Social Icons

Pages

Monday, January 2, 2017

ကိုးတန်ကောက် ကျေးရွာအတွင်း ရဲတပ်ဖွဲ့ဝင်များ ရှင်းလင်းရေး ဆောင်ရွက်စဉ် ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့မှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်


နေပြည်တော် ၊ ၂-၁-၂၀၁၇

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် လူမှုကွန်ရက် စာမျက်နှာ တစ်ခုမှ စတင်လွှင့်တင် ခဲ့သော ဗီဒီယိုဖိုင်တစ်ဖိုင် တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အချို့က ရိုက်နှက်၊ ကန်ကျောက်သည့် ပုံရိပ်များ ပါရှိလာခဲ့ပြီး ယင်းဗီဒီိယို ဖိုင်၏ ရည်ညွှန်းချက်တွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်သည် ဟု ဖော်ပြထားခဲ့ကြောင်း၊ ယင်းဗီဒီယိုဖိုင်ကို ကိုးကား၍ သတင်းဌာန များတွင် ဆင့်ပွားဖော်ပြလျက် ရှိသည်ကိုလည်း တွေ့ရှိရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ယမန်နေ့တွင် သတင်းထုတ်ပြန် ထားသည်။

အဆိုပါ ဗီဒီယိုဖိုင်လွှင့်တင် ထားသည်ကို သိလျှင်သိချင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများထံ ယင်းဗီဒီယိုဖိုင် နှင့် စပ်လျဉ်း၍ စိစစ်ရန် ဆက်သွယ်မေးမြန်း ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၏ စိစစ်ဖော်ထုတ်ပြီး ပြန်လည်ရှင်းလင်း တင်ပြချက်အရ ယင်းဗီဒီယိုဖိုင်မှာ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ကိုးတန်ကောက် ကျေးရွာ အတွင်းသို့ အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲနှင့် အမှတ်(၃၆) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲတို့ ပူးပေါင်းပါဝင်သည့် အဖွဲ့မှ ဝင်ရောက်ရှင်းလင်း ခဲ့စဉ် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုကို ရိုက်ကူးထားခြင်း ဖြစ်ကြောင်း၊ ရွာအတွင်း ရှင်းလင်းစဉ် အမှတ်(၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ မှ ဒုတိယရဲအုပ် တေဇာလင်း ဦးစီးရဲတပ်ဖွဲ့ဝင် ၁ဝ ဦးအဖွဲ့က ရွာသားများကို ထိန်းသိမ်းနေစဉ် ရဲတပ်သား ဇော်မျိုးထိုက် က ၄င်း၏ လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ဟု စိစစ်သိရှိ ရကြောင်း ဖော်ပြထားသည်။

