Social Icons

Pages

Showing posts with label ပြပွဲများ. Show all posts
Showing posts with label ပြပွဲများ. Show all posts

Friday, April 7, 2017

ဟိုချီမင်းမြို့တော် ကုန်သွယ်မှု ၊ ၀န်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၇ ကျင်းပ


စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး ဗီယက်နမ်နိုင်ငံရှိ ကုမ္ပဏီများမှ ထုတ်လုပ်သည့် 
ပစ္စည်းများကို လှည့်လည်ကြည့်ရှုစဉ်

နေပြည်တော် ၊ ၇-၄-၂၀၁၇

မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံရုံး စီးပွားရေးဌာနနှင့် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်း မြို့တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဌာန (JTPC) တို့ပူးပေါင်း ကျင်းပသည့် ဟိုချီမင်းမြို့တော် ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ကုန်စည်ပြပွဲ အား ယမန်နေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါပြပွဲသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Luan Thuy Duong ၊ စစ်သံမှူး Col. Nguyen Due Giang နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Luan Thuy Duong နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး တို့က ပြပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးဇော်အေးမောင် နှင့် တာဝန်ရှိသူ များက ပြပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းပြပွဲသို့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး သွားရောက်၍ တက်ရောက် လာကြသူများ နှင့်အတူ ခင်းကျင်းပြသ ထားသည့် ဗီယက်နမ်နိုင်ငံရှိ ကုမ္ပဏီများမှ ထုတ်လုပ်သည့် လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ဆေးဝါးများနှင့် ဗီယက်နမ်ရိုးရာ တူရိယာ Ban bau တီးခတ်မှုအား လှည့်လည်ကြည့်ရှု ကြသည်။ အဆိုပါပြပွဲအား ဧပြီ ၉ ရက်အထိ ခင်းကျင်းပြသ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

#Themyawadydaily


Thursday, April 6, 2017

InterPlas Thailand 2017 ပြပွဲသို့ မြန်မာပလတ်စတစ် လုပ်ငန်းရှင်များအသင်း သွားရောက်လေ့လာမည်



ရန်ကုန် ၊ ၆-၄-၂၀၁၇

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ BITEC ၌ဇွန် ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် InterPlas Thailand 2017 ပြပွဲသို့ မြန်မာပလတ်စတစ် လုပ်ငန်းရှင်များ အသင်း သွားရောက် လေ့လာမည် ဖြစ်ကြောင်း သိရသည်။

InterPlas Thailand 2017 ပြပွဲသည် အာဆီယံဒေသရှိ ပလတ်စတစ်လုပ်ငန်း ဆိုင်ရာပြပွဲဖြစ်၍ အာဆီယံနှင့် အာရှဒေသမှ ပလတ်စတစ် လုပ်ငန်းရှင်များစွာ တက်ရောက် ပြသကြကြောင်း သိရသည်။

ယင်းပြပွဲ၌ ပလတ်စတစ်နှင့် ရေနံဓာတုဆိုင်ရာ ကုန်ထုတ်လုပ်ရေး စက်ပစ္စည်းများ၊ နည်းပညာနှင့် ဖြေရှင်းနည်းများ၊ မိုနှင့်ဖိနှိပ် ဒီဇိုင်းဖော်စက် ထုတ်လုပ်ခြင်း အတွက် စက်မှု ဖြေရှင်းနည်းပညာ ယာဉ်ယန္တရား အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း အတွက် စက်မှုနှင့် နည်းပညာဆိုင်ရာ ပြပွဲ၊ စက်မှုလုပ်ငန်း ဆိုင်ရာ အလိုအလျောက် စက်ပစ္စည်းနှင့် တပ်ဆင်ခြင်း ဆိုင်ရာ နည်းပညာများ၊ မျက်နှာ ပြင်ပြုပြင်ခြင်း၊ ဆေးခြယ်ခြင်းနှင့် အပေါ်ယံလွှာ ဆိုင်ရာ ဖြေရှင်းနည်းများ၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး အတွက် တပ်ဆင်ခြင်း၊ တိုင်းတာခြင်းနှင့် စမ်းသပ်ခြင်း နည်းပညာများ အပြင် ဆွေးနွေးပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

InterPlas Thailand 2017 ပြပွဲသို့ ဧည့်သည် ၁ဝ ဦးနှင့်အထက် လာရောက်ပါက Overseas Delegation Package နှင့်ကိုက်ညီမည် ဖြစ်၍ မြန်မာနိုင်ငံမှ ဧည့်သည်များ အတွက် တစ်ဦးလျှင် နှစ်ညတာ အခမဲ့တည်းခိုခွင့် ရရှိမည် ဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အနည်းဆုံး လူဦးရေ ၃ဝ တက်ရောက်ပါက Connect Business Campaing တွင်အကျုံးဝင်၍ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁ဝဝ ရရှိမည်ဖြစ်ပြီး အဖွဲ့အနေဖြင့် ပုဂ္ဂလိက အစည်းအဝေး များအတွက် Business Delegation Lounge ကို အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Friday, February 17, 2017

မြန်မာအင်တာနေရှင်နယ် ပရိဘောဂပြပွဲ ၂၀၁၇ ကျင်းပ



ရန်ကုန် ၊ ၁၇-၂-၂၀၁၇

မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံ ပရိဘောဂ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း ကျင်းပသည့် မြန်မာ အင်တာနေရှင်နယ် ပရိဘောဂပြပွဲ ၂ဝ၁၇ ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ကျင်းပသည်။

ပြပွဲတွင် မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်း လှည့်လည် ကြည့်ရှုသည်။

''ကြိမ်၊ သစ်နဲ့ဝါး တွေကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ ပရိဘောဂ ပစ္စည်းတွေက ဒီဇိုင်းလည်းစုံတယ်။ အရည်အသွေး တွေလည်း ကောင်းပါတယ်။ ဝယ်ယူလိုသူတွေ အတွက် Discount ချပေးပြီး အိမ်အရောက်လည်း လိုက်ပို့ပေး ပါတယ်'' ဟု ပြပွဲသို့ လာရောက်ရင်း ဝယ်ယူခဲ့သော မင်္ဂလာတောင်ညွန့် မြို့နယ်နေ ဦးသိန်းဦး က ပြောသည်။

ယင်းပြပွဲတွင် ကြိမ်၊ သစ်နှင့်ဝါး တို့ကို အခြေခံထားသည့် ဒီဇိုင်းစုံ အရည်အသွေး ကောင်းမွန်သည့် ပရိဘောဂ ပစ္စည်းများ၊ ဧည့်ခန်းသုံး ပစ္စည်းများ၊ အိပ်ခန်းသုံး ပစ္စည်းများ၊ ဘုရားခန်းသုံး ပစ္စည်းများနှင့် တခြား အထွေထွေ ပစ္စည်းတို့ကို ကုမ္ပဏီ ၅၃ ခုတို့က ပြခန်းပေါင်း ၁၈၈ ခန်း ဖွင့်လှစ်ကာ ဖေဖော်ဝါရီ ၁၉ ရက်အထိ အထူးဈေးနှုန်း များဖြင့် ဖွင့်လှစ်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Monday, January 16, 2017

အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန ငြိမ်းချမ်းရေးရန်ပုံငွေအတွက် စုပေါင်းပန်းချီပြပွဲ ကျင်းပမည်



မန္တလေး ၊ ၁၆-၁-၂၀၁၇

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ငြိမ်းချမ်းရေး ရန်ပုံငွေအတွက် မန္တလေးမြို့ရှိ သီရိ ပန်းချီပြခန်းနှင့် ပန်းချီဆရာများ စုပေါင်း၍ ပန်းချီပြပွဲ ကျင်းပမည် ဖြစ်ကြောင်း သီရိ ပန်းချီပြခန်း ပိုင်ရှင် ဦးပုညဆွေ က ပြောပြ၍ သိရသည်။

အဆိုပါ ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၂ ရက်ထိ မန္တလေးမြို့ မင်္ဂလာမန္တလေး ရှိ သီရိ ပန်းချီပြခန်း ၌ ပြုလုပ်မည် ဖြစ်ပြီး ပန်းချီပြပွဲ ရောင်းချရငွေ များမှ ၅ဝ ရာခိုင်နှုန်းကို အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ငြိမ်းချမ်းရေးရန်ပုံငွေ အတွက် လှူဒါန်းမည် ဖြစ်ကာ ကျန် ၅ဝ ရာခိုင်နှုန်းကို ပန်းချီဆရာအား ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

ပန်းချီပြပွဲတွင် အထူး အစီအစဉ် အနေဖြင့် ပန်းချီဆရာ များက ပန်းချီကားများကို သီရိပန်းချီပြခန်း ရှေ့၌ လက်တွေ့ ရေးဆွဲပေးပြီး အလှူငွေ ကောက်ခံကြမည် ဖြစ်ကြောင်း သိရသည်။

၎င်းစုပေါင်း ပန်းချီပြပွဲသို့ ပါဝင်ပြသ လှူဒါန်းလိုသော ပန်းချီဆရာများ အနေဖြင့် ပန်းချီဆရာ တစ်ဦးလျှင် ပန်းချီကား သုံးကားထိ ပေးပို့ပြသ နိုင်ကြောင်း ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Tuesday, January 10, 2017

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဒုတိယအကြိမ် ရှေးဟောင်းဂန္ထ၀င်ကားပြပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၀-၁-၂၀၁၇

မြန်မာနိုင်ငံမှ စုစည်းထားသည့် ရှေးဟောင်း ဂနဝ္ထ င် ကားပြပွဲကို ဒုတိယအကြိမ် အဖြစ် ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ၌ ပြသ သွားမည် ဖြစ်ကြောင်း ပြပွဲကို ဦးဆောင် ကျင်းပမည့် မြန်မာနိုင်ငံ ရှေးဟောင်းကား ချစ်သူများ ကလပ်မှ သိရသည်။

ယခုနှစ်ပြပွဲတွင် စုစုပေါင်း ကားအစီးရေ ၃ဝ ကျော် ပါဝင်ပြသမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကားချစ်သူများ စုစည်းထားသည့် ကားများထဲတွင် ရှားပါးစာရင်းဝင် ကားများအဖြစ် သတ်မှတ်ထားသည့် ဒေါ့ဂျစ်၊ ချက်ကာ မာရသွန်၊ ဗဲလန့်၊ ဗီလား၊ အန်ပလာ နှင့် ကယ်ဒီလက်စ် ဒီဗီလာ စသည့်ကားများ ပါဝင်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် မတ်လက မြန်မာနိုင်ငံ ရှေးဟောင်း ကားချစ်သူများ ကလပ်က ဦးဆောင်ပြီး ရန်ကုန်မြို့၌ ရှားပါးတန်ဖိုးကြီး ကားအစီးရေ ၂ဝ ကျော်ကို ပြသရာ စိတ်ဝင်စားသူ များပြားခဲ့သည်။ ယခု ကျင်းပမည့် ဒုတိယ
အကြိမ်မြောက် ကားပြပွဲတွင် ရှေးဟောင်း ကားများအပြင် ရှေးဟောင်း ပစ္စည်းများနှင့် ပတ်သက်၍ စုဆောင်းထားရှိ သူများလည်း လာရောက်ပြသ နိုင်ပြီး ဝါသနာရှင် အချင်းချင်း လဲလှယ်ရောင်းချ နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရှေးဟောင်း တန်ဖိုးကြီး ကားအများစုသည် ပြုပြင် ထိန်းသိမ်းလိုသူ နည်းပါးသဖြင့် အရည်ကျိုခြင်းနှင့် တရုတ်နိုင်ငံသို့ ပြန်လည် ရောင်းချခြင်းများ ပြုလုပ် နေရကာ ဆုံးရှုံးမှုများ ရှိခဲ့သည်။ ယနေ့အထိ ထိန်းသိမ်း ထားသည့် ကားများတွင် အမေရိကန် သံအမတ်ကြီး စီးခဲ့သည့် ချက်ကာမာရသွန်၊ အိန္ဒိယ သံအမတ်ကြီး စီးခဲ့သည့် အန်ပလာနှင့် ပြီးခဲ့သည့် နှစ်ပေါင်း ၈ဝ ကျော်က ကားလောက၌ နာမည်ကြီးသည့် ဒီဆိုတိုမောရင့် ဗဲလန့် ကားများကို မြန်မာနိုင်ငံမှ ကားဝါသနာရှင် များက စုဆောင်းထား ခဲ့ကြကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

ရန်ကုန်မြို့ မြေပဒေသာကျွန်း ရှိ ပန်းပွဲတော်တွင်မှိုများ ကြာရှည်အထားခံနိုင်ရန် နည်းပညာများ ပေးလျက်ရှိ



ရန်ကုန် ၊ ၁၀-၁-၂၀၁၇

မှိုများကြာရှည် အထားခံနိုင်ရန် နှင့် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ဈေးကောင်း ရနိုင်ရန် နည်းပညာများကို မှိုအစုအဖွဲ့မှ မှိုစိုက်ပျိုးသူ များထံသို့ ရန်ကုန်မြို့ မြေပဒေသာကျွန်း ရှိ ပန်းပွဲတော်တွင် နည်းပညာများ ပေးလျက်ရှိကြောင်း သိရသည်။

