Social Icons

Pages

Showing posts with label ကျောက်မျက်. Show all posts
Showing posts with label ကျောက်မျက်. Show all posts

Tuesday, February 19, 2019

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မတ်လတွင် ကျင်းပမည်

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မတ်လတွင် ကျင်းပမည်
-
နေပြည်တော် ဖေဖော်ဝါရီ ၁၈ 
-
(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လတွင်ကျင်းပမည်ဖြစ်ရာအဆိုပါပြပွဲ ကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ 
-
ရှေးဦးစွာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီနာယကသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းအနေဖြင့် ကျောက်မျက်ရတနာများကို အရိုင်းအတိုင်း ရောင်းချခြင်းထက် အချောထည်များ ပိုမိုထုတ်လုပ်တင်ပြ ရောင်းချနိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက် သွားရန်မှာကြားလိုကြောင်း၊ နိုင်ငံအတွင်း မှထွက်ရှိသော ကျောက်မျက်ရတနာ သယံဇာတများကိုနိုင်ငံတကာ စံနှုန်းများနှင့်အညီ တူးဖော် ထုတ်လုပ်ရေး၊ ဈေးကွက်ရရှိရေးနှင့် သတ်မှတ်အခွန်အခများ ပေးသွင်းရေးတို့ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိရာ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုကြောင်းဖြင့် ပြောကြားသည်။ 
-
ထို့နောက် လုပ်ငန်းကော်မတီများအလိုက် ရှင်းလင်းတင်ပြကြရာ စီမံရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ရတနာ ပြပွဲဆိုင်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍လည်းကောင်း၊ ကျောက်စိမ်းလုပ်ငန်း ကော်မတီနှင့် ကျောက်မျက်လုပ် ငန်းကော်မတီဥက္ကဋ္ဌ ဦးမင်းသူက လုပ်ငန်း ကော်မတီများ ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ လည်းကောင်း၊ ပုလဲလုပ်ငန်းကော် မတီဥက္ကဋ္ဌ ဦးမြင့်သူ၊ လုံခြုံရေး လုပ်ငန်းကော် မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးမင်းနောင်၊ ဘဏ္ဍာရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးနိုင်မျိုးဟန်၊ မြန်မာ နိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဋ္ဌ(၁) ဦးလှစိုးဦးတို့က ၎င်းတို့၏ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြပြီး အခမ်းအနား တက်ရောက် လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟို ကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆွေးနွေး တင်ပြချက်များနှင့်ပတ်သက်၍ ပေါင်းစပ် ညှိနှိုင်းပေးသည်။ 
-
(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မတ် ၁၁ ရက်မှ ၂ဝ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမဝင်းအတွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပုလဲအတွဲ၊ ကျောက်မျက်အတွဲနှင့်ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, December 20, 2018

ကျောက်မျက်ရတနာနှင့် လက်ဝတ် ရတနာအချောထည်ပြပွဲ ကျင်းပမည်

-
ရန်ကုန် ဒီဇင်ဘာ  ၁၉ 
-
ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ  ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည် ပြပွဲ ၂ဝ၁၉ ကို ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက်အထိ ရန်ကုန် မြို့ ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပမည်ဖြစ်ပြီး  ပထမဆုံး အကြိမ်အဖြစ် အသေးစားလေလံစနစ်ဖြင့်  ရောင်းချခြင်းစနစ်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 
-
ရှေးဦးစွာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း  (ရန်ကုန်)ဒုတိယဥက္ကဋ္ဌက ''ဒီနှစ် အထူးရောင်းချမှုအနေနဲ့ အသေးစားလေလံတင်ရောင်းချမှု ပါဝင်ပါမယ်။ မြန်မာ နိုင်ငံက ထွက်ရှိတဲ့ ကျောက်မျက်အတွဲပေါင်း  ၁ဝဝ ခန့် ရောင်းချသွားမှာဖြစ်ပါတယ်။ ကျောက်မျက်အတွဲတစ်တွဲ တန်ဖိုးက ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၂ဝဝဝဝ နဲ့ အထက် သတ်မှတ်ထားပါတယ်''ဟု ပြောသည်။
-
ပြည်တွင်း၌ ကျောက်မျက်အချောထည်ဈေးကွက် ဖြစ်ထွန်းလာပါက ကျောက်သွေးခြင်း၊ ပန်းထိမ်ပညာ၊  စက်ပန်းထိမ်၊ လက်ပန်းထိမ်ပညာများ အကောင်အထည် ပေါ်လာပြီး ဈေးကွက်အမြတ်အစွန်းရရှိကာ ရတနာခွန် ရလာသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း  တိုးတက်လာမည်ဖြစ်ကြောင်း    ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း  (ရန်ကုန်) ဥက္ကဋ္ဌထံမှ   သိရသည်။ ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲ ၂ဝ၁၉  တွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ပတ္တမြား၊  နီလာ၊ ရှားပါး ကျောက်မျက်ရတနာများ အမျိုးပေါင်း ၁ဝဝ ကျော်ကို  ဆိုင်ခန်းပေါင်း ၁ဝဝ ဖြင့်  ပြသသွားမည်ဖြစ်ကြောင်း  သိရသည်။
-
မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ အဆင့်မီ ကျောက်မျက် အချောထည် ဈေးကွက်ဖြစ်ပေါ် လာစေရန် ဒုတိယအကြိမ်   ရန်ကုန်အပြည်ပြည်ဆိုင်ရာ   ကျောက်မျက် ရတနာနှင့်   လက်ဝတ်ရတနာအချောထည်ပြပွဲ  ၂ဝ၁၉ ကိုကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။  
-
အမ်အမ်ကေ
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, June 29, 2018

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ရောင်းချရမှု ရာခိုင်နှုန်းမြင့်တက်


ပြည်တွင်း၊ပြည်ပ ကျောက်မျက်ရတနာကုန်သည်များ ကျောက်စိမ်းအတွဲများကို ကြည့်ရှုကြစဉ်။

နေပြည်တော် ၂၉-၆-၂ဝ၁၈

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ ပရဝဏ်အတွင်း ဆက်လက် ကျင်းပလျက်ရှိရာ ပြသရောင်းချရမှု ရာခိုင်နှုန်းမြင့်တက် လျက်ရှိကြောင်း သိရသည်။

ဇွန် ၂ဝ ရက်မှ ၂၁ ရက်အတွင်း ပုလဲအတွဲ ၃၆ဝ ကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေ ၂ ဒသမ ၅၉၈ သန်းတန်ဖိုးရှိ ပုလဲအတွဲ ၃၄၁ တွဲကိုလည်းကောင်း၊ ဇွန် ၂၃ရက်တွင် ကျောက်မျက် အတွဲ ၃၃၆ တွဲကိုတင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းတန်ဖိုးရှိ ကျောက်မျက်အတွဲ ၆၉ တွဲကို လည်းကောင်း ရောင်းချခဲ့ရပြီး ကျောက်စိမ်းအတွဲ ၆၇၉၅ တွဲကို ဇွန် ၂၄ ရက်မှ ၂၉ ရက်ထိ ပြသရောင်းချ သွားမည်ဖြစ်ရာ ဇွန် ၂၄ရက်တွင် ယူရိုငွေသန်း ၃၈ ဒသမ ၅၃ဝတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၉၇၃ တွဲကိုလည်းကောင်း၊ ဇွန် ၂၅ ရက်တွင် ယူရိုငွေ ၇၄ ဒသမ ၁၂၂ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၃၃တွဲကို လည်းကောင်း၊ ဇွန် ၂၆ ရက်တွင် ယူရိုငွေ ၈၆ ဒသမ ၈၆၆သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၁၈ တွဲကိုလည်းကောင်း၊ ဇွန် ၂၇ရက်တွင် ယူရိုငွေ ၅၂ ဒသမ ၄၄၁သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၉၂ တွဲကိုလည်းကောင်း၊ ယနေ့တွင် ယူရိုငွေ ၁၁၈ ဒသမ ၆၉၁သန်း တန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၉၂၅တွဲကို လည်းကောင်း ရောင်းချခဲ့ရကြောင်း သိရသည်။

