Social Icons

Pages

Showing posts with label မန္တလေးသတင်း. Show all posts
Showing posts with label မန္တလေးသတင်း. Show all posts

Tuesday, October 2, 2018

ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံ ပရိယတ္တိ စာသင်တိုက်မှ စာသင်၊ စာချ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်












နေပြည်တော်  အောက်တိုဘာ  ၁
-
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ပါတ်ကုန်းပျော်ဘွယ်ရပ်၊ မဟာဝိဇိတာရုံ ပရိယတ္တိ စာသင်တိုက်ရှိ စာသင်၊ စာချသံဃာတော်များအား ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက် ရှိ အေးချမ်းသာဓမ္မဗိမာန်တော်ကြီး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က စာသင်၊ စာချသံဃာတော် ၁၅ဝ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည် ချောင်းရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်ခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးခြင်း စသည့် ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, October 1, 2018

မန္တလေးမြို့ မြေပုံအတိအကျသိရှိနိုင်ရန် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (မိတ္ထီလာ)မှ ဒရုန်းယာဉ်များဖြင့် ရိုက်ကူးနေ


မန္တလေး စက်တင်ဘာ ၃ဝ
-
မန္တလေးမြို့ မြေပုံအတိအကျသိရှိ နိုင်ရန် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်(မိတ္ထီလာ)မှ ဒရုန်းယာဉ်များဖြင့် အမရပူရမြို့နယ် အတွင်း စတင်ရိုက်ကူးနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကွန်ပျူတာဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။ မန္တလေးမြို့စည်ပင်နယ်နိမိတ်မြို့နယ် ခြောက်မြို့နယ်အတွင်းရှိ အဆောက်အအုံများ၊ လမ်း၊ တံတား၊ ရေမြောင်း စသည့်အချက်အလက်များကို အတိအကျသိရှိနိုင်ရေးနှင့် မြေပုံထုတ်လုပ်နိုင် ရေးအတွက် ဒရုန်းယာဉ်များဖြင့် ကောင်းကင် ဓာတ်ပုံကို စက်တင်ဘာ ၂၈ရက်မှစ၍ အမရပူရမြို့နယ်အတွင်း၌ စတင်ရိုက်ကူးလျက်ရှိ ကြောင်း၊  ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းကို မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်မောင်းသူမဲ့လေယာဉ် သုတေသန ဌာနက ရို က်ကူးပေးလျက်ရှိကြောင်း သိရသည် ။
-
မန္တလေးမြို့မြေပုံထုတ်လုပ်နိုင်ရန်အတွက် ပျံသန်းရိုက်ကူးရေးဆောင်ရွက်မည့် လေယာဉ် အမျိုးအစားများမှာ အလိုအလျောက်စနစ်ဖြင့် ပစ်စင်အသုံးပြုပျံတက်ပြီး လေထီးနှင့် ဆင်းသက်သည့် မောင်းသူမဲ့လေယာဉ်အမျိုးအစား နှစ်စင်း(တစ်ကြိမ်ပျံသန်းနိုင်ချိန်တစ်နာရီခွဲ)၊ ဒေါင်လိုက်အတက်အဆင်းပြုနိုင်သည့် မောင်းသူမဲ့လေယာဉ် Vtol- တစ်စင်း၊ Multicopter Drone နှစ်စင်း စုစုပေါင်း ငါးစင်းကို ပျံသန်းရန်နေရာအနေအထားပေါ်မူတည်ပြီး တစ်ပြိုင်နက်နှစ်စင်းပျံသန်းကာ ရိုက်ကူး လျက်ရှိကြောင်း သိရသည်။
-
အလားတူ မန္တလေးမြို့ကို ကောင်းကင် ဓာတ်ပုံမှ မြေပုံထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အချက်အလက်များ ဖြည့်သွင်းခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့်  Asia Air Survey ကုမ္ပဏီက ဆောင်ရွက်လျက်ရှိ
ကြောင်း၊ နောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေး ကွန်ရက်လမ်းကြောင်းများ၊ လမ်းများ၊ ရေမြောင်းများ၊ ရေဖြန့်ဖြူးရေးပိုက်လိုင်းများ၊ ဖိုက်ဘာဆက်ကြောင်းများ၊ အမှိုက်သိမ်းဆည်း ရန်နေရာများ၊ အဆောက်အအုံဆိုင်ရာအချက်
အလက်များကို ထည့်သွင်းသွားမည်ဖြစ်ပြီး ၎င်းအချက်အလက်များကိုအခြေခံ၍ မြို့ပြ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းနှင့် အခွန်အခကောက်ခံခြင်းများဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
"အခုကျွန်တော်တို့ ရိုက်ကူးနေတာက မြို့နယ်တစ်မြို့နယ်ချင်းကို  ရိုက်နေပါတယ်။ မြို့နယ် ခြောက်မြို့နယ် အကုန်လုံးရိုက်ပြီး သွားရင်မြေပုံအကြမ်းအနေနဲ့ ဆက်ထုတ်သွားမှာပါ။ ဒါတွေရိုက်ပြီးသွားရင်တော့ ဘယ်မြို့နယ်မှာ 
အဆောက်အအုံဘယ်လောက်ရှိလဲ သိနိုင်မယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ Google Map မှာရှိတဲ့ မြေပုံပုံစံမျိုးရအောင် ရိုက်ကူးပြီးထုတ်သွားမှာပါ။ ရိုက်ကူးပြီး သွားရင်လဲ အဆောက်အအုံတွေက အတိုး
အလျော့တွေရှိတော့  နှစ်နှစ်တစ်ကြိမ်တော့ ပြန်လည် ရိုက်ကူးဖို့လိုပါတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကွန်ပျူတာဌာန ဌာနခွဲမှူး ဦးနေလင်းထက်က ပြောပြသည်။
-
ယခု မန္တလေးမြို့ရှိ အဆောက်အအုံများနှင့် လမ်း၊တံတားစသည့်တို့ကို အတိအကျ သိရှိနိုင်ရန် ဒရုန်းယာဉ်များဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း အပြီးရိုက်ကူးသွားမည် ဖြစ်ကြောင်း၊ ယခုလက်ရှိ အမရပူရ
မြို့နယ်အတွင်း ဒရုန်းယာဉ်များဖြင့် ရိုက်ကူး ပြီးစီးပါက  အောင်မြေသာစံမြို့နယ်အတွင်း ဆက်လက်ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။
-
#ရတနာပုံနေ့စဉ်သတင်းစာ

Monday, September 24, 2018

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်သို့ လာရောက်ကြည့်သည့် နိုင်ငံခြားသားများအား ဝင်ကြေးကောက်ခံရန် Tour Information Centre နှစ်ခုတည်ဆောက်မည်



မန္တလေး ၂၄-၉-၂ဝ၁၈

မန္တလေးမြို့ မဟာမုနိရုပ်ရှင် တော်မြတ်သို့ လာရောက်ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် များအား ဝင်ကြေးကောက်ခံရန် Tour Information Centre နှစ်ခုတည်ဆောက်မည် ဖြစ်ကြောင်း မဟာမုနိရုပ်ရှင် တော်မြတ် ဂေါပကအဖွဲ့ထံမှ သိရသည်။

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များအား ဝင်ကြေးကောက်ခံရန် ၂ဝ၁၇ခုနှစ်က မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားပြီး လက်ရှိတွင် Tour Information Centre တည်ဆောက်မည့် ဒီဇိုင်းပုံစံကို မြန်မာနိုင်ငံ ဗိသုကာ အသင်းထံမှ ဒီဇိုင်းရရှိပြီး ဖြစ်ကြောင်း၊ စင်တာတည်ဆောက်ရန် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက် စောင့်ဆိုင်းနေကြောင်း အဆိုပါဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပြသည်။

"ဝင်ကြေးကိုတော့ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကျမှ သတ်မှတ်မယ်။ Centre တွေကို တောင်ဘက်နဲ့ မြောက်ဘက်မုခ် အနောက်ဘက်ခြမ်းမှာ နှစ်နေရာ တည်ဆောက်သွားမယ်။ Tourist တွေ နားနေဖို့ အခန်းပါမယ်။ ဖိနပ်ချွတ် စင်တွေလဲ ပါမယ်။ ဝန်ဆောင်မှု ပြည့်ပြည့်စုံစုံ ထားပေးမှာပါ"ဟု ၎င်းက ပြောပြသည်။

Tour Information Centre တွင် ဝင်ကြေး ကောက်ခံခြင်းကို ဂေါပကအဖွဲ့က တာဝန်ယူကောက်ခံ သွားမည်ဖြစ်ကာ ဝင်ကြေးကို မြန်မာကျပ်ငွေဖြင့် ကောက်ခံပါက ငွေကျပ်၅ဝဝဝ၊ ဒေါ်လာဖြင့်ကောက်ခံပါက သုံးဒေါ်လာခန့် ကောက်ခံရန် လျာထားကြောင်း သိရသည်။

