Social Icons

Pages

Showing posts with label ပူးပေါင်းဆောင်ရွက်မှု. Show all posts
Showing posts with label ပူးပေါင်းဆောင်ရွက်မှု. Show all posts

Friday, May 5, 2017

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ ဒသမအကြိမ် အစည်းအဝေး ဒုတိယနေ့ကျင်းပ


ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဒသမ အကြိမ်အစည်းအဝေး ဒုတိယနေ့ကျင်းပစဉ်။

ရန်ကုန် ၅-၅-၂၀၁၇

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) ၏ ဒသမအကြိမ် အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရန်ကုန်ရုံး၌ကျင်းပရာ မိုင်းရှင်းလင်းရေးကို ကရင်ပြည်နယ်တွင် တပ်မတော်က ဦးဆောင်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းရှင်းလင်း သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယနေ့ အစည်းအဝေးသို့ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ JMC-U ဒုတိယဥက္ကဋ္ဌများ၊ (JMC-U) ကော်မတီ ဝင်တပ်မတော်သား ကိုယ်စားလှယ် အရာရှိကြီးများ၊ JMC-U တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ JMC-U အရပ်သားကိုယ်စား လှယ်များ၊ JMC-U-S Level မှကိုယ်စားလှယ်များ၊ နည်းပညာအထောက် အကူပြုအဖွဲ့များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက်ရောက်လာကြသော JMC-U-S Level မှ ကိုယ်စားလှယ်များက JMC-U လုပ်ငန်းဆောင်ရွက်သည့် အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက်နေသည့် JMC-U လုပ်ငန်းများတွင် ခက်ခဲနေသည့် အကြောင်းအရာများကို ဆွေးနွေးခြင်းနှင့် ယင်းအပေါ် အစိုးရဘက်မှ ကိုယ်စားလှယ်များက ရှင်းလင်းဆွေးနွေးခြင်း တို့ဆောင်ရွက်ကြသည်။

အစည်းအဝေး အပြီးမီဒီယာများနှင့် တွေ့ဆုံစဉ် JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ''မိုင်းရှင်းလင်းရေးကတော့ တပ်မတော်အနေနဲ့ သတ်မှတ်ထားတဲ့ သဘောထားရှိပါတယ်။ ဒါကတော့ NCA မှာ မိုင်းရှင်းလင်းရေး ကိစ္စဆောင်ရွက်ရမယ် လို့ပါရှိပါတယ်။ ဒါကိုတပ်မတော်က ဆောင်ရွက်ဖို့ ဒီနေ့ဆွေးနွေး ဖြစ်ပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်မှာ စတင်ဆောင်ရွက်သွားမှာပါ။ တပ်မတော်ရဲ့သဘောထားက ဒီအပိုင်းတွေကို ဦးဆောင်ပြီး ပြန်လည်ရှင်းလင်း ပေးသွားမယ်။ ဒါကိုပြည်ပက အထောက်အပံ့ပေး ချင်တယ်ဆိုရင် နည်းပညာပိုင်းအထောက်အပံ့ ပေးမယ့်ပစ္စည်းတွေဆိုရင် လက်ခံသွားမယ်။ ရှင်းလင်းတဲ့ အပိုင်းကိုတော့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖွဲ့ကပဲ ပူးပေါင်းရှင်းလင်း သွားဖို့ရှိတယ်။ ဒါကို EAOs တွေဘက်က ပြန်လည် ဆွေးနွေးသွားမယ် ဆိုတဲ့အချက်တွေ ဆွေးနွေး ဖြစ်တယ်။ နယ်မြေပိုင်းခြား သတ်မှတ်ရေးအပိုင်းကိုလည်း ဆွေးနွေးဖြစ်တယ်။ နယ်မြေပိုင်းခြား သတ်မှတ်မှုမှာက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုမျိုး တွေမဖြစ်အောင် တပ်တွေ နေရာချထားခြင်းကို ဆွေးနွေးဖြစ်ပါတယ်။ ဒါကို EAOs တွေကလည်း ပြန်လည်ဆွေးနွေးပါတယ်။ အသေးစိတ် သတ်မှတ်နိုင်ရေးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် JMC-S Level မှာ အဓိကပြန်လည် ဆွေးနွေးပြီး ပြည်ထောင်စု အဆင့် JMC-S Level ကို ပန်လည်တင်ပြ နိုင်ဖို့ဆွေးနွေး ဖြစ်ကြတယ်။ ဒါ့အပြင် နယ်ခြား စောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေ ဖွဲ့စည်းထား တာလည်း ရှိပါတယ်။ သူတို့ဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် တပ်ဘက်ဆိုင်ရာကျင့်ဝတ် (COC) တွေနဲ့အညီ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒါတွေကို တပ်မတော်ကနေ ဦးဆောင်ပြီး ကွပ်ကဲဆောင်ရွက် နေပါတယ်''ဟု ပြောသည်။

ဆက်လက်၍ JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ''နယ်ခြားစောင့်တပ်တွေ အပါအဝင် တပ်မတော်က တိုက်ရိုက်ကွပ်ကဲတဲ့ ပြည်သူ့စစ်တွေဟာ NCA နဲ့ပတ်သက်တဲ့ တပ်ဘက်ဆိုင်ရာ ကျင့်ဝတ် (COC) နဲ့အကျုံးဝင်တယ်။ ဒါကိုလည်း ဒီနေ့ရှင်းရှင်း လင်းလင်း ဆွေးနွေးဖြစ်တယ်။ ပြီးတော့ အစိုးရဘက်ကနေပြီး ဒုတိယအကြိမ်ကျင်းပမယ့် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံနဲ့ ပတ်သက်ပြီး တက်ရောက်နိုင်တဲ့ ကိစ္စမျိုးတွေကို ဆွေးနွေးကြတဲ့ အခါမှာ အစိုးရဘက်ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းသိရတယ်။ NCA လက်မှတ် ရေးထိုးဖို့ ဖိတ်ကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကိုပဲ အဓိက ထားတက်ရောက်ခွင့်ရှိပြီး အဲဒီ EAOs အဖွဲ့အစည်း တွေကနေ ခွဲထွက်တဲ့အဖွဲ့တွေကိုတော့ လက်မခံဘူးလို့သိရတယ်။ ဒါ့အပြင်ဒေသ ဆိုင်ရာအဆင့် JMC-L အဖွဲ့တွေကို ဇွန်လမကုန်မီ ရှမ်းပြည်နယ်မှာဆို လင်းခေး၊ ကရင်ပြည်နယ်မှာဆို ဖာပွန်၊ ပဲခူးတိုင်းဒေသ ကြီးမှာဆို မော်ကလီတို့မှာ တစ်ခုစီဖွဲ့စည်းသွား ဖို့ကို သဘောထား ဆုံးဖြတ်ပေး လိုက်ပါတယ်။ ဒီဖွဲ့စည်းမှုရဲ့ အသေးစိတ် အပိုင်းတွေကို JMC-S ကနေ ဆုံးဖြတ်လုပ်ဆောင် ရမှာပါ။ JMC-S ရဲ့ရုံးတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ ဝန်ထမ်းတွေ မလုံလောက်တာ တွေလည်းရှိတယ်။ ဒါကို ယခုနှစ်မှာ JMC ဘတ်ဂျက်က တစ်နှစ်စာ ရပြီးပြီဆိုတော့ လာမယ့်တစ်လ နှစ်လအကြာမှာ JMC-S ရုံးတွေရဲ့ ဝန်ထမ်းလို အပ်ချက်တွေကို ပြည့်စုံအောင် ခန့်အပ်သွားဖို့လည်း ဆွေးနွေးဖြစ်ကြတယ်''ဟု ပြောသည်။

အဆိုပါ ဒသမအကြိမ် JMC-U အစည်း အဝေး၏ ထပ်မံဆွေးနွေးရန် ကျန်ရှိနေသော အချက်များအား မေ ၅ ရက်တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။ သုံးရက်ကြာ JMC-U ဆွေးနွေးချက်များ၊ သဘောတူညီ ချက်များနှင့် JMC ၏ ရှေ့လုပ်ငန်းစဉ်ဆောင် ရွက်သွားမည့် အခြေအနေများအား တတိယနေ့ အစည်းအဝေးအပြီး ညနေပိုင်းတွင် မီဒီယာ ရှင်းလင်းပွဲကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, March 7, 2017

မြန်မာ-ဂျပန် နှစ်နိုင်ငံကြား အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ တိုးတက်မြင့်မား လာရေး ဆောင်ရွက်မည်



ရန်ကုန် ၊ ၇-၃-၂၀၁၇

မြန်မာ - ဂျပန် နှစ်နိုင်ငံကြား အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများ တိုးတက်မြင့်မား လာစေရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသော မြန်မာ- ဂျပန် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ တွေ့ဆုံ ဆွေးနွေးပွဲ မှ သိရသည်။

အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံရှိ Japan-Myanmar Economy & Investment Center ( JMEIC ) မှ ဥက္ကဋ္ဌ Mr. Noriyuki Yonemura ဦးဆောင်သော ဂျပန်စီးပွားရေး လုပ်ငန်းရှင် ၂ဝ ဦးတို့က ပူးပေါင်း လုပ်ဆောင်လိုသည့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံချိတ်ဆက် နိုင်ရန် ဆွေးနွေးကြကြောင်း သိရသည်။

ယင်းဂျပန် ကိုယ်စားလှယ် အဖွဲ့တွင် လျှပ်စစ်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်း၊ အိမ်သုတ်ဆေး လုပ်ငန်း ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ စက်မှုလုပ်ငန်း ဆိုင်ရာ ပစ္စည်း ထုတ်လုပ်သော လုပ်ငန်း၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းနှင့် အိမ်တွင်းအလှဆင် (ကျွန်းသစ် ဆက်စပ် ပရိဘောဂ) လုပ်ငန်းတို့မှ လုပ်ငန်းရှင်များ ပါဝင်သည်။

''မြန်မာနိုင်ငံမှာ ရှိတဲ့ SME လုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေ အနေနဲ့ အခွင့်အလမ်း ကောင်းရရှိစေဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အခုလို လုပ်ဆောင်ရာမှာ လုပ်ငန်း အမျိုးအစားပေါ် မူတည်ပြီး ဂျပန်စီးပွားရေး လုပ်ငန်းရှင် ၂ဝ ဦး လာရောက်ခဲ့ ပါတယ်။ လိုက်ပါလာတဲ့ အဖွဲ့တွေ၊ လုပ်ငန်းရှင်တွေရဲ့ တွေ့ဆုံဆွေးနွေးမှု ရလဒ်တွေပေါ် မူတည်ပြီး လုပ်ငန်းတွေကို ချိတ်ဆက် လုပ်ကိုင်သွား မှာပါ'' ဟု Japan - Myanmar Economy & Investment Center ဥက္ကဋ္ဌ Mr. Noriyuki Yonemura ကပြောသည်။

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ SME ၌ အစိုးရ၏ SME လုပ်ငန်းများအပေါ် လုပ်ဆောင်ပေးသည့် ဆုံးဖြတ်ချက်များ အတိုင်း အခြေပြု၍ ဂျပန်နိုင်ငံဘက်မှ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ ဆောင်ရွက်ပေး သွားမည် ဖြစ်သည်။

''ဂျပန်နိုင်ငံအနေနဲ့ အခုလို လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းဖို့ စီစဉ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း တွေမှာ အခွင့်အလမ်း ကောင်းတွေ ရရှိလာမှာပါ။ အခုလို နှစ်နိုင်ငံကြား ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတွေ ပူးပေါင်းဖို့ ဆွေးနွေးခဲ့လို့ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ပိုတိုးတက် လာနိုင်ပါတယ်'' ဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဦးမျိုးသက် ကပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Friday, February 17, 2017

(၁၂)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေးကျင်းပ


(၁၂)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေးကျင်းပစဉ်

ရန်ကုန် ၊ ၁၇-၂-၂၀၁၇

နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆာလူဇေးကွမ် မာစစ် တို့ ပူးတွဲဥက္ကဋ္ဌ အဖြစ် ကျင်းပသည့် (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသ အာဏာပိုင်များ အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝနာရီ ၄၅ မိနစ် တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ၌ ကျင်းပသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ အထူးသဖြင့် နယ်စပ်နေ ဒေသခံပြည်သူ များ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည့် နယ်စပ်ဒေသ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ် အာဏာပိုင်များ အကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ ကြသည်။

ယင်းနောက် နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးက လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှင့်အဖွဲ့အား ဆီဒိုးနားဟိုတယ်၌ နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး ဌာန နိုင်ငံရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသား နယ်နိမိတ်ကော်မတီရုံး ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖန်ဆာဗန်းကီရိုပရာဆွတ် တို့ကဦးဆောင်၍ ဖေဖော်ဝါရီ ၁၅ ရက်က ဆီဒိုးနားဟိုတယ် ၌ ကျင်းပခဲ့သည်။ ယင်း အစည်းအဝေးသို့ လာအို ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အတူ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ ကြသည်။

လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာလူ နှင့်အဖွဲ့သည် (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသ အာဏာပိုင်များ အစည်းအဝေး တက်ရောက်ရန် ယမန်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Wednesday, February 8, 2017

ဆဋ္ဌမအကြိမ် မြန်မာ-လာအိုနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး ၀န်ကြီးအဆင့် အစည်းအဝေးကျင်းပ


ပြည်ထဲရေးဝန်ကြီး ဌာနနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးစဉ်

နေပြည်တော် ၊ ၈-၂-၂၀၁၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုး ထားသော တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင် ရွက်မှု နားလည်မှု စာချွန်လွှာ အကောင်အထည် ဖော်ရေး ဆဋ္ဌမအကြိမ် မြန်မာ-လာအို နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ အကောင်အထည် ဖော်ရေး ဝန်ကြီးအဆင့် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊
အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနဝန်ကြီး Pol.Maj. Gen Somkeo SYLAVONG နှင့် အမြဲတမ်းအတွင်းဝန် လာအိုနိုင်ငံ ရဲအဖွဲ့ရဲချုပ်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

အစည်းအဝေး ကျင်းပရာတွင် မြန်မာ-လာအို နှစ်နိုင်ငံဝန်ကြီး အဆင့် အစည်းအဝေး နှင့်ပတ်သက်သည့် အဆင့်မြင့် အရာရှိကြီးအဆင့် အစည်းအဝေးကို နံနက် ၁ဝ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ အဆိုပါဝန်ကြီးရုံး
အစည်းအဝေး ခန်းမ၌ကျင်းပပြီး ဝန်ကြီးအဆင့် အစည်းအဝေးကို မွန်းလွဲ ၂ နာရီတွင် ဆက်လက်ကျင်းပ ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ သတင်း အချက်အလက်များ ဖလှယ်ရေး၊ နှစ်နိုင်ငံ၏ နယ်စပ် ဆက်ဆံရေးရုံး ယန္တရား တိုးမြှင့်ဖော် ဆောင်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး၊ မြန်မာ-လာအို ဘာသာစကား အပြန်အလှန် သင်ကြားရေးနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များ တိုးမြှင့် ဖော်ဆောင်ရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

Friday, January 27, 2017

ဟိမ၀န္တာတောင်တန်းဒေသ ထိန်းသိမ်းရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ ပါဝင်မည်



ရန်ကုန် ၊ ၂၇-၁-၂၀၁၇

အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးရေး ဌာန (ICIMOD) နှင့်ပူးပေါင်း၍ မဲခေါင်၊ ယန်စီနှင့် သံလွင်မြစ် တို့မြစ်ဖျားခံရာ ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံ ပါဝင်မည် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်နှင့် ဘူတန်နိုင်ငံ တို့ ပူးပေါင်းဆောင်ရွက်နေသော ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံကို ယခုနှစ်တွင် ဖိတ်ခေါ်ခြင်း ဖြစ်ပြီး ထိန်းသိမ်းရေး လုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် တွင် စတင်မည် ဖြစ်ကာ ငါးနှစ်စီမံကိန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါငါးနှစ် စီမံကိန်းတွင် တောင်တန်းဒေသ၌ နေထိုင်သည့် ဒေသခံများ လူမှုဘဝ ဖွံ့ဖြိုးရေး၊ ရေခဲအရည်ပျော်ခြင်း ကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ဘေးအန္တရာယ် များကို နည်းပညာဖြင့် ပူးပေါင်း အဖြေရှာရေးနှင့် သုတေသန လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း သိရသည်။

ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး အတွက် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးရေး ဌာနနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ယခုလအတွင်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သုတေသန လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ရေဝေရေလဲ အုပ်ချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံက ဆွေးနွေးခဲ့သည်။

အဆိုပါလုပ်ငန်းများ အပြင် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းများ ပူးပေါင်း အကောင်အထည် ဖော်ရန်နှင့် သဘာဝ ဘေးအန္တရာယ်များ တွေ့ကြုံရပါက ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Wednesday, January 25, 2017

ရန်ကုန်မြို့၌ ဂျပန်နိုင်ငံအကူအညီဖြင့် ဆိုလာစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်ရန် မြေနေရာရှာဖွေ


