Social Icons

Pages

Monday, August 17, 2015

ကားပါကင် ထောက်ခံချက်ဖြင့် တင်သွင်းလာပြီး သတ်မှတ်နေရာတွင် ရပ်နားခြင်းမရှိသည့် ယာဉ်အစီးရေ ၄၇ စီးကို ဖမ်းဆီး အရေးယူထား



ရန်ကုန် ၊ ၁၇-၈-၂၀၁၅

ရန်ကုန်မြို့ အတွင်း၌ ကားပါကင် ထောက်ခံချက်ဖြင့် တင်သွင်းလာသည့် ယာဉ်များ သတ်မှတ် ထားသည့် ပါကင် မြေနေရာတွင် ရပ်နားခြင်း မရှိသည့် အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဖမ်းဆီး အရေးယူမှု ပြုလုပ်ရာ လက်ရှိတွင် ယာဉ်အစီးရေ ၄၇ စီးအထိ ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။

''ပါကင် မြေနေရာမှာ ရပ်နားခြင်း ရှိ၊ မရှိ စစ်ဆေးမယ်လို့ ကျွန်တော်တို့ ကြိုပြောပြီးမှ စစ်ဆေးမှု ပြုလုပ်တာပါ။ စစ်ဆေးမှု ပြုလုပ်လို့ သိပ်မကြာမီမှာ ကားပါကင် ထောက်ခံချက်နဲ့ တင်သွင်းလာပြီး သတ်မှတ် နေရာမှာ ရပ်နားမှု မပြုလုပ်တဲ့ ယာဉ်အစီးရေ ၄၇ စီးကို ဖမ်းဆီးရမိ ပါတယ်။ ဖမ်းဆီးရမိတဲ့ ယာဉ်တွေကို လည်း နောက်နောင် ဒီလိုမျိုး ထပ်မလုပ်အောင် ပြင်းပြင်းထန်ထန် ဒဏ်ရိုက် သွားမှာပါ '' ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စီမံရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် အဆိုပါ ဖမ်းဆီး ထားသည့် ယာဉ်အစီးရေ ၄၇ စီးကို ရန်ကုန်မြို့တော် စည်ပင် အများပိုင်မြေ များနှင့် အများပြည်သူပိုင် လမ်းမများ ပေါ်တွင် ခွင့်ပြုချက် မရှိဘဲ ရပ်နားထားသည့် အတွက် စည်ပင် သာယာရေး ဥပဒေပုဒ်မ (၆၈)ဖြင့် တရားစွဲ ဖမ်းဆီး အရေးယူခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စီမံရေးရာ ဌာနသည် ဖမ်းဆီးရမိသည့် ယာဉ်များကို အနိမ့်ဆုံး ဒဏ်ငွေ ကျပ် ၁ဝဝဝဝ မှ ကျပ် ၅ဝဝဝဝဝ အထိ ဒဏ်ရိုက် အရေးယူမှု ပြုလုပ်မည် ဖြစ်ပြီး လိုအပ်ပါက ထောင်ဒဏ်ပါ ချမှတ် အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ အတွင်း၌ ကားပါကင် ထောက်ခံချက်ဖြင့် တင်သွင်းလာပြီး သတ်မှတ် နေရာတွင် ရပ်နားခြင်း မရှိသည့် ယာဉ်များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စီမံရေးရာ ဌာနမှ ရေရှည် စီမံချက်ဖြင့်
ဖမ်းဆီး အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြဝတီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ကိုယ်စားလှယ် ရုံးခွဲ ဂျပန်နိုင်ငံ၌ သွားရောက် ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်နေ



ရန်ကုန် ၊ ၁၇-၈-၂ဝ၁၅

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ကိုယ်စားလှယ် ရုံးခွဲတစ်ခုကို ဂျပန်နိုင်ငံ၌ သွားရောက် ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် လိုအပ်သည့် လေ့လာ စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

