Social Icons

Pages

Showing posts with label မိုင်းသတင်း. Show all posts
Showing posts with label မိုင်းသတင်း. Show all posts

Wednesday, March 29, 2017

မူဆယ်မြို့နယ် နမ့်ဆန်ဂိုဒေါင်ကျေးရွာ၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား


မိုင်းပေါက်ကွဲခဲ့သည့် ဆိုင်ကယ် ၊ ရီမုမိုင်းခလုပ်တစ်ခု နှင့် ဓာတ်ခဲများကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၉-၃-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ဆန်ဂိုဒေါင် ကျေးရွာရှိ ဆီဆိုင်သို့ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင် ကျေးရွာနေ ဦးဘမောင် (ဘ) ဦးခမ်းလှိုင်သည် မတ် ၂၇ ရက် နံနက် ၇ နာရီခန့်တွင် ဆိုင်ကယ် ဆီလာဖြည့်စဉ် လဲကျသွားသဖြင့် ပြန်ထောင်ရာ ထိုင်ခုံရှေ့၌ ညှပ်၍ သယ်ဆောင်လာသည့် ပလတ်စတစ် အိတ်အမည်းရောင် အတွင်းမှ မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိမှန် ဒဏ်ရာများရရှိ ခဲ့သည့် ဦးဘမောင် အား ဒေသခံ ပြည်သူများက မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ခဲ့ပြီး စစ်ဆေးမှုများ အရ ၄င်း၏ အနွေးထည် အင်္ကျီအိတ်အတွင်းမှ ရီမုမိုင်းခလုတ်တစ်ခုနှင့် ဓာတ်ခဲအသေး လေးလုံး ကိုတွေ့ရှိခဲ့ရပြီး ၄င်းမှာ လဲကျသွားသည့် ဆိုင်ကယ်ကို ဆွဲထောင်စဉ် ရီမုမိုင်းခလုတ်ကို နှိပ်မိသဖြင့် အသင့်အသက်သွင်း ထားသော မိုင်းပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် စစ်ကြောင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အမှုမှန် ပေါ်ပေါက်ရေးနှင့် အကြမ်းဖက် သောင်းကျန်းသူ များနှင့် ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Sunday, March 5, 2017

KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူနှစ်ဦး သေဆုံး ၊ တစ်ဦးဒဏ်ရာရရှိ



နေပြည်တော် ၊ ၅-၃-၂၀၁၇

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်းခေါင် ကျေးရွာအုပ်စု၊ တောင်းလိန် ကျေးရွာနေ ဒေါ်လင်း သည် သားနှစ်ဦး ဖြစ်သည့် အောင်သိန်း၊ ကျော်ဝင်းနိုင် တို့နှင့်အတူ မတ် ၂ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် ဟင်းသီးဟင်းရွက်ခူးရန်အတွက် သွားရောက်စဉ် တောင်းလိန် ကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး ကို တိုက်မိ ပေါက်ကွဲခဲ့ရာဒေါ်လင်းနှင့် အောင်သိန်း တို့မှာ မိုင်းစထိမှန် သေဆုံးခဲ့ပြီး ကျော်ဝင်းနိုင် တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိ လူနာအား မိုင်းခေါင်ကျေးရွာရှိ တပ်မတော် စစ်ကြောင်းက လိုအပ်သည့် ဆေးဝါးကုသခြင်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Monday, February 6, 2017

နမ့်ဟူးလုံကျေးရွာအနီးရှိ အမှိုက်ပုံအတွင်းမှ ရီမုမိုင်း ၅ လုံးတွေ့ရှိ



နေပြည်တော် ၊ ၆-၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူးလုံကျေးရွာ အနီးရှိ အမှိုက်ပုံ အတွင်း၌ မသင်္ကာဖွယ်ရာ စက္ကူပုံး တစ်ခုအား တွေ့ရှိကြောင်း သတင်းအရ ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် နယ်မြေခံတပ်မှ တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက် ရှင်းလင်းရာ အဆိုပါစက္ကူပုံး အတွင်းမှ အလျား ၆ လက်မ၊ အနံ ၃ လက်မခန့်ရှိ ရီမုမိုင်း ငါးလုံးနှင့် ဆက်စပ်ပစ္စည်း များအား သိမ်းဆည်း ရမိသည်။

သိမ်းဆည်းရမိ မိုင်းနှင့် ဆက်စပ်ပစ္စည်း များအား သက်မဲ့ပြုလုပ်ပြီး အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Wednesday, January 25, 2017

TNLA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိရှင်းလင်း



နေပြည်တော် ၊ ၂၅-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ္မတူမြို့အနီး၌ တပ်မတော် စစ်ကြောင်းသည် လမ်းလုံခြုံရေး ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၁ဝ နာရီခန့်တွင် နမ္မတူမြို့ အနောက်မြောက် ဘက် ၆ မိုင်ခန့်အကွာ၌ TNLA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် အဝေးထိန်းစနစ်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ခြောက်လုံး၊ စနက်တံခြောက်ခု၊ ၁၂ ဗို့ ဘက်ထရီအိုး တစ်လုံးနှင့် ဆက်စပ်ပစ္စည်း များကို တွေ့ရှိရှင်းလင်း ခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် မိုင်းများအား သက်မဲ့ပြုလုပ် နိုင်ခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Saturday, January 21, 2017

TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က အရပ်ယာဉ်များအား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ၊ ဒေသခံပြည်သူတစ်ဦး သေဆုံး ၊ ရဲတပ်ဖွဲ့ဝင် ၆ ဦး နှင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိ


TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် သဖြင့် မိုင်းစထိမှန် ပျက်စီးခဲ့သော မော်တော်ယာဉ်ကို တွေ့ရစဉ်

အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် မိုင်းစထိမှန်ဒဏ်ရာ ရရှိသူများကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၁-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မန်တုံ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် လားရှိုးမြို့သို့ သွားရောက်ရန် အတွက် ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့မှ ဝန်ထမ်းများ နှင့်အတူ ယမန်နေ့နံနက် ၈ နာရီတွင် မန်တုံမြို့မှ အရပ်ယာဉ် များဖြင့် ထွက်ခွာလာရာ နံနက် ၉ နာရီခွဲခန့်တွင် ကြူပန်းကျေးရွာ အနီးသို့ အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ရီမုမိုင်း ခုနစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ် နှစ်စီးမှာ မိုင်းစထိမှန် ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ ဒေသခံ ပြည်သူတစ်ဦး သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ဒေသခံပြည်သူ တစ်ဦးတို့ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာရ လူနာများအား တပ်မတော် စစ်ကြောင်းက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး အဆိုပါနေရာ တစ်ဝိုက်အား နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)




Monday, January 9, 2017

ကွတ်ခိုင်မြို့ ၊ ရပ်ကွက်(၅)ရှိ နေအိမ်မှ ဒေသန္တရလုပ် ရီမုမိုင်းတစ်လုံး တွေ့ရှိရှင်းလင်း



နေပြည်တော် ၊ ၉-၁-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၅)ရှိ ဒေါ်မာမွန်း ၏နေအိမ်၌ ဇန်နဝါရီ ၇ ရက် ည ၇ နာရီခွဲခန့်တွင် မိုင်းတစ်လုံး တွေ့ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် ရှင်းလင်းရာ ဘောစေ့ ၄ဝဝဝ ပါဝင်သည့် စက္ကူဖာတစ်ခု၊ ရီမုဆားကစ်အုံ တစ်ခု၊ လျှပ်စစ်စနက်တံ နှစ်ချောင်း၊ ဝါယာကြိုး တစ်ချောင်းနှင့် ပင်တိုပလပ် ယမ်းပြင်းအမှုန့် တို့ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလုပ် ရီမုမိုင်းတစ်လုံး ဖြစ်ကြောင်း တွေ့ရှိရပြီး အဆိုပါမိုင်းအား ည ၈ နာရီ မိနစ် ၅ဝ ခန့်တွင် သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့သည်။

အဆိုပါမိုင်းကို ဒေါ်မာမွန်း ၏နေအိမ်၌ အိမ်ငှားနေထိုင်သူ တစ်ဦးက ၄င်းနေ့ ည ၇ နာရီခန့်တွင် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၅)၊ ကွတ်ခိုင်-သိန်းနီ ကားလမ်း၏ ၆ ပေခန့်အကွာရှိ အမှိုက်ပုံး အတွင်းမှ တွေ့ရှိ၍ ဘက်ထရီဟု ယူဆသဖြင့် ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Wednesday, December 28, 2016

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိ


KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော တိုက်မိုင်းပေါက်ကွဲမှုကြောင့် 
ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူတစ်ဦး ကိုတွေ့ရစဉ်

နေပြည်တော် ၊ ၂၈-၁၂-၂၀၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်နှင့် ပမ္မတီးရပ်ကွက်နေ ဗျာလေး၊ လာပေါ်ဖူး၊ အားဆာပါး နှင့် ခီဒီယု တို့လေးဦးသည် ဒီဇင်ဘာ ၂၅ ရက် ညနေ ၅ နာရီခန့်တွင် ဥယျာဉ်ခြံသို့ တောင်ယာ သွားရောက် လုပ်ကိုင်ပြီး နေအိမ်သို့ ပြန်လာစဉ် မလဲကျေးရွာ ၏ အနောက်ဘက် မီတာ ၁၅ဝဝ ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော တိုက်မိုင်းနှစ်လုံး တိုက်မိပေါက်ကွဲ ခဲ့သဖြင့်
မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိ လူနာများကို မြစ်ကြီးနား မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Friday, December 16, 2016

မောင်တောမြို့နယ်အတွင်း မိုင်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိ


သိမ်းဆည်းရမိ ပြောက်ကျား ယူနီဖောင်းစများကို တွေ့ရစဉ်

သိမ်းဆည်းရမိ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၆-၁၂-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီခန့်တွင် လိပ်အိုင်ကျေးရွာ၏ အနောက်ဘက် မီတာ ၂ဝဝ ခန့်အကွာရှိ ဓနိတောအတွင်းမှ အလျား ပေ ၉ဝ အနံ ၄ ပေခွဲရှိ ပြောက်ကျား ယူနီဖောင်းစ ပိတ်အုပ် နှစ်အုပ်ကို သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ ဒီဇင်ဘာ ၁၄ ရက် ညနေ ၃ နာရီခန့်တွင် ပယင်းတောင် နှင့် မျောတောင် တစ်ဝိုက်ရှိ တောင်ကုန်းများအား ရှင်းလင်းစဉ် ပယင်းတောင် ၏ အနောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ ချုံအတွင်းမှ ဆာလာအိတ် ဖြင့် ထုပ်ထားသည့် အသက်သွင်းပြီး မိုင်းနှစ်လုံးနှင့် မိုင်းပြုလုပ် ရာတွင် အသုံးပြု သည့်ကား Piston လေးလုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Thursday, December 15, 2016

မောင်တောဒေသတွင် လက်လုပ်မိုင်းများ တွေ့ရှိ



နေပြည်တော် ၊ ၁၅-၁၂-၂၀၁၆

လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ် မယင်းတောင် နှင့် မျောတောင် အကြား နယ်မြေ ရှင်းလင်းစဉ် မြေကြီးအတွင်း မြှုပ်ထားသော အသက်သွင်းပြီး ကားပင်စတင်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း လေးလုံး၊ 3K 70 AHC ဘက်ထရီတစ်လုံး နှင့် ဆေးမျိုးစုံ ထည့်ထားသည့် ဆာလာအိတ် တစ်ထုပ်တို့အား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့သည်။

