Social Icons

Pages

Showing posts with label ဧရာဝတီလင်းပိုင်. Show all posts
Showing posts with label ဧရာဝတီလင်းပိုင်. Show all posts

Monday, August 13, 2018

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း စက်တင်ဘာလ၌ စစ်တမ်းကောက်ယူပြီး ပုံမှန်ခရီးစဉ်ပြန်လည် စတင်မည်



မန္တလေး ၁၃-၈-၂ဝ၁၈

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း လာမည့် စက်တင်ဘာလ၌ စစ်တမ်းကောက်ယူပြီး ပုံမှန်ခရီးစဉ် ပြန်လည်စတင်မည် ဖြစ်ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ ဦးဟန်ဝင်းက ပြောပြ၍ သိရသည်။

ဧရာဝတီမြစ်အတွင်း မန္တလေးမှ ကျောက်မြောင်းအပါအဝင် ထိန်းသိမ်းရေးဧရိယာ ပြင်ပဘက်တွင် ဧရာဝတီလင်းပိုင်များ ကျက်စားလျက်ရှိကြောင်း၊ ၎င်းလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးအတွက် ထိန်းသိမ်းရေး ဧရိယာအတွင်း လင်းပိုင်နှင့် ကွန်ပစ်ငါးဖမ်းသည့် ကျေးရွာများကို အသိပညာပေး လုပ်ငန်းများ ဆက်တိုက်လုပ်ဆောင် ပေးလျက်ရှိကြောင်း သိရသည်။

"လင်းပိုင်တွေ မျိုးသုဉ်းပျောက်ကွယ် သွားနိုင်တဲ့ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးမှုတွေကိုလဲ မပြုလုပ်ဖို့ တားဆီးပိတ်ပင် အရေးယူနေပါတယ်။ အခုလဲ လင်းပိုင်နဲ့ကွန်ပစ် ငါးဖမ်းတဲ့ကျေးရွာတွေမှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းတွေကို ဖော်ဆောင်နေပါတယ်"ဟု ၎င်းက ပြောပြသည်။

လာမည့် စက်တင်ဘာလတွင် ဧရာဝတီမြစ် မန္တလေးမှ ကျောက်မြောင်း ထိန်းသိမ်းရေး ဧရိယာအတွင်း ပုံမှန်စစ်တမ်း ကောက်ယူသည့် ခရီးစဉ်ကို စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ယခုလက်ရှိဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာဖြစ်သည့် မန္တလေးမှ ကျောက်မြောင်းအတွင်း လင်းပိုင်အကောင်ရေ ၂၆ ကောင်ခန့် ကျက်စားလျက်ရှိကာ ထိန်းသိမ်းရေးဧရိယာ ပြင်ပဖြစ်သည့် ဗန်းမော်ဘက်၌ လင်းပိုင်အကောင်ရေ ၅ဝကျော်
ကျက်စားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဧရာဝတီလင်းပိုင်နှင့် ကွန်ပစ်ငါးဖမ်းသည့် ကျေးရွာများတွင် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ၎င်းကျေးရွာများ အတွင်း၌ Community Guest House များ ဆောက်လုပ်ပေးရန်လျာထားကြောင်း၊ အလားတူ ဧရာဝတီမြစ် မန္တလေးဆိပ်ကမ်း ၌လည်း သင်္ဘောပေါ်တွင်လင်းပိုင် ထိန်းသိမ်းရေး ပြခန်းအဖြစ်ထားရှိ ပေးထားကြောင်း သိရသည်။

"အဓိကကတော့ ဧရာဝတီလင်းပိုင်တွေ ဧရာဝတီမြစ်ထဲမှာ နေထိုင်ကျက်စား နေတာကို နိုင်ငံတကာက ခရီသွားဧည့်သည်တွေ သိရှိအောင်၊ လေ့လာလို့ရအောင်၊ ဧရာဝတီလင်းပိုင်နဲ့ ပတ်သက်တဲ့အကြောင်းအရာ အချက်အလက်တွေကို မန္တလေးဆိပ်ကမ်းက သင်္ဘောပေါ်မှာ ပြသပေးထားပါတယ်။ အခမဲ့လာရောက် လေ့လာနိုင်ပါတယ်"ဟု၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

Friday, July 13, 2018

ဧရာဝတီလင်းပိုင်(အမ) တစ်ကောင် ထပ်မံသေဆုံး



မန္တလေး ၁၃-၇-၂ဝ၁၈

ဧရာဝတီလင်းပိုင် (အမ)တစ်ကောင် ထပ်မံသေဆုံးခဲ့ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဧရာဝတီ လင်းပိုင်အသေကို မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ဆင်သေကျေးရွာ အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာငါးလုပ်ငန်း ဦးစီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် သတင်းပေးပို့ခဲ့ရာ တာဝန်ရှိသူများမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဧရာဝတီလင်းပိုင်သေကို မြေမြှုပ်ခဲ့ကြောင်း သိရသည်။

"စစ်ဆေးတွေ့ရှိချက် တွေအရဆိုရင် မြစ်အတွင်းမှာ ရေစီးတဲ့အတိုင်း မျောပါလာတာပါ။ ဧရာဝတီလင်းပိုင် အသေက လွန်ခဲ့တဲ့ လေးငါးရက်ခန့်က သေဆုံးတာလို့ ခန့်မှန်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လင်းပိုင်အသေ တွေ့တွေ့ချင်းမှာ သေဆုံးနေတဲ့ လင်းပိုင်က ပုပ်ပွနေပြီး အရေခွံတွေတောင် မရှိတော့ပါဘူး။ ဘယ်လိုမျိုး သေဆုံးတာလဲ ဆိုတာကိုတော့ အတိအကျ မပြောနိုင်ပါဘူး"ဟု ၎င်းက ပြောပြသည်။

ယခုလက်ရှိ ဧရာဝတီမြစ်ရေ တိုးလာသည့် အချိန်ဖြစ်သည့် အတွက်မည့်သည့် နေရာတွင် သေဆုံး၍ မျောပါလာသည်ကို အတိကျ မသိရှိနိုင်ကြောင်း၊ ငါးဖမ်းပိုက်များနှင့် ငြိတွယ်၍ သေဆုံးနိုင်သည့် အပြင်ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီးမှု ကြောင့်လဲ ထိခိုက်၍ သေဆုံးခြင်းလည်း ဖြစ်နိုင်ကြောင်း သိရသည်။

"လင်းပိုင်တွေရဲ့သက်တမ်းက နှစ် ၄ဝနဲ့ ၅ဝကြားရှိပါတယ်။ တချို့လင်းပိုင်တွေက အသက်ကြီးလို့ သေဆုံးတာလဲ ရှိပါတယ်။ အရွယ်မတိုင်မီ လူ့ပယောဂကြောင့် ပိုက်နဲ့ ငြိတာတို့ ဘက်ထရီရှော့ခ်တိုက်ခံရလို့ သေဆုံးတာရယ် မိခင်နဲ့ အုပ်စုကွဲပြီးတော့ အသက်မရှူတတ်လို့ မွေးကင်းစမှာတင် သေဆုံးတာတွေရှိပါတယ်" ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လထိ ခြောက်လတာ ကာလအတွင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ၌ ဧရာဝတီလင်းပိုင် သုံးကောင် သေဆုံးခဲ့ပြီး ယခုလင်းပိုင်(အမ) တစ်ကောင် ထပ်မံသေဆုံးခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီမြစ်အတွင်း မျောပါလာသည့် လင်းပိုင်အသေသည် အလျား ၅ ပေ ၉ လက်မခန့်ရှိပြီး လုံးပတ်အနေဖြင့် ပုပ်ပွနေသည့်အတွက် တိုင်းတာမှုအမှန် မရရှိနိုင်ကြောင်း၊ ယခုသေဆုံးခဲ့သည့် ဧရာဝတီလင်းပိုင်သည် ထိန်းသိမ်းရေး ဧရိယာအတွင်းမှ လင်းပိုင်ဖြစ်နိုင် ခြေမရှိဘဲ ထိန်းသိမ်းရေး ပြင်ပလင်းပိုင်ဖြစ်နိုင်ကြောင်း သိရသည်။

#Themyawadydaily

Thursday, June 28, 2018

မွေးကင်းစ ဧရာဝတီလင်းပိုင် တစ်ကောင် သေဆုံး



မန္တလေး ၂၈-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် စိန်ကျွန်းကျေးရွာ အနီးတွင် ဇွန် ၂၆ ရက် ညနေ ၃ နာရီက မွေးကင်းစဧရာဝတီ လင်းပိုင်တစ်ကောင် သောင်တင်နေသည်ကို နိုင်ငံခြားသားများ ပို့ဆောင်ပေးနေသည့် မော်တော်ယာဉ်မှ တွေ့ရှိခဲ့ပြီး ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့စဉ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ ဦးဟန်ဝင်းထံမှ သိရသည်။

