Social Icons

Pages

Showing posts with label သဘာဝဘေးအန္တရာယ်. Show all posts
Showing posts with label သဘာဝဘေးအန္တရာယ်. Show all posts

Thursday, September 6, 2018

ကျိုက်ထီးရိုးတောင်နယ်မြေ စခန်းလေးကျေးရွာအနီးတွင် မြေပြိုကျမှုကြောင့် နေအိမ်တစ်လုံးပျက်စီး



ကျိုက်ထို ၆-၉-၂ဝ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး တောင်နယ်မြေ စခန်းလေးကျေးရွာ အနီးတွင် စက်တင်ဘာ ၄ ရက်က မြေသားများပြိုကျသဖြင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သထုံခရိုင် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယခုရက်ပိုင်းတွင် မိုးရွာသွန်းမှု များကြောင့် မြေသားစိုစွတ်ပြီး မိုးရေတိုက်စားမှု များကြောင့် မြေသားများ ပြိုကျရာတွင် သစ်ပင်များပါ ရောနှောပြိုဆင်း လာခြင်းကြောင့် အဆိုပါလမ်းအနီး နေထိုင်သူ ဦးကျော်စွာ၏ အလျား၂၈ပေခွဲ၊အနံကိုးပေခွဲရှိသည့် နေအိမ်ပေါ်သို့မြေနှင့် သစ်ပင်များပြိုကျ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မိုးရေချိန်တွေများတော့ မြေတွေက အိပြီးပြိုကျတာပါ။ ဖြစ်တဲ့နေရာကလဲ ခြေကျင်လူသွားလမ်း ဘက်ကပါ။ မြေပြိုကျတော့ ပါလာတဲ့သစ်ပင်ကပါ အိမ်ပေါ်ဖိမိပျက်စီး သွားတာပါ"ဟု သထုံခရိုင် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးတောင် ခြေကျင်တောင်တက်လမ်း (နဂါးပတ်လမ်း)အနီးတွင် မြေသားအလျား၁၅ပေ၊ အနံ ၁၅ ပေခန့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေပြိုကျမှုကြောင့် နေအိမ်တစ်လုံး တန်ဖိုးငွေကျပ် ငါးသိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သော်လည်း လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ အပျက်အစီးများကို တာဝန်ရှိသူများက ဝိုင်းဝန်းရှင်းလင်း ပေးခဲ့ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Friday, August 31, 2018

ဆွာရေလှောင်တမံ ရေလျှံမှုကြောင့် စာသင်ကျောင်း ၂၆၂ ကျောင်း ပိတ်ထားရ



နေပြည်တော် ၃၁-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ဆွာရေလှောင်တမံ ရေပိုလွှဲထိခိုက်ပြီး ရေလျှံမှုကြောင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) ရေတာရှည်မြို့နယ်ရှိ အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၆၂ ကျောင်းကို သြဂုတ် ၂၉ ရက်မှစ၍ ယာယီပိတ်ထားလိုက်ရကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၏ သတင်းများအရ သိရသည်။

ယခုနှစ် သြဂုတ် ၂၉ရက်နံနက် ပိုင်းမှစ၍ ပဲခူးတိုင်းဒေသကြီးရှိ ဆွာရေလှောင်တမံမှ ရေပိုလွှဲမှာ လေးပေခန့်ထိ ပျက်ကျပျက်စီးသဖြင့် ရေပိုလွှဲထက် ရေအမြင့် ခြောက်ပေခန့်ထိ ကျော်မြင့်ကာ ရေလျှံထွက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ရေလျှံထွက်မှုကြောင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) ရှိ ရေတာရှည်မြို့နယ်သို့ ရေများဝင်ရောက်ကာ ဒေသခံများလည်း ရေဘေးလွတ်ရာ သို့ပြောင်း ရွှေ့နေကြရပြီး ရေတာရှည်မြို့နယ်ရှိ အခြေခံပညာ ကျောင်း၂၆၂ ကျောင်းကိုလည်း ယာယီပိတ်ထား လိုက်ရကြောင်း သိရသည်။

"ပဲခူးတိုင်းဒေသကြီး (အရှေ့) မှာတော့ သြဂုတ် ၂၉ရက်က ပိတ်လိုက်ရတဲ့ ကျောင်းပေါင်းက ၂၇၅ ကျောင်းရှိပါတယ်။ ရေတာရှည်မြို့နယ်က ကျောင်းပေါင်း ၂၆၂ကျောင်းကတော့ ဆွာရေလှောင် တမံကြောင့် သြဂုတ် ၂၉ရက်က ပိတ်လိုက်ရတာပါ။ ကျန်တဲ့ ဒိုက်ဦးတို့ တခြားမြို့နယ်တွေကတော့ စစ်တောင်း မြစ်ရေတက်လို့ ပိတ်ရတာပါ" ဟု အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက ပြောပြသည်။

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် သြဂုတ်လအတွင်း မိုးရွာသွန်းမှုနှင့် သဘာဝဘေးတို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁ဝခုတွင် အခြေခံပညာ ကျောင်းပေါင်း ၂ဝ၂၂ ကျောင်းပိတ်ထားခဲ့ရပြီး ကျောင်းပေါင်း ၁၆၈၄ကျောင်းကို ပြန်လည်ဖွင့်ပေး ထားပြီးဖြစ်ကြောင်း၊ ပြန်ဖွင့်ရန် ကျန်ရှိသည့် ကျောင်းပေါင်း ၃၃၈ ကျောင်း ကျန်ရှိနေသေးကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Tuesday, August 28, 2018

ကောလင်း-ပင်လယ်ဘူး လမ်းရေကျော် သွားလာရအခက်အခဲ ဖြစ်ပေါ်နေ



ကောလင်း ၂၈-၈-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အတွင်းရှိ ဒေါင်းမြူးချောင်းရေ မြင့်တက်သဖြင့် ကောလင်း-ပင်လည်ဘူး လမ်းပိုင်း ယနေ့နံနက် ပိုင်းမှစ၍ ရေကျော်နေပြီး သွားလာရ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ကောလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

သြဂုတ် ၂၆ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝန်းသိုမြို့ရှိ မိုင်းတုန်တောင်မှ တောင်ကျရေများသည် ဒေါင်းမြူးချောင်းအတွင်း စီးဆင်းဝင်ရောက်ခဲ့ ခြင်းကြောင့် ဒေါင်းမြူးချောင်းရေမှာ မြင့်တက်လာသဖြင့် ကောလင်း-ပင်လည်ဘူးလမ်းပိုင်း ယခုကဲ့သို့ ရေကျော်ခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီရေက ဝန်းသိုဘက်က ကျလာတာ မနေ့ညက မိုးကြောင့် ကျလာတာပါ။ ဝန်းသိုဘက်မှာ ရေကကျသွားပြီ ဝန်းသိုဘက်က ကျသွားတော့ အဲဒီရေတွေက အခုမှဒီဘက်ကို ရောက်တဲ့သဘောမျိုးပါ။ မိုးကရပ်သွားပြီဆိုတော့ ရေကအကျပဲရှိတော့မှာပါ။ အခုရေက ဒီညသန်းခေါင် လောက်ထိ ရှိရင်ရှိဦးမယ်။ မိုးဆက်မရွာ တော့ဘူးဆိုရင် ကျသွားမှာပါ"ဟု ကောလင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောပြသည်။

ဒေါင်းမြူးချောင်းရေ မြင့်တက်လာသဖြင့် ကောလင်း-ပင်လည်ဘူး လမ်းပိုင်း ရေကျော်နေသောကြောင့် ကောလင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်ရှစ်ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ဦးတို့ဖြင့် အများ ပြည်သူဘေးကင်းစွာ သွားလာနိုင်ရန် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

"အခု ဆိုင်ကယ်စီးလို့ မရတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ ထမ်းပြီးကူညီဆောင်ရွက် ပေးနေပါတယ်။ နောက်ထပ် တစ်နာရီလောက်ဆို ရေက ဒီနေရာတင် မကတော့ဘူး နေရာအနှံ့ဝင်တော့မှာပါ။ ဒီရေတွေက ကောလင်းမြို့ကျော်ဇေယျာရပ်ကွက်(၁)၊ (၂)အတွင်းဝင်တော့မှာပါ"ဟု ကောလင်းမြို့ခံ ကိုမိုးအောင်က ပြောပြ၍ သိရသည်။

#Themyawadydaily

Monday, August 27, 2018

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သစ်ပင်ပိ လူသုံးဦး သေဆုံး၊ သုံးဦးဒဏ်ရာရ



ရွှေကျင် ၂၇-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဘောကထာ ကျေးရွာအုပ်စု ဘောကထာ ကျေးရွှာတွင် ယနေ့နံနက် ၄ နာရီ မိနစ်၃ဝက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျကာ လူသုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကာ ဝက်နှစ်ကောင် သေဆုံးသွားကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါလေပြင်း တိုက်ခတ်မှုကြောင့် ဘောကထာကျေးရွာရှိ အမြစ်တစ်ခြမ်း ဆွေးနေသည့် လုံးပတ် ၁၈ပေ၊ အမြင့် ၈၅ပေခန့်ရှိ ညောင်ပင်လဲကျမှုကြောင့် ဦသန့်ဇင်၏ နေအိမ် လေးပင်ပတ်လည် သက်ငယ်မိုး၊ ပျဉ်ခင်း၊ ထရံကာနေအိမ်မှာ သစ်ပင်ပိ၍ ပျက်စီးခဲ့ပြီး နေအိမ်အတွင်းရှိ မိသားစုခုနစ်ဦး နေထိုင်လျက်ရှိရာ ဦးသန့်ဇင်နှင့် ဇနီးဖြစ်သူ ဒေါ်လှဌေး၊သမီး မမြတ်သဇင်နှင့် ဝက်နှစ်ကောင်မှာ သစ်ပင်ပိ၍ နေရာတွင် သေဆုံးသွားပြီး သားမောင်ကောင်း မြတ်စံ၊မောင်ပိုင်ဇင်အောင်၊ မောင်ပိုင်ဇင်စိုးတို့တွင် သစ်ပင်ပိ၍ (စိုးရိမ်ရ) ဒဏ်ရာများ ရရှိသောကြောင့် ရွှေကျင်မြို့ ခုတင် ၁ဝဝ ဆေးရုံမှ ပဲခူးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ မိသားစုထဲမှ မောင်ပိုင်ဇင်ဦးတွင် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် သစ်ပင်လဲကျမှုကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၆၂ဝဝဝဝခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

