Social Icons

Pages

Showing posts with label သတင်းမှန်ပြန်ကြားရေး. Show all posts
Showing posts with label သတင်းမှန်ပြန်ကြားရေး. Show all posts

Monday, March 13, 2017

ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ် " သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး " နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်


ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ် " သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး " နှင့် 
ပတ်သက်၍ သတင်းထုတ်ပြန်ချက်
နေပြည်တော် ၊ ၁၃-၃-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး ၏ ဝတ္တကမြေ အတွင်း၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက တည်ဆောက် လှူဒါန်းသည့် သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်ကြီး ပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာနှင့် အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ၂ဝ၁၇ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းအား မြဝတီ ရုပ်မြင်သံကြား နှင့် မြဝတီသတင်းစာ များတွင် သတင်းထုတ်ပြန် ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါသတင်းအား မတ်လ ၁ဝ ရက်နေ့ထုတ် 7 Day Daily နေ့စဉ် သတင်းစာတွင် ''တပ်ချုပ်ဦးဆောင် လှူဒါန်းသော မဘသဥက္ကဋ္ဌ ဆရာတော်ကြီး ၏ မဟာသာသနာ့ ဗိမာန်တော် ပန္နက်တင်'' ဟု အဓိပ္ပာယ် များစွာ ကွဲလွဲသော သတင်းခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ ပါသည်။ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်း သာသနာ့ ဗိမာန်တော်တစ်ခု အမှန်တကယ် လိုအပ်နေကြောင်း တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်မှ စာဖြင့်မေတ္တာ ရပ်ခံ ပေးပို့ချက်အရ သာသနာ့ဗိမာန်တော် ပေါ်ပေါက်စေရေး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ကမကထ ပြုလုပ်၍ ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သာသနာ့ ဗိမာန်တော်ကြီးတွင် သံဃာတော်များ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများ၊ အခြားသာသနာရေး ဆိုင်ရာ စာမေးပွဲများ ပြုလုပ်နိုင်ရန်နှင့် သာသနာတော် ထွန်းကားပြန့်ပွားရေး အလို့ငှာ အသုံးပြုနိုင်ရန် သံဃာအားရည်မှန်း၍ လှူဒါန်းသော ''သံဃိကဒါန'' စုပေါင်းအလှူသာ ဖြစ်ကြောင်း သတင်းမှန် ထုတ်ပြန်အပ် ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

မြ၀တီနေ့စဉ်သတင်းစာ

Wednesday, March 1, 2017

နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ၌ တပ်မတော် သတင်းစာရှင်းလင်းပွဲ ပြုလုပ်


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင်
 ဖြစ်စဉ်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင်
 ဖြစ်စဉ်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော်သတင်းစာ ရှင်းလင်းပွဲသို့ 
တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်

တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားသည်ကို တွေ့ရစဉ်

နေပြည်တော် (၁-၃-၂၀၁၇)

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ်၊ မောင်တောဒေသ တွင်ဖြစ်ပွား ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်း ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၌ ဖြစ်ပွားခဲ့သည့် မုံးကိုးဒေသတွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ နိုင်ငံခြားသတင်းထောက် များအသင်း၊ မြန်မာဂျာနယ်လစ် ကွန်ရက်တို့မ အဖွဲ့ဝင်များ၊ ပြည်တွင်းသတင်း ဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာန များမှ သတင်းထောက်များ တက်ရောက်ခဲ့ ကြသည်။

ပထမဦးစွာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် မုံးကိုးဖြစ်စဉ်နှင့် ပတ်သက်၍ မုံးကိုးဒေသ၏ နောက်ခံ အခြေအနေများ ဖြစ်သည့် ၁၉၆၇ ခုနှစ်မှစ၍ ဗကပတို့၏ အရှေ့မြောက် စစ်ဒေသအဖြစ် ဝင်ရောက် လှုပ်ရှားခဲ့မှု၊ ၁၉၈၆ ခုနှစ် စီစီဝမ်တာပန် တိုက်ပွဲကြီးတွင် တပ်မတော်၏ တန်ပြန်ထိုးစစ်ကြောင့် ဗကပ တို့စစ်ရေးရှုံးနိမ့်မှု၊ ၁၉၈၉ ခုနှစ် တွင် ကိုးကန့်အုပ်စုမှ သိမ်းပိုက်ခဲ့မှု၊ ၁၉၉၂ ခုနှစ်တွင် မုံးကိုး၌ ''ဖုန်'' အုပ်စုနှင့် ''ရန်'' အုပ်စု ပြဿနာဖြစ်ပွားခဲ့မှု၊ ၂ဝဝဝ ပြည့်နှစ်တွင် အထူးဒေသ(၁) မုံးကိုးကာကွယ်ရေး တပ်ဖွဲ့အတွင်း အာဏာလု တိုက်ပွဲများ ဖြစ်ပွားခဲ့မှု အခြေအနေများနှင့် ၂ဝဝ၉ ခုနှစ် လောက်ကိုင် အရေးအခင်း ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ၂ဝ၁၅ ခုနှစ်တွင် လောက်ကိုင်ဒေသ အား KIA/ MNDAA/ TNLA /AA နှင့် SSA (ဝမ်ဟိုင်း)အဖွဲ့များ စုပေါင်းတိုက်ခိုက် လာခြင်းကြောင့် တပ်မတော်မှ တန်ပြန်တိုက်ခိုက် ချေမှုန်းခဲ့ရသည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာ လအတွင်း KIA/MNDAA/ TNLA အကြမ်းဖက် သောင်းကျန်းသူ စုစုပေါင်းအင်အား ၁ဝဝဝ ဦးခန့်ဖြင့် တပ်ပေါင်းစု အမည်ခံ၍ ကိုးကန့်ဒေသအတွင်း ပြန်လည်အခြေချ နိုင်ရန်နှင့် မုံးကိုး၊ ဖောင်းဆိုင်နယ်မြေ အတွင်း အခြေခံနယ်မြေ တည်ဆောက်ရန် လှုပ်ရှား ဆောင်ရွက်လာသည့် အခြေအနေများ၊ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်တွင် မုံးကိုး၊ ဖောင်းဆိုင်၊ မန်ကန်၊ ကြူကုတ်(ပန်ဆိုင်း) တပ်စခန်းများနှင့် မူဆယ် တပ်စခန်း၊ ရဲကင်းစခန်းနှင့် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် တို့အား တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံး၍ အချိန်အငိုက်ရယူ တိုက်ခိုက် ခဲ့သည့် အခြေအနေများ၊ တစ်ဆက်တည်းတွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးအား ဖြတ်တောက် ပိတ်ဆို့ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ဆောင်ခဲ့မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာ ရရှိမှု အခြေအနေများ၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် အား ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးအား နည်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တား ပိတ်ဆို့ ခြင်း များကြောင့် နယ်စပ်ဒေသ ကုန်စည်စီးဆင်းမှု ခေတ္တရပ်ဆိုင်း ခဲ့ရပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ ဆုံးရှုံးနစ်နာရမှု အခြေအနေ များအား ရှင်းလင်း ပြောကြားသည်။