ရန်ကုန် ၊ ၂၅-၁-၂၀၁၇

ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်တက် လာသည်နှင့်အမျှ စီမံကိန်းများ ချမှတ်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆောင်ရွက်လျက် ရှိရာ ဆိုလာစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ရန် မြေနေရာ ရှာဖွေလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ဆိုလာစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် ရန်ကုန်မြို့နှင့် ညီအစ်မမြို့တော် ဖြစ်သော ဂျပန်နိုင်ငံရှိ ဝါဆာကီမြို့က နည်းပညာ ပိုင်းနှင့် ငွေကြေး အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆိုလာစွမ်းအင် မှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အား များကို မည်သည့်နေရာ၌ အသုံးပြုမည်ကို ညှိနှိုင်း ဆွေးနွေးနေဆဲ ဖြစ်ပြီး ဆိုလာ စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် နေရောင်ခြည် အပြည့်အဝ ရရှိသောနေရာ ဖြစ်ရန် လိုသည့်အတွက် နေရာရှာဖွေ နေရခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သည် လျှပ်စစ်ဓာတ်အား ၆၉ ရာခိုင်နှုန်းကျော် အထိ အသုံးပြုလျက် ရှိပြီး လိုအပ်သော လျှပ်စစ်ဓာတ်အား များ ရရှိရေးအတွက် သင့်လျော်မှု ရှိသော စီမံကိန်းများဖြင့် ဖြည့်ဆည်းပေး နိုင်ရန် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ စက်မှုဇုန်များစွာ ရှိနေသည့် အတွက် ပြည့်ဝသော လျှပ်စစ် ဓာတ်အားပေး နိုင်ရေး၊ လျှပ်စစ်မီးများ ပြတ်တောက်မှု မရှိစေရန် အလုံ ဓာတ်အားပေး စက်ရုံ၏ တစ်ဖက်ကမ်း ဆိပ်ကြီး ခနောင်တို မြို့နယ် တွင် ၃ဝဝ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ရုံ၊ သန်လျင်- သီလဝါ အထက်ပိုင်း ၌ သင်္ဘောဖြင့် တင်လာမည့် ၃ဝဝ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ရုံ စုစုပေါင်း လျှပ်စစ်မဂ္ဂါဝပ် ၆ဝဝ ထုတ်လုပ် နိုင်ရန်စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ မောင်တောမြို့သို့ ရောက်ရှိ


မောင်တော ၊ ၂၅-၁-၂၀၁၇

အင်ဒိုနီးရှား နိုင်ငံမှ မောင်တော ခရိုင်အတွက် ထောက်ပံ့လှူဒါန်း သည့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများသည် ယနေ့နံနက် ၉ နာရီတွင် မောင်တောမြို့ ကညင်ချောင်း ဆိပ်ကမ်းသို့ ရောက်ရှိသည်။

အဆိုပါ ထောက်ပံ့ရေး ပစ္စည်းများကို စိန်ရ နှင့် သိန်းသန်းလှိုင် အမည်ရှိ သင်္ဘောများနှင့် စစ်တွေဆိပ်ကမ်း မှ မောင်တော ဆိပ်ကမ်းသို့ သယ်ဆောင် လာခြင်းဖြစ်ပြီး ဂျုံ ၂၁၄၆ အိတ်၊ ခေါက်ဆွဲခြောက် ထုပ် ၅၄ဝဝ၊ အာဟာရမှုန့် အိတ် ၁ဝ၅ဝ နှင့် ပုဆိုး ၃၅ အိတ်တို့ ဖြစ်ကြောင်း သိရသည်။

''ဒီထောက်ပံ့ရေး ပစ္စည်းတွေကို သင်္ဘောနှစ်စင်းနဲ့ ဆိပ်ကမ်းကနေ ပင်လယ်ကို ဖြတ်ပြီး မေယုမြစ်အတိုင်း မောင်းနှင်သယ်ယူ ခဲ့ပါတယ်။ အခု မောင်တော ဆိပ်ကမ်းကို ရောက်တော့ တာဝန်ရှိသူတွေ ဆီကို စနစ်တကျ အပ်နှံခဲ့ပါ တယ်'' ဟု စိန်ရသင်္ဘော ၏ ပဲ့နင်းဖြစ်သူ ဦးခင်မောင်ရီ ပြောသည်။

မောင်တောခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်က ''ဒီနေ့ နံနက်ပိုင်းမှာ အင်ဒိုနီးရှား အစိုးရက ထောက်ပံ့တဲ့ ပစ္စည်းတွေ သင်္ဘောနှစ်စင်းနဲ့ မောင်တောကို ရောက်ရှိပါတယ်။ အဲဒီသင်္ဘော နှစ်စင်းမှာ တစ်အိတ်ကို ၁၃၆ ဘူးပါတဲ့ ဂျုံအိတ်၂၁၄၆ အိတ်၊ တစ်အိတ်ကို အထုပ် ၃ဝဝ စီပါတဲ့ အာဟာရမှုန့် အိတ် ၁ဝ၅ဝ၊ တစ်ဖာကို အထုပ် ၄ဝ စီပါတဲ့ ခေါက်ဆွဲခြောက် ထုပ် ၅၄ဝဝ နဲ့ တစ်အိတ်ကို အထည် ၂ဝဝ စီပါတဲ့ ပုဆိုးအိတ် ၃၅ အိတ် ပါဝင်ပါ တယ်။ အဲဒီ ထောက်ပံ့ရေး ပစ္စည်းတွေကို ဒီနေ့ပဲ သင်္ဘောပေါ်ကချပြီး စုရပ်ဖြစ်တဲ့ ကြိမ်ချောင်း မှာစုပုံမှာ ဖြစ်ပါတယ်။ နောက်တစ်နေ့မှာ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် စီမံခန့်ခွဲမှု ကော်မတီဝင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ၊ INGO နဲ့ NGO တွေ၊ ရပ်မိရပ်ဖတွေ အပါအဝင် CSO အဖွဲ့တွေ ကိုဖိတ်ခေါ်ပြီး ကျီးကန်းပြင်နဲ့ ကြိမ်ချောင်းကြား က စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး အခက်အခဲ တွေ့နိုင်တယ်လို့ ယူဆရတဲ့ နေရာတွေကို ဦးစားပေး ဖြန့်ခွဲနိုင်ဖို့ ကွင်းဆင်းစီမံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟုပြောသည်။

အဆိုပါ ထောက်ပံ့ရေး ပစ္စည်းများကို မောင်တောဒေသရှိ နှစ်ဖက်လူမှု အသိုင်းအဝိုင်း အတွက် စနစ်တကျ ခွဲဝေထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Thursday, January 19, 2017

ဂျပန်ယန်း ၉၃ ဒသမ ၉၇၀ ဘီလီယံရယူနိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


နေပြည်တော် ၊ ၁၉-၁-၂၀၁၇

မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်မည့် စီမံကိန်းငါးခု အတွက် ဂျပန်ယန်း ၉၃ ဒသမ ၉၇ဝ ဘီလီယံ ရယူ ဆောင်ရွက်ရေး နှင့် စပ်လျဉ်း၍ ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၌ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ကြောင်း သိရသည်။

ယင်းစီမံကိန်း ငါးခုမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ဆင်းရဲမှုလျှော့ချရေး အထောက်အကူ ပြုမည့် အခြေခံ အဆောက်အဦ တည်ဆောက်ရေး နှင့် ပြုပြင်ရေး လုပ်ငန်း စီမံကိန်းအဆင့်-၂၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဆင့်-၂ ဆင့် ချေးငွေစီမံကိန်း၊ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအဆင့်-၂၊ အပိုင်း(၁)၊ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီး များတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး အဆင့်-၁၊ အပိုင်း(၂) စီမံကိန်းတို့ အတွက် ဂျပန်နိုင်ငံ မှ ပေးအပ်သည့် တရားဝင်ဖွံ့ဖြိုးမှု ချေးငွေ (Official Development Assistance Loan) တို့ဖြစ်သည်။

အဆိုပါချေးငွေများ အတွက် စည်းကမ်းချက် များမှာ အတိုးနှုန်း တစ်နှစ်လျှင် သုည ဒသမ ဝ၁ ရာခိုင်နှုန်း ဆိုင်းငံ့ကာလ ၁ဝ နှစ်နှင့် ပြန်ဆပ်ကာလ နှစ် ၃ဝ စုစုပေါင်းချေးငွေ သက်တမ်း နှစ် ၄ဝ ဖြစ်သည်။ ယင်းချေးငွေများ ရယူရန် လဲလှယ်မှု စာချွန်လွှာကို ဂျပန်နိုင်ငံအစိုးရ ကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တာတဲရှီဟီဂူချီ နှင့် မြန်မာနိုင်ငံအစိုးရ ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Friday, January 13, 2017

လေဆိပ်သစ်ကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ကုန်ကျခံ တည်ဆောက်ရန်စီစဉ်