#Themyawadydaily

Friday, August 24, 2018

ရန်ကုန်-မော်လမြိုင် ကားလမ်း ရေကျော်သဖြင့် ကားများသွားလာမှု အခက်အခဲဖြစ်



သထုံ ၂၄-၈-၂ဝ၁၈

မွန်ပြည်နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်ရှိ ရန်ကုန်မော်လမြိုင် ကားလမ်းပေါ်တွင် ယနေ့နံနက်၂နာရီကျော်က တောင်ကျရေကြောင့် ကားလမ်း ရေကျော်ခဲ့သဖြင့် ကားများသွားလာမှု အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကျရေများမှာ နံနက် ၈ နာရီခန့်တွင် ရေများပြန်လည် ကျဆင်းသွားသဖြင့် လက်ရှိတွင်ကားများ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

"မနက်ပိုင်းမှာ တောင်ကျရေတွေ ဆင်းလာပြီး ကားလမ်းရေကျော်မှု ဖြစ်သွားတယ်။ ကားလမ်းအနိမ့်ဆုံး နေရာမှာ ရေနှစ်ပေကျော်လောက် ဖြစ်သွားတယ်။ ကျန်တဲ့ နေရာမှာတစ်ပေ ကျော်ကျော်လောက် ဖြစ်သွားလို့ ကားကြီးတွေကိုပဲ ပေးသွားပြီး ကားငယ်တွေကို ယာယီ ဖြတ်သန်းခွင့် ခဏတားခဲ့ရတယ်။ နောက်တော့ လမ်းလွှဲကနေ ပေးသွားထားတယ်။ နံနက် ၉နာရီ လောက်ထိ ကားလမ်းပေါ် ရေတစ်ပေကျော် ကျန်သေးတယ်။ အခုရေပြန်ကျနေပါပြီ"ဟု ကျိုက္ကော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးစိုးက ပြောပြသည်။

တောင်ကျရေ ကျဆင်းမှုကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၁၃၉/ဝနှင့် ၁၃၉/၄ ကြား အကျယ်ပေ ၁၅ဝဝထိ ရေကျော်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးရွာပြီး စီးဆင်းလာသည့် တောင်ကျရေကြောင့် ကားလမ်း ရေကျော်မှု ဖြစ်ပွားခဲ့သည့်အပြင် မြေအနိမ့်ပိုင်းရှိ နေအိမ်အချို့တွင်လည်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကားလမ်း ရေကျော်သည့် နေရာသို့ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပြည်သူများက ရေအခြေအနေကို စောင့်ကြည့်ပြီး ကားများစနစ်တကျ ဖြတ်သန်းသွား လာနိုင်ရန် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

လှိုင်းဘွဲ့မြို့နယ် ကျေးရွာ ၂၁ရွာ ရေနစ်မြုပ် ကယ်ဆယ်ရေးစခန်းဖွင့်ရန် ကုန်းမြေမရှိ



လှိုင်းဘွဲ့ ၂၄-၈-၂ဝ၁၈

လှိုင်းဘွဲ့မြို့နယ်အတွင်း သံလွင်မြစ်ရေတက်၍ ရေနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် ရေဘေးရှောင်ရန် ကုန်းမြေမရှိတော့၍ ရေဘေးရှောင် စခန်းဖွင့်လှစ် နိုင်ခြင်းမရှိ သောကြောင့် ကျေးရွာနေပြည်သူများ ဖြစ်သလိုနေထိုင် နေရကြောင်း ရွှေဂွန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ခြောက်စုမှ ကျေးရွာ၂၁ရွာ၊ အိမ်ထောင်စု ၂၇၄၆စု၊ အမျိုးသားဦးရေ ၇၆၈ဝ နှင့် အမျိုးသမီး ၈၁ဝ၆ဦး နေအိမ်အတွင်း မြစ်ရေ ဝင်ရောက်သည့်အတွက် နေထိုင်ရေးနှင့် စားရေးသောက်ရေးအပါအဝင် လမ်းပန်းဆက် သွယ်ရေးတို့လည်း ပြတ်တောက်ကာ ရေဘေးဒုက္ခခံစားနေရကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

"ရွှေဂွန်းကျေးရွာ အုပ်စုနှင့် အနီးပတ်ဝန်းကျင် ကျေးရွာအုပ်စု ခြောက်စုက ရေဘေးအန္တရာယ် ခံစားနေရတာက တော်တော်လေး အခြေအနေဆိုးတယ်။ ကယ်ဆယ်ရေး စခန်းဖွင့်ဖို့ ရေလွတ်တဲ့ ကုန်းမြေကိုမရှိတာ ဆက်သွယ် သွားလာတဲ့ လမ်းတွေကလဲ ရေလွှမ်းနေတယ်။ ကူညီပံ့ပိုးရေးတွေ တော်တော် လိုအပ်နေပါတယ်။ အဲဒီကျေးရွာတွေကို ကူညီပံ့ပိုးချင်ရင် ရေဘေးကယ်ဆယ်ရေး ကြီးကြပ်မှုအဖွဲ့က ရွှေဂွန်းကျေးရွာက သာသနာ့ဗိမာန်ထဲမှာ ဖွင့်ထားပါတယ်"ဟု ရေဘေးကူညီကယ်ဆယ်ရေး လိုက်ပါ ဆောင်ရွက်နေသည့် ကိုဖြိုးဝေဆက်က ပြောပြ၍ သိရသည်။

ကရင်ပြည်နယ် အတွင်း၌ နေရာအနှံ့အပြား ရေဘေးအန္တရာယ် ကျရောက်လျက်ရှိရာ ရေဘေးသင့် ပြည်သူများ စားသောက်ရေးအတွက် လိုအပ်သည့် စားသောက်ကုန် ပစ္စည်းများနှင့် အလှူငွေများ လာရောက် လှူဒါန်းရာတွင် လိုအပ်သည့် နေရာများသို့ ဖြန့်ဝေခြင်းများကို စနစ်တကျဆောင်ရွက် နိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့က သြဂုတ်၂ဝရက်က ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်း ဦးဆောင်ပြီး ရွှေဂွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦးတို့ ပါဝင်သောအဖွဲ့ဝင် ရှစ်ဦးဖြင့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့(ရွှေဂွန်း)ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေဘေးအတွက် တကယ်လိုအပ် နေသည့်နေရာများတွင် လှူဒါန်းမည်ဆိုလျှင် ကြီးကြပ်ကွပ်ကဲမှု အဖွဲ့ဖြစ်သည့် ဦးမျိုးမင်းထွန်း လက်ထောက်ညွှန်ကြားရေးမှူး၊ ဖုန်းဝ၉-၄၅၈၈၈၅၅၉ဝ၊ ဝ၉-၇၇-၉၅၁၁၆၇၇၊ ရဲအုပ်ကြည်တိုး ရွှေဂွန်းနယ်မြေရဲစခန်းမှူး ဖုန်း ဝ၉-၇၈၁-ဝ၈၆၃၁၁၊ ဝ၉-၄၂၈၅၉၈၆၄၃ ဒေါ်ခင်ချိုဆင့် ကျောင်းအုပ်ကြီး အခြေခံပညာ အထက်တန်းကျောင်း ရွှေဂွန်းကျေးရွာ ဝ၉-၄၄၉၂၅၃-၁၅၆၊ ဝ၉-၇၉၃၈၃၄၃၇၇၊ ဦးဝင်းနိုင်ဦး အုပ်ချုပ်ရေးမှူး ရွှေဂွန်းကျေးရွာ ဖုန်း ဝ၉- ၇၇၈ဝ၅၇၁၄၁၊ ဝ၉-၇၇၈-ဝ၅၈၇၆၂တို့သို့ ဆက်သွယ်မေးမြန်း၍ ကူညီပံ့ပိုးပေးနိုင်ကြောင်း သိရသည်။

#Themyawadydaily

Thursday, August 23, 2018

စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရွှေကျင်မြို့နယ်၌ စာသင်ကျောင်းအချို့ ယာယီပိတ်



ရွှေကျင် ၂၃-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေ မှတ်အထက် ဆက်လက်ကျော်လွန် တည်ရှိနေသောကြောင့် သြဂုတ် ၁၇ ရက်မှ ၂၁ ရက်ထိ စာသင်ကျောင်းအချို့ ယာယီ ပိတ်ထားရကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ စစ်တောင်းမြစ်နှင့် ရွှေကျင်ချောင်းတို့သည် ဇူလှိုင်လ တတိယပတ်၌ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာသောကြောင့် ရွှေကျင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၉၁ ကျောင်း ယာယီပိတ်ထားရပြီး အိမ်ထောင်စု၅၇၆၈စုမှလူ ၂၇၂၆၆ဦးကို ကယ်ဆယ်ရေး စခန်း၄၇ခုသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

စစ်တောင်းမြစ်ရေသည် သြဂုတ် ၁၇ရက်မှ ၂၁ ရက်ထိ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နေသောကြောင့် မြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက် ကျေးရွာများသို့ ဒုတိယအကြိမ် ရေဝင်ရောက်ကာ အိမ်ထောင်စု၄၅စုမှ လူ၂၅၉ဦးနှင့် ကယ်ဆယ်ရေး စခန်းနှစ်ခုမှ ကျန်ရှိသော အိမ်ထောင်စု ၁၁၃စုမှ လူ၅၇၁ဦး စုစုပေါင်း အိမ်ထောင်စု ၁၅၈စုမှ လူဦးရေ၈၃ဝကို ကယ်ဆယ်ရေး စခန်းလေးခုသို့ ယာယီပြောင်းရွှေ့ပေးထားရပြီး မူလွန်စာသင်ကျောင်း ငါးကျောင်းမှာ ယာယီပိတ်ထားရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