ယခုကျင်းပသည့် (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ရောင်းချရသည့် တန်ဖိုးများအပေါ် သတ်မှတ်ကောက်ခံမည့် အခွန်အခနှုန်းထားများမှာ အထူးကုန်စည်ခွန် အနေဖြင့် ကျောက်စိမ်း အရိုင်းများ အတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းများ အတွက် ၁ဝရာခိုင်နှုန်းနှင့် ကျောက်မျက်လက်ဝတ် ရတနာအချောထည်များ အတွက် ငါးရာခိုင်နှုန်းတို့ ဖြစ်ကြပြီး ဝန်ဆောင်ခအနေဖြင့် ကျောက်မျက်ရတနာ အရိုင်းများအတွက် သုံးရာခိုင်နှုန်းနှင့် အချောထည်များအတွက် တစ်ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, June 25, 2018

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၉၇၃တွဲကို ယူရို ၃ ဒသမ ၅၃ဝသန်းဖြင့် ရောင်းချခဲ့



နေပြည်တော် ၂၅-၆-၂ဝ၁၈

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲ ၉၇၃ တွဲကို ယူရိုငွေ ၃၈ ဒသမ ၅၃ဝ သန်းဖြင့်ရောင်းချခဲ့ကြောင်း သိရသည်။

ယနေ့ပြပွဲတွင် အခြေခံဈေး ယူရိုငွေ ၄ဝဝဝ နှင့်အထက် တန်ဖိုးသတ်မှတ်ထားသည့် ကျောက်စိမ်း အတွဲအမှတ် (၁) မှ (၁၁၅ဝ) ထိ အတွဲပေါင်း ၁၁၅ဝ ကို ရတနာကုန်သည်များ ထံအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

ယနေ့ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် စုစုပေါင်း ၄ဝဝဝကျော် တက်ရောက်၍ အခြေခံဈေး ယူရိုငွေ ၄ဝဝဝနှင့်အထက် တန်ဖိုးသတ်မှတ်ထားသည့် ကျောက်စိမ်းအတွဲများကို ကြည့်ရှုလေ့လာ ကြကာသက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်း အဆိုပြုလွှာများကို ထည့်သွင်းကြသည်။

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်းအရိုင်းနှင့် ကျောက်စိမ်း အချောထည်အတွဲ စုစုပေါင်း ၆၇၉၅ တွဲကို ခင်းကျင်းပြသထားကာ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုပြပွဲသို့ ပြည်တွင်း ကျောက်စိမ်း၊ ကျောက်မျက် အချောထည် ပစ္စည်းဆိုင်ခန်း ပေါင်း ၄ဝ ကျော် လာရောက်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ကျောက်မျက်ရတနာ သင်တန်းကျောင်း (နေပြည်တော်)မှ သင်တန်းသား သင်တန်းသူ များ၏ ကျောက်စိမ်း၊ ကျောက်မျက်၊ ပယင်း အချောထည်ပစ္စည်းအပြင် ကနုကမာအချောထည် လက်မှုပစ္စည်းများကိုလည်း ခင်းကျင်းပြသရောင်းချ ပေးလျက်ရှိသည်။

ကျောက်စိမ်း အတွဲအမှတ် (၁၁၅၁)မှ (၂၃ဝဝ) ထိ တင်ဒါအောင်စာရင်းကို ဇွန် ၂၅ ရက်တွင် ကြေညာသွားမည် ဖြစ်ပြီး ကျောက်စိမ်းအတွဲအမှတ် (၂၃ဝ၁)မှ (၃၄၅ဝ)ထိကိုဇွန် ၂၆ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၃၄၅၁)မှ (၄၆ဝဝ)ထိကို ဇွန်၂၇ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ် (၄၆ဝ၁)မှ (၅၇၅ဝ)အထိကို ဇွန်၂၈ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၅၇၅၁)မှ (၆၇၉၅)ထိကို ဇွန် ၂၉ ရက်တွင်လည်းကောင်း တင်ဒါအောင်စာရင်းများကို ကြေညာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, January 17, 2018

စစ်ကိုင်းမြို့တွင် ဖျက်သိမ်းပေးခြင်းမရှိသည့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဆိုင်ခန်းများကို လေလံတင်၍ ဖျက်သိမ်းသွားမည်ဟုဆို



စစ်ကိုင်း ၁၇-၁-၂ဝ၁၈

စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက်၊ ရတနာစေတီဆင်များရှင် စေတီတော်ဘုရားဝင်း အတွင်းရှိ လာရောက်ဖျက်သိမ်းခြင်း မရှိသည့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဆိုင်ခန်းများကို လေလံတင် ရောင်းချ၍ ဖျက်သိမ်း သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ရတနာ စေတီဆင်များရှင် စေတီတော်ကြီးအား အကြီးစားဘက်စုံပြုပြင် မွမ်းမံမှုများ ပြုလုပ်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက် နေပြီဖြစ်သဖြင့် ဘုရားဝင်းအတွင်းရှိ ဖွင့်လှစ်ရောင်းချခြင်း မရှိတော့သည့် ကျောက်မျက်ရတနာရောင်းဝယ်ရေးဆိုင်ခန်းများမှာ လုံခြုံရေး၊ မီးဘေးအန္တရာယ်နှင့် မလိုလားအပ်သော ကိစ္စရပ်များ အချိန်အခါ မရွေးကြုံတွေ့လာနိုင်သည့်အတွက် ၎င်းဆိုင်ခန်းများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထား၍ ဆိုင်ခန်းပိုင်ရှင်များ လာရောက် ဖျက်သိမ်းပေးရန်နှင့် ဖျက်သိမ်းမပေးပါက ဘုရားဂေါပကအဖွဲ့က ကန်ထရိုက်စနစ်ဖြင့် လေလံတင်ရောင်းချ၍ ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့က အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ သော်လည်း ဆိုင်ခန်း ၁၈ခန်းသာ ဖျက်သိမ်းပေးသောကြောင့် လာရောက်ဖျက်သိမ်းပေးခြင်း မရှိသည့် ကျန်ရှိဆိုင်ခန်းများကို လေလံတင်ရောင်းချ၍ ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် လာရောက်ဖျက်သိမ်း ပေးခြင်းမရှိသည့် ကျန်ရှိဆိုင်ခန်းများကို လေလံတင်ရောင်းချ၍ ဖျက်သိမ်းရန်အတွက် ယခုလ ၁၃ ရက်မှစတင်၍ လေလံလျှောက်လွှာများကို စတင်ရောင်းချ နေပြီဖြစ်ပြီး လျှောက်လွှာဝယ်ယူသူများအနေဖြင့် လေလံလျှောက်လွှာများကို ယခုလ ၂၁ရက် နောက်ဆုံးထား၍ တင်ရမည်ဖြစ်ကာ လေလံတင်ရောင်းချပွဲကို ယခုလ ၂၃ ရက် နံနက် ၁ဝ နာရီတွင် ရတနာစေတီဆင်များရှင် ဘုရားဂေါပကအဖွဲ့ရုံးခန်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ဝင် ဦးအောင်မောင်းက ပြောပြ၍သိရသည်။