နိုင်ငံခြားသားများကို ဝင်ကြေးကောက်ခံရန် စင်တာဆောက်လုပ်မှု များအတွက် ဒီဇိုင်း၊ နေရာ၊ ကုန်ကျစရိတ်များကို ဂေါပက အဖွဲ့ကတွက်ချက် ထားပြီးဖြစ်ကာ နိုင်ငံခြားသားများအတွက် ဘုရားကြီးသမိုင်းနှင့် လေ့လာစရာနေရာများ၊ နံရံဆေးရေးပန်းချီများ စသည့်လမ်းညွှန်ကိုမြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Wednesday, September 19, 2018

ပြင်ဦးလွင်မြို့နယ်အတွင်းမှ အပန်းဖြေစရာ သုံးထပ်ရေတံခွန်သစ် တွေ့ရှိ



ပြင်ဦးလွင် ၁၉-၉-၂၀၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာ၏ အရှေ့ဘက်တစ် မိုင်ခန့်အကွာ ပွဲကောက်ရေတံခွန်၏ အောက်ဘက်တွင် အပန်းဖြေနားနေစရာ သုံးထပ် ရေတံခွန်သစ် တစ်ခုတွေ့ရှိကြောင်း ဒေသခံများထံမှ သိရ သည်။ 

အဆိုပါ သုံးထပ်ရေတံခွန်သစ်သည် ပြင်ဦးလွင်မြို့အနီး ပွဲကောက်ရေတံခွန် အောက် ပွဲကောက်ရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်သာ ကွာဝေးသော်လည်းပွဲကောက်ရွာမှ ရေတံခွန်သို့ တောလမ်း(မြေသားလမ်း)အတိုင်း တောအုပ်များကို ဖြတ်သန်းသွားရသဖြင့် အလည်အပတ် လာရောက်သူ နည်းပါးနေသေးကြောင်း သိရသည်။

အဆိုပါ ရေတံခွန်၏ဘေးတွင် မင်္ဂလာသုခ တောရကျောင်းတိုက် တည်ရှိပြီးအဆိုပါ ကျောင်းဘေးတွင် ဆရာတော်များ တရားထိုင်သည့် ဂူပေါက်ကြီးများလည်း ရှိကြောင်း၊ ရေတံခွန်၏ဘေးတွင် တောင်များကာရံနေပြီး သဘာဝအတိုင်း စိမ်းလန်းလှပကြောင်း သိရ သည်။ မင်္ဂလာသုခတောရ ကျောင်းတိုက်ဝင်းထဲတွင် ရပ်တော်မူ၊ လျောင်းတော်မူ ဘုရားများ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ကျောင်းဇရပ်များဖြင့် ကြည်ညိုဖွယ်ကောင်းစွာ တွေ့မြင်ရမည်ဖြစ်သည်။

''ရေတံခွန်သို့သွားရင်း အပြန်မှာ မင်္ဂလာသုခတောရ ကျောင်းအတွင်း ဘုရားဝင်ဖူးနိုင်ပါတယ်။ ဒါ့ပြင် ခရီးသွားများ ညအိပ်တည်းခိုဖို့ ကျောင်းဆောင်တွေလည်း ရှိပါတယ်။ တောထဲမှာဆိုပေမယ့် ရေမီးအပြည့်အစုံ ရှိပါတယ်။ အေးအေးဆေးဆေး နားနေနိုင်တဲ့အပြင် တိတ်ဆိတ်ပြီး အေးချမ်းသာယာတဲ့အတွက် တရားအားထုတ်လိုသူတွေအတွက် နေရာကောင်းလေး တစ်ခုဖြစ်ပြီး စိတ်နှလုံးချမ်းမြေ့စေနိုင်မှာပါ''ဟု မင်္ဂလာသုခတောရ ကျောင်းဆရာတော်က မိန့်ကြားတော်မူသည်။ 

သုံးထပ်ရေတံခွန်၏ ပထမအဆင့်မှာ ရေမနက်သည့်အတွက် မိသားစုလိုက် အပန်းဖြေ အနားယူခြင်း၊ ရေချိုးခြင်း၊ ကလေးငယ်များ ဆော့ကစားခြင်းများ ပြုလုပ်နိုင်သည်။ ရေတံခွန်ဒုတိယအဆင့်၌ လှပသော ရေတံခွန် အဆင့်ဆင့်လေးများနှင့် ကြည်လင်သည့် ရေ၊ အေးမြသည့် သစ်ရိပ်၊ ဝါးရိပ်တို့၏ အောက်တွင် အပန်းဖြေ အနားယူနိုင်သည်။ ရေတံခွန်၏ တတိယအဆင့်မှာမူ ရေစီးဆင်းသည့် ပမာဏများပြား၍ လာရောက် လည်ပတ်သူ ခရီးသွားများ သတိပြုသင့်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Monday, September 17, 2018

မဟာမုနိရုပ်ရှင်တော်မြတ်ရှိ ယာဉ်ရပ်နားစခန်းကို ယာဉ်နှင့် ယာဉ်မောင်း Scan ဖတ်စနစ် စတင်မည်



မန္တလေး ၁၇-၉-၂၀၁၈

မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ရှိ အရှေ့ ၄၅ တာယာဉ်ရပ်နား စခန်းကို ကိုယ်တိုင်လက်မှတ် ဖြတ်၍ယာဉ်နှင့် ယာဉ်မောင်းကို Scan ဖတ်၍ မှတ်တမ်းတင်သည့် စနစ်ဖြင့် လာမည့်နိုဝင်ဘာလတွင် စတင်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့မှ သိရသည်။

ဘုရားကြီးရှိ အရှေ့ ၄၅ တာယာဉ်ရပ်နား စခန်းကို ယာဉ်ရပ်နား ရန်နေရာများ၊ လမ်းများကို အဆင့်မြှင့်တင်ပြီး ဖြစ်သည့်အတွက် ယာဉ်ရပ်နား စခန်းရပ်နားခကို ကိုယ်တိုင်ယူကတ်စနစ်ဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းတာတပ်ဆင် ရေးလုပ်ငန်းများ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း အဆိုပါ ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပြသည်။

"တပ်ဆင်မယ့်အဖွဲ့နဲ့ စာချုပ်ချုပ်ပြီးသွားပြီ။ အဝင်၊အထွက်သုံးနေရာ တပ်ဆင်မယ်။ ယာဉ်နားချင်ရင် အဝင်မှာ ကတ်ထုတ်ပေးမယ်။ လူနဲ့ကားနဲ့ကို အတူတွဲပြီး Scan ဖတ်မှတ်တမ်းယူမယ်။ ပြန်ထွက်ချင်ရင် ကတ်နဲ့ပဲ
ရပ်နားခရှင်းမယ်။ မှတ်တမ်းတင် ထားတဲ့လူနဲ့ မဟုတ်ရင် ပြန်ထွက်လို့မရဘူး။ အားလုံးကို စက်နဲ့ပဲလုပ် သွားမှာပါ။ ဒါကိုလဲ ဂေါပကရုံးခန်းကနေ Control လုပ်လို့ရပါတယ်"ဟု ၎င်းက ပြောပြသည်။

ယာဉ်ရပ်နားစခန်း မှတ်တမ်းတင် ငွေကောက်ခံစနစ်ကို ၄၅ တာကွင်းအရှေ့ဘက်တွင် နှစ်ပေါက်၊အနောက်ဘက် နာရီစင်ဘက်တွင် တစ်ပေါက် စုစုပေါင်း သုံးနေရာတွင် တပ်ဆင်မည်ဖြစ်ပြီး စုစုပေါင်း တပ်ဆင်ခငွေကျပ်သိန်း တစ်ထောင်ခန့် ကုန်ကျမည်ဖြစ်ကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့မှ သိရသည်။

လက်ရှိဘုရားကြီးတွင် အနောက်ဘက် ၄၅တာကွင်း၌ အဆင့်မြင့် ယာဉ်ရပ်နားစခန်းတစ်ကို ထပ်မံတည်ဆောက်လျက်ရှိပြီး မဟာမုနိဘုရားကြီး မဟာရံတံတိုင်းသုံးထပ် အတွင်းနယ်မြေကို ရှေးဟောင်းယဉ်ကျေးမှု သာသနာ့နယ်မြေ ဖြစ်ရန်အတွက် လက်ရှိဂေါပက လက်ထက်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်နေကာ ဘက်စုံပြုပြင်သည့် လုပ်ငန်းပေါင်း ၂၅ခုထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Thursday, September 13, 2018

မန္တလေးမြို့ရှိ ကားကြီးကွင်းများအတွင်း နည်းပညာမြင့် မောင်းတံဂိတ်များ ယခုလအတွင်း စတင်တပ်ဆင်မည်ဟုဆို



မန္တလေး ၁၃-၉-၂၀၁၈

မန္တလေးမြို့ရှိ ကားကြီးကွင်းများအတွင်း နည်းပညာမြင့် မောင်းတံဂိတ်များကို ယခုလအတွင်း စတင်တပ်ဆင် မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြသည်။

မန္တလေးမြို့ရှိ ကားကြီးကွင်းအတွင်း ဝင်ကြေးကောက်ခံရာတွင် လူအင်အား အလုံးအရင်းသုံးကာ ကောက်ခံနေရသည့် အပြင်လုံခြုံရေး အပိုင်းအနေဖြင့်ပါ စိတ်ချရမှု အားနည်းသည့်အတွက် ကားကြီးကွင်းများကို အဆင့်မြှင့် တင်သည့် အနေဖြင့် ကွန်ပျူတာစနစ်သုံး နည်းပညာမြင့် မောင်းတံဂိတ်များကို ယခုလအတွင်း တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

