Social Icons

Pages

Tuesday, July 17, 2018

ကနီမြို့နယ်တွင် ကျောင်းသား ၁၁၆ ဦး အစာအဆိပ်သင့်မှုဖြစ်ပွား



ကနီ ၁၇-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာတွင် ကျောင်းသား ၁၁၆ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း ကနီမဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

ကနီမြို့နယ် ဇီးပင်တွင်း ကျေးရွာရှိ ဒီမိုးစာသင်ဝိုင်းတွင် တက်ရောက်ပညာသင် ကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုသည့် အခမ်းအနားကိုဇူလိုင်၁၅ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ကြားကာ ကြက်သား၊ ဝက်သား၊ ပဲနှပ်ဟင်း၊ ချဉ်ရည်ဟင်းတို့ဖြင့် ဧည့်ခံကျွေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူ ၁၁၆ဦး မှာ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မနေ့ညက ကျောင်းသားအချို့ ဖြစ်တယ်။ ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ တစ်ယောက်ပြီး တစ်ယောက် ဝမ်းသွားကြတယ်။ အိမ်သာတွေက အမြဲတမ်းပြည့်နေတော့ ကျောင်းအုပ်ဆရာကြီးက သတိထားမိတာနဲ့ မြို့နယ်ကို ဖုန်းဆက်တယ်။မြို့နယ်က ဆရာဝန်ကြီးဒေါက်တာ ဒေါ်ဝေမာနွယ်နဲ့ ဆရာဝန်တွေ ရောက်လာပါတယ်။ ပြီးတော့ ကလေးတွေအကုန်လုံးကို ဆရာဝန်တွေလုပ်သင့် လုပ်ထိုက်တာ လုပ်ပေးတယ်။ တတိယတန်း ကနေပြီးတော့ တက္ကသိုလ်ဝင်တန်းထိ ၁၁၆ ယောက် ဝမ်းကိုက်တာတွေ၊ ဝမ်းလျှောတာတွေ ဖြစ်တယ်။ နောက်ပြီးတော့ ပျို့အန်တာတွေ ဖြစ်တယ်။ သူတို့ကိုဓာတ်ဆား တိုက်တာတို့၊ ဆလိုင်းချိတ်တာတို့ ဆေးတိုက်တာတို့ လုပ်ပေးတယ်။ အခုတော့အားလုံး ကောင်းသွားပါပြီ"ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပြသည်။

ထိုသို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခြင်းကြောင့် ချက်ပြုတ် ကျွေးမွေးခဲ့သည့် ဆန်၊ ဆီ၊ ဆား ဟင်းလျာများကို နမူနာရယူထားပြီး ကျန်းမာရေးဌာနက ဓာတ်ခွဲစမ်းသပ် အဖြေရှာသွားမည် ဖြစ်ကြောင်းနှင့် ဖြစ်ပွားသည့် ဇီးပင်တွင်း အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် ကျန်းမာရေးအသိပညာ ပေးဟော ပြောပွဲများပြုလုပ် သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ကဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...