သြဂုတ် ၂၁ ရက် ညနေ ၆နာရီမိနစ်၃ဝ အချိန်တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တည်ရှိနေပြီး ရွှေကျင်ချောင်းရေမှာ စိုးရိမ်ရေမှတ်အောက်သို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

ရေဘေးသင့် အိမ်ထောင်စုများနှင့် ရေဘေးရှောင်စခန်းများသို့ ပံ့ပိုးရေးပစ္စည်းများ ပေးအပ်



ဘားအံ ၂၃-၈-၂ဝ၁၈

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ခေတ္တပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး တင်ဝင်းတို့လိုက်ပါလာ သောအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခန့်မှစတင်ကာ ဘားအံမြို့ပေါ် ရပ်ကွက်များနှင့် ဘားအံမြို့နယ်အတွင်း ရေကြီးနစ်မြုပ်သည့် ရပ်ကွက်ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စုများနှင့် ရေဘေးရှောင်စခန်းများမှ ရေဘေးသင့် ပြည်သူများကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပံ့ပိုးပေးအပ်ရာတွင် ဘားအံမြို့၊ အမှတ် (၇) ရပ်ကွက်အတွင်းရှိ ရေးဘေးသင့် အိမ်ထောင်စု ၂၅ဝ၊ ထောင်ဝိဘုန်းကြီး ကျောင်းရေဘေး ရှောင်စခန်းရှိ အိမ်ထောင်စု ၁ဝ၉စု၊ ဘားအံမြို့၊အမှတ်(၄)ရပ်ကွက်ရှိ မြမြင့်မိုရ်လမ်း၊ မြစိန်လင်းလမ်း၊ မြသစ္စာလမ်းနှင့် သုခလမ်းအတွင်းရှိ အနိမ့်ပိုင်းမှ ရေဘေးသင့်အိမ်ခြေ ၄ဝဝ၊ ဘားအံမြို့အမှတ် (၁) ရပ်ကွက် မိုးလုံလေလုံ အားကစားရုံရေဘေး ရှောင်စခန်းရှိ ၁၂ နှစ်အောက် ကလေးများအတွက် စောဌေးမြင့် ကုမ္ပဏီနှင့် ပူးပေါင်းပြီး ၁၂ နှစ်အောက် ကလေးငယ်များအတွက် မုန့်များနှင့် မွေးကင်းစ ကလေးများအတွက် ကလေးအိပ်ခြင်ထောင်များကို လည်းကောင်း၊ ဘားအံ့မြို့ အောင်သံလွင် အားကစားကွင်း အတွင်းရှိရေဘေး ကယ်ဆယ်ရေး စခန်းမှ ၁၂ အောက်ကလေးငယ် များနှင့် အထက (၃) ကျောင်းရေဘေး ရှောင်စခန်းမှ ၁၂ အောက်ကလေးငယ် များအတွက် မုန့်များကိုလည်းကောင်း အသီးသီးပံ့ပိုး ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ကရင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး ဦးဆောင်သည့်အဖွဲ့ဖြင့် ဘားအံမြို့နယ်အတွင်း ရေကြီးနစ်မြုပ် လျက်ရှိသော ကျေးရွာများဖြစ်သော ခဲတောက်ကျေးရွာအုပ်စု ခဲတောက်ကျေးရွာရှိ ရေနစ်မြုပ်နေသော အိမ်ထောင်စု ၃၉၄စု၊ မုက္ကဒိကျေးရွာအုပ်စု မုက္ကဒိကျေးရွာရှိ အိမ်ထောင်စု ၄၄၆စု၊ ဖားနွဲ့ကျွန်းကျေးရွာရှိ အိမ်ထောင်စု ၁၆၁စု၊လှာကာ ကျေးရွာအုပ်စု ဖားပုကျေးရွာ ကူးဆိပ် ၂ အမကကျောင်း ရေဘေးရှောင်စခန်းရှိ အိမ်ထောင်စု ၂၄စုနှင့် ဖားပုရွာအတွင်း ရေနစ်မြုပ်နေသော အိမ်ထောင်စု ၁၈၈စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများ နှင့်အစားအစာများ အသီးသီးပံ့ပိုး ပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

Monday, August 13, 2018

ကျိုင်းတုံ-မိုင်ခတ်ကားလမ်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွား



ကျိုင်းတုံ ၁၃-၈-၂ဝ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် သြဂုတ် ၁၁ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောင်ဖာကျေးရွာ အုပ်စုရှိ နမ့်ခင်ချောင်း နမ့်ခင်နွဲ့တံတားတွင် တောင်ကျရေများ ကျဆင်းလာပြီး နောင်ဖာကျေးရွာနှင့် ကျိုင်းတုံမိုင်းခတ် ကားလမ်းတွင် လမ်းအထက်တစ်ပေကျော် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရေကြီး ရေလျှံမှုဖြစ်ပွား ရာနေရာသို့ ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေး၊ ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဇင်ဝင်း၊ စည်ပင်သာယာရေး ဦးစီးဌာနမှအင်ဂျင်နီယာ ဦးမြင့်ကျော်သူနှင့် အခြားတာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

Tuesday, August 7, 2018

မွန်ပြည်နယ်အတွင်း ကျိုက်မရောနှင့် ပေါင်မြို့နယ်တို့မှ အခြေခံပညာကျောင်းပေါင်း ၄၀ ကျော် မဖွင့်လှစ်နိုင်သေး



သထုံ ၇-၈-၂ဝ၁၈

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု များကြောင့် အခြေခံကျောင်းပေါင်း ၁၅ဝ ကျော် ယာယီပိတ်ထားရာမှ ယနေ့ထိ ကျောင်းပေါင်း ၄၃ကျောင်း ပြန်လည်မဖွင့်လှစ် နိုင်သေးကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

တချို့မြို့နယ်များ၌ ရေများပြန်လည် ကျဆင်းလာပြီ ဖြစ်သောကြောင့် ပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ သော်လည်းတချို့ မြို့နယ်များတွင် ရေကြီးနေသည့် အခြေအနေ လျော့ကျသွားခြင်းမရှိ သဖြင့် ကျောင်းများ ဆက်လက် ပိတ်ထားရကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါ်လဲ့လဲ့ကြည်က ပြောပြသည်။

"ကျိုက်မရောနဲ့ ပေါင်မြို့နယ်မှာ ရေကြီးနေတဲ့ အနေအထားရှိသေးလို့ အဲဒီမြို့နယ်က ကျောင်းတွေကတော့ ပိတ်ထားနေရဆဲပါ။ အဲဒီမြို့နယ်တွေမှာ မိုးက မပြတ်သေးသလို ရေကလဲ သိပ်မကျသေးပါဘူး။ အဲဒီ နှစ်မြို့နယ်က ကျောင်းတွေ ပြန်ဖွင့်ဖို့ကတော့ ရေအခြေအနေကို စောင့်ကြည့်ရဦးမှာပါ။ ရေကျမှ ပြန်ဖွင့်နိုင်မယ်။ ဘယ်တော့ပြန်ဖွင့်မလဲ ဆိုတာကို ကြိုမပြောနိုင်သေးပါဘူး။ ကျိုက်မရောဆိုရင် သံလွင်မြစ်ရေက တန့်နေတယ်။ မိုးကလဲ ရွာနေတုန်းပါ။ ကလေးတွေရဲ့ပညာရေးအတွက်က အားလုံးပြင်ဆင် ထားပြီးသားပါ"ဟု ၎င်းက ပြောပြသည်။

ရေကျသွားသဖြင့် ပြန်လည်ဖွင့်လှစ်ထားသော စာသင်ကျောင်းများ စာသင်ကြားမှု အဆင်ပြေနိုင်ရေး သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရပ်ရွာနေပြည်သူများက ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးမှုများ ရှိကြောင်း ဒေါ်လဲ့လဲ့ကြည်က ဆက်လက် ပြောပြသည်။

ရေကြီးရေလျှံမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရောမြို့နယ်တို့မှ အခြေခံကျောင်း ၁၅၈ ကျောင်းကို ယာယီပိတ်ထားခဲ့ရပြီး ယနေ့ထိကျောင်း ၁၁၅ ကျောင်းကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကာ ရေများ ပြန်လည်ကျဆင်းမှု မရှိသေးသော ကျိုက်မရောမြို့နယ်မှ ၃၆ကျောင်း၊ ပေါင်မြို့နယ်မှ ခုနစ်ကျောင်း စုစုပေါင်း ၄၃ ကျောင်းကို ပိတ်ထားရဆဲ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Friday, August 3, 2018

မိတ္ထီလာမြို့တွင် မိုးသန်းထန်းစွာရွားသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီး



မိတ္ထီလာ ၃-၈-၂ဝ၁၈

မိတ္ထီလာမြို့နယ် ဝန်ဇင်းရပ်ကွက်တွင် သြဂုတ် ၁ရက် ည ၆ နာရီမိနစ် ၃ဝ ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ခြေ၅၁လုံး ပျက်စီးဆုံးရှုံးမှုအချို့ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးကျော်ငြိမ်းထံမှ သိရသည်။

ဝန်ဇင်းရပ်ကွက် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်သည့် သွပ်မိုးလန် လူနေအိမ်များ၊ အိမ်ပေါ်သစ်ပင် လဲကျသည့် လူနေအိမ်များ၊ လမ်းပေါ်လဲကျသည့် သစ်ပင်များ ရှင်းလင်းဆောင်ရွက်ခြင်းကို ခရိုင်မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် ၁၃ခုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဒေသခံပရဟိတလူငယ်များ စုပေါင်ဝိုင်းဝန်း ကူညီကြပြီး ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်များမှ အိမ်ထောင်စုများကို ပံ့ပိုးမှုများပေးနိုင်ရေး အတွက်သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

"မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းစတင် တိုက်ခတ်တာကည ၆နာရီ မိနစ် ၃ဝလောက်က ဖြစ်ပါတယ်။ သစ်ပင်တွေလဲပြီး လူနေအိမ်တွေ၊ သွပ်မိုးတွေ လန်ကုန်တယ်။ မိုးကလဲသည်းသည်း မည်းမည်းရွာနေတော့ ချက်ချင်းထွက်ကြည့်လို့မရဘဲ ည ၈ နာရီလောက် မိုးနည်းနည်းစဲသွားမှ သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ညတွင်းချင်း ပျက်စီးဆုံးရှုံးတဲ့ လူနေအိမ်စာရင်း ကောက်ယူတော့ ၃၂ အိမ်ပဲသိရတယ်။ မနက်ကျမှ ထပ်မံကွင်းဆင်း စစ်ဆေးစာရင်း ကောက်ယူတော့ နေအိမ် ၅၁လုံးလောက် ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်။ အဲဒီအထဲကမှ သွပ်မိုးထရံကာ နှစ်ထပ်အိမ်နှစ်လုံးကတော့ လုံးဝပြိုကျပျက်စီး သွားတယ်။ အမျိုးသမီးတစ်ဦးကတော့ အနည်းငယ်ထိခိုက်မိလို့ ခါးနာသွားတာမို့ ဆေးရုံကိုတင် ကုသထားရပေမယ့် စိုးရိမ်စရာမရှိပါဘူး"ဟု ဝန်ဇင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ပြောပြ၍ သိရသည်။

#Themyawadydaily

Thursday, August 2, 2018

သံလွင်တံတား (ဘားအံ)အနီး တရုတ်လှကျွန်းစေတီတော် သံလွင်မြစ်ရေတိုက်စား၍ ပြိုကျ


ဘားအံ ၂-၈-၂ဝ၁၈

ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်တံတား (ဘားအံ)အနီး တရုတ်လှကျွန်းထိပ်၌ တည်ထားကိုးကွယ်သော စေတီတစ်ဆူမှာ သံလွင်မြစ်ရေ တိုက်စားခြင်းကြောင့် သံလွင်မြစ်အတွင်းသို့ ဇူလိုင် ၃၁ ရက် ညနေ ၆နာရီခန့်က ပြိုကျသွားကြောင်း သိရသည်။

အဆိုပါ တရုတ်လှကျွန်း စေတီတော်အား ဘားအံမြို့နယ် ကော့ကျိုက်ကျေးရွာအုပ်စု တရုတ်လှ ကျေးရွာနေ ဦးသန်းရှိန်(ခ) ဦးသန်းတင်က မိခင်ဖြစ်သူအား ရည်စူး၍ တရုတ်လှကျွန်းထိပ်၌ လွန်ခဲ့သော ၃၅နှစ်က တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွှေသင်္ကန်းကပ် အရံစေတီကိုးဆူပါ ဥာဏ်တော် ၁၅ တောင်မြင့် တရုတ်လှကျွန်း စေတီတော်သည် မိုးသည်းထန်းစွာရွာသွန်း၍ သံလွင်မြစ်ရေ ကြီးမြင့်တက်လာပြီး ရေစီးသန်မှုကြောင့် မြစ်ရေတိုက်စားကာဇူလိုင် ၃၁ရက် ညနေ ၆နာရီခန့်တွင် သံလွင်မြစ်အတွင်းသို့ ဘုရားရင်ပြင် တစ်ခုလုံးပြိုကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, August 1, 2018

ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် သဘာဝဘေးတို့ကြောင့် အခြေခံပညာစာသင်ကျောင်း ၉၀၀ ကျော် ပိတ်ထားရဆဲဖြစ်


တနင်္သာရီမြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းရေနစ်မြုပ်နေမှုကို တွေ့ရစဉ်။

နေပြည်တော် ၁-၈-၂ဝ၁၈

ယခုဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုစသည့် သဘာဝဘေးတို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁ဝခုရှိ အခြေခံပညာကျောင်း ၁ဝဝဝကျော်ကို ယာယီပိတ်ထားခဲ့ရပြီး အချို့ကျောင်းများမှာ ပြန်လည်ဖွင့်လှစ် နေပြီဖြစ်ကာ ယနေ့ထိ ကျောင်း ၉ဝဝကျော်ကို ပိတ်ထားရဆဲ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့သို့ သဘာဝဘေး ဖြစ်ပေါ်ခဲ့သည့် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ သွားလာရေး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများလည်း ရေဘေးဒုက္ခများဖြင့် ရင်ဆိုင်နေကြရသဖြင့်
အခြေခံပညာကျောင်း ၁၁၅၇ကျောင်းမှာ ယာယီပိတ်ထားခဲ့ရကာ လက်ရှိအချိန်ထိ ကျောင်း ၂၁၂ကျောင်းကို ပြန်လည် ဖွင့်လှစ်သင်ကြား နေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုရှိ ပိတ်ထားရဆဲ အခြေခံ ပညာကျောင်းပေါင်း ၉၄၅ကျောင်းရှိနေ သေးကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

"ကျောင်းတွေကတော့ ပိတ်ထားရတဲ့အထဲက အခုဆိုပြန်ဖွင့်တဲ့ ကျောင်းတွေရှိသလို ဒီနေ့ဆို ပဲခူးတိုင်း ဒေသကြီး အရှေ့ဆိုရင် ၄၄ကျောင်း ထပ်ပိတ်လိုက်ပါတယ်။ ဒီနေ့ပြန်ဖွင့်တဲ့ ကျောင်းတွေရှိသလို ပိတ်ရတဲ့ ကျောင်းတွေလဲရှိ နေပါတယ်"ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက ပြောပြသည်။

လက်ရှိအချိန်ထိ ပိတ်ထားရပြီး ပြန်ဖွင့်ရန် ကျန်ရှိသည့် အခြေခံပညာကျောင်း ၉၄၅ ကျောင်းမှာ ကရင်ပြည်နယ်မှ ၃၉၆ ကျောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၈ ကျောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ ၃၉၃ကျောင်း၊ မကွေးတိုင်းဒေသကြီးမှ ခြောက်ကျောင်း၊ မန္တလေးတိုင်းဒေသကြီးမှ နှစ်ကျောင်း၊ မွန်ပြည်နယ်မှ ၁၂၉ကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ တစ်ကျောင်းတို့ ဖြစ်ပြီး အထက်တန်းအဆင့်ကျောင်းပေါင်း ၈၉ကျောင်း၊ အလယ်တန်းအဆင့် ကျောင်းပေါင်း ၁၉၁ကျောင်းနှင့် မူလတန်းအဆင့် ကျောင်းပေါင်း ၆၆၅ ကျောင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ပညာရေးဝန်ကြီး ဌာနအနေဖြင့် ရေကြီးနစ်မြုပ်ဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများ အစရှိသည့် လိုအပ်သည့်ပစ္စည်းများနှင့် ထောက်ပံ့ကြေး များကို ကူညီပေးအပ်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

လမ်းရေကျော်လျက်ရှိသည့် နမ့်မျှော်-မိုင်းယော်-မိုင်းကျက်ကားလမ်း၌ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်


တပ်မတော်သားများနှင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များက လမ်းရေကျော်မှုများဖြစ်ပေါ်လျက်ရှိသည့် နေရာ၌ခရီးသည်နှင့် ကုန်ပစ္စည်းများအားသယ်ယူ ပို့ဆောင်ခြင်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ ဇူလိုင် ၂၈ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်မျှော်-မိုင်းယော်-မိုင်းကျက် ကားလမ်းရေကျော်မှု များကြောင့် ခရီးသွား ပြည်သူများနှင့် ဒေသခံပြည်သူများ သွားလာရေး အခက်အ ခဲများဖြစ်ပေါ်လျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ခရီးသည်နှင့် ကုန်ပစ္စည်းများကို ဖိုက်ဘာလှေများဖြင့် သယ်ယူ ပို့ဆောင်ခြင်းများ ဆောင်ရွက်ပေးသည်။

လမ်းရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည့် နမ့်မျှော်-မိုင်းယော်-မိုင်းကျက် ကားလမ်းရှိ မိုင်တိုင်အမှတ်(ဝ/၁-ဝ/၂)ကြား၊ မိုင်တိုင်အမှတ်(ဝ/၃-ဝ/၄) ကြားနှင့် မဲလုံးတံတားအဝင်၊ အထွက်လမ်းတို့၌ ရေအနက်သုံးပေမှ ငါးပေခန့်နှင့် ရေပြင်အကျယ် ပေ ၃ဝဝမှ ၅ဝဝခန့်ထိ ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိရာ မော်တော်ယာဉ် သွားလာမှုများ ရပ်ဆိုင်းခဲ့ပြီး အဆိုပါနေရာများ၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင် မီးသတ်တပ်ဖွဲ့ဝင်များက ခရီးသည်များနှင့် ကုန်ပစ္စည်းများကို ဖိုက်ဘာလှေများဖြင့် သယ်ယူရွှေ့ပြောင်း ပို့ဆောင်ပေးပြီး လိုအပ်သည့်ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, July 31, 2018

သဘာဝဘေးအန္တရာယ် ဖြစ်ပွားသဖြင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်