သို့ဖြစ်၍ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို ကာကွယ်ရန်၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး၊ ဒေသခံပြည်သူ များ၏ ဘဝလုံခြုံစိတ်ချမှု ရှိစေရေး၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများမထိ ခိုက်စေရေး တို့အတွက် စစ်ဆင်ရေးနှင့် လုံခြုံရေး တာဝန်များကို ဟန်ချက်ညီစွာ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ နိုဝင်ဘာ ၂၆ ရက်တွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းကို ပြန်လည်ထိန်းချုပ်၍ နယ်စပ်ဒေသ ကုန်စည်စီးဆင်းမှု ပုံမှန်လုပ်ဆောင် နိုင်ရေး ဆောင်ရွက်ခဲ့မှုနှင့် မုံးကိုးတွင် သာလွန်အင်အားဖြင့် ဝိုင်းပတ်တိုက်ခိုက် နေသည့် အကြမ်းဖက် သောင်းကျန်းသူများကို ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ချေမှုန်း ခဲ့မှုအခြေအနေ များ၊ တိုက်ပွဲများ ဖြစ်ပွားစဉ်ကာလနှင့် တိုက်ပွဲများပြီးဆုံးချိန် တို့တွင် ဒေသခံပြည်သူ များအား တပ်မတော်မှ ကူညီဆောင်ရွက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှု၊ မုံးကိုးမြို့အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများ၊ မုံးကိုးဒေသတွင် လက်ရှိတည်ငြိမ် အေးချမ်းနေမှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော် အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိသကဲ့သို့ ငြိမ်းချမ်းရေး ရလိုစိတ် အပြည့်ဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်တွင် လက်နက်ကိုင် ပဋိပက္ခများ၊ လက်နက်ကိုင်စွဲ၍ အကြမ်းဖက်မှု များကို လက်မခံကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရေး၊ အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (CNA) ကို လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်နိုင်ရေး အတွက် ငြိမ်းချမ်းရေး တံခါးများအစဉ် ဖွင့်ထားပြီး တန်းတူရည်တူ ပါဝင်နိုင်ရေး ဖိတ်ခေါ်လျက် ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှ တရားဝင် ကျောက်စိမ်း သယ်ဆောင်လာသည့် ကားများ၏ အောက်ကြမ်းခင်းနှင့် ရေတိုင်ကီ များအတွင်း တရားမဝင် ကျောက်စိမ်း (ခန့်မှန်း ၂၁ တန်ကျော်) သိုဝှက်သယ်ဆောင် လာသည်ကို တပ်မတော်နှင့် တာဝန်ရှိသူ များက ဖမ်းဆီး ရမိခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက် နှင့် ၁၈ ရက်တို့တွင် ကင်းထောက် လေယာဉ်များ၏ ထောက်လှမ်းမှုဖြင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဆက်စပ်နယ်မြေတွင် ရွှေလီမြစ်အနီး စုပုံထားသည့် သစ်များ၊ သစ်တင်ယာဉ်များ တွေ့ရှိရသောကြောင့် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ရာတွင် တရားမဝင် သစ်မျိုးစုံ ၄၂၇ တန်၊ သစ်တင်ယာဉ် မျိုးစုံ ၇၅ စီး၊ သစ်စက် ရှစ်လုံး၊ စက်လှေလေးစင်း တို့အား ဖမ်းဆီးရမိ ခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အနေဖြင့် ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ဘိန်းမည်း၊ ဆေးခြောက် နှင့် စိတ်ကြွရူးသွပ် ဆေးပြားများ တန်ဖိုးအားဖြင့် ငွေကျပ် ၁၆၃ ဒသမ ၆၃ ဘီလီယံကျော် အားလည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ တွင်လည်း ဘိန်းဖြူ ၅ ဒသမ ၃၉ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁ ဒသမ ၉ ကီလိုဂရမ်၊ ဘိန်းဆီ သုည ဒသမ ဝ၃ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၃ သိန်းပြား တန်ဖိုးအား ဖြင့် ငွေကျပ် ၁ ဒသမ ၂၂ ဘီလီယံ ကျော်အား လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဟဲဟိုးမြို့နယ်၊ ဘဝသံသရာ တံတားအနီး၌ စိတ်ကြွရူးသွပ် ဆေးပြား ၆ဝ ဒသမ ၅ သိန်းပြား တန်ဖိုးအားဖြင့် ငွေကျပ် ၆ ဒသမ ဝ၅ ဘီလီယံခန့် အားလည်းကောင်း တပ်မတော်က ဖမ်းဆီးရမိခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်၏ သယံဇာတ ပစ္စည်းများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ကူးသန်း ရောင်းဝယ်မှု များကို တားဆီးနှိမ်နင်းခြင်း များအား အလေးထား လုပ်ဆောင်နေမှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် ၊ မောင်တောဒေသ အကြမ်းဖက် ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ဗြိတိသျှကိုလိုနီ ခေတ်ကာလ မှစတင်၍ ဘင်္ဂလားနယ်၊ စစ်တကောင်းမှ ဘင်္ဂါလီလူမျိုးများ ရခိုင်ပြည်နယ် အတွင်း တရားမဝင် ဝင်ရောက်လာခဲ့မှု၊ ၁၈၆၉ ခုနှစ်တွင် လယ်ယာလုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန် အတွက် ဘင်္ဂလားနယ်မှ ဘင်္ဂါလီများ အလုံးအရင်းဖြင့် ထပ်မံ ဝင်ရောက်ခဲ့မှု၊ ၁၈၆၁ ခုနှစ်၊ ဘူးသီးတောင် မောင်တော မီးရထားလမ်း ဖောက်လုပ်ရန် အတွက် စစ်တကောင်း ဘင်္ဂါလီများအား ခေါ်ယူရာမှ ပြန်လည် ထွက်ခွာခြင်းမရှိဘဲ အခြေချ နေထိုင်မှု များရှိလာခဲ့မှု၊ ဒုတိယကမ္ဘာစစ် ပြီးခါနီးအချိန် ဗြိတိသျှများ ရခိုင်ဒေသမှ တစ်ဆင့် ဘင်္ဂလားနယ် သို့ထွက်ခွာစဉ် ရခိုင်ဒေသရှိ ဘင်္ဂါလီများအား မိမိကိုယ်ကို ကာကွယ်ရန် အကြောင်း ပြချက်ဖြင့် လက်နက်များ ပေးအပ်ခဲ့မှု၊ ၄င်းလက်နက် များကိုင်ဆောင်ပြီး ဘင်္ဂါလီများက ရခိုင်တိုင်းရင်းသား ကျေးရွာများအား တိုက်ခိုက် ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့မှု၊ ၁၉၄၂ ခုနှစ်တွင် အလယ်သံကျော် အရေးအခင်း ဖြစ်ပွားခဲ့ပြီး ရခိုင် တိုင်းရင်းသား ၂ဝဝဝဝ ကျော် အသတ်ခံရကာ ကျန်တိုင်းရင်းသား များလည်း ဘူးသီးတောင်၊ မောင်တော နယ်မြေမှ စစ်တွေ စသည့်မြို့ပေါ်များသို့ လက်လွတ် ထွက်ပြေးခဲ့ရမှု၊ ဒုတိယကမ္ဘာစစ်ပြီး ကာလ အိန္ဒိယ၊ ပါကစ္စတန် ခွဲခြား တည်ထောင်ရေး ကာလတွင် အရှေ့ပါကစ္စတန် ထူထောင်ရာ၌ အိန္ဒိယနိုင်ငံမှ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံမှ ဘူးသီးတောင်၊ မောင်တော (မေယုဒေသ) တို့ကို ထည့်သွင်းရန် ဘင်္ဂါလီ နိုင်ငံရေးသမား များက ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့မှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်ပြီး ရခိုင်ဒေသတွင် ဘင်္ဂါလီ လူဦးရေ တိုးတက်လာမှု အခြေအနေနှင့် ပတ်သက်၍ ပြောကြားရာတွင် ကိုလိုနီခေတ် ဗြိတိသျှ လက်ထက် သန်းခေါင်စာရင်း များအရ ၁၈၇၂ ခုနှစ်တွင် ၅၈၂၂၅ ဦး၊ ၁၉ဝ၁ ခုနှစ်တွင် ၁၉၃၈၈၄ ဦး၊ ၁၉၃၁ ခုနှစ်တွင် ၂၁၇၈ဝဝ ဦး အထိ တိုးတက် လာကြောင်း၊ လက်ရှိတွင် ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ရခိုင်ပြည်နယ် ၏လူဦးရေ ၃၁၈၈၈ဝ၇ ရှိရာ ဘင်္ဂါလီ ၁ဝ၉ဝဝဝဝ ပါဝင်ပြီး လူဦးရေ၏ ၃၄ ရာခိုင်နှုန်း ရှိကြောင်း၊ ဘူးသီးတောင် ဒေသတွင်လူဦးရေ ၏ ၉ဝ ရာခိုင်နှုန်း၊ မောင်တော ဒေသတွင် လူဦးရေ၏ ၉၇ ရာခိုင်နှုန်းမှာ ဘင်္ဂါလီများ ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ဒေသရှိ ဘင်္ဂါလီများ အနေဖြင့် ၁၉၄၇ ခုနှစ်က စတင်ပြီး မူဂျာဟစ် လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် ပါလီမန်အစိုးရ လက်ထက် ၁၉၅၁ ခုနှစ်တွင် မောင်တောမြို့နယ်၊ အလယ်သံကျော် ရွာတွင် မွတ်စလင်ညီလာခံ ကျင်းပ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းကို လွတ်လပ်သော မွတ်ဆလင်ပြည်နယ် အဖြစ် အမြန်ဆုံးဖွဲ့စည်း ပေးရန် အစိုးရ အဖွဲ့ထံသို့ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ ခဲ့ကြောင်း၊ ၁၉၆၆ ခုနှစ်တွင် ဘင်္ဂါလီများ၏ မူဂျာဟစ် လှုပ်ရှားမှုများ ပြန်လည် လုပ်ဆောင်ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များ၏ အနောက်ဘက်ခြမ်း တစ်ခုလုံးကို အာကစ္စတန် (Arkistan) အမည်ဖြင့် နိုင်ငံထူထောင်ရန် ကြံရွယ် ဆောင်ရွက်ခဲ့ သော်လည်း တပ်မတော်က ထိုးစစ်ဆင်မှု ကြောင့် ၁၉၇၄ ခုနှစ်တွင် ပြိုကွဲပြီး တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ၂ဝ၁၂ ခုနှစ်၊ မေလ ၂၈ ရက်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သပြေချောင်း ကျေးရွာနေ မသီတာထွေး၊ ရခိုင်/ဗုဒ္ဓအား ဘင်္ဂါလီလူမျိုး သုံးဦးက အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကြောင့် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား စသည့်မြို့နယ် များတွင် ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများ အကြား ဆူပူအကြမ်းဖက်မှု ပဋိပက္ခများ ဖြစ်ပွားခဲ့မှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် နံနက် ၁ နာရီခွဲတွင် ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်အား လည်းကောင်း၊ နံနက် ၃ နာရီခွဲတွင် ရသေ့တောင်မြို့နယ် ရှိ ကိုးတန်ကောက် ရဲကင်းအား လည်းကောင်း၊ နံနက် ၄ နာရီခွဲတွင် ငါးခူရ ရဲကင်းအား လည်းကောင်း၊ ဘင်္ဂါလီ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အား ၁၈ဝ ဦးခန့်က သေနတ်၊ ဓား၊ လှံ၊ ဂျင်ကလိများ အသုံးပြု၍ အင်အားသုံး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံး၊ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ဇနီးတစ်ဦး၊ အရပ်သားတစ်ဦး ဒဏ်ရာရရှိပြီး လက်နက်မျိုးစုံ ၆၇ လက်နှင့် ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့မှု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးပေါင်း၍ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ဖမ်းဆီးရမိရေး၊ ၄င်းတို့ ယူဆောင်သွားသည့် လက်နက်ခဲယမ်းများ ပြန်လည်သိမ်းဆည်း ရမိရေးအတွက် နယ်မြေရှင်းလင်း ဆောင်ရွက်မှု များနှင့် အကြမ်းဖက်သမား များက လူစုလူဝေးဖြင့် စောင့်ကြို တိုက်ခိုက်မှု၊ ဝိုင်းပတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အပြင် အကြမ်းဖက် ဘင်္ဂါလီများက နေအိမ်များအား မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူ များအား အစိုးရ သတင်းပေးဟု စွပ်စွဲသတ်ဖြတ်ခြင်း များကြောင့် ကျေးရွာပေါင်း ၁၇ ရွာတွင် အဆောက်အအုံ ၉၆၃ လုံး မီးလောင်ပျက်စီး ဆုံးရှုံး၍ အပြစ်မဲ့ ပြည်သူ ၁၈ ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့မှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများမှာ RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်နေသော မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin အဖွဲ့၏ ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ ဦးဆောင်သူမှာ ပါကစ္စတန်နိုင်ငံ ရှိ တာလီဘန်များ ထဲတွင် ၆ လ သင်တန်းတက်ရောက် ခဲ့သူ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ် ကျေးရွာနေ ဟာမစ်ကူဟာရ် (၄၅) နှစ်ဖြစ်ကြောင်း၊ ၄င်းအနေဖြင့် လူမှုကွန်ရက်များမှ တစ်ဆင့် မောင်တောဒေသ အတွင်း အကြမ်းဖက်မှုများ ဆက်လက် ပြုလုပ်ရေး ဗီဒီယိုဖိုင်များဖြင့် လှုံ့ဆော်ဝါဒဖြန့် ခဲ့ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်ရာတွင် ပါဝင်သူ ဘင်္ဂါလီစုစုပေါင်း ၇၄၄ ဦးဖမ်းဆီးရမိပြီး ဖြစ်စဉ်တွင် ပါဝင်ခြင်း မရှိသူ ၆၈ ဦးအား ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း၊ ယင်းတို့အနက် ပြစ်ဒဏ် ချမှတ်ပြီးသူ ၁၂၇ ဦး၊ ထိန်းသိမ်း စစ်ဆေး မေးမြန်းဆဲ ၅၄၁ ဦး၊ ရောဂါကြောင့် သေဆုံးသူ ရှစ်ဦး ရှိခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး အကြမ်းဖက် ဘင်္ဂါလီများက ပိတ်ဆို့ တိုက်ခိုက်မှု များကြောင့် နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေသည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များအတွင်း တာဝန် ထမ်းဆောင်လျက် ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများနှင့် မိသားစုဝင် ၃၈၆ ဦးတို့အား တပ်မတော် ရဟတ်ယာဉ်များဖြင့် ဘူးသီးတောင် သို့ စုစည်းပို့ဆောင်၍ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေး ခဲ့ကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံ ပြည်သူများ၊ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင် နေသည့် တပ်မတော်သားများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ် ဌာနေအဖွဲ့ဝင် များအား တွေ့ဆုံ အားပေးစကား ပြောကြား၍ စားသောက်ကုန် နှင့်လူသုံးကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး အဆိုပါ မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ပ သတင်းမီဒီယာ နှင့် အဖွဲ့အစည်းများက တစ်ဖက်သတ် စွပ်စွဲဖော်ပြမှုများ ရှိနေကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ဘင်္ဂါလီများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ပြုလုပ်နေကြောင်း၊ မြန်မာအစိုးရ တာဝန်ရှိသူများ ကလည်း ဘင်္ဂါလီများ ခံစားနေရသည့် ဘေးဒုက္ခများ အတွက် အာမခံ ပေးနိုင်သော လွတ်လပ်စွာ သွားရောက်ခွင့်နှင့် စုံစမ်း စစ်ဆေးခွင့် များကို အကြိမ်ကြိမ် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲပြောဆို သည့်အပြင် ပြည်ပနိုင်ငံ အချို့မှ အစိုးရအဖွဲ့၊ ပါတီအဖွဲ့ အစည်းများ၊ ပြည်ပရောက် ဘင်္ဂါလီများ ဦးဆောင်ဆန္ဒ ဖော်ထုတ်မှု၊ မြန်မာသံရုံးရှေ့ တွင် ဆန္ဒပြမှုများ လုပ်ဆောင် နေသည်ကို တွေ့ရှိရကြောင်း၊ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နောက်ခံ အခြေအနေနှင့် အဖြစ်မှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန် နိုင်ငံတော် သမ္မတရုံးမှ ဒုတိယသမ္မတ(၁) ဦးဆောင်သည့် စုံစမ်းစစ်ဆေး ရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှု၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန် အပါအဝင် မြန်မာနိုင်ငံသားများ၊ နိုင်ငံတကာမှ ပုဂ္ဂိုလ်များဖြင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဖွဲ့စည်း ဆောင်ရွက်မှု၊ တပ်မတော် အနေဖြင့်လည်း တပ်မတော် စစ်ဆေးရေး အရာရှိချုပ်ဦးစီးသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ရဲရေးချုပ် ဦးစီးသည့် စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှု အခြေအနေများနှင့် လက်ရှိစုံစမ်း စစ်ဆေးချက် များအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် စွပ်စွဲချက်များမှာ မှန်ကန်မှု မရှိကြောင်း တွေ့ရှိသည့် အကြောင်းအချက် များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် အကြမ်းဖက်သူ များ၏ လက်ဝယ်တွင် ရဲစခန်းများက ယူဆောင်သွားသည့် လက်နက်များ ရှိနေသည့်အပြင် လက်လုပ်မိုင်းများ၊ လုပ်သေနတ်များ၊ အခြားလက်နက်များ ဖော်ထုတ်ဖမ်းဆီး ရရှိမှုများ ရှိနေသေးကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၂၂၄ ကြိမ်တွင် တန်ဖိုးငွေကျပ် ၁၁ ဒသမ ၁ ဘီလီယံခန့်ရှိပြီး ၂ဝ၁၆ ခုနှစ် တစ်နှစ်တည်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆၁ ကြိမ်ရှိပြီး တန်ဖိုးငွေကျပ် ၅၄ ဒသမ ၅၆ ဘီလီယံခန့် ရှိသောကြောင့် ဒေသတွင်း မူးယစ်ဆေးဝါး အန္တရာယ် လွန်စွာကြီးမား လာကြောင်း၊ ရပ်ရွာတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အချိန်ယူ လုပ်ဆောင်ရန် လိုကြောင်း၊ တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဒေသန္တရအဆင့် တည်ငြိမ်မှု ထိန်းသိမ်းရေး စစ်ဆင်ရေး (Stability Operation) ကို အဆင့်လိုက် ဆောင်ရွက်ခဲ့ကြောင်း၊ ၄င်းအပြင် ဥပဒေအရ လိုအပ်သည့် အတိုင်းအတာ ဆောင်ရွက်ခြင်း (Legitimacy)  ၊ လိုအပ်သလောက်သာ ဆောင်ရွက်ခြင်း (Necessity) ၊ ပြစ်မှု၏ အတိမ်အနက် နှင့် အချိုးညီစွာ အရေးယူ ဆောင်ရွက်ခြင်း (Proportionality နှင့် နှိမ်နင်းတားဆီး တိုက်ဖျက်ရာတွင် အသုံးပြုသည့် လူ/လက်နက် အင်အားညီမျှမှု ရှိစေခြင်း (Use of Force and Firearms) တို့ကို တည်ဆဲဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights- UDHR) နှင့် အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာ ဥပဒေ (International Humanitarian Law- IHL) တို့နှင့်အညီသာ ဆောင်ရွက် နေကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းမှုအပေါ် မူတည်ပြီး ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ (Stability Operation) ကို ဒုတိယအဆင့် (Stage-2 Level) သို့ လျှော့ချခဲ့ပြီး နယ်မြေ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်၊ အစိုးရအဖွဲ့အစည်း ယန္တရားများနှင့် စာသင်ကျောင်း၊ ဆေးရုံ စသည့်လူထု အထောက်အကူပြု လုပ်ငန်းများ ပုံမှန်လည်ပတ် နိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့/ကျေးရွာ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူ များက အဓိက ဆောင်ရွက်လျက် ရှိပြီး တပ်မတော်က ဝန်းရံပေးကာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရခိုင်ပြည်နယ် အရေး ဒေသန္တရ အဆင့် (Stability Operation) အား ရပ်ဆိုင်း ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် လုံခြုံရေးတာဝန် အား ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော် အနေဖြင့်လည်း လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့် မညီသော ပြစ်မှုများကို ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက် ပါက ထုတ်ပြန်ထားသော ဥပဒေများ အရ လည်းကောင်း၊ စစ်စည်းကမ်း အရ လည်းကောင်း ထိရောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

၎င်းနောက် တက်ရောက်လာ ကြသည့် သတင်းဌာန အသီးသီးတို့မှ သိရှိ လိုသည်များ မေးမြန်းမှုအပေါ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြန်လည် ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Friday, February 10, 2017

ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာအပေါ် သတင်းထုတ်ပြန်ချက်


နေပြည်တော် ၊ ၁၀-၂-၂၀၁၇

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ ကိုယ်စားလှယ် အဖွဲ့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စေလွှတ်စုံစမ်း၍ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် Interviews with Rohingyas fleeing from myanmar since 9 october 2016 အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါကြေညာချက်တွင် နိုင်ငံတော်အစိုးရ သည် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ယင်းစွပ်စွဲချက် များကို စစ်ဆေးလျက် ရှိကြောင်း ရခိုင်ပြည်နယ် အခြားကိစ္စများနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ များကို တရားဥပဒေ စိုးမိုးရေး ဘောင်အတွင်းမှ လူ့အခွင့်အရေးနှင့် ညီညွတ်စွာ ဆောင်ရွက်ရန်နှင့် အင်အား အလွန်အကျွံ သုံးခြင်းမပြုရန် ညွှန်ကြား ထားကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း ခိုင်လုံသော အထောက်အထားများ တွေ့ရှိပါက ဖောက်ဖျက် ကျူးလွန်သည့် မည်သူကိုမဆို အစိုးရက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် လည်း အဆိုပါနယ်မြေ ရှင်းလင်းရေးနှင့် ပတ်သက်သည့် စွပ်စွဲမှုများ အပါအဝင် စွပ်စွဲချက် အားလုံးကို မှန်ကန်မှု ရှိ၊ မရှိ စိစစ်သွားမည် ဖြစ်ကြောင်း ပါရှိပါသည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းသုံးခုကို နိုင်ငံရပ်ခြားမှ ရန်ပုံငွေပံ့ပိုးလှုံ့ဆော် ပေးထားသော အကြမ်းဖက် အင်အားစု များက အင်အားသုံး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ဝ ဦး အသက်ဆုံးရှုံးခဲ့ ရကာ လက်နက် ၆၅ လက်နှင့် ခဲယမ်းများယူဆောင် သွားသည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့ပါသည်။ ယင်းဖြစ်စဉ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကို ထိပါးသည် သာမက နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ် များစွာထိခိုက်ခြင်း၊ အန္တရာယ်လွန်စွာ ရှိခြင်းတို့ကြောင့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့များက အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများကို ဖော်ထုတ်၍ ယူဆောင်သွားသည့် လက်နက်ခဲယမ်းများ အမြန်ဆုံးပြန်လည် ရရှိရေးအတွက် နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ ပါသည်။

ထိုသို့ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အင်အားအလွန်အကျွံ သုံးစွဲခြင်း မရှိစေရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုများ မရှိစေရေး၊ ဥပဒေနှင့်အညီသာ လိုက်နာ လုပ်ဆောင်ရေး တို့အား တာဝန်ရှိသူ အဆင့်ဆင့်တို့မှ ညွှန်ကြားကြပ်မတ် ဆောင်ရွက်လျက် ရှိပါသည်။ အကယ်၍ ညွှန်ကြားချက်များ အပေါ် ဖောက်ဖျက် ကျူးလွန်မှုများ ရှိပါက မည်သူ့ကိုမဆို ဥပဒေကြောင်း အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိအား စစ်ဆေးနိုင်ရန် တပ်မတော် အနေဖြင့်လည်း အောက်ပါစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက် သွားမည်ဖြစ်ပါသည်-

  • ( က ) ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ၊ ဥက္ကဋ္ဌ
  • ( ခ ) ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထူး တွဲဖက်စစ်ရေးချုပ် ၊ စစ်ရေးချုပ်ရုံး ၊ အဖွဲ့ဝင်
  • ( ဂ ) ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး  အမှတ်(၉) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ၊ ကျောင်းအုပ်ကြီး ၊ အဖွဲ့ဝင်
  • ( ဃ ) ဗိုလ်မှူး လှမျိုးကျော် ဒုတိယလက်ထောက်စစ်ဥပဒေချုပ် ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ အဖွဲ့ဝင်
  • ( င ) ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းအောင် လက်ထောက် စစ်ဥပဒေချုပ် ၊ စစ်ဥပဒေချုပ်ရုံး ၊ အတွင်းရေးမှူး


တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Friday, January 20, 2017

ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ ရှေးကလည်းမရှိ ၊ ယခုအထိလည်း မရှိသလို လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) ဆိုတာလည်း လုံးဝမရှိပါ


ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ ရှေးကလည်းမရှိ ၊ ယခုအထိလည်း မရှိသလို လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) ဆိုတာလည်း လုံးဝမရှိပါ

( ဟံသာဝတီ ဦးအုန်းကြိုင် )

တစ်ဖက်နိုင်ငံမှာ စားဝတ်နေရေး မပြေလည် ကြသည့် ဘင်္ဂါလီလူမျိုး များသည် အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းသို့ နယ်နိမိတ်စည်းရိုးကို ချိုးဖောက် ကျော်ဖြတ်ကာ ကျူးကျော် ဝင်ရောက် လာခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။

ယင်းဘင်္ဂါလီ လူမျိုးတို့သည် မြန်မာနိုင်ငံတော် အနောက်ဖျားရှိ ရခိုင်ပြည်နယ် အတွင်းသို့ တရားမဝင် ဥပဒေမဲ့ တစိမ့်စိမ့်ကျူးကျော် ဝင်ရောက် လာခဲ့ကြရာမှ လူဦးရေ အားဖြင့် အလုံးအရင်းနှင့် ဖြစ်လာကြသည်။ ဘူးသီးတောင်၊ မောင်တောဒေသ တစ်ဝိုက်၌ ရှေးယခင် ကတည်းက ရေကြည်ရာ မြက်နုရာ လုပ်ကိုင်စားသောက် နေထိုင်လျက် ရှိကြသော ဒေသခံ တိုင်းရင်းသား ရခိုင်လူမျိုးတို့ကို မကြာခဏ ဆိုသလို ရန်မူတိုက်ခိုက် ကြလျက် မူရင်းနေထိုင်ရာ အရပ်ဒေသများမှ မောင်းထုတ်ပစ် ကြပြီးနောက် ၄င်း ဘင်္ဂါလီလူမျိုး အသိုက်အမြုံကြီးက နေရာယူ လိုက်ကြသည်။ ဤသို့ဖြင့် တစ်စတစ်စနှင့် ဘင်္ဂါလီတို့ အင်အားကြီးထွား ခဲ့ရသည်။

ရခိုင်မင်းဆက်သမိုင်း

ရခိုင်မင်းဆက် သမိုင်းကို ပြန်ကြည့်လျှင် ယခု ဘင်္ဂလားဒေ့ရှ် ဟု ခေါ်ဆိုကြသော ရှေးဘင်္ဂလား ပြည်သည် ရခိုင်ဘုရင် မင်းရာဇာကြီး ၏ သားတော် မင်းခမောင်း ခေါ် ဟူစိန်ရှား (ထိစပ်ရာ ဘင်္ဂလား မဟာမေဒင် အမည်ကို ယူထားသော ရခိုင်စစ်စစ်မင်း) က သက္ကရာဇ် ၉၇၃ ခုနှစ်မှ ၉၈၃ ခုနှစ်အထိ နန်းစံအုပ်ချုပ် ထားသော နယ်မြေဖြစ်သည်။ ထိုမင်းခမောင်း၏ လက်ထက်တွင် ဘင်္ဂလားပြည် အရှေ့ပိုင်း ဒက္ကားမြို့အထိ စိုးပိုင်သည်ကို မြန်မာနိုင်ငံ သမိုင်းတွင် တွေ့ရသည်။

ရှေးအစဉ်အဆက် ကတည်းက နေထိုင်ခဲ့ကြ

ခရစ်နှစ် ၁၅၅ဝ မှ ၁၆၆၆ (မြန်မာသက္ကရာဇ် ၉၁၁ မှ ၁ဝ၂၇) ခုနှစ်လောက် အထိ ရခိုင်မင်းတို့၏ လက်နက်တန်ခိုး ကြီးမားခဲ့၍ အနီးဝန်းကျင် တိုင်းငယ်ပြည်ငယ် များက လွန်စွာခံ့ညား ခဲ့ကြရသည်ကို တွေ့ရသည်။ ထိုမှ သက္ကရာဇ် ၁ဝ၂၇ ခုနှစ်တွင် မဂိုဘုရင်၏ လက်အောက်ခံ ဘင်္ဂလားနယ်စား က ပြန်လည် တိုက်ခိုက် သိမ်းယူသဖြင့် စစ်တကောင်းနှင့် ရာမူးတို့ကို ရခိုင်ဘုရင် စန္ဒသုဓမ္မ (၁ဝ၁၃-၁ဝ၄၅) က လက်လွှတ်ခဲ့ ရသည်။

ရှေးရခိုင်တိုင်းဆိုသည်ကား

မြန်မာနိုင်ငံ အနောက်ရိုးမ တောင်တန်းကြီး ကာဆီးထားသဖြင့် မြန်မာတို့နှင့် အဆက်အဆံ အကူးအသန်း ရှေးကတည်းက နည်းပါးခဲ့သည်။ ပင်လယ်ကမ်းခြေ တစ်လျှောက် တည်ရှိသော တိုင်းဖြစ်၍ နီးစပ်ရာ တိုင်းပြည် နိုင်ငံတို့နှင့် ဆက်သွယ် ပေါက်ရောက်မှုများ ခဲ့သည်။ ရခိုင်တွင် မင်းနေမြို့တော် ဖြစ်ဖူးသောမြို့ တို့ကား သက္ကရာဇ် ရှေ့နောက် အစဉ်အတိုင်း ဖော်ပြရသော် (၁) ရာမာဝတီ (သံတွဲနယ်)၊ (၂) ဓညဝတီ၊ (၃) ကျောက်ပန်းတောင်း၊ (၄) ဝေသာလီ (ကျောက်လှေကား)၊ (၅) ဓမ္မဝက်၊ (၆) ပရိန်၊ (၇) ချိပ်မြို့၊ (၈) တောင်ပုံ (နေရဉ္စရာ)၊ (၉) လောင်းကြက် နှင့် (၁ဝ) မြောက်ဦး တို့ဖြစ်သည်။ မြို့ဟောင်းဆိုသည်မှာ မြောက်ဦးမြို့ ကိုပင်ဆိုသည်။

သမိုင်းတစ်လျှောက်ကျူးကျော်သူများ

ဤသည့် ရခိုင်တိုင်း၏ သမိုင်းတစ်လျှောက် လေ့လာ ကြည့်သောအခါ ရခိုင်ပြည်နှင့် ထိစပ်လျက်ရှိသော ပြည်မှာ ဘင်္ဂလားပြည် ဖြစ်သည်။ ထို ဘင်္ဂလားပြည်မှ ဘင်္ဂလားသား တို့ကို ဘင်္ဂါလီလူမျိုးဟု ခေါ်ဆိုခဲ့ကြသည်။ ထိုဘင်္ဂါလီ လူမျိုးတို့သည် ရေကြည်ရာ မြက်နုရာ စီးမျောရင်း ထိစပ် လျက်ရှိသော ရခိုင်တိုင်း နယ်မြေများ အတွင်းသို့ တရားမဝင် ကျူးကျော်ချင်းနင်း ဝင်ရောက်လာခဲ့ကြ သူများဖြစ်သည်။ ရှေးအစဉ် အဆက်ခေတ် ကာလ ရခိုင်သမိုင်း၊ မြန်မာနိုင်ငံ သမိုင်း တစ်လျှောက် ပြန်ကြည့်လျှင် မြန်မာပြည်တွင် ဘင်္ဂါလီလူမျိုး တို့ကို တရားမဝင် နေရာပြောင်းရွှေ့ လာကြသူများ အဖြစ် တွေ့မြင်ရသည်။

ဘင်္ဂါလီလူဦးရေ လျှံထွက်ဖိတ်စဉ် ကျလာခြင်း

ယခု ၂၁ ရာစုသို့ ရောက်ရှိလာသော အခါ မြန်မာနိုင်ငံ တော်မှ ရှမ်းပြည်နယ် ၏ ဧရိယာ အကျယ်အဝန်း ပမာဏလောက်ပင် မရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂါလီ လူဦးရေမှာ သန်းပေါင်း ၂ဝဝ ကျော်မျှ ရှိလာပြီ  ဖြစ်သည့်အတွက် လူဦးရေ လျှံထွက်ဖိတ်စဉ် ကျရောက် လာခြင်းဖြစ်၍ ယနေ့ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ပြဿနာ ကြီးထွားလာရခြင်း ဖြစ်သည်။

ရိုဟင်ဂျာဆိုသည်မှာ

ထိုကဲ့သို့ လူဦးရေ မဆံ့မပြဲ ဖြစ်ရာမှ ဖိတ်စဉ်ကျရောက် သဖြင့် ရခိုင်ပြည်၏ ပိုင်နက်နယ်မြေ အတွင်း ကျူးကျော် ဝင်ရောက် လာကြသော ဘင်္ဂါလီတို့သည် ရခိုင်ပြည်နယ် ၏ ပိုင်နက်နယ်မြေ များကို သိမ်းပိုက်ပိုင်ဆိုင် ရယူလို လာကြသော အခါ လူမျိုး၏ အမည်ကို ''ရိုဟင်ဂျာ'' ဟု မှည့်ခေါ် လိုက်ကြသည်။ တကယ်တော့ ရိုဟင်ဂျာ ဟူသောစကား ၏ အနက်အဓိပ္ပာယ်မှာ ရိုဟင်=ရောဟင် ဆိုသည်က ရခိုင်ကို ဘင်္ဂါလီလို ခေါ်ခြင်းဖြစ်ပြီး ဂျာ ဆိုသည့် အဓိပ္ပာယ်က ရောက်သည်၊ ဆိုက်သည်၊ ဆိုက်ရောက်သည် ဟုဆိုသည်။ ထို့ကြောင့် ရိုဟင်ဂျာ၏ အနက်အဓိပ္ပာယ်မှာ ''ရခိုင်ပြည်သို့ ဆိုက်ရောက်လာသူ'' ဟု ထွက်ပါသည်။ ဤ ရိုဟင်ဂျာ ဆိုသော ဝေါဟာရမှာ သာမန်သုံး စကားသာဖြစ်၍ လူမျိုး တစ်မျိုး၏ အမည်နာမ ဝေါဟာရ မဟုတ်ပါ။

