်ကာလနှင့် နည်းစနစ်တို့ကို လေ့လာစူးစမ်း စားသုံးခြင်း သည်သာ အကျိုးများ နိုင်မည် ဖြစ်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

Tuesday, February 21, 2017

စားသုံးနေသည့် အစားအသောက်များတွင် ဓာတုဆိုးဆေးများ ကင်းစင်ပပျောက်စေရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ရန်လိုအပ်



မန္တလေး ၊ ၂၁-၂-၂၀၁၇

ပြည်သူများ စားသုံးနေသည့် အစားအသောက် များတွင် ဓာတုဆိုးဆေးများ ကင်းစင်ပပျောက် စေရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

''ကျွန်တော်တို့ဌာန၊ ပြည်သူတွေနဲ့ ဈေးရောင်းချသူတွေ ပူးပေါင်းဆောင်ရွက် မယ်ဆိုရင် အခု အစားအသောက် ထဲမှာပါနေတဲ့ ခွင့်မပြု ဓာတုဆိုးဆေး တွေ ကင်းစင် ပပျောက်အောင် ဆောင်ရွက်တဲ့ အခါမှာ လွယ်ကူမှာပါ။ 

ဘာကြောင့်လဲ ဆိုတော့ ဈေးရောင်းချသူ တွေကလဲ ဝယ်ယူစားသုံး သူတွေကို ဆိုးဆေးပါတဲ့ အစားအစာတွေ ဝယ်ယူရင် စားသုံးဖို့ မသင့်တဲ့အရာ တွေကို ပညာပေး ပြောသင့်ပါတယ်။ ဒါမှလဲ ဝယ်ယူစားသုံးသူ တွေက ဆိုးဆေးပါတဲ့ အစားအစာတွေကို မစားသုံးသင့်ဘူး ဆိုတာ သိရှိနားလည် သွားမှာပါ။ ဆိုးဆေးပါတဲ့ အစားအသောက် တွေဟာ လတ်တလောမှာ အဆိပ်အတောက် မဖြစ်နိုင်ပေမယ့် ရေရှည်မှာ ခန္ဓာကိုယ် ကြီးထွားမှုကို ထိခိုက်စေ ပါတယ်။ အသည်းနဲ့ ကျောက်ကပ်တွေ ပျက်စီးပြီး ကင်ဆာရောဂါတွေလဲ ဖြစ်ပွားပါတယ်။ အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းတာ၊ ပျို့တာ၊ အန်တာ၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းတာ စတဲ့ ဆိုးကျိုးတွေကိုလဲ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ပြည်သူတွေပူးပေါင်း ပါဝင်ဖို့ လိုအပ်ပါတယ်'' ဟု ၄င်းက ပြောပြသည်။

အဆိုပါ ဓာတုဆိုးဆေး များသည် အမြင်အားဖြင့် ပသာဒဖြစ်စေသည်မှ လွဲ၍ မည်သည့် အာဟာရမျှ ပါဝင်ခြင်း မရှိကြောင်း၊ စားသုံးသူ၏ ကျန်းမာရေးကို ထိခိုက် စေနိုင်သည့် ဆိုးကျိုးများသာ ရှိ၍ ဆိုးဆေးပါသည့် အစားအသောက် သည် နဂိုရှိသင့်သည့် အရောင်ထက် ပိုမိုတောက်ပပြီး စားချင်သဖွယ် ဖြစ်နေတတ်ကြောင်း ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၄)

#Yadanarpondaily

Tuesday, December 27, 2016

အစားအသောက်နှင့် ဆေးဝါးများ စစ်ဆေးရာတွင် ရဲတပ်ဖွဲ့ကဲ့သို့ စုံစမ်းစစ်ဆေးသည့်အဖွဲ့များ ပါဝင်သင့်



