Social Icons

Pages

Showing posts with label ပြည်သူ့စကားသံ. Show all posts
Showing posts with label ပြည်သူ့စကားသံ. Show all posts

Monday, June 20, 2016

ရန်ကုန်မြို့တော် နှင့် ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပွားရခြင်း အဖြာဖြာ



ကိုကြီးစိုး (ဆိပ်ကမ်း)

ရန်ကုန်မြို့တော်ကြီး တွင် ယာဉ်ကြော ကျပ်တည်းမှုများ နေ့စဉ် ဖြစ်ပေါ်လျက်ရှိရာ ယာဉ်ကြော ကျပ်တည်းမှုနှင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍ အဆင်ပြေစေရန် ဆောင်ရွက် နေသော တာဝန်ရှိသူများ အနေဖြင့် စည်းကမ်း ကြပ်မတ်ပြုပြင် နိုင်စေရန် ပြည်သူတစ်ဦး အနေဖြင့် တွေးခေါ်မြော်မြင် မိသမျှကို အကြံပြု ရေးသား တင်ပြလိုပါသည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၁)

ရန်ကုန်မြို့၌ နေ့စဉ်ပြေးဆွဲ နေသော ခရီးသည်တင် ယာဉ်လိုင်း အများစုမှာ ကားကြီးများဖြစ်သည်။ ထိုကားကြီး များသည် မိမိတို့ ညအိပ်ရပ်နား ဂိတ်ထိုးရန် သတ်မှတ်ကားဝင်း မရှိသည့်အတွက် ယာဉ်သွား လမ်းမများပေါ်တွင် ရပ်တန့် ဂိတ်ထိုး၍ မိမိအလှည့် ကျထွက်ခွာရန် ရပ်နားကြသည်။ ထိုသို့ ရပ်နားသည့်အခါ ကားလမ်းမ၏ တစ်ဖက် တစ်ချက်စီတွင် ယှဉ်၍ ရပ်တန့်ထား ကြပါသည်။ ထိုအခါ ယာဉ်ကြော နှစ်ဖက်ပိတ် သကဲ့သို့ ဖြစ်နေကာ မောင်းနှင်ရာ အလယ် ယာဉ်ကြောမှသာ မောင်းနှင် နိုင်တော့သည်။ ထိုအလယ် ယာဉ်ကြောမှ မျက်နှာချင်းဆိုင် လုယူမောင်းနှင် သည့်အခါ ယာဉ်နှစ်စီး လွတ်အောင် ရှောင်တိမ်း မောင်းနှင်ရင်း ပွတ်တိုက် မိခြင်းများဖြစ်ကာ ယာဉ်ကြော ပိတ်ဆို့၍ နှစ်ဖက် ကားတန်းရှည်ကြီးများ ဖြစ်လာသည်။ ဟွန်းမတီးရ နယ်မြေ ဖြစ်သော်လည်း ဟွန်း တတီတီ တောက်ကြ ပါတော့သည်။ မည်သည့် ကားက ဟွန်းစတီးသည် မသိ၊ ယာဉ်သွားလမ်းများ ပိတ်ဆို့ကာ သယ်ယူ ပို့ဆောင်မှု နှေးကွေးပြီး ယာဉ်ကြော ကျပ်တည်းမှုကို ဖြစ်ပေါ် စေခဲ့သည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၂)

ရန်ကုန်မြို့တွင်း နှင့် မြို့နယ် တချို့တွင် မီးပွိုင့်ဧရိယာ များနှင့် နီးကပ်သော နေရာများ၌ ခရီးသည်တင် ယာဉ်ကြီးများ အချိန်ကြာမြင့်စွာ ရပ်တန့်၍ လူအတင်အချ ပြုလုပ်ခြင်း၊ ခရီးသည်များအား အချိန်ယူ၍ စောင့်ဆိုင်းခြင်း၊ ဂိတ်ထိုး ရပ်တန့်ခြင်း များသည်လည်း ယာဉ်ကြော ကျပ်တည်းမှု ဖြစ်ပေါ်ပါသည်။

ထို့ပြင် မီးပွိုင့် ဧရိယာနှင့် အနီးတွင် ကုန်တင်ယာဉ်များ ကုန်ပစ္စည်း အတင်အချ ပြုလုပ်ကြသဖြင့် မီးပွိုင့်၌ ရပ်ဆိုင်းမောင်း  နှင်ရသည့် ကားများသည် မီးပွိုင့်စိမ်းသည့် အခါ ထိုရပ်တန့် ထားသည့် ယာဉ်များကို ရှောင်ကွင်း မောင်းနှင်ရသဖြင့် ယာဉ်မောင်း နှင်မှု နှေးကွေးပြီး ယာဉ်စီးရေ အနည်းငယ်သာ မီးစိမ်းကို ဖြတ်သန်းနိုင်ကြ ပါသည်။ တချို့ယာဉ် များမှာ မီးနီနှစ်ကြိမ်၊ သုံးကြိမ်မိ၍ ကားတန်းရှည်ကြီး များဖြစ်ပေါ်ပြီး ယာဉ်ကြော ကျပ်တည်းမှု ဖြစ်ပေါ်သည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၃)

ရန်ကုန်မြို့၏ အချက်အချာ ကျသော နေရာများသည် မြို့နေ ပြည်သူလူထု အတွက် မဖြစ်မနေ ဝင်ထွက်သွားလာ ဖြတ်သန်း နေရသည့် နေရာများ ဖြစ်သည်။ နေ့စဉ် နေ့ရော ညပါ စည်ကားနေသည့် နေရာများ ဖြစ်သဖြင့် လမ်းဘေး ဈေးသည်တို့၏ စီးပွားဖြစ်ရာ ဈေးကွက် တစ်ခုလည်း ဖြစ်သည်။ ယခင်က ခေါင်းရွက်ဗျပ်ထိုး၊ ဆိုင်းထမ်း ဈေးသည် များကို မြို့တော်စည်ပင် က ပလက်ဖောင်း ကျူးကျော် စည်းကမ်းမဲ့ ဈေးသည် အဖြစ် ဖမ်းဆီးရှင်းလင်း ခဲ့သည်။ ယခုအခါ ထိုပလက် ဖောင်း လမ်းဘေး ဈေးသည် ခေါင်းရွက်၊ ဆိုင်းထမ်း တစ်ခုံတစ်နိုင်တို့ မရှိကြတော့ပါ။ ထိုဈေးသည်များ နေရာတွင် လူသွားလမ်း ပလက်ဖောင်း ပေါ်၌ လူတစ်ယောက် လျှောက်လမ်းတောင် မရှိတော့ဘဲ ပလက်ဖောင်း တွင်မက ယာဉ်သွား ကားလမ်းမပေါ် အထိ အမိုးများ၊ စားပွဲ ကုလားထိုင် များခင်းကျင်း၍ ကြော်လှော် ချက်ပြုတ် ရောင်းချနေ ကြသည့်ဆိုင် များမှာ လိုင်စင် ရထားသကဲ့သို့ ဖြစ်နေသည်။ စားသုံးသူ များကလည်း စည်းကမ်းမဲ့စွာ ကားလမ်းမ စားပွဲဝိုင်းများတွင် ယာဉ်အန္တရာယ် ကိုမမှုဘဲ ဟိုတယ်ဆိုင်ခန်း များ၌ စားသောက် နေသကဲ့သို့ စားသောက် နေကြသောကြောင့် ကားများမှာ ယာဉ်ကြော တစ်ဝက်သာ မောင်းနှင်ရသည့် အတွက် တန်းစီ၍ ယာဉ်တန်း ရှည်ကြီးများ ဖြစ်ပေါ်လာပြီး သယ်ယူ ပို့ဆောင်မှုနှင့် ခရီးသွားလာမှု နှောင့်နှေးကာ ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပေါ်ရသည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၄)

ရန်ကုန်မြို့၏ လူနေထူထပ်သော တချို့သော မြို့နယ်များ၌ ဖောက်လုပ် ထားသည့် ယာဉ်သွားလမ်းမ များမှာ ကျဉ်းမြောင်းသည်။ ထိုလမ်းမများ ပေါ်တွင် ခရီးသည်တင် ယာဉ်ကြီးများ ပြေးဆွဲလျက် ရှိသလို ယာဉ်သွားလမ်း နှစ်ဖက်ပေါ်တွင် ကိုယ်ပိုင် ယာဉ်ငယ်များကို ကားပါကင် တစ်ခုသဖွယ် ရပ်တန့် ထားကြသည်။ ထိုလမ်းမများ ပေါ်တွင် ကုန်တင် ဒိုင်နာနှင့် ကားလတ်များ အချိန် ကြာမြင့်စွာ ကုန်အတင်အချ ပြုကြသည်။ ထိုရပ်တန့် ထားသော ကားများကို ခရီးသည်တင် ယာဉ်ကြီးများက လွတ်အောင် ရှောင်ကွင်း မောင်းနှင်ရသဖြင့် ယာဉ်မတော်တဆ ဖြစ်ခြင်းနှင့်အတူ ယာဉ်ကြော ကျပ်တည်းခြင်းများ ဖြစ်ပေါ် လာရသည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၅)

ရန်ကုန်တိုင်း၏ မြို့သစ် စာရင်းဝင် မြို့နယ် များတွင်လည်း ယာဉ်ကြော ကျပ်တည်းမှုများ နှင့် ယာဉ်တိုက်မှုများ ဖြစ်ပေါ်လေ့ ရှိသည်။ မြို့သစ်များ၏ ယာဉ်သွားလမ်းများ ပေါ်တွင် ကွန်တိန်နာ ယာဉ်ကြီးများ၊ သစ်လုံးတင်ကား များ၊ အဝေးပြေး ကုန်တင် ယာဉ်ကြီးများနှင့် ကုန်ပစ္စည်းတင် နောက်တွဲများသည် တစ်နေ့လုံး၊ တစ်ညလုံး ရပ်တန့် ထားသည်။

ထို့ကြောင့် ယာဉ်သွား လမ်းကြော ကျပ်တည်းပြီး မျက်နှာချင်း ဆိုင်ယာဉ်များ တစ်ဖက်နှင့် တစ်ဖက် ဖြည်းလေးစွာ ပွတ်ကပ်ရှောင်ရှား မောင်းနှင်ကြရ သဖြင့် ယာဉ်ကြော ကျပ်တည်းခြင်း နှင့် ယာဉ် မတော်တဆ ပွတ်တိုက်မိခြင်း တို့ ဖြစ်ပေါ်ရသည်။

