Social Icons

Pages

Showing posts with label ပြပွဲများ. Show all posts
Showing posts with label ပြပွဲများ. Show all posts

Friday, December 29, 2017

ပြင်ဦးလွင်ပန်းပွဲတော်တွင် မြန်မာမျိုးရင်း ပန်းများနှင့် အတူ တရုတ်၊ ထိုင်းနိုင်ငံတို့မှ ပန်းအမျိုးအစား ၄ မျိုးအပါအဝင် ပန်းပင် ၁၇၃ဝဝဝကျော် ပြသထား



ပြင်ဦးလွင် ၂၉-၁၂-၂ဝ၁၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် နှစ်စဉ်ကျင်းပ မြဲဖစ်သည့် (၁၂) ကြိမ်မြောက် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်မှ စတင်ပြုလုပ်လျက်ရှိရာ မြန်မာမျိုးရင်း ပန်းများနှင့်အတူ တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ မှာယူတင်သွင်းစိုက်ပျိုးသည့် ပန်းအမျိုးအစား ၄၈ မျိုးအပါအဝင် အရောင်ကွဲပန်းပင် ၁၇၃ဝဝဝ ကျော် ပြသထားကြောင်း အမျိုးသားကန်တော်ကြီးဥယျာဉ်မှ အမှုဆောင်ဒါရိုက်တာ ဦးဝေမျိုးအောင်ထံမှ သိရသည်။

ယခုနှစ်ပန်းပွဲတော်တွင် ပြသသည့်ပန်းများ စိုက်ပျိုးရာတွင် ရာသီဥတုကောင်းမွန်မှု မရှိခြင်းကြောင့် စိုက်ပျိုးရာ၌ အခက်အခဲများရှိခဲ့ပြီး ပန်းပျိုးပင်မျိုးစိတ်ပေါင်း နှစ်သိန်းကျော်စိုက်ပျိုးခဲ့ရာ ၁၇၃ဝဝဝကျော်သာ အောင်မြင် ခဲ့ကြောင်း၊ (၁၂) ကြိမ်မြောက်ပြင်ဦးလွင် ပန်းပွဲတော်အတွက်ပြည်ပမှ ပန်းမျိုးစေ့ငွေကျပ်သိန်း ၈ဝ ကျော်ဖိုးဝယ်ယူခဲ့ကြောင်း၊ ပန်းပွဲတော်ကို ယခင်နှစ်များထက် ပိုမိုအရောင်စုံ၍ သာယာလှပစွာပြသနိုင်ရန် ဆောင်းဥတုပန်းများကိုသာ ဦးစားပေးစိုက်ပျိုး ခဲ့ကြောင်း သိရသည်။

"ပန်းပွဲတော်က ပြည်တွင်း အကြိုက်ပွဲတော်အဆင့်မှာပဲ ရှိပါသေးတယ်။ နိုင်ငံခြားသားတွေ လာရောက်ပေမယ့် ပုံမှန်လာနေကျ ပုံစံမျိုးပဲဖြစ်နေပါတယ်။ ပန်းပွဲတော်ကို စိတ်ဝင်စားလို့ လာတာမျိုးမဟုတ်သေးပါဘူး။ ဒါကိုအများကြီးလုပ်ဖို့လိုပါသေးတယ်။ ပန်းပွဲတော်ရက်ထပ်တိုးဖို့ အစီအစဉ်မရှိသေးပါဘူး"ဟု ၎င်းကဆက်လက် ပြောပြသည်။

ပြင်ဦးလွင်ပန်းပွဲတော်တွင် နှစ်စဉ်ပန်းများဖြင့် ဖန်တီးပုံဖော်ထားသော ရုပ်လုံး၊ ရုပ်ကြွများ၊ စာလုံးသရုပ်ဖော်မှုများ စသောဖန်တီးမှု များကို ပန်းအတုများဖြင့်သာ ပြုလုပ်နိုင်ရာ ယခုနှစ်တွင် ပန်းအတု၂ဝ ရာခိုင်နှုန်းသာ ထည့်သွင်းအသုံးပြု၍ အလှဖန်တီးထားကြောင်း ပြပွဲကျင်းပရေးကော်မတီမှ သိရသည်။

#Yadanarpondaily

Wednesday, January 20, 2016

မြန်မာနိုင်ငံ၌ (၁၈) ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံပွဲ ဆင်နွှဲ



နေပြည်တော် ၊ ၂ဝ-၁-၂ဝ၁၆

မီးပုံးပျံခရီးသွား လုပ်ငန်းဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Golden Express Tours Co., Ltd. ၏ စီစဉ် ဆောင်ရွက်မှုဖြင့် နိုင်ငံတကာ မီးပုံးပျံပွဲတော်ကို ၁၉၉၉ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ အတွင်း ဒေသအသီးသီးတွင် လှည့်လည် ဆောင်ရွက်ခဲ့သည်။ ယခု ၂ဝ၁၆ ခုနှစ် တွင်လည်း (၁၈)ကြိမ်မြောက် အဖြစ် လွိုင်ကော်၊ ညောင်ရွှေ၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး၊ မုံရွာ၊ ပုဂံ၊ ပုပ္ပါးနှင့် ပခုက္ကူမြို့ တို့တွင် ဆွစ်ဇာလန် နိုင်ငံသား ၁၈ ဦးသည် မီးပုံးပျံ လေးလုံးဖြင့် စုပေါင်းပျံသန်း စီးနင်းမှုကို ပြုလုပ်ခဲ့ကြသည်။

မီးပုံးပျံ အပျော်စီးအဖွဲ့သည် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၃ဝ ရက်အထိ လွိုင်ကော်မြို့နှင့် ဝန်းကျင်ဒေသတွင် လည်းကောင်း၊ ဒီဇင်ဘာ ၃၁ ရက်မှ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ ညောင်ရွှေ ၊ အင်းလေးဒေသ တွင်လည်းကောင်း၊ ဇန်နဝါရီ ၄ ရက်မှ ၇ ရက်အထိ တောင်သမန်အင်း၊ ဦးပိန်တံတား နှင့် ဧရာဝတီမြစ်ကမ်း သဲသောင်ခုံများတွင် လည်းကောင်း၊ ဇန်နဝါရီ ၇ ရက်မှ ၁ဝ ရက်အထိ မုံရွာမြို့နှင့် အနီးဝန်းကျင် တို့တွင် လည်းကောင်း မီးပုံးပျံ ပျံသန်းမှုများ ပြုလုပ် ခဲ့ကြသည်။

အဆိုပါအဖွဲ့သည် ဇန်နဝါရီ ၁ဝ ရက်ကလည်း မုံရွာမှ ပုဂံမြို့သို့ မော်တော်ယာဉ်၊ စက်လှေတို့ဖြင့် သွားရောက်ခဲ့ ကြပြီး ပုဂံဒေသတွင် ဇန်နဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ မီးပုံးပျံပျံသန်းမှု များကို စုစုပေါင်း ၂၅ ကြိမ် ပြုလုပ်ခဲ့ ကြသည်။ ၄င်းအဖွဲ့သည် ဇန်နဝါရီ ၁၅ ရက်တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် ဆွစ်ဇာလန် နိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားခဲ့သည်။

မီးပုံးပျံ စီးနင်းခြင်းသည် တိမ်များအကြား ရွက်လွှင့် နေသကဲ့သို့ ခံစားနိုင်ခြင်း၊ လေဟုန် စီးနိုင်ခြင်း၊ မြေပြင်ရှိ သဘာဝရှုခင်း များကို ကောင်းကင်မှ ထူးခြားသော ခံစားမှုဖြင့် ကြည့်ရှုနိုင်ခြင်း တို့ကြောင့် ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ပိုမိုစိတ်ဝင်စား လာကြသည်ကို တွေ့ရှိရသည်။