''ကမ္ဘာက မြန်မာနိုင်ငံကို ခရီးစဉ် တစ်ခု အနေနဲ့ ပိုမိုသိရှိ လာအောင် လုပ်တာပါ။ ဒီနှစ်အတွင်း မှာပဲ ဧပြီ ၉ ရက်က အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီ မြို့မှာ မြန်မာခရီးသွား မြှင့်တင်ရေး ကိုယ်စားလှယ် ရုံးခွဲတစ်ခု ဖွင့်လှစ်ခဲ့ ပါတယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ မြန်မာနိုင်ငံကို အများဆုံး လာတဲ့နိုင်ငံ တွေမှာ ကိုယ်စားလှယ် ရုံးခွဲတွေ ဖွင့်ချင် ပါတယ်။ လက်ရှိကတော့ အသင်းရဲ့ ဘတ်ဂျက် အခြေအနေ အရ အလားအလာ အကောင်းဆုံး ဖြစ်နိုင်မယ့် နိုင်ငံတွေမှာ အရင်သွားရောက် ဖွင့်လှစ်တာပါ'' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဖြိုးဝေရာဇာ က ပြောသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းဈေးကွက် မြှင့်တင်ရေး ကော်မတီ အနေဖြင့် ယခုနှစ် အတွက် မျှော်မှန်းထားသော နိုင်ငံခြား ခရီးသွား ဧည့်သည် ငါးသန်းပြည့်မီ နိုင်စေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတကာ လေကြောင်းလိုင်း များကို ပိုမိုတိုးချဲ့ ပျံသန်းပြေးဆွဲ လာနိုင်ပါက နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှု တိုးတက် လာနိုင်မည် ဖြစ်ပြီး ခရီးသွားကဏ္ဍ ဖွံ့ဖြိုးစေရန် အထောက်အပံ့ တစ်ခုပင် ဖြစ်သည်။ 

ထို့အပြင် ယခုနှစ် သြဂုတ် ၁၁ ရက်တွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အကြား ၁၄ ရက် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် ရရှိခြင်း မှာလည်း နှစ်နိုင်ငံ အပြန်အလှန် ခရီးသွား လုပ်ငန်းများ တိုးတက် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗီဇာ ကင်းလွတ်ခွင့်ကို မြန်မာ- ထိုင်း နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် ကနဦး သဘော တူညီချက် အနေဖြင့် နှစ်နိုင်ငံသို့ လေကြောင်းမှ လာရောက်သူများ ကိုသာ စတင် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

မြဝတီနေ့စဉ် ၊ စာ(၄)

#Themyawaydaily

မြန်မာနိုင်ငံသို့ ကျူးကျော်ဝင်ရောက် လာသော ဇီဝမျိုးစိတ်များမှာ သစ်တောဂေဟ စနစ်နှင့် စိုက်ပျိုးရေး ဇီဝမျိုးစုံမျိုးကွဲ တို့ကို ခြိမ်းခြောက်လျက်ရှိ



မန္တလေး ၊ ၁၇-၈-၂၀၁၅

မြန်မာနိုင်ငံ အတွင်းသို့ ကျူးကျော် ဝင်ရောက် လာသော ဇီဝမျိုးစိတ်မျိုးကွဲ များသည် သစ်တော ဂေဟစနစ် များနှင့် စိုက်ပျိုးရေး ဇီဝမျိုးစုံမျိုးကွဲ တို့ကို ခြိမ်းခြောက်လျက် ရှိပြီး အဆိုပါ မျိုးစိတ်များ ရှိနေခြင်းသည် ဒေသရင်း မျိုးစိတ်များကို ပျောက်ကွယ် စေသည့် အန္တရာယ်ရှိ စေကြောင်း သစ်တော သုတေသန မှတ်တမ်းများ အရ သိရသည်။

ကျူးကျော် ဝင်ရောက်လာသော မျိုးစိတ်များ ဆိုသည်မှာ ဂေဟစနစ် တစ်ခုတွင် ဒေသရင်း မျိုးစိတ် မဟုတ်ဘဲ အခြားဒေသ များမှ အစပျိုး ဝင်ရောက် လာပြီး အခြေကျကာ နောက်ပိုင်းကာလ များတွင် လူတို့၏ ကျန်းမာရေး၊ ဇီဝ မျိုးစုံမျိုးကွဲများ၊ တိရစ္ဆာန်များ၊ စိုက်ပျိုးရေး နှင့် စီးပွားရေးတို့ အပေါ် ဆိုးကျိုး သက်ရောက် စေသော မျိုးစိတ် များကို ဆိုလိုသည်။

၎င်း မျိုးစိတ်များတွင် တိရစ္ဆာန်များ ၊ အပင်များ၊ မျိုးများနှင့် အလွန် သေးငယ်သော သက်ရှိများ ပါဝင်ပြီး ၄င်းတို့၏ မူလ နေထိုင် ကျက်စားရာ ဒေသများမှ တင်သွင်းလာပြီး ဒေသတွင်းရှိ မူလ မျိုးစိတ်များ၊ အစားအစာ များနှင့် ကျက်စား နေထိုင်ရာ တို့၌ ယှဉ်ပြိုင် နိုင်သော စွမ်းရည်များ ရှိကြောင်း သုတေသန ပညာရှင်များ၏ လေ့လာချက် များအရ သိရသည်။

