Social Icons

Pages

Saturday, December 24, 2016

မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် အမျိုးသမီးအချို့ အဓမ္မပြုကျင့်ခံရမှု ကောလာဟလ နှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်အပေါ် သတင်းထုတ်ပြန်


နေပြည်တော် ၊ ၂၄-၁၂-၂၀၁၆

မောင်တောမြို့နယ် အတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ အဓမ္မပြုကျင့်ခံ ရသည်ဟူသည့် ကောလာဟလ သတင်းများနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ၂၃-၁၂-၂၀၁၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ယင်း ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံး များကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမား များက အကြမ်းဖက် စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး လက်နက်မျိုးစုံ ၅၁ လက်နှင့် ကျည်မျိုးစုံ ဆုံးရှုံးခဲ့ရကြောင်း၊ ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများ အနေဖြင့် အကြမ်းဖက် တိုက်ဖျက်ရေး၊ ဆုံးရှုံးလက်နက်များနှင့် ကျည်များပြန်လည် ရရှိရေး၊ အကြမ်းဖက် သမားများအား ဖော်ထုတ်ရှာဖွေ ဖမ်းဆီးရေး လုပ်ငန်းများကို တရားဥပဒေနှင့် အညီ မောင်တောဒေသ အတွင်း နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်သမား များသည် အင်တာနက် နှင့် လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်သော သတင်းများ လွှင့်တင်ခြင်း၊ ပြည်ပမီဒီယာ အချို့ကလည်း မဟုတ်မမှန် လုပ်ကြံထားသည့် တစ်ဖက်သတ် စွပ်စွဲချက် သတင်းများကို မီဒီယာကျင့်ဝတ် နှင့်မညီဘဲ ထုတ်လွှင့်ခြင်းများ ဆောင်ရွက်၍ အဖျက်သဘောဖြင့် သတင်းဆိုးများကို ဖြန့်ဝေလျက် ရှိကြောင်း ဖော်ပြထားသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်သည် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မောင်တောဒေသသို့ သွားရောက်၍ စုံစမ်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါခရီးစဉ် အတွင်း ကော်မရှင် အဖွဲ့ဝင် အမျိုးသမီး ရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင် နှင့် အဖွဲ့ဝင် များသည် ကျေးရွာသူ၊ ကျေးရွာသားများ၊ အမျိုးသမီးများနှင့် ကလေးများကို တွေ့ဆုံကာ အမျိုးသမီးများ အဓမ္မပြုကျင့်ခံ ရမှု ရှိ မရှိကို အသေးစိတ် မေးမြန်းခဲ့သည်။ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြောင်ပိုက် ကျေးရွာသို့ ရောက်ရှိစဉ် မဂျာမာလီဟာ နှင့် သီးခြားတွေ့ဆုံ၍ ကိုယ်တိုင် အဓမ္မပြုကျင့်ခံ ရမှု ရှိ မရှိ၊ အခြား အမျိုးသမီးငယ် များကိုလည်း အဓမ္မပြုကျင့် ခံရမှု ရှိ မရှိနှင့် မျက်မြင်ကိုယ်တွေ့ သိရှိရခြင်း ရှိ မရှိတို့ကို မေးမြန်းခဲ့ရာ ကိုယ်တိုင်လည်း ပြုကျင့်ခံရမှု မရှိကြောင်း၊ အခြားသူများ ပြုကျင့်ခံရမှု ကိုလည်း မြင်တွေ့သိရှိခြင်း မရှိကြောင်း ဖြေကြားခဲ့သည် ဟု သိရသည်။

ပြည်တွင်းပြည်ပ မီဒီယာများ ပါဝင်သော သတင်းမီဒီယာ အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ရခိုင်ပြည်နယ်သို့ သွားရောက်သည့် ခရီးစဉ်တွင် မောင်တောမြို့နယ် ပြောင်ပိုက်ကျေးရွာ သို့ ဒီဇင်ဘာ ၂၁ ရက်က ရောက်ရှိစဉ် ပြောင်ပိုက် ကျေးရွာနေ မဂျာမာလီဟာ ၂၅ နှစ်နှင့် ငါးစာကြူးကျေးရွာ နေ ဒေါ်သန်းသန်း(ခ) မနိုရ်ဂျန် ၃၂ နှစ်တို့အား တွေ့ဆုံမေးမြန်းရာ မဂျာမာလီဟာ က ၄င်းအား လုံခြုံရေးတပ်ဖွဲ့ဝင် များက အဓမ္မပြုကျင့် ခဲ့ကြောင်း ဖြေကြားခဲ့သည်။

သို့ဖြစ်၍ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး၊ ကျူးလွန်ခဲ့သူ များအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နစ်နာသူများအား ဥပဒေနှင့်အညီ အကာအကွယ်များ ပေးအပ်နိုင်ရေး အတွက် ဒီဇင်ဘာ ၂၂ ရက်တွင် တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် ပြောင်ပိုက်ကျေးရွာသို့ သွားရောက်ကာ ပြောင်ပိုက်ကျေးရွာ ရာအိမ်မှူး ခါလီ၊ စပယ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး မာမတ်အီနူး နှင့် ရပ်မိရပ်ဖများအား တွေ့ဆုံမေးမြန်း ခဲ့ကြောင်း၊ မဂျာမာလီဟာ နှင့် ဒေါ်သန်းသန်း တို့သည် ပြောင်ပိုက်ကျေးရွာတွင် နေထိုင်ခြင်း မရှိဘဲ ငါးစာကြူးကျေးရွာ တွင် နေထိုင်လျက် ရှိကြောင်း သိရှိရသဖြင့် လာရောက်ရန် ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်း မပြုဘဲ တိမ်းရှောင်လျက် ရှိသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ၏ ပြောကြားချက် အရ သိရှိရကြောင်း၊ ပြောင်ပိုက်ကျေးရွာရှိ မဂျာမာလီဟာ ၏ နေအိမ်အနီး ပတ်ဝန်းကျင်နေ အဘူဘော်ရှော့၊ မနူရ်နတ်၊ ရာအိမ်မှူး တို့အား မေးမြန်းရာ အဓမ္မပြုကျင့်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း၊ အဓမ္မပြုကျင့် ခံရသည်ဟု ကျေးရွာအတွင်း မကြားမိကြောင်း၊ ၄င်းအနေဖြင့် သတင်းထောက် များအား မည်သည့် ရည်ရွယ်ချက်ဖြင့် အဓမ္မပြုကျင့်ခံ ရသည်ဟု ပြောကြားသည်ကို  မသိရှိဟု ဖြေကြားခဲ့ကြောင်း၊ မောင်တောခရိုင် အတွင်းရှိ ဒေသခံများ အနေဖြင့် အဓမ္မ ပြုကျင့်ခံရမှုများ ရှိပါက ဥပဒေနှင့်အညီ အမှုဖွင့် တိုင်ကြားနိုင်ကြောင်း၊ မှန်ကန်မှုရှိပါက တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အမှန်တကယ် နစ်နာသူများအား ထိထိရောက်ရောက် အကာအကွယ် ပေးသွားမည် ဖြစ်ကြောင်း ထို သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...