မီးပုံးပျံစီးနင်းခမှာ တည်းခိုမှုထက် များပြားသည့် တိုင်အောင် စီးနင်းသူ အများအပြား ရှိလာသည် ကိုလည်း တွေ့ရသည်။ အများအားဖြင့် ဂျာမန်၊ ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန် နိုင်ငံသားများ အစီးများ ကြပြီး အာရှတိုက်မှ ဂျပန်၊ တရုတ်နှင့် ကိုရီးယား နိုင်ငံသားများလည်း စီးကြကြောင်း သိရသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် မီးပုံးပျံ စီးနင်းသူ ၄၈၈၆ ဦးရှိပြီး ယင်းလုပ်ငန်းမှ ဝင်ငွေ အမေရိကန် ဒေါ်လာ သုည ဒသမ ၉၇ သန်း ရရှိခဲ့ရာမှ ၂ဝ၁၃ ခုနှစ်တွင် စီးနင်းသူ ၁၁၃၆၂ ဦး ဝင်ငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ဝ သန်းနှင့် ၂ဝ၁၄ ခုနှစ်တွင် စီးနင်းသူ ၁၇၈ဝ၂ ဦး ဝင်ငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၂၃ သန်း၊ ၂ဝ၁၅ ခုနှစ်တွင် စီးနင်းသူ ၂၃၇၁၉ ဦး ဝင်ငွေ အမေရိကန် ဒေါ်လာ ၆ ဒသမ ၄၃ သန်းအထိ တိုးတက် လာခဲ့ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး မီးပုံးပျံ ပျံသန်းခြင်းကို ၁၉၉၅ ခုနှစ်တွင် စတင်ခဲ့သည်။ ပြင်သစ် ရုပ်မြင်သံကြား အတွက် ပုဂံနှင့် အင်းလေးဒေသ တွင် မီးပုံးပျံစီး၍ မှတ်တမ်းတင် သတင်းကား ရိုက်ကူးလိုကြောင်း ကမ်းလှမ်းခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပုဂံနှင့် အင်းလေးဒေသ၌ မီးပုံးပျံဖြင့် ပျံသန်းခြင်းကို အကြိမ်ကြိမ် ပြုလုပ်၍ မှတ်တမ်းတင် ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့သည်။ ပုဂံ၏အလှနှင့် အင်းလေးကန်၏ သဘာဝတို့ကို ပီပြင်စွာရိုက်ကူး တင်ဆက်နိုင် ခဲ့သဖြင့် မြန်မာ့အလှကို သိရှိကာ ၁၉၉၅ ခုနှစ်နောက်ပိုင်း၌ ပြင်သစ် နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်များ အများအပြား လာရောက်ခဲ့သည့် ရလဒ်ကို ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Monday, December 21, 2015

မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို)က ဦးစီး၍ ပင်လယ်ကမ်းခြေပန်းချီ လက်တွေ့ရေးဆွဲပွဲ ကျင်းပမည်


ရန်ကုန် ၊ ၂၁-၁၂-၂၀၁၅

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင်  ကျင်းပပြုလုပ်မည့် ပင်လယ်ကမ်းခြေ ပန်းချီလက်တွေ့ ရေးဆွဲပွဲကို မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး (ဗဟို)က ဦးစီးကာ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်တွေ့ရေးဆွဲပွဲ အတွက် အဖွဲ့ဝင် ၂၅ ဦးပါဝင်သော ပန်းချီဆရာများသည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာကြပြီး ဒီဇင်ဘာ ၂၈ ရက်ထိ ရေးဆွဲကြမည် ဖြစ်ကြောင်း သိရသည်။

''ပန်းချီအစည်းအရုံး ရဲ့ သင်းလုံးကျွတ် ပန်းချီပြပွဲမှာ ကူညီပံ့ပိုး သူတွေရယ်၊ ရေးဆွဲချင်သူ တွေရယ်ကို စုပေါင်းပြီး သွားရောက် ရေးဆွဲတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တောင်ပိုင်းကို ဒီတစ်ခေါက် သွားရောက် ရေးဆွဲပါ့မယ်။ ပြီးရင်တော့ ပြပွဲကျင်းပဖို့ ရှိပါတယ်''ဟု ပန်းချီ ထွန်းဝင်းက ပြောပြသည်။

အဆိုပါ လက်တွေ့ ရေးဆွဲပွဲတွင် ဂွမြို့အနီးမှ ကျေးရွာများ၊ ရေလုပ်ငန်း လုပ်ကိုင်မှုများ၊ ပင်လယ်ကမ်းခြေ အလှများကို မိမိနှစ်သက်ရာ ရှုထောင့်ဖြင့် လက်တွေ့ရေးဆွဲ ကြရမည်ဖြစ်သည်။

အဆိုပါ အစီအစဉ် အစအဆုံး ကို မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး (ဗဟို)က အကုန်အကျခံ စီစဉ်ပေးခြင်း ဖြစ်ပြီး ပန်းချီ ဆရာများ ဒေသန္တရ ဗဟုသုတ ရှာမီးရန်၊ သဘာဝအလှ များကို မှတ်တမ်းတင် ရေးဆွဲနိုင်ရန်၊ ပန်းချီဆရာများ စုပေါင်း ရေးဆွဲခြင်းဖြင့် ဖန်တီးမှုအသစ်များ ရရှိရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်တွေ့ရေးဆွဲပွဲသည် ယခု ပန်းချီ အစည်းအရုံး သက်တမ်းတွင် လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခင်က ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ် မင်းတပ် ဝန်းကျင်တို့တွင် သွားရောက် ရေးဆွဲ ခဲ့ဖူးကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၄)

Friday, December 4, 2015

ကြိမ်ဝါးအသင်းနှင့် သစ်အခြေခံ ပရိဘောဂ အသင်းတို့ပူးပေါင်း၍ မြန်မာ့ထုတ်ကုန် ပရိဘောဂပြပွဲကြီး ကျင်းပမည်



ရန်ကုန် ၊ ၄-၁၂-၂ဝ၁၅

မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံ ပရိဘောဂ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ တတိယ အကြိမ်မြောက် မြန်မာ့ထုတ်ကုန် ပရိဘောဂ ပြပွဲကြီးကို ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင် များအသင်းမှ ဥက္ကဋ္ဌ ဦးကျော်သူ က ပြောသည်။

အဆိုပါပြပွဲကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည် ဖြစ်ပြီး ပြပွဲအတွင်း ပရိဘောဂပစ္စည်း အရောင်းဆိုင်ခန်းပေါင်း ၁၆ဝ ကျော်ဖြင့် ပါဝင်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲအတွင်းသို့ ပြည်တွင်းထွက်ကုန် ပရိဘောဂ ကုမ္ပဏီများစွာမှ အိမ် အသုံးအဆောင် ပစ္စည်းမျိုးစုံ ပါဝင်ပြသ ကြမည့်အပြင် နိုင်ငံခြားသို့ တိုက်ရိုက်တင်ပို့ လျက်ရှိသော ပြည်တွင်းစက်ရုံများမှ လာရောက် ပြသမည်ဖြစ်ပြီး ထုတ်လုပ်သူများ၏ ဒီဇိုင်းသစ်များ ကိုလည်း တိုက်ရိုက်ထိတွေ့ နိုင်မည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ပရိဘောဂပစ္စည်း ဝယ်ယူလိုသူများ အနေဖြင့် ဒီဇိုင်းအစုံအား တစ်နေရာတည်းတွင် ကြည့်ရှုနိုင်ရန် ယခုကဲ့သို့ ပြပွဲများအား ကျင်းပရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တချို့သော ကုမ္ပဏီကြီး များသည် ပရိဘောဂ ပစ္စည်းများအား အထူးလျှော့ဈေး များဖြင့် ရောင်းချခြင်းနှင့် မှန်တင်ခုံ၊ ခုတင် စသည်ဖြင့် ခန်းဝင်ပစ္စည်း များအား အတွဲလိုက် လျှော့ဈေးဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြပွဲများမှ ရရှိလာမည့် အကျိုးအမြတ် များအား အသင်းများ၏ လုပ်ငန်းစဉ်များ၌ ပြန်လည် အသုံးပြုကြ သဖြင့် မြန်မာ့ ပရိဘောဂ ပစ္စည်း ဈေးကွက် မြှင့်တင်ရန် အထောက်အကူ များစွာ ဖြစ်စေကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