မြန်မာနိုင်ငံရှိ သစ်တော သုတေသန ဌာနမှ မှတ်တမ်းများ အရ ကျူးကျော် ဝင်ရောက်လာသော မျိုးစိတ်များမှ ကန္တာစိမ်း မျိုးစိတ်များ၊ အော်ရေးရှား၊ ဘောစကိုင်း၊ ယူကလစ် မျိုးစိတ်များ၊ ပင်လယ် ကဗွီး၊ ဘိစပ်၊ ပင်စိမ်းရိုင်း၊ ထိကရုံး၊ မြက်ရိုင်း၊ ပြောင်းမြက်၊ သက်ငယ်၊ မြက်ချို၊ ဆင်ငိုမြက်နှင့် အခြားသောမျိုးစိတ်တို့ကို ယေဘုယျ အားဖြင့် သစ်တော စိုက်ခင်းများ စိုက်ပျိုးမြေများ၊ မြို့ပြများ၊ ရေတိမ် ဒေသများနှင့် သဘာဝ ကုန်းမြေ များတွင် တွေ့ရကြောင်း သိရသည်။

အဆိုပါ နေရာများတွင် ကျူးကျော် ဝင်ရောက်လာသော မျိုးစိတ်များ ရှိနေခြင်းသည် ဒေသမျိုးစိတ် များကို ပျောက်ကွယ် စေနိုင်သည်။ သုတေသန ပြုလုပ်ချက်များ အရ ဗေဒါပင်ကို အလှအပ အတွက် ရည်ရွယ်ပြီး ရေကန်များ တွင် ထည့်သွင်း စိုက်ပျိုးခဲ့သည်။ ၄င်းဗေဒါ များသည် သဘာဝ ရေပြင် တစ်လျှောက် အဆမတန် ပွားများပျံ့နှံ့ပြီး မူလရေပြင် ပိတ်ဆို့  လာပြီးနောက် မူရင်းရေနေ အပင်များ နှင့် ဇီဝမျိုးစုံမျိုးကွဲ များကို ခြိမ်းခြောက် လာသည်။

ကျူးကျော် ရောက်ရှိလာသော အာဖရိက ခရုမျိုးစိတ်သည် စိုက်ပျိုးမြေ များသို့ ရောက်ရှိလာပြီး ကပ်ပါး သယ်ဆောင်သူ ဖြစ်လာသည်။ ထို့နောက် မူရင်းဒေသရှိ ခရုမျိုးစိတ် များကို တိုက်ခိုက်သည်။ ၁၉၇၉ ခုနှစ်က မြန်မာနိုင်ငံ ပျားမွေးမြူရေး ဦးစီးဌာန သည် အစ္စရေးနိုင်ငံမှ ပျားမျိုးစိတ် တစ်မျိုးဖြစ်သည့် Apismellifera Ligustioa ကို တင်သွင်းခဲ့ရာ အကျိုးဆက် အဖြစ် ကပ်ပါးမွှားပါ ရှိလာပြီး ပြည်တွင်းနှင့် ပြည်ပမှ တင်သွင်း လာသော ပျားမျိုးစိတ် များကို တိုက်ခိုက် ဖျက်ဆီးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျူးကျော် မျိုးစိတ် အနည်းငယ်မျှသာ ရှိနိုင် သော်လည်း အချို့မှာ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းလိုင်း များမှ တစ်ဆင့် ဝင်ရောက် လာကြောင်း သိရသည်။(၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

#Yadanarpondaily

သားအိမ်ခေါင်းကင်ဆာ ရောဂါ အခမဲ့ စစ်ဆေးပေးသဖြင့် လာရောက်ကုသမှု ခံယူသည့်ဦးရေ များလာ



ရန်ကုန် ၊ ၁၇-၈-၂ဝ၁၅

သားအိမ်ခေါင်း ကင်ဆာရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း နှင့် ကုသခြင်း များကို ဗဟို အမျိုးသမီး ဆေးရုံကြီး၌ အခမဲ့ ဆောင်ရွက်ပေး လျက်ရှိရာ လာရောက် ပြသသည့် အမျိုးသမီး ဦးရေများပြား လာကြောင်း ဗဟို အမျိုးသမီး ဆေးရုံမှ တွဲဖက် ပါမောက္ခ ဒေါက်တာ ခင်မေသင်း က ပြောသည်။

သားအိမ်ခေါင်း ကင်ဆာရောဂါ ကို အိမ်ထောင်ရှိသည့် အမျိုးသမီး များသာ စစ်ဆေး၍ ရကြောင်း သိရသည်။ လက်ရှိတွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ရေး အစီအစဉ်အရ ရောဂါရှာဖွေ စစ်ဆေးခြင်းနှင့် ကုသခြင်း လုပ်ငန်းများကို အပတ်စဉ် တနင်္လာ ၊ ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့ တို့၌ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေး နေကြောင်း ဆေးရုံသို့ တစ်ရက်လျှင် လူဦးရေ ၃ဝ ကျော် လာရောက်ပြသ ကြကြောင်း သိရသည်။