"အခုကားကွင်းတွေ အတွင်းကို ဝင်တဲ့အခါ ဝင်ကြေး ကောက်တဲ့ဂိတ်ကနေ လူအင်အားသုံးပြီး ကောက်ခံတဲ့အတွက် အချိန်ကြာပါတယ်။ လူပင်ပန်းတယ်။ ပြီးတော့ အမှုအခင်းတွေ ကားကွင်းအတွင်းမှာ ဖြစ်သွားရင်လဲ မှတ်တမ်းတင်ထားတာ မရှိဘူး။ ဒါကြောင့် ကားကွင်းတွေမှာ မောင်းတံဂိတ်တွေအပြင် CCTV ကင်မတွေကိုပါ တစ်ပါတည်း တပ်ဆင်ပေးသွားမှာပါ။ နောက်ပိုင်း ကားကွင်းတွေကိုလဲ နိုင်ငံတကာအဆင့်မီ ကားကွင်းတွေ အဖြစ်ရောက်ဖို့ ဖြည်းဖြည်းချင်း အဆင့်မြှင့်တင် ပေးသွားမှာပါ" ဟု၎င်းက ပြောပြသည်။

နည်းပညာမြင့် မောင်းတံဂိတ်များ စတင်တပ်ဆင်နိုင်ရေးအတွက် စက်တင်ဘာ ၁ဝ ရက်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ အနေဖြင့် သီရိမန္တလာ ကားကြီးကွင်းတွင် မောင်းတံဂိတ် စတင်တပ်ဆင် နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အလားတူ ကျန်ရှိနေသည့် ချမ်းမြရွှေပြည် ကားကြီးကွင်း၊ သီရိမန္တလာ ကားကြီးကွင်းနှင့် ပြည်ကြီးမျက်ရှင် ကားကြီးကွင်းကိုလည်း ယခုလအတွင်း မောင်းတံများ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ မန္တလေးမြို့ လမ်း ၆ဝ ကားရောင်းဝယ်ရေး စခန်းတွင် နည်းပညာမြင့် မောင်းတံဂိတ် တပ်ဆင်ထားကာ အသုံးပြုနေပြီ ဖြစ်ကြောင်း၊ လက်ရှိတပ်ဆင် ထားသည့် မောင်းတံဂိတ်မှာ ကွန်ပျူတာစနစ် ဖြစ်သည့်အတွက် အော်တိုအတင် အချပြုလုပ်ပေးမည့် စနစ်ဖြစ်ကြောင်း၊ ၎င်းမောင်းတံဂိတ်ကို သီရိမန္တလာ ကားကြီးကွင်း၌ တပ်ဆင်နိုင်ရေး မြေနေရာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

Wednesday, September 12, 2018

မန္တလေးမြို့တွင် ခွင့်ပြုချက်မကျသေးဘဲ ဆောက်လုပ်နေသည့် ဂိုဒေါင်အဆောက်အအုံပြိုကျ၊ ကိုးဦးဒဏ်ရာရရှိ



မန္တလေး ၁၂-၉-၂ဝ၁၈

မန္တလေးမြို့တွင် ခွင့်ပြုချက် မကျသေးဘဲ ဆောက်လုပ်နေသည့် ဂိုဒေါင် အဆောက်အအုံတစ်လုံး ယနေ့မွန်းတည့် ၁၂ နာရီက ပြိုကျခဲ့ပြီး ပန်းရန်လုပ်သား ကိုးဦးဒဏ်ရာ ရရှိခဲ့သဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးဇော်ဝင်းထံမှ သိရသည်။

ပုသိမ်ကြီးမြို့နယ် ရေလှောင်ကန် ကျေးရွာအုပ်စု ရေလှောင်ကန်ကွင်း အတွင်းတွင် ဂိုဒေါင် ဆောက်လုပ်နေခြင်း ဖြစ်ပြီး ပြိုကျမှုကြောင့် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာများ ရရှိခဲ့ပြီး ခြေထောက်ကျိုးသူ နှစ်ဦး၊လက်ကျိုးသူနှစ်ဦးနှင့်ဦးခေါင်းပေါက်ပြဲသွားသည့် လူနာတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့များက ပြောပြသည်။

"ဒီလိုတိုက်တွေ ဆောက်တဲ့အခါ သတ်မှတ်ထားတဲ့ လုပ်ရမယ့်နည်း စနစ်တွေရှိတယ်။ အလေးဝန်တွေ တွက်ရမယ်။ တိုင်တွေက ဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲ။ အဲဒီတိုင်တွေကို ဘယ်လိုထားမလဲ။ ဒါတွေမှာ လွဲချော်တာပေါ့။ အဓိက ကျွန်တော်တို့ ပြဿနာက သံပန်းသံတံခါး လုပ်တဲ့သူတွေက အဆောက်အအုံတွေ ဝင်ဆောက်တဲ့ကိစ္စပါပဲ"ဟု စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးဇော်ဝင်းက ပြောပြသည်။

"ထိခိုက်သွားတာကတော့ ပန်းရန်လုပ်သား အဖွဲ့တွေပါ။ စိုးရိမ်စရာတော့ မရှိပါဘူး။ ကျိုးပဲ့ပေါက်ပြဲတာမျိုး ဒဏ်ရာရကြတယ်"ဟု ထိခိုက်ဒဏ်ရာ ရရှိသူများကို ဆေးရုံသို့ပို့ဆောင် ပေးခဲ့သည့် ရွာသစ် ကလေးကျေးရွာလူမှု ကူညီအရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်လင်းက ပြောပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် မြို့တော်ဝန် ဒေါက်တာရဲလွင်တို့ လာရောက်စစ်ဆေးခဲ့ပြီး အရေးယူ နိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Tuesday, September 11, 2018

မန္တလေးမြို့ စည်ပင်နယ်နိမိတ် မြို့နယ်များအတွင်း စည်းကမ်းမဲ့ ရပ်ထားသောတွဲကားများကို ယခုလတတိယ ပတ်မှစ၍ အရေးယူမည်



မန္တလေး ၁၁-၉-၂ဝ၁၈

မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ် မြို့နယ်များအတွင်း စည်းကမ်းမဲ့ ရပ်နားထားသော တွဲကားများကို ယခုလတတိယ ပတ်မှစ၍ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြသည်။

မန္တလေးမြို့ စည်ပင်နယ်နိမိတ် ခြောက်မြို့နယ်ဖြစ်သည့် ပြည်ကြီးတံခွန်၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ အောင်မြေသာစ၊ံ မဟာအောင်မြေနှင့် အမရပူရမြို့နယ် တို့တွင်း၌ ရက်ပေါင်းအတော်ကြာ ခေါင်းဖြုတ်ထားသည့် တွဲကားများအပြင် တွဲကားအမျိုးမျိုးကို စက်တင်ဘာလ တတိယပတ်မှစ၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန၊ စည်ပင်သာယာ ရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးကာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"ခြောက်မြို့နယ်အတွင်းမှာ ဆယ့်နှစ်ဘီးစတဲ့ တွဲကား အရှည်ကြီးတွေပါတဲ့ ကားကြီးတွေက လမ်းမတွေပေါ် ရပ်ချင်တဲ့နေရာ ရပ်ထားကြတယ်။ ဒီကားကြီးတွေက တစ်ရက်လဲမဟုတ်၊ နှစ်ရက်လဲမဟုတ် လနဲ့ချြီပီး ရပ်နားကြတယ်။ တချို့တွဲ ကားကြီးတွေဆို ခေါင်းကတခြား၊ တွဲကတခြားနဲ့ စည်းကမ်းမဲ့ ရပ်ထားတယ်။ ဒါတွေက ညပိုင်းအချိန်တွေဆို လမ်းသွားလမ်းလာတွေကို အန္တရာယ်ဖြစ် စေနိုင်တယ်။ မနက်ပိုင်းမှာဆိုရင် ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် စည်းကမ်းမဲ့ တွဲကားတွေကို အရေးယူမှုအပိုင်းတွေ စလုပ်တော့မှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးမြို့ ခြောက်မြို့နယ်အတွင်း ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ရာတွင် စည်းကမ်းမဲ့ရပ်နား ထားသောတွဲကားများ တွေ့ရှိပါက ဒဏ်ကြေးငွေကျပ် ငါးသောင်းဒဏ်ရိုက် အရေးယူသွားမည် ဖြစ်ပြီး ပိုင်ရှင်မဲ့ဖြစ်ပါက ထိုတွဲကားများကို ကရိန်းနှင့် မန္တလေးမြို့တော် စည်ပင်ပိုင် ကစားကွင်းအတွင်း သယ်ယူသွားမည်ဖြစ်ရာ ကရိန်းဖြင့် ဆွဲတင်မည်ဆိုပါက ကရိန်းငှားရမ်းခ အပါအဝင် ဒဏ်ကြေးငွေအဖြစ် ငွေကျပ်တစ်သိန်း ငါးသောင်း ပေးဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။