ရှေးကရှိခဲ့သည့်မြန်မာလူမျိုး (၁ဝ၁)ပါး

မြန်မာနိုင်ငံတော်တွင် ရှေးကတည်းက တည်ရှိနေထိုင် ခဲ့ကြသည့် လူမျိုး ၁ဝ၁ ပါးတို့၏ စာရင်းကို အသီးသီးသော တိုင်းကြီး၊ ခရိုင်၊ နိုင်ငံတို့၏ နယ်နိမိတ်အပိုင်းအခြား ပြဆိုရာ ကျမ်းတစ်ဆူ ဖြစ်သည့် ''ဇမ္ဗူတံဆိပ်ကျမ်း'' တွင် ဖော်ပြရာ၌ ရိုဟင်ဂျာ လူမျိုးဟူ၍ မပါရှိ မဖော်ပြခဲ့ပါ။ မည်သည့် ရှေးမှတ်တမ်းမှတ်ရာ တို့၌လည်း ရိုဟင်ဂျာ လူမျိုးဟူ၍ မြန်မာနိုင်ငံတွင် မရှိပါ။

ဗိုလ်ချုပ်အောင်ဆန်းလက်ထက်

အလားတူ ၁၉၄၇ ခုနှစ် မေလက ရန်ကုန်မြို့ ဂျူဗလီ ခန်းမကြီး၌ ကျင်းပသော မြန်မာ့လွတ်လပ်ရေး အတွက် ဖဆပလ အဖွဲ့ချုပ် ပဏာမ ပြင်ဆင်မှု ညီလာခံတွင် တိုင်းရင်းသား ကိုယ်စားလှယ်ပေါင်းစုံ တို့ ပါဝင်သည့် နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲကြစဉ်က မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးပေါင်း ၆၇ မျိုး စာရင်းတွင်လည်း ရိုဟင်ဂျာ မဆိုထားနှင့် ဘင်္ဂါလီလူမျိုး ကိုပင် ဌာနေ တိုင်းရင်းသား လူမျိုးများ စာရင်း၌ ထည့်သွင်း မထားပေ။

၂ဝဝ၈ အခြေခံဥပဒေ

ထို့အတူ ၂ဝဝ၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ် က သဘောတူညီ လက်ခံခဲ့သော တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုး စာရင်းတွင်လည်း ရိုဟင်ဂျာ လူမျိုးဟူ၍ ပါရှိသည်ကို မတွေ့ကြရပေ။

မသမာသူတို့၏အကျင့်စရိုက်

သို့သော် ယနေ့အခြေအနေ တွင်ကား ဘာသာရေး အရ ကမ္ဘာ့မျိုးတူသွေးတူ အင်အားကို စွဲကိုင်လျက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ အချုပ်အခြာ အာဏာကို ထိပါး နှောင့်ယှက် လာကြခြင်းသာ ဖြစ်သည်။ ဧည့်သည်သည် ဧည့်သည်သာလျှင် ဖြစ်၍ အိမ်ရှင်မဖြစ်နိုင်။ သို့သော် အိမ်ရှင် အခွင့်အရေး အပြည့်အ၀ လိုချင်ကြခြင်းမှာ အဓမ္မ တရားမဲ့ ကျူးကျော်လုယက် သိမ်းပိုက်လိုသူ တို့၏ အမူအကျင့်သာ ဖြစ်သည်။ ယနေ့ ကြုံတွေ့ နေရသော ကိစ္စရပ်များမှာ ၂ဝဝ၈ ခုနှစ် နိုင်ငံသား မှတ်ပုံတင် ဥပဒေအရ တိုင်းရင်းသား ဟုတ် ၊ မဟုတ် စိစစ်ရာမှ စလာသော ကိစ္စရပ်များသာ ဖြစ်သည်။ ခိုးဝှက်မှု၊ လုယက်မှုတို့ ပေါ်ပေါက် တော့မည့် အခြေအနေ မျိုးတွင် တရားခံတို့သည် မဟုတ်ပါ ၊ မမှန်ပါ ၊ မသိပါ ဟု အမျိုးမျိုး အကြောင်းပြ၍ အပြင်းအထန် ငြင်းဆန် ဆန့်ကျင်ကြလေ့ ရှိသော မသမာသူတို့ဒ အမူအကျင့် စရိုက်သာလျှင် ဖြစ်ပေသည်။

ဟိုတုန်းက မူဂျာဟစ်လို့သာ ခေါ်ခဲ့ကြ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စစ်သွေးကြွ များသည် အစောပိုင်းက ၄င်းတို့ကိုယ်ကို ရိုဟင်ဂျာ ဟု မခေါ်ကြဘဲ မူဂျာဟစ် ဟုခေါ်ဆိုခဲ့ ကြသည်။ ၁၉၅ဝ ပြည့်နှစ် နှောင်းပိုင်း ကာလများအထိ ရိုဟင်ဂျာ ဟူသော အမည်ကို မသုံးသေး ဘဲ မြန်မာအစိုးရ ကလည်း ထို သတ်မှတ်ချက်ကို အသိအမှတ် မပြုသေးပေ။

မူဂျာဟစ်၊ ရိုဟင်ဂျာ၊ ခိုးဝင်ဘင်္ဂါလီ

ထိုအချိန်မှစ၍ ဘင်္ဂါလီဆူပူ အကြမ်းဖက် သူတို့၏ အပြုအမူ အခြေအနေ တို့ကို အကဲခတ် ကြည့်ကြလျှင် ၄င်း ဘင်္ဂါလီတို့သည် လက်နက်ကိုင် ထားစဉ်က မူဂျာဟစ်၊ လက်နက်ချ ကြတော့ ရိုဟင်ဂျာ၊ လက်နက်မဲ့ သွားပြန်တော့ ခိုးဝင်ဘင်္ဂါလီ ဟူ၍ အပြောင်းအလဲ အမျိုးမျိုး ပြုမူလုပ်ဆောင် ကြသည်ကို တွေ့ကြရမည် ဖြစ်သည်။

ရိုလိမ်ညာလူမျိုး

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ အမည်ခံပြီး အကြမ်းဖက် လုပ်ရပ်တွေ ဆက်တိုက် ပြင်းထန်လာသည်မှာ တပ်မတော် အစိုးရခေတ် တစ်လျှောက်လုံး လိုလိုမှာ ဖြစ်သည်။ ယခု အစိုးရခေတ်တွင် သမိုင်းအလိမ်နှင့် ရိုလိမ်ညာ လူမျိုး ရှိနေကြောင်း ပုံဖော်ဖန်တီး ထားကြသည်။

သမိုင်းက အဆုံးအဖြတ်ပြုမည်

နိုင်ငံတကာမှ မူဆလင်ခေါင်းဆောင် အချို့ ဘေးတီး ပေးမှုကြောင့် ဤကဲ့သို့ပုံဖော် နေကြသော်လည်း သမိုင်း ဆိုသည်က ဖျောက်ပစ်၍ ရကောင်းသော အရာတော့ မဟုတ်ပါ။ မြန်မာနိုင်ငံတော် ရှိ လူမျိုးစု သန်းခေါင်စာရင်း သည် ခေတ်အဆက်ဆက် မပျောက်မပျက် ရှိပြီးသား ဖြစ်သည်။ ဤကိစ္စ ဤပြဿနာသည် သမိုင်းကသာ အမှန်အတိုင်း အဆုံးအဖြတ် ပေးသွားမည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် ၇၅ နှစ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှု ၂၂ ကြိမ်ဖြစ်ခဲ့

ကမ္ဘာပေါ်တွင် ၁၉၃၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်များအတွင်း လူမျိုးတုံး သတ်ဖြတ်မှု အကြိမ်ပေါင်း ၂၂ ကြိမ်မျှရှိခဲ့ပြီး လူ့အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ကြ ရကြောင်းဖြင့် လေ့လာချက် မှတ်တမ်းများ အရ သိရှိရသည်။

မြန်မာတွင် ဒီလိုရက်စက်မှုမျိုး လုံးဝလုံးဝမရှိ

ဗုဒ္ဓဘာသာ သာသနာ ထွန်းကားသော မြန်မာနိုင်ငံတွင် ဤကဲ့သို့သော လူအများ အစုလိုက် အပြုံလိုက် မျိုးတုံး သတ်ဖြတ်မှု ဆိုသည်မှာ ဘယ်ခေတ်၊ ဘယ်အခါ၊ ဘယ်ကာလမှာမှ မရှိခဲ့ဖူးပါ။ ယခုဒီမိုကရေစီ အစိုးရခေတ် ရောက်လာသည့် အခါတွင်မှ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးရေး သန့်စင်မှု စသည်စသည် မဟုတ်မမှန် ပုံကြီးချဲ့ လုပ်ကြံသတင်းများ ထွက်ပေါ်လာမှု များနှင့်အတူ နောက်ကွယ်မှ သပ်လျှို သွေးခွဲ လက်မည်းကြီး သမားများလည်း အလျှိုအလျှို ထွက်ပေါ်လုပ်ကြံ ဖန်တီး လာကြသည်။ နိုင်ငံအချို့မှ လူအချို့တို့ ဆန္ဒပြပွဲများ ပြုလုပ်လာကြပြီး ပြည်ပနိုင်ငံ အချို့တွင် သွားရောက် အလုပ်လုပ်ကိုင် နေကြသော မြန်မာ နိုင်ငံသားများ ခြိမ်းခြောက်ခံ ရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံ ရခြင်းများ စသည့်ပဋိပက္ခ မျိုးစုံတို့ဖြင့် ဂယက်ထ ဆူပွက် သွားစေခဲ့သည်။

သံယောင်လိုက် ပွဲဆူအောင်လုပ်ခြင်း

ထို့အတူ ကုလသမဂ္ဂနှင့် တကွ နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် နိုင်ငံအချို့မှ တာဝန်ရှိသူ များကလည်း သံယောင်လိုက်ပြီး လူသားချင်း စာနာ ထောက်ထားမှု ပြကြ ပြောဆိုကြကာ ပဏ္ဏာယူခြင်း၊ စွက်ဖက်ခြင်း၊ ဖိအားပေးခြင်း များဖြင့် ပွဲလန့်တုန်း ဖျာခင်းကြရုံ မျှမက ပွဲဆူအောင်လည်း တွန်းပို့ကြ လေသည်။ မောင်တော အရေးအခင်း စတင်ခဲ့သည့် အောက်တိုဘာ ၉ ရက် နောက်ပိုင်းတွင် မူဆလင်ကွန်ရက် အဖွဲ့အစည်း အချို့တို့ လုပ်ကြံဖန်တီး ထားသည့် လူမျိုးစု အလုပ်အဖြစ် အင်တာနက် လူမှုကွန်ရက် တစ်ခုကို တည်ဆောက်ပြီး ဘင်္ဂါလီအကြမ်းဖက် သမားများကချည်း ခံနေကြရသည့် သတင်းများကို မဟုတ်မမှန်လုပ်ကြံဖန်တီးပြီး ထုတ်လွှင့် ခဲ့ကြသည်။

ထိုသို့ မဟုတ်မဟတ် လုပ်ကြံဖန်တီးမှု အမျိုးမျိုးနှင့် ထုတ်လွှင့်ချက် တို့ကို နိုင်ငံတကာ သတင်းမီဒီယာများ ထံသို့လည်း အစီအစဉ်ရှိရှိနှင့် ပို့ပေးခဲ့ကြသည့် အလျောက် ယင်း မီဒီယာများ ကလည်း လုပ်ကြံဖန်တီး သတင်းများကို တစ်လေသံတည်း လိုလို ဆင့်ပွား ထုတ်လွှင့်ခဲ့ကြ ရာမှ အတော်ပင်ပျံ့နှံ့ သွားခဲ့သည်။

လံကြုတ်သတင်းကြောင့် ဂယက်မထ

သို့သော် မြန်မာနိုင်ငံတွင်မူ ထိုလံကြုတ် သတင်းမှားကြောင့် ဂယက်မထပေ။ အဘယ်ကြောင့် ဆိုသော် မဟုတ်မမှန် လုပ်ကြံကြသော သတင်းများ ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသတင်း ထွက်ပေါ်ရာ မူလဇာစ်မြစ် အရင်းခံ အကြောင်းမှာ လုံခြုံရေး စောင့်ရှောက်ပေး နေကြသော တာဝန်ကျ ရဲတပ်ဖွဲ့ဝင် များကို အလစ်အငိုက် ဖမ်းပြီး တိုက်ခိုက်သတ်ဖြတ် သူတို့မှာ ဘင်္ဂါလီ လက်နက်ကိုင် အကြမ်းဖက်သမား များသာဖြစ်သည်။ ထိုမှ ပြဿနာ စတင်ခဲ့ရသည်။ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ထိုအခြေအနေ ဆိုးကို အချိန်မီ ဝင်ရောက် ထိန်းသိမ်း လိုက်သောအခါ ဘင်္ဂါလီ လက်နက်ကိုင် အကြမ်းဖက် သမားတို့က တိုက်ကွက် ပြောင်းပြီး တပ်မတော်က သူတို့ ကို မတရားသတ်ဖြတ် နေပါပြီ။ နှိပ်စက်ညှဉ်းပန်း နေပါပြီ။ ပိုင်နက်နယ်မြေ များမှ မတရားမောင်းထုတ် နေပါပြီ စသည် ဖြင့် အသံကောင်းလွှင့်၍ မဟုတ်မမှန် လုပ်ကြံဇာတ်ခင်း လိုက်သည်နှင့် ၄င်းတို့နှင့် အပေါင်းအပါ မိတ်ဖက် ဘာသာတူနိုင်ငံ များက လူသိရှင်ကြား မျက်စိစုံမှိတ်ပြီး ဟစ်ကြွေးကြ လေတော့သည်။ မြန်မာတို့က သူတို့ဘင်္ဂါလီ မူဆလင်မျိုးနွယ်စု တို့အား လူမျိုးတုံး သတ်ဖြတ် နေကြပါ ပြီဟု ကြွေးကြော် ဟစ်အော်ကာ ကမ္ဘာ့မူဆလင် အသိုင်းအဝိုင်း တို့ကို တပ်လှန့်လှုံ့ဆော် လေတော့သည်။

