Social Icons

Pages

Tuesday, June 14, 2016

ပုဂံဒေသ ယွန်းပညာကောလိပ် တွင် မြန်မာ ယွန်းအနုလက်ရာပြပွဲ ၊ ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည်



ညောင်ဦး ၊ ၁၄-၆-၂၀၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီး ဌာန၏ ရက် ၁ဝဝ အတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်တွင် ပါဝင်သော မြန်မာယွန်း အနုလက်ရာ ပြပွဲ၊ ပြိုင်ပွဲကို ပုဂံမြို့၊ ယွန်းပညာ ကောလိပ်၌ ဇွန် ၁၈ ရက်မှ ၁၉ ရက်ထိ နှစ်ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယွန်းထည်ပစ္စည်း အမျိုးမျိုးနှင့် စံပြုထိုက်သော ယွန်းအနုပညာ လက်ရာများ ဖော်ထုတ်ရန်၊ ရွက်ပုန်းသီး ယွန်း အနုပညာရှင်များ ပေါ်ထွန်း၍ ကျွမ်းကျင်သူများ တိုးပွားလာ စေရန်၊ မြန်မာ့ယွန်း လက်မှု အနုပညာကို တန်ဖိုးထား ပြီး အစဉ်ထိန်းသိမ်း တတ်စေရန် နှင့် ယွန်းထည် ပစ္စည်းများ၏ အရည်အသွေး ကောင်းမွန် လာစေပြီး နိုင်ငံတကာ ဈေးကွက်ထိ ကျယ်ပြန့် လာစေရန် ရည်ရွယ်၍ အဆိုပါ မြန်မာယွန်း အနုလက်ရာ ပြပွဲ၊ ပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် မြန်မာ့ယွန်း အနုပညာရှင် များ၏ ယွန်းထည်ပစ္စည်း အမျိုးမျိုးနှင့် အခြားလက်မှု အနုပညာပစ္စည်း များကိုပါ ပြသသွားမည် ဖြစ်ပြီး ပြိုင်ပွဲတွင် အနက်ထည်ယွန်း၊ ကညစ်ယွန်း၊ ရွှေဇဝါယွန်း၊ သားရိုး ပန်းကြွယွန်း၊ ခေတ်ဆန်းယွန်း ဟူ၍ ဘာသာရပ် ငါးမျိုးတို့ဖြင့် ပါဝင်ယှဉ်ပြိုင် ရမည် ဖြစ်သည်။

ကျွမ်းကျင် ပညာရှင်ကြီးများ ပါဝင်သော ပြိုင်ပွဲ အကဲဖြတ် အဖွဲ့မှ စိစစ်ရွေးချယ်၍ ဘာသာရပ် တစ်ခုခြင်း အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် လာရောက် ကြည့်ရှုသူများမှ ကြိုက်နှစ်သက် သော လက်မှုပစ္စည်းကို မဲစနစ်ဖြင့် ပေးသော အထူးဆု တစ်ဆုကိုလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ရဲသူရအောင် (ညောင်ဦး)

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...