HPV ပိုး အမျိုးပေါင်း ၄ဝ ကျော်ခန့်ရှိ သည့်အနက် မျိုးကွဲ ၁၆ နှင့် ၁၈ မှာ သားအိမ်ခေါင်း ကင်ဆာရောဂါ ကို ၇ဝ ရာခိုင်နှုန်း ဖြစ်စေနိုင်ပြီး ကျန်ပိုးမျိုးကွဲ များမှာ ၃ဝ ရာခိုင်နှုန်း သားအိမ်ခေါင်း ကင်ဆာရောဂါ ကို ဖြစ်စေ နိုင်သည်။

အဆိုပါ HPV ပိုး မျိုးကွဲတချို့မှာ သားအိမ်ခေါင်းထဲ ဝင်ရောက်ပြီး နောက် ၅၄ ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း၊ ၉၁ ရာခိုင်နှုန်းမှာ နှစ်နှစ်အတွင်း ခုခံအားဖြင့် ရောဂါပိုးကို တိုက်နိုင်ကြောင်း နှင့် ပိုးအမျိုးကွဲ ၁၆ နှင့် ၁၈ မှာ တခြားပိုး များထက် သားအိမ်ခေါင်း အတွင်း၌ ဆက်လက် တည်ရှိနိုင်ကာ သားအိမ်ခေါင်း ကင်ဆာရောဂါ အဆင့်အထိ ဖြစ်စေ နိုင်ကြောင်း သိရသည်။

သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ရန် အမျိုးသမီးများ အနေဖြင့် သားအိမ်ခေါင်းချွဲ ပုံမှန် စစ်ဆေးခြင်းနှင့် အိမ်ထောင် မကျမီ အပျိုဖော်ဝင် အမျိုးသမီး များသည် ကာကွယ်ဆေး ထိုးထားခြင်းဖြင့် ကာကွယ် နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

မြဝတီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ


သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ

ဒေါက်တာလွင်သန့် (ဆေး-၂)



သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါသည် အမျိုးသမီး များတွင် ဖြစ်ပွားမှု များလေ့ရှိပြီး ရောဂါဖြစ်ပွား ပါက မည်သို့ နေထိုင်စားသောက် သင့်သည်များကို တင်ပြလိုက် ရပါသည်။

သံဓာတ်နည်းပါးလို့ သွေးနီဥ အတွင်း ဟေမိုဂလိုဘင် ထုတ်လုပ်မှု လျော့နည်းခြင်း ဖြစ်သည့် သွေးအားနည်းခြင်း ရောဂါ၏ ၇ဝ ရာခိုင်နှုန်းသည် သံဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ရသည်။ အမျိုးသမီးများ အဖြစ်များ သည်မှာ လစဉ်ဓမ္မတာ မှန်မှန် မလာခြင်း၊ အပျိုဖော်ဝင်စ အရွယ်မှာ စားသုံးသည့် အာဟာရမှာ သံဓာတ် ပါဝင်မှု နည်းခြင်း၊ အာဟာရ ညီညွတ်မျှတမှု မရှိခြင်း၊ အစာလမ်းကြောင်း တစ်လျှောက် ရောဂါ များကြောင့် ဖြစ်သည်။ နေ့စဉ် စားသောက်သည့် အစာအာဟာရ ထဲတွင် သံဓာတ် ပြည့်ဝဖို့ လိုသည်။ တစ်နေ့တာ သံဓာတ် လိုအပ်မှု ပမာဏမှာ လူတစ်ဦးတွင် ၃ ဒသမ ၅ ဂရမ် လိုအပ်ပါသည်။ ယင်းမှ ၆ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းကို ဟေမိုဂလိုဘင် ထုတ်လုပ်မှုမှာ သုံးစွဲပြီး ကျန်သည့် ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းကို အသည်းနဲ့ သရက်ရွက် အပြင် တခြား ကိုယ်တွင်းအင်္ဂါ များမှာ သိုလှောင်ထားသည်။