အချုပ်အားဖြင့် ဆိုရသော် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စည်းကမ်းမဲ့ ရပ်တန့်သည့် ကွန်တိန်နာ၊ သစ်လုံးတင်ကား၊ ကုန်တင်ကား များနှင့် ကိုယ်ပိုင်ယာဉ် များကို လိုအပ်သလို ထိန်းသိမ်း ကြပ်မတ်ခြင်း၊ ခရီးသည်တင် ယာဉ်လိုင်းများကို ဂိတ်ဝင်းများ (ကားဝင်းများ) ဖော်ဆောင်ပေးခြင်း၊ စီးပွားဖြစ် ရောင်းချနေသော စည်းကမ်းမဲ့ ဆိုင်တန်းများ၊ ပလက်ဖောင်း လူသွားလမ်းနှင့် ယာဉ်သွားလမ်း ပေါ်သို့ခွ၍ ဆိုင်ခင်း ရောင်းချခြင်း များကို စီမံချက်ချမှတ် ပညာပေး၍ လွတ်ကင်းသော ဈေးရောင်း နယ်မြေ (လဟာပြင် နေ့- ညဈေး) များ ဖော်ဆောင်ပေးခြင်း၊ ကုန်တင်ယာဉ်၊ ကွန်တိန်နာယာဉ် နှင့် နောက်တွဲယာဉ် များအား ယာဉ်သွားလမ်းမ များပေါ်၌ နေ့၊ ည ရပ်နားခြင်း များကို စိစစ်ကြပ်မတ် ပေးခြင်းဖြင့် ယာဉ်ကြော ကျပ်တည်းမှုနှင့် သယ်ယူ ပို့ဆောင်မှု အဆင်ပြေရေး တို့ကို အထိုက်အလျောက် ဖြေလျှော့ နိုင်လိမ့်မည်ဟု ထင်မြင်ယူဆ ပါကြောင်း အကြံပြု တင်ပြအပ် ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၉)

Friday, June 10, 2016

ကျောင်းကြို/ပို့ ယာဉ်အဖြစ် မှန်လုံယာဉ်များကို အသုံးများလာသော်လည်း ၀န်ဆောင်မမြင့်မားနေ


ရန်ကုန် ၊ ၁၀-၆-၂၀၁၆

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းအများစု၌ ကျောင်းကြို/ပို့ ယာဉ်အဖြစ် မှန်လုံယာဉ်များကို တွင်ကျယ်စွာ သုံးစွဲ လာသော်လည်း ဝန်ဆောင်ခ မြင့်မားနေကြောင်း ကျောင်းသားမိဘ များထံမှ သိရသည်။

ယခင် ပညာသင်နှစ်မှ စတင်၍ အဆိုပါ မှန်လုံယာဉ်များကို ကျောင်းကြို/ပို့ ယာဉ်များအဖြစ် သုံးစွဲနိုင်ရေး အတွက် အစည်းအဝေး ပြုလုပ်ခဲ့ကြ သော်လည်း ပုဂ္ဂလိက ယာဉ်ပိုင်ရှင် များအတွက် ထိခိုက်နစ်နာမှု မရှိစေရန် ယခင်က သုံးစွဲခဲ့သော လိုက်ထရပ် နှင့် ဒိုင်နာယာဉ်များဖြင့် ကျောင်းကြို/ပို့ မှုကို ခွင့်ပြုပေးထားသည်။ ထို့ကြောင့် ယခင် လိုက်ထရပ်ယာဉ် ဖြင့် ကျောင်းကြို/ပို့ ပြုလုပ်ခဲ့စဉ်က ကျောင်းကားခမှာ ကျောင်းတည်ရှိရာ မြို့နယ်တွင်းမှ စီးပါက တစ်လလျှင် ငွေကျပ် ၁ဝဝဝဝ သာ ကျသင့်ပြီး ဆက်စပ်သော အနီးအနားရှိ မြို့နယ်များမှ စီးပါက ငွေကျပ် ၁၅ဝဝဝ ကောက်ခံလေ့ ရှိကြောင်း၊ ယခုအခါ မှန်လုံယာဉ်များဖြင့် ပြေးဆွဲပေးမှု အတွက် တစ်လလျှင် ငွေကျပ် ၂ဝဝဝဝ မှ ၃ဝဝဝဝ အထိ သတ်မှတ်၍ ကောက်ခံနေရာ တချို့ယာဉ် များသည် ကြိုပို့နေချိန်တွင် အချိန်ပြည့် လေအေးပေးစက် ဖွင့်ပေးထား သော်လည်း တချို့ယာဉ်များမှာ လေအေးပေးစက် ဖွင့်ပေးမှု မရှိကြောင်း သိရသည်။

'' Super Custom ခေါင်နိမ့်လေး တစ်စီးကို ထိုင်ခုံတွေ ပြန်ပြုပြင်ပြီး ကလေး ၂ဝ လောက်တင်တော့ ကလေးတွေ ကျပ်ကျပ်ညပ်ညပ် နဲ့ ထိုင်ရပါတယ်။ ကျောင်းကားခက တစ်လကို ငွေကျပ် ၂ဝဝဝဝ ပဲထားဦး၊ ကလေးသုံးယောက် ရှိတဲ့ လခစားမိဘ တွေဆိုရင် ငွေကျပ် ၆ဝဝဝဝ လောက်က လစဉ် ကျောင်းကားခ အတွက် ကုန်နေတာကြောင့် မလွယ်ဘူး။ ကလေးတွေက ကားပေါ်မှာ ကျပ်နေတော့ ကျောင်းရောက်ရင် အော့အန်တဲ့ ကလေး တွေ၊ ကျောင်းဆင်းလို့ အိမ်ပြန်ရောက် ရင်လည်း စာမလုပ်နိုင် သေးဘဲ မူးမော်တာတွေ ဖြစ်တယ်။ ငွေပိုယူရင် စီးနင်းသူတွေ သက်သောင့်သက်သာ ဖြစ်စေရေးကိုလည်း ကြပ်မတ် ပေးသင့်ပါတယ်'' ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Tuesday, June 7, 2016

ဝေးလံခေါင်းပါးဒေသများရှိ တိုက်နယ်ဆေးရုံများ၌ တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး


တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများ ဝေးလံခေါင်းပါး ဒေသများရှိ တိုက်နယ်ဆေးရုံများ၌ ဆေးကုသမှုခံယူနေသူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၇-၆-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ အတွင်း ဝေးလံခေါင်းပါး ၍ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသများရှိ ဒေသခံ ပြည်သူများ၏ ကျန်းမာရေး မြှင့်တင်ပေးရန် အတွက် မြို့နယ်နှင့် တိုက်နယ်ဆေးရုံ များ၌ ဆရာဝန် လိုအပ်ချက်များ ရှိသဖြင့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများက မိမိသဘော ဆန္ဒအလျောက် သွားရောက် တာဝန် ထမ်းဆောင်ကာ မတ်လ လလယ်ပိုင်းမှ စတင်၍ ဒေသခံ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက် ပေးလျက်ရှိရာ မတ် ၂၂ ရက်မှ ဇွန် ၅ ရက်အထိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပန်ဆောင်မြို့နယ်၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့နယ် အတွင်းရှိ မြို့နယ်/ တိုက်နယ် ဆေးရုံသုံးခု၌ ပန်ဆောင်၊ နန်းယွန်း၊ ဒုံဟီးနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄၁၈၅ ဦး၊ ခန္တီးမြို့နယ်၊ လဟယ်မြို့နယ် နှင့် လေရှီးမြို့နယ် အတွင်းရှိ မြို့နယ်/ တိုက်နယ် ဆေးရုံရှစ်ခု၌ ကောင်းဟိန်း၊ လေရှီး၊ ဆွမ္မရာ၊ ပန်ဆပ်၊ မိုပိုင်းလွတ်၊ လဟယ်၊ ယမ်းကြုံး၊ ထန်ပါခွေနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄၇၆၁ ဦး၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ တွန်းဇံမြို့နယ်၊ ထန်တလန်မြို့နယ်၊ ကျီခါးမြို့နယ် အတွင်းရှိ မြို့နယ်/ တိုက်နယ်ဆေးရုံ ခုနစ်ခု၌ ဆူရ်ခွား၊ ထန်တလန်၊ လုံလဲ၊ မှောင်တလန်၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၃ဝ၂ ဦးနှင့် ချင်းပြည်နယ်၊ မတူပီမြို့နယ် နှင့် မင်းတပ်မြို့နယ် အတွင်းရှိ မြို့နယ်/ တိုက်နယ်ဆေးရုံ လေးခု၌ ဝမ္မသူး၊ မတူပီ၊ ရေဇွာ၊ လိုင်လင်းပီနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၃၈၂၆ ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၁၈ဝ၇၄ ဦးတို့အား ဆေးကုသမှု ဆိုင်ရာရောဂါ၊ ခွဲစိတ် ရောဂါများ၊ ကလေးရောဂါများ၊ သားဖွားမီးယပ် ရောဂါများ၊ အရိုးရောဂါများ၊ မျက်စိ ရောဂါများ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများ၊ သွားရောဂါများ၊ ကိုယ်ဝန်ဆောင် မိခင်များ မီးဖွားပေးခြင်း နှင့် အခြား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ဆက်လက်၍လည်း ၄င်းဒေသများရှိ ဒေသခံ ပြည်သူများ၏ ကျန်းမာရေး မြှင့်တင်မှုအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Thursday, February 18, 2016

UWSA " ၀ " အဖွဲ့မှ လူသစ်စုဆောင်းမှုကြောင့် အိမ်ထောင်စု ၂၀ ပြောင်းရွှေ့


UWSA " ၀ " အဖွဲ့မှလူသစ် စုဆောင်းမှုကြောင့် ပြောင်းရွှေ့လာသော အိမ်ထောင်စုများအား နယ်မြေခံတပ်မှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ပေးအပ်စဉ်

နေပြည်တော် ၊ ၁၈-၂-၂၀၁၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပေါက်ခရိုင်၊ မိုင်းယန်းမြို့နယ်၊ ဝမ်ကန်ရွာနှင့် ကျိုင်းခမ်းရွာတို့မှ လွယ်လူမျိုး အိမ်ထောင်စု ၂ဝ လူဦးရေ ၁ဝ၅ ဦးသည် မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာ အုပ်စု၊ ပုံလုံရွာသို့ ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ များတွင် ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး ပြောင်းရွှေ့ လာခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာ ၄င်းတို့ကျေးရွာ များ၌ UWSA ''ဝ'' အဖွဲ့အနေဖြင့် ယခင်က တစ်ရွာလျှင် တစ်ဦးနှုန်း လူသစ်စုဆောင်းမှု ရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ စ၍ အမျိုးသား၊ အမျိုးသမီး မရွေး ၁၆ နှစ်အောက်နှင့် အိမ်ထောင် မရှိပါက ၁၆ နှစ်အထက် တစ်အိမ်လျှင် တစ်ဦးနှုန်း ပညာသင်ပေးမည် ဟုဆိုကာ သတိပေးမှု သုံးကြိမ်ပြုလုပ်ပြီး လူသစ် စုဆောင်းလျက် ရှိခြင်းကြောင့် ပြောင်းရွှေ့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြောင်းရွှေ့လာသော အိမ်ထောင်စု များအား ဖေဖော်ဝါရီ ၁၄ ရက်တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူ များက စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Tuesday, September 9, 2014

လျှပ်စစ်ဓာတ်အားခ တိုးမြှင့် သတ်မှတ်ပါက ကုမ္ပဏီအနေဖြင့် ငွေကျပ် သိန်းပေါင်း ၆၀၀၀ ကျော် ဆုံးရှုံးမှု ဖြစ်နိုင်