ရေကြီးရေလျှံမှုကြောင့် ရထားချောင်းကူးသံလမ်း ပျက်စီးနေမှုကို တွေ့ရစဉ်။

နေပြည်တော် ၃၁-၇-၂ဝ၁၈

၂၀၁၈ ခုနှစ် ဇူလိုင် ၂၉ ရက် နံနက် ၆နာရီ မိနစ် ၃၀ မှ ၁၁ နာရီထိ မိုးရွာသွန်းပြီးတောင်ကျချောင်းရေတိုက်စားမှုကြောင့် တနိုင်းမြို့နယ် တနိုင်း-ရှင်ဗွေယန်-နန်းယွန်းတောင်ကမ်းပါးယံလမ်းပိုင်းမိုင်တိုင် (၁၆၆/၃)၌ အရှည်ပေ ၈၀၊ အကျယ်ပေ ၅၀၊ အနက်ပေ ၃၀ ခန့်ပြိုကျပျက်စီး ခဲ့ကြောင်း၊ ၁၂၀၀ အချိန် မိုးရွာသွန်းမှုကြောင့် မိုးညှင်းမြို့နယ် နမ့်မွန်း-အုန်းစံဆိုင်-ဘီလူးမြေသားလမ်း ၁ ပေခန့် နိမ့်ကျပျက်စီးခဲ့ရာ မော်တော်ယာဉ်များသွားလာ၍မရဘဲဆိုင်ကယ် များသာ သွားလာနိုင်ကြောင်း၊ ၀၇၃၀ အချိန် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကားလမ်း ကီလိုမီတာ(၅၀ နှင့် ၅၁) ကြား၌ တောင်နံရံမြေပြိုကျခဲ့၍ လမ်းပိတ်ဆို့မှုဖြစ်ပွား ခဲ့ကြောင်း၊ ၀၈၀၀ နာရီတွင် ဂျိုင်းမြစ်ရေမြင့်တက်မှုကြောင့် ကော့ကရိတ်မြို့နယ် ဘုရားကြီးကျေးရွာအတွင်း ရေ ၈ ပေခန့်ဝင်ရောက်ခဲ့ရာ အိမ်ထောင်စု ၃၁စုသည် ၎င်းကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင် လျက်ရှိ ကြောင်း၊ ၀၉၅၀ နာရီတွင် လှိုင်ဝကျေးရွာ၌ ရော်ဘာပင်လဲကျခဲ့ရာ နေအိမ်မီးဖိုဆောင် တစ်လုံး၊ တန်ဖိုးငွေကျပ်၁၀၀၀၀ ခန့်ပျက်စီးခဲ့ကြောင်း၊ ၁၁၅၀ နာရီတွင် အမှတ်(၃)ရပ်ကွက် မြို့မဘောလုံးကွင်းအရှေ့ဘက်ခြမ်းတွင် ကာရံထားသည့်အလျားပေ ၁၃၀၊ အမြင့် ၈ ပေခန့်ရှိ အုတ်တံတိုင်းပြိုကျခဲ့ကြောင်း၊ ၁၃၃၀ မှ ၁၈၀၀ နာရီထိ ဟောင်သရောမြစ်ရေမြင့်တက်မှုကြောင့်ကျုံဒိုးမြို့ အမှတ်(၂/၃/၄) ရပ်ကွက်တို့ရှိ အိမ်ထောင်စု ၃၄ စုသည် ဓမ္မာရုံနှင့်စာသင်ကျောင်းတို့သို့ ယာယီပြောင်းရွှေ့ခဲ့ကြောင်း၊ အလားတူ၁၂၀၀ နာရီတွင် မိုးရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာပါ ကျေးရွာ၊ ရပ်ကွက် ရှစ်ခုအတွင်းသို့ရေ ၃ ပေမှ ၆ ပေထိဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု ၁၄၉ စုသည် ဘုန်းကြီးကျောင်းနှင့် ၎င်းတို့၏ ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ ၁၂၀၀ မှ ၁၅၀၀ နာရီထိ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့နယ် ခရဲကမ်းနားကျေးရွာပါ ငါးရွာရှိ အိမ်ထောင်စု ၂၄၆ စုသည်ပဲနွယ်ကုန်းကွက်သစ်၌ ယာယီကယ်ဆယ်ရေး
စခန်း(တန် ၄၀၀၀ မိုင်းရှင်းကွင်း)ရှိ စားဖိုဆောင်နှင့် ၎င်းင်းတို့ကျေးရွာများရှိ ဓမ္မာရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ဇူလိုင် ၂၈ရက် ၁၁၀၀ မှ ၂၁၀၀ နာရီထိ မိုးအဆက်မပြတ်
ရွာသွန်းမှုကြောင့် ကျောက်ကြီးမြို့နယ်အတွင်း၁ ပေမှ ၇ ပေခန့်ထိ ရေများဝင်ရောက်ခဲ့၍ပဲခူးရပ်ကွက်ပါ ငါးရပ်ကွက်နှင့် နောင်ကုန်းကျေးရွာပါ ၁၈ ရွာတို့ရှိ အိမ်ထောင်စု ၆၄၇ စုသည် ဘုန်းကြီးကျောင်းများနှင့် ၎င်းင်းတို့၏
ဆွေမျိုးများ၏နေအိမ်များသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ဇူလိုင် ၂၉ ရက် ၀၇၀၀မှ ၁၃၀၀ နာရီထိ မိုးရွာသွန်းမှုကြောင့် ၀က်လာတောကျေးရွာပါ ကျေးရွာရပ်ကွက် လေးခုအတွင်း စစ်တောင်းမြစ်ရေ ၁ ပေမှ ၈ ပေ
အထိ ၀င်ရောက်ခဲ့သဖြင့် ကျေးရွာရှိ အိမ်ထောင်စု ၁၁၀ စုသည် ရွှေမင်းဝံဓမ္မရိပ်သာနှင့်၎င်းင်းတို့၏ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ဇူလိုင် ၂၉ ရက်တွင် ပဲခူးမြို့နယ် တာဝဘူတာနှင့် ဘုရားသုံးဆူ
ကြား မိုင်တိုင်(၄၀/၅-၄၁/၂၀)ကြားတို့၌ရထားသံလမ်းပေါ် ၈ လက်မခန့် ရေကျော်နေသဖြင့် မန္တလေး-ရန်ကုန်ရထားခရီးစဉ် သုံးခုအား ယာယီဖျက်သိမ်းထားကြောင်း၊ ၀၆၀၀ မှ၁၂၀၀ နာရီထိ မိုးရွာသွန်းမှုကြောင့် ရွှေကျင်
မြို့နယ် မအူပင်ကျေးရွာပါ ကျေးရွာရပ်ကွက်၁၄ ခုအတွင်းသို့ ရေ ၃ ပေခွဲမှ ၅ ပေခန့်ထိဝင်ရောက်ခဲ့၍ အိမ်ထောင်စု ၁၄၉၅ စုသည်ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ၎င်းင်းတို့၏ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ၀၉၃၀ နာရီတွင်ရွှေကျင်မြစ်ရေ၏စိုးရိမ်ရေအမှတ် ၇၀၀ စင်တီမီတာအထက် ၁၃၇ စင်တီမီတာသို့ရောက်ရှိကျော်လွန်နေသဖြင့် မြို့ပေါ်ရှိ ကားလမ်းပေါ်၌ရေ ၃ ပေခန့်ဝင်ရောက်လျက်ရှိရာ ယာဉ်ငယ်များသွားလာနိုင်ခြင်းမရှိကြောင်းနှင့် စက်လှေများဖြင့် သွားလာလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ၀၈၀၀ နာရီတွင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ဝေါမြို့နယ် ဆင်ရွာကျေးရွာပါ သုံးရွာအတွင်း ရေ ၁၀ ပေခန့်ဝင်ရောက်ခဲ့ရာ အိမ်ထောင်စု ၁၂၈ စုသည် ၎င်းင်းတို့၏ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်
ရှိကြောင်း၊ ၁၀၀၀ မှ ၁၃၀၀ နာရီထိ မိုးရွာသွန်းမှုကြောင့် အေးချမ်းသာယာရပ်ကွက်ပါကျေးရွာရပ်ကွက် လေးခုအတွင်း ရေ ၂ ပေမှ၆ ပေခန့်အထိဝင်ရောက်ခဲ့၍ အိမ်ထောင်စု၅၉ စုသည် ဘုန်းကြီးကျောင်းနှင့် ၎င်းတို့၏ ဆွေမျိုးများ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ၀၉၃၀ နာရီတွင် စစ်တောင်းမြစ်ရေ၏စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာအထက်၂၀၉ စင်တီမီတာသို့ရောက်ရှိကျော်လွန်နေခဲ့ကြောင်း၊ ၁၁၃၀ နာရီတွင် စစ်တောင်း
မြစ်ရေမြင့်တက်မှုကြောင့် ထန်းတပင်မြို့နယ်၊ကြက်လျှာစွန်းကျေးရွာအတွင်း ရေ ၄ ပေခန့်ဝင်ရောက်ခဲ့ရာ အိမ်ထောင်စု ၁၇ စုသည် ၎င်းးကျေးရွာရှိ စာသင်ကျောင်းနှင့် ၎င်းင်းတို့၏ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်
လျက်ရှိကြောင်း၊ ၁၄၀၀ မှ ၁၅၀၀ နာရီတွင်မိုးရွာသွန်းမှုကြောင့် တောင်ငူမြို့နယ် အလယ်ကျွန်းကျေးရွာပါ ကျေးရွာရပ်ကွက် ငါးခုအတွင်း စစ်တောင်းမြစ်ရေ ၃ ပေမှ ၅ ပေအထိမြင့်တက်လာ၍ အိမ်ထောင်စု ၂၆၇ စုသည်ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ၁၅၀၀ မှ၁၈၀၀ နာရီထိ မိုးရွာသွန်းမှုကြောင့် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာပါ ကျေးရွာရပ်ကွက် ၂၀ ခုအတွင်းသို့ ရေ ၂ ပေမှ ၄ ပေအထိဝင်ရောက်ခဲ့၍ အိမ်ထောင်စု ၁၂၄၉စုသည် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ၎င်းတို့၏ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ မိုးရွာသွန်းမှုကြောင့်ပဲခူးမြစ်ရေမြင့်တက်လာ၍ က၀မြို့နယ် ကျားတက်ကျေးရွာအတွင်းသို့ ရေ ၂ ပေမှ ၅ ပေခန့်ဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု ခုနစ်စုသည် ဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင် ၂၉ ရက် ၀၇၃၀ အချိန်မိုးရွာသွန်းမှုကြောင့် မင်းတုန်းချောင်းကမ်းပါးပြိုကျမည်စိုးရိမ်သဖြင့် ကံမမြို့နယ် သမ္ဘရာကျေးရွာရှိ မင်းတုန်းချောင်းကမ်းပါးအနီးနေထိုင်သော နေအိမ်ကိုးလုံးမှမိသားစုဝင်များသည် ၎င်းတို့၏ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ၀၉၁၅ နာရီတွင် မိုးရွာသွန်းမှုကြောင့် အောင်လံမြို့နယ် ဇေယျဝတီရပ်ကွက် တောင်ပေါ်ကျောင်းတိုက်အတွင်း ဝဏ်တော် ပေ ၆၀ ခန့်ရှိ စေတီတော်တောင်ဘက် ခြမ်းပြိုကျခဲ့ရာ ဖန်စိန်ဖူးတော်တစ်ခု၊ထီးတော်နှစ်လက်၊ ကလပ်တစ်ခု၊ ငှက်မြတ်နားတော်ငါးခု၊ သံကြွပ်ခေါင်းလောင်း အသေး၁၃ လုံး၊ သံကြွပ်ခေါင်းလောင်း အကြီးတစ်လုံး၊ အရံစေတီတော်တစ်ဆူနှင့် ထီးတော်မှာ မြေခခဲ့ကြောင်း ၎င်းစေတီ တော်မှပစ္စည်းများအား အဆိုပါကျောင်းတိုက် ဆရာတော် ဥူးခေမိန္ဒထံတွင် ထိန်းသိမ်းထားရှိကြောင်း၊ ၀၆၀၀အချိန် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားပြိုကျမှုကြောင့် ဘီးလင်းမြို့နယ် ကျောက်လုံးကြီးကျေးရွာ ကြောင်တရာ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ဆောက်လုပ်ဆဲ (၁၀၀×၅၀) ပေ တိုက်ကျောင်းပြိုကျ ခဲ့သဖြင့်တန်ဖိုးငွေကျပ် သိန်း ၃၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ၀၇၂၀ နာရီတွင် ဒုံးဝန်းဘူတာနှင့်နှင်းပုလဲဘူတာကြား အရှည် ၂၄၀ ပေခန့်ရှိတံတားအမှတ် (၄၇)၏ တိုင်လေးတိုင်အနက်ဒုံးဝန်းဘက်ခြမ်းရှိ ဒုတိယမြောက်တိုင်မှာရေစီးဖြင့်မျောပါသွားကြောင်း၊ ၁၈၀၀ နာရီတွင် မိုးရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက် ပါသုံးခုအတွင်းသို့ ရေများဝင်ရောက် ခဲ့သဖြင့်အိမ်ထောင်စု ၁၀၀ စုသည် ရပ်ကွက်ရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ၂၀၀၀ နာရီတွင် မိုးရွာသွန်းပြီးမြစ်ရေမြင့်တက်မှုကြောင့် ကျိုက်မရောမြို့နယ်ကလိုင်းကနိုင်ကျေးရွာပါ ကျေးရွာရပ်ကွက်သုံးခုအတွင်း ရေ၀င်ရောက်ခဲ့သဖြင့် ရွှေ့ပြောင်းအလုပ်သမားအိမ်ထောင်စု ၅၇ စုသည်ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ဇူလိုင် ၂၉ ရက် ၁၇၀၀ အချိန်မိုးရွာသွန်းမှုကြောင့် မောင်တောမြို့နယ် မောင်တော-(၃) မိုင် - အငူမော်လမ်းတွင် ကွန်ကရစ်လမ်း အကျယ် ၆ ပေ၊ အရှည် ၅ ပေခန့်အနက် ၇ ပေခန့်ထိ ပြိုကျခဲ့ရာ ယာဉ်ငယ်များနှင့် ဆိုင်ကယ်များသာသွားလာနိုင်ပြီး ယာဉ်ကြီးများသွားလာနိုင်မှုမရှိကြောင်း၊ ၀၃၀အချိန် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လားရှိုးမြို့ ရပ်ကွက်(၁၂) အဝေရာလမ်းမကြီးပေါ်ရှိ မြောင်းကူးတံတားမှာ ရေကျော်နေစဉ် ဖြတ်သန်း မောင်းနှင်သည့် ယာဉ်မောင်း(စိစစ်ဆဲ) မောင်းနှင်သည့် ယာဉ်အမှတ် 6c/----- Finder ယာဉ်မှာ ရေစီးဖြင့် မျောပါသွားရာမှ ၀၅၃၀ နာရီတွင် အဝေရာလမ်းသွယ် (၄)ရှိ ကိုးကန့်ဒီမိုကရက်တစ်ရုံးအနီး ချောင်းအတွင်းမှ ပြန်လည် တွေ့ရှိခဲ့သဖြင့် ၀၉၀၀နာရီတွင် ယာဉ်အားဆယ်တင်ခဲ့ကြောင်း၊ ယာဉ်ပိုင်ရှင်မှာ လားရှိုးမြို့ ရပ်ကွက်(၁၂)နေဦးစိုင်းထွန်းတင် ၆၅ နှစ် ဖြစ်ကြောင်းသိရှိရ၍ ၀၉၁၀ နာရီတွင် ယာဉ်အား ဦးစိုင်းထွန်းတင်ထံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း၊ယာဉ်ပိုင်ရှင်မှ မန္တလေးသို့ ယာဉ်သက်တမ်းတိုးရန် တစ်ရပ်ကွက်တည်းနေ တူဖြစ်သူ စိုင်းငြိမ်းကျော်ဦး ၃၆ နှစ်အား လွန်ခဲ့သောနှစ်ရက်ခန့်က ပေးအပ်ထားခြင်းဖြစ်ကြောင်းနှင့် ယာဉ်မောင်းသူအား ဆက်လက်စုံစမ်း ရှာဖွေလျက်ရှိကြောင်း၊ ၀၅၀၀ နာရီတွင် ရေတိုက်စားမှုကြောင့် ရပ်ကွက်(၁)ရှိ ချမ်းမြေ့ရေစက် အုတ်နံရံအလျား ၁၅ ပေခန့် ပြိုကျခဲ့ရာ တန်ဖိုး၁၅၀၀၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊၀၇၀၀ မှ ၀၉၀၀ နာရီထိ မိုးရွာသွန်းမှု ကြောင့် ရပ်ကွက် (၅) ပါရပ်ကွက်လေးခု၌ သွပ်မိုး၊ ထရံကာ နေအိမ်သုံးလုံးပြိုကျ၊ နေအိမ် ၁၆ လုံး၊ စာသင်ကျောင်းတစ်ကျောင်းနှင့် လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်းတို့အား ကာရံထားသော ခြံစည်းရိုးအုတ်တံတိုင်းတို့ ပြိုကျပျက်စီးခဲ့ရာ တန်ဖိုး ၁၄၉၆၈၀၀၀ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ ၀၉၀၀ နာရီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာချီလိတ်မြို့နယ် မြို့ပတ်လမ်းအနီး တောင်ကုန်းပေါ်၌တည်ထားသော အေးငြိမ်းချမ်းသာဘုန်းကြီးကျောင်း မြေထိန်းနံရံ ပေ ၂၀ ခန့်ပြိုကျခဲ့ကြောင်း၊ ၁၂၀၅ အချိန် မိုးရွာသွန်းပြီးဧရာဝတီမြစ်ရေမြင့်တက်၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပန်းတနော်မြို့နယ် မြစိမ်းကျွန်း ကျေးရွာပါသုံးရွာရှိ နေအိမ် ၆၁ လုံးအားဖျက်သိမ်းပြီး ရွှေ့ပြောင်း ခဲ့ကြောင်းနှင့် ၁၆၀၀နာရီတွင် မိုးရွာသွန်းပြီး ရွှေလောင်းမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် ၀ါးခယ်မမြို့နယ် ရွာမကျေးရွာ မြစ်ကမ်းပါးအနီးရှိ စာသင်ကျောင်းတစ်ကျောင်းအား ဖျက်သိမ်းပြီးရွှေ့ပြောင်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, July 30, 2018

