Social Icons

Pages

Monday, August 17, 2015

သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ


သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ

ဒေါက်တာလွင်သန့် (ဆေး-၂)



သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါသည် အမျိုးသမီး များတွင် ဖြစ်ပွားမှု များလေ့ရှိပြီး ရောဂါဖြစ်ပွား ပါက မည်သို့ နေထိုင်စားသောက် သင့်သည်များကို တင်ပြလိုက် ရပါသည်။

သံဓာတ်နည်းပါးလို့ သွေးနီဥ အတွင်း ဟေမိုဂလိုဘင် ထုတ်လုပ်မှု လျော့နည်းခြင်း ဖြစ်သည့် သွေးအားနည်းခြင်း ရောဂါ၏ ၇ဝ ရာခိုင်နှုန်းသည် သံဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ရသည်။ အမျိုးသမီးများ အဖြစ်များ သည်မှာ လစဉ်ဓမ္မတာ မှန်မှန် မလာခြင်း၊ အပျိုဖော်ဝင်စ အရွယ်မှာ စားသုံးသည့် အာဟာရမှာ သံဓာတ် ပါဝင်မှု နည်းခြင်း၊ အာဟာရ ညီညွတ်မျှတမှု မရှိခြင်း၊ အစာလမ်းကြောင်း တစ်လျှောက် ရောဂါ များကြောင့် ဖြစ်သည်။ နေ့စဉ် စားသောက်သည့် အစာအာဟာရ ထဲတွင် သံဓာတ် ပြည့်ဝဖို့ လိုသည်။ တစ်နေ့တာ သံဓာတ် လိုအပ်မှု ပမာဏမှာ လူတစ်ဦးတွင် ၃ ဒသမ ၅ ဂရမ် လိုအပ်ပါသည်။ ယင်းမှ ၆ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းကို ဟေမိုဂလိုဘင် ထုတ်လုပ်မှုမှာ သုံးစွဲပြီး ကျန်သည့် ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းကို အသည်းနဲ့ သရက်ရွက် အပြင် တခြား ကိုယ်တွင်းအင်္ဂါ များမှာ သိုလှောင်ထားသည်။

ခန္ဓာကိုယ် အတွက် နေ့စဉ်သံဓာတ် ၁၈ ဂရမ်သုံးစွဲ နေရသည့်အတွက် အစာ အာဟာရ သုံးစွဲခြင်းဖြင့် သံဓာတ်ကို ပြန်လည်ဖြည့်တင်း ပေးသင့်သည်။ ပြန်လည်ဖြည့်တင်း မပေးနိုင်ပါက သံဓာတ် ချို့တဲ့သည့် သွေးအားနည်း ရောဂါ ဖြစ်လာနိုင်သည်။ အမျိုးသမီးများတွင် သံဓာတ် ချို့တဲ့ပြီး သွေးအားနည်းခြင်း အဖြစ်များကြောင်း တွေ့ရှိရသည်။

အမျိုးသမီးများ အပျိုဖော်ဝင်စ အချိန်တွင် သံဓာတ် လိုအပ်မှု များပြားသောကြောင့် အာဟာရထဲတွင် သံဓာတ် နည်းပါးလျှင် သွေးအားနည်းခြင်း ဖြစ်ရန် သေချာသည်။ အမျိုးသမီးများ သံဓာတ်ချို့တဲ့ စေသည့် အကြောင်းအရင်း သုံးချက်ရှိသည်။ သံဓာတ်ဆုံးရှုံးခြင်း၊ သံဓာတ် လိုအပ်မှုများခြင်း နှင့် အာဟာရထဲတွင် သံဓာတ် ပါဝင်မှု နည်းခြင်းတို့ ဖြစ်သည်။