မှိုများမှာ အဖူးများသာ ဈေးကောင်းရရှိပြီး ပွင့်သွားပါက ဈေးနှုန်း မရှိသည့်အတွက် မှိုစိုက် တောင်သူများကို မှိုများကြာရှည် ခံရန် နည်းပညာ ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''မှိုကို ကြာရှည် အထားခံအောင် မှိုဆီစိမ်တို့၊ မှိုချဉ်တို့ ဆားရေစိမ် ပုံစံမျိုးလေးတွေ လုပ်ပြီးတော့ တန်ဖိုးမြှင့် ထုတ်ကုန်အနေနဲ့ ပစ္စည်းလည်း ထိန်းတယ်။ နောက် ဒီအပေါ်မှာလည်း လုပ်အားခကို ပြန်အမြတ်ရတဲ့ ပုံစံနဲ့ လုပ်ပြတာပါ''ဟု မှိုအစုအဖွဲ့မှ ဈေးကွက် တာဝန်ခံ ဦးဉာဏ်လင်းထွန်း ကပြောသည်။

ထို့ပြင် မှိုများမှာ စတင် စိုက်ပျိုးချိန်မှ ကိုးရက်တွင် စတင်ဆွတ်ခူး နိုင်ပြီး ၁၅ ရက်ကြာပါက မှိုတစ်ပေါင် ပြီးစီးကြောင်း၊ မှိုများခူးပြီးပါက ဈေးကွက်သို့ အချိန်မီပေး ရကြောင်း၊ မှိုဖူး တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ ရရှိချိန်တွင် မှိုပွင့် တစ်ပိဿာလျှင် ငွေကျပ်၂ဝဝဝ ခန့်သာ ရရှိတတ်ကြောင်း သိရသည်။

''မှိုက ဈေးဆွဲပြီး ရောင်းလို့မရဘူး။ အချိန် ကြာလာတာနဲ့ အမျှ ရောင်းသူ လက်ထဲမှာ ပွင့်ရောပဲ။ အဲဒီပြဿနာ တွေရှိတော့ စိုက်သူနဲ့ရောင်းသူ ချိန်ကိုက်ပြီးတော့ အလုပ်လုပ် နေရတာ။ ဒီအချိန်မှာ စိုက်သူက ရောင်းရင်
ညပိုင်းမှာထဲက ပစ္စည်းကို ကုန်အောင်ရောင်း ကြတယ်။ မနက်လင်းပိုင်း မှိုထပ်ဝင်ရင် ၆ နာရီ ၇ နာရီမှာ အမြန်ကုန်အောင် ရောင်းကြ ရတယ်။ နေထွက် လာတာနဲ့ အမျှ မှိုက ပွင့်တယ်လေ'' ဟု ဦးဉာဏ်လင်းထွန်း က ပြောသည်။

အဆိုပါ တန်ဖိုးမြင့်ထုတ်ကုန် ကုန်ချော ပြုလုပ်သည့် နည်းပညာများ ပေးခြင်းဖြင့် ယင်းကုန်ချော များကို ဟိုတယ် လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်းများမှ လာရောက် ဝယ်ယူသွားပါက လက်ရှိ မှိုစိုက်ပျိုးသူများ ကြုံတွေ့ နေရသည့် အခက်အခဲများမှ ကင်းဝေး သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

Thursday, December 22, 2016

ပြည်တွင်း၌ တန်ဖိုးနည်းခေါက်အိမ်များ ရောင်းချပေးမည်



ရန်ကုန် ၊ ၂၂-၁၂-၂၀၁၆

အိမ်ရာ ဆောက်လုပ်ရန် ဆောက်လုပ်ရေး ပစ္စည်းကုန်ကျစရိတ် ကြီးမြင့်မှု များကြောင့် အခက်အခဲ ရှိနေသူများနှင့် အိမ်ရာ ဆောက်လုပ်ရာတွင် အချိန်ပြည့် စောင့်ကြည့်ရန် အချိန်မပေး နိုင်သည့် အိမ်ပိုင်ရှင်များ အတွက် Treasure Triangle ကုမ္ပဏီ မှ တန်ဖိုးနည်း ခေါက်အိမ်များကို ပြည်ပမှ မှာယူတင်သွင်း ရောင်းချပေးမည် ဖြစ်ကြောင်း ယမန်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်၌ ကျင်းပသည့် အိမ်ဆောက်ပစ္စည်း အရောင်းပြခန်း ဖွင့်ပွဲ အခမ်းအနားမှ သိရသည်။

အဆိုပါ တန်ဖိုးနည်း ခေါက်အိမ်များကို တရုတ်နိုင်ငံမှ တင်သွင်းခြင်း ဖြစ်ပြီး အကျယ်အဝန်းမှာ အလျား ၁၉ ပေ၊ အနံ ၈ ပေ ၂ လက်မနှင့် အမြင့် ၈ ပေ ၆ လက်မရှိသည့် Stree Structure ဖြစ်ပြီး အမိုးအကာများ မှာ အပူဒဏ် သက်သာသည့် Fire Proof ဖြစ်သော IEPS Panel ကို သုံးထားပြီး လုံခြုံမှုအတွက် ငလျင်ဒဏ်ခံနိုင်မှု Grade-7 နှင့် လေတိုက်ခတ်နှုန်းခံနိုင်မှု Grade-11 အထိခံနိုင်စေရန် ပြုလုပ်ထားသည်။ အဆိုပါ ခေါက်အိမ်တစ်လုံး လျှင် ငွေကျပ် သိန်း ၅ဝ သတ်မှတ် ထားကြောင်း သိရသည်။

''ဒီတန်ဖိုးနည်း ခေါက်အိမ်က ၂ဝ၁၆ ခုနှစ်ထွက် မော်ဒယ်ဖြစ်တဲ့ အတွက် လောလောဆယ် ယူအေအီး၊ ကာတာ၊ ဖိလစ်ပိုင်နဲ့ အမေရိကန် စတဲ့နိုင်ငံတွေမှာ အသုံးပြု ကြတယ်။ ဒါကို တရုတ်နိုင်ငံက တင်သွင်းတာပါ။ မြန်မာနိုင်ငံ အတွက်က ကျွန်တော်တို့ စာချုပ် ချုပ်ပြီးတော့ ဖြန့်ဖြူးဖို့ ကိုယ်စားလှယ် ယူထားပါတယ်''ဟု Treasure Triangle ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်ထူးအောင် ကပြောသည်။

အဆိုပါ ခေါက်အိမ်များသည် ၁ဝ မိနစ်အတွင်း တည်ဆောက်နိုင်၊ ဖြုတ်သိမ်းနိုင်ပြီး ခြံဝန်းအကျယ်ရှိပြီး အပန်းဖြေ ဘန်ဂလို ပုံစံထားချင်သူများ အတည်တကျ နေရာ၌ မထားလိုဘဲ ရွှေ့ပြောင်းနိုင်သည့် အပြင် Site Office ၊ Coffee Shop ၊ Mini Mart နှင့် တရားထိုင်ရန် အဆောင်စသည့် အဆောက်အအုံများ အတွက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Monday, November 7, 2016

ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီးအမျိုးသား ရုက္ခဗေဒဥယျာဉ် ၌ ဒီဇင်ဘာ ၁၅ ရက်မှစ၍ ပန်းပွဲတော် ကျင်းပမည်



