Social Icons

Pages

Monday, March 13, 2017

ဧရာဝတီလင်းပိုင် ကျက်စားရာဒေသများ၌ ကင်းလှည့်လုပ်ငန်းစဉ်များတွင် SMART Database အသုံးပြုမှု စတင်ဆောင်ရွက်



မန္တလေး ၊ ၁၃-၃-၂၀၁၇

မန္တလေးမြို့နှင့် ကျောက်မြောင်း ကြားရှိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ကျက်စားရာဒေသ များ၌ ကင်းလှည့် လုပ်ငန်းစဉ် များတွင် SMART Database ကိုအသုံးပြုပြီး မတ် ၈ ရက်က စတင်ဆောင်ရွက် စစ်တမ်းကောက်ယူ နေကြောင်း ငါးလုပ်ငန်း ဦးစီးဌာန လင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ (မန္တလေး) ဦးဟန်ဝင်း က ပြောပြ၍ သိရသည်။

အဆိုပါ လင်းပိုင် ကျက်စားရာ ဒေသများတွင် သက်ဆိုင်ရာမြို့နယ် များမှ ကင်းလှည့် လုပ်ငန်းစဉ်များတွင် SMART Database ကို အသုံးပြုပြီး မှတ်တမ်းတင် ခြင်းများ၊ ရေရှည်ကင်းလှည့် လုပ်ငန်းစဉ်များ ထိန်းသိမ်းရေး လုပ်ငန်းစဉ် များနှင့် စီမံချက်ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ရာသီဥတုနှင့် အချိန်များကို တစ်ပြေးညီ လုပ်ဆောင် နိုင်သည့် အကျိုးကျေးဇူးများ ရရှိသောကြောင့် သက်ဆိုင်ရာ မြို့နယ်များနှင့် လင်းပိုင် ထိန်းသိမ်းရေး များကို သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ GPS များကို ထောက်ပံ့ပေး သွားမည်ဖြစ် ကြောင်းလည်း သိရသည်။

''အခုလို လင်းပိုင် ကျက်စားရာ ဒေသတွေမှာ သက်ဆိုင်ရာ မြို့နယ်တွေက ကင်းလှည့် လုပ်ငန်းစဉ်တွေမှာ SMART Database ကိုသုံးပြီးတော့ မှတ်တမ်းတင်တဲ့ အခါ ရေရှည် ကင်းလှည့် လုပ်ငန်းစဉ်၊ ထိန်းသိမ်းရေး လုပ်ငန်းစဉ်နဲ့ စီမံချက် ရေးဆွဲရေး လုပ်ငန်းစဉ် တွေကို ခြောက်လ (ဒါမှမဟုတ်) တစ်နှစ်တန်ရင် ကောက်ယူထားတဲ့ စာရင်းအရ ဘယ်ချိန်မှာ ဆောင်ရွက်ရမယ် ဆိုတာ ပေါ်ထွက်ပြီးတော့ အကျိုး ကျေးဇူးတွေလဲ ရရှိလာမှာပါ။ အဓိက ကတော့ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြ စနစ် GPS ကို အခြေခံကြ ပါတယ်။ အဲဒါကြောင့် သက်ဆိုင်ရာ မြို့နယ်တွေနဲ့ လင်းပိုင် ထိန်းသိမ်းရေး တွေကို သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ GPS တွေကို ထောက်ပံ့ ပေးသွားမှာပါ။ 

အဲလိုမျိုးတွေ သုံးတဲ့ အတွက်ကြောင့် နယ်မြေအတွင်းမှာ ရွှေတူးခြင်းများ၊ လင်းပိုင်များ စုသည့်နေရာ၊ ဘက်ထရီရှော့ခ် တိုက်တာတွေကို မှတ်တမ်းတင်လို့ ရပါတယ်။ လင်းပိုင် ထိန်းသိမ်းရေး နယ်မြေတွေ ဖြစ်တဲ့ စစ်ကိုင်း၊ ရွှေဘို၊ မတ္တရာ၊ စဥ့်ကူးမြို့နယ် တို့ကို အဓိကထားကာ GPS စနစ် အသုံးပြုခြင်း သင်တန်းတွေ ကိုပေးပြီးတော့ ဦးစားပေးပံ့ပိုး ပေးသွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ယနေ့ခေတ်သည် နည်းပညာခေတ် ဖြစ်သည့် အတွက်ကြောင့် SMART Database System သည် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ၏ စီမံခန့်ခွဲခြင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အထောက်အကူ ပြုနိုင်သည့် စနစ်တစ်ခု ဖြစ်ကြောင်းကို သုံးသပ်မိသည့် အတွက် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်းများ ကိုလည်း အထောက်အပံ့ ဖြစ်နိုင်ကြောင်း လည်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...