မန္တလေး ၊ ၉-၉-၂၀၁၄

မန္တလေးခရိုင် အတွင်းရှိ အောင်မြေသာစံ မြို့နယ်၊ ချမ်းအေးသာစံ မြို့နယ် နှင့် မဟာအောင်မြေ မြို့နယ် တို့တွင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရ မြန်မာ ပေါင်းစည်း စွမ်းအား ကုမ္ပဏီ MPU မှ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန သို့ ပေးသွင်း ရသောလျှပ်စစ် ဓာတ်အားခ ကို ယခင်က တစ်ယူနစ်လျှင် ၅၅ ကျပ် ပေးသွင်းလျက် ရှိရာမှ ၅၆ကျပ် သို့ တိုးမြှင့် သတ်မှတ် ပါက ငွေကျပ် ၆၉၂၃ သိန်းထိ ဆုံးရှုံးမှု ဖြစ်ပေါ် လာနိုင်၍ လိုအပ်ပါက လျှပ်စစ် ဝန်ကြီးဌာန သို့ တင်ပြ တောင်းဆို သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ အမှုဆောင် ဒါရိုက်တာ တစ်ဦးက ပြောပြသည်။

ကုမ္ပဏီ အနေဖြင့် တစ်ယူနစ် လျှင် ၅၅ ကျပ်နှုန်းဖြင့် ၂ဝ၁၄ ခုနှစ် ဧပြီလမှ စတင်ကာ နိုင်ငံတော်သို့ ဓာတ်အားခ ပေးသွင်းရန် ညွှန်ကြားချက်များ ရောက်ရှိ လာခဲ့၍ လက်ရှိ အချိန်ကာလ အထိ ငွေကျပ်သိန်း ပေါင်း ၃ဝဝဝဝ ကျော် ရင်းနှီးမြှုပ်နှံ ထားရပြီး အမြတ် တစ်စုံတစ်ရာ မရရှိ သေးကြောင်း ကုမ္ပဏီ အထွေထွေ မန်နေဂျာ က ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်တွင် ကုမ္ပဏီ ငါးခု မှ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန နှင့် အကျိုးတူ ပူးပေါင်းပြီး ဓာတ်အား ဖြန့်ဖြူးလျက် ရှိရာမြန်မာ ပေါင်းစည်း စွမ်းအား ကုမ္ပဏီ အနေဖြင့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ အောင်မြေသာစံ မြို့နယ်၊ ချမ်းအေးသာစံ မြို့နယ် နှင့် မဟာအောင်မြေ မြို့နယ်တို့တွင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးမှု လုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ပြီး ဓာတ်အား လိုင်းများ ကောင်းမွန်ရေး အတွက် တိုးချဲ့ တည်ဆောက်မှု နှင့် ပြန်လည် ပြုပြင် လဲလှယ်မှုတို့ အတွက် ငွေ ၂ဝ၈၁၉၂၄၇၃၁ ကျပ်၊ မြို့နယ်သုံးခု ၏ ထရန်စဖော်မာ ထိန်းသိမ်း ပြုပြင် ကုန်ကျ စရိတ်ငွေ ၁၂၆၆၁၄၁၅၇ ကျပ် ကုန်ကျ ခဲ့ကြောင်း၊ ကဏ္ဍ ပေါင်းစုံရ င်းနှီးမြှုပ်နှံမှု တွင် ငွေ ၃၆၉၄၄၄၃၈ဝ၆ ကျပ် ရှိကြောင်း အမှုဆောင် ဒါရိုက်တာ က ထပ်မံ ရှင်းပြသည်။

''မန္တလေးမြို့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်း ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက် နဲ့ လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ ထရန်စဖော်မာ တစ်လုံး လောင်ရင် ၃ နာရီနဲ့ ပြန်ကောင်း အောင် စံချိန်ယူထား ပါတယ်။ ဓာတ်အားခွဲ ရုံတွေကို တိုးချဲ့ပေးဖို့ ရှိပါတယ်။ လက်ရှိ ဓာတ်အားခွဲရုံ ရှစ်ရုံရှိတာ ပြန်လည် ပြုပြင်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ် .. .. '' ဟု အင်ဂျင်နီယာချုပ် က ဖြည့်စွက် ရှင်းပြ၍ သိရသည်။ (ဝ၄၂)

#Yadanarpondaily

Tuesday, September 2, 2014

အသံလွှင့် မီဒီယာများမှ အသုံးပြုသော တေးသီချင်းများ အတွက် ရပိုင်ခွင့်များ တောင်းခံသွားရန် စီစဉ်



ရန်ကုန် ၊ ၂-၉-၂၀၁၄

မြန်မာနိုင်ငံရှိ ရုပ်သံလွှင့် ဌာနများ အပါအဝင် အသံလွှင့် မီဒီယာများမှ အသုံးပြု ထုတ်လွှင့်သော တေးသီချင်း များနှင့် ပတ်သက်ပြီး ရပိုင်ခွင့် များကို စနစ်တကျ တောင်းခံ သွားရန် သက်ဆိုင်ရာ ဂီတ အစည်းအရုံးမှ
စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ရုပ်သံလွှင့် ဌာနများနှင့် ရှိုးပွဲများတွင် အသုံးပြုသော တေးသီချင်းများ အတွက် သီချင်း အသုံးပြုခများ ရရှိ သော်လည်း ပုဂ္ဂလိက အသံလွှင့်ဌာန အများစု မှ ထုတ်လွှင့် အသုံးပြုသော တေးသီချင်း များအတွက် သီချင်း အသုံးပြုခများ မရရှိ သဖြင့် ထို သီချင်းများ အတွက် ရပိုင်ခွင့် များ တောင်းခံ သွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''မြန်မာနိုင်ငံ ဂီတလောက ရဲ့ လက်ရှိ အခြေအနေ က တေးသီချင်းခွေ ထုတ်တဲ့ အဆိုတော် အများစုဟာ အရှုံးပြ နေတာ များတယ်။ သီချင်းခွေ ထုတ်လို့ အရင်းရတယ် ဆိုတဲ့ အဆိုတော် ဆိုတာ နာမည်ကြီးပြီး ကံကောင်း လို့ပဲ။ ခိုးကူးခွေ တွေကြောင့် လည်းပါတယ်။ မြန်မာ့ ဂီတလောက ဆက်လက် ရပ်တည်ဖို့ ဆိုတာ အသံလွှင့် မီဒီယာတွေ ကိုပဲ အားကိုး ကြရမှာပါ။ အဲဒါကြောင့် အသံလွှင့် ဌာနတွေ က တေးသီချင်းတွေ အသုံးပြု နေတာနဲ့ ပတ်သက်ပြီး ရသင့်တဲ့ အခကြေးငွေကို စနစ်တကျ တောင်းခံ သွားဖို့ အတွက် ဂီတ အစည်းအရုံး အနေနဲ့ စီစဉ် ဆောင်ရွက် နေတာပဲ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

နိုင်ငံတကာ တွင် အဆိုတော် များသည် ၄င်းတို့၏ ကိုယ်ရေး ကိုယ်တာ ပိုင်းဆိုင်ရာ ရှေ့နေများ ထားရှိခြင်းနှင့် ၄င်းတို့ ကိုယ်တိုင် ကလည်း ရပိုင်ခွင့်များကို တောင်းခံခြင်း နှင့် ပတ်သက်၍ ဂဃနဏ သိထားခြင်း တို့ကြောင့် အဆိုပါ ကိစ္စများတွင် အခက်အခဲ မရှိသော်လည်း မြန်မာနိုင်ငံမှ အဆိုတော်များ၊ ဂီတပိုင်း ဆိုင်ရာမှ လူအများစုမှာ ထိုကဲ့သို့သော ဗဟုသုတမျိုး ပြည့်ပြည့်ဝဝ မရှိကြ သေးသည့် အတွက် ဂီတ အစည်းအရုံးမှ ယခုလို ကြား ဝင် ဆောင်ရွက် ပေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ 

လက်ရှိ ရုပ်သံလွှင့် ဌာနများနှင့် ရှိုးပွဲများမှ ရရှိသော တေးသီချင်း အသုံးပြုခ များကို ခွဲဝေရာတွင် တေးရေး ၂၅ ရာခိုင်နှုန်း၊ တေးဆို ၂၅ ရာခိုင်နှုန်း၊ တီးခတ်သူ ၂၅ ရာခိုင်နှုန်း၊ အသံဖမ်း ၁၅ ရာခိုင်နှုန်း နှင့် ထုတ်လုပ်သူ ၁ဝ ရာခိုင်နှုန်း စသည်ဖြင့် သတ်မှတ်ကာ အချိုးကျ ခွဲဝေခြင်းများ ပြုလုပ် ပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

Thursday, July 10, 2014

မြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ် စိုးရိမ်နေရ



တောင်သာ ၊ ၁၀-၇-၂၀၁၄

တောင်သာမြို့နယ် ကန်တော် ကျေးရွာအုပ် ၊ ရဘဲ ကျေးရွာ ရှိ ရဘဲ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ ၏ အနောက်ဘက် ပေ ၂၅၀ အကွာမှ အရှေ့ဘက်သို့ ဧရိယာ ၂၅၀x၂၅ ပေခန့် ကမ်းပါး ပြိုကျခဲ့ရာ ကျောင်းဝိုင်း၏ အနောက် မြောက်ထောင့် ခြံစည်းရုံး အတွင်းထိ အက်ကြောင်း ရာများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာသည် ဧရာဝတီမြစ် ၏ အရှေ့ဘက်တွင် တည်ရှိပြီး နှစ်စဉ် ဧရာဝတီ မြစ်ရေကြီးချိန် ၌ အိမ်ဝိုင်း အဆောက်အအုံ များအထိ မြစ်ရေ၀င် လေ့ရှိကြောင်း ၊ လူနေအိမ်များ ၊ ဘုန်းတော် ကြီးကျောင်း ၊ ဗာဂျီးနီးယား ဆေးပေါင်းရုံ ၊ စာသင်ကျောင်း များသည် တစ်ဆက် တစ်စပ်တည်း ရှိနေသောကြောင့် ရေကြောင်း ပြောင်းလဲမှု အရ ကမ်းပါးလိုက်၍ ပျက်စီး ဆုံးရှုံး သွားမည်ကို စိုးရိမ် ပူပန်လျက် ရှိကြောင်း ဒေသခံများက ပြောပြသည်။

" ဇွန် ၊ ဇူလိုင် လတွေမှာ ရေအမြဲ တက်တယ် ၊ သောင်ထွန်း လာရင် ရေကြောင်း ပြောင်းလာတယ် ၊ တချို့နှစ် တွေမှာ မြစ်ရေက ငါးပေအမြင့် အထိ အိမ်ဝိုင်းတွေ ပေါ်ကို ရေလွှမ်းတယ် ၊ သစ်ကိုင်းတွေ ခုတ် ၊ သွပ်နန်းကြိုး နဲ့ ချည်နှောင်ပြီး ရေကာ ၊ လှိုင်းကာ လုပ်ထားရတယ် ၊ ကိုယ့်အား ကိုယ်ကိုးနဲ့ ကာကွယ် နေရပါတယ် ... " ဟု ရဘဲ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ ၊ ကျောင်း အကျိုးတော်ဆောင် တစ်ဦးက ပြောပြသည်။