အလားတူကရိန်းဖြင့် ဆွဲသွားသည့် တွဲကားများကို လာရောက်ဒဏ်ငွေ ဆောင်ကာရွေးယူခြင်း မရှိပါက တစ်ရက်လွန်လျှင် ဒဏ်ကြေးငွေအဖြစ် ငွေကျပ်တစ်သောင်း ထပ်မံပေးဆောင်ရမည် ဖြစ်ကြောင်း၊ ၎င်းစည်းကမ်းမဲ့ ခေါင်းမပါသည့် တွဲများအပြင် အခြားတွဲကား အမျိုးမျိုးမှာ ပြည်ကြီးတံခွန်မြို့နယ် ဘက်တွင် စည်းကမ်းမဲ့ ရပ်နားထားမှုအများ ဆုံးဖြစ်ပြီး ၎င်းမြို့နယ် အပါအဝင်ကျန် ငါးမြို့နယ်အတွင်းရှိ တွဲကားများကိုပါ အမြန်ဆုံး အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Monday, September 10, 2018

မန္တလေးမြို့မှ ဘုရားပြန်လာသည့် ဘော်ဒါဆောင် မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်



ပြင်ဦးလွင် ၁ဝ-၉-၂ဝ၁၈

ပြင်ဦးလွင် အတက်လမ်းတွင် မန္တလေးမြို့မှ ဘုရားဖူး ပြန်လာသည့် အလင်းဆောင်ဘော်ဒါမှ ကျောင်းသားများ လိုက်ပါလာသော ဒိုင်နာယာဉ်သည် ယနေ့ညနေပိုင်းက တိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် ကျောင်းသားများနှင့် ဂိုက်ဆရာများ ဒဏ်ရာရရှိခဲ့ကြောင်း အုန်းချော နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်မြင့်က ပြောပြ၍ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုသည် ပြင်ဦးလွင်အတက်လမ်း မိုင်တိုင် ၁ဝ မိုင် ၅ ဖာလုံအနီး ငွေတောင်ကျေးရွာနှင့် ကုလားကြီးခြံ ကျေးရွာအကြား၌ ဆိုင်ကယ်တစ်စီးကို တိမ်းရှောင်ရာမှ ယခုကဲ့သို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

"ဒဏ်ရာတွေကတော့ အပြင်းအထန်မရကြပါဘူး။ ဖြစ်တဲ့သူတွေကို ကျောက်မီးဆေးရုံကို ပို့ထားပါတယ်။ ဓာတ်မှန်ရိုက်ဖို့ လိုအပ်တဲ့ ကလေးတွေကိုလဲ မန္တလေးဆေးရုံကြီးကို ပို့ထားပေးပါတယ်"ဟု ရဲအုပ်ဇော်မြင့်က ပြောပြသည်။

အလင်းဆောင်ဘော်ဒါမှ ကျောင်းသား စုစုပေါင်း ၂၅ ဦးလိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် နဝမတန်းကျောင်းသား ခုနစ်ဦး၊ ဒသမတန်းကျောင်းသား ၁ဝဦးနှင့် ဂိုက်ဆရာတစ်ဦး စုစုပေါင်း၁၈ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အခြားသူများလဲ ပြင်ပဒဏ်ရာ (မစိုးရိမ်ရ) များ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူကို အုန်းချော ရဲစခန်းက အရေးယူရန် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#မြဝတီနေ့စဉ်သတင်းစာ

သြဂုတ်လကုန်ပိုင်းကစ၍ နှစ်ပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သကြားနှင့် ကြက်သွန်နီတင်ပို့မှု လျော့ကျ



မန္တလေး ၁ဝ-၉-၂ဝ၁၈

ပြီးခဲ့သည့် သြဂုတ်လ ကုန်ပိုင်းကစ၍ နှစ်ပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သကြားနှင့် ကြက်သွန်နီတင်ပို့မှု လျော့ကျသွားကြောင်း ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန (မန္တလေး)မှ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်မှ ၃၁ ရက်ထိ မူဆယ်-တရုတ် နယ်စပ်သို့ ပြည်တွင်းမှ သကြားတန်ချိန် ၅၉၉၅၈ ဒသမ ၇၅ တန်တင်ပို့ခဲ့ပြီး စက်တင်ဘာ ၁ရက်မှ ၇ရက်ထိ သကြားတန်ချိန် ၄၃၅၇၁ တန်တင်ပို့ခဲ့ကာ သ
ကြားတန်ချိန် ၁၆ဝဝဝ ကျော်ထိ တင်ပို့မှုလျော့ကျ သွားခဲ့ကြောင်း သိရသည်။

"တရုတ်နိုင်ငံဘက်က အဝယ်နည်းလို့ ဒီဘက်ကလဲ ပို့တာနည်း သွားတာပါ။ သူတို့ဘက်က ကုန်သည်တွေကို နည်းနည်းကြပ်မတ် လိုက်လို့ ပို့တာကျသွားတာ။ Re-export ပိတ်တာနဲ့တော့ မဆိုင်ပါဘူး။ တင်ပို့တာ ကျတဲ့အပြင် ဈေးလဲ ကျသွားတယ်။ ပြည်တွင်းမှာလဲ သကြားဈေး နည်းနည်းကျသွားတယ်"ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်း (မန္တလေး) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပြသည်။

သကြားတင်ပို့မှု ကျသွားသည့်အပြင် သကြားဈေးနှုန်း မှာလည်း ယခင်သကြား တစ်တန်လျှင် ငွေကျပ်ရှစ်သိန်း သုံးသောင်းကျော် ဈေးရှိရာမှ ငွေကျပ်ရှစ်သိန်းကျော်ထိ ကျဆင်းခဲ့ကြောင်း သိရသည်။

သကြားတင်ပို့မှု ကျဆင်းသည့်အပြင် ကြက်သွန်နီ တင်ပို့မှုမှာလည်း ပြီးခဲ့သည့် သြဂုတ် ၂၅ရက်မှ ၃၁ရက်ထိ ကြက်သွန်နီတန်ချိန် ၁၃၈၁တန်ကျော် တင်ပို့ခဲ့ရာမှ စက်တင်ဘာ ၁ရက်မှ ၇ရက်ထိတန်ချိန် ၁၁၄၈တန်ကျော် တင်ပို့ခဲ့ရပြီး စုစုပေါင်း ကြက်သွန်နီတန်ချိန် ၂၃ဝကျော် တင်ပို့မှုလျော့ ကျသွားခဲ့ကြောင်း သိရသည်။

ယခုလမှစ၍ ပြည်တွင်း၌ ကြက်သွန်နီလက်ကျန် နည်းပါးလာသည့်အတွက် ကြက်သွန်နီဈေးနှုန်း မြင့်တက်လာပြီး မူဆယ်ဈေးကွက်တွင်လည်း ဈေးနှုန်းမြင့်တက်သွားကာ ဆက်လက်မြင့်တက် နိုင်ခြေရှိ သည့်အတွက် တရုတ်ဝယ်လက် ဆက်လက် ကျဆင်းနိုင်ကြောင်း သိရသည်။

စက်တင်ဘာလမှစ၍ မူဆယ်တရုတ်နယ်စပ်သို့ ကြက်သွန်နီ၊ ဆန်နှင့်ပြောင်းဖူးစေ့ ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ပဲမျိုးစုံပုံမှန် တင်ပို့နိုင်မှုမရှိဘဲ ဆန်နှင့် ပြောင်းဖူးစေ့မှာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

ပြင်ဦးလွင်-မန္တလေးလမ်းပိုင်းရှိ ကျူးကျော်နေအိမ် ၁၅ဝ ကျော်နှင့် ဈေးဆိုင်ခန်းများ ဖယ်ရှား



မန္တလေး ၁ဝ-၉-၂ဝ၁၈

ပြင်ဦးလွင်-မန္တလေးသွားကားလမ်း အောင်ပင်လယ်ကန်ပေါင် ဘေးဝဲ၊ ယာတစ်လျှောက်ရှိ ကျူးကျော်နေအိမ် ၁၅ဝ ကျော်နှင့် ဈေးဆိုင်ခန်းများကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မူးယစ်ဆေးဝါး တရားခံတစ်ဦးကို ၎င်းနေအိမ်တစ်ခုတွင် ဖမ်းမိခဲ့ရာမှ အုပ်ချုပ်ရေးပိုင်းက စာထုတ်အကြောင်းကြားကာ ရှင်းလင်းခြင်းဖြစ်ကြောင်း ကျူးရှင်းလင်းရေး အဖွဲ့တွင်ပါဝင်ခဲ့သည့် ချမ်းမြသာစည်မြို့နယ် စည်ပင်သာယာရေး ကော်မတီ အရာရှိတစ်ဦးက ပြောပြသည်။

"ကျွန်တော်တို့အနေနဲ့ ဖယ်ရှားရှင်းလင်းမှု မပြုလုပ်ခင်မှာ ကျူးနေထိုင် တဲ့သူတွေကို ကိုယ့်သဘောနဲ့ ကိုယ်ပြောင်းရွှေ့ဖို့ ကြိုတင်အကြောင်း ကြားထားပြီးသားပါ။ သတ်မှတ်ရက်အတွင်းမှာ ဖယ်ရှားမပေးလို့ အခုလိုရှင်းလင်းတာပါ"ဟု ၎င်းက ပြောပြသည်။