ဧရာဝတီလင်းပိုင် များသည် မိခင်မှမွေးထုတ် လိုက်သည့် အချိန်တွင် အသက်ရှူခြင်းနှင့် ရေကူးခြင်းများကို မလုပ်ဆောင်နိုင်ကြောင်း၊ မိခင်သင်ကြားပေးမှသာ လုပ်ဆောင်နိုင်သည့်အတွက် မိခင်နှင့်ကွဲသွားသည့် အချိန်တွင် ယခုကဲ့သို့ သေဆုံးရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

"အခုသေတဲ့ ဧရာဝတီလင်းပိုင်က မွေးကင်းစပဲရှိပါသေးတယ်။ မွေးမွေးချင်း သောင်တင်နေတာဆိုတော့ အများကြီးတွေးလို့ ရပါတယ်။ မွေးမွေးချင်းဘာတွေ ဖြစ်ခဲ့လဲဆို တာကိုတော့ မသိနိုင်ပါဘူး။ ဖြစ်နိုင်ခြေ အများဆုံးကတော့ မိခင်နဲ့ အုပ်စုကွဲသွားလို့ အခုလိုမျိုးဖြစ်တာ လို့ မြင်ပါတယ်"ဟု ၎င်းက ပြောပြသည်။

"အခုချိန်က ငါးရစ်ငါးသန် ကာလဆိုတော့ လင်းပိုင်တွေ အစာရှာရင်းနဲ့ အုပ်စုကွဲသွားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် လှိုင်းလုံးတွေကြောင့် ကွဲသွားတာလဲ ဖြစ်နိုင်တယ်။ ဒီလို ဖြစ်စဉ်မျိုး အရင်လတုန်းကလဲ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် အသိပညာပေးတဲ့အခါမှာ လင်းပိုင်သားပေါက်တွေကို တွေ့ရှိခဲ့ရင် ဘယ်လိုပြုစု ထိန်းသိမ်းပေးရ မလဲဆိုတာတွေကိုလဲ ထည့်သွင်း သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

သဘာဝသတ္တဝါများ ဖြစ်သည့်အတွက် သဘာဝအတိုင်း ပြန်လွှတ်ပေးခြင်း၊ ကုန်းပေါ်တွင် သောင်တင်တွေ့ရှိပါက ရေစိုအဝတ်ဖြင့်အုပ်၍ နှာခေါင်းပေါက်ဖွင့် ပြုစုပေးခြင်း စသည့်အချက်များ ပြုလုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါဧရာဝတီ လင်းပိုင်သည် အလျားသုံးလက်မ၊ လုံးပတ်အရွယ် တစ်ပေ ၁၁ လက်မအထီးသားပေါက် ငယ်ဖြစ်ကြောင်း၊ သေဆုံးသွားသည့် လင်းပိုင်ငယ်ကို ဆေးရည်စိမ်၍ ပညာပေးပြခန်းတွင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Friday, June 22, 2018

ဧရာဝတီမြစ် လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ၂ဝဝ၆ခုနှစ်တွင် ၁၈ ကောင်သာရှိသော်လည်း ၁ဝ နှစ်ကျော်ကာလအတွင်း ခုနစ်ကောင်ခန့်တိုးလာ



ရန်ကုန် ၂၂-၆-၂ဝ၁၈

ဧရာဝတီမြစ် လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ၂ဝဝ၆ခုနှစ်တွင် ၁၈ ကောင်သာ ရှိသော်လည်း ၁ဝ နှစ်ကျော်ကာလအတွင်း ခုနစ်ကောင်ခန့် တိုးလာကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်းက ပြောပြသည်။

ဧရာဝတီမြစ်၏ မန္တလေးမှ ကျောက်မြောင်း လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ဧရာဝတီလင်းပိုင်များမှာ ငါးလုပ်ငန်း ဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့နှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) တို့ ပူးပေါင်းထိန်းသိမ်း စောင့်ရှောက်ကာ ၎င်းလင်းပိုင်များ စစ်တမ်းကောက်ယူမှု အရ ၂ဝဝ၆ ခုနှစ်တွင် လင်းပိုင် အကောင်ရေမှာ ၁၈ ကောင်ခန့်သာ ရှိခဲ့သော်လည်း ယခုနှစ်ဖေဖော်ဝါရီ လအတွင်း ကောက်ယူခဲ့သည့် စစ်တမ်း များအရ ထိန်းသိမ်းရေး ဧရိယာအတွင်း၌ ၂၅ ကောင်ခန့်ထိ နေထိုင်ကျက်စား လျက်ရှိကြောင်း သိရသည်။

"ဧရာဝတီမြစ်အတွင်းမှာ လင်းပိုင်ထိန်းသိမ်းရေး အနေနဲ့ အောင်မြင်မှုက တော့ရှိပါတယ်။ တစ်နှစ်တစ်ကြိမ် လောက်တော့ လင်းပိုင်ပျမ်းမျှ တစ်ကောင်နှုန်းက သဘာဝဘေး အန္တရာယ်ကြောင့်နဲ့ တချို့ဘက်ထရီ ရှော့ခ်တိုက်တာ တွေကြောင့် သေဆုံးမှုတွေရှိတယ်။ လင်းပိုင်သေဆုံး ပေမယ့်လဲ လင်းပိုင် သားပေါက်တာက တစ်နှစ်ကို အနည်းဆုံးတစ်ကောင်နဲ့ နှစ်ကောင် ကြားမှာရှိတယ်။ ဒီတော့ သေတာနဲ့ ပြန်ပေါက်တာနဲ့ မျှခြေအနေအထား မှာရှိတယ်"
ဟု ၎င်းက ဆက်လက်ပြောပြသည်။

လက်ရှိလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် အကောင်ရေ တိုးပွားလာမှုကြောင့် အောင်မြင်မှုအနေဖြင့် အတိုင်းအတာ တစ်ခုထိ ခရီးရောက်နေပြီ ဖြစ်ကြောင်း၊ အလားတူ ဧရာဝတီ လင်းပိုင်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်နှင့် အောင်မြင်မှု ရရှိစေရေး လင်းပိုင်နှင့် ကွန်ပစ်ငါးဖမ်းသည့် ကျေးရွာများတွင် ဘက်ထရီဖြင့်ရှော့ခ်တိုက် ငါးဖမ်းဆီးမှုများကို အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အရှေ့တောင်အာရှ နိုင်ငံတချို့မှ ခရီးသွားဧည့်သည် များအနေဖြင့် ဧရာဝတီလင်းပိုင်နှင့် ကွန်ပစ်ငါးဖမ်းသည့် ဓလေ့များကို လာရောက်ကြည့်ရှုမှုများ ရှိနေပြီး ခရီးသွားရာသီ ကာလများတွင်လည်း ဥရောပ နိုင်ငံမှခရီးသွားများ လာရောက်လည်ပတ် လျက်ရှိကြောင်း၊ လက်ရှိဧရာဝတီ မြစ်ထိန်းသိမ်းရေး ဧရိယာအပြင် ဧရိယာပြင်ပ၌ လင်းပိုင်အကောင်ရေ စုစုပေါင်း ၇၆ ကောင်ထိ စစ်တမ်းကောက်ယူ ထားပြီးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, June 18, 2018

ဧရာဝတီလင်းပိုင်များကို လာရောက်ကြည့်ရှုသော ပြည်တွင်း၊ ပြည်ပခရီးသွားများ ယခင်နှစ်ထက် သုံးဆခန့် ပိုမိုများပြားလာ



မန္တလေး ၁၈-၆-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး မင်းကွန်းမှ စိန်ပန်းကုန်းထိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းမှ ဧရာဝတီလင်းပိုင်များကို လာရောက် လေ့လာကြည့်ရှုသော ပြည်တွင်း၊ ပြည်ပခရီးသွားများ ယခင်နှစ်ထက် သုံးဆခန့် ပိုမိုများပြားလာကြောင်း ဆင်ကျွန်းကျေးရွာမှ လင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးမောင်လေးက ပြောပြ၍ သိရသည်။

လက်ရှိလင်းပိုင်များကို မန္တလေး-ဗန်းမော်ကြား လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ဧရိယာသုံးခု ခွဲခြား၍ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိရာ မင်းကွန်း-ကျောက်မြောင်းကြားတွင် လင်းပိုင် ၂၆ကောင်၊စဥ့်ကူဒ-ထီးချိုင့်ကြားတွင် လင်းပိုင် ၁၃ ကောင်၊ ကသာ-ရွှေဂူ-ဗန်းမော်ကြားတွင် လင်းပိုင် ၃၇ကောင်ရှိကြောင်း သိရသည်။