အမှန်တကယ်တော့ ဘင်္ဂါလီတို့၏ လုပ်ကြံသတင်း ဖြစ်ရပ်မှန်များသည် လယ်ပြင်တွင် ဆင်သွား သကဲ့သို့ ထင်ရှားနေသည်။ အရှင်းလင်းဆုံးနှင့် ပြတ်ပြတ်သားသား ပြောရလျှင် ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံ မှာ ရှေးကလည်း မရှိ၊ ယခုအထိလည်း မရှိသလို လူမျိုးတုံး သတ်ဖြတ်ခြင်း ဆိုတာလည်း လုံးဝ မရှိကြောင်း ကမ္ဘာသိအောင် ကြေညာ မောင်းခတ် လိုက်ရပါသည်။

( ဤဆောင်းပါးသည် စာရေးသူ ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

Friday, January 13, 2017

ဇန်န၀ါရီ ၁၀ ရက်တွင် RB News Website ၌ ထပ်မံပါရှိခဲ့သည့် သတင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ မမှန်မကန် သတင်းလွှင့်ထုတ်ခြင်းသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ


၂၀၁၇ ဇန် ၁၂၁၃၀၀ ချိန် နဗဟ(၂) စကခ(၁၅) နှင့် နခခ(၂) မှ ပူးပေါင်းအဖွဲ့ဖြင့် ကျားခေါင်းတောင်ကျေးရွာသို့ သွားရောက်၍ RB News Website နှင့် ပတ်သက်၍ စိစစ်မေးမြန်းမှု မှတ်တမ်းဓာတ်ပုံ


RB News Website သတင်းပါ အကြောင်းအရာနှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများမှ အာမခံလက်မှတ် ရေးထိုးမှုမှတ်တမ်း

နေပြည်တော် ၊ ၁၃-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျားခေါင်းတောင် ကျေးရွာ၌ ဇန်နဝါရီ ၈ ရက်တွင် နယ်မြေခံတပ်မှ တပ်မတော်သား များက ကော်ရီမူလ္လာ (ဘ) ရှာဟာတူလ္လာ ဆိုသူကို တစ်ညလုံး ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ပြီး လက်နက်များ သိုဝှက်ထားသည့် နေရာများကို ပြောခိုင်းကြောင်း နှင့် နှိပ်စက် မခံချင်ပါက ငွေကျပ် ၁ဝ သိန်းပေးရန် တောင်းဆို သဖြင့် ငွေကျပ် ၁ဝ သိန်း ပေးခဲ့ရကြောင်းကို ဇန်နဝါရီ ၁ဝ ရက်တွင် အဆိုပါ RB News Website ၌ ရေးသားဖော်ပြ ခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကျားခေါင်းတောင် ကျေးရွာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ရွာသားများ ရှေ့မှောက်၌ တပ်မှ ဖမ်းဆီးရိုက်နှက် ငွေတောင်းခြင်း ခံရသူ ကော်ရီမူလ္လာ ကို စစ်ဆေး မေးမြန်းခဲ့ရာ တပ်မတော် စစ်ကြောင်းများက လူမဆန်စွာ ရိုက်ခြင်း၊ ငွေကျပ် ၁ဝ သိန်း ပေးခဲ့ရခြင်း မရှိကြောင်းနှင့် ၄င်းဖြစ်စဉ် မှာလည်း ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းကို ကျေးရွာမှ တာဝန်ရှိသူ များနှင့် ဒေသခံများက ဝန်ခံကတိ လက်မှတ်ရေးထိုး ၍ ထွက်ဆိုခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသည့်အပြင် ဖော်ပြပါပုံ၌ ကော်ရီမူလ္လာ မှာလည်း ညှဉ်းပန်းနှိပ်စက် သည့် ဒဏ်ရာများ ရရှိထားခြင်း မရှိကြောင်း စစ်ဆေး တွေ့ရှိရသည်။ RB News Website အနေနှင့် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များ တွင် မမှန်မကန် ရေးသား ဖော်ပြမှုများကြောင့် တာဝန်ရှိသူများက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မှန်ကန်မှု မရှိကြောင်းကို မြဝတီ ရုပ်မြင်သံကြားနှင့် မြဝတီသတင်းစာ တို့၌ သတင်းထုတ်ပြန် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသ အတွင်း အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးတို့ အတွက် ဥပဒေနှင့်အညီ တာဝန်ရှိ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ နယ်မြေဒေသ တည်ငြိမ် အေးချမ်းစေရန် လုပ်ဆောင်လျက် ရှိပြီး ထိုသို့ လုပ်ဆောင်မှု များကိုလည်း အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် ဖော်ပြလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Wednesday, January 11, 2017

RB News Website တွင်ပါရှိသည့် သတင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ မမှန်မကန် သတင်းထုတ်လွှင့်ခြင်းသာ ဖြစ်ကြောင်းတွေ့ရှိ


ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဂေါ်ဒူသာရကျေးရွာ (တောင်)ရှိ ရပ်မိ ၊ ရပ်ဖများ ၊ ရွာသူ ရွာသားများနှင့် တွေ့ဆုံစဉ်

နေပြည်တော် ၊ ၁၁-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂေါ်ဒူသာရ ကျေးရွာ(တောင်) အတွင်းသို့ ဇန်နဝါရီ ၇ ရက် ညနေပိုင်းတွင် တပ်မတော်သားများ ဝင်ရောက်၍ ရွာသားများအား ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ အမျိုးသမီးများအား ရိုက်နှက်ခြင်း၊ လိင်အကြမ်းဖက် ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်ကာ အမျိုးသား ခုနစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဇန်နဝါရီ ၈ ရက် RB News Website ၌ ရေးသား ဖော်ပြခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူ များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၉ ရက် နံနက် ၁ဝ နာရီတွင် အဆိုပါကျေးရွာ သို့ သွားရောက်၍ ကျေးရွာတာဝန်ခံ၊ ရပ်မိ၊ ရပ်ဖများ၊ ရွာသူ၊ ရွာသားများနှင့် တွေ့ဆုံကာ သတင်း မှန်ကန်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေး မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ မှန်ကန်မှု မရှိကြောင်း၊ တပ်မတော်သား များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်း မရှိကြောင်းနှင့် သတင်းရေးသား ထုတ်လွှင့်မှုများမှာ မမှန်မကန် ရေးသား ထုတ်လွှင့်မှုများသာ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည်။ ထို့ပြင် အဆိုပါ RB News Website သည် ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်းကလည်း ဘင်္ဂါလီများ သေဆုံးမှုနှင့် နေအိမ်များ မီးလောင်ဆုံးရှုံးမှု သတင်းများကို မမှန်မကန် ရေးသားထုတ်လွှင့် ခဲ့သဖြင့် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်ထုတ် မြဝတီသတင်းစာ တွင် သတင်းမှန်ပြန်ကြား ထုတ်ပြန်ခဲ့ရပြီး ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် မောင်တောဒေသ တွင် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် ဥပဒေနှင့်အညီ တာဝန်ရှိ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ထိုသို့ လုပ်ဆောင်မှု များကိုလည်း အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Tuesday, January 10, 2017

နာဂဒေသရှိ မြန်မာ-အိန္ဒိယ နယ်နိမိတ်မှတ်တိုင် ဘီပီ-၁၄၅ နှင့် ဘီပီ-၁၄၆ ကြား မြန်မာဘက်မှ ခြံစည်းရိုးကာရံမည့် ကိစ္စရှင်းလင်းချက် ထုတ်ပြန်


နေပြည်တော် ၊ ၁၀-၁-၂၀၁၇

မြန်မာ-အိန္ဒိယ နယ်နိမိတ် မှတ်တိုင် ဘီပီ-၁၄၅ နှင့် ဘီပီ-၁၄၆ အကြား မြန်မာဘက်မှ ခြံစည်းရိုး ကာရံမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ အဆိုပါ နယ်စပ်ဒေသမှ သတင်းများ ထွက်ပေါ်နေခြင်း အပေါ် အခြေအနေမှန် နှင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား နယ်စပ်ရေးရာ များကို ညှိနှိုင်း ဆောင်ရွက်လျက် ရှိနေခြင်းကို အများပြည်သူ သိရှိနိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ရှင်းလင်းချက် ထုတ်ပြန် ထားကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းချက်တွင် မြန်မာ-အိန္ဒိယ နယ်နိမိတ် မှတ်တိုင် ဘီပီ-၁၄၅ နှင့် ဘီပီ-၁၄၆ အကြား မြန်မာဘက်မှ ခြံစည်းရိုး ကာရံမည့် အစီအစဉ်၏ အဓိက ရည်ရွယ်ချက်မှာ နှစ်နိုင်ငံအကြား နယ်နိမိတ် အား ကျော်လွန်၍ မြန်မာ့ပိုင်နက် နယ်မြေအတွင်း အဆောက်အအုံ များ ဆောက်လုပ်ခြင်း မရှိစေရန် အတွက် ဖြစ်ကြောင်း၊ နယ်နိမိတ်မျဉ်း အနီး နေထိုင်သည့် နှစ်ဖက်ဒေသနေ ပြည်သူများ၏ ထုံးတမ်းစဉ်လာ နှင့်အညီ တရားဝင် နည်းလမ်းဖြင့် နယ်နိမိတ်အား ပုံမှန်ဝင်/ ထွက် သွားလာမှုကို ကန့်သတ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း၊ မိမိဘက်ဒေသ အာဏာပိုင်များ အနေဖြင့် နယ်စပ် စီမံခန့်ခွဲမှုကို ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ခြံစည်းရိုး ကာရံမှုတွင် မြန်မာဘက် အနေဖြင့် အိန္ဒိယဘက်နှင့် ညှိနှိုင်းထားပြီး နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် နယ်နိမိတ် စာချုပ်ပါ ပြဋ္ဌာန်းချက်များ အပါအဝင် အစည်းအဝေး သဘောတူ ညီချက် များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာဘက် အနေဖြင့် ခြံစည်းရိုးကို နယ်နိမိတ်မျဉ်းမှ ၁ဝ မီတာအကွာ အဆောက်အအုံ များ မဆောက်လုပ်ရန် တားမြစ်ထားသည့် ၁ဝ မီတာပြင်ပ မြန်မာပိုင် နယ်မြေအတွင်း ဆောင်ရွက်ရန် ရှိကြောင်းနှင့် ယင်းသို့ ဆောင်ရွက် ရာတွင်လည်း နယ်စပ်နေ ပြည်သူများ အဆင်ပြေစေရန် လိုအပ်သည့် နေရာများတွင် ဝင်/ထွက်သည့် အပေါက်များ၊ တံခါးများ စီစဉ်ဆောင်ရွက် ပေးရန် ရှိပါကြောင်း ဖော်ပြထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Friday, January 6, 2017

တပ်မတော်(ရေ)က ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု The Daily Star သတင်းစာ Online report တွင် ဖော်ပြချက်မှာ မှန်ကန်မှုမရှိ


နေပြည်တော် ၊ ၆-၁-၂၀၁၇

တပ်မတော်(ရေ ) က ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ခြောက်ဦး ဒဏ်ရာရရှိခဲ့သည် ဟု The Daily Star သတင်းစာ Online report တွင် ဖော်ပြချက်မှာ မှန်ကန်မှုမရှိဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ ) မှ သိရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအခြေစိုက် The Daily Star သတင်းစာ၏ Online report တွင် ဒီဇင်ဘာ ၂၇ ရက် ဒေသ စံတော်ချိန်ည ၉ နာရီ ၄၉ မိနစ်က ဖော်ပြခဲ့သော "6 Bangladeshis shot in Myanmar firing at Bay" ဟု ခေါင်းစဉ်တပ် ထားသော သတင်းတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ဘင်္ဂလား ပင်လယ်အော်၊ စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေ တစ်စင်း ကို တပ်မတော်(ရေ ) သင်္ဘောတစ်စင်း က လိုက်လံ ပစ်ခတ်သဖြင့် ငါးဖမ်းသမား ခြောက်ဦး ဒဏ်ရာရရှိခဲ့ သည်ဟု ဖော်ပြထားသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ)သို့ ဆက်သွယ် စုံစမ်းခဲ့ရာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘော ကို တပ်မတော်(ရေ )မှ ပစ်ခတ်ခဲ့ခြင်း မရှိဟု ပြန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Tuesday, January 3, 2017

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ မဟုတ်မမှန်သတင်းများ လုပ်ကြံဖြန့်ချိ


နေပြည်တော် ၊ ၃-၁-၂၀၁၇

၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်ဖြစ်ပွား ခဲ့ပြီးနောက် လူမှုကွန်ရက် စာမျက်နှာများ ပေါ်တွင် သတင်းအမှားများ ဖြန့်ချိခြင်း၊ အခြားနိုင်ငံများမှ ဖြစ်စဉ်များကို မြန်မာနိုင်ငံ တွင် ဖြစ်နေသယောင် လုပ်ကြံဖန်တီး ဖော်ပြခြင်း စသည်တို့ ဆောင်ရွက် ခဲ့သည်။

ထိုဆောင်ရွက်ချက်များ မဟုတ်မမှန် လုပ်ကြံဖန်တီး ထားခြင်းများကို နိုင်ငံတကာ သတင်းမီဒီယာများ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရများထံ ပေးပို့ဖြန့်ချိ ခဲ့ပြီး အထင်အမြင် လွဲမှားစေရန် ဆောင်ရွက် ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ယမန်နေ့တွင် သတင်းထုတ်ပြန် ထားသည်။

ထိုသို့ဖြန့်ချိခြင်း များကြောင့် သတင်းမီဒီယာ အချို့က ချဲ့ကား ရေးသားခြင်းများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံတကာမှ နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်စေခဲ့ ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ခဲ့သော မဟုတ်မမှန် လုပ်ကြံဖန်တီး ထားသည့် သတင်းအချို့မှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရသည်-










မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Monday, January 2, 2017

ကိုးတန်ကောက် ကျေးရွာအတွင်း ရဲတပ်ဖွဲ့ဝင်များ ရှင်းလင်းရေး ဆောင်ရွက်စဉ် ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့မှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်