ပဲခူး ၊ ၁၃-၁-၂၀၁၇

လာမည့် ၂ဝ၂၁ ခုနှစ်တွင် ခန့်မှန်း တွက်ချက်မှုအရ လေကြောင်း ခရီးသည် ၁၁ သန်းခန့် တိုးတက်များပြား လာနိုင်ဖွယ်ရှိပြီး လေကြောင်းဆိုင်ရာ ကွန်ရက်ချင်း ဆုံရပ်၌ တည်ရှိသော ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် အတွက် စီမံကိန်း၏ ခန့်မှန်း ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ နှစ်ဘီလီယံခန့် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အစိုးရက Public Factilites တည်ဆောက်ရေး ခန့်မှန်းကုန်ကျ စရိတ်အတွက် ဂျပန်နိုင်ငံမှ ချစ်ကြည်ရေး ကို အခြေခံသည့် ODA ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၈၉ဝ အား ချေးယူပေးရမည် ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်မည့် Consortium မှ ချေးငွေ၏ အတိုးနှင့် အရင်းအား ပြန်လည်ပေးဆပ် သွားမည်ဖြစ်သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်ပြေးလမ်း တစ်ကြောင်းတည်း သာရှိပြီး မြေနေရာ အနေအထား အကျယ်အဝင်းအရ ပြေးလမ်းအသစ် ထပ်မံမတိုးချဲ့ နိုင်ခြင်း၊ လေယာဉ် ရပ်နားရန် နေရာ အလုံအလောက် တိုးချဲ့နိုင်ခြေ မရှိခြင်း၊ ပတ်ဝန်းကျင်တွင် လူနေထူထပ် လာသောကြောင့် ၂၄ နာရီ အော်ပရေးရှင်း အတွက် ဆူညံသံများရှိခြင်း၊ အဆင်းမှာ မြောက်ဘက် တစ်ဖက်တည်းကသာ ဆင်းသက်ရခြင်း၊ အတက်မှာလည်း အများအားဖြင့် တောင်ဘက်သို့ တက်၍ လက်ယာဘက်သို့ ကွေ့ရခြင် စသည့်  အခက်အခဲများစွာ ရှိကြောင်း သိရသည်။

ထို့ပြင် နောင်အနာဂတ်တွင် တိုးတက်များပြား လာမည့် လေယာဉ်များ၊ ကုန်တင်လေယာဉ် များအား နိုင်ငံတကာစံချိန်စံညွှန်း များဖြစ်သော အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် (International Civil Aviation Organization- ICAO) ၏ ဘေးအန္တရာယ် ကင်းဝေးရေးဆိုင်ရာ (Safetly) စံချိန်စံညွှန်းများ အတိုင်း ဆောင်ရွက်ရန် အခက်အခဲများလည်း ရှိနေပြီး လုံခြုံရေး ကောင်းသော အော်ပရေးရှင်း ပြုလုပ်နိုင်ရေး ဖြစ်နိုင်ခြေမရှိခြင်း စသည့် အခက်အခဲများလည်း ရှိကြောင်း သိရသည်။

ထို့ကြောင့် ယခင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ၁ဝ မိုင် ပတ်လည်အတွင်း ရှာဖွေခဲ့သည့် မြေနေရာ ကိုးနေရာအနက် ကျန် ရှစ်နေရာသည် အောက်ခံမြေသား မကောင်းခြင်း၊ ရေ၊မီးရရှိရန် ခက်ခဲခြင်း၊ Air Route နှင့် Circuit များထပ်နေ၍ လေကြောင်းဆိုင်ရာ ကန့်သတ်ချက် များရှိ၍ ဆောင်ရွက်ရန် မသင့်လျော်ခြင်း စသည့်အချက်များနှင့် စိစစ်မှုအရ အသင့်တော်ဆုံးဖြစ်သော နိုင်ငံတကာလေဆိပ် များနည်းတူ အဆင့်လိုက် တိုးမြှင့်တည်ဆောက် နိုင်မည့် မြေနေရာ အကျယ်အဝန်း ၉၆၉ဝ ဒသမ ၄ ဧကရှိသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းဟောင်း နေရာတွင် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ကိုင်တွယ်နိုင်မည့် အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် PPP စနစ်ကို အခြေခံသော Concession Agreement ဖြင့် ဆောင်ရွက်မည့် နိုင်ငံတကာ တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကလုပ်ငန်း ရှင်အဖွဲ့အား ဂျပန်နိုင်ငံမှ အတိုင်ပင်ခံ Nippon Koei Co., Ltd ဖြင့် စိစစ်ရွေးချယ် ခဲ့ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံအစိုးရ ဘက်မှလည်း ODA ချေးငွေပေးရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ခေတ်မီသော Digital နည်းစနစ်များဖြင့် နိုင်ငံတကာ အဆင့်မီ လေဆိပ်သစ်အား လေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)

Friday, December 30, 2016

စက်မှုသင်တန်းကျောင်းသုံးခု ထပ်မံဖွင့်လှစ်ရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်ရှိ


မကွေးမြို့ရှိ စက်မှုသင်တန်းကျောင်းကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၀-၁၂-၂၀၁၆

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်မှု သင်တန်းကျောင်း သုံးခု ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ဆွေးနွေးလျက် ရှိကြောင်း စက်မှုဝန်ကြီး ဌာန သင်တန်းကျောင်းများ ကြီးကြပ်ရေး ဌာန ညွှန်ကြားရေးမှူး ထံမှ သိရသည်။

လက်ရှိတွင် စက်မှုဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ အရ မန္တလေး၊ ဆင်တဲ၊ သာဂရ၊ ပခုက္ကူ၊ မကွေးနှင့် မြင်းခြံမြို့ တို့၌ နိုင်ငံတကာနှင့် ပူးပေါင်းကာ သင်တန်းကျောင်း ခြောက်ခု ဖွင့်လှစ် ထားကြောင်း သိရသည်။

စက်မှုဝန်ကြီး ဌာနသည် စက်မှု သင်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် မြေနေရာ၊ အဆောက်အအုံ စသည့် လိုအပ်ချက်များ ကို ပံ့ပိုးပေးထားပြီး နိုင်ငံတကာ အဖွဲ့အစည်း များကလည်း စက်ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် နည်းပညာ များကို ပူးပေါင်း ပါဝင်ကူညီ ခဲ့သည်။

ထို့ပြင် စက်မှုနှင့် အသက်မွေး ပညာရပ် များကို သင်ကြားလိုသူ များအနေဖြင့် စက်မှု ဝန်ကြီးဌာန၌ အခမဲ့ ရွေ့လျား သင်တန်းများ တောင်းခံနိုင်ကြောင်း၊ ယင်းအခမဲ့ သင်တန်း များကို အလွယ်တကူ တောင်းခံနိုင်မည် ဖြစ်ပြီး လူဦးရေနှင့် သင်တန်းပေးနိုင်ရန် နေရာရှိပါက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အခမဲ့သင်တန်းများ တောင်းခံရာတွင် လူဦးရေ ၂၅ ဦး စုစည်းမှု ရှိရန်လိုပြီး စက်မှုဇုန်များ အတွက် သင်တန်းဖွင့်လှစ် ပေးရန် တောင်းဆိုလို သူများ အနေဖြင့် ဘာသာရပ် ငါးခု၊ ကျေးလက်ဒေသများ အတွက် သင်တန်းတောင်းသူ များအနေဖြင့် ဘာသာရပ်သုံးခု တောင်းခံနိုင်ကြောင်း သိရသည်။

အဆိုပါအခမဲ့ သင်တန်းများကို ရယူလိုပါက စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန ရုံးအမှတ် (၃ဝ) နေပြည်တော်သို့ လိပ်မူ၍ သင်တန်းများ တောင်းခံနိုင်ပြီး ဖုန်း -ဝ၆၇- ၄ဝ၅၁ဝ၁ နှင့် ဝ၆၇- ၄ဝ၅ဝ၅၁ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Wednesday, December 7, 2016

မြန်မာနိုင်ငံမသန်စွမ်းသူများ အတွက် သတင်း အချက်အလက် နည်းပညာသင်ကြားရေးဌာန ဖွင့်လှစ်နိုင်ရေး ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း နှင့် ပူးပေါင်းဆောင်ရွက်မည်


ရန်ကုန် ၊ ၇-၁၂-၂၀၁၆

မြန်မာနိုင်ငံတွင် မသန်စွမ်းသူ များအတွက် သတင်း အချက်အလက် နည်းပညာ သင်ကြားရေးဌာန ဖွင့်လှစ်သွား နိုင်ရေးအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း နှင့်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (၁ဝ)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား သတင်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၄ ရက်က ထုတ်ပြန်သည့် သတင်းများ အရ သိရသည်။

မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (၁ဝ)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကို ဒီဇင်ဘာ ၂ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊ ယူနက်စကို ရုံးချုပ်၌ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မသန်စွမ်းသူများ အတွက် သတင်း အချက်အလက် နည်းပညာဖွံ့ဖြိုး တိုးတက်ရေးနှင့် လေ့ကျင့်သင်ကြား ပေးရေးဆိုင်ရာ ကျွမ်းကျင်သူများ ဆွေးနွေးပွဲ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဦးဆောင် ဆွေးနွေးသူ အဖြစ် ပါဝင်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီးသည် မြန်မာနိုင်ငံ၌ မသန်စွမ်းသူများ အတွက် သတင်း အချက်အလက် နည်းပညာ သင်ကြားရေး ဌာနဖွင့် လှစ်သွားနိုင်ရေး အတွက် ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်းနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ် သဘောတူ လက်မှတ်ရေး ထိုးခြင်း အခမ်းအနား သို့ တက်ရောက် ခဲ့သည်။

