Social Icons

Pages

Thursday, June 28, 2018

မွေးကင်းစ ဧရာဝတီလင်းပိုင် တစ်ကောင် သေဆုံး



မန္တလေး ၂၈-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် စိန်ကျွန်းကျေးရွာ အနီးတွင် ဇွန် ၂၆ ရက် ညနေ ၃ နာရီက မွေးကင်းစဧရာဝတီ လင်းပိုင်တစ်ကောင် သောင်တင်နေသည်ကို နိုင်ငံခြားသားများ ပို့ဆောင်ပေးနေသည့် မော်တော်ယာဉ်မှ တွေ့ရှိခဲ့ပြီး ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့စဉ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ ဦးဟန်ဝင်းထံမှ သိရသည်။

ဧရာဝတီလင်းပိုင် များသည် မိခင်မှမွေးထုတ် လိုက်သည့် အချိန်တွင် အသက်ရှူခြင်းနှင့် ရေကူးခြင်းများကို မလုပ်ဆောင်နိုင်ကြောင်း၊ မိခင်သင်ကြားပေးမှသာ လုပ်ဆောင်နိုင်သည့်အတွက် မိခင်နှင့်ကွဲသွားသည့် အချိန်တွင် ယခုကဲ့သို့ သေဆုံးရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

"အခုသေတဲ့ ဧရာဝတီလင်းပိုင်က မွေးကင်းစပဲရှိပါသေးတယ်။ မွေးမွေးချင်း သောင်တင်နေတာဆိုတော့ အများကြီးတွေးလို့ ရပါတယ်။ မွေးမွေးချင်းဘာတွေ ဖြစ်ခဲ့လဲဆို တာကိုတော့ မသိနိုင်ပါဘူး။ ဖြစ်နိုင်ခြေ အများဆုံးကတော့ မိခင်နဲ့ အုပ်စုကွဲသွားလို့ အခုလိုမျိုးဖြစ်တာ လို့ မြင်ပါတယ်"ဟု ၎င်းက ပြောပြသည်။

"အခုချိန်က ငါးရစ်ငါးသန် ကာလဆိုတော့ လင်းပိုင်တွေ အစာရှာရင်းနဲ့ အုပ်စုကွဲသွားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် လှိုင်းလုံးတွေကြောင့် ကွဲသွားတာလဲ ဖြစ်နိုင်တယ်။ ဒီလို ဖြစ်စဉ်မျိုး အရင်လတုန်းကလဲ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် အသိပညာပေးတဲ့အခါမှာ လင်းပိုင်သားပေါက်တွေကို တွေ့ရှိခဲ့ရင် ဘယ်လိုပြုစု ထိန်းသိမ်းပေးရ မလဲဆိုတာတွေကိုလဲ ထည့်သွင်း သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

သဘာဝသတ္တဝါများ ဖြစ်သည့်အတွက် သဘာဝအတိုင်း ပြန်လွှတ်ပေးခြင်း၊ ကုန်းပေါ်တွင် သောင်တင်တွေ့ရှိပါက ရေစိုအဝတ်ဖြင့်အုပ်၍ နှာခေါင်းပေါက်ဖွင့် ပြုစုပေးခြင်း စသည့်အချက်များ ပြုလုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါဧရာဝတီ လင်းပိုင်သည် အလျားသုံးလက်မ၊ လုံးပတ်အရွယ် တစ်ပေ ၁၁ လက်မအထီးသားပေါက် ငယ်ဖြစ်ကြောင်း၊ သေဆုံးသွားသည့် လင်းပိုင်ငယ်ကို ဆေးရည်စိမ်၍ ပညာပေးပြခန်းတွင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...