#Themyawadydaily

Friday, December 22, 2017

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကျင်းပပြီးစီး ကျောက်မျက်၊ ကျောက်စိမ်းတန်ဖိုး ယူရိုငွေ ၄၃၉ ဒသမ ၃၅သန်းခန့် ရောင်းချနိုင်ခဲ့



နေပြည်တော် ၂၂-၁၂-၂၀၁၇

ဒီဇင်ဘာ ၁၂ ရက်မှ စတင်၍ ၁ဝ ရက် ကြာကျင်းပခဲ့သည့် ၂ဝ၁၇ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီး ကျောက်မျက်၊ ကျောက်စိမ်း စုစုပေါင်းတန်ဖိုး ယူရိုငွေ ၄၃၉ ဒသမ ၃၅
သန်းခန့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဒသမနေ့အဖြစ် ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲ ၆၆၁ တွဲကို ရတနာကုန်သည်များထံ ထပ်မံရောင်းချ ပေးနိုင်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ကျောက်စိမ်းအတွဲ ၉၃၅ တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ပြသရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၆၆၁ တွဲကို စုစုပေါင်းတန်ဖိုးယူရိုငွေ ၇၆ ဒသမ ဝ၉၂ သန်းဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ပြပွဲဒသမနေ့သို့ ပြည်တွင်း၊ ပြည်ပရတနာကုန်သည် စုစုပေါင်းဦးရေ ၄၄၃၂ကျော် တက်ရောက်ခဲ့ကြပြီး ကျောက်မျက်၊ ကျောက်စိမ်းတန်ဖိုးမြင့် အချောထည်များနှင့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်ကြည့်ရှုလေ့လာဝယ်ယူကြသည်။ မွန်းလွဲပိုင်းတွင် မဏိရတနာ ကျောက်စိမ်းခန်းမရှိ ရတနာကုန်သည်မှတ်ပုံတင် အဆောက်အအုံ၌ ၂ဝ၁၇ ခုနှစ်နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲဆိုင်ရာ အရောင်းစာရင်းအချက်အလက်များကို ထုတ်ပြန်ကြေညာသည်။

ရှင်းလင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ တက်ရောက်လာကြသည့် မီဒီယာများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ ၂ဝ၁၇ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်။

ယခု ၂ဝ၁၇ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၃၂တွဲကို တန်ဖိုးငွေယူရို သုည ဒသမ ၇၆၇ သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲ စုစုပေါင်း ၅ဝ၅၄တွဲကို တန်ဖိုးငွေ ယူရိုသန်း ၄၃၈ဒသမ ၅၈၃ သန်းဖြင့်လည်းကောင်း အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချနိုင် ခဲ့ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

Thursday, December 21, 2017

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်းအတွဲ ၇၃ တွဲ ထပ်မံရောင်းချနိုင်ခဲ့



နေပြည်တော် ၂၁-၁၂-၂၀၁၇

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းရှိ ကျောက်မျက်ရတနာ ပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ယနေ့တွင် ကျောက်စိမ်းအတွဲ ၈၇၃ တွဲကို ရတနာကုန်သည်များထံ ထပ်မံရောင်းချ ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျောက်စိမ်းအတွဲ ၁၁၅ဝကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့်ပြသ ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၈၇၃ တွဲကို စုစုပေါင်းတန်ဖိုး ယူရိုငွေ ၁၅၈ ဒသမ ၉၄၂ သန်းခန့်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ပြပွဲနဝမနေ့သို့ ပြည်တွင်း၊ပြည်ပ ရတနာကုန်သည် စုစုပေါင်း ၄၄၂၉ဦးကျော် တက်ရောက်ခဲ့ကြပြီး ကျောက်မျက်၊ ကျောက်စိမ်းတန်ဖိုးမြင့် အချောထည်များနှင့် ကျောက်စိမ်း အတွဲများကို စိတ်ကြိုက်ကြည့်ရှု လေ့လာဝယ်ယူ ကြသည်။

၂ဝ၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ယနေ့အထိ ကျောက်မျက်အတွဲ ၃၂တွဲကို တန်ဖိုးငွေ ယူရိုသုည ဒသမ ၇၆၇သန်း ဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲ ၄၃၉၃တွဲကို တန်ဖိုးငွေယူရို ၃၆၂ ဒသမ ၄၉၁သန်းဖြင့် လည်းကောင်း အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။

၂ဝ၁၇ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို ဒီဇင်ဘာ ၂၁ရက်တွင် ကျောက်စိမ်း အတွဲအမှတ် ၅၇၅၁မှ ၆၆၈၅ထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, August 8, 2017

မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ


မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့မြင်ကွင်းကို တွေ့ရစဉ်။

နေပြည်တော် ၈-၈-၂၀၁၇

(၅၄) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

အဆိုပါပြပွဲတွင် ပြည်တွင်းပြည်ပ ကျောက်မျက်ရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းဝင်းအတွင်း သတ်မှတ်နေရာ များအလိုက် ခင်းကျင်း ပြသထားသည့် မြန်မာ့ကျောက်မျက် ရတနာများကို လေ့လာကြည့်ရှုကြပြီး တင်ဒါများကို လွတ်လပ်စွာ တင်သွင်းလျက်ရှိသည်။

ယနေ့တွင် ယမန်နေ့က တင်ဒါတင်သွင်းခဲ့သည့် ကျောက်စိမ်း၊ ကျောက်မျက်ရတနာ အတွဲများမှ တင်ဒါ အောင်မြင်သူများကို ထုတ်ပြန်ကြေညာပြီး တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ကြသည်။

ဆက်လက်၍ ကျောက်စိမ်းကျောက်မျက် အတွဲအမှတ် ၂၂ဝ၁ မှ ၃၃ဝဝ ကိုလည်းကောင်း၊ အတွဲအမှတ် ၃၃ဝ၁ မှ ၄၄ဝဝ ကို လည်းကောင်း၊ အတွဲအမှတ် ၄၄ဝ၁ မှ ၅၅ဝဝ ကိုလည်းကောင်း၊ အတွဲအမှတ် ၅၅ဝ၁ မှ ၆၅၆၁ ကိုလည်းကောင်း ဆက်လက်ပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌ ယနေ့အထိ ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၂ဝဝ ထိ ပြသရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၁၇၅၁ တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။

#Themyawadydaily

Thursday, August 3, 2017

မြန်မာ့ ကျောက်မျက်ရတနာ နေ့အထိမ်းအမှတ်ပြပွဲတွင် ယူရို ၁၂သန်းတန် ကျောက်စိမ်းတုံး ပြသရောင်းချ