Thursday, December 3, 2015

ပြင်ဦးလွင်အမျိုးသားကန်တော်ကြီး ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ရာသီဥတုသာယာပါက ဧပြီလအထိ ပြသသွားမည်



ပြင်ဦးလွင် ၊ ၃-၁၂-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီးတွင် နှစ်စဉ်ပြုလုပ် လျက်ရှိသော ပန်းပွဲတော် ကို ယခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ စတင်၍ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ရာသီဥတု သာယာပါက ၂ဝ၁၆ ခုနှစ် ဧပြီလထိ ဆက်လက် ပြသသွားမည် ဖြစ်ကြောင်း အမျိုးသား ကန်တော်ကြီး ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။

''ဒီနှစ်ပြုလုပ်မယ့် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။ ရာသီဥတုသာယာ ကောင်းမွန်မယ် ဆိုရင် လာမယ့် ၂ဝ၁၆ ခုနှစ် ဧပြီလအထိ ပြသသွားဖို့ စီစဉ်ထားပါတယ်။ လက်ရှိကတော့ ဥယျာဉ်အတွင်းမှာ ပန်း စိုက်ပျိုး ပြင်ဆင်မှုတွေ ဆောင်ရွက် နေဆဲဖြစ်ပါတယ် '' ဟု အမျိုးသား ကန်တော်ကြီး ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးကျော်လင်းထူး က ပြောပြသည်။

ယခုနှစ် ပြုလုပ်မည့် အမျိုးသား ကန်တော်ကြီးဥယျာဉ် ပန်းပွဲတော် ပြပွဲတွင် ဒေသခံများ အတွက် ဒေသထွက်ကုန်များ၊ ဆွယ်တာ အထည်များ၊ လက်မှုပစ္စည်းများ၊ အမှတ်တရ ပစ္စည်းများ ပါဝင်ရောင်းချ နိုင်ရေးအတွက် ဆိုင်ခန်း ၁၂ ခန်းကို အရောင်းပြခန်း ကဏ္ဍ တစ်ရပ်အနေဖြင့် ထည့်သွင်း စီစဉ်သွား မည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ပန်းပွဲတော်တွင် ဂီတပွဲတော် ကိုပါ ထည့်သွင်းစီစဉ် ထားကြောင်း၊ ဂီတပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော် များကို ငှားရမ်းရန် စီစဉ်ထားကြောင်း သိရသည်။

''ဂီတပွဲတော် အတွက် နိုင်ငံကျော် နာမည်ကြီး အဆိုတော် တွေကို ငှားရမ်းပြုလုပ်မှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ပါမလဲဆိုတာ ကိုတော့ ထပ်မံကြေညာ သွားမှာပါ။ လက်ရှိကတော့ စီစဉ်ဆောင်ရွက်ဆဲ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ယခုအကြိမ် ကျင်းပပြုလုပ်မည့် ပန်းပွဲတော်သည် (၁ဝ)ကြိမ်မြောက် ပွဲတော်ဖြစ်ပြီး ဂီတပွဲတော်မှာ (၁၁)ကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ပန်းပွဲတော် ရက်တွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်သို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အများအပြား လာရောက်လေ့ ရှိကြောင်း သိရသည်။ (၁၈၀)

ရတနာပုံနေ့စဉ် ၊ စာ(၅)

Monday, November 16, 2015

Communicast Myanmar 2015 အိုင်စီတီပြပွဲတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ပါဝင်ပြသမည်



ရန်ကုန် ၊ ၁၆-၁၁-၂၀၁၅

မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ Myanmar Event Park ၌ ကျင်းပမည့် Communicast Myanmar ၂ဝ၁၅ အိုင်စီတီ ပြပွဲတွင် ပါဝင်ပြသ မည်ဟု သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

MPT မှ စီးပွားရေးလုပ်ငန်း ဖောက်သည် များအား D1 ရှိ MPT ပြခန်းသို့ လာရောက် လေ့လာရန် ဖိတ်ခေါ်ထားပြီး အရောင်းပြခန်း တွင် MPT ၏ ကျွမ်းကျင် ပညာရှင်များမှ MPT ၏ ဝန်ဆောင်မှု အသစ်ဖြစ်သော စီးပွားရေး လုပ်ငန်းသုံး ဆိုင်ရာ အချက်အလက် ကွန်ရက် ဝန်ဆောင်မှု များနှင့် မိုဘိုင်းလ် ဝန်ဆောင်မှုများ အကြောင်းကို ရှင်းလင်း တင်ပြချက် များနှင့်အတူ စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု များပါ ပြုလုပ်ပေးမည် ဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေး ဈေးကွက်အတွင်း နှစ်ပေါင်း ၆ဝ ကျော် လုပ်ငန်း အတွေ့အကြုံမှ သိရှိခဲ့ရသည့် အကြောင်းအရာ များကို ပြန်လည်မျှဝေ ပေးမည် ဖြစ်ကြောင်း သိရသည်။

Communicast Myanmar ကို ၂ဝ၁၄ ခုနှစ်က ပထမအကြိမ် ကျင်းပခဲ့ပြီး ကုမ္ပဏီပေါင်း ၉ဝ နှင့် ပညာရှင်ပေါင်း ၂ဝ၈၆ ဦးကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။ (မိုးအောင်)

မြ၀တီနေ့စဉ် ၊ စာ(၆)


Monday, October 19, 2015

ကမ္ဘာ့အကြီးဆုံး ခရီးသွားပြပွဲကြီး ၌မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ကုမ္ပဏီများ ပါဝင်ပြသမည်


ရန်ကုန် ၊ ၁၉-၁၀-၂၀၁၅

ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်း ပြပွဲကြီးဖြစ်သည့် World Travel Market 2015 ကို နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ လန်ဒန်မြို့၌ ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံမှ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်သည့် ကုမ္ပဏီများ ဝင်ရောက် ပြသမည် ဖြစ်ကြောင်း သိရသည်။

''ဒီပြပွဲကြီးမှာ ပြည်တွင်း ခရီးသွားလုပ်ငန်း ပေါင်း ၁၈ ခု ပါဝင်ပြသ သွားမှာပါ။ ဒီပြပွဲကြီးမှာ နိုင်ငံတကာ ခရီးသွား လုပ်ငန်းတွေက ဝင်ရောက်ပြသ ကြမှာဆိုတော့ ပြည်တွင်းခရီးသွား လုပ်ငန်းတွေက ဗြိတိန် ခရီးသွား ဈေးကွက်ကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့ သွားရောက်ပြသ ကြမှာပါ။ ဒီပြပွဲကြီးက ကမ္ဘာ့အကြီးဆုံး ခရီးသွားပြပွဲကြီး ဆိုတော့ မြန်မာနိုင်ငံရဲ့ လှပတဲ့ ရှုခင်းတွေရှိတဲ့ နေရာကို ပြသပြီး ဧည့်သည်တွေ ကို ဖိတ်ခေါ် နိုင်တာပေါ့'' ဟု ခရီးသွား လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

World Travel Market 2015 တွင် ပြည်တွင်း ခရီးသွား ကုမ္ပဏီများ၊ လေကြောင်းလိုင်း များနှင့် ဟိုတယ် လုပ်ငန်းများ ပါဝင်ပြသ ကြမည် ဖြစ်သည်။ အဆိုပါပြပွဲသို့ သွားရောက် ပြသပြီး နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ ကို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာမှ လာရောက် ပြသသော ခရီးသွား လုပ်ငန်းများနှင့် ချိတ်ဆက်ပြီး ခရီးသွား လုပ်ငန်းများ တိုးမြှင့်နိုင်ရန် ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။

လန်ဒန်မြို့၌ လေးရက်ကြာ ကျင်းပမည့် အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ဝင်ရောက်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

Tuesday, October 6, 2015

MYAN AUTO 2015 ပြပွဲကို ယခုလအတွင်း ရန်ကုန်မြို့၌ ကျင်းပမည်



ရန်ကုန် ၊ ၆-၁၀-၂၀၁၅

ယာဉ်အပိုပစ္စည်း များနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆိုင်ရာ နိုင်ငံတကာ စက်မှုကုန်စည် ပြပွဲကြီး MYAN AUTO 2015 ကို ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park (MEP) ၌ အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာ စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ MYAN AUTO 2015 ကုန်စည်ြပပွဲတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီ လုပ်ငန်းပေါင်း ၂၁ဝ ကျော် လာရောက်ပြသ ရောင်းချကြမည် ဖြစ်သည်။