မန္တလေး ၊ ၂၇-၁၂-၂၀၁၆

စားသုံးရန် မသင့်သည့် အစားအသောက် နှင့် ဆေးဝါးများ စစ်ဆေးရာတွင် ရဲတပ်ဖွဲ့ကဲ့သို့ စုံစမ်းစစ်ဆေး သည့် အဖွဲ့များ ပူးပေါင်း ပါဝင်သင့်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

လက်ရှိအချိန်တွင် အစားအသောက် နှင့် ဆေးဝါးများ စစ်ဆေးရာတွင် အဖြေတစ်ခု ထုတ်ပေးနိုင်ရုံသာ ဖြစ်နေကာ ထိရောက်သော အရေးယူမှုများ ဆောင်ရွက်နိုင်ခြင်း မရှိသကဲ့သို့ ကုန်စည်များ ထုတ်လုပ်ရာ နေရပ်များကို စုံစမ်းဖော်ထုတ်ရန် လုပ်ထုံးလုပ်နည်းများ မပါဝင် သေးကြောင်း သိရသည်။

''ဒါကြောင့် စုံစမ်းစစ်ဆေးရေး တွေက ဆင့်ကဲဖော်ထုတ်မှု တွေရှိမှလဲ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ် " ဟု အဆိုပါ တာဝန်ရှိသူက ပြောပြသည်။

စည်ပင်သာယာရေး ကော်မတီမှ FDA နှင့် ပူးပေါင်းပြီး ဆေးဝါးနှင့် အစားအသောက်များ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့ အဖြစ် ပါဝင် ဆောင်ရွက်လျက် ရှိပြီး FDA က စားသုံးရန် မသင့်ဟု ကြေညာသည်နှင့် တစ်ပြိုင်နက် စက်ရုံပိတ်သိမ်းခြင်း များကို ဆောင်ရွက် သော်လည်း အချို့ကုန်စည် များမှာ ထုတ်လုပ်သည့် နေရာ အတိအကျ မပါရှိကြောင်း သိရသည်။

စားသုံးရန် မသင့်သည့် ဆေးဝါးနှင့် အစားအသောက် များ ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး စုံစမ်းဖော်ထုတ်မှု များကို တိုင်းဒေသကြီး နှင့် ပြည်နယ်အနှံ့ရှိ ဈေးကွက် အသီးသီးသို့ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း သိရသည်။ ယခုအခါ မြို့ကြီးများတွင် စားသုံးရန် မသင့်သည့် ကုန်အမှတ်တံဆိပ် များကို သိရှိရန် ပညာပေး ကြပ်မတ်မှုများကြောင့် အတော်အသင့် သိရှိလာပြီ ဖြစ်သော်လည်း ကျေးလက်ဒေသ များနှင့် မြို့ပြဆင်ခြေဖုံး ရပ်ကွက်များတွင် အဆိုပါ စားသုံးရန် မသင့်သည့် အစားအစာများ ဈေးကွက် တွင်ကျယ်လျက် ရှိကြောင်း သိရသည်။

မြို့ကြီးများတွင် ကြပ်မတ် ဆောင်ရွက်လာသည့် အတွက် အချို့သော ကုန်ပစ္စည်းများ နယ်မြို့များသို့ ပျံ့နှံ့ရောက်ရှိ သွားကြောင်း သိရသည်။