သဘာဝ ဘေးအန္တရာယ် ဖြစ်သော မြစ်ရေ တိုက်စားမှုကို ကာကွယ် တားဆီးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိ သူများထံ တင်ပြ ထားကြောင်း နှင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သိရသည်။

လင်းလက်ကြယ် ( တောင်သာ )

#Themyawadydaily

Friday, December 27, 2013

တန်ဖိုးနည်းမိုဘိုင်းလ်ဖုန်း အရေအတွက် သုံးသန်းကျော် ရောင်းချပေးခဲ့သော်လည်း သုံးစွဲနိုင်သူ အရေအတွက် နည်းပါး



ရန်ကုန် ၊ ၂၇-၁၂-၂၀၁၃

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လစဉ် ရောင်းချပေးလျက် ရှိသော တန်ဖိုးနည်း မိုဘိုင်းလ် ဖုန်းကတ် များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ မှ အစပြု၍ သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်းဒေသကြီး အလိုက် ခွဲတမ်းစနစ် ဖြင့် ထပ်မံ ရောင်းချ ပေးလျက် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် တန်ဖိုးနည်း မိုဘိုင်းလ် ဖုန်းကတ် စုစုပေါင်း ၃ ဒသမ ၁၉ သန်း ရောင်းချ ပေးခဲ့ပြီး ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဧပြီလမှ စ၍ ဇူလိုင်လ အထိ တစ်လလျှင် ဖုန်းကတ် ၃၅၀၀၀၀ ကိုလည်းကောင်း သြဂုတ်လမှ စ၍ နိုဝင်ဘာလ အထိ ဖုန်းကတ် ၃၆၀၀၀၀ ကိုလည်းကောင်း ရောင်းချ ပေးခဲ့ပြီး ဖြစ်သည်။ ယခု ဒီဇင်ဘာလ အတွက် ရောင်းချ ပေးသည့် တန်ဖိုးနည်း ဖုန်းကတ် အရေအတွက် မှာ ၃၅၀၀၀၀ ဖြစ်သည်။

" တန်ဖိုးနည်း ဖုန်းကတ် ကတော့ လစဉ် ရောင်းချ နေတာပါ ၊ ဒါပေမယ့် အခုထိ မပေါက်သေးဘူး ၊ ကျွန်တော်တို့ ရပ်ကွက်မှာ လူကြီး ကိုယ်တိုင် နှိုက်ပြီး မဲဖောက် ပေးတာပါ ၊ အပြင်မှာ ၀ယ်ဖို့ ကျတော့လည်း ဈေးက အရမ်းကြီးမြင့် နေတာ ဆိုတော့ မ၀ယ်နိုင် သေးပါဘူး ၊ ဒါ့အပြင် အခြား အော်ပရေတာ တွေကလည်း အခုအချိန်ထိ ဆက်သွယ်ရေး ၀န်ဆောင်မှု တွေ မပေးနိုင် သေးတော့ မဲပေါက်ဖို့ မျှော်လင့်ရုံ ကလွဲပြီး ဘာမှ မတတ်နိုင်ဘူး .... " ဟု တွံတေး မြို့နယ်နေ ပြည်သူ တစ်ဦးက ပြောသည်။

ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍ ပိုမို ဖွံ့ဖြိုး တိုးတက်ရန် နှင့် မိုဘိုင်းလ်ဖုန်း အသုံးပြုသူ အရေအတွက် မြင့်မား လာစေရန် ရည်ရွယ်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို အများပိုင် အဖြစ် ပြောင်းလဲ ဖွဲ့စည်း ထားရှိသော Myanmar Public Telecom Company က မိုဘိုင်းလ်ဖုန်း အရေအတွက် ၄ သန်း ၊ Yatanarpon Telecom Co., Ltd က မိုဘိုင်းလ်ဖုန်း အရေအတွက် ၄ သန်းနှင့် တကွ အခြား အော်ပရေတာ နှစ်ဦးမှ မိုဘိုင်းလ်ဖုန်း အရေအတွက် တစ်သန်းစီ ဖြင့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း တိုးချဲ့ တပ်ဆင် ချထားပေး သွားမည် ဖြစ်သည်။ လက်ရှိ ကာလတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် မိုဘိုင်းလ်ဖုန်း အရေအတွက် ၆ ဒသမ ၉၉ သန်း ရောင်းချ ပေးခဲ့ပြီး ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း တယ်လီဖုန်း သိပ်သည်းဆ ၂၇ ရာခိုင်နှုန်း အထိ ရောက်ရှိ လာရန် မျှော်မှန်း ထားရှိသည်။ ၂၀၁၃ ခု ဧပြီက အစပြု၍ ရောင်းချ ပေးခဲ့သော တန်ဖိုးနည်း ဖုန်းကတ် အရေအတွက် ၃ ဒသမ ၁၉ သန်း ရောင်းချ ပေးခဲ့ပြီး ဖြစ်သော်လည်း မိုဘိုင်းလ်ဖုန်း မှောင်ခို ဈေးကွက် များကြောင့် သုံးစွဲနိုင်သူ အရေအတွက် နည်းပါးလျက် ရှိကြောင်း ဖုန်းဈေးကွက် များထံမှ သိရှိရသည်။

Friday, November 29, 2013

ကျန်းမာရေးအတွက် အာမခံချက် မရှိသော အေးခဲကြက်သားများကြောင့် ပြည်တွင်း လုပ်ငန်းရှင်များ ဈေးကွက် ထိခိုက်မှုများ ဖြစ်ပေါ်နေ



မန္တလေး ၊ ၂၉-၁၁-၂၀၁၃

မန္တလေးမြို့ ကြက်သား ဈေးကွက် အတွင်းသို့ တရုတ်နိုင်ငံမှ တရားမ၀င် တင်သွင်းလာသည့် အေးခဲ ကြက်သားများ အလုံးအရင်း ဖြင့် နေ့စဉ် ၀င်ရောက် လာရာ ဈေးကွက် ယှဉ်ပြိုင် နိုင်စွမ်း နည်းပါး သဖြင့် ပြည်တွင်း ကြက်မွေးမြူရေး လုပ်ငန်းရှင် များအတွက် ထိခိုက်မှုများ ရှိလာ နိုင်သည့် အပြင် အရည် အသွေးပိုင်း အတွက် ကျန်းမာရေး ၀န်ကြီးဌာန ၏ ထောက်ခံချက် မရှိသောကြောင့် စားသုံးသူ ပြည်သူများ အတွက်လည်း ကျန်းမာရေး ပြဿနာများ ကြုံတွေ့ လာစေ နိုင်ကြောင်း သိရသည်။

ကြက်မွေးမြူရေး လုပ်ငန်းရှင် တစ်ဦး၏ ပြောပြချက် အရ မန္တလေး ဈေးကွက် အတွင်းသို့ ၂၀၁၂ ခုနှစ် က စတင် ဝင်ရောက် ခဲ့သော အေးခဲ ကြက်သားများ (ပုံ) သည် ပုံမှန်အားဖြင့် ပြည်တွင်း ကြက်သားဈေး တစ်ပိဿာ လျှင် ငွေကျပ် ၃၀၀၀ အောက် ကျဆင်းချိန် တွင် ၀င်ရောက်မှု ရပ်တန့်လေ့ ရှိပြီး တရားမဝင် ဝင်ရောက် လာတတ်သည့် အပြင် ကျန်းမာရေး အတွက် အာမခံချက် မရှိသဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီး ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း ၊ မြန်မာ နိုင်ငံသို့ တရားဝင် တင်သွင်းခွင့် မရရှိဘဲ ပုံမှန် အားဖြင့် ပြည်တွင်း ကြက်သားဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ အထက် ရောက်လျှင် အလုံးအရင်း နှင့် ၀င်ရောက် လာတတ်ပြီး အဓိက ဈေးကွက်မှာ မြို့ပေါ်ရှိ အကင်ဆိုင် များနှင့် စားသောက်ဆိုင် များဖြစ်ကြောင်း သိရသည်။

" ကြက်ဈေးကောင်း လို့ အကျိုးအမြတ် ရတော့မယ် လို့ ၀မ်းသာနေ တုန်း အေးခဲ ကြက်သား တွေက အလုံးအရင်း နဲ့ အခုလို ၀င်လာတော့ ပြည်တွင်း ကြက်မွေးမြူရေး လုပ်ငန်းရှင် တွေအတွက် အထိနာ စေပါတယ် ၊ ကြက်စာ ဈေးနှုန်းကလဲ အတက်သာ ရှိတာ ပြန်ကျတယ် ဆိုတာက လုံးဝ မရှိတော့ ကြက်တစ်ကောင် အတွက် ထုတ်လုပ်မှု စရိတ်က အနည်းဆုံး ငွေကျပ် ၂၈ဝဝ ရှိပါတယ် ၊ လက်ရှိမှာ ဆိုရင် အေးခဲ ကြက်သားကို တစ်ပိဿာ ငွေကျပ် ၅၅၀၀ ဈေးရှိပြီး ပြည်တွင်း ကြက်ကို ငွေကျပ် ၅၅ဝဝ ဈေးနဲ့ ဘယ်လိုမှ ရောင်းနိုင်မှာမ ဟုတ်တော့ ဈေးကွက် ထဲမှာ သူတို့နဲ့ ယှဉ်ပြိုင် ဖို့ဆိုတာ မလွယ်ပါဘူး ၊ ရောဂါ ဖြစ်ပွားပြီးေ သတဲ့ကြက် တွေကို အေးခဲပုံစံ လုပ်ထားတာ ဖြစ်သလို ၊ ရက်လွန်နေတဲ့ အသားတွေကို ပြန်ပြီး ပြုပြင် ထားတာမျိုး လည်း ဖြစ်နိုင် တာကြောင့် စားသုံးသူတွေ ကျန်းမာရေး အတွက်လည်း ထိခိုက် စေနိုင် ပါတယ် .. .. '' ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

" ရင်အုပ်သား ၊ ပေါင်သား ၊ ဖင်ဆီဖူး ဆိုပြီး တရုတ်စာသား တံဆိပ်တွေ နဲ့ ဝင်ရောက် နေတာ ဖြစ်ပါတယ် .. .. '' ဟု မတ္တရာ မြို့နယ်ရှိ ကြက်မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။


Wednesday, November 20, 2013

လျှပ်စစ်ဓာတ်အား သုံးစွဲခတွင် ဓာတ်ကြိုး အတွင်းရှိ ဗို့အား ပါဝင်နေ၍ မီးသုံးစွဲသူများ ဝေခွဲမရ ဖြစ်နေ