နေပြည်တော် ၃-၈-၂၀၁၇

မြန်မာ့ကျောက်မျက် ရတနာနေ့ အထိမ်းအမှတ် ကျောက်မျက် ပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ယနေ့မှ သြဂုတ် ၁၁ ရက်ထိ ပြသရောင်းချ လျက်ရှိရာ တန်ဖိုးကြီးအဖြစ် ယူရို ၁၂ သန်းတန် ကျောက်စိမ်း တုံးကိုပါ ပြသပေရာင်းချ လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်း ကျောက်မျက်အတွဲ စုစုပေါင်း ၆၈၈၇တွဲ၊ စုစုပေါင်းတန်ဖိုး ယူရို ၂ဝ၈ဒသမ၇၉၉ သန်းဖိုး ပြသရောင်းချ လျက်ရှိပြီး ၆၄ ကီလိုဂရမ်လေး၍ ယူရို၁၂သန်းတန် ကျောက်စိမ်းတုံးနှင့် ၄၆ဝ ကီလိုဂရမ်လေး၍ ယူရို၁ဝဝဝဝတန် ကျောက်စိမ်းခုတင်တို့ကိုပါ ရောင်းချ လျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြပွဲသို့ မြန်မာနိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအပြင် တရုတ်နိုင်ငံသား အများစုလည်း လာရောက်ကြည့်ရှု ဝယ်ယူလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Thursday, July 27, 2017

မိုးညှင်း မိုင်းရှူး လုံးခင်း ဖားကန့်ခန္တီးနှင့် မိုးကုတ်ရတနာနယ်မြေတို့ရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက် ၉ဝဝ ကျော် ယခုလအတွင်း သက်တမ်းကုန်ဆုံးမည်



မိုးညှင်း ၂၇-၇-၂၀၁၇

မိုးညှင်း၊ မိုင်းရှူး၊ လုံးခင်း၊ ဖားကန့်၊ ခန္တီးနှင့် မိုးကုတ်ရတနာနယ်မြေတို့ရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ပေါင်း ၉ဝဝ ကျော်မှာ ဇူလိုင်လအတွင်း သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ထိုသို့ သက်တမ်းကုန်ဆုံးမည့် လုပ်ကွက်များသည် မိုးညှင်းရတနာနယ်မြေတွင် လုပ်ကွက်ပေါင်း ၄၉၃ ခု၊ မိုင်းရှူးရတနာနယ်မြေတွင် လုပ်ကွက်ပေါင်း ၅၁ ခု၊ ခန္တီးရတနာနယ်မြေတွင် လုပ်ကွက်ပေါင်း ၃၂ ခု၊ ဖားကန့်၊
လုံးခင်းရတနာနယ်မြေတွင် လုပ်ကွက်ပေါင်း ၃၇ ခုနှင့် မိုးကုတ်ရတနာနယ်မြေတွင် လုပ်ကွက်ပေါင်း ၂၉၃ ခုတို့ဖြစ်ကြောင်း၊ မိုးညှင်းရတနာနယ်မြေရှိ လုပ်ကွက် ၄၉၃ ခု သည် ၂ဝ၁၂ ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ပြီး
မိုးကုတ်ရတနာနယ်မြေရှိ လုပ်ကွက် ၂၉၃ ခုကို ၂ဝ၁၄ ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ မိုင်းရှူးရတနာနယ်မြေရှိ လုပ်ကွက် ၅၁ ခုကို ၂ဝ၁၄ ခုနှစ်ကလုပ်ကိုင်ခွင့်ပြုခဲ့ပြီး ခန္တီးရတနာနယ်မြေရှိ လုပ်ကွက် ၃၂ ခုကို ၂ဝ၁၂ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ဖားကန့်၊ လုံးခင်းရတနာနယ်မြေရှိ လုပ်ကွက် ၃၇ ခုကို ၂ဝ၁ဝ ပြည့်နှစ်၊ ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်တို့တွင် လုပ်ကိုင်ခွင့်ပြုခဲ့သည်။

လက်ရှိ လုပ်ကွက်သက်တမ်းကုန်ဆုံးမည့် ရတနာနယ်မြေများရှိ လုပ်ကွက်များကို သက်တမ်းတိုးမြှင့်မပေးဘဲ လစ်လပ်လုပ်ကွက်များအဖြစ် ကြေညာထားပြီး ယင်းလုပ်ကွက်များ အတွက် Environmental Management Plan ရေးဆွဲနေကြောင်း၊ ထိုသို့ရေးဆွဲပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရအဖွဲ့တို့မှ လုပ်ကိုင်ခွင့် ရှယ်ယာများ ခွဲဝေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း တူးဖော်ရေး လုပ်ကွက်များတွင် အလွန်အကျွံ တူးဖော်မှုများကြောင့် မြေပြိုခြင်းနှင့် သဘာဝဘေး အန္တရာယ်တချို့ဖြစ်ပေါ် လျက်ရှိနေသည့်အတွက် ထိန်းချုပ်သည့်အနေဖြင့် ယခုနောက်ပိုင်း လုပ်ကိုင်ခွင့်များကိုသာ ခွင့်ပြုနေကြောင်း သိရသည်။

ထို့ပြင် ဇွန်လအတွင်းကလည်း ဖားကန့်၊မိုင်းရှူး၊ လုံးခင်း၊ မိုးကုတ်၊ မိုးညှင်းနှင့် နန့်ယား ဆိပ်ရတနာနယ်မြေတို့ရှိ ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၉၁ ခုသည် သက်တမ်းကုန်ဆုံးခဲ့ကြောင်း၊ ယခုလအတွင်း ကုန်ဆုံးမည့် လုပ်ကွက်များကို ထုတ်ပြန်ထားပြီး ထပ်မံသက်တမ်းတိုးခြင်းများကို ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, June 20, 2017

(၅၄) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကုန်သည်များ လွယ်ကူစွာဝယ်ယူနိုင်ရေး စပေါ်ငွေလျှော့ချပေးရန်ပြင်ဆင်



ရန်ကုန် ၂၀-၆-၂၀၁၇

နေပြည်တော်၌ ကျင်းပမည့် (၅၄) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းကျောက်မျက်များ ပိုမိုလွယ်ကူစွာ ဝယ်ယူနိုင်ရန် နိုင်ငံခြားသားများ ပေးသွင်းရသည့် ယူရိုစပေါ်ငွေများကို လျှော့ချပေး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး (၂) ဦးထွန်းလှအောင်ထံမှ သိရသည်။

''ကျောက်မျက်ရတနာ ပြပွဲတစ်ခုမှာ နိုင်ငံခြားသားတွေအနေနဲ့ ကျောက်စိမ်း အရိုင်းတုံးဆို ယူရိုဘယ်လောက်၊ ကျောက်မျက် ပစ္စည်းအတွက်ဆို ယူရိုဘယ်လောက်ဆိုပြီး စပေါ်ငွေတင်သွင်း ထားရတာတွေရှိပါတယ်။ အခု (၅၄) ကြိမ်မြောက်ကျင်းပမယ့် ကျောက်မျက်ရတနာ ပြပွဲနေ့မှာ လက်ရှိပေးသွင်းနေရတဲ့ နှုန်းထားတွေကို လျှော့ချဖို့ရှိပါတယ်'' ဟု ဦးထွန်းလှအောင်က ဆက်လက်ပြောသည်။