ယင်းပြပွဲတွင် နိုင်ငံတကာမှ နာမည်ကြီး ကားကုမ္ပဏီကြီး များမှ ၄င်းတို့ ထုတ်လုပ် ရောင်းချသော မော်တော်ယာဉ်များ အပြင် ယာဉ်အပို ပစ္စည်းများနှင့် စက်အစိတ်အပိုင်း များ မိတ်ဆက် ပြသကာ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းများမှ ကျွမ်းကျင် ပညာရှင်များ၊ အင်ဂျင်နီယာများ၊ စီမံခန့်ခွဲ ကြီးကြပ်သူများ ကလည်း မော်တော်ယာဉ် များနှင့် ပတ်သက်သော အကြောင်းအရာ များကို လာရောက် ဆွေးနွေးကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ အလားတူ MYAN AUTO 2015 ပြပွဲများကို ယခင်ကလည်း ကျင်းပခဲ့ရာ အောင်မြင်မှု ရရှိခဲ့သဖြင့် ယခုကဲ့သို့ ထပ်မံကျင်းပရန် စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကျင်းပမည့် MYAN AUTO 2015 ပြပွဲတွင် မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှု များနှင့် ပတ်သက်သော သရုပ်ပြမှု များကိုလည်း ပြုလုပ်သွားမည် ဖြစ်ရာ မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှု နိုင်ကြောင်း သိရသည်။ (ကိုဆောင်း- ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

Tuesday, August 25, 2015

Yangon Lifestyle Furniture Fair 2015 ပြပွဲ ကျင်းပမည်


ရန်ကုန် ၊ ၂၅-၈-၂၀၁၅

ပြည်တွင်းရှိ ပရိဘောဂ လုပ်ငန်း လုပ်ကိုင်ကြသော ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းကာ သီတင်းကျွတ် အကြို ပရိဘောဂ ပြပွဲကြီးအဖြစ် Yangon Lifestyle Furniture Fair 2015 ကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ သြဂုတ် ၂၇ ရက်မှ ၃၁ ရက်အထိ ငါးရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲ ဖြစ်မြောက်ရေး အတွက် Thousand Islands Business Group မှ Organizer အဖြစ် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး Casabella Furnishing Centre ၊ Sweety Home ၊ INHOUSE  ၊ စိန်နှင့်မြ မွေ့ရာ ပရိဘောဂ စသည့်လုပ်ငန်း များက အဓိကပံ့ပိုး ကူညီကြကြောင်း သိရသည်။

Yangon Lifestyle Furniture Fair 2015 ပရိဘောဂ ပြပွဲသည် ရန်ကုန်မြို့၌ ကျင်းပလေ့ရှိသော ရောင်းအား မြင့်မားသည့် အရောင်းပြပွဲများ ထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ကျင်းပ ခဲ့သည်။

ယခု ကျင်းပမည့် ပရိဘောဂ ပြပွဲတွင် ကုမ္ပဏီပေါင်း ၃ဝ ကျော်မှ ပြခန်းပေါင်း များစွာ ခင်းကျင်းပြသ သွားမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပထုတ် ပရိဘောဂ ပစ္စည်းများ၊ မင်္ဂလာခန်းဝင် ပစ္စည်းများနှင့် အိမ်သုံး အလှဆင် ပစ္စည်းများကို အမျိုးအစား စုံလင်စွာ ပြသရောင်းချ ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲသို့ မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်ပြီး ပြပွဲသို့ လာရောက် ကြည့်ရှုသော ဝယ်ယူ အားပေးသူများ ထဲမှ ငွေကျပ် ၁ဝ သိန်းဖိုးနှင့် အထက် ဝယ်ယူသူများကို တီဗွီ၊ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အဝတ်လျှော်စက်၊ ဒီဗီဒီ၊ မွေ့ရာနှင့် တခြားသော ပရိဘောဂ ပစ္စည်းများ အပါအဝင် ဆုမဲပေါင်း များစွာ ကံစမ်းမဲ ဖောက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြဝတီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

Wednesday, August 12, 2015

ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ MONEY EXPO 2015 ပြပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၂-၈-၂ဝ၁၅

မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍတွင် အရေးပါ လာသော ပြည်တွင်းပြည်ပ ဘဏ်လုပ်ငန်း များနှင့် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို ပြည်တွင်းရှိ လုပ်ငန်းရှင် များနှင့် ပြည်သူများ ပိုမိုသိရှိ နားလည်လာ စေရန်နှင့် ထို ဝန်ဆောင်မှု လုပ်ငန်းများကို တွင်ကျယ်စွာ အသုံးချ တတ်လာစေရန် ရည်ရွယ်ချက် များဖြင့် MONEY EXPO 2015  ပြပွဲကို ယခုလ အတွင်း ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ MONEY EXPO 2015 ပြပွဲကို ရန်ကုန်မြို့ရှိ တပ်မတော် ခန်းမ၌ သြဂုတ် ၂ဝ ရက်မှ ၂၃ ရက်အထိ လေးရက်ကြာ ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်ပြီး ပြပွဲ အခမ်းအနား ပြင်ဆင်ခြင်းများ အတွက် Myanmar Promotional Services (MPS) Co.,Ltd. မှ ကြီးမှူးစီစဉ် ဆောင်ရွက်လျက် ရှိသည်။ ပြပွဲ ဖြစ်မြောက်ရေး အတွက် သမဝါယမဘဏ် လီမိတက်မှ Main Sponsor အဖြစ် အဓိက ပံ့ပိုးကူညီကာ Co-sponsor အဖြစ် ပြည်တွင်းရှိ တခြားသော စီးပွားရေး လုပ်ငန်းတချို့မှ ကူညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြပွဲတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သော Mobile Banking ၊ iBanking ၊ Credit Card ၊ Debit Card ၊ Automatic Teller Machine (ATM) ၊ Banking Software ၊ Banking Electronic Security ၊ Insurance နှင့် Stock Exchange စသည်တို့ကို ပါဝင်ပြသမည့် ပြည်တွင်းမှ ဘဏ်လုပ်ငန်း များနှင့် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများက ရှင်းလင်းပြသ ကြမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြဝတီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

Friday, March 6, 2015

ရုရှားခရီးသွားလုပ်ငန်းပြပွဲတွင် မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပါဝင်ပြမည်



ရန်ကုန် ၊ ၆-၃-၂၀၁၅

ရုရှားနိုင်ငံ မော်စကိုမြို့၌ ယခုလအတွင်း ကျင်းပမည့် နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပြပွဲတွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အဖြစ် ပါဝင်ပြသရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ နိုင်ငံတကာ ခရီးသွား လုပ်ငန်းပြပွဲ (Moscow International Travel & Tourism Exhibition 2015 - MITT) ကို မတ် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပရန် စီစဉ်ထားရာ မြန်မာနိုင်ငံမှ ခရီးသွား လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ အနေဖြင့် ၄င်းတို့၏ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံတကာမှ သိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ၄င်းပြပွဲ၌ ပါဝင်ပြသရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသွား လုပ်ငန်းပြပွဲသည် ရုရှားနိုင်ငံ မော်စကိုမြို့၌ နှစ်စဉ် ကျင်းပသော နိုင်ငံတကာ ခရီးသွား လုပ်ငန်းပြပွဲကြီး တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂ဝဝ ကျော်မှ ခရီးသွား လုပ်ငန်းပေါင်း ၂ဝဝဝ နီးပါး ပါဝင် ပြသလေ့ ရှိကြောင်း သိရသည်။ အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှ သွားရောက် ပြသရန် ခရီးသွား လုပ်ငန်း ကုမ္ပဏီတချို့ စာရင်းပေးသွင်း ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက် လာစေရန် နိုင်ငံတော်မှ ပြည်တွင်း၌ ခရီးသွား လုပ်ငန်းပြပွဲ များကို မကြာခဏ ကျင်းပခြင်း၊ ဂျာမနီ၊ ဂျပန်၊ ဗြိတိသျှ၊ ဗီယက်နမ်နှင့် ထိုင်း အစရှိသော နိုင်ငံများ၌ ကျင်းပသော အပြည်ပြည် ဆိုင်ရာ ခရီးသွားလုပ်ငန်း ပြပွဲများ၌ ပါဝင်ပြသခြင်း တို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Monday, March 2, 2015