သံဓာတ်ဆုံးရှုံးခြင်း

ထိခိုက် ဒဏ်ရာကြောင့် သွေးဆုံးရှုံးခြင်း၊ သွေးယိုစိမ့်မှု အချိန် ကြာမြင့်ခြင်း၊ ဥပမာ အစာအိမ် အနာ၊ အူသိမ်၊ အူမကြီးအနာ၊ ဓမ္မတာ လာချိန် ရက်ကြာမြင့်ခြင်း နှင့် သွေး အလွန်အမင်း ဆုံးရှုံးခြင်း ဖြစ်သည်။

သံဓာတ် လိုအပ်မှု များခြင်း 

ဆယ်ကျော်သက် ဖွံ့ဖြိုးစချိန်၊ ကိုယ်ဝန် ဆောင်ချိန်၊ နို့တိုက်စဉ် ကာလများတွင် အမျိုးသမီးများ အဖို့ တစ်ရက်လျှင် သံဓာတ် ၃ ဂရမ် လိုအပ်သည်။

အာဟာရထဲမှာ သံဓာတ်ပါဝင်မှုနည်းခြင်း

အစားအစာထဲမှာ အာဟာရ ပါဝင်မှု မမျှတခြင်း၊ အလွန်အကျွံ အစားလျှော့ခြင်း တို့ကြောင့် သံဓာတ် လုံလောက်စွာ မရနိုင်ပါ။ တစ်ခါတစ်ရံ အစာထဲ၌ သံဓာတ် ပါဝင်မှု လုံလောက် သော်လည်း အစာ လမ်းကြောင်းတွင် အကြောင်း တစ်ခုခုကြောင့် သံဓာတ် မစုပ်ယူနိုင်လျှင် ရရှိမှု နည်းပါးစေသည်။

ရောဂါလက္ခဏာများ

မောပန်း နွမ်းနယ်ခြင်း၊ နှလုံးခုန် ရင်တုန်ခြင်း၊ အသက်ရှူ မဝခြင်း၊ အသားအရည် ဖြူဖတ်ဖြူရော် ဖြစ်ခြင်း၊ ခေါင်းကိုက် တတ်ခြင်း၊ မူးဝေတတ်ခြင်း၊ လက်သည်းများ ချိုင့်ဝင်ခြင်း၊ အစားအသောက် ပျက်လာခြင်း၊ အစာမျိုရ ခက်ခြင်း၊ နှုတ်ခမ်း ထောင့်စွန်းများ ကွဲခြင်း၊ အာရုံစူးစိုက်မှု နည်းခြင်း၊ အလွန်အမင်း ပင်ပန်းခြင်း၊ ပခုံး ကြွက်သားများ တောင့်တင်းလာခြင်း၊ ဓမ္မတာ မမှန်ခြင်း၊ နည်းခြင်းတို့ ဖြစ်စေသည်။

စားဆေးများ

ဖယ်ရိုဗစ်၊ ဖျူရာမင်ဘီစီ၊ ဖဲရပ်ဆာလဖိတ် စားဆေးအနက်မှ တစ်မျိုးမျိုးအား တစ်လုံးနှုန်းဖြင့် တစ်နေ့နှစ်ကြိမ် သောက်သုံး နိုင်သည်။

ဓာတ်စာ

အစိမ်းရောင် ဟင်းသီး ဟင်းရွက်များ၊ အနီရောင်ရှိသော အသား၊ အသည်းအမြစ်၊ ဘဲသား၊ ယုန်သား၊ ငှက်၊ သမင်သား တို့ကို စားသုံးနိုင်သည်။ အသားကိုသာ စားသုံးပြီး အဆီကို ဖယ်ရှားသင့်သည်။ အသားတွင် ပါဝင်သော အဆီမှာ ပြည့်ဝဆီ ဖြစ်နေခြင်း ကြောင့် ရှောင်ရခြင်း ဖြစ်သည်။ ပဲအမျိုးမျိုး၊ သစ်သီး လတ်လတ် ဆတ်ဆတ်များ စားသုံးသင့်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...