နေပြည်တော် ၊ ၂-၁-၂၀၁၇

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် လူမှုကွန်ရက် စာမျက်နှာ တစ်ခုမှ စတင်လွှင့်တင် ခဲ့သော ဗီဒီယိုဖိုင်တစ်ဖိုင် တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အချို့က ရိုက်နှက်၊ ကန်ကျောက်သည့် ပုံရိပ်များ ပါရှိလာခဲ့ပြီး ယင်းဗီဒီိယို ဖိုင်၏ ရည်ညွှန်းချက်တွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်သည် ဟု ဖော်ပြထားခဲ့ကြောင်း၊ ယင်းဗီဒီယိုဖိုင်ကို ကိုးကား၍ သတင်းဌာန များတွင် ဆင့်ပွားဖော်ပြလျက် ရှိသည်ကိုလည်း တွေ့ရှိရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ယမန်နေ့တွင် သတင်းထုတ်ပြန် ထားသည်။

အဆိုပါ ဗီဒီယိုဖိုင်လွှင့်တင် ထားသည်ကို သိလျှင်သိချင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများထံ ယင်းဗီဒီယိုဖိုင် နှင့် စပ်လျဉ်း၍ စိစစ်ရန် ဆက်သွယ်မေးမြန်း ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၏ စိစစ်ဖော်ထုတ်ပြီး ပြန်လည်ရှင်းလင်း တင်ပြချက်အရ ယင်းဗီဒီယိုဖိုင်မှာ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ကိုးတန်ကောက် ကျေးရွာ အတွင်းသို့ အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲနှင့် အမှတ်(၃၆) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲတို့ ပူးပေါင်းပါဝင်သည့် အဖွဲ့မှ ဝင်ရောက်ရှင်းလင်း ခဲ့စဉ် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုကို ရိုက်ကူးထားခြင်း ဖြစ်ကြောင်း၊ ရွာအတွင်း ရှင်းလင်းစဉ် အမှတ်(၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ မှ ဒုတိယရဲအုပ် တေဇာလင်း ဦးစီးရဲတပ်ဖွဲ့ဝင် ၁ဝ ဦးအဖွဲ့က ရွာသားများကို ထိန်းသိမ်းနေစဉ် ရဲတပ်သား ဇော်မျိုးထိုက် က ၄င်း၏ လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ဟု စိစစ်သိရှိ ရကြောင်း ဖော်ပြထားသည်။

ကိုးတန်ကောက်ရွာသို့ သွားရောက်ရှင်းလင်း ရခြင်း အကြောင်းရင်းကို ဆက်လက်စိစစ် ရာတွင် မောင်တောမြို့နယ် နိုရူလာရဲကင်း စခန်း၌ ရှေ့တန်းအမှတ်(၂၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ မှ ရဲအုပ် ကျော်မြင့်အောင် ဦးစီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦး လုံခြုံရေး ဆောင်ရွက်နေစဉ် နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီ မိနစ် ၅ဝ တွင် အကြမ်းဖက်သမား ခြောက်ဦးသည် မောင်တော- အလယ်သံကျော် လမ်းအတိုင်း ဆိုင်ကယ်သုံးစီး ဖြင့် မောင်းနှင်လာပြီး ရဲကင်းစခန်း  ဝင်ပေါက်အနီး ရပ်တန့်ကာ ဆိုင်ကယ်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ သောကြောင့် ကင်းတာဝန် ကျရဲ ဒုတိယတပ်ကြပ် မင်းမင်းစိုးတွင် ညာဘက်ရင်အုံ ညှပ်ရိုးအောက် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ညာလက်မောင်း သေနတ်ဒဏ်ရာ တစ်ချက်၊ ညာနံရိုးဖောက်ဝင် ဒဏ်ရာနှစ်ချက် ထိမှန်သေဆုံးပြီး ရဲတပ်ကြပ် မျိုးဇော်ကို တွင် ညာလက်မောင်း တစ်ချက်၊ ဝဲဘက် ဝမ်းဗိုက်အောက် ရှပ်ထိမှန်ဒဏ်ရာတစ်ချက်တို့ ရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ နိုရူလာ ရဲကင်းစခန်းကို ဝင်ရောက်ပစ်ခတ် ခဲ့သော အကြမ်းဖက် တိုက်ခိုက်သူ များသည် ကိုးတန်ကောက် ကျေးရွာသို့ သွားရောက်ရှောင်တိမ်း နေကြောင်း နယ်မြေသတင်း ရရှိသဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၃ ရက် နိုင်ငံခြား သံတမန်များအဖွဲ့ ကိုးတန်ကောက် ကျေးရွာသို့ရောက်ရှိစဉ် ကျေးရွာလူထုမှ ကြိုတင် ဖြန့်ဝေပေးထားသော ဖြစ်စဉ်မှန် မဟုတ်သည့် စာရွက်စာတမ်းများကို ကိုင်ဆောင် ဆန္ဒပြသည့် အသွင်မျိုးဖြင့် ဆောင်ရွက်ခဲ့ သဖြင့် စာများ ဖြန့်ဝေသည်ဟု သတင်း ရရှိထားသူကို စိစစ်ဖော်ထုတ်ရန် အတွက် လည်းကောင်း ကိုးတန်ကောက်ကျေးရွာ အတွင်း နိုဝင်ဘာ ၅ ရက်တွင် ဝင်ရောက်ရှင်းလင်း ခဲ့ရခြင်းဖြစ်ကြောင်း ယင်း သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ယင်းနေ့ ကိုးတန်ကောက်ရွာ သို့ ဝင်ရောက် ရှင်းလင်းချိန်တွင် အကြမ်းဖက် အမှုများနှင့် သက်ဆိုင်သည့် နူအာလောင် ၂၂ နှစ်၊ ဆော်လီမူလာ ၃၅ နှစ်နှင့် မာမွတ်နော်ဘီ ၃၂ နှစ်တို့ကို မြေမြှုပ် ထားသော ဓားမခြောက်ချောင်း၊ ဓားဦးချွန် တစ်ချောင်းနှင့် မှိန်းတံ တစ်ချောင်း တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီး ခဲ့ပြီး ကျန်ရှိသည့် မပတ်သက်သူ များကို ရွာအတွင်း အေးချမ်းစွာ နေထိုင်ရန် မှာကြား၍ ပြန်လွှတ်ပေး ခဲ့ကြောင်း။

ယခုဖြစ်စဉ်တွင် ဦးစီးခေါင်းဆောင် တာဝန်ရှိသူမှာ အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးရဲထွန်းနိုင်၊ အမှတ်(၃၆) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲအုပ် တေဇာလင်း၊ ဗီဒီယိုရိုက်ကူးသူ ရဲတပ်သား ဇော်မျိုးထိုက် နှင့် ရွာသားများအား ရိုက်နှက် ကန်ကျောက်သူ ရဲတပ်သား ပြည့်ဖြိုးသွင် တို့ဖြစ်ကြောင်း ကနဦးစိစစ် ဖော်ထုတ်ရရှိ ခဲ့သည်ဟု သိရှိရသည်။

ရိုက်နှက် ကန်ကျောက်သည့် ကျန်ရဲတပ်ဖွဲ့ဝင် များအား ဆက်လက် ဖော်ထုတ်လျက် ရှိကြောင်း၊ ကနဦးစိစစ် ဖော်ထုတ်ရရှိ သူများကို ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Saturday, December 24, 2016

မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် အမျိုးသမီးအချို့ အဓမ္မပြုကျင့်ခံရမှု ကောလာဟလ နှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်အပေါ် သတင်းထုတ်ပြန်


နေပြည်တော် ၊ ၂၄-၁၂-၂၀၁၆

မောင်တောမြို့နယ် အတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ အဓမ္မပြုကျင့်ခံ ရသည်ဟူသည့် ကောလာဟလ သတင်းများနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ၂၃-၁၂-၂၀၁၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ယင်း ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံး များကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမား များက အကြမ်းဖက် စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး လက်နက်မျိုးစုံ ၅၁ လက်နှင့် ကျည်မျိုးစုံ ဆုံးရှုံးခဲ့ရကြောင်း၊ ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများ အနေဖြင့် အကြမ်းဖက် တိုက်ဖျက်ရေး၊ ဆုံးရှုံးလက်နက်များနှင့် ကျည်များပြန်လည် ရရှိရေး၊ အကြမ်းဖက် သမားများအား ဖော်ထုတ်ရှာဖွေ ဖမ်းဆီးရေး လုပ်ငန်းများကို တရားဥပဒေနှင့် အညီ မောင်တောဒေသ အတွင်း နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်သမား များသည် အင်တာနက် နှင့် လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်သော သတင်းများ လွှင့်တင်ခြင်း၊ ပြည်ပမီဒီယာ အချို့ကလည်း မဟုတ်မမှန် လုပ်ကြံထားသည့် တစ်ဖက်သတ် စွပ်စွဲချက် သတင်းများကို မီဒီယာကျင့်ဝတ် နှင့်မညီဘဲ ထုတ်လွှင့်ခြင်းများ ဆောင်ရွက်၍ အဖျက်သဘောဖြင့် သတင်းဆိုးများကို ဖြန့်ဝေလျက် ရှိကြောင်း ဖော်ပြထားသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်သည် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မောင်တောဒေသသို့ သွားရောက်၍ စုံစမ်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါခရီးစဉ် အတွင်း ကော်မရှင် အဖွဲ့ဝင် အမျိုးသမီး ရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင် နှင့် အဖွဲ့ဝင် များသည် ကျေးရွာသူ၊ ကျေးရွာသားများ၊ အမျိုးသမီးများနှင့် ကလေးများကို တွေ့ဆုံကာ အမျိုးသမီးများ အဓမ္မပြုကျင့်ခံ ရမှု ရှိ မရှိကို အသေးစိတ် မေးမြန်းခဲ့သည်။ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြောင်ပိုက် ကျေးရွာသို့ ရောက်ရှိစဉ် မဂျာမာလီဟာ နှင့် သီးခြားတွေ့ဆုံ၍ ကိုယ်တိုင် အဓမ္မပြုကျင့်ခံ ရမှု ရှိ မရှိ၊ အခြား အမျိုးသမီးငယ် များကိုလည်း အဓမ္မပြုကျင့် ခံရမှု ရှိ မရှိနှင့် မျက်မြင်ကိုယ်တွေ့ သိရှိရခြင်း ရှိ မရှိတို့ကို မေးမြန်းခဲ့ရာ ကိုယ်တိုင်လည်း ပြုကျင့်ခံရမှု မရှိကြောင်း၊ အခြားသူများ ပြုကျင့်ခံရမှု ကိုလည်း မြင်တွေ့သိရှိခြင်း မရှိကြောင်း ဖြေကြားခဲ့သည် ဟု သိရသည်။

ပြည်တွင်းပြည်ပ မီဒီယာများ ပါဝင်သော သတင်းမီဒီယာ အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ရခိုင်ပြည်နယ်သို့ သွားရောက်သည့် ခရီးစဉ်တွင် မောင်တောမြို့နယ် ပြောင်ပိုက်ကျေးရွာ သို့ ဒီဇင်ဘာ ၂၁ ရက်က ရောက်ရှိစဉ် ပြောင်ပိုက် ကျေးရွာနေ မဂျာမာလီဟာ ၂၅ နှစ်နှင့် ငါးစာကြူးကျေးရွာ နေ ဒေါ်သန်းသန်း(ခ) မနိုရ်ဂျန် ၃၂ နှစ်တို့အား တွေ့ဆုံမေးမြန်းရာ မဂျာမာလီဟာ က ၄င်းအား လုံခြုံရေးတပ်ဖွဲ့ဝင် များက အဓမ္မပြုကျင့် ခဲ့ကြောင်း ဖြေကြားခဲ့သည်။

သို့ဖြစ်၍ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး၊ ကျူးလွန်ခဲ့သူ များအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နစ်နာသူများအား ဥပဒေနှင့်အညီ အကာအကွယ်များ ပေးအပ်နိုင်ရေး အတွက် ဒီဇင်ဘာ ၂၂ ရက်တွင် တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် ပြောင်ပိုက်ကျေးရွာသို့ သွားရောက်ကာ ပြောင်ပိုက်ကျေးရွာ ရာအိမ်မှူး ခါလီ၊ စပယ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး မာမတ်အီနူး နှင့် ရပ်မိရပ်ဖများအား တွေ့ဆုံမေးမြန်း ခဲ့ကြောင်း၊ မဂျာမာလီဟာ နှင့် ဒေါ်သန်းသန်း တို့သည် ပြောင်ပိုက်ကျေးရွာတွင် နေထိုင်ခြင်း မရှိဘဲ ငါးစာကြူးကျေးရွာ တွင် နေထိုင်လျက် ရှိကြောင်း သိရှိရသဖြင့် လာရောက်ရန် ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်း မပြုဘဲ တိမ်းရှောင်လျက် ရှိသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ၏ ပြောကြားချက် အရ သိရှိရကြောင်း၊ ပြောင်ပိုက်ကျေးရွာရှိ မဂျာမာလီဟာ ၏ နေအိမ်အနီး ပတ်ဝန်းကျင်နေ အဘူဘော်ရှော့၊ မနူရ်နတ်၊ ရာအိမ်မှူး တို့အား မေးမြန်းရာ အဓမ္မပြုကျင့်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း၊ အဓမ္မပြုကျင့် ခံရသည်ဟု ကျေးရွာအတွင်း မကြားမိကြောင်း၊ ၄င်းအနေဖြင့် သတင်းထောက် များအား မည်သည့် ရည်ရွယ်ချက်ဖြင့် အဓမ္မပြုကျင့်ခံ ရသည်ဟု ပြောကြားသည်ကို  မသိရှိဟု ဖြေကြားခဲ့ကြောင်း၊ မောင်တောခရိုင် အတွင်းရှိ ဒေသခံများ အနေဖြင့် အဓမ္မ ပြုကျင့်ခံရမှုများ ရှိပါက ဥပဒေနှင့်အညီ အမှုဖွင့် တိုင်ကြားနိုင်ကြောင်း၊ မှန်ကန်မှုရှိပါက တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အမှန်တကယ် နစ်နာသူများအား ထိထိရောက်ရောက် အကာအကွယ် ပေးသွားမည် ဖြစ်ကြောင်း ထို သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