ခန္ဓာကိုယ် အတွက် နေ့စဉ်သံဓာတ် ၁၈ ဂရမ်သုံးစွဲ နေရသည့်အတွက် အစာ အာဟာရ သုံးစွဲခြင်းဖြင့် သံဓာတ်ကို ပြန်လည်ဖြည့်တင်း ပေးသင့်သည်။ ပြန်လည်ဖြည့်တင်း မပေးနိုင်ပါက သံဓာတ် ချို့တဲ့သည့် သွေးအားနည်း ရောဂါ ဖြစ်လာနိုင်သည်။ အမျိုးသမီးများတွင် သံဓာတ် ချို့တဲ့ပြီး သွေးအားနည်းခြင်း အဖြစ်များကြောင်း တွေ့ရှိရသည်။

အမျိုးသမီးများ အပျိုဖော်ဝင်စ အချိန်တွင် သံဓာတ် လိုအပ်မှု များပြားသောကြောင့် အာဟာရထဲတွင် သံဓာတ် နည်းပါးလျှင် သွေးအားနည်းခြင်း ဖြစ်ရန် သေချာသည်။ အမျိုးသမီးများ သံဓာတ်ချို့တဲ့ စေသည့် အကြောင်းအရင်း သုံးချက်ရှိသည်။ သံဓာတ်ဆုံးရှုံးခြင်း၊ သံဓာတ် လိုအပ်မှုများခြင်း နှင့် အာဟာရထဲတွင် သံဓာတ် ပါဝင်မှု နည်းခြင်းတို့ ဖြစ်သည်။

သံဓာတ်ဆုံးရှုံးခြင်း

ထိခိုက် ဒဏ်ရာကြောင့် သွေးဆုံးရှုံးခြင်း၊ သွေးယိုစိမ့်မှု အချိန် ကြာမြင့်ခြင်း၊ ဥပမာ အစာအိမ် အနာ၊ အူသိမ်၊ အူမကြီးအနာ၊ ဓမ္မတာ လာချိန် ရက်ကြာမြင့်ခြင်း နှင့် သွေး အလွန်အမင်း ဆုံးရှုံးခြင်း ဖြစ်သည်။

သံဓာတ် လိုအပ်မှု များခြင်း 

ဆယ်ကျော်သက် ဖွံ့ဖြိုးစချိန်၊ ကိုယ်ဝန် ဆောင်ချိန်၊ နို့တိုက်စဉ် ကာလများတွင် အမျိုးသမီးများ အဖို့ တစ်ရက်လျှင် သံဓာတ် ၃ ဂရမ် လိုအပ်သည်။

အာဟာရထဲမှာ သံဓာတ်ပါဝင်မှုနည်းခြင်း

အစားအစာထဲမှာ အာဟာရ ပါဝင်မှု မမျှတခြင်း၊ အလွန်အကျွံ အစားလျှော့ခြင်း တို့ကြောင့် သံဓာတ် လုံလောက်စွာ မရနိုင်ပါ။ တစ်ခါတစ်ရံ အစာထဲ၌ သံဓာတ် ပါဝင်မှု လုံလောက် သော်လည်း အစာ လမ်းကြောင်းတွင် အကြောင်း တစ်ခုခုကြောင့် သံဓာတ် မစုပ်ယူနိုင်လျှင် ရရှိမှု နည်းပါးစေသည်။

ရောဂါလက္ခဏာများ

မောပန်း နွမ်းနယ်ခြင်း၊ နှလုံးခုန် ရင်တုန်ခြင်း၊ အသက်ရှူ မဝခြင်း၊ အသားအရည် ဖြူဖတ်ဖြူရော် ဖြစ်ခြင်း၊ ခေါင်းကိုက် တတ်ခြင်း၊ မူးဝေတတ်ခြင်း၊ လက်သည်းများ ချိုင့်ဝင်ခြင်း၊ အစားအသောက် ပျက်လာခြင်း၊ အစာမျိုရ ခက်ခြင်း၊ နှုတ်ခမ်း ထောင့်စွန်းများ ကွဲခြင်း၊ အာရုံစူးစိုက်မှု နည်းခြင်း၊ အလွန်အမင်း ပင်ပန်းခြင်း၊ ပခုံး ကြွက်သားများ တောင့်တင်းလာခြင်း၊ ဓမ္မတာ မမှန်ခြင်း၊ နည်းခြင်းတို့ ဖြစ်စေသည်။

စားဆေးများ

ဖယ်ရိုဗစ်၊ ဖျူရာမင်ဘီစီ၊ ဖဲရပ်ဆာလဖိတ် စားဆေးအနက်မှ တစ်မျိုးမျိုးအား တစ်လုံးနှုန်းဖြင့် တစ်နေ့နှစ်ကြိမ် သောက်သုံး နိုင်သည်။