အဆိုပါ ကျူးကျော် နေထိုင်သူများကို စက်တင်ဘာ ၈ရက် ညနေ ၆ နာရီနောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြား ခဲ့သော်လည်း သတ်မှတ်ရက်အတွင်း ပြောင်းရွှေ့ခြင်း မရှိသည့် နေအိမ်များနှင့် ဈေးဆိုင်ခန်းများကို စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊မီးသတ်နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပါဝင်သော အင်အား ၃ဝဝ ခန့်ကလမ်းဘေး ကျူးကျော်နေအိမ် ၁၅ဝကျော်နှင့် ဈေးဆိုင်များကို ဖယ်ရှားခြင်းဖြစ်ကြောင်း သိရသည်။

ဖယ်ရှားခံရသည့် ကျူးကျော်တဲများတွင် ၁၉၉ဝ ပြည့်နှစ် ဝန်းကျင်ကတည်းက နေထိုင်သူများနှင့် တစ်နှစ် နှစ်နှစ်ခန့်မှ စတင်နေထိုင်သူများ လည်းပါဝင်ကြောင်း ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းခြင်းသည် ကလေးများ
ကျောင်းတက်နေသည့် အချိန်ဖြစ်သောကြောင့် များစွာအခက်အခဲ ရှိကြောင်း ယင်းနေရာတွင် ခုနစ်နှစ်ခန့် နေထိုင်လာသော ဦးသိန်းစိုးက ပြောပြသည်။

မန္တလေးမြို့တွင် မူးယစ်ဆေးဝါး ကျော်ဇောသည့် နေရာများကို ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက စတင်ကာ ဖမ်းဆီးခြင်း၊ ကျူးကျော် အဆောက်အအုံများ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ၊ ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကွက်သစ် အတွင်းမှ ကျူးကျော် အဆောက်အအုံ လေးရာကျော်နှင့် မြို့အနောက် ထိပ်ကမ်းနားလမ်း တစ်လျှောက်မှ ကျူးကျော်တဲ ၃ဝဝ ကျော်ခန့်ကို ရှင်းလင်းပြီး ဖြစ်ကြောင်း သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

Friday, September 7, 2018

မန္တလေးမြို့တွင် အသစ်ပြန်လည် တည်ဆောက်မည့် ချမ်းမြရွှေပြည်ကားကြီးကွင်း ဒီဇိုင်းသစ်ကို သဘောတူညီမှုရရှိပြီးဖြစ်သောကြောင့် ယခုနှစ် ဒီဇင်ဘာလကုန်တွင် ယာယီကားကွင်းသို့ အပြီးပြောင်းရွှေ့မည်



မန္တလေး ၇-၉-၂ဝ၁၈

M-Development Corporation (Myanmar) Co.,Ltd က အသစ်ပြန်လည် တည်ဆောက်မည့် ချမ်းမြရွှေပြည် ကားကြီးကွင်း၏ ဒီဇိုင်းသစ်ကို ဂိတ်ပိုင်၊ ကားပိုင်များက သဘောတူညီမှု ရရှိပြီဖြစ်သောကြောင့် လက်ရှိကားကြီးကွင်းအတွင်းမှ ကားဂိတ်များကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် တံခွန်တိုင် အဝိုင်းအနီးရှိ ယာယီကားကွင်းသို့ အပြီးပြောင်း ရွှေ့သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပြ၍ သိရသည်။

အသစ်တည်ဆောက်မည့် ကားကြီးကွင်း၏ ဒီဇိုင်းအတည်ပြုချက် များကိုကားကွင်း တည်ဆောက်မည့် ကုမ္ပဏီ၊ဂိတ်ပိုင်၊ ကားပိုင်များနှင့် ကားကြီးကွင်း စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီဇိုင်းသစ်ကို သဘောတူညီမှု ရရှိခဲ့သဖြင့် ယခုကဲ့သို့ပြောင်းရွှေ့ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

"အကြမ်းအားဖြင့် ဆောက်လုပ်ဖို့ ဆွဲထားတဲ့ဒီဇိုင်းကို တင်ပြတဲ့အခါမှာ ဂိတ်ပိုင်ရှင်တွေက သဘောတူညီတဲ့အတွက် လုပ်ငန်းစတင် နိုင်အောင် ၂ဝ၁၈ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားပြီး ယာယီကားကွင်းကို ရွှေ့ပြောင်းနိုင်အောင်လုပ်ပါမယ်။ အသစ်ဆောက်လုပ်မယ့် ဒီဇိုင်းအတိုင်းပဲ ၂ဝ၂ဝပြည့်နှစ်အတွင်းမှာ ချမ်းမြရွှေပြည် ကားကွင်းအသစ်မှာ နေရာချ နိုင်အောင်လုပ်ဖို့ သဘောတူတယ်။ ယာယီကားကွင်းက မန္တလေးမြို့ရဲ့တောင်ဘက်အထွက် တံခွန်တိုင်အဝိုင်းရဲ့ မြောက်ဘက်မှာ ရှိပါတယ်"ဟု ၎င်းက ပြောပြသည်။

ထို့ပြင် ကားကွင်းအသစ် တည်ဆောက်မှု နှင့်ပတ်သက်၍ လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးနိုင်ရန် ဂိတ်ပိုင်၊ ကားပိုင်ကိုယ်စား လှယ်ဦးရေ ၂ဝပါဝင်သည့်အဖွဲ့နှင့် ကားကွင်း တည်ဆောက်မည့် ကုမ္ပဏီတို့မှ တစ်လလျှင်တစ်ကြိမ် ပုံမှန်ဆွေးနွေးပွဲများကို ရန်ကုန်မြို့တွင်လည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အသစ်ပြန်လည် တည်ဆောက်မည့် ချမ်းမြရွှေပြည် ကားကြီးကွင်းကို ၂ဝ၂ဝပြည့်နှစ်တွင်အပြီး ဆောက်လုပ် သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာအဆင့်မီ ခရီးသည်နားနေခန်းများ၊ လက်မှတ်အရောင်း
ကောင်တာများ၊ ဈေးဆိုင်ခန်းနှင့် စားသောက်ဆိုင်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Thursday, September 6, 2018

ကျောက်မဲမြို့၌ မန္တလေးသို့သွားမည့် ယာဉ်ပေါ်မှ မိုင်းဖောက်ခွဲရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖမ်းဆီးရမိ



ကျောက်မဲ ၆-၉-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ တိုးဂိတ်အနီး စက်တင်ဘာ ၄ရက် ညပိုင်းက လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ခြောက်ဘီးကုန် တင်ယာဉ်ပေါ်မှ မိုင်းဖောက် ခွဲရာတွင် အသုံးပြုသည့် ဒီတိုနေတာများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျောက်မဲ (စရဖ) တပ်ဖွဲ့၊ကျောက်မဲမြို့မရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့သည် ကျောက်မဲ Oriental တိုးဂိတ်အနီး မန္တလေးဘက်သို့ ယာဉ်မောင်း ဇော်မြင့်သိန်း မောင်းနှင်လာသော ကန်တာခြောက်ဘီး ကုန်တင်ယာဉ်ကို စစ်ဆေးရာမှ သံတိုသံစ ထည့်ထားသော အိတ်များနှင့် ဖုံးအုပ်သယ်ဆောင်လာသော ဒီတိုနေတာများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

"လုံခြုံရေး၊ မှုခင်းကျဆင်းရေး ဆောင်ရွက်နေချိန်မှာ သတင်းအရ အဲဒီခြောက်ဘီးကား ကိုရပ်တန့်ပြီးတော့ စစ်ဆေးတဲ့အခါမှာ သံတိုသံစ ထည့်ထားတဲ့ အိတ်တွေနဲ့ဖုံးပြီး တော့မှဒီတိုနေတာတွေကို အောက်ကတင်လာတာ ကိုဖမ်းမိတာပါ"ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောပြသည်။

အဆိုပါ ယာဉ်ပေါ်မှ ဒီတိုနေတာ အရောင်မျိုးစုံစုစုပေါင်း ၁၆၄၅ဝဝ ချောင်းတွေ့ရှိရပြီး တရားမဝင် သယ်ဆောင်လာသူ စစ်ကိုင်းတိုင်း ဒေသကြီး ဘုတလင်မြို့နယ် ကင်းဆိုင်ကျေးရွာနေ ယာဉ်မောင်း ဇော်မြင့်သိန်းနှင့် လားရှိုးမြို့၊ ရပ်ကွက်(၄)၊ နယ်မြေ(၁၆)နေ ယာဉ်နောက်လိုက် မြင့်ဇော်ဦးတို့ နှစ်ဦးကို ကျောက်မဲမြို့မရဲစခန်းက (ပ) ၃၅၇/၂ဝ၁၈၊ ၁၉၇၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်-၁၂အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Wednesday, September 5, 2018

မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာရှိ တိုက်ခန်းတစ်ခန်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ခြောက်ဦး ဖမ်းဆီးရမိ