ပြင်ဦးလွင် ၊ ၇-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်၌ ဒီဇင်ဘာ ၁၅ ရက်မှ ၃၁ ရက်အထိ ပန်းပွဲတော် ကျင်းပရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုနှစ် ကျင်းပမည့် ပန်းပွဲတော် သည် (၁၁) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည် အများအပြား လာရောက် လိမ့်မည်ဟု မျှော်မှန်း ထားကြောင်း ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုအခါ ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒဥယျာဥ်၌ ကျင်းပမည့် ပန်းပွဲတော် အတွက် သစ်ပင်ပန်းမန် များကို အလှဆင်ခြင်း၊ ပြုပြင်မွမ်းမံခြင်း များအပြင် တခြားပြင်ဆင် မွမ်းမံခြင်း များလည်း စတင်စီစဉ် ဆောင်ရွက်နေပြီး ဒေသထွက်ကုန် ပစ္စည်းများ၊ ဆွယ်တာ အနွေးထည်များ၊ လက်မှု ပစ္စည်းများနှင့် တခြား အမှတ်တရ ပစ္စည်းများ ပြသရောင်းချမည့် အရောင်း ဆိုင်ခန်းများ ဖွင့်လှစ်သွားရန် ရှိကြောင်း သိရသည်။

နှစ်ပေါင်း ၁ဝဝ ခန့် သက်တမ်းရှိပြီ ဖြစ်သော ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်ကို တစ်နှစ်ပတ်လုံး ဖွင့်လှစ်ထားကြောင်း၊ ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်၏ စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ ၄၃၇ ဧက ခန့်ရှိကြောင်း၊ နှစ်စဉ် ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်ဦးရေ သန်းနှင့်ချီ၍ လာရောက် အပန်းဖြေလေ့ရှိပြီး ကမ္ဘာ ပေါ်၌ ထင်ရှားကျော်ကြား သော ရုက္ခဗေဒ ဥယျာဉ်တစ်ခု ဖြစ်ကြောင်း သိရသည်။ (ဆောင်းဦး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Friday, October 21, 2016

နိုင်ငံတကာအဆင့်မီ အာရေဘီကာ ကော်ဖီများကို ပြည်တွင်းဈေးကွက် နှင့် သံရုံးများသို့ မိတ်ဆက်ပြသမည့် ကော်ဖီပြပွဲ ရန်ကုန်မြို့၌ ကျင်းပမည်



ရန်ကုန် ၊ ၂၁-၁၀-၂၀၁၆

မြန်မာနိုင်ငံ ကော်ဖီအသင်း နှင့် Winrock International တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ၌ ထုတ်လုပ်သည့် နိုင်ငံတကာ အဆင့်မီ အာရေဘီကာ ကော်ဖီများကို ပြည်တွင်း ဈေးကွက်နှင့် နိုင်ငံခြားသံရုံး များသို့ မိတ်ဆက် ပြသမည့် ကော်ဖီပြပွဲကို အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် စတင် ထုတ်လုပ်ခဲ့သည့် အာရေဘီကာ ကော်ဖီကို ပြည်တွင်းရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီလုပ်ငန်း ရှင်များနှင့် အများပြည်သူ များသိရှိ စိတ်ဝင်စား လာစေရန် ဆောင်ရွက်ခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု အခြေစိုက် ကော်ဖီ အရည်အသွေး ဆိုင်ရာ အဖွဲ့အစည်း (Coffee Quality Institute -CQI) မှ ကော်ဖီပညာရှင် များလည်း ပါဝင်ကူညီမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ၏ ငွေကြေး အထောက်အပံ့ ဖြင့် Winrock International က ၂ဝ၁၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး လုပ်ငန်းများ အတွက် တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရန် အကူအညီ ပေးသည့် စီမံကိန်းကို စတင်ခဲ့ပြီး အဆိုပါစီမံကိန်း တွင် မြန်မာ့ကော်ဖီကို အရည်အသွေးမြင့် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Winrock International အဖွဲ့အစည်း က အမေရိကန် ပြည်ထောင်စု အခြေစိုက် ကော်ဖီ အရည်အသွေး ဆိုင်ရာ အဖွဲ့အစည်း (CQI) နှင့် မြန်မာနိုင်ငံ ကော်ဖီအသင်းတို့ ပူးပေါင်း၍ ကော်ဖီ စိုက်ပျိုးသူများကို ကော်ဖီ ထုတ်လုပ်မှု နည်းစနစ်များ လေ့ကျင့် သင်ကြား ပေးခဲ့ပြီး ဧပြီ ၁၄ ရက်မှ ၁၇ ရက်အထိ အမေရိကန် ပြည်ထောင်စု အတ္တလန္တာမြို့၌ ကျင်းပသည့် ကော်ဖီပြပွဲ တွင်လည်း မြန်မာ့ ကော်ဖီကို သွားရောက်ပြသ နိုင်ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Friday, September 16, 2016

ပထမဆုံးပညာရေးဆိုင်ရာ ပြပွဲကြီး ကျင်းပမည်


ရန်ကုန် ၊ ၁၆-၉-၂၀၁၆

1st Education Fair အမည်ဖြင့် ပထမဆုံး ပညာရေးဆိုင်ရာ ပြပွဲကြီးကို work.com.mm က စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ မြန်မာပလာဇာ အနီးရှိ Mela Hotel Yangon ၏ Grand Ballroom (1) ၌ ကျင်းပသွားမည် ဖြစ်ကြောင်း work.com.mm  ပြန်ကြားရေးနှင့် လူမှုဆက်ဆံရေး မန်နေဂျာ မကေခိုင် ထံမှ သိရသည်။

Education Fair ကျင်းပရခြင်း ၏ အဓိက ရည်ရွယ်ချက်မှာ ပညာရေးကို အမြဲမပြတ် လေ့လာသင်ယူ နေပြီး အလုပ်အကိုင် အခွင့်အလမ်း တို့ကို ရှာဖွေရန် ဖြစ်သည်။

အဆိုပါ ပြပွဲကြီးသို့ လာရောက် လေ့လာခြင်း အားဖြင့် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသူများ အနေဖြင့် မိမိတို့လိုအပ်သော အရည်အသွေး များအား ပိုမိုမြှင့်တင် ပေးမည့် သင်တန်းများကို မှန်မှန်ကန်ကန် သိရှိရွေးချယ် နိုင်မည် ဖြစ်သည်။

Education Fair တွင် ပြည်တွင်းပြည်ပမှ ကျောင်းပေါင်းများစွာ ပါဝင်ပြသမည် ဖြစ်သည်။ High National Diploma ရရှိနိုင်မည့် Chindwin College က Main Sponsor အဖြစ်ပါဝင်ပြသ သွားမည်ဖြစ်ပြီး Carrie Academy Myanmar က Co-sponsor အဖြစ်ပါဝင်ကာ တခြားသော ပညာရေးနှင့် ပတ်သက်သည့် ပြခန်းများလည်း ပါဝင်ပြသ သွားမည်ဖြစ်သည်။ 