အဆိုပါလုပ်ငန်း အစီအစဉ်အရ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အတွက် သတင်း အချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယူနက်စကိုက သင်ရိုးညွှန်းတမ်း ပြုစုရေးသား နိုင်ရေး ပံ့ပိုးပေးမည်ဖြစ်ပြီး မိုက်ခရိုဆော့ (အာရှရုံးခွဲ) က လိုအပ်မည့် နည်းပညာဆိုင်ရာ အကူအညီ ပေးမည် ဖြစ်သည်။ 

ထို့ပြင် ဂျပန်နိုင်ငံ နီပွန်ဖောင် ဒေးရှင်း ကလည်း လိုအပ်သော အဆောက်အအုံ မွမ်းမံခြင်းနှင့် ကွန်ပျူတာ သင်ထောက်ကူ ပစ္စည်းများ ပံ့ပိုးပေးသွားမည် ဖြစ်သည်။ အဆိုပါ Center of Excellence ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါ စင်တာသည် မသန်စွမ်းများအတွက် အရှေ့တောင် အာရှတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ 

Tuesday, December 6, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 17th ASEAN Chiefs of Army Multilateral Meeting(17th ACAMM) အစည်းအဝေး နှင့် ညစာစားပွဲ တက်ရောက်


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ACAMM Protocol ကို လက်မှတ်ရေးထိုးစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 17th ASEAN Chiefs of Army Multilateral Meeting(17th ACAMM) အစည်းအဝေး သို့ 
တက်ရောက်စဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အာဆီယံ ကြည်းတပ်ဦးစီးချုပ်များနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၆-၁၂-၂၀၁၆

ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေသော ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဒီဇင်ဘာ ၅ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီတွင် မနီလာမြို့ရှိ Philippine International Conventional Center ၌ကျင်းပ ပြုလုပ်သော 17th ASEAN Chiefs of Army Multilateral Meeting(17th ACAMM) အစည်းအဝေးသို့ တက်ရောက်သည်။

အဆိုပါ အစည်းအဝေး သို့ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ဘရူနိုင်း တပ်မတော် ကြည်းတပ်ဦးစီးချုပ် Brigadier General Pengiran Dato Seri Pahlawan Aminan Bin pengiran Haji Mahmud ၊ ကမ္ဘောဒီးယား တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Meas Sophea ၊ အင်ဒိုနီးရှား တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Mulyono ၊ လာအိုတပ်မတော် ကြည်းတပ်ဦးစီးချုပ် Brigadier General Khamlieng Outhakaisone ၊ မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Tan Sri Raja Mohamed Affandi Bin Raja Mohamed Noor ၊ ဖိလစ်ပိုင် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt. General Eduardo M AN͂ O AFP ၊ စင်ကာပူတပ်မတော် ကြည်းတပ်ဦးစီးချုပ် Major General Melvyn Ong ၊ ထိုင်းဘုရင့် တပ်မတော် ဒုတိယကြည်းတပ် ဦးစီးချုပ် General Pisit Sitthisarn နှင့် ဗီယက်နမ် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt.General Pham Hong Huong တို့ တက်ရောက် ကြသည်။

ဦးစွာ ဖိလစ်ပိုင် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt. General Eduardo M AN͂ O AFP က ကြိုဆို နှုတ်ခွန်းဆက်ခြင်း နှင့် အဖွင့် အမှာစကား ပြောကြားပြီး အထူးဖိတ်ကြား ထားသော National Security Adviser SECRETARY HERMOGENES C.ESPERON Jr. က အမှာစကား ပြောကြားကာ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြသည်။ ဆက်လက်ပြီး အစည်းအဝေး တက်ရောက် လာကြသော ကြည်းတပ် ဦးစီးချုပ်များက နိုင်ငံအလိုက် အကြောင်းအရာများ အလှည့်ကျ ဆွေးနွေးခဲ့ကြပြီး နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။

ဆက်လက်ပြီး နေ့လယ်ပိုင်းတွင် အစည်းအဝေး ပိတ်ပွဲကို ဆက်လက် ကျင်းပရာ ဖိလစ်ပိုင် တပ်မတော်ကြည်းတပ် ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP က နိဂုံးချုပ် အမှာစကား ပြောကြားသည်။ ထို့နောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ် များက ACAMM Protocol ကို လက်မှတ်ရေးထိုး ကြပြီးနောက် ဖိလစ်ပိုင်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt. General Eduardo M AN͂ O AFP သည် ၂ဝ၁၇ ခုနှစ်အတွင်း ၁18th ASEAN Chiefs of Army Multilateral Meeting(18th ACAMM) အစည်းအဝေးများ လက်ခံကျင်းပမည့် စင်ကာပူ တပ်မတော်မှ ကြည်းတပ်ဦးစီးချုပ် Major General Melvyn Ong ထံတာဝန် လွှဲပြောင်းပေးအပ်ပြီး အထိမ်းအမှတ် ကျိုင်းကို လွှဲပြောင်း ပေးအပ်ကာ အမှတ်တရဓာတ်ပုံ ရိုက်ကူး၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြသည်။

ထို့နောက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် Sofitel ဟိုတယ်တွင် ဖိလစ်ပိုင် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt. General Eduardo M AN͂ O AFP နှင့်တပ်မတော် နှစ်ရပ်ကြားရှိပြီး ဖြစ်သည့် စစ်ရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ခြင်း၊ နည်းပညာဆိုင်ရာ ပူးပေါင်း လေ့လာခြင်း တို့အတွက် အဆိုပြုခြင်း နှင့် ဆက်စပ်တိုးမြှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အလားအလာများ အမြင်ချင်း ဖလှယ်ခြင်းတို့အား လည်းကောင်း၊ ဆက်လက်၍ ထိုင်းဘုရင့် ကြည်းတပ်မတော်၊ ဒုတိယ ကြည်းတပ်ဦးစီးချုပ် General Pisit Sitthisarn နှင့် ဒေသစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၂ဝ တွင် Sofitel ဟိုတယ်၌ ထပ်မံတွေ့ဆုံခဲ့ပြီး သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ် အကြား ရှိပြီး ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေး ဆိုင်ရာများ၊ မူးယစ်ဆေးဝါး နှင့် လူကုန်ကူးမှု ဆိုင်ရာ ကိစ္စရပ်များ၊ အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှု တို့ဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး တို့အပြင် Cobra Gold ကဲ့သို့ နိုင်ငံစုံပူးပေါင်း စစ်ရေး လေ့ကျင့်ခန်း များတွင် လေ့လာသူ အဖြစ်နှင့် နှစ်စဉ်ပါဝင် နိုင်ရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့ ကြသည်။

ယင်းနောက် ဒေသ စံတော်ချိန် ည ၆ နာရီ ၄၅ မိနစ်တွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့သည် ခေတ္တ အခြေပြုရာ Sofitel ဟိုတယ်၊ Luzon Hall ၌ ဖိလစ်ပိုင် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP နှင့်ဇနီးတို့ တည်ခင်း ဧည့်ခံသော (ACAMM-17) ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။

အဆိုပါဂုဏ်ပြု ညစာစားပွဲသို့ အာဆီယံနိုင်ငံ များမှ ကြည်းတပ် ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဖိလစ်ပိုင် တပ်မတော်ကြည်းတပ် ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP တို့ အထိမ်းအမှတ် 
လက်ဆောင်များ အပြန်အလှန် ပေးအပ်စဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ် ဖိလစ်ပိုင် တပ်မတော်ကြည်းတပ် ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP နှင့်ဇနီးတို့ တည်ခင်း ဧည့်ခံသော (ACAMM-17) ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်စဉ်

ဦးစွာ ဖိလစ်ပိုင်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး အာဆီယံနိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များ၊ ဇနီးများနှင့် အတူ ညစာကို အတူတကွ သုံးဆောင် ကြသည်။ ညစာမသုံးဆောင်မီ နှင့် သုံးဆောင် နေစဉ်အတွင်း ဖိလစ်ပိုင် တပ်မတော် (ကြည်း) ယဉ်ကျေးမှုအဖွဲ့က တေးသီချင်းများဖြင့် ဖျော်ဖြေ ကြသည်။ ယင်းနောက် အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Thursday, November 3, 2016

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် တောင်ကိုရီးယား အကူအညီဖြင့် တွံတေးတူးမြောင်း အဆင့်မြှင့်တင်ရေး လုပ်ငန်း စတင်မည်