ဓာတ်စာ

အစိမ်းရောင် ဟင်းသီး ဟင်းရွက်များ၊ အနီရောင်ရှိသော အသား၊ အသည်းအမြစ်၊ ဘဲသား၊ ယုန်သား၊ ငှက်၊ သမင်သား တို့ကို စားသုံးနိုင်သည်။ အသားကိုသာ စားသုံးပြီး အဆီကို ဖယ်ရှားသင့်သည်။ အသားတွင် ပါဝင်သော အဆီမှာ ပြည့်ဝဆီ ဖြစ်နေခြင်း ကြောင့် ရှောင်ရခြင်း ဖြစ်သည်။ ပဲအမျိုးမျိုး၊ သစ်သီး လတ်လတ် ဆတ်ဆတ်များ စားသုံးသင့်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

Myanmar won the Destination of the Year in 2015



Yangon, August 17

TTG Travel Trade Publishing, in Singapore, chooses Myanmar as Destination of the Year in 2015, said Ministry of Hotels and Tourism on its reports on the facebook page.

This award will be given at the ceremony of the 26th Annual TTG Travel Awards which will be held in Bangkok, Thailand on October 1, 2015.

TTG Annual Travel Awards are given as of 1989 and Destination of the Year in 2015 for this year is won by Myanmar.

Myanmar was chosen to award this  prize because the Ministry of Hotels and Tourism implemented the projects throughout the nation with the highest qualification for the development of Tourism Industry in Myanmar.

TTG Travel Awards are given yearly organizations and nations from the Asia and Pacific Region.

Aung

The Myawady Daily, Page(18)

#Themyawadydaily

Historic buildings and pagodas listed in Yangon Region



Yangon, August 17

The Department of Archaeology, National Museum and Library (Yangon) will continue compiling the list of historic buildings and pagodas over 100 years in Yangon Region, said U Kyaw Nyunt, director of the department.

The list does not focus on strength of the structures but only on their age. At present, the list of over-100- year-old buildings and pagodas in Yangon’s suburb townships Hmawby and Hlegu have been compiled and another survey is planned in Htantabin and Taikkyi.

There are 24 historic buildings conserved by the Department of Archaeology, National Museum and Library in Yangon Region and the department designated the 16 buildings as the historic building zone in 2009.

The department has formed respective management teams to conserve those 16 buildings while conserving 10 other buildings. (447)

The Myawady Daily, Page(19)

#Themyawadydaily

ရန်ကုန်မြို့ပတ် လမ်းပိုင်းတွင် RBE နှင့် RBT ရထားတွဲဆိုင်းသစ်များ အစားထိုး ပြေးဆွဲ



ရန်ကုန် ၊ ၁၇-၈-၂ဝ၁၅

ရန်ကုန်မြို့ပတ် ရထားစီး ခရီးသည်များ အဆင့်မြင့် လုံခြုံ ခေတ်မီစွာ စီးနင်းနိုင်ရန် အဲကွန်း RBE ရထားတွဲဆိုင်း နှစ်ဆိုင်းနှင့် RBT ရထားတွဲဆိုင်းသစ် တစ်ဆိုင်း အစားထိုးစတင် ပြေးဆွဲသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီတွင် ရန်ကုန် ဘူတာကြီး၌ ကျင်းပသည်။

ရထားပြေးဆွဲခြင်း အထိမ်းအမှတ် အဖြစ် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင် နှင့်အဖွဲ့က RBE နှင့် RBT ရထားတွဲဆိုင်း သစ်များကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာများ ပက်ဖျန်း ပေးကြသည်။ ထို့နောက် မြို့ပတ်ရထား လမ်းပိုင်းတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ကြသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း တွင် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ပထမတွဲဆိုင်း၊ ၂ဝ၁၄ ခုနှစ် သြဂုတ် ၁၆ ရက်တွင် ဒုတိယ တွဲဆိုင်းနှင့် သြဂုတ် ၂၄ ရက်တွင် တတိယ တွဲဆိုင်း၊၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် စတုတ္ထ တွဲဆိုင်းနှင့် ၂ဝ၁၅ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပဉ္စမတွဲဆိုင်း အဖြစ် ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့တွင် ဆဋ္ဌမ တွဲဆိုင်းနှင့် သတ္တမတွဲဆိုင်း တို့ဖြင့် အစားထိုး ပြေးဆွဲပေးခြင်း ဖြစ်သည်။ ရထားစီး ခရီးသည် ထိုင်စီး ၃၉၂ ဦး၊ ရပ်စီး ၂၁ဝ ဦး စုစုပေါင်း ၆ဝ၂ ဦး လိုက်ပါ စီးနင်းနိုင်သည်။