Main Sponsor အဖြစ် ပါဝင်ပြသမည့် Chindwin College ၌ အင်ဂျင်နီယာ ပညာရပ်များ၊ စီမံခန့်ခွဲမှု ကျွမ်းကျင်ပညာ ရပ်များနှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းပညာရပ် များအပြင် ဘွဲ့လွန်ဒီဂရီ များလည်း ဖွင့်လှစ် ထားသည်။ 

Co-sponsor ဖြစ်သော Carrie Academy Myanmar သည် အသက်မွေး ဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးပြီး အလုပ်ခွင်သို့ တိုက်ရိုက် ဝင်ရောက်နိုင်စေမည် ဖြစ်သည်။

အဆိုပါ Education Fair တွင် ပါဝင်ပြသမည့် ပြည်တွင်းပြည်ပ သင်တန်းကျောင်း များမှ သင်တန်းအလိုက် သင်တန်းကြေး လျှော့ချမှု များနှင့် Lucky Draw အစီအစဉ် များလည်း ပါဝင်မည်ဖြစ်သည်။ ထို့ပြင် work.com.mm က Photo Contest ပြိုင်ပွဲကျင်းပကာ ဆုလက်ဆောင် ပေးမည့် အစီအစဉ် များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Friday, August 19, 2016

မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲ(မန္တလေး) ကျင်းပမည်


မန္တလေး ၊ ၁၉-၈-၂၀၁၆

iMyanmar House .com မှ ကြီးမှူး ကျင်းပမည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရေးပြပွဲ (မန္တလေး)ကို သြဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ မန္တလေးမြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရောင်းပြပွဲတွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ ရောင်းရန် ၊ ငှားရန်ရှိသော အိမ်ခြံမြေများကို တစ်နေရာတည်း၌ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး တိုက်ခန်းနှင့် ကွန်ဒိုများကို အထူးလျှော့ဈေးနှုန်း များဖြင့် ရောင်းချပေး သွားမည် အပြင် အရစ်ကျ ၀ယ်ယူနိုင်မည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

အရောင်းပြပွဲ ကာလအတွင်း ပညာရှင်များက အိမ်ခြံမြေနှင့် ပတ်သက်သည့် သိကောင်းစရာ များကို ဟောပြောသွားမည် ဖြစ်သည်။ ဟောပြောသူများ အဖြစ် ဦးကိုကိုထွေး (တော်ဝင်စင်တာ) က ပြောင်းလဲနေသော မြို့ပြဖွံ့ဖြိုးမှု ၊ ဦးစိုင်းခွန်နောင် (စိုင်းခွန်နောင် အိမ်ခြံမြေ) က အိမ်ခြံမြေဈေးကွက် အလားအာ ၊ ဦးပီတာ (အောင်သမာဓိ အကျိုးဆောင်) က တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ၊ ဦးတင်မောင် ( မန္တလေးတိုင်း အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုး တိုးတက်ရေး အသင်း ) က အနာဂတ် စီးပွားရေး နှင့် အိမ်ခြံမြေ ၊ ဦးဝင်းဇော် ( ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် ) က Houseing Savings for Home Ownership ၊ ဦးမြတ်သူဝင်း (ရွှေမင်းသား ဖောင်ဒေးရှင်း) က မျက်မှောက် မြန်မာနိုင်ငံ အိမ်ခြံမြေ အခြေအနေ ၊ အကျိုးဆောင် များ၏ အခန်းကဏ္ဍ နှင့် စိန်ခေါ်မှုများ ၊ ဦးအေးမင်း ( အောင်သမာဓိ အကျိုးဆောင်) က အိမ်ခြံမြေ လားရာ နှင့် ၂၀၁၆ အရွေ့ ၊ ဦးအေးလင်း ( Mya Nan Dar Construction ) က အိမ်ခြံမြေ လောကနှင့် ဆောက်လုပ်ရေး ၊ မစုလတ်ဖြူ ( မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ) က Protective Infrastructure in Mandalay ၊ ဦးနေမင်းသူ (iMyanmar House.com ) က စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦး ဖြစ်အောင် ဘယ်လိုလုပ်မလဲ စသည့် ခေါင်းစဉ်များဖြင့် ဟောပြောကြမည် ဖြစ်သည်။

အဆိုပါ အရောင်းပြပွဲကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ပြပွဲသို့ လာရောက်သူများအား Tablet ဖုန်း ၁၅ လုံးနှင့် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ တခြားဆုမဲပေါင်း များစွာကို ကဲစမ်းမဲ အစီအစဉ် အဖြစ် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Monday, August 1, 2016

မြန်မာနိုင်ငံ ရေဆေးပန်းချီဆရာအသင်း (MWS) အသင်း၏ န၀မအကြိမ် ရေဆေးပန်းချီပြပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁-၈-၂၀၁၆

မြန်မာနိုင်ငံ ရေဆေးပန်းချီ ဆရာအသင်း MWS အသင်း၏ နဝမအကြိမ် စုပေါင်း ရေဆေးပန်းချီ သီးသန့်ပြပွဲကို သြဂုတ် ၁၃ ရက်တွင် ရန်ကုန် ဧရာဝဏ် ပန်းချီပြခန်း၌ ပြသသွားမည် ဖြစ်ကြောင်း Myanmar Waterpaint Society ထံမှ သိရသည်။

ပြပွဲတွင် တောင်ကြီး၊ ပြင်ဦးလွင်၊ ပုဂံ၊ မန္တလေးမှ ပန်းချီဆရာ ဦးရေ ၃ဝတို့က ရေဆေးပန်းချီ လက်ရာမွန်တို့ကို သီးသန့် ပြသမည် ဖြစ်ပြီး မြန်မာနိုင်ငံ ရေဆေးပန်းချီ ဆရာအသင်း အနေဖြင့် မန္တလေး၊ မုံရွာ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် အင်းဝ၊ ပုဂံ စသည့်နေရာ တို့သို့ Outdoor ပန်းချီရေးဆွဲခြင်း များကို တစ်လတစ်ကြိမ် ပြုလုပ်လျက် ရှိသည်။

ထို့ပြင် မန္တလေး၊ မုံရွာ၊ ရန်ကုန်မြို့တို့၌ အသင်းရန်ပုံငွေ ပန်းချီပြပွဲ များကို တစ်နှစ် လေးကြိမ် ပြသလျက်ရှိပြီး ယခုအကြိမ် ပြပွဲ၌ ပြသရောင်းချသော ရန်ပုံငွေဖြင့် နိုင်ငံခြား ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ သွားရောက်ကာ Outdoor ပန်းချီရေးဆွဲမည် ဖြစ်သည်။

အဆိုပါပြပွဲကို သြဂုတ် ၁၃ ရက်မှ သြဂုတ် ၂၄ ရက်ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပြသမည်ဖြစ်သည်။