ရန်ကုန် ၊ ၃-၁၁-၂၀၁၆

၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တွံတေး တူးမြောင်း အဆင့်မြှင့်တင်ရေး လုပ်ငန်းကို တောင်ကိုရီးယား နိုင်ငံ၏ ချေးငွေ အမေရိကန် ဒေါ်လာ ၆၁ ဒသမ ၃ သန်းဖြင့် စတင်နိုင်မည် ဖြစ်ကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

နှစ် ၁ဝဝ ကျော် သက်တမ်းရှိ တွံတေး တူးမြောင်းကို အဆင့်မြှင့်တင် ရာတွင် ခနောင်တိုချောင်း နှင့် တွံတေးတူးမြောင်း ဆုံသည့်နေရာ ဇီးရိုးမိုင်ရှိ အောက်ခြေ ကြမ်းပြင်ကို ဖို့ခြင်း၊ ကမ်းပါး တိုက်စားခြင်းကို ကာကွယ်ရန် ကမ်းထိန်း နံရံများ ပြုလုပ်ခြင်း နှင့် တူးမြောင်း တစ်လျှောက်ရှိ ကျေးရွာငယ် များ ရေကြီး နစ်မြုပ်မှုမှ ကာကွယ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြစ်ဝဘက်  အောက်ခြေမှ စတင် လုပ်ဆောင်သွားမည် ဖြစ်ပြီး ရေဝင်ရောက်ခြင်း မရှိစေရန် တာများဖြင့် တားဆီး သွားမည် ဖြစ်ကာ တူးမြောင်းအပြင် ခနောင်တိုချောင်း ကိုပါ အဆင့် မြှင့်တင်မည် ဖြစ်ကြောင်း သိရသည်။

''လက်ရှိ လျာထားချက် အရ ဇီးရိုးမိုင် ကနေ လေးမိုင်လောက် အထိ ပြင်ဆင်လို့ ရပါမယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကျော်မှူး က ပြောသည်။

၁၈၇၃ ခုနှစ်တွင် ပသီ ချောင်းဖျားနှင့် အရှေ့ဘက် ခနောင်တို ချောင်းဖျားကို မူလရှိပြီးသား ငွေပန်းစုရိုးငယ် နှင့် ဆက်စပ်၍ တွံတေးတူးမြောင်း ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၅ မိုင် ရှည်လျားကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

မြန်မာနိုင်ငံရေကြောင်း တက္ကသိုလ် IAMU အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်း ခံရ



ရန်ကုန် ၊ ၃-၁၁-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ကို ဥရောပနှင့် အာရှ အပြည်ပြည် ဆိုင်ရာ ရေကြောင်းတက္ကသိုလ် များအဖွဲ့ (International Association of Maritime Universities- IAMU) ၏ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင် ထံမှ သိရသည်။

''ဒီလို အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ရေကြောင်းတက္ကသိုလ် တွေရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ ပြီးခဲ့တဲ့ သုံးလေးနှစ် ကတည်းက ကျွန်တော်တို့ တက္ကသိုလ်အနေနဲ့ ကြိုးစားခဲ့ရ တာပါ။ အခုလိုအဖွဲ့ဝင် အဖြစ် အသိအမှတ်ပြု လိုက်တဲ့အတွက် အရမ်းဝမ်းသာ ဂုဏ်ယူမိ ပါတယ်။ နောက်ပိုင်းကာလ တွေမှာ အာရှနဲ့ ဥရောပ နိုင်ငံကြီးတွေရဲ့ ရေကြောင်း တက္ကသိုလ်ကြီး တွေမှာ မြန်မာကျောင်းသား လူငယ်တွေ ပညာသင်ယူခွင့် Scholarship အစီအစဉ် တွေအပြင် နိုင်ငံတကာ ရေကြောင်း တက္ကသိုလ် တွေနဲ့ ချိတ်ဆက်ပြီး စာတွေ့၊ လက်တွေ့ သင်ရိုးပိုင်းတွေ၊ နိုင်ငံအလိုက် တက္ကသိုလ် အချင်းချင်း ပညာရေး နှီးနှော ဆွေးနွေးပွဲတွေ နဲ့ ကျောင်းသား လူငယ်တွေ သွားရောက် ပညာ သင်ယူခွင့် ရရှိရေးတို့မှာလွယ်ကူလာ မှာပါ'' ဟု ဒေါက်တာ မြတ်လွင် က ပြောသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် အနေဖြင့် IAMU အဖွဲ့ဝင်ဖြစ်ရန် ပြီးခဲ့သည့် သုံးနှစ်ခန့်မှ စတင်၍ ခြောက်နှစ်သင် ကြားကာ ရေကြောင်းပညာ တက္ကသိုလ် ဘွဲ့များ ပေးအပ်နိုင်ရန် ဖွင့်လှစ် သင်ကြားမှုများ၊ IAMU အဖွဲ့မှ ပညာရှင်များက မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် သည် အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ်၏ ပြဋ္ဌာန်းချက် အတိုင်း စာတွေ့၊ လက်တွေ့ သင်ရိုး ညွှန်းတမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များ၏ ပညာသင်ကြား တတ်မြောက်မှု အခြေအနေ များနှင့် တခြားလေ့လာ တွေ့ရှိချက် များကို IAMU သို့ အစီရင်ခံစာ ရေးတင်ကာ ဘုတ်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များ အရ အဖွဲ့ဝင်နိုင်ငံ တက္ကသိုလ် အဖြစ် အသိအမှတ်ပြု ခဲ့ခြင်းဖြစ်သည်။

IAMU ကို တက္ကသိုလ် အဖွဲ့အစည်း ပေါင်း ၆ဝ ဖြင့်ဖွဲ့စည်းထားပြီး ဗီယက်နမ်နိုင်ငံ ဟုန်ဖုန်းမြို့၌ အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သော 17th Annual General Assembly of the International
Association of Maritime Universities အခမ်းအနားတွင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ကို IAMU အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု လက်မှတ် ပေးအပ်ခဲ့ရာ အဆိုပါ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင် က လက်ခံရယူ ခဲ့ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Thursday, October 27, 2016

မြန်မာနိုင်ငံအတွင်း ပထမဆုံးဖွင့်လှစ်မည့် ATR လေယာဉ်ပြုပြင်စက်ရုံ ကို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရှိရန် ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၂၇-၁၀-၂၀၁၆

မြန်မာနိုင်ငံအတွင်း ပထမဆုံး ဖွင့်လှစ်ရန် ဆောင်ရွက်နေသည့် ATR လေယာဉ် ပြုပြင်စက်ရုံ ကို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရှိရန် ဆောင်ရွက်မည် ဖြစ်ပြီး ယင်းလက်မှတ် ရရှိပါက ပြည်တွင်း လေယာဉ်များ သာမက ပြည်ပ လေယာဉ်များ ကိုပါ ပြည်တွင်း၌ လက်ခံပြုပြင် ပေးနိုင်မည် ဖြစ်ကြောင်း မြန်မာ အမျိုးသား လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါလေယာဉ် ပြုပြင်ရေးစက်ရုံ ဖွင့်လှစ်ခြင်းမှာ ပြည်တွင်းရှိ လေယာဉ်များကို ပြည်ပနိုင်ငံများ၌ သွားရောက် ပြုပြင်ပါက ကုန်ကျစရိတ် များပြားသည့် အတွက် ပြည်တွင်း၌ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ယင်း စက်ရုံကို လက်ရှိတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး ၌ တည်ဆောက် ထားပြီး ATR လေယာဉ်များကို ပြင်သစ်နိုင်ငံ မှ ထုတ်လုပ်မှု များသည့်အတွက် ဥရောပသမဂ္ဂ အဖွဲ့အစည်း ဖြစ်သည့် Europan Aviation Safety Agency (EASA) က နိုဝင်ဘာလ အတွင်း လာရောက် စစ်ဆေးမည် ဖြစ်သည်။ စစ်ဆေးမှု အောင်မြင်ပါက နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် ရရှိမည်ဖြစ်ကာ  ပြည်တွင်းပြည်ပလေယာဉ်များကို လက်ခံ ပြုပြင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

''ဥရောပသမဂ္ဂ အဖွဲ့အစည်း က နိုဝင်ဘာလမှာ လာစစ်ဆေး မယ်လို့ ပြောတယ်။ သူတို့ လာစစ်ဆေးပြီးရင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် ရဖို့လိုတယ်။ ဒါမှလည်း  လေယာဉ်တွေကို ပြုပြင်ပေး နိုင်မယ်။ ဒီက
လေယာဉ်တွေက ပြင်သစ်နိုင်ငံက ထုတ်တာများတော့ ဥရောပသမဂ္ဂ အဖွဲ့အစည်းက လာစစ်ဆေး တာလည်း ဖြစ်ပါတယ်။ ဒီ လက်မှတ်ရဖို့ ကို အရေးကြီး ပါတယ်။ စစ်ဆေးချက် အောင်မြင်ဖို့ အများကြီး ကြိုးစား ဆောင်ရွက်ထား ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိ ပြည်တွင်း၌ အသုံးပြုနေသည့် ATR လေယာဉ် အစင်းရေ ၃ဝ ရှိပြီး ယခု ဖွင့်လှစ်မည့် လေယာဉ်ပြုပြင် စက်ရုံ၌ လေယာဉ် သုံးစင်းကို လက်ခံပြုပြင် ပေးနိုင် သော်လည်း တစ်စင်းချင်းစီသာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယင်းအတွက် ရက် ၁၀၀ စီမံချက် အတွင်းက အဆိုပါ လေယာဉ်ပြုပြင် စက်ရုံ၌ မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ ATR လေယာဉ်တချို့ကို ပြည်တွင်းပြည်ပ ပညာရှင်များ ပူးပေါင်းကာ စမ်းသပ် ပြုပြင်ခဲ့ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, September 19, 2016