မြိတ်ခရိုင်အတွင်း ရေကြီးရေလျှံမှုများကြောင့် လယ်ဧက ၄ဝဝဝ ကျော် ရေနစ်မြုပ်



မြိတ် ၃၀-၇-၂၀၁၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း မြို့နယ်အချို့၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ရာ လယ်ဧက ၄ဝဝဝ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေကြီးနစ်မြုပ်မှုကြောင့် မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်၌ လယ်ယာမြေ ၆၁၁ ဧက၊ ပုလောမြို့နယ်၌ ၂၄၈၅ ဧက၊ ကျွန်းစုမြို့နယ်၌ ဧက ၅ဝ၊ တနင်္သာရီ မြို့နယ်၌ ၁၅၄၄ ဧက ရေကြီးနစ်မြုပ်ခဲ့ပြီး ပုလော၊ ကျွန်းစုနှင့်မြိတ်မြို့နယ်တို့၌ လယ်မြေများ ပြန်ပေါ်သွားပြီ ဖြစ်သော်လည်း တနင်္သာရီမြို့နယ်ရှိ လယ်မြေများမှာ ပြန်မပေါ်သေးဘဲ ရေနစ်မြုပ်နေဆဲဖြစ်သည်။

''ရေမြုပ်တာက ပုလောက အများဆုံးမြုပ်တယ်။ဒါပေမဲ့ အားလုံးပြန်ပေါ်ကုန်ပြီ။ ထိခိုက်ဆုံးရှုံးမှုတွေကို စစ်တမ်းကောက်နေတယ်။ ကျွန်းစုမှာ နှစ်ဧက လုံးဝပျက်စီးသွားတယ်။ ပြန်မပေါ်သေးတာက တနင်္သာရီမြို့နယ် ကျေးရွာ ၁၅ ရွာမှာ တောင်သူ ၃၇၆ ဦး၊ ကွင်းပေါင်း ၄၉ ကွင်း၊ ဦးပိုင် ၄၂၄၊ နစ်မြုပ်ဧက ၁၅၄၄ ဧကရှိတယ်''ဟု မြိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးသိန်းစိုး ကပြောသည်။

မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပျက်စီးဆုံးရှုံးသည့် လယ်မြေဧကများကို စစ်တမ်းကောက်ယူနေပြီး ထိခိုက်နစ်နာသူများကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ထောက်ခံချက်ဖြင့် ခရိုင်မှတစ်ဆင့် တိုင်းဒေသကြီး အစိုးရပြည်ထောင်စု အစိုးရထံ တင်ပြပေးသွားမည် ဖြစ်သည်။

''ခရိုင်အနေနဲ့ကျတော့ အတည်ပြုပေးတယ်။ စာရင်းကောက်ပြီး တင်ပေးမယ်။ ပြီးရင်ပျက်စီး နစ်မြုပ်သွားတဲ့ လယ်တွေကို ပြန်လည်စိုက်ပျိုးနိုင်အောင် နည်းပညာတွေ ပံ့ပိုးပေးသွားမယ်။ မျိုးစပါးတို့ စိုက်ပျိုးစရိတ်တို့ကတော့ တိုင်းဒေသကြီး အစိုးရတို့ ပြည်ထောင်စု အစိုးရတို့က လုပ်ပေးနိုင်တယ်။ ခရိုင်အနေနဲ့ကျတော့ ဒါတွေပံ့ပိုးနိုင်တဲ့ အင်အား မရှိဘူးလေ''ဟု ဦးသိန်းစိုးက ပြောသည်။

မြိတ်ခရိုင်အတွင်း မြို့နယ်လေးမြို့နယ်၌ စိုက်ပျိုးမြေဧက စုစုပေါင်း ၁၂၄၄၇၆ ဧကရှိပြီး အမှန်တကယ် စိုက်ပျိုးသည့် မြေဧက ၇၁ဝ၈ဝ ရှိကာ ကျေးရွာ ၃၄ ရွာမှ တောင်သူ၉၂ဝ ဦး၏ စိုက်ပျိုးလယ်ဧက ၄၆၉ဝ ရေကြီးနစ်မြုပ်ခဲ့ကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

ပဲခူးမြို့ရေလွှမ်းနေမှု ခန့်မှန်းရက် ထက်စော၍ ရေစတင်ကျဆင်း





ရန်ကုန် ၃၀-၇-၂ဝ၁၈

ပဲခူးမြို့ပေါ်၌ ရေပြည့်ရေလျှံဖြစ်ပေါ်နေမှုသည် ဒုတိယဝါဆိုလပြည့်ကျော် ၄ ရက် (ဇူလိုင် ၃၁ ရက်)တွင် ရေစကျမည်ဟု ခန့်မှန်းထားသော်လည်း ယနေ့တွင် ၁ ပေခွဲခန့် စတင်ကျဆင်းနေပြီဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေထံမှ သိရသည်။

''ယခုပဲခူးမြို့ပေါ်ကို တက်နေတဲ့ရေက မှန်းထားတာကတော့ ဒုတိယ ဝါဆိုလပြည့်ကျော် ၄ ရက်မှ ရေစကျမယ်လို့ မှန်းထားပါတယ်။ မနေ့က အမြင့်ဆုံး ရေအမှတ် ၉၆၈ စင်တီမီတာထိမြင့်တက်ခဲ့ပါတယ်။ ရှိတာက စိုးရိမ်ရေ ရှိတာက စိုးရိမ်ရေ အမှတ်က ၈၈ဝ စင်တီမီတာဆိုတော့ စိုးရိမ်ရေ အမှတ်ထက် ၈၈ စင်တီမီတာ ကျော်ခဲ့ပါတယ်။ မနေ့ကထက် စာရင် ဒီနေ့လပြည့်ကျော် ၂ ရက်နေ့မှာရေက ၁ ပေခွဲလောက် ကျသွားပါတယ်။ ဒေသရဲ့ ခန့်မှန်းပြောဆိုချက် အရပေါ့။ ပင်လယ်ရေက လပြည့်ကျော် ၃ ရက်နေ့အထိပဲ တောင့်တာဖြစ်လို့ လပြည့်ကျော် ၄ ရက်နေ့ (ဇူလိုင် ၃၁ ရက်) ဆိုရင်တော့ ပင်လယ်ရေကျသွား တာနဲ့အတူ ရေလည်း စကျမယ်လို့ခန့်မှန်းထား ပါတယ်။ လက်ရှိမြေပြင်မှာ တော့ ဒီနေ့ကနေ ရေစကျနေပါပြီ။ ယခင်စိုးရိမ်ရတဲ့ အခြေအနေကနေ လျော့လာပါပြီ။ မရှိတော့ဘူး လို့တော့ ပြောလို့မရဘူး။ ရေကတော့ ရှိနေသေးတယ်။ ဒါပေမဲ့ ယခင်ထက်တော့ လျော့သွားပါတယ်'' ဟု ပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ က ပြောသည်။

ယခုအချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဝန်ကြီးများအား ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ရေဘေးသင့် ဒေသများသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်များ ခွဲဝေဆောင်ရွက်နေပြီဖြစ် ကြောင်း၊ ပဲခူးမြစ် တစ်လျှောက် ရေကာတာနှင့် ပဲခူးမြို့အား ဝန်းရံထားသော ရေကာတာ/ တမံများကို ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက လှည့်လည်ကြည့်ရှုစစ်ဆေးလျက်ရှိ ကြောင်း၊ ပဲခူးတိုင်းဒေသကြီး ကွပ်ကဲရေးရုံး၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက စီမံကွပ်ကဲနေပြီ ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဝန်ကြီး ဦးအောင်ဇော်လှိုင်က ရွှေကျင်မြို့ကို အခြေပြု၍ လူဦးရေနှစ်သောင်းကျော်ခန့် ရေဘေး သင့်နေမှုအပေါ် ကယ်ဆယ်ရေး လုပ်ငန်းများဆောင် ရွက်နိုင်ရေးနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေမှုများကို စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ သယံဇာတနှင့် သစ်တောရေးရာ ဝန်ကြီး ဒေါက်တာ စိုးညွန့်ဝင်း၊ လျှပ်စစ်ဝန်ကြီး ဦးသန်းဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပဲခူးမြို့အား ကာရံ ထားသော ရေကာတာများနှင့် တမံများ/ ကယ်ဆယ်ရေး စခန်းများသို့ လိုက်လံကြည့်ရှု စစ်ဆေးပြီး မြေပြင်တွင် ဆောင်ရွက်နေသော အဖွဲ့များနှင့် ပေါင်းစပ်ကာ ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိသည်။

''ကျွန်တော်က ပဲခူးမြစ်ဘေးတစ်လျှောက် မှာရှိတဲ့ ရေကာတာတွေ ကြံ့ခိုင်မှုအပိုင်းကို တာဝန်ယူထားတာပေါ့။ ပဲခူးမြို့မှာ ဆိုရင် ပဲခူးမြစ်ဘေးက တာတွေ၊ ရွာဝိုင်း ၁၆ လမ်း/ ၇ လမ်းမှာရှိတဲ့တာတွေ၊ ရေကာတာ တွေကိုလိုက်ကြည့်နေပါတယ်။ လိုအပ်ရင် လူအင်အားထည့်ပြီး ဆောင်ရွက်ရမှာပါ။ ကယ်ဆယ်ရေးစခန်းတွေ၊ ကွပ်ကဲရေးရုံးတွေ ကိုလည်းလိုက်ကြည့်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့အစိုးရ အဖွဲ့အနေနဲ့ မြေပြင်မှာ လုပ်ကိုင်နေကြတဲ့အဖွဲ့တွေနဲ့ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်တာပေါ့။ ပဲခူးမြို့ကို ကယ်ဆယ် ရေးအတွက် ဝင်လာတဲ့ ထောက်ပံ့ပစ္စည်းတွေ အချိန်မီရေဘေးသင့်ပြည်သူတွေထံရောက်အောင် ဖြန့်ဝေနိုင်ဖို့ ပေါင်းစပ် ဆောင်ရွက်ပေး တာပါ'' ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ထပ်မံပြောသည်။

''ရေကတော့အရှိန်မသေသေးဘူးပေါ့။ ညက ရေကိုတိုင်းကြည့်တဲ့အခါမှာ ရေက ၆ လက်မအထက်တော့ လျော့ လာ ပါတယ်။ ကျွန်တော်တို့ ပဲခူးမြို့က ဒယ်အိုးပုံသဏ္ဌာန်ရှိပါတယ်။ အပေါ်မှာက တောင်တွေနဲ့ပဲခူးရိုးမ ရှိပြီး အနောက်မှာက မြစ်တွေရှိတယ်။ မြစ်က လဆန်းရက်တွေမှာဒီရေတက်ပါတယ်။ မိုးကလည်းရွာတယ် နှစ်ခု ပေါင်းတော့ ရေလျှံထွက် သွားတာပေါ့။မိုးအရမ်းများလာရင် ပဲခူးဆည်က ကျိုးမှာကြောက်တဲ့အတွက် ရေလွှတ်ရင် တော့ ဒီထက်ရေတက်လာမလားဆိုတာ စိုးရိမ် စရာတော့ရှိတယ်။ အခုထိတော့ ဘာမှမကြေညာသေးတဲ့အတွက် အခြေအနေ ကောင်း တယ်လို့ယူဆရမှာပါ'' ဟု ပဲခူးမြို့ဒေသခံ ဦးစံသိန်းကပြောသည်။