ဧရာဝတီလင်းပိုင်ကို လာရောက် လေ့လာကြည့်ရှုမှုက နိုင်ငံခြားသားတွေသာမက ပြည်တွင်း ခရီးသွားတွေလည်း တစ်နှစ်ထက် တစ်နှစ် ပိုများလာပါတယ်။ ဒါကလဲ ငါးလုပ်ငန်းဦးစီးဌာန WCS တို့နဲ့ ဒေသခံတွေ ပူးပေါင်းမှု ရလဒ်ပါ။ ပြည်ပခရီးသွားတွေကို လိုက်ပြရတာက ခရီးသွားရာသီမှာ ပိုများတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ထို့ပြင် ကျေးရွာလူထု အခြေပြုခရီးသွား လုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း မပြုလုပ်မီက ရေလုပ်သားများနှင့် ကျေးရွာလူထုအတွက် အကျိုးအမြတ် နည်းပါးခဲ့ပြီး လက်ရှိအချိန်တွင် ကျေးရွာလူထုအခြေပြုခရီးသွားလုပ်ငန်းမှာ အောင်မြင်လာပြီ ဖြစ်သောကြောင့် ကျေးရွာနေ ပြည်သူများအတွက် အကျိုးအမြတ်ရရှိလာကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ ဦးဟန်ဝင်းက ပြောပြ၍ သိရသည်။

"ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းနဲ့ လင်းပိုင်ပြသရေး လုပ်ငန်းက ထိုက်သင့်တဲ့ အောင်မြင်မှုရနေပြီလို့ ပြောလို့ရတယ်။ ဒီကျေးရွာအခြေပြု အကောင်အထည် မဖော်ခင်က လင်းပိုင်တွေ ကိုခရီးသွားတွေက သူတို့အစီအစဉ်နဲ့သူတို့ လာကြည့်ကြတယ်။ အကျိုးအမြတ်က လိုက်ပို့တဲ့သင်္ဘော ပိုင်ရှင်တွေနဲ့ ခရီးသွားလုပ်ငန်း ကုမ္ပဏီပိုင်ရှင်တွေပဲ ရကြတယ်။ လင်းပိုင်ခေါ်ယူပြသပေးတဲ့ အခကြေးငွေက သူတို့ပေးချင်တဲ့နှုန်း ထားပဲရတယ်။ ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း လုပ်လိုက်တဲ့အခါမှာ ရေလုပ်သားနဲ့ ပတ်သက်တဲ့ ကျေးရွာကလူတွေလဲ အကျိုးအမြတ်ရရှိလာတယ်"ဟု ၎င်းက ပြောပြသည်။

ဧရာဝတီလင်းပိုင် လာရောက်ကြည့်ရှုသူ စာရင်းများအရ ၂ဝ၁၆ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွား ၇၃ ဦး၊ ပြည်တွင်းခရီးသွားဦးရေ ၉ဝ၊၂ဝ၁၇ ခုနှစ်တွင်နိုင်ငံခြားသား ၉၅ ဦး၊ ပြည်တွင်းခရီးသွား ၁၈၃ဦးနှင့်၂ဝ၁၈ခုနှစ် ဇန်နဝါရီမှ မေလထိ နိုင်ငံခြားခရီးသွား ၁၈၅ ဦး၊ ပြည်တွင်းခရီးသွားဦးရေ ၄ဝဝကျော် လာရောက် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

#Themyawadydaily

Thursday, May 3, 2018

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း ဧပြီနောက်ဆုံးပတ်က လင်းပိုင်သားပေါက် တစ်ကောင်တွေ့ရှိ



မန္တလေး ၃-၅-၂ဝ၁၈

မင်းကွန်း- ကျောက်မြောင်းကြား ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ဧပြီ နောက်ဆုံးပတ်က လင်းပိုင်သား ပေါက်တစ်ကောင် တွေ့ရှိကြောင်း လင်းပိုင် ထိန်းသိမ်းရေး ဧရိယာရှိ ရေလုပ်သား ခေါင်းဆောင် ဦးမောင်လေးထံမှ သိရသည်။ အဆိုပါ လင်းပိုင်သားပေါက်ကို လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ဝက်လက်မြို့နယ် အင်တောင်းကျေးရွာ အနီးဧရာဝတီမြစ်၌ တွေ့ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနက ယနေ့တွင် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

''ဒီနှစ် စစ်တမ်းကောက်ယူမှုအရ ထိန်းသိမ်းရေး ဧရိယာထဲမှာ လင်းပိုင် သားပေါက်ရှိတာ မတွေ့ရဘူး။ ရေလုပ်သားတွေ ပြောသလို သားပေါက်တစ်ကောင် တွေ့တယ်ဆိုရင် ဒါက ဒီနှစ်ထဲမှာ ပေါက်တဲ့ အကောင်ဖြစ်မှာပါ'' ဟု ငါးလုပ်ငန်း ဦးစီးဌာန လင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်းက ပြောသည်။

မျိုးသုဉ်းပျောက်ကွယ် လုနီးပါးဖြစ်နေသော ဧရာဝတီလင်းပိုင်များကို ၂ဝဝ၂ ခုနှစ်မှစတင်၍ နှစ်စဉ် ဖေဖော်ဝါရီလ များတွင် ငါးလုပ်ငန်း ဦးစီးဌာနက စစ်တမ်းကောက်ယူခြင်းနှင့် ဒေသခံများအား အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယခုနှစ် စစ်တမ်းကောက်ယူမှုတွင် လင်းပိုင် ၇၆ကောင်တွေ့ရှိရာ ၁၆နှစ်အတွင်း စံချိန်တင် တွေ့ရှိခြင်းဖြစ်သည်။ ယခုနှစ် စစ်တမ်း ကောက်ယူမှုတွင် မန္တလေးမှ ဗန်းမော် အထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် တွေ့ရှိခဲ့သည့် လင်းပိုင် ၇၆ကောင်တွင် သားပေါက်သုံးကောင် ပါဝင်လာကာ ထိန်းသိမ်းရေး ဧရိယာ မင်းကွန်း- ကျောက်မြောင်း ကြား တွင် လင်းပိုင် ၂၆ကောင် နေထိုင်နေကြောင်း သိရသည်။

#Themyawadydaily

Thursday, January 11, 2018

ကသာမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ရေစီးနှင့် မျောပါသေဆုံးနေသော ဧရာဝတီလင်းပိုင် အထီးတစ်ကောင်ကို အောင်ချမ်းသာ ကျေးရွာအနီးတွေ့ရှိ



ကသာ ၁၁-၁-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အောင်ချမ်းသာ ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်အတွင်း ရေစီးနှင့် မျောပါသေဆုံးနေသော ဧရာဝတီလင်းပိုင် အထီးတစ်ကောင်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါလင်းပိုင်မှာ အရှည်ခုနစ်ပေ၊ လုံးပတ် လေးပေ လေးလက်မ၊ အမြီးရေယက် နှစ်ပေ တစ်လက်မ၊ ရှေ့ရေယက်တစ်ပေ လေးလက်မ၊ ကျော သုံးလက်မရှိပြီး ငယ်ထိပ်နားရှိနေရာတွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် သက်ကြီးလင်းပိုင် ဖြစ်ကြောင်း သိရသည်။

"ကျေးရွာအနီးမှာရှိတဲ့ မော်တော်ကနေ ရေအရင်းမြစ်ဌာနကိုအကြောင်း ကြားပါတယ်။ အဲဒီကနေ ငါးလုပ်ငန်းဦးစီးဌာနကို ၁ဝနာရီကျော်မှာ သတင်းရောက်တယ်။ သတင်းရတာနဲ့ တာဝန်ရှိသူတွေ ချက်ချင်း ကျေးရွာကို သွားရောက်ခဲ့ပါတယ်။ လင်းပိုင်ကို သေချာစစ်ဆေး ကြည့်ရှုမှတ်တမ်းယူပြီး သဖန်းကိုင်းကျေးရွာ အနီးက သောင်ပြင်မှာ မြှုပ်နှံခဲ့ပါတယ်" ဟု ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာန အငယ်တန်းစာရေး ဦးကျော်ဝင်းဆွေက ပြောပြသည်။

သေဆုံးနေသည့် လင်းပိုင်ကို ကသာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကိုလတ်၊ အငယ်တန်းစာရေး ဦးကျော်ဝင်းဆွေ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဝင်းမြင့်၊ အလုပ်အမှုဆောင် ဦးမောင်မြင့်နှင့် ဦးထွန်းဝေတို့က လိုအပ်သည်များကို တိုင်းတာစစ်ဆေး၍ မှတ်တမ်းယူခဲ့ကြကြောင်း သိရသည်။

"အောင်ချမ်းသာကျေးရွာအနီး ဧရာဝတီမြစ်အတွင်းမှာ လင်းပိုင်တွေအမြဲကျက်စား တတ်ပါတယ်။ နှစ်ကောင်၊သုံးကောင်လောက် သဲသောင်ပြင်စပ်နားမှာ နားနေတာမျိုး တွေတွေ့ဖူးပါတယ်" ဟု အောင်ချမ်းသာ ကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးမျိုးဇော်ထွန်းက ပြောပြသည်။

ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ် ဒီဇင်ဘာ ၁၇ ရက်ကလည်း ကျောက်ပုံရွာ အနီးအလျားခုနစ်ပေ ခြောက်လက်မ၊ လုံးပတ် လေးပေ ရှစ်လက်မရှိ လင်းပိုင်အမတစ်ကောင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

#Yadanarpondaily

Monday, October 23, 2017

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာတိုးချဲ့နိုင်မည် ဆိုပါက ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်