မွန်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ကမ်းရိုးတန်းရေတိမ်ဒေသ များကို ရမ်ဆာဒေသအဖြစ် သတ်မှတ်နိုင်ရန် စီစဉ်


ကျိုက်ထို ၊ ၁၉-၉-၂၀၁၆

မုတ္တမ ပင်လယ်ကွေ့နှင့် ထိစပ်လျက် ရှိသော မွန်ပြည်နယ် နှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ကမ်းရိုးတန်း ရေတိမ်ဒေသ များကို ရမ်ဆာဒေသ အဖြစ် သတ်မှတ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ (IUCN) ပေါင်းစပ် ညှိနှိုင်းရေးမှူး ဒေါ်ဇင်မျိုးသူ ထံမှ သိရသည်။

မြန်မာနိုင်ငံရှိ ရေတိမ်ဒေသ များကို ရမ်ဆာဒေသ အဖြစ် သတ်မှတ်ရန် နိုင်ငံတော် အစိုးရက ၂ဝဝ၅ ခုနှစ် ကတည်းက ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် နှင့် ကျိုက်ထိုမြို့နယ် အတွင်းရှိ ရေတိမ်ဒေသ များကို ရမ်ဆာရေတိမ် ဒေသအဖြစ် သတ်မှတ်ရန် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကာ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ရေတိမ်ဒေသ များကိုလည်း ရမ်ဆာဒေသ အဖြစ်သတ်မှတ်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ရေတိမ်ဒေသ များကို ရမ်ဆာဒေသ အဖြစ် သတ်မှတ်နိုင်ရေး စီမံချက်များ အတွက် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Swiss Agency for Development and Cooperation အဖွဲ့က စီမံချက် ပထမသုံးနှစ် ကာလဖြစ်သည့် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ဆွစ်ဇာလန် ဖရန့် လေးသန်း ထောက်ပံ့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၌ မိုးယွန်းကြီးအင်း ဘေးမဲ့တောနှင့် အင်းတော်ကြီး ဒေသတို့ကို ရမ်ဆာဒေသ အဖြစ်သတ်မှတ်၍ နိုင်ငံတော် အစိုးရက ထိန်းသိမ်း စောင့်ရှောက်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၄၄၇ + ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Thursday, August 25, 2016

မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းပြီး အလုပ်သမား ၆၀၀၀၀ ခန့် လုပ်ကိုင်နိုင်မည့် အထည်ချုပ်စက်မှုဇုန် တည်ထောင်မည်



ရန်ကုန် ၊ ၂၅-၈-၂၀၁၆

မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံပူးပေါင်း ၍ အလုပ်သမားဦးရေ ၆ဝဝဝဝ ခန့် လုပ်ကိုင်နိုင်မည့် အထည်ချုပ် စက်မှုဇုန် တစ်ခုကို မြန်မာနိုင်ငံ၌ တည်ထောင်သွားရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အထည်ချုပ် စက်မှုဇုန် စီမံကိန်းကို မြန်မာနိုင်ငံမှ Olympus Asia Developer Group ကုမ္ပဏီနှင့် တောင်ကိုရီးယား နိုင်ငံမှ PANKO Corporation တို့ပူးပေါင်းပြီး ၂ဝ၁၇ ခုနှစ်မှ စတင်ကာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း သုံးနှစ်စီမံကိန်း ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်သည်။

စက်မှုဇုန် တည်ထောင်မည့် မြေနေရာ အတိအကျကို ထပ်မံ ကြေညာမည် ဖြစ်ပြီး ယင်းစက်မှုဇုန်၌ ချည်လုံးများ၊ ဖျင်များနှင့် အထည်ပိတ်စများ မှစ၍ အဝတ်အထည် များထုတ်လုပ် နိုင်သည်အထိ အဆင့်ဆင့် ဆောင်ရွက် သွားမည် ဖြစ်သည်။

မြေအကျယ်အဝန်း ဧက ၅ဝဝ ခန့်ရှိမည့် အဆိုပါ အထည်ချုပ် စက်မှုဇုန်ကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖော်ဆောင် သွားရန် စီစဉ်ထားခြင်း ကြောင့် ရန်ကုန်တိုင်း ဒေသကြီး သာမက ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး စသည့်ဒေသ များမှ ဒေသခံ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်မည်ဖြစ်ပြီး စုစုပေါင်း အလုပ်သမား ၆ဝဝဝဝ ခန့်အထိ အလုပ်ခန့်ထား နိုင်မည်ဟု ခန့်မှန်း ထားကြောင်း Olympus Asia Developer Group မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အထည်ချုပ် စက်မှုဇုန်ကို အမေရိကန် ဒေါ်လာ သန်း ၃ဝ မှ သန်း ၅ဝ အထိ ရင်းနှီးမြှုပ်နှံကာ အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ စက်မှုဇုန် အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ပမာဏမှာ မဂ္ဂါဝပ် ၁ဝဝ ခန့်ရှိမည် ဖြစ်ရာ အဆိုပါ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ယခုအခါ သက်ဆိုင်ရာ အစိုးရဌာန များနှင့် ဆွေးနွေး ညှိနှိုင်းဆဲ ဖြစ်ကြောင်း သိရသည်။

အထည်ချုပ် စက်မှုဇုန် ဖော်ဆောင်ရာတွင် ပါဝင် ဆောင်ရွက်မည့် PANKO Corporation သည် မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ကတည်းက လာရောက် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့၌လည်း အထည်ချုပ် လုပ်ငန်းများ တည်ထောင် ထားကြောင်း သိရသည်။

Myanmar & South Korea JV to set up 500-acre garment facility

မိုးထက်ယံ

မြ၀တီနေ့စဉ် ၊ စာ(၅)

Monday, August 15, 2016

မြန်မာ-အမေရိကန် ပုဂ္ဂလိကကုန်သွယ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ပေး မြှင့်တင်မည်


ရန်ကုန် ၊ ၁၅-၈-၂၀၁၆

မြန်မာ-အမေရိကန် ပုဂ္ဂလိက ကုန်သွယ်မှုကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သြဂုတ် ၁၂ ရက်က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ကျင်းပသော The American Innovation Roadshow Program အစည်းအဝေးတွင် American Chamber of Commerce ဥက္ကဋ္ဌ Mr.Scott Neal ၏ ပြောကြားချက် အရ သိရသည်။

အမေရိကန်နိုင်ငံ အနေဖြင့် ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု လုပ်ငန်းများကို တင်ပို့မှု မြှင့်တင်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အတွက် အရေးပါသော ဝန်ဆောင်မှု လုပ်ငန်းများနှင့် အတူ အခွင့်အလမ်း ကောင်းများ ကိုလည်း ယူဆောင်လာမည် ဖြစ်ကြောင်း Mr.Scott Neal ကပြောသည်။

အဓိကအားဖြင့် ဘဏ္ဍာရေးကဏ္ဍ၊ အခြေခံ အဆောက်အအုံ နှင့် စွမ်းအင်ကဏ္ဍ များတွင် အမေရိကန် နိုင်ငံက မြန်မာ ပုဂ္ဂလိက ကဏ္ဍနှင့် ကုန်သွယ်မှု ကဏ္ဍတို့ကို ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆက်လက် ဆောင်ရွက် သွားမည့်အပြင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ နှင့် ရင်ပေါင်တန်း နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း အစည်းအဝေးတွင် မြန်မာ့နည်း ပညာကဏ္ဍ တစ်ဟုန်ထိုး ဖွံ့ဖြိုး တိုးတက်လာ စေရေးကို အဓိကထား ဆွေးနွေးခဲ့ကြပြီး နည်းပညာ ပံ့ပိုးမှုများကို ဖန်တီးကျင့်သုံး နိုင်ရေး စသည့် အကြောင်းအရာ များ ဆွေးနွေး ခဲ့သည်။