မြန်မာနိုင်ငံ ရေဆေးပန်းချီ ဆရာအသင်းကို ၂ဝ၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မန္တလေး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ပုဂံဒေသ၊ ရန်ကုန် စသည့်မြို့များမှ ပန်းချီဆရာ ဦးရေ ၄ဝ ကျော်ဖြင့် ဖွဲ့စည်းထားသော အသင်းဖြစ်ပြီး မြန်မာရေဆေး ပန်းချီလောက ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ တို့မှ ရေဆေးပန်းချီ အသင်းများဖြင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇင် (ကောလင်း)

ရတနာပုံနေ့စဉ် ၊ စာ(၁၄)

Monday, July 25, 2016

မြန်မာနိုင်ငံ၏ ပထမဆုံးရေကြောင်း ပြပွဲနှင့် သင်္ဘောသား အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်



ရန်ကုန် ၊ ၂၅-၇-၂၀၁၆

မြန်မာ့ရေကြောင်း လောက ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် နှင့် လူ့စွမ်းအား အရင်းအမြစ် များကို နိုင်ငံတကာက သိရှိ စိတ်ဝင်စားပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပမည့် ရေကြောင်း ပြပွဲနှင့် သင်္ဘောသား အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ဆွေးနွေးပွဲ Myanmar Maritime Expo And Conference 2016 ကို ဇူလိုင် ၂၉ ရက်မှ ၃ဝ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကြောင်းဆိုင်ရာ ပြပွဲတွင် ရေကြောင်းဆိုင်ရာ ထုတ်ကုန်များ၊ သင်ထောက်ကူ ပစ္စည်းများ၊ သင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းများ၊ သင်္ဘော တည်ဆောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ် ကင်းရှင်းရေး ပစ္စည်း အရောင်းဆိုင်များ၊ ရေကြောင်းနှင့် သက်ဆိုင်သော အာမခံနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ၊ တခြားသော ရေကြောင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ပြသသွားမည် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် Myanmar Maritime University), Seaberg Co., Ltd. နှင့် SPL Co.,Ltd. တို့က ဦးစီး ကျင်းပခြင်းဖြစ်ပြီး ရေကြောင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက ဆွေးနွေးပို့ချ သွားမည် ဖြစ်သည်။

ယင်းသို့ ဆောင်ရွက်ခြင်း ဖြင့် ရေကြောင်းပညာ လောကတွင် အသိပညာရှင်၊ အတတ် ပညာရှင်များ၏ ပညာအမွေများ လက်ဆင့်ကမ်း ခြင်းနှင့် မျှဝေခြင်းများဖြင့် ဘေးကင်း လုံခြုံသော ရေကြောင်းဆိုင်ရာ အသိုက်အဝန်း တစ်ခု တည်ထောင်နိုင်ရန် မြန်မာနိုင်ငံ၏ ရေကြောင်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် များနှင့် တခြားသော အလုပ်အကိုင် အခွင့်အလမ်း များကို နိုင်ငံတကာ မှ သင်္ဘောပိုင်ရှင် များနှင့် တခြားသော ရေကြောင်းဆိုင်ရာ လုပ်ငန်းရှင် များက ပိုမို စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံမှု များတိုးတက် လာခြင်း၊ ရေကြောင်းနှင့် ပတ်သက် ဆက်စပ်နေသော လုပ်ငန်းများ အချင်းချင်း အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ရေကြောင်း လောက တစ်ခုလုံး ဖွံ့ဖြိုးတိုးတက် လာစေမည့် အခွင့်အလမ်း များ ရရှိမည် ဖြစ်ကြောင်း သိရသည်။

လင်းခန့်

မြ၀တီနေ့စဉ် ၊ စာ(၃)

အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ပထမဆုံးအကြိမ် ကုန်အမှတ်တံဆိပ် များနှင့် အထူးဈေးရောင်းပွဲ ကျင်းပမည်



ရန်ကုန် ၊ ၂၅-၇-၂၀၁၆

အသိဉာဏ်ပစ္စည်း ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ ပထမဆုံးအကြိမ် ကုန်အမှတ်တံဆိပ် များနှင့် အထူး ဈေးရောင်းပွဲတော် ကို ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်း ရှိ တပ်မတော်ခန်းမ ၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ဖွင့်လှစ်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတွင် ကုမ္ပဏီပေါင်း ၅ဝ ကျော်မှ ဆိုင်ခန်းပေါင်း ၁ဝဝ ကျော် ပါဝင်ပြသ သွားမည်ဖြစ်ပြီး လာရောက် လေ့လာသူများ အတွက် ကုန် အမှတ်တံဆိပ် ဆိုင်ရာများနှင့် ပတ်သက်၍ အသိဉာဏ်များ တိုးတက်လာ စေရေး နောက်ပိုင်း ထွက်ပေါ် လာမည့် အသိဉာဏ်ပစ္စည်း ဆိုင်ရာ ဥပဒေများ နှင့်အညီ တစ်ပြေးညီ သွားစေရန် ပြည်သူများ အား အသိပညာပေး  လုပ်ဆောင်နေသော ပွဲတစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲ အတွင်း လာရောက်သူ များအား ကုန်အမှတ်တံဆိပ် ဆိုင်ရာ စာရွက်စာတမ်းများ ဝေငှခြင်း၊ အသိဉာဏ် ပစ္စည်းနှင့် ကုန်အမှတ်တံဆိပ် ဆိုင်ရာ ဟောပြောပွဲများ ထည့်သွင်းကျင်းပ ပေးမည့်အပြင် ပြပွဲအတွင်း ဝင်ရောက်ပြသ သူများအတွက် လည်း ပြသသည့် ကုန်စည် အမျိုးအစား အလိုက် ပိုင်ဆိုင်ကြောင်း အထောက်အထား လက်မှတ်များကို အသိဉာဏ် ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ ပေးအပ်သွားမည် ဖြစ်ကြောင်း အသိဉာဏ် ပစ္စည်းများ ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း က ပြောသည်။

ပြပွဲ၌ ပြည်တွင်း ထုတ်ကုန်များ အပြင်  ပြည်ပမှတင်သွင်းလာသော ကုန်အမှတ် တံဆိပ်ပစ္စည်း များကို ပြသသွားမည် ဖြစ်ပြီး အစားအစာ၊ အဝတ်အထည်၊ ဖိနပ်၊ မြန်မာ့ရိုးရာ အစားအစာနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဆိုင်ရာ လုပ်ငန်းများ ကိုလည်း ပါဝင်ပြသ သွားမည် ဖြစ်သည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၄)

Wednesday, July 13, 2016

မြန်မာ့သဘာဝနှင့် ငှက်လောက ဓာတ်ပုံပြပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၃-၇-၂၀၁၆