အလားတူ မောင်တောမြို့နယ် ကြက်ရိုးပြင် ကျေးရွာအနီး ပတ်ဝန်းကျင် ချုံအတွင်း ဝှက်ထားသော မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကားပင်စတင် ၁ဝ လုံး၊ ကားပင်စတင် ဖြင့်ပြုလုပ် ထားသည့် အသက်သွင်းပြီး မိုင်းနှစ်လုံးနှင့် ပတ်တီးလိပ် ၁၃ ထုပ်တို့အား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Wednesday, December 14, 2016

မောင်တောမြို့နယ်အတွင်း မိုင်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိ



နေပြည်တော် ၊ ၁၄-၁၂-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မယင်းတောင်နှင့် မျောတောင်အကြား ယမန်နေ့နံနက် ၉ နာရီတွင် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် မယင်းတောင် ၏ အရှေ့ဘက်မီတာ ၅ဝဝ ခန့်အကွာ၌ မြေကြီးအတွင်း မြှုပ်ထားသည့် အသက်သွင်းပြီး ကား Piston ဖြင့်ပြုလုပ် ထားသော မိုင်းလေးလုံး၊ 3K 70 AHC ဘက်ထရီ တစ်လုံးနှင့် ဆေးမျိုးစုံ ဆာလာအိတ် တစ်ထုပ်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အကြမ်းဖက် သောင်းကျန်းသူ အလောင်းတစ်လောင်း ၊ မိုင်းနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၁၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း တပ်မတော် စစ်ကြောင်း များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက် ရှိရာ ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မုံးကိုးစခန်း၏ ခြံစည်းရိုးအနီးမှ MNDAA အကြမ်းဖက် သောင်းကျန်းသူ အလောင်း တစ်လောင်း၊ အမ် ၂၁ ကျည် ၂ဝ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံး တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ တပ်မတော် စစ်ကြောင်းသည် ယမန်နေ့နံနက် ၁ဝ နာရီ ၄ဝ မိနစ်ခန့်တွင် မုံးကိုးမြို့၊ ကိလာပကျေးရွာ ၏ အနောက်တောင်ဘက် မီတာ ၁၅ဝဝ ခန့်အကွာသို့ ရောက်ရှိ ရှင်းလင်းစဉ် ဟန်းကောအတွင်း ယမ်းအပြည့် ထည့်ထားသည့် အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရ လက်လုပ်မိုင်း တစ်ခုကို ရှာဖွေတွေ့ရှိ ရှင်းလင်းခဲ့သည်။

ထို့အတူ ယမန်နေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့် တွင်လည်း မုံးကိုးမြို့၊ ရပ်ကွက် ၆ အနီးရှိ ကြံတောအစပ်မှ အမ် ၂၂ ကျည်အိမ် နှစ်ခု၊ ၄င်းကျည် ၉ဝ တောင့်၊ RPG ပို့ကျည် နှစ်တောင့်၊ ဒီတိုနေတာ ၁၁ ခုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိ ခဲ့ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Sunday, December 11, 2016

မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီး မောင်းနှင်ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်



နေပြည်တော် ၊ ၁၁-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ လားရှိုး မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ဒီဇင်ဘာ ၉ ရက် ည ၁ဝ နာရီ ၅ မိနစ်ခန့် တွင် အီနိုင်းကျေးရွာ အဝင်၌ နမ္မတူမြို့ဘက်မှ လားရှိုးမြို့ ဘက်သို့ မောင်းနှင်လာသည့် KENBO အမျိုးအစား မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးအား စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်ခြင်း မရှိဘဲ အတင်းမောင်းနှင် ထွက်ပြေးသဖြင့် လက်နက်ငယ်ဖြင့် ခြောက်လှန့် ပစ်ခတ်တားဆီး ခဲ့ရာ ဆိုင်ကယ် မောင်းနှင် လာသည့် အမျိုးသားမှာ လက်နက်ငယ်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

အဆိုပါ ဆိုင်ကယ်အား ရှာဖွေရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ ကြိုးဆွဲ လက်ပစ်ဗုံး တစ်လုံးကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့်ဟုယူဆရသည့် ပင်စတင် များသိမ်းဆည်းရမိ



နေပြည်တော် ၊ ၁၁-၁၂-၂၀၁၆

မောင်တောမြို့နယ် အတွင်းရှိ မယင်းတောင်နှင့် မျောတောင်မြောက်ရွာ တစ်ဝိုက် တောင်ကုန်းများအား နယ်မြေ ရှင်းလင်းရာ ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခွဲတွင် ချုံပုတ်အတွင်း ဝှက်ထားသော ပြောက်ကျားအင်္ကျီ ရှစ်ထည်နှင့် မိုင်းပြုလုပ်ရာတွင် အသုံးပြုသည် ဟု ယူဆရသည့် ကားပင်စတင် ၁၂ ခုအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Friday, December 9, 2016

ကွတ်ခိုင်-သိန်းနီ သွားကားလမ်းအနီး၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်းထားသည့် ဒေသန္တရလက်လုပ်မိုင်း ၉ လုံးကိုတွေ့ရှိ ၊ တပ်မတော်သားများက ရှင်းလင်း