မန္တလေး ၂၃-၁၀-၂၀၁၇

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာတိုးချဲ့နိုင်မည်ဆိုပါက ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်ကုန်းငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ယခုလက်ရှိအချိန်တွင် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာတိုးချဲ့နိုင်ရန်အတွက် သုတေသန လုပ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိပြီး မန္တလေးမြို့မှ ကချင်ပြည်နယ် ဗန်းမော်ထိသုတေသန လုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

"အခု သုတေသနလုပ်တာက လင်းပိုင်ဧရိယာ တိုးချဲ့နိုင်ရေးအတွက် မျှော်မှန်းထားတာပါ။ ဘယ်အထိ တိုးချဲ့မလဲဆိုရင် တတိယမြစ်ကျဉ်း အထက်ဘက်က နေပြီးတော့ မလယ်မြို့ ဒုတိယမြစ်ကျဉ်း အောက်ဘက် ရွှေကူထိတိုးချဲ့သွားဖို့ မျှော်မှန်းထားပါတယ်" ဟု ၎င်းက ပြောပြသည်။

အဆိုပါ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာတိုးချဲ့ နိုင်မည်ဆိုပါက ယခင်ကရှိခဲ့သည့် ထိန်းသိမ်းရေးဧရိယာကဲ့သို့ လင်းပိုင်ကြည့်ရှုရင်း ကျေးရွာအတွင်း လုပ်ကိုင်နေကြသည့် မိရိုးဖလာလုပ်ငန်းများနှင့် အထင်ကရနေရာများကို နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက် လေ့လာမှုများ ရှိလာနိုင်မည်ဖြစ်ပြီး ကျေးရွာခရီးသွား လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

"တိုးချဲ့မယ့် ဧရိယာအတွင်းမှာ လောလောဆယ်တော့ စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်နေပါတယ်။ ကျေးရွာတွေကို လင်းပိုင်နဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေ၊ ဟောပြောမှုတွေကို ဆောင်ရွက်နေပါတယ်။ တကယ်လို့ လင်းပိုင်ထိန်းသိမ်းရေးဧရိယာ အမှန်တကယ် တိုးချဲ့နိုင်မယ်ဆိုရင် ထိန်းသိမ်းရေး ဧရိယာအတွင်း ကျေးရွာတွေမှာရှိတဲ့ အထင်ကရနေရာတွေ၊ ရှေးဟောင်းဘုရားတွေကို လင်းပိုင်ကြည့်ရင်းနဲ့ နိုင်ငံခြားသားတွေ ဝင်လာနိုင်ပြီးတော့ ကျေးရွာ ခရီးသွားလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ တိုးချဲ့နိုင်မည်ဆိုပါက မန္တလေးကျောက်မြောင်း ထိန်းသိမ်းရေး ဧရိယာကဲ့သို့ တစ်လလျှင် နှစ်ကြိမ်၊ သုံးကြိမ်ထိန်းသိမ်းမှု လုပ်ငန်းစဉ်များကို သက်ဆိုင်ရာငါးလုပ်ငန်း ဦးစီးဌာနနှင့်ပူးပေါင်း၍ ပိုမိုဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

#Themyawadydaily

Tuesday, October 17, 2017

ယခုလတွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းအတွက် ကျေးရွာတစ်ရွာ ထပ်မံတိုးချဲ့



စစ်ကိုင်း ၁၇-၁၀-၂၀၁၇

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာအစီအစဉ်) နှင့် သစ်တောဦးစီး ဌာနတို့ပူးပေါင်း၍ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး အင်တောင်းကျေးရွာကို ယခုလအတွင်း ထပ်မံတိုးချဲ့ခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ Ecotourism Manager ဦးသန့်ဇင်ထံမှ သိရသည်။

ဧရာဝတီလင်းပိုင်များကို ကျေးရွာလူထုနှင့် ပူးပေါင်း၍ မန္တလေးတိုင်း ဒေသကြီးရှိ ဆင်ကျွန်း၊ အေးကျွန်း၊ စိန်ပန်းကုံး၊ စည်းသည်၊ မြေစွန်းနှင့် မြစ်ကမ်းကြီး စသည့်ကျေးရွာတို့၌ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဖြင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက် လျက်ရှိရာမှ ကျေးရွာတစ်ရွာ ထပ်မံတိုးခြင်းဖြစ်ပြီး လာမည့်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွာသစ်ကိုလည်း ထပ်မံတိုးချဲ့မည်ဖြစ်သည်။

''ဧရာဝတီလင်းပိုင်ကို ကျေးရွာလူထုနဲ့ ပူးပေါင်းထိန်းသိမ်းနိုင်အောင် ကော်မတီဖွဲ့ထားတာ။ အဓိကကတော့ ကျေးရွာမှာ အလုပ်အကိုင်အခွင့်အလမ်း လည်းရမယ်။ ဝင်ငွေလည်းရမယ်။ ဧရာဝတီလင်းပိုင်တွေ အပေါ်မှာလည်း ပိုပြီးတော့ထိန်းသိမ်းနိုင်အောင်၊ နောက်ပြီး လင်းပိုင်တွေအပေါ် ကျရောက်နေတဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေ လျော့ကျသွားအောင်လို့ ရွာသူရွာသားတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးလိုက်ရင် ဧရာဝတီလင်းပိုင် တွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေလည်း လျော့နည်းသွားမှာပါ'' ဟု ဦးသန့်ဇင်က ပြောသည်။

ဧရာဝတီလင်းပိုင်များကို ပိုမိုထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိရာ ကျေးရွာခုနစ်ရွာ၌ လင်းပိုင်ထိန်းသိမ်းမှု လိုက်ပြရေးအဖွဲ့၊ ထမင်းချက်အဖွဲ့၊ ကျေးရွာဧည့်လမ်းညွှန်အဖွဲ့နှင့် နွားလှည်းပို့ဆောင်ရေး စသည်ဖြင့် အဖွဲ့များခွဲ၍ ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ် ဖေဖော်ဝါရီလ လင်းပိုင်စစ်တမ်း ကောက်ယူမှုစာရင်းအရ မန္တလေးမှ ဗန်းမော်အထိ လင်းပိုင်အကောင်ရေ ၆၉ ကောင်ရှိကြောင်းနှင့် လက်ရှိတွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းမှုဧရိယာသည် မင်းကွန်းမှ ကျောက်မြောင်း အထိဖြစ်ပြီး ၇၄ ကီလိုမီတာရှိကြောင်း သိရသည်။

#Themyawadydaily

Thursday, June 22, 2017

သုံးဆယ်ပေးကျေးရွာ အနောက်ဘက်ရှိ ဧရာဝတီမြစ်ကမ်းတွင် သေဆုံးနေသည့် ဧရာဝတီလင်းပိုင်တစ်ကောင်တွေ့ရှိ



မတ္တရာ ၂၂-၆-၂၀၁၇

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာ အနောက်ဘက်ရှိ ဧရာဝတီမြစ်ကမ်းတွင် အသက်(၃ဝ)အရွယ် အသက်ကြီးပိုင်း ဧရာဝတီလင်းပိုင် တစ်ကောင် သေဆုံးနေကြောင်း မတ္တရာမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါအသက်ကြီးပိုင်း လင်းပိုင်သေဆုံးနေသည်ကို ယနေ့နံနက်ပိုင်းက တွေ့ရှိခဲ့ပြီး မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနမှတာဝန်ရှိသူများ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး မှတာဝန်ရှိသူများ နှင့်သားငှက် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိမှုများအရ အသက်ကြီး၍ သေဆုံးမှုဟု ယူဆထားကြောင်း သိရသည်။

''ဒီဧရာဝတီလင်းပိုင်က အသက်(၃ဝ) ရှိနေပြီး အသက်ကြီးပိုင်း ရောက်နေပါပြီ။ သေဆုံးနေတဲ့လင်းပိုင်ကို ခွဲစိတ်ပြီးတော့ စစ်ဆေးလေ့လာ ကြည့်လိုက်တဲ့ အခါအစာအိမ်ထဲမှာ ငါးတစ်ကောင်ကို မြိုချထားတာကို တွေ့ရပါတယ်'' ဟု ၎င်းကဆက်လက် ပြောပြသည်။

ဧရာဝတီမြစ်ကမ်းတွင် သေဆုံးနေသည့် ဧရာဝတီလင်းပိုင်၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာ ဒဏ်ချက်မျှ မတွေ့ရှိရကြောင်း၊ သေဆုံးသွားသည့် လင်းပိုင်မှာ အထီးဖြစ်ပြီး အရှည်မှာခြောက်ပေ သုံးလက်မရှိကြောင်း၊ လုံးပတ် အအရွယ်အစားမှာ ၄၁ လက်မရှိပြီး ရှေ့ရေယက်မှာ ၁ဝလက်မရှည်၍ အမြီးအရှည်မှာ ၂၁လက်မရှိကြောင်း သိရသည်။

#Yadanarpondaily

Tuesday, April 25, 2017

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ မန္တလေး-ကျောက်မြောင်း ထိ ယခုလအတွင်း စစ်တမ်းကောက်ယူမှုလုပ်ငန်း ပြန်လည်စတင်မည်