အဆိုပါ The American Innovation Roadshow Program အစည်းအဝေးကို အရှေ့တောင်အာရှ နိုင်ငံများနှင့် ပစိဖိတ်ဒေသ နိုင်ငံများ ပူးပေါင်းေ ဆာင်ရွက်မှု အနေဖြင့် အမေရိကန်၏ နည်းပညာ ဆိုင်ရာ တီထွင်မှုများ မျှဝေခြင်း၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအား အမေရိကန် နည်းပညာ အသိုက်အဝန်း နှင့် ဆက်သွယ် ချိတ်ဆက် ပေးခြင်းနှင့် သက်ဆိုင်ရာ အစိုးရများ အနေဖြင့် နည်းပညာ တီထွင်မှု များအား အထောက်အကူပြု စေမည့် ဥပဒေ မူဘောင်များ ချမှတ်နိုင်ရေး အတွက် ပံ့ပိုးကူညီမှုများ ပေးအပ်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ထုတ်ပြန်ချက်များ အရ သိရသည်။ 

(ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

Friday, August 5, 2016

ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ အတွက် UAB နှင့် ADB တို့ အကျိုးတူပူးပေါင်း


ရန်ကုန် ၊ ၅-၈-၂၀၁၆

ယူနိုက်တက် အမရဘဏ် UAB နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် ADB တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ကဏ္ဍကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၄ သန်းအထိ ADB ဘဏ်၏ အာမခံချက်ဖြင့် ပံ့ပိုးကူညီ ခွင့်ပြုမည့် ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကြေး သဘောတူ စာချုပ်ကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ၊ ကမ္ဘာအေး ဘုရားလမ်းရှိ ဆိုဒိုးနား ဟိုတယ်၌ လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူစာချုပ် အရ ယူနိုက်တက် အမရဘဏ်မှ ထုတ်ပေးသည့် ငွေလွှဲစာတမ်း (Letters of Credit) များအား အာမခံပေးသည့် Trade Guarantee Facility ကို အာရှ ဖွံ့ဖြိုးရေးဘဏ်မှ ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။

'' L/C စနစ်ကို သြဂုတ် ၁၅ ရက်မှာစတင် ပြီးတော့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကတော့ သဘောတူ လက်မှတ်စတင် ထိုးတဲ့နေ့က နေစပြီးတော့ အကျုံးဝင် ပါတယ်။ ဒီစနစ်ကို Customer တွေအကုန်လုံး အသုံးပြုလို့ ရပါတယ်'' ဟု UAB ၏ အကြီးတန်း စီးပွားရေးအရာရှိ ဒေါ်ကျော့ကေခိုင် က ပြောသည်။

အဆိုပါ သဘောတူ စာချုပ်သည် ကမ္ဘာတစ်လွှားရှိ ဘဏ်ပေါင်း ၂ဝဝ ကျော်နှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်နေသော ADB ဘဏ်၏ ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကြေး အစီအစဉ် Trade Finance Program (TFP) ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး UAB ဘဏ်အနေဖြင့် ADB ဘဏ်၏ အကြွေးပေးရန် စိတ်ချရမှု အကဲဖြတ်ချက် ADB's AAA Credit Rating ကို ကောင်းစွာ အသုံးပြုခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

''ဘဏ်လုပ်ငန်း ကျွမ်းကျင်မှု၊ နည်းပညာနဲ့ ငွေရေးကြေးရေး လုံခြုံစိတ်ချရမှု အမြင့်ဆုံး အဆင့်တွေ ပေါင်းစပ်ထားတဲ့ ခိုင်မာတဲ့ ဖြေရှင်းနည်း တွေကို ပံ့ပိုးပေးခြင်းဖြင့် ကျွန်တော်တို့ UAB ရဲ့ ဘဏ် ဝန်ဆောင်မှုတွေ ပိုမိုတိုးတက် လာအောင် ကြိုးပမ်း သွားမှာပါ။ အခုဘဏ္ဍာ နှစ်ကုန်မှာ ဘဏ်ခွဲပေါင်း ၇၅ ခုအထိ ရှိလာအောင် တိုးချဲ့မယ့် အစီအစဉ်မျိုး တွေက အခြေခံ အဆောက်အအုံ Infrastructure ကတစ်ဆင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်'' ဟု UAB ဘဏ်၏ CEO ဦးသိန်းလွင် က ပြောသည်။

ဖွံ့ဖြိုးတိုးတက်သော အာရှဒေသတွင်း ၌ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ကို ပိုမိုအားကောင်း လာစေခြင်းနှင့် အတူ ကုန်သွယ်မှု ကဏ္ဍအား ပံ့ပိုးပေးနိုင်စွမ်းကို တိုးမြှင့်နိုင်ရန် ADB ၏ TFP အစီအစဉ်က နိုင်ငံတကာ အဆင့် ဘဏ္ဍာငွေကြေး အဖွဲ့အစည်း များနှင့် ဖြစ်နိုင်စွမ်းသော ဆုံးရှုံးမှုများ အတွက် မျှဝေတာဝန် ခံထားသည်။

''ကုန်သွယ်မှုကို အားပေးခြင်းကြောင့် မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ရင်ပေါင်တန်း နိုင်ပြီးတော့ နိုင်ငံသားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်'' ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် ADB ၏ မြန်မာနိုင်ငံ အခြေစိုက်ဌာနေ ကိုယ်စားလှယ် Mr.Winfried F.Wicklein ကပြောသည်။

ကမ္ဘာ့ ထပ်ဆင့် အာမခံကုမ္ပဏီကြီး ဖြစ်သော Swiss Re-Insurance နှင့် စင်ကာပူ ကုမ္ပဏီများ တိုးတက်လာရေး အတွက် ဆောင်ရွက်ပေး နေသော အစိုးရအေဂျင်စီ ဖြစ်သည့် International Enterprise Singapore တို့က မြန်မာနိုင်ငံ၌ UAB အတွက် TFP အာမခံပေးမှု များကို ပံ့ပိုးပေး သွားမည် ဖြစ်သည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Tuesday, August 2, 2016

ယာဉ်စီးနင်းသူများ အသုံးပြုသော ကြိုတင်ငွေဖြည့်ကတ်စနစ် လုံခြုံရေး စင်ကာပူကုမ္ပဏီနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်



ရန်ကုန် ၊ ၂-၈-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကြိုတင် ငွေဖြည့်ကတ် စနစ်ဖြင့် စီးနင်း နေကြသော ခရီးသည်များ အသုံးပြုသည့် ကတ်စနစ် လုံခြုံရေးကို စင်ကာပူ ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း Integrated Smart Solutions Co.,Ltd  မှ CEO ဦးကျော်ဇေယျ က ပြောသည်။

''ခရီးသည်တွေရဲ့ ပိုက်ဆံတွေက ဒီကတ်စနစ်ထဲမှာ လည်ပတ်နေတယ်။ ငွေကြေးနဲ့ လုပ်ကိုင်ရတော့ နည်းပညာ လုံခြုံမှု စနစ်တွေကလည်း အရေးကြီးတယ်။ မိမိတို့ နိုင်ငံမှာ မရှိသေးပေမယ့် နိုင်ငံတကာ မှာတော့ System တွေကို Hack ခံရလို့ ငွေကြေးဆုံးရှုံးမှုတွေ ရှိတာကြောင့် ပိုမိုလုံခြုံစိတ်ချ ရအောင် အာရှမှာ ထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ စင်ကာပူကုမ္ပဏီ နဲ့ ပူးပေါင်း ဆောင်ရွက်ထားတာ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

Amypay ကြိုတင်ငွေဖြည့်ကတ် စနစ်ဖြင့် ခရီးသည်တင်ယာဉ် စီးနင်းခြင်းကို Yangon Bus Public Co.,Ltd. ၏ BRT Lite ယာဉ်များတွင် စီစဉ်ထားပြီး ယခု ယာဉ်အစီးရေပေါင်း ၆၅ စီးတွင် တပ်ဆင် ဆောင်ရွက် ထားသည်။

ထိုကတ်စနစ် လုံခြုံရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု သဘောတူ စာချုပ်ချုပ်ဆိုခြင်းကို ယမန်နေ့ ည ၇ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ် ၌ မြန်မာနိုင်ငံရှိ Integrated Smart Solutions Co.,Ltd. မှ CEO ဦးကျော်ဇေယျ နှင့် စင်ကာပူနိုင်ငံရှိ MSI Global Pte Ltd. မှ မန်နေးဂျင်း ဒါရိုက်တာ Mr.Sim Wee Meng တို့ လက်မှတ်ရေးထိုး ခဲ့ကြသည်။

ထိုပူးပေါင်း ဆောင်ရွက်မှုများ အရ ပိုမို ကောင်းမွန်သော ငွေပေးချေမှုစနစ် ကိုဖော်ဆောင်သွားမည် ဖြစ်ပြီး အောက်တိုဘာလ တွင် စနစ်သစ်ကို စတင်စမ်းသပ် သုံးစွဲ၍ နိုဝင်ဘာလတွင် အများပြည်သူ သုံးစွဲခွင့်ရရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၃)
Related Posts Plugin for WordPress, Blogger...