ဒေသန္တရလက်လုပ်မိုင်းများကိုတွေ့ရစဉ်


နေပြည်တော် ၊ ၉-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ ကွတ်ခိုင်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိရာ ယမန်နေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကွတ်ခိုင်-သိန်းနီ သွားကားလမ်း၊ မိုင်တိုင်အမှတ် ၂၁၆/၃ နှင့် ၂၁၆/၄ ကြားရှိ ကွန်ကရစ်ရေပြွန် အတွင်း၌ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း ကိုးလုံးအား တွေ့ရှိခဲ့သဖြင့် အများပြည်သူ ထိခိုက် ဒဏ်ရာရရှိမှု မရှိစေရေး တပ်မတော် စစ်ကြောင်းမှ အထူး မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့သည်။

အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Thursday, December 8, 2016

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသသို့ အင်အားသုံး တိုက်ခိုက်လာသည့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအား တပ်မတော်က တန်ပြန် တိုက်ခိုက်ချေမှုန်း


အကြမ်းဖက်သောင်းကျန်းသူများ က လမ်း ၊ တံတားများ ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်ခဲ့သည့် နေရာပြပုံ

KIA အကြမ်းဖက် သောင်းကျန်းသူများ ၀င်လာသည့် နေရာပြပုံ

စစ်ကူစစ်ကြောင်းများအား ပိတ်ဆို့တိုက်ခိုက် ခဲ့သည့်နေရာပြပုံ


နေပြည်တော် ၊ ၈-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မူဆယ်ခရိုင်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ ဟေမိုးလုံ နယ်မြေများသို့ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ တတိယပတ် အတွင်း KIA/TNLA/MNDAA နှင့် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ ပူးပေါင်းပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့အဖြစ် အင်အားသုံး၍ ထိုးဖောက်ဝင်ရောက် တိုက်ခိုက် လာမှုအား တပ်မတော်က လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် ခံစစ်ဆင်မှု၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်ဖြင့် တန်ပြန် ထိုးစစ်ဆင်မှု များဖြင့် တပ်မတော်၏ အစဉ်အလာကို ထိန်းသိမ်း၍ အောင်မြင်စွာ တန်ပြန် တိုက်ခိုက်ချေမှုန်း ခဲ့သည်။

မိမိရရှိသည့် သတင်းများအရ အဆိုပါ သောင်းကျန်းသူ အဖွဲ့များမှ ခေါင်းဆောင် တချို့သည် လျှို့ဝှက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်၍ အောက်တိုဘာလမှ စတင်ပြီး အရှေ့မြောက် ဒေသအတွင်း အင်အား စုစည်းမှုများ ပြုလုပ် လာခဲ့သည်။ မြေပြင် သတင်းများ အရ အောက်တိုဘာလ ဒုတိယပတ်တွင် ကချင်ပြည်နယ် လွယ်ဂျောင် စခန်းမှ KIA အင်အား ၂ဝဝ ခန့်သည် ရွှေလီမြစ်အား ဖြတ်ကျော်၍ နမ့်အွန်၊ မုံးပေါ်နယ်မြေသို့ ဝင်ရောက်လာပြီး TNLA သောင်းကျန်းသူ များနှင့်ပူးပေါင်း လှုပ်ရှားမှုများ ပြုလုပ်သည်။ ထို့အတူ MNDAA သောင်းကျန်းသူ အင်အား ၃ဝဝ ခန့်သည်လည်း နိုဝင်ဘာလဆန်း တွင် ဟုံအိုင်နယ်မြေ သို့ဝင်ရောက် လာကြောင်း သတင်းများ ရရှိခဲ့သည်။

အဆိုပါ သတင်းများအရ ယင်း နယ်မြေများတွင် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခဲ့ရာ တိုက်ပွဲများ ထိတွေ့ဖြစ်ပွား ခဲ့သည်။ ထိုသို့တိုက်ပွဲများ ဖြစ်ပွားနေစဉ် ကာလအတွင်း KIA/TNLA/AA သောင်းကျန်းသူများ ပူးပေါင်းအင်အား ၃ဝဝ ခန့်သည် မန်ပြိန်း သို့ လည်းကောင်း၊ MNDAA သောင်းကျန်းသူ အင်အား ၂ဝဝ ခန့်သည် ဟေမိုးလုံ နယ်မြေ သို့လည်းကောင်း ထပ်မံဝင်ရောက် လာသဖြင့် မုံးကိုးဒေသ အတွင်း KIA/TNLA/MNDAA/ AA သောင်းကျန်းသူ ပူးပေါင်းအင်အား ၁ဝဝဝ ခန့်အထိ အရပ်ဝတ်များဖြင့် အရပ်သား အသွင် စုစည်းရောက်ရှိ လာခဲ့သည်။

ထပ်မံရရှိသည့် သတင်းများ အရ အဆိုပါ သောင်းကျန်းသူ အဖွဲ့လေးဖွဲ့ ပူးပေါင်း၍ မြောက်ပိုင်း မဟာမိတ်အဖွဲ့ အဖြစ်ဖွဲ့စည်းပြီး မုံးကိုး၊ ဖောင်းဆိုင်၊ ဟေမိုးလုံ ဒေသများအား စစ်ရေး ရည်မှန်းချက် အဖြစ် သတ်မှတ်၍ ဒေသန္တရ သာလွန် အင်အားဖြင့် တိုက်ခိုက် သိမ်းပိုက်ရန်နှင့် တပ်မတော်မှ စစ်ကူတပ်များ မလာရောက်နိုင် စေရေးအတွက် လားရှိုးနှင့် မူဆယ် အကြား ပြည်ထောင်စု လမ်းမကြီးအား ပိတ်ဆို့ဟန့်တား ဖြတ်တောက် တိုက်ခိုက်မှုများ ပြုလုပ်သွားရန် စီမံဆောင်ရွက် နေကြောင်း သိရှိရသည်။ ယင်း သတင်းများအရ ကွတ်ခိုင်၊ မူဆယ်နယ်မြေ များရှိ တပ်မတော် စစ်ကြောင်း များကို ရန်သူ၏ အဓိကစစ်ရေး ရည်မှန်းချက် ဖြစ်နိုင်သည့် မုံးကိုး၊ ဖောင်းဆိုင် နယ်မြေသို့ တပ်အင်အား ရွှေ့ပြောင်း ဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့သည်။