မန္တလေး ၊ ၂၀-၁၁-၂၀၁၃

လျှပ်စစ်မီတာ သုံးစွဲသူများ ကြားတွင် အိမ်ရှိ လျှပ်စစ်ပစ္စည်း အသုံးပြု မှု၌ ဓာတ်ကြိုး အတွင်း ၀င်လျက်ရှိသော ဗို့အား ပါဝင်၍ အခွန်ပေးဆောင် ရသဖြင့် အဆိုပါ ဓာတ်ကြိုး အတွင်းရှိ ဗို့အား နှင့် ပတ်သက်၍ ဝေခွဲမရ ဖြစ်ရကြောင်း အိမ်ရှင်မ တစ်ဦးက ပြောပြသည်။

အိမ်သုံး လျှပ်စစ် ဓာတ်အားခ နှုန်းထားမှာ ယခင်ဈေး တစ်ယူနစ် လျှင် ၃၁ ကျပ်နှုန်း ဖြစ်ပြီး အိမ်သုံးမှာ တစ်လလျှင် ပျမ်းမျှ ငွေကျပ် ၄၅ဝဝ ဝန်းကျင်မှ ငွေကျပ် တစ်သောင်း ၀န်းကျင် ရှိကြောင်း သိရသည်။ " ကျွန်မ အိမ်မှာ ရေခဲ သေတ္တာ သုံးတယ်။ မီးကလည်း ခုနစ်ပွင့် လောက် ရှိတယ် ၊ တီဗွီ ကြည့်တယ် ၊ တစ်လကို ငွေကျပ် ရှစ်ထောင် ဝန်းကျင် ပေးဆောင် ရတယ် .. .. '' ဟု အိမ်ရှင်မ တစ်ဦးဖြစ်သူ မယုဆွေ က ပြောပြသည်။

ရေခဲသေတ္တာ သုံးခြင်း နှင့် မီးသုံးပွင့် အသုံးပြုခြင်းဖြင့် တစ်လလျှင် ငွေကျပ် ခြောက်ထောင် ဝန်းကျင် ပေးဆောင် ရသောသူက '' အရင်တုန်းက ရေခဲသေတ္တာ မသုံးဘူး ၊ အချိန်ပိုင်း ခဏ ဖွင့်တယ် ၊ မီးသုံးတယ် ၊ ဒါပေမယ့် ခြောက်ထောင် ၀န်းကျင်ပဲ ၊ ကျသင့်နှုန်း က အများကြီး မပြောင်းလဲဘူး ၊ ကျွန်မလည်း နားမလည် တာနဲ့ဌာနက ဝန်ထမ်းတွေ ကို မေးကြည့်တော့ အိမ်သုံးပစ္စည်း တွေနဲ့ ဗို့အား အပြင် ကိုယ့်ဓာတ်ကြိုးထဲ ရောက်နေတဲ့ ဗို့အားပါ တွက်ချက် တောင်းခံခြင်း ဖြစ်တယ် လို့ပြောတယ်။ ဓာတ်ကြိုးထဲ လိုက်မကြည့် နိုင်တော့ ဘယ်လောက်ရှိ သလဲ မသိနိုင်ဘူး .. .. " ဟု ပြောပြသည်။ ရေခဲသေတ္တာ ၊ အဝတ်လျှော် စက်မပါ ၊ မီးပွင့်နှင့် ထမင်းဟင်း ချက်တွင် အသုံးပြုသူ များသည် တစ်လလျှင် ငွေကျပ် ၄၀၀၀ မှ ၅၀၀၀ ကြား ပေးဆောင် ရကြောင်း သိရသည်။ 

ဓာတ်အား တစ်ယူနစ် ဆိုသည်မှာ ၁၀၀၀ ၀ပ် အင်အားရှိ လျှပ်စစ် ပစ္စည်းကို တစ်နာရီ သုံးစွဲသည့် ပမာဏဖြစ်ပြီး အခြေခံ လူတန်းစား များအတွက် တစ်လယူနစ် ၁ဝဝ သတ်မှတ်ရာ တစ်ရက်လျှင် ၃ ဒသမ ၃ ယူနစ် ဖြစ်၍ ၃၃၀၀၀ ၀ပ် အင်အားကို တစ်နာရီ သုံးနိုင်ပြီး လေးပေ မီးချောင်း လေးချောင်း ၊ တီဗွီတစ်လုံး ၊ ပန်ကာ နှစ်လုံးကို ၆ နာရီ သုံးနိုင်ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသည်။ ထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် ကျောက်မီးသွေးဖြင့် ဓာတ်အား ထုတ်လုပ် ပါက တစ်ယူနစ်လျှင် ငွေကျပ်၁ဝဝ ၊ သဘာဝ ဓာတ်ငွေ့ ဆိုပါက တစ်ယူနစ် ငွေကျပ် ၁၃၀ ၊ ရေအား ဓာတ်အား လျှပ်စစ်မှာ တစ်ယူနစ် ငွေကျပ် ၅၀ မှ ၇၀ အထိရှိပြီး ပျမ်းမျှ ထုတ်လုပ် ကုန်ကျစရိတ် ၇၈ ကျပ် ဖြစ်ပြီး သယ်ယူ ပို့ဆောင်စရိတ် များ မရှိကြောင်း သိရှိရသည်။


Wednesday, September 25, 2013

ချင်းပြည်နယ် နှင့် ပခုက္ကူလမ်းပိုင်း ယောချောင်း ဂုံဘိုတံတား ချည်းကပ်လမ်း ရေမျှောပါ သွားခြင်းကြောင့် ဒေသခံ ပြည်သူများ သွားလာရေး ခက်ခဲ


ပခုက္ကူ ၊ ၂၅-၉-၂၀၁၃

ချင်းပြည်နယ် မင်းတပ်မြို့ နှင့် ပခုက္ကူ သွား ကားလမ်းပိုင်း ယောချောင်းကို ဖြတ်ကူး တည်ဆောက် ထားသည့် ဂုံဘို တံတား ချဉ်းကပ်လမ်း ရေထဲ မျှောပါ သွားသည့် အတွက် ဒေသခံ ပြည်သူများ သွားလာရေး အခက်အခဲ ဖြစ်နေကြောင်း ဒေသခံ များထံမှ သိရသည်။

'' အခု ချင်းပြည်နယ် မင်းတပ်နဲ့ ပခုက္ကူကို သွားတဲ့ ကားလမ်းပိုင်းမှာ ယောချောင်း ဂုံဘိုတံတား ချည်းကပ်လမ်း ရေမျှောပါ သွားတဲ့အတွက် သွားလာရေး ခက်ခဲ နေပါတယ် ၊ ပခုက္ကူ ကို မင်းတပ် ကနေ ကားနဲ့ သွားရင် ငွေကျပ် ၅၄၀၀ ပဲ ကုန်တာပါ ၊ အခုကားတွေ မသွားနိုင်တဲ့ အတွက် ဆိုင်ကယ်ကယ်ရီ နဲ့ မဖြစ်မနေ သွားရတဲ့ အခါ ဆိုင်ကယ်ကယ်ရီ ခက ကျပ် ခုနှစ်သောင်း ကုန်ပါတယ် ၊ နောက်ပြီး ချင်းပြည်နယ် မင်းတပ် ကနေ ပေါက်မြို့နားမှာ ပလောင်းရွာ ရှိပါတယ် ၊ အဲဒီရွာနားက နွားတက်ချောင်း တံတား တစ်ခြမ်းရေ ထဲ ပါသွားတယ်လို့ သိရပါတယ် ၊ နွားတက် ချောင်းလမ်းက တော်တော် မော့နေတဲ့ အတွက် ကားနောက်ပြန် ကျပြီး သဲတောင်တွေ ဖုံးသွားလို့ ပြန်ဆယ်နေရ တယ်လို့ သိရပါတယ် ၊ မင်းတပ်နဲ့ ၁၈ မိုင်ပဲဝေးတဲ့ နေရာမှာ ဖြစ်နေလို့ ဘုန်းဘုန်း လည်း မီဒီယာ တွေကို သတင်းပေးဖို့ သတင်း ခိုင်လုံအောင် လူလွှတ်ပြီး လေ့လာခိုင်းတာ ကားမသွား နိုင်လို့ ဆိုင်ကယ် ကယ်ရီနဲ့ သွားတာ လေးသောင်း ပေးရတယ် ၊ ချင်းပြည်နယ် သွားရာလမ်း ပိုင်းမှာ ယောချောင်း ၊ ကျောချောင်း အပါအဝင် ချောင်းရေတွေ တိုက်စားပြီး ပျက်စီးမှုတွေ ဖြစ်နေတဲ့ အတွက် ဒေသခံတွေ တော်တော်လေး သွားရေး လာရေး ခက်ခဲနေ ပါတယ် ... '' ဟု ချင်းပြည်နယ် တောင်တန်း သာသနာပြု ဆရာတော် ဥူးပညာ သီရိ ( တောင်ပုလု ပရိယတ္တိ ၊ ပဋိပတ္တိကျောင်း ၊ ပရဟိတ ကျောင်းဆရာ တော် ) က မိန့်ကြားခဲ့သည်။

ယောချောင်း ဖြတ်ကူးသည့် ဂုံဘို တံတား တည်ဆောက် ထားသည်မှာ ဆယ်စုနှစ် ဝန်းကျင်သာ ရှိပြီး အဆိုပါ ဆယ်စုနှစ် အတွင်း ရေတိုက်စား မှုကြောင့် တံတားပျက်စီးမှု ကြုံရသည်မှာ ငါးကြိမ်ရှိပြီဟု ဒေသခံများက ပြောပြခဲ့သည်။


'' တံတားက ပေ ၄ဝဝ လောက် ရှည် ပါတယ် ၊ တံတား သက်တမ်း ၁ဝ နှစ် ဝန်းကျင်မှာ ငါးကြိမ် ရေတိုက်စား ခံရပါ တယ် ၊ မူလ တံတားက သစ်သားတိုင် ၊ သစ်သားအခင်း နဲ့ လုပ်ထားတဲ့ တံတားပါ ၊ ဒါကြောင့် ရေတိုက်စား တိုင်းပျက် စီးမှုဖြစ်တယ် ၊ တစ်ခါဖြစ်ရင် ဖြစ်တဲ့ နေရာကိုပဲ ကွက်ပြီး ကွန်ကရစ်တိုင် နဲ့ ပြောင်းလုပ် တော့ နှစ်စဉ် ရေတိုက် စားမှုခံ ရမှာပါ ၊ ပေ ၄ဝဝ တံတားမှာ ငါးခါရေ တိုက်စားလို့ ငါးခါကွန်ကရစ် ပြောင်းပြီးပြီ ၊ကျန်တဲ့အပိုင်း ကိုပါ တစ်ခါတည်း ပြောင်းလိုက်ရင် မဖြစ်ဘူးလား ၊ အခုတော့ နှစ်စဉ် ရေပါလို့ ဒေသခံတွေ သွားလာရေး အခက်တွေ့ ရပါတယ် ... '' ဟု ဒေသခံ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Tuesday, September 24, 2013

လက်ရှိ အိမ်ခြံမြေ ဈေးနှုန်းကို ထုတ်ပြန်ချက်များဖြင့် ထိန်းချုပ်ရန် မလွယ်ကူ


ရန်ကုန် ၊ ၂၄-၉-၂၀၁၃

ဈေးနှုန်း မြင့်တက် နေသည့် အိမ်ခြံမြေ ဈေးများကို မည်သည့် ထုတ်ပြန်ချက် ၊ မည်သည့် ကန့်သတ်ချက် များဖြင့် ထိန်းချုပ်ရန် မလွယ်ကူကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများ ထံမှ သိရသည်။

ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အတွင်း အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက် နေရခြင်းသည် ငွေကြေး ချမ်းသာသူ ၀ယ်လက်များမှ အလိုရှိသည့် ၀ယ်ယူ လိုသော နေရာများကို ကာလပေါက်ဈေး ထက် ဈေးမြင့်ပေး ၀ယ်ယူနေခြင်း ကြောင့် ဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူ များက ထောက်ပြ ခဲ့သည်။

" လက်ရှိ အနေအထား က ဘယ်လို ထုတ်ပြန်ချက် တွေပဲလုပ်လုပ် ၊ ဘယ်လို ကန့်သတ်ချက် တွေပဲ လုပ်လုပ် ရန်ကုန် မြို့ထဲမှာ အိမ်ခြံမြေ ဈေးကို ထိန်းချုပ် နိုင်မှာ မဟုတ်ဘူး ၊ ရန်ကုန် မြို့တွင်း အချက်အချာ ကျတဲ့ နေရာတွေ မှာဆိုရင် တိုက်ခန်း တွေကများတယ် ၊ မြေနေရာ အလွတ်က ရှားလာတယ် ၊ ဒီတော့ မြေနေရာ အလွတ် ဆိုရင်တော့ ရောင်းတဲ့လူ စိတ်ကြိုက် ဈေးခေါ်တဲ့ အတိုင်း ၀ယ်တဲ့သူက လည်း ၀ယ်တယ် .... " ဟု အောင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက် နေသည်ကို ထိန်းချုပ်နိုင်ရန် အတွက် အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရာတွင် ပေးဆောင် ရမည့် အခွန်နှုန်းထား များကို လွန်ခဲ့သော နှစ်နှစ်ခန့် က အစိုးရမှ  တိုးမြှင့် သတ်မှတ်လိုက် သော်လည်း ထိရောက်သည့် အကျိုး သက်ရောက်မှု မရှိဘဲ အိမ်ခြံမြေ ဈေးနှုန်းများမှာ ဆက်လက် မြင့်တက်လျက် ရှိသည်။


'' ယခုလည်း အိမ်ခြံမြေ ဈေးနှုန်း သတ်မှတ်ချက် တစ်ခု ထွက်လာပြီ ၊ ဘယ် ထုတ်ပြန်ချက် မဆို တစ်ဦး တစ်ယောက် လိုက်နာရုံနဲ့ မလုံလောက်ဘူး ၊ အားလုံး နီးပါး လိုက်နာမှ အသုံးဝင်တာ ... ''ဟု စမ်းချောင်း မြို့နယ် အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြား ခဲ့သည်။ အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရာတွင် ရောင်းချ လိုသူသာ အဓိက ကျကြောင်းနှင့် ဈေးနှုန်းမှာလည်း ရောင်းချ လိုသူ၏ သတ်မှတ်ချက် ပင်ဖြစ် နေကြောင်း ထို့ကြောင့် အိမ်ခြံမြေ ဈေးနှုန်းများ ထိန်းချုပ် ရန်မှာ ခက်ခဲ နေဦးမည် ဖြစ်ကြောင်း ရန်ကုန် အိမ်ခြံမြေ ဈေးကွက် လေ့လာသူ များက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Sunday, September 15, 2013

ဂန့်ဂေါမြို့ စည်ပင်ဌာနမှ မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေစက်ကြီးမြစ်ရေ နှင့်အတူ မျောပါသွား


ဂန့်ဂေါ ၊ ၁၅-၉-၂၀၁၃

ဂန့်ဂေါမြို့ စည်ပင်ဌာန မှ ဂန့်ဂေါ မြို့ပေါ် ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေစက်ကြီး သည် စက်တင်ဘာလ ၁၃ ရက် ညပိုင်းက မြစ်သာမြစ်ရေ နှင့်အတူ မျောပါ သွားကြောင်း သိရသည်။

မြစ်သာမြစ်ရေ သည် ဂန့်ဂေါမြို့ ပေါ်တွင် ထူးခြားစွာ မိုးရွာသွန်းမှု မရှိခဲ့ သော်လည်း ဂန့်ဂေါမြို့ အထက်ပိုင်းတွင် မိုးရွာသွန်းမှု များခြင်းကြောင့် အဆိုပါ ရက်ပိုင်း အတွင်း မြစ်သာမြစ်ရေ တက်နေသည် ဟု သိရသည်။ " စက်တင်ဘာလ ၁၃ ရက် ညပိုင်းက ဂန့်ဂေါမှာ မိုးနည်းနည်း ပဲ ရွာတာပါ ၊ မနှစ်က ပြောစမှတ် ဖြစ်လောက် အောင် တက်ခဲ့တဲ့ မြစ်သာမြစ်ရေ မှာတောင် ရေပေးဝေရေး စက်ကြီး မမျောခဲ့ပါဘူး ၊ လက်ရှိ အချိန် ထိတော့ စည်ပင်ရေကို အားထား နေရသူတွေက စည်ပင် ရေစက်ကြီး ရေထဲမျော သွားတဲ့အတွက် သောက်သုံးရေ အခက်အခဲ ဖြစ်မှာ စိုးရိမ် နေကြပါတယ် ... " ဟု အမှတ်(၁) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောကြား ခဲ့သည်။

" စည်ပင် ရေက ဒေသခံ ပြည်သူတွေ အားကိုး သလောက် ဖြစ်မလာပါဘူး ၊ ပြီးခဲ့တဲ့ သြဂုတ်လ ထဲမှာဆိုရင် ရေစက် ပျက်လို့ဆိုပြီး တစ်လလုံးမှ တစ်ကြိမ်ပဲ ရေပေးခဲ့တယ် ၊ လကုန် ခါနီးတော့ တစ်ကြိမ် လာတယ် ၊ အခုမြစ်ရေနဲ့ အတူ မျောသွားတယ် ဆိုတော့ တစ်လတစ်ကြိမ် တောင်လာဖို့ ခက်သွားပါပြီ ၊ ပြောရမယ် ဆိုရင် ရေသာ ပုံမှန်မလာ တာပါ ၊ လစဉ်ကြေး ကတော့ ကောက်ခံမှု မပျက်ကွက် ပါဘူး ၊ သူတို့ ရေမပေးနိုင် တဲ့ လဆို ချက်ချင်း လာမကောက်ဘဲ ရေပေးတဲ့ လကြမှ နှစ်လစာပေါင်း ကောက်တာ တွေလည်း ရှိပါတယ် ၊ ကျွန်တော်တို့ ဆန္ဒကတော့ ရေဆိုတာ နေ့စဉ် လူနေမှုဘဝ မှာ မရှိမဖြစ် လိုအပ် တဲ့အရာပါ ၊ အခုချိန်ထိ တော့ရေစက် ကြီး မျောပါသွားတဲ့ အတွက် ဒေသခံတွေ အခက်အခဲ မဖြစ်အောင် စည်ပင်ဌာနမှ ဘယ်လို ဆောင်ရွက် ပေးမယ် ဆိုတာကို ဘာမှ မပြောသေး ပါဘူး ... '' ဟု အမှတ်(၄) ရပ်ကွက်မှ ဒေသခံတစ်ဦး က ပြောကြားခဲ့သည်။


ဂန့်ဂေါမြို့ စည်ပင်ဌာနမှ ရေပေးဝေ ရာတွင် မူလ သတ်မှတ်ချက် မှာတစ်လ လျှင် (၁ဝ) ကြိမ် ပေးဝေရန်သတ်မှတ် ထားသည်။ သို့သော် ရေပေးဝေသည့် နေ့များတွင် အချိန် ကြာမြင့်စွာ ပေးသည့် အတွက် ဒေသခံများ သည် ရေရရှိခိုက် ခံယူထား ကြရသည်။ စည်ပင်ရေ၏ လစဉ် သတ်မှတ်ကြေးမှာ ငွေကျပ် ၅၀၀၀ ဟု သိရှိရသည်။ ( ယောသူလေး )

Monday, September 9, 2013

ပြည်သူ့ရင်ပြင် အတွင်း ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားစေရေး CCTV ကင်မရာ များနှင့် လုံခြုံရေးများ ချထား


ရန်ကုန် ၊ ၉-၉-၂၀၁၃

ရန်ကုန်မြို့ရှိ အများပြည်သူ လေ့လာ အပန်းဖြေရာ ပြည်သူ့ရင်ပြင် အတွင်း ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားစေရေး အတွက် CCTV ကင်မရာ ၂၈ လုံးနှင့် လုံခြုံရေး နေ့ဆိုင်း ညဆိုင်းထားပြီး အများပြည်သူ ဘေးအန္တရာယ် ကင်းစွာ အပန်းဖြေ နိုင်ရန် ဆောင်ရွက် ထားရှိကြောင်း မြေနေရာ ၇ဝ ရာခိုင်နှုန်းကို နှစ်ရှည် ငှားရမ်းလုပ်ကိုင် ခွင့်ရရှိထား သည့် သဘာဝကမ္ဘာ ( Natural World ) ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဥယျာဉ်နှင့် ပတ်သက်၍ မကြာသေးမီက facebook ၊ အင်တာနက် စာမျက်နှာ များ၌ ထွက်ပေါ်ခဲ့သော သတင်းများမှာ ကောလာဟလ သာဖြစ်ကြောင်း ၊ ယင်းနှင့် ပတ်သက်ပြီး မိမိတို့ ကုမ္ပဏီ အနေဖြင့် ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင် ထားခြင်းကြောင့် ထင်ယောင် ထင်မှား ဖြစ်စေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ " အပန်းဖြေ ဥယျာဉ် ဆိုတာတော့ လူပေါင်းစုံ လာကြတာ ပါပဲ ၊ မတော်တဆ ပြဿနာ မျိုးတွေ ရှိပါတယ် ၊ ဒါတွေကိုလည်း အချိန်မီ ထိန်းသိမ်း ဖြေရှင်း နိုင်ခဲ့ပါတယ် ၊ လုံခြုံရေး ကို စနစ်တကျ ဆောင်ရွက် နေတာမို့ ထွက်လာတဲ့ သတင်းတွေ က အမှားပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

သဘာဝကမ္ဘာ ကုမ္ပဏီ ( Natural World ) တွင် ၀န်ထမ်းအင်အား ၃၀၀ ခန့်ရှိပြီး ပြည်သူ့ဥယျာဉ် အတွင်း လာရောက် အပန်းဖြေ ကြသော အများ ပြည်သူများအား ၀န်ဆောင်မှု ပေးလျက် ရှိနေကြောင်း ၊ အဆိုပါ ဥယျာဉ် အတွင်း လာရောက် အပန်းဖြေသူ ဦးရေ တစ်ပတ်လျှင် ၄ သောင်းနီးပါး ရှိကြောင်း ၊ ဥယျာဉ် အတွင်း အရက်သေစာ ရောင်းချခွင့် လိုင်စင်များ ချထားပေးခြင်း လုံးဝ မရှိကြောင်း သိရသည်။