''စီးပွားရေးသမား တွေက ကျေးလက်ကို ပစ်မှတ်ထား လာတယ်။ ဒါတွေကို ထိထိ ရောက်ရောက် မကိုင်တွယ်နိုင် သေးလို့ စားသုံးသူ နစ်နာမှုတွေ ရှိနေဆဲပါ'' ဟု စားသုံးသူရေးရာ ဦးစီးဌာန(မြင်းခြံ)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မန္တလေးမြို့ ဆင်ခြေဖုံး ရပ်ကွက်များ၊ မူလတန်း စာသင်ကျောင်းများ အပါအဝင် ဈေးဆိုင်များတွင် သုံးစွဲရန် မသင့်သည့် အစားအသောက်များ၊ ဆေးဝါးများ၊ ခြင်ဆေးခွေများ မြင်တွေ့နေရဆဲ ဖြစ်ပြီး ကျေးလက် ဒေသများတွင် အများအပြား ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဈေးကြီးများ၌ စစ်ဆေးခြင်း၊ စာသင်ကျောင်း စစ်ဆေးခြင်း အစရှိသည့် စစ်ဆေးမှုများ နှင့် ပတ်သက်ပြီး ဈေးသည်များထံမှ ပစ္စည်း သိမ်းခြင်းကို လူမှုကွန်ရက် စာမျက်နှာ များတွင် ထုတ်လုပ်သူ များကိုသာ အဓိက အရေးယူ စေလိုသည့် မှတ်ချက်များလည်း များပြား လာကြောင်း သိရသည်။

'' FDA က လာမယ့်နှစ်မှာ ပညာပေးထက် အရေးယူမှုတွေ ပိုလုပ်မယ်ဆိုရင် တကယ်ထုတ်နေတဲ့ သူတွေကို အရေးယူသင့် ပါတယ်။ ခုဟာက တစ်နေ့လုပ် တစ်နေ့စား ဈေးသည်တွေ ဖြစ်နေတော့ မရှိဆင်းရဲသား တွေပဲ နစ်နာသလို ဖြစ်နေပါတယ်'' ဟု သန့်ရှင်းရေးဌာန တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောပြသည်။

ထို့ပြင် မြို့ပြများနည်းတူ ကျေးလက်ဒေသများ သို့လည်း ထိထိရောက်ရောက် စစ်ဆေးခြင်း၊ ပညာပေးခြင်း၊ အရေးယူခြင်း စသည်တို့ လုပ်ဆောင်ရန် လိုအပ်ပြီး စဉ်ဆက်မပြတ်သော လုပ်ဆောင်မှု များလည်း ဖြစ်ရန် လိုကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁)

Tuesday, November 29, 2016

သကြား နှင့် ကျန်းမာရေး


သကြား နှင့် ကျန်းမာရေး

ဒေါက်တာ မင်းစိုးဦး

''ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ခါး'' ဟူ၍ အရသာ ခြောက်မျိုး အနက် ချိုသော အရသာမှာ ကြိုက်နှစ်သက်သူ များလေ့ရှိသည်။ ချိုသော အရသာကို ကစီဓာတ်မှ ရရှိပြီး Sugar ဟုခေါ်သော သဘာဝ သကြားဓာတ်နှင့် Froctose ဟု ခေါ်သော အသီးအနှံများမှ ရသော သကြားဓာတ် ဟူ၍ နှစ်မျိုးရှိသည်။ ထိုသကြားဓာတ် များသည် သရေစာများ၊ အချိုရည်များ၊ ဂျုံ၊ ဆန်ကို အခြေခံ၍ ပြုလုပ်ထားသော အစားအစာများတွင် ပါဝင်လေ့ရှိသည်။ သုတေသန များအရ မည်သည့် သကြားဓာတ်ပင် ဖြစ်စေကာမူ လွန်ကဲစွာ စားသုံးပါက စားသုံးသူကို ဝစေသည်၊ အသည်းကို အဆီ ဖုံးလွှမ်းခြင်းဖြင့် ထိခိုက်ပျက်စီး စေသည်၊ သွေးတွင်း အဆီဓာတ်ကို များစေသည်၊ ဦးနှောက် လုပ်ငန်းဆောင်တာ များကို နှောင့်ယှက် တတ်သည်၊ နောက်ဆုံးတွင် နှလုံးရောဂါ၊ သွေးချို၊ ဆီးချိုရောဂါ နှင့် တချို့ကင်ဆာ ရောဂါများကိုပင် ဖြစ်စေတတ်သည်။ ထို့ကြောင့်လည်း တချို့ဆေးဘက် ပညာရှင်များက သကြားဓာတ် လွန်ကဲစွာ စားသုံးခြင်းသည်'' လူကို တဖြည်းဖြည်း သေစေတတ်သော အလေ့အထ'' ဟူ၍ပင် တင်စားပြောဆို လာကြသည်။

