Social Icons

Pages

Wednesday, October 15, 2014

ဘက်ထရီရှော့ခ် တိုက်၍ ငါးဖမ်းမှုများကြောင့် ငါးပုစွန်များ ရှားပါးလာမှု အချိန်မီ တားဆီးအရေးယူရန်လို


ကလေး ၊ ၁၅-၁၀-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးဒေသရှိ သဘာဝ မြစ်ချောင်း အင်းအိုင် တို့တွင် ဘက်ထရီ ရှော့ခ်တိုက် (ကျဉ်စက်) ဖြင့် ငါးဖမ်းဆီးမှု များပြားလျက် ရှိရာ၊ သက်ဆိုင်ရာ တို့မှ ကြပ်မတ် အရေးယူမှု နည်းပါးသည့် အတွက် ယခုအခါ ကလေးမြို့ သဘာဝ ချောင်းမြောင်း၊ အင်းအိုင် တို့တွင် သဘာဝ သားငါး၊ ပုစွန် တို့ ပျောက်ကွယ် လာနေပြီ ဖြစ်ရာ အချိန်မီ တားဆီး အရေးယူရန် လိုအပ် နေကြောင်း ကလေးမြို့ သဘာဝ တောတောင် စောင့်ကြည့်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''ကလေးဒေသ မှာ ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းနေတာ ကတော့ နေရာတိုင်းမှာ တွေ့မြင် နေရတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ကလဲ တားဆီး အရေးယူမှု အားနည်းတဲ့ အတွက် အခုအခါမှာ သဘာဝ ချောင်းမြောင်း အင်းအိုင် အတော် များများမှာ သဘာဝရေပျော် သားငါးပုစွန် ပျောက်ကွယ် သလောက် ဖြစ်နေပါပြီ။ သက်ဆိုင်ရာ အဖွဲ့အစည်း တွေ၊ အရပ်ဘက် ပရဟိတ အဖွဲ့တွေ ဝိုင်းဝန်းတားဆီး အရေးယူ မှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ တချို့ ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းတဲ့ သူတွေဆိုရင် ညပိုင်းမှာ အုပ်စုလိုက် ထွက်ပြီး သဘာဝ တောတောင်တွေ ထဲမှာ ဘက်ထရီ ရှော့ခ်တိုက် ငါးပုစွန် ဖမ်းဆီးတာမျိုး တွေရှိတယ် ... ''ဟု ကလေးမြို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောပြသည်။

ကလေးဒေသ တွင် သက်ဆိုင်ရာ မှ ထုတ်ပြန် ထားသည့် ပေါက်ကွဲ စေတတ်သော ပစ္စည်း၊ အဆိပ် အတောက် ဓာတုပစ္စည်း၊ ဘက်ထရီ ရှော့ခ် (ကျဉ်စက်) နှင့် ငါးဖမ်းဆီးခြင်း ကို မပြုလုပ်ရန် သက်ဆိုင်ရာ မှ အမိန့် ထုတ်ပြန် ထားသော်လည်း ထိရောက်စွာ အရေးယူမှု မရှိသည့် အတွက် ကလေးဒေသ မြစ်ချောင်း အင်းအိုင် များတွင် အဆိပ်ချ ငါးဖမ်းဆီးခြင်း၊ ပေါက်ကွဲ စေတတ်သော ပစ္စည်းဖြင့် ငါးဖမ်းခြင်း၊ ဘက်ထရီ ရှော့ခ် ဖြင့် ငါးဖမ်းခြင်း တို့ကို ပြုလုပ်မှု များပြားလျက် ရှိသည်။ ယခုအခါ ကလေးဒေသ မြစ်ချောင်း အင်းအိုင် အများစုတွင် သဘာဝ ရေပျော် သတ္တဝါများ ပျောက်ကွယ် လာနေပြီ ဖြစ်ရာ သက်ဆိုင်ရာမှ အချိန်မီ တားဆီး အရေးယူရန် လိုအပ် နေကြောင်း ကလေးမြို့ ဒေသခံ တစ်ဦး က ပြောပြသည်။

''ကလေးဒေသမှာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ဝန်းကျင် လောက်က ချောင်းမြောင်း အင်းအိုင် နေရာတိုင်း မှာ သဘာဝ သားငါးတွေ အလွန်ပေါ ပါတယ်၊ အခုကာလမှာ ဆေးချ ငါးဖမ်းတာ၊ ငါးမိုင်းခွဲတာ၊ အထူးသဖြင့် ဘက်ထရီ ရှော့ခ်တိုက် (ကျဉ်စက်) နှင့် ငါးဖမ်းဆီးမှု များတဲ့ အတွက် အခုဆိုရင် မြစ်ချောင်း တွေမှာ သဘာဝ သားငါးတွေ ပျောက်ကွယ် နေပြီ ဖြစ်ပါတယ် .. '' ဟု ၄င်းက ဆက်လက် ပြောပြကြောင်း သိရသည်။

မောင်ဖလမ်း

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...