မြန်မာနိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင်၌ ငှက်မျိုးစိတ်များ ရှင်သန်နေထိုင် ပုံများကို လိုက်လံဓာတ်ပုံ ရိုက်ယူထားသော မြန်မာ့ သဘာဝ နှင့် ငှက်လောက ဓာတ်ပုံပြပွဲကို ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ပြည်တွင်းရှိ ရှားပါး ငှက်မျိုးစိတ် များနှင့် မျိုးသုဉ်းတော့မည့် ငှက်မျိုးစိတ်များ၏ ဓာတ်ပုံများကို အဓိကထား ပြသသွားမည် ဖြစ်ပြီး ရှားပါး ငှက်မျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ် မသွားစေရန် လူထု အသိပညာပေး ဟောပြောပွဲ ကိုလည်း ထည့်သွင်း ကျင်းပမည် ဖြစ်သည်။

နိုင်ငံတကာ အဖွဲ့အစည်း များနှင့် အသင်းအဖွဲ့ များက ၂ဝ၁၅ ခုနှစ် အတွင်းက ကောက်ယူခဲ့သော စာရင်းများအရ မြန်မာနိုင်ငံ၌ ငှက်မျိုးစိတ်ပေါင်း ၁၁ဝဝ ကျော်ရှိပြီး ယင်း တို့အနက် မျိုးသုဉ်း ပျောက်ကွယ် နိုင်မည့် အခြေအနေ ရင်ဆိုင်နေရသော ငှက်မျိုးစိတ် ခုနစ်မျိုးနှင့် မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ငှက်မျိုးစိတ် ခြောက်မျိုးတို့ ပါဝင်သည်။

မြန်မာနိုင်ငံ ဧရိယာ၏ လေးပုံသုံးပုံ ခန့်တွင် ငှက်မျိုးစိတ်များ ကျက်စားလျက် ရှိပြီး ပဲခူးရိုးမ၊ ရခိုင်ရိုးမနှင့် ချင်းတောင်တန်း တို့၌ အများအားဖြင့် နေထိုင်ကျက်စား ကြောင်း၊ သို့ရာတွင် သစ်တောများ ပြုန်းတီး သော နေရာများ၌ ငှက်မျိုးစိတ်များ သိသာစွာ ပျောက်ကွယ်လာပြီး လက်ရှိတွင် ဘဲခေါင်းပန်းရောင်၊ ပခုံးဖြူခရုစုတ်၊ ရေညှောင့်နှုတ်ဝိုင်း၊ လင်းတကျောဖြူ၊ လင်းတထိပ်နီ၊ နှုတ်သီးရှည် လင်းတနှင့် ငဟစ်ရင်ဖြူ ငှက်မျိုးစိတ် တို့သည် မျိုးသုဉ်း ပျောက်ကွယ်မည့် အန္တရာယ်နှင့် တွေ့ကြုံ နေရကြောင်း သိရသည်။

မိုးယံထက်

မြ၀တီနေ့စဉ် ၊ စာ(၂၅)

Friday, June 17, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း " Eurosatory 2016 " ပြခန်းများသို့ သွားရောက်ကြည့်ရှုလေ့လာ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ပြပွဲတာဝရှိသူများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုမ္ပဏီပြခန်း များကို လှည့်လည်ကြည့်ရှု လေ့လာစဉ်

နေပြည်တော် ၊ ၁၇-၆-၂၀၁၆

ပြင်သစ်နိုင်ငံတွင် ရောက်ရှိနေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် ပြင်သစ်နိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာ ကာကွယ်ရေး၊ မြေပြင်နှင့် ဝေဟင် လုံခြုံရေး ဆိုင်ရာပြပွဲ " Eurosatory 2016 " ပြပွဲသို့ ရောက်ရှိရာ ပြပွဲ တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက် ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူး ကြသည်။

ယင်းနောက် Hall-6 ခန်းမအတွင်း ခင်းကျင်းပြသ ထားသော ကုမ္ပဏီ ပြခန်း(၅)မျိုး နှင့် နေ့လယ်ပိုင်းတွင် ပြခန်း(၇) မျိုးတို့အား လှည့်လည် ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Thursday, June 16, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေး ၊ မြေပြင်နှင့် ဝေဟင်လုံခြုံရေး ဆိုင်ရာပြပွဲ "Eurosatory 2016 " ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှု လေ့လာ


အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေး ၊ မြေပြင်နှင့် ဝေဟင်လုံခြုံရေး ဆိုင်ရာပြပွဲ  "Eurosatory 2016 " ဖွင့်ပွဲတွင် Mr. Collet Billon မိန့်ခွန်း ပြောကြားစဉ်



နေပြည်တော် ၊ ၁၆-၆-၂၀၁၆

ပြင်သစ်နိုင်ငံတွင် ရောက်ရှိနေသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇွန် ၁၃ ရက် ဒေသ စံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် " Eurosatory 2016 " ပြပွဲသို့ ရောက်ရှိ၍ Nexter Group ကုမ္ပဏီပြခန်း A600 ပြင်ပပြကွက်အား လှည့်လည် ကြည့်ရှု လေ့လာရာ တာဝန်ရှိသူ များက ရှင်းလင်း၍ လိုက်လံ ပြသကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သည် Amphi Jean Teves ခန်းမ(၅)၌ ကျင်းပ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေး၊ မြေပြင်နှင့် ဝေဟင်လုံခြုံရေး ဆိုင်ရာပြပွဲ "Eurosatory 2016 " ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။ ရှေးဦးစွာ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ပြီး ပြင်သစ် ကာကွယ်ရေးဝန်ကြီး Jean-Yves Le Drian ကိုယ်စား Mr.Collet Billon က မိန့်ခွန်း ပြောကြားခဲ့ပြီး "Eurosatory 2016 " ဖွင့်ပွဲ အခမ်းအနား အား ရုပ်သိမ်းခဲ့သည်။

Nexter Group ကုမ္ပဏီပြခန်း A600 ပြင်ပပြကွက်ကို တွေ့ရစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Nexter Group ကုမ္ပဏီပြခန်း A600 ပြင်ပပြကွက် ၌ ပြပွဲတာဝန်ရှိသူများ နှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်စဉ်

၎င်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) သည် CNIM Group ကုမ္ပဏီပြခန်း၊ DCI Group ကုမ္ပဏီ ပြခန်းများအား သွားရောက် ကြည့်ရှုလေ့လာ ခဲ့ကြသည်။ ဆက်လက်၍ Air Bus ကုမ္ပဏီပြခန်းအား သွားရောက် ကြည့်ရှုလေ့လာ ခဲ့ရာ တာဝန်ရှိ သူများက ကြိုဆို ကြပြီး ပြခန်းအတွင်း ခင်းကျင်း ပြသသော ပစ္စည်းများအား ရှင်းလင်းပြသမှုကို ကြည့်ရှုလေ့လာ ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Tuesday, June 14, 2016

ပုဂံဒေသ ယွန်းပညာကောလိပ် တွင် မြန်မာ ယွန်းအနုလက်ရာပြပွဲ ၊ ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည်