ပြည်သူ့ရင်ပြင် အပန်းဖြေ ဥယျာဉ်ကို မြေနေရာ နှစ်ရှည် ငှားရမ်း လုပ်ကိုင်ခွင့် ရထားသော ကုမ္ပဏီ ၄ ခုရှိကြောင်း ၊ ၄င်းတို့မှာ သဘာဝ ကမ္ဘာ ၊ ရေလွှာကြီး ၊ Happy Zone နှင့် ယမုံနာ စားသောက်ဆိုင် တို့ ဖြစ်ကြောင်း သိရှိရသည်။

ဟောင်းနွမ်း ငွေစက္ကူများကြောင့် သုံးစွဲသူများ အဆင်မပြေမှု


မုံရွာ ၊ ၉-၉-၂၀၁၃

အထက် အညာဒေသ ၏ ကုန်စည် စီးဆင်းရာမြို့ ဖြစ်သော မုံရွာမြို့ ၌ နေ့စဉ် မြန်မာငွေစက္ကူ များဖြင့် ဈေးရောင်း ၊ ဈေးဝယ် ပြုလုပ်ရာတွင် နေ့စဉ်နှင့် အမျှ ဟောင်းနွမ်း ငွေစက္ကူများ သုံးစွဲ နေကြရ၍ အဆင်မပြေ မှုများ ဖြစ်ပေါ် နေကြောင်း မုံရွာမြို့ ချင်းတွင်း ရတနာ ဈေးကြီး အတွင်းရှိ ဈေးသူ ဈေးသား များထံမှ သိရသည်။

" ဟောင်းနွမ်း စုတ်ပြဲပြီး တိပ်ကပ် ကော်ထူနေတဲ့ ငွေစက္ကူ တွေဆိုရင် အမ်း ဖို့ခက်ခဲ တာကြောင့် ဘယ်ဈေးသည် ကမှ မယူချင် ပါဘူး .... " ဟု ရာသီပေါ် သစ်သီးများ ရောင်းချသူ တစ်ဦးက ပြောကြားခဲ့ သည်။ အများ ပြည်သူ၏ လက်ထဲတွင် နေ့စဉ် သုံးစွဲလျက် ရှိသော ငွေစက္ကူ တချို့မှာ ဟောင်းနွမ်း စုတ်ပြဲနေသည့် အတွက် ဈေးရောင်း ၊ ဈေးဝယ်ပြုလုပ် ရာ၌ ရောင်းသူဝယ်သူ အဖို့ ငွေကြေး အသုံးပြုရာတွင် အဆင်မပြေ မှုများ ကြုံတွေ့ နေရသည်။ အရောင်းဆိုင် လုပ်ငန်းရှင် တချို့သည် ပုံမှန် ကုန်ပစ္စည်း ဝယ်ယူလျက် ရှိသည့် ၀ယ်လက်များ နှင့် ဆက်ဆံရေး မပျက်ယွင်း စေရန်အတွက် ဟောင်းနွမ်း ငွေစက္ကူ တန်ဖိုးအနည်း ငယ်မျှကို လက်ခံ ပေးရသည်ဟု လည်း ဈေးသည်များက ပြောပြခဲ့သည်။


အဆိုပါ ဟောင်းနွမ်း ငွေစက္ကူများကို တန်ဖိုး တစ်ဝက် ဈေးနှုန်းပေး၍ ရပ်ကွက် များအတွင်း လှည့်လည်၍ အဝယ်လာ သူများထံ ပြန်လည် ရောင်းချခြင်းဖြင့် ငွေရင်း ပေါ်အောင် ပြုလုပ် နေကြရကြောင်း သိရသည်။ ငွေကြေး သုံးစွဲရာတွင် အများပြည်သူ စိတ်အေး ချမ်းသာစွာ ကိုင်တွယ်အသုံး ပြုနိုင်စေရန် အတွက် ဟောင်းနွမ်းငွေ စက္ကူများကို တန်းဖိုးတူညီ ပြန်လည် လဲလှယ်ပေးမည့် နေ့ရက် နှင့် ငွေလဲရာ တွင် လိုက်နာရမည့် စည်းကမ်းချက်များ ကို သက်ဆိုင်ရာ စီးပွားရေးဘဏ် များမှ အများပြည်သူ သိရှိ လဲလှယ်နိုင်ရေး အတွက် သတ်မှတ် ပေးရန် လိုအပ်လျက် ရှိကြောင်း သိရှိရသည်။

Tuesday, August 27, 2013

ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ ကလေးငယ် ၁၀၀၀ အား အခမဲ့ ခွဲစိတ်ကုသရန် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ငါးသိန်းခန့် GIC အသုံးပြုမည်

ရန်ကုန် ၊ ၂၇-၈-၂၀၁၃

တောင်ကိုရီးယား နိုင်ငံ အခြေစိုက် GIC ( Global Image Care )  အဖွဲ့မှ မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးသူငယ် ဦးရေ ၁ဝဝဝ ခန့်အား ငါးနှစ်အတွင်း အခမဲ့ ခွဲစိတ်ကုသပေး နိုင်ရန် အနိမ့်ဆုံး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ငါးသိန်းခန့် အသုံးပြု သွားမည် ဖြစ်ကြောင်း KBC ဆေးရုံ မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ခွဲစိတ်ကုသမှုကို အင်းစိန် မြို့နယ်ရှိ KBC ဆေးရုံ၌ ပြုလုပ်ပေး လျက်ရှိနေပြီး မြန်မာနိုင်ငံ အတွင်းရှိ ဆင်းရဲနွမ်းပါး ၍ ခွဲစိတ်ကုသရန် မတတ်နိုင်သည့် ကလေးသူငယ် များအား အဓိက ခွဲစိတ် ကုသပေးလျက် ရှိကြောင်း ၊ ငါးနှစ်အတွင်း နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ ကလေးငယ် ၁ဝဝဝ ခန့်အား အခမဲ့ ခွဲစိတ်ကုသ ပေးနိုင်မည်ဟု ခန့်မှန်းကြောင်း သိရသည်။

'' တချို့ကလေးငယ် တွေက ဒီလိုဖြစ် နေတော့ စိတ်အား ငယ်တာတွေ ကိုလည်း တွေ့ရတယ် ၊ ဒီလို ကူညီပေးတာ အရမ်းကို ကောင်းပါတယ် ၊ ကလေးမိဘ တချို့ရဲ့ ဝမ်းသာ မျက်ရည်တွေ မြင်ရတော့ စိတ်မကောင်းလည်း ဖြစ်မိတယ် ၊ နောက်ပြီး ဒီက ဆရာဝန် တွေလည်း ပညာ လေ့လာခွင့် ရတယ် ... '' ဟု ၄င်းက ပြောကြား ခဲ့သည်။


၂ဝ၁၂ ခုနှစ် အောက်တိုဘာလ မှစတင်၍ နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ အခမဲ့ ခွဲစိတ် ကုသမှုများ လုပ်ဆောင် ခဲ့ပြီး တစ်နှစ်လျှင် နှစ်ကြိမ် ခွဲစိတ် ကုသမှု ပြုလုပ်ပေးလျက် ရှိကြောင်း ၊ ယခုနှစ်အတွင်း ဖေဖော်ဝါရီမှ သြဂုတ် လအထိ ခွဲစိတ်ပြီး ကလေးငယ် ပေါင်း ၁ဝဝ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။ ငါးလသား အရွယ်မှ အသက် ၂ဝ အရွယ်အတွင်း နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ လူနာများ ဖြစ်ကြပြီး အများစုသည် ငါးနှစ် ၊ ခြောက်နှစ် အရွယ် ကလေးသူငယ်များ ဖြစ်ကြကြောင်း လာမည့် အောက်တိုဘာလ တွင် ထပ်မံအခမဲ့ ခွဲစိတ်ကုသ ပေးမည်ဖြစ်ပြီး စက်တင်ဘာ တွင်လည်း သည်းခြေ ကျောက်တည် လူနာများ ကိုပါ အခမဲ့ ခွဲစိတ် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်း၌စားသုံးရန် အရန်ဆန်အင်အား အလုံအလောက်ရှိ


ရန်ကုန် ၊ ၂၇-၈-၂၀၁၃

မကြာသေးခင် ရက်များမှ စတင်ကာ ယခုရက်ပိုင်း များအထိ မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရာသီဥတု ဆိုးရွားမှုကြောင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသတချို့ တွင် မြစ် ၊ ချောင်းများ ရေလျှံခြင်း ၊ လူနေ ရပ်ရွာများ အတွင်း၌ ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် လယ်ကွင်းများ ရေမြှုပ်ပြီး စိုက်ထားသော မိုးစပါးပင်များ ပျက်စီး ဆုံးရှုံးခြင်း လည်းရှိခဲ့ရာ ယင်းအချက် များကို အခြေခံပြီး ဆန်ကုန်သည် တချို့၏ ဈေးကစားမှု ကြောင့် ဆန်ဈေး အနည်းငယ် မြင့်တက်လာ ခဲ့သည်ကို တွေ့ရသည်။


ဆန်ဈေးများ အနည်းငယ်  တက်လာရခြင်းမှာ စားသုံးသူများသည် စိုးရိမ်စိတ်ကြောင့် ဆန်များ ဝယ်ယူ စုဆောင်း ကြရာမှ ပုံမှန် ၀ယ်လိုအား မြင့်တက် လာခြင်း ဖြစ်သော်လည်း ပြည်တွင်း၌ စားသုံးသူများ အတွက် အရန်ဆန်  အင်အား အလုံအလောက်ရှိ သဖြင့် ယင်းကဲ့သို့ စိုးရိမ် ပူပန်စရာမလို အပ်ဘဲ ပုံမှန်သာ ဝယ်ယူစားသုံး ကြစေလိုကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ '' ဆန်ဈေးက တစ်အိတ်ကို တစ်ထောင်ဝန်းကျင် လောက် တက်လာတာ တွေ့ရတယ် ၊ စားသုံးသူ တွေက ရေကြီးရင် ဆန်ဈေးတွေ တက်လာတော့မှာ ပဲဆိုပြီးတော့ စိုးရိမ်စိတ် တွေနဲ့ ဆန်တွေဝယ်ပြီး စုဆောင်းတဲ့ သဘောမျိုး လုပ်လာကြ တော့ ၀ယ်လိုအား များလာပြီးကုန်သည် တချို့ကလည်း ဈေးဆွဲတင် လာကြလို့ ဆန်ဈေးက တက်လာတာပါ ၊ ဆန်မရှိ တော့လို့ ဆန်ပြတ်လို့ ဆန်ဈေးတက်တာ မဟုတ်ပါဘူး ၊ ကုန်သည်တွေ ကိုလည်း ဈေးမကစား ကြဘဲ ပုံမှန်ဈေးနဲ့ပဲ ရောင်းကြဖို့ ကျွန်တော်တို့ ပြောထားပါ တယ် ၊ ဆန်တွေက ပြည်တွင်း စားသုံးသူတွေ အတွက် ပြည့်ပြည့်ဝဝ ရှိတဲ့အပြင် အရန်ဆန်တွေ ကလည်း လုံလုံ လောက်လောက် ရှိပါတယ် ၊ ဒီနှစ် မြန်မာနိုင်ငံ အောက်ပိုင်းမှာ လယ်တွေ ရေမြှုပ်တယ် ဆိုတာကလည်း ပြီးခဲ့တဲ့ နှစ်ကထက် စာရင်အများကြီး နည်းပါ သေးတယ် ၊ တစ်နိုင်ငံလုံး စိုက်ဧရိယာရဲ့ တစ် ရာခိုင်နှုန်း တောင်မရှိပါဘူး ၊ နောက်ပြီး တော့လည်း နောက်တစ်လ လောက်ကြာရင် ကောက်စော စပါးတွေလည်း စပေါ်လာ တော့မှာပါ ၊ အဲဒီတော့ စားသုံးသူ အနေနဲ့ ဆန်ပြတ်သွားမယ့် အရေး တွေးပြီး ပူနေစရာ မလိုပါဘူး ၊ ပုံမှန်လေးပဲ ဝယ်ပြီး စားသုံးသွားလို့ရ ပါတယ် .... ''ဟု ၄င်းက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Monday, August 19, 2013