ယမန်နှစ်က နိုင်ငံခြားသားများ ကျောက်စိမ်းအရိုင်းတုံး ဝယ်မည်ဆိုပါက ယူရို ၅ သောင်း စပေါ်တင်ရပြီး ကျောက်မျက်အတွက် ယူရို ၂ သောင်း တင်ရရာမှ ယခု (၅၄) ကြိမ်မြောက်တွင် ကျောက်စိမ်းတုံးအတွက် ယူရို ၅ သောင်းမှ ယူရို ၂ သောင်းသို့ လည်းကောင်း၊ ကျောက်မျက်အတွက် ယူရို ၂ သောင်းမှ ယူရို ၁ သောင်းသို့လည်းကောင်း အသီးသီးလျှော့ချသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ ကျောက်မျက်ရတနာပြပွဲကို သြဂုတ် ၂ ရက်မှ ၁၁ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပမည်ဖြစ်ရာ ပြပွဲအတွင်း၌ ကျောက်မျက်ရတနာ အချောထည်အပြင် ကျောက်အရိုင်းတုံးများကို အဓိက ရောင်းချမည်ဖြစ်ပြီး ပြည်တွင်းကုန်သည်များ သာမက ပြည်ပနိုင်ငံများမှ ကုန်သည်များလည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

ကျောက်မျက်ရတနာပြပွဲကို ပြည်ပနိုင်ငံများမှ လာရောက်လေ့လာနိုင်ရန် နိုင်ငံပေါင်းစုံအား ဖိတ်ကြားထားပြီး တရုတ်နိုင်ငံဈေးကွက်မှ အများဆုံးလာရောက် ဝယ်ယူလေ့ရှိကြောင်း သိရသည်။

#Themyawadydaily

Monday, June 5, 2017

ကျောက်မျက်ရတနာ အခွန်နှုန်းထား မြင့်မားနေခြင်းကြောင့် ငါးနှစ်ကျော်အတွင်း ဈေးကွက်အဆိုးဆုံး အခြေအနေသို့ရောက်ရှိ



မန္တလေး ၅-၆-၂၀၁၇

ကျောက်မျက်ရတနာ အခွန်နှုန်းထားကောက်ခံမှု မြင့်မားနေခြင်းကြောင့် ကျောက်မျက်ရတနာ ဈေးကွက် ငါးနှစ်ကျော်အတွင်း အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဌဦး မြင့်ဟန်က ပြောပြသည်။

၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ကျောက်မျက်ရတနာ အခွန်နှုန်းထားသည် ၁ဝရာခိုင်နှုန်းသာ ကောက်ခံခဲ့သော်လည်း ယခုအခါ ၂ဝ၁၇-၂ဝ၁၈ခုနှစ်၌ ၁၅ရာခိုင်နှုန်းထိ ပေးဆောင်နေကြရသည့် အတွက် ကျောက်သမားများ အနေဖြင့် အခွန်နှုန်းထား များပြားနေခြင်းကြောင့် ဝယ်ယူမှု လျော့ပါးနေကြောင်း ဦးမြင့်ဟန်ထံမှ သိရသည်။

''ဈေးကွက်စီးပွားရေးတစ်ခု ကျဆင်းရတယ်ဆိုတာကလဲ အကြောင်းတရား တစ်ခုထဲတော့ မဟုတ်ပါဘူး။ အကြောင်းခြင်းရာတွေ အများကြီးတိုက်ဆိုင်သွားလို့လဲ ပါပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ အဂတိ တိုက်ဖျက် ရေးစနစ်တွေ ဆက်တိုက်လုပ်လာတဲ့ အပေါ်မှာလဲ မူတည်ပါတယ်။ အဲဒါကြောင့် ကျောက်ကဝယ်လိုအား တွေကျပြီး ဈေးကွက်ပျက် သွားရတာပါ။ အခုလက်ရှိ အခြေအနေကတော့ ကျောက်ဈေးကွက် အဆိုးဆုံးလို့ ပြောလို့ ရပါ တယ်''ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

ကျောက်မျက် ရတနာဈေးကွက် ကျဆင်းသွားရခြင်းမှာ အဓိကဝယ်လက်တစ်ခု ဖြစ်သော တရုတ်နိုင်ငံဘက်မှ ဝယ်လိုအားသိသိသာသာ ကျဆင်းသွားခြင်း၊ ကျောက်မျက်ရတနာ အခွန်နှုန်းထား တိုးမြှင့်ကောက်ခံခြင်း တို့ကြောင့် ဖြစ်ကြောင်း ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ပြောပြသည်။

မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းတွင် နေ့စဉ်နှင့်အမျှ ကျောက်မျက်ရတနာလုပ်ငန်း လုပ်ကိုင်သူဦးရေ တစ်ထောင်ကျော်ထိ ဝင်ထွက်သွားလာ နေကြသော်လည်း တန်ဖိုးနည်းကျောက် ငွေကျပ်သိန်း ၅ဝဝ အောက်ကျောက်များသာ အရောင်းအဝယ် ဖြစ်နေကြောင်းနှင့် တန်ဖိုးမြင့် ကျောက်များသည် ဈေးလျှော့ကာ ရောင်းချမှသာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

#Yadanarpondaily

Monday, March 20, 2017

မူးယစ်ဆေးဝါးများနှင့် တရားမ၀င် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ


ဖမ်းဆီးရမိ မူးယစ်ဆေးဝါး နှင့် တရားမ၀င် ကျောက်စိမ်းတုံးများကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၀-၃-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး၊ ကလိန်အောင်မြို့၏ မြောက်ဘက် ၃၆ မိုင်ခန့်အကွာရှိ မလွှဲတောင် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်စဉ် မတ် ၁၈ ရက် ညနေ ၃ နာရီခန့်တွင် ဦးတင်မိုးလွင် (ဘ) ဦးသာဒွေး မောင်းနှင်လာသည့် SUBARU LEGACY အမျိုးအစား မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရာ ယာဉ်အတွင်းမှ တရားမဝင် ကျောက်စိမ်းဖြတ်စ ၂၇ ခု၊ ကျောက်စိမ်းအရုပ် မျိုးစုံ ရှစ်ခုနှင့် အချောသွေးပြီး ပုံစံစုံ ငါးခုတို့ကို လည်းကောင်း၊ ယာဉ်မောင်းဘေး ထိုင်ခုံလက်ဆွဲအိတ် အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၇ဝ၅ဝ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၁၈ဝဝ ကျော်) ကို လည်းကောင်း တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးများ၊ တရားမဝင် ကျောက်စိမ်းတုံးများ နှင့်အတူ ဖမ်းဆီးရမိ သူအား ကလိန်အောင် မြို့မရဲစခန်း၌ တရားဥပဒေ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Wednesday, March 15, 2017

ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် ကျောက်မျက်ရတနာ အကယ်ဒမီ သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန်စီစဉ်



ရန်ကုန် ၁၅-၃-၂၀၁၇

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ တွင် ကျောက်မျက် ရတနာလုပ်ငန်း နှင့် ပတ်သက်သည့် ကျောက်မျက် ရတနာ အကယ်ဒမီ သင်တန်း ကျောင်းများ ဖွင့်လှစ် နိုင်ရန် စီစဉ် ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင် များအသင်း ၏ မတ် ၈ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ သည့် နိုင်ငံတကာ ကျောက်မျက် ရတနာ ပြပွဲသတင်း သတင်းများ အရ သိရသည်။ 

မြန်မာနိုင်ငံ ကျောက်မျက် ရတနာများ အရည်အသွေး မြင့်တက် လာစေရန်နှင့် နိုင်ငံတကာ ဈေးကွက် မြှင့်တင် နိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် အဆိုပါ ကျောက်မျက် ရတနာ အကယ်ဒမီ သင်တန်းကျောင်း များကို ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက် နေခြင်း ဖြစ်သည်။ 