မန္တလေး ၅-၉-၂ဝ၁၈

မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် တန်ဖိုးနည်း အိမ်ရာရှိ တိုက်အမှတ်(၁၉) အခန်းအမှတ် (၁ဝ၁)တွင် စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေသူ ခြောက်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခန်းကို မူးယစ်ဆေးဝါး တားဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့နှင့် အောင်ပင်လယ် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက မူးယစ်ဆေး ဝါးသတင်းအရ ဝင်ရောက် စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ကြောင်း အောင်ပင်လယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

တန်ဖိုးနည်းအိမ်ရာ တိုက်အမှတ် (၁၉) အနီးရှိ ပန်းခြံအနီးတွင် မအိသန္တာကျော် ကိုင်ဆောင်ထားသည့် ဆေးလိပ်ဘူးခွံအတွင်းမှ စိတ်ကြွဆေးပြား ၁၉၅ပြား တွေ့ရှိခဲ့ပြီး ၎င်းကို စစ်ဆေးရာမှ အခန်း(၁ဝ၁)အတွင်း ဦးပြည့်ဖြိုးအောင်၊ ဦးချမ်းမြေ့သူနှင့်အမည်မသိ လူနှစ်ဦးတို့ထံမှ မူးယစ်ဆေးဝါး ၂၈၅ပြားကို တွေ့ရှိခဲ့သည်။

ဆက်လက်၍ ဦးပြည့်ဖြိုးအောင်ကို စစ်ဆေးရာ ပြည်ကြီးတံခွန်မြို့နယ် မင်းကြီးရန်နောင်လမ်းနှင့် မင်းရဲကျော်စွာလမ်း၊ ၄၆လမ်းနှင့် ၄၇လမ်းတွင် နေထိုင်သည့် ညီမတော်စပ်သူ ဒေါ်သက်သက်ဖြိုး နေအိမ်တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သတင်းရရှိသဖြင့် ဝင်ရောက်ရှာဖွေရာ ဒေါ်သက်သက်ဖြိုးထံမှ ဆေးပြား ၄၁၂ဝဝ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အိသန္တာကျော်ပါ ခြောက်ဦးကို အောင်ပင်လယ်ရဲစခန်းက (ပ)၁၃/၂ဝ၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၉(က)/၂ဝ(က)/၂၁(က)ဖြင့် အမှုဖွင့်ေ ဆာင်ရွက်ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

ပုသိမ်ကြီးမြို့နယ် အတွင်းရှိ လယ်ယာမြေကွင်း နှစ်ခုအတွင်း တရားမဝင်လူနေအိမ်နှင့် အဆောက်အအုံ ၈ဝဝ ကျော် ဆောက်လုပ်ထား



မန္တလေး ၅-၉-၂ဝ၁၈

မန္တလေး ပုသိမ်ကြီးမြို့နယ် အတွင်းရှိ လယ်ယာမြေများကို အကွက်ရိုက်ရောင်းချမှု များပြားနေပြီး တရားမဝင် အဆောက်အအုံ ဆောက်လုပ်မှု များရှိနေကာ ကွင်းနှစ်ခုအတွင်း လူနေအိမ်နှင့် အဆောက်အအုံ ၈ဝဝကျော်ဆောက်လုပ်ထားကြောင်း ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ မြို့နယ်အတွင်းမှ အကွက်ရိုက်ရောင်းချသည့် လယ်ယာမြေများကို ဝယ်ယူသူများက အဆောက်အအုံ ဆောက်လုပ်ရာတွင် ဥပဒေနှင့်အညီ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်းမရှိဘဲ အဆောက်အအုံဆောက်လုပ် နေခြင်းဖြစ်ပြီး ၎င်းလုပ်ငန်းလုပ်ဆောင် နေသူများကို ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း အကွက်များကို ဦးဆောင် စစ်ဆေးနေသည့် ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးမျိုးမင်းဦးက ပြောပြသည်။

"လက်ရှိအချိန်ထိတော့ ကွင်းနှစ်ခုကို စစ်ဆေးပြီးပါပြီ။ အဲဒီကွင်း နှစ်ခုထဲမှာတင် ဆောက်လုပ်ထားတဲ့ အိမ်ခြေ ၈ဝဝကျော်က လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လျှောက်ပြီးမှ ဆောက်ထားတာ မဟုတ်ပါဘူး။ ဥပဒေနဲ့မညီဘဲ ဆောက်ထားတာ။ အခုလောလောဆယ်တော့ အကွက်ရိုက်တဲ့သူတွေကို အရေးယူဖို့ ပြင်ဆင်နေပါတယ်" ဟု ၎င်းက ပြောပြသည်။

လက်ရှိတွင် ပုသိမ်ကြီးမြို့နယ် ကျေးရွာများအနီးရှိ ကွင်းများအားလုံးမှာ စစ်ဆေးရန်ကျန်ရှိနေပြီး နန်းဦးလွင်ကွင်း အရှေ့ဘက်မှ ကွင်းအမှတ် (၅၁၂)တွင် အိမ်ခြေ ၇ဝဝ ကျော်၊ ကွင်းအမှတ်(၄၉၃)တွင် အိမ်ခြေ ၁၅၄လုံးရှိသည်။

"လူနေထူထပ်လာလို့ လယ်ယာမြေပေါ်မှာ အကွက်ရိုက်အဆောက်အအုံ လုပ်တယ်ဆိုတာ လက်ခံပေမယ့် ဒီလိုလယ်ယာမြေပေါ်မှာ အဆောက်အအုံ လုပ်မယ်ဆိုရင် အစိုးရက သတ်မှတ်ထားတဲ့ ဥပဒေရှိပါတယ်။ ဥပဒေအတိုင်း မလုပ်လို့ အရေးယူတာ၊ တားမြစ်တာတွေကို လုပ်နေရတာပါ"ဟု ပုသိမ်ကြီးမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ပြောပြသည်။

လယ်ယာမြေများ ပေါ်တွင်အဆောက်အအုံ ဆောက်လုပ်နေခြင်းကို ဇွန်လအတွင်းက မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သောအဖွဲ့သည် လာရောက်စစ်ဆေးခဲ့ပြီး အဆောက်အအုံ ဆောက်လုပ်နေသည့် စက်ယန္တရားများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

မိုးရေချိန် တစ်လက်မခွဲကျော် ရွာသွန်းခဲ့မှုကြောင့် မန္တလေးတစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုဖြစ်ပေါ်


၄၁လမ်း၊ ၈၆လမ်းတွင် ရွှေတချောင်းေ မြာင်းရေကျော်နေမှုကို တွေ့ရစဉ်။

မန္တလေး ၅-၉-၂ဝ၁၈

ယနေ့တွင် မိုးရေချိန် တစ်လက်မခွဲကျော် ရွာသွန်းခဲ့မှုကြောင့် မန္တလေးတစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက မန္တလေးမြို့တွင် မိုးရေချိန် ၁ ဒသမ ၆၁ လက်မထိ ရွာသွန်းခဲ့သဖြင့် မန္တလေးမြို့နယ် ခြောက်ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ ရပ်ကွက်နေအိမ်များ အတွင်းရေဝင်ရောက်ခြင်း၊ မြို့တွင်းလမ်းမများ တွင်လည်း လမ်းရေကျော်မှုများနှင့် အဓိကမြို့တွင်း မြောင်းမကြီး ရွှေတချောင်းမြောင်း တစ်လျှောက်နေရာ အချို့တွင်လည်း မြောင်းရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

"ဒီကနေ့မနက်ပိုင်း မိုးလေဝသ အခြေအနေအရ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသမှာရော အောက်ပိုင်း ဒေသမှာရော လေစုဆုံမှုတွေ အားကောင်းနေတာ တွေ့ရတယ်။ မန္တလေးတိုင်းဒေသကြီးမှာလဲ နေရာကွက်ပြီး မိုးကြီးခဲ့တယ်။ မန္တလေးမြို့က မိုးရေချိန် တစ်လက်မနဲ့ တစ်လက်မခွဲဆိုရင် လမ်းပေါ်တွေမှာ ရေလျှံလေ့ရှိပါတယ်"ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေးဌာနခွဲညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပြသည်။

ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးကြီးခဲ့သဖြင့် မန္တလေးမြို့၌ ၁ဒသမ ၆၁လက်မ၊ ပုသိမ်ကြီးမြို့တွင် ၃ ဒသမ ၉၅လက်မ၊ မလှိုင်မြို့၌ ၂ဒသမ ၅ဝလက်မ၊ မိတ္ထီလာမြို့တွင် ၁ဒသမ ၄၉ လက်မ၊ မြစ်သားမြို့၌ ၁ဒသမ ၂၃လက်မနှင့် မတ္တရာမြို့၌ ၁ဒသမ ၂၂လက်မတို့ဖြင့် မိုးရေချိန်အများဆုံး ရှိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ရေဝပ်ရေလျှံမှု အများဆုံး ဖြစ်ပွားသည့် အဓိကလမ်းမကြီးများမှာ လမ်း၃ဝနှင့် ၆၂လမ်းတို့ဖြစ်ပြီး ငွေတချောင်း မြောင်းရေလျှံပါက လမ်း၃ဝ၊ ၆၂လမ်းနှင့် ၃၅လမ်းတို့ရေမြုပ်၍ ရွှေတချောင်းမြောင်း ရေလျှံလျှင် မဟာအောင်မြေနှင့် အောင်မြေသာစံ မြို့နယ်တို့ရှိ အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေဝင်ရောက်ခြင်း ဖြစ်ပေါ်ကြောင်း သိရသည်။