ပဲခူးမြို့ပေါ်သို့ ဇူလိုင် ၂၅ ရက်မှစတင် ကာရေများတက်လာခဲ့ပြီး ယခုအချိန်တွင် ပဲခူးမြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများဖြစ်သော အနောက်ရွှေနံသာတွင် အိမ်ထောင်စု ၈၉၂ စု၊ မင်္ဂလာဇေယုံတွင် အိမ်ထောင်စု ၁၆၆ စု၊ သီရိဇေယျာတွင် အိမ်ထောင်စု ၁၂၂ စု၊ အောင်ရတနာတွင် အိမ်ထောင်စု ၂၂ စု၊ စက်ကုန်းတွင် အိမ်ထောင်စု ၁ဝ စု၊ မီးရထား နယ်မြေ(၉)(၁ဝ)တို့တွင် အိမ်ထောင်စု ၁၇၁ စု ရှိကာ စုစုပေါင်း အိမ်ထောင်စု ၁၃၈၃ စုတွင် လူဦးရေ ၇၁၈၂ ဦး ရှိကြောင်း၊ ပဲခူးတစ်မြို့နယ်လုံး အနေဖြင့် ရေဘေး ကယ်ဆယ်ရေးစခန်း ၃၁ ခုရှိပြီး စုစုပေါင်းလူဦးရေ ၂၅၇၂၃ ဦး ရှိကြောင်းသိရသည်။

#Themyawadydaily

Thursday, July 26, 2018

သဘာဝရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် လက်တွေ့ကြိုတင် ဇာတ်တိုက် လေ့ကျင့်မည်



ကလေး ၂၆-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် ရေဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်း တာဝန်ကျ ဌာနဆိုင်ရာများ၊ ရေဘေးကြိုတင် ကာကွယ်ရေး ကော်မတီများ ပူးပေါင်း၍ သဘာဝရေဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့ ဇာတ်တိုက် လေ့ကျင့်မှုကို ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီ ၃ဝမိနစ်တွင် စတင်ပြီး ကလေးမြို့နယ် ပြင်သာကျေးရွာ သုသာန်ကျောင်း၌ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါရေဘေး ကယ်ဆယ်ရေးဇုန် ငါးဇုန်ကို ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် ကယ်ဆယ်ရေး စခန်း ၂၂နေရာ သတ်မှတ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီ၁ဝခု ဖွဲ့စည်းပြီး ရေဘေးကယ်ဆယ်ရေး ဇုန်ငါးဇုန်မှ တာဝန်ကျ ဌာနဆိုင်ရာများက စတင်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းမြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီထံမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကလေးမြို့နယ်အတွင်း ရေဘေးကျရောက် လာပါက အသင့်ဖြစ်နေစေရန် ကြိုတင်လက်တွေ့ အနေဖြင့် အနိမ့်ပိုင်း ဒေသဖြစ်သည့် ပြင်သာကျေးရွာ ပြည်သူများအတွက် ကယ်ဆယ်ရေး စခန်းကို တပ်ဦးသီတာရပ်ကွက် အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်း၌ ဖွင့်လှစ်ထားရှိရာ ရေဘေးသင့်ပြည်သူများ ထိခိုက်လွယ်အုပ်စုလေးအုပ်စု၊ အိမ်မွေး တိရစ္ဆာန်များကို သတ်မှတ်ထားသည့် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခြင်း၊ နေရာချထားခြင်း၊ ရေကျပြီးပါက မူလကျေးရွာသို့ ပြန်လည်ပို့ ဆောင်ပေးခြင်း ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်မည်ဖြစ်သည်။

ကလေးဒေသတွင် ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ် မိုးတွင်းကာလက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် ကလေးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ စနစ်တကျ ဦးဆောင်စီမံ ခန့်ခွဲမှုဖြင့် ရေဘေးကယ်ဆယ်ရေး ဇုန်ငါးဇုန်မှ တာဝန်ကျဌာန ဆိုင်ရာများ၊ ရေဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်း တာဝန်ကျ ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် ရေဘေးကြိုတင် ကာကွယ်ရေး ကော်မတီများ၊ကလေးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ NGO နှင့် CSO အဖွဲ့အစည်းများ ပူးပေါင်း၍ ဇုန်အလိုက်ခွဲကာ ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် နေ့စဉ်စောင့်ကြည့်ခြင်း၊ မြစ်ရေ တိုင်းထွာချက်များ၊ ရာဇဂြိုဟ်ရေလှောင်တမံ၊ မြစ်သာမြစ်ရေလှောင်တမံ မိုးလေဝသ အခြေအနေတို့ကို သတင်းထုတ်ပြန် ပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ ခြင်းဖြစ်ရာ ယခုအခါ သဘာဝဘေး ရုတ်တရက် ကျရောက်လာပါက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းတွင် လူမှုရေးနှင့် ကျန်းမာရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး အတွက် ဇာတ်တိုက် လေ့ကျင့်ရခြင်း ဖြစ်ကြောင်းသိရသည်။

#Themyawadydaily

Monday, July 23, 2018

ပေါင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များပြိုလဲ၊ နေအိမ်များပြိုကျပျက်စီး



ပေါင် ၂၃-၇-၂ဝ၁၈

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များပြိုလဲပြီး နေအိမ်များပြိုကျ ပျက်စီးခဲ့ကြောင်း ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော နေရာများတွင် ပေါင်မြို့နယ်အတွင်းရှိ သဘာဝဘေး ကယ်ဆယ်ရေး အဖွဲ့များ၊ လျှပ်စစ်ဌာန၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ပူးပေါင်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ သွားသော မိသားစုအတွက် နီးစပ်ရာဆွေမျိုး များအိမ်တွင် နေထိုင်နိုင်ရေး စီစဉ်ပေးထားပြီး ပျက်စီးထိခိုက်သွားသော နေအိမ်များအတွက် ကူညီပံ့ပိုးပေးနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက် နေကြောင်း သိရသည်။

"ဖြစ်တာက ဒီနေ့နံနက် ၃ နာရီ လောက်ကစဖြစ်တာ။ လေပြင်းတွေ တိုက်လာပြီး သစ်ပင်တွေလဲတော့ ဓာတ်တိုင်တွေပေါ်ကျလို့ ဓာတ်တိုင်လဲတာတွေ၊ အိမ်ပြိုတာတွေ၊ အမိုးလန်တာတွေ၊ ဆွမ်းစားကျောင်း ဆောင်ပြိုတာတွေ ဖြစ်ပေါ်ခဲ့တယ်။ သက်ဆိုင်ရာဌာနတွေ အားလုံးပူးပေါင်းပြီးတော့ ထိခိုက်ပျက်စီး သွားတဲ့နေရာတွေမှာ ရှင်းလင်းရေး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက် ပေးနေပါတယ်"ဟု ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောပြသည်။

လေပြင်း တိုက်ခတ်မှုကြောင့် ပေါင်မြို့နယ် ကျွဲခြံကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်၊ သစ်ပင် လဲကျမှုကြောင့် ဓာတ်တိုင်သုံးတိုင်ပြိုလဲ၊ ဆွမ်းစားဆောင် တစ်ဆောင် ပြိုကျခဲ့ပြီး ရင်းငြိမ်ကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာတွင် နေအိမ်တစ်လုံး ပြိုကျ၊ နေအိမ်သုံးလုံး အမိုးလန်၊ ဘဲခြံတစ်ခြံနှင့် တဲအိမ်နှစ်လုံး ပြိုကျပျက်စီးခဲ့သည့် အတွက်စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ကာလတန်ဖိုးငွေကျပ် ၂၅သိန်းခန့်ဟု ခန့်မှန်းထားကြောင်း ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

နတ်မောက်မြို့နယ် ရွာသစ်ရေကျော်တွင် ဆီဘောက်ဆာယာဉ်တစ်စီး ရေထဲမျောပါမှုဖြစ်ပွား



နတ်မောက် ၂၃-၇-၂ဝ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအုပ်စု ရွာသစ်ရေကျော်တွင် ဇူလိုင် ၂၁ ရက် ညနေ ၃နာရီ ၁ဝမိနစ်က ဆီဘောက်ဆာယာဉ်တစ်စီး ရေထဲမျောပါမှု ဖြစ်ပွားခဲ့ကြောင်း နတ်မောက်မြို့မရဲစခန်းမှ သိရသည်။

မင်းလှမြို့ အမှတ်(၅)ရပ်ကွက်နေ ယာဉ်မောင်း ဦးမြအေး(ဘ) ဦးတင်လှိုင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် မောင်ဌေး မင်းလှမြို့နယ် ဂျင်ရဲမျှောင်ကျေးရွာနေသူ လိုက်ပါလာသော ယာဉ်အမှတ် 3D/---- ဖူဆို ဆီ ၂၈ဝဝဂါလန်ဆံ့ ဆီဘောက်ဆာ ၁၂ဘီး အဖြူရောင် မော်တော်ယာဉ်သည် မိတ္ထီလာမြို့မှ အထက်မင်းလှမြို့သို့ သွားရောက်ရန် မိတ္ထီလာ-ကျောက်ပန်းတောင်း-ရွာမွန်-နတ်မောက်-မကွေး ကားလမ်းအတိုင်း မောင်းနှင်လာစဉ် နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအုပ်စု ရွာသစ်ရေကျော်သို့ အရောက်တွင် အနက် လေးပေ၊ အကျယ် ပေ၄ဝ ခန့်ရှိ ရေကျော်အတွင်း ဖြတ်ကူးမောင်းနှင်ရာ ရေစီးအတွင်း ရပ်တန့်သွားပြီး ကားလမ်းနှင့်ပေ ၁ဝဝခန့် မျောပါသွားကြောင်း သိရသည်။

အဆိုပါယာဉ် မျောပါမှုကြောင့် ယာဉ်ပေါ်ပါလာသူ နှစ်ဦးစလုံးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။ ညနေ ၆နာရီခန့်၌ ကားမှာ ချောင်းကမ်းပါးအခြေ၌ အတည့်ပြန်လည် ဖြစ်နေရာ ရေအနည်းငယ်ကျချိန်တွင် ဘောက်ဆာယာဉ်မှာ သဲထဲတွင် ထက်ဝက်ခန့် နစ်မြုပ်၍ သဲများဖုံးအုပ် လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မြအေးကို နတ်မောက်မြို့မရဲစခန်းက ယာဉ်(ပ)၃၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၂၇၉ ဖြင့် အမှုရေးဖွင့်ပြီး အမှုစစ်ဒုတိယ ရဲအုပ်သောင်းလှက စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...