ရန်ကုန်မြို့လယ်နေရာများ၌ ကျင်းပမည့် တို့ရန်ကုန် တို့အိမ်ရာ ရန်ကုန်အနုပညာ ယဉ်ကျေးမှုပွဲတော် ဖွင့်လှစ်



ရန်ကုန် ၊ ၃-၂-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတား မြို့နယ်ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှသံရုံးမှ ကြီးမှူး ကျင်းပသည့် တို့ရန်ကုန် တို့အိမ်ရာ ရန်ကုန်အနုပညာ ယဉ်ကျေးမှု ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မဟာဗန္ဓုလ ပန်းခြံဝင်း အတွင်း၌ ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
.
နံရံကပ် ပိုစတာ ပြိုင်ပွဲကို မတ် ၂ ရက်မှ ၂၂ ရက်အထိ ပန်းဆိုးတန်း အောက်ဘလောက် နှင့် ဗြိတိသျှ သံရုံးခြံဝင်း အပြင်၌ လည်းကောင်း၊ မတ် ၁ ရက်မှ ၃ ရက်အထိ ဘတ်စ်ကား ပေါ်တွင် စီးနင်း လိုက်ပါလာသည့် ခရီးသည် ပုံစံတူ ပန်းပုရုပ် များကို မြောက်ဒဂုံမှ ဆူးလေအထိ ပြေးဆွဲသည့် အမှတ်(၂၃၅) ဘတ်စ်ကား လိုင်းများတွင်လည်းကောင်း၊ ပန်းချီပိုစတာ ပြသမှုကို မတ် ၁ ရက်မှ ၂၂ ရက်အထိ ဗြိတိသျှ ကောင်စီနှင့် စာတိုက်ရုံးကြား တွင်လည်း ကောင်း၊ ပိုစတာများကို မတ် ၂ ရက်မှ ၂၂ ရက်ထိ ဝန်ကြီးများရုံး အပြင်ဘက် ခြံစည်းရိုး များတွင် လည်းကောင်း၊ ရန်ကုန်မြို့၌ နေထိုင်ကြသည့် ပြည်သူများ၏ လူမှုဘဝကို ဖော်ကျူး ထားသည့် ဇာတ်လမ်း တင်ဆက်မှု များကို ရန်ကုန်မြို့ပတ် ရထားများပေါ်၌ လည်းကောင်း၊ မြန်မာ့ အစားအစာ များနှင့် ပတ်သက်သည့် ရှေးလူကြီး များ၏ သုံးသပ်မှုများကို ရိုက်ကူး ထားသည့် မှတ်တမ်းတင် ဗီဒီယိုပြသ ခြင်းအား မဟာဗန္ဓုလ လမ်းနှင့် လမ်း(၃ဝ)ထောင့်ရှိ ချိုင်းနား တီးရှော့၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း ရှိ ဂိုးဒင်းဘဲ ချိုင်းနားတီးရှော့ နှင့် ကုန်သည်လမ်း နှင့် (၄၄)လမ်း ထောင့်ရှိ နိုင်တီနိုင်း တီးရှော့ များတွင် လည်းကောင်း၊ ရန်ကုန်မြို့နှင့် ပတ်သက်သည့် ယဉ်ကျေးမှု အမွေအနှစ် ပုံများ ရေးဆွဲထားသည့် ကာတွန်း ပိုစတာ များအား ပန်းဆိုးတန်းလမ်း ရှိ လျှပ်စစ် ဓာတ်တိုင်များ နှင့် သစ်ပင်များတွင်လည်းကောင်း ချိတ်ဆွဲပြသ သွားမည် ဖြစ်သည်။
.
အဆိုပါ ယဉ်ကျေးမှု ပွဲတော်ကို ပန်းချီ၊ ပိုစတာ၊ ဓာတ်ပုံ၊ ဂီတ၊ တေးသရုပ်ဖော် တို့ အပါအဝင် ကဏ္ဍရှစ်ခု ခွဲကာ အနုပညာ စွမ်းပကား များဖြင့် အများပြည်သူ နေ့စဉ် လှုပ်ရှားသွားလာ နေသော နေရာများတွင် လမ်းသွား လမ်းလာ များအား စိတ်ဝင်စားဖွယ် တင်ဆက်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။
.
ဝန်းရံခ
.
#Themyawadydaily
#မြ၀တီနေ့စဉ်

Saturday, January 17, 2015

နွားအလှပြိုင်ပွဲများကို ထည့်သွင်း ကျင်းသွင်းကျင်းပမည့် မွေးမြူရေး နှင့် မွေးမြူရေးဆိုင်ရာ ထုတ်ကုန်ပြပွဲ ပြိုင်ပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၇-၁-၂၀၁၅

မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန နှင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် (၁၅) ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနား နှင့်အတူ မွေးမြူရေး နှင့် မွေးမြူရေး ဆိုင်ရာ ထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲ ကျင်းပ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ ပြပွဲ၊ ပြိုင်ပွဲကို ဇန်နဝါရီ ၂၄ ရက် မှ ၂၆ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ် တိုင်းရင်းသား ကျေးရွာ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲ၊ ပြိုင်ပွဲ၌ မွေးမြူရေး ထုတ်ကုန် ပစ္စည်းများ၊ တိရ စ္ဆာန် အစာနှင့် ဆေးဝါးများ၊ တိရ စ္ဆာန် မွေးမြူရေးခြံ လုပ်ငန်းသုံး ပစ္စည်း ကိရိယာ ပြခန်းများ၊ မွေးမြူရေး ဆိုင်ရာ ပြပွဲနှင့် အိမ်မွေး တိရ စ္ဆာန်လေး များ၏ ပြပွဲများကို ထည့်သွင်း ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြိုင်ပွဲသို့ လာရောက် ကြည့်ရှုသူများ အနေဖြင့် မြင်တွေ့နိုင်ရန် ခက်ခဲပြီး စိတ်ဝင်စားစရာ ကောင်းသည့် တိုက်ကြက် ပြိုင်ပွဲ၊ နွားအလှပြိုင်ပွဲ (ပုံ) နှင့် တိုင်းရင်းကြက် ပြိုင်ပွဲများ ကိုလည်း ထည့်သွင်းပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီပြပွဲမှာက မွေးမြူရေး တိရ စ္ဆာန် အကုန်လုံးကို ပြသ သွားမှာပါ။ အစိုးရပိုင်း ကလည်း ပါဝင်ပြသမှာ ဖြစ်သလို ပုဂ္ဂလိက ပိုင်းကလည်း ပူးပေါင်းပါဝင် ပြသသွားမှာပါ။ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ချင် သူတွေ အနေနဲ့ ဒီနေရာမှာ စုံစုံလင်လင် ကြည့်ရှု နိုင်မှာပါ။ မွေးမြူရေး နည်းပညာ တွေကိုပါ ရှင်းပြသွား မှာပါ။ ပြခန်းပေါင်း ၆ဝ နီးပါး ပါဝင်ပြသ သွားမှာပါ။ တိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ တွေ အားလုံးကို ဒီနေရာမှာ စုံစုံညီညီ တွေ့ရမှာပါ'' ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းစိန် က ပြောသည်။

၎င်းပြပွဲ၊ ပြိုင်ပွဲ၌ နွားနို့ ပိဿာချိန် ၁၅ဝဝ ကို အခမဲ့ တိုက်ကျွေး သွားမည့်အပြင် ပြည်ပ ဈေးကွက်ဝင် မွေးမြူရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ နှင့် ပြခန်းများ ကိုပါ ထည့်သွင်း ပြသသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