နိုဝင်ဘာ ၁၉ ရက် ညပိုင်း နိုဝင်ဘာ ၂ဝ ရက်သို့ ကူးပြောင်းစ အချိန်တွင် အချိန်အငိုက် ရယူ၍ ယင်း သောင်းကျန်းသူ အဖွဲ့များသည် တပ်မတော် စခန်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းများ၊ ရဲကင်းများအား သာလွန် အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ခြင်း၊ လားရှိုးနှင့် မူဆယ် အကြား ပြည်ထောင်စု ကားလမ်းမကြီး ပေါ်ရှိ တံတားများအား ဖောက်ခွဲ ဖျက်ဆီးခြင်းများ အပြင် စစ်ရေးပစ်မှတ် မဟုတ်သည့် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ကိုပါ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့သည်။

တိုက်ပွဲဖြစ်စဉ်များ အနေဖြင့် နိုဝင်ဘာ ၂ဝ ရက် နံနက် ၂ နာရီခန့်တွင် မုံးကိုးစခန်းအား သောင်းကျန်းသူ အင်အား ၂ဝဝ ဦးခန့်မှ လည်းကောင်း၊ မန်ကန် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်မှ လည်းကောင်း၊ ဖောင်းဆိုင် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၇ဝ ဦးခန့်မှ လည်းကောင်း၊ မူဆယ်မြို့အဝင် လုံခြုံရေး ရဲကင်းအား သောင်းကျန်းသူ အင်အား ၄ဝ ဦးခန့်မှ လည်းကောင်း တစ်ချိန်တည်း တစ်ပြိုင်တည်း စတင် တိုက်ခိုက်ခဲ့သည်။ ရန်သူစတင် တိုက်ခိုက်သည်နှင့် တပ်စခန်း အသီးသီးမှလည်း စနစ်တကျ ခံစစ် နေရာယူ၍ မိမိထက် သာလွန် အင်အားဖြင့် တိုက်ခိုက်လာသည့် ရန်သူများအား ရွပ်ရွပ်ချွံချွံ တန်ပြန်တိုက်ခိုက် ခဲ့သည်။

ဆက်လက်ပြီး နံနက် ၆ နာရီကျော် ခန့်တွင် ကြူကုတ်(ပန်ဆိုင်း) တပ်စခန်းအား သောင်းကျန်းသူ အင်အား ၅ဝ ခန့်မှ လည်းကောင်း၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် လုံခြုံရေး တပ်စခန်း နှင့် ရဲကင်းအား သောင်းကျန်းသူ အင်အား ၈ဝ ဦးခန့်မှ လည်းကောင်း၊ နမ့်ပေါ်တံတား လုံခြုံရေး တပ်စခန်းနှင့် ရဲကင်းအား သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်မှ လည်းကောင်း တစ်ချိန်တည်း ထပ်မံဝင်ရောက် တိုက်ခိုက် ခဲ့သည်။ အလားတူ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မုံးပေါ် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်မှ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။

ယင်း သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် တပ်စခန်းများ၊ ရဲစခန်း၊ ရဲကင်းများအား တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ချိန်တွင် တပ်မတော် စစ်ကြောင်းများ စစ်ကူ လာရောက်ခြင်း မပြုနိုင်ရန်အတွက် ကွတ်ခိုင်နှင့် မူဆယ်အကြား ပြည်ထောင်စု ကားလမ်းမကြီးရှိ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် ၂ နာရီ ၃ဝ မိနစ်အချိန်တွင် မိုင်တိုင် ၂၅၉ အနီးရှိ ပေ ၂ဝ အရှည်ရှိသော စွန်လုံ ကွန်ကရစ်တံတား အားလည်းကောင်း၊ နံနက် ၇ နာရီ ၅ဝ မိနစ်တွင် မိုင်တိုင် ၂၆၅ အနီးရှိ ပေ ၁ဝဝ အရှည်ရှိသော နမ့်ပေါ် ကွန်ကရစ်တံတား အားလည်းကောင်း၊ နံနက် ၁ဝ နာရီ ၂၅ မိနစ်တွင် သိန်းနီမြို့အဝင် မိုင်တိုင် ၂ဝ၄ အနီးရှိ ပေ ၁၈ဝ အရှည်ရှိသော နမ္မတူ ကွန်ကရစ်တံတား အားလည်းကောင်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှု များလုပ်ဆောင် ခဲ့သည်။

ထိုသို့ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်တွင် မိမိ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံ ခုခံ တိုက်ခိုက်မှု များကြောင့် တိုက်ခိုက် လာသည့် အကြမ်းဖက် သောင်းကျန်းသူ များသည် နံနက် ၂ နာရီ ၅ဝ မိနစ်တွင် နမ့်ပေါ် တပ်စခန်းမှ လည်းကောင်း၊ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကြူကုတ်(ပန်ဆိုင်း) တပ်စခန်းမှ လည်းကောင်း၊ နံနက် ၁ဝ နာရီ ၃ဝ မိနစ်တွင် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် မှလည်းကောင်း၊ ညနေ ၄ နာရီ ၃ဝ မိနစ်ခန့်တွင် မန်ကန် တပ်စခန်းနှင့် ည ၇ နာရီ ၃ဝ မိနစ်တွင် မုံးပေါ် တပ်စခန်း မှလည်းကောင်း အသီးသီး ပြန်လည် ဆုတ်ခွာ သွားကြသည်။