အဆိုပါ ကျောက်မျက် အကယ်ဒမီ သင်တန်း ကျောင်းများ တွင် ကျောက်မျက် ရတနာ ဒီဇိုင်း ပုံစံများ ပိုမို ကောင်းမွန် လာစေရန် နည်းပညာ ပိုင်းဆိုင်ရာ ဘာသာရပ် များကိုလည်း သင်ကြား ပေးသွား မည်ဖြစ် ကြောင်းသိ ရသည်။ 

အဆိုပါ ကျောက်မျက် ရတနာ နှင့် ပတ်သက်သည့် အကယ်ဒမီ သင်တန်း ကျောင်းများ ကို ဖွင့်လှစ် ဆောင်ရွက်ပေး ခြင်းအားဖြင့် မြန်မာ နိုင်ငံတွင် ကျောက်မျက် ရတနာများ နှင့်ပတ်သက် သည့် ပညာရှင် များကို မွေးထုတ် ပေးနိုင်မည် ဖြစ်သကဲ့သို့ အလုပ်အကိုင်၊ အခွင့်အလမ်းများ၊ တိုးတက် များပြား လာစေရေး အတွက်လည်း အထောက် အကူများ ဖြစ်လာ စေမည် ဖြစ်သည်။

ရန်ကုန်မြို့ နှင့်မန္တလေးမြို့တို့ တွင် ကျောက်မျက် ရတနာ အကယ်ဒမီ သင်တန်း ကျောင်းများ ဖွင့်လှစ်ပေး နိုင်ရေး အတွက် ကျောက်မျက် ရတနာ ပညာရှင်များ၊ ကုန်သည် များနှင့် လုပ်ငန်း ရှင်များက ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

Tuesday, January 3, 2017

မြန်မာ့ခရမ်းစွဲကျောက်များ ပြည်တွင်းကျောက်မျက် ဈေးကွက်ပိုမိုရရှိရန် လိုအပ်



ဘားအံ ၊ ၃-၁-၂၀၁၇

ကရင်ပြည်နယ် ဒေါနတောင်တန်း မှ ထွက်ရှိသော ဒေါနခရမ်းစွဲ ကျောက်များကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများ အထိ ဈေးကွက်ထိုးဖောက် ရောင်းချလျက် ရှိသော်လည်း ပြည်တွင်း ဝယ်လိုအား နည်းနေခြင်း ကြောင့် ပြည်တွင်း ကျောက်မျက် ရတနာ ဈေးကွက်တွင် မြန်မာ့ခရမ်းစွဲ ကျောက်များ ဈေးကွက်ပိုမို ရရှိရန်လို အပ်ကြောင်း ခရမ်းစွဲကျောက် ထုတ်လုပ် ရောင်းချသူ ကိုဝင်းဌေး ထံမှ သိရသည်။

''ကရင်ပြည်နယ်က ထွက်တဲ့ ခရမ်းစွဲကျောက်ကို အိန္ဒိယ၊ တရုတ်၊ ဆော်ဒီအာရေဗျ နိုင်ငံသားတွေက တော်တော်လေး ကြိုက်နှစ်သက် ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာက ဈေးကွက် ဝယ်လိုအား သိပ်မရှိတာကြောင့် ဈေးကွက်မှာ တခြား ကျောက်တွေထက် ရောင်းချရမှုက နည်းပါး နေတယ်။ ဒါကြောင့် ပြည်တွင်း ကျောက်မျက် ဈေးကွက်မှာ ခရမ်းစွဲကျောက်တွေ ဈေးကွက်ပိုမို ရရှိဖို့ လိုအပ်ပါတယ်'' ဟု ကိုဝင်းဌေး က ပြောသည်။

ကရင်ပြည်နယ် ဒေါနတောင်တန်း မှ ထွက်ရှိသော ဒေါနခရမ်းစွဲ ကျောက်များကို မြဝတီမြို့နှင့် ပုဂံမြို့သစ်တို့၌ အရောင်းစင်တာ ဖွင့်လှစ်၍ ရောင်းချမှုများ ရှိပြီး ပြည်တွင်း ကျောက်မျက် ဈေးကွက်အတွင်း ၌ ဈေးကွက်ပိုမို ရရှိလာစေရေး အတွက် ကျောက်မျက် အရောင်းစင်တာ များစွာ ဖွင့်လှစ်ရန် လိုအပ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, November 21, 2016

ပထမဆုံးအနေဖြင့် ပြည်တွင်းကျောက်မျက် ရတနာကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်



မန္တလေး ၊ ၂၁-၁၁-၂၀၁၆

ပထမဆုံး အနေဖြင့် ပြည်တွင်း ကျောက်မျက် ရတနာ ဝယ်ယူသူများကို ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံ လာမှုနှင့် ပတ်သက်၍ မန္တလေး ကျောက်သမား များက မကျေမနပ် ဖြစ်နေကြောင်း မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းရှိ ကျောက်သမားများ ထံမှ သိရသည်။

နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ယမန်နေ့တွင် စတင်ကျင်းပ နေသည့် ကျောက်မျက် ရတနာပြပွဲ (ယူရိုပွဲကြီး) တွင် ပြည်တွင်း ကျောက်မျက် ရတနာ ဝယ်ယူမည့် ကျောက်မျက် ရတနာ ကုန်သည်များ အနေဖြင့် ဝယ်ယူသည့် ကျောက်တန်ဖိုး၏ ငါးရာခိုင်နှုန်းကို ကုန်သွယ်ခွန် အဖြစ် ပေးဆောင် ရမည်ဟု ကျောက်မျက် ရတနာ ပြပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်ထား ကြောင်း၊ ထိုကဲ့သို့ ထုတ်ပြန်ထားမှု အပေါ် ကျောက်သမား အများစုက မကျေမနပ် ဖြစ်နေကြကြောင်း မန္တလေး ကျောက်ကုန်သည် တစ်ဦးထံမှ သိရသည်။

အဆိုပါ ကုန်သွယ်ခွန် ကောက်ခံမှုကို ကျောက်မျက် ရတနာများ ရောင်းချမှု အပေါ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေနှင့် မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေတို့အရ အခွန်အခများ ကောက်ခံမှု ရာခိုင်နှုန်းတွင် ဖော်ပြထားသည်။

ယခင်နှစ်များက ပြုလုပ်ခဲ့သည့် ကျောက်မျက် ရတနာပြပွဲ များတွင် ကုန်သွယ်ခွန် များကို ရောင်းချသည့် ကျောက်မျက်ရတနာ ကုန်သည်များက ၂၈ ရာခိုင်နှုန်း ပေးဆောင် ရသော်လည်း ယခုနှစ်လယ်တွင် ဒုတိယအကြိမ် အဖြစ် ကျင်းပသည့် ကျောက်မျက် ရတနာ ပြပွဲတွင်မူ ရောင်းချသူက ကုန်သွယ်ခွန် ၂၃ ရာခိုင်နှုန်း၊ ဝယ်ယူသူက ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ပေးဆောင် ရတော့မည် ဖြစ်ကြောင်း ကျောက်သမား တစ်ဦးထံမှ သိရသည်။

ကျော်ဝေမင်း

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၅)

Thursday, October 27, 2016

မြန်မာ့ကျောက်စိမ်းသမိုင်းတွင် အကြီးမားဆုံး (လုံးစွပ်) ကျောက်စိမ်း အရိုင်းတုံးကြီးကို မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌ ပြသရောင်းချသွားမည်


ကီလို ၂၀၀၀၀၀ ခန့် (တန်ချိန်-၂၀၀ခန့်) ရှိ လုံးစွပ်ကျောက်စိမ်း အရိုင်းတုံးကြီးကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၇-၁၀-၂၀၁၆