လက်ရှိမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးမြို့ရှိ အဓိကမြောင်းမကြီး လေးခုဖြစ်သည့် ရွှေတချောင်းမြောင်း၊ ငွေတချောင်းမြောင်း၊ နဒီမြောင်းနှင့် သင်္ဂဇာမြောင်းတို့ ရေပြည့်လျှံခဲ့ပြီး အဓိကလမ်းမကြီးများ ဖြစ်သည့်လမ်း ၃ဝ၊ ၃၅လမ်း၊ ၆၂လမ်းတို့တွင်ရေလျှံမှု များဖြစ်ပေါ်ခဲ့ကာ ရွှေတချောင်းမြောင်း ရေလျှံမှုကြောင့် မြောင်းတစ်ဖက်တစ်ချက် ရှိရပ်ကွက်နေအိမ် တချို့နှင့် ၈၅လမ်းပေါ်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

"မိုးကလဲ တအားများတယ်။ ချောင်းတွေ၊ မြောင်းတွေ အကုန်ပြည့်လျှံ အောင်ရွာသွားတယ်။ အခု မြောင်းတွေ၊ တံတားတွေလုပ်နေတဲ့ အချိန်ဆိုတော့ သင်္ဂဇာမြောင်း ကတုပ်တွေ ပိတ်ပြီးလုပ်ရတော့ လုပ်နေတုန်း မိုးကရွာသွားတယ်။ လုပ်ပြီးသားတုပ်တွေကို ယန္တရားတွေ သုံးပြီးပြန်ဖျက်ပြီး ဖွင့်လိုက်ရတယ်။ တစ်မြို့လုံး ရေစီးအားကတော့ ကောင်းတယ်။ မြောင်းတွေ ထဲမှာအရင်ကဆို အမှိုက်တွေက ပြည့်နေတာ အခုမြောင်းထဲ အမှိုက်ပစ်တာတွေ ကတော့အရင် လောက်မများတော့ဘူး"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောပြသည်။

ရေဝပ်ရေလျှံမှုများ မဖြစ်စေရန် မန္တလေးမြို့အတွင်းရှိ မြောင်းများတွင် ရေစီးရေလာ ကောင်းမွန်ရန်လည်း လိုအပ်နေပြီး ထိုသို့ကောင်းမွန် စေရန်မှာလည်း မြောင်းအတွင်းရှိ အမှိုက်များမှာ အဓိကဖြစ်နေကာ မြောင်းများ ပိတ်ဆို့မှု မရှိစေရန် မြောင်းအတွင်းရှိ အမှိုက်များကင်းစင်ရန် ဆယ်ယူရေးကလည်း အရေးပါ လျက်ရှိကြောင်း သိရသည်။

"အခုမိုးဥတုမှာတော့ ရွှေတချောင်းမြောင်း ခုလိုရေလျှံတာ ဒါပထမဆုံးပဲ။ မနှစ်ကသုံးခါ လောက်ရေလျှံခဲ့တယ်။ ခုမနက်မိုးက ရေအတော်လေးပါတော့ ခဏလေးနဲ့လမ်းပေါ် ရေလျှံကုန်တယ်။ ရေမြောင်းတွေသေချာ လုပ်နေတော့ ရေအကျလဲမြန်တယ်။ ရွှေတချောင်း မြောင်းဘေးကအိမ်တွေလဲ ရေဝင်ကြတယ်။ မြို့ထဲမှာလဲ နေရာအနှံ့လမ်းတွေ ပေါ်ရေလျှံနေတယ်"ဟု မန္တလေး ချမ်းအေးသာစံမြို့နယ် သံလျက်မှော်တောင်ရပ်ကွက် နေထိုင်သူတစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် တစ်ရက်အတွင်း မိုးရေချိန် တစ်လက်မနှင့် တစ်လက်မခွဲရရှိ ရုံဖြင့်မြို့တွင်း ရေမြောင်းများ၊ လမ်းမများတွင် ရေမြုပ်ရေလျှံမှုများ ဖြစ်ပေါ်နိုင်ပြီး မန္တလေးမြို့၏ အမြင့်ဆုံးရွာသွန်း ခဲ့သည့်မိုးရေချိန်မှာ ၂ဝဝ၇ ခုနှစ် ဇွန် ၁၄ရက်က မိုးရေချိန် ၁ဝ ဒသမ ၂ဝ လက်မဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အချက်အလက်များ အရသိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Tuesday, September 4, 2018

မန္တလေးအဆင့်မြင့် ဈေးချိုတော်အနီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး စီမံချက်ဖြင့် ဆောင်ရွက်မည်



မန္တလေး ၄-၉-၂ဝ၁၈

မန္တလေးမြို့ ၈၅လမ်း၊ ၂၈လမ်းနှင့်လမ်း ၃ဝကြား ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး ယခုလအတွင်း စီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်ကပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ ဈေးကြီးများထဲတွင် ဈေးချိုတော်ကြီးသည် စားသောက်ကုန်၊ လူသုံးကုန်များအပြင် အသားငါး၊ အဝတ်အထည်များကို မြို့တွင်းဈေးများသို့ တစ်ဆင့်ပြန်လည် ဖြန့်ဖြူးရောင်းချ နေသည့် ကုန်စည်စီးဆင်းရာ အဓိကကျသော ဈေးကြီးဖြစ်ပြီး ၎င်းဈေးချိုတော်ကြီး အနောက်ဘက် ၈၅ လမ်းတစ်လျှောက် ၂၈လမ်းမှ လမ်း ၃ဝ ထိ ယခင်ကတည်းက ယာဉ်ကြောများ ပိတ်ဆို့ရှုပ်ထွေးကာ ကားများ၊ ဆိုင်ကယ်များပင် သွားလာ၍ ခက်ခဲ နေခြင်းကြောင့် ၎င်းယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့် လမ်းပိုင်းကို ယာဉ်စီးဆင်းမှုပိုမို မြန်ဆန်ရေးအတွက် ယခုလအတွင်း စီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"အခုဈေးချိုတော်ရဲ့ နောက်လမ်းက တော်တော်လေး ဆိုးပါတယ်။ ဈေးဆိုင်တွေကလဲ အဝတ်အထည်တွေ၊ စားသောက်ကုန်တွေကို ကုန်တင်ကုန်ချ လုပ်တဲ့အခါ လမ်းပေါ်တွေထိ အတင်အချလုပ်တာ တွေရှိတယ်။ဒါတွေကို စီမံချက်နဲ့စလုပ်တော့မှာပါ။ အခုယာဉ်တစ်စီးတည်း သွားလို့ရပေမယ့် နောက်ပိုင်းမှာ ယာဉ်နှစ်စီးသွားလို့ ရအောင်လုပ် ဆောင်သွားမှာပါ"ဟု ၎င်းက ပြောပြသည်။

အလားတူ မန္တလေးဈေးချိုတော် အနောက်ဘက်ကပ်လျက် ၈၅လမ်း၊၂၈လမ်းနှင့် လမ်း၃ဝကြားတွင် ယခုလက်ရှိတွင် ထော်လာဂျီ၊ လက်တွန်းလှည်းနှင့် ဆိုက်တွဲစသည့် အနှေးယာဉ်များ ဝင်ရောက်သွားလာ နေခြင်းကြောင့် ၎င်းလမ်းပိုင်းမှာ မော်တော်ယာဉ်များ သွားလာရာတွင် ယာဉ်ကြောပိတ်ဆို့ရှုပ်ထွေးကာ သွားလာရခက်ခဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အနှေးယာဉ်များဖြစ်သည့် ထော်လာဂျီ စသည့်ယာဉ်များကို ၎င်းလမ်းပိုင်းတွင် ဖြတ်သန်းသွားလာမှုမရှိစေရေးအတွက် ယခုလအတွင်း စီမံချက်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဆိုပါလမ်းကို ယာဉ်နှစ်စီးစာ သွားလာနိုင်ရေး မျဉ်းများရေးဆွဲထားပြီး ၎င်းလမ်းပိုင်းအတွင်း အနှေးယာဉ်များ ဝင်ရောက်သွား လာမှု မရှိစေရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဈေးနှင့် သားသတ်ဌာန၊ အခွန်ဌာန၊ ဈေးအကျိုးတော် ဆောင်အဖွဲ့နှင့် စည်ပင်သာယာရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စီမံချက်ဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၈၅လမ်း၊ ၂၈လမ်းနှင့် လမ်း၃ဝကြားအပါအဝင် ယခုလက်ရှိ ယာဉ်ကြောပိတ်ဆို့နေသည့် ၃၁လမ်း၊ ၃၂လမ်းတစ်လျှောက်ကိုပါ နောက်ပိုင်းတွင် တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