ယင်း အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အဖွဲ့များသည် တပ်မတော်၏ စခန်းနှင့် ရဲစခန်း၊ ရဲကင်းများ သာမက စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်ဘက် နေရာများ ကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ခြင်းကြောင့် အပြစ်မဲ့ ပြည်သူများပါ သေကျေ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ရသည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့ မူဆယ်မြို့အဝင် ရဲကင်းနှင့် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ရဲကင်းအား ပစ်ခတ် တိုက်ခိုက် ရာတွင် လည်းကောင်း၊ နိုဝင်ဘာလ ၂ဝ ရက် နေ့နှင့် ၂၁ ရက်နေ့များတွင် မူဆယ်မြို့မ ရဲစခန်းနှင့် မြို့တွင်းနေရာ များအား ပစ်ခတ် တိုက်ခိုက်ရာတွင် လည်းကောင်း၊ နိုဝင်ဘာလ ၂ဝ ရက်နေ့ တာမိုးညဲ မြို့နယ်ခွဲ အားလည်းကောင်း၊ နိုဝင်ဘာလ ၂ဝ၊ ၂၃၊ ၂၄၊ ၂၅ ရက်များတွင် ကွတ်ခိုင် မြို့တွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် လည်းကောင်း၊ နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ကွတ်ခိုင်မြို့ အထွက် အိုရီယမ်တယ် တိုးဂိတ် အားလည်း ကောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကွတ်ခိုင် မြို့တွင်းသို့ လည်းကောင်း လက်နက်ကြီးများ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု များကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးထိခိုက် ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။ ထို့အပြင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး အား မိုင်းထောင် ဖောက်ခွဲခြင်း၊ လမ်းပေါ်တွင် သွားလာနေသည့် အရပ်ယာဉ်ကြီး များအား ကန့်လန့်ဖြတ် ရပ်၍ လမ်းပိတ်ဆို့ခြင်း၊ ဖြတ်သန်းသွားလာ နေသည့် ယာဉ်များ၊ ယာဉ်မောင်းများကို ပစ်ခတ် သတ်ဖြတ်ခြင်း များကိုပါ လုပ်ဆောင် လာခဲ့ခြင်းကြောင့် နယ်စပ်ဒေသ ကုန်သွယ်ရေး ကိုပါ ထိခိုက်စေပြီး နိုင်ငံနှင့်ပြည်သူ များအတွက် များစွာနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။

ယင်းအကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မုံးကိုး တပ်စခန်းအား အပြီးတိုင် တိုက်ခိုက်သိမ်းပိုက် ၍ မုံးကိုး၊ ဖောင်းဆိုင် နယ်မြေအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မုံးကိုးစခန်းအား ဒေသန္တရ သာလွန်အင်အားဖြင့် အဓိကထား၍ ဆက်လက် တိုက်ခိုက်ခဲ့သည်။ အဆိုပါ အရှေ့မြောက် ဒေသဖြစ်စဉ် တွင် KIA/ TNLA/ MNDAA/ AA အကြမ်းဖက် သောင်းကျန်းသူ များသည် ပူးပေါင်း အင်အားစုဖွဲ့ ရာတွင် တပ်စခန်းများ၊ ရဲစခန်း၊ ရဲကင်းများနှင့် လုံခြုံရေး ကင်းစခန်းများအား တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ရန် တိုက်ခိုက်ရေး အင်အား ၁၅ဝဝ ခန့်၊ တပ်မတော်၏ စစ်ကူတပ်များ မရောက်ရှိစေရန် စစ်ကြောင်းများအား နေရာဖြန့်ခွဲ၍ ပိတ်ဆို့ ဖြတ်တောက်ရေး အတွက် အင်အား ၅ဝဝ ခန့် စုစုပေါင်းအင်အား ၂ဝဝဝ ခန့်ဖြင့် အင်အားသုံး ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အနေဖြင့် အဓိကစစ်ရေး ရည်မှန်းချက် ဖြစ်သည့် မုံးကိုး တပ်စခန်းအား စုစုပေါင်း အင်အား ၁ဝဝဝ ခန့်ဖြင့် ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာ လွန်အင်အားဖြင့် တိုက်ခိုက်လာသည့် ရန်သူများအား မိမိတို့၏ အချုပ်အခြာ အာဏာကို မဆုံးရှုံးစေရန် မုံးကိုးတပ်စခန်း ကျဆုံးမှု မရှိစေရန်အတွက် မုံးကိုးတပ်စခန်းရှိ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ ပူးပေါင်း၍ လှေခွက်ချည်းကျန် အလံမလှဲ သည့် စိတ်ဓာတ်ဖြင့် စွမ်းစွမ်းတမံ ခုခံတိုက်ခိုက် ခဲ့ပြီး လိုအပ်သည့် ပစ်ကူအပြည့်အဝ ရရှိစေရန် အမြောက်ကြီး များအား ယာဉ်ယန္တရားများ၊ ရဟတ်ယာဉ် များဖြင့် နေရာ ရွှေ့ပြောင်း၍ ထိရောက်စွာ ပစ်ခတ်ပေးခြင်း၊ လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် တိကျ ထိရောက်မှု ရှိသည့် လေကြောင်းပစ်ကူ ပေးခြင်းများ စီမံဆောင်ရွက် ပေးခဲ့သည်။ နယ်နိမိတ်ချင်း ထိစပ်နေသည့် အတွက် တစ်ဖက်နိုင်ငံ သို့လည်း ကျည်ကျော်ကျမှု မဖြစ်စေရေး ခက်ခဲစွာ ထိန်းချုပ်တိုက်ခိုက် ခဲ့ရသည်။