နိုင်ငံတော်နှင့် အကျိုးတူ ဆောင်ရွက်လျက် ရှိသည့် ရတနာ တောင်တန်း ကျောက်မျက် ကုမ္ပဏီ၏ ဖားကန့် ရတနာမြေ မက်လင်ချောင် အကျိုးတူ(၂) လုပ်ကွက် အတွင်းမှ ထွက်ရှိသည့် အလေးချိန် စုစုပေါင်း ကီလို ၂၁ဝဝဝဝ ခန့် (တန်ချိန် -၂၁ဝ ခန့်) ရှိ လုံးစွပ် ကျောက်စိမ်း အရိုင်းတုံးကြီးကို ခွဲစိတ် ပြုပြင်၍ မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပြသရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့လုံးစွပ် ကျောက်စိမ်းတုံး ကြီးသည် ကျောက်စိမ်း သမိုင်းတွင် အကြီးမားဆုံး ဖြစ်ကြောင်း သိရပြီး လျှိုနာကြီးများ ပါဝင်၍ ကတေခွံမဲ (လုံးစွပ်) ဖြစ်ကာ ယမ်းညက်၊ ယမ်းလတ် ရောနှောပါဝင် ဖွဲ့စည်းထားကြောင်း၊ ကျောက်သား မညီသည့် ဖြူကြည် အသားခံ တွင် ပဲကန်စွန်း ကြိုးမျှင်နှင့် ပဲကန်စွန်း လန့်ရိပ် တို့ပါဝင်ကြောင်း၊ ကွမ်းသွေး ကဲ့သို့ အနီရောင် နှင့် အနက်ရောင် အစက်အပြောက် များ ပါဝင်ကြောင်း နှင့် အသားဖြူတွင် အဖြူ  ဆံထိုးမည့် လက္ခဏာများ ပါဝင်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းမှ သိရသည်။

ကျောက်စိမ်းတုံး ကြီးအား တူးဖော်စဉ် လျှိုနာများ ပဲ့ထွက်၍ အလေးချိန် ကီလို- ၁၇၄၆ဝဝ ခန့် (၁၇၄ ဒသမ ၆ဝ တန်ခန့်)၊ ၉၃၂၅-ကီလို (၉ ဒသမ ၃၂ တန်ခန့်)၊ ၁ဝ၂၇၅-ကီလို (၁ဝ ဒသမ ၂၇ တန်ခန့်)၊ ၅၂၈ဝ-ကီလို (၅ ဒသမ ၂၈ တန်ခန့်)၊ ၆၈၂ဝ-ကီလို (၆ ဒသမ ၈၂ တန်ခန့်)နှင့် ကီလို- ၃၇ဝဝ (၃ ဒသမ ၇ဝ တန်ခန့်) ရှိ အစိတ်အပိုင်း ခြောက်ပိုင်း ကွဲထွက်ခဲ့သည်။

အဆိုပါ ကျောက်စိမ်း အရိုင်းတုံး များအား မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်း မှ ဥက္ကဋ္ဌ အဖြစ် ပါဝင်သည့် တန်ဖိုးဖြတ် အဖွဲ့က တန်ဖိုး ငွေကျပ် ၇ ဒသမ ၂၇၈၃ ဘီလီယံ သတ်မှတ်ခဲ့ပြီး နိုင်ငံတော်မှ ရတနာခွန် (တွင်းဝခွန်) ငွေကျပ် ၁ ဒသမ ၄၅၅၆ ဘီလီယံ ရရှိမည် ဖြစ်သည်။

ထို့ပြင် အခွန်အခများ ပေးသွင်းပြီး နောက် အကျိုးတူ စာချုပ်အရ နိုင်ငံတော်မှ ၂၅ ရာခိုင်နှုန်းနှင့် ကုမ္ပဏီမှ ၇၅ ရာခိုင်နှုန်း ရရှိမည် ဖြစ်ပြီး မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ပြသရောင်းချ ပြီးပါက နိုင်ငံတော် အနေဖြင့် အထူး ကုန်စည်ခွန် ၂ဝ ရာခိုင်နှုန်း၊ ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း နှင့် ပြပွဲ ဝန်ဆောင်ခ ၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်သည်။

မင်းမင်းဇော် (ကလေး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)


Tuesday, October 25, 2016

နေပြည်တော်၌ ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲတွင် ယူရိုငွေ အစား အမေရိကန်ဒေါ်လာ ဖြင့် ပြောင်းလဲပေးချေ နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိ



နေပြည်တော် ၊ ၂၅-၁၀-၂၀၁၆

နိုဝင်ဘာလတွင် နေပြည်တော်၌ ကျင်းပမည့် ကျောက်မျက် ရတနာ ပြပွဲတွင် ရတနာ ရောင်းရငွေများကို ယူရိုငွေ အစား အမေရိကန် ဒေါ်လာဖြင့် ပြောင်းလဲပေးချေ နိုင်ရန် ပြည်တွင်း လုပ်ငန်းရှင် များနှင့် ဝန်ကြီးဌာနတို့ ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း ကျောက်မျက် ရတနာပြပွဲ ကျင်းပရေး ဗဟိုကော်မတီမှ သိရသည်။

ယခုနှစ် ပြပွဲတွင် အမေရိကန် နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုမှ ဖြေလျှော့မှု တချို့ ရရှိခဲ့သောကြောင့် အမေရိကန် ကုန်သည်များ ဝင်ရောက် လာနိုင်သဖြင့် ကျောက်မျက် ရတနာ ပြပွဲ၌ ပုံမှန် အသုံးပြုနေသည့် ယူရိုငွေ အစား အမေရိကန် ဒေါ်လာဖြင့် ပြောင်းလဲ ရောင်းချရန် ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။

ဒုတိယ အကြိမ်မြောက် ကျင်းပမည့် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် အမေရိကန် ကုန်သည်များ လာရောက်ရန် ရှိသည်ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင် များက ခန့်မှန်းနေကြ သော်လည်း ပြပွဲ ကျင်းပရန် တစ်လအလို အထိ စာရင်းပေးထားခြင်း မရှိသေးကြောင်း ပြပွဲ ကျင်းပရေး ဗဟိုကော်မတီ မှ သိရသည်။

''ဝန်ကြီးဌာနနဲ့တော့ ညှိနှိုင်းနေတာ တွေရှိတယ်။ အပေါ်ပိုင်း မှာတော့ ညှိနှိုင်းရတာ အဆင်ပြေတယ်။ ဒါပေမဲ့ အောက်ခြေပိုင်းမှာ ငွေကြေးကို လွှဲပြောင်းလုပ်တဲ့ အခါ ယူရို နဲ့ပဲ အဆင်ပြေတာတွေ ရှိနေပါသေးတယ်။ ဒါကြောင့် ပြောင်းလဲဖို့ ရှိ၊ မရှိ ဆွေးနွေးနေတုန်း ပါပဲ'' ဟု ပြပွဲကျင်းပရေး ဗဟိုကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Wednesday, October 5, 2016

ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းရှိသော မြန်မာ့ကျောက်မျက်ရတနာ ထွက်ကုန်များအား အမေရိကန် ကျောက်မျက်ကုန်သည်များ စိတ်ဝင်စား



ရန်ကုန် ၊ ၅-၁၀-၂၀၁၆

မြန်မာနိုင်ငံရှိ ကျောက်မျက် ရတနာ ထွက်ကုန်များ ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင် နိုင်စွမ်းရှိဟု အမေရိကန် ကျောက်မျက် ကုန်သည်များ က မှတ်ချက်ပြုကြပြီး စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