လူတစ်ယောက် သကြားကို မည်သည့်ပမာဏ အထိသာ စားသုံးသင့် သနည်း။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းအပြည့် သကြားထည့် ပါက သကြားပမာဏမှာ ၄ ဂရမ်ဖြစ် သည်။ အမေရိကန် နှလုံးရောဂါ ကုသမှုဆိုင်ရာ အဖွဲ့ကြီး၏ သတ်မှတ်ချက် အရ တစ်နေ့တာ အများဆုံး စားသုံးနိုင်သောသကြားပမာဏမှာ အမျိုးသား တစ်ဦးအတွက် လက်ဖက်ရည်ဇွန်းဖြင့် ကိုးဇွန်း (၃၆ ဂရမ်)၊ အမျိုးသမီး တစ်ဦးအတွက် လက်ဖက်ရည်ဇွန်း ဖြင့်ငါးဇွန်း (၂ဝ ဂရမ်) ဖြစ်သည်။ ထို့ထက် ပိုမိုစားသုံးပါက ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ဖြစ်ပွား လာနိုင်ပါသည်။

သကြားဓာတ် နှင့် အဝလွန်ခြင်း

အဝလွန်ခြင်း ရှိ/မရှိ ကို ကိုယ်ခန္ဓာထုထည် အညွှန်းကိန်း (BMI : Body Mass Index) ဖြင့် တိုင်းတာဖော်ပြ လေ့ရှိသည်။ ကိုယ်ခန္ဓာထုထည် အညွှန်းကိန်း တွက်ချက် ပုံမှာ ကိုယ်ခန္ဓာ အလေးချိန် ကီလိုဂရမ်ကို အရပ်မီတာ နှစ်ထပ်ကိန်းဖြင့် စားခြင်းဖြစ်ပြီး ရလဒ် အညွှန်းကိန်း ၃ဝ နှင့်အထက် ဖြစ်ပါက အဝလွန်နေပြီဟု သတ်မှတ်ပါသည်။

သကြားမြောက်မြားစွာ စားသုံးခြင်း၊ အချိုရည်များ သောက်သုံးခြင်းသည် ကိုယ်ခန္ဓာ အလေးချိန်ကို များပြားစေပြီး ကိုယ်ခန္ဓာထုထည် အညွှန်းကိန်းကို တက်စေပါ သည်။ မိမိတို့ စားသုံးသော သကြားဓာတ်သည် သွေးအတွင်း မှတစ်ဆင့် အသည်းသို့ ရောက်ရှိသွားသော အခါ အဆီဓာတ်သို့ ပြောင်းလဲသွားပြီး ဝမ်းဗိုက်တစ်ဝိုက်တွင် စုပုံလာသည်။ ထိုသို့ရေရှည် စုပုံလာသည့်အခါ သွေးချို၊ ဆီးချို ရောဂါနှင့် နှလုံးသွေးကြောကျဉ်း သည့်ရောဂါများ ဖြစ်ပွား စေနိုင်ပါသည်။ ယခုခေတ် ကာလတွင် ကလေးငယ်များ နှင့်လူငယ် အများစုသည် အချိုရည်ကို လွယ်လင့်တကူ ဝယ်ယူသောက်သုံး နေကြသည်။ အဆိုပါ အချိုရည်များတွင် သကြားထက်အဆ ၂ဝဝ ပိုမိုချို စေတတ်သော ပါဝါ သကြား ပါဝင်နေသောကြောင့် အဝလွန်သော သူများဖြစ် လာ ကြသည်။ ထို့ပြင် အဆိုပါ အချိုရည်ဘူး များတွင် အရောင်လှစေရန် တားမြစ်ဆိုးဆေးများ ထည့်သွင်းထား ခြင်း၊ ကင်ဆာဖြစ်စေ နိုင်သော တာရှည်ခံ ဆေးများပါဝင် နေခြင်း တို့ကြောင့် ကျောက်ကပ်ရောဂါ ၊ ခံတွင်းနှင့် အသည်းကင်ဆာ အပါအဝင် ကင်ဆာရောဂါ များကိုဖြစ်ပွား စေနိုင်သဖြင့် သတိပြု ရှောင်ရှားသင့် ပါသည်။