ထို့အပြင် စစ်ကူတပ်များနှင့် လိုအပ်သည့် ရိက္ခာ၊ ခဲယမ်း မီးကျောက်များ အချိန်မီ ဖြည့်တင်းရေးတို့ အတွက်လည်း စနစ်တကျ စီမံဆောင်ရွက် ပေးခဲ့သည်။ မုံးကိုး တပ်စခန်းကို ဝိုင်းပတ်တိုက်ခိုက် နေသည့် အကြမ်းဖက် သောင်းကျန်းသူ များသည် မုံးကိုးတပ်စခန်း သို့ တပ်မတော် စစ်ကြောင်းများ စစ်ကူမလာရောက် နိုင်ရန် လမ်းကြောင်း ငါးခုတို့မှ အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားသည်။ မော်တော်ယာဉ်၊ သံချပ်ကာ ယာဉ်များ အဓိက အသုံးပြု ချီတက် လာနိုင်သည့် ၁ဝ၅ မိုင်၊ နမ့်တောင်း၊ ကြူကုတ် (ပန်ဆိုင်း)၊ ကောင်းကွေ့၊ ဟေမိုးလုံ၊ မုံးကိုး လမ်းကြောင်းများတွင် ဘက်ဟိုးယာဉ်များ အသုံးပြု၍ မြေဖြတ်ကျင်း များဖြင့် လမ်းကြောင်းအား ဖျက်ဆီးပိတ်ဆို့ ထားပြီး ကျန်လမ်းကြောင်း များတွင်လည်း အဖွဲ့များခွဲ၍ ရီမုမိုင်းများ အသုံးပြုပြီး လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အဆင့်ဆင့် ပိတ်ဆို့၍ ဟန့်တား တိုက်ခိုက်ခဲ့သည်။

ထိုသို့ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် နိုဝင်ဘာလ ၂၄ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ဒေသန္တရ သာလွန် အင်အားများဖြင့် မုံးကိုး တပ်စခန်းအား အကြိမ်ကြိမ် ကျားထိုး တိုက်ခိုက်၍ သိမ်းပိုက်နိုင်ရန် ကြိုးစားခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက် ချေမှုန်းခြင်းများ လုပ်ဆောင်ခဲ့ သော်လည်း တပ်စခန်း ရန်သူလက် ကျဆုံးမှုမရှိစေရန် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များက မဆုတ်မနစ်သော ဇွဲလုံ့လ၊ ရဲရင့်ပြတ်သားသည့် သတ္တိဗျတ္တိ၊ ခိုင်မာသည့် စိတ်ဓာတ်များဖြင့် ကြံ့ကြံ့ခံခုခံ တိုက်ခိုက်ခဲ့သည်။ ပြင်းထန် ထိရောက်သည့် အမြောက် လက်နက်ကြီးများ၏ ပစ်ကူပစ်အားများ၊ တိကျ မှန်ကန်သည့် လေကြောင်းပစ်ကူ များက လည်း မုံးကိုးစခန်း၏ ခံစစ်ဆင်မှုတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ တစ်ဖက်တွင်လည်း မော်တော်ယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု၍ လျင်မြန်စွာ ပို့ဆောင် ပေးခဲ့သည့် တပ်မတော် စစ်ကူစစ်ကြောင်း များသည် တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ သေအတူ ယှဉ်မကွာ ရဲဘော်ရဲဘက် သံယောဇဉ် စိတ်ဓာတ်များဖြင့် ရန်သူ၏ ပိတ်ဆို့ ဖြတ်တောက်မှုများအား နည်းလမ်း မျိုးစုံဖြင့် ဖြတ်သန်းကျော်လွှား ချီတက်ခဲ့ခြင်း ကြောင့် ဒီဇင်ဘာလ ၄ ရက် ညနေ ၃ နာရီ ၃ဝ မိနစ်တွင် မုံးကိုး တပ်စခန်းသို့ အောင်မြင်စွာ ရောက်ရှိ တပ်ချင်းဆက် နိုင်ခဲ့ပြီး ညနေ ၆ နာရီတွင် မုံးကိုးမြို့အား ထိန်းချုပ်ထားနိုင် ခဲ့သည်။

မိမိ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ၏ နိုင်ငံတော်အတွက် အပင်ပန်းဆင်းရဲခံကာ ကိုယ်ကျိုးစွန့် အနစ်နာခံကာ ရဲရဲဝံ့ဝံ့ခုခံ တိုက်ခိုက်မှု၊ အမြောက် လက်နက်ကြီး များ၏ တိကျသောပစ်ကူများ၊ တပ်မတော်လေ၏ ထိရောက်သော လေကြောင်းပစ်ကူများ၊ သံချပ်ကာတပ်များ၏ လျင်မြန်သည့် ထိုးဖောက် တိုက်ခိုက်မှုများနှင့် အုပ်ချုပ် ထောက်ပံ့မှု ကောင်းမွန်ခြင်း တို့ကြောင့် ရှမ်းပြည်နယ် အရှေ့မြောက် ဒေသကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် အင်အားသုံး ထိုးဖောက်တိုက်ခိုက် လာသည့် KIA/ TNLA/ MNDAA/ AA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့အား တွန်းလှန်ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

လားရှိုး-သိန်းနီ ပြည်ထောင်စုကားလမ်းမကြီးဘေး၌ ဒေသန္တရလက်လုပ်မိုင်းတစ်လုံး တွေ့ရှိ



နေပြည်တော် ၊ ၈-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ သိန်းနီမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စံလောင်းကျေးရွာ၊ လားရှိုး-သိန်းနီ ပြည်ထောင်စု ကားလမ်းမကြီး ဘေး မိုင်တိုင်အမှတ်၊ ၁၉၆/၇ အနီးမှ အချင်း ၃ လက်မ၊ အမြင့် ၆ လက်မခန့် အရွယ်ရှိ ပလတ်စတစ် ကော်ဘူးအမည်းဖြင့် ပြုလုပ်ထားပြီး အစိမ်းရောင် ပီနံအိတ်ဖြင့် ပတ်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း တစ်လုံးအား တွေ့ရှိရှင်းလင်း ခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၉)

