Social Icons

Pages

Tuesday, March 28, 2017

ဧရာဝတီလင်းပိုင်များ နှစ်စဉ် ငါးကောင်နှင့်အထက် သေဆုံးနေ၍ စနစ်တကျ ထိန်းသိမ်းကာကွယ်ရန် လိုအပ်



နေပြည်တော် ၊ ၂၈-၃-၂၀၁၇

ဧရာဝတီလင်းပိုင် များမှာ နှစ်စဉ် ငါးကောင်နှင့်အထက် သေဆုံးမှုများ ရှိနေ၍ ဧရာဝတီ လင်းပိုင်များ မျိုးသုဉ်း ပျောက်ကွယ်မည့် အန္တရာယ်မှ ကင်းဝေးရေး စနစ်တကျ ထိန်းသိမ်း ကာကွယ်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန သတင်းများအရ သိရသည်။

လူသားများကို အကျိုးပြုသည့် ဧရာဝတီလင်းပိုင် များသည် နှစ်စဉ် ငါးကောင်နှင့်အထက် သေဆုံးမှုများ ရှိနေ၍ ထိန်းသိမ်း စောင့်ရှောက်မှုများ စနစ်တကျ မပြုလုပ်ပါက မျိုးသုဉ်း ပျောက်ကွယ်သွား နိုင်မည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း၊ ထို့ပြင် ဧရာဝတီ လင်းပိုင်ဟူသည့် အမည်မှာလည်း ကမ္ဘာပေါ်မှ ပျောက်ကွယ်သွား နိုင်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန သတင်းများအရ သိရသည်။

ဧရာဝတီလင်းပိုင် များသည် ရေနေ နို့တိုက်သတ္တဝါများ ဖြစ်ကြကာ တစ်ကြိမ် သားပေါက်လျှင် တစ်ကောင်သာ ပေါက်ပြီး ဧရာဝတီမြစ်အတွင်း လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ကျော် (၈ ရာစု - ပျူခေတ်) ကတည်းက နေထိုင်ကျက်စား ခဲ့ကြကြောင်း၊ ၁၉ ရာစုတွင် သဘာဝဗေဒပညာရှင် ဂျွန်အန်ဒါဆင် က ဧရာဝတီမြစ်အတွင်း စတင်တွေ့ရခဲ့ရာမှ ဧရာဝတီလင်းပိုင် ( Irrawaddy Dolphin ) ဟု ကမ္ဘာ့ မှတ်တမ်းဝင် အမည်ရရှိခဲ့ကြောင်း၊
ကမ္ဘာ့အခြား နိုင်ငံ ရေပြင်များတွင်လည်း တွေ့ရှိနိုင်ပြီး ဧရာဝတီလင်းပိုင် ဟုသာ ခေါ်ဝေါ်ခဲ့ကြကြောင်း ၊ ဧရာဝတီလင်းပိုင် များသည် သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာခြင်းမှတစ်ဆင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အခွင့်အလမ်းများ ရရှိလာစေပြီး ဗဟုသုတ ရှာဖွေသူများ အတွက် လေ့လာမှုများ ပြုလုပ်နိုင်သည် ဖြစ်၍ လသားများအတွက် ကောင်းမွန်သည့် အထောက်အပံ့ ကောင်းများ ရရှိစေသည်။

အဆိုပါ ဧရာဝတီလင်းပိုင် များကို ဧရာဝတီမြစ်အတွင်း မန္တလေး နှင့်ဗန်းမော်မြို့အကြားတွင် ခန့်မှန်း အကောင်ရေ စုစုပေါင်း ၇ဝ ခန့် တွေ့ရပြီး ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တွင်လည်း ဧရာဝတီလင်းပိုင် ခန့်မှန်းကောင်ရေ ၂ဝ ခန့် တွေ့ရှိရကြောင်း ငါးလုပ်ငန်း ဦးစီးဌာန သတင်းများအရ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...