မန္တလေး ၊ ၂၅-၄-၂၀၁၇

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ မန္တလေး-ကျောက်မြောင်း ထိ ယခုလအတွင်း စစ်တမ်း ကောက်ယူမှုလုပ်ငန်း ပြန်လည်စတင် သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

ဧရာဝတီမြစ် အတွင်း၌ မေလမှစ၍ ငါးသားပေါက် ရာသီလည်းဖြစ်သည့် အပြင် ဧရာဝတီ လင်းပိုင်များလည်း သားပေါက်ဖွားမှု ရှိ၊ မရှိ ထိန်းသိမ်းရေး ဧရိယာအတွင်း ပုံမှန်ခရီးစဉ် အဖြစ် စစ်တမ်း ကောက်ယူမည့် လုပ်ငန်းကို ယခုလအတွင်း လုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် ၄င်း ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ကျေးရွာများ ကိုလည်း အသိပညာပေး လုပ်ငန်းများ ကိုပါ တစ်ပါတည်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ လင်းပိုင် သားပေါက်ဖွားမှု ရှိ၊ မရှိကို စစ်ဆေးရာတွင် ၂ဝ၁၄ ခုနှစ် မေလအတွင်း၌ သာ လင်းပိုင် သားပေါက် သုံးကောင်ထိ သားပေါက်ဖွား ခဲ့သည်ကို တွေ့ရှိခဲ့ ရပြီးနောက် စစ်တမ်း ကောက်ယူရာတွင် အနည်းဆုံး လင်းပိုင်သားပေါက် တစ်ကောင်ခန့်သာ နှစ်စဉ်တွေ့မြင် ခဲ့ရကြောင်း၊ ယခုလအတွင်း စစ်တမ်း ကောက်ယူမည့် ခရီးစဉ်တွင် ထိန်းသိမ်းရေး ဧရိယာအတွင်း လင်းပိုင် သားပေါက် နှစ်ကောင်ခန့်ထိ ပေါက်ဖွား နေနိုင်ကြောင်း သိရသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းနှင့် ထိန်းသိမ်းရေး ဧရိယာပြင်ပ ဗန်းမော်ဘက်သို့ စစ်တမ်း ကောက်ယူမှုခရီးစဉ် လုပ်ဆောင်ခဲ့ရာ စုစုပေါင်း လင်းပိုင် အကောင်ရေ ၆၉ ကောင် ထိတွေ့ရှိခဲ့ကြောင်း၊ ယခုလက်ရှိ မန္တလေး- ကျောက်မြောင်း ပုံမှန်ခရီးစဉ် တွင်လည်း လင်းပိုင် သားပေါက်များ ထပ်မံတွေ့ရှိ နိုင်ကြောင်း၊ ယခုလက်ရှိ အချိန်တွင်လည်း ထိန်းသိမ်းရေး ဧရိယာအတွင်း၌ လင်းပိုင် အကောင်ရေ ၂၅ ကောင်ကို ထိန်းသိမ်း ထားကြောင်း သိရသည်။

ထို့ပြင် မန္တလေး- ကျောက်မြောင်း ခရီးစဉ်ပြီးဆုံး ပါက ဗန်းမော်နှင့် ကသာဘက်သို့ ထိန်းသိမ်းရေး ဧရိယာတိုးချဲ့ နိုင်ရန်အတွက် ပညာပေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ကာ လုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် မေလမှစ၍ ငါးရစ်ငါးသန် ကာလ ငါးသားပေါက် ရာသီတွင် ငါးဖမ်းဆီးသူများ မရှိစေရေး အတွက် ပညာပေးလုပ်ငန်း များလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

Tuesday, March 28, 2017

ဧရာဝတီလင်းပိုင်များ နှစ်စဉ် ငါးကောင်နှင့်အထက် သေဆုံးနေ၍ စနစ်တကျ ထိန်းသိမ်းကာကွယ်ရန် လိုအပ်



နေပြည်တော် ၊ ၂၈-၃-၂၀၁၇

ဧရာဝတီလင်းပိုင် များမှာ နှစ်စဉ် ငါးကောင်နှင့်အထက် သေဆုံးမှုများ ရှိနေ၍ ဧရာဝတီ လင်းပိုင်များ မျိုးသုဉ်း ပျောက်ကွယ်မည့် အန္တရာယ်မှ ကင်းဝေးရေး စနစ်တကျ ထိန်းသိမ်း ကာကွယ်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန သတင်းများအရ သိရသည်။

လူသားများကို အကျိုးပြုသည့် ဧရာဝတီလင်းပိုင် များသည် နှစ်စဉ် ငါးကောင်နှင့်အထက် သေဆုံးမှုများ ရှိနေ၍ ထိန်းသိမ်း စောင့်ရှောက်မှုများ စနစ်တကျ မပြုလုပ်ပါက မျိုးသုဉ်း ပျောက်ကွယ်သွား နိုင်မည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း၊ ထို့ပြင် ဧရာဝတီ လင်းပိုင်ဟူသည့် အမည်မှာလည်း ကမ္ဘာပေါ်မှ ပျောက်ကွယ်သွား နိုင်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန သတင်းများအရ သိရသည်။

ဧရာဝတီလင်းပိုင် များသည် ရေနေ နို့တိုက်သတ္တဝါများ ဖြစ်ကြကာ တစ်ကြိမ် သားပေါက်လျှင် တစ်ကောင်သာ ပေါက်ပြီး ဧရာဝတီမြစ်အတွင်း လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ကျော် (၈ ရာစု - ပျူခေတ်) ကတည်းက နေထိုင်ကျက်စား ခဲ့ကြကြောင်း၊ ၁၉ ရာစုတွင် သဘာဝဗေဒပညာရှင် ဂျွန်အန်ဒါဆင် က ဧရာဝတီမြစ်အတွင်း စတင်တွေ့ရခဲ့ရာမှ ဧရာဝတီလင်းပိုင် ( Irrawaddy Dolphin ) ဟု ကမ္ဘာ့ မှတ်တမ်းဝင် အမည်ရရှိခဲ့ကြောင်း၊
ကမ္ဘာ့အခြား နိုင်ငံ ရေပြင်များတွင်လည်း တွေ့ရှိနိုင်ပြီး ဧရာဝတီလင်းပိုင် ဟုသာ ခေါ်ဝေါ်ခဲ့ကြကြောင်း ၊ ဧရာဝတီလင်းပိုင် များသည် သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာခြင်းမှတစ်ဆင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အခွင့်အလမ်းများ ရရှိလာစေပြီး ဗဟုသုတ ရှာဖွေသူများ အတွက် လေ့လာမှုများ ပြုလုပ်နိုင်သည် ဖြစ်၍ လသားများအတွက် ကောင်းမွန်သည့် အထောက်အပံ့ ကောင်းများ ရရှိစေသည်။

အဆိုပါ ဧရာဝတီလင်းပိုင် များကို ဧရာဝတီမြစ်အတွင်း မန္တလေး နှင့်ဗန်းမော်မြို့အကြားတွင် ခန့်မှန်း အကောင်ရေ စုစုပေါင်း ၇ဝ ခန့် တွေ့ရပြီး ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တွင်လည်း ဧရာဝတီလင်းပိုင် ခန့်မှန်းကောင်ရေ ၂ဝ ခန့် တွေ့ရှိရကြောင်း ငါးလုပ်ငန်း ဦးစီးဌာန သတင်းများအရ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၆)

Monday, March 13, 2017

ဧရာဝတီလင်းပိုင် ကျက်စားရာဒေသများ၌ ကင်းလှည့်လုပ်ငန်းစဉ်များတွင် SMART Database အသုံးပြုမှု စတင်ဆောင်ရွက်



မန္တလေး ၊ ၁၃-၃-၂၀၁၇

မန္တလေးမြို့နှင့် ကျောက်မြောင်း ကြားရှိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ကျက်စားရာဒေသ များ၌ ကင်းလှည့် လုပ်ငန်းစဉ် များတွင် SMART Database ကိုအသုံးပြုပြီး မတ် ၈ ရက်က စတင်ဆောင်ရွက် စစ်တမ်းကောက်ယူ နေကြောင်း ငါးလုပ်ငန်း ဦးစီးဌာန လင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ (မန္တလေး) ဦးဟန်ဝင်း က ပြောပြ၍ သိရသည်။

အဆိုပါ လင်းပိုင် ကျက်စားရာ ဒေသများတွင် သက်ဆိုင်ရာမြို့နယ် များမှ ကင်းလှည့် လုပ်ငန်းစဉ်များတွင် SMART Database ကို အသုံးပြုပြီး မှတ်တမ်းတင် ခြင်းများ၊ ရေရှည်ကင်းလှည့် လုပ်ငန်းစဉ်များ ထိန်းသိမ်းရေး လုပ်ငန်းစဉ် များနှင့် စီမံချက်ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ရာသီဥတုနှင့် အချိန်များကို တစ်ပြေးညီ လုပ်ဆောင် နိုင်သည့် အကျိုးကျေးဇူးများ ရရှိသောကြောင့် သက်ဆိုင်ရာ မြို့နယ်များနှင့် လင်းပိုင် ထိန်းသိမ်းရေး များကို သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ GPS များကို ထောက်ပံ့ပေး သွားမည်ဖြစ် ကြောင်းလည်း သိရသည်။