Thursday, December 15, 2016

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏ သတင်းထုတ်ပြန်ချက်


ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏ သတင်းထုတ်ပြန်ချက်

နေပြည်တော် ၊ ၁၅-၁၂-၂၀၁၆

၁။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့၊ နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ရခိုင်ပြည်နယ် မောင်တောဒေသ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှု များနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းခဲ့သည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် နိုင်ငံတော် သမ္မတရုံး၏ ၁- ၁၂-၂ဝ၁၆ ရက်စွဲပါ အမိန့်ကြေညာစာ အမှတ် ၈၉/၂ဝ၁၆ ဖြင့် ပေးအပ်ထားသော တာဝန်များကို ထမ်းဆောင်ရန် အတွက် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မောင်တောဒေသ သို့ သွားရောက်ကာ အကြမ်းဖက် တိုက်ခိုက်ခံရသည့် နေရာများ ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသအတွင်းရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား စုံစမ်းမေးမြန်းခြင်း တို့ကို ဆောင်ရွက်ခဲ့ ပါသည်။ 

၂။ ကော်မရှင် အဖွဲ့ဝင်များသည် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက်ခံရသည့် မောင်တော မြို့နယ်အတွင်းရှိ ငါးခူရ နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ခွဲ နယ်မြေရုံး သို့ ကြည့်ရှုစစ်ဆေး ပြီးနောက် ငါးခူရကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ၄င်းရွာတွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ် ဘာသာဝင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ၄င်းတို့၏ နေရေး၊ ထိုင်ရေးကိစ္စရပ် များကို မေးမြန်းခဲ့သည်။ အဆိုပါ ရပ်မိရပ်ဖများက ယခု ဖြစ်ပွားသည့် ကိစ္စသည် အကြမ်းဖက်သူ များ၏ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ကြောင်း၊ မိမိတို့ အချင်းချင်းအကြား ဖြစ်ပွားသည့် ကိစ္စမဟုတ်ကြောင်း၊ မိမိတို့ရွာရှိ ဈေးသည် ရွာသားများ ရောင်းဝယ် ဖောက်ကားနေပြီး မှီတင်းနေရသည့် ဈေးဖြစ်ကြောင်း၊ ဈေးသည် မိမိတို့ရွာသား များ၏ တွေ့ထိဆုံစည်းရာ နေရာ ဖြစ်ပါကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေအရ ကုန်စည်စီးဆင်းမှု မရှိဘဲ ဈေးမဖွင့်နိုင် သဖြင့် မိမိတို့ရွာနှင့် ဒေသအတွင်းရှိ ရွာများအတွက် စားဝတ်နေရေး ထိခိုက်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း တင်ပြကြ ပါ သည်။ ကော်မရှင်ဥက္ကဋ္ဌ သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ ဒေသခံပြည်သူ များ၏ စားဝတ်နေရေးကို ပြေလည်စေရေး၊ ၄င်းတို့၏ အခြေခံ အခွင့်အရေးများ အာမခံချက် ရရှိရေးအတွက် ဆောင်ရွက်ပေး ခဲ့ပါသည်။

၃။ ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာမှ ထောက်ပံ့သော လူသားချင်းစာနာမှု အကူအညီများကို ရခိုင်ပြည်နယ် အစိုးရက သတ်မှတ်ချက်များ နှင့်အညီ ဖြန့်ဝေထောက်ပံ့ ပေးလျက်ရှိသဖြင့် ရသင့် ရထိုက်သူများ ရရှိလိမ့်မည်ဟု မျှော်မှန်းပါကြောင်း၊ ရွာသူရွာသားများ နှင့် တွေ့ဆုံစဉ် ပြောကြားရာ ရွာသူရွာသားများက ၄င်းတို့အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ကောင်းမွန်စွာ ရရှိပါကြောင်း၊ ဖြစ်နိုင်ပါက ထပ်မံရရှိလို ပါကြောင်းဖြင့် ပြောကြားကြပါသည်။

၎။ အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးလျက် ရှိရာ မသက်ဆိုင်သူ များကို ပြန်လည်လွှတ်ပေး လျက်ရှိကြောင်း၊ လက်ရှိအချိန်ထိ ၄၈ ဦး လွှတ်ပေးပြီး ဖြစ်ကြောင်း သိရှိရပါသည်။ ရွာသူရွာသားများနှင့် တွေ့ဆုံစဉ်တွင် ၄င်းတို့၏ မိသားစုဝင်များ ဖမ်းဆီးစစ်ဆေးခံ နေရမှုများ ရှိပါကြောင်း ပြောကြား၍ အပြစ်မရှိပါက လွှတ်ပေးပါရန် မေတ္တာ ရပ်ခံကြပါသည်။ ကော်မရှင်အဖွဲ့ဝင် များသည် ရခိုင်ပြည်နယ် အစိုးရ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့တို့နှင့် ညှိနှိုင်းကာ စစ်ဆေးမှုများ မကြန့်ကြာစေရေး အတွက် ဆောလျင်စွာ ပံ့ပိုးဆောင်ရွက်ပေးရန် ညှိနှိုင်းပေးပါသည်။

၅။ ကော်မရှင်အဖွဲ့ဝင်များ မောင်တောဒေသ အတွင်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလ၌ The Guardian သတင်းစာ၊ South China Morning Post Website တွင် ၁၁-၁၂-၂ဝ၁၆ ရက်စွဲ ဖြင့်တင်ခဲ့သည့် သတင်းတစ်ရပ်၌ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ Noor Ayesha ဆိုသူ အမျိုးသမီးက ၄င်းသည် သမီးငယ် Dilnawaz Begum တို့နှင့်အတူ ထွက်ပြေးခဲ့ကြောင်း၊ ၄င်းသည် ကြက်ရိုးပြင်ရွာမှ ဖြစ်ကြောင်း၊ ၄င်းကို အဓမ္မပြုကျင့် ခံရကြောင်း၊ ၄င်း၏ သမီးနှစ်ယောက်ကို အဓမ္မပြုကျင့် ပြီးနောက် အသတ်ခံရကြောင်း၊ ၄င်း၏ခင်ပွန်းလည်း အသတ်ခံရကြောင်း၊ ကြက်ရိုးပြင်ရွာသို့ တပ်မတော်မှ ဝင်ရောက်စဉ် အခြား အမျိုးသမီးများလည်း အဓမ္မပြုကျင့်ခံ ရကြောင်း၊ သတ်ဖြတ်မှု များစွာလည်း ရှိကြောင်း စသည်ဖြင့် ဖော်ပြပါရှိရာ ကော်မရှင်အဖွဲ့ဝင် များသည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ကြက်ရိုးပြင်ရွာသို့ သွားရောက်၍ အသက်အရွယ် ကြီး၊ လတ်၊ ငယ် အမျိုးသားများ၊ အမျိုးသမီးများကို အချိန်ယူ၍ ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းရာ The Guardian Website တွင် ပါရှိသည့် Noor Ayesha ၏ ဖြစ်စဉ်ဖြစ်ပွားမှု မရှိခဲ့ပါကြောင်း၊ အဆိုပါ အမျိုးသမီးကိုလည်း ၄င်းတို့ရွာ၌ မတွေ့ရှိဖူး ပါကြောင်း စသည်ဖြင့် ပြောကြားကြ ပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ၄င်းဒေသ၌ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် တပ်မတော်စ စ်ကြောင်းမှ တာဝန်ရှိ အရာရှိများအားလည်း မေးမြန်းရာ အမျိုးသမီးများကို အဓမ္မ ပြုကျင့်မှုဖြစ်စဉ် မရှိပါကြောင်း၊ မိမိတို့သည် တပ်မတော် စည်းမျဉ်း စည်းကမ်းနှင့် အညီ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဖြေကြားပါသည်။

၆။ ကော်မရှင်အဖွဲ့ဝင် များအနေဖြင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မောင်တောဒေသ ၌ စုံစမ်း စစ်ဆေးရာတွင် အကြမ်းဖက် တိုက်ခိုက်သူ များအား ဥပဒေကြောင်း အရ အရေးယူနိုင်ရေး အတွက် တာဝန်ရှိသူ များက ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်လျက် ရှိပြီး ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ နောက်ပိုင်း နယ်မြေ ရှင်းလင်းရေး လုပ်ငန်းစဉ်များ၌ အကြမ်းဖက် တိုက်ခိုက်မှု၊ မီးရှို့မှုများ မရှိတော့ ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ ဒေသခံများ အတွင်း စိုးရိမ်မှုများ လျော့နည်းလာပြီး ဒေသတွင်း တည်ငြိမ်မှု အရိပ်အယောင်များ တွေ့ရှိရပါသည်။ အချို့ကျေးရွာ များတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားလျက် ရှိသည်ကို သိရပြီး အချို့ကျေးရွာ များက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် ပေးရေး၊ ဆရာ၊ ဆရာမ များ စေလွှတ်ပေးရေး မေတ္တာရပ်ခံ ကြပါသည်။ ရပ်ရွာတည်ငြိမ် အေးချမ်းမှု ရှိလာပြီဖြစ်၍ စာသင်ကျောင်း များကို တိုးချဲ့ဖွင့်လှစ်ရန် ကော်မရှင်ဥက္ကဋ္ဌက ပြည်နယ် ဝန်ကြီးချုပ် နှင့် ညှိနှိုင်းပေး ခဲ့ပါသည်။

၇။ ထို့အပြင် ကော်မရှင်သည် မောင်တောဒေသ သို့ ပထမအကြိမ် အဖြစ် သွားရောက်ခဲ့သည့် ခရီးစဉ်တွင် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်၏ စုံစမ်းစစ်ဆေးမှု လုပ်ငန်းကို သာမက ဒေသ တည်ငြိမ်ရေး၊ ဒေသခံများ၏ ရောင်းဝယ် ဖောက်ကားမှု လည်ပတ်ပြီး စားဝတ်နေရေး အဆင်ပြေရေးနှင့် အခြားသော ပညာရေး၊ ကျန်းမာရေး ကိစ္စများပါ အဆင်ပြေရေး အတွက် ကော်မရှင်က ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါကြောင်း ဖော်ပြအပ် ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၄)

Wednesday, December 14, 2016

မူဆယ် ၊ လားရှိုး နှင့် ကျောက်မဲမြို့တို့တွင် တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ


နေပြည်တော် ၊ ၁၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မူဆယ် ၊ လားရှိုး နှင့် ကျောက်မဲမြို့နယ် တို့တွင် တိုက်ပွဲရှောင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်၍ ကူညီစောင့်ရှောက် ပေးမှုများ ဆောင်ရွက်မှု အခြေအနေကို နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်ပါ ဇယားများမှာ အောက်ပါအတိုင်း ဖြစ်သည်-





မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

Friday, December 9, 2016

ကလေးငယ်တစ်ဦးအား မြန်မာ့တပ်မတော်က နှိပ်စက်နေကြောင်း Daily Mail သတင်းဌာနက သတင်းမှား ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် တုံ့ပြန်မှုများ ပြုလုပ်သွားမည်




နေပြည်တော် ၊ ၉-၁၂-၂၀၁၆

ဗြိတိန်နိုင်ငံမှ Daily Mail သတင်းဌာန၏ ဒီဇင်ဘာလ ၇ ရက် ဒေသစံတော်ချိန် ည ၆ နာရီ ၃၂ မိနစ် Online စာမျက်နှာ၌ ကလေးငယ် တစ်ဦးအား မြန်မာ့တပ်မတော် က ရက်စက်စွာ နှိပ်စက် ညှဉ်းပန်းနေကြောင်း သတင်းမှား တစ်ပုဒ်ကို ဓာတ်ပုံများနှင့် အတူ ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ဥပဒေကြောင်း အရ လည်းကောင်း၊ စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များအရ လည်းကောင်း ထိုက်သင့်သည့် တုံ့ပြန်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ က သတင်း ထုတ်ပြန်ထားသည်။

Dave Burke ရေးသားသော Heartbreaking images show 'Rohingya toddler tortured with a stun gun by laughing Burmese soldier' as Burma continuescrackdown on the country's Muslim minority သတင်း ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် ယင်းသတင်းတွင် ကြောက်လန့် ငိုယိုနေသည့် ကလေးငယ်တစ်ဦးအား ကျဉ်စက်ဖြင့် တို့၍ နှိပ်စက် ညှဉ်းပန်းကာ ရယ်မောလျက် ရှိသည့်ဓာတ်ပုံများကို Daily Mail က အွန်လိုင်း စာမျက်နှာတွင် အချိန်အတန်ကြာ လွှင့်တင်ခဲ့ပြီးနောက် ဖတ်ရှုသူအချို့က ယင်းသတင်းမှာ ကမ္ဘောဒီးယား နိုင်ငံ၊ Mondulkiri ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း၊ ထိုသို့ ကလေးငယ်အား ညှဉ်းပန်းနှိပ်စက်သူ များကို ဖမ်းဆီးထားပြီး ဖြစ်ပြီး တစ်ဦးထွက်ပြေး လွတ်မြောက်လျက် ရှိကြောင်း၊ ထွက်ပြေး လွတ်မြောက် သွားသူမှာ သတင်းဗီဒီယိုဖိုင် ပျံ့နှံ့ပြီးနောက် ကမ္ဘောဒီးယား နိုင်ငံမှ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ယင်းသတင်း အောက်တွင် မှတ်ချက်များ ဝင်ရောက်ရေးသား ခဲ့သည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

ထိုသို့ သတင်းမှား ဖြစ်ကြောင်း ဝေဖန်ချက် ရေးသားမှုများ တွေ့မြင် ရပြီးနောက် Daily Mail  သတင်းစာမျက်နှာက ယင်းသတင်းကို ဖြုတ်ချသွားခဲ့ သော်လည်း အခြားအွန်လိုင်း စာမျက်နှာ အချို့တွင် Daily Mail မှ ရရှိသော သတင်းဟူ၍ ဖော်ပြလျက် ထပ်ဆင့် ဖော်ပြမှုများ ကျန်ရှိနေကြောင်း၊ Daily Mail ၏ မဟုတ်မမှန် သတင်းမှားကို အခြေခံ ၍ စွပ်စွဲပြောကြားမှု များမှာ လူမှုကွန်ရက် မီဒီယာတစ်ခု ဖြစ်သည့် Twitter တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက် ရှိကြောင်း တွေ့ရှိရသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ အခြားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှတ်တမ်း များကို လွဲမှားစွာ အသုံးပြု၍ သတင်းမှားချဲ့ကား ဖော်ပြခြင်းကြောင့် မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုများ ပိုမိုမြင့်တက် လာစေခဲ့ကြောင်း တွေ့ရသည်။