လက်ရှိအစိုးရလုပ်ရပ်ကို ကန့်ကွက်ကြောင်း သိတ်စခန်းဖွင့်လှစ်ခဲ့သောကြောင့် အကျဉ်းကျနေသော သံဃာတော်များ ပြန်လည်လွတ်မြောက်



မန္တလေး ၄-၉-၂ဝ၁၈

၂ဝ၁၇ ခုနှစ်က လက်ရှိအစိုးရ၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်း သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြ သောကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ-၅ဝ၅(ခ) ဖြင့် မန္တလေးအိုးဘို အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော သံဃာတော်ခြောက်ပါး ယနေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက် လာကြောင်းအဆိုပါ သံဃာတော်များထံမှ သိရသည်။

အကျဉ်းထောင်မှ လွတ်မြောက်လာပြီးသည့် နောက်တွင်လည်း လူမျိုး၊ဘာသာ၊ သာသနာ မပျောက်ပျက်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါ သံဃာတော်များက မြွက်ကြားသည်။

"ဦးပဉ္စင်းတို့ကတော့ ကိုယ့်အမျိုးဘာသာ မပျောက်ပျက်အောင် ကာကွယ်စောင့်ရှောက် သွားပါမယ်"ဟု တောင်သာလေးဆရာတော် ဘဒ္ဒန္တ အဂ္ဂဓဇက မြွက်ကြားသည်။

သပိတ်စခန်းကို ၂ဝ၁၇ခုနှစ်သြဂုတ် ၂ရက်က မန္တလေးမြို့ ၈၄ လမ်းရှိ သာသနာ ၂၅ဝဝဗိမာန်တော်၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သံဃာတော်များ သပိတ်စခန်းဖွင့်လှစ်ခြင်းမှာ ဝိနည်းနှင့်မလျော်ညီခြင်း၊ သာသနိက အဆောက်အအုံ နေရာဖြစ်နေခြင်း စသည့်အချက်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သံဃနာယကအဖွဲ့က သပိတ်စခန်း ဖယ်ရှားရန် အသိပေးခဲ့ပြီး သည့်နောက် သြဂုတ် ၅ရက်တွင် သပိတ်စခန်းကိုဖယ်ရှားခဲ့ကာ မန္တလေးခရိုင်သာသနာ ရေးဦးစီးမှူးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့၍ ၂ဝ၁၇ခုနှစ် ဒီဇင်ဘာ ၂၇ရက်တွင် ချမ်းမြသာစည် မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်မှ လွတ်မြောက်လာသည့် သံဃာတော်များ အနေဖြင့် သပိတ်စခန်း ဖွင့်လှစ်စဉ်က ပါဝင်ခဲ့သဖြင့် ဖမ်းဝရမ်းထုတ်ပြန်ထားသော သံဃာတော် နှစ်ပါးနှင့် လူပုဂ္ဂိုလ် လေးဦးကို ဖမ်းဝရမ်းပယ်ဖျက်ပေးရေး ဆက်လက်တောင်းဆိုမည်ဟုလည်း သိရသည်။

သပိတ်စခန်း ဖွင့်လှစ်မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် ဦးကျော်မျိုးရွှေကို ယခုနှစ် ဇူလိုင် ၂၅ရက်က ချမ်းမြသာစည် တရားရုံးမှ ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ထားပြီး ဖြစ်သည်။

လွတ်မြောက်လာသည့် သံဃာတော် ခြောက်ပါးကို မစိုးရိမ်တိုက်သစ်ရှိ ဆရာတော် ဦးဝီရသူ၏ ကျောင်းတိုက်တွင် အမျိုးသားရေး တက်ကြွလှုပ်ရှားသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက ကြိုဆိုပွဲပြုလုပ်ကာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Monday, September 3, 2018

နယ်သာလန်နိုင်ငံက မန္တလေးဆိပ်ကမ်းလေ့လာမှု အစီရင်ခံစာ ထွက်ရှိတော့မည်



မန္တလေး ၃-၉-၂ဝ၁၈

မန္တလေးမြို့ရှိ ဆိပ်ကမ်းများကို အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် နယ်သာလန်နိုင်ငံက ဆိပ်ကမ်းများကို လေ့လာမှုပြုလုပ်နေပြီး စက်တင်ဘာလ ကုန်ခန့်တွင် လေ့လာမှု အစီရင်ခံစာ ထွက်ရှိနိုင်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့နှင့် နယ်သာလန်နိုင်ငံ Royal Haskoning DHV ကုမ္ပဏီတို့ ပူးပေါင်း၍ မန္တလေးမြို့ရှိ ဆိပ်ကမ်းများကို စနစ်ကျပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဆိပ်ကမ်းများအဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ပြီး စီမံကိန်း၏ ပထမအဆင့်ဖြစ်သည့် မန္တလေးမြို့ လက်ရှိဆိပ်ကမ်း အခြေအနေများကို နယ်သာလန်နိုင်ငံမှ ပညာရှင်များက ပြီးခဲ့သည့်သြဂုတ်လ လယ်ခန့်မှစ၍ လေ့လာနေကာ လေ့လာတွေ့ရှိမှု အစီရင်ခံစာကို စက်တင်ဘာလ ကုန်ခန့်တွင် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

"အခုက မန္တလေးဆိပ်ကမ်းရဲ့လက်ရှိ ဘယ်လိုအနေအထားရှိတယ်။ ဘာတွေလုပ် နေကြလဲဆိုတဲ့ အချက်အလက်တွေ အကြမ်းဖျင်း စုဆောင်းလေ့လာနေတာပါ။ ပြီးမှ လုပ်ငန်းတစ်ခုချင်းစီ ထပ်လေ့လာမှာပါ။ ဒီလကုန်လောက် Report ထွက်နိုင်တယ်။ Report ထွက်ရင် တိုင်းဒေသကြီး အစိုးရဘက်က ဦးစားပေးလုပ်ငန်း တွေခွဲပြီး အကောင်အထည်ဖော်မှာပါ"ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဆိပ်ကမ်းများ ဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်း ပထမအဆင့် လေ့လာမှုပြုလုပ်ရာ၌ လက်ရှိဆိပ်ကမ်း များကိုအသုံးပြုနေသည့် အခြေအနေများ၊ လူထုအပန်းဖြေ စခန်းများ၊ ကုန်တင်ကုန်ချ နေရာများ၊နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည် ဆိပ်ကမ်းများ စသည့်အခြေအနေ များကိုပါ ထည့်သွင်းစဉ်းစား လေ့လာသွားမည် ဖြစ်ပြီး လေ့လာရရှိသည့် အစီရင်ခံစာရရှိပါက စီမံကိန်းကိုစတင် အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Friday, August 31, 2018

မန္တလေး မဟာအောင်မြေကျောက်မျက် ရောင်းဝယ်ရေးစခန်းအတွင်း ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်အလှူခံခြင်းကို အရေးယူသွားမည်ဟုဆို



မန္တလေး ၃၁-၈-၂ဝ၁၈

မန္တလေး မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေး စခန်းအတွင်း စက်တင်ဘာ ၁ ရက်မှ စတင်ကာ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ မည်သည့်အလှူခံမျှ ဝင်ရောက်ခွင့် မပြုတော့ကြောင်း မန္တလေးမဟာ အောင်မြေကျောက်မျက် ရောင်းဝယ်ရေး စခန်း၏ အကျိုးတော်ဆောင် ကော်မတီမှ သိရသည်။

အဆိုပါကျောက်မျက် ရောင်းဝယ်ရေး စခန်းတွင် ပစ္စည်းများ ပျောက်ဆုံးခြင်း မကြာခဏဖြစ်ပွား တတ်ခြင်းကြောင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

"ရပ်ကွက်၊ ဘုရားပွဲတွေအတွက် အလှူခံမယ်ဆိုရင် ကျွန်တော်တို့ ရုံးကို အရင်လာပြီးတော့ စာရွက်စာတမ်း အထောက်အထား နဲ့လာပြီး အလှူခံမယ်ဆိုရင်တော့ ခွင့်ပြုပေးမှာပါ။ အခုဟာက ဝိုင်းအတွင်းမှာ ဘယ်ကမှန်းမသိတဲ့ အလှူခံတွေရော တောင်းစားနေတဲ့ သူတွေရော အများကြီး ဝင်လာကြတယ်။ အဲဒီမှာက ပစ္စည်းပျောက်ဆုံးမှုတွေ မကြာခဏဖြစ်နေပါတယ်။ ဒီအတွက် အခုလိုတားမြစ် လိုက်တာပါ"ဟု မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း၏ အကျိုးတော်ဆောင် ကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဦးက ပြောပြသည်။

မဟာအောင်မြေ ကျောက်ဝိုင်းအတွင်း တောင်းစားနေသူများ၊ ရေသန့်ဘူးကောက်သူများနှင့် လူစိမ်းအဝင်အထွက်လည်း များကြောင်း သိရသည်။

အဆိုပါကျောက်မျက် ရောင်းဝယ်ရေး စခန်းအတွင်း စက်တင်ဘာ ၁ရက်မှ စတင်ကာ ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက် အလှူခံခြင်းကို တွေ့ရှိပါက ထိရောက်သည့် အရေးယူခြင်းများကို လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 
Related Posts Plugin for WordPress, Blogger...