''အခုလို လင်းပိုင် ကျက်စားရာ ဒေသတွေမှာ သက်ဆိုင်ရာ မြို့နယ်တွေက ကင်းလှည့် လုပ်ငန်းစဉ်တွေမှာ SMART Database ကိုသုံးပြီးတော့ မှတ်တမ်းတင်တဲ့ အခါ ရေရှည် ကင်းလှည့် လုပ်ငန်းစဉ်၊ ထိန်းသိမ်းရေး လုပ်ငန်းစဉ်နဲ့ စီမံချက် ရေးဆွဲရေး လုပ်ငန်းစဉ် တွေကို ခြောက်လ (ဒါမှမဟုတ်) တစ်နှစ်တန်ရင် ကောက်ယူထားတဲ့ စာရင်းအရ ဘယ်ချိန်မှာ ဆောင်ရွက်ရမယ် ဆိုတာ ပေါ်ထွက်ပြီးတော့ အကျိုး ကျေးဇူးတွေလဲ ရရှိလာမှာပါ။ အဓိက ကတော့ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြ စနစ် GPS ကို အခြေခံကြ ပါတယ်။ အဲဒါကြောင့် သက်ဆိုင်ရာ မြို့နယ်တွေနဲ့ လင်းပိုင် ထိန်းသိမ်းရေး တွေကို သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ GPS တွေကို ထောက်ပံ့ ပေးသွားမှာပါ။ 

အဲလိုမျိုးတွေ သုံးတဲ့ အတွက်ကြောင့် နယ်မြေအတွင်းမှာ ရွှေတူးခြင်းများ၊ လင်းပိုင်များ စုသည့်နေရာ၊ ဘက်ထရီရှော့ခ် တိုက်တာတွေကို မှတ်တမ်းတင်လို့ ရပါတယ်။ လင်းပိုင် ထိန်းသိမ်းရေး နယ်မြေတွေ ဖြစ်တဲ့ စစ်ကိုင်း၊ ရွှေဘို၊ မတ္တရာ၊ စဥ့်ကူးမြို့နယ် တို့ကို အဓိကထားကာ GPS စနစ် အသုံးပြုခြင်း သင်တန်းတွေ ကိုပေးပြီးတော့ ဦးစားပေးပံ့ပိုး ပေးသွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ယနေ့ခေတ်သည် နည်းပညာခေတ် ဖြစ်သည့် အတွက်ကြောင့် SMART Database System သည် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ၏ စီမံခန့်ခွဲခြင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အထောက်အကူ ပြုနိုင်သည့် စနစ်တစ်ခု ဖြစ်ကြောင်းကို သုံးသပ်မိသည့် အတွက် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်းများ ကိုလည်း အထောက်အပံ့ ဖြစ်နိုင်ကြောင်း လည်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Tuesday, February 7, 2017

၂၀၁၇ ခုနှစ်အတွက် ဧရာဝတီလင်းပိုင် သုတေသနပြု စစ်တမ်းကောက်ယူမှု စတင်



ဗန်းမော် ၊ ၇-၂-၂၀၁၇

မန္တလေး-ဗန်းမော် ဧရာဝတီလင်းပိုင် သုတေသနပြု ခရီးစဉ်အဖြစ် ဧရာဝတီလင်းပိုင် ရေယာဉ်အမှတ် (၀၀၁)ဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် မန္တလေးမြို့၊ မရမ်းခြံ ဆိပ်ကမ်းမှ စတင်ထွက်ခွာ ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သည် နှစ်စဉ် ဖေဖော်ဝါရီလတွင် ပုံမှန်စစ်တမ်း ကောက်ယူနေကျ ခရီးရှည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ဧရာဝတီလင်းပိုင် ရေယာဉ်အမှတ် (၀၀၁)၊ ရေယာဉ်အသစ်ဖြင့် ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS)တို့က စစ်တမ်း ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။ 

“နှစ်စဉ် ခရီးရှည်ကို တစ်နှစ်မှာ တစ်ခေါက် ဆောင်ရွက်တယ်။ ထိန်းသိမ်းမူ ဧရိယာအတွင်းက တစ်လနှစ်ကြိမ် ဆောင်ရွက်တယ်။ ဖေဖော်ဝါရီ လပိုင်းမှာတော့ ခရီးရှည်ပေါ့။ မန္တလေးကနေ ဗန်းမော်အထိ၊ အဓိက ကတော့ ဧရာဝတီလင်းပိုင် ဘယ်လောက် ရှိလဲဆိုတာ နှစ်စဉ်စစ်တမ်း ကောက်တဲ့ သဘောပါ။ ခရီးက ၁၀ ရက်ကြာမှာပါ။” ဟု မန္တလေးတိုင်း ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး က ပြောသည်။

ယခင်နှစ်များတွင်  ရေယာဉ် အဟောင်းဖြင့် စစ်တမ်း ကောက်ယူခြင်းနှင့် မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများ တွင် ပညာပေးခြင်းများ လုပ်ဆောင်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင် အဆင့်မြင့် ရေယာဉ်ကို ကျပ်ငွေသိန်း ၃၅၀ ဖြင့် တည်ဆောက်ခဲ့ပြီး စစ်တမ်းကောက်ယူ ရာတွင် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ပိုမို တက်တက်ကြွကြွနဲ့ ဧရာဝတီလင်းပိုင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ လင်း ပိုင် အကောင် ဘယ်လောက် ရှိတယ်။ သူတို့ပြန့်နှံ့ နေထိုင်တဲ့ မြစ်ကြောင်း အတွင်းမှာ အခက်အခဲ ဘယ်လိုကြုံတွေ့ နေရတယ်။ ဘယ်လိုနေထိုင် ရတယ်။ အကောင် အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာ တစ်နှစ်တစ်ခေါက် စူးစမ်းလေ့လာ ပြီးတော့ အကောင်ရေ စာရင်း ပြန်ကောက်တာ ဖြစ်ပါတယ်။”ဟု WCS မှ Freshwater & Marine Conservation Coordinator ဖြစ်သူ ဦးမြသန်းထွန်း ကပြောသည်။

ဧရာဝတီမြစ် အတွင်း မန္တလေးနှင့် ဗန်းမော်အကြား နှစ်စဉ်လေ့လာ တွေ့ရှိရသည့် ဧရာဝတီလင်းပိုင် စာရင်းမှာ ၂၀၁၂ ခုနှစ်တွင် (၆၇)ကောင်၊ ၂၀၁၃ ခုနှစ်တွင် (၅၁)ကောင်၊ ၂၀၁၄ ခုနှစ်တွင် (၆၃)ကောင်၊ ၂၀၁၅ ခုနှစ်တွင် (၅၈) ကောင်၊ ၂၀၁၆ ခုနှစ်တွင် (၆၅)ကောင် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Wednesday, December 28, 2016

WCS ၏ပံ့ပိုးမှုဖြင့် လင်းပိုင်ထိန်းသိမ်း စောင့်ရှောက်ရေးဧရိယာချဲ့၍ ကင်းလှည့်စစ်ဆေးနိုင်ရေး သင်္ဘောအသစ်တစ်စီး တည်ဆောက်သွားမည်



မန္တလေး ၊ ၂၈-၁၂-၂၀၁၆

သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) ၏ ကူညီပံ့ပိုးမှုဖြင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး ဧရိယာ (Protected Area) ချဲ့၍ ကင်းလှည့် စစ်ဆေးနိုင်ရေး နှင့် ယခင်ထက် ပိုမိုထိန်းသိမ်း စောင့်ရှောက် နိုင်ရေးအတွက် သဘောင်္ အသစ်တစ်စီး တည်ဆောက် သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက် ထိ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်၊ မျိုးသုဉ်းရှားပါး ဌာနစု၊ သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS)၊ စိမ်းရောင်စိုအဖွဲ့ (မန္တလေး)နှင့် ရေကြောင်း ရဲတပ်ဖွဲ့ခွဲ (မန္တလေး) တို့ပူးပေါင်း၍ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး ဧရိယာ (Protected Area) အတွင်း ပုံမှန် ဧရာဝတီလင်းပိုင် သုတေသနပြု လေ့လာခြင်း၊ ငါးသယံဇာတနှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အသိပညာပြန့်ပွား စေခြင်း စသည့်လုပ်ငန်း များကို မော်တော်ငယ်ဖြင့် သွားရောက်၍ ဆောင်ရွက်ခဲ့ ကြကြောင်း၊ အဆိုပါ အသစ် တည်ဆောက်မည့် သင်္ဘော ပြီးစီးပါက ငါးလုပ်ငန်း ဦးစီးဌာနက ဦးစီး၍ လင်းပိုင်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများ ယခုထက် ပိုမိုလုပ်ဆောင် သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး ဧရိယာ (Protected Area) သည် မန္တလေး၊ မင်းကွန်းမှ ကျောက်မြောင်း (ရေတော်ဘုရား)နှင့် မန္တလေးမြို့မှ စဥ့်ကူးမြို့နယ် ရွာသာကျေးရွာ ထိရှိပြီး၊ ၄င်းဧရိယာ အတွင်းတွင် လစဉ် ပုံမှန် ကင်းလှည့်ခြင်း များ ဆောင်ရွက်လျက် ရှိကြောင်း လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး ဧရိယာ ထပ်မံတိုးချဲ့ ရန်လည်း စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ ပုံမှန် ကင်းလှည့် ခရီးစဉ် အစီရင်ခံ တင်ပြချက်များမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