သို့သော်လည်း Daily Mail အနေဖြင့် သတင်းမှား ဖော်ပြမိခြင်း အတွက် အမှားပြင်ဆင်ခြင်း၊ တာဝန်ယူခြင်းများ တစ်စုံတစ်ရာ မရှိဘဲ သတင်းမှားကိုသာ ပြန်လည်ဖြုတ်ချ သွားခဲ့သည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ် အတွင်း အောက်တိုဘာ ၉ ရက်၊ နိုဝင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ဖြစ်ပွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင် များအား အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များက
ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိသော်လည်း မောင်တောဒေသ တွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်သည့် အခြားနေရာဒေသ များမှ ဓာတ်ပုံများ၊ ဗီဒီယို မှတ်တမ်းများ၊ လုပ်ကြံဖန်တီး ထားသည့် သတင်းမှားများ အမြောက်အမြား ပျံ့နှံ့လျက် ရှိသည်။

မကြာမီကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar အခြေစိုက် UNHCR ဝန်ထမ်းတစ်ဦး ဖြစ်သော John McKissick ၏ ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦး၏ ကျင့်ဝတ်သိက္ခာ နှင့်မညီဘဲ တာဝန်မဲ့ ပြောကြားချက် များကိုအခြေခံပြီး မမှန်သတင်း များကို BBC ၊ CNN ၊ CNA နှင့် Al Jazeear စသော သတင်းဌာနများက ဖော်ပြခဲ့ကြပြီး နောက်တွင် ယခုကဲ့သို့ Daily Mail သတင်းဌာနက သတင်းမှားထပ်မံ ဖော်ပြလာခဲ့ခြင်း ဖြစ်သည်။

Daily Mail သတင်းစာသည် UK အခြေစိုက် သတင်းစာတစ်စောင် ဖြစ်ပြီး Daily Mail and General Trust က ပိုင်ဆိုင်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Wednesday, November 30, 2016

KIA/TNLA/MNDAA လက်နက်ကိုင် အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် မုံးကိုးနယ်မြေမှ ပြည်သူများ တရုတ်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေး


နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

KIA/TNLA/MNDAA လက်နက်ကိုင် အဖွဲ့များသည် မုံးကိုးနယ်မြေအား တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ဝဝဝ ကျော်သည် တရုတ်နိုင်ငံ မန်စီမြို့နယ် အတွင်း တိမ်းရှောင် ထွက်ပြေးခဲ့ရာ လူမှုကူညီရေးများ ဆောင်ရွက်ပေးလျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

အဆိုပါ တိုက်ပွဲရှောင် ဒေသခံပြည်သူ ၁ဝဝဝ ကျော်သည် တရုတ်နိုင်ငံ မန်စီမြို့နယ် မန်ဟိုင်မြို့ရှိ အသုံးမပြုသည့် စာသင်ကျောင်း၊ စက်ရုံဟောင်းနှင့် ဈေးအနီး ကွင်းပြင်များ တွင် ယာယီတဲ ငါးလုံးဖြင့် နိုဝင်ဘာ ၂၈ ရက်အထိ နေထိုင်လျက်ရှိရာ ကိုးကန့်ဒေသမှ လူမှုရေးအသင်း တစ်ခုသည် ရွှေလီမှတစ်ဆင့် ဝင်ရောက်ပြီး မန်ဟိုင်မြို့သို့ သွားရောက်ကာ လူမှု ကူညီရေးများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Sunday, November 27, 2016

KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက ကွတ်ခိုင်မြို့အား လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်


နေပြည်တော် ၊ ၂၇-၁၁-၂၀၁၆

KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ သည် ယမန်နေ့ ညပိုင်းက ကွတ်ခိုင်မြို့တွင်း သို့ လက်နက်ငယ်၊ ဗုံးပစ်လောင်ချာ နှင့် လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန် ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များသည် ယမန်နေ့ ည ၉ နာရီခွဲခန့်က ကွတ်ခိုင်မြို့အား ၄ဝ မမ ဗုံးပစ်လောင်ချာဖြင့် တစ်ချက်၊ ၆ဝ မမ စိန်ပြောင်းဖြင့် နှစ်ချက် နေရာနှစ်ခုမှ ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့ များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ် ခဲ့သဖြင့် ည ၉ နာရီ မိနစ် ၅ဝ ခန့်တွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ ၄င်းတို့ ပစ်ခတ်ခဲ့သော ၆ဝ မမ ဗုံးသီးများမှာ လွယ်အွန်းကျေးရွာ အနီး ကျရောက် ပေါက်ကွဲပြီး ၄ဝ မမ ဗုံးသီးမှာ မြို့မ အထကကျောင်း အနီး တောစပ်အတွင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့သော်လည်း လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ ၄ဝ မမဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်သည့် ကွတ်ခိုင်မြို့ ရပ်ကွက်(၁) အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့များက လိုက်လံ ရှင်းလင်းစဉ် ည ၁ဝ နာရီခန့်တွင် လက်နက်ကိုင် နှစ်ဦးသည် ဆိုင်ကယ်ဖြင့် လက်နက်ငယ် လေးချက်ခန့် ပစ်ခတ်၍ ပြည်ထောင်စု လမ်းမကြီးဘက် သို့ မောင်းနှင်ထွက်ပြေး သွားကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးဒဏ်ရာရရှိ


KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် 
ဒဏ်ရာရရှိသူ ရွာသားတစ်ဦးကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၇-၁၁-၂၀၁၆

KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တောင်ယာ ရှင်းလင်းနေသည့် ရွာသားတစ်ဦး လက်ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

ကွတ်ခိုင်မြို့နယ် မန်လွယ်ကျေးရွာ နေ ဦးကျန်ရီချမ်း ၆၃ နှစ်သည် မန်လွယ်ကျေးရွာ အနီး ကြံစိုက်ခင်း၌ တောင်ယာ လုပ်ကိုင်နေစဉ် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဦးကျန်ရီချမ်း ၏ ယာဘက်လက်ခုံ ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ကွတ်ခိုင်ဆေးရုံမှ တစ်ဆင့် မူဆယ်ဆေးရုံသို့ ပို့ဆောင် ကုသလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

KIA/TNLA/MNDAA အကြမ်းဖက် သောင်ကျန်းသူ အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ ၊ ပြည်ထောင်စု လမ်းမကြီးတွင်လည်း မိုင်းခွဲဖျက်ဆီးမှုပြုလုပ်


ဒဏ်ရာရရှိသော အမျိုးသမီးကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၇-၁၁-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်း ယမန်နေ့က KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ ခဲ့ပြီး ပြည်ထောင်စု လမ်းမကြီးတွင်လည်း မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး ခံရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

ကွတ်ခိုင်မြို့နယ် ကောင်ခါးမိန်ပြိန်း အုပ်စု ပန်နိမ်ရွာမှ ဒေါ်အေမန် သည် မန်လွယ်ကျေးရွာ နှင့် နမ့်ဖလွန်းကျေးရွာ ကြားရှိ ၄င်းပိုင်ပြောင်းခြံ၌ ပြောင်းဖူးချိုး နေစဉ် ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဝဲဘက်ရင်အုံတွင် သေနတ်ကျည် ဖောက်ဝင်ပြီး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ သဖြင့် နမ့်ဖတ်ကာရွာရှိ မေတ္တာရှင် လူမှုကူညီရေး အသင်းက နမ့်ဖတ်ကာ ဆေးရုံမှ တစ်ဆင့် မူဆယ်ဆေးရုံ သို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ကွတ်ခိုင်မြို့နယ် နမ့်ခိုင်ရွာအနီးရှိ နမ့်ခိုင်တံတား ရဲကင်းအား KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက မန်လွယ်ကျေးရွာ ဘက်မှ လက်နက်ငယ် များဖြင့် ၃ မိနစ်ခန့် လာရောက် ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် များက ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း၊ ယင်း ဖြစ်စဉ်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များသည် ယမန်နေ့ ည ၈ နာရီ မိနစ် ၅ဝ ခန့်ကလည်း လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် (၂၃) တစ်ဝိုက်ရှိ စံလောင်းကျေးရွာ အနီးတွင် ကားလမ်းအား မိုင်းဖောက်ခွဲ ဖျက်ဆီးခဲ့ရာ အချင်း ၁ ပေ၊ အနက် ၈ လက်မခန့်ရှိ မြေကျင်းနှစ်ခု ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Thursday, November 24, 2016

တပ်မတော်လုံခြုံရေးစခန်းကုန်း များအား KIA, TNLA နှင့် MNDAA သောင်းကျန်းသူအဖွဲ့ များက လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်


နေပြည်တော် ၊ ၂၄-၁၁-၂၀၁၆

မူဆယ်မြို့နယ် မုံးကိုးမြို့ ရပ်ကွက်(၃) ရှိ တပ်မတော်လုံခြုံရေး စခန်းကုန်း များအား KIA, TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များက နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုကြောင့် တပ်မတော် စစ်ကြောင်းများမှ ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

အလားတူ ည ၁ဝ နာရီ မိနစ်၂ဝ ခန့်တွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၂) ဘောလုံးကွင်း အနီးရှိတောစပ် နေရာမှ လက်နက်ကြီးဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ တပ်မတော်မှ ပြန်လည်ပစ်ခတ် နယ်မြေရှင်းလင်း ဆောင်ရွက်
ခဲ့ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက် တွင်ပါရှိသည်။

မုံးကိုးမြို့ အနောက်တောင်ဘက် မန်ကန် (မုံးကိုး) ကျေးရွာအနီး တောင်ကြော နေရာများရှိ KIA, TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များကို လေကြောင်းမှ ပစ်ခတ်ရှင်းလင်း ခဲ့ရကြောင်းသိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ၀မ်တိန် နှင့် မန်ဟိုင်းဒေသ အတွင်း မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် တရုတ်နိုင်ငံဘက်မှ အကြောင်းကြားစာ ပေးပို့လာခြင်းနှင့် ပတ်သက်၍ စိစစ်သတင်းထုတ်ပြန်




နေပြည်တော် ၊ ၂၄-၁၁-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဝမ်တိန်နှင့် မန်ဟိုင်းဒေသ အတွင်းသို့ မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဝမ်တိန်ဘက်သို့ ၁၁ လုံး၊ မန်ဟိုင်းဘက်သို့ နှစ်လုံး၊ စုစုပေါင်း ၁၃ လုံး ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း၊ ထိုသို့ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် တရုတ်ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဘက်မှ ပြည်သူ ၁ဝဝဝ ကျော်ခန့်လည်း ဝမ်တိန်နှင့် မန်ဟိုင်းဘက်သို့  ရောက်ရှိနေကြောင်း တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ တယ်ဟုန်တိုင်း အခြေချ နယ်စပ် ကာကွယ်ရေး တပ်ဖွဲ့မှ အကြောင်းကြားစာ ပေးပို့လာခဲ့သည်။

တရုတ်နိုင်ငံဘက်မှ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ သည်ဟု အကြောင်းကြားစာ ပေးပို့လာသည့် ဝမ်တိန်ဒေသ သည် မြန်မာနိုင်ငံ၊ ကြူကုတ်(ပန်ဆိုင်း) မြို့နှင့် လည်းကောင်း၊ မန်ဟိုင်းဒေသသည် မြန်မာနိုင်ငံ၊ မုံးကိုးမြို့နှင့် လည်းကောင်း နယ်နိမိတ်ချင်း ထိစပ်နေသော နေရာများ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကြူကုတ်(ပန်ဆိုင်း) နှင့် မုံးကိုးမြို့ များတွင် နှစ်နိုင်ငံနယ်စပ် သဘောတူညီချက် ပါ အကွာအဝေး အတိုင်း မြန်မာ-တရုတ် နယ်စပ်ကပ်လျက် မိမိတပ်နှင့် ရဲစခန်းများ ထားရှိ လုံခြုံရေး ဆောင်ရွက်လျက် ရှိရာ နိုဝင်ဘာ ၂ဝ ရက်တွင် စခန်းအသီးသီးသို့ KIA နှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူများ က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်မှု သတင်းကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့ သတင်း၌ ဖော်ပြပြီးဖြစ်သည်။

တရုတ်နိုင်ငံ အတွင်းသို့ ကျည်ကျရောက် ပေါက်ကွဲမှုအား စိစစ်ချက်အရ တပ်နှင့် ရဲစခန်း နေရာများသို့ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် အရှေ့တောင်ဘက်၊ တောင်ဘက်နှင့် အနောက်တောင်ဘက် တို့မှ အနောက် မြောက်ဘက်၊ မြောက်ဘက် နှင့် အရှေ့မြောက် ဘက် သို့ ဦးတည်ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်ပြီး မိမိလုံခြုံရေး စစ်သည်များက တောင်ဘက်၊ အရှေ့တောင်ဘက် နှင့် အနောက်တောင်ဘက် အကြမ်းဖက် သောင်းကျန်းသူများ ရှိသည့်နေရာ များသို့ ဦးတည်ပြန်လည် ပစ်ခတ်ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်၍ ပစ်ခတ်တိုက်ခိုက်မှု ဦးတည်ချက်များ အရ ဝမ်တိန်ဒေသနှင့် မန်ဟိုင်းဒေသ လက်နက်ကြီးကျည် ၁၃ လုံး ကျရောက် ပေါက်ကွဲ ခြင်းမှာ KIA နှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု နှင့် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှုကို ထိခိုက်ပျက်စီး စေရန်ရည်ရွယ် ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

စစ်ဆေးတွေ့ရှိချက် များအား တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ တယ်ဟုန်တိုင်း အခြေချ နယ်စပ် ကာကွယ်ရေးတပ်ဖွဲ့ သို့ မြန်မာ့တပ်မတော် နယ်စပ်ဒေသ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင်မှ တစ်ဆင့် ပေးပို့ပြီးဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)
Related Posts Plugin for WordPress, Blogger...