သကြားဓာတ် နှင့် မှတ်ဉာဏ်

စာကျက်မှတ်သောအခါ ဦးနှောက်ကြည်လင် စေရန် သကြားအချိုဓာတ် ပါသော အစားအစာများနှင့် အချိုရည် များ သုံးဆောင်လေ့ ရှိကြသည်။ လိုအပ်သည်ထက် ပိုမို စားသုံးလိုက်သော သကြားဓာတ်သည် ဦးနှောက်အတွင်း တွင် Free radicals ဟုခေါ်သော အဆိပ်အတောက် ဖြစ်စေနိုင်သော ဓာတ်ပစ္စည်းတို့ကို စုပုံစေပါသည်။ ထိုအခါ မှတ်ဉာဏ်များ ချို့ယွင်းခြင်း၊ တွေးခေါ်မြော်မြင် နိုင်သည့် စွမ်းရည်ကို ကျဆင်းစေခြင်း နှင့် စိတ်ထိန်းချုပ် နိုင်မှုကို ပျက်စီးယိုယွင်း စေခြင်း စသည်တို့ ဖြစ်ပေါ်လာ စေနိုင်ပါသည်။ ထို့ကြောင့် သကြားဓာတ် လွန်ကဲစွာ စားသုံးခြင်း မရှိအောင် ဂရုပြုသင့်ပါသည်။

သကြားဓာတ် နှင့် အသားအရေ

နေရောင်ခြည်နှင့် ထိတွေ့မှု များသော အရေပြား၊ ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများသော အသားအရေ တို့သည် လည်းကောင်း၊ အသက်အရွယ် ကြီးရင့်လာသော အသားအရေ တို့သည် လည်းကောင်း ပျက်စီးလွယ် ကြသည်။ 

ကိုယ်ခန္ဓာ၏ ဇီဝတုံ့ပြန်မှု ဖြစ်စဉ်များအရ ပျက်စီးသော အသားအရေကို ပြန်လည် ပြင်ဆင်ပေးသည်။ အချို အစားများ၍ အရေပြားတွင် စုပုံနေသော သကြားဓာတ်သည် ထိုသို့ပြင်ဆင်သည့် လုပ်ငန်းစဉ်ကို နှောင့်နှေး
ဟန့်တားစေသည်။ ဤသို့ဖြင့် အသားအရေများ ပျက်စီးမှုကို ဖြစ်ပေါ်စေ ပါသည်။ ထိုကဲ့သို့ အရေပြား ပျက်စီးမှုကို မဖြစ်ပေါ်စေရန် အချိုဓာတ် လွန်ကဲစွာ စားသုံးခြင်းကို ရှောင်ကြဉ်ရမည့် အပြင် ကြက်သွန်ဖြူနှင့် ချင်းတို့ကို စားသုံးပေးသင့် ပါသည်။