Friday, December 23, 2016

လင်းပိုင်ထိန်းသိမ်းရေး ဧရိယာပြင်ပရှိ ကျေးရွာနှစ်ရွာကို လူထုအခြေပြုခရီးသွားလုပ်ငန်း အဖြစ် ဖော်ဆောင်သွားမည်



မန္တလေး ၊ ၂၃-၁၂-၂၀၁၆

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ ပြင်ပရှိ ဒုတိယပုဂံအဖြစ် တင်စားခေါ်ဝေါ် ကြသည့် ရှေးဟောင်း စေတီတော်များ ရှိသော ကျေးရွာနှစ်ရွာကို လူထုအခြေပြု ခရီးသွား လုပ်ငန်းအဖြစ် ဖော်ဆောင် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

ယခင်က ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် မန္တလေးမှ ကျောက်မြောင်း ထိကို ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအဖြစ် သတ်မှတ်ထားကာ ၄င်း လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ဧရာဝတီ လင်းပိုင်နှင့် ကွန်ပစ် ငါးဖမ်းသည့် ရေလုပ်သားတို့ကို ၀င်ငွေ ရရှိစေမည့် လူထု အခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ခဲ့ရာ မှ ယခုလက်ရှိ အချိန်တွင် အောင်မြင်မှု အနေဖြင့် အတိုင်းအတာ တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် လူထုအခြေပြု ခရီးသွား လုပ်ငန်းကို ထပ်မံတိုးချဲ့ ဖော်ဆောင်နိုင်ရန် လင်းပိုင် ထိန်းသိမ်းရေး ဧရိယာပြင်ပရှိ ကျေးရွာနှစ်ရွာ ဖြစ်သည့် ရှိမ်းမကား ကျေးရွာနှင့် အင်ဒေါင်းကျေးရွာ တို့တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း ကို ဖော်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသွားလုပ်ငန်း ဖော်ဆောင်မည့် လင်းပိုင် ထိန်းသိမ်းရေး ဧရိယာပြင်ပရှိ ကျေးရွာများကို ပြီးခဲ့သည့် သြဂုတ်လက မြေနေရာ အနေအထား၊ ဘုရားစေတီပုထိုး များ၏ အနေအထား နှင့် အမှိုက်ပုံးများ ထားရှိမည့် နေရာများ ကိုလည်း သွားရောက်ကြည့်ရှု လေ့လာမှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း၊ ၄င်းကျေးရွာရှိ ကွန်ပစ်ရာတွင် ကျွမ်းကျင်မှု မရှိသည့် ရေလုပ်သား များကိုလည်း ကျွမ်းကျင် ရေလုပ်သား များက လက်တွေ့သင်ကြား ပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်မည့် ကျေးရွာ နှစ်ရွာတွင် ဧရာဝတီလင်းပိုင် ကြည့်ရှုပြီး ရှေးဟောင်း ဘုရားစေတီ များနှင့် အခြားလက်မှု ပညာဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများကို ဝင်ရောက် လေ့လာကြမည့် ခရီးသွားများ အတွက် ဝန်ဆောင်မှု အပြည့် ပေးနိုင်ရန် အတွက် ကျေးရွာများတွင် နွားလှည်း မောင်းနှင်သည့် အဖွဲ့နှင့် ထမင်းချက်သည့် အဖွဲ့တို့ထား၍ မိမိတို့၏ တာဝန်အလိုက် စုစည်းကာ အဖွဲ့အစည်း အလိုက် လုပ်ဆောင် သွားမည် ဆိုပါက ခရီးသွားလုပ်ငန်း ဖော်ဆောင်မှုတွင် အောင်မြင်မှု ရရှိလာမည့်အပြင် ကျေးရွာရှိ ရေလုပ်သားများပါ ဝင်ငွေပိုမိုရရှိမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Tuesday, November 8, 2016

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းများကို အရေးယူနေသော်လည်း ဆက်လက် လုပ်ကိုင်မှုများ ရှိနေ



မန္တလေး ၊ ၈-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် အင်းအိုင်များ အတွင်း ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းခြင်းများကို အရေးယူနေ သော်လည်း ဆက်လက် လုပ်ကိုင်ခြင်းများ ရှိနေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်နှင့် အင်းအိုင်များ အတွင်း ငါးသယံဇာတ ထိန်းသိမ်းရေး၊ ငါးမျိုး မပြုန်းတီးရေး၊ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး၊ ငါးရစ်ငါးသန် ဖမ်းဆီးမှု တားမြစ် ကာလအတွင်း ငါးဖမ်းဆီးမှု မရှိစေရေးနှင့် တရားမဝင် ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီးမှု ပပျောက်ရေး အတွက် ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာ လမှစ၍ တားမြစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေချို ငါးလုပ်ငန်း ဥပဒေတွင် ပေါက်ကွဲ စေတတ်သည့် ပစ္စည်း၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းများ ကဲ့သို့ အန္တရာယ် ဖြစ်စေသည့် ပစ္စည်းများနှင့် ငါးဖမ်းခြင်း ဖြစ်စေ၊ အကျိုး ဖျက်ဆီးခြင်း ဖြစ်စေ၊ တားမြစ် ထားသည့် ငါးဖမ်း ကိရိယာဖြင့် ဖမ်းဆီးပါက ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ဒဏ်ငွေ ငွေကျပ် နှစ်သိန်း ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလ အတွင်း မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ၌ ဖမ်းဆီးရမိမှု ငါးကြိမ်၊ တရားစွဲဆိုမှု နှစ်ကြိမ်၊ ဖမ်းဆီးရမိသည့် ပစ္စည်း ၁၂ မျိုး၊ စဥ့်ကူးမြို့နယ်၌ ဖမ်းဆီးရမိမှု ၁ဝ ကြိမ်၊ တရားစွဲဆိုမှု နှစ်ကြိမ်၊ ဖမ်းဆီးရမိသည့် ပစ္စည်း ၁၂ မျိုး၊ ငါန်းဇွန်မြို့နယ်၌ ဖမ်းဆီးရမိမှု နှစ်ကြိမ်၊ ဖမ်းဆီးရမိသည့် ပစ္စည်း ခြောက်မျိုး၊ မတ္တရာမြို့နယ်၌ ဖမ်းဆီးရမိမှု နှစ်ကြိမ်နှင့် ဖမ်းဆီးရမိသည့် ပစ္စည်းငါးမျိုး တို့ကို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Friday, September 23, 2016

လာမည့်ခရီးသွားရာသီတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာနှစ်ရွာကို လင်းပိုင်ကြည့် ခရီးစဉ်တွင် ထည့်သွင်းတိုးချဲ့ သွားမည်



ဝက်လက် ၊ ၂၃-၉-၂၀၁၆

ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ အတွက် ရည်ရွယ်ထားသည့် ဧရာဝတီ လင်းပိုင် အခြေပြုခရီးသွား လုပ်ငန်းကို တိုးချဲ့သည့် အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ဝက်လက်မြို့နယ်မှ အိုးလုပ်ငန်း လုပ်ကိုင်သည့် ရှိန်းမကားရွာသစ် နှင့် လင်းပိုင်များ စုဝေးတတ်သည့် အင်ဒေါင်ကျေးရွာ တို့ကို လာမည့်ခရီးသွား ရာသီတွင် လင်းပိုင်ကြည့် ခရီးစဉ်အဖြစ် တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။

''ထပ်တိုးတဲ့ ရွာနှစ်ရွာမှာ ရှိန်းမကားရွာ မှာက ရိုးရာ အိုးလုပ်ငန်းတွေ ရှိပါတယ်။ ဒါ့အပြင် အင်ဒေါင်ကျေးရွာ က လင်းပိုင်တွေ ကျက်စားတဲ့ နေရာ ဖြစ်လို့ပါ။ ဒါကြောင့် အဲဒီရွာကနေ လင်းပိုင်တွေကို ကြည့်လို့ရတဲ့ အတွက် အဲဒီရွာကိုပါ ထပ်တိုး လိုက်တာပါ။ မကြာခင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်'' ဟု ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ စီမံချက်မန်နေဂျာ ဦးကျော်လှသိန်း က ပြောသည်။