ရန်ကုန်မြို့တွင်း ညပိုင်းခရီးသွားလာရေး စနစ်ကို အလေးထား ပြင်ဆင်သင့်


ရန်ကုန် ၊ ၁၉-၈-၂၀၁၃

ရန်ကုန်မြို့တွင်း ညပိုင်းအချိန် ခရီးသည် တင်ယာဉ် ရှားပါးခြင်းကြောင့် ခရီးသွား ပြည်သူများ သွားလာရေး အတွက် အခက်အခဲ ဖြစ်နေခြင်း ကို အမြန်ဆုံး ပြင်ဆင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ခရီးသွား ပြည်သူများထံ မှ သိရသည်။

မြန်မာနိုင်ငံ တွင် ပြောင်းလဲ လာသော ခေတ်စနစ်များ အရသော် လည်းကောင်း ၊ ပြောင်းလဲ လာသော စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ အရသော် လည်းကောင်း ရန်ကုန် မြို့တွင်းသို့ နိုင်ငံခြား ခရီးသွားများ လာရောက်မှု များရှိနေပြီး မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများ နှင့် တက္ကစီ များကို အသုံးပြု သွားလာ နေကြရသည်။

ယခုအခါ ညပိုင်း ၉ နာရီကျော်လျှင် Down Town ၆ မြို့နယ်အတွင်း ခရီးသည် တင်ယာဉ် များမှာ လွန်စွာ ရှားပါးနေပြီး ကားခ ပိုမို တိုးမြှင့် ကောက်ခံခြင်း ကြောင့် မြို့တွင်း ခရီးသည် များမှာ တစ်နေရာ နှင့် တစ်နေရာ သွားလာရေး အတွက် လွန်စွာ ခက်ခဲနေကြောင်း သိရသည်။ " ညပိုင်းဆိုရင် မြို့ထဲမှာ လိုင်းကား မရှိတော့ဘူး ၊ ဆယ်နာရီ လောက်အထိ ကို တစ်စီးစ ၊ နှစ်စီးစ ရှိသေးတယ် ၊ ဒီထက် အချိန် ကျော်သွားရန် ကားလုံးဝ မရှိတော့ဘူး ၊ အရင်က အောက်ဆိုက် ကားတွေ ရှိတာပဲ ၊ လိုက်ထရပ် ကားတွေနဲ့ ဆွဲတာ ၊ တစ်ယောက်ကို ခရီးအကွာ ဝေးပေါ် မူတည်ပြီး နှစ်ရာ ကနေ ငါးရာ အထိ ပေးစီးရတယ် ၊ အခု လိုင်းကား တွေလည်း မရှိတော့ဘူး ၊ အောက်ဆိုက် ကားတွေက လုံးဝ မရှိတော့ဘူး ....  " ဟု ညပိုင်း ၀န်ထမ်း တစ်ဦးက ပြောကြား ခဲ့သည်။

ရန်ကုန် မြို့တွင်းရှိ စူပါမားကတ် များ ၊ ကုန်ပစ္စည်း အရောင်းဆိုင် များ ၊ စတိုးဆိုင်များ နှင့် အခြားသော ကုမ္ပဏီ များတွင် လုပ်ကိုင်သော ၀န်ထမ်းများ ညပိုင်း ဆယ်နာရီ ကျော်အချိန်မှ အလုပ်ဆင်း ရသည့် အမျိုးသမီး ၀န်ထမ်းများ သည် လုပ်ငန်းခွင် ပြီးဆုံး၍ အိမ်ပြန်ချိန် တွင် သွားလာရေး စနစ် အခက်အခဲ များ ရှိနေကြောင်း သိရသည်။


ယခုအခါ ညပိုင်း အချိန်တွင် အောက်ဆိုက် ကားများမှာ Down Town ၆ မြို့နယ်၏ ပြင်ပတွင်သာ ရှိတော့ကြောင်း သိရှိရသည်။

Wednesday, August 7, 2013

ရန်ကုန်မြို့၏ ဓာတ်ဆီဆိုင်များ ညအချိန် မဖွင့်သောကြောင့် ညယာဉ်မောင်းများ အခက်အခဲ ဖြစ်ပေါ်


ရန်ကုန် ၊ ၇-၈-၂၀၁၃

မြန်မာနိုင်ငံ ၏ လူဦးရေ ၆ သန်းမျှ နေထိုင်သော ရန်ကုန်မြို့ ၏ ၂၄ နာရီ ဓာတ်ဆီဆိုင် များမှာ ညအချိန် ဖွင့်လှစ်မှု မရှိသောကြောင့် ညပိုင်း ယာဉ်မောင်းများ မှာ ဓာတ်ဆီ ၀ယ်ယူရန် အခက်အခဲ ဖြစ်နေကြောင်း ညယာဉ်မောင်း များနှင့် ကိုယ်ပိုင် ယာဉ်မောင်း များက ပြောကြား ကြကြောင်း သိရသည်။

ရန်ကုန် စီးပွားရေး မြို့တော်ကြီး ရှိ လုပ်သား ပြည်သူများမှာ ၂၄ နာရီ ကာလပတ်လုံး နီးပါး သွားလာ လှုပ်ရှား နေကြပြီး ညအချိန်များတွင် အရေးပါ် လိုအပ်ချက် များကြောင့် စက်သုံးဆီ ၀ယ်ယူရန် အတွက် စက်သုံးဆီ ဆိုင်များကို နေရာ အနှံ့ လိုက်ရှာ နေရပြီး သာကေတ ကျောက်တိုင် အနီးရှိ စက်သုံးဆီ ဆိုင်များ အထိပင် တကူးတက သွားရောက် ၀ယ်ယူ နေရကြောင်း ၊ ညဘက် အလုပ်ကိစ္စ နှင့် သွားရင်း စက်သုံးဆီ ပြတ်လပ်သွား မှုကြောင့် အခက်အခဲ တွေ့ရကြောင်း ကိုယ်ပိုင် ယာဉ်မောင်း များက ပြောဆို ကြသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် များ အားလုံးနီးပါး မှာ ၂၄ နာရီ ဖွင့်လှစ် ရောင်းချသော ဆိုင်များ ဖြစ်သော်လည်း ယခုကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှုများ အလွယ်တကူ ၀ယ်မရခြင်း မှာ မည်သည့် အကြောင်းကြောင့် ဆိုသည်ကို မသိသော်လည်း ညဘက် ယာဉ်မောင်း များအတွက် ယင်းသို့ စက်သုံးဆီ ၀ယ်မရ ခြင်းကြောင့် လုပ်ငန်းများ နှောင့်နှေးကာ အခက်အခဲ များ ကြုံတွေ့ရကြောင်း သိရသည်။


မြန်မာ တစ်နိုင်ငံလုံးရှိ စက်သုံးဆီ အရောင်းဆိုင် များအနေဖြင့် ပြည်တွင်းသို့ တင်သွင်း လာသော မော်တော်ယာဉ် များနှင့် မော်တော် ဆိုင်ကယ် သုံးသန်းကျော် ၏ စက်သုံးဆီ လိုအပ်ချက် ကို ပြည်ပမှ အဓိက တင်သွင်း ရောင်းချနေပြီး တစ်ပတ်လျှင် စက်သုံးဆီ ဂါလန် တစ်သိန်းနီးပါး တင်သွင်း နေရကြောင်း သိရှိရသည်။

Wednesday, July 24, 2013

နွားများလွှတ်ကျောင်းစနစ်ကြောင့် လူနှင့်ယာဉ်များ အန္တရာယ် ဖြစ်ပေါ်နိုင်


မြစ်ကြီးနား ၊ ၂၃-၇-၂၀၁၃

မြစ်ကြီးနား မြို့သည် ကချင်ပြည်နယ် ၏ မြို့တော် ဖြစ်သကဲ့သို့ မြို့ပြ အင်္ဂါရပ်နှင့် ပြည့်စုံ ညီညွတ်စေရန် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ အရှိန်အဟုန် မပျက် ဆောင်ရွက် နေသော်လည်း မြို့ပေါ် ရပ်ကွက်နေ ပြည်သူများက အိမ်မွေး တိရစ္ဆာန် များကို ကြိုးမပါဘဲ လွှတ်ကျောင်းခြင်း များကြောင့် လမ်းသွား လမ်းလာ နှင့် ယာဉ်များ မကြာခဏ ဆိုသကဲ့သို့ တိုက်ခိုက်မိ၍ မလိုလား အပ်သည့် ပြဿနာများ ဖြစ်ပေါ်လျက် ရှိပြီး လွှတ်ကျောင်း နွားများအား ဖမ်းဆီး အရေးယူမှုများ အားနည်း၍ လူနှင့် ယာဉ်များ မဖြစ်ပေါ်သင့် သည့် အန္တရာယ်များ တိုးမြင့် ဖြစ်ပွား လာနိုင်ကြောင်း မြို့ပေါ်နေ ပြည်သူများ ထံမှ သိရသည်။


ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ယုဇနရပ်ကါက် မြစ်ကြီးနား - မန္တလေး သွား ပြည်ထောင်စု လမ်းမကြီးပေါ် စိမ်းမြဧရာ ပန်းခြံရှေ့တွင် နွားတစ်အုပ် မှ သတ်မှတ် ယာဉ်ကြောအတိုင်း သွားလာ နေသော်လည်း မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ် များမှ မတိုက်မိစေရန် သတိထား မောင်းနှင် နေရပြီး အဆိုပါ လွှတ်ကျောင်း နွားများကို တာဝန်သိ ပြည်သူများက ဖမ်းဆီးရန် အတွက်လည်း ကြိုးမပါ၍ အခက်ကြုံနေပြီး လမ်းအသုံးပြု သူများအတွက် အန္တရာယ် များလှကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရ၍ လွှတ်ကျောင်း တိရစ္ဆာန်များအား ဖမ်းဆီး အရေးယူနိုင်ရေး ဒေသခံများက လိုလားကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...