Tuesday, December 6, 2016

တာရွှေထန်၌ ဒေသန္တရရီမုမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


နေပြည်တော် ၊ ၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ တာရွှေထန် အဝင်ဂိတ်၌ တပ်မတော် သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ယာဉ်နှင့် လူများအား စစ်ဆေး ဆောင်ရွက်လျက် ရှိစဉ် ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် နမ့်ကော်ရွာမှ လောက်ကိုင်မြို့ ဘက်သို့ ဦးလီကောင်းအမ်း မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ် တူးဘောက် အတွင်းမှ ဒေသန္တရ ရီမုမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့် ဓာတ်ခဲ တစ်လုံးအား တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ သူအား KIA/ TNLA/ MNDAA/ AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ များနှင့် ပတ်သက် ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်နိုင် ရန်နှင့် တရား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် တာရွှေထန် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

အများပြည်သူပိုင် တံတားအနီး၌ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၆ လုံးတွေ့ရှိ ၊ တပ်မတော်သားများက ရှင်းလင်း



နေပြည်တော် ၊ ၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ သိန်းနီ-ကွတ်ခိုင် အကြား တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ ညနေ ၃ နာရီခန့်တွင် လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မိုင်တိုင် အမှတ် ၂၁၄ အနီး တံတားအောက် ရေပြွန်အတွင်း၌ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရ လက်လုပ်မိုင်း ခြောက်လုံးအား တွေ့ရှိခဲ့သဖြင့် အများပြည်သူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိစေရေး တပ်မတော် စစ်ကြောင်းမှ အထူး မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် ရှင်းလင်းပြီး ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါနေရာ နှင့် အနီး ပတ်ဝန်းကျင် တစ်ဝိုက်အား လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရန် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Monday, December 5, 2016

ကွတ်ခိုင်မြို့အတွင်းသို့ KIA, TNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ် ၊ ဒေသခံပြည်သူနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ


ဗုံးစထိမှန်ဒဏ်ရာ ရရှိသူတစ်ဦးကို တွေ့ရစဉ်

ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်ခေါင်မိုး ပျက်စီးနေသည်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၅-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသရှိ ကွတ်ခိုင်မြို့ အတွင်းသို့ KIA, TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်ခန့်တွင် လက်နက်ကြီးဖြင့် သုံးချက် လာရောက် ပစ်ခတ်ခဲ့ သဖြင့် အမှတ်(၅) ရပ်ကွက်အတွင်း ဗုံးသီး သုံးလုံးကျရောက် ပေါက်ကွဲ ခဲ့ကြောင်း သိရှိရသည်။

ဗုံးသီးများ ကျရောက် ပေါက်ကွဲမှုကြောင့် အမှတ်(၅) ရပ်ကွက်ရှိ နေအိမ်သုံးလုံး၏ ခေါင်မိုးများ ပျက်စီးခဲ့ပြီး အိမ်အမှတ် (၃ဝ၉)၊ ဦးထွန်းပိုင် ၏ နေအိမ်ရှေ့တွင် ထိုင်နေသည့် မနှင်းနှင်းဆွေ နှင့် မတိုးတိုး တို့နှစ်ဦးသည် ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ နှစ်ဦးအနက် မနှင်းနှင်းဆွေ ၏ ဒဏ်ရာများမှာ ပြင်းထန်၍ စိုးရိမ်ရသဖြင့် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံမှ တစ်ဆင့် လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးလျက် ရှိကြောင်းနှင့် တပ်မတော် စစ်ကြောင်းက နယ်မြေ လိုက်လံ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

ကွတ်ခိုင်မြို့ အလယ်တံတား၌ အကြမ်းဖက်သောင်းကျန်းသူ များ ထောင်ထားသည့် TNT ယမ်းပြင်းများထည့်ထားသော သံပုံးတစ်လုံးတွေ့ရှိ၍ တပ်မတော်စစ်ကြောင်းက သက်မဲ့ပြုလုပ်ရှင်းလင်း



နေပြည်တော် ၊ ၅-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ ကွတ်ခိုင်မြို့ရှိ မြို့အလယ် တံတား၌ မသင်္ကာဖွယ် သံပုံးတစ်လုံး တွေ့ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းက ယမန်နေ့နံနက် ၆ နာရီ ၃၅ မိနစ်ခန့်တွင် သွားရောက် ရှင်းလင်း ခဲ့ရာ ၁ဝ ပိဿာဝင် သံပုံးခွံ အတွင်း၌ အလျား ၄ လက်မ၊ အနံ ၂ လက်မ၊ အမြင့် ၁ လက်မခန့်ရှိ အဝါရောင် TNT ယမ်းပြင်းအတုံး ၁ဝဝ ထည့်၍ လျှပ်စစ် ဒီတိုနေတာ ၁၃ ချောင်း တပ်ဆင်လျက် သုံးဘီးဆိုင်ကယ် ဘက်ထရီအိုးတွင် ဝါယာကြိုးများဖြင့် ပူးတွဲ တပ်ဆင်ထားပြီး ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် တပ်မတော် စစ်ကြောင်းမှ အထူး မိုင်းရှင်းလင်းရေး အဖွဲ့များက အများပြည်သူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိစေရေး သက်မဲ့ပြုလုပ် ရှင်းလင်းပြီး ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါနေရာနှင့် အနီး ပတ်ဝန်းကျင် တစ်ဝိုက်တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)
Related Posts Plugin for WordPress, Blogger...