ယခု RBE တွဲဆိုင်းများတွင် ယခင်''ဆ'' ''ဂ'' တွဲဆိုင်း ခရီးစဉ်အတိုင်း ပြေးဆွဲသွားမည် ဖြစ်သည်။ RBE တွဲ လက်မှတ်ခမှာ ကျပ် ၃ဝဝ ဖြစ်သည်။ RBT ရထား တွဲဆိုင်းကို ''မ''တွဲဆိုင်း နေရာတွင် အစားထိုး ပြေးဆွဲသွားမည် ဖြစ်ပြီး လက်မှတ်ခမှာ မူလအတိုင်း ၅ဝ၊ ၁ဝဝ ကျပ်နှင့် ၂ဝဝ ကျပ်ဖြစ်ပြီး ယခင် ခရီးစဉ်အတိုင်း ပြေးဆွဲ ပေးမည် ဖြစ်သည်။ RBE တစ်စီးချင်း၏ တန်ဖိုးမှာ ဂျပန်ယန်းငွေ ၁ဝ၂ဝဝဝဝဝ ဖြစ်သည်။

ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုကို အတိုင်းအတာ တစ်ခုအထိ ကူညီဖြေရှင်း နိုင်မည့် မြန်မာ့ မီးရထား မြို့ပတ်ရထား ပြေးဆွဲမှု အစီအစဉ်တွင် မြို့ပတ် ဆင်ခြေဖုံး၊ ကမ်းနားလမ်း ရထားတွဲဆိုင်း များတွင် စုစုပေါင်း တွဲဆိုင်း ၂၄ ဆိုင်း၊ ခေါက်ရေ ၂၂၅ ခေါက် ပြေးဆွဲလျက် ရှိပြီး နေ့စဉ်ခ ရီးသည် ခုနစ်သောင်းခန့် ရှိကာ တစ်နိုင်ငံလုံး၏ နေ့စဉ် ရထားစီး ခရီးသည် ပမာဏ တစ်ဝက်ခန့် ရှိသည်။ ဂျပန်နိုင်ငံမှ ဝယ်ယူထားသည့် အဲကွန်း RBE စက်ခေါင်း ၃၂ တွဲမှာ ၂ဝ၁၅ ခုနှစ် မေ ၁၂ ရက်က စတင်ရောက်ရှိ ခဲ့သည့် တွဲဆိုင်းများ ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

#Themyawadydaily

မင်္ဂလာဒုံလေဆိပ် နှင့် ဟံသာဝတီလေဆိပ် တို့သို့ မြို့တွင်းမှ တိုက်ရိုက်သွားရောက် နိုင်မည့် မိုးပျံရထားလမ်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင် တည်ဆောက်သွားမည်



ရန်ကုန် ၊ ၁၇-၈-၂၀၁၅

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေလျှော့နိုင် စေရန် မင်္ဂလာဒုံ လေဆိပ် နှင့် ဟံသာဝတီ လေဆိပ်တို့သို့ မြို့တွင်းမှ တိုက်ရိုက် သွားရောက် နိုင်မည့် မိုးပျံရထား လမ်းအား ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စတင် တည်ဆောက် သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား (မြို့ပြဌာန)မှ သိရသည်။

