Social Icons

Pages

Friday, May 11, 2018

အိမ်ခြံမြေတိုက်ခန်း စံနှုန်းများကို ယခုလအတွင်း စိစစ်ပြင်ဆင်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် ဆောင်ရွက်မည်



ရန်ကုန် ၁၁-၅-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အိမ်ခြံမြေ တိုက်ခန်းစံနှုန်းများကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ယခုလအတွင်း စိစစ်ပြီးပြန်လည် ပြင်ဆင်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အိမ်ခြံမြေ တိုက်ခန်းများ ကာလတန်ဖိုး စိစစ်ခြင်း၊ကျသင့် တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန်များကို လွယ်ကူလျင်မြန်စွာ ထမ်းဆောင်နိုင်ရန် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်သတ်မှတ်
ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

''တစ်စတုရန်းပေကို ဘယ်လောက် သတ်မှတ်မယ်ဆိုတာ ပြင်ဆင်ဆောင်ရွက် ပေးမှာပါ။ အခုလအတွင်း ပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်။ မြို့နယ်၊ ရပ်ကွက်၊လမ်းအလိုက် သတ်မှတ်ချက်တွေကို ပြင်ဆင်မယ်။ ဖြစ်သင့်တဲ့ နှုန်းထားတွေကို ပြင်ဆင်ပေးမှာပါ။ ထိခိုက်နစ်နာမှု မရှိစေဖို့ ဆောင်ရွက်ပေးတဲ့ သဘောပါ။ ဒီလိုပြင်ဆင် လိုက်မယ်ဆိုရင် ဈေးနှုန်းအတက်အကျ မြန်နေတာတွေ၊ တစ်ရှိန်ထိုး ဈေးကွက်ပြောင်းလဲမှုတွေ မဖြစ်အောင်နဲ့ ဈေး
ကွက်မပျက်ယွင်းအောင် ထိန်းချုပ်ပေးတဲ့ သဘောပါ'' ဟု ဦးမြင့်သောင်းက ပြောသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေတိုက်ခန်း ကာလတန်ဖိုးများကို စိစစ်သတ်မှတ်ရာတွင် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအလိုက်၊ ရပ်ကွက်များအလိုက်၊ လမ်းများအလိုက် ဘဏ္ဍာနှစ် အစတွင်ဖြစ်ပေါ်နေသော တက်ဈေး၊ ကျဈေးနှုန်းများနှင့် အနီးစပ်ဆုံးဖြစ်အောင် ပြင်ဆင်သတ်မှတ် ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်အလိုက် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာန မှူးရုံးများ၊ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းများ၌ လက်ရှိအိမ်ခြံမြေ ကာလပေါက်ဈေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရယူခဲ့ပြီး ဖြစ်သည်။

ထို့ပြင် အိမ်ခြံမြေတိုက်ခန်းစံနှုန်း သတ်မှတ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မြေ၊အဆောက်အအုံ၊ စက်ရုံ၊ အလုပ်ရုံများ တန်ဖိုးစိစစ်ရေး အဖွဲ့ဝင်များဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)၊ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြေစာရင်းဌာန စသည့်ဌာနကြီး ၁၁ ခုမှ ကိုယ်စားလှယ်များဖြင့် ညှိနှိုင်းဆုံးဖြတ်ကာ ရလဒ်ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့သို့တင်ပြ၍ အဆုံးအဖြတ် ခံယူဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

အိမ်ခြံမြေသတ်မှတ် စံနှုန်းများကို နှစ်စဉ် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အတည်ပြုသတ်မှတ်၍ ကောက်ခံရမည့် အခွန်နှုန်းထားကို ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ပြဋ္ဌာန်းကြောင်း သိရသည် ကာလတန်ဖိုးများ သတ်မှတ်မှုကို ရန်ကုန်တိုင်း ဒေသကြီးသာမက မန္တလေးတိုင်း ဒေသကြီး၌လည်း အဓိကထားဆောင်ရွက် ပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၌ ကနဦးအနေဖြင့် ယခုလအတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...