ကိုးတန်ကောက်ရွာသို့ သွားရောက်ရှင်းလင်း ရခြင်း အကြောင်းရင်းကို ဆက်လက်စိစစ် ရာတွင် မောင်တောမြို့နယ် နိုရူလာရဲကင်း စခန်း၌ ရှေ့တန်းအမှတ်(၂၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ မှ ရဲအုပ် ကျော်မြင့်အောင် ဦးစီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦး လုံခြုံရေး ဆောင်ရွက်နေစဉ် နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီ မိနစ် ၅ဝ တွင် အကြမ်းဖက်သမား ခြောက်ဦးသည် မောင်တော- အလယ်သံကျော် လမ်းအတိုင်း ဆိုင်ကယ်သုံးစီး ဖြင့် မောင်းနှင်လာပြီး ရဲကင်းစခန်း  ဝင်ပေါက်အနီး ရပ်တန့်ကာ ဆိုင်ကယ်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ သောကြောင့် ကင်းတာဝန် ကျရဲ ဒုတိယတပ်ကြပ် မင်းမင်းစိုးတွင် ညာဘက်ရင်အုံ ညှပ်ရိုးအောက် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ညာလက်မောင်း သေနတ်ဒဏ်ရာ တစ်ချက်၊ ညာနံရိုးဖောက်ဝင် ဒဏ်ရာနှစ်ချက် ထိမှန်သေဆုံးပြီး ရဲတပ်ကြပ် မျိုးဇော်ကို တွင် ညာလက်မောင်း တစ်ချက်၊ ဝဲဘက် ဝမ်းဗိုက်အောက် ရှပ်ထိမှန်ဒဏ်ရာတစ်ချက်တို့ ရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ နိုရူလာ ရဲကင်းစခန်းကို ဝင်ရောက်ပစ်ခတ် ခဲ့သော အကြမ်းဖက် တိုက်ခိုက်သူ များသည် ကိုးတန်ကောက် ကျေးရွာသို့ သွားရောက်ရှောင်တိမ်း နေကြောင်း နယ်မြေသတင်း ရရှိသဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၃ ရက် နိုင်ငံခြား သံတမန်များအဖွဲ့ ကိုးတန်ကောက် ကျေးရွာသို့ရောက်ရှိစဉ် ကျေးရွာလူထုမှ ကြိုတင် ဖြန့်ဝေပေးထားသော ဖြစ်စဉ်မှန် မဟုတ်သည့် စာရွက်စာတမ်းများကို ကိုင်ဆောင် ဆန္ဒပြသည့် အသွင်မျိုးဖြင့် ဆောင်ရွက်ခဲ့ သဖြင့် စာများ ဖြန့်ဝေသည်ဟု သတင်း ရရှိထားသူကို စိစစ်ဖော်ထုတ်ရန် အတွက် လည်းကောင်း ကိုးတန်ကောက်ကျေးရွာ အတွင်း နိုဝင်ဘာ ၅ ရက်တွင် ဝင်ရောက်ရှင်းလင်း ခဲ့ရခြင်းဖြစ်ကြောင်း ယင်း သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ယင်းနေ့ ကိုးတန်ကောက်ရွာ သို့ ဝင်ရောက် ရှင်းလင်းချိန်တွင် အကြမ်းဖက် အမှုများနှင့် သက်ဆိုင်သည့် နူအာလောင် ၂၂ နှစ်၊ ဆော်လီမူလာ ၃၅ နှစ်နှင့် မာမွတ်နော်ဘီ ၃၂ နှစ်တို့ကို မြေမြှုပ် ထားသော ဓားမခြောက်ချောင်း၊ ဓားဦးချွန် တစ်ချောင်းနှင့် မှိန်းတံ တစ်ချောင်း တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီး ခဲ့ပြီး ကျန်ရှိသည့် မပတ်သက်သူ များကို ရွာအတွင်း အေးချမ်းစွာ နေထိုင်ရန် မှာကြား၍ ပြန်လွှတ်ပေး ခဲ့ကြောင်း။

ယခုဖြစ်စဉ်တွင် ဦးစီးခေါင်းဆောင် တာဝန်ရှိသူမှာ အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးရဲထွန်းနိုင်၊ အမှတ်(၃၆) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲအုပ် တေဇာလင်း၊ ဗီဒီယိုရိုက်ကူးသူ ရဲတပ်သား ဇော်မျိုးထိုက် နှင့် ရွာသားများအား ရိုက်နှက် ကန်ကျောက်သူ ရဲတပ်သား ပြည့်ဖြိုးသွင် တို့ဖြစ်ကြောင်း ကနဦးစိစစ် ဖော်ထုတ်ရရှိ ခဲ့သည်ဟု သိရှိရသည်။

ရိုက်နှက် ကန်ကျောက်သည့် ကျန်ရဲတပ်ဖွဲ့ဝင် များအား ဆက်လက် ဖော်ထုတ်လျက် ရှိကြောင်း၊ ကနဦးစိစစ် ဖော်ထုတ်ရရှိ သူများကို ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...