အဆိုပါ မိုးပျံရထားလမ်း တည်ဆောက်ရာတွင် ပထမဦးစွာ မိုးပျံတံတား တည်ဆောက် သွားမည်ဖြစ်ပြီး အမြင့်ပေ၂ဝ ခန့်တွင် ရှိသော ယင်းတံတား၏ အလယ်တွင် သံလမ်းခင်း၍ ဆောင်ရွက်မည် ဖြစ်သည်။ အဆိုပါ မိုးပျံရထား ခရီးစဉ်တွင် ရပ်နားမည့် ဘူတာများ ကိုလည်း ထည့်သွင်း တည်ဆောက် သွားမည်ဖြစ်သည်။ အဆိုပါ မိုးပျံရထားလမ်း စီမံကိန်း ဒီဇိုင်းပုံစံကို နိုင်ငံတကာ ပုံစံအတိုင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်က ခရီးသွား ပြည်သူတွေ သွားလာရေး လွယ်ကူလျင်မြန် စေဖို့ လျှပ်စစ် ရထားကို ကမ်းနားလမ်းမှာ စပြီး ဆောင်ရွက် နေပါတယ်။ နောက်ပြီး JICA ကလည်း မြေအောက် ရထားလမ်းတွေ လုပ်ဖို့ အဆိုပြု ထားတယ်လို့ သိရပါတယ်။ အခုလည်း ယာဉ်ကြော ပိတ်ဆို့မှု တွေကြောင့် ခရီးသွား ပြည်သူတွေ သွားလာရေး အဆင်မပြေ ဖြစ်နေတဲ့ အတွက် မြို့ပြ ရထားလမ်း စီမံကိန်းကို အကောင်အထည် ဖော်ဖို့ စီစဉ်တာပါ'' ဟု မြန်မာ့ မီးရထားမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းမှ အပြည်ပြည် ဆိုင်ရာ လေဆိပ်များသို့ တိုက်ရိုက် သွားရောက် နိုင်မည့် မိုးပျံ ရထားလမ်းအား နှစ်ရှည် စီမံကိန်း အဖြစ် ဆောက်လုပ် သွားမည်ဖြစ်ပြီး အဆိုပါ ရထားလမ်း ပြီးစီးပါက အဆင့်မြင့် ရထား တွဲဆိုင်းများဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) သည် ရန်ကုန်မြို့၏ မြို့ပတ်ရထား စနစ်ကို အဆင့်မြှင့်တင် နိုင်ရန် အမေရိကန် ဒေါ်လာ သန်း ၂၅ဝ ရင်းနှီးမြှုပ်နှံ မည်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် လုပ်ငန်း စတင်မည် ဖြစ်ကာ စီမံကိန်း တစ်ခုလုံးကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီး ဆောင်ရွက်ရန် ရည်မှန်း ထားသည်။ အဲယားကွန်း ပါရှိသည့် ရထားများကို ပျမ်းမျှမြန်နှုန်း တစ်နာရီ လျှင် ၃ဝ ကီလိုမီတာ (၁၉ မိုင်)ဖြင့် ၁ဝ မိနစ် တစ်ကြိမ် ပြေးဆွဲနိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားဆောင်ပုဒ် ဖြစ်သည့် 1 Billion Tourists, 1 Billion Opportunities ကို မြန်မာဆောင်ပုဒ် အဖြစ် အကောင်းဆုံး ဘာသာပြန်ပေး နိုင်သူအား ဆုချီးမြှင့်မည်



ရန်ကုန် ၊ ၁၇-၈-၂၀၁၅

၂ဝ၁၅ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ ချမှတ်ထားသော ဆောင်ပုဒ် ဖြစ်သည့် 1 Billion Tourists, 1 Billion Opportunities ကို ဆီလျော်သော မြန်မာဆောင်ပုဒ် အဖြစ် အကောင်းဆုံး ဘာသာပြန် ပေးနိုင်သူအား အမှတ်တရဆု ချီးမြှင့်ပေးမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ကြေညာခဲ့သည်။

ကမ္ဘာ့ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (UNWTO) သည် စက်တင်ဘာ ၂၇ ရက်အား ကမ္ဘာ့ ခရီးသွား လုပ်ငန်းနေ့ အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင် နိုင်ငံ အသီးသီး၌ ခရီးသွား လုပ်ငန်းဆိုင်ရာ ဂုဏ်ပြု အခမ်းအနား များကို နှစ်စဉ် ကျင်းပလျက် ရှိကာ မြန်မာနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ ခရီးသွား လုပ်ငန်းနေ့ ၂ဝ၁၅ အခမ်းအနားတွင် ဖော်ပြပါ ဆောင်ပုဒ်ကို မြန်မာဘာသာ ဖြင့် ဖော်ပြ အသုံးပြုရန် ယခုကဲ့သို့ ပြုလုပ်ခြင်း ရဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် လိုသူများ အနေဖြင့် ဘာသာပြန်ဆို ထားမှုများအား ညွှန်ကြားရေးမှူးချုပ် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ရုံးအမှတ် (၃၃) နေပြည်တော်သို့ ဖြစ်စေ၊ e-Mail လိပ်စာ myanmartourism.org@gmail.com နှင့် dg.dhtd.moht@gmail.com တို့သို့ဖြစ်စေ အမည်၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရန် လိပ်စာတို့ကို ဖြည့်စွက်၍ သြဂုတ် ၂၇ ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

The Sun Rays Journal ( Vol-1, No-60 )



The Sun Rays Journal ( Vol-1, No-60 )

Download Link = Mediafire

မြ၀တီနေ့စဉ်သတင်းစာ (၁၇-၈-၂၀၁၅) တနင်္လာနေ့



မြ၀တီနေ့စဉ်သတင်းစာ (၁၇-၈-၂၀၁၅) တနင်္လာနေ့

https://www.scribd.com/doc/274779836/17-8-2015-MWD

ရတနာပုံနေ့စဉ်သတင်းစာ (၁၇-၈-၂၀၁၅) တနင်္လာနေ့



ရတနာပုံနေ့စဉ်သတင်းစာ (၁၇-၈-၂၀၁၅) တနင်္လာနေ့

https://www.scribd.com/doc/274779980/17-8-2015-YDP

Related Posts Plugin for WordPress, Blogger...