Social Icons

Pages

Wednesday, October 15, 2014

ဟန်လင်းမြို့ဟောင်းရှိ သဘာဝရေပူစမ်းတွင်း များတွင် ကြက်ဥပြုတ်ရန် လာရောက် လေ့လာသူ တစ်နေ့တခြား များပြားလာ


ကြက်ဥပြုတ် စမ်းတွင်းကို လာရောက် စမ်းသပ် လေ့လာသူများအားတွေ့ရစဉ်

ဝက်လက် ၊ ၁၅-၁၀-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ဟန် လင်းကြီးမြို့ဟောင်း ရှိ သဘာဝ ရေပူစမ်းတွင်း များသည် ကြက်ဥပြုတ်၍ ရသည် ဟု သတင်းများ ဖြစ်ပေါ်လာပြီး နောက် နေ့စဉ် လာရောက် စမ်းသပ် လေ့လာသူ တစ်နေ့တခြား များပြားလျက် ရှိကြောင်း ဟန်လင်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။

''ရေပူစမ်းတွင်းက သုံးမျိုးဖြစ်တယ်။ ပုံမှန် ရေအတိုင်းပဲ ထွက်ရှိတဲ့ တွင်းရှိတယ်။ ရေကို နွေးရုံမျှ ထွက်ရှိတဲ့တွင်း ရှိတယ်။ နောက်ပြီး ကြက်ဥပြုတ်လို့ ရအောင် ရေနွေးလို ရေပူ တွေထွက်တဲ့ ရေတွင်း ရှိတယ်။ အဲဒီ ရေပူစမ်းတွင်း တွေက တစ်တွင်းနဲ့ တစ်တွင်းက သုံးလေးပေ လောက်ပဲ ခြားပြီး တူးဖော် ထားတာပါ ... '' ဟု ဟန်လင်းကြီး မြို့ဟောင်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

အဆိုပါ ရေပူစမ်းတွင်း များနှင့် ပတ်သက်၍ ၁၉၁ဝ ပြည့်နှစ်က နိုင်ငံခြားသား သုတေသန ပညာရှင် မေဂျာ ဗွီ-ပီ-အို ဂေါမင်လေးယာ ( Major V.P.O gorman Layor ) ဆိုသူက ကနဦးစတင် လာရောက်ပြီး သုတေသန ဆိုင်ရာ လုပ်ငန်းများ စတင် လုပ်ကိုင် ခဲ့သည်။

ထိုသူ၏ အစီရင်ခံစာတွင် ဟန်လင်းကြီး မြို့ဟောင်း ဒေသရှိ သဘာဝ ရေပူစမ်းတွင်း များမှ ထွက်ရှိသော ရေပူများသည် အယ်ကာလိုင်း ဆာလဖိတ် ဒြပ်များ ပါဝင် နေခြင်းကြောင့် နာတာရှည် ရောဂါများ၊ ဆီးရောဂါများ၊ ခါးနာ၊ ပေါင်နာ၊ အဆစ်အမျက်၊ အကြောအခြင် ရောင်ရမ်း ကိုက်ခဲခြင်း များကို အဆိုပါ ရေပူစမ်းရေကို ချိုးပါက သက်သာ ပျောက်ကင်း စေနိုင်သည်ဟု ၄င်း၏ မှတ်တမ်းများက ဆိုသည်။

ထို့ကြောင့် အဆိုပါ ရေပူစမ်းများ တည်ရှိရာ ဟန်လင်းကြီး မြို့ ဟောင်းအရပ် သို့ ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက် တို့တွင် ရေပူစမ်း ရေများကို လာရောက် ချိုးသူများနှင့် ကြက်ဥပြုတ် စမ်းတွင်းကို လာရောက် စမ်းသပ် လေ့လာသူများ ယခုနှစ်တွင် ပိုမိုများပြား လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဟန်လင်း မြို့ဟောင်း ရေပူစမ်းတွင်း များမှ ကြက်ဥပြုတ် တွင်းသည် အနက် သုံးပေ၊ အချင်း တစ်ပေခွဲ ရှိသည်။ ထိုတွင်းမှ ထွက်ရှိသော ရေများသည် ရေအောက် ကြမ်းပြင်မှ ရေနွေးအိုး ရေများ ဆူပွက် နေသည့်ပမာ သဘာဝ အလျောက် ဆူပွက်ထွက် နေသည်။ ထိုမျှမက ရေပူစမ်း အနီးရှိ ရေပူစမ်း ရေချိုးကန် ကြီးများမှ ထွက်ရှိသည့် ရေများသည်လည်း နွေး၊ အေး၊ ပူဟူ၍ သုံးမျိုးသုံးစား ကွဲပြား ခြားနား၍ ရေများ ထွက်ရှိနေသည် ဟု သိရသည်။ (၁၅၄)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...