ညောင်ဦး ၊ ၁၄-၆-၂၀၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီး ဌာန၏ ရက် ၁ဝဝ အတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်တွင် ပါဝင်သော မြန်မာယွန်း အနုလက်ရာ ပြပွဲ၊ ပြိုင်ပွဲကို ပုဂံမြို့၊ ယွန်းပညာ ကောလိပ်၌ ဇွန် ၁၈ ရက်မှ ၁၉ ရက်ထိ နှစ်ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယွန်းထည်ပစ္စည်း အမျိုးမျိုးနှင့် စံပြုထိုက်သော ယွန်းအနုပညာ လက်ရာများ ဖော်ထုတ်ရန်၊ ရွက်ပုန်းသီး ယွန်း အနုပညာရှင်များ ပေါ်ထွန်း၍ ကျွမ်းကျင်သူများ တိုးပွားလာ စေရန်၊ မြန်မာ့ယွန်း လက်မှု အနုပညာကို တန်ဖိုးထား ပြီး အစဉ်ထိန်းသိမ်း တတ်စေရန် နှင့် ယွန်းထည် ပစ္စည်းများ၏ အရည်အသွေး ကောင်းမွန် လာစေပြီး နိုင်ငံတကာ ဈေးကွက်ထိ ကျယ်ပြန့် လာစေရန် ရည်ရွယ်၍ အဆိုပါ မြန်မာယွန်း အနုလက်ရာ ပြပွဲ၊ ပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် မြန်မာ့ယွန်း အနုပညာရှင် များ၏ ယွန်းထည်ပစ္စည်း အမျိုးမျိုးနှင့် အခြားလက်မှု အနုပညာပစ္စည်း များကိုပါ ပြသသွားမည် ဖြစ်ပြီး ပြိုင်ပွဲတွင် အနက်ထည်ယွန်း၊ ကညစ်ယွန်း၊ ရွှေဇဝါယွန်း၊ သားရိုး ပန်းကြွယွန်း၊ ခေတ်ဆန်းယွန်း ဟူ၍ ဘာသာရပ် ငါးမျိုးတို့ဖြင့် ပါဝင်ယှဉ်ပြိုင် ရမည် ဖြစ်သည်။

ကျွမ်းကျင် ပညာရှင်ကြီးများ ပါဝင်သော ပြိုင်ပွဲ အကဲဖြတ် အဖွဲ့မှ စိစစ်ရွေးချယ်၍ ဘာသာရပ် တစ်ခုခြင်း အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် လာရောက် ကြည့်ရှုသူများမှ ကြိုက်နှစ်သက် သော လက်မှုပစ္စည်းကို မဲစနစ်ဖြင့် ပေးသော အထူးဆု တစ်ဆုကိုလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ရဲသူရအောင် (ညောင်ဦး)

ရတနာပုံနေ့စဉ် ၊ စာ(၅)

Thursday, May 5, 2016

ဇွန်လကုန်တွင် ကျင်းပမည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းများကို EURO ငွေတစ်မျိုးတည်းဖြင့် ရောင်းချပေးသွားမည်



ရန်ကုန် ၊ ၅-၅-၂၀၁၆

ဇွန်လကုန်တွင် ကျင်းပမည့် ကျောက်မျက် ပြပွဲတွင် ကျောက်စိမ်း ကျောက်မျက် များကို ယူရိုငွေ တစ်မျိုးတည်း ဖြင့်သာ ရောင်းချပေး သွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကျောက်မျက် ပြပွဲကို နေပြည်တော် ၊ မဏိရတနာ ကျောက်စိမ်းခန်းမ ၌ ဇွန်လကုန်ပိုင်း တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကျောက်မျက် ပြပွဲတွင် ကျောက်စိမ်း၊ ကျောက်မျက် အတွဲများ တင်ပြ ရောင်းချလိုသော ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် ကျောက်စိမ်းတွဲ စာရင်းလျှောက်လွှာ များကို မေ ၁၁ ရက်အတွင်း ကျောက်စိမ်း လုပ်ငန်း ကုမ္ပဏီသို့ လျှောက်ထား နိုင်ကြောင်း သိရသည်။

ပြပွဲသို့ လာရောက် ဝယ်ယူလိုသော နိုင်ငံသား ကုန်သည်များ အနေဖြင့် သတ်မှတ် စပေါ်ငွေနှင့် အာမခံကြေးများ ပေးသွင်းရမည် ဖြစ်ပြီး မေ ၁၉ ရက်မှ ဇွန် ၁ဝ ရက်အတွင်း ကျောက်မျက်တွဲများ စစ်ဆေး လက်ခံခြင်း၊ အခြေခံ ရောင်းဈေးညှိနှိုင်း သတ်မှတ်ခြင်း စသည်တို့ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၅)

Thursday, March 17, 2016

ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်ပြသမည်


ရန်ကုန် ၊ ၁၇-၃-၂၀၁၆

ပဉ္စမ အကြိမ်မြောက် ကျင်းပမည့် အပြည်ပြည် ဆိုင်ရာ မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကို ဧပြီ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ လက်ဝတ် ရတနာ ကုန်သွယ်မှု စင်တာ၌ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ လက်ဝတ် ရတနာ များကို ပါဝင်ပြသ ကြမည် ဖြစ်ကြောင်း သိရသည်။

''ဒီပြပွဲက အသင်းချုပ် အနေနဲ့ ကျင်းပတာ မဟုတ်ပါဘူး။ Asia Connect ကနေ ကျင်းပတာပါ။ အခုကျင်းပတာ ငါးကြိမ်မြောက် ပါ။ အဲဒီမှာ လက်ဝတ်ရတနာ အချောထည် တွေနဲ့ လက်ဝတ် ရတနာ လုပ်မယ့် စက်ပစ္စည်း ကိရိယာတွေကို ပြသပေး မှာပါ'' ဟု မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ အတွင်းရေးမှူး (၂) ဦးထွန်းလှအောင် က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ရွှေနှင့် ကျောက်မျက် ရတနာများကို တားမြစ်ကုန် အဖြစ် သတ်မှတ်ထား သော်လည်း အဆိုပါ သတ်မှတ်ချက်ကို ပယ်ဖျက်ပေးရန် ရွှေလုပ်ငန်း ရှင်များ အသင်းချုပ် အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း များထံ တင်ပြထားရာ မကြာမီ ခွင့်ပြု ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရွှေနှင့် ကျောက်မျက် ရတနာများ သည် နိုင်ငံတကာသို့ ထိုးဖောက် ဝင်ရောက် နိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေဆိုင်) က ပြောသည်။

အဆိုပါ ကျောက်မျက် ရတနာပြပွဲတွင် ကမ္ဘာတစ်ဝန်း မှ လက်ဝတ် ရတနာ ထုတ်လုပ်ခြင်း နှင့် နောက်ဆုံးပေါ် နည်းပညာများ ကို မိတ်ဆက်ခြင်း အပြင် မြန်မာ၊ အမေရိကန်၊ အီတလီ၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဟောင်ကောင် နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့မှ ပါဝင်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၃)
Related Posts Plugin for WordPress, Blogger...