မြန်မာ့ကျောက်မျက် ရတနာများသည် ကမ္ဘာ့နိုင်ငံရှိ ကျောက်မျက် ရတနာများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသဖြင့် မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းဖွံ့ဖြိုး တိုးတက် လာစေရန် နှစ်နိုင်ငံကြား တိုက်ရိုက် ကုန်သွယ်မှု တည်ထောင် နိုင်ရန် အတွက် အထောက်အကူပြု သွားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ ကျောက်မျက် လုပ်ငန်း လုပ်ဆောင်နေမှု များနှင့် ပတ်သက်၍ ပြန်လည် အသိပညာ ရယူခြင်းနှင့် နှစ်ဖက်အတူ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လုပ်ဆောင် သွားနိုင်ရန် မျှော်လင့်ကြောင်း အမေရိကန် ကျောက်မျက် ရတနာ ကုန်သည်များ အသင်းမှ Mr. Jeffrey Bilgare က ပြောသည်။

အမေရိကန်နိုင်ငံ အနေဖြင့် လွန်ခဲ့သော ၃၅ နှစ်ခန့်ကစ၍ ကျောက်မျက် ရတနာ လုပ်ငန်းများနှင့် ပတ်သက်၍ ပွင့်လင်း မြင်သာပြီး အကျင့်ပျက်မှုများ ကင်းစင်စေရန် လုပ်ဆောင် နေသည့်အတွက် မြန်မာနိုင်ငံ အနေဖြင့်လည်း ပြုလုပ်ရန် လိုအပ်ကြောင်း၊ လက်ရှိမြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းကို တန်ဖိုးမြှင့်တင်ပြီး ဖွံ့ဖြိုးလာ စေရန်အတွက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း အနေဖြင့် Master Plan တစ်ခု ရေးဆွဲထားပြီး အစိုးရသို့ တင်ပြထားကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်မှ တစ်ဆင့် ကုန်သွယ်မှု မြှင့်တင် သွားနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်ဝင်း က ပြောသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

Tuesday, July 26, 2016

ဈေးကွက်ကျဆင်းနေခြင်းကို ဖြေရှင်းနိုင်ရန်အတွက် ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းများ ယာယီရပ်ဆိုင်းရန် တင်ပြမည်



မန္တလေး ၊ ၂၆-၇-၂၀၁၆

ကျောက်စိမ်းဈေးကွက် ကျဆင်းနေခြင်း ကို ဖြေရှင်းနိုင်ရေး အတွက် ကျောက်စိမ်း တူးဖော်ခြင်း လုပ်ငန်းများအား ယာယီ ရပ်ဆိုင်းရန် နှင့် တရားဝင် သို့မဟုတ် တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့် ပြည်ပသို့ တင်ပို့ နေခြင်းများကို တားဆီးရန် ကျောက်မျက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူများ စုပေါင်း လက်မှတ်ရေးထိုး ကာ အစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း မန္တလေးမြို့ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး တာဝန်ရှိ သူများထံမှ သိရသည်။

မြန်မာနိုင်ငံ၌ ကျောက်စိမ်း ရောင်းဝယ်ရာ ဒေသများဖြစ်သည့် ကချင်ပြည်နယ် ဖားကန့်ဒေသ၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့၌ ကျောက်စိမ်း ဈေးကွက် ပျက်စီးလာခြင်း နှင့် စပ်လျဉ်း၍ ကျောက်မျက် လုပ်ငန်း လုပ်ကိုင်သူများ အကျပ်အတည်း များဖြင့် ရင်ဆိုင် နေရကြောင်း မန္တလေးမြို့ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်း က ပြောသည်။

မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေတွင် ပြည်ပသို့ နိုင်ငံခြားသုံးဖြင့် တည်ဆဲ ဥပဒေနှင့် အညီ တင်ပို့ ရောင်းချခွင့် ရှိသည်ဟု ပါရှိသဖြင့် ကျောက်စိမ်း ကျောက်မျက် များကို တရားဝင် နှင့် တရားမဝင် လမ်းကြောင်း မျိုးစုံဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ နေခြင်းကြောင့် ပြည်တွင်း ကျောက်စိမ်း ဈေးကွက် အတွင်းသို့ ကျောက်စိမ်း လုံးဝ ဝင်ရောက်မှု မရှိတော့ဘဲ ကျောက်စိမ်း လုပ်ငန်းရှင် များအတွက် အခက်အခဲ များစွာ ဖြစ်ပေါ်လာ ရကြောင်း သိရသည်။

''ကုမ္ပဏီတွေက စက်ယန္တရားကြီး တွေနဲ့ တူးဖော်ရရှိတဲ့ ကျောက်တွေကို ပြည်တွင်း ပြပွဲကို အကုန်ထုတ် မရောင်းဘူး။ ပြည်ပကိုပဲ တိုက်ရိုက်တင်ပို့ ရောင်းချနေတော့ ပြည်တွင်း လုပ်ငန်းရှင်တွေ အနေနဲ့ ရောင်းဖို့ မပြောနဲ့ ဝယ်စရာကျောက် ရှားနေပါတယ်။ အရင်တုန်းက တရုတ်က လာဝယ်တယ်။ ဈေးနှိမ်တာ တစ်ခုပဲ။ အခုတော့ လာမဝယ် ကြတော့ဘူး။ ကုမ္ပဏီ ကလည်း ပြည်ပကိုပဲ ရောင်းတဲ့အတွက် ရေမဆေးကျောက် သမားတွေဆီ က ကျောက်လေးတွေ ကိုပဲ ကျွန်တော်တို့ အားထား နေရတာပါ'' ဟု ကျော်ဇောမင်း ကျောက်စိမ်း ရောင်းဝယ်ရေး မှ ကိုကျော်ဇောအောင် က ပြောသည်။

နေပြည်တော်၌ ကျင်းပပြီးခဲ့သော (၅၃) ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲ ၌လည်း ယူရို သန်း ၅ဝဝ ကျော်ခန့် ရောင်းချခဲ့ရပြီး ယခင်ပြပွဲ များထက် လျော့ကျခဲ့ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန် ထားသည်။

လက်ရှိ မန္တလေးမြို့၌ ကျောက်လုပ်ငန်း လုပ်ကိုင်သူ များနှင့် မိသားစုဝင် များသည် သုံးပုံတစ်ပုံ ရှိသည့်အတွက် သိန်းနှင့် ချီသော လူအများစုမှာ အခက်အခဲ များဖြင့် ရင်ဆိုင် နေရသည်။ ထို့ကြောင့် အဆိုပါ အချက်နှစ်ချက်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လွှတ်တော်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် စသည့် သက်ဆိုင်ရာ အဖွဲ့အစည်း များသို့ ကျောက်သမားများ စုပေါင်းလက်မှတ် ရေးထိုးပြီး အကြံပြုလွှာများ တင်ပြသွားရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ မန္တလေးကျောက် ဈေးကွက် အတွင်းရှိ ကျောက်များမှာ ဖားကန့်ဒေသရှိ ရေမဆေးကျောက် ရောင်းဝယ်သူများ ထံမှ ရရှိသည့် ကျောက်များနှင့် ပြည်တွင်းပြပွဲ များမှ ကျောက်တချို့ ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၅)
Related Posts Plugin for WordPress, Blogger...