Monday, December 8, 2014

Lifestyle Vietnam 2015 ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်



ရန်ကုန် ၊ ၈-၁၂-၂၀၁၄

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ တွင် ၂ဝ၁၅ ခုနှစ် ဧပြီ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် Lifestyle Vietnam 2015  ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များ တက်ရောက် ပြသရန် ဖိတ်ခေါ် ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။

ဗီယက်နမ် နိုင်ငံတွင် ကျင်းပမည့် Lifestyle Vietnam 2015 ပြပွဲတွင် ယနေ့ခေတ် လူနေမှုဘဝ ခေတ်ရေစီးကြောင်း နှင့်အညီ ဖန်တီးထားသည့် ဒီဇိုင်းများ၊ ပရိဘောဂ ပစ္စည်းများနှင့် အိမ်အလှ ဆင်ခြင်း စသည့် အကြောင်းအရာ များဆိုင်ရာ ခေတ်မီ ကုန်ပစ္စည်းကဏ္ဍ ပေါင်း ခုနစ်ခုကို ပြသသွားမည် ဟုသိရသည်။

''အရင်နှစ် ဗီယက်နမ်မှာ ကျင်းပတဲ့ ပြပွဲမှာတော့ နိုင်ငံပေါင်း ၃၆ နိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းပေါင်း ထောင်ကျော်ကို ပြခန်းပေါင်း ၈ဝဝ ခန့်နဲ့ ပြသခဲ့ ပါတယ်။ ၂ဝ၁၅ ပြပွဲကိုတော့ ပြခန်းပေါင်း ၁ဝဝဝ ထိ တိုးချဲ့ပြသ သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဗီယက်နမ်ပြပွဲ မှာ ပါဝင်ပြသဖို့ စိတ်ဝင်စားတဲ့ ကုန်သည် စက်မှု အသင်းချုပ်၊ ညီနောင် အသင်းတွေ က အသင်းသားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက် ပြသနိုင်ပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ဗီယက်နမ်ပြပွဲတွင် တက်ရောက် ပြသရန် စိတ်ဝင်စားသူများ အနေဖြင့် ပြပွဲနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များကို သိရှိ လိုပါက www.lifestyle-vietnam.com သို့ ဝင်ရောက် ကြည့်ရှုနိုင်သည့် အပြင် အသင်းချုပ် ပြပွဲဌာန စိတ်အီးမေးလ် ဖြစ်သည့် servicesumfcci@gmail.com သို့ တိုက်ရိုက ဆက်သွယ် ပေးပို့နိုင်ကြောင်း လည်း သိရသည်။ စာရင်းပေးသွင်း ခြင်းကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထား ပေးသွင်း ရမည်ဟု သိရသည်။

အတာ

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Monday, November 17, 2014

ဂြိုဟ်တု ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အသုံးချမှုစနစ်နှင့် မိုဘိုင်းလ်ဝန်ဆောင်မှု နည်းပညာများ ဆိုင်ရာ ပြပွဲ ပြုလုပ်မည်



ရန်ကုန် ၊ ၁၇-၁၁-၂၀၁၄

မြန်မာနိုင်ငံ၏ နည်းပညာ ပြပွဲများအနက် ပထမဦးဆုံး အနေဖြင့် ပါဝင်မည့် ဂြိုဟ်တု နည်းပညာဆိုင်ရာ အသုံးချမှု စနစ်များကို ရှင်းလင်း ပြသပြီး မိုဘိုင်းလ် ဝန်ဆောင်မှု ဆိုင်ရာ အကြောင်းအရာ များနှင့် ဆက်သွယ်ရေး နည်းပညာ များကို ပြသမည့် Communicast 2014 Myanmar  ပြပွဲကြီးကို ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park (MEP) ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂ဝ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်ရှိ မိုဘိုင်းလ် လုပ်ငန်းများ ဂြိုဟ်တုနှင့် ဆက်သွယ်ရေး ဆိုင်ရာ ကျွမ်းကျင်သူ များ၏ ထူးခြားသော ပံ့ပိုးမှုအဖြစ် နိုင်ငံတကာရှိ ကုမ္ပဏီပေါင်း ၉ဝ ကျော်ပါဝင် ပြသ သွားမည် ဖြစ်သည်။

အဆိုပါပြပွဲသည် ရန်ကုန်မြို့၌ ကျင်းပမည့် ပထမဆုံး ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းပြပွဲ ဖြစ်ကာ နောင်လာမည့် သုံးနှစ်ခန့်တွင် ပြည်တွင်း၌ ဆက်သွယ်ရေး နည်းပညာနှင့် ပတ်သက်၍ ၈ဝ ရာခိုင်နှုန်း ထိုးဖောက် နိုင်မည့် ထူးခြားသော ဈေးကွက် အခွင့်အလမ်း များကိုလည်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

''မြန်မာ့မိုဘိုင်းလ် ကွန်ရက်သစ်များ ထုတ်လုပ်ဖို့နဲ့ နိုင်ငံရဲ့ ICT လုပ်ငန်းမှာ နောက်ထပ်တစ်ဆင့် တိုးတက်လာ စေဖို့အတွက် ပြပွဲ လုပ်ဆောင်မှုက သိပ်ကောင်း ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဂြိုဟ်တုနဲ့ ဆက်သွယ်ရေး ကဏ္ဍရဲ့ လိုအပ်ချက်တွေ မြင့်တက်လာ စေဖို့ လျင်မြန်စွာ တိုးတက်လာမှု တွေကို အမှန်တကယ် မြင်တွေ့နိုင်ဖို့ ဒါက ပထမဆုံး အခွင့်အရေးပဲ ဖြစ်ပါတယ်။ ကုမ္ပဏီတွေ အများကြီးပါဝင်မှု နဲ့အတူ ပြပွဲမှာ ပါဝင်မယ့် စိတ်လှုပ်ရှားဖွယ် အစီအစဉ် များကြောင့်လည်း ဝမ်းမြောက်မိ ပါတယ် ... '' ဟု Overseas Exhibitions Services Ltd. ၏ ပြပွဲ ဒါရိုက်တာ Rupert Owen က ပြောကြားခဲ့သည်။

ယခုလအတွင်း MEP ၌ ပြုလုပ်မည့် Communicast 2014 Myanmar ၏ အသေးစိတ် အကြောင်းအရာများကို www.communicastmyanmar.com တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီး ICT နည်းပညာနှင့် ပတ်သက်သည့် ဟောပြော ဆွေးနွေးပွဲများ နှင့် ပြခန်းများ အပါအဝင် ဂြိုဟ်တုစနစ်သုံး နည်းပညာများ ကိုပါ ထည့်သွင်း ပြသသွားမည် ဖြစ်သည်။ အဆိုပါ ပြပွဲသို့ လာရောက်သူများ အနေဖြင့် မိမိတို့၏ လုပ်ငန်းများကို တိုးတက်လာသော နည်းပညာများ နှင့် ဆက်စပ် အသုံးပြု နိုင်မည် ဖြစ်သည့်အပြင် စိတ်ပါဝင်စား သူများ မည်သူမဆို တက်ရောက် လေ့လာနိုင်ကြောင်း သိရှိရသည်။

မိုးအောင်

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, October 22, 2014

မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ အထူးဝန်ဆောင်မှု ပြပွဲတွင် ယာဉ်အစီးရေ ၁၀၀ ကို အခမဲ့စမ်းသပ် ပေးမည်


ရန်ကုန် ၊ ၂၂-၁၀-၂၀၁၄

မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များ အသင်း ( MAMDA ) မှ ကြီးမှူး ကျင်းပမည့် မော်တော်ယာဉ် နှင့် ဆက်စပ်ပစ္စည်းများ အထူး ဝန်ဆောင်မှု ပြပွဲ၌ ကျင်းပရက် တစ်ရက်စီ တိုင်းတွင် မော်တော်ယာဉ် အစီးရေ ၁ဝဝ ကို အခမဲ့စစ်ဆေး ပေးမည် ဖြစ်ကြောင်း ( MAMDA ) ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က ပြောသည်။