လက်ရှိတွင် တိုးချဲ့လိုက်သည့် ကျေးရွာနှစ်ရွာ အပါအဝင် ဧရာဝတီလင်းပိုင် အခြေပြု ခရီးသွား လုပ်ငန်း၌ ပါဝင်သည့် ကျေးရွာပေါင်း ရှစ်ရွာခန့် ရှိလာပြီဖြစ်ပြီး တိုးချဲ့ထားသည့် ကျေးရွာနှစ်ရွာ၌ ကျေးရွာ သန့်ရှင်းရေး လုပ်ငန်းများကို စတင် လုပ်ဆောင်နေကာ မကြာမီ ကာလအတွင်း ကျေးရွာနေ ပြည်သူများ ပါဝင်သည့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အဆင့်မြှင့်တင် မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လင်းပိုင် အခြေပြု ခရီးသွား လုပ်ငန်းကို ၂ဝ၁၃ ခုနှစ်မှ စတင်ခဲ့ပြီး လက်ရှိအချိန်ထိ လင်းပိုင် ခရီးစဉ်ကို လေ့လာသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များကို လိုက်ပါပို့ဆောင် ရသည့် ခရီးစဉ်မှာ တစ်နှစ်လျှင် ၁ဝ ကြိမ်သာ ရှိကြောင်း လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

Thursday, August 11, 2016

လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း သားပေါက်ဖွားမှု ရှိ-မရှိ ကွန်ပစ်ရေလုပ်သားများ နှင့် ချိတ်ဆက်စစ်တမ်း ကောက်လျက်ရှိ



မန္တလေး ၊ ၁၁-၈-၂၀၁၆

ဧရာဝတီမြစ်ရေ တိုးချိန်ဖြစ်၍ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း လင်းပိုင် သားပေါက်များ ပေါက်ဖွားမှု  ရှိ၊ မရှိ ကို ကွန်ပစ် ရေလုပ်သားများ နှင့် ချိတ်ဆက်၍ စစ်တမ်း ကောက်ယူမှု ဆောင်ရွက်လျက် ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာဖြစ်သည့် မန္တလေးမှ ကျောက်မြောင်း အတွင်း ရေတက်ချိန် ဖြစ်သည့်အတွက် ဧရာဝတီလင်းပိုင် များကို တွေ့မြင်နိုင်ရန် ခက်ခဲပြီး ယခုလက်ရှိ ဝါဆို၊ ဝါခေါင်လ တို့တွင် ၄င်းလင်းပိုင် အချို့သည် စစ်ကိုင်းဘက်သို့ အုပ်စုလိုက် ပြောင်းရွှေ့ကျက်စားကြကာ ရေကျချိန်ဖြစ်သည့် စက်တင်ဘာလ လောက်မှသာ ထိန်းသိမ်းရေး ဧရိယာသို့ ပြန်လာကျက်စားလေ့ ရှိကြောင်း သိရသည်။

'' အခု ရေကတက်ချိန် ဆိုတော့ လင်းပိုင်တွေကို သိပ်တွေ့ ဖို့မလွယ်ဘူး။ ဒါကြောင့် ရွာခြောက်ရွာမှာ ရှိတဲ့ ကွန်ပစ် ရေလုပ်သား တွေနဲ့ ချိတ်ဆက်လုပ် နေတယ်။ ရေလုပ်သား တွေကလဲ ငါးဖမ်းရင်းနဲ့ သားပေါက်လေး တစ်ကောင်တော့ ဘယ်နားလေးမှာ တွေ့ခဲ့တယ် ဆိုပြီးတော့ သတင်းပေးတာ တွေလဲရှိတယ်။ ကိုယ်တိုင် သွားကြည့်ပြီး တွေ့ခဲ့တာတွေလဲ ရှိတယ်။ ဘယ်အချိန်  လောက်က ပေါက်ခဲ့တာလဲ။ ဘယ်နှလသား အရွယ်ရောက်ပြီလဲ ဆိုတဲ့ အချက်အလက် တွေကို ချက်ချင်းပဲ စစ်တမ်းကောက်ယူ ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

၎င်း ထိန်းသိမ်းရေး ဧရိယာအတွင်း လက်ရှိအချိန်ထိ စစ်တမ်း ကောက်ယူမှုအရ လင်းပိုင် အကောင်ရေ ၂၅ ကောင်ရှိပြီး ထိန်းသိမ်းရေး ဧရိယာပြင်ပ၌ အကောင်ရေ ၄ဝ ရှိကာ ဧရာဝတီမြစ် အတွင်း စုစုပေါင်း လင်းပိုင် အကောင်ရေ ၆၅ ကောင်နေထိုင် ကျက်စားလျက် ရှိကြောင်း သိရသည်။

ထိုဧရိယာအတွင်း၌ ရှိသည့် လင်းပိုင်များကို တစ်လလျှင် နှစ်ကြိမ် အသေအပျောက်နှင့် သားပေါက်မှု ရှိ၊မရှိ တို့ကို စစ်တမ်း ကောက်ယူလျက် ရှိရာ ထိန်းသိမ်းရေး ဧရိယာပြင်ပရှိ ဗန်းမော်ဘက်သို့လည်း တစ်နှစ်လျှင် တစ်ခါ သွားရောက်၍ နည်းပညာနှင့် အသိပညာ ပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ (၁၈၄)

ရတနာပုံနေ့စဉ် ၊ စာ(၅)

Thursday, May 12, 2016

မင်းကွန်းနှင့် ကျောက်မြောင်း အကြားရှိ ကျေးရွာ ၆ ရွာ၌ ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်း ဆောင်ရွက်မည်



စစ်ကိုင်း ၊ ၁၂-၅-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်းနှင့် ကျောက်မြောင်း ဒေသကြားရှိ ကျေးရွာ ခြောက်ရွာ၌ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်း ဆောင်ရွက်မည် ဖြစ်ကြောင်း လင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်း က ပြောသည်။

ဧရာဝတီလင်းပိုင် စစ်တမ်းကို တစ်နှစ်တစ်ခါ ကောက်ယူခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်က ကောက်ယူခဲ့သည့် စစ်တမ်းများ အရ ဧရာဝတီ လင်းပိုင် အကောင်ရေမှာ ၅၈ ကောင်သာ ရှိပြီး ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၈ ရက်အထိ ကောက်ယူ ခဲ့ရာတွင် ၆၅ ကောင်တွေ့ရှိခဲ့သည့်အတွက် ယမန်နှစ် နှင့် နှိုင်းယှဉ်ပါက ခုနစ်ကောင်တိုး လာကြောင်း သိရသည်။

ယင်း စီမံကိန်းတွင် လင်းပိုင်နှင့် ရေလုပ်သား အကျိုးတူ ငါးဖမ်းခြင်းကို လေ့လာနိုင်ရန်၊ ကျေးရွာများရှိ ဝါးခမောက် လုပ်ငန်း၊ အိုးလုပ်ငန်း၊ ဆေးပေါ့လိပ် လုပ်ငန်းများနှင့် ကျေးလက်ဓလေ့ များကို လေ့လာနိုင်ရန် စသည့် အစီအစဉ်များ ပါဝင်မည် ဖြစ်သည်။

ရှေ့လုပ်ငန်းစဉ် များအဖြစ် လင်းပိုင် ထိန်းသိမ်းရေး နယ်မြေအတွင်းရှိ ကျေးရွာ ခြောက်ရွာထဲမှ တစ်ရွာကို ကျေးရွာ အစုပိုင် ဖြစ်သော Bed & Breakfast များ ဝန်ဆောင်မှု ပေးနိုင်မည့် အဆောက်အအုံ များ တည်ဆောက်ခြင်း၊ ရေလုပ်သားများ၏ အမျိုးသမီး များနှင့် ဒေသခံ အမျိုးသမီး များအား ချက်ပြုတ်နည်း သင်တန်းများ ပေးခြင်း၊ ဧည့်ဝန်ဆောင်မှု သင်တန်းများ ပေးခြင်း၊ ဘာသာရပ် ဆိုင်ရာ သင်တန်းပေးခြင်း၊ လင်းပိုင်များ ကြည့်ရှုရာတွင် ဆောင်ရန်၊ ရှောင်ရန်များ သင်တန်းပေးခြင်း၊ နိုင်ငံခြားသား များအတွက် သတင်း အချက်အလက်များ ရရှိနိုင်မည့် သတင်း အချက်အလက် စင်တာတစ်ခု တည်ဆောက်ခြင်း တို့ကို Wildlife Conservation Society ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက် သွားမည် ဖြစ်သည်။

ဧရာဝတီမြစ် အတွင်း လင်းပိုင် အကောင်ရေ ကျဆင်းစေသည့် အကြောင်းရင်း များမှာ ရွှေတူးဖော်ရေး လုပ်ငန်းများနှင့် ငါးအဆိပ်ချ ဖမ်းဆီးမှု များကြောင့်ဖြစ်ပြီး လင်းပိုင် အရေအတွက် လျော့နည်းလာမှုကို ထိန်းသိမ်းရန်ဧရာဝတီ လင်းပိုင်များ ကျက်စားရာနှင့် နီးစပ်သည့်မြို့ များ၌ လင်းပိုင် ထိန်းသိမ်းရေး ပညာပေး ဆိုင်းဘုတ်များ စိုက်ထူသွားမည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၆)
Related Posts Plugin for WordPress, Blogger...