သကြားဓာတ် နှင့် ကြွက်သား

သဘာဝ သကြားဓာတ် Sugar ကို အသည်းတွင် သာမက ကြွက်သားတို့ တွင်လည်း ချေဖျက်ပါသည်။ လေ့ကျင့်ခန်း လုပ်သည့်အခါ ကြွက်သားတို့ လှုပ်ရှားမှု ကြောင့် သကြားဓာတ် များကို ပိုမိုချေဖျက် စေကာ ကိုယ်ခန္ဓာ အလေးချိန်ကို ကျဆင်းစေနိုင် သကဲ့သို့ ပို၍မတက် အောင်လည်း ထိန်းထားပေးနိုင် ပါသည်။ သို့ရာတွင် လေ့ကျင့်ခန်း လုံလောက်စွာ ပြုလုပ်သော်လည်း ကိုယ်ခန္ဓာ အလေးချိန် တစ်ခါတစ်ရံ ကျဆင်းမှု မရှိသည့်အပြင် ပို၍ တက်လာသည်ကိုပင် တွေ့ရှိရတတ် ပါသည်။ အဘယ်ကြောင့်နည်း။ မိမိတို့ စားသုံးသော အစားအစာတွင် Fructose ဟုခေါ်သော သကြားဓာတ် ပါဝင်မှုများပြား နေသောကြောင့် ဖြစ်သည်။ ၄င်းသကြားဓာတ် ကိုမူအသည်း တစ်မျိုးတည်းကသာ ချေဖျက်ပေး နိုင်ပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်း လုပ်သော်လည်း ကိုယ်ခန္ဓာ အလေးချိန်ကျဆင်းမှု မရှိခြင်းသည် အဆိုပါ Fructose သကြားဓာတ် ပါဝင်မှု များပြားသော ပါဝါအချိုရည်များ (Energy Drinks) အားဖြည့် အချိုရည်များကို အမြောက်အမြား သောက်သုံး လေ့ ရှိသောကြောင့်ပင်။ ကိုယ်ခန္ဓာ အလေးချိန် လျှော့ချနေသူများ Fructose သကြားဓာတ် ပါဝင်မှု များပြားသော အစားအသောက် များကိုသတိပြု ရှောင်ကြဉ်သင့် ပါသည်။

သကြားဓာတ် နှင့် စိတ်ဖိစီးမှု

သကြားစားသုံး လိုက်သောသူ၏ ဦးနှောက်ကို ပုံရိပ်ဖော်စက် အကူအညီဖြင့် စမ်းသပ် သုတေသန ပြုကြည့်ရာ အရက်ကိုစွဲလမ်း သကဲ့သို့ပင် သကြားဓာတ် သည်လည်း လူကိုစွဲလမ်း စေကြောင်း ထူးဆန်းစွာ တွေ့ရှိလိုက် ရသည်။ 

ထို့ပြင် သကြားစားသုံး လိုက်သောအခါ ထိုသူ၏ ဦးနှောက်တွင် စိတ်ကိုငြိမ်သက် စေသော Serotonin ဓာတ်၊ သကြားကိုထပ်မံ စားသောက်လိုသော Dopamine ဓာတ်များ တိုးပွားလာကြောင်း တွေ့ရှိရသည်။ စိတ်ဖိစီးသော သူတစ်ဦး အချိုစားမိပါက ဆက်လက် စားသုံးလိုစိတ် ဖြစ်ပေါ်လာကာ မထိန်းသိမ်း နိုင်တော့ဘဲ စားသုံး လိုက်မိသောကြောင့် ကိုယ်ခန္ဓာ အလေးချိန် ပိုမိုတက်လာ သည်ကို တွေ့ရှိရမည် ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရပါမူ သကြားဓာတ်သည် ကိုယ်ခန္ဓာကို အင်အားဖြစ်စေသည့် အစားအစာအုပ်စုထဲတွင် ပါဝင်သဖြင့် အကျိုးရှိသော အစားအစာတစ်မျိုးပင်။ သို့ရာတွင် ''တန်ဆေး၊ လွန်ဘေး'' ဆိုသကဲ့သို့ လွန်ကဲစွာ စားသုံးမိပါက ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ ရနိုင်ပါကြောင်း သတိပြု ဆင်ခြင်နိုင်ကြ စေရန် ရှာဖွေရေးသား ဖော်ပြလိုက်ရ ပေသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)
Related Posts Plugin for WordPress, Blogger...