အဆိုပါပြပွဲ ကို မိုင်ဒါကွင်း၌ အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ စတင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ''ပြပွဲမှာ စက်ပြင် ပညာရှင် တွေနဲ့ တစ်ဦးချင်း တွေ့ဆုံပြီး တိုင်ပင် နိုင်အောင် လုပ်ပေးမှာပါ။ Auto Diagnostic Scanner စက်တွေနဲ့ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ Software error ဆိုရင် တစ်ခါတည်း ဖြေရှင်းပေးမှာ ဖြစ်ပြီး ကျန်တဲ့ ပြဿနာ တွေကိုတော့ မိမိနှစ်သက်ရာ မှာ
ပြုပြင်နိုင်အောင် စစ်ဆေး ပေးမှာပါ ... '' ဟု ၄င်းက ဆက်လက်ပြောသည်။

အဆိုပါပြပွဲတွင် ပြည်တွင်းကား နှင့် ဆက်စပ်နေသူ များထံမှ စစ်တမ်းများ ကောက်ယူသွားရန် ရှိပြီး မော်တော်ယာဉ်များ ဝယ်ယူရန် အတွက် သိလိုသည့် အချက်များကို တစ်ဦးချင်း တွေ့ဆုံ၍ ဆွေးနွေးတိုင်ပင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ဝယ်ယူမယ့် သူတွေကို သူတို့သိလိုတဲ့ ကားတွေရဲ့ အချက်အလက် တွေ ပေးနိုင်မယ့် ငွေကြေးနဲ့ အဆင်ပြေပြေ ရနိုင်မယ့် ကားတွေကို ဆွေးနွေး ပေးသွားမှာပါ။ နောက်ဆုံးပေါ် ပြိုင်ကားတွေ ကိုလည်း လေ့လာနိုင်မှာ ဖြစ်ပြီး ပြိုင်ကားတွေ အတွက် Tuning လုပ်ဆောင်ဖို့ ညှိနှိုင်းပေးမှာ ဖြစ်ပါတယ် '' ဟု ၄င်းက ဆက်လက် ပြောသည်။ 

ပြသမည့် ကုန်ပစ္စည်းများ အနေဖြင့် မော်တော်ယာဉ် အမျိုးမျိုး၊ မော်တော်ယာဉ် အလှဆင် ပစ္စည်းများ၊ စက်ဆီ ချောဆီများ၊ တာယာများ၊ ဘက်ထရီများ၊ ကားအော်ဒီယို နှင့် ဆက်စပ် ပစ္စည်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ စသည့် ကဏ္ဍများ ပါဝင်သည့် ပြခန်းပေါင်း ၂၇၆ ခန်းပါဝင်ကာ ဘဏ်သုံးခု နှင့် ချိတ်ဆက် ဝယ်နိုင်ရန် စီစဉ် ထားကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Thursday, October 16, 2014

ပန်းချီဆရာ နိုင်မျိုးဝေ ၏ တစ်ကိုယ်တော် ပန်းချီပြပွဲ ပြသမည်



မန္တလေး ၊ ၁၆-၁၀-၂၀၁၄

ပန်းချီဆရာ နိုင်မျိုးဝေ ၏ တစ်ကိုယ်တော် ပန်းချီပြပွဲကို မန္တလေးမြို့ သိပ္ပံလမ်း နှင့် ၆၆ - ၆၇ လမ်းကြားရှိ IBCT ခန်းမတွင် အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ  ပြပွဲတွင် အက်ခရီလစ် ( Acrylic ) ဖြင့် ရေးဆွဲထားသော ပန်းချီကား (ပုံ) အချပ် ၃ဝ ကို ပြသမည်ဖြစ်ပြီး လာရောက် ကြည့်ရှု သူများက ပန်းချီကား များကို ဝယ်ယူလိုပါက အနည်းဆုံး ငွေကျပ် တစ်သိန်းမှ အများဆုံး ငွေကျပ် နှစ်သိန်း ဝန်းကျင်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

ပန်းချီကားများနှင့် ပတ်သက်၍ ပန်းချီဆရာ နိုင်မျိုးဝေ ၏ ပြောကြားချက် အရ မြန်မာတို့၏ ဘုရားကျောင်းကန် များတွင် တွေ့ရ တတ်သော မြောက်များ စွာသော နတ်ရုပ်တို့၏ နောက်ကွယ်မှ လျှို့ဝှက်သော အကြောင်းအရာ များစွာတို့ကို ပန်းချီ ဆရာမှ စိတ်ဝင်စား မိစွာဖြင့် ရေးဆွဲနည်း စနစ်တစ်ခု ဖြစ်သော အရောင်ကွဲ အစက်အပြောက် များဖြင့် ပုံဖော် ထားသော ပန်းချီ ရေးဆွဲနည်း ( Pointillism ) ကို အားပြု၍ ဖွဲ့စည်း ရေးဆွဲထားသော ပန်းချီကားများ ဖြစ်ကြောင်း သိရသည်။ (၁၆ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Tuesday, October 14, 2014

ဆင်မလေး မိုမို ၏ ၆၁ နှစ်ပြည့်မွေးနေ့ပွဲ နှင့် တိရစ္ဆာန်လိမ္မာ ပြပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၄-၁၀-၂၀၁၄

တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်)ရှိ ဆင်မလေး မိုမို ၏ အသက် ၆၁ နှစ်ပြည့် မွေးနေ့ပွဲကို အောက်တိုဘာ ၁၉ ရက် နံနက် ၁ဝ နာရီတွင် ယင်း တိရစ္ဆာန်ဥယျာဉ် ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။(ပုံ)

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အား ၁၉ဝ၁ ခုနှစ်တွင် ပြည်သူလူထု ထံမှ အလှူငွေ ကျပ် ၂၄ဝဝဝဝ ကောက်ခံရရှိပြီး ယင်းငွေဖြင့် ယခု နေရာတွင် မြေရိုင်း ၆ဝ ဧကကို ရှင်းလင်း တည်ဆောက် ခဲ့သည်။

၁၉ဝ၆ ခုနှစ်တွင် ဖယ်ရာပြတိုက် မှ တိရစ္ဆာန် များအား တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်)သို့ တဖြည်းဖြည်း ပြောင်းရွှေ့ ထည့်သွင်း မွေးမြူ ပြသခဲ့သည်။

၁၉ဝ၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် အသစ် ဆောက်လုပ် ခဲ့သည့် ယခု တိရစ္ဆာန် ဥယျာဉ် အား ဝိတိုရိယ ဘုရင်မ ပန်းခြံနှင့် တိရစ္ဆာန်ဥယျာဉ် ဟု အမည်ပေးကာ အခမ်းအနားဖြင့် ပြည်သူလူထု ကို ဖွင့်လှစ် ပြသခဲ့သည်။ ထိုမှ တစ်ဆင့် ၁၉ဝ၈ ခုနှစ်တွင် ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ဟု အမည်ပေး ခဲ့ကြောင်း သိရသည်။

တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) တွင် နို့တိုက် သတ္တဝါ ၄၉ မျိုး၊ ကျေးငှက် ၆၈ မျိုး၊ တွားသွား သတ္တဝါ ၁၈ မျိုးတို့အား မွေးမြူ ထိန်းသိမ်း စောင့်ရှောက် ပြသလျက် ရှိသည်။ တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်)အား ပြည်သူများ အပန်းဖြေ အနားယူရန်နှင့် ဗဟုသုတ ရှာမှီးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ သတ္တဗေဒ နှင့် ရုက္ခဗေဒ ဆိုင်ရာ ပညာရှာမှီး ရာတွင် အထောက်အကူ ဖြစ်စေရန်၊ တောရိုင်းတိရ စ္ဆာန် ကျေးငှက်များ နှင့် ရှားပါး တိရစ္ဆာန် ကျေးငှက်များ အား မျိုးဆက် ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် ပြသခြင်း ဖြစ်သည်။

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရှိ ကျေးငှက် သားရဲ တိရစ္ဆာန် များတွင် ဆင်မလေး မိုမို သည် မြို့နေ ကလေးငယ် များမှစပြီး နယ်မှလာ ရောက်သူ ဧည့်သည်များ အထိ လူသိများပြီး လိမ္မာသည့် အာရှ ဆင်မျိုးနွယ် ဆင်မလေး ဖြစ်သည်။

၎င်းသည် ကခြင်း၊ သီချင်း သီဆိုခြင်း၊ ထူးခြင်း၊ ထိုင်ခြင်း တို့ကို ဆင်ထိန်း မဟုတ်ဘဲ လာရောက် လေ့လာသူများ စေခိုင်းမှု ကိုပါ လုပ်ဆောင် ပေးသည့်အတွက် မိုမို အား ထင်ထင်ရှားရှား လူသိများခြင်း ဖြစ်သည်။ ဆင်မလေး မိုမို၏ အသက် ၆၁ နှစ်ပြည့် မွေးနေ့ အစီအစဉ်နှင့် အတူ တိရစ္ဆာန် လိမ္မာပြပွဲ၊ Unplug Show နှင့် မျက်လှည့် အစီအစဉ်များ ထည့်သွင်းမည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily
#မြ၀တီနေ့စဉ်

Tuesday, September 9, 2014

ရန်ကုန်မြို့ ၌ Art for Health အမည်ရှိ ပုသိမ်ထီးပန်းချီ အနုပညာပြပွဲ တစ်ရပ်ကျင်းပရန် စီစဉ်


ရန်ကုန် ၊ ၉-၉-၂၀၁၄

ပြည်တွင်းရှိ BBHC ကျန်းမာရေး အဖွဲ့နှင့် ပန်းချီ ပညာရှင်များ ပူးပေါင်း၍ '' ကျန်းမာ ခြင်းဖြင့် ရွှင်လန်း အနုပညာအစွမ်း '' ( Art for Health ) အမည်ရှိ ပုသိမ်ထီး (ပုံ) ပန်းချီ အနုပညာ ပြပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလလမ်း နှင့် ပန်းဆိုးတန်း လမ်းထောင့် ၌ ဖွင့်လှစ် ထားသော Pansodan Scene ၌ စက်တင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ ပုသိမ်ထီး ပန်းချီ အနုပညာ ပြပွဲတွင် မြန်မာနိုင်ငံရှိ ပန်းချီဆရာ များ၏ ဆန်းသစ် တီထွင်ထားသော အနုပညာ လက်ရာများကို ပြည်သူများ၊ ပန်းချီ ဝါသနာရှင် များနှင့် မိတ်ဆက်ပေးရန်၊ ပန်းချီ အနုပညာဖြင့် စိတ်ရွှင်လန်း ကျန်းမာသော လူမှုဘဝ တည်ဆောက် ရာတွင် တစ်ဖက် တစ်လမ်းမှ ကူညီ ထောက်ပံ့ နိုင်စေရန် စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပရခြင်း ဖြစ်ကြောင်း ပြပွဲ ဖြစ်မြောက်ရေး စီစဉ် ဆောင်ရွက်သူ တစ်ဦးက ပြောသည်။

၎င်းပြပွဲမှ ရရှိလာသော ငွေကြေးများကို ချို့တဲ့သော ပြည်သူများအတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်ခြင်း၊ ဆရာဝန်များ နှင့် သူနာပြုများ အစရှိသော ကျန်းမာရေး ဝန်ထမ်းများ၏ ကုသမှု စွမ်းရည် တိုးတ် လာစေရန် ထောက်ပံ့ခြင်း ၊ ထိရောက်စွာ ချိတ်ဆက် ဆောင်ရွက် နိုင်မည့် ကျန်းမာရေး စောင့်ရှောက်မှု ကွန်ရက်စနစ် တစ်ခု တည်ထောင်ခြင်း နှင့် ပြည်သူများ အတွက် ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ ဖြန့်ဝေ ပေးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခုလက်ရှိ BBHC ကျန်းမာရေး အဖွဲ့မှ အခမဲ့ လုပ်ဆောင် ပေးလျက် ရှိသော ရောဂါ ရှာဖွေ ကုသခြင်း ၊ သွေးဖောက် စစ်ဆေးခြင်း ၊ ဓာတ်မှန် ရိုက်ခြင်း ၊ ဆေးရုံ တက်ရန် လိုအပ်သော လူနာများ အတွက် ကူညီ ထောက်ပံ့ ပေးခြင်း စသည့် ၀န်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက် ပေးသည့်အပြင် ချို့တဲ့သော ပန်းချီ ပညာရှင် ကြီးများအား ငွေကြေး ထောက်ပံ့ ရာတွင်လည်း ပုသိမ်ထီးများ ပန်းချီ အနုပညာ ပြပွဲမှ ရရှိလာသော ငွေကြေးများကို သုံးစွဲ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

Saturday, July 5, 2014

နိုင်ငံတကာ စားသောက်ကုန်နှင့် အဖျော်ယမကာပြပွဲ ကျင်းပမည်


ရန်ကုန် ၊ ၅-၇-၂၀၁၄

ကုန်ထုတ်လုပ် တင်ပို့ ရောင်းချသူ ပေါင်း ၁ဝဝ ခန့်ပါဝင်မည့် နိုင်ငံတကာ စားသောက်ကုန် နှင့် အဖျော်ယမကာ ပြပွဲ မြန်မာ Ho Re Ca ကို ထိုင်းနိုင်ငံမှ စားသောက်ကုန် လုပ်ငန်းရှင် များနှင့် မြန်မာနိုင်ငံမှ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ပူးပေါင်း၍ ဇူလိုင်လ အတွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း ပွဲစီစဉ် ကျင်းပသူများ ထံမှ သိရသည်။

အဆိုပါ ပြပွဲကို ထိုင်းနိုင်ငံ ကုန်သည်များ အသင်း၊ ထိုင်းနိုင်ငံ ကုန်သွယ်ရေး ဘုတ်အဖွဲ့နှင့် ICVEX ကုမ္ပဏီတို့ ပူးပေါင်း၍ ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) ခန်းမ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ စားသောက်ကုန် လုပ်ငန်း ရှင်က ၆ဝ ရာခိုင်နှုန်း လောက် ရှိတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေ အများကြီး ဝင်လာတဲ့အခါ အစားအသောက် ချက်ပြုတ် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ကလည်း အရေးကြီး လာတယ်။ နိုင်ငံခြားက စားသောက်ကုန် လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေ မီအောင် သူတို့တွေ ဘယ်လို ထုတ်လုပ် နေကြတယ် ဆိုတာ ပူးပေါင်း ဆောင်ရွက် တာတွေ၊ လေ့လာ တာတွေ ပြုလုပ် နိုင်မှာပါ ... '' ဟု ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံမှ စားသောက်ကုန် လုပ်ငန်းရှင်များ နှင့် ပူးပေါင်းကာ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့က ဦးဆောင် ကျင်းပမည့် မြန်မာ Ho Re Ca 2014 ( Hotel & Restaurant & Cafe ) ကို CP Myanmar ကုမ္ပဏီမှ အဓိက ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် စားသောက်ဖွယ် ရာများ ပြုလုပ်ခြင်း၊ စားသောက်ပွဲများ ပြင်ဆင် ပြသခြင်း နှင့် အာရှ အစားအသောက် များပေါင်းစပ် ဖန်တီးခြင်းများကို စပိန်နိုင်ငံ၏ '' Gourmand Cook Book '' ဆုကို ရရှိခဲ့သည့် ထိုင်းစားဖိုမှူးမှ ကျင်းပ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါပြပွဲသို့ လာရောက် ပြသသည့် ကုမ္ပဏီများသည် မြန်မာနိုင်ငံ စားသောက်ကုန် လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပတ်သက်သည့် ဟောပြောပွဲများ နှင့် စားသောက်ကုန် ဆိုင်ရာ ဝန်ဆောင်မှုများ၊ ထုတ်လုပ်ရာတွင် လိုအပ်သော ပစ္စည်း ကိရိယာများနှင့် သွင်းကုန်များ အပါအဝင် မူပိုင် ကုန်စည် ဖြန့်ဝေခွင့် အကြောင်းများ ကိုပါ တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇော်မျိုးဦး

#Themyawadydaily